← Chapters

အခန်း (၂၁၇-၂၁၈)

Vol. 17 Ch. 217-218

အခန်း (၂၁၇-၂၁၈)

Vol. 17 Ch. 217-218

အပိုင်း(၂၁၇)

သက်တမ်းအကန့်အသတ် နှစ် ၇၀၀၀၀၀

နဂါးသတ်လှံ ချိကျူရှောင်တဲ့လား!

နဂါးသတ်လှံ!

ဘယ်လောက်တောင် မာနကြီးလိုက်လဲ!

ယုယင်ယင်၏ စကားကြောင့် သွေးအကျဉ်းထောင်မဟာသူတော်စင်၏ မျက်လုံးထဲ စိတ်၀င်စားသည့်အရိပ်အယောင်များ ပေါ်လာခဲ့သည်။ သူတောင်ဘက်သို့ ကြည့်လိုက်ရာ ကောင်းကင်တွင် ရွှေရောင်များ တောက်လာပြီး တဖြည်းဖြည်းနှင့် ကောင်းကင်ကြီးပင် အရောင်ပြောင်းသွားတော့မလို ရွှေရောင်များက ပိုထင်ရှားလာခဲ့၏။

ကုအန်လည်း ထိုဘက်သို့ လှည့်ကြည့်လိုက်လေသည်။ တကယ်တော့ သူထိုပုံရိပ်ကို အစကတည်းက မြင်ထားပြီးသား ဖြစ်သည်။

နိဗာနအဆင့်၉!

ရွှေရောင်များက တဖြည်းဖြည်းနှင့် အဓိပတိဂိုဏ်းထက်ရှိ ကောင်းကင်တစ်ခွင်လုံးကို ဖုံးအုပ်သွားခဲ့၏။ ဂိုဏ်းတပည့်များလည်း ထွက်လာကြပြီး ကောင်းကင်ရှိ အရာကိုကြည့်ရှုနေခဲ့ကြသည်။

ထိုစဉ် နဂါး‌ဟိန်းသံကြီးမှာ ပို၍ပင် ကျယ်လောင်လာခဲ့ပြီး ထိုပုဂ္ဂိုလ်အနီးသို့ ရောက်လာပြီဖြစ်မှန်းညွှန်ပြနေခဲ့သည်။

မကြာခင်တွင် ပေတစ်ထောင်ခန့်ရှည်လျားသော လက်သည်းငါးချောင်းပါ နဂါးကြီးသည် မိုးကောင်းကင်တစ်ဖက်မှ ပျံသန်းထွက်ပေါ်လာခဲ့၏။ သူ့ပုံစံမှာ အတော်လေး ထည်ဝါကာ လွှမ်းမိုးနိုင်လွန်းသောကြောင့် အပြင်စည်းမြို့တစ်ခုလုံး တုန်လှုပ်သွားခဲ့ကြသည်။

ကုအန် နဂါးခေါင်းထဲရှိ ရွှေအတိပြီးသော လှံရှည်တစ်ချောင်းကို တွေ့လိုက်ရ၏။ ထိုလှံသည် လှံရိုးတွင် နဂါးတစ်ကောင်ကရစ်ပတ်နေကာ လှံသွားက ထိုနဂါး၏ ပါးစပ်ထဲမှ ထွက်နေဟန် ပြုလုပ်ထားသောလှံရှည်ဖြစ်ပြီး အတော်လေး လွှမ်းမိုးနိုင်စွမ်းရှိလှသည်။

ထိုအရာမှာ သာမန်မဟုတ်သော ဓမ္မရတနာတစ်ခုသာ ဖြစ်ရပေမည်။

ထိုလှံသည် ယုယင်ယင်ပြောခဲ့သော အမတရတနာပင် ဖြစ်နေနိုင်သေးသည်။

ထိုရွှေနဂါးကြီးမှာလည်း အမတရတနာမှ ဖွဲ့တည်ထားခြင်းဖြစ်ပြီး နဂါးအစစ်တစ်ကောင် မဟုတ်ခဲ့ပေ။

နဂါးခေါင်းပေါ်တွင်တော့ အဖြူရောင်၀တ်စုံ‌ေပါ်တွင် ရွှေချည်များထိုးထားပြီး အနီရောင်ခါးပတ်ကို ၀တ်ဆင်ထားသော လူတစ်ယောက်ရှိနေခဲ့သည်။ ထိုလူ၏

သူ့ပုခုံးမှာ ကျယ်ပြန့်လှပြီး သူ့ခါးကိုလည်းမတ်ထားကာ သူ့အရှိန်အဝါကို လုံး၀ ဖုံးကွယ်မထားခဲ့ပေ။ သူ့မျက်နှာသည် ချောမောခန့်ညားလှပြီး ဆံပင်များကို သရဖူတစ်ခုအောက်တွင် ထုံးဖွဲ့ထားပြီး ဆံစနှစ်စကိုသာ နားပေါ်တွင် ချထားခဲ့၏။ ‌‌ယခုအခါ လေတိုက်သောကြောင့် သူ့ဆံစနှစ်ဖက်မှာ လေနှင့်အတူ တဖြတ်ဖြတ်လွင့်နေခဲ့သည်။

ချိကျူရှောင် ကောင်းကင်ပေါ်မှ အဓိပတိဂိုဏ်းသို့ ငုံ့ကြည့်လိုက်စဉ်တွင် သူ့နှုတ်ခမ်းပေါ်၌ စိတ်ကြီး၀င်နေသည့် အပြုံးတစ်ပွင့်ရှိနေကာ သူ့အကြည့်က မာနကြီးလွန်းလှသည်။

ကုအန်လည်း သူ့ကိုကြည့်ပြီး သက်တမ်းစစ်ဆေးခြင်း သုံးလိုက်၏။

[ချိကျူရှောင်(နိဗာနအဆင့် ၉): ၉၉၈/၂၅၀၀၀/၇၀၀၀၀၀]

သက်တမ်းအကန့်အသတ် ၇၀၀၀၀၀!

အတော်လေး များတာပဲ!

ဒီကောင်က အသက်တစ်ထောင်တောင်မပြည့်သေးဘဲ နိဗာနအဆင့် ၉ ကိုရောက်နေတာပါလား!

သူမာနကြီးနေတာ အံ့ဩစရာတော့ မဟုတ်တော့ပါဘူး!

“သူကဘယ်သူလဲ” သွေးအကျဉ်းထောင်မဟာသူတော်စင် မမေးဘဲ မနေနိုင်တော့ပေ။ ထိုလူသည် မဟာယနအဆင့်အထက်တွင်ဖြစ်မှန်း သူအာရုံခံမိနေခဲ့၏။

ယုယင်ယင် ကောင်းကင်ကို မော့ကြည့်နေရင်း ပြောလိုက်သည်။

“သူက ကြယ်ပင်လယ်အဖွဲ့အစည်းက ထိပ်တန်းပါရမီရှင်တစ်ယောက်ပဲ အသက် ၅၀၀တည်းနဲ့ အမတလမ်းစဉ်အဆင့်ကို ရောက်ရှိခဲ့တဲ့လူ အခုသူစီးနေတဲ့ နဂါးက ရှေးဟောင်းအမတတစ်ပါး သန့်စင်ခဲ့တဲ့ အမတရတနာ နဂါးသတ်လှံ ကနေ ဖွဲ့တည်ထားတာ အဲ့ဒီလှံက အထွတ်အထိပ်အမတရတနာလောက် စွမ်းအားမကြီးဘူးဆိုပေမယ့် အဲ့ဒီလှံနဲ့သာဆို အချုပ်အနှောင်မဲ့အမတတစ်ပါးတောင် သူ့ကိုသတ်ဖို့ ခက်လိမ့်မယ်”

ချိကျူရှောင် ကောင်းကင်ပေါ်မှ အောက်ကိုကြည့်နေရင်း ယုယင်ယင်ကို သတိထားမိသွားခဲ့သည်။

သူ့မျက်ခုံးများ အနည်းငယ်တွန့်ကွေးသွားပြီး ရုတ်ချည်း အောက်သို့ ခုန်ဆင်းလာခဲ့၏။

မြို့အကာအကွယ်အစီအရင်ချက်ချင်းပေါ်လာခဲ့သော်လည်း အစီအရင်သည် လုံး၀ခံနိုင်ရည်မရှိဘဲ ချက်ချင်းပင် ပျက်ဆီးသွားခဲ့ရသည်။

ချိကျူရှောင် မိုးကြိုးတစ်စင်းနှယ် ကောင်းကင်ပေါ်မှ ဆင်းသက်လာခဲ့ပြီး ယုယင်ယင်၏ခြံ၀န်းထဲသို့ ကျလာခဲ့၏။

ချိကျူရှောင် ကုအန်နှင့် သွေးအကျဉ်းထောင်မဟာသူတော်စင်ကို လျစ်လျူရှုထားကာ ယုယင်ယင်ကိုပဲ ကြည့်ရင်းရယ်မောကာ ပြောလိုက်သည်။

“ကောင်မလေး နင်ကဒီမှာဘာလာလုပ်နေတာလဲ”

“ကောင်မလေးတဲ့လား နင့်ဆရာက နင့်ကိုဘယ်လိုစကားပြောရမယ် သင်ပေးမထားဘူးလား”

“ဟားဟား အဲ့တော့ ဒါကရွှမ်ထျန်းယီလာခဲ့တဲ့ အဓိပတိဂိုဏ်းပေါ့”

“ဟမ့်”

“တကယ်အားနည်းတာပဲ ငါကြားတာတော့ သူကကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေနဲ့ ရင်ဆိုင်ချင်နေတယ်တဲ့ အခုမင်းဆရာက အပြေးအလွှားအဆက်အသွယ်တွေ လိုက်ရှာနေတယ် ဒါပေမယ့် အထက်ကတော့ တုပ်တုပ်တောင်မလှုပ်ပါဘူး”

ချိကျူရှောင် ယုယင်ယင်မျက်မှောင်ကြုံ့သွားသည်ကိုကြည့်ပြီး ရယ်မောကာ ဆက်ပြောလိုက်သည်။

“ငါသွားပြီးတော့ မင်းအတွက် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေကို ပညာပြပေးလိုက်ရင်ရော ဘယ်လိုလဲ”

ယုယင်ယင်သူ့ကိုကြည့်ကာ ထေ့ငေါ့လိုက်သည်။

“နင့်ကျင့်ကြံခြင်းအဆင့်လေးနဲ့ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေမှာသာ သေမလာစေနဲ့”

“ဟားဟားဟား ဒါဆိုလည်း ငါအထွတ်အထိပ်အမတရတနာကို သိမ်းပိုက်တာကိုတော့ စောင့်ကြည့်နေပေတော့”

ပြောပြီးသည်နှင့် သူခုန်တက်သွားကာ ကောင်းကင်ပေါ်ရှိ ရွှေနဂါးကြီးမှာလည်း ရွှေအလင်းတန်းအဖြစ်ပြောင်းလဲသွားပြီး ကောင်းကင်ပေါ်၌ ပျောက်ကွယ်သွားခဲ့လေသည်။

အစမှအဆုံးအထိ ချိကျူရှောင် ကုအန်ကိုတစ်ချက်မှ မကြည့်ခဲ့ပေ။

ယုယင်ယင်အေးစက်စက်ထေ့ငေါ့လိုက်၏။

“အဲ့ဒီကောင်က မာနကြီးလွန်းတယ် အနှေးနဲ့အမြန်သူကြီးကြီးမားမား တစ်ခုခုဆုံးရှုံးရလိမ့်မယ်”

ကုအန်လည်းပြန်ထိုင်လိုက်ပြီး စိတ်၀င်တစားမေးလိုက်သည်။

“မင်းတို့ကြားက ဆက်ဆံရေးက ဘယ်လိုလဲ”

“ဂိုဏ်းတူ တပည့်သက်သက်ပါပဲ ငါတို့က လမ်းစဉ်တစ်ခုတည်းပေါ်မှာ မဟုတ်ဘူး” ယုယင်ယင်ခေါင်းယမး်ကာ ပြောလိုက်ပြီး သူမသည် သူမအကြောင်းအများကြီး ပြောပြလိုပုံ မပေါ်ပေ။

အခြေခံတည်ဆောက်ခြင်းအဆင့် တစ်ယောက်က နိဗာနအဆင့်၉ တစ်ယောက်ကို လမ်းစဉ်မတူဘူးဟု ပြောလိုက်သည်မှာ မှန်ကောင်းမှန်နေ‌နိုင်သော်လည်း အူကြောင်ကြောင်နိုင်လှပေသည်။

ယုယင်ယင်သည် မရိုးရှင်းဘူးဟု ကုအန်ပို၍ ခံစားလာခဲ့ရ၏။ ရွှမ်ထျန်းယီ သူမကို အဓိပတိဂိုဏ်းသို့ပို့လိုက်သည်မှာ အံ့ဩစရာမဟုတ်ပေ။

ကုအန် ယုယင်ယင်ပတ်ပတ်လည်ရှိ ကမ္မစွမ်းအားများကို ကြည့်ရှုကာ သူမ၏ အတိတ်နှစ်နှစ်တယ်ကို ကြည့်ရှုလိုက်၏။

သို့သော်လည်း ယုယင်ယင်သည် ကလေးဆန်ဆန် စိတ်ဆိုးပေါက်ကွဲကာ အနိုင်ကျင့်နေပြီး ရွှမ်ထျန်းယီက လိုက်ချော့နေရသည့် မြင်ကွင်းများကိုသာ မြင်ခဲ့ရသည်။

“သူ့ကို မွှေခိုင်းထားတာလည်း ကောင်းပါတယ် ဘာပဲဖြစ်ဖြစ် နင့်အဓိပတိဂိုဏ်းကလည်း ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေနဲ့ အဆင်ပြေတာမှမဟုတ်တာ” ယုယင်ယင် ဆက်ပြောလိုက်သည်။

ကုအန် တိတ်ဆိတ်နေပြီး ဘာမှပြန်မပြောခဲ့ပေ။

ယုယင်ယင်လည်း ကုအန်၏ ပြဿနာမဖြစ်ချင်သည့် ပုံစံကို ရိပ်မိ၏။ ထိုအကြောင်း သူ့ကို ရွှမ်ထျန်းယီအရင်ကတည်းက ပြောပြဖူးပြီးသား ဖြစ်သည်။

“အနောက်အရပ်သို့ ခရီးသွားခြင်း အကြောင်းပဲ ဆက်ပြောကြတာပေါ့” ယုယင်ယင်ရယ်မောကာ ပြောလိုက်၏။

ထိုအခိုက်တွင် အဓိပတိဂိုဏ်းတစ်ခုလုံး ပွက်လောရိုက်နေပြီး ချိကျူရှောင်အကြောင်း ဆွေးနွေးပြောဆိုနေခဲ့ကြသည်။

စံအိမ်တစ်ခု၏ တံစက်မြိတ်အောက်တွင် ချောင်တိုင် အဝေးကိုကြည့်နေရင်း မျက်မှောင်ကြုံ့နေခဲ့၏။

“နဂါးသတ်လှံ…သူကဘာလို့ဒီရောက်နေတာလဲ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေမှာ တကယ်ကြီး အထွတ်အထိပ်အမတရတနာရှ်ိနေတာ ဖြစ်နိုင်လား တကယ်လို့ရှိနေရရင်ရော သူတို့က ဘာလို့ ရတနာကိုဒီကုန်းမြေတိုက်ကြီးပေါ် သယ်လာရတာလဲ”

ချောင်တိုင် စိတ်ရှုပ်ထွေးနေခဲ့သည်။ ထိုအရာသည် တိုက်ဆိုင်မှုသက်သက်တော့ မဟုတ်ဘဲ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေတွင် အစီအစဉ်တစ်ခုရှိသည်ဟု သူခံစားမိနေခဲ့၏။

နောက်ရက်များတွင် စွမ်းအားကြီးသော တည်ရှိမှုများ အဓိပတိဂိုဏ်းကို မကြာခဏဖြတ်သွားနေကြပြီး တစ်ခါတရံ ဂိုဏ်းကို နတ်အာရုံသုံး၍ပင် စစ်ဆေးနေခဲ့ကြသည်။

ထိုအရာကြောင့် ဂိုဏ်း၏လေထုတစ်ခုလုံး တင်းကြပ်နေခဲ့ပြီး ရတနာလုသည့် ပြဿနာထဲတွင် သူတို့ကြားညပ်ပါသွားမှာကို စိုးရိမ်နေခဲ့ကြ၏။

….

ငါးရက်ကြာသောအခါ လုပိုင်ထျန်း ကုအန်ကိုလာရှာခဲ့ပြီး သူတို့နှစ်ယောက် အခန်းထဲတွင် စကားပြောခဲ့ကြသည်။

စည်းများ ချပြီးသည့်နောက် လုပိုင်ထျနး် သက်ပြင်းတစ်ချက် ချလိုက်မိ၏။

“အခုနောက်ပိုင်း ပင်လယ်ရပ်ခြားကကျင့်ကြံသူတွေ အများကြီးရောက်လာကြတယ် ဒီကုန်းမြေတိုက်ကြီးရဲ့ အေးချမ်းမှုက ကျိုးပျက်သွားတော့မယ်”

သူအတော်လေး မကျေမနပ်ဖြစ်နေခဲ့ရသည်။

ထိုကြီးမြတ်သည့် ကျင့်ကြံသူများသည် အဓိပတိဂိုဏ်းကို မနှုတ်ဆက်ဘဲ စစ်ဆေးချင်သလိုစစ်ဆေးနေကြပြီး သူတို့ကို လုံး၀ မျက်ကွယ်ပြုထားခဲ့၏။ ပိုဆိုးရွားသည့် အချက်မှာ သူတို့ဂိုဏ်းက ထိုလုပ်ရပ်ကို သည်းခံနေရခြင်းပင်။

အဓိပတိဂိုဏ်းတင်မဟုတ်ဘဲ မင်းဆက်သုံးခုရှိ ဂိုဏ်းများအားလုံး ထိုကဲ့သို့ပင် ခံစားနေခဲ့ရသည်။

မိစ္ဆာကပ်ဘေးမှ ရှင်သန်လာခဲ့ပြီးသည့်နောက်တွင် ဂိုဏ်းတိုင်းသည် ပိုမိုသန်မာလာဖို့ ကြိုးစားနေခဲ့ကြ၏။ သို့သော်လည်း နှစ်အနည်းငယ်အကြာတွင် အမတလမ်းစဉ်အဆင့်များ ပေါ်လာခဲ့ပြီး သူတို့ကို မြက်ပင် ပေါင်းပင်များသဖွယ် သဘောထားနေခဲ့ကြသည်။

“မိစ္ဆာကပ်ဘေးမတိုင်ခင်က အမတလမ်းစဉ်အဆင့်ကိုမပြောနဲ့ မဟာယနအဆင့်တစ်ယောက်တောင် မတွေ့ခဲ့ရဘဲ ငါနှစ်ရာချီ ရှင်သန်လာခဲ့တာ အခုမှ ဘယ်လိုဖြစ်လို့ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာနေရတာလဲ” လုပိုင်ထျန်း ဒုက္ခရောက်နေဟန်ဖြင့် ပြောလိုက်၏။

ကုအန်သူ့ကို နှစ်သိမ့်လိုက်သည်။

“အဲ့တာက အဆင်ပြေပါတယ် အခုက ဘယ်သူမှ အဓိပတိဂိုဏ်းကို အန္တရာယ်ပြုချင်ပုံမပေါ်ပါဘူး သူတို့ပစ်မှတ်က အထွတ်အထိပ်အမတရတနာလို့ ခေါ်တဲ့ အရာပဲ”

လုပိုင်ထျန်း ခေါင်းညိတ်ပြလိုက်၏။

“ငါကမင်းကို စိတ်ထွက်ပေါက်အဖြစ် ပြောပြရုံပါပဲ အခုဆို အကြီအကဲတွေကလည်း နောက်ထပ် ကပ်ဘေးတစ်ခုပေါ်လာမှာကို စိတ်ပူနေကြတယ်…”

ဝုန်းးးးး!

နားကွဲလုမတတ်အသံကြီး အဝေးမှ ထွက်ပေါ်လာသောကြောင့် လုပိုင်ထျန်း သူ့စကားကို ဖြတ်လိုက်ရသည်။

ကုအန် နတ်အာရုံဖြင့်ကြည့်လိုက်သောအခါ ချိကျူရှောင်သည် ကောင်းကင်ဖီးနစ်တောင်အထက်၌ နိဗာနအဆင့်တစ်ယောက်နှင့် တိုက်ခိုက်နေမှန်း တွေ့လိုက်ရ၏။

ထိုလူသည် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေမှဖြစ်လောက်ပြီး သူ့အရှိန်အဝါမှာ ပင်လယ်ရပ်ခြားမှလာခဲ့ဟန်မရဘဲ ရုတ်ချည်းပေါ်ထွက်လာခြင်း ဖြစ်သည်။

ချိကျူရှောင်သည် အမှန်တကယ်ပင်သန်မာလှပြီး တစ်ဖက်လူကို လုံး၀ ဖိနှိပ်ထားနိုင်ခဲ့၏။

‌‌ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေ၏ ကမ္ဘာငယ်လေးထဲမှ အချုပ်အနှောင်မဲ့အမတတစ်ပါး ထပ်ထွက်လာပြီး တိုက်ပွဲကို ချဉ်းကပ်လာနေသည်ကိုလည်း ကုအန် အာရုံခံမိနေခဲ့သည်။

“ငါပြန်ဖို့ လိုတယ်” လုပိုင်ထျန်း မတ်တပ်ထရပ်လိုက်ကာ အခန်းထဲမှ ပျောက်ကွယ်သွားခဲ့၏။

ကုအန်လည်း လှေကားပေါ်မှ ဆင်းလာခဲ့ရာ တောင်ကြားတွင် တပည့်များ စုဝေးနေကြသည်ကို တွေ့လိုက်ရလေသည်။ ခုနကထွက်လာသော အသံကြီးက သူတို့ကို ကြောက်လန့်သွားစေခဲ့ခြင်း ဖြစ်၏။

ထိုစဉ် လုလင်ကျွမ်းလည်း အခန်းထဲမှ ထွက်လာခဲ့သည်။

သူမနှင့် သွေးအကျဉ်းထောင်မဟာသူတော်စင်သည် အရပ်မျက်နှာတစ်ခုတည်းကို ကြည့်ရှုနေခဲ့ကြ၏။

တခဏအကြာတွင် လုလင်ကျွမ်း သူ့အကြည့်ကိုရုတ်လိုက်ပြီး သွေးအကျဉ်းထောင်မဟာသူတော်စင်ကို ကြည့်လိုက်သည်။

အဘယ်ကြောင့် ဤနွားသိုးသည် သူမကြည့်နေသော အရပ်သို့ လိုက်ကြည့်နေပုံ ပေါ်နေသနည်း။

သွေးအကျဉ်းထောင်မဟာသူတော်စင်လည်း သူမအကြည့်ကို ခံစားမိသွားသောကြောင့် တစ်ချက်ပြန်ကြည့်လိုက်၏။

“ငတုံးနွားသိုး” လုလင်ကျွမ်း ခေါင်းယမ်းကာ ပြုံးလိုက်ပြီး ကုအန်ဆီ လျှောက်သွားခဲ့သည်။

သွေးအကျဉ်းထောင်မဟာသူတော်စင်လည်း ပြန်မဆဲဘဲ မနေနိုင်ခဲ့ပေ။

“နင်ကမှ ငတုံးမ!”

“ဟမ်”

လုလင်ကျွမ်း သူ့ကို သတ်ဖြတ်လိုစိတ်များ ပြည့်နေသာ အကြည့်ဖြင့် ကြည့်လိုက်သောကြောင့် သွေးအကျဥ်း‌ေထာင်မဟာသူ‌ေတာ်စင် တောင့်တင်းသွားခဲ့ရသည်။

ကုအန်လည်း သွေးအကျဉ်းထောင်မဟာသူတော်စင်ကို တစ်ချက်ကြည့်လိုက်ပြီး အတင်း ခေါင်းငုံ့ထားခိုင်းလိုက်၏။

သွေးအကျဉ်းထောင်မဟာသူတော်စင်မှာတော့ အကြီးအကျယ် မကျေမနပ်ဖြစ်နေခဲ့ရသည်။

သူ့လို ဂုဏ်သိက္ခာကြီးမြတ်လှသော မဟာယနအဆင့် တစ်ယောက်က ဆန်းကြယ်နှလုံးသားအဆင့် တစ်ယောက်အနိုင်ကျင့်ခြင်းကို ခံနေရသည်ကို မည်သို့ သည်းခံနိုင်မည်နည်း။

သူယခုအခါ လုလင်ကျွမ်းကို အမှန်တကယ်ပင် မုန်းနေခဲ့၏။

နှစ်တစ်ထောင်ပြည့်ရင် ငါနင့် တက်လှမ်းခြင်းဂိုဏ်းကို လုံး၀ မ၀င်ဘူး နင့်လူတွေကိုလည်း ခိုးပစ်မယ်!

လုလင်ကျွမ်း ကျေနပ်စွာ ပြုံးလိုက်ပြီး ကုအန်ဆီလျှောက်လာခဲ့လိုက်သည်။

“နင်ဘာလို့ သူနဲ့ငြင်းခုန်နေတာလဲ” ကုအန် မကျေမနပ်ပြောလိုက်၏။

“စိတ်ဆိုးတာလား ငါတောင်းပန်ပါတယ် ငါလည်းသူက အဲ့လို မကောင်းတဲ့အမူအကျင့်တွေ ရှိလိမ့်မယ်လို့ ဘယ်ထင်ပါ့မလဲ”

“စိတ်မရှိပါနဲ့ အနာဂတ်မှာသူ့ကိုကောင်းကောင်းဆက်ဆံပေးပါ နောက်ဆုံးတော့ သူကငါ့စီးတော်သားရဲပဲလေ” ကုအန် ခေါင်းယမ်း၍ ပြောလိုက်ရာ သွေးအကျဉ်းထောင်မဟာသူတော်စင် ခံစားသွားခဲ့ရသည်။

လုလင်ကျွမ်း ရယ်မောလိုက်၏။

“ဒီနွားသိုးက အားနည်းလွန်းတယ် နင်လိုချင်ရင် ငါနင့်ကို ပိုသန်မာတဲ့တစ်ကောင် ရှာပေးနိုင်တယ်”

သွေးအကျဉ်းထောင်မဟာသူတော်စင်၏ ဒေါသမီးတောက် တစ်ဖန် တောက်လောင်လာခဲ့ရပြန်သည်။

ကုအန်လည်း ထိုနွားသိုး ဒေါသထွက်လွန်း၍ သေသွားမည်စိုးသောကြောင့် လုလင်ကျွမ်းကို အမြန်ပင် ‌နွားသိုးနှင့် ဝေးသော‌ေနရာသို့ ခေါ်လာခဲ့လိုက်၏။

ထို့နောက် လုလင်ကျွမ်း ကုအန်အား လတ်တလောဖြစ်ပွားနေသော အဖြစ်အပျက်များကို မေးမြန်းခဲ့သည်။

ကုအန်လည်း အထွတ်အထိပ်အမတရတနာအကြောင်း ကောလာဟလများအားလုံးကို မခြွင်းမချန် အကုန်ပြောပြလိုက်သည်။ ထိုအခါ လုလင်ကျွမ်းစိတ်၀င်စားသွားပြီး ချက်ချင်း တောင်ဘက်သို့ ပျံသန်းထွက်ခွာသွားခဲ့၏။

တကယ်အဆင်အခြင်မဲ့တာပဲ!

တက်လှမ်းသူတွေအကုန်လုံးက ဒီလိုတွေပဲလား!

ကုအန် အကူအညီမဲ့သလို ခံစားနေခဲ့ရသည်။ သူ့နတ်အာရုံက ချိကျူရှောင်ဆီပြန်လည်ရောက်ရှိနေပြီး ထိုကောင်သည် အချုပ်အနှောင်မဲ့အမတတစ်ပါးနှင့် ရင်ဆိုင်နေခဲ့၏။

အချုပ်အနှောင်မဲ့အမတသည် နိဗာနအဆင့်၏ ဆရာဖြစ်ဟန်ရပြီး ချိကျူရှောင်ကို ပြန်ဆုတ်ဖို့သာ သတိပေးနေခဲ့သည်။ သို့သော် မာနကြီးလှသော ချိကျူရှောင်သည် ပြန်မဆုတ်သောကြောင့် မကြာခင် စကားအနည်းငယ်ပြောပြီးချိန်တွင် တိုက်ပွဲကြီး ဖြစ်ပေါ်လာခဲ့၏။

ချိကျူရှောင်လက်ထဲရှိ နဂါးသတ်လှံသည် အတော်လေး စွမ်းအားကြီးသည်ကိုတော့ လက်ခံရမည်ဖြစ်ပြီး ထိုလှံသည် တိုက်ခိုက်ရေးရော ကာကွယ်ရေးမှာပါ အသုံး၀င်ကာ အချုပ်အနှောင်မဲ့အမတပင် ချိကျူရှောင်ကို အချိန်တိုအတွင်း အနိုင်မယူနိုင်ခဲ့ပေ။

ဒါပေါ့ ထိုအချုပ်အနှောင်မဲ့အမတသည် ချိကျူရှောင်ကို အသေမသတ်လိုဘဲ သတိထား၍ တိုက်ခိုက်နေသည်ကိုလည်း ကုအန် သတိထားမိနေခဲ့သည်။

မကြာခင်တွင် ချိကျူရှောင်အရေးနိမ့်လာကာ ဆုတ်ခွာလာခဲ့ရ၏။

အမတရတနာသည် သူ့ကို အချုပ်အနှောင်မဲ့အမတတစ်ပါးအား မရှုံးအောင် လုပ်ပေးနိုင်သော်လည်း အနိုင်ယူဖို့တော့ စွမ်းဆောင်မပေးနိုင်ခဲ့ပေ။

တိုက်ပွဲပြီးဆုံးသွားပြီးသည့်နောက် ကုအန်လည်း နတ်အာရုံကိုသုံးကာ အိမ်ထဲပြန်၀င်လာခဲ့လေသည်။

…..

ညဉ့်သန်းခေါင်တွင်

အန်းဟောက်လက်ထဲတွင် မြေပုံတစ်ချပ်ကိုကိုင်ကာ တောအုပ်ထဲ လမ်းလျှောက်နေခဲ့၏။ သူထိုမြေပုံကိုမတော်တဆရခဲ့ခြင်းဖြစ်ပြီး ထိုထဲတွင် ရှေးဟောင်းကျင့်ကြံသူတစ်ယောက်၏ ဂူကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။

သူလမ်းလျှောက်နေရင်း တစ်ခုခုကို အာရုံခံမိလိုက်ရာ မြေပုံကိုချက်ချင်းသိမ်းကာ ဘေးဘီဝဲယာသို့ ကြည့်လိုက်ပြီး သူ့လက်ထဲတွင်လည်း ဓားရှည်တစ်ချောင်း ပေါ်လာခဲ့သည်။

ထိုစဉ် အမှောင်ထဲမှ ခြေသံများ ထွက်ပေါ်လာခဲ့၏။ သေချာကြည့်လိုက်လေရာ အမှောင်ထဲမှ ပုံရိပ်တစ်ခုချဉ်းကပ်လာနေမှန်း တွေ့လိုက်ရသည်။

ထိုပုံရိပ်မှာ ချိကျူရှောင်မှလွဲ အခြားမဟုတ်ပေ။

အန်းဟောင် ချိကျူရှောင်ကိုမသိသော်လည်း ထိုလူမှာ အလွန်သန်မာမှန်းတော့ သတိထားမိ၏။

ချိကျူရှောင်၏ မျက်နှာမှာ အတော်လေးအခြေအနေဆိုးနေခဲ့သည်။ သူအန်းဟောင်ကို ကြည့်လိုက်ပြီး မေးလိုက်၏။

“ဟေး မင်းနာမည်ဘယ်သူလဲ ဘယ်ဂိုဏ်း ဘယ်ကျောင်းကလဲ”

အန်းဟောင်မျက်ခုံးများ တွန့်ကွေးသွားခဲ့သည်။

“ကျွန်တော်က အဓိပတိဂိုဏ်းက အန်းဟောင်ပါ”

ချိကျူရှောင်ပြောလိုက်သည်။

“အဓိပတိဂိုဏ်းကလား ငါတို့ကြားထဲ အဆက်အစပ်ရှိနေတာပဲ ငါ့ဂျူနီယာညီမလေးတစ်ယောက်လည်း အဓိပတိဂိုဏ်းထဲမှာပဲ အဲ့ဒီဆက်နွယ်မှုကို ထောက်ပြီး မင်းသိုလှောင်အိတ်ထဲက အဆင့် ၈ ရတနာကို ငါဆေးကုဖို့ ထုတ်ပေးလိုက် ငါလည်းမင်းကို မမျှမတမဆက်ဆံပါဘူး”

ထိုစကားကိုကြားသောအခါ အန်းဟောင် မျက်နှာရုတ်ချည်းပြောင်းလဲသွားခဲ့သည်။ သူ့သိုလှောင်အိတ်ထဲတွင် အဆင့် ၈ ရတနာရှိနေသည်ကို တစ်ဖက်လူက မည်ကဲ့သို့ သိနေသနည်း။

အပိုင်း(၂၁၈)

နဂါးအသွင်ပြောင်းလဲခြင်းကိုးပါး၊ ကမ္ဘာခြားနတ်မြို့တော်

ချိကျူရှောင် အန်းဟောင်၏ တင်းမာမှုကို သတိထားမိသွားကာ ညာလက်ကိုမြှောက်ပြီး စာလိပ်တစ်လိပ် ပစ်ပေးလိုက်၏။

အန်းဟောင်လည်း ဖမ်းထားလိုက်စဉ် ချိကျူရှောင် ပြောလိုက်သည်။

“တစ်ချက်ကြည့်ကြည့် အဲ့တာက ငါမတော်တဆရထားတဲ့ နတ်သိုင်းတစ်မျိုးပဲ”

ပြောပြီးသည့်နောက် ချိကျူရှောင် တင်ပလ္လင်ခွေထိုင်လိုက်ကာ ကျင့်ကြံရင်း ဒဏ်ရာစတင် ကုသတော့သည်။

အန်းဟောင်လည်း တခဏတွန့်ဆုတ်နေပြီးနောက် နတ်အာရုံသုံး၍ စာလိပ်ထဲ ကြည့်ရှုကြည့်လိုက်၏။

တခဏကြာသောအခါ အန်းဟောင်၏ အမူအရာပြောင်းလဲသွားပြီး စာလိပ်ကိုကိုင်ထားသော သူ့လက်များ တုန်ခါလာခဲ့သည်။

ထို့နောက် သူ့နတ်အာရုံကိုပြန်သိမ်းလိုက်ပြီး အဆင့် ၈ ရတနာဖြစ်သော အနီရောင်တောက်တောက်စိတ်ဝိညန်းပန်းပွင့်တစ်ပွင့်ကို သိုလှောင်အိတ်ထဲမှထုတ်ကာ ချိကျူရှောင်ကို ပေးလိုက်၏။

ချိကျူရှောင် လက်မြှောက်လိုက်ရာ စိတ်ဝိညဉ်ပန်းပွင့်က အလိုလို သူ့ဆီပျံသန်းသွားခဲ့လေသည်။

ချိကျုရှောင်မတ်တပ်ရပ်လာပြီးသည့်နောက် တစ်ကျန်းခန့်မြင့်သော ဆေးအိုးကြီးတစ်လုံးကိုထုတ်လိုက်ပြီး ထိုအိုးထဲသို့ အနီရောင်စိတ်ဝိညဉ်ပန်းပွင့်ကိုထည့်လိုက်ပြီး အခြားဆေးပင်များလည်း ထပ်ထည့်လိုက်၏။

ဆေးအိုးကို မီးအပူပေးပြီးသည့်နောက်တွင် သူပုလင်းလေးတစ်လုံးကိုထုတ်လိုက်ကာ ပုလင်းထဲမှ ရေများကို ဆေးအိုးထဲလောင်းထည့်လိုက်သည်။ ‌ထိုပုလင်းလေးသည် အထဲတွင် အာကာသတစ်ခုရှိနေသလိုပင် ဖြစ်နေကာ ဘယ်လောက်လောင်းချချ ရေကကုန်မသွားခဲ့ပေ။

ဆေးအိုးထဲတွင် ရေပြည့်သွားသောအခါ ချိကျူရှောင် ပုလင်းကို စည်းပိတ်လိုက်ပြီး သိုလှောင်အိတ်ထဲ ပြန်သိမ်းလိုက်၏။

အကုန်ပြီးသည့်နောက် သူအန်းဟောင်ကိုကြည့်ကာ ပြောလိုက်သည်။

“မင်းအခု သွားလို့ရပြီ”

ထို့နောက် သူတစ်ချက်ခုန်လိုက်ပြီး ဆေးအိုးထဲ ခုန်၀င်သွားခဲ့၏။

အန်းဟောင်တခဏတွန့်ဆုတ်သွားခဲ့သော်လည်း ထွက်မသွားခဲ့ပေ။ အနီးရှိ သစ်ပင်တစ်ပင်အောက်တွင်ထိုင်ကာ ချိကျူရှောင်ပေးခဲ့သော နတ်သိုင်းကို စတင်လေ့လာလေတော့သည်။

“နဂါးအသွင်ပြောင်းလဲခြင်းကိုးပါး….”

နတ်သိုင်း၏ အညွှန်းကို ဖတ်လိုက်ရုံနှင့်ပင် သူ့သွေးများ ဆူပွက်လာခဲ့၏။

ဤသို့ဖြင့် ‌ခုနှစ်ရက်ကုန်ဆံုးသွားခဲ့သည်။

ထိုနေ့တွင် ချိကျူရှောင် ဆေးအိုးထဲမှ ခုန်ထွက်လာခဲ့၏။ သူမြေပြင်ပေါ်ပြန်ကျလာသည်နှင့် သူ့ကိုယ်ပေါ်မှ အစိုဓာတ်များ ခြောက်သွေ့သွားပြီး သူ့ကိုယ်တစ်ဝိုက်တွင် အခိုးအငွေ့များ ပေါ်လာခဲ့သည်။

ထို့နောက် ဆေးအိုးကိုသေးသေးလေးဖြစ်အောင်လုပ်လိုက်ပြီး သူ့လက်ပေါ်တင်ကာ အကြွင်းအကျန်များကို လင်းရှီသုံး၍ သန့်ရှင်းလိုက်၏။ တစ်ချိန်တည်းမှာပင် သူအဝေးသို့ ကြည့်လိုက်မိသည်။

ထိုအခါ သစ်ရွက်များကြားထဲမှတစ်ဆင့် သစ်တောထက်မှပြုတ်ကျလာသော အဇူရာနဂါးတစ်ကောင်ကို တွေ့လိုက်ရသည်။

“ဒီကလေးရဲ့ နားလည်နိုင်စွမ်းက သာမန်မဟုတ်ပါလား”

ချိကျူရှောင်ကြိတ်၍ အံ့အားသင့်သွားခဲ့ရသည်။ ရက်အနည်းငယ်တည်းဖြင့် အန်းဟောင်သည် သူ့နတ်သိုင်းကို တတ်မြောက်သွားခဲ့၏။

ထိုကဲ့သို့သော ပါရမီမျိုးမှာ ကြယ်ပင်လယ်အဖွဲ့အစည်းတွင်ပင် ရှားပါးသည်ဟု ပြော၍ရပေသည်။

ဆေးအိုးကိုပြန်သိမ်းပြီးသည့်နောက် သူသစ်တောထဲမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။

ထို့နောက်တွင်တော့ ကောင်းကင်တွင်ပေါ်လာပြီး ပြုတ်ကျလာသော အဇူရာနဂါးကို တားဆီးပေးလိုက်သည်။

ထိုအဇူရာနဂါးသည် အန်းဟောင်အသွင်ပြောင်းထားခြင်းဖြစ်ပြီး သုံးကျန်းသာ ရှည်လျားသေးသော်လည်း သူ့ပုံစံမှာ လွှမ်းမိုးနိုင်လှသည်။

ချိကျူရှောင်ကို မြင်သောအခါ အဇူရာနဂါး အန်းဟောင်အသွင်ပြန်ပြောင်းသွားပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

“ဒီနတ်သိုင်းက အံ့ဩစရာကြီး ကျွန်တော်အသွင်ပြောင်းပြီးတော့ တကယ့်နဂါးတစ်ကောင်လို ခံစားလိုက်ရတယ် ကျွန်တော့်အလျင်ကလည်း သိသိသာသာတိုးလာတယ်”

ချိကျူရှောင် ဂုဏ်ယူစွာ ပြောလိုင်သည်။

“ဒါပေါ့ ငါက နဂါးသတ်လှံချိကျူရှောင်ပဲလေ မင်းကိုလှည့်စားစရာလား ကောင်လေးရ ဒီနတ်သိုင်းရဲ့ တန်ဖိုးက မင်းရဲ့အဆင့် ၈ ရတနာထက် အများကြီးပိုတန်ဖိုးကြီးတယ် မင်းငါ့ကို ကျေးဇူးတင်သင့်တယ်”

ထိုစကားကိုကြားသောအခါ အန်းဟောင်ချက်ချင်း ဦးညွတ်၍ အရိုအသေပေးလိုက်ကာ ကျေးဇူးတင်ကြောင်း ပြောလိုက်၏။

ချိကျူရှောင်၏ မျက်နှာပေါ်တွင် အပြုံးများဖြင့် ပြည့်နေသော်လည်း အတွင်းထဲတွင်တော့ သူ့အနည်းငယ် မနာလိုဖြစ်မိနေခဲ့သည်။

သူအစကတွေးခဲ့သည်မှာ နဂါးအသွင်ပြောင်းလဲခြင်းကိုးပါး ကို အန်းဟောင်ကို ပေးလိုက်လျှင်တောင် အန်းဟောင်က ကျင့်ကြံနိုင်မည်မဟုတ်ဘဲ သူ့အတွက် ဘာအရှုံးမှ မရှိဘူးဟု တွက်ထားခြင်း ဖြစ်၏။

ဘယ်သူက ယခုလိုဖြစ်လာမည်ဟု တွေးမိမည်နည်း။

ချိကျူရှောင် အန်းဟောင်ကို အကဲခတ်လိုက်ပြီး ပြောလိုက်သည်။

“ကောင်လေး မင်းဘာလို့ ကြယ်ပင်လယ်အဖွဲ့အစည်းကို မ၀င်တာလဲ အဓိပတိဂိုဏ်းက မင်းအတွက် သေးငယ်လွန်းတယ် မင်းပါရမီနဲ့ဆိုရင် မင်းသာကြယ်ပင်လယ်အဖွဲ့အစည်းကို၀င်ရင် အသက် ၅၀၀ အတွင်း မဟာယနအဆင့်ကို ရောက်လိမ့်မယ်”

ထိုစကားကိုကြားသောအခါ အန်းဟောင်မျက်ခုံးများ အနည်းငယ်တွန့်ကွေးသွားခဲ့ရသည်။

မဟာယနအဆင့်ကို အသက်၅၀၀ အတွင်းရောက်ခြင်းမှာ အတော်လေး အထင်ကြီးစရာကောင်းလှသည်။

သို့သော် အန်းဟောင်သည် သူ့ပါရမီမှာ ပြိုင်ဘက်ကင်းဟု အမြဲတွေးထားသူ ဖြစ်လေရာ သူ့အတွက် အသက် ၅၀၀အတွင်း မဟာယနအဆင့်ရောက်ဖို့က ခက်ခဲသောအရာမဟုတ်ပေ။ ရွှမ်ထျန်းယီပင် နှစ်ရာဂဏန်းအနည်းငယ်နှင့် မဟာယနအဆင့်ရောက်ခဲ့ခြင်းဖြစ်၏။

ချိကျူရှောင် ကြယ်ပင်လယ်အဖွဲ့အစည်း၏ ကြီးမြတ်မှုများအကြောင်း ဆက်လက်ပြောပြနေခဲ့သည်။ သူရွှမ်ထျန်းယီအကြောင်းပြောသောအခါတွင်မူ အန်းဟောင် စိတ်ဝင်စားသွားခဲ့၏။

သူသည် ရွှမ်ထျန်းယီနှင့် အတော်ကောင်းမွန်သောဆက်ဆံရေးရှိသူ ဖြစ်သည်။ သို့သော် ချိကျူရှောင် ပြောပုံအရ ရွှမ်ထျန်းယီသည် ကြယ်ပင်လယ်အဖွဲ့အစည်းတွင် အသင့်အတင့်ပါရမီရှိသော တပည့်တစ်ယောက်သာ ဖြစ်၏။ သူရွှမ်ထျန်းယီအကြောင်းထည့်ပြောခြင်းမှာ ရွှမ်ထျန်းယီသည် အဓိပတိဂိုဏ်းမှလာခဲ့ခြင်းကြောင့် ဖြစ်သည်။

“မေ့လိုက်တော့ ကျွန်တော် ကြယ်ပင်လယ်အဖွဲ့အစည်းကို မ၀င်တော့ဘူး ကျွန်တော် အဓိပတိဂိုဏ်းမှာပဲ နေချင်တယ်” အန်းဟောင် ခေါင်းယမ်းကာ ပြောလိုက်၏။

ချိကျူရှောင်လည်း ထပ်တိုက်တွန်းမနေတော့ပေ။ နောက်ဆုံးတွင်သူသည်လည်း ဂိုဏ်းတပည့်တစ်ယောက်သာ ဖြစ်ပြီး ဂိုဏ်းချုပ်ဟုတ်မနေပေ။ ထိုမျှ တိုက်တွန်းခြင်းက လုံလောက်ပေသည်။

“မင်းကဒီနားမှာ ပေါ်လာတာလဲ” ချိကျူရှောင် မေးလိုက်၏။

အန်းဟောင်လည်း ဘာမှဖုံးကွယ်မထားဘဲ ပြောပြလိုက်သည်။

“ကျွန်တော်အစကတော့ ဒီအနားမှာ လေ့ကျင့်နေရင်း အထွတ်အထိပ်အမတရတနာအကြောင်း ကြားခဲ့ရတာ ကျွန်တော်အဲ့ဒီရတနာကို ကိုယ်တိုင်မြင်ဖူးချင်မိတယ်”

ချိကျူရှောင် ‌ရယ်မောလိုက်ကာ ပြောလိုက်သည်။

“ငါတို့ပူးပေါင်းကြရင်ရော ဘယ်လိုလဲ အချိန်ကျလာရင် တစ်ယောက်ကိုတစ်ယောက် မှီခိုလို့ရတာပေါ့”

အန်းဟောင် တွန့်ဆုတ်စွာ မေးလိုက်၏။

“ကျွန်တော့်ကျင့်ကြံခြင်းနဲ့ စီနီယာ့ကို ကူညီနိုင်ပါ့မလား”

“ငါကဒီကုန်းမြေတိုက်ကြီးနဲ့ အရမ်းမရင်းနှီးဘူး မင်းကငါ့ကိုဒီကုန်းမြေတိုက်ကြီးအကြောင်းပြောပြရမယ် ငါကတော့မင်း နဂါးအသွင်ပြောင်းလဲခြင်းကိုးပါး ကျင့်ကြံနေတဲ့အချိန် လမ်းညွှန်ပေးမယ် ဘယ်လိုလဲ”

“ကောင်းပါပြီ ကျေးဇူးတင်ပါတယ်စီနီယာ” အန်းဟောင် စိတ်လှုပ်ရှားစွာ တုန့်ပြန်လိုက်သည်။ သူဒီနေရာမှ ထွက်မသွားခဲ့ရသည့် အကြောင်းအရင်းမှာလည်း ချိကျူရှောင်ထံမှ နတ်သိုင်းများ ထပ်မံသင်ကြားလိုသေး၍ ဖြစ်၏။

ထို့နောက် သူတို့နှစ်ယောက် အတူတူပျံသန်းထွက်ခွာသွားခဲ့ကြလေသည်။

…..

ဆောင်းဦးရောက်ရှိလာခဲ့ပြီး ကောင်းကင်နှင့်မြေပြင်ကြားရှ်ိ အပူဓာတ်မှာ တဖြည်းဖြည်းပျောက်ကွယ်လာခဲ့၏။ အထွတ်အထိပ်အမတရတနာ၏ လွှမ်းမိုးမှုက ပိုကြီးလာပြီး ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် မြောက်ပိုင်းသို့ အခွင့်အလမ်းများ ရှာဖွေရန် ရောက်ရှိလာခဲ့ကြသည်။

ကုအန်မှာတော့ ထိုအဖြစ်အပျက်၏သက်ရောက်ခြင်းမခံရဘဲ ဆေးပင်များစိုက်ပျိုးရင်းသာ ဘ၀ကို အေးအေးချမ်းချမ်းဖြတ်သန်းနေခဲ့သည်။

တစ်ခါတရံတွင် သူအပြင်စည်းမြို့သို့သွားကာ သူ့မိတ်ဆွေများနှင့် လတ်တလောဖြစ်ပွားနေသော ဖြစ်ရပ်များအကြောင်း ဆွေးနွေးလေ့ရှ်ိသည်။

တစ်နေ့တွင် ရီလန်ကုအန်ဆီသို့ ရောက်ရှိလာခဲ့ကာ အမတကျင့်ကြံခြင်းကမ္ဘာကြီးတွင် ဖြစ်ပွားနေသော ကိစ္စများအကြောင်း ပြောဆိုခဲ့ကြ၏။

“ထျန်းဝေမင်းဆက်က ဂိုဏ်းတစ်ဂိုဏ်း ပင်လယ်ရပ်ခြားက ကြီးမြတ်တဲ့ကျင့်ကြံသူကြီးတွေရဲ့ ဖျက်ဆီးခြင်းကို ခံလိုက်ရတယ် အဲ့ဒီကိစ္စကြောင့် ကမ္ဘာကြီးတစ်ခုလုံးလည်း အုတ်အော်သောင်းနင်း ဖြစ်နေကြပြီ ကံကောင်းတာက အဓိပတိဂိုဏ်းကတော့ ဆရာသခင်ဓားအရှင်ရဲ့ ကာကွယ်မှုကိုရထားတော့ ပင်လယ်ရပ်ခြားက ကျင့်ကြံသ‌ူတွေ အဆင်အခြင်မဲ့ မထိပါးရဲကြဘူး” ရီလန် စိတ်ဝင်တစားပြောလိုက်သည်။

ထိုတိုက်ပွဲသည် ညတစ်ညတွင်ဖြစ်ပွားသွားခြင်းဖြစ်ပြီး ကုအန် အာရုံခံမိသော်လည်း ၀င်မပါခဲ့ပေ။

သူသည် ထျန်းဝေမင်းဆက်နှင့် ဘာပတ်သက်မှုမှ မရှိသောကြောင့် ၀င်ပါရန် ပျင်းရိလွန်းနေခဲ့သည်။

ထိုကဲ့သို့သော ကပ်ဘေးမျိုးသည် အမတကျင့်ကြံခြင်းကမ္ဘာတွင် ထူးဆန်းသော အရာတော့ မဟုတ်ပေ။ ပင်လယ်ရပ်ခြားမှ ကျင့်ကြံသူများသည် မဟာယနအဆင့်သာ ဖြစ်သော်လည်း ဂိုဏ်းသားတစ်သန်းလောက်ရှိသော ကုန်းမြေတိုက်ကြီးပေါ်ရှိ ဂိုဏ်းတစ်ဂိုဏ်းကို ချေမွပစ်ရန် လုံလောက်ပေသည်။

ကုအန် သူမကို သတိပေးလိုက်သည်။

“ဒါ‌ဆိုရင်တော့ ညီမလေးအပြင်ထွက်တာလျှော့ပြီး ဂိုဏ်းမှာပဲ ကျင့်ကြံနေသင့်တယ်”

‌ရီလန်ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

“ညီမလေးက အခု ဥပဒေရေးရာခန်းမမှာပဲနေပြီး နေ့တိုင်း ပျင်းစရာတာ၀န်တွေကိုပဲ လုပ်နေရတာပါ ညီမလေးအချိန်အများစုကို ကျင့်ကြံဖို့ပဲ သုံးနေတာ”

သူမသည် ယခုအခါ အသက် ၁၀၁နှစ်ရှိသွားပြီဖြစ်ပြီး သူမ၏သက်တမ်းအကန့်အသတ်မှာ ၁၃၀ သာဖြစ်၏။ အချိန်မှာ သိပ်မကျန်လှတော့ပေ။

ရှောင်ချွမ်နှင့် မတူသည်မှာ ရီလန့်တွင် ရည်မှန်းချက်ရှိပြီး ကြိုးစားချင်စိတ်‌ရှိနေသောကြောင့် ကုအန် သူမကို ကူညီပေးချင်ပေသည်။

ပြောနေရင်း သူတို့စကားဝိုင်းက ကျန်းချင် အကြောင်းရောက်သွားခဲ့၏။

လွန်ခဲ့သော ရက်အနည်းငယ်က ကျန်းချင်သည် အကြီးအကဲများနှင့် အမွေခံတပည့်များနောက်သို့လိုက်ကာ မိစ္ဆာနယ်မြေသို့ ရောက်ရှိသွားခဲ့သည်။ ပြောကြသည်မှာ အဓိပတိဂိုဏ်းသည် မိစ္ဆာနယ်မြေတွင် လျှို့ဝှက်နယ်မြေတစ်ခုကို ရှာတွေ့ထားသည်ဟု ဆိုပြီး ထိုအရာမှာ ရှားပါးလှသော အခွင့်အရေးတစ်ခု ဖြစ်၏။

“ဒီကောင်မလေးက အမြင့်ကိုပျံတက်တော့မှာ သူမက အနာငတ်မှာ အဓိပတိဂိုဏ်းရဲ့ ကြီးမြတ်တဲ့ကျင့်ကြံသူတစ်ယောက်တောင် ဖြစ်လာနိုင်တယ် စဉ်းစားကြည့်မိတော့ အဲ့ဒီကောင်မလေးက အရင်က အတွင်းစည်းဂိုဏ်းကို ညီမလေးကိုလာလာရှာပြီး အဆင်အခြင်နဲ့လုပ်ရပ်တွေလုပ် ရှေ့မကြည့်နောက်မကြည့်စကားတွေ ပြောတတ်တဲ့ ကောင်မလေးတစ်ယောက် ဖြစ်ခဲ့တာနော်” ရီလန် အတိတ်ကိုသတိရဟန်ဖြင့် ပြောလိုက်သည်။

ကုအန်လည်းသေချာနားထောင်နေခဲ့ပြီး သူမပြောပြီးသောအခါ စနောက်လိုက်သည်။

“ဘာလဲ ညီမလေးက သူ့ကိုမနာလိုနေတာလား ဘာလို့ အစ်ကိုကြီးက ကြမ္မာဖီဆန်နတ်သိုင်းကိုကျင့်ပြီး အစ်ကိုကြီးမသေခင် ညီမလေးကို ကျင့်ကြံခြင်းတွေ လွှဲမပေးရမှာလဲ”

ရီလန် ကုအန်ကိုမျက်စောင်းတစ်ချက်ထိုးလိုက်ကာ ပြောလိုက်၏။

“ညီမလေးအဲ့တာကိုမလိုချင်ပါဘူး အစ်ကိုကြီးမရှိဘဲ ရှင်သန်ရတဲ့ ဘ၀က ဘာအဓိပ္ပာယ်ရှိတော့မှာလဲ”

သူတို့ပြောနေရင်း စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်တုန်ခါလာကာ လက်ဖက်ရည်များ လျှံကျလာခဲ့သည်။

ရီလန်လည်း ထိုအရာကိုသတိထားမိသွားပြီး မျက်နှောင်ကြုံ့သွားခဲ့၏။

မကြာခင်တွင် ကမ္ဘာမြေကြီးပင် တုန်ခါလာကာ မြို့ထဲရှိ ကျင့်ကြံသူများအားလုံး သတိထားမိသွားခဲ့ကြသည်။

ကုအန်အကြည့်က ကုန်းမြေတိုက်ကြီးရှိ ဖုန်းဆိုးမြေပြန့်တစ်ခုတွင် ကမ္ဘာမြေကြီးအောက်မှ ဧရာမမြို့ကြီးတစ်မြို့ မြေပေါ်တက်လာသည်ကို မြင်နေခဲ့ရသည်။ မြို့ကြီးမှာ မိုင်တစ်ထောင်ပတ်လည်လောက်ကြီးမားပြီး မြို့ကြီးတက်လာရာ ‌ကောင်းကင်တွင် ဖုန်မှုန့်များနှင့် ပြည့်နှက်နေပြီး မြင်ကွင်းမှာ သိသာထင်ရှားလွန်းလှသည်။

ဒါက….

ကုအန်မြို့ထဲရှိ ကျယ်ပြန့်လှသော စွမ်းအားကြီးတစ်ခုကိုလည်း အာရုံခံမိနေခဲ့၏။ ထိုအရာသည် ဓမ္မရတနာတစ်ခုဖြစ်ပြီး သူမြင်ဖူးသမျှထဲ စွမ်းအားအကြီးဆုံး ဖြစ်သည်။

သူရုတ်တရက် နာမည်တစ်ခုကို တွေးလိုက်မိ၏။

အထွတ်အထိပ်အမတရတနာ!

ထိုရတနာထဲတွင် ပါ၀င်သော စည်းများကအလွန်အဆင့်မြင့်ကာ ရှုပ်ထွေးလှ၏။ ကုအန်ထိုထဲတွင် ကမ္မနိယာမစည်းမျည်းများကိုပင် အာရုံခံမိနေခဲ့သည်။

မြေပေါ်ထွက်ပေါ်လာသော မြို့ကြီးသည် ကြီးမားလွန်းလှပြီး မြို့နံရံများက ကျန်းတစ်ရာလောက် မြင့်မားကာ မြို့ထဲတွင် အဆောက်အဦးများ နန်းတော်များ မျှော်စင်များနှင့် ပြည့်နှက်နေခဲ့သည်။ မြို့ကြီး၏ ရှေးဟောင်းဆန်မှုနှင့် အပြိုအပျက်များအရ မြို့ကြီးသည် ရှည်လျားသောအချိန်မြစ်ကြီးကို ဖြတ်သန်းလာရမှန်း သိသာလှ၏။

မြို့ကြီးပေါ်ပေါက်လာသောအခါ ကုန်းမြေတိုက်ကြီးတွင် ပြန့်ကျဲနေသော ကြီးမြတ်သောကျင့်ကြံသူများအားလုံး ထိုမြို့ကြီးဆီ အပြေးအလွှားသွားကြလေတော့သည်။ ထိုထဲတွင် အန်းဟောင်နှင့် ချိကျူရှောင်တို့လည်းပါပြီး လီယနှင့် ကျန်းပုကူပင် ပါသေးသည်။

“ညီမလေးတစ်ချက်သွားကြည့်ရမယ်” ရီလန် ပြောပြီးသည်နှင့် လေထဲသို့ခုန်လိုက်ကာ ဓားပျံကိုစီးပြီး ထွက်ခွာသွားခဲ့၏။

ကုအန်လည်း လက်ဖက်ရည်ခွက်ကိုကိုင်ကာ ဆက်သောက်နေလိုက်ပြီး စိတ်လှုပ်ရှားစရာများကို စောင့်ကြည့်နေခဲ့လေသည်။

သူ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေမှ ကျင့်ကြံသူအမြောက်အများ မြို့ထဲ၀င်သွားတာကို မြင်နေရပြီး မြို့ထဲ၀င်သွားသည်နှင့် ထိုလူများ၏ပုံရိပ်များ ပျောက်ကွယ်သွားကာ သူတို့အရှိန်အဝါများလည်း အားနည်းသွားခဲ့ရသည်။

ကောင်းကင်ဈာန်အမတအဆင့် ၉ ဖြစ်သော ကုအန်ပင် သူတို့အရှိန်အဝါများကို အာရုံခံမိရုံသာ ခံမိတော့ပြီး သူ့ထက်နိမ့်သော ကျင့်ကြံသူများအတွက်တော့ ထိုအရှိန်အဝါများကို အာရုံခံမိဖို့က ခက်ခဲပေလိမ့်မည်။

ကျင့်ကြံသူမည်မျှ မြို့ထဲသို့ ၀င်သွားပါစေ မြို့ကြီးမှာ တိတ်ဆိတ်၍သာ နေခဲ့သည်။ မည်သူ့ကိုမှ မမြင်ရသလို ဘယ်သက်ရှိအရှိန်အဝါကိုမှလည်း အာရုံမခံမိတော့ပေ။

“ကမ္ဘာခြားနတ်မြို့တော် ပွင့်သွားပြီ မိုးကောင်းကင်အောက်က သက်ရှိတိုင်း မြို့ထဲ၀င်ပြီး အမတကံကြမ္မာကို ရှာဖွေနိုင်တယ်!”

ရှေးဟောင်းဆန်လှသော အသံကြီးတစ်သံက ကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင် ချောင်ကြိုချောင်ကြားများပါမကျန် ဟိန်းထွက်လာခဲ့သည်။

မြေလျှောက်အမတ!

ကုအန်မျက်ခုံးများ တွန့်ကွေးသွားခဲ့၏။ ကြယ်ခြောက်လုံးဂူတွင် မြေလျှောက်အမတတစ်ယောက်သာ ရှိခြငခး ဖြစ်သည်။ ယခုအခါ နောက်တစ်ယောက်ထပ်ပေါ်လာလေရာ နတ်ဝိညဉ်ရှင်၏ သေဆုံးခြင်းကို သိရှိသွားခြင်း ဖြစ်နိုင်ပါသလော။

တခဏအကြာတွင် ရီလန် ပြန်ရောက်လာခဲ့၏။

“ဒီဖြစ်ရပ်ကြီးက အဝေးကလာတာပဲ ကမ္ဘာခြားနတ်မြို့တော်ဆိုတဲ့ နာမည်က သာမန်တော့မဟုတ်ဘူး ညီမလေးတကယ်ပဲ မြင်ချင်မိတယ်” ရီလန် ကုအန်ရှေ့တွင် ၀င်ထိုင်ကာ ပြောလိုက်သည်။

ကုအန်ခေါင်းယမ်းကာ ပြောလိုက်၏။

“ဒီလို အမတကံကြမ္မာမျိုးက အစ်ကိုကြီးတို့လို အဆင့်နိမ့်ကျင့်ကြံသူတွေ ‌ထိတွေ့နိုင်တဲ့အရာ မဟုတ်ပါဘူး”

“ညီမလေးသိပါတယ် စိတ်မပူပါနဲ့ ညီမလေးသေလမ်းမရှာပါဘူး ညီမလေးကျင့်ကြံခြင်းနဲ့ဆို ကမ္ဘာခြားနတ်မြို‌့တော်ကို မရောက်သေးခင် သေသွားလိမ့်မယ်” ရီလန် ခေါင်းယမ်း၍ ပြုံးကာ ပြောလိုက်သည်။

ထိုအရာသည် အမှန်တရားဖြစ်သောကြောင့် ကုအန် သူမကိုနှစ်သိမ့်မနေတော့ပေ။

တစ်နာရီခန့်ကြာသောအခါမှ ရီလန် ပြန်သွားခဲ့၏။

နောက်ရက်များတွင် ကမ္ဘာခြားနတ်မြို့တော်နှင့် ပတ်သက်သော ဒဏ္ဍာရီများ အဓိပတိဂိုဏ်းတွင်း ပျံ့နှံ့လာခဲ့သည်။

အထူးသဖြင့် ရှန်းကျန် ကုအန်ဆီရောက်လာပြီး ထိုပုံပြင်များကို ပြောပြခဲ့ခြင်း ဖြစ်သည်။

“ငါစီနီယာတစ်ယောက်ဆီကကြားလာတာတော့ အဲ့ဒီ ကမ္ဘာခြားနတ်မြို့တော်ဆိုတာက ပုန်းကွယ်နေပြီး ရှာဖွေရခက်တဲ့ ရှေးဟောင်းအမတမြို့တော်ကြီးတဲ့ ငါတို့ တာအိုဂိုဏ်းက အရင်လူတွေက ရှေးဟောင်းနယ်မြေတစ်ခုကို တူးဖော်ခဲ့ပြီး အဲ့ကနေ ကမ္ဘာခြားနတ်မြို့တော်အကြောင်း မှတ်တမ်းကျောက်စာတွေ တွေ့ခဲ့ရတာ အဲ့တာက အရမ်းရှေးကျတဲ့ ဒဏ္ဍာရီတစ်ခုပဲ” ရှန်းကျန် စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

ကုအန်ပြုံးကာ မေးလိုက်သည်။

“ဘာလဲ နင်လဲသွားချင်လို့လား”

ကုအန် နေ့တိုင်းထိုမြို့တော်ကို စောင့်ကြည့်နေခြင်းဖြစ်ပြီး နေ့စဉ် ကျင့်ကြံသူ ၁၀၀၀၀ ကျော်ထိုမြို့ထဲသို့ ၀င်ရောက်နေခဲ့ကြပြီး ထွက်လာသူတော့ တစ်ယောက်မှ မရှိသေးပေ။

ရှန်းကျန်ခေါင်းညိတ်ကာ ပြောလိုက်၏။

“ဟုတ်တယ် ငါတစ်ချက်သွားကြည့်ဖို့ စီစဉ်ထားတယ် ငါအထဲကိုမ၀င်ပါဘူး အပြင်မှာနေပြီးပဲ ကမ္ဘာခြားနတ်မြို့တော်ပုံကို ဆွဲမှာ နင်လိုက်မလား အဲ့ဒီကို ဒုဂိုဏ်းချုပ်နဲ့ အဓိပတိဂိုဏ်းတွေ ဦးဆောင်ပြီးသွားကြမှာ”

ကုအန် ခေါင်းယမ်းကာ ပြောလိုက်သည်။

“ငါမသွားဘူး ကိစ္စတစ်ခုခုဖြစ်ပြီး အဲ့မှာသာ သေသွားခဲ့ရရင် အတော်လေး မတန်ဘူး”

“အဓိပ္ပာယ်မရှိတာ နင်ငါ့ကိုကျိန်ဆဲနေတာလား” ရှန်းကျန် ကုအန်ကိုတစ်ချက်ကြည့်ကာ ပြောလိုက်၏။

သူမဘယ်လောက်ဆွဲဆောင်ဆောင် ကုအန်လုံး၀မလိုက်သောကြောင့် နောက်ဆုံးတွင်တော့ သူမလက်လျှော့လိုက်ရလေသည်။

ရှန်းကျန်ထွက်သွားပြီးနောက် ကုအန် လှေကားမှဆင်းလာပြီး ဆေးပင်များ ရိတ်သိမ်းခဲ့၏။

တစ်ချိန်တည်းမှာပင် သူ့နတ်အာရုံက လီယနှင့် ကျန်းပုကူတို့ ကမ္ဘာခြားနတ်မြို့တော်ထဲ ၀င်သွားတာကို တွေ့လိုက်ရသည်။

ကမ္ဘာခြားနတ်မြို့တော်သို့ သွားသည့်လမ်းတွင်လည်း လူတစ်ယောက်ရှိနေသေး၏။

ထိုလူမှာ ကျိရှောင်ယု ဖြစ်ပေသည်။

All Chapters