← Chapters

အခန်း (၂၂၃-၂၂၄)

Vol. 18 Ch. 223-224

အခန်း (၂၂၃-၂၂၄)

Vol. 18 Ch. 223-224

အပိုင်း(၂၂၃)

အမတစိတ်ဝိညဉ် ငါဒါကိုယူမယ်!

“အမေက ဘယ်သူထပ်ကျဆုံးသွားပြန်ပလဲဆိုတာ ကြည့်နေတာ”

ခရမ်းရောင်၀တ်အမျိုးသမီး၏အသံသည် နူးညံ့သိမ်‌ေမွ့လှပြီး ခန်းမထဲတွင် စမ်းချောင်းထဲမှစီးဆင်းလာသော ရေသံနှယ် ဟိန်းထွက်လာခဲ့သည်။

သူမပုခုံးပေါ်မှကောင်လေး ရှုပ်ထွေးသွားဟန်ဖြင့် ပြောလိုက်သည်။

“ဘာကြည့်စရာရှိလို့လဲ လူတွေကတစ်ချိန်ကုန်သေနေကြတာပဲ မဟုတ်လား ဒီနံရံပေါ်က မီးအိမ်တစ်၀က်ကျော် မငြိမ်းသွားသေးသ‌ရွေ့ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေရဲ့ ကံကြမ္မာက ဆိုးရွားသွားမှာမှ မဟုတ်ဘဲ”

ခရမ်းရောင်၀တ်စုံ၀တ် အမျိုးသမီးပြန်ဖြေလိုက်သည်။

“အခုပဲ တစ်နေရာတည်းမှာ မြေလျှောက်အမတသုံးပါး သေသွားတယ် အဲ့ဒီနေရာက ကြယ်ပင်လယ်အဖွဲ့အစည်းနဲ့ နီးတဲ့နေရာပဲ အဲ့တာကသူတို့ရဲ့ ဇာတ်ကွက်ပဲလား အမှောင်ထဲကတစ်ယောက်ယောက်က တမင်တကာပြဿနာဖြစ်အောင် ကြိုးကိုင်နေတာလားဆိုတာ ငါမသိဘူး”

ကောင်လေးလည်း နံရံရှိ ဆီမီးအိမ်များကိုကြည့်ကာ စတင်‌စဉ်းစားလေတော့သည်။

ထိုအခိုက်တွင် အမှောင်ထဲမှ ခြေသံများထွက်ပေါ်လာပြီး အိုမင်းနေသောအသံကြီးတစ်သံ ထွက်ပေါ်လာခဲ့၏။

“ဂူသခင် စိတ်ဝိညဉ်ကြေးမုံက နတ်အာရုံအတက်အကျတွေကို ပြနေတယ်”

ထိုစကားကိုကြားသောအခါ ခရမ်းရောင်၀တ်အမျိုးသမီး အမှောင်ထဲသို့လှည့်ကာ လျှောက်သွားခဲ့လေသည်။

သူ့ပုခုံးပေါ်မှ ကောင်လေးမှာတော့ နောက်လှည့်လိုက်ပြီး နံရံပေါ်ရှိ ဆီမီးအိမ်များကိုသာ ကြည့်ရှုနေခဲ့၏။

…..

ခပ်မှောင်မှောင်ညကောင်း‌ကင်‌ေအာက်ရှိ မြို့ပျက်ကြီးတစ်ခုထဲတွင်

လက်ကိုးချောင်းနတ်အရှင မီးပုံတစ်ခုရှေ့တွင် တရားထိုင်နေပြီး ချူကျင့်ဖုန်းက သူ့ဘေးတွင် ထိုင်နေခဲ့သည်။

ချူကျင့်ဖုန်းအကြည့်က တစ်ခါတရံ အဝေးသို့ရောက်ရှိသွားပြီး ထိုနေရာတွင် ခပ်မှိန်မှိန်လရောင်အောက်၌ ထူထဲသော မြူခိုးများသိပ်သည်းလာပြီး ကြောက်မက်ဖွယ်တစ္ဆေအရိပ်များ ပေါ်လာတတ်၏။

“မင်းခံစားမိလား” လက်ကိုးချောင်းနတ်အရှင်ရုတ်တရက်မေးလိုက်သည်။

ချူကျင့်ဖုန်း သတိပြန်ကပ်သွားပြီး သတိထား၍ ပြန်မေးလိုက်၏။

“ဆရာ ဘာကိုခံစားမိရမှာလဲ”

လက်ကိုးချောင်းနတ်အရှင် ခပ်တိုးတိုးဖြေလိုက်သည်။

“အဲ့တာ ချဉ်းကပ်လာနေတာကို”

“ဘယ်သူလဲ”

“ကမ္ဘာခြားနတ်မြို့တော်ရဲ့ အမတစိတ်ဝိညဉ်”

ချူကျင့်ဖုန်းမျက်လုံးများ ပြူးကျယ်သွားပြီး သူ့အသက်ရှူသံများ မြန်လာခဲ့လေသည်။

ကမ္ဘာခြားနတ်မြို့တော်ထဲရောက်ကတည်းက သူလက်ကိုးချောင်းနတ်အရှင်ထံမှ အမတစိတ်ဝိညဉ်အကြောင်း သိရှိထားပြီးသား ဖြစ်၏။

အမတစိတ်ဝိညဉ်၏ သခင်အဖြစ် သတ်မှတ်ခံရသူသည် ဤကမ္ဘာခြားနတ်မြို့တော်ကြီးကို ထိန်းချုပ်နိုင်ပေလိမ့်မည်။

အမတစိတ်ဝိညဉ်၏ သခင်ရွေးချယ်ပုံသည် ကျင့်ကြံခြင်းနှင့်သာ မဆိုင်ဘဲ ကံကြမ္မာနှင့်လည်းသက်ဆိုင်နေသေးသည်။ ထို့ကြောင့်လည်း အမတလမ်းစဉ်အဆင့်မဟုတ်သူများပင် ဤနေရာသို့ လာနေကြခြင်း ဖြစ်သည်။

ချူကျင့်ဖုန်း ဤကမ္ဘာခြားနတ်မြို့တော်ကို သူရလိမ့်မယ်လို့တော့ မမျှော်လင့်ရဲဘဲ သူ့ဆရာရဖို့သာ မျှော်လင့်နေခြင်း ဖြစ်၏။

သူ့ဆရာပိုသန်မာလာလေလေ သူလည်းပိုအကျိုးရှ်ိလာလေလေပင်။ ထို့အပြင် လက်ကိုးချောင်းနတ်အရှင်သည် သူ့အား ဘ၀အသစ်တစ်ခုဖြင့် ပြန်လည်မွေးဖွားနိုင်ရန် လုပ်ပေးခဲ့သူဖြစ်သောကြောင့် သူ့နှလုံးသားအောက်ခြေမှလည်း အမှန်တကယ် သူ့ဆရာကို ရစေချင်ပေသည်။

လက်ကိုးချောင်းနတ်အရှင်ပြောနေတာကို ရပ်လိုက်ပြီး ဆက်လက်၍သာ ကျင့်ကြံနေခဲ့၏။

ချူကျင့်ဖုန်းမှာတော့ ဘာဆက်ဖြစ်လာမလဲဆိုတာကိုသာ စိတ်ကူးယဉ်နေခဲ့မိသည်။

သူမြို့ထဲသို့ ၀င်လာပြီးကတည်းက သူ့ဆရာနှင့်အတူတိုက်ပွဲများစွာကို ကြုံတွေ့ခဲ့ရပြီး ဖြစ်ကာ ရန်သူသည် မည်မျှသန်မာနေပါစေ ဘယ်သူမှသူ့ဆရာ၏ ပြိုင်ဘက်ဟုတ်မနေခဲ့ပေ။

ထို့ကြောင့် မကြာခင်တွင် အမတစိတ်ဝိညဉ်ပေါ်လာသည်နှင့် တစ်ပြိုင်နက်သူ့ဆရာကို ဘယ်သူမှတားဆီးနိုင်မည်မဟုတ်ဘဲ သူ့ဆရာက ကမ္ဘာခြားနတ်မြို့တော်၏ အရှင်သခင်ဖြစ်လာလိမ့်မည်ဟု သူယုံပေသည်။

လကွယ်ကာ နေထွက်လာခဲ့၏။

နေလုံးကြီးက ကမ္ဘာခြားနတ်မြို့တော်၏ အရှေ့ဘက်မှ ပြူထွက်လာခဲ့လေသည်။

ချူကျင့်ဖုန်းကျင့်ကြံနေရင်း ရုတ်တရက် သူ့အောက်ရှိမြေပြင် တုန်ခါလာသည်ကို ခံစားလိုက်ရ၏။ သူ့မျက်လုံးကိုချက်ချင်းဖွင့်ကြည့်လိုက်ရာ ပတ်၀န်းကျင်ရှိ အဆောက်အဦးများလည်း တုန်ခါနေသည်ကို တွေ့လိုက်ရသည်။

သူ့ရှေ့တွင်ထိုင်နေသော လက်ကိုးချောင်းနတ်အရှင်လည်း ဖြည်းဖြည်းချင်း ထရပ်ခဲ့၏။ သူဘာမှမမေးနိုင်ခင်မှာပင် လက်ကိုးချောင်းနတ်အရှင် ညာလက်ကိုမြှောက်လိုက်ရာ သူတို့နှစ်ယောက်လုံး ကောင်းကင်ဆီ ထိုးတက်သွားခဲ့ကြသည်။

ထို့နောက် ချူကျင့်ဖုန်းငုံ့ကြည့်လိုက်လေရာ အကြောက်တရားကြောင့် သူ့မျက်လုံးများ ပြူးကျယ်သွားခဲ့၏။

အဆုံးမဲ့သော မိစ္ဆာနှင့် တစ္ဆေအုပ်ကြီးသည် အရပ်မျက်နှာပေါင်းစုံမှ အနက်ရောင်လှိုင်းလုံးကြီးသဖွယ် လိမ့်တက်လာပြီး မြို့၏အဆောက်အအုံများအားလုံးကို ဖုံးလွှမ်းသွားသည်ကို သူတွေ့လိုက်ရသည်။

“ဒါကကမ္ဘာခြားနတ်မြို့တော်ရဲ့ စွမ်းအားအစစ်အမှန်ဖြစ်တဲ့ နတ်ဝိညဉ်မိစ္ဆာတွေပဲ မရေတွက်နိုင်လောက်တဲ့ နှစ်ပေါင်းများစွာကြာအောင် နတ်ဝိညဉ်မိစ္ဆာတွေကို ဒီနေရာမှာ စုဆောင်းခဲ့တာ ဒါက သေမျိုးကမ္ဘာတစ်ခုလုံးကို သိမ်းပိုက်ပစ်နိုင်တဲ့ အင်အားမျိုးပဲ”

လက်ကိုးချောင်းနတ်အရှင်အဝေးသို့ကြည့်ကာ မထူးခြားဟန်ဖြင့် ပြောလိုက်၏။

ချူကျင့်ဖုန်းမတုန့်ပြန်နိုင်ခင်မှာပင် လက်ကိုးချောင်းနတ်အရှင် သူ့ညာလက်ကို‌ေအာက်ဘက်သို့ ဖိချလိုက်လေသည်။

ဝုန်းးးး

အောက်ရှိ မြို့ပျက်ကြီး ချက်ချင်းပင် ကြေမွပျက်ဆီးသွားကာ နတ်ဝိညဉ်မိစ္ဆာများလည်း တစ္ဆေမြူခိုးများအဖြစ် ပြောင်းလဲသွားကြ၏။ ကြည့်ရသည်မှာ ကမ္ဘာကြီးတစ်ခုလုံးပင် ပြိုလဲပျက်ဆီးသွားသလိုဖြစ်နေပြီး ဖုန်မှုန့်များကြောင့် ကောင်းကင်နှင့်မြေပြင်ကိုပင် ရှင်းရှင်းလင်းလင်းမမြင်ရတော့ပေ။

ထိုစဉ် ချူကျင့်ဖုန်း ကလေးတစ်ယောက်၏ ဆော့ကစားလိုသောအသံဖြင့် ရယ်လိုက်ဟန်ကိုကြားလိုက်ရပြီး ကြက်သီးမွှေးညှင်းများ ထသွားခဲ့ရသည်။

….

ကမ္ဘာခြားနတ်မြို့တော် အရှေ့ဘက်၀င်ပေါက်တွင်

ဂိတ်ကြီးမှာ ပွင့်လျက်သားတည်ရှိနေသော်လည်း ဂိတ်အ၀င်အထွက်လမ်းတွင် မည်သူမှ ရှိမနေခဲ့ပေ။

ထိုစဉ် ရုတ်တရက် ဂိတ်အတွင်းရှိ လေဟာနယ်အက်ကွဲကြောင်းများဖြစ်ပေါ်လာပြီး ဂိတ်ထဲမှ ပုံရိပ်သုံးခု ထွက်ပေါ်လာခဲ့၏။ ထိုပုံရိပ်များမှာ အန်းဟောင် ချိပိုင်နှင့် ချိကျူရှောင်တို့သာ ဖြစ်ကြသည်။

သူတို့သုံးယောက်လုံးရှေ့သို့ ဆက်လှမ်းလာခဲ့ကြ၏။ အန်းဟောင်နောက်လှည့်ကြည့်၍ ကမ္ဘာခြားနတ်မြို့တော်ကြီး၏ ခန့်ညားလှသော ဂိတ်ကြီးကိုမြင်လိုက်ရပြီး သက်ပြင်းချလိုက်နိုင်ခဲ့သည်။

နောက်ဆုံးတွင် သူတို့ထွက်လာနိုင်ခဲ့ချေပြီ!

“အန်းဟောင်လား”

အဝေးမှ အသံတစ်သံထွက်ပေါ်လာပြီး အန်းဟောင်လှမ်းကြည့်လိုက်ရာ လုပိုင်ထျန်းပါသော ကျင့်ကြံသူတစ်စုကို တွေ့လိုက်ရ၏။

အန်းသောင်အမြန်အော်ခေါ်လိုက်လေသည်။

“ဆရာ!”

သူသွားရန်ပြင်လိုက်စဉ်တွင် ချိပိုင်သူ့အား တားလိုက်၏။

“အခုကစပြီး မင်းနဲ့အဓိပတိဂိုဏ်းရဲ့ ပတ်သက်မှုကို လက်မခံနဲ့တော့” ချိပိုင်အဝေးသို့ကြည့်နေရင်း လေးလေးနက်နက်ပြောလိုက်သည်။

အန်းဟောင်မျက်မှောင်ကြုံ့ကာ မေးလိုက်၏။

“ဘာလို့လဲ”

“သူတို့ဒီမှာရောက်နေကြပြီ!”

ချိပိုင်အမူအရာလေးနက်သွားခဲ့သည်။ ထို့နောက် မှော်အသုံးအဆောင်ကိုထုတ်ကာ တိုက်ခိုက်ရန် ပြင်လိုက်လေသည်။

ချိကျူရှောင်လည်းနဂါးသတ်လှံကိုထုတ်လိုက်ပြီး ကျိန်ဆဲလိုက်၏။

“ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေရဲ့ နယ်မြေထဲမှာရှိရတာ အတော်ဒုက္ခများတာပဲ ဒီကောင်တွေက မြန်မြန် လှုပ်ရှားနေကြတယ်”

“မြေလျှောက်အမတနှစ်ပါး ကျဆုံးသွားတာ ၇ရက်တောင်ရှိပြီပဲလေ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေသတိမထားမိဖို့ မဖြစ်နိုင်ဘူး” ချိပိုင် ခပ်အေးအေးပြောလိုက်သည်။

ချိကျူရှောင်သူ့ကိုကြည့်ကာ မေးလိုက်၏။

“ဆရာ ကျွန်တော်တို့ဘာလုပ်ကြမလဲ”

ချိပိုင် သရော်တော်တော်ပြောလိုက်သည်။

“တကယ်လို့ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက လှုပ်ရှားရင် ငါတို့ကြယ်ပင်လယ်အဖွဲ့အစည်းကလည်း လှုပ်ရှားမှာပေါ့!”

ထိုစကားကိုကြားသောအခါ ချိကျူရှောင်မျက်နှာပေါ် စိတ်အေးသွားသောအပြုံးတစ်ပွင့်ပေါ်လာခဲ့၏။ သူအဝေးသို့ လှည့်ကြည့်လိုက်ပြီး သူ့အကြည့်ထဲတွင် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေခဲ့သည်။

“ဆိုတော့ မင်းပေါ့ ကြယ်ပင်လယ်အဖွဲ့အစည်း ချိမိသားစုက ချိပိုင် မင်းငါတို့ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေပိုင်နက်ထဲမှာ ငါတို့တပည့်ကိုသတ်တဲ့ အကျိုးဆက်ကိုသိလား”

အေးစက်စက်အသံကြီးထွက်ပေါ်လာပြီး အသံထဲရှိ သတ်ဖြတ်ခြင်းဆန္ဒကြောင့် မြို့ပြင်ရှ်ိလူတိုင်း ကျောရိုးများ အေးစိမ့်သွားခဲ့ကြသည်။

အဓိပတိဂိုဏ်းမှတပည့်များလည်း အမြန်ထလာကြပြီး အဝေးကိုကြောက်လန့်တကြား ကြည့်နေခဲ့ကြ၏။

ထိုစဉ် ကြောက်စရာကောင်းသောအရှိန်အဝါများ အရပ်မျက်နှာပေါင်းစုံမှထွက်ပေါ်လာခဲ့ပြီး ကောင်းကင်နှင့်မြေပြင်ပင် တုန်ခါလာခဲ့လေသည်။

အန်းဟောင်လည်း သူတို့အဝိုင်းခံလိုက်ရပြီဆိုတာ သတိထားလိုက်မိ၏။

ထိုမျှကြောက်စရာကောင်းသောအရှိန်အဝါများနှင့်ဆိုလျှင် အားလုံးက မြေလျှောက်အမတများ ဖြစ်နိုင်ပါသလော။

သူကြိတ်၍သတိထားနေလိုက်ပြီး ချိပိုင်ကိုကြည့်ကာ ထိုစီနီယာက အကုန်လုံးကို ဟန့်တားထားနိုင်ပါ့မလားဆိုတာ တွေးနေမိသည်။

မည်သည့်အချိန်တွင် ကြယ်ပင်လယ်အဖွဲ့အစည်းမှ မြေလျှောက်အမတများက ရောက်ရှိလာမည်နည်း။

“အို့ အဲ့တော့ဒါက ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေပိုင်နက်ပေါ့ ငါက မင်းတို့ဒီနေရာကို စွန့်ပစ်ထားတာကြာပြီထင်နေတာ”

လွှမ်းမိုးနိုင်သော အသံကြီးတစ်သံသည် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေမှ မြေလျှောက်အမတကိုဆန့်ကျင်၍ ထွက်ပေါ်လာခဲ့လေသည်။

ချိပိုင်အသံပိုင်ရှင်ကို ရှင်းရှင်းလင်းလင်းမှတ်မိနေခဲ့ပြီး သူ့မျက်နှာတွင် အပြုံးတစ်ပွင့် ပေါ်လာခဲ့၏။

မြေလျှောက်အမတများ၏ စစ်မှန်သောတိုက်ပွဲမှာ စတင်ခဲ့ချေပြီ!

…..

ကမ္ဘာကြီးသည် ပျက်ဆီးနေကာ တ‌စ္ဆေမြူခိုးများက နေရာအနှံ့ရှိနေခဲ့သည်။ ချူကျင့်ဖုန်း ဘူးသီးခြောက်ပေါ်တွင် ရပ်နေရင်း သူ့ပတ်ပတ်လည်တွင် ရွှေအလင်းလွှာတစ်ခုရှိနေပြီး သူ့ကိုကာကွယ်ပေးထားခဲ့၏။

သူ့မျက်လုံးများကတော့ ရှေ့သို့သော ကြည့်နေခဲ့သည်။

လက်ကိုးချောင်းနတ်အရှင်သည် အပေါ်ပိုင်းဗလာနှင့် လေထဲတွင်ရပ်နေပြီး ကြမ်းတမ်းသောစွမ်းအင်များက သူ့ကိုယ်တွင်၀န်းရံနေပြီး သူ့ဆံပင်များက လေတွင်လွင့်နေကာ သူ့ပုံစံမှာ စစ်ပွဲနတ်ဘုရားတစ်ပါးနှင့်ပင် တူ၏။

သူ့ရှေ့တွင် ကြမ်းကြုတ်လှသောအနီရောင်ဖီးနစ်တစ်ကောင်ရှ်ိနေပြီး ထိုကောင်သည် လေထဲတွင်ဝဲနေကာ သူ့အတောင်များက ပေတစ်ထောင်ခန့်ရှည်လျားပြီး ထိုအတောင်ကြီးများကိုခတ်လုိက်ရာ စွမ်းအင်လှိုင်းများက နဂါးများသဖွယ် လက်ကိုးချောင်းနတ်အရှင်ဆီသို့ တိုး၀င်လာခဲ့လေသည်။

“ဟမ့် မင်းကဦးညွတ်ဖို့ ငြင်းဆန်မှတော့ ငါကမင်းကိုအတင်းသိမ်းသွင်းဖို့ပဲ လုပ်ရတော့မှာပေါ့!”

လက်ကိုးချောင်းနတ်အရှင်ပြောပြီးသည်နှင့် သူ့ကိုယ်ကို အနက်ရောင် သင်္ကေတများက ဖုံးလွှမ်းသွားပြီး ထိုသင်္ကေတများက တွားသွားတက်နေကာ မြင်ကွင်းမှာ ကြောက်စရာကောင်းနေခဲ့သည်။

ထို့နောက် သူဖီးနစ်ဆီသို့ တိုး၀င်သွားခဲ့၏။

ဖီးနစ်လည်း နားကွဲလုမတတ် စူးရှရှတစ်ချက် အော်ဟစ်လိုက်ကာ အတောင်ကြီးများကို တစ်ချက်ခတ်လိုက်ပြန်သည်။ ထိုအခါ သူ့ပတ်ပတ်လည်ဖုန်များ ပြန့်ကြဲသွားပြီး ဖုန်များထဲမှ ပေတစ်ရာခန့် မြင့်မားသော တစ္ဆေပုံရိပ်ကြီးများ ထွက်ပေါ်လာခဲ့၏။ ထိုပုံရိပ်ကြီးများသည် စစ်ပွဲချပ်၀တ်ကို၀တ်ဆင်ထား၍ လက်နက်ရှည်ကြီးများကို ကိုင်ဆောင်ထားကြပြီး ရှေးဟောင်းနတ်စစ်သူကြီးများနှင့်ပင် တူနေကြကာ သူတို့အရှိန်အဝါမ‌ှာ ပြိုင်ဘက်ကင်းနေသလိုပင်။

မျက်စိတစ်မှိတ်အတွင်း လက်ကိုးချောင်းနတ်အရှင် ကြောက်မက်ဖွယ်တ‌ေစ္ဆပံုရိပ်ကြီးများ၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရလေသည်။

ဝုန်းး…

ပြင်းထန်လှသော လေပြင်းတစ်ချက်တိုက်ခတ်သွားပြီး တ‌စ္ဆေအရိပ်များ လူစုကွဲကုန်ကြ၏။

ထိုစဉ် လက်ကိုးချောင်းနတ်အရှင် ညှာတာမှုကင်းမဲ့လှသော စွမ်းအားကြီးဖြင့် ဖီးနစ်ငှက်အားဦးတည်၍ တိုက်ခိုက်လိုက်ရာ မြစ်ချောင်းများ တောင်တန်းများပင် တုန်ခါသွားခဲ့ရသည်။

သူ့လက်သီးချက်ကြီးကြောင့် ဟင်းလင်းပြင်အက်ကွဲသွားကာ ထိုအက်ကွဲကြောင်းထဲမှ အချိန်မြစ်ကြီးကို ဖြတ်သန်းလာရဟန်ပေါ်သည့် ခေါင်းလောင်းကြီးတစ်လုံး ထွက်ပေါ်လာကာ ဖီးနစ်ဆီသို့ တိုး၀င်သွားခဲ့သည်။

ကြီးမားလွန်းလှသော ဖီးနစ်ငှက်ကြီးသည် ထိုခေါင်းလောင်းကြီးရှေ့၌ ရောက်သွားသောအခါတွင်မူ သစ်ပင်တစ်ပင်ရှေ့ရှိ စာကလေးတစ်ကောင်နှယ် ဖြစ်သွားခဲ့၏။

ထိုစဉ် ခေါင်းလောင်း၏ မျက်နှာပြင်ပေါ်မှ ချိန်းကြိုးများပေါ်လာပြီး ဖီးနစ်ငှက်ကို တုပ်နှောင်လိုက်သောကြောင့် ဖီးနစ်ငှက်ကြေကွဲဖွယ်ကောင်းသော အသံကြီးဖြင့် အော်ဟစ်လိုက်လေသည်။

သူမည်မျှရုန်းကန်နေပါစေ ချိန်းကြိုးများဆီမှ လုံး၀ မလွတ်မြောက်နိုင်ခဲ့ပေ။

လေထုသည် ပို၍ ထိန်းမနိုင်သိမ်းမရဖြစ်လာခဲ့ပြီး အရွယ်အစားအမျိုးမျိုးသော နတ်ဝိညဉ်မိစ္ဆာများကလည်း အရပ်မျက်နှာပေါင်းစုံမှ ချဉ်းကပ်လာခဲ့ကြသည်။ ထိုထဲတွင် ကောင်းကင်မှဆင်းသက်လာသည့် ပေတစ်ထောင်ခန့်မြင့်သည့် နတ်ဝိညဉ်မိစ္ဆာကြီးပင် ပါသေးသည်။

လက်ကိုးချောင်းနတ်အရှင်သည် မရေတွက်နိုင်သောရန်သူများကို တစ်ယောက်တည်းတိုက်ခိုက်နေရသော်လည်း သူ့လက်သီးချက်များက လေအလျင်နှယ် လျင်မြန်လှပြီး တောင်တန်းများမြစ်ချောင်းများက ဆက်လက်တုန်ခါနေခဲ့ကြ၏။

ချူကျင့်ဖုန်း ဘူးသီးခြောက်ပေါ်တွင် မတ်တပ်ရပ်နေရင်း သွေးများဆူပွက်လာခဲ့ရသည်။ သူ လက်ကိုးချောင်းနတ်အရှင်၏ လှုပ်ရှားမှုများကိုသေချာမမြင်ရသော်လည်း နတ်ဝိညဉ်မိစ္ဆာများ တစ်ယောက်ပြီးတစ်ယောက်ပျက်ဆီးသွားနေသည်ကိုတော့ မြင်နေရပြီး ထိုအရာမှတစ်ဆင့် လက်ကိုးချောင်းနတ်အရှင်၏ ကြီးမားလှသောစွမ်းအားကို မြင်တွေ့နေခဲ့ရသည်။

သန်မာလိုက်တာ!

ထိုအခိုက်တွင် ဓားလမ်းစဉ်က စွမ်းအားအကြီးဆုံးလမ်းစဉ်မဟုတ်ဘဲ ခန္ဓာလမ်းစဉ်ကသာ စွမ်းအားအကြီးဆုံးဟုပင် ချူကျင့်ဖုန်း ခံစားလိုက်ရ၏။

ကမ္ဘာကြီးသည် ဟိန်းဟောက်သံများနှင့်ပြည့်နေကာ မြေပြင်‌ေပါ်မှ ဖုန်များက တလိပ်လိပ်တက်နေခဲ့သည်။ လက်ကိုးချောင်းနတ်အရှင် နတ်ဝိညဉ်မိစ္ဆာများကို မည်မျှပင်သတ်နေပါစေ သူတို့သည် အဆုံးမဲ့နေသကဲ့သို့ တစ်ကောင်ပြီးတစ်ကောင်ထပ်ပေါ်လာနေကြဆဲပင်။

ဂျိန်းးးး

ကြီးမားလွန်းလှသော အရိပ်ကြီးတစ်ခု ကမ္ဘာမြေထောင့်စွန်းမှပေါ်လာခဲ့ပြီး သူ့ပုံစံကြီးသည် တောင်ကြီးတစ်လုံးလို ဖြစ်နေခဲ့၏။

ချူကျင့်ဖုန်း အဝေးသို့ကြည့်နေရင်း ကျောရိုးများအေးစိမ့်သွားခဲ့ရသည်။

“ဒါဘာကြီးလဲ…” သူကြောက်လန့်တကြား တွေးလိုက်မိ၏။

သူတွေးလို့မဆုံးခင်မှာပင် ဆန်းကြယ်လှသောဘီလူးကြီးသည် ဖုန်လှိုင်းကြီးများထဲမှ ပြေးထွက်လာခဲ့လေသည်။ ထိုအရာသည် ပေတစ်သောင်းခန့်မြင့်ကာ သန်မာသောခန္ဓာကိုယ်တည်ဆောက်ပုံနှင့် ကြွက်သားများက ကျောက်တောင်များနှယ်ရှိပြီး သက်ရှိတိုင်းကိုကြောက်ရွံ့သွားစေနိုင်သည့် အရှိန်အဝါရှိသော ပုံရိပ်ကြီးတစ်ခု ဖြစ်၏။

ထိုကောင်ကြီးသည် တကိုယ်လုံးနက်မှောင်နေ‌ကာ ရှုပ်ပွနေသော ဆံပင်များနှင့် သူတကိုယ်လုံးတွင် ချပ်၀တ်ဘောင်းဘီကိုသာ၀တ်ထားပြီး လက်ထဲတွင် ပုဆိန်ကြီးတစ်လက်ကို ကိုင်ထားခဲ့သည်။

ထိုစဉ်သူ့ပုဆိန်ကြီးအား လက်နှစ်ဖက်ဖြင့်ကိုင်လိုက်ပြီး ရှေ့သို့လွှဲခုတ်လိုက်၏။ ပုဆိန်ခုတ်ချက်ကြီး ကျရောက်မလာခင် ပုဆိန်လမ်းကြောင်းတစ်လျှောက် လေပြင်းအရှိန်တိုက်ခတ်စဉ်မှာပင် အနီးရှိ ဘူးသီးခြောက်ပေါ်ရှ်ိ ချူကျင့်ဖုန်းကို လွင့်ထွက်တော့မလို ဖြစ်သွားစေခဲ့သည်။

လက်ကိုး‌ချောင်းနတ်အရှင် ဘူးသီးခြောက်ရှေ့တွင် ရုတ်တရက်ပေါ်လာပြီး လက်သီးတစ်ချက် ထုတ်လိုက်၏။

ဝုန်းးး

နားကွဲလုမတတ်အသံကြီးထွက်ပေါ်လာကာ လက်ကိုးချောင်းနတ်အရှင် ဆန်းကြယ်သောပုံရိပ်ကြီး၏ ပုဆိန်အား ထိပ်တိုက်ရင်ဆိုင်လိုက်လေသည်။

ထို့နောက် နှစ်ယောက်လုံးနောက်ဆုတ်လိုက်ရပြီး သူ့ညာလက်ထုံကျင်သွားသောကြောင့် လက်ကိုးချောင်းနတ်အရှင် မျက်မှောင်ကြုံ့သွားမိ၏။

ဆန်းကြယ်သောဘီလူးကြီးလည်း ခြေလှမ်းများစွာ နောက်ဆုတ်လိုက်ရပြီးမှ ရပ်တန့်သွားခဲ့ပြီးနောက် နောက်တစ်ချက်ထပ်ခုတ်လိုက်ပြန်သည်။ ဤတစ်ကြိမ်တွင် ကောင်းကင်မှဆန်းကြယ်သောစွမ်းအားများကို ပုဆိန်သွားတွင် စုစည်းပြီးမှ ဖန်တီးခြင်းစွမ်းအားကိုသုံးကာ မြှောက်၍ ခုတ်ချလိုက်ခြင်း ဖြစ်၏။

လက်ကိုးချောင်းနတ်အရှင် သူ၏ လေးချောင်းသာပါသော လက်ကိုထုတ်လိုက်ပြီး လက်နှစ်ချောင်းဖြင့် ရှေ့သို့ထိုးလိုက်ရာ ရွှေရောင်အလင်းတန်းတစ်ခု တိုးထွက်သွားခဲ့ပြီး ထိုအလင်းတန်းက လမ်းတစ်လျှောက်အရာမှန်သမျှကို ဖြတ်သန်းသွားခဲ့လေသည်။

ဝုန်းးး

ပေတစ်သောင်းခန့်မြင့်သောဘီးလူးအရိပ်ကြီးသည် အလင်းတန်း၏ သတ်ဖြတ်ခြင်းကိုခံလိုက်ရပြီး လေထဲတွင် လေဟာနယ်ကာကျန်ခဲ့ကာ သူ့အောက်တွင်တော့ ချောက်နက်ကြီးတစ်ခု ဖြစ်ပေါ်သွားခဲ့သောကြောင့် ချူကျင့်ဖုန်းပင် အံ့အားသင့်သွားခဲ့ရသည်။

ထို့နောက် လက်ကိုးချောင်းနတ်အရှင်ပြန်လှည့်ကာ ဖီးနစ်ငှက်ဆီသို့ ပြန်သွားလိုက်၏။

ဖီးနစ်ငှက်သည် ရှေးဟောင်းခေါင်းလောင်း၏ ထောင်ချောက်တွင်မိနေဆဲဖြစ်ကာ ရုန်းမထွက်နိုင်သေးပေ။

လက်ကိုးချောင်းနတ်အရှင် ဖီးနစ်ငှက်နားရောက်ခါနီးအချိန်တွင် ပုံရိပ်တစ်ခုလေထဲမှပေါ်ပေါက်လာခဲ့ပြီး ဖီးနစ်ငှက်ကိုဖမ်းရန် လက်ကိုမြှောက်လိုက်လေသည်။

ထိုအခါ ပေတစ်ထောင်ခန့်ရှိသော အတောင်များရှိသည့် ဖီးနစ်ငှက်ကြီးသည် ထိုလူ၏လက်ဝါးအရွယ်ပြောင်းလဲသွားခဲ့၏။

“မင်းကဘယ်သူလဲ” လက်ကိုးချောင်းနတ်အရှင် အသံနက်ကြီးဖြင့် မေးလိုက်သည်။ တစ်ဖက်လူ၏ခွန်အားကို သူမသိသေးသောကြောင့် အရမ်းကာရော ၀င်မတိုက်ခိုက်ခဲ့ပေ။

အစွန်းကိုးပါးယင်ယန်ခန္ဓာကိုအသုံးပြုထားသောကုအန် လက်ကိုးချောင်းနတ်အရှင်ဘက်လှည့်ကာ ပြောလိုက်သည်။

“အမတစိတ်ဝိညဉ် ငါဒါကိုယူမယ်!”

လက်ကိုးချောင်းနတ်အရှင်၏မျက်နှာဒေါသကြောင့် ရှုံ့မဲ့သွားကာ ဒေါသတကြီးဟိန်းဟောက်လိုက်၏။

“မောက်မာလိုက်တာ!”

အပိုင်း(၂၂၄)

သူ့သခင်ကို အသိအမှတ်ပြုလိုက်သည့် ကမ္ဘာခြားနတ်အမတစိတ်ဝိညဉ်

ဒေါသထွက်နေသော လက်ကိုးချောင်းနတ်အရှင်ကို ရင်ဆိုင်နေရသော်လည်း ကုအန် တည်ငြိမ်နေဆဲပင်။ သူဖီးနစ်ကို လက်ဖဝါးထဲထည့်ထားရင်း ပြောလိုက်သည်။

“ဂရုစိုက် ခံစားကြည့် ပြီးရင် ဒီကမ္မအကျိုးဆက်တွေကမင်းကိုင်တွယ်နိုင်တဲ့အရာမဟုတ်ဘူးဆိုတာ သိလာလိမ့်မယ်”

ထိုစကားကိုကြားသောအခါ တိုက်ခိုက်တော့မည့် လက်ကိုးချောင်းနတ်အရှင် ရပ်တန့်သွားကာ နတ်အာရုံဖြန့်ကြည့်လိုက်၏။

တခဏကြာသောအခါ သူ့အမူအရာချက်ချင်းပြောင်းလဲသွားပြီး မျက်လုံးထဲ ကြောက်ရွံသော အရိပ်အယောင်များ ပေါ်လာခဲ့လေသည်။

နတ်ဝိညဉ်မိစ္ဆာများသည် ဆက်လက်ထွက်ပေါ်လာနေဆဲဖြစ်ပြီး အဆင်အခြင်မဲ့ဆက်လက်တိုး၀င်လာကာ အော်သံများက ကောင်းကင်တစ်ခွင် ဟိန်းထွက်နေခဲ့သည်။

ထိုစဉ် ကုအန် ရုတ်တရက်သူ့လက်ဖဝါးထဲရှိ ဖီးနစ်ကို ညှစ်ချလိုက်ရာ နတ်ဝိညဉ်မိစ္ဆာများအားလုံး တစ်ကောင်ပြီးတစ်ကောင် ပြာမှုန့်များအဖြစ်ပြောင်းလဲသွားပြီး ကမ္ဘာကြီးက တိတ်ဆိတ်သွားခဲ့၏။

ဘူးသီးခြောက်ပေါ်ရှိ ချူကျင့်ဖုန်း အဝေးရှိပုံရိပ်ကို မြင်လိုက်သောအခါ သူ့အမူအရာချက်ချင်းပြောင်းလဲသွားခဲ့လေသည်။

မိစ္ဆာချီများ၀န်းရံထားသည့် ခရမ်းရင့်ရောင် မိစ္ဆာအရိပ်….

“ဆရာသ…”

သူ့ပါးစပ်က ခပ်တိုးတိုးထွက်ဖို့ပြင်လိုက်သော်လည်း ကြောက်မက်ဖွယ် နတ်အာရုံက သူ့ကိုမထွက်နိုင်အောင် ပိတ်လိုက်သောကြောင့် သူကြောက်ရွံ့သွားကာ တိတ်ဆိတ်သွားခဲ့သည်။

‌လက်ကိုးချောင်းနတ်အရှင်လည်း စိတ်ပြန်လည်တည်ငြိမ်သွားပြီဖြစ်ပြီး ကုအန်ကိုကြည့်ကာ မေးလိုက်၏။

“မင်းဘာလုပ်ဖို့ အစီအစဉ်ရှိလဲ”

သူကမ္ဘာမြေကြီးအောက်ရှိ ကြီးထွားလာသော ကြောက်မက်ဖွယ်တည်ရှိမှုတစ်ခုကို အာရုံခံလိုက်မိ၍ ဖြစ်သည်။

အရှိန်အဝါသက်သက်နှင့်ပင် ထိုအရာသည် သူရင်ဆိုင်နိုင်သောအရာ မဟုတ်ပေ။

ကုအန် ဘာမှပြန်မဖြေဘဲ သူ့လက်ဖဝါးကိုသာ အောက်သို့လှန်ချလိုက်၏။

ဂျိန်းးးး

ကမ္ဘာမြေကြီးအက်ကွဲသွားကာ ကျောက်တုံးများက လေပေါ်ပျံတက်လာကြပြီး ကမ္ဘာကြီးတစ်ခုလုံးမှာ ပြိုပျက်သွားတော့ မလိုပင်။ ကုအန် ထုတ်လွှတ်လိုက်သောအဟုန်က ‌လက်ကိုးချောင်းနတ်အရှင်ကိုပင် ကြောက်ရွံ့သွားစေခဲ့သည်။

“သူ့ကျင့်ကြံခြင်းက ဘယ်လောက်တောင်မြင့်တာလဲ” လက်ကိုးချောင်းနတ်အရှင်တွေးလိုက်မိပြီး ကံကောင်းသည်ဟု ခံစားလိုက်ရ၏။

အကယ်၍ သူသာခုနကအဆင်အခြင်မဲ့ တိုက်ခိုက်သည်ဖြစ်စေ သို့မဟုတ် ထိုလူကသူ့ကိုခြုံခိုတိုကိခိုက်ခဲ့သည်ဖြစ်စေ ထိုကဲ့သို့သောအရာမျိုးဖြစ်ခဲ့ပါက သူတကယ့်အန္တရာယ်ပဲ ကျရောက်သွားခဲ့ရပေလိမ့်မည်။

ချူကျင့်ဖုန်းလည်း အောက်သို့ ထိတ်လန့်နေဟန်ဖြင့် ကြည့်ရှုနေခဲ့သည်။ ကျောက်တုံးများသည် သူ့ပတ်ပတ်လည်သို့ ပျံတက်လာကြခြင်းဖြစ်ပြှီး ကောင်းကင်သို့ဦးတည်၍ ဆက်လက်ပျံဝဲနေကြ၏။ ကမ္ဘာမြေကြီးသည်လည်း အက်ကွဲနေကာ မြင်ကွင်းက ကြောက်မက်ဖွယ်ကောင်းသောကြောင့် သူအသက်ပင်မရှူဝံ့ခဲ့ပေ။

ရုတ်တရက် တခုခုကို မြင်လိုက်ရသောကြောင့် သူ့မျက်လုံးများ ပြူးကျယ်သွားကာ တကိုယ်လုံးတုန်ရီသွားခဲ့လေသည်။

အက်ကွဲသွားသော ကမ္ဘာမြေကြီးက၏အောက်တွင် အနက်ရောင်အရာကြီးတစ်ခုပေါ်ထွက်လာပြီး ထိုအရာကြီးမှာ အဆုံးမဲ့ကာ ကြောက်စရာကောင်းလှသည်။

နေ့အချိန်မှာပင် သူ့မည်းနက်နေမှုက ကြောက်စရာကောင်းလွန်းလှ၏။

အပေါ်စီးမှကြည့်ပါက ထိုကောင်ကြီးသည် တစ်ခုခုကြောင့် နာကျင်ခံစားနေရပုံ ပေါ်ပေသည်။ သို့သော် ကြီးမားလွန်းလှသောကြောင့် သူ့အသွင်သဏ္ဍာန်နှင့် ဘာကောင်ကြီးလဲဆိုတာကိုတော့ မသိနိုင်ခဲ့ပေ။

ကုအန်အကြည့်များ အနက်ရောင်ပုံရိပ်ကြီးပေါ် ရောက်ရှိနေခဲ့၏။

[ကမ္ဘာခြားနတ်အမတစိတ်ဝိညဉ်(ကောင်းကင်ဈာန်အမတ အဆင့် ၃): ၀/၀/၀]

သက်တမ်းမပြပေမယ့် အဆင့်ကတော့ ရှိနေတာပဲ!

ကုအန် လေထဲရှိ ညာလက်ကို ရုတ်တရက် လက်သီးဆုပ်လိုက်ရာ အနက်ရောင်ပုံရိပ်ကြီးက မြင်နိုင်သည့်အလျင်ဖြင့် အလျင်အမြန်ကြုံ့သွားခဲ့လေသည်။

ဤအရာမှာ လက်ဖဝါးထဲကစကြာ၀ဠာသာ ဖြစ်၏။

အရင်တစ်ခါ သူဖီးနစ်ကို သူ့လက်ဖဝါးထဲ ထည့်လိုက်‌သည်မှာလည်း ဤနတ်သိုင်းဖြင့်သာ ဖြစ်ပေသည်။ ယခုအခါကတော့ ကောင်းကင်ဈာန်အမတတစ်ပါးကို ဖမ်းလိုက်ခြင်း ဖြစ်ပေသည်။

ကမ္ဘာခြားနတ်အမတစိတ်ဝိညဉ် ထိတ်ပြာသွားသော်လည်း ကုအန်လင်းရှီများဖြင့် ရစ်ပတ်ခံထားရသောကြောင့် လွတ်မြောက်စရာအ‌ေကြာင်းတော့ မရှိနိုင်ပေ။ လက်ကိုးချောင်းနတ်အရှင်နှင့် ချူကျင့်ဖုန်း၏ အကြည့်များအောက်တွင် အနက်ရောင်ပုံရိပ်ကြီးမှာ လျင်မြန်စွာပင် ကြုံ့သွားခဲ့၏။

တဖြည်းဖြည်းနှင့် ထိုအရာကြီးသည် ကုအန်လက်ထဲသို့ အနက်ရောင်ချီထုထည်တစ်ခုအဖြစ်ဖြင့် ကျရောက်သွားခဲ့သည်။

ထို့နောက် ကုအန် လက်ကိုးချောင်းနတ်အရှင်နှင့် ချူကျင့်ဖုန်းတို့ရှေ့မှ ရုတ်ချည်းပျောက်ကွယ်သွားခဲ့ပြီး သူတို့နှစ်ယောက်မှာတော့ အချိန်အတန်ကြာထိ အသိစိတ်ပြန်၀င်မသွားခဲ့သေးပေ။

အချိန်အတန်ကြာမှသာ ချူကျင့်ဖုန်း သူ့ဆရာဘေးသို့သွားလိုက်ပြီး ထိတ်လန့်နေဟန်ဖြင့် မေးလိုက်သည်။

“ဆရာ ကျွန်တော်တို့ဘာဆက်လုပ်သင့်လဲ”

ခုနကပုံရိပ်သည် ဆရာသခင်ဓားအရှင်မှန်း သူသိသော်လည်း မပြောဖို့သာ ဆုံးဖြတ်ထားခဲ့၏။

ဆရာသခင်ဓားအရှင်သည် အဓိပတိဂိုဏ်းသားများနှလုံးသားထဲတွင် အလေးစားရဆုံးပုဂ္ဂိုလ်သာ ဖြစ်သည်။ သူသည် အဓိပတိဂိုဏ်းနှင့် မင်းဆက်သုံးခုရှိလူသားမျိုးနွယ်ကို အကြိမ်ပေါင်းများစွာ ကယ်တင်ခဲ့သောကြောင့် ချူကျင့်ဖုန်း သူ့အပေါ်တွင် အသက်တစ်သက်အကြွေးတင်နေသည်ဟု ခံစားရပြီး သူ့ဘက်တွင်သာနေဖို့ ဆုံးဖြတ်ထားခဲ့သည်။

အကယ်၍ သူဆရာသခင်ဓားအရှင်၏ သရုပ်မှန်ကို ထုတ်ပြောလိုက်လျှင်တောင် သူ့ဆရာကို အန္တရာယ်ထဲတွန်းပို့လိုက်သလိုသာ ဖြစ်သွားပေလိမ့်မည်။

ခုနပြသခဲ့သော စွမ်းအားများအရ သူ့ဆရာသည် ဆရာသခင်ဓားအရှင်၏ ပြိုင်ဘက်ဖြစ်ပုံမရပေ။

ဤရက်များအတွင်း သူ့ဆရာနောက်သို့ လိုက်နေရင်း သူ့ဆရာသည် ဆရာသခင်ဓားအရှင်ထက်ပင် သန်မာလောက်သည်ဟု သူထင်နေခဲ့မိ၏။

သို့သော်လည်း နောက်ဆုံးရလဒ်မှာတော့…

သူဆရာသခင်ဓားအရှင် မည်မျှစွမ်းအားကြီးသလဲဆိုတာ မသိချင်ဘဲ မနေနိုင်တော့ပေ။

ကြည့်ရသည်မှာ ဆရာသခင်ဓားအရှင်သည် အဓိပတိဂိုဏ်းမှမဟုတ်ဘဲ သူတို့ကိုကာကွယ်ဖို့သာ ဂိုဏ်းထဲတွင် ပုန်းအောင်းနေပုံ ရပေသည်။

လက်ကိုးချောင်းနတ်အရှင်လည်း အသက်ပြင်းပြင်းရှူလိုက်ကာ ပြောလိုက်၏။

“ထွက်သွားဖို့အချိန်ကျပြီ”

ကမ္ဘာခြားနတ်အမတစိတ်ဝိညဉ်ကို ယူဆောင်သွားခံလိုက်ရခြင်းက သူ့ကိုဒေါသထွက်သွားစေသော်လည်း ကုအန် ထုတ်ပြခဲ့သော လက်ဖဝါးထဲကစကြာ၀ဠာက သူ့တိုက်ခိုက်လိုစိတ်ကို ဖျက်ဆီးသွားခဲ့သည်။

ထို့အပြင် ကမ္ဘာခြားနတ်အမတစိတ်ဝိညဉ်မှ ထွက်ပေါ်နေသော အရှိန်အဝါကလည်း သူကိုင်တွယ်နိုင်သောအရာ ဖြစ်ပုံမရဘဲ အကယ်၍ထိုလူသာ ၀င်မပါခဲ့လျှင် သူထိုစိတ်ဝိညဉ်၏ ဝါးမြိုခြင်းကိုခံလိုက်ရပြီး နတ်ဝိညဉ်မိစ္ဆာတစ်ကောင်သာ ဖြစ်သွားခဲ့ရပေလိမ့်မည်။

ချူကျင့်ဖုန်း သူ့ဆရာ၏စကားကိုကြားလိုက်မှသာ ကြိတ်၍သက်ပြင်းချနိုင်ခဲ့သည်။

သူ့ဆရာ ထိုအရာကိုစွဲလန်းပြီး မစွန့်လွှတ်နိုင်မှာကို သူတကယ်ပဲ ကြောက်နေခဲ့မိ၏။

ကမ္ဘာခြားနတ်မြို့တော်တွင်ညယ အချိန်အတန်ကြာသွားလာပြီးသည့်နောက် သူဆုလဒ်အချို့ရရှိပြီးဖြစ်ပြီး အဓိပတိဂိုဏ်းသို့ပြန်ကာသာ ထိုအရာများနှင့်အတူ တံခါးပိတ်ကျင့်ကြံချင်နေခဲ့သည်။

တစ်ဖက်တွင်

ကုအန် လူသူအရောက်အပေါက်အနည်းဆုံး ကမ္ဘာငယ်လေးတစ်ခုထဲသို့ ရောက်ရှိနေခဲ့၏။ ထိုနေရာတွင် သက်ရှိဟူ၍ ဘယ်အရာမှမရှိဘဲ မြေပြင်တွင် သစ်ပင်များက မကောင်းဆိုးဝါးတစ္ဆေများနှယ် ခပ်စိတ်စိတ်ပေါက်နေခဲ့ကြသည်။

ကုအန် သူ့လက်ထဲရှိ ရုန်းကန်လှုပ်ရှားမနေတော့သော်လည်း တုန်ရီနေသော ကမ္ဘာခြားနတ်အမတစိတ်ဝိညဉ်ကို ကြည့်လိုက်၏။

ကုအန်ထိုအရာကို မည်သူ့ကိုပေးရမလဲ စဉ်းစားနေချိန်တွင် ထိုအနက်ရောင်ချီဒြပ်ထုကြီးသည် ပွင့်အာသွားကာ ကုအန်လက်ထဲသို့ ဖောက်၀င်သွားခဲ့လေသည်။

ဖြစ်စဉ်မှာ အလွန်လျင်မြန်လွန်းလှ၏။ ကုအန် ထိုအရာကိုရပ်တန့်ချင်သော်လည်း ရုတ်တရက် ထိုအရာ၏ခံစားချက်များကို ခံစားလိုက်မိသည်။

ထိုအရာသည် ပျော်ရွှင်ကျေနပ်နေခြင်းဖြစ်၏။

ကုအန်လည်း တိတ်ဆိတ်သွားခဲ့သည်။

မကြာခင်တွင် သူ့လင်းရှီများသည် ကမ္ဘာခြားနတ်အမတစိတ်ဝိညဉ်နှင့် တဖြည်းဖြည်း ပေါင်းစပ်သွားသည်ကို ကုအန်ခံစားလိုက်မိ၏။ ထိုအရာသည် သူတစ်ခါမှ မခံစားခဲ့ဖူးသော သခင်အဖြစ်အသိအမှတ်ပြုသည့် ဖြစ်စဉ်သာ ဖြစ်ပေသည်။

မိနစ်သုံးဆယ်ခန့်ကြာသောအခါ

ကမ္ဘာခြားနတ်အမတစိတ်ဝိညဉ်သည် ကုအန်၏ လက်ဖဝါးထဲတွင် တစ်ဖန်ပြန်လည်ဖွဲ့တည်လာခဲ့ပြန်သည်။

အခုကစပြီး ကုအန်သည် ကမ္ဘာနတ်မြို့တော်နှင့် ကမ္ဘာခြားနတ်အမတစိတ်ဝိညဉ်၏ သခင် ဖြစ်သွားခဲ့ချေပြီ။

ထိုအရာက သူ့ကို စိတ်ရှုပ်ထွေးသွားစေခဲ့သည်။

အကယ်၍သူသာ ခုနကဖြစ်စဥ်ကို အတင်းအကြပ် ရပ်တန့်လိုက်ပါက အမတစိတ်ဝိညဉ်သည် ပြာမှုန့်များအဖြစ် ပျောက်ကွယ်သွားရမည် ဖြစ်သည်။ ထို့ကြောင့်လည်း သူလက်ခံခဲ့ခြင်း ဖြစ်၏။

ဒါပေါ့ ယခုအခါ ကုအန်သည် ကမ္ဘာခြားနတ်အမတစိတ်ဝိညဉ်အား အလွယ်တကူပင်ဆုပ်ချေ၍ ရှင်းလင်းပစ်နိုင်ပြီ ဖြစ်သည်။

သခင်အဖြစ်လက်ခံပြီးသည့်နောက် ကုအန် ကမ္ဘာခြားနတ်မြို့တော်ကို ပို၍ နားလည်လာခဲ့ရသည်။

အကယ်၍ ကမ္ဘာခြားနတ်အမတစိတ်ဝိညဉ်ဖျက်ဆီးခံလိုက်ရလျှင်တောင် ကမ္ဘာခြားနတ်မြို့တော်ကျန်ရှိနေသေးသရွေ့ ထိုအရာသည် ပျက်ဆီးသွားမည်မဟုတ်ဘဲ နောက်ထပ် အမတစိတ်ဝိညဉ်တစ်ခု မြို့ထဲတွင် ပြန်လည်မွေးဖွာလာဦးမည်ဖြစ်သည်။ ပြန်လည်မွေးဖွားလာသည့်အရာသည် ယခင် အမတစိတ်ဝိညဉ်နှင့် အတူတူသာ ဖြစ်နေဦးမလားဆိုတာတော့ ကုအန်ဘလည်းမသိပေ။

“သခင်”

ကုအန်စိတ်ထဲတွင် ‌ကောင်လေးတစ်ယောက်အသံနှင့်တူသော ကမ္ဘာခြားနတ်အမတစိတ်ဝိညဉ်၏ အသံ ဟိန်းထွက်လာခဲ့သည်။

ကုအန် မေးလိုက်၏။

“ငါ့ကို သခင်အဖြစ်ဖုံးကွယ်ထားပြီး အခြားသူတစ်ယောက်ရဲ့ သခင်အဖြစ်ပေါ်လာပြီး သူ့ကိုမင်းစွမ်းအားတွေ ‌မျှပေးလို့ရလား”

ကုအန်လက်ထဲရှိ ကမ္ဘာခြားနတ်အမတစိတ်ဝိညဉ်တုန်ခါလာကာ အနက်ရောင်ပုံရိပ်လေးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုပုံရိပ်လေးသည် မည်သည့်အမွှေးအမျှင်မှမရှိသော ငါးနှစ်ခြောက်နှစ်အရွယ် ကောင်လေးတစ်ယောက်ပုံစံဖြစ်ပြီး တစ်ဆယ်စင်တီမီတာခန့်သာ ရှိကာ ကုအန်လက်ဖဝါးပေါ်တွင် မတ်တပ်ရပ်နေခဲ့၏။

ကမ္ဘာခြားနတ်အမတစိတ်ဝိညဉ် ခေါင်းအနည်းငယ်စောင်းလိုက်ကာ ကုအန်ပြောသည်ကို တခဏတာစဉ်းစားနေလိုက်ပြီးပြောလိုက်သည်။

“လုပ်လို့တော့ရပါတယ် ဒါပေမယ့် သခင်ကကျွန်တော်နဲ့နေရတာ မပျော်လို့လား”

ကုအန်ဖြေလိုက်၏။

“မဟုတ်ပါဘူး ငါကမင်းကို ငါ့ဂျူနီယာတစ်ယောက်ကို ကာကွယ်ခိုင်းချင်တာ ဒါပေမယ့် မင်းငါ့ရဲ့တည်ရှိမှုကို လုံး၀ဖော်ထုတ်လို့မရဘူး သူ့ကမင်းသခင်အဖြစ်ပဲ ဟန်ဆောင်နေရမယ်”

ထိုစကားကိုကြားသောအခါ ကမ္ဘာခြားနတ်အမတစိတ်ဝိညဉ် ရိုရိုကျိုးကျိုးခေါင်းညိတ်ပြလိုက်လေသည်။

ထို့နောက် ကုအန်လည်း သူနှင့်အတူ ထိုနေရာမှ ပျောက်ကွယ်သွားခဲ့၏။

ကုအန် တောအုပ်တစ်ခုထဲတွင် လီယနှင့်ကျန်းပုကူတို့ အနားယူနေကြသော နယ်မြေထဲသို့ ရောက်ရှိလာခဲ့သည်။

ကုအန် ကမ္ဘာခြားနတ်အမတစိတ်ဝိညဉ်အား လီယကိုရှာရန် တိုက်ရိုက်အမိန့်ပေးခဲ့လိုက်၏။

အမတစိတ်ဝိညဉ်လည်း ချက်ချင်းပင် လီယကိုရှာရန် ကုအန်လက်ထဲမှ ခုန်ထွက်သွားခဲ့လေသည်။

ကမ္ဘာခြားနတ်မြို့တော်ထဲတွင် ကုအန် ဂရုအစိုက်ဆုံးလူမှာ သံသယကင်းစွာပင် လီယသာ ဖြစ်၏။ လီယတွင် အခွင့်အလမ်းများစ‌ွာရှိခဲ့သော်လည်း အန်းဟောင်နှင့် လုရှန်တို့လို ပါရမီရှင်များနှင့် ယှဉ်လိုက်ပါက လီယသည် အတော်လေး နောက်ကောက်ကျကျန်ရစ်ခဲ့သည်။

အန်းဟောင်အတွက်တော့ ကြယ်ပင်လယ်အဖွဲ့အစည်းထဲ ၀င်လိုက်သည်နှင့် သူသည် တဖြည်းဖြည်းတိုးတက်လာမည်သာ။ ထိုဂိုဏ်းထဲရောက်သည်နှင့် အထွတ်အထိပ်အမတရတနာအတုဖြစ်သော ကမ္ဘာခြားနတ်မြို့တော်မရှိတောင် သူ့တွင်လည်း နဂါးသတ်လှံထက် အားမနည်းသည့် အမတရတနာတစ်ခု ရရှ်ိလာပေလိမ့်မည်။

ကမ္ဘာခြားနတ်အမတစိတ်ဝိညဉ်သည် တဖြည်းဖြည်းလီယတို့နား ချဉ်းကပ်လာခဲ့ပြီး သူ့အရှိန်အဝါမှာ ရှာဖွေရန်ခက်ခဲလှသောကြောင့် တရားထိုင်နေသည့် လီယနှင့် ကျန်းပုကူတို့ သတိမထားမိခဲ့ကြပေ။

ကမ္ဘာခြားနတ်အမတစိတ်ဝိညဉ် လီယပုခုံးပေါ်ရောက်သွားသောအခါ ရုတ်တရက်တစ်ခုခုသူ့ပေါ်ကျလာသလို ခံစားလိုက်ရသောကြောင့် လီယ မျက်လုံးများ အလိုလိုပွင့်သွားခဲ့၏။

ထို့နောက် ကမ္ဘာခြားနတ်အမတစိတ်ဝိညဉ် ခပ်စူးစူးတစ်ချက်အော်လိုက်ပြီး လီယ မျက်နှာထဲ ထိုးဖောက်၀င်ရောက်သွားသောကြောင့် လီယ ကြောက်လန့်သွားခဲ့ရသည်။

“ဒါဘာကြီးလဲဟ”

လီယ သူ့မျက်နှာကို ကိုင်ကြည့်သော်လည်း ဘာမှမခံစားမိခဲ့ပေ။ ကျန်းပုကူလည်း အံ့ဩသွားပြီး လီယဆီ ‌ပြေးလာခဲ့၏။

တစ်ခုခုလီယကိုယ်ထဲ၀င်သွားကြောင်း သိသွာ‌းသောအခါ ကျန်းပုကူ ထိတ်လန့်သွားခဲ့သည်။

သူတို့နှစ်ယောက် ပတ်ပတ်လည်လှည့်ကာ နတ်အာရုံပင်သုံး၍ စစ်ဆေးကြည့်သော်လည်း လီယ ကိုယ်ထဲက ဘာကိုမှအာရုံမခံမိခဲ့ပေ။

တခဏကြာသောအခါ လီယ ရပ်လိုက်ပြီး သူ့အမူအရာက ထူးဆန်းသွားခဲ့၏။

“အစ်ကိုလီ အဆင်ပြေရဲ့လား” ကျန်းပုကူ ထိတ်လန့်နေဟန်ဖြင့် မေးလိုက်သည်။

လီယအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ ကျန်းပုကူကို ကြည့်လိုက်ပြီး ရှုပ်ထွေးနေသော အမူအရာဖြင့် ပြောလိုက်၏။

“ညီလေး ငါ့ကိုအမတစိတ်ဝိညဉ်က သခင်အဖြစ်သတ်မှတ်လိုက်ပြီ ထင်တယ်”

“ဘာ”

ကျန်းပုကူ မျက်လုံးများပြူးကျယ်သွားကာ သူကြားလိုက်ရသည်ကို မယုံနိုင်ဖြစ်နေခဲ့သည်။

“တကယ်ကြီးလား”

“အဲ့တာက…”

“ဘာလို့ အစ်ကိုလဲ”

“မင်းဘာကို ဆိုလိုတာလဲ ငါကမထိုက်တန်လို့လားကွ”

“အစ်ကိုက ဘယ်လိုလုပ်ထိုက်တန်မှာလဲ”

“မင်း! လေးစားမှု ရှိစမ်းပါ ငါကအခု နတ်ဝိညဉ်မိစ္ဆာတွေကို အမိန့်ပေးနိုင်နေပြီ မင်းဒီထဲကထွက်သွားချင်တယ်ဆိုရင်လည်း မင်းသဘောပဲနော်!”

“အစ်ကိုလီ! ကျွန်တော်တို့က အတူတူနေပြီး အတူတူသေမယ့် ညီအစ်ကိုတွေအဖြစ် သစ္စာပြု…”

“မင်းခွေးကောင်လေး! အဲ့လိုပြောနေတာတွေ ရပ်လိုက်တော့…”

အ‌ဝေးရှိ ကုအန် လီယနှင့်ကျန်းပုကူတို့ ငြင်းခုန်နေသံများကို ကြားနေခဲ့ရသည။် ထိုစဉ် သူ့မိစ္ဆာချီများအောက်ရှိ မျက်နှာတွင် အပြုံးတစ်ပွင့်ပေါ်လာခဲ့ပြီး ထိုနေရာမှ ပျောက်ကွယ်သွားခဲ့လေသည်။

သူသည် ဤကမ္ဘာခြားနတ်မြို့တော်၏ သခင် အစစ်ဖြစ်‌၏။ ထို့ကြောင့် မြို့တော်ထဲရှိ ကမ္ဘာငယ်များ နတ်ဝိညဉ်မိစ္ဆာများ အားလုံးကိုမြင်နိုင်ပေသည်။

နတ်ဝိညဉ်မိစ္ဆာအရေအတွက်သည် အမှန်တကယ်ပင် တုန်လှုပ်စရာကောင်းလောက်အောင် များပြားပြီး ကမ္ဘာခြားနတ်မြို့တော်သည် ပြန်လည်ကု‌သနေဆဲ အခြေအနေတွင်သာ ရှိနေသေး၏။ ထိုအရာသည် အစစ်အမှန် အထွတ်အထိပ်အမတရတနာအဖြစ်ပြောင်းလဲသွားချိန်တွင် ပို၍ သန်မာ‌လာပေလိမ့်မည်။

အမတရတနာများသည် ထာ၀ရတည်ရှိသော အရာများ ဖြစ်ကြသည်။ အကယ်၍ ဆိုးဆိုးဝါးဝါးထိခိုက်ပျက်ဆီးသွားလျှင်တောင် သူတို့ကိုယ်တိုင်ပင် ပြန်ကောင်းလာအောင် ပြုပြင်နိုင်ပေသည်။ ထို့ကြောင့် ကုအန်၏ အမတရတနာများအပေါ် အမြင်တွင် ပြောင်းလဲလာခဲ့ရ၏။

တကယ်တော့ ကုအန် ဤကမ္ဘာခြားနတ်မြို့တော်ထဲရှိ ကောင်းကင်မြေပြင်ရတနာများကို ရိတ်သိမ်းဖို့ ပြင်ဆင်ထားခြင်း ဖြစ်သည်။

ယခုအခါ မြို့ထဲရှိအရာတိုင်းသည် သူ့အပိုင်ဖြစ်နေပြီဖြစ်ကာ ဘယ်သူနဲ့မှ ခွဲဝေနေစရာ မလိုတော့ပေ!

…..

မိုးကြိုးတိမ်တိုက်များအောက်ရှိ ချောက်ကမ်းပါးတစ်ခုတွင် ကျန်းချောင် တရားထိုင်နေခဲ့သည်။ ချောက်ကမ်းပါးအောက်တွင် ချော်ရည်မြစ်တစ်စင်းရှိနေပြီး တစ်ခါတရံ အပူလှိုင်းများပင် တောင်ဆီသို့ လာဟပ်တတ်၏။

ထိုစဉ် ကျန်းချောင်မျက်လုံးများပွင့်လာပြီး မျက်မှောင်ကြုံ့လိုက်လေသည်။

“ဘာလို့ သူပြန်မလာသေးတာလဲ…” ကျန်းချောင် ခပ်တိုးတိုးရေရွတ်လိုက်၏။

သူနှင့် တစ္ဆေမိခင်သည် ကမ္ဘာခြားနတ်မြို့တော်ထဲသို့ အတူတူ၀င်ခဲ့ကြခြင်းဖြစ်ပြီး လွန်ခဲ့သည့် နှစ်ရက်မတိုင်ခင်က ဤကမ္ဘာငယ်လေးထဲသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ ကျန်းချောင်က ပြန်လည်ကုသနေစဉ်တွင် တ‌စ္ဆေမိခင်သည် ကင်းထောက်ဦးမည်ဟုဆိုကာ ထွက်ခွာသွားခဲ့ခြင်းဖြစ်ပြီး နှစ်ရက်ကြာသည်အထိ ပြန်ရောက်မလာခဲ့သေးပေ။

ကျန်းချောင် စိတ်ပူလာခဲ့၏။

သူသည် တစ္ဆေမိခင်ကို အပြည့်အ၀ယုံကြည်နေခြင်းမျိုးမဟုတ်ပါသော်လည်း နှစ်ပေါင်းများစွာအတူတူရှိလာနေမှုကြောင့် တ‌စ္ဆေမိခင်၏ စွမ်းရည်များကို သူမယုံကြည်အားကိုးလာခဲ့မိသည်။

တစ္ဆေမိခင်သည် ဒုက္ခ‌တွေ့နေခြင်းပေလော!

သူမသည် အလွန်သတိကြီးလှသူဖြစ်ရာ မည်သည့်အရာက သူမကို ထောင်ချောက်ဆင်နိုင်မည်နည်း။

ကျန်းချောင် အတွေးနွံနစ်နေခဲ့သည်။ အကယ်၍ တစ္ဆေမိခင်သာ ဒုက္ခတွေ့နေပါက သူမအတွက် ဤကမ္ဘာထဲတွင် တစ်ယောက်တည်းရှင်သန်ကာ အမတစိတ်ဝိညဉ်ကို ရရှိဖို့ မဖြစ်နိုင်လောက်တော့ပေ။

All Chapters