← Chapters

အခန်း (၂၁၅-၂၁၆)

Vol. 17 Ch. 215-216

အခန်း (၂၁၅-၂၁၆)

Vol. 17 Ch. 215-216

အပိုင်း(၂၁၅)

နတ်ဧကရာဇ်ရောက်ရှိလာခြင်း၊ ကြီးမားသော အခွင့်အလမ်း

ကုအန် တခဏတွန့်ဆုတ်သွားပြီး ပြန်ဖြေလိုက်၏။

“ဟုတ်ပါတယ် တာအိုမိတ်ဆွေက ကျွန်တော့်ကိုသိလို့လား”

ယုယင်ယင်၏ မျက်လုံးများတောက်ပသွားပြီး ပြောလိုက်သည်။

“ငါ့နာမည်က ယုယင်ယင်ပါ စီနီယာအစ်ကို ရွှမ်ထျန်းယီက မင်းကိုရှာဖို့ လမ်းညွှန်လိုက်တာ ငါအစက မင်းဆေးတောင်ကြားကို တိုက်ရိုက်သွားလိုက်တော့မလို့ပဲ ဒါပေမယ့် ဒီစာအုပ်ရဲ့ ဆွဲဆောင်မှုကို မခံနိုင်တော့လို့ ဒီမှာပဲ ဖတ်လိုက်တာ”

“စီနီယာအစ်ကို ရွှမ်ထျန်းယီလား”

“ဟုတ်ပါတယ် ငါတို့က ကြယ်ပင်လယ်အဖွဲ့အစည်းကပဲလေ မင်းကြယ်ပင်လယ်အဖွဲ့အစည်းကို မသိလောက်ဘူး အဲ့တာက ပင်လယ်ရပ်ခြားက ဂိုဏ်းကြီးတစ်ဂိုဏ်းပဲ…”

သူမကြယ်ပင်လယ်အဖွဲ့အစည်းအကြောင်း မိတ်ဆက်ပေးခဲ့ပြီး ကုအန်လည်း သေချာနားထောင်နေကာ ရွှမ်ထျန်းယီ သူမအားဘာကြောင့်ပို့လိုက်သလဲဆိုတာ စဉ်းစားနေခဲ့သည်။

ယုယင်ယင်သည် မိန်းကလေးဖြစ်မှန်းလည်း ကုအန် ပိုသေချာလာခဲ့၏။ သူမသည် ဆန်းကြယ်သော နည်းစနစ်တစ်ခုခုကိုသုံးကာ သူမပုံစံကို ယောင်္ကျားတစ်ယောက်အဖြစ်ပြောင်းလဲထားခြင်း ဖြစ်သည်။

ထိုကဲ့သို့သော နည်းလမ်းမျိုးမှာ အတော်လေး အံ့အားသင့်စရာကောင်းလှသည်။ ကောင်းကင်ဈာန်အမတတစ်ပါးကိုပင် နတ်အာရုံသုံး၍ မစစ်ဆေးကြည့်ပါက ချက်ချင်းဖောက်မမြင်နိုင်စေခဲ့ဘဲ လှည့်စားထားနိုင်ခဲ့၏။

သို့သော်လည်း သူမသည် ကြယ်ပင်လယ်အဖွဲ့အစည်းမှလာသူ ဖြစ်လေရာ သိပ်တော့မထူးဆန်းလှပေ။ ကြယ်ပင်လယ်အဖွဲ့အစည်းသည် သမိုင်းကြောင်းရှည်ကြီးရှိသော ဂိုဏ်းကြီးဖြစ်သောကြောင့် သူတို့တွင် ကောင်းကင်ဈာန်အမတများလည်း ရှိနေပေလိမ့်မည်။ ထို့ကြောင့် ကောင်းကင်ဈာန်အမတများကို လှည့်စားနိုင်သည့် နည်းစနစ်မျိုးရှိနေခြင်းမှာ သိပ်တော့ အံ့ဩစရာမဟုတ်ပေ။

ယုယင်ယင်သည် ကုအန်၏ နတ်ဘုရားတို့၏ရာထူးများနှင့် အနောက်အရပ်သို့ခရီးသွားခြင်းကို အတော်လေးသဘောကျနေပြီး သူ့စကားများထဲတွင် ချီးကျူးမှုများနှင့် ပြည့်နေခဲ့သည်။

အချိန်အတန်ကြာသွားသောအခါ ကုအန်မေးလိုက်၏။

“တာအိုမိတ်ဆွေက ဒီကို ကျွန်တော့်ကိုရှာရုံသက်သက်လာတာတော့ မဟုတ်ဘူးမလား”

စာအုပ်နှစ်အုပ်အတွက် ပင်လယ်ပြင်ကိုဖြတ်၍ လာခြင်းဆိုသည်မျိုးကို သူမယုံပေ။ ယုယင်ယင်တွင် အခြားအကြောင်းပြချက်များ ရှိနေရပေဦးမည်။

ယုယင်ယင်ခေါင်းညိတ်ကာ ပြောလိုက်၏။

“အရိုးသားဆုံးပြောရရင် စီနီယာအစ်ကိုက ငါ့ကိုဒီမှာ လာနေခိုင်းခဲ့တာ ဒါပေမယ့် သူကငါပျင်းမှာစိုးလို့ မင်းကိုသွားရှာဖို့ လမ်းညွှန်ပေးခဲ့တာ ငါကလည်းမင်းစာအုပ်တွေကို တကယ်ပဲ စိတ်၀င်စားတယ်လေ”

“ဒီ‌မှာနေဖို့လား” ကုအန် ပို၍ပင် စိတ်၀င်စားလာခဲ့သည်။

ယုယင်ယင်ပြောလိုက်၏။

“စီနီယာအစ်ကိုက ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက အဓိပတိဂိုဏ်းကို လာတိုက်မှာကြောက်နေတယ်လေ ငါရှိတော့ သူတို့အဆင်အခြင်မဲ့တော့ လာမတိုက်ရဲတော့ဘူးပေါ့”

အဲ့လောက်ပဲ အံ့ဩစရာကောင်းလား!

ဤအခြေခံတည်ဆောက်ခြင်းအဆင့် ၈ ကျင့်ကြံသူလေးတွင် ထိုမျှမြင့်မားသော နောက်ခံရှိနေပါသလော။

မည်သည့်နောက်ခံက ကြယ်‌ေခြာက်လံုးဂူကိုပင် အဆင်အခြင်မဲ့ လာမတိုက်ရန် ဟန့်တာထားနိုင်ပါသနည်း။

ကုအန် ထိုအကြောင်းတွေးမိနေသော်လည်း ယုယင်ယင်က ဘာမှထပ်မပြောတော့ပေ။

ထို့နောက်တွင်တော့ ကုအန်သူ့အား တတိယတောင်ကြားသို့ ဖိတ်ခေါ်ခဲ့ပြီး ယုယင်ယင်က အပြင်စည်းဂိုဏ်းတွင် စံအိမ်တစ်ခုငှားပြီးသားဟုဆိုကာ ယဉ်ယဉ်ကျေးကျေးငြင်းဆန်ခဲ့သည်။ သုပျင်းမှသာ ကုအန်ဆီ လာမည်ဟုလည်း ဆက်ပြောခဲ့၏။

ကုအန်လည်း ယဉ်ကျေးမှုအရသာ ပြောလိုက်ခြင်းဖြစ်သောကြောင့် ဘာမှထပ်ပြောမနေတော့ပေ။

ထိုစဉ် ယုယင်ယင် လက်ကောက်၀တ်ကိုတစ်ချက်ဝေ့ယမ်းလိုက်ရာ ဖြူဖွေးနေရော အသားအရေ လှပသောမျက်နှာလေးနှင့် အပြာရောင်၀တ်စုံ၀တ်မိန်းကလေးတစ်ယောက် ပေါ်ပေါက်လာခဲ့သည်။ သူမဆံပင်သည် ခါးနားထိပင်ရှည်လျားပြီး ဆံပင်အရင်းကို အနီရောင်ပုဝါဖြင့် စည်းနှောင်ထားခဲ့၏။

ကုအန် အရမ်းတော့ ကြက်သေသေမသွားခဲ့ပေ။ ယုယင်ယင်သည် အတော်လေးလှသော်လည်း သူတွေ့ဖူးသမျှထဲ အလှဆုံးမိန်းကလေးမှာ ကျိရှောင်ယုနှင့် ထျန်းယောင်အာတို့ ဖြစ်‌သည်။ သူတို့နှစ်ယောက်လုံးသည် အတော်လေးလှသော်လည်း ပုံစံတစ်မျိုးစီလှပခြင်း ဖြစ်သောကြောင့် ဘယ်သူကပိုလှလဲဆိုတာတော့ ရွေးမရပေ။

“မှတ်ထားနော် ဒါကကျွန်မပုံစံအစစ်ပဲ”

ယုယင်ယင်ကို ကုအန်ကို မျက်တောင်ခတ်ပြလိုက်ပြီး လက်ကောက်၀တ်ကို ဝေ့ယမ်းလိုက်ရာ သူ့နဂိုပုံစံ ယောင်္ကျားတစ်ယောက်အဖြစ် ပြန်ပြောင်းသွားခဲ့သည်။

ကုအန်လည်း အံ့အားသင့်သွားချင်ယောင်ဆောင်ပြလိုက်သောကြောင့် ယုယင်ယင် ကျေနပ်သွားခဲ့၏။ ကုအန်ကို သူမအိမ်လိပ်စာပေးပြီးနောက်တွင်တော့ ယုယင်ယင် ထွက်ခွာသွားခဲ့သည်။

သူအဝေးသို့ရောက်သွားမှသာ ကုအန် ပြုံးခဲ့၏။

ဤမိန်းမသည် အနာဂတ်တွင် အဓိပတိဂိုဏ်း၏ ဝှက်ဖဲတစ်ချက်ဖြစ်လာဖို့ သူတကယ်ပဲ မျှော်လင့်နေမိသည်။

…..

ငါးနှစ်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

ဤငါးနှစ်အတွင်း အဓိပတိဂိုဏ်းသည် မည်သည့် ပြဿနာကြီးမှမရင်ဆိုင်ရဘဲ တဖြည်းဖြည်းတိုးတက်လာခဲ့သည်။ ကုအန်ဘ၀မှာလည်း ဆေးတောင်ကြားများကို လှည့်ပတ်သွားလာရင်း တစ်နှစ်တစ်ခါ အမတရှာဖွေကျွန်း သို့သွားရောက်ရင်း ပုံမှန်အတိုင်းသာ လည်ပတ်နေခဲ့သည်။

သူသည် အမြုတေကိုလည်း အောင်မြင်စွာဖွဲ့စည်းပြီးဖြစ်ပြီး ထိုအရာကြောင့် တတိယတောင်ကြားတစ်ခုလုံးပင် အုတ်အော်သောင်းနင်းဖြစ်သွားခဲ့ကြသည်။

ညနေအချိန်တွင် ကုအန် သွေးအကျဉ်းထောင်မဟာသူတော်စင်ကိုစီးနင်းကာ ဆန်းကြယ်တောင်ကြားသို့ ပြန်လာခဲ့၏။ ထိုစဉ် သူပြောလိုက်သည်။

“ဒီနေ့က စပြီး မင်းကျင့်ကြံခြင်းအဆင့်က အဆင့် ၂ ဖြစ်လာလိမ့်မယ်”

ပြောပြီးသည်နှင့် သူသွေးအကျဉ်းထောင်မဟာသူတော်စင်ကိုယ်ထဲရှိ ကမ္ဘာဦးဝိညဉ်သို့ပြန်သွားခြင်းလမ်းစဉ်ကို အနည်းငယ်လျှော့ချပေးလိုက်ပြီး သူ့ကျင့်ကြံခြင်းကို အခြေခံတည်ဆောက်ခြင်းနှင့် ညီမျှသော အဆင့် ၂ သို့ တိုးမြှင့်ပေးလိုက်သည်။

သွေးအကျဉ်းထောင်မဟာသူတော်စင်လည်း သူ့ကိုယ်ထဲရှိ စိတ်ဝိညဉ်စွမ်းအားများ တိုးပွားလာမှုကို ခံစားမိလိုက်ပြီး စိတ်လှုပ်ရှားသွားခဲ့၏။ သူအကျယ်ကြီးအော်ပစ်လိုက်ချင်သော်လည်း သူ့ကိုယ်သူ ထိန်းထားလိုက်ရသည်။

“ကျေးဇူးတင်ပါတယ်….သခင်…” သွေးအကျဉ်းထောင်မဟာသူတော်စင်လေးလေးစားစားပြောလိုက်ပြီး သူ့အသံက အက်ရှနေခဲ့သည်။

သူအသံမထွက်ရသည်မှာ အချိန်အတော်လေး ကြာခဲ့လေပြီ!

ကုအန် သူ့ကျောပေါ်တွင်ထိုင်နေရင်း ဘာပြောသင့်လဲ ဘာမပြောသင့်လဲဟူသည့် လမ်းညွှန်ချက်များ ပေးနေပြီး သွေးအကျဉ်းထောင်မဟာသူတော်စင်လည်း အနာဂတ်တွင် ကုအန်ကိုစော်ကားမိမည်စိုးသောကြောင့် သေချာနားထောင်နေခဲ့သည်။

ပြောပြီးသောအခါ ကုအန် နွားသိုးခေါင်းပေါ်သို့လက်တင်လိုက်ပြီး ကမ္ဘာဦးပြန်လည်မွေးဖွားခြင်းကျင့်စဉ်အား သူ့စိတ်ထဲထည့်ပေးလိုက်၏။

သွေးအကျဉ်းထောင်မဟာသူတော်စင်၏ မျက်လုံးများ ရုတ်ချည်းဗလာဖြစ်သွားပြီး သူ့ခန္ဓာကိုယ်လည်း တန့်သွားခဲ့သည်။

ကုအန်လည်းမလောခဲ့ပေ။ ပတ်၀န်းကျင်ရှိ ရှုခင်းများကိုသာ ကြည့်ရှုနေခဲ့သည်။

ဤနေရာသည် သစ်ပင်များကျိုးတိုးကျဲတဲပေါက်နေသော တောင်ကုန်းပေါ်ရှိ တောအုပ်ကလေးတစ်ခုဖြစ်ပြီး ဘေးဘီဝဲယာသို့ ကြည့်ပါက ထည်ဝါလှသာ တောင်ကြီးများကို မြင်နိုင်သော နေရာ ဖြစ်၏။

ထိုစဉ် ကုအန် ရုတ်တရက် အဝေးမှအားကောင်းသောအရှိန်အဝါတစ်ခု သူ့ဆီချဉ်းကပ်လာသည်ကို အာရုံခံလိုက်မိသည်။

ထိုလူသည် သူအမတရှာဖွေကျွန်း၌ တွေ့ခဲ့ရသော လက်ကိုးချောင်းနတ်အရှင် မဟုတ်ပါလော။

ကုအန် စိတ်၀င်စားသွားခဲ့၏။ လက်ကိုးချောင်းနတ်အရှင်၏ သက်တမ်းအကန့်အသတ် ၈ သိန်းမှာ သူ့ကိုအတော်လေး အံ့အားသင့်နေစေခဲ့ခြင်း ဖြစ်သည်။

ထိုမျှစွမ်းအားကြီးသော ပုဂ္ဂိုလ်တစ်ယောက်က အဘယ်ကြောင့် ဤကဲ့သို့ နုံချာသော ကုန်းမြေတိုက်တစ်ခုသို့ ရောက်လာရသနည်း။

ဤပင်လယ်ပတ်ပတ်လည်ရှိ ကုန်းမြေတိုက်ကြီးများနှင့် ယှဉ်ပါက အဓိပတိဂိုဏ်းတည်ရှိသော ကုန်းမြေတိုက်ကြီးသည် နုံချာလွန်းလှသည်။ ထိုအရာမှာ ကြယ်ခုနှစ်လုံး်စိတ်ဝိညဉ်နယ်မြေကြောင့်သာ ဖြစ်၏။

သူတို့သည် နှစ်တစ်သောင်းကြာတိုင်း မိစ္ဆာကပ်ဘေးတစ်ခုကို ဖန်တီးနေလေရာ လူသားမျိုးနွယ်က အဘယ်သို့ တိုးတက်နိုင်ပါတော့မည်နည်း။

မိစ္ဆာကပ်ဘေးပြီးဆုံးသွားသည့်နောက် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေသည် အတော်လေး ငြိမ်နေပြီး ဘာပြဿနာမှမရှာတော့ပေ။ သူတို့တပည့်များကိုတော့ တောင်အောက်သို့လွှတ်ပြီး ကမ္ဘာကြီးနှင့် ပိုမိုရင်းနှီးစေရန် အဆက်အသွယ်များ တည်ဆောက်နေခဲ့၏။ ထိုအရာကြောင့် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေသည် အမတကျင့်ကြံခြင်းကမ္ဘာကြီးထဲတွင် မြင့်မားသောနေရာတစ်ခုအဖြစ် သတ်မှတ်ခံထားရဆဲဖြစ်ပြီး ဂိုဏ်းပေါင်းများစွာက သူတို့နှင့် အဆက်အသွယ်ပြုလုပ်လိုနေကြသေးသည်။

ကုအန် တိတ်တဆိတ်တွေးနေခဲ့၏။

အချိန်အတန်ကြာသောအခါ

သွေးအကျဉ်းထောင်မဟာသူတော်စင် နိုးထလာခဲ့ပြီး စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်မိသည်။

“လွှမ်းမိုးနိုင်လိုက်တဲ့ ကျင့်စဉ်! သခင် ကျွန်တော်ဒီကျင့်စဉ်ကို နှစ်တစ်ထောင်ကျင့်ရင် တစ်ချက်တည်းနဲ့ အမတလမ်းစဉ်အဆင့်ကို တက်သွားနိုင်လောက်လား”

သူသည် ကုအန်၏စီးတော်သားရဲအဖြစ် နှစ်တစ်ထောင်အလုပ်အကျွေးပြုရန် ဆန္ဒရှိနေခဲ့သည်။ ထိုအချိန်တွင် ကျင့်ကြံခြင်းစည်းပိတ်ခံထားရချိန်၌ ဤကျင့်စဉ်ကို ကျင့်ကြံရန် အသင့‌်တော်ဆုံး ဖြစ်နေခဲ့၏။

“ဒါကတော့ မင်းဘယ်လောက်ကြိးစားလဲဆိုတဲ့ပေါ် မူတည်တယ်” ကုအန် ပြုံး၍ ပြောလိုက်သည်။

သွေးအကျဉ်းထောင်မဟာသူတော်စင် တစ်ခုခုထပ်ပြောချင်သော်လည်း ကုအန် သူ့ခေါင်းကိုပုတ်၍ တစ်ယောက်ယောက်ချဉ်းကပ်လာကြောင်း သတိပေးလိုက်သောကြောင့် ပါးစပ်ပိတ်သွားခဲ့၏။

“ကိုယ့်လမ်းကိုယ်ပဲ ဆက်သွားရအောင်” ကုအန် ဆက်ပြောလိုက်သည်။

သွေးအကျဉ်းထောင်မဟာသူတော်စင်လည်း ချက်ချင်း ရှေ့သို့သာ ချီတက်ခဲ့၏။

သူတို့သွားနေသော တောင်လမ်းသည် အတော်လေး မတ်စောက်လှပြီး ပတ်ပတ်လည်တွင် ပန်းများ ငှက်များရှ်ိနေသောကြောင့် လမ်းခရီးကို လန်းဆန်းနေစေခဲ့သည်။

သူတို့တောအုပ်ထဲမှ ထွက်ခွာသွားသောအခါတွင် ပုံရိပ်တစ်ခုရှေ့မှ ချဉ်းကပ်လာခဲ့၏။ ထိုအရာသည် အရင်လိုပင် ကောက်ရိုးခမောက်ကို စောင်းထားသော ခရီးသွားတစ်ယောက်နှင့်တူသည့် လက်ကိုးချောင်းနတ်အရှင်သာ ဖြစ်ပေသည်။

သူသွေးအကျဉ်းထောင်မဟာသူတော်စင်ရှေ့တွင်ရပ်လိုက်ပြီး မေးလိုက်၏။

“ညီကိုက အဓိပတိဂိုဏ်းက တပည့်လားဆိုတာ သိပါရစေ”

သွေးအကျဉ်းထောင်မဟာသူတော်စင် ရပ်တန့်လိုက်ပြီး သူ့ရှေ့မှလူကို အသေးစိတ်အကဲခတ်လိုက်သော်လည်း ဘာမှဖောက်မမြင်ခဲ့ရပေ။

“ကျွန်တော်က အဓိပတိဂိုဏ်းက ကုအန်ပါ တာအိုမိတ်ဆွေ ဘာလို့ဂိုဏ်းကို လာခဲ့လဲ သိပါရစေ” ကုအန် လက်သီးဆုပ်၍ နှုတ်ဆက်လိုက်ပြီး ပြုံးကာ မေးလိုက်သည်။

လက်ကိုးချောင်းနတ်အရှင်သည် ဤအနီးတစ်ဝိုက်ကို လေ့လာကြည့်ခဲ့ပြီး ကျင့်ကြံခြင်းအမြင့်ဆုံးသူမှာ ကုအန်ဟု တွေ့ခဲ့ရသောကြောင့် အမြင့်ဆုံးသူသည် အဓိပတိဂိုဏ်းသား ဖြစ်ရမည်ဟု တွက်ကာ ရောက်လာခဲ့ခြင်း ဖြစ်သည်။

သူကုအန်ကို တစ်ချက်မော့ကြည့်လိုက်ပြီး ဒီလူ့ကို တစ်နေရာရာတွင် တွေ့ဖူးနေသလို ခံစားနေခဲ့ရသည်။

သို့သော် ကုအန်သည် ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်တွင်သာ ရှိပြီး သူ့လမ်းခရီးတွင်လည်း ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအမြောက်အများကို တွေ့ခဲ့ရသောကြောင့် စိတ်ထဲထားမနေတော့ပေ။

“ကျွန်တော်က ခြေသလုံးအိမ်တိုင်ကျင့်ကြံသူတစ်ယောက်ဖြစ်တဲ့ တာအိုပညာရှင် လက်ကိုးချောင်းပါ ကျွန်တော် အဓိပတိဂိုဏ်းရဲ့ ဂုဏ်သတင်းကိုကြားမိပြီး ဂိုဏ်းကို၀င်ချင်လို့ပါ ညီကို ကျွန်တော့်ကိုဂိုဏ်းနဲ့ မိတ်ဆက်ပေးနိုင်မလား သိပါရစေ”

ကုအန်လည်း ပုံမှန်အားဖြင့် ငြင်းစရာအကြောင်းမရှိသောကြောင့် အမြန်သဘောတူလိုက်ပြီး ရှေ့မှဦးဆောင်ခေါ်သွားခဲ့၏။

သွေးအကျဉ်းထောင်မဟာသူတော်စင်သည် ဖြည်းဖြည်းသာ သွာ‌းနေပြီး လက်ကိုးချောင်းနတ်အရှင်ကလည်း မလောခဲ့ပေ။ ထိုအချိန်ကို အခွင့်ကောင်းယူပြီး ကုအန်ဆီမှ အဓိပတိဂိုဏ်းအကြောင်း မေးမြန်းနေခဲ့လေသည်။

သူသည် မေးခွန်းများစွာမေးခဲ့ပြီး ကုအန်ကလည်း အကုန်ပြန်ဖြေခဲ့သောကြောင့် သူကုအန်ကို သဘောကျလာခဲ့၏။

အချိန်တစ်ခုကြာသောအခါ သူတို့နှစ်ယောက်ပိုရင်းနှီးလာခဲ့လေသည်။

“တာအိုမိတ်ဆွေရဲ့ ကျင့်ကြံခြင်းကို သိပါရစေ ဒါမှကျွန်တော်က တာအိုမိတ်ဆွေကို အပြင်စည်းဂိုဏ်းကိုခေါ်သွားရမှာလား အတွင်းစည်းဂိုဏ်းကိုခေါ်သွားရမှာလားဆိုတာ သိမှာပါ”

ကုအန် မေးလိုက်၏။

လက်ကိုးချောင်းနတ်အရှင်သည် ဤခရီးကို အဓိပတိဂိုဏ်းတွင် အထက်လူကြီးဖြစ်ရန် ရောက်လာခြင်းဖြစ်သောကြောင့် အနည်းဆုံး တစ်သားတည်းဖြစ်ခြင်းအဆင့်ဟု ပြသထားရန် လိုအပ်ပေသည်။

“အရိုးသားဆုံးပြောရရင် ကျွန်တော်က တစ်သားတည်းဖြစ်ခြင်းအဆင့် ၄ ပါ” တာအိုပညာရှင် လက်ကိုးချောင်း တွန့်ဆုတ်နေဟန်ဖြင့် ပြောလိုက်၏။

“ဘယ်လို တစ်သားတည်းဖြစ်ခြင်းအဆင့်လား”

ကုအန် ထိတ်လန့်သွားပြီး ရေရွတ်လိုက်ရာ သွေးအကျဉ်းထောင်မဟာသူတော်စင်ပင် သူ့ကိုမျက်လုံးလှန်ကြည့်လိုက်မိသည်။

တာအိုပညာရှင်လက်ကိုးချောင်းမှာတော့ ကုအန်မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားသွားမှုကို ကြည့်ကာ ပျော်ရွှင်မသွားခဲ့ပေ။ တကယ်တော့ သူ့ကျင့်ကြံခြင်းအဆင့်သည် မြေလျှောက်အမတ အဆင့် ၂ ဖြစ်သောကြောင့် ဤမျှလောက်ကျင့်ကြံခြင်းကို ပြရတာ ပျော်ရွှင်မနေတော့ပေ။

ချီကျင့်ကြံခြင်း၊ အခြေခံတည်ဆောက်ခြင်း၊ ဗဟိုအူတိုင်ဖွဲ့စည်းခြင်း၊ စိတ်ဝိညဉ်အခြေတည်၊ နတ်အသွင်ပြောင်းခြင်း၊ ဟင်းလင်းပြင်ဖြတ်ကျော်ခြင်း၊ တစ်သားတည်းဖြစ်ခြင်း၊ ဆန်းကြယ်နှလုံးသား၊ မဟာယန၊ နိဗာန၊ အချုပ်အနှောင်မဲ့အမတ၊ မြေလျှောက်အမတ!

သူ့ကျင့်ကြံခြင်းကို လျှော့ပြောလိုက်ခြင်းကပင် ကုအန်ထက် အဆင့်လေးဆင့် မြင့်နေသေးသည်။

တကယ့်ကျင့်ကြံခြင်းဆိုလျှင် ၉ ဆင့်တောင် မြင့်နေသေး၏။

လမ်းတစ်လျှောက်လုံးတွင် ကုအန် သူ့ကိုပိုစိတ်၀င်စားလာသော်လည်း သူ့မေးခွန်းများမှာ ဘောင်ကျော်မလာသောကြောင့် လက်ကိုးချောင်းနတ်အရှင် ကုအန်ကို ပို၍ သဘောကျလာခဲ့ရသည်။

ညနေခင်းအချိန်သို့ရေ‌ာက်သောအခါ သူတို့ ဆန်းကြယ်တောင်ကြားနားသို့ ရောက်ရှ်ိလာခဲ့ကြ၏။ ကုအန် တာအိုပညာရှင်လက်ကိုးချောင်းကို တောင်ကြားတွင် တစ်ညနေရန် ဖိတ်ခေါ်ခဲ့ပြီး လက်ကိုးချောင်းကလည်း မငြင်းဆန်ခဲ့ပေ။

ဆန်းကြယ်တောင်ကြားသို့ ရောက်သောအခါ တပည့်တစ်အုပ်က သူတိုအား နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။

ဤချီကျင့်ကြံခြင်းအဆင့်များသည် ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်ဖြစ်သော ကုအန်နှင့် တရင်းတနှီးရှ်ိနေကြသည်ကို တွေ့လိုက်ရသောအခါ ကုအန်သည် အပေါ်ယံတွင်သာ လေးစားစရာကောင်းရုံမကဘဲ ကြင်နာတတ်ကာ အောက်လက်ငယ်သားများကိုလည်း မာနမရှိဘဲ ဆက်ဆံတတ်သူဖြစ်မှန်း လက်ကိုးချောင်း သိလာခဲ့ရ၏။

ကုအန် လုကျိကျားအား တာအိုပညာရှင် လက်ကိုးချောင်းအတွက်နေစရာတစ်ခန်းစီစဉ်ပေးရန် ပြောလိုက်ပြီး လက်ကိုးချောင်းလည်း ထိုအခန်းတွင် အနားယူဖို့ လိုက်သွားခဲ့လိုက်သည်။

တခဏကြာသောအခါ လက်ကိုးချောင်းနတ်အရှင် အိပ်ယာပေါ်တွင် တင်ပလ္လင်ခွေထိုင်ကာ အဓိပတိဂိုဏ်းတစ်ခုလုံးကို နတ်အာရုံသုံး၍ ကြည့်ရှုနေခဲ့၏။

အဓိပတိဂိုဏ်းတစ်ခုလုံးတွင် အသန်မာဆုံးလူမှာ မဟာယနအဆင့်သာဖြစ်ပြီး သူ့ကိုလုံး၀ ခြိမ်းခြောက်နိုင်စွမ်း ရှိမနေပေ။

သူသဘာ၀ဂူရှစ်လုံးကိုပင် ရှာတွေ့ခဲ့ပြီး စိတ်၀င်စားမှုတော့ မရှိခဲ့ပေ။ လူတိုင်းတွင် လျှို့ဝှက်ချက်များ ရှ်ိကြပြီး ကုအန်တွင် လျှို့ဝှက်ဂူတစ်လုံးရှိနေသည်မှာ အံ့ဩစရာတော့မဟုတ်ပေ။ ထို့အပြင် ဂူထဲရှိဆေးပင်များကလည်း သူ့ကိုဆွဲဆောင်နိုင်စွမ်း မရှိခဲ့ပေ။

ညဉ့်နက်ချိန်တွင်

တောင်ထိပ်ပေါ်၌ ချူကျင့်ဖုန်း တရားထိုင်ကာ ကျင့်ကြံနေခဲ့၏။

“မင်းကျင့်နေတာ ဘာကျင့်စဉ်လဲ” လက်ကိုးချောင်းနတ်အရှင်အသံ ရုတ်တရက်ထွက်ပေါ်လာသောကြောင့် ချူကျင့်ဖုန်း နောက်လှည့်ကြည့်လိုက်လေသည်။

လွန်ခဲ့သော တစ်နာရီခန့်က ကုအန် စီနီယာဟုခေါ်သော ဤလူ့ကို သူတွေ့ထားပြီးသား ဖြစ်၏။ သူအမြန်ပင် မတ်တပ်ထရပ်လိုက်ကာ နှုတ်ဆက်လိုက်သည်။

“စွမ်းအင်စုပ်ယူတဲ့ ကျင့်စဉ်တစ်ခုပါပဲ ပြောဖို့တောင်မတန်ပါဘူး”

လက်ကိုးချောင်းနတ်အရှင်သူ့ကို အသေးစိတ်အကဲခတ်လိုက်ပြီး ပြောလိုက်၏။

“မင်းနဂိုပါရမီက မဆိုးဘူး မင်းမှာခိုင်မာတဲ့အခြေခံမရှိတာတော့ နှမြောစရာပဲ မင်းကျင့်နေတဲ့ ကျင့်စဉ်က မင်းပါရမီကိုတိုးမြှင့်ပေးနိုင်တယ် ဒါပေမယ့် သူ့မှာလည်း အကန့်အသတ်ရှိတယ်”

ထိုစကားကြောင့် ချူကျင့်ဖုန်း မသက်မသာဖြစ်သွားခဲ့ရသည်။

ဤလူသည် တာအိုဖြန့်ကျက်ကျင့်စဉ်ကို အထင်သေးရဲနေခြင်းပေလော။

လက်ကိုးချောင်းနတ်အရှင် ဆက်ပြောလိုက်၏။

“ငါမင်းကို အခြေခံပြန်တည်ဆောက်ပေးပြီး မင်းကျင့်ကြံခြင်းပြန်ရအောင် လုပ်ပေးနိုင်တယ် မင်းငါ့ရဲ့ အမည်ခံတပည့်လုပ်မလား”

ချူကျင့်ဖုန်း တွန့်ဆုတ်နေဟန်ဖြင့် မေးလိုက်သည်။

“ကျွန်တော် စီနီယာရဲ့ သရုပ်မှန်ကိုသိခွင့်ရှိမလား”

လက်ကိုးချောင်းနတ်အရှင်မျက်လုံးထဲ အသိအမှတ်ပြုသည့် အလင်းတစ်ချက်လက်သွားပြီး

“ငါက ပင်လယ်ရပ်ခြားက ခြေသလုံးအိမ်တိုင်ကျင့်ကြံသူတစ်ယောက်ပါပဲ ငါမင်းရဲ့ တောင်ကြားသခင်နဲ့ လမ်းမှာ တွေ့ခဲ့တာ မနက်ဖြန်ဆို ငါအဓိပတိဂိုဏ်းကို ၀င်တော့မယ် နောက်ပြီး ငါက တစ်သားတည်းဖြစ်ခြင်းအဆင့်တစ်ယောက်ပဲ မင်းတောင်ကြားသခင်ပြောပုံအရဆို ငါ့အတွက် အကြီးအကဲတစ်ယောက်ဖြစ်လာဖို့က မခက်သင့်ဘူး”

တစ်သားတည်းဖြစ်ခြင်းအဆင့်!

ချူကျင့်ဖုန်း ကြက်သေသေသွားခဲ့သည်။ သူ့အတွက် တစ်သားတည်းဖြစ်ခြင်းအဆင့် ကျင့်ကြံသူများဆိုသည်မှာ မချဉ်းကပ်နိုင်သော တည်ရှိမှုများ ဖြစ်ကြ၏။

သူအံကြိတ်လိုက်ပြီး ပြောလိုက်သည်။

“ကျွန်တော် ဒီအ‌ေကြာင်းကို တောင်ကြားသခင်နဲ့ဆွေးနွေးဖို့ လိုသေးတယ် သူကကျွန်တော် ဒုက္ခရောက်နေတဲ့အချိန်မှာ ခေါ်ထားပေးခဲ့တာ ကျွန်တော်ဒီတိုင်းတော့ ထွက်မသွားနိုင်ဘူး”

“ဟားဟားဟား ဒါဆိုလည်း သူ့ကိုမနက်ဖြန်ပြောလိုက်ပေါ့”

လက်ကိုးချောင်းနတ်အရှင်ရယ်မောလိုက်ပြီး လှည့်ထွက်သွားခဲ့လေသည်။

ဤငတုံးကောင်လေးသည် သူမည်သို့သော ‌ကံကောင်းခြင်းကြီးကို ကြုံတွေ့နေရသလဲဆိုတာ သိမနေခဲ့ပေ!

အပိုင်း(၂၁၆)

အထွတ်အထိပ်အမတရတနာ

နောက်တစ်နေ့မနက်တွင် လက်ကိုးချောင်းနတ်အရှင် ချူကျင့်ဖုန်းကို ခေါ်ကာ ကုအန်ကိုလာရှာခဲ့ပြီး ချူကျင့်ဖုန်းကို တပည့်အဖြစ် ခေါ်ယူသွားချင်မှန်း ပြောခဲ့၏။

ကုအန်လည်း ၀မ်းသာသွားခဲ့ပြီး ချူကျင့်ဖုန်းအစား လက်ကိုးချောင်းနတ်အရှင်ကို အမြန်ပင် ကျေးဇူးတင်လိုက်သည်။

ထိုအရာက ချူကျင့်ဖုန်းကို ခံစားသွားရစေခဲ့သည်။ လက်ကိုးချောင်းနတ်အရှင်က သူ့ကျင့်ကြံခြင်းကို ပြန်ရအောင်လုပ်ပေးမည်ဟု ဆိုခဲ့စဉ်က သူတကယ်ပဲ ဆွဲဆောင်ခံခဲ့ရသည်။ သို့သော်လည်း ဤနှစ်များအတွင်း ကုအန်က သူ့အပေါ်အများကြီးကောင်းပေးခဲ့သောကြောင့် သူမည်သို့ဆုံးဖြတ်ရမလဲမသိ ဖြစ်နေခဲ့ခြင်း ဖြစ်၏။

လက်ကိုးချောင်းနတ်အရှင်လည်း ကုအန်၏ပျော်ရွှင်မှုသည် စစ်မှန်ကြောင်း ခံစားမိသောကြောင့် ကုအန်ကို ပို၍ပင် အထင်ကြီးသွားမိသည်။

ကုအန်၏ ပျော်ရွှင်မှုမှာလည်း အမှန်တကယ်ပင် စစ်မှန်၏။ သူသည် လက်ကိုးချောင်းနတ်အရှင်ထက် ကျင့်ကြံခြင်းသာလွန်သော်လည်း အတွေ့အကြုံနှင့် အသိပညာအရာ၌ သက်တမ်း ၁၇၀၀၀၀ ကျော်ရှိသော လက်ကိုးချောင်းနတ်အရှင်သည် သူ့ထက် အများကြီး သာပေသည်။ ထို့ကြောင့် အကယ်၍ နတ်အရှင်သာ ချူကျင့်ဖုန်းကို အမှန်တကယ်ဂရုစိုက်လိုခြင်းဖြစ်လျှင် သူ့ဘ၀အတွက် အပြောင်းအလဲတစ်ခုပင် ဖြစ်သွားစေနိုင်၏။

ကုအန် ချက်ချင်းပင် ချူကျင့်ဖုန်းကို လက်ကိုးချောင်းနတ်အရှင်အား ဆရာအဖြစ်သတ်မှတ်ဖို့ ညွှန်ကြားလိုက်ပြီး အခန်းထဲရှိ လေထုမှာ ဟန်ချက်ညီနေခဲ့လေသည်။

တစ်နာရီခန့်ကြာသောအခါ ကုအန်တို့ တည်နေရာကူးပြောင်းခြင်းအစီအရင်မှ တစ်ဆင့် တတိယတောင်ကြားသို့ သွားခဲ့ပြီး အတွင်းစည်းမြို့သို့ သွားခဲ့၏။

လက်ကိုးချောင်း နတ်အရှင် အရင်ကတည်းက တတိယတောင်ကြားကို သတိထားမိခဲ့သော်လည်း ထိုတောင်ကြားကို ကုအန်ပိုင်သည်ဟုတော့ မျှော်လင့်မထားခဲ့ပေ။

မွန်းတည့်ချိန်မတိုင်ခင်တွင် ကုအန် တတိယတောင်ကြားသို့ ပြန်ရောက်လာခဲ့ပြီး ချူကျင့်ဖုန်းတို့ကတော့ အတွင်းစည်းမြို့တွင်သာ နေထိုင်ရန် ကျန်ရစ်ခဲ့ကြသည်။

လက်ကိုးချောင်းနတ်အရှင်၏ ရည်ရွယ်ချက်မှာ မထင်ရှားသေးသော်လည်း မြေလျှောက်အမတတစ်ပါး အဓိပတိဂိုဏ်းထဲတွင် ရှ်ိနေသည်မှာ ဂိုဏ်းအတွက်ကောင်းသောအရာသာ ဖြစ်၏။

အကယ်၍ လက်ကိုးချောင်းနတ်အရှင်က ပြဿနာရှာလျှင်တော့ ကုအန် ၀င်ပါရမည်သာ။

“အဓိပတိဂိုဏ်းရဲ့ ကံကြမ္မာက တိုးတက်နေတာများလား”

ကုအန် ကုလားထိုင်တွင် ထိုင်နေရင်း တိတ်တဆိတ်တွေးနေခဲ့သည်။

အရင်ဆုံး ရွှမ်ထျန်းယီက ကြယ်ပင်လယ်အဖွဲ့အစည်းမှ ယုယင်ယင်ကို ဂိုဏ်းထဲ ခေါ်သွင်းလာခဲ့ပြီး ထို့နောက်တွင် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေမှ ချောင်တိုင်က ဂိုဏ်းကို အလိုလို အညံ့လာခံခဲ့သည်။ နောက်ဆုံးတွင်တော့ ဂိုဏ်းထဲသို့ မြေလျှောက်အမတတစ်ပါးကပင် သူ့အလိုလို ရောက်လာခဲ့ပြန်၏။

ကုအန် တွေးမနေတော့ဘဲ ‌သူ့ဆေးတာအိုကိုလေ့ကျင့်ရန်သာ ပြင်လိုက်လေသည်။

….

ညဉ့်နက်ချိန်တွင် ကုအန် ကောင်းကင်ဖီးနစ်တောင်သို့ ရောက်လာခဲ့၏။ သူအရင်ဆုံး သူ့ကမ္ဘာငယ်လေးထဲသို့သွားကြည့်ခဲ့ပြီးမှ နျန်းချူဂူသို့ ရောက်လာခဲ့သည်။

ကြောင်မိစ္ဆာနှစ်ကောင်မှာ ကြီးပြင်းလာပြီဖြစ်၏။ သူတို့သည် အသွင်မပြောင်းနိုင်သေးသော်လည်း ကျားသစ်များအရွယ်ထိ ရှိနေပြီဖြစ်ကာ မြေပြင်ပေါ်တွင် လဲလျောင်းနေခဲ့ကြသည်။ ထိုသို့လဲလျောင်းနေသည်မှာ တစ်ရေးတမောအိပ်နေပုံပေါ်သော်လည်း တကယ်တော့ စွမ်းအင်စုပ်ယူနေကြခြင်း ဖြစ်သည်။

ထျန်းယောင်အာလည်း ကုအန် ခြေသံကို ကြားလိုက်သောကြောင့် အိမ်ထဲမှချက်ချင်းထွက်လာခဲ့ပြီး တည်နေရာကူးပြောင်းလာသလို ကုအန်ရှေ့ ရောက်ရှ်ိလာခဲ့သည်။ သူမသည် ကုအန် ‌လက်မောင်းဆီသို့ပင် အတင်းတိုးလာတော့မလိုဖြစ်နေသောကြောင့် ကုအန် သူမနှဖူးကိုလက်ညှိုးနှင့်ဖိထားလိုက်ပြီး ရှေ့ဆက်တိုးမလာအောင် တားထားလိုက်၏။

“နင်နည်းနည်းနှေးသေးတယ် လုံလောက်အောင်မမြန်သေးဘူး”

ကုအန် ထျန်းယောင်အာ၏ အကန့်အသတ်မဲ့လွတ်လပ်ခြင်းခြေလှမ်းကို ဆိုလိုခြင်းဖြစ်သည်။

ထျန်းယောင်အာ နှုတ်ခမ်းဆူလိုက်ပြီး မေးလိုက်သည်။

“သခင် ကမ္ဘာငယ်လေးထဲကိုအရင်သွားခဲ့တာလား”

“ဟုတ်တယ်”

ကုအန် တုန့်ပြန်လိုက်ပြီး သူမကို ဖြတ်လျှောက်သွားလိုက်၏။

ကမ္ဘာငယ်လေးထဲရှိ ဆေးပင်များသည် အနည်းဆုံးအဆင့် ၇ ဆေးပင်များဖြစ်သောကြောင့် ရင့်မှည့်ရန်အချိန်အတော်လေးလိုအပ်ပြီး ရိတ်သိမ်း၍ မရသေးပေ။

သို့သော် တစ်ချက်လောက်ရိတ်သိမ်းလိုက်ပြီးသည်နှင့် သူ့အတွက်သက်တမ်းအများကြီးကို တစ်ခါတည်းရလိုက်မည်ဖြစ်၏။

ကမ္ဘာငယ်လေးကို ထည့်မတွက်လျှင်ပင် ကုအန်၏ သက်တမ်းစုဆောင်းနှုန်းမှာ တစ်နှစ်ကို ၃၀၀၀၀၀ လောက်ရနေခြင်း ဖြစ်သည်။

ထျန်းယောင်အာ စိတ်၀င်တစားမေးလိုက်၏။

“သခင် ကျွန်မတို့ဘယ်တော့ အဲ့ကိုပြောင်းကြမှာလဲ”

သူတို့ယခုနေနေသော နျန်းချူဂူမှာ ကျဉ်းပြီး ကမ္ဘာငယ်လေးမှာတော့ အတော်လေး ကျယ်၀န်းလှသည်။

“နင်သွားချင်တဲ့အချိန်သွားလို့ရတယ်လေ နျန်းချူဂူကိုသာ မေ့မထားနဲ့” ကုအန် ပြန်ပြောလိုက်၏။

ထျန်းယောင်အာမျက်လုံးထဲ စိတ်ပျက်သည့်အရိပ်အယောင်များ ပေါ်လာခဲ့သည်။ သူမသည် ထိုနေရာတွင် ကုအန်နှင့်အတူနေရဖို့ မျှော်လင့်ထားခဲ့ခြင်း ဖြစ်၏။ ကုအန်သည် ကမ္ဘာငယ်လေးထဲတွင် အဆင့်မြင့်ဆေးပင်များ စိုက်ပျိုးထားခြင်းမှာ ထိုနေရာတွင် နေထိုင်ဖို့ပြင်ဆင်ထားခြင်း ဟုထင်ထားခြင်းဖြစ်သည်။

သူမထိုအကြောင်းကို ဆက်မပြောတော့ဘဲ အခြားကိစ္စများသာ ဆက်ပြောလိုက်၏။

မနေ့ညက ကောင်းကင်ဖီးနစ်တောင်တွင် မဟာမိစ္ဆာကြီးများ တိုက်ပွဲဖြစ်ခဲ့ပြီး တိုက်ပွဲသည် အလွန်ပြင်းထန်သောကြောင့် နျန်းချူဂူထဲဖောက်၀င်လာမည်စိုးပြီး သူမအတော်လေး ကြောက်ရွံ့နေခဲ့ရသည်။

မကြာခင်တွင် သူတို့စကားဝိုင်းကြောင့် ထျန်းချင်းနှင့် ထျန်းပိုင်တို့လည်း နိုးလာခဲ့၏။ ကုအန်ကိုမြင်လိုက်သောအခါ သူတို့ချက်ချင်း ကုအန်ဆီ ပြေးလာခဲ့ကြသည်။

“သခင်!”

“သခင် နောက်ဆုံးတော့ ရောက်လာပြီပေါ့!”

ကြောင်မိစ္ဆာနှစ်ကောင်၏အသံမှာ ချိုမြိန်လှပြီး မြီးကောင်ပေါက်လေးများ၏ အသံနှင့် တူလှသည်။

ထို့နောက် သူတို့အားလုံးကျောက်စားပွဲတွင်ထိုင်လိုက်ကြပြီး ထျန်းယောင်အာက ဝိုင်များယူလာပေးခဲ့ပြီး ပြောလိုက်၏။

“သခင် သခင့်မှာအနောက်အရပ်သို့ ခရီးသွားခြင်း နောက်အပိုင်းတွေရှိသေးလား ကျွန်မဖတ်နေတာ စွန်းဝူခုံးနဲ့ အရိုးဖြူမိစ္ဆာတိုက်နေတဲ့အခန်းကို ရောက်နေပြီ အဲ့ဒီ ဘုန်းတော်ကြီးထန်ကလည်း တကယ်စိတ်တိုစရာကောင်းတယ်”

ကုအန် သူ့သိုလှောင်အိတ်ထဲမှ နောက်ဆုံးထွက်စာအုပ်ကိုထုတ်ကာ စားပွဲပေါ်တင်ပေးလိုက်သည်။ ထို့နောက် စနောက်လိုက်၏။

“နင်က ဘာလို့မိစ္ဆာတွေဘက်က မနေတာလဲ”

“စွန်းဝူခုံးကလည်း မိစ္ဆာတစ်ကောင်ပဲလေ ကျွန်မကသူ့ကိုထောက်ခံတယ် သခင် လူသားတွေမှာ ကျမ်းစာပင့်တဲ့ဒဏ္ဍာရီတကယ်ရှိတယ်လား” ထျန်းယောင်အာ မေးလိုက်သည်။

“မရှိပါဘူး အဲ့တာက ငါဖန်တီးထားတဲ့ ဇာတ်လမ်းသက်သက်ပဲ”

“တကယ်ကြီးလား အဲ့တာကအစစ်နဲ့တူလွန်းတယ်”

“နင်မဟာမိစ္ဆာတစ်ကောင်ဖြစ်လာရင် နင်လည်း ကောင်းကင်ဖီးနစ်တောင်ကို အုပ်ချုပ်နိုင်တာပဲ”

“ဟီးဟီး အဲ့တာက ကျွန်မတွေးနေတာပဲလေ အဲ့ဒီအချိန်ရောက်လာရင် ကျွန်မကိုယ်ကျွန်မက လှပသောဖီးနစ်ဘုရင်မ လို့နာမည်ပေးမယ်”

ထိုကဲ့သို့သောအရာက ထျန်းယောင်အာကို စိတ်လှုပ်ရှားသွားစေခဲ့၏။ သူမထိုအကြောင်း တက်ကြွစွာ ပြောလေတော့သည်။

ကုအန်မှာတော့ ရယ်စရာကောင်းသည်ဟု ခံစားနေခဲ့ရ၏။

သူတို့စကားပြောနေရင်း ရုတ်တရက် ကုအန် အဝေးမှ ကျယ်ပြန့်လှသော အရှိန်အဝါတစ်ခုကို အာရုံခံလိုက်မိသည်။ သူနတ်အာရုံသုံး၍ ချက်ချင်းလိုက်ကြည့်လိုက်ရာ ထိုအရှိန်အဝါသည် ရုတ်ချည်း ပျောက်ကွယ်သွားခဲ့သည်။

ထိုအရှိန်အဝါသည် ကမ္ဘာငယ်လေးတစ်ခုထဲမှ ထွက်ပေါ်လာခြင်းဟု ကုအန် ထင်မိ၏။ ထိုမျှကျယ်ပြန့်လှသော အရှိန်အဝါဖြစ်လေရာ ကုအန်ပထမဆုံးတွေးလိုက်မိသည်မှာ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေသာ ဖြစ်သည်။

ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေ၏ ကမ္ဘာငယ်ကိုသာ ထိုမျှကောင်းကောင်း ဖုံးကွယ်ထားနိုင်ပေလိမ့်မည်။

ဒါပေါ့ ကုအန် နတ်အာရုံက ထိုကမ္ဘာငယ်ရှိနေသည့် နေရာကို အာရုံခံမိနေခဲ့သည်။ သို့သော်လည်း ကမ္ဘာငယ်လေးကို ကာကွယ်ထားသည့်စည်းများက အဆင့်မြင့်လွန်းလှသည်။ ဘယ်သူမှမသိဘဲ ထိုထဲသို့ ၀င်နိုင်ရန် ကုအန်ပင် မလုပ်နိုင်ပေ။ အကယ်၍ သူအားသုံး၍ ၀င်လိုက်လျှင်တော့ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေမှလူများ သတိထားမိသွားကြပေလိမ့်မည်။

“သူတို့တစ်ခုခုလုပ်ဖို့ ကြံနေကြပြန်ပြီလား”

ကုအန် ထျန်းယောင်အာနှင့်စကားပြောရင်းတွေးနေမိ၏။

…..

နွေရာသီမှ ဆောင်းဦးရာသီသို့ ကူးပြောင်းသွားသော်လည်း ရာသီဥတုမှာ ပူနေဆဲပင်။

မွန်းတည့်ချိန်တွင် ကုအန် သွေးအကျဉ်းထောင်မဟာသူတော်စင်ကိုစီးကာ အပြင်စည်းမြို့ထဲရောက်လာခဲ့သည်။ မြို့ထဲတွင် ကျင့်ကြံသူများသည် လတ်တလောဖြစ်ပွားနေသော ဖြစ်ရပ်အကြောင်း ပြောဆိုနေခဲ့ကြ၏။

အထွတ်အထိပ်အမတရတနာတစ်ခု!

“မင်းကြားပြီးပြီလား မိစ္ဆာနယ်မြေမှာ အထွတ်အထိပ်အမတရတနာတစ်ခုပေါ်လာတဲ့ အရိပ်အယောင်တွေ ပေါ်လာတယ်တဲ့”

“အထွတ်အထိပ်အမတရတနာဆိုတာ ဘာလဲ”

“ငါလည်းမသိဘူး ငါကြားတာတော့ အဲ့တာက အမတမှော်အသုံးအဆောင်တစ်မျိုးပဲတဲ့”

“ငါလည်းကြားမိတယ် ဒါပေမယ့်အဲ့တာရဲ့ တည်နေရာကို ဘယ်သူမှအတိအကျမသိဘူး”

“အဲ့ဒီအမတရတနာက ကောင်းကင်ပိုင်းဖြတ်ပုဆိန်ထက် ပိုစွမ်းအားကြီးလောက်လား”

ကုအန် တိတ်တဆိတ်သာနားထောင်နေပြီး သွေးအကျဉ်းထောင်မဟာသူတော်စင်မှာတော့ စိတ်၀င်စားလွန်း၍ မမေးဘဲ မနေနိုင်တော့ပေ။

“သခင် တကယ်ကြီး အဲ့လိုအထွတ်အထိပ်အမတရတနာမျိုးရှိတယ်လား”

ကုအန်ပြန်မဖြေဘဲ ရှေ့သို့သာ ကြည့်နေခဲ့၏။

ထိုစဉ် ယုယင်ယင် သူတို့ဆီချဉ်းကပ်လာပြီး သူမသည် လက်နှစ်ဖက်‌ကိုနောက်တွင်ချိတ်ထားပြီး မျက်နှာတွင်အပြုံးတစ်ပွင့်ရှ်ိနေခဲ့သည်။

“အဲ့တာက မှန်တယ် အဲ့ဒီအကြောင်းထပ်သိချင်လား”

သူမေးလိုက်၏။

သွေးအကျဉ်းထောင်မဟာသူတော်စင်ခေါင်းညိတ်ပြလိုက်ပြီး အလွန်အမင်းသိချင်နေဟန်ဖြင့် သူမကိုကြည့်နေခဲ့သည်။

သို့သော် ယုယင်ယင်မှာတော့ ကုအန်ကိုသာ ကြည့်နေခဲ့၏။

ကုအန်လည်းပြုံးကာ ပြောလိုက်သည်။

“ဒါပေါ့ ငါလည်းစိတ်၀င်စားပါတယ်”

“ငါ့စံအိမ်ကိုလာခဲ့ကြ ငါမင်းနဲ့ဆွေးနွေးစရာလည်း ရှိသေးတယ်” ယုယင်ယင်ပြောကာ လှည့်ထွက်သွားခဲ့၏။

ကုအန်လည်း သွေးအကျဉ်းထောင်မဟာသူတော်စင်ကို အချက်ပြလိုက်ကာ ယုယင်ယင်နောက် လိုက်သွားခဲ့လေသည်။

မိနစ်သုံးဆယ်ခန့်ကြာသောအခါ သူတို့ ယုယင်ယင်အိမ်၏ ခြံ၀န်းထဲရောက်ရှိသွားကြပြီး ကုအန်နှင့်ယုယင်ယင်ကျောက်စားပွဲတွင် တစ်ဖက်တစ်ချက်ထိုင်နေခဲ့၏။ ထို့နောက် သူမ အထွတ်အထိပ်အမတရတနာအကြောင်း စတင်မိတ်ဆက်လေတော့သည်။

“ကမ္ဘာပေါ်မှာ မှော်အသုံးအဆောင်တွေ ဓမ္မရတနာတွေ အမတရတနာတွေရှိကြတယ် အမတရတနာဆိုတာကတော့ အမတအဆင့် ကျင့်ကြံသူတွေ ထုလုပ်ထားပြီး လင်းရှီ နဲ့သာကိုင်ဆောင်လို့ရတဲ့ ရတနာတွေပဲ ဒါပေမယ့် အထွတ်အထိပ်အမတရတနာ‌ေတွကတော့ အမတအဆင့်ရဲ့ စွမ်းအားအကြီးဆုံးပုဂ္ဂိုလ်ကြီးတွေ ထုလုပ်ထားပြီး အဲ့ဒီလက်နက်တွေမှာ အမတစိတ်ဝိညဉ်တစ်ခုစီ ရှိကြတယ်”

“အဲ့ဒီလက်နက်တွေက စွမ်းအားကြီးရုံတင်မကဘူး အချိန်ရဲ့တိုက်စားမှုဒဏ်ကိုလည်း မခံကြရဘူး

ရတနာကိုထုလုပ်ခဲ့တဲ့ အမတသေဆုံးသွားခဲ့ရင်တောင် ရတနာကတော့ ပျက်ဆီးသွားဦးမှာမဟုတ်ဘူး ကြယ်ပင်လယ်အဖွဲ့အစည်းက အဲ့ဒီလို အထွတ်အထိပ်အမတရတနာတစ်ခု ပိုင်တယ် ရတနာရဲ့နာမည်က ကြယ်ပင်လယ် ကမ္ဘာဦးညီညွတ်ခြင်းအလံ တဲ့”

“မြင့်မြတ်ကုန်းမြေ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေမှာလည်း ကြယ်ခုနှစ်လုံး‌ေကြးမံု လို့ခေါ်တဲ့ အထွတ်အထိပ်အမတရတနာတစ်ခုရှိတယ် လတ်တလောပြောနေကြတာတော့ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက နောက်ထပ် အထွတ်အထိပ်အမတရတနာအတုတစ်ခုကို ရှာတွေ့ထားတယ်တဲ့ သမုဒ္ဒရာတစ်ခုလုံးကအဲ့ဒီရတနာအတွက် ယှဉ်ပြိုင်နေကြတယ် အဲ့ဒီသတင်းက ဒီလောက်မြန်မြန်ပျံ့သွားပြီး အဆင့်နိမ့်ကျင့်ကြံသူတွေအထိပါ ရောက်သွားလိမ့်မယ်လို့တော့ ငါထင်မထားမိဘူး”

ကုအန်စိတ်၀င်တစားမေးလိုက်၏။

“အမတရတနာအတုဆိုတာ ဘာလဲ”

ယုယင်ယင်ရှင်းပြလိုက်သည်။ “အဲ့တာက ထိခိုက်ခံထားရလို့ အမတစိတ်ဝိညဉ်မြုံသွားတဲ့ အထွတ်အထိပ်အမတရတနာကို ပြောတာ သူကလည်း စွမ်းအားကြီးပေမယ့် အထွတ်အထိပ်အမတရတနာအစစ်နဲ့ယှဉ်ရင်တော့ မှေးမှိန်သွားတယ်”

ကုအန် ရုတ်တရက် လက်ကိုးချောင်းနတ်အရှင်သည် ထိုရတနာအတွက် ရောက်လာသည်ဟု သံသယရှိမိသွားသည်။

ကုအန်မှာတော့ ပုံမှန်အားဖြင့် မတိုက်ခိုက်တတ်သောကြောင့် ရတနာများကို သိပ်စိတ်မ၀င်စားပေ။ သူ့လင်းရှီကိုသာ သူပို၍ ယုံပေသည်။

ကုအန် နားထောင်နေရင်း သူ့နတ်အာရုံကိုလည်း ကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင် ဖြန့်ကျက်ထားခဲ့ရာ အရပ်မျက်နှာပေါင်းစုံမှ ကုန်းမြေတိုက်ကြီးဆီ ၀င်ရောက်လာသော မိစ္ဆာများ လူများ အားလုံးကို တွေ့နေခဲ့ရသည်။ ထိုထဲတွင် အမတလမ်းစဉ်အဆင့်များပင်ပါပြီး မြေလျှောက်အမတသုံးယောက်နှင့် နိဗာနအဆင့် တစ်ဒါဇင်ကျော်က ကုန်းမြေတိုက်ကြီးဆီ ချဉ်းကပ်လာနေခဲ့ကြသည်။

ကုန်းမြေတိုက်ကြီးထဲတွင်တော့ မြေလျှောက်အမတ ၂၀ ကျော်ရောက်ရှ်ိနေပြီး အရပ်မျက်နှာအနှံ့ဖြန့်ကျက်ကာ အထွတ်အထိပ်အမတရတနာအတုကို ရှာဖွေနေခဲ့ကြ၏။ အချို့ဆိုလျှင် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေ၏ ကမ္ဘာငယ်လေးနားပင် ရောက်နေကြပြီး မည်သို့ထိုးဖောက်၀င်ရောက်ရမလဲဆိုတာ အစီအစဉ်ဆွဲနေခဲ့ကြသည်။

ကုအန် အန်းဟောင် လီယနှင့် ကျန်းပုကူတို့ကိုလည်း မိစ္ဆာနယ်မြေတွင် ‌တွေ့ခဲ့ရပြီး အန်းဟောင်သည် နတ်အသွင်ပြောင်းခြင်းအဆင့်မိစ္ဆာကို တစ်ယောက်တည်း တိုက်ခိုက်နေခဲ့၏။

“အထွတ်အထိပ်အမတရတနာအကြောင်း ပြောပြီးပြီဆိုတော့ အနောက်အရပ်သို့ခရီးသွားခြင်းအကြောင်း ဆွေးနွေးကြရအောင်” ယုယင်ယင် ရုတ်တရက်ပြောလိုက်သည်။

သူမသည် စာအုပ်ဖတ်ရခြင်းကို အလွန်နှစ်သက်ပြီး အထူးသဖြင့် ဇာတ်လမ်းသွားစာအုပ်မျိုးကို နှစ်သက်ခြင်းဖြစ်သည်။ ထို့ကြောင့်လည်း ရွှမ်ထျန်းယီနှင့် အစေးကပ်နေခဲ့ခြင်း ဖြစ်၏။

“မင်းက ဘာအကြောင်းဆွေးနွေးချင်တာလဲ” ကုအန် မေးလိုက်သည်။

ယုယင်ယင်လည်းချက်ချင်းပင် နတ်ဘုရားတို့၏ရာထူးများနှင့် အနောက်အရပ်သို့ခရီးသွားခြင်း ဇာတ်လမ်းများသည် ဆက်စပ်မှုရှိနေပါသလော အကယ်၍ ဆက်စပ်မှုရှိနေလျှင် ထိုဇာတ်လမ်းများသည် နှစ်မည်မျှ ကွာသနည်း ထို့နောက် ထိုဇာတ်လမ်းများသည် မည်သည့်ကုန်းမြေတိုက်ကြီးတွင် ဖြစ်ပွားခဲ့သနည်း စသည့်မေးခွန်းများကို အတွဲလိုက်မေးလေတော့သည်။

ကုအန် ထိုဇာတ်လမ်းများကို မည်သည့်နေရာက ရရှိခဲ့လဲဆိုတာကိုပင် သူစိတ်၀င်စားနေခဲ့၏။

ကုအန်လည်း မေးခွန်းများကိုတစ်ခုချင်း ဖြေပေး‌ခဲ့သည်။ ဇာတ်လမ်းများ၏ အရင်းအမြစ်ကိုတော့ သူသည် တာအိုမိတ်ဆွေနှစ်ယောက်နှင့် ‌တွေ့ဆုံခဲ့ပြီး ရှုကျုံးလင်ဟူသော တာအိုမိတ်ဆွေက နတ်ဘုရားတို့၏ရာထူးများ ဇာတ်လမ်းကို ပြောပြပြီး ဝူချန်အန်း ဟူသော တာအိုမိတ်ဆွေက အနောက်အရပ်သို့ ခရီးသွားခြင်း ဇာတ်လမ်းကို ပြောပြခဲ့ကြောင်း ရှင်းပြခဲ့၏။

ယုယင်ယင်လည်း ကုအန်စကားကိုသံသယမရှိဘဲ ထိုတာအိုပညာရှင်နှစ်ယောက်ကိုသာ စိတ်၀င်စားနေခဲ့သည်။

ကုအန်၏ ကျင့်ကြံခြင်းအရ သူ့တွင်ထိုကဲ့သို့သောအသိပညာမျိုးမရှိနိုင်ဘဲ သူ့တွင်ရှိသည်မှာ စာအရေးအသားကောင်းခြင်းသာ ဖြစ်နိုင်သည်ဟု သူမယုံကြည်၏။

သွေးအကျဉ်းထောင်မဟာသူတော်စင်လည်း စိတ်၀င်တစားနားထောင်နေခဲ့သည်။ ထိုစာအုပ်များကို ကုအန်ရေးမှန်းသိသော်လည်း အသေးစိတ်ကိုတော့ သူမသိပေ။ ယုယင်ယင်က နွားသိုးမိစ္ဆာဘုရင်အကြောင်းပြောမှသာ သူစိတ်၀င်စားသွားခဲ့ရသည်။

ကုအန်သည် သူ့နာမည်ကိုလည်း နွားသိုးမိစ္ဆာဘုရင် ဟုပေးထားခြင်း မဟုတ်ပါလော။

သူ့သခင်သည် သူ့အတွက် စာအုပ်တစ်အုပ်ရေးသားခဲ့ခြင်းပေလော။

ထိုသို့ဆိုလျှင် စွန်းဝူခုံးမှာရော မည်သူဖြစ်မည်နည်း။ ထျန်းယတောင်ကြားမှ မျောက်သုံးကောင် ဖြစ်နိုင်ပါသလော။

မျောက်သုံးကောင်အကြောင်းတွေးမိသောအခါ သွေးအကျဉ်းထောင်မဟာသူတော်စင် ဒေါသထွက်လာခဲ့၏။ ထိုသုံးကောင်သည် သူ့အမွှေးများကို အမြဲလိုက်ဆွဲလေ့ရှိပြီး သူကလည်း ထိုကောင်များကို မဖမ်းနိုင်ခဲ့ပေ။

အချိန်နှစ်နာရီ ကုန်ဆုံးသွားခဲ့သည်။

ယုယင်ယင် လက်ဖက်ရည်များ မုန့်များပင် အိမ်ထဲမှယူလာခဲ့ပြီး ထိုအရာက သူကုအန်တို့ကို ပြန်ခွင့်မပေးချင်သေးမှန်း ညွှန်ပြနေခဲ့၏။

ဤနှစ်အနည်းငယ်အတွင်း အဓိပတိဂိုဏ်းကို ရောက်နေပါသော်လည်း စာအုပ်များဖတ်ရှုရင်း အလုပ်များနေသောကြောင့် သူကုအန်နှင့် ကောင်းကောင်းမတွေ့ခဲ့ရသေးပေ။ ယခုတော့ သူသည် စာအုပ်ခန်းမထဲမှ စာအုပ်များအားလုံးကိုဖတ်ပြီးပြီဖြစ်ပြီး ဖတ်ပြီးသောအခါ သူကုအန်ကို ပို၍ပင် အံ့အားသင့်လာခဲ့ရသည်။

ထိုအခိုက်တွင် နဂါးအော်သံကြီးတစ်ခု ကောင်းကင်တွင် ဟိန်းထွက်လာခဲ့၏။

ယုယင်ယင်၏ မျက်နှာပြောင်းလဲသွားပြီး တီးတိုးရေရွတ်လိုက်လေသည်။

“နဂါးသတ်လှံ ချိကျူရှောင်”

All Chapters