← Chapters

အခန်း (၂၂၁-၂၂၂)

Vol. 18 Ch. 221-222

အခန်း (၂၂၁-၂၂၂)

Vol. 18 Ch. 221-222

အပိုင်း(၂၂၁)

ဆရာ!

ချိကျူရှောင် အန်းဟောင်ကိုခေါ်ကာ ချက်ချင်းထွက်ပြေးလေတော့သည်။ သူတို့ လမ်းဖြတ်များစွာကို ဖြတ်သန်းပြီးသည့်နောက် အလင်းရောင်ခပ်မှိန်မှိန်ရှိပြီး တိုင်းတာရန်ခက်ခဲအောင် ကျယ်၀န်းသော နေရာကျယ်ကြီးတစ်ခုဆီသို့ ရောက်ရှိလာခဲ့ကြသည်။ ထိုနေရာတွင် ကျောက်တိုင်များကို အတန်းလိုက်စီထားပြီး ကျောက်တိုင်တစ်တိုင်ချင်းပေါ်တွင် မီးအိမ်များချိတ်ဆွဲထားပြီး အလင်းရောင်မှာ ထိုမီးအိမ်များမှ ထွက်ပေါ်နေခြင်း ဖြစ်သည်။

ထိုနေရာထဲသို့ ၀င်သွားသည်နှင့် သူ့ဆီတိုက်ခတ်လာသော လေ‌ေအးများကိုခံစားလိုက်ရပြီး ကျောရိုးများပင် အေးစိမ့်သွားခဲ့ရ၏။

သူဘာမှဆက်မတွေးနိုင်ခင်မှာပင် သူ့နောက်မှ ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်း ဆန္ဒများ ထွက်ပေါ်လာခဲ့လေသည်။

နီညိုရောင်ပုဝါစတစ်ခုသည် သူတို့နောက်မှ လျင်မြန်စွာထွက်ပေါ်လာပြီး သူတို့နှစ်ယောက်ဘေးမှ ဖြတ်သွား၍ ဝိုင်းပတ်နေကာ ဖမ်းချုပ်ရန် ကြိုးစားနေခဲ့၏။

ချိကျူရှောင်လည်း သူ့နဂါးသတ်လှံကိုထုတ်ကာ ပစ်ထုတ်လိုက်သည်။ ထိုအခါ နဂါးဟိန်းသံကြီးတစ်ချက် ပေါက်ကွဲ ထွက်ပေါ်လာပြီး ရွှေနဂါးတစ်ကောင်ဖွဲ့တည်လာကာ နေရာတစ်ခုလုံးတွင် ရွှေအလင်းရောင်များ ထွက်ပေါ်လာခဲ့၏။

ထို့နောက် နဂါးသတ်လှံမှ ဖွဲ့တည်လာသော ရွှေနဂါးကြီးသည် နီညိုရောင်ပုဝါစနှင့် ထိပ်တိုက်တွေ့သွားပြီး လေပြင်းများ ဝုန်းဒိုင်းကြဲ တိုက်ခတ်လာခဲ့သည်။

လေပြင်းများကြောင့် အန်းဟောင်ပင် လွင့်ထွက်သွားတော့မလို ဖြစ်သွားခဲ့၏။ ကံကောင်းစွာဖြင့် ချိကျူရှောင်က သူ့ကိုကိုင်ပေးထားခဲ့သည်။

ထိုစဉ် ချင်ရွှမ်ယင် သူတို့နောက်ရှိအမှောင်ထုထဲမှ ထွက်ပေါ်လာပြီး သူတို့ရှေ့ ပေသုံးဆယ်အကွာတွင် ရပ်နေရင်း ပြောလိုက်၏။

“ချိကျူရှောင် ဘယ်ကိုပြေးချင်နေတာလဲ”

ချိကျူရှောင် အန်းဟောင်ကို လွှတ်ပေးလိုက်ပြီး အေးစက်စက်ပြောလိုက်သည်။

“ငါ့ကို သတ်ချင်တာလား ကောင်းပြီ ဒီကလေးကိုသွားခွင့်ပေးလိုက်”

“ကျွန်တော်…” အန်းဟောင်တစ်ခုခုပြောဖို့ကြိုးစားလိုက်သော်လည်း ချိကျူရှောင်က လက်ကာပြ၍ တားလိုက်၏။

ချင်ရွှမ်ယင် ရယ်မောလိုက်ကာ

“မင်းက အခုအခြေအနေမှာ ညှိနှိုင်းနိုင်မယ့်နေရာမှာ ရောက်နေတယ်ထင်လို့လား”

ပြောပြီးသည်နှင့် သူ့ဘေး၌ ပုံရိပ်တစ်ခု ပေါ်ပေါက်လာခဲ့သည်။ ထိုပုံရိပ်သည် အဖြူရောင်၀တ်စုံ၀တ် အဖိုးကြီးတစ်ယောက်ဖြစ်ကာ အေးစက်သောမျက်နှာထားရှိကြီး လက်ထဲတွင် ကျောက်စိမ်းမီးအိမ်တစ်လုံးကို ကိုင်ထားခဲ့၏။

ချိကျူရှောင် ခေါင်းအနည်းငယ်စောင်းလိုက်ပြီး နောက်ကို တစ်ချက်ကြည့်လိုက်သည်။ နောက်ထပ် အချုပ်အနှောင့်မဲ့ အမတတစ်ပါးမှာ သူ့နောက်တွင် ရောက်နေခဲ့ချေပြီ။

“ဆရာ….” အန်းဟောင် အံကိုတင်းတင်းကြိတ်၍ ခပ်တိုးတိုးရေရွတ်လိုက်၏။

ချိကျူရှောင်လည်း သူ့အသံကိုကြားလိုက်ပြီး ပြံုးလိုက်သည်။

“အန်းဟောင် ကြည့်ရတာ မင်းဆရာက မင်းအသံကိုမကြားတဲ့ပုံပဲ ဒါပေမယ့် ငါ့ဆရာကတော့ မကြာခင်ရောက်လာတော့မယ်” ချိကျူရှောင် အနည်းငယ်ပြုံးကာ ပြောလိုက်၏။

ထိုစကားများကြောင့် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေမှလူများ မျက်နှာအနည်းငယ် ပျက်သွားခဲ့ရသည်။

ချိကျူရှောင်နောက်ရှိ အဖြူရောင်၀တ်စုံ၀တ်လူလည်း ဘေးဘီဝဲယာကို လှည့်ကြည့်လိုက်မိ၏။

“မင်းတို့က ငါ့တပည့်ကို အနိုင်ကျင့်တယ်ပေါ့ မင်းတို့ကို စစ်မှန်သောနတ်ဝိညဉ်ရှင် ကခွင့်ပြုထားတာလား”

အေးစက်စက်အသံကြီးတစ်ခုသည် နေရာတစ်ခုလုံးတွင် ဟိန်းထွက်လာခဲ့ပြီး ထိုအသံကြီးတွင်ပါ၀င်နေသော သတ်ဖြတ်ခြင်းဆန္ဒကြောင့် လူတိုင်း ရေခဲတိုက်ထဲရောက်သွားသလို ခံစားလိုက်ကြရသည်။

ချိကျူရှောင်၏ မျက်နှာပေါ်တွင်လည်း ခပ်ရိုင်းရိုင်းအပြုံးတစ်ခု တစ်ဖန်ပေါ်ပေါက်လာခဲ့ပြီး ချင်ရွှမ်ယင်တို့အား သားကောင်များသဖွယ် ကြည့်ရှုနေခဲ့၏။

….

ဆောင်းဦးလေများ တိုက်ခတ်နေခဲ့ပြီး သစ်ရွက်ခြောက်များက မြေပြင်ပေါ် ကြွေကျနေခဲ့ကြသည်။

ကုအန် သစ်ရွက်ခြောက်များကို လှဲကျင်းနေစဉ် သွေးအကျဉ်းထောင်မဟာသူတော်စင်ကုအန်ကို ကြည့်ကာ စိတ်၀င်တစားမေးလိုက်၏။

“သခင် တောင်ကြားမှာ တပည့်တွေ အများကြီးရှိနေတာပဲ ဘာလို့ မြေပြင်ကိုကိုယ်တိုင်လှဲကျင်းနေတာလဲ”

ကုအန်တင်မဟုတ်ဘဲ အခြားတပည့်များလည်း လှဲကျင်းနေခဲ့ကြခြင်း ဖြစ်သည်။ သို့သော်လည်း အလွန်ကြီးမားသော တောင်ကြားကြီးနှင့်ယှဉ်ပါက တပည့်ရာဂဏန်းမှာ မပြောပလောက်တော့ပေ။

“တစ်ခါတလေ မြေပြင်ကို ကိုယ်တိုင်လှဲကျင်းရတာကောင်းပါတယ် ကမ္ဘာမြေကြီးကို မင်းလက်မင်းခြေနဲ့ ထိတွေ့ခံစားခြင်းက ညဏ်အလင်းအချို့ ရ‌ရှိစေနိုင်တယ်” ကုအန် သာမန်အတိုင်းပြောလိုက်သည်။

သူ့အသံမှာ လေးလေးနက်နက်မရှိ‌လှသော်လည်း ထိုစကားများ သွေးအကျဉ်းထောင်မဟာသူတော်စင်နားထဲ ရောက်သွားသောအခါ အကျိုးအကြောင်းသင့်နေသလို ခံစားလိုက်ရ၏။

ထို့ကြောင့် သွေးအကျဉ်းထောင်မဟာသူတော်စင်လည်း ရှေ့နောက် ‌လမ်းလျှောက်နေလိုက်ပြီး ကမ္ဘာမြေကြီး၏ သဘာ၀ကို ခံစားနေခဲ့လေသည်။

ကုအန် မြေလျှောက်အမတလေးပါး စုဝေးနေပြီဖြစ်သော ကမ္ဘာခြားနတ်မြို့တော်ကို ကြည့်ရှုနေခဲ့၏။ ထိုထဲမှ နှပါးသည် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေမှဖြစ်ကာ တစ်ပါးက လက်ကိုးချောင်းနတ်အရှင်ဖြစ်ကြီး တစ်ပါးက ချိကျူရှောင်၏ဆရာ ဖြစ်သည်။

လက်ကိုးချောင်းနတ်အရှင်သည် ချူကျင့်ဖုန်းကိုခေါ်ကာ အမတစိတ်ဝိညဉ်ကိုရှာဖွေနေခဲ့ပြီး အခြားမြေလျှောက်အမတသုံးပါးကတော့ အပြင်းအထန်တိုက်ခိုက်နေခဲ့ကြ၏။

ချိကျူရှောင်၏ဆရာသည် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေမှ အချုပ်အနှောင်မဲ့အမတနှစ်ပါးနှင့် တပည့်များကို သတ်ပစ်ခဲ့သောကြောင့် မြေလျှောက်အမတနှစ်ပါး၏ အာရုံကိုဆွဲဆောင်သွားခဲ့ခြင်း ဖြစ်သည်။

အခြေအနေမှာတော့ သိပ်မကောင်းလှချေ။ တိုက်ပွဲတွင် ချိကျူရှောင်၏ဆရာသည် အရေးနိမ့်နေခဲ့၏။

ကုအန် ချိကျူရှောင်ဆရာကိုသာ ဆက်တိုက်ခိုင်းထားလိုက်ပြီး အလောတကြီးတော့ ဝင်မပါခဲ့ပေ။ သူဤမြေပြင်ကို အရင်သန့်ရှင်းရပေဦးမည်။

တခဏကြာသောအခါ ကုအန် အနောက်ဘက်သို့ကြည့်လိုက်မိသည်။

နောက်ထပ် မြေလျှောက်အမတတစ်ပါး ထပ်မံရောက်ရှိလာခဲ့ချေပြီ!

“တကယ်ကြီး စည်ကားနေတာပဲဟ!”

ကုအန် တွေးလိုက်မိပြီးအနည်းငယ် စိတ်ပူသွားခဲ့၏။

အမတလမ်းစဉ်အဆင့်များ များပြားလာခြင်းသည် သူတို့ကုန်းမြေတိုက်ကြီးအတွက် ကောင်းသောအရာတော့ မဟုတ်ခဲ့ပေ။

သူထိုကိစ္စအမြန်ပြီးသွားဖို့သာ ဆုတောင်းနေခဲ့လေသည်။

….

ကမ္ဘာခြားနတ်မြို့တော်ရှိ ကမ္ဘာငယ်လေးတစ်ခုထဲတွင် အဝါရောင်သဲများက ကောင်းကင်ကိုဖုံးလွှမ်းနေပြီး လေပြင်းများ ပြင်းထန်စွာတိုက်ခတ်နေခဲ့၏။

သဲကန္ဘာရတစ်ခုပေါ်တွင် အန်းဟောင် ချိကျူရှောင်ရှေ့တွင်ရပ်နေပြီး ‌ရွှေရောင်အလင်းစက်ဝိုင်းတစ်ခုက သူတို့အား လေပြင်းများ သဲများရန်မှ ကာကွယ်ပေးထားခဲ့သည်။

ချိကျူရှောင်မှာတော့ တရားထိုင်ကာ သူ့ဒဏ်ရာများကို ကုစားနေခဲ့၏။ ကန္တာရထဲတွင် အပူလှိုင်းများ သစ်ရွက်ပျံများ ရွှေမီးတောက်များက အဆက်မပြတ် တဝုန်းဝုန်းထွက်ပေါ်နေခဲ့သည်။ ခပ်လှမ်းလှမ်း လင်းရှီဖြင့် ဖွဲ့တည်ထားသော သက်တန့့်တစ်စင်းပင် ရှိနေသေးပြီး ကောင်းကင်နှင့်မြေပြင်က ယမ်းခါနေခဲ့၏။

မြေလျှောက်အမတများ၏ တိုက်ပွဲမှာ ကြောက်စရာကောင်းလွန်းလှပေသည်။

အန်းဟောင် ထိုတိုက်ပွဲရှိ ပုံရိပ်များကို မမြင်ရခဲ့ပေ။ ၀င်္ကပါဖြင့် ကာကွယ်ပေးခံထားရသော်လည်း တိုက်ပွဲအဟုန်ကြောင့်သူ့ကိုယ်အချိန်မရွေး ဖုန်မှုန့်အဖြစ်ပြောင်းလဲသွာ‌းတော့မလို ခံစားနေခဲ့ရသည်။

ချိကျူရှောင်မှာတော့ တိုက်ပွဲကိုမြင်နေရပြီး ထို့ကြောင့်လည်း သူ့မျက်နှာ သုန်မှုန်လာခဲ့ရ၏။

သူ့အလေးစားရဆုံးဆရာသည် အရေးနိမ့်နေချေပြီ!

ဤကပ်ဘေးမှာ ရှောင်လွှဲမရတော့မှန်း သူသိရှိလာခဲ့ရသည်။

ဤတစ်ကြိမ်တွင် သူ့ဆရာရော အန်းဟောင်ကိုရောပါ ဆွဲထည့်မိသောကြောင့် သူလက်သီးကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်ထားမိခဲ့၏။

“သေစမ်းကွာ…”

ချိကျူရှောင် ပထမဆုံးအနေနှင့် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေ၏ အင်အားကို သိရှိသွားခဲ့သည်။ အရင်ကသူသည် ကြယ်ပင်လယ်အဖွဲ့အစည်းအုပ်ချုပ်သော နယ်မြေတွင်သာ လှုပ်ရှားခဲ့ဖြင်း ဖြစ်သည်။ ထိုစဉ်က ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက လူများနှင့်တွေ့လျှင်ပင် သူရှုံးသည်မှာ ရှားပါး၏။ ယခုလို ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေ၏ နယ်မြေသို့ ရောက်ရှိလာမှသာ ထိုစဉ်က ထိုလူများသည် သူ့ကိုကြောက်ခြင်းမဟုတ်ဘဲ ကြယ်ပင်လယ်အဖွဲ့အစည်းကိုကြောက်နေခြင်း ဖြစ်မှန်း နားလည်သွားခဲ့သည်။

အန်းဟောင် နောက်ပြန့်လှည့်ကာ သူ့ကိုကြောက်လန့်တကြား မေးလိုက်၏။

“စီနီယာ အခြေအနေကဘယ်လိုရှိလဲ”

ချိကျူရှောင်တိတ်ဆိတ်နေကာ ပြန်မဖြေဘဲ ရှေ့သို့သော စိုက်ကြည့်နေခဲ့သည်။

သူ့မည်းမှောင်နေသော မျက်နှာကိုကြည့်ကာအခြေအနေကို နားလည်သွားပြီး အန်းဟောင်ပို၍ပင် စိတ်ညစ်လာခဲ့၏။

“ချိပိုင် ဒီနေ့ မင်းတပည့်သေကိုသေရမယ် တကယ်လို့ မင်းကအဲ့ဒီအဖြစ်အပျက်ကိုတားချင်နေရင် မင်းလည်းပျောက်ကွယ်သွားဖို့ ပြင်ထားလိုက်တော့”

ထည်ဝါလှသော အသံကြီးတစ်သံထွက်ပေါ်လာရာ ၀င်္ကပါ‌ထဲရှိ အန်းဟောင်ပင် မူးနောက်သွားခဲ့ရပြီး သူ့ရှေ့ရှိ မြင်ကွင်းများအားလုံး လှုပ်ခါသွားသလို ခံစားလိုက်ရသည်။

ချိကျူရှောင် အသက်ပြင်းပြင်းရှူလိုက်ကာထရပ်လိုက်၏။

“စီနီယာ ဘာလုပ်မလို့လဲ” အန်းဟောင်မျက်မှောင်ကြုံ့သွားကာ မေးလိုက်သည်။

ချိကျူရှောင် ပြန်မဖြေဘဲ အကျယ်ကြီးအော်ပြောလိုက်၏။

“ငါ့လုပ်ရပ်တွေအတွက် ငါပဲအပြည့်အ၀တာ၀န်ယူမယ် ဒီကိစ္စတွေက ငါ့ကြောင့်စခဲ့ရတာ ငါ့ဆရာကိုသွားခွင့်ပေးလိုက် ငါတစ်ယောက်တည်းသေဖို့ ဆန္ဒရှိတယ်”

“ဟမ့် ဒီနေရာမှာ မင်းပြောချင်တာ ပြောလို့မရဘူး!”

အိုမင်းနေသော အသံကြီးတစ်သံသည် မကျေနပ်ဟန်ဖြင့် ဟိန်း၍ ထွက်ပေါ်လာခဲ့ပြန်သည်။

“ဆရာ ကျွန်တော်…”

“ပါးစပ်ပိတ်ထားစမ်း!”

ကျယ်လောင်ကာ ကြမ်းတမ်းလှသောအသံကြီးနှင့်အတူ မိုးကုတ်စက်ဝိုင်းတွင် အနက်ရောင်မိုးကြိုးများ ပြန့်ကားထွက်ပေါ်လာခဲ့ပြန်သည်။

တိုက်ပွဲမှာ ပို၍ပင် ပြင်းထန်လာခဲ့ချေပြီ!

တိုက်ပွဲကြောင့် ၀င်္ကပါထဲတွင် အကာအကွယ်ခံထားရသော အန်းဟောင်တို့ပင် ယိမ်းယိုင်နေခဲ့ရ၏။ ထိုစဉ် အန်းဟောင် ရုတ်တရက် အရှေ့ရှိ‌ေလပြင်းများ သဲများကြားထဲမှ ထွက်ပေါ်လာသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။

“အမတဝါးမြိုကင်းမြီးကောက်! မင်းတို့က တကယ်ပဲ ကြမ်းကြုတ်တာပဲ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက လမ်းမှန်ဂိုဏ်းရော ဟုတ်ရဲ့လား” အိုမင်းနေသော အသံကြီးသည် ဒေါသအပြည့်ဖြင့် ထွက်ပေါ်လာခဲ့၏။

“ဟမ့် လမ်းမှန်ဂိုဏ်းဆိုတာဘာလဲ မိစ္ဆာဂိုဏ်းဆိုတာကရော ဘာလဲ မင်းတို့ ကြယ်ပင်လယ်အဖွဲ့အစည်းက တကယ်ပဲ အဲ့ဒီအရာကို ခွဲခြားနိုင်လို့လား” အထင်သေးမှုများပြည့်နေသည့် နောက်ထပ်အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ချိကျူရှောင် ထိတ်လန့်သွားဟန်ဖြင့် အမြန်အော်ပြောလိုက်၏။

“ငါ့ဆရာကို လွှတ်ပေးလိုက် ငါသေဖို့ ဆန္ဒရှိတယ်!”

သူ့အကြည့်က သဲမုန်တိုင်းထဲတွင် လမ်းလျှောက်လာသော ပုံရိပ်ဆီရောက်နေခဲ့သည်။

ထိုစဉ် ထိုပုံရိပ်က သဲမုန်တိုင်းထဲမှ ထွက်လာခဲ့၏။ ထိုပုံရိပ်သည် ခရမ်းရောင်၀တ်စုံ၀တ်ဆင်ထားသော ဆံဖြူများနှင့် ငယ်ရွယ်သောမျက်နှာရှိသည့် လူတစ်ယောက် ဖြစ်ပြီး သူ့မျက်လုံးများက မြွေမျက်လုံးများနှယ် အေးစက်နေခဲ့သည်။

သူချိကျူရှောင်ကို ကြည့်လိုက်ပြီး အေးစက်စက်ပြောလိုက်၏။

“မင်းဆန္ဒရှိရှိမရှိရှိ မင်းကသေကိုသေရမယ် အခုမင်းဆရာလည်း သေကိုသေရမယ်”

“မင်း…”

ချိကျူရှောင် ဒေါသထွက်သွားပြီး ချက်ချင်းအပြင်ထွက်ကာ ထိုလူ့ကို အကြိမ် ၃၀၀လောက် တိုက်ခိုက်ချင်မိသွားသည်။ သို့သော် သူသည် ထိုလူ၏ပြိုင်ဘက်မဟုတ်သောကြောင့် စိတ်ထိန်းထားလိုက်ရ၏။ သူအပြင်ထွက်သွားသည်နှင့် ထိုလူဆီမှ တစ်ချက်ပင် ခံနိုင်မည် မဟုတ်ဘဲ သူ့ဆရာအတွက် ၀န်ထုပ်၀န်ပိုးသာ ဖြစ်ရပေလိမ့်မည်။

ဝုန်းး!

ခရမ်းရောင်၀တ်လူနောက်ရှိ သဲများ လိမ့်တက်သွားကာ ပြန့်ကျဲသွားခဲ့လေသည်။ ထိုထဲမှ စုတ်ပြဲနေသော အ၀တ်အစားများနှင့် မျက်နှာတွင် သွေးအလိမ်းလိမ်းပေနေသည့် အဖိုးကြီးတစ်ယောက် ထွက်ပေါ်လာခဲ့သည်။ သူခရမ်းရောင်၀တ်လူနားသို့ မကပ်နိုင်ခင်မှာပင် သူ့ဘေးမှ ကြောက်စရာကင်းမြှီးကောက်ကြီး၏ လက်မကြီးများ ပေါ်ထွက်လာပြီး သူ့အား သဲမုန်တိုင်းထဲသို့ ပြန်ဆွဲခေါ်သွားခဲ့၏။

“ဆရာ!” ချိကျူရှောင် အက်ကွဲနေသော အသံကြီးဖြင့် အော်ဟစ်လိုက်လေသည်။

ခရမ်းရောင်၀တ်လူ ညာလက်ကိုမြှောက်လိုက်ရာ သူ့လက်ဖဝါးထဲတွင် ထူးဆန်းသော မီးတောက်တစ်ခုပေါ်လာခဲ့၏။ ထို့နောက် သူအန်းဟောင်တို့အား လှောင်ပြောင်သည့်အကြည့်ဖြင့် ကြည့်နေခဲ့သည်။

သူသည် ၀င်္ကပါဆီသို့ တစ်လှမ်းခြင်း ချဉ်းကပ်လာနေပြီး သူ့နောက်ရှိ သဲမုန်တိုင်းက ရူးသွပ်စွာလည်ပတ်နေကာ သူ့ဖန်တီးထားသော ချီလှိုင်းများက နဂါးများသဖွယ် သူ့ကိုယ်မှ ထိုးတက်နေပြီး ခမ်းနားသည့် မြင်ကွင်းကြီးတစ်ခုကို ဖြစ်ပေါ်နေစေခဲ့၏။

“သေဖို့သာစောင့်နေလိုက်တော့ မကြာခင် မင်းဆရာလည်း လိုက်လာမှာပါ”

ခရမ်းရောင်၀တ်လူအေးစက်စက်ပြောလိုက်သည်။ သူပြောပြီးသောအခါ သူသည် ၀င်္ကပါနှင့် ခြေဆယ်လှမ်းစာသာ ဝေးတော့၏။

တကယ်တော့ သူသည် တမင်သက်သက်ဖြည်းဖြည်းချင်းချဉ်းကပ်နေကာ ချိပိုင်ကို နှောင့်ယှက်ဖို့ကြိုးစားနေခြင်း ဖြစ်သည်။

အန်းဟောင်သူ့ကိုကြည့်ရင်း ရွှမ်ထျန်းယီကို ဆန်းကြယ်သောကျင့်ကြံသူများတိုက်ခိုက်ခဲ့စဉ်က မြင်းကွင်းကို ပြန်မမြင်ယောင်ဘဲ မနေနိုင်ခဲ့ပေ။ ထိုစဉ်ကလည်း သူသည် ယခုလိုသာဖြစ်ပြီး ဘာမှအသုံးမ၀င်ခဲ့ပေ။ သူ့အားနည်း‌ေနမှုသည် သူ့ကိုယ်သူ မုန်းတီးရန်ပင် လုံလောက်ပေသည်။

သူအံကိုတင်းတင်းကြိတ်ထားလိုက်ပြီး မျက်လုံးမှိတ်လိုက်ကာ သူ့ဆရာကို အကျယ်ကြီးအော်ခေါ်လိုက်မိ၏။

“ဆရာ!”

အားကုန်သုံး၍ အော်လိုက်ရာ သူ့အသံက ကမ္ဘာငယ်လေးတစ်ခုလုံးထဲတွင် ပျံ့လွင့်သွားခဲ့သည်။

“ဆရာ ဘာလဲ မင်းမှာလည်းဆရာရှိသေးတယ်လား မင်းဆရာက မဟာယနအဆင့်နဲ့ ယှဉ်နိုင်လောက်လား…”

ခရမ်းရောင်၀တ်လူ ရယ်မောကာ အထင်သေးစွာပြောလိုက်၏။ သူ့စကားမဆုံးသေးခင်မှာပင် လက်ကြီးတစ်ဖက် သူ့ပုခုံးပေါ်ကျရောက်လာသောကြောင့် သူ့စကားကို ရပ်တန့်လိုက်ရလေသည်။

ချိကျူရှောင် သူငယ်အိမ်များမှေးကျဉ်းသွားပြီး ခရမ်းရောင်၀တ်လူနောက်ရှိ ပုံရိပ်ကို တုန်လှုပ်စွာ စိုက်ကြည့်နေခဲ့မိ၏။

ခရမ်းရောင်၀တ်လူနတ်သိုင်းများသုံး၍ ရှောင်ဖယ်ရန် ကြိုးစားလိုက်သည်။ သို့သော် သူ့လင်းချီများခဲသွားပြီး သူလုံး၀လှုပ်မရတော့တာကို ကြောက်မက်ဖွယ်တွေ့လိုက်ရသည်။ သူ့ကိုယ်ပိုင်ချီကိုသုံး၍ ချိုးဖျက်သို့ ကြိုးစားလိုက်သော်လည်း သူ့ပုခုံးပေါ်ရှိ လက်ကြီးမှာ ကမ္ဘာပေါ်တွင်အလေးဆုံးတောင်တစ်လုံးကဲ့သို့ လေးလံနေပြီး သူ့ရုန်းလေလေ ပို၍ လေးလံလာလေလေပင်။

“ငါ့ကျင့်ကြံခြင်းအဆင့်က မဟာယနအဆင့်လို့ မင်းထင်လား”

အေးစက်စက်အသံကြီးတစ်သံ ခရမ်းရောင်၀တ်လူနောက်မှ ထွက်ပေါ်လာခဲ့သည်။ အန်းဟောင်လည်း ထိုအသံကိုကြားလိုက်မိပြီး မျက်လုံးများ ဖွင့်ကြည့်လိုက်၏။ ၀င်္ကပါအပြင်ဘက်ရှိ မြင်ကွင်းကိုမြင်လိုက်ရသောအခါတွင်မူ သူချက်ချင်း အပျော်လွန်သွားခဲ့လေသည်။

“ဆရာ! ဆရာနောက်ဆုံးတော့ ရောက်လာပြီ!” အန်းဟောင် ကုအန်ကို ခံစားချက်များပြည့်နေသောအကြည့်ဖြင့် ကြည့်နေကာ သူ့မျက်လုံးများချက်ချင်း နီရဲလာခဲ့၏။

အစွန်းကိုးပါးယင်ယန်ခန္ဓာကိုထုတ်ဖော်ထားသော ကုအန် အန်းဟောင်ကို လျစ်လျူရှုထားလိုက်သည်။ သူသည် ခရမ်းရောင်၀တ်လူ၏ဘေးတွင် သာမန်ပုံစံဖြင့် သက်တောင့်သက်သာရပ်နေကာ ခရမ်းရောင်၀တ်လူ၏ပုခုံးပေါ် လက်တင်ထားခြင်းဖြစ်သော်လည်း ထိုလူမှာတော့ လုံး၀ မလှုပ်နိုင်တော့ပေ။

“ဘယ်သူ…မင်းက ဘယ်သူလဲ”

ကြောက်ရွံ့မှုများဖြင့်ပြည့်နေသည့် နောက်ထပ်အသံတစ်သံ ထွက်ပေါ်လာခဲ့၏။

သူပြောပြီးသည်နှင့် ကုအန်နောက်တွင် ရုတ်တရက်ပုံရိပ်တစ်ခုပေါ်လာခဲ့လေသည်။ ထိုလူသည် အနီရောင်၀တ်စုံကို ၀တ်ဆင်ထားကာ သူ့ပုံစံသည် စွမ်းအားကြီးသောလူတစ်ယောက်ပုံစံဖြစ်ပြီး ကိုင်ဆောင်ထားသော ဓားတိုဖြင့် ကုအန်နောက်ကျောဘက်မှ ခုတ်ချလိုက်၏။

ကုအန် ခရမ်းရောင်၀တ်လူပုခုံးကိုကိုင်ထားရင်း လေထဲတွင် ပျောက်ကွယ်သွားသောကြောင့် ထိုလူ၏ ဓားချက်လွဲချော်သွားခဲ့ရသည်။

အနီရောင်၀တ်စုံ၀တ်လူ ပြန်လှည့်မလာနိုင်ခင်မှာပင် သူ့နောက်ကျောအား စိတ်ကူး၍မရနိုင်အောင် ပြင်းထန်သော အားကြီးတစ်ခု ၀င်ဆောင့်လာသည်ကို ခံစားလိုက်ရ၏။ သူ့ခန္ဓာကိုယ် သဲများပေါ် ဒူ‌းထောက်ကျသွားကာ ထိုစဉ် သူ့နောက်ကျောအား ခြေဖဝါးတစ်ဖက်ဖြင့် နင်းခြင်းကိုခံလိုက်ရပြီး ကျောရိုးများ စိုက်ကျသွားခဲ့ရသည်။

ကုအန် ဘယ်လက်ဖြင့် ခရမ်းရောင်၀တ်လူ၏ပုခုံးကိုဖိထားကာ ညာခြေဖြင့် အနီရောင်၀တ်လူ၏ကျောကိုနင်းထားရင်း မြေလျှောက်အမတနှစ်ပါးကို သူ့ကိုယ်ပိုင်ခွန်အားဖြင့် ဖိနှိပ်ထားခဲ့ချေပြီ!

အပိုင်း(၂၂၂)

ဒဏ္ဍာရီလာ ကောင်းကင်ဈာန်အမတ

မြေလျှောက်အမတနှစ်ပါးကို ရက်ရက်စက်စက်ဖိနှိပ်ထားသော ကုအန်၏ ပုံစံကိုမြင်လိုက်ရသောအခါ ချိကျူရှောင် ထိတ်လန့်သွားပြီး အန်းဟောင်လည်း စိတ်လှုပ်ရှားမှုကြောင့် တုန်ရီလာခဲ့သည်။

ကုအန်ခရမ်းရောင်၀တ်လူကို ကြည့်ကာ သက်တမ်းစစ်ဆေးခြင်းသုံးလိုက်၏။

[စစ်မှန်သော ကြယ်ကိုးလုံးအရှင်(မြေလျှောက်အမတအဆင့် ၅): ၄၂၀၈၉/၁၅၀၀၀၀/၁၆၀၀၀၀]

ထို့နောက် သူ့ခြေထောက်အောက်ရှိ အနီရောင်၀တ်စုံ၀တ်လူကိုလည်း သက်တမ်းစစ်ဆေးခြင်းသုံးလိုက်သည်။

[စစ်မှန်သောခန်းရီအရှင်(မြေလျှောက်အမတအဆင့် ၆): ၅၆၈၀၃/၁၆၀၀၀၀/၁၉၀၀၀၀]

နှစ်ယောက်လုံးက အဝောာ်အိုနေပြီပဲ!

သူတို့ သူ့တို့ကိုယ်သူတို့ စစ်မှန်သောအရှင် လို့ခေါ်ကြပါလား အဲ့ဒီနာမည်က ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက ဘွဲ့ တစ်ခုများလား!

ကုအန် စဉ်းစားနေစဉ် စစ်မှန်သောခန်းရီအရှင် ခက်ခက်ခဲခဲအားတင်း၍ ပြောလိုက်၏။

“ဆရာက ဘယ်သူများလဲဆရာ တကယ်လို့ အဲ့ဒီကောင်လေးက ဆရာ့တပည့်ဆိုရင် သူ့ကိုခေါ်သွားလိုက်ပါ”

ဝုန်းး!

ကုအန်နောက်တွင် လေပွေတစ်ခုပေါက်ကွဲထွက်ပေါ်လာကာ အန်းဟောင်နှင့် ချိကျူရှောင်တို့၏ အမြင်အာရုံများ မှောင်မည်းသွားခဲ့သည်။ တောင်တစ်လုံးနှယ် ကြီးမားလှသော ဧရာမကင်းမြှီးကောက်ကြီးသည် သူ့လက်မကြီးများဖြင့် ညှပ်ကာ ကုအန်ကို တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။

အမတဝါးမြိုကင်းမြှီးကောက်!

သူ့အလျင်မှာအလွန်မြန်လှသောကြောင့် အန်းဟောင်နှင့်ချိကျူရှောင်တို့ပင် အချိန်မီသတိမပေးလိုက်နိုင်ခဲ့ပေ။

သူတို့မြင်လိုက်ရသည်မှာ ကင်းမြှီးကောက်ကြီးသည် ရုတ်တရက်တိုက်ခိုက်လိုက်ပြီး သူတို့သေချာမမြင်လိုက်ရသေးခင်မှာတင် ထိုကောင်ကြီးပေါက်ကွဲသွားခဲ့ခြင်း ဖြစ်သည်။ အနက်ရောင်အဆိပ်များက နေရာအနှံ့ပြန့်ကျဲသွားကြပြီး ပို၍ပင် ကြောက်စရာကောင်းသော အော်သံကြီးက ဟိန်းထွက်လာခဲ့၏။

ဂါးးးးး…..

ကုအန်နောက်တွင် ဖုန်လုံးတိမ်တိုက်ကြီးထွက်ပေါ်လာပြီး အနက်ရောင်အဆိပ်များက ကောင်းကင်ကိုပင် ဖုံးလွှမ်းသွားခဲ့သည်။

“မဖြစ်နိုင်တာ…”

,ကုအန် လက်ဖြင့်ဖိခံထားရသည့် စစ်မှန်သောကြယ်ကိုးလုံးအရှင် မြင်ကွင်းကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် ပြူး၍ ကြည့်နေမိသည်။

အဲ့ဒီ အမတဝါးမြိုကင်းမြှီးကောက်ကလည်း မြေလျှောက်အမတအဆင့်ပဲမလား သူက ဒီလိုပဲ ချက်ချင်းကြီး သေသွားရတာလား!

သူကုအန် ဘာနည်းစနစ်ကိုသုံးလိုက်သလဲဆိုတာတောင် မတွေ့ခဲ့ရဘဲ သူတွေ့ခဲ့ရသည်မှာ ကင်းမြှီးကောက်၏ လက်မများ ကုအန်ကိုယ်ကို ထိလိုက်သည်နှင့် ကင်းမြှီးကောက်ကိုယ်ပေါက်ကွဲသွားသည်ကိုသာ တွေ့လိုက်ရခြင်း ဖြစ်သည်။

[သင်သည် အမတဝါးမြိုကင်းမြှီးကောက်(မြေလျှောက်အမတအဆင့် ၂) ကိုသတ်ဖြတ်ခဲ့ပြီး သက်တမ်း ၅၇၀၀၉ နှစ် ရရှ်ိခဲ့ပါသည်]

အသိပေးချက်ကို‌မြင်ပြီး ကုအန် အနည်းငယ်ကျေနပ်သွားခဲ့၏။

အမတဝါးမြိုကင်းမြှီးကောက်သည် ကျိမိသားစု၏ နတ်သိုင်းဖြစ်သော ကောင်းကင်နှင့်မြေပြင်လမ်းစဉ်ကို အဆင့်မြှင့်ထားသည့် မူလတာအိုစွမ်းအင် အောက်တွင် သေဆုံးသွားခဲ့ရခြင်း ဖြစ်သည်။ ကုအန် ကိုယ်ကိုတစ်ယောက်ယောက်က တိုက်ခိုက်တိုင်း ထိုနတ်သိုင်းက အလိုလိုပွင့်သွားမည်ဖြစ်ကာ တိုက်ခိုက်သူသည် သူ့ထက်ကျင့်ကြံခြင်းနိမ့်နေပါက အလိုလို သေသွားရမည်သာ။

စစ်မှန်သောခန်းရီအရှင် ခေါင်းကိုလည်း လှည့်မကြည့်ခဲ့သလို နတ်အာရုံကိုလည်းမထုတ်ခဲ့သော်လည်း ကုအန်နတ်သိုင်းပေါက်ကွဲထွက်ပေါ်လာသည်ကို ခံစားလိုက်မိသည်နှင့် ထိုအခိုက်တွင် သူသေရတော့မည်မှန်း သိရှိသွားခဲ့သည်။

သူတစ်ခါမှ ဒီလောက်စိတ်ပျက်စရာအခြေအနေမျိုး မကြုံခဲ့ရဖူးပေ။

တစ်ဖက်လူသည် မြေလျှောက်အမတအဆင့်ကို ကျော်လွန်နေတာ သေချာပေသည်။

ထိုကဲ့သို့သော တည်ရှိမှုက အဘယ်ကြောင့် ဤနုံချာလှသောကုန်းမြေတိုက်တွင် တည်ရှိနေရသနည်း။

ထိုအခိုက်အတန့်တွင် မြေလျှောက်အမတနှစ်ယောက်လုံး၌ တိုက်ခိုက်လိုစိတ် လုံး၀မရှိတော့ဘဲ အ‌ဆုံးမဲ့သော ကြောက်ရွံ့မှုများနှင့်သာ ပြည့်နှက်နေခဲ့၏။

လူတိုင်းသည် ကြာကြာအသက်ရှင်လာရလေလေ သေဆုံးရမည်ကို ပိုကြောက်ရွံ့လေလေသာ။

“စီနီယာ…ခွင့်…” စစ်မှန်သောခန်းရီအရှင် တုန်ရီနေသောအသံဖြင့်ပြောလိုက်သည်။

ကုအန် မည်သည့်ရန်လိုသည့် အသိပေးချက်ကိုမှ မရလိုက်သော်လည်း စစ်မှန်သောခန်းရီအရှင်သည် ကင်းမြှီးကောက်ကို သူ့ကိုသတ်ဖြတ်ရန် စေခိုင်းလိုက်ကတည်းက သေခြင်းကိုရှာနေခဲ့ပြီးသား ဖြစ်သည်။

ကုအန် ရုတ်တရက် သူ့ညာခြေကို ဖိချလိုက်ရာ စစ်မှန်သောခန်းရီအရှင် သွေးမြူများအဖြစ်ပြောင်းလဲသွားပြီး သိုလှောင်အိတ်တစ်လုံးသာ ကျန်ရစ်ခဲ့၏။

စစ်မှန်သောကြယ်ကိုးလုံးအရှင်၏ မျက်လုံးများလည်း

အားငယ်မှုကြောင့် ပြူးကျယ်လာခဲ့သည်။

ထိုစဉ် ကုအန်လက်ဖဝါးမှ လမ်းစဉ်ချိုးဖျက်နတ်အလင်း၏ စွမ်းအားများ ထွက်ပေါ်လာပြီး ကြယ်ကိုးလုံးအရှင် ဖုန်မှုန့်အဖြစ်ပြောင်းလဲသွားကာ သိုလှောင်အိတ်မှလွဲ၍ မည်သည့်အရိပ်အယောင်မှ မကျန်ရစ်ခဲ့တော့ပေ။

မြေလျှောက်အမတနှစ်ပါးသည် ဤသို့ဖြင် လုံး၀မခုခံလိုက်ရဘဲ သေဆုံးသွားခဲ့ရ၏။

အန်းဟောင်နှင့် ချိကျူရှောင်တို့ ကြက်သေသေနေခဲ့သည်။ ဤမြေလျှောက်အမတနှစ်ပါး မည်မျှစွမ်းအားကြီးနေသည်ကို သိရှိထားသောကြောင့် သူတို့ပို၍ပင် မယုံနိုင်ဖြစ်နေခဲ့ရ၏။

စာတန်းနှစ်ခု ကုအန်ရှေ့တွင် ပေါ်လာပြီး သူနောက်ထပ် သက်တမ်း ၂၀၀၀၀ စုဆောင်းနိုင်ခဲ့လိုက်သည်။

ထိုစဉ် ပုံရိပ်တစ်ခုကုအန်ရှေ့သို့ ဆင်းသက်လာကာ လက်သီးဆုပ်၍ ဦးညွတ်အရိုအသေပေးလိုက်ပြီး ပြောလိုက်၏။

“ကျွန်တော့်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ”

ထိုလူသည် ချိကျူရှောင်၏ဆရာ ချိပိုင်သာ ဖြစ်ပေသည်။

ချိပိုင်ပုံသည် အတော်လေးအခြေအနေဆိုးနေဟန်ရပြီး သူ့တကိုယ်လုံးမှ သွေးနက်များ စိမ့်ထွက်နေခဲ့၏။

“ဒီကိစ္စကို ဘယ်သူ့မှမပြောနဲ့ မဟုတ်ရင်မင်းကငါ့ရန်သူဖြစ်လာလိမ့်မယ်” ကုအန် ပြောပြီးသည်နှင့် သိုလှောင်အိတ်နှစ်လုံးကိုယူကာ လေထဲပျောက်ကွယ်သွားခဲ့လေသည်။

ချိပိုင်မော့ကြည့်လိုက်ပြီး နတ်အာရုံသုံးကာ ထောက်လှမ်းကြည့်သော်လည်း သူ့နတ်အာရုံက ဘာကိုမှ အာရုံမခံမိသောကြောင့် သက်ပြင်းသာ ချလိုက်မိသည်။

ထိုအခိုက်တွင် ချိကျူရှောင် ၀င်္ကပါထဲမှပြေးထွက်လာပြီး ချိပိုင်ကို ဖေးမပေးလိုက်၏။

“ဆရာ အဆင်ပြေရဲ့လား” ချိကျူရှောင် စိတ်ပူနေဟန်ဖြင့် မေးလိုက်သည်။

ချိပိုင်အားတင်းကာ ပြောလိုက်၏။

“ဆေးအမွှေးတိုင်အိုးကိုထုတ် ငါအဆိပ်ထုတ်ဖို့ လိုတယ်…”

ချိကျူရှောင်လည်း အမြန်ထုတ်ပေးလိုက်လေသည်။

မကြာခင်တွင် ချိပိုင် ‌အ‌မွှေးတိုင်အိုးထဲခုန်၀င်သွားပြီး ပြင်ဆင်ထားသော ‌ေဆးပင်များနှင့် စိတ်ဝိညဉ်ရေများ ထည့်လိုက်၏။

အန်းဟောင်လည်း အမွှေးတိုင်အိုးကြီးနားကပ်လာပြီး ဂရုတစိုက်မေးလိုက်သည်။

“အဲ့ဒီ အမတဝါးမြိုကင်းမြှီးကောက်က ဘယ်လိုသတ္တဝါလဲ”

ချိကျူရှောင် အမွှေးတိုင်အိုးကိုစိုက်ကြည့်နေရင်း လေးလေးနက်နက်ဖြေလိုက်၏။

“အဲ့ဒီ အမတဝါးမြိုကင်းမြှီးကောက်က သမုဒ္ဒရာရဲ့ ရှေးဟောင်းသေခြင်းအဆိပ်ကိုးပါးထဲက တစ်ပါးပဲ နောက်ပြီး လက်ရှိကမ္ဘာပေါ်က အဆိပ်ကောင်တွေထဲမှ အဆိပ်အပြင်းဆုံး ပိုးမွှားဆိုလည်းဟုတ်တယ် တကယ်လို့ အမတတစ်ယောက်ယောက် သူဝါးမြိုတာကိုခံလိုက်ရရင် ချက်ချင်း အဆိပ်မြူတွေအဖြစ်ပြောင်းလဲသွားရတယ် သူ့အဆိပ်ဆူးတွေနဲ့ ထိုးတာခံလိုက်ရရင်တော့ သူတို့ကျင့်ကြံခြင်းတွေ အရည်ပျော်လာပြီး သူတို့ကို ဗုဒ္ဒတွေ နတ်ဘုရားတွေတောင် မကယ်တင်နိုင်တော့ဘူး”

အဲ့လောက်တောင် ကြောက်စရာကောင်းတယ်လား!

အန်းဟောင် အံ့အားသင့်သွားပြီး ချိကျူရှောင်ကို ဘယ်လိုနှစ်သိမ့်ပေးရမလဲ မသိဖြစ်သွားခဲ့သည်။

ချိကျူရှောင် သူ့ဘက်လှည့်လာပြီး မေးလိုက်၏။

“မင်းဆရာက တကယ်ပဲ ဘယ်သူများလဲ အဲ့တာက အတော်လေး…”

ကုအန်၏ လုပ်ရပ်များမှာ အတော်လေးကြောက်စရာကောင်းခဲ့ပြီး ကယ်တင်ခံခဲ့ရသောသူပင် ကုအန်၏စွမ်းအားကို ကြောက်ရွံ့နေခဲ့မိသည်။

ထိုအရာသည် သူ့နားလည်မှုကိုကျော်လွန်နေသည့်အရာကြောင့် ကြောက်ရွံ့သွားရသည့် ကြောက်ရွံ့မှုသာ ဖြစ်၏။

“ကျွန်တော့်ဆရာနာမည်ကို ထုတ်ပြောလို့မရဘူး သူကအဲ့တာကို တားမြစ်ထားတယ်”

အန်းဟောင်ခေါင်းယမ်းကာ ပြောလိုက်ပြီး စိတ်ထဲတွင်တော့ ဂုဏ်ယူနေခဲ့မိသည်။

သူအဆင့်မြင့်သော ကျင့်ကြံသူများကို ရင်ဆိုင်ရသည့်အခါတိုင်း သူ့ဆရာသည် မည်သည့်အဆင့်တွင်ရောက်နေလောက်လဲဟု အမြဲ သိချင်နေခဲ့မိ၏။

သို့သော် သူ့ထင်မြင်မှုမှန်သမျှကို သူ့ဆရာက အကြိမ်တိုင်း ရိုက်ချိုးသွားခဲ့သည်သာ။

တစ်ဖက်လူက မည်မျှစွမ်းအားကြီးနေပါစေ ထိုသူများသည် သူ့ဆရာရှေ့ရောက်သွားပါက ပုရွက်ဆိတ်လေးများသာ ဖြစ်သွားခဲ့ရသည်။

သူသည်အတော်လေးပါရမီမြင့်မားပါသော်လည်း သူ့ဆရာနှင့် ယှဉ်ပါက ‌ထုတ်ပြောရန်ပင် မတန်ဘူးဟု သိရှိသွားခဲ့ရ၏။

ထိုစကားကိုကြားသောအခါ ချိကျူရှောင်လည်း တိတ်ဆိတ်သွားခဲ့သည်။

သူကုအန်၏ အမူအရာများကို ပြန်လည်စဉ်းစားမိပြီး မျက်လုံးထဲတွင် အားကျသည့်အရိပ်အယောင်များ ‌ပေါ်လာခဲ့၏။

အမတလမ်းစဉ်အဆင့်၏ ကျင့်ကြံသူတစ်ယောက်သည် ထိုကဲ့သို့သော အပြုအမူမျိုးသာ ရှိသင့်ပေသည်။

တစ်နေရာတွင်

ကုအန် အဓိပတိဂိုဏ်းသို့ တန်းမပြန်ခဲ့ဘဲ ထိုအစား ပင်လယ်ထဲရှိ စွန့်ပစ်ကျွန်းတစ်ကျွန်းသို့သာ ခြေတစ်လှမ်းတည်းဖြင့် ရောက်သွားခဲ့၏။

သူတောအုပ်တစ်ခုထဲသို့ ရောက်လာပြီး စစ်‌မှန်သောအရှင်နှစ်ယောက်၏ သိုလှောင်အိတ်များကို ထုတ်ကာ သံသယဖြစ်နိုင်သောပစ္စည်းများကို ဖျက်ဆီးပစ်လိုက်ကာ ရတနာများကို သူ့သိုလှောင်အိတ်ထဲ ပြောင်းထည့်လိုက်လေသည်။

သူ့သိုလှောင်အိတ်သည် ရတနာများအားလုံးကို ထည့်ရန်မဆံ့တော့သောကြောင့် ထိုနှစ်ယောက်လုံး၏အိတ်များထဲမှ တစ်လုံးကို သန့်စင်‌ရပေဦးမည်။

တခဏကြာမှ ကုအန်ထိုနေရာမှ ထွက်လာခဲ့၏။

ကုအန်ခြေတစ်လှမ်းတည်းဖြင့် သူ့ကမ္ဘာငယ်လေးထဲသို့ ရောက်ရှိလာခဲ့ပြီး ပစ္စည်းများအားလုံးကိုထုတ်လိုက်ကာ စစ်မှန်သောကြယ်ကိုးလုံးအရှင်၏ သိုလှောင်အိတ်ကို ပြာကျသည်အထိ မီးရှို့ပစ်လိုက်သည်။

အားလုံးလုပ်ပြီးမှသာ သူ အဓိပတိဂိုဏ်းသို့ ပြန်ခဲ့လိုက်၏။

ထို့နောက် ဆန်းကြယ်တောင်ကြားဘေးရှိ တောင်ထိပ်တစ်ခုပေါ်တွင် ရပ်ကာ အဝေးသို့ ကြည့်နေခဲ့မိသည်။

မြေလျှောက်အမတသုံးပါးကို သတ်ရတာ လွယ်ကူပါသော်လည်း သူစိတ်မအေးနိုင်သေးပေ။

ကိစ္စတွေသည် ပိုခက်ခဲလာတေ့ာ့မည်ဖြစ်မှန်း သူသိနေခဲ့သည်။

သို့သော် သူနောင်တတော့မရပေ။ သူသည် သူ့ရန်သူများကို ကြောက်ရွံ့၍ အသက်ရှင်ခွင့်ပေးထားမည့် လူမျိုးတော့ မဟုတ်ပေ။

နောက်နည်းလမ်းတစ်ခုရှ်ိသေးတယ်!

သူ အမတစိတ်ဝိညဉ်ကိုရှာကာ ထိုအရာကို ကျင့်ကြံသူတစ်ယောက်ယောက်လက်ထဲထည့်ပေးလိုက်ပြီး ဤပဋိပက္ခကြီးကို အဆုံးသတ်ပစ်ချင်နေမိသည်။

ကုအန် ကမ္ဘာခြားနတ်မြို့တော်အပေါ်မှာတော့ စိတ်၀င်စားမှုမရှ်ိခဲ့ပေ။ ထိုအရာသည် စွမ်းအားကြီးသော်လည်း ကမ္မစွမ်းအားများပြားလွန်းလှသည်။ သူပြဿနာများကို မဖိတ်ခေါ်လိုပေ။

ထိုအရာကို ကြယ်ပင်လယ်အဖွဲ့အစည်းမှ တစ်ယောက်ယောက်ကို ပေးလိုက်မှသာ အကောင်းဆုံးရလဒ်ဖြစ်လာပေလိမ့်မည်။

……..

ရက်ပေါင်းများစွာ ကုန်လွန်သွားခဲ့ပြီး ကမ္ဘာခြားနတ်မြို့တော်ရှ်ိ ကမ္ဘာငယ်လေးထဲတွင် လေပြင်းများ သဲများက တိုက်ခတ်နေဆဲပင်။

ချိကျူရှောင် အခုမှ အ‌မွှေးတိုင်အိုးထဲမှထွက်လာသော သူ့ဆရာကို ထိုင်နိုင်အောင် ကူညီပေးလိုက်၏။ ချိပိုင်သည် အဖြူရောင်သန့်သန့်၀တ်စုံတစ်ထည်ကို ပြောင်း၀တ်ထားသော်လည်း သူ့မျက်နှာသည် ဖြူဖျော့နေကာ ဆံပင်များက ရှုပ်ပွနေပြီး ဘယ်နေရာမှ မြေလျှောက်အမတတစ်ပါးနှင့် တူမနေခဲ့ပေ။

သူထိုင်လိုက်ပြီး သက်ပြင်းချလိုက်မိသည်။

“ကမ္ဘာခြားနတ်မြို့တော်က ကောင်းကင်ဈာန်အမတတစ်ပါးကိုတောင် ဆွဲဆောင်နိုင်လိမ့်မယ်လို့ ငါမျှော်လင့်မထားခဲ့မိဘူး”

ထိုစကားကြောင့် အန်းဟောင်မျက်နှာတွင် စိတ်၀င်စားသည့် အရိပ်အယောင်များ ပေါ်လာခဲ့၏။

“ကောင်းကင်ဈာန်အမတလား အဲ့တာက ဒဏ္ဍာရီလာ ကောင်းကင်အလွန်ကို ခရီးသွားနိုင်ကြတဲ့ ပုဂ္ဂိုလ်တွေမဟုတ်လား” ချိကျူရှောင်မျက်လုံးများ စိတ်လှုပ်ရှားမှုကြောင့် အရောင်လက်လာခဲ့သည်။

ချိပိုင်ခေါင်းညိတ်ပြလိုက်၏။

“အဲ့တာပဲ ဖြစ်ရမယ် အဆင့်တူသာဆိုရင် သူအဲ့ဒီ မြေလျှောက်အမတနှစ်ယောက်ကို အလွယ်တကူဖိနှိပ်ပစ်နိုင်မှာမဟုတ်ဘူး”

သူချိကျူရှောင်ကိုကြည့်လိုက်ပြီး ပြောလိုက်သည်။

“စီနီယာကငါတို့ကို ကယ်တင်ခဲ့တယ် အဲ့တာကြောင့် ငါတို့ကလည်းကတိတည်ရမယ် သူ၀င်ပါတာကိုထုတ်ပြောလို့မဖြစ်ဘူး အဲ့တာက ကြယ်ပင်လယ်အဖွဲ့အစည်းက ကျင့်ကြံသူတစ်ယောက်၀င်ပါတာလို့ပဲပြောရမယ်နားလည်လား”

ချိကျူရှောင်လည်း လေးလေးနက်နက်ခေါင်းညိတ်ပြလိုက်၏။

ထို့နောက် ချိပိုင် အန်းဟောင်ကိုကြည့်ကာ အသေးစိတ်အကဲခတ်လိုက်လေသည်။ သူအန်းဟောင်၏ သာမန်မဟုတ်သော စိတ်ဝိညဉ်အမြစ်ကို သတိထားမိသွားပြီး မေးလိုက်၏။

“မင်းဆရာကလည်း အဓိပတိဂိုဏ်းကပဲလား”

သူအန်းဟောင်ပတ်ပတ်လည်ရှိ ကမ္မစွမ်းအားကိုမြင်နိုင်သော်လည်း လွန်ခဲ့သော ဆယ်နှစ်ကာလကိုသာ မြင်နိုင်ခြင်းဖြစ်ပြီး အန်းဟောင်နှင့် သူ့ဆရာကြား ဆက်ဆံရေးကို မသိနိုင်ခဲ့ပေ။

“ကျွန်တော်လည်း သေချာမသိဘူး ဟုတ်တော့မဟုတ်လောက်ဘူး” အန်းဟောင် ခေါင်းယမ်းကာဖြေလိုက်ပြီး ချိပိုင်ကို သူအပြည့်အ၀တော့ မယုံရဲသေးပေ။

ချိပိုင်ပြုံးလိုက်၏။

“မင်းကအရမ်းကံကောင်းတယ် ကောင်လေး အဲ့ဒီလိုဆရာမျိုးနဲ့ဆို မင်းအနာဂတ်က အကန့်အသတ်မဲ့ပဲ မင်းကြယ်ပင်လယ်အဖွဲ့အစည်းကို၀င်ရင်ရော ဘယ်လိုလဲ”

အန်းဟောင် တွန့်ဆုတ်သွားခဲ့သည်။

“ကျွန်တော့်မှာ ဆရာတစ်ယောက်တည်းရှ်ိတာမဟုတ်ဘူး ကျွန်တော့်နောက်ထပ်ဆရာတစ်ယောက်က အဓိပတိဂိုဏ်း ဂိုဏ်းချုပ်လေ အဲ့တာကြောင့် ဂိုဏ်းပိုသန်မာလာဖို့ကို ကျွန်တော်တာ၀န်ယူရဦးမယ်”

ချိပိုင်၏အပြုံး ပိုမိုသိမ်မွေ့လာကာ

“အဲ့တာက အဓိပတိဂိုဏ်းကထွက်စရာမလိုပါဘူး မင်းက ငါတို့ကြယ်ပင်လယ်အဖွဲ့အစည်းမှာ ခဏလာလေ့ကျင့်ပြီး ဂိုဏ်းနှစ်ဂိုဏ်းကြားဆက်ဆံရေးကောင်းရှိသွားအောင် ကူညီပေးပေါ့ ကြယ်ပင်လယ်အဖွဲ့အစည်းကမင်းကို အလျင်အမြန်သန်မာလာအောင် လုပ်ပေးနိုင်စွမ်းရှိတယ် မင်းလုံလောက်အောင်သန်မာလာတဲ့အခါမှ အဓိပတိဂိုဏ်းကို ကာကွယ်တော့ပိုကောင်းတာပေါ့ အနာဂတ်မှာ ကြယ်ပင်လယ်အဖွဲ့အစည်း အခက်အခဲတွေ့လာရင်လည်း မင်းကူညီပေးလို့ရတယ်”

ထိုစကားကြောင့် အန်းဟောင်ငြင်းဖို့ခက်သွားပြီး ချိကျူရှောင်ကိုသာ ကြည့်လိုက်၏။

ချိကျူရှာင်ထေ့ငေါ့လိုက်သည်။

“ငါ့ဆရာက မင်းကိုလှည့်စားမှာတဲ့လား ရွှမ်ထျန်းယီက အကောင်းဆုံးဥပမာပဲ”

လမ်းတစ်လျှောက်လုံး အတူတူခရီးသွားခဲ့ပြီးသည့်နောက် သူအန်းဟောင်နှင့် ရွှမ်ထျန်းယီကြားဆက်ဆံရေးကို ပိုသိလာခဲ့ရ၏။

သူအန်းဟောင်ကိုလည်း ဂိုဏ်းထဲ၀င်ရန် ဆွဲဆောင်လိုပေသည်။

အန်းဟောင်ကို ဆွဲဆောင်နိုင်ခြင်းက လွန်ခဲ့သောရက်အနည်းငယ်က ထွက်ပေါ်လာခဲ့သော ကောင်းကင်ဈာန်အမတကိုဆွဲဆောင်နိုင်ခြင်း မဟုတ်ပါလော!

ကောင်းကင်ဈာန်အမတ!

ကြယ်ပင်လယ်အဖွဲ့အစည်းကလည်း ထိုကဲ့သို့သောတည်ရှိမှုမျိုးကို မွေးထုတ်ပေးဖူးသော်လည်း ထိုပုဂ္ဂိုလ်များသည် ဒဏ္ဍာရီလာပုဂ္ဂိုလ်များသာ ဖြစ်ပြီး သူတစ်ခါမှ မတွေ့ဖူးခဲ့ပေ။

အန်းဟောင်တခဏကြာ တွန့်ဆုတ်နေသော်လည်း နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သောကြောင့် ချိပိုင်နှင့် ချိကျူရှောင်မျက်နှာတွင် အပြုံးများ ပေါ်ပေါက်လာခဲ့ကြလေသည်။

ထို့နောက် ိချပိုင်အပြုံးပျောက်သွားပြီး ပြောလိုက်၏။

“ငါ အမတဝါးမြိုကင်းမြှီးကောက်အဆိပ်ကို အပြည့်အ၀မထုတ်နိုင်သေးဘူး ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေကကောင်တွေ လိုက်တာမခံရအောင် ကမ္ဘာခြားနတ်မြို့တော်ထဲက ထွက်ကြရအောင်”

“ဒါပေမယ့် ကမ္ဘာခြားနတ်မြို့တော်…” ချိကျူရှောင် တွန့်ဆုတ်နေခဲ့သည်။

ချိပိုင်သူ့ကိုကြည့်ကာ ဒေါသတကြီးပြောလိုက်၏။

“ကမ္ဘာခြားနတ်မြို့တော်ထဲမှ ကောင်းကင်ဈာန်အမတတစ်ပါး ရှိနေတယ် အခြားမြေလျှောက်အမတတွေလည်း ရှိသေးတယ် အမတစိတ်ဝိညဉ်အတွက် မင်းသူတို့နဲ့ယှဉ်ပြိုင်နိုင်ဖို့ အရည်အချင်းရှ်ိတယ်လို့ ထင်လား”

ချိကျူရှောင် ခေါင်းကုတ်လိုက်ကာ သူ့မျက်နှာပေါ် အူကြောင်ကြောင်အပြုံးတစ်ခုပေါ်လာပြီး ဆက်မငြင်း‌ခဲ့တော့ပေ။

အန်းဟောင်လည်း အနည်းငယ်နောင်တရသလိုခံစားလိုက်ရသော်လည်း ယခုအချိန် ဆုတ်ခွာရခြင်းသည် ဆုံးရှုံးမှုတော့ မဟုတ်ပေ။ သူချိကျူရှောင်နှင့် လိုက်ကာ ရတနာအတော်များများ ရရှိလာခဲ့ပြီး ဖြစ်သည်။

ဤသို့ဖြင့် သူတို့သုံးယောက် ထွက်လမ်းကိုရှာဖွေရန် ပြင်ဆင်လေတော့သည်။

…..

မှောင်မည်းနေသော ခန်းမတစ်ခုထဲတွင် ခန်းမနံရံပေါ်၌ ကြေးဝါဆီမီးအိမ်များကို အတန်းလိုက် စီတန်းထားပြီး ထိုထဲမှ အချို့မီးအိမ်များမှာ မီးငြိမ်းသေနေခဲ့၏။

နံရံရှေ့တွင် ခရမ်းရောင်၀တ်စုံဝတ်အမျိုးသမီးတစ်ယောက် ရပ်နေပြီး ထိုအမျိုးသမီးသည် မျက်နှာကာပုဝါတစ်ခုကို ဆင်မြန်းထားကာ သူ့ဆံပင်ရှည်များကို စုစည်း၍ ဆံထုံးထုံးထားခဲ့သည်။ သူမဖော်ပြထားသော ‌မျက်ခုံးများမှာ နူးညံ့သိမ်မွေ့ဟန်ဖြင့် ပါးလွှာနေသော်လည်း သူမမျက်လုံးထဲရှိ အေးစက်မှုများကြောင့် သူမအရှိန်အဝါက ဆန်းကြယ်နေခဲ့၏။

ထိုစဉ် အပေါ်ပိုင်းဗလာဖြင့် ကောင်လေးတစ်ယောက် သူမပုခုံးပေါ်တွင် ပေါ်လာပြီး ခေါင်းစောင်းကြည့်လိုက်ကာ မေးလိုက်သည်။

“အမေ ဘာကိုကြည့်နေတာလဲ”

သေချာကြည့်ပါက ထိုကောင်လေး၏ ခြေထောက်များသည် အမျိုးသမီး၏ ပုခုံးထဲနစ်၀င်နေသည်ကို မြင်နိုင်ပြီး ထိုကောင်လေးသည် ဝိညဉ်ခန္ဓာတစ်ခုဖြစ်ကာ သက်ရှိတစ်ယောက် ဟုတ်မနေခဲ့ပေ။

All Chapters