အခန်း (၂၁၁-၂၁၂)
Vol. 17 Ch. 211-212
အပိုင်း(၂၁၁)
မုန့်လန် ၊ အချုပ်အနှောင်မဲ့အမတ အဆင့် ၆
မလာခင်ကတည်းက ကုအန် ဤကျွန်းပေါ်ရှိ အသန်မာဆုံးလူကို နတ်အာရုံသုံး၍ စစ်ဆေးထားပြီးဖြစ်ပြီး ထိုလူမှာ စစ်မှန်သော နတ်ဝိညဉ်အရှင်ထက် အနည်းငယ် သန်မာပေသည်။ အများကြီးတော့ မဟုတ်ပေ။ အကယ်၍ ဤနေရာတွင် ကောင်းကင်ဈာန်အမတတစ်ပါး ရှိနေလျှင်တော့ ကုအန် လာရဲမည် မဟုတ်ပေ။
အကယ်၍ ကောင်းကင်ဈာန်အမတတစ်ပါးရှိနေပါက နောက်ကွယ်တွင် ထိုထက် အဆင့်မြင့်သော သူများလည်း ရှိနေနိုင်ပေသည်။
အပေါ်ယံတွင် ရှိနေသူမှာ မြေလျှောက်အမတတစ်ပါးဖြစ်နေလျှင်တော့ ထိုထက်အဆင့်မြင့်တာရှိနေလျှင်တောင် ကောင်းကင်ဈာန်အမတသာ ဖြစ်နိုင်၏။
သို့သော် ထိုထက်အဆင်မြင့်သောတစ်ယောက်ယောက်ရှိနေလျှင်တောင် ကုအန် ဘာပြဿနာမှမရှာသရွေ့ အဆင်ပြေမည်သာ။
ထို့နောက် ကုအန် မြို့ထဲရှိ ပင်လယ်အကာအကွယ်စံအိမ် သို့သွားခဲ့သည်။ ထိုနေရာတွင် ကုန်သွယ်ရန်နှင့် မြို့ထဲရှိ အဆောက်အအုံတိုင်းကို ၀င်ထွက်နိုင်သည့် သက်သေခံတံဆိပ်ပြားလုပ်၍ ရ၏။ ဤသတင်းအချက်အလက်မှာ ကုအန် ကျွန်းပေါ်မရောက်ခင် နတ်အာရုံသုံး၍ ရှာဖွေထားခဲ့သော သတင်းအချက်အလက်ဖြစ်သည်။
ပင်လယ်အကာအကွယ်စံအိမ်သည် အလွန်ကြီးမားပြီး မိုင်တစ်ရာ ပတ်လည်လောက်ပင် ရှိကာ လူများက ၀င်ထွက်သွားလာနေခဲ့ကြသည်။ ကုအန် စံအိမ်ထဲ၀င်လိုက်သည်နှင့် အစေခံလေးတစ်ယောက်က သူ့ကို လာနှုတ်ဆက်ခဲ့၏။
“စီနီယာ ဘာလိုချင်လဲ သိပါရစေ”
“သက်သေခံတံဆိပ်ပြားတစ်ခု စာရင်းသွင်းချင်လို့ပါ”
“ကောင်းပါပြီ ကျွန်တော်ခေါ်သွားပေးပါရစေ ကျေးဇူးပြုပြီး ဒီလမ်းပါ”
အစေခံ၏ အမူအရာမှာ အတော်လေး လေးစားမှုရှိပြီး စိတ်အားထက်သန်မှုလည်း ရှိလှသည်။
ကုအန် သူ့နောက်လိုက်သွားခဲ့၏။ ထိုနေရာတွင် သူ့လိုအစေခံများစွာ ရှိနေသေးသည်။ သူတို့အ၀တ်အစားမှာ တန်ဖိုးမကြီးလှသော်လည်း သန့်ရှင်းကာ လေးစားမှုအပြည့်ရှိ၏။ သူတို့အ၀တ်အစားအရောင်များကို ကြည့်၍ ပင်လယ်အကာအကွယ်စံအိမ် ထဲရှိ လူများ၏ ရာထူးအဆင့်အတန်းကို ဆုံးဖြတ်၍ ရပေသည်။ အစေခံများ၏ အ၀တ်အစားများမှာ သာမန်အဆန်ဆုံး ဖြစ်၏။
ကုအန်အား အသစ်ရောက်ရှိလာသူလားဟု မေးပြီးသည့်နောက် အစေခံလေးသည် သူ့အား ကျွန်းအကြောင်းနှင့် ပင်လယ်အကာအကွယ်စံအိမ်အကြောင်း စတင်မိတ်ဆက်လေတော့သည်။
ဤကျွန်းကို အမတရှာဖွေကျွန်း ဟုခေါ်ပြီး သမုဒ္ဒရာထဲရှိ ကြားနေကျွန်းတစ်ကျွန်းဖြစ်သည်။ ဤနေရာတွင် ကုန်သွယ်မှုများကို လုံလုံခြုံခြုံ လုပ်၍ ရပေသည်။ အကယ်၍ တစ်ခုခုအမှားအယွင်းရှိလာပါက ကျွန်းသခင်က တရားမျှတမှုရရှိအောင် ဆောင်ရွက်ပေးပေလိမ့်မည်။ ထို့အပြင် ဤနေရာတွင် ကြယ်ပင်လယ်အဖွဲ့အစည်း ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေနှင့် ပင်လယ်နက်စိတ်ဝိညဉ်နန်းတော် ကဲ့သို့သော ဂိုဏ်းကြီးများနှင့်လည်း အဆက်အသွယ်ပြုလုပ်၍ ရ၏။
အမတရှာဖွေကျွန်း၏ နောက်ခံကို ရှင်းပြရာတွင် အစေခံသည် မာနကြီးနေပုံမပေါ်ဘဲ နှိမ့်ချနေဟန်သာပေါ်သောကြောင့် ကုအန်ပင် သဘောကျသွားခဲ့ရသည်။
ကုအန် သူ့နာမည်ကို မေးလိုက်သောအခါ အစေခံ ပြာပြာသလဲ သူ့ကိုယ်သူ မိတ်ဆက်လိုက်၏။
တကယ်တော့ မိတ်မဆက်လည်း ကုအန် သူ့နာမည်ကို သိပြီးသားဖြစ်သော်လည်း လူမှုရေးအရ မေးလိုက်ခြင် းဖြစ်သည်။
[“ဟူရှောင်ကျင်း(စိတ်ဝိညဉ်အခြေတည် အဆင့် ၂): ၄၈၀/၈၆၀/၂၂၀၀]
ထိုသက်တမ်းနှင့်ဆိုလျှင် အဓိပတိဂိုဏ်းတွင် ပါရမီရှင်ဟု သတ်မှတ်နိုင်သော်လည်း ဤနေရာတွင်တော့ အစေခံသာ ဖြစ်သည်။
ကုအန် ကြိတ်၍ သက်ပြင်းချလိုက်မိ၏။
“စကားမစပ် စီနီယာက အမတလမ်းစဉ်အဆင့်ကို ရောက်နေပြီ မဟုတ်လား အဲ့လိုသာဆိုရင် ကျွန်တော် စီနီယာ့ကို အကျိုးကျေးဇူးတွေ အများကြီးရနိုင်တဲ့ အဆင့်မြင့်သက်သေခံတံဆိပ်ပြားရဖို့ လမ်းညွှန်ပေးနိုင်ပါတယ်” ဟူရှောင်ကျင်း ဂရုတစိုက်ပြောလိုက်သည်။
ကုအန်၏ သာမန်မဟုတ်သော ပုံစံသည် မည်သည့်ဖိနှိပ်ထားခြင်းမျိုးမှမရှိသော်လည်း ထိုပုံစံသည် မူလပုံစံသို့ ပြန်သွားနေသော ကြီးမြတ်သည့်ကျင့်ကြံသူတစ်ယောက်၏ ပုံစံဖြစ်မှန်း သူပြောနိုင်၏။
ကုအန်က သူပြောသည်ကို လက်ခံလိုက်ရာ ဟူရှောင်ကျင်း ပို၍ပင် စိတ်လှုပ်ရှားသွားခဲ့ရသည်။
အမွှေးတိုင်တစ်တိုင်ထွန်းစာအချိန်ကြာသောအခါ ဟူရှောင်ကျင်း၏ လမ်းပြမှုအောက်တွင် ကုအန် မဟာယနအဆင့်နှင့် နိဗာနအဆင့်အများစု ၀င်ထွက်သွားလာနေကြသော ခန်းမကြီးတစ်ခုဆီ ရောက်ရှိလာခဲ့သည်။
နိဗာနအဆင့်များသည် ကုအန်လို အပြင်လူများဖြစ်ပုံပေါ်ပြီး မဟာယနအဆင့်များမှာတော့ ပင်လယ်အကာအကွယ်စံအိမ်မှလူများ ဖြစ်ပုံပေါ်၏။
အချုပ်အနှောင်မဲ့ အမတများကိုတော့ ရှားရှားပါးပါးသာ တွေ့မြင်နိုင်ပေသည်။
ဟူရှောင်ကျင်း အကြီးအကဲတစ်ယောက်အနားကပ်သွားပြီး ကုအန် လိုချင်သည့်အရာကို ရှင်းပြလိုက်၏။ အကြီးအကဲလည်း ချက်ချင်းမတ်တပ်ထရပ်လိုက်ကာ သူတို့နှစ်ယောက်အား ခန်းမ၏ ဘေးတစ်နေရာသို့ ခေါ်သွားလိုက်သည်။
[ချူဖုန်း(နိဗာနအဆင့် ၅): ၃၈၆၀/၁၅၀၀၀/၁၇၀၀၀]
ကုအန် ထိုအချက်အလက်ကို တိတ်တဆိတ်မှတ်သားထားလိုက်ပြီး ချူဖုန်းနောက်မှ လိုက်လာခဲ့၏။
ချူဖုန်း စာရင်းမသွင်းရသေးသော ကျောက်စိမ်းဖြူတစ်ပြားကို အနီရောင် သစ်သားအံဆွဲထဲမှ ယူကာ ကုအန်လက်ထဲ ထည့်ပေးလိုက်လေသည်။
“ဒီထဲကို မိတ်ဆွေရဲ့ လင်းရှီထည့်လိုက်ပါ နောက်ပြီးရင် နာမည်ရေးထိုးပြီး စာရင်းသွင်းနိုင်ပါပြီ”
ကုအန် ကျောက်စိမ်းဖြူပြားကို ယူလိုက်ပြီး လင်းရှီကိုထိန်းညှိကာ ကျောက်စိမ်းပြားထဲ ထည့်လိုက်၏။
အသက်ရှူကြိမ်အနည်းငယ်ကြာသောအခါ သူသက်သေခံတံဆိပ်ပြားကိုမြှောက်ကာ ချူဖုန်း ကိုပြလိုက်သည်။
“မုန့်လန် အချုပ်အနှောင်မဲ့အမတအဆင့် ၆”
ချူဖုန်း ခပ်ကျယ်ကျယ်ဖတ်လိုက်ပြီးနောက် ချက်ချင်း လက်သီးဆုပ်အရိုအသေပေးလိုက်ကာ စီနီယာ ဟု ရိုရိုသေသေခေါ်လိုက်၏။
ဟူရှောင်ကျင်းမှာတော့ ပို၍ပင် စိတ်လှုပ်ရှားသွားပြီး အရိုအသေပေးလိုက်သည်။
ကုအန် ကျောက်စိမ်းတံဆိပ်ပြားကို ပြန်သိမ်းလိုက်ပြီး သာမန်အတိုင်းမေးလိုက်၏။
“ငါကြားတာတော့ အဆင့်မြင့်သက်သေခံတံဆိပ်ပြားနဲ့ဆိုရင် အကျိုးကျေးဇူးတွေ အများကြီးပိုရမယ်ဆို”
ချူဖုန်း ခေါင်းညိတ်ပြလိုက်ပြီး အကျိုးကျေးဇူးများအကြောင်း ရိုရိုသေသေရှင်းပြလိုက်သည်။
ထိုတံဆိပ်ပြားနှင့်ဆိုပါက ကုန်သွယ်ခွန်လျှော့ဈေး ကျင့်ကြံခြင်းဂူပိုင် အစေခံငါးယောက်ခန့်ထားနိုင်ခွင့် နှင့် အခြားအကျိုးကျေးဇူးများစွာ ရမည်ဖြစ်သည်။
ကုအန်လည်း သူကြားခဲ့သောအကျိုးကျေးဇူးများကြောင့် ကျေနပ်သွားပြီး ဟူရှောင်ကျင်း ကိုလမ်းပြခိုင်းလိုက်ရာ ဟူရှောင်ကျင်း ပျော်ရွှင်သွားပြီး ချူဖုန်းမှာတော့ သူ့ကိုပြုံးပြကာ အားပေးလိုက်သည်။
ဤသို့ဖြင့် ကုအန် အမတရှာဖွေကျွန်းပေါ်တွင် သူ့ဈေး၀ယ်ခရီးစဉ်ကို စတင်တော့သည်။
အရင်ဆုံး သူစိတ်ဝိညဉ်ကျောက်တုံးများ သွားလဲခဲ့ရ၏။ အမတရှာဖွေကျွန်းပေါ်တွင် ထိပ်တန်းအဆင့်စိတ်ဝိညဉ်ကျောက်တုံးများသာ သုံးပြီး အလယ်အလတ်နှင့် အဆင့်နိမ့်စိတ်ဝိညဉ်ကျောက်တုံးများကို လုံး၀ မသုံးပေ။
ခါးသီးသောအမှန်တရားမှာ ဤနေရာသို့ အဆင့်နိမ့်ကျင့်ကြံသူများ လုံး၀ ၀င်ခွင့်မရှိပေ။
သို့သော် ပြန်စဉ်းစားကြည့်လျှင်လည်း စိတ်ဝိညဉ်အခြေတည်အဆင့်အောက် ကျင့်ကြံသူများက သမုဒ္ဒရာကိုဖြတ်၍ ဤနေရာသို့ မည်သို့ရောက်လာနိုင်မည်နည်း။
အမတရှာဖွေကျွန်းသည် ပတ်ပတ်လည်တွင် ပင်လယ်ကြီးက မိုင်သန်းချီဝိုင်းပတ်ထားသော နေရာဖြစ်ပြီး အနီးနားတွင် မည်သည့်ကျွန်းမှ ရှိမနေပေ။ ကုအန်တို့ ကုန်းမြေတိုက်ကြီးနှင့် တွက်ရလျှင်တော့ အများကြီး ပိုဝေးပေသည်။
ဟူရှောင်ကျင်းအတွက်လည်း ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေမှာ အဝေးက အခြားအင်အားစု တစ်ခုသာဖြစ်၏။ သူအများဆုံးကြားဖူးသည်မှာ သမုဒ္ဒရာ၏ အရှင်သခင်များဖြစ်သော ကြယ်ပင်လယ်အဖွဲ့အစည်းသာ ဖြစ်ပေသည်။
…..
ညနေဘက်တွင် ကုအန် ဆန်းကြယ်တောင်ကြားသို့ ပြန်ရောက်ခဲ့၏။
ဆေးပင်များ၀ယ်ယူခြင်းသည် တစ်ခါတည်းနှင့် ပြီးသည့်ကိစ္စမျိုးမဟုတ်ပေ။ သို့သော် အမတရှာဖွေကျွန်းတွင် အဆင့်မြင့်ဆေးပင်များရှိပြီး အဆင့် ၉ ဆေးပင်ရောင်းသူများပင် ရှိသောကြောင့် ကုအန် လိုအပ်ချက်တော့ ပြည့်သွားသည်ဟု ဆိုရပေလိမ့်မည်။
ပြောကြသည်မှာ ဆယ်စုနှစ်အနည်းငယ်ကြာတိုင်း ကျွန်းပေါ်တွင် အမတစိတ်ဝိညဉ်ပင်များပင် လေလံတင်ကြသည်ဟု ဆိုကြသည်။
တောင်ကြားရှိတပည့်များကို နှုတ်ဆက်ပြီးနောက် ကုအန် အိမ်ပေါ်တက်သွားခဲ့၏။
သူ့အလုပ်များ ပြီးပြီဖြစ်သောကြောင့် အနောက်အရပ်သို့ခရီးသွားခြင်း ကိုထုတ်ဝေရန် အချိန်ရောက်ရှိလာခဲ့လေပြီ။
ယနေ့ အမတရှာဖွေကျွန်းသို့ သွားခဲ့သည့်ခရီးကြောင့် ကုအန် စိတ်ကြည်နေခဲ့သည်။ မုန့်လန်ဟူသော နာမည်ကို သုံးခဲ့ခြင်းမှာတော့ သူ့မိတ်ဆွေဟောင်းကြီးကို အမှတ်ရသည့်အနေနှင့် သုံးခဲ့ခြင်း ဖြစ်သည်။
ကုအန်သူ့ကို မှတ်မိသွားမှာလည်း မစိုးရိမ်ခဲ့ပေ။
ကုအန် သိသူအများစုသည် သူတို့တစ်ဘ၀လုံးတွင် အမတရှာဖွေကျွန်းသို့ ရောက်လာနိုင်မည့်လူများ မဟုတ်ကြပေ။ ရွှမ်ထျန်းယီနှင့် အန်းဟောင်လို ပါရမီရှင်များအတွက်တော့ အမတလမ်းစဉ်အဆင့်မရောက်မခြင်း လာဖို့ ခက်နေမည်သာ။
ရွှမ်ထျန်းယီသည် ကြယ်ပင်လယ်အဖွဲ့အစည်းနှင့်အဆက်အသွယ်ရှိသောကြောင့် အမတရှာဖွေကျွန်းသို့ရောက်လာနိုင်သော်လည်း သူသည် မုန့်လန်ဟူသော နာမည်ကို ကြားဖူးသူ မဟုတ်ပေ။
နှစ်ပေါင်းများစွာကြာချိန်တွင် အကယ်၍ ရွှမ်ထျန်းယီသာ သူ့ကိုပင်လယ်ရပ်ခြားတွင် တွေ့သွားခဲ့ပါက ဖြစ်သွားမည့် အမူအရာသည် အတော်လေးစိတ်၀င်စားစရာကောင်းသည်ဟု ကုအန် တွေးမိနေခဲ့သည်။
ရွှမ်ထျန်းယီဆိုမှ ထိုလူသည် အဓိပတိဂိုဏ်းတွင် သူ့ဒဏ်ရာများကို ပြန်လည်ကုစားနေဆဲဖြစ်သည်။ ဘယ်အချိန် သက်သာသွားမလဲဆိုတာ ဘယ်သူမှ မသိပေ။
ကုအန် ထိုအတွေးများကိုဖယ်ထားလိုက်ပြီး စာရေးခြင်း၌သာ အာရုံစိုက်လိုက်၏။
တစ်လခန့်ကြာသောအခါ
အသက် ၉၈ နှစ်ပြည့်ပြီးသောကုအန် နျန်းချူဂူသို့ ရောက်လာခဲ့သည်။ ထို့နောက် သူထျန်းယောင်အာကို သူ့ကမ္ဘာငယ်လေးထဲသို့ ခေါ်သွားပြီး အဆင့်မြင့်ဆေးပင်မျိုးစေ့များ စိုက်ဖို့ ထုတ်ပေးလိုက်၏။
များပြားလှသော ဆေးပင်မျိုးစေ့များကို ကြည့်ကာ ထျန်းယောင်အာမျက်လုံးပြူးနေပြီး အသက်ရှူသံပင်မြန်လာကာ မေးလိုက်၏။
“ဒါတွေကိုစိုက်ဖို့ ဘယ်လောက်တောင် အချိန်ယူရမှာလဲ”
ကုအန် ထိုအပင်များကို၀ယ်ဖို့ သူ့ချမ်းသာသမျှ အကုန်သုံးခဲ့ခြင်းမဟုတ်ဘဲ လေးပုံတစ်ပုံသာ သုံးရသေးခြင်း ဖြစ်သည်။ သူခပ်ဟဟ ရယ်လိုက်ကာ
“ဒီမျိုးစေ့တွေက အနည်းဆုံး အဆင့် ၇ ရှိတယ် ဂရုစိုက်နော် နင်တစ်ခုခုဖျက်ဆီးပစ်မိရင် တာ၀န်ယူရမယ်”
အဆင့် ၇ ….အဆင့် ၇!
ထျန်းယောင်အာ ကြောင်အသွားခဲ့ကာ စိတ်လှုပ်ရှားလာခဲ့ရသည်။ ဒီအဆင့်မြင့်တဲ့ ဆေးပင်တွေသာ အကုန်စိုက်ထားရင် ဒီနေရာက စိတ်ဝိညဉ်စွမ်းအားက အများကြီး ကြွယ်၀လာမှာ မဟုတ်လား!
သူချက်ချင်း စတင်လှုပ်ရှားလေတော့သည်။
ကုအန်မှာတော့ ကုအန် သူ့လင်းရှီများကို မြေအောက်ထဲသို့ ပို့လွှတ်ကာ ဒြပ်ငါးမျိုးစိတ်ဝိညဉ်စွမ်းအားများ ကြွယ်၀အောင် လုပ်နေခဲ့သည်။
ကမ္ဘာငယ်လေး၏ စိတ်ဝိညဉ်စွမ်းအား စုပ်ယူနှုန်းက အတော်လေးနှေး၍ သူကိုယ်တိုင်ထည့်ပေးနေခြင်း ဖြစ်၏။
ကုအန်အတွက် အလုပ်ရှုပ်သော နေ့ရက်များမှာ စောင့်ကြိုနေချေပြီ!
….
အချိန်များ ကုန်ဆုံးသွားခဲ့ပြီး ကမ္ဘာကြီးသည် အေးချမ်းသော ခေတ်သစ်တစ်ခုကို ကြိုဆိုနေခဲ့၏။ မျက်စိတစ်မှိတ်အတွင်း အချိန် ၂ နှစ်ကုန်ဆုံးသွားခဲ့ပြန်သည်။
ကုအန်၏ သက်တမ်းမှာလည်း ၆.၇ သန်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ သူ၀ယ်လာသမျှ စိတ်ဝိညဉ်အပင်များကို သူ့ကမ္ဘာငယ်လေးထဲတွင် အကုန်စိုက်ပြီးဖြစ်သော်လည်း အဆင့်မြင့်စိတ်ဝိညဉ်ပင်များ ဖြစ်သောကြောင့် ရင့်မှည့်လာစေရန် စိတ်ရှည်ရှည်ေစာင့်ရန်တော့ လို၏။
အချိန်အတန်ကြာ စောင့်ရမည်ဖြစ်သော်လည်း ရိတ်သိမ်းလျှင်တော့ တစ်ခါတည်းနှင့် သက်တမ်းအများအပြား ရရှိမည် ဖြစ်သည်။
ထိုနှစ်တွင် အဓိပတိဂိုဏ်းက သိသိသာသာပို၍ သန်မာလာခဲ့၏။ ထိုက်ကန်မင်းဆက်နှင့် ထျန်းဝေမင်းဆက်မှာလည်း စစ်ဖြစ်နေပြီး မဟာကျင်းမင်းဆက်မှာတော့ ထိုပဋိပက္ခထဲ ၀င်မပါဘဲ ကြားနေသာ လုပ်ခဲ့သည်။
မင်းဆက်များကြား စစ်ပွဲက ပြင်းထန်သော်လည်း ကပ်ဘေးတစ်ခုအနေနှင့်တော့ သတ်မှတ်၍မရဘဲ အမတကျင့်ကြံခြင်းကမ္ဘာပေါ် သက်ရောက်မှု မရှ်ိခဲ့ပေ။
ကုအန် ယခုနှစ်တွင် အမြုတေဖွဲ့စည်းခြင်းအဆင့်သိုတက်ရန် ကြံထားခဲ့သည်။
သူ့အပေါ်ယံ ကျင့်ကြံခြင်းကိုလည်း တိုးမြှင့်ထားရန် လိုပေသည်။
နေ့လည်ခင်းတစ်ခုတွင် ရွှမ်ထျန်းယီ ကုအန်ဆီ လာတွေ့ခဲ့၏။
သူအိမ်ထဲရောက်သည်နှင့် စည်းများစွာကို အရင်ချခဲ့လေသည်။ ယခုအခါ သူသည် အဓိပတိဂိုဏ်းထဲတွင် အသန်မာဆုံးသူဖြစ်သော်လည်း စည်းများ အထပ်ထပ်ချနေခြင်းက ဂိုဏ်းထဲစိမ့်၀င်လာသူများကို သတိထားနေခြင်းဖြစ်မှန်း သိသာလှသည်။
“မင်းအဲ့ဒီတိုက်ပွဲတုန်းက အဖြစ်အပျက်ကြီးတွေကို တွေ့ခဲ့လား” ရွှမ်ထျန်းယီ ကုအန်ဘက်လှည့်ကာ လေးလေးနက်နက်မေးလိုက်၏။
ကုအန် ခေါင်းညိတ်ပြလိုက်ကာ သူ့ကိုထိုင်ေပြာဖုိ့ ပြောလိုက်သည်။
ဘန်းးး!
ရွှမ်ထျန်းယီ စားပွဲကိုဒေါသတကြီးရိုက်လိုက်ပြီး ကျိန်ဆဲလိုက်၏။
“ငါကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေရဲ့ ထောင်ချောက်ဆင်တာ ခံလိုက်ရတာ ခွေးသူတောင်းစားတွေ ဒီကိစ္စက မပြီးသေးဘူး!”
ကုအန် မျက်ခမ်းများလှုပ်ခတ်သွားခဲ့သည်။
ဘာလို့ငါ့ကိုဒါတွေလာပြောနေတာလဲဟ!
သူရုတ်တရက် စစ်မှန်သောနတ်ဝိညဉ်ရှင် သူ့ကိုသတ်ဖြတ်လိုစိတ်ပေါ်လာရခြင်းမှာ ရွှမ်ထျန်းယီနှင့် ဆက်စပ်နေရမည်ဟု တွေးမိသွားခဲ့သည်။
“ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေလား အစ်ကိုကြီးပြောနေတာ မြင့်မြတ်ကုန်းမြေကို ပြောနေတာလား” ကုအန် သတိထား၍ မေးလိုက်၏။
ရွှမ်ထျန်းယီ ထိုင်လိုက်ကာ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ပြောလိုက်သည်။
“ဟုတ်တယ် ငါ့ကို မကောင်းဆိုးဝါးမိစ္ဆာကိုချိတ်ပိတ်ထားတဲ့ မြေအောက်ထဲကို ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက ကောင်တွေက ပစ်ချခဲ့တာ တကယ်လို့ ဆရာသခင်ဓားအရှင်သာ ဝင်မပါခဲ့ရင် သူတို့က ငါ့ကိုအပြီးသတ် ရှင်းပစ်ဖို့ လုပ်ထားခဲ့တာ မုန်းစရာကောင်းလိုက်တာ! စစ်မှန်သောနတ်ဝိညဉ်ရှင် ခင်ဗျားစောင့်နေလိုက်!”
ကုအန် စိတ်ပူနေဟန်ဖြင့် ပြောလိုက်၏။
“မြင့်မြတ်ကုန်းမြေက စွမ်းအားကြီးလွန်းတယ် အစ်ကိုကြီး အဆင်အခြင်မဲ့သွားလုပ်လို့ မရဘူးနော် အဓိပတိဂိုဏ်းတစ်ဂိုဏ်းလုံးပေါင်းတောင် သူတို့ပြိုင်ဘက်မဖြစ်နိုင်ဘူး”
ရွှမ်ထျန်းယီသူ့ကို ကြည့်ကာ ထေ့ငေါ့လိုက်သည်။
“ငါအဲ့တာကိုသိပါတယ် ဒါပေမယ့် ငါက အဓိပတိဂိုဏ်းရဲ့ တပည့်ပဲမဟုတ်ဘူး ကြယ်ပင်လယ်အဖွဲ့အစည်းရဲ့ တပည့်လည်းဟုတ်တယ် ငါ့အဖော်တွေက အဓိပတိဂိုဏ်းကို စိမ့်၀င်နေပြီးပြီ ငါတောင်ပိုင်းကိုသွားပြီး ဒီအကြောင်းတွေကို ငါ့ဆရာကို တင်ပြဖို့ စီစဉ်ထားတယ် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေရော ကြယ်ပင်လယ်အဖွဲ့အစည်းရောက လမ်းမှန်ဂိုဏ်းတွေအဖြစ် ခံယူထားကြတာ သာမန်လူတွေကို အန္တရာယ်မပေးကြဘူး ဒီတစ်ခေါက် သူတို့လုပ်ရပ်အတွက် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက ကောင်တွေ မလွယ်စေရဘူး”
သတ္တိရှိလိုက်တာ!
ခင်ဗျားမှာ နောက်ခံရှိနေရင် ဘာလို့အစကတည်းက မပြောခဲ့တာလဲဗျ!
ဘာလို့ကျုပ်ကို အန္တရာယ်များအောင် လုပ်နေတာလဲ!
ကုအန် ကြိတ်၍ မကျေမနပ်ပြောနေမိပြီး အကူအညီမဲ့သလို ခံစားနေခဲ့ရသည်။
ရွှမ်ထျန်းယီ ကုအန်အတွေးကို ဖောက်မြင်နေပြီး နောင်တရသည့်အရိပ်အယောင်ဖြင့် ပြောလိုက်သည်။
“နောက်ဆုံးတော့ အဲ့တာက ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေပဲလေ တရား၀င်အကြောင်းပြချက်မရှိဘဲနဲ့ ကြယ်ပင်လယ်အဖွဲ့အစည်းက သွားလှုပ်ရှားလို့မရဘူး
ငါ့မှာလည်း ဂိုဏ်းထဲ အဲ့လိုလွှမ်းမိုးမှုမျိုး ရှိမနေဘူး ဒါပေမယ့် ငါ့မှာသက်သေရှိနေရင်တော့ မတူတော့ဘူး ဘာပဲဖြစ်ဖြစ် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေ လာမယ့်နှစ်တွေမှာ ကောင်းတာတွေကြုံရမှာတော့ မဟုတ်ဘူး”
ကုအန်သူ့ကို သတိပေးလိုက်၏။
“ကြယ်ပင်လယ်အဖွဲ့အစည်းက ဘယ်လောက်စွမ်းအားကြီးမှန်း ကျွန်တော်မသိပေမယ့် ဂရုစိုက်ပါ တောင်ပိုင်းကိုသွားတဲ့လမ်းခရီးက အရှည်ကြီးပဲ တကယ်လို့များ လမ်းမှာတစ်ခုခုဖြစ်ခဲ့ရင်…”
သူစကားကို ဆုံးအောင်မပြောရဘဲ ရွှမ်ထျန်းယီ နားလည်သွားခဲ့သည်။
“စိတ်မပူပါနဲ့ ငါ့မှာ ကြယ်ပင်လယ်အဖွဲ့အစည်းက တပည့်တွေ အဖော်ပါတယ် အမတလမ်းစဉ်အဆင့်တွေတောင် ပါသေးတယ် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက အရမ်းကာရော လုပ်ရဲမှာမဟုတ်ဘူး”
ရွှမ်ထျန်းယီ သူ့ကို နှစ်သိမ့်လိုက်၏။
ကုအန်လည်း စိတ်အေးသွားခဲ့ရသည်။
ထို့နောက် ရွှမ်ထျန်းယီပြောလိုက်သည်။
“မင်းလည်း ကျင့်ကြံခြင်းမှာ အာရုံစိုက်ထားဦး တစ်နေ့ကျရင် ငါမင်းကို ကြယ်ပင်လယ်အဖွဲ့အစည်းကို ခေါ်သွားမယ် အဲ့ဒီအခါ မင်းအတွက် အမတကံကြမ္မာမျိုး ရရှိလိမ့်မယ်”
ကုအန် ခေါင်းယမ်းလိုက်ကာ
“မေ့လိုက်ပါတော့ သမုဒ္ဒရာဆိုတာ အဆင့်မြင့်တဲ့ သန်မာတဲ့ ကျင့်ကြံသူတွေအတွက်ပါပဲ သာမန်သေမျိုးတစ်ယောက်အနေနဲ့ ကျွန်တော်ကတော့ အဓိပတိဂိုဏ်းမှာပဲ နေမှာ ကျွန်တော်၀န်ထုပ်၀န်ပိုးမဖြစ်ချင်ဘူး”
ရွှမ်ထျန်းယီ ကုအန်ကို ဖျောင်းဖျရန်ကြိုးစားခဲ့သော်လည်း ကုအန်ကတော့ သူဘယ်အချိန်ပြန်လာမလဲဆိုတာသာ မေးမြန်းခဲ့၏။
ရွှမ်ထျန်းယီကတော့ အခြေအနေပေါ်မူတည်၍ နှစ်အနည်းငယ်လည်းဖြစ်နိုင်သလို ဆယ်စုနှစ်အများကြီးလည်း ကြာသွားနိုင်သည်ဟု ဖြေခဲ့သည်။ သို့သော် ဂိုဏ်းသို့ပြန်လာမှာတော့သေချာပြီး သူနောက်တစ်ကြိမ်ပြန်ရောက်လာလျှင် သူ့ရည်ရွယ်ချက်မှာ ဂိုဏ်းကိုတိုးတက်အောင်လုပ်ရန် ဖြစ်သည်။
သူစိတ်တိုနေသော်လည်း ဤအရာကို အခွင့်အလမ်းတစ်ခုအနေနှင့်လည်း မြင်၍ ရ၏။ အကယ်၍ ကြယ်ပင်လယ်အဖွဲ့အစည်းကသာ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေကို ဖိအားပေးခဲ့ပါက သူတို့ အဓိပတိဂိုဏ်းသည် ဖွံ့ဖြိုးတိုးတက်လာနိုင်ပေသည်။
သူသည် ယခုအခါ ကြယ်ပင်လယ်အဖွဲ့အစည်းမှတပည့်ဖြစ်သော်လည်း အဓိပတိဂိုဏ်းကိုလည်း တိုးတက်စေလိုသေးသည်။
ဘာပဲဖြစ်ဖြစ် အဓိပတိဂိုဏ်းဘယ်လောက်ပဲ တိုးတက်တိုးတက် ကြယ်ပင်လယ်အဖွဲ့အစည်းကိုတော့ မှီလာနိုင်စရာမရှ်ိဘူးဟူ၍လည်း သူယုံပေသည်။
အပိုင်း(၂၁၂)
အနောက်အရပ်သို့ခရီးသွားခြင်းက ကမ္ဘာကြီးကို တုန်လှုပ်သွားစေခြင်း
ကုအန် ရွှမ်ထျန်းယီနှင့် ၂နာရီကြာ စကားပြောခဲ့၏။ ရွှမ်ထျန်းယီ မပြန်ခင်တွင် ကုအန်သူ့အား အနောက်အရပ်သို့ခရီးသွားခြင်း စာအုပ် တစ်စုံစာ၏ တစ်၀က်ပေးခဲ့သည်။
နှစ်ပေါင်းများစွာကြာခဲ့ပြီးသည့်နောက် ကုအန်၏ အနောက်အရပ်သို့ခရီးသွားခြင်းစာအုပ်ကို ရေးသားနေခြင်းမှာ ပြီးဆုံးသွားခဲ့ချေပြီ။ သို့သော် သူစာအုပ်ကိုနောက်မှထုတ်မည်ဖြစ်ပြီး စာအုပ်ထဲရှိ သူ့လက်ရေးလှ အရေးအသားကို အဖန်ဖန်သကာ အကြိမ်ကြိမ်ပြန်ရေးနေခဲ့ခြင်း ဖြစ်သည်။
ရွှမ်ထျန်းယီအား တစ်စုံလုံးမပေးဘဲ တစ်၀က်သာ ပေးခဲ့လိုက်ရခြင်းမှာတော့ သူ့ဆီမှ စာအုပ်ပြန့်သွားမည် စိုးသောကြောင့် ဖြစ်၏။
ဘာပဲဖြစ်ဖြစ် အမြဲသတိထားခြင်းက အကောင်းဆုံးဖြစ်ပေသည်။
ရွှမ်ထျန်းယီထွက်သွားပြီးသည့်နောက် ကုအန် အောက်ထပ်သို့ဆင်းကာ သွေးအကျဉ်းထောင် မဟာသူတော်စင်ကိုစီးပြီး ဆန်းကြယ်တောင်ကြားသို့ သွားခဲ့၏။
ထိုအချိန်၌ ရီလန် ကုအန်အား အိမ်ထဲတွင် စောင့်နေခဲ့သည်။ ကုအန် ဆန်းကြယ်တောင်ကြားသို့ရောက်သောအခါ နွားသိုးပေါ်မှဆင်းပြီး ပျင်းရိလေးကန်စွာ အပေါ်ထပ်သို့ တက်သွားခဲ့၏။
သူတို့နှစ်ယောက်တွေ့လိုက်သောအခါတွင်မူ နှုတ်ဆက်စကားများ ဆိုလိုက်ကြသည်။
ဤနှစ်များအတွင်း ရီလန်သည် အလုပ်ရှုပ်နေပြီး နွေဦးပွဲတော်ကာလတွင်သာ ကုအန်နှင့် တွေ့နိုင်ခဲ့၏။
“စီနီယာအစ်ကိုကြီး ဒီနှစ်အစ်ကိုကြီး အသက် ၁၀၀ ပြည့်ပြီနော် မွေးနေ့ပွဲကျင်းပရင် ဘယ်လိုလဲ” ရီလန်ပြုံးကာ မေးလိုက်သည်။
ကုအန် ခေါင်းယမ်းလိုက်ကာ ဖြေလိုက်၏။
“ဘာလို့ ကျင့်ကြံသူတစ်ယောက်က မွေးနေ့ပွဲအကြီးကြီးတွေလုပ်နေမှာလဲ မလိုပါဘူး အစ်ကိုကြီးက ဒုက္ခများရတာတွေ မကြိုက်ဘူး”
ရီလန်လည်း ခေါင်းညိတ်ပြလိုက်ပြီး သူ့ကို ထပ်ဖိအားပေးမနေတော့ပေ။ သူမသည် ထိုအကြောင်းကို ဒီတိုင်းသာမန်အတိုင်းပြောလိုက်ခြင်း ဖြစ်သည်။ နောက်ဆုံးတွင်တော့ သက်တမ်း ၁၀၀ ဆိုသည်မှာ ဘ၀၏ အရေးကြီးသောမှတ်တိုင်တစ်ခုသာ ဖြစ်၏။
ထို့နောက် သူတို့နှစ်ယောက်စတင် စကားပြောကြလေတော့သည်။ သူတို့သည် အဓိပတိဂိုဏ်းမှစ အမတကျင့်ကြံခြင်းကမ္ဘာကြီးတစ်ခုလံုးရှိ အကြောင်းအရာအားလုံးကို ပြောဆိုနေခြင်းဖြစ်ပြီး ဘာမဟုတ်သည့် သာမန်ကိစ္စများပင် ပါနေသေးသည်။ အချိန်အများစုတွင် ရီလန်က ပြောသူဖြစ်ကာ ကုအန်က နားထောင်သူသက်သက်သာ ဖြစ်၏။
ဤသို့ဖြင့် အချိန်အတန်ကြာသွားခဲ့သည်။
ကုအန် သူမ၏ ကမ္ဘာဦးပြန်လည်မွေးဖွားခြင်း ကျင့်စဉ်အကြောင်း စိတ်၀င်စားနေခဲ့၏။
ရီလန်ပြောပုံအရ သူမသည် ထိုကျင့်စဉ်ကို နေ့တိုင်းကျင့်ပေသည်။ သူမ၏ ကျင့်ကြံခြင်းမှာတိုးတက်မလာသော်လည်း ထိုကျင့်စဉ်ထဲတွင် ကျင့်ကြံခြင်းများစုဆောင်းနေသည်ကိုတော့ သူမခံစားမိ၏။
ကုအန်လည်း သူပြင်ဆင်ထားသော အဆင့်မြင့်ဆေးများကိုထုတ်ကာ အမြန်ယူဖို့ ပြောလိုက်လေသည်။ နောင်နှစ် ၂၀ အတွင်း သူမသည် ကမ္ဘာဦးပြန်လည်မွေးဖွားခြင်းကျင့်စဉ်၏ စည်းကို ဖြည်ရန် လိုလာပေလိမ့်မည်။
ထိုအချိန်ရောက်လျှင် သူမသက်တမ်း ဘယ်လောက်တိုးလာမလဲဆိုတာတော့ ကုအန်လည်း မသိပေ။
ကုအန်၏ လက်ဆောင်များနှင့် စီစဉ်ပေးထားမှုများကိုကြည့်ကာ ရီလန်မငြင်းခဲ့ဘဲ ထိုအစား သူ့မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ပေါ်လာခဲ့သည်။
သူမအပြုံးကိုမြင်သောအခါ ကုအန် မနေနိုင်မထိုင်နိုင် ကြက်သီးပင်ထိသွားမိ၏။
“ဂျူနီယာညီမလေး အထင်မလွဲပါနဲ့ အစ်ကိုကြီးက အမြဲ ညီမလေးရဲ့ စီနီယာအစ်ကိုပါပဲ” ကုအန် လေးလေးနက်နက်ပြောလိုက်သည်။
ရီလန် ပြုံးကာ ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူမတ်တပ်ရပ်ကာ ကုအန်ဘေးသို့ သွားလိုက်ပြီး သူမလက်များကို ကုအန် ပုခုံးပေါ်တင်လိုက်လေသည်။
သူသည် အမြဲသူများပုခုံးများပေါ် လက်သွားတင်နေကျဖြစ်သော်လည်း သူ့ပုခုံးပေါ်လက်တင်နိုင်တာကတော့ သူ့ဂျူနီယာညီမလေးသာ ရှ်ိ၏။
“ပြန်ထိုင် လက်မပါရဘူးလေ”
“အို စီနီယာအစ်ကိုကြီး ညီမလေးအရင်တစ်ခေါက်ကလို မသင့်တော်တာ ဘာမှမလုပ်ပါဘူး”
“နင် နောက်ဆုံးအခေါက်ကို ပြောရဲသေးတယ်လား”
“နည်းနည်းလောက်ထိတာ ဘာများဖြစ်လို့လဲ ညီမလေးကတိပေးတယ် ဘာမှဆက်မလုပ်ဘူး”
“အဲ့လို ရဲတင်းတဲ့စကားလုံးတွေ မပြောပါနဲ့ ပြန်ထိုင် အစ်ကိုကြီးမှာပြောစရာရှိသေးတယ်”
“ပြောလေအစ်ကိုကြီး ညီမလေးဒီဘေးကနေပဲ နားထောင်မယ်”
…..
သုံးရက်ခန့်ကြာသောအခါ ကုအန် သွေးအကျဉ်းထောင်မဟာသူတော်စင်ကိုစီးကာ အပြင်စည်းဂိုဏ်း စာအုပ်ခန်းမသို့ သွားခဲ့၏။
အပြင်စည်းဂိုဏ်းစာအုပ်ခန်းမအကြီးအကဲ ဖုန့်ရှန် ကုအန်အား ကိုယ်တိုင်တွေ့ဆုံခဲ့သည်။ သူတို့နှစ်ယောက်လုံး ထိုင်ပြီးသည့်နောက်တွင် ဖုန့်ရှန်ပြုံးကာ မေးလိုက်သည်။
“ဟင်းလင်းပြင်ကိုချိုးဖျက်ခြင်းလည်း ပြီးသွားပြီဆိုတော့ နောက်စာအုပ်ရေးဖို့ စိတ်ထဲရှိနေပြီလား”
ဟင်းလင်းပြင်ကိုချိုးဖျက်ခြင်းသည် နတ်ဘုရားတို့၏ရာထူးများလောက် မပေါက်သော်လည်း ထိုစာအုပ်သည် ငွေအများကြီးရှာပေးနိုင်ခဲ့ကာ ကုအန်တစ်ယောက်တည်းကိုမဟုတ်ဘဲ အပြင်စည်းမြို့တစ်ခုလုံးကို အကျိုးပြုခဲ့၏။
စာပေတွင် ဖန်းအန် သိုင်းပညာတွင် ဆရာသခင်ဓားအရှင်နှင့် သူတို့အပြင်စည်းမြို့သည် အပြင်စည်းမြို့ရှစ်မြို့ထဲတွင် ထိပ်ဆုံးသို့ရောက်လာခဲ့သည်။
သူနတ်ဘုရားတို့၏ရာထူးများကို ဖတ်မိတိုင်း ကုအန်သည် ဆရာသခင်ဓားအရှင်နှင့်တူသည်ဟု ဖုန့်ရှန် ခံစားနေခဲ့ရ၏။
သို့သော် ကုအန်အသက်သည် ၁၀၀ပင်မပြည့်သေးလေရာ သူ့မှန်းဆချက်မှာ မမှန်ကန်နိုင်တော့ပေ။ ကုအန်နှင့်ဆရာသခင်ဓားအရှင်တွင် ပတ်သက်မှုတစ်ခုခုရှိရမည်ဟုတော့ သူထင်နေသေးသည်။ ထို့ကြောင့်လည်း ဆရာသခင်ဓားအရှင်အကြောင်းရေးခိုင်းးရာတွင် သူတို့ကြားရှ်ိဆက်နွယ်မှုပေါ်သွားမည်စိုးသောကြောင့် ကုအန်က ရေးဖို့ငြင်းဆန်ခဲ့ပုံပေါ်သည်။
ထိုစဉ် ကုအန် အနောက်အရပ်သို့ခရီးသွားခြင်း ပထမတစ်၀က်ဖြစ်သော စာအုပ်ငါးအုပ်ကို သိုလှောင်အိတ်ထဲမှ ထုတ်လိုက်၏။
ဖုန့်ရှန်လည်း အပေါ်ဆုံးမှ စာအုပ်ကိုယူကာ ခေါင်းစဉ်ကို ခပ်ကျယ်ကျယ်ဖတ်လိုက်လေသည်။
“အနောက်အရပ်သို့ ခရီးသွားခြင်း”
နာမည်မှာ သာမန်ဆန်လှ၏။
သူအနည်းငယ်စိတ်ပျက်သွားသော်လည်း ဖန်းအန်၏ ဂုဏ်သတင်းအရှိန်နှင့်ဆိုပါက သာမန်စာအုပ်ပင် စိတ်ဝိညဉ်ကျောက်တုံးများစွာ ရှာနိုင်ပေလိ့မ့်မည်။
သူစတင်ဖတ်ရှုလိုက်ပြီး အချိန်အနည်းငယ်ကြာသောအခါ သူ့အမူအရာ အနညး်ငယ်ပြောင်းလဲလာခဲ့၏။ ထို့နောက် သူ့ခါးကို မတ်လိုက်ကာ လေးလေးနက်နက်ဖတ်ရှုလေတော့သည်။
အချိန်များကုန်ဆုံးသွားသည်နှင့် အမျှသူ့ညာလက်တုန်ခါလာခဲ့ရသည်။
စွန်းဝူခုံး ကောင်းကင်နန်းတော်တွင် မွှေသောအခန်းများသို့ရောက်သောအခါတွင်မူ စိတ်လှုပ်ရှားလွန်း၍ သူ့ပေါင်ကိုပင် ထရိုက်လိုက်မိသည်။
ကုအန်ခေါင်းယမ်းလိုက်ကာ ရယ်မောလိုက်၏။ ထို့နောက် သူထရပ်လိုက်ကာ ပြောလိုက်သည်။
“ဒီစာအုပ်တွေက အကြီးအကဲဟာပဲ ကျန်တဲ့ကိစ္စတွေကို အကြီးအကဲဆီပဲ အပ်ထားခဲ့လိုက်မယ်”
စာအုပ်ခန်းမနှင့်နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီးသည့်နောက် စာအုပ်ခန်းမမှလူများ သူ့ကိုလှည့်စားမှာကို ကုအန် မကြောက်တော့ပေ။
ထိုစကားကိုကြားသောအခါ ဖုန့်ရှန်စိတ်လှုပ်ရှားနေရင်း အမြန်ထရပ်လိုက်ကာ ပြောလိုက်၏။
“အနောက်အရပ်သို့ ခရီးသွားခြင်းက ပေါက်မှာသေချာတယ် ဒါက နတ်ဘုရားတို့၏ရာထူးများနဲ့တောင် ယှဉ်လို့ရတဲ့ နတ်စာအုပ်ပဲ မဟုတ်သေးဘူး နတ်ဘုရားတို့၏ရာထူးများထက်တောင် ပိုကောင်းသေးတယ်”
အနောက်အရပ်သို့ခရီးသွားခြင်း စာအုပ်တွင် ပိုအားကောင်းသော ဇာတ်ကြောင်းသဘောမျိုးရှိပြီး ဇာတ်လမ်းအကူးအပြောင်းများမှာလည်း ကောင်းမွန်လွန်းလှသည်။ စွန်းဝူခုံး မွေးဖွားလာခြင်း ဘုရင်ရာထူးအတွက် ပြဿနာများနှင့် ပင်လယ်သို့ အမတလမ်းစဉ်ကို ရှာဖွေရန် ထွက်လာခြင်းတို့သည် အမတကျင့်ကြံခြင်းကမ္ဘာရှိလူများနှင့် တူသည်ဟုပင် ခံစားရစေခဲ့၏။ ထို့အပြင်ကောင်းကင်ဘုံခုံရုံးက ဝူခုံးအား မြင်းထိန်းခန့်ပြီး အနိုင်ကျင့်သည့်နေရာမျိုးတွင်ဆိုလျှင် စွန်းဝူခုံး ပြန်ပုန်ကန်မလားဆိုတာကို စိတ်မ၀င်စားဘဲ မနေနိုင်ခဲ့ပေ။
သူမျှော်လင့်မထားဘဲ စွန်းဝူခုံးသည် အမှန်တကယ်ပင် ကောင်းကင်ဘုံကို မွှေနှောက်ပစ်ခဲ့၏။
ထိုအရာမှာ စွမ်းအားကြီးလွန်းလှသည်။
ဘယ်အရာကိုမဆို တွေးတောနိုင်နေသည့် ကုအန်ကို ဖုန့်ရှန် အားကျနေခဲ့မိ၏။ ထို့အပြင် အနောက်အရပ်သို့ခရီးသွားခြင်းထဲရှိ ဂါထာများ ဓမ္မရတနာများ စွမ်းအားများနှင့် ဆင်တူသည့် အရာများကို ဒဏ္ဍာရီများထဲ သူကြားဖူးပြီး ထိုအရာများမှာ အစစ်ဟုပင် ထင်ရ၏။
ပင်လယ်အောက်ရှိ နဂါးနန်းတော် ကောင်းကင်ဘုံရှိအမတများ ပင်လယ်ပြင်ရှိ သူတော်စင်များနှင့်ပတ်သက်၍ ပုံပြင်များမှာ အမှန်တကယ်ရှိသောအရာဖြစ်သည်။
ကုအန်ပြုံးသာပြုံးလိုက်ပြီး ဘာမှမပြောဘဲ ထွက်ခွာသွားခဲ့၏။
ဖုန့်ရှန်မှာတော့ ထွက်ခွာသွားသောကုအန် ပုံရိပ်ကိုကြည့်ကာ သူထွက်ခွာသွားစဉ် နေရောင်က သူ့ကျောကိုထိုးနေပြီး သူ့ပုံရိပ်မှာ အမှန်တကယ်ပင် အမတတစ်ပါးနှင့်တူသည်ဟုတွေးကာ ငေးကြောင်နေခဲ့မိသည်။
စစ်မှန်သော အမတတစ်ပါး!
ထို့နောက် ကုအန် သွေးအကျဉ်းထောင်မဟာသူတော်စင်ကိုစီးကာ စာအုပ်ခန်းမနှင့် ဝေးရာသို့ ထွက်ခွာသွားခဲ့လေသည်။
လမ်းတစ်လျှောက်တွင် ကုအန် သူမိတ်ဆွေဟောင်းများနှင့် တစ်ခါတရံတွေ့တတ်ပြီး တွေ့တိုင်းပြုံး၍သာနှုတ်ဆက်ခဲ့၏။
ကျိမိသားစု အဓိပတိဂိုဏ်းမှ ဆုတ်ခွာပြီးမကြာခင် ကျိုးမိသားစုကလည်း ခန်းထျန်ဂိုဏ်းသို့ ပြောင်းသွားခဲ့သည်။ မိသားစုကြီးနှစ်ခု၏ ထွက်ခွာသွားမှုမှာ အတော်လေး ရုတ်တရက်ဆန်လွန်းလှသည်။ အရင် ဆယ်စုနှစ်များတုန်းကဆိုလျှင်တော့ ထိုသို့စွန့်ခွာသွားခြင်းသည် ဂိုဏ်းကိုသိသိသာသာ အားနည်းသွားစေမည် ဆိုသော်လည်း အခုတော့ အကျိုးသက်ရောက်မှု သိပ်မရှိလှပေ။ အားနည်းရမည့်အစား ဂိုဏ်းကပို၍ပင် သန်မာလာသေးသည်။
ထို့အပြင် ကုအန်ဂိုဏ်းထဲတွင် အခြားမိသားစုအသစ်နာမည်များပင် ကြားခဲ့ရ၏။
ဤအရာမှာ အဓိပတိဂိုဏ်းဖြစ်ပေသည်။ တစ်ယောက်ထွက်သွားပါက တစ်ယောက်က အစား၀င်လာပေလိမ့်မည်။
ဤအရာသည် ဂိုဏ်းဖွံ့ဖြိုးတိုးတက်နေမှု သင်္ကေတလည်း ဖြစ်၏။
အဓိပတိဂိုဏ်းသည် ကြယ်ပင်လယ်အဖွဲ့အစည်းနှင့် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေ၏ အဆင့်သို့ ရောက်မလာဘူးဟု မည်သူ ပြောနိုင်မည်နည်း။
ထိုအချိန်သို့ရောက်ပါက ကုအန်အနားတွင်လည်း သူ့အသိအကျွမ်းဟောင်း ဘယ်နှစ်ယောက် ကျန်နေရစ်နိုင်ပါမည်နည်း။
ကုအန် နွားသိုးပေါ်တွင် နောင်လာမည့် နှစ် ၁၀၀၀ နှစ် ၁၀၀၀၀အကြောင်း စိတ်ကူးယဉ်နေခဲ့မိသည်။
…..
မျက်စိတစ်မှိတ်အတွင်း နောက်တစ်နှစ်ကုန်ဆုံးသွားခဲ့ရပြန်၏။
ဤနှစ်တွင် အဓိပတိဂိုဏ်း၏ မိုးကောင်းကင်အောက် နံပါတ် ၁ ကျင့်ကြံခြင်း ပြိုင်ပွဲကြီးကိုကျင်းပမည်ဖြစ်သော်လည်း လူတွေကြားထဲ အပြောများဆုံးအရာမှာတော့ စာအုပ်တစ်အုပ်အကြောင်း ဖြစ်နေခဲ့သည်။
အနောက်အရပ်သို့ ခရီးသွားခြင်း!
ဖန်းအန်၏ အနောက်အရပ်သို့ ခရီးသွားခြင်း ထုတ်ဝေမှုကြောင့် အမတကျင့်ကြံခြင်းကမ္ဘာကြီးတစ်ခုလုံး လှုပ်ခါသွားခဲ့၏။
အစက လူတိုင်းထိုစာအုပ်ကို ဟင်းလင်းပြင်ကိုချိုးဖျက်ခြင်းကဲ့သို့သော သာမန်စာအုပ်မျိုးဟုသာ ထင်ခဲ့သော်လည်း ဖတ်ပြီးသည့်အခါတွင်တော့ ထိုစာအုပ်မှာ နတ်ဘုရားတို့၏ရာထူးများလို ဂန္တ၀င်စာအုပ်တစ်အုပ်ဖြစ်မှန်း သိသွားခဲ့ကြသည်။
မဟာသူတော်စင်စွန်းဝူခုံးဟူသော နာမည်မှာလည်း မင်းဆက်သုံးခုတွင် လူပြောအများဆုံး နာမည် ဖြစ်လာခဲ့၏။
ဖန်းအန်၏အမည်မှာလည်း နတ်ဘုရားတစ်ပါးလို ထင်ရှားလာခဲ့ပြန်သည်။ အနောက်အရပ်သို့ခရီးသွားခြင်း ထုတ်ဝေမှုကြောင့် ဘယ်သူမှ သူ့အရည်အချင်းကို သံသယမရှိတော့ဘဲ အချို့ဆိုလျှင် ထိုစာအုပ်သည် နတ်ဘုရားတို့၏ရာထူးများထက်ပင် ပိုကောင်းသည်ဟု ထင်နေကြသေးသည်။
လုပိုင်ထျန်းလည်း ထိုအခွင့်အရေးကိုယူကာ မိုးကောင်းကင်အောက် နံပါတ်၁ ကျင့်ကြံခြင်းပြိုင်ပွဲတွင် အနိုင်ရသူကို မဟာသူတော်စင် ဘွဲ့ချီးမြှင့်မည်ဟု ကြေငြာလိုက်၏။
ထိုကြေငြာချက်ကြောင့် မိုးကောင်းကင်အောက်နံပါတ် ၁ ကျင့်ကြံခြင်းပြိုင်ပွဲကြီးသည် လူအများစိတ်၀င်စားမှုကို ပို၍ပင် ရရှိလာခဲ့သည်။
အနောက်အရပ်သို့ခရီးသွားခြင်း ကြောင့် အဓိပတိဂိုဏ်းတွင်း ဖန်းအန်၏ ဂုဏ်သတင်းမှာလည်း တခဏကြာ ဆရာသခင်ဓားအရှင်ထက်ပင် ထင်ရှားသွားခဲ့၏။
တကယ်တော့ ကုအန်၏ နတ်ဘုရားတို့ဧ။်ရာထူးများ ထွက်ပြီးသည့်နောက် မင်းဆက်သုံးခုတွင် ကုအန်လို လိုက်ရေးကြသူများ အများအပြားပေါ်ထွက်လာခဲ့ကြသည်။ သို့သော်လည်း အများစုက ဖန်းအန်၏လက်ရာများကသာ အကောင်းဆုံးဟု သတ်မှတ်ထားကြ၏။ ဤအရာမှာ ပထမဆုံးစကြုံရတွေ့ရသည့်အရာကို အကောင်းဆုံးဟုသတ်မှတ်တတ်ကြသည့် လူစိတ်သဘောကြောင့်ဟု ကုအန် ထင်မိသည်။
တစ်နေ့တွင်
ကုအန် သွေးအကျဉ်းထောင်မဟာသူတော်စင်ကိုစီးကာ အပြင်စည်းမြို့သို့ ရောက်လာခဲ့၏။ ဒီနေ့ မြို့ထဲတွင် စိတ်လှုပ်ရှားစရာအချို့ မြင်ရမည်ဟု သူခံစားနေခဲ့ရသည်။
မြို့ကြီးသည် သွားလာလှုပ်ရှားနေသော လူပေါင်းများစွာနှင့် ပြည့်နှက်နေပြီး နွေဦးပွဲတော်ကဲ့သို့ပင် စည်းကားနေခဲ့၏။ ထူးဆန်းသော ၀တ်စုံများ၀တ်ထားသော ကျင့်ကြံသူများနှင့် အသွင်ပြောင်းမိစ္ဆာများကိုပင် ကုအန် မြင်ခဲ့ရသေးသည်။
ယခုအခါ အဓိပတိဂိုဏ်းသည် မိစ္ဆာများကိုလည်း ဂိုဏ်းတပည့်အဖြစ်ခန့်အပ်နေပြီဖြစ်ပြီး ရလဒ်မှာလည်း ကောင်းမွန်လှ၏။ နှစ်စဉ်နှစ်တိုင်း မိစ္ဆာ ၁သောင်းကျော် ဂိုဏ်းသို့လာရောက်၍ ဂိုဏ်းတပည့်အဖြစ် အရွေးခံကြပေသည်။
အနောက်အရပ်သို့ ခရီးသွားခြင်း ထဲတွင် အဓိကဇာတ်ကောင်မှာ မိစ္ဆာတစ်ကောင်ဖြစ်သောကြောင့် မိစ္ဆာအသိုင်းအဝိုင်းသည် အဓိပတိဂိုဏ်းကိုပို၍ပင် သဘောကျလာခဲ့ကြသည်။
ကောင်းကင်ပြုပြင်စင်မြင့်နားသို့ရောက်သောအခါ သွေးအကျဉ်းထောင်မဟာသူတော်စင် ရပ်တန့်လိုက်၏။ သူထိုနေရာတွင် လူများ ပြောဆိုနေကြသည်ကို ကြားနေခဲ့ရသည်။
“မင်းအနောက်အရပ်သို့ခရီးသွားခြင်း ဖတ်ပြီးပြီလား စာအုပ်ခန်းမက မနေ့က နောက်ထပ်စာအုပ်တစ်သုတ်ထပ်ထုတ်တယ် ငါလည်းအဲ့ထဲက မိတ္တူတစ်အုပ်ရလာခဲ့တယ်”
“ဒါဆို ငါ့ကိုငှားပေးဦး ငါက တရား၀င်မဟုတ်တဲ့ ခိုးထုတ်စာအုပ်ကိုပဲ ဖတ်ခဲ့ရတာ အဲ့ထဲမှာက ဖန်းအန်ရဲ့ လက်ရေးလှအရေးအသားမပါဘူး”
“အခုတလော ကောင်းကင်ပိုင်းဖြတ်ပုဆိန်ကိုစိန်ခေါ်တဲ့ လူတွေပိုများလာတယ် ပြောကြတာတော့ ကောင်းကင်ပိုင်းဖြတ်ပုဆိန်ကို မနိုင်တဲ့သူတိုင်း မိုးကောင်းကင်အောက်နံပါတ် ၁ ကျင့်ကြံခြင်းပြိုင်ပွဲမှာ ထိပ်ဆုံးနေရာ ရမယ်တဲ့”
“မင်းနောက်နေတာပဲ အဲ့ဒီပြိုင်ပွဲက ပထမရတဲ့သူတောင် ဒီပုဆိန်ကို မနိုင်မှာမဟုတ်ဘူး”
အချို့မှာ အနောက်အရပ်သို့ခရီးသွားခြင်းအကြောင်းပြောနေကြပြီး အချို့က ဆရာသခင်ဓားအရှင်အကြောင်းပြောနေစဉ်တွင် အများစုမှာတော့ ပြိုင်ပွဲအကြောင်းသာ ပြောနေခဲ့ကြသည်။
ကုအန်လည်း တိတ်တဆိတ်စောင့်ဆိုင်းနေခဲ့၏။
တခဏအကြာတွင်
လာပြီဟေ့ ဟုကုအန်တွေးလိုက်မိသည်။
လွှမ်းမိုးလှသော အရှိန်အဝါတစ်ခု ကောင်းကင်ပြုပြင်စင်မြင့်တစ်ခုလုံးကို ဖုံးအုပ်သွားခဲ့ပြီး အသံကြီးတစ်သံက မြို့တစ်မြို့လုံးတွင် ဟိန်းထွက်လာခဲ့သည်။
“ကျုပ်က လင်းရှက ထင်ရှားတဲ့ကျင့်ကြံသူဖြစ်တဲ့ ချောင်တိုင် ပါ အားလုံးပဲ ဘေးဖယ်ပေးကြပါ ကျုပ်ကောင်းကင်ပိုင်းဖြတ် ကုဆိန်ကို စိန်ခေါ်ချင်ပါတယ်”
ဝုန်းး!
မြို့တစ်ခုလုံး တုန်ခါသွားခဲ့ရ၏။ လူတိုင်းကောင်းကင်ပြုပြင်စင်မြင့်ထကိုကြည့်လိုက်မိရာ စင်မြင့်ထက်ရှိလေထဲတွင် ရပ်နေသော ခမ်းနားလှသည့် ကျင့်ကြံသူတစ်ယောက်ကို တွေ့လိုက်ရလေသည်။ ထိုလူသည် အဝါရောင်၀တ်စုံကို၀တ်ဆင်ထားကာ ရွှေသရဖူတစ်လုံးကိုဆောင်းထား၍ စပါးအုံးမြွေခါးပတ်ကို ပတ်ထားပြီး သူ့ကိုယ်တွင် နဂါးတစ်ကောင်ရစ်ပတ်နေသလို အရှိန်အဝါမျိုး ရှိ၏။
ကုအန် သက်တမ်းစစ်ဆေးခြင်းသုံးလိုက်သည်။
“ချောင်တိုင်(မဟာယနအဆင့် ၉): ၈၉၈/၈၉၀၀/၈၉၀၀”
အမြင့်ဆုံးသက်တမ်း ၈၉၀၀!
နိဗာနအဆင့်အောက်တွင် ထိုလူသည် အန်းဟောင်နှင့် သွေးအကျဉ်းထောင်မဟာသူတော်စင်အောက်၌ ဒုတိယလိုက်သူ ဖြစ်၏။
သူ့သွေးချီများသည် မဟာယနအဆင့်ထက်ပင်ကျော်လွန်နေသည်ဟု ကုအန် ခံစားမိနေသည်။
ဒါပေါ့ ထိုအရာသည် မဟာယနအဆင့်ကိုသာ ကျော်လွန်တာဖြစ်ပြီး နိဗာနအဆင့်ရောက်ဖို့တော့ မဖြစ်နိုင်ပေ။
နိဗာနအဆင့်တွင် အားအနည်းဆုံးလူသည်ပင် မဟာယနအဆင့်တွင် အသန်မာဆုံးသူထက် သန်မာပေသည်။ ထိုအဆင့်သည် သေမျိုးနှင့်မသေမျိုးကြား အလွှာတစ်ခု ဖြစ်၏။
ကောင်းကင်ပြုပြင်စင်မြင့်ပေါ်ရှိ လူများ ရှဲသွားချိန်တွင် ချောင်တိုင် ဆင်းသက်လာခဲ့လေသည်။
လူပေါင်းများစွာက လင်းရှ ဆိုတာ ဘာလဲဟု ဆွေးနွေးနေခဲ့ကြ၏။
ကုအန် လင်းရှကို သိပေသည်။ ထိုအရာသည် မြောက်ပိုင်းတွင် မြင့်မြတ်ကုန်းမြေက တည်ထောင်ထားသော မင်းဆက်ဖြစ်ပြီး ထိုမင်းဆက်တစ်ခုလုံးသည် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေမှ လူများသာ ဖြစ်ကြ၏။
သို့သော် မင်းဆက်သုံးခုမှလူများမှာတော့ လင်းရှနှင့်တစ်ခါမှ အဆက်အဆံမလုပ်ဖူးပေ။
ကျိုးယိကျင်း ကောင်းကင်ပိုင်းဖြတ်ပုဆိန်ဘေးတွင်ရပ်နေရင်း ချောင်တိုင်ကို ကြည့်နေခဲ့သည်။
ချောင်တိုင့်တွင် ဧကရာဇ်တစ်ပါး၏အရှိန်အဝါမျိုးရှိနေပြီး သူတစ်လှမ်းလှမ်းတိုင်း နဂါးဟိန်းသံများ ထွက်ပေါ်နေကာ ကျိုးယိကျင်း အံ့အားသင့်နေခဲ့၏။
သူ ကောင်းကင်ပိုင်းဖြတ်ပုဆိန်ရှေ့ရောက်သောအခါ ချက်ချင်း မမသေးဘဲ ဘေးကိုကြည့်၍ ပြောလိုက်သည်။
“ေ၀းေ၀းဖယ်နေ ဒါဆိုမင်းမထိခုိက်ဘူးး!”
“မင်း…”
ကျိုးယိကျင်းဒေါသထွက်သွားပြီး လက်ထဲရှိ အနောက်အရပ်သို့ခရီးသွားခြင်းစာအုပ်ကိုပင် ဆုပ်ချေပစ်မိသည်။
ထိုစဉ် တစ်သားတည်းဖြစ်ခြင်းအဆင့်အကြီးအကဲတစ်ယောက် လေထဲမှပေါ်လာပြီး ပြောလိုက်၏။
“သူပြောတာနားထောင်လိုက် အားလုံးနောက်ဆုတ်နေကြ!”
ထိုစကားကြောင့် ကျိုးယိကျင်း မဆုတ်ချင်ဆုတ်ချင်ဖြင့် ဆုတ်လိုက်ရသည်။ လမ်းမှန်ဂိုဏ်း စကားလုံးနားရှိလူများလည်း ဆုတ်လိုက်ကြပြီး ထိုထဲတွင် တိရှီလည်းပါ၏။
ကျိဟန်ထျန်း လူအုပ်ထဲတွင်ပေါ်လာပြီး ချောင်တိုင်အား လေးနက်သော အကြည့်ဖြင့် ကြည့်နေခဲ့သည်။
ကျိမိသားစုသည် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေနှင့် အနီကပ်ဆုံးမိသားစုဖြစ်ပြီး သူချောင်တိုင်ကို အရင်ကတည်းက တွေ့ခဲ့ဖူးပေသည်။ ထိုအခါက သူငယ်ငယ်သာရှိသေးသော်လည်း ချောင်တိုင်သည် ထိုကတည်းက ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေတွင် နာမည်ကြီး ပါရမီရှင်တစ်ယောက် ဖြစ်နေခဲ့ပြီး ဖြစ်သည်။
ကျိမိသားစု၀င်အများစုသည် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေကို ၀င်ကြပြီး ကျိဟန်ထျန်းက ထိုအရာကို အတော်လေး မကြိုက်လှပေ။ ထို့ကြောင့် သူ ချောင်တိုင့်အပေါ်လည်း အမြင်ကောင်းမရှိခဲ့ပေ။
ထိုစဉ် သူထုတ်မပြောဘဲ မနေနိုင်တော့ပေ။
“အမတလမ်းစဉ်အဆင့်ကို မရောက်မချင်း စိန်ခေါ်ဖို့ အိပ်မက်တောင်မမက်နဲ့!”