← Chapters

အခန်း (၂၁၉-၂၂၀)

Vol. 17 Ch. 219-220

အခန်း (၂၁၉-၂၂၀)

Vol. 17 Ch. 219-220

အပိုင်း(၂၁၉)

အနောက်အရပ်သို့ ခရီးသွားခြင်း ဖတ်ဖူးလား

ကမ္ဘာခြားနတ်မြို့တော်ကြောင့်ဖြစ်သော အုတ်အော်သောင်းနင်းဖြစ်မှုသည် အချိန်ခဏလေးအတွင်း မိစ္ဆာကပ်ဘေးကြောင့်ဖြစ်ခဲ့သော အုတ်အော်သောင်းနင်းဖြစ်မှုနှင့်ပင် နှိုင်းယှဉ်၍ရသွားပြီး အမတကျင့်ကြံခြင်းကမ္ဘာရော သာမန်လူများကြားမှာပါ ဒဏ္ဍာရီအမျိုးမျိုးက ပျံ့နှံ့သွားခဲ့သည်။

ကမ္ဘာ‌ခြားနတ်မြို့တော်တွင် အမတများနေထိုင်ခြင်း!

ကမ္ဘာခြားနတ်မြို့တော်တွင် မသေဆေးရှိခြင်း!

ကမ္ဘာခြားနတ်မြို့တော်သည် ကမ္ဘာခြားတစ်ခု၏ ၀င်ပေါက်!

အမျိုးမျိုးသော ဒဏ္ဍာရီများက ပျံ့နှံ့လာခဲ့သည်။

ထူးဆန်းလှသော ပုံပြင်များကြောင့် ကုအန်ပင် အံ့အားသင့်သွားခဲ့ရ၏။

မျက်စိတစ်မှိတ်အတွင်း နှစ်၀က်ကျော် ကုန်ဆုံးသွားခဲ့သည်။ အဓိပတိဂိုဏ်းထဲရှိ တပည့်များ အပြင်သို့ထွက်ပြီး အခွင့်အလမ်းများ ရှာဖွေနေကြသောကြောင့် ယခုနှစ် နွေဦးပွဲတော်သည် အရင်နှစ်များထက် တိတ်‌ဆိတ်နေခဲ့၏။ ကံကောင်းစွာဖြင့် ဆန်းကြယ်တောင်ကြားနှင့် တတိယတောင်ကြားမှာတော့ ထိုအဖြစ်အပျက်၏ သက်ရောက်မှုမခံခဲ့ရဘဲ စည်းကားနေစမြဲသာ။

နယ်ခြားနတ်မြို့တော်က ကမ္ဘာအနှံ့အပြားရှိ ကျင့်ကြံသူများကို ရတနာလာရှာဖွေရန် ဆွဲဆောင်နေခဲ့သည်။ ယာယီ အဓိပတိဂိုဏ်းတွင်ရောက်နေသော လက်ကိုးချောင်းနတ်အရှင်ပင် ထိုဆွဲဆောင်မှုကို သည်းမခံနိုင်တော့ဘဲ ချူကျင့်ဖုန်းကိုခေါ်ကာ ကမ္ဘာခြားနတ်မြို့တော်ထဲ ၀င်သွားခဲ့၏။

ယခုအချိန်ထိ နတ်မြို့တော်ထဲ ကျင့်ကြံသူများ ၀င်သွားသည်ကိုသာ ကြား‌ေနေရပြီး တစ်ယောက်ယောက်ထွက်လာသည်ဟုတော့ တစ်ခါမှ မကြားရသေးပေ။

နွေဦးနှောင်းချိန်တွင် ကုအန် သွေးအကျဉ်းထောင်မဟာသူတော်စင်ကိုစီးကာ ထျန်းယ တောင်ကြားသို့ သွားခဲ့သည်။

ထိုနေရာတွင် လီရွှမ်တောက်လည်း ရောက်နေပြီး လီရွှမ်တောက် တောင်ကြားသို့မရောက်ဖြစ်တာ ကြာပြီ ဖြစ်၏။

ကုအန် တောင်ကြားသို့ရောက်သောအခါ သူ့ဆီသွား၍ နှုတ်ဆက်ကာအရိုအသေပေးလိုက်ပြီး အမြုတေတစ်ခုပေးခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။

“ကြည့်ရတာ အဓိပတိဂိုဏ်းကမင်းကိုကောင်းကောင်းဆက်ဆံပုံပဲ တစ်ယောက်ယောက်ကမင်းကို အမြုတေဖွဲ့ဖို့ ကူညီပေးခဲ့တယ် အစကတော့ ငါတစ်ယောက်ယောက်လွှတ်ပြီး မင်းကိုအမြုတေဖွဲ့တည်နိုင်ဖို့ ကူညီခိုင်းမလို့ပါပဲ” လီရွှမ်တောက် သူ့မုတ်ဆိတ်ကိုဆွဲကာ ပြုံး၍ ပြောလိုက်သည်။

ကုအန်လည်း ကျေးဇူးသာတင်လိုက်ပြီး အဓိပတိဂိုဏ်းနှင့်ပတ်သက်ပြီး ဘာမှပြန်မပြောခဲ့ပေ။

နှစ်ပေါင်းများစွာ မတွေ့ခဲ့ရသည့်နောက် လီရွှမ်တောက် ကျင့်ကြံခြင်းသည် တစ်သားတည်းဖြစ်ခြင်းအဆင့် ၂ သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။ သူ့အသက်မှာ ၃၁၄ နှစ်သာရှိသေးပြီး သူသည် အသက်၅၀၀ မပြည့်ခင် မဟာယနအဆင့်သို့ ရောက်နိုင်သည်ဟုပင် ကုအန် သံသယရှ်ိမိ၏။

ဤကုန်းမြေတိုက်ကြီးတွင် သူနှင့်ပါရမီချင်း ယှဉ်နိုင်သည်မှာ အန်းဟောင်နှင့် ရွှမ်ထျန်းယီတို့သာ ရှိပြီး သူ့သက်တမ်းအကန့်အသတ်မှာလည်း ၆၀၀၀ ကျော်နေပြီး နည်းလှသော ပမာဏ မဟုတ်ပေ။ သူ့အတွက် သူ့သက်တမ်းတလျှောက်တွင် နိဗာနအဆင့်ရောက်ဖို့မှာ ခက်ခဲသောအရာ မဟုတ်ပေ။

ထို့နောက် လီရွှမ်တောက် ကျိရူလိုင် လျူဟွမ်နှင့် လုရှန်တို့ကိုလည်း ခေါ်လိုက်ပြီး သူတို့အားလုံး စားပွဲတွင်စုထိုင်လိုက်ကြ၏။

သူကမ္ဘာခြားနတ်မြို့တော်အကြောင်းပြောခဲ့ပြီး ထိုမြို့ထဲ၀င်ရန် လူခေါ်ဖို့ စီစဉ်ခဲ့သည်။

“ငါရထားတဲ့ သတင်းတွေအရ ကမ္ဘာခြားနတ်မြို့တော်ကိုယ်တိုင်က များပြားလှတဲ့ ကမ္ဘာငယ်လေး‌ေတွနဲ့ အဆုံးမဲ့ အခွင့်အလမ်းတွေပါတဲ့ အထွတ်အထိပ်အမတရတနာတစ်ပါးပဲ မင်းတို့ထဲကဘယ်သူ အဲ့ကိုသွားချင်လဲ”

လီရွှမ်တောက် မေးလိုက်၏။

သူတို့သုံးယောက်လုံး သွားချင်ကြောင်းအမူအရာပြလိုက်သောအခါ လီရွမ်တောက် ကုအန်ကို ကြည့်လိုက်သည်။

ကုအန်လည်း လီရွှမ်တောက်သူ့ကိုရော ခေါ်မည်ဟု ထင်မထားသောကြောင့် အမြန်ခေါင်းယမ်းလိုက်ပြီး ပြောလိုက်၏။

“ကျွန်တော်တော့ မသွားတော့ဘူး ကျွန်တော့်ကျင့်ကြံခြင်းနဲ့ဆို ကျွန်တော်က အားလုံးအတွက် ၀န်ထုပ်၀န်ပိုးပဲ ဖြစ်နေမှာပါ နောက်ပြီးကျွန်တော်အဲ့ဒီ အထွတ်အထိပ်အမတရတနာလို့ခေါ်တဲ့ဟာကိုလည်း စိတ်မ၀င်စားဘူး အဲ့ဒီလို အမတအခွင့်အလမ်းမျိုးက ကျွန်တော်ရယူနိုင်တဲ့ အရာမျိုးမဟုတ်ဘူးဆိုတာကိုလည်း ကျွန်တော်သိပါတယ်”

လီရွှမ်တောက်ရယ်မောကာ ပြောလိုက်သည်။

“ငါလည်း ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်ပဲလေ ငါရောမသွားသင့်ဘူးလို့ မင်းဆိုလိုတာလား”

တစ်သားတည်းဖြစ်ခြင်းအဆင့်ကြီးနဲ့ ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် ဟန်ဆောင်နေတာ ခင်ဗျားမရှက်ဘူးလား!

ကုအန် အကူအညီမဲ့စွာ ပြောလိုက်သည်။

“ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်တွေကြားထဲမှာတောင် ကွာခြားချက်တွေ ရှိနေပါသေးတယ် ကျွန်တော့်ခွန်အားက ဦးလေးထက် အများကြီးနိမ့်ပါတယ်”

လီရွှမ်တောက် ညာလက်ကိုမြှောက်ကာ ကုအန်ကိုလက်ညှိုးထိုးလိုက်ပြီး အတင်းတိုက်တွန်းမနေတော့ဘဲ ပြုံးသာ ပြုံးလိုက်၏။

လုရှန်မှာတော့ ခင်ဗျားတို့နှစ်ယောက်လုံး ဟန်ဆောင်နေတာရပ်လုိက်တော့ဟု ပြောချင်နေသော်လည်း မြိုသိပ်သာ ထားလိုက်ရသည်။နှစ်ယောက်လုံးသည် သူစော်ကား၍ရသောသူများ မဟုတ်ကြပေ။

သူတို့ ကမ္ဘာခြားနတ်မြို့တော်အကြောင်းဆက်‌ေပြာနေကြပြီး ကျိရူလိုင် သူရထားသော နတ်မြို့တော်နှင့်ပတ်သက်သည့် သတင်းများကို ပြောပြနေခဲ့ပြီး ကုအန်မှာတော့ တိတ်တဆိတ်သာ နားထောင်နေခဲ့သည်။

ပြောနေကြသည်မှာ ကမ္ဘာခြားနတ်မြို့တော်ကို ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက လုံး၀သိမ်းပိုက်၍ မရခဲ့ပေ။ ကမ္ဘာခြားနတ်မြို့တော်၏ အမတစိတ်ဝိညဉ်သည် မြို့ထဲတွင် ပုန်းနေပြီး ရှာတွေ့ရန် အလွန်ခက်သောကြောင့် ကမ္ဘာပေါ်ရှိ ကျင့်ကြံသူများကို မြို့ထဲသို့လွှတ်ကာ အမတစိတ်ဝိညဉ်ထွက်လာရအောင် ဖိအားပေးနေခြင်းဖြစ်သည်။

ကျိရူလိုင် ထိုသတင်းကို သူတို့မိသားစုဆီမှ ရရှိလာခဲ့ခြင်း ဖြစ်၏။

“မြင့်မြတ်ကုန်းမြေဖြစ်တဲ့ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက ငါတို့ကို လုံး၀ကြည့်မပေးဘူး မင်းဆက်သုံးခုရဲ့ အမတကျင့်ကြံခြင်းကမ္ဘာကို ပြဿနာတွေထဲ ဆွဲထည့်လိုက်တာပဲ” လုရှန် မကျိန်ဆဲဘဲ မနေနိုင်ခဲ့ပေ။

လျူဟွမ် ခေါင်းညိတ်လိုက်သည်။ သူလည်း မြင့်မြတ်ကုန်းမြေ၏လုပ်ရပ်ကို လက်မခံနိုင်ပေ။

မိစ္ဆာကပ်ဘေးကာလတွင်လည်း ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေသည် ၀င်မပါခဲ့ပေ။ ဆရာသခင်ဓားအရှင်က မိစ္ဆာဘိုးဘေးကို ရှင်းလိုက်မှသာ သူတို့တပည့်များကိုတောင်အောက်လွှတ်ပြီး သူတို့ဂုဏ်သတင်းကို ပြန်လည်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ မိစ္ဆာကပ်ဘေးပြီး၍ နှစ်ပေါင်းများစွာ ကြာသည့်အခါတွင်လည်း သူတို့သည် ပင်လယ်ရပ်ခြားမှကျင့်ကြံသူများကို ရန်စကာ ဤကုန်းမြေပေါ်သို့ ခေါ်လာခဲ့ပြန်သည်။ ထိုသို့သောအင်အားစုမျိုးကို အမှန်တကယ်ပင် မြင့်မြတ်ကုန်းမြေဟု သတ်မှတ်၍ ရပါမည်လော။

လီရွှမ်တောက် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေအကြောင်းဘာမှ၀င်မပြောခဲ့ဘဲ ကျိရူလိုင်မှာတော့ ပို၍ပင် တိတ်ဆိတ်နေခဲ့သည်။

ကုအန်လည်း ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေ ဘာလုပ်ချင်နေလဲဆိုတာ သိချင်နေခဲ့၏။

ဤအရာသည် မင်းဆက်သုံးခုကိုသာ ပစ်မှတ်ထားနေခြင်း မဟုတ်ပေ။ အကယ်၍သာ ပင်လယ်ရပ်ခြားမှ ကျင့်ကြံသူများအားလုံး ကမ္ဘာခြားနတ်မြို့တော်ထဲတွင် သေဆုံးသွားခဲ့ပါက အကျိုးဆက်မှာ သေးငယ်နေမည် မဟုတ်ပေ။

တစ်နာရီခန့်ကြာသောအခါ လီရွှမ်တောက် ကျိရူလိုင် လျူဟွမ်နှင့် လုရှန်တို့ကိုခေါ်ကာ ထွက်ခွာသွားခဲ့သည်။ ထိုအခါမှ ထျန်းယတောင်ကြားတွင် ပို၍စည်ကားလာခဲ့၏။ မျောက်သုံးကောင်သည် ကုအန်ကို ရှာကာ စကားများမရပ်မနားပြောဆိုနေကြပြီး ကျားမရှ်ိသောတောတွင် ဘုရင်လုပ်ရသည့် ခံစားချက်ကို အပြည့်အ၀ခံစားနေခဲ့ကြသည်။

သွေးအကျဉ်းထောင်မဟာသူတော်စင်လည်း စကားများနေပြီး သူသည် စွန်းဆန်နှင့်ပင် ငြင်းခုန်ကာ ရန်ဖြစ်နေသေး၏။

ကုအန် ဆေးပင်ခူးပြီး၍ သွေးအကျဉ်းထောင်မဟာသူတော်စင်ကိုခေါ်ကာ ထွက်သွားမှသာ ထျန်းယတောင်ကြားသည် ပြန်လည်တိတ်ဆိတ်သွားခဲ့သည်။

…..

နေ၀င်ရီတရောအချိန်တွင် ကမ္ဘာခြားနတ်မြို့တော်ကြီးသည် ဖုန်းဆိုးမြေပေါ်တွင် ခန့်ညားလှပစွာ ထီးထီးကြီးတည်ရှိနေခဲ့သည်။ မြို့၏ ဂိတ်တံခါးလေးပေါက်ရှေ့တွင် ကျင့်ကြံသူအနည်းငယ်ရှိနေပြီး အချို့ကျင့်ကြံသူများမှာတော့ မြို့ထဲသို့ တိုက်ရိုက်ပင် ပျံ၀င်သွားခဲ့ကြသည်။ ထိုအခါ မြို့ရိုးပေါ်ရှိ လေထု အက်ကွဲသွားပြီး အပေါက်တစ်ပေါက်ဖြစ်ပေါ်လာကာ ထိုလူများအထဲရောက်သွားသောအခါမှ လေထုက ဘာအရာမှမကျန်ဘဲ ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့၏။

ထိုစဉ် မြို့ဆီသို့ မိုးကုတ်စက်ဝိုင်းမှ လူနှစ်ယောက်ပျံသန်းလာနေခဲ့ကြပြီး ထိုလူများမှာ ကျန်းချောင်နှင့် တစ္ဆေမိခင်တို့ ဖြစ်ကြသည်။

အဝေးမှကြည့်နေရင်းပင် သူတို့မျက်လုံးထဲ၌ အံ့အားသင့်နေသည့် အရိပ်အယောင်များ ပေါ်နေခဲ့၏။

ထိုမြို့ကြီးသည် သူတို့၏အမြင်အာရုံကိုသာ သက်ရောက်စေခဲ့ခြင်းမဟုတ်ဘဲ မြို့ကြီးက ထုတ်လွှတ်နေသော ရှေးဟောင်းအရှိန်အဝါက သူတို့စိတ်များကိုလည်း သက်ရောက်စေခဲ့သည်။

“ကမ္ဘာခြားနတ်မြို့တော် အဲ့ဒီမြို့တော်က နတ်မိစ္ဆာဝိညဉ်တွေကိုတောင် ကောင်းကင်နဲ့မြေပြင်ကိုဖြတ်ပြီး ဆင့်ခေါ်နိုင်တယ်တဲ့ ငါ့ဘ၀သက်တမ်းတစ်လျှောက်မှာ ဒီ အထွတ်အထိပ်အမတရတနာကို မြင်တွေ့ခွင့် ရလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး” တစ္ဆေမိခင် အံ့ဩတကြီးပြောလိုက်သည်။

ကျန်းချောင်မျက်မှောင်ကြုံ့ကာ မေးလိုက်၏။

“ဘာလို့ တစ်ယောက်မှထွက်လာတာ မတွေ့ရတာလဲ”

တစ္ဆေမိခင် ပြန်ဖြေလိုက်သည်။

“ကမ္ဘာခြားနတ်မြို့တော်ထဲမှ ကမ္ဘာငယ်လေးတွေ မရေတွက်နိုင်အောင်ရှိတယ် အဲ့ထဲကနေ နှစ်ပေါင်းများစွာ အချိန်မယူဘဲ ပြန်ထွက်လာဖို့ ခက်ခဲလိမ့်မယ်”

ကျန်းချောင်တိတ်ဆိတ်သွားပြီး သူမ၏ လှပသောမျက်လုံးလေးများက ကမ္ဘာခြားနတ်မြို့တော်ပေါ်သာ ကျရောက်နေခဲ့သည်။

ထိုအခိုက်တွင် ကျယ်လောင်လှသော ခေါင်းလောင်းသံကြီး ဟိန်းထွက်လာပြီး လူတိုင်း၏ နတ်ဝိညဉ်များ တုန်ခါသွားခဲ့သည်။ ကျန်းချောင်နှင့် တစ္ဆေမိခင်လည်း အလိုလိုလှည့်ကြည့်မိလိုက်ရာ ရွှေရောင်အလင်းတန်းတစ်ခုသည် အလွန်လျင်မြန်လှသော အလျင်ဖြင့် မြို့ထဲသို့တို‌း၀င်သွားသည်ကို တွေ့လိုက်ရပြီး ဘယ်သူမှ သူ့ပုံစံအစစ်ကို မတွေ့ခဲ့ရပေ။

ကျန်းချောင် ခပ်တိုးတိုးမေးလိုက်သည်။

“အဲ့ဒီပုဂ္ဂိုလ်က ဘယ်အဆင့် ဖြစ်နိုင်လောက်လဲ”

တစ္ဆေမိခင်တိတ်ဆိတ်နေခဲ့ပြီး ထိုမေးခွန်းကို ပြန်မဖြေနိုင်ခဲ့ပေ။

ထိုစဉ် ကုအန် တတိယတောင်ကြားတွင်ရှိနေရင်း ကမ္ဘာခြားနတ်မြို့တော်ကို ကြည့်ရှုနေခဲ့၏။

“မြေလျှောက်အမတအဆင့်တွေတောင် ရောက်လာကြပြီ နောက်ဆို ကောင်းကင်ဈာန်အဆင့်တွေတောင် ရောက်လာနိုင်လောက်လား”

ကုအန် သစ်သားခြံစည်းရိုးရှေ့တွင်ရပ်ကာ မိုးကုတ်စက်ဝိုင်းကို ကြည့်နေရင်း တိတ်တဆိတ်‌တွေးနေခဲ့သည်။

သူ ကမ္ဘာခြားနတ်မြို့တော်ကို စိတ်မ၀င်စားသော်လည်း ထိုမြို့ထဲသို့ သူ့အသိအကျွမ်းများစွာ ၀င်သွားသောကြောင့် ဂရုတော့စိုက်နေရ၏။

အကယ်၍ ကမ္ဘာခြားမြို့တော်သာတစ်ခုခုဖြစ်သွားပါက သူ့အသိအကျွမ်းတစ်၀က်လောက် သေဆုံးသွားရပေလိမ့်မည်။ ထိုကိစ္စကို တွေးကြည့်မိရုံနှင့်ပင် စိတ်ညစ်စရာကောင်းလှပေသည်။

တခဏကြာ စောင့်ကြည့်ပြီးမှသာ ကုအန် ဉယျာဉ်တစ်ခုချင်းစီကို စစ်ဆေးခဲ့လိုက်၏။

…….

မြို့ပျက်ကြီးတစ်ခုထဲတွင် အန်းဟောင်နှင့် ချိကျူရှောင်တို့ ပြိုကျနေသော နံရံကြီးတစ်ခုရှေ့၌ တင်ပလ္လင်ခွေထိုင်နေကြပြီး သူတို့မျက်နှာများသည် ဖြူဖျော့နေကာ ဒဏ်ရာရနေမှန်း သိသာလှသည်။

ဂါးးးးး

နားကွဲလုမတတ် သားရဲဟိန်းသံကြီး ကောင်းကင်မြေပြင်တစ်ခွင် ပျံ့လွင့်လာခဲ့ပြီး သူတို့နောက်ရှိ နံရံပင် အနည်းငယ်တုန်ခါသွားခဲ့၏။

အန်းဟောင်မျက်လုံးများ ပွင့်လာကာ မျက်မှောင်ကြုံ့လိုက်ပြီး ခပ်တိုးတိုးပြောလိုက်သည်။

“စီနီယာ တကယ်ကြီးဒီနေရာမှာ အမတအခွင့်အလမ်းတစ်ခု ရှိလောက်လား ကျွန်တော်တို့ အခြားနေရာတစ်ခုကို ပြောင်းသင့်လား”

သူတို့သည် ကမ္ဘာခြားနတ်မြို့တော်ထဲရှိ ကမ္ဘာငယ်လေးတစ်ခုထဲတွင် ရှိနေခြင်းဖြစ်ကာ လပေါင်းများစွာရှာဖွေပြီးသော်လည်း ဘာရတနာများများစားစားမှ မတွေ့ခဲ့ဘဲ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သော သားရဲများနှင့်သာ တွေ့ခဲ့ရ၏။ ယခုအခါ စွမ်းအားကြီးလှသော ချိကျူရှောင်ပင် ဒဏ်ရာရနေခဲ့ချေပြီ။

ချိကျူရှောင် မျက်လုံးပိတ်ထားရင်း ပြောလိုက်သည်။

“ဒီနေရာမှ အစွမ်းထက်သားရဲတွေ အများကြီးရှိနေတာက ဒီမှာ အထွတ်အထိပ်အမတရတနာတစ်ခု ရှိနေတယ်လို့ ညွှန်ပြနေတယ် ဒီအပျက်အစီးတွေက အပေါ်ယံသက်သက်ပဲ တကယ်လို အမတစိတ်ဝိညဉ်ကိုသာ ရှာတွေ့ခဲ့ရင် မင်းနဲ့ငါကောင်းကင်ပေါ် ထောင်တက်သွားပြီး ကမ္ဘာကြီးကို အုပ်ချုပ်ရတဲ့ အာဏာရှင်တွေထဲက တစ်ယောက်ဖြစ်လာလိမ့်မယ်”

အန်းဟောင် အနည်းငယ် ပြုံးလိုက်မိ၏။

“တကယ်လို့ အမတစိတ်ဝိညဉ်ကို ရှာတွေ့ရင်တောင် ကျွန်တော်တို့က ကမ္ဘာခြားနတ်မြို့တော်ကြီးကို ကိုယ့်ဖာသာ စောင့်ရှောက်ထားနိုင်ပါ့မလား”

ချိကျူရှောင် သန်မာသည်ကို သူလက်ခံသော်လည်း အချိန်အတန်ကြာ အတူတူရှိလာခဲ့ပြီးသည့်နောက် ချိကျူရှောင်အတွက်ပင် ခက်ခဲခဲ့သောအခြေအနေများကို သူမြင်တွေ့ခဲ့ရ၏။

“အမတစိတ်ဝိညဉ်က သူ့သခင်ကို ရွေးချယ်လိမ့်မယ် သူရွေးချယ်လိုက်တာနဲ့ အဲ့ဒီသခင်က ကမ္ဘာခြားနတ်မြို့တော်ရဲ့ စွမ်းအားကို ငှားယမ်းအသုံးပြုနိုင်တယ် မင်းက အမတတစ်ပါးရဲ့ စွမ်းအားမျိုးတောင် ပိုင်ဆိုင်သွားနိုင်တယ် ကမ္ဘာခြားနတ်မြို့တော်ရဲ့ စွမ်းအားနဲ့ဆို ငါတို့ ဖြည်းဖြည်းချင်း မြင့်တက်လာကြမှာပဲ” ချိကျူရှောင် သာမန်အတိုင်း ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ အန်းဟောင် မျက်လုံးများ အရောင်တောက်လာခဲ့၏။

သူထပ်ပြောရန် ပြင်လိုက်ချိန်တွင် ရုတ်တရက်မြို့တစ်ခုလုံး ပို၍ပင် ကြမ်းကြမ်းတမ်းတမ်း တုန်ခါလာခဲ့လေသည်။ ချိကျူရှောင် သူ့ရှေ့တွင် ကာရပ်လိုက်ပြီး သူ့ပုခုံးကိုကိုင်ကာ ချက်ချင်း ထိုနေရာမှ ပျောက်ကွယ်သွားခဲ့၏။

ဝုန်းးး

လမ်းများပျက်ဆီးသွားကာ ဖုန်လုံးကြီးများလိမ့်တက်လာပြီး ကောင်းကင်ကိုလွှမ်းတော့မလိုပင် ဖြစ်နေခဲ့သည်။

ချိကျူရှောင်နှင့် အန်းဟောင်တို့ လေထဲတွင်ပေါ်လာခဲ့၏။ ထိုအချိန်တွင် သေချာကြည့်လိုက်‌ပါက ကမ္ဘာကြီးသည် လိမ့်တက်လာ‌ေသာ ဖုန်လုံးလှုိင်းကြီးများ အောက်တွင် နစ်မြုပ်‌ေနပြီး သူတို့အောက်ရှိ မြို့ပျက်ကြီးမှာမူ သူတို့အား အချိန်မရွေးသူတို့အား ဝါးမြိုသွားနိုင်သလို ခံစားနေခဲ့ရသည်။

“ချိကျူရှောင် မတွေ့တာကြာပြီနော်” ကျောချမ်းဖွယ်အသံကြီး ထွက်ပေါ်လာခဲ့၏။

ထိုစကားကိုကြားသောအခါ ချိကျူရှောင်မျက်ခုံးများ တွန့်ကွေးသွားပြီး အသံနက်ကြီးဖြင့် ပြောလိုက်သည်။

“ချင်ရွှမ်ယင် မင်းလည်းလာတာပဲ!”

သူ့စကားဆုံးသွားသောအခါ ဖုံလှိုင်းကြီးများ ကွဲထွက်သွားပြီး ထိုထဲမှ ပုံရိပ်များ ထွက်ပေါ်လာခဲ့သည်။ ထိုအဖွဲ့ကို ဦးဆောင်လာသူမှာ အပြာရောင်၀တ်စုံ၀တ်ထားသူ တစ်ယောက်ဖြစ်ပြီး သူ့မျက်နှာသည် ကျက်သရေရှိကာ မာနကြီးပုံပေါ်နေခဲ့၏။

“မင်းက ငါတို့ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေရဲ့ နယ်မြေထဲကို တစ်ယောက်တည်းလာရဲတယ်လား မင်းကသေချင်နေတာပဲ” ချင်ရွှမ်ယင် ချိကျူရှောင်ကို စိုက်ကြည့်ကာ ပြောလိုက်ပြီး သူ့မျက်နှာတွင် အေးစက်စက် အပြုံးတစ်ပွင့် ပေါ်လာခဲ့သည်။

ချိကျူရှောင် ညာလက်ဖြင့် အန်းဟောင်ပုခုံးကို ဆုပ်ကိုင်ထားလိုက်ပြီး ဘယ်လက်တွင် နဂါးသတ်လှံကို ဖွဲ့တည်လိုက်၏။ ထို့နောက် သူလှံကိုမြှောက်၍ ချင်ရွှမ်ယင်ကို ချိန်လိုက်ကာ လှောင်ပြောင်လိုက်သည်။

“ဘာလဲ မင်းကငါ့ကို ဒီအကူအညီလေးနည်းနည်းနဲ့ နိုင်မယ်ထင်နေတာလား လွန်ခဲ့တဲ့နှစ်တစ်ရာက မင်းငါ့ကို ဒူးထောက်ရတုန်းက ကြည့်ခဲ့ရတဲ့ သူရဲဘောကြောင်တဲ့အကြည့်ကို မေ့သွားပြီလား”

ထိုစကားကြောင့် ချင်ရွှမ်ယင်၏ မျက်လုံးများ အေးစက်သွားခဲ့၏။ ထိုစဉ် အော်သံကြီးနှင့်အတူ ချင်ရွှမ်ယင်နောက်ရှိ ဖုန်လုံးများ ပြိုကွဲသွားပြီး ဧရာမမိစ္ဆာကြီးတစ်ကောင် ပေါ်ထွက်လာခဲ့လေသည်။ ထိုမိစ္ဆာကြီးမှာ ဆင်ကြီးတစ်ကောင်ဖြစ်ပြီး တောင်တစ်လုံးလောက်ကြီးသောခေါင်း အနက်ရောင်အရေပြား သွေးနီရောင်မျက်လုံး အမာရွတ်များနှင့် ပြည့်နေသည့်ကိုယ်ထည် တို့ရှိ၏။ သူ့အစွယ်ကြီးများမှာမူ တောင်စွယ်ကြီးများနှင့် တူလှပေသည်။

ထိုစဉ် ကမ္ဘာခြားနတ်မြို့တော်ထဲရှိ အခြား ကမ္ဘာငယ်တစ်လုံးထဲတွင်

ရှင်းလင်းနေသော မိုးကောင်းကင်အောက်၌ ကျန်းပုကူနှင့်လီယတို့ ကျယ်၀န်းလှသော ဘုရားကျောင်းကြီးတစ်ခုထဲ ဖြတ်လျှောက်နေခဲ့ကြ၏။ လမ်းတစ်လျှောက်လုံးတွင် အမျိုးမျိုးသော ဗုဒ္ဓရုပ်တုများ ရှိနေခဲ့ကြသည်။ အချို့ရုပ်တုများမှာ မိစ္ဆာသားရဲများပေါ် ရပ်နေသော ဗုဒ္ဓများဖြစ်ပြီး သူရဲကောင်းဆန်လှကာ အချို့ကတော့ ကြာပန်းပေါ် ထိုင်နေပြီး ကြင်နာတတ်ကာ ကုသိုလ်ကြီးသည့်ပုံ ပေါက်နေ၏။

“အစ်ကိုလီ နတ်ဘုရားတို့၏ရာထူးများ ဖတ်ဖူးလား” ကျန်းပုကူ ရုတ်တရက်မေးလိုက်သည်။

‌လီယရှေ့မှ လျှောက်နေရင်း ပြောလိုက်၏။

“ငါက အဲ့ဒီလိုပျင်းစရာစာအုပ်တွေကို ဘယ်အချိန်ဖတ်ရမှာလဲ”

သူ့အကြည့်က ရှေ့သို့သာ ရောက်နေပြီး သူ့မျက်ခုံးများ တွန့်ကွေးသွားခဲ့၏။ ဒီနေရာသို့ ရောက်လာကတည်းက သူမလွယ်ကူဘူးဟု ခံစားနေခဲ့ရပြီး ပုန်းအောင်း‌ေန‌ေသာ တစ်ယောက်ယောက်က သူတို့ကို စောင့်ကြည့်နေသလို ခံစားနေခဲ့ရကာ သက်တောင့်သက်သာမရှိ ဖြစ်နေခဲ့သည်။

“ကျွန်တော်ပြောပြမယ် အနောက်အရပ်သို့ခရီးသွားခြင်း ထဲမှာ ဗုဒ္ခဂိုဏ်းတစ်ခုပါပြီး အဲ့ဒီဗုဒ္ဓက အရမ်းစွမ်းအားကြီးတယ် မဟာသူတော်စင် စွန်းဝူခုံးတောင် သူ့လက်ငါးချောင်းတောင်အောက်က မလွတ်မြောက်နိုင်ခဲ့ဘူး….” ကျန်းပုကူ အနောက်အရပ်သို့ခရီးသွားခြင်းအကြောင်း စတင်ရှင်းပြလေတော့သည်။

တကယ်တော့ သူအနောက်အရပ်သို့ခရီးသွားခြင်းအကြောင်းပြောချင်၍ ပြောနေခြင်းမဟုတ်ပေ။ သူ့အာရုံက လီယထက်ပင် ထက်ရှပြီး ဤဘုန်းကြီးကျောင်းထဲ၀င်လာပြီးကတည်းက သူအန္တရာယ်ကို ခံစားမိနေခဲ့သည်။

ထူးဆန်းစွာဖြင့် သူတို့ခြေလှမ်းများစွာလျှောက်နေသော်လည်း ထွက်ပေါက်ကို ရှာမတွေ့ခဲ့ပေ။

သူတို့နှစ်ယောက်လုံးတွင် ထုတ်မပြောသောနားလည်မှုတစ်ခု ရှိနေခဲ့၏။ သို့သော် ထိုအချက်ကို ဘယ်သူမှထုတ်မပြောကြဘဲ လျှောက်ပတ်သွားရင်းသာ သတိကြီးကြီးထားနေခဲ့ကြသည်။

ထပ် ထပ် ထပ်….

ခြံ၀န်းနံရံပေါ်မှ ကျောက်ခဲတစ်လုံးကျလာသောကြောင့် ကျန်းပုကူ အံ့အားသင့်သွားကာ လှည့်ကြည့်လိုက်သော်လည်း သူ့နောက်တွင် မည်သည့်ပုံရိပ်မှ ရှိမနေခဲ့ပေ။

နတ်အာရုံသုံး၍ ရှာဖွေကြည့်သော်လည်း မည်သည့်ထူးဆန်းသည့်အရာကိုမှ မတွေ့ခဲ့ရပေ။

ထို့ကြောင့် သူပြန်လှည့်ကြည့်လိုက်ပြီး တစ်ခုခုပြောရန်ပြင်လိုက်ချိန်တွင် သူ့မျက်လုံးများ ပြူးကျယ်သွားခဲ့ရ၏။

သူ့ရှေ့တွင် ဘာမှမရှိတော့ဘဲ လီယမှာလည်း ပျောက်ကွယ်သွားခဲ့ချေပြီ!

အပိုင်း (၂၂၀)

ကျွန်တော့်ဆရာက စီနီယာ့ဆရာထက် ပိုသန်မာတာ သေချာတယ်

လီယ ပျောက်ကွယ်သွားပြီးသည့်နောက် ကျန်းပုကူ ထိတ်လန့်သွားခဲ့ရသည်။ သူချက်ချင်း လေပေါ်ပျံတက်လိုက်ကြီး အောက်ကိုငုံ့ကြည့်လိုက်သောအခါတွင်လည်း အဆုံးမဲ့ကျယ်ပြန့်လှသော ဘုရားကျောင်းကြီးကိုသာ တွေ့ခဲ့ရသည်။ သူနေရာတစ်ခုလုံးကို နတ်အာရုံသုံး၍ ရှာဖွေကြည့်ပါသော်လည်း လီယကိုမတွေ့ခဲ့ရပေ။

လီယတင်မဟုတ်ဘဲ သူမည်သည့်သက်ရှိကိုမှ မတွေ့ရခြင်း ဖြစ်သည်။

သူသတိထားကာ ပျံသန်းရင်း လီယကို ဆက်လက်ရှာဖွေနေခဲ့၏။

“အစ်ကိုလီ!”

သူအော်ခေါ်ခဲ့သော်လည်း ကံဆိုးစွာဖြင့် မည်သည့်တုန့်ပြန်မှုကိုမှ ပြန်မရခဲ့ပေ။

သူ့စိတ်ထဲ ထိတ်လန့်မှုနှင့် ခြောက်ခြားမှုများက ပိုမိုပြင်းထန်လာပြီး အန္တရာယ်ချဉ်းကပ်လာသည်ဟု ခံစားနေခဲ့ရသည်။

သူမည်မျှပင် ပျံသန်းနေပါစေ မည်သည့်ပုံရိပ်ကိုမှ မတွေ့ခဲ့ရပေ။ တဖြည်းဖြည်းနှင့် သူဖြတ်ပျံလာခဲ့သော ခြံ၀န်းကြီးသည် အတူတူသာဖြစ်နေသည်ဟု ခံစားလာရပြီး သူ့အသိစိတ်ပင် ဝေဝါးလာခဲ့ရသည်။

ကမ္ဘာကြီးက လည်နေတယ်!

သူ့မျက်လုံးများ လေးလံလာခဲ့၏။

ထိုခံစားချက်က ကျန်းပုကူကို မသက်မသာဖြစ်သွားစေခဲ့သည်။ သူမြေကြီးပေါ် ဒူးတစ်ဖက်ထောက်ကာ ကျသွားပြီး မြေကြီးပေါ်လက်နှင့်ထောက်ထားပြီး အသိစိတ်လွတ်ကာ လဲကျမသွားအောင် တောင့်ခံထားလိုက်၏။

“သေစမ်း…ငါဒီမှာ….လဲသွားလို့မဖြစ်ဘူး….”

ကျန်းပုကူ သူ့နောက်ဆုံးအသိစိတ်လေးကို ကြိုးစား၍ ထိန်းသိမ်းနေခဲ့သည်။

ထိုစဉ် အနီးမှချဉ်းကပ်လာသော ခြေသံတစ်သံကို သူကြားလိုက်ရ၏။ ခက်ခက်ခဲခဲ ‌သူ့ခေါင်းကိုလှည့်ကြည့်လိုက်သောအခါ ဝေဝါးကာ နှစ်ခုထပ်နေသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရလေသည်။ ထိုပုံရိပ်မှာ သင်္ကန်း၀တ်ထားသော ဘုန်းကြီးအိုကြီးတစ်ပါး ဖြစ်ပုံပေါ်၏။

ထိုဘုန်းကြီးအိုကြီးသည် သူ့ရှေ့တွင် ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ ကျန်းပုကူ သူ့မျက်နှာကိုမမြင်ရသေးခင်တွင် ဘုန်းကြီး‌လက်များကို မြင်လိုက်ရပြီး သူ့လက်များသည် အရိုးပေါ်အရေတင် ပိန်လှီလွန်းလှပြီး တစ္ဆေလက်သည်းများကဲ့သို့ ရှည်လျားလှသော လက်သည်းကြီးများ ရှိနေခဲ့သည်။

ထိုလက်ကြီးများကြောင့် ကျန်းပုကူစိတ်ထဲ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားခဲ့၏။

ထိုစဉ် အဝေးမှ တကျည်ကျည်အသံ ခပ်တိုးတိုးထွက်ပေါ်လာပြီး သူထိုအသံကို တစ်နေရာရာတွင် ကြားဖူးသလိုခံစားလိုက်ရသောကြောင့် ကျန်းပုကူ ငေးကြောင်သွားခဲ့သည်။

ဘုန်းကြီးအိုလည်း မတ်တပ်ရပ်ကာ နောက်လှည့်ကြည့်လိုက်ပြီး တစ်ခုခုကို ဝေဖန်ပြစ်တင်နေပုံပေါ်ပြီး သူ့ခန္ဓာကိုယ်က တုန်ခါနေခဲ့သည်။

ရုတ်တရက်

ဘုန်းကြီးအိုကြီးလေထဲတွင် ရုတ်တရက်ပျောက်ကွယ်သွားပြီး ကျန်းပုကူ သူ့ပုခုံးပေါ်တွင် တစ်ခုခုရောက်လာသလို ခံစားလိုက်ရသည်။

သူ့အသိစိတ်မှာလည်း အလျင်အမြန်ပင်ရှင်းလင်းသွားခဲ့ပြီး သူ့မျက်လုံးထဲရှိ ကမ္ဘာကြီးမှာလည်း ကြည်လင်သွားခဲ့ကာ အရင်လိုတုန်ခါမနေတော့ပေ။

သူအပြည့်အ၀နိုးထလာပြီး သူ့ပုခုံးပေါ်လှည့်ကြည့်လိုက်သောအခါ သူ့ပုခုံးပေါ်နားနေသာ စာကလေးတစ်ကောင်ကို တွေ့လိုက်ရ၏။

“မင်းပဲ!”

ကျန်းပုကူ ပျော်ရွှင်စွာ ရေရွတ်လိုက်မိသည်။ ဤစာကလေးသည် သူ့ကို ဂူထဲသို့ဦးဆောင်ခေါ်သွားပြီး ထိုနေရာမှသူမိစ္ဆာအမြုတေကိုရရှိခဲ့ကာ ပုဆိန်သိုင်းကိုလည်း ထို‌နေရာမှ ရရှိခဲ့ခြင်း ဖြစ်သည်။ ဤအဖြစ်အပျက်ကို သူမည်သို့မေ့နိုင်မည်နည်း။

သူစာကလေးကို မသိစိတ်က ကိုင်လိုက်ရန်ပြင်လိုက်သော်လည်း စာကလေးအမြန်ပင် ခုန်ထွက်သွားကာ ခြံ၀င်းနံရံပေါ်တက်၍ မရပ်မနား တကျည်ကျည်အော်လေတော့သည်။

ကျန်းပုကူအစက နားမလည်ခဲ့ပေ။ သို့သော် စာကလေးက သူ့ခေါင်းကို တဆတ်ဆတ်ညိတ်ပြနေသောအခါ သူနားလည်သွားပြီး စာကလေးနောက် လိုက်သွားခဲ့၏။

စာကလေးသည် သူ့အတောင်ကို တဖြတ်ဖြတ်ခတ်ကာ ‌ပျံသန်းနေခဲ့ပြီး ကျန်းပုကူလည်း သူ့နောက်မှထပ်ကြပ်မခွာ လိုက်နေခဲ့သည်။

တခဏအကြာတွင် စာကလေးသည် ခြံ၀င်းထဲရှိ ကျောက်ရုပ်တုတစ်ခုပေါ်တွင် ရပ်နားလိုက်၏။ ကျန်းပုကူ ကျောက်ရုပ်တုကိုကြည့်လိုက်ရာ ရုပ်တုသည် လီယမျက်နှာနှင့် ဖြစ်နေသောကြောင့် သူအံ့အားသင့်သွားခဲ့ရသည်။

ရုပ်တု၏ ခန္ဓာကိုယ်မှာ သင်္ကန်းရုံထားသော ဗုဒ္ဒပုံဖြစ်ပြီး မျက်နှာမှာတော့ လီယ မျက်နှာဖြစ်နေရော မလွယ်ကူဘူးဟု သူခံစားလိုက်ရ၏။

သူလီယကို အော်ခေါ်ကြည့်သော်လည်း ကံဆိုးစွာဖြင့် မည်သည့်တုန့်ပြန်မှုမှ မရခဲ့ပေ။

စာကလေးပုံစံနှင့် ကုအန်လည်း ကျန်းပုကူကိုကြည့်ကာ ကြိတ်၍ သက်ပြင်းချလိုက်မိသည်။

ဤကလေး၏ အပြင်ခန္ဓာနှင့် ကျင့်ကြံခြင်းမှာ ကောင်းပါသော်လည်း သူ့နတ်အာရုံမှာတော့ အားနည်းနေပြီး လေ့ကျင့်ရန် လိုနေသေးသည်။

ကုအန် အတောင်ကိုတဖြတ်ဖြတ်ခတ်ကာ လီယရုပ်တုကို ဆိတ်နေခဲ့ပြီး ကျန်းပုကူကိုလမ်းပြပေးနေခဲ့ဧ။။်

ကျန်းပုကူလည်း စာကလေးဆိုလိုသည်ကို သဘောပေါက်မှားကာ ရုပ်တုကိုတွန်းကြည့်လိုက်သော်လည်း ဘာမှဖြစ်မလာခဲ့ပေ။

ကုအန်လည်း ရုပ်တု၏မျက်နှာပေါ်သွားနားကာ နှုတ်သီးဖြင့် ရုပ်တုမျက်နှာကိုထိုးပြလိုက်ပြီး ကျန်းပုကူကို ပြန်ကြည့်လိုက်သည်။

“ငါနားလည်ပြီ ဖယ်နေတော့!”

ကျန်းပုကူရှေ့သို့ တိုးလာခဲ့ပြီး ပြောလိုက်သောကြောင့် ကုအန်လည်း ဖယ်ပေးလိုက်၏။

ထို့နောက် ကျန်းပုကု သူ့လက်သီးကိုလွှဲကာ ရုပ်တုခေါင်းကို ထိုးချလိုက်လေတော့သည်။

ဂျိန်းးး ဂျလိန်းး

မြေကြီးတုန်ခါသွားကာ ဘုရားကျောင်းအထက်ရှိ ကောင်းကင်တွင် အက်ကွဲကြောင်းများပေါ်လာပြီး အက်ကွဲကြောင်းများထဲမှ အရောင်စုံ ထွက်လာခဲ့သည်။ မကြာခင်တွင် သွေးနီရောင်အလင်းတန်းများပေါ်လာခဲ့ပြီး ရှင်းလင်းနေ‌ေသာ ဘုရားကျောင်းကောင်းကင်သည် သွေးနီရောင်အလင်းတန်းများဖြင့် အစားထိုးခြင်းကို ခံလိုက်ရ၏။

အသက်ရှူကြိမ်သုံးရှိုက်စာအတွင်း ဘုရားကျောင်းသည် သွေးအလင်းရောင်ညအောက်သို့ ကျရောက်သွားပြီး ခြောက်ခြားစရာကောင်းနေခဲ့သည်။

ကျန်းပုကူရှေ့သို့ ကြည့်လိုက်ရာ သူ့ရှေ့ရှိ ကျောက်ရုပ်တုများအားလုံးကလည်း အရိုးဖြူများအဖြစ်ပြောင်းလဲသွားပြီး ကြောက်စရာကောင်းကာ အကျည်းတန်လွန်းလှသည်။

သူလေထဲသို့ ခုန်တက်လိုက်၏။ အထက်မှကြည့်လိုက်သောအခါ နဂိုက အဆုံးအစမဲ့သော ဘုရားကျောင်းကြီးသည် ကျန်းတစ်ရာခန့်သာ ရှိတော့မှန်း တွေ့လိုက်ရသည်။ လီယသည် ဘုရားကျောင်းဆောင်တစ်ခုရှေ့ရှိ သစ်ပင်အိုကြီးတွင်ချည်နှောင်ခံထားရတာ တ‌စ္ဆေလက်ကြီးတစ်ဖက်က သူ့ပါးစပ်ကို အုပ်ထားပြီး နောက်တစ်ဖက်က သူ့ရင်ဘတ်ကို ဖိထားပြီးထွက်ပြေးမရအောင် တားဆီးထားမှန်း ကျန်းပုကူ တွေ့လိုက်ရ၏။

ထိုတစ္ဆေလက်ကြီးနှစ်ဖက်သည် သစ်ပင်အိုကြီးနောက်မှ ထွက်လာခြင်းဖြစ်ပြီး ကြည့်မိသူကို ထိုလက်ပိုင်ရှင်သည် မည်မျှကြောက်စရာကောင်းမလဲ သိချင်မိသွားစေသည်။

“အစ်ကိုလီ!”

ကျန်းပုကူ ဒေါသတကြီးအော်ဟစ်လိုက်ပြီး လက်ထဲတွင် ကျောက်ပုဆိန်ကိုဆွဲကာ ထိုနေရာသို့ ခုန်ဆင်းသွားခဲ့၏။ သူခြံ၀န်းထဲရောက်သည်နှင့် ဘုရားကျောင်းဆောင်တံခါးမှာ ရုတ်ချည်းပွင့်သွားခဲ့သည်။

“မင်းငါ့ရဲ့ ၀င်္ကပါကို ဖောက်မြင်နိုင်မယ်လို့ ငါထင်မထားခဲ့ဘူး အသိအမှတ်ပြုစရာပဲ လူသားငယ်လေး!”

အက်ကွဲနေသော အသံကြီးတံခါးနောက်ရှိ အမှောင်ထုထဲမှ ထွက်ပေါ်လာခဲ့၏။ ထို့နောက် သင်္ကန်းခြုံထားသော ဘုန်းကြီးအိုကြီးတစ်ပါး ကျောင်ဆောင်ထဲမှ လမ်းလျှောက်ထွက်လာခဲ့သည်။ သူ့ပုံစံသည် အရိုးပေါ်အရေတင်နေကာ သူ့အရေပြားကနက်မှောင်နေပြီး အရေပြားပေါ်တွင်လည်း အလောင်းကောင်တွင်ရှိသော အစက်အပြောက်များလို အရာများ ရှိနေခဲ့ပြီး သူ့မျက်ဆံများမှာ အရောင်အဆင်းလုံး၀ မရှိဘဲ ဖြူဖျော့နေခဲ့၏။

ကျန်းပုကူ ဘာမှပြောမနေတော့ဘဲ သူ့ပုဆိန်ကြီးနှင့် လွှဲခုတ်ချလိုက်လေသည်။

တောင်ကိုပိုင်းဖြတ်ခြင်း!

သူ့ပုဆိန်တစ်ချက်လွှဲလိုက်သည်နှင့် ကောင်းကင်နှင့်မြေပြင်ပင် တုန်ခါသွားခဲ့၏။ ဘုန်းကြီးအိုကြီးလည်း ထိုနေရာမှ ပျောက်ကွယ်သွားခဲ့ပြီး ဘုရားကျောင်းဆောင်ကြီးမှာတော့ နှစ်ခြမ်းကွဲသွားကာ ပုဆိန်ချက်က ကျောင်းဆောင်ကိုပင် ကျော်လွန်သွားသောကြောင့် နောက်ရှိ နံရံပင်နှစ်ခြမ်းကွဲသွားခဲ့ရသည်။

စာကလေးပုံပြောင်းထားသော ကုအန်မှာတော့ အဝေးရှိ တံစက်မြိတ်တစ်ခုပေါ်တွင်နားကာ တိုက်ပွဲကို ကြည့်ရှုနေခဲ့၏။

ကျန်းပုကူသည် ဘုန်းကြီးအိုကြီး၏ ပြိုင်ဘက်မဟုတ်သော်လည်း သူနတ်အာရုံသုံး၍ ကူညီနိုင်ပေသည်။

တိုက်ပွဲမှာ ပေါက်ကွဲထွက်ပေါ်လာခဲ့ချေပြီ!

တိုက်ပွဲကြောင့် ဘုရားကျောင်းတစ်ခုလုံး မြေပြင်ပေါ်ပြားကပ်သွားကာ မြေကြီးထဲမှ မကောင်းဆိုးဝါးတစ္ဆေများ ပိုမို ထွက်ပေါ်လာပြီး ကျန်းပုကူဆီ ပြေး၀င်လာခဲ့ကြ၏။

ကျန်းပုကူ အဝိုင်းခံထားရပြီး အပြင်းအထန်တိုက်ခိုက်နေခဲ့သည်။

“ဘယ်သူလဲ ကိုယ်ထင်ပြစမ်း!” ဘုန်းကြီးအိုကြီး ရုတ်တရက်ဒေါသတကြီးအော်လိုက်၏။ သူကျန်းပုကူကို သတ်ဖို့လုပ်တိုင်း နတ်အာရုံတစ်ခုက သူ့ကိုတိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်ခံရသည်နှင့် သူ့အသိစိတ်ဖရိုဖရဲဖြစ်သွားကာ အာရုံစိုက်မရဖြစ်သွားခဲ့ရသည်။

ဘယ်သူမှပြန်မဖြေခဲ့ဘဲ ကျန်းပုကူမှာတော့ နီရဲနေသော မျက်လုံးများဖြင့် တိုက်ခိုက်နေခဲ့၏။

ကုအန် အလုပ်နှစ်ခုကိုတပြိုင်တည်းလုပ်နေခဲ့ခြင်း ြဖြစ်သည်။ သူ့နတ်အာရုံက ကျန်းပုကူကို ကူညီပေးနေချိန်တွင် ကမ္ဘာခြားနတ်မြို့တော်ထဲရှိ ကမ္ဘာငယ်လေးများကိုလည်း လေ့လာနေခဲ့သည်။

အားကောင်းလှသော ကမ္ဘာခြားနတ်မြို့တော်၏ စည်းများမှာ ကုအန်၏ အကန့်အသတ်မဲ့လွတ်လပ်ခြင်းခြေလှမ်းကိုတော့ မတားဆီးနိုင်ခဲ့ပေ။ သူ လီယနှင့်ကျန်းပုကူ၏ အရှိန်အဝါကို အာရုံခံမိနေသရွေ့ ခြေတစ်လှမ်းတည်းဖြင့် ရောက်လာ၍ ရပေသည်။

ကမ္ဘာခြားနတ်မြို့တော်ကြီးသည် အတော်လေး ကျယ်ပြန့်လှသည်။ ထိုထဲရှိ ကမ္ဘာငယ်လေးများမှာပင် အနည်းဆုံး အခုတစ်ထောင်လောက် ရှိ၏။ အချို့ကမ္ဘာငယ်လေးများဆိုလျှင် ထိုက်ကန်မင်းဆက်တစ်ခုလုံးစာလောက်ပင် ကြီးမားပေသည်။

ကုအန် အန်းဟောင်နှင့် ချိကျူရှောင်တို့ ထွက်ပြေးနေရသည်ကိုလည်း မြင်နေရပြီး လိုက်ဖမ်းနေသူများမှာ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေမှ အချုပ်အနေှာင်မဲ့ အမတနှစ်ပါးဦးေဆာင်‌ေသာ အဖွဲ့ ဖြစ်ပုံပေါ်၏။

သူ လက်ကိုးချောင်းနတ်အရှင်ကိုလည်း မြင်နေရပြီး ထိုလူသည် တစ္ဆေစစ်တပ်ကြီးတစ်ခုကို နတ်သိုင်းများသုံးကာ တစ်ယောက်တည်းရင်ဆိုင်နေပြီး ပြိုင်ဘက်ကင်းဖြစ်နေခဲ့သည်။

ကုအန် အနီးရှိမကောင်းဆိုးဝါးတစ္ဆေတစ်ကောင်ကို သတ်ဖြတ်ဖို့ ကြိုးစားကြည့်ခဲ့သော်လည်း မည်သည့် သက်တမ်းမှ မရရှိခဲ့ပေ။

ထို့ကြောင့် သူချက်ချင်း ကမ္ဘာခြားနတ်မြို့တော်တစ်ခွင် အရဲစွန့်မည့်အကြံအစည်ကို စွန့်လွှတ်ပစ်လိုက်သည်။

ထိုမကောင်းဆိုးဝါးမိစ္ဆာများသည် စွမ်းအားတစ်ခုတည်းမှ ဖြစ်လာပုံပေါ်ပြီး ထိုစွမ်းအားသည် ကုအန်ပင် မသိနိုင်သည့်စွမ်းအားမျိုးဖြစ်၏။

ဤကမ္ဘာခြားနတ်မြို့တော်ကိုဖန်တီးခဲ့သူသည် ကောင်းကင်ဈာန်အမတအဆင့်ထက် ကျော်လွန်သူဖြစ်မှန်း သေချာလှသည်။

အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့၏။

တစ်နာရီခန့်ကြာသောအခါ ကျန်းပုကူ ဘုန်းကြီးအိုကြီးကို သတ်ဖြတ်နိုင်ခဲ့သည်။ တကယ်တော့ ထိုဘုန်းကြီးကို ကုအန် နတ်အာရုံဖြင့်အရင်သတ်ဖြတ်ထားခြင်းဖြစ်ပြီး ထို့နောက်မှ ကျန်းပုကူပုဆိန်ကရောက်ရှိသွားခြင်း ဖြစ်သည်။

ဘုန်းကြီးအိုကြီးကို သတ်ဖြတ်ခြင်းမှလည်း ကုအန် ဘာသက်တမ်းမှ မရခဲ့ပေ။

ကျန်းပုကူ မြေပေါ်ကျလာပြီး အသက်ပြင်းပြင်းရှူနေခဲ့၏။ ထို့နောက် သူသစ်ပင်အိုကြီးရှေ့ရောက်သွားပြီး တစ္ဆေလက်များကို ဖြတ်လိုက်ကာ လီယပြုတ်ကျလာသောအခါ ဖမ်းထားလိုက်သည်။

သူနောက်ပြန်လှည့်ကြည့်သောအခါတွင်မူ စာကလေးကို ဘယ်နေရာမှာမှ မတွေ့ရတော့ပေ။

သူထိုအကြောင်းကို အများကြီးဂရုစိုက်မနေတော့ဘဲ လီယကို ပြန်နှိုးဖို့သာ အာရုံစိုက်လိုက်၏။

“အစ်ကိုလီ! အစ်ကိုလီ!” ကျန်းပုကူ ခပ်တိုးတိုးခေါ်နေရင်း စိတ်ဝိညဉ်စွမ်းအားသုံး၍ လီယဒဏ်ရာများကို ကုသပေးနေခဲ့သည်။

တစ်ချိန်တည်းမှာပင် ကုအန်လည်း ဆန်းကြယ်တောင်ကြားသို့ ပြန်လာခဲ့၏။

ကျန်းပုကူနှင့် လီယတို့အတွက် ကမ္ဘာခြားနတ်မြို့တော်သည် အလွန်ဝေးသော်လည်း ကုအန်အတွက်တော့ ခြေတစ်လှမ်းစာသာ ရှိသည်။

သူအခန်းထဲရှိ ဆေးမီးဖိုရှေ့သွားလိုက်ပြီး ဆေးတာအိုလေ့ကျင့်ရန် ပြင်လိုက်၏။

ယနေ့တွင် လီယနှင့်ကျန်းပုကူသာမကဘဲ သူ့အသိအကျွမ်းအတော်များများ ဒုက္ခများနှင့် ကြုံခဲ့ရလေသည်။ ထို့ကြောင့် ကုအန် ဆန်းကြယ်တောင်ကြားတွင်နေကာ စောင့်ကြည့်ဖို့ ဆုံးဖြတ်ခဲ့၏။

“ကမ္ဘာခြား နတ်မြို့တော် အမတစိတ်ဝိညဉ်…”

ကုအန် အခုလေးတင် တစ်ခုခုကိုနားလည်သွားပုံ ပေါ်နေခဲ့သည်။ သူဆေးအိုးထဲသို့ ဆေးပင်များပစ်ထည့်နေရင်း တစ်ခုခုကို တွေးနေခဲ့၏။

…..

မှောင်မည်းနေသော စင်္ကြန်တစ်ခုပေါ်တွင် အန်းဟောင်နှင့် ချီကျူရှောင်တို့ အမြန်လမ်းလျှောက်နေခဲ့ကြသည်။

ထိုစဉ် ချိကျူရှောင်ရုတ်တရက်ရပ်တန့်လိုက်ပြီး ဘေးရှိ နံရံကို မှီလိုက်ကာ ခပ်တိုးတိုးပြောလိုက်၏။

“ငါတို့အခုရပ်လို့ရပြီ”

အန်းဟောင် ဘေးဘီဝဲယာကိုကြည့်ကာ မေးလိုက်သည်။

“ဒါက ဘယ်နေရာလဲ”

သူတို့သည် ကမ္ဘာငယ်လေးထဲတွင် ပျံသန်းကာ ထွက်ပြေးလာခဲ့ရင်း နောက်ဆုံးတွင် ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။ လမ်းဖြတ်ပေါင်းများစွာကို ဖြတ်လာခဲ့ပြီးသည့်နောက် သူတို့လမ်းပျောက်သွားကာ ဘယ်နေရာလဲဆိုတာ မသိကြတော့ပေ။

ထိုစင်္ကြန်ရှိ နံရံများကို အားသုံး၍လည်း မချိုးဖျက်နိုင်သလို နတ်အာရုံဖြင့်လည်း ဖောက်ကြည့်၍ မရသောကြောင့် အန်းဟောင် ထိတ်လန့်သွားခဲ့သည်။

ချိကျူရှောင် ထိုင်လိုက်ပြီး အမွှေးတိုင်အိုးအသေးလေးတစ်လုံးကိုထုတ်ကာ သူ့ရှေ့တွင် ထားလိုက်ပြီး အမွှေးတိုင်နှစ်တိုင် စိုက်လိုက်၏။

သူအမွှေးတိုင်ကို မီးညှိနေသည်ကိုကြည့်ကာ အန်းဟောင်မျက်မှောင်ကြုံ့သွားပြီး မေးလိုက်သည်။

“စီနီယာ ဘာလုပ်နေတာလဲ”

ချိကျူရှောင် အနက်ရောင်‌သွေးများ အန်လိုက်ရ၏။ ထို့နောက် သူအားတင်း၍ ပြုံးလိုက်ပြီး ပြောလိုက်သည်။

“အဲ့ဒီကြယ်ခုနှစ်လံုးစိတ်၀ိညဥ်နယ်‌ေမြက ခွေးသူခိုးတွေက ငါ့ကိုရင်ဆိုင်ဖို့ အချုပ်အနှောင်မဲ့အမတနှစ်ယောက်တောင် ခေါ်လာရဲတယ်လေ ငါ‌လည်း သူတို့ကိုမနိုင်ဘူး ‌ဒါပေမယ့် ချင်ရွှမ်ယင် အကူအညီခေါ်လာနိုင်သလို ငါလည်း ခေါ်နိုင်ပါတယ်”

အန်းဟောင်မျက်လုံးများ ပြူးကျယ်သွားပြီး အမြန်မေးလိုက်သည်။

“စီနီယာက ပင်လယ်ရပ်ခြားက မဟုတ်လား ဘယ်သူ့ကို ခေါ်နိုင်မှာလဲ”

“ဟီး ငါ့ဆရာက အချုပ်အနှောင်မဲ့အမတအဆင့်ကို ကျော်လွန်နေတဲ့ တည်ရှိမှုတစ်ခုလေ ငါဒီအမွှေးတိုင်ကို မီးညှိလိုက်တာနဲ့ သူငါ့တည်ရှိမှုကို အာရုံခံမိပြီး ငါတို့ကို အမြန်လာကယ်လိမ့်မယ်…” ချိကျူရှောင် ပြောလိုက်သည်။

အချုပ်အနှောင်မဲ့အမတအဆင့်ကို ကျော်လွန်နေခြင်း!

အန်းဟောင် ကြက်သေသေသွားခဲ့သည်။

သူလည်း ထိုင်လိုက်ပြီး ပြောလိုက်ဧ။။်

“စီနီယာက စီနီယာ့ဆရာကိုခေါ်မှတော့ ကျွန်တော်လည်း ကျွန်တော့်ဆရာ့ကို ခေါ်ရတော့မှာပေါ့”

ထို့နောက် သူသူ့ဆရာကို စိတ်ထဲမှ စတင်ခေါ်လေတော့သည်။

အရင်က သူသည် သူ့ဆရာကို စိတ်ထဲမှအာရုံပြု၍ ခေါ်လို့ရခဲ့ဖူး၏။

သို့သော် နောက်ဆုံးအခေါက် ရွှမ်ထျန်းယီကိုကယ်တင်ရန် ခေါ်ခဲ့တုန်းက သူ့ဆရာပေါ်မလာသောကြောင့် သူသိပ်တော့ မသေချာပေ။ သူ့ဆရာသည် မည်သည့်အခြေအနေရောက်မှ လှုပ်ရှားတတ်လဲဆိုတာ သူသေချာမသိပေ။

“မင်းဆရာလား မေ့လိုက်စမ်းပါ အဓိပတိဂိုဏ်းမှာ ဘယ်လောက်ကြောက်စရာကျင့်ကြံသူ ရှိနိုင်မှာမလို့လဲ” ချိကျူရှောင် မရယ်ဘဲ မနေနိုင်တော့ပေ။

အန်းဟောင်ပြောလိုက်သည်။ “ကျွန်တော့်ဆရာက စီနီယာ့ဆရာထက် သန်မာတာ သေချာတယ်”

“ကောင်လေး ငါ့ဆရာ့ကို မလေးမစားမလုပ်နဲ့” ချိကျူရှောင် သူ့ကိုတစ်ချက်ကြည့်လိုက်၏။

အန်းဟောင်လည်း စီနီယာလည်း သူ့ဆရာကိုမလေးမစားလုပ်တာပဲဟု ပြောဖို့ပြင်လိုက်လေသည်။

သို့သော် စင်္ကြန်လမ်းရုတ်တရက်တုန်ခါလာပြီး အမှောင်ထဲမှ သတ်ဖြတ်ခြင်းဆန္ဒများ ထွက်ပေါ်လာခဲ့၏။

“သေစမ်း သူတို့မြန်မြန်ကြီး မိသွားတာပဲ!”

ချိကျူရှောင် ချက်ချင်း ထရပ်လိုက်ကာ အမွှေးတိုင်အိုးလေးကို ညာလက်ဖြင့် ကိုင်ပြီး ဘယ်လက်ဖြင့် အန်းဟောင်ကိုဆွဲကာ ပျံပြေးလေတော့သည်။

နိဗာနအဆင့် ၉သည် သန်မာသော်လည်း ဤနေရာရှိနံရံများ မျက်နှာကျက်များကို မဖောက်နိုင်သောကြောင့် သူမြေပေါ်မှ ကပ်ပျံရန်သာ တတ်နိုင်ခဲ့၏။

“ချိရှောင်ကျူ မင်းမလွတ်နိုင်ပါဘူး!”

နောက်မှ ချင်ရွှမ်ယင်၏ စိတ်လှုပ်ရှား‌မှုများဖြင့် ပြည့်နေသည့် အသံကြီးထွက်ပေါ်လာခဲ့လေသည်။

တစ်ချိန်တည်းမှာပင်

ကမ္ဘာခြားနတ်မြို့တော်အပြင်ဘက်၌

လုပိုင်ထျန်းနှင့် အဓိပတိဂိုဏ်းအဖွဲ့ မြို့၀င်ပေါက်ကို ကြည့်ကာ မြို့ထဲ၀င်ပြီးနောက် ဘာဆက်လုပ်ကြမလဲဆိုတာ ‌ဆွေးနွေးနေခဲ့ကြသည်။

ရုတ်တရက်!

ကြောက်စရာကောင်းသော အရှိန်အဝါတစ်ခု အဝေးမှထွက်ပေါ်လာခဲ့ပြီး မြို့ပြင်ရှိ လူတိုင်း လှည့်ကြည့်လိုက်မိကြ၏။

သူတို့ကောင်းကင်မှ အလင်းတန်းတစ်ခုဖြတ်ပျံသွားပြီး ကမ္ဘာခြားနတ်မြို့တော်ထဲ ၀င်သွားတာကိုသာ တွေ့လိုက်ရပြီး မိုးကြိုးတစ်စင်းသဖွယ် လျင်မြန်လွန်းသောကြောင့် အလင်းတန်းထဲရှိ ပုံရိပ်ကို မတွေ့လိုက်ကြရပေ။

All Chapters