အခန်း (၂၂၇-၂၂၈)
Vol. 18 Ch. 227-228
အပိုင်း(၂၂၇)
အပြင်ကမ္ဘာဂူ
ကျန်းချောင် သွေးပိုင်နက်ဝိညဉ်ဖိနှိပ်မျှော်စင်၏ ကြောက်မယ်ဖွယ်အရာများအကြောင်း စတင်ပြောပြခဲ့၏။ ဤမျှော်စင်သည် ရန်သူများကိုဖိနှိပ်ထားနိုင်ပြီး မျှော်စင်ထဲ၀င်မိသွားသည်နှင့် လမ်းပျောက်ကာ ပြန်ထွက်ဖို့ ခက်ခဲသွားပေလိမ့်မည်။ ထို့အပြင် သူတို့သည် မျှော်စင်ထဲရှိ သွေးမီးတောက်များ၏ဖိနှိပ်မှုကိုလည်း ခံရဦးမည်ဖြစ်ပြီး လွတ်မြောက်ဖို့ အခွင့်အရေးမရှိနိုင်ပေ။
အမတစိတ်ဝိညဉ်ပြောချက်အရ သွေးပိုင်နက်ဝိညဉ်ဖိနှိပ်မျှော်စင်သည် ကမ္ဘာခြားနတ်မြို့တော်ထဲရှိ ထိပ်ဆုံးအဆင့် အမတရတနာသုံးမျိုးထဲမှ တစ်မျိုးဖြစ်ကာ ထို့ကြောင့်လည်း ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေမှ လူများက အသည်းအသန်လိုချင်နေကြခြင်း ဖြစ်သည်။
ကုအန် သူ့စကားများကိုနားထောင်ရင်း မကြာခဏအံ့အားသင့်သွားသည့်အသံများ ထွက်လာသောကြောင့် ကျန်းချောင်မျက်နှာပေါ် အပြုံးတစ်ပွင့်ပေါ်လာခဲ့၏။
ကုအန်၏အတွေ့အကြုံမရှိသောအမူအရာကြောင့် သူမစိတ်အနှောင့်အယှက်ဖြစ်ရမည့်အစား ရယ်စရာကောင်းသည်ဟု ခံစားနေခဲ့ရသည်။
အခြားနေရာများတွင် သူမ၏ကျင့်ကြံခြင်းသည် မထင်မရှား အသေးအမွှားလေးသာဖြစ်သော်လည်း ကုအန်ရှေ့တွင်တော့ သူမသည် ကြီးမြတ်သည့်ကျင့်ကြံသူကြီးတစ်ယောက် ဖြစ်၏။
လူပေါင်းများစွာကသူမကိုအထင်သေးသည့်အကြည့်ဖြင့်ကြည့်ကြသော်လည်း သူမအတွက်တော့ ကုအန်ကသူမကိုအထင်ကြီးနေလျှင် လုံလောက်ပြီ ဖြစ်သည်။
ကျန်းချောင်သူမ၏ဤနှစ်များအတွင်း အတွေ့အကြုံများကို ပြောပြနေခဲ့ပြီး သူမတည်ထောင်ခဲ့သော ကျူဟွားဂိုဏ်းအကြောင်းပင် ပါသေးသည်။ ကုအန်လည်း ဂရုတစိုက်နားထောင်နေခဲ့၏။ သူမကြာခဏကျန်းချောင်ကို နတ်အာရုံသုံး၍ ကြည့်တတ်သော်လည်း ထိုအကြောင်းများကို ကျန်းချောင်ကိုယ်တိုင်ပြန်ပြောခြင်းက ပို၍ စိတ်၀င်စားစရာကောင်းပေသည်။
ဤသို့ဖြင့် တစ်ညကုန်ဆုံးသွားခဲ့၏။
နောက်တစ်နေ့ မွန်းတည့်ချိန်တွင် ကုအန်ဆေးအိုးထဲမှ ခုန်ထွက်လာကာ အမြန်ပင် သူ့၀တ်စုံကို ပြန်၀တ်လိုက်လေသည်။
ကျန်းချောင်သူ့နားကပ်လာပြီး အသေးစိတ်အကဲခတ်လိုက်ကာ အံ့ဩနေဟန်ဖြင့် ပြောလိုက်သည်။
“နင့်စုပ်ယူနိုင်စွမ်းက ဒီလောက်မြန်နေမယ်လို့ ငါမျှော်လင့်မထားခဲ့မိဘူး”
“ကျေးဇူးတင်ပါတယ်” ကုအန် ပြောလိုက်၏။
ကျန်းချောင် သူမကိုထိုကလေး ဆရာဘွားဘွားဟုဆက်မခေါ်တော့သည်ကို သတိထားမိသွားခဲ့သည်။ ထိုအရာကို သူအတိတ်တုန်းကဆိုပါက စိတ်တိုမိမည်ဖြစ်သော်လည်း ယခုတော့ စိတ်ပေါ့ပါးသွားသည့်ခံစားချက်အနည်းငယ်ပင် ရနေသေးသည်။
ထို့နောက် သူမပြောလိုက်၏။
“နင့်ဓားပညာကိုကောင်းကောင်းကျင့်ကြံ နင့်ဓားတာအိုပါရမီက အရမ်းကောင်းတယ် နင့်ကျင့်ကြံခြင်းအတွက်ကတော့ တိုးတက်လာအောင်ကူညီပေးဖို့ ငါနည်းလမ်းရှာပေးမယ်”
“ဒါက ..ဒါက မသင့်တော်ပါဘူး ဒါမျိုးကို ကိုယ်တိုင်ပဲ သိမ်းထားသင့်တာပါ ဒါမျိုးအခွင့်အရေးတွေ ကျွန်တော့်ကို ပေးတာက ဖြုန်းတီးပစ်သလိုပဲ ဖြစ်သွားလိမ့်မယ်”
ကုအန် တခဏတွန့်ဆုတ်သွားပြီး စိတ်ထဲတွင်တော့ ကျန်းချောင်ကို အလွန်ကျေးဇူးတင်မိသွားခဲ့သည်။
သူ့အတွက်ထိုသို့လုပ်ေပးရန် ဆန္ဒရှိနေခြင်းမှာပင် လုံလောက်နေပြီ ဖြစ်သည်။
ထိုအရာကို အလေးအနက်ယူဖို့တော့ မလိုပေ။
အကယ်၍ တိုက်ခိုက်ရေးစွမ်းအားများ၌သာ ကိန်းဂဏန်းများရှိနေပါက မနေ့ညက ကျန်းချောင်လုပ်ပေးခဲ့သောအရာသည် ကုအန်၏ တိုက်ခိုက်စွမ်းရည်ဖြစ်သော ၁၀ဘီလီယံ တွင် ၁၀ဘီလီယံနှင့်၁ ဖြစ်လာအောင် ၁ပေါင်းထည့်ပေးလိုက်ရုံသာ ဖြစ်၏။
ထိုမျှပမာဏက ကုအန်အတွက် ဘာမှမပြောပလောက်ဘဲ ကျန်းချောင်အတွက်ပိုတန်ဖိုးရှိမည့် ပမာဏမျိုး ဖြစ်သည်။
ကျန်းချောင် ထေ့ငေါ့လိုက်သည်။
“စိတ်အေးအေးထားပါ ငါငါ့ကျင့်ကြံခြင်းကိုလည်း နှောင့်နှေးခံမှာ မဟုတ်ပါဘူး”
ထိုကြောင့် ကုအန်လည်း လက်လျှော့လိုက်ရသည်။
ကျန်းချောင်လည်း ကုအန်၏ ယခုနှစ်များအတွင်းအတွေ့အကြုံများကို မေးမြန်းခဲ့ပြီး ကုအန်ပြန်ပြောပြသောအခါတွင်မူ သူနားထောင်ရင်း နားထောင်ရင်း သည်းမခံနိုင်တော့ပေ။
“ဆေးပင်တွေစိုက်တယ် ဆေးပင်တွေစိုက်တယ် ဘာလို့နင်အမြဲတမ်းဆေးပင်တွေပဲ စိုက်နေတာလဲ” ကျန်းချောင် မကျေမနပ်မေးလိုက်၏။
ကုအန် ဆူပုပ်သွားခဲ့သည်။
“ဟုတ်ပါတယ် ဆေးပင်တွေပဲစိုက်နေတာပါ ကျွန်ဝောာ်က ဆေးပင်စိုက်တာအပြင် ဘာတွေလုပ်ဖို့မျှော်လင့်နေတာလဲ ဆေးပင်စိုက်တာကိုလည်း အထင်မသေးလိုက်နဲ့နော် မတူညီတဲ့ဆေးပင်တွေမှာ ကွဲပြားတဲ့ ခံစားချက်တွေရှိတယ်…”
ထို့နောက် ကုအန် သူ့ဆေးပင်စိုက်သောအတွေ့အကြုံများကို စိတ်အားထက်သန်စွာ ပြောပြလေတော့သည်။
ကျန်းချောင် သူမစိတ်မရှည်မှုကို ဖိနှိပ်ထားလိုက်ရင်း ကုအန်ပြောသည်ကို ဂရုတစိုက်နားထောင်နေခဲ့၏။ ဤသို့ဖြင့် တဖြည်းဖြည်း သူမစိတ်အေးလာခဲ့ရသည်။
အံ့ဩစရာကောင်းစွာပင် ကုအန်ပြောပြသော ဆေးပင်စိုက်သည့်အကြောင်းများသည် စိတ်၀င်စားစရာကောင်းနေပြီး သူမအတွက် ငယ်ဘ၀ကိုပြန်ရောက်သွားသလို ခံစားနေခဲ့ရ၏။
အချိန်များ ကုန်ဆုံးသွားခဲ့သည်။
ညဉ့်မတိုင်ခင်တွင် ကျန်းချောင်ကုအန်ကို နှုတ်ဆက်ကာ ထွက်ခွာသွားခဲ့သည်။
ကုအန်မှာတော့ နောက်နေ့မနက်မှ သဘာ၀ဂူ၈လုံးထဲက ထွက်ခွာဖို့ စီစဉ်ထားခဲ့၏။
ဆောင်းရာသီတွင် ကမ္ဘာခြားနတ်မြို့တော်အကြောင်းများသည် အဓိပတိဂိုဏ်းမြို့တော်များတွင် ပျံ့နှံ့သွားခဲ့ပြီး လီယ၏နာမည်သည်လည်း အမတကျင့်ကြံခြင်းကမ္ဘာတစ်ခုလုံးတွင် ကျော်ကြားသွားကာ ဆရာသခင်ဓားအရှင်နှင့် ဖန်းအန်ဟူသော နာမည်ကိုပင် ကျော်လွန်သွားခဲ့သည်။
လီယသည် ကမ္ဘာခြားနတ်မြို့တော်ကိုထိန်းချုပ်နိုင်သောကြောင့် အနာဂတ်တွင် အမတတစ်ပါးဖြစ်လာလိမ့်မည်ဟု လူပေါင်းများစွာက ယုံကြည်နေခဲ့ကြသည်။ ထို့အပြင် လီယက အတော်လေးငယ်ရွယ်နေသေးပြီး အချို့ဆိုလျှင် လီယကို ဤမျိုးဆက်၏ပါရမီအရှိဆုံးလူငယ်ဟုပင် ခေါ်ဆိုနေကြပြီး သူ့နာမည်မှာ အန်းဟောင်ကိုပင် ကျော်တက်သွားခဲ့သည်။
လီယ၏ ကျော်ကြားမှုသည် ကုအန်၏ဘ၀ကိုတော့ သက်ရောက်မှုမရှိခဲ့ပေ။
ကမ္ဘာခြားနတ်မြို့တော် ပိုင်ရှင်ပေါ်သွားသောကြောင့် ပင်လယ်ရပ်ခြားမှ ကြီးမြတ်သည့်ကျင့်ကြံသူအတော်များများ ပြန်သွားကြသော်လည်း အချို့မှာတော့ မပြန်ကြဘဲ မင်းဆက်သုံးခုရှိ ဂိုဏ်းများတွင်သာ ၀င်ရောက်ေနထုိင်ခဲ့ကြသည်။ ထိုကျင့်ကြံသူများထဲမှ အများစုကို အဓိပတိဂိုဏ်းက စုပ်ယူနိုင်ခဲ့၏။
အဘယ်ကြောင့်ဆိုသော် လီယ သည်အဓိပတိဂိုဏ်းမှ မွေးထုတ်ပေးလိုက်သူ ဖြစ်သောကြောင့် ဖြစ်ပေသည်။
ကမ္ဘာခြားနတ်မြို့တော်ကို ထိန်းချုပ်နိုင်မှုကြောင့် လီယသည် အနာဂတ်ကိုပင် စောင့်စရာမလိုဘဲ ယခုပင် အချုပ်အနှောင်မဲ့အမတတစ်ပါးထက် သာလွန်သောစွမ်းအားကို ပိုင်ဆိုင်နေပြီဖြစ်ကာ မြေလျှောက်အမတများပင် သူ့ကိုဘာမှမလုပ်နိုင်ကြပေ။
ဤသို့ဖြင့် နွေဦးရောက်ရှိလာခဲ့လေသည်။
ထိုနှစ်တွင် အဓိပတိဂိုဏ်း၏နွေဦးပွဲတော်မှာ အရင်နှစ်များထက်ပင် ပို၍ စည်ကားနေခဲ့၏။ ပြောကြသည်မှာ အဓိပတိဂိုဏ်းသည် တောင်ဘက်သို့ဉီးတည်ကာ သမုဒ္ဒရာထဲတွင် ကျွန်းတစ်ကျွန်းရှာ၍ မြို့တစ်မြို့တည်မည်ဟု စီစဉ်နေပြီး ကြယ်ပင်လယ်အဖွဲ့အစည်း၏ အကူအညီကြောင့် သူတို့အတွက် ထိုကိစ္စမှာ လွယ်ကူနေခဲ့သည်။
နှစ်သစ်ကူးချိန် ပြီးသောအခါ အဓိပတိဂိုဏ်းသည် တောင်ပိုင်းကို စူးစမ်းလေ့လာရေးထွက်ဖို့အတွက် တပည့်တစ်သောင်းခေါ်ရန် စီစဉ်ထားကြောင်း ကြေငြာခဲ့၏။ ထိုခရီးတွင် လိုက်ပါသူများအတွက် မြောက်များစွာသော အကျိုးကျေးဇူးများ ရှ်ိနေသောကြောင့် မြို့များရှ်ိ တပည့်များ အလုအယက်စာရင်းသွင်းနေခဲ့ကြသည်။
ကုအန်မှာတော့ ဆေးပင်များရိတ်သိမ်းရင်းသာ အလုပ်ရှုပ်နေခဲ့ပြီး တစ်ခါတရံ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက ပြဿနာရှာမှာကို စိတ်ပူနေခဲ့၏။
ကမ္ဘာခြားနတ်မြို့တော်ဂယက်တွင် အများဆုံးဆုံးရှုံးခဲ့ရသူမှာ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေဖြစ်သော်လည်း သူတို့သည် ယခုအခါ အတော်လေးတည်ငြိမ်နေခဲ့ကြသည်။ ထိုသို့တည်ငြိမ်နေသောကြောင့်လည်း ကုအန် ထိုကောင်များ တစ်ခုခုကြိတ်၍ ကြံနေသလားဟု သံသယရှိနေခြင်း ဖြစ်၏။
မတ်လသို့ရောက်သောအခါ အဓိပတိဂိုဏ်းတွင် ကမ္ဘာခြားနတ်မြို့တော်အကြောင်း သိပ်မပြောကြတော့ပေ။
တစ်နေ့တွင် ကုအန် အပြင်စည်းဂိုဏ်း စာအုပ်ခန်းမသို့ အနောက်အရပ်သို့ခရီးသွားခြင်း နောက်ဆုံးအပိုင်းအပ်ရန် ရောက်ရှ်ိလာခဲ့သည်။
မဟာအကြီးအကဲ ဖုန့်ရှန်းက သူ့အားခန်းမထဲတွင် နေဦးဖို့ တိုက်တွန်းခဲ့သော်လည်း ကုအန်ယဉ်ယဉ်ကျေးကျေးငြင်းပယ်လိုက်ကာ စာမူအပ်ပြီးသည်နှင့် ထွက်လာခဲ့၏။
စာအုပ်ခန်းမနှင့် သိပ်မဝေးသောနေရာသို့ရောက်သောအခါ ကုအန် ရှေ့တွင် ပုံရိပ်တစ်ခုက ပိတ်ရပ်ထားခဲ့သည်။ ထိုပုံရိပ်သည် ရယ်စရာကောင်းသော ခပ်ဖိုင့်ဖိုင့်လူတစ်ယောက်ပုံစံ ပြောင်းလဲထားသော ယုယင်ယင်သာ ဖြစ်၏။
“ညီကိုကု ဒီရက်တွေထဲအဆင်ပြေလား” ယုယင်ယင် သူမသည် ယုယင်ယင်ဖြစ်ကြောင်း အသံကူးပြောင်းခြင်းအစီအရင်သုံး၍ ပြောထားပြီး ဖြစ်သည်။
ကုအန်ပြုံး၍ ပြန်ပြောလိုက်၏။
“အဆင်ပြေပါတယ် မင်းရော”
ယုယင်ယင်သည် အဘယ်ကြောင့် အသွင်ပြောင်းရခြင်းကိုအဲ့လောက် နှစ်သက်နေရသည်ကို ကုအန် နားမလည်ခဲ့ပေ။ ထိုအရာတွင် မည်သည့်ပျော်စရာ ရှ်ိနေပါသနည်း။
သူမသည် အဓိပတိဂိုဏ်းတွင် ကျော်ကြားသူလည်းမဟုတ်သောကြောင့် သူမလုပ်ရပ်များမှာ အဓိပ္ပာယ်မရှိလှပေ။
“ငါလည်းအတော်အဆင်ပြေပါတယ် ဒါပေမယ့် ငါအရမ်းပျင်းလာပြီ နင့်တောင်ကြားကို လာကူရင်ရော ဘယ်လိုလဲ” ယုယင်ယင်မေးလိုက်သည်။
ကုအန် တခဏတွန့်ဆုတ်သွားပြီး သဘောတူခဲ့လိုက်၏။ ထို့နောက် သူမအား တတိယတောင်ကြားကိုသွားဖို့ ညွှန်ကြားခဲ့လိုက်သည်။
ထိုစကားကိုကြားသောအခါ ယုယင်ယင်ချက်ချင်းပင် ကုအန်ကိုဆွဲခေါ်ကာ သူမအိမ်တွင် အထုပ်များလိုက်သိမ်းပေးဖို့ ခေါ်သွားခဲ့၏။
“နင်တို့ အဓိပတိဂိုဏ်းက လီယကိုမွေးထုတ်ပေးခဲ့တယ် ကြယ်ပင်လယ်အဖွဲ့အစည်းရဲ့ ထောက်ပံ့မှုနဲ့ဆိုရင် သူက ထင်ရှားလာမှာ အသေအချာပဲ အနည်းဆုံးတော့ အနာဂတ်မှာ ကြယ်ပင်လယ်အဖွဲ့အစည်းက နင်တို့ဂိုဏ်းကို အကူအညီပေးမှာပါ” ယုယင်ယင်လမ်းလျှောက်ရင်း ပြောနေပြီး သူ့အသံမှာ အနည်းငယ် ခံစားချက်ပြင်းထန်နေသည့် အရိပ်အယောင်မျိုး ပါနေခဲ့သည်။
ကြီးမြတ်သည့် ကျင့်ကြံသူများကြားထဲတွင် ကမ္ဘာခြားနတ်မြို့တော်က မထင်မရှားကျင့်ကြံသူလေးတစ်ယောက်ကို ရွေးချယ်သွားလိမ့်မည်ဟု သူမတကယ်ထင်မထားမိခဲ့ပေ။
ကြယ်ပင်လယ်အဖွဲ့အစည်းမှ တပည့်တစ်ယောက်အနေနှင့် အထွတ်အထိပ်အမတရတနာအတု တစ်ခု၏ စွမ်းအားကိုလည်း သူမနက်နက်ရှိုင်းရှိုင်းနားလည်ပေသည်။ ထို့ကြောင့် လီယသည် အနာဂတ်တွင် သံသယဖြစ်စရာမလိုအောင်ပင် ထင်ရှားသည့် ကျင့်ကြံသူတစ်ယောက်ဖြစ်လာမည်ဖြစ်မှန်း သူမသိ၏။
“ဒါက သတင်းကောင်းတွေပဲ” ကုအန် အံ့အားသင့်သွားသည့်ပုံဖြင့် တုန့်ပြန်လိုက်သည်။
ထို့နောက် ယုယင်ယင် ကုအန်အား အထွတ်အထိပ်အမတရတနာများအကြောင်း စတင်ရှင်းပြလေတော့သည်။
ကြယ်ပင်လယ်အဖွဲ့အစည်း၏ ကြယ်ပင်လယ်ကမ္ဘာဦးညီညွတ်ခြင်းအလံသည် ၀င်္ကပါအတွင်း ကြယ်များနှင့် သမုဒ္ဒရာကိုပြောင်းပြန်လှန်ပစ်နိုင်ကာ ထို၀င်္ကပါအတွင်း ၀င်သွားသူကို ထာ၀ရလမ်းပျောက်သွားအောင် စွမ်းဆောင်နိုင်၏။ ထို့အပြင် ထိုရတနာသည် ကြယ်များနှင့် သမုဒ္ဒရာ၏စွမ်းအားကို ကြိုးကိုင်နိုင်ပြီး အရေးကြီးဖြစ်ရပ်များကို ပြောင်းလဲသွားအောင် လုပ်နိုင်သေးသည်။
ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေ၏ ကြယ်ခုနှစ်လုံးကြေးမုံ တွင်တော့ ရှေးဟောင်းစွမ်းအားများပါရှိပြီး ထိုမှန်အလင်းအောက်တွင် ဘယ်အရာမှ မပုန်းကွယ်နိုင်ပေ။
ထိုအရာသည် အတော်လေးစိတ်၀င်စားစရာကောင်းသည်ဟု ကုအန် တွေးလိုက်မိသည်။
ထိုကဲ့သို့သော အထွတ်အထိပ်အမတရတနာမျိုးကို ပြုလုပ်ရန် မည်သည့်ကျင့်ကြံခြင်းအဆင့် လိုသည်ကိုလည်း သူသိချင်နေခဲ့သည်။ သူထိုအဆင့်သို့ ရောက်သွားပါက သူလည်း ထိုသို့သောရတနာတစ်ခု ပြုလုပ်ဖို့ စီစဉ်ထားခဲ့၏။
……
နွေဦးကုန်ကာ ဆောင်းဦးရောက်ရှိလာခဲ့ပြီး အချိန် ၅ နှစ်ကလျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
လီယ ကမ္ဘာခြားနတ်မြို့တော်ကို ယူသွားပြီးကတည်းက ကုန်းမြေတိုက်ကြီးက ပြန်လည်အေးချမ်းသွားခဲ့၏။ အဓိပတိဂိုဏ်းသည်လည်း ပင်လယ်ရှိကျွန်းတစ်ကျွန်းတွင် မြို့တစ်ခုတည်ဆောက်ထားခဲ့ပြီး ဖြစ်ပြီး ထိုကျွန်းကိုသွားသည့် တည်နေရာကူးပြောင်းရေးအစီအရင်တစ်ခု အပြင်စည်းမြို့၌ပင် ရှိနေသေးသည်။ တပည့်များလည်း တစ်သုတ်ပြီးတစ်သုတ် ပင်လယ်ပြင်တွင်လေ့ကျင့်ရန် ထွက်ခွာသွားကြပြီး ပင်လယ်ပြင်ရှိသတင်းများက အဓိပတဂိုဏ်းထဲသို့ ပြန်လည်ရောက်ရှိလာခဲ့၏။
အပြင်စည်းဂိုဏ်းထဲတွင် တောင်ပင်လယ်မြို့တော်သို့သွား၍ရသည့် တည်နေရာကူးပြောင်းခြင်းအစီအရင်တည်ဆောက်ပြီးကတည်းက ကုအန် အပြင်စည်းမြို့သို့ရောက်တိုင်း အသစ်အဆန်းပစ္စည်းမျိုးစုံကို တွေ့နေရပြီး သူ့ကိုယ်သူ ပွဲဈေးတန်းထဲ ရောက်နေသလိုပင် ခံစားနေခဲ့ရသည်။
နွေရာသီအစောပိုင်းတွင် ကုအန် အမတရှာဖွေကျွန်းသို့ သွားရောက်ခဲ့၏။
အစေခံလေး ဟူရှောင်ကျင်း၏ ဦးဆောင်မှုနှင့် ကုအန်မြို့ထဲ လျှောက်သွားကြည့်နေပြီး လမ်းတစ်လျှောက် ကျင့်ကြံသူများ ပင်လယ်ပြင်ရှိအဖြစ်အပျက်ကြီးများအကြောင်း ပြောနေမှုကို နားထောင်နေခဲ့သည်။
“ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေနဲ့ ကြယ်ပင်လယ်အဖွဲ့အစည်းကြား ပဋိပက္ခတွေက ပိုကြီးလာပြီ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက စိတ်ဆိုးသွားပြီး ကြယ်ပင်လယ်အဖွဲ့အစည်းရဲ့ နယ်မြေတွေကိုတောင် ကျူးကျော်နေပြီ ပြောကြတာတော့ အဲ့တာက လွန်ခဲ့တဲ့ငါးနှစ်က ပေါ်လာတဲ့ အထွတ်အထိပ်အမတရတနာနဲ့ ဆက်စပ်နေတယ်တဲ့ အဝေးက ကုန်းမြေတိုက်တစ်ခုမှာ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက အထွတ်အထိပ်အမတရတနာကို ထုတ်ပြလိုက်ပြီး ကျင့်ကြံသူတွေကို ရတနာအတွက် ယှဉ်ပြိုင်ခိုင်းလိုက်တယ်လေ နောက်ဆုံးတော့ အဲ့ဒီရတနာကို မထင်မရှားကျင့်ကြံသူလေးတစ်ယောက်က ရသွားတယ် အဲ့ဒီနောက် ကြယ်ပင်လယ်အဖွဲ့အစည်းက အဲ့ဒီကျင့်ကြံသူကို ဂိုဏ်းတပည့်အဖြစ် ခန့်အပ်လိုက်ပြီး ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေကို တစ်ဖက်လှည့်နဲ့ စော်ကားလိုက်တယ်” ဟူရှောင်ကျင်း သက်ပြင်းချကာ ပြောလိုက်လေသည်။
ကုအန်မေးလိုက်၏။
“ဘာလို့ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက အဲ့ဒီလိုအထွတ်အထိပ်အမတရတနာမျိုးကို ထုတ်ပြလိုက်တာလဲ”
သူထိုအရာကို အရင်ကတည်းက သိချင်နေခဲ့ခြင်းဖြစ်ပြီး အတော်လေးပဟေဠိဆန်သည်ဟု ခံစားနေခဲ့ရသည်။ ကမ္ဘာခြားနတ်အမတဝိညဉ်လည်း ထိုအရာကိုမသိဘဲ သူကစွမ်းအားကြီးလွန်း၍ သူ့ကို ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက မရှာနိုင်သောကြောင့် သူထွက်လာစေရန် အခြားကျင့်ကြံသူများလည်း ၀င်ဖို့ ထုတ်ပြလိုက်ခြင်းဟုသာ တွေးနေခဲ့သည်။
သို့သော် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေဘက်မှ ကြည့်မည်ဆိုလျှင်လည်း ထိုရတနာကို သူတို့ကိုယ်တိုင်မသိမ်းပိုက်နိုင်ဘူးဆိုလျှင်တောင် အခြားအင်အားစုများ သိမ်းပိုက်နိုင်ဖို့အခွင့်အရေးမပေးခဲ့သင့်ပေ။
ဟူရှောင်ကျင်းလည်း စဉ်းစားနေခဲ့၏။
“အဲ့တာက အကျိုးအကြောင်းမညီပုံတော့ပေါ်တယ် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက ကြယ်ပင်လယ်အဖွဲ့အစည်းကို စစ်ကြေငြာဖို့ အကြောင်းပြချက်တစ်ခုရှာလိုက်တာရော ဖြစ်နိုင်လောက်လား ဒါပေမယ့် အထွတ်အထိပ်အမတရတနာတစ်ခုကို ငါးစာအဖြစ် ချကျွေးလိုက်တာကြီးကတော့ ကြမ်းလွန်းတယ်”
သူတို့နှစ်ယောက်စကားတပြောပြောနှင့် ဆက်လျှောက်လာခဲ့ကြသည်။
နေ့တစ်၀က်ကြာသောအခါမှ ကုအန် အမတရှာဖွေကျွန်းမှထွက်လာခဲ့ပြီး ကောင်းကင်ဖီးနစ်တောင် နျန်းချူဂူသို့သွားကာ ထျန်းယောင်အာ ထျန်းချင်းနှင့် ထျန်းပိုင်တို့ကို ကမ္ဘာငယ်လေးထဲသို့ ခေါ်လာခဲ့၏။
ထို့နောက် သူဒီနေ့၀ယ်လာသော ဆေးမျိုးစေ့များကို မိစ္ဆာသုံးကောင်အား စိုက်ပျိုးခိုင်းလိုက်သည်။ ထျန်းချင်းနှင့် ထျန်းပိုင်တို့သည် အသွင်မပြောင်းရသေးသော်လည်း သူတို့၏ သွက်လက်လှသော လက်သည်းလေးများက အပင်စိုက်နိုင်ပေသည်။
သူတို့အပင်စိုက်နေစဉ်တွင် ကုအန် ကမ္ဘာငယ်လေး၏ ၀င်ပေါက်သို့သွားကာ
လင်းရှီသုံး၍ ကျောက်တိုင်တစ်တိုင် ဖန်တီးလိုက်၏။ ထို့နောက် ဓားချီသုံးကာ ကျောက်တိုင်တွင် စာလုံးများ ထွင်းလိုက်လေသည်။
အပြင်ကမ္ဘာဂူ!
ထိုစကားလုံး၏ အဓိပ္ပာယ်မှာ သူ့ကမ္ဘာငယ်လေးသည် အပြင်ကမ္ဘာနှင့် အမြဲထာ၀ရသီးသန့်ဖြစ်နေမည်ဟူသော အဓိပ္ပာယ်ရ၏။
အနာဂတ်တွင်လည်း ကုအန်ဤကမ္ဘာငယ်လေးထဲတွင်နေဖို့ ဘယ်သူ့ကိုမှ ခေါ်လာမည်မဟုတ်ပေ။ ဤနေရာသည် သူ၏ အလျှို့ဝှက်ဆုံး ဆေးတောင်ကြားဖြစ်ပြီး အနာဂတ်တွင် သူ့အား သက်တမ်းအများဆုံးထောက်ပံ့မည့်နေရာ ဖြစ်ပေသည်။
အပြင်ကမ္ဘာဂူထဲတွင် စိုက်ပျိုးထားသည့် အပင်များသည် အနည်းဆုံးအဆင့် ၇ နှင့်အထက်သာ ဖြစ်သောကြောင့် အခုထိတော့ ရင့်မှည့်မလာသေးပေ။ ကုအန်လည်းမလောဘဲ စိတ်ရှည်ရှည်နှင့်သာ စောင့်နေခဲ့၏။
အကယ်၍ ဤနေရာရှိ ဆေးပင်ပထမအသုတ်သာ ရင့်မှည့်လာပါက သူ့သက်တမ်းသည် အများကြီးထိုးတက်သွားမည်ဖြစ်ပြီး ထိုအရာသည် သူစောင့်မျှော်နေသော အရာလည်း ဖြစ်သည်။
နှစ်နာရီခန့်ကြာသောအခါ ကုအန်သူတို့အား အပြင်ကမ္ဘာဂူထဲမှ ထုတ်ပေးလိုက်ပြီး မြေအောက်လမ်းကြောင်းအတိုင်း နျန်းချူဂူထဲသို့ ပြန်ခဲ့၏။
“ငါနင်တို့အတွက် အသွင်ပြောင်းဆေးတွေ ပြင်ဆင်ပေးထားတယ် နောက်ရက်အနည်းငယ်အတွင်း အသွင်ပြောင်းလို့ရပြီ” ကုအန် ရှေ့မှဦးဆောင်လျှောက်နေရင်း ပြောလိုက်သည်။
ထိုစကားကြောင့် ထျန်းချင်းနှင့် ထျန်းပိုင်တို့ အပျော်လွန်သွားပြီး ရှေ့သို့အမြန်တက်လာကာ လက်ဆောင်အတွက် ကျေးဇူးတင်လိုက်ကြ၏။
မိစ္ဆာများသည် သူတို့၏ကျင့်ကြံခြင်းဖြင့် အသွင်ပြောင်းနိုင်ကြသော်လည်း အသွင်ပြောင်းဆေးက ထိုဖြစ်စဉ်ကို ပိုမိုမြန်ဆန်ကာ လွယ်ကူအောင် ဆောင်ရွက်ပေးနိုင်သော အရာဖြစ်ပေသည်။ အကယ်၍ သူတို့ဖာသာ အသွင်ပြောင်းခဲ့ပြီး ကျဆုံးခဲ့ပါက အပြင်းအထန်ဒဏ်ရာရနိုင်ပြီး သေပင်သေဆုံးသွားနိုင်ပြီး ထိုအရာသည် ကပ်ဘေးဖြတ်ကျော်ခြင်းနှင့် တူ၏။
“သခင် ကျွန်မအတွက်ရော” ထျန်းယောင်အာ ထျန်းပိုင်ကိုကိုင်ထားရင်း သနားစရာအမူအရာမျိုးဖြင့် ကုအန်ဘေးတွင်ရပ်ကာ ပြောလိုက်သည်။
ကုအန်ပြန်ပြောလိုက်၏။ “ငါနင့်အတွက် ချီသွေးတိုးမြှင့်ပေးတဲ့ ဆေးတစ်သုတ်ပြင်ထားပေးတယ်”
သူထျန်းယောင်အာအတွက် ပြင်ပေးထားသော ချီသွေးတိုးမြှင့်ပေးနိုင်သည့်ဆေးမှာ သူကိုယ်တိုင်သန့်စင်ထားခြင်းမဟုတ်ဘဲ အမတရှာဖွေကျွန်းမှ ၀ယ်ယူခဲ့ခြင်း ဖြစ်ပေသည်။ ထိုဆေးကို ဖော်စပ်ခဲ့သူမှာ ပင်လယ်ထဲရှ်ိ ထိပ်တန်းဆေးတာအိုဂိုဏ်းဖြစ်သော ခရမ်းရောင်ဆေးနန်းတော် မှဖြစ်ပြီး ကံကြမ္မာကောင်းတစ်ခုဟုပင် မှတ်ယူ၍ ရနိုင်သောဆေးမျိုး ဖြစ်၏။
အပိုင်း(၂၂၈)
ပင်လယ်ထဲက ရုတ်တရက်အပြောင်းအလဲ၊ ထူးဆန်းသောရနံ့
ကုအန် ထျန်းချင်းနှင့်ထျန်းပိုင်တို့၏ အသွင်ပြောင်းခြင်းကို ကိုယ်တိုင်တော့ မကြီးကြပ်တော့ပေ။ ထျန်းယောင်အာ ရှိနေပါက သူတို့အဆင်ပြေသွားလိမ့်မည်သာ။
ထျန်းယောင်အာ၏ ကျင့်ကြံခြင်းသည် ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် ၉ သို့ပင်ရောက်ရှိနေပြီဖြစ်ပြီး ထိုကဲ့သို့သာ ကိစ္စများကို သူမဖာသာ ကိုင်တွယ်နိုင်ပေသည်။
ကုအန် ဆန်းကြယ်တောင်ကြားသို့ အရင်ပြန်ကာ တောင်ကြားတစ်ဝိုက်စစ်ဆေးပြီးမှ တတိယတောင်ကြားသို့ ထွက်လာခဲ့၏။
တတိယတောင်ကြားရှိ တပည့်အရေအတွက်သည် ၈၀၀ ပင်ရှိသွားပြီ ဖြစ်သည်။ သူတည်နေရာကူးပြောင်းခြင်းအစီအရင်မှ ထွက်လာသည်နှင့်တစ်ပြိုင်နက် ဆူညံသံများကို စတင်ကြားခဲ့ရ၏။
သူတောင်ကြားထဲသို့ တစ်ချက်ကြည့်လိုက်ရာ အချို့တပည့်များက ကင်းလှည့်နေကာ အချို့က တံမြက်စည်းလှည်းနေပြီး အချို့ကမှော်ဂါထာများ လေ့ကျင့်နေကြသည်ကို တွေ့လိုက်ရသည်။ အဝေးရှိ သစ်ပင်တစ်ပင်အောက်တွင်တော့ စစ်တုရင်ကစားနေသည့်သူများ ရှိနေကြ၏။
ကုအန်သည် တပည့်များကိုအုပ်ချုပ်ရာ၌ မတင်းကြပ်ပေ။ သူတို့သည် သူတို့နေ့စဉ်တာ၀န်များကို ပြီးမြောက်အောင်လုပ်ပြီးသည်နှင့် အားလပ်ချိန်များတွင် ကြိုက်ရာ လုပ်ခွင့်ရှိပေသည်။
တတိယတောင်ကြားရှိ တပည့်များအားလုံးကလည်း ပျင်းရိကာ လေးကန်နေသူများ မဟုတ်ကြပေ။ အများစုမှာ အပြင်စည်းဂိုဏ်းသားဖြစ်လိုသည့် ရည်ရွယ်ချက်ကြောင့် ရောက်လာကြခြင်းဖြစ်သောကြောင့် ကုအန်၏ အသိအမှတ်ပြုမှုရရပြီး အခြေခံတည်ဆောက်ခြင်းဆေးလုံးရရှိရန် အလုပ်ကြိုးစားကြ၏။
ထို့နောက် ကုအန် သူ့အိမ်ဆီသို့ လျှောက်လာခဲ့လိုက်သည်။
သွေးအကျဉ်းထောင်မဟာသူတော်စင်သည် အိမ်အောက်ရှိ မြက်ခင်းပြင်တွင် လဲလျောင်းနေပြီး စိတ်ဝိညဉ်စွမ်းအင်များက သူ့ဆီသို့ စီး၀င်နေခဲ့၏။
ထိုစဉ် ရုတ်တရက် အိမ်တံခါးတစ်ချပ်ပွင့်သွားပြီး ယုယင်ယင်ထွက်လာကာ ကုအန်အား လှမ်းခေါ်လိုက်လေသည်။ ကုအန်လည်း အကူအညီမဲ့ဟန်ဖြင့် သက်ပြင်းချလိုက်မိပြီး သွားလိုက်ရ၏။
ထိုအိမ်သည် လုလင်ကျွမ်း၏အိမ် ဖြစ်ကာ ကမ္ဘာခြားနတ်မြို့တော်ကိုလီယယူသွားပြီးကတည်းက လုလင်ကျွမ်းသည် တောင်ကြားဆီပြန်လာခဲ့ခြင်း ဖြစ်သည်။
သူမသည်အချိန်အတန်ကြာ တံခါးပိတ်ကျင့်ကြံနေခြင်းဖြစ်ပြီး ယုယင်ယင်ရောက်လာမှသာ အရာအားလုံးပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။
သူတို့နှစ်ယောက်သည်ထင်မှတ်မထားဘဲ ပေါင်းမိသွားခဲ့ကြ၏။
လုလင်ကျွမ်းသည် ဆန်းကြယ်နှလုံးသားအဆင့် ကြီးမြတ်သည့်ကျင့်ကြံသူတစ်ယောက်ဟု ကြားလိုက်ရသောအခါ ယုယင်ယင်စိတ်၀င်စားသွားပြီး ချဉ်းကပ်ခဲ့လေသည်။ ထို့နောက်သူမ၏ ကြယ်ပင်လယ်အဖွဲ့အစည်းနောက်ခံကိုပါ ပြောပြခဲ့ပြီး လုလင်ကျွမ်းနှင့် မိတ်ဆွေဖွဲ့ခဲ့၏။
ကုအန် သူတို့ဘာဆွေးနွေးနေသလဲဆိုတာ သိရရန် အိမ်ထဲ၀င်ဖို့ပင် မလိုပေ။
ထိုအရာသည် တက်လှမ်းခြင်းဂိုဏ်းတည်ထောင်ဖို့အကြောင်းသာ ဖြစ်မှာသေချာသည်။
ကုအန်ပင် သူတို့အစီအစဉ်ထဲ အတင်းဆွဲသွင်းခံခဲ့ရသေး၏။ ကုအန်သာ သူတို့ဂိုဏ်းကို ဆေးပင်များထောက်ပံ့ပေးပါက ဂိုဏ်းကသူ့ကိုအနာဂတ်တွင် ဂိုဏ်း၌အမြင့်တစ်နေရာပေးမည်ဟု ပြောထားခဲ့သည်။
ကုအန် အိမ်ထဲရောက်သွားသောအခါ ယုယင်ယင် တံခါးပြန်ပိတ်လိုက်၏။
ထို့နောက် ကုအန်အခန်းထဲသွားလိုက်လေသည်။ လုလင်ကျွမ်းသည် စားပွဲတွင်ထိုင်နေပြီး သူ့စားပွဲပေါ်၌ စာရွက်ဖြူများနှင့်ပြည့်နေကာ မြွေဖြူလေးတစ်ကောင်က စာရွက်များပေါ်တွင် ရစ်ခွေနေခဲ့သည်။
ကုအန်လည်း စားပွဲတွင်၀င်ထိုင်လိုက်ပြီး ဝိညဉ်ဖြူမိစ္ဆာဧကရီ၏ မြွေခေါင်းလေးကိုပုတ်၍ စနောက်နေခဲ့၏။
ဝိညဉ်ဖြူမိစ္ဆာဧကရီသည် သူမ၏ကျင့်ကြံခြင်းကို ဖုံးကွယ်ထားခြင်း ဖြစ်သောကြောင့် သိမ်မွေ့နေခြင်းဖြစ်ပေသည်။ ထို့အပြင် လုလင်ကျွမ်းကလည်းသူ့ကို ပြဿနာမရှာရန် ညွှန်ကြားထားသောကြောင့် သူကုအန်၏ လုပ်ရပ်များကို ဘွေမယူခဲ့ခြင်း ဖြစ်၏။
ယုယင်ယင်ကုအန်ဘေးတွင်၀င်ထိုင်လိုက်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။
“လတ်တလော ငါ့လူတွေက တက်လှမ်းသူတွေတည်ရှိတဲ့နေရာကို ထောက်လှမ်းမိထားတယ်! နောက်ပြီးတော့ တက်လှမ်းသူတွေက တစ်ယောက်ထက်ပိုတယ်!”
ကုအန် သည်းမခံနိုင်ဟန်ဖြင့် ပြန်ပြောလိုက်၏။
“နင်ငါ့ကိုခေါ်လာတာ ဒါလေးပြောဖို့အတွက်ပဲလား ငါအဓိပတိဂိုဏ်းထဲက ထွက်သွားဖို့စိတ်ကူးမရှိဘူး”
ဤကမ္ဘာကြီး၏ နယ်ခံဖြစ်သောယုယင်ယင်ကို တက်လှမ်းခြင်းဂိုဏ်းတည်ထောင်ရန် ထိုမျှစွဲလန်းသွားစေရန်အတွက် လုလင်ကျွမ်းဘာပြောလိုက်သလဲဆိုတာ ကုအန် သိချင်နေခဲ့မိသည်။
ထို့အပြင် အခြေခံတည်ဆောက်ခြင်းအဆင့်သာရှိသော ယုယင်ယင်သည် ပင်လယ်ထဲ၌ သူလျှိုများစွာ ရှိနေခဲ့သည်။ အရင်က သူတို့စကားဝိုင်းမှတစ်ဆင့် ကြားခဲ့ရပုံအရ ယုယင်ယင်၏အဘိုးသည် ကြယ်ပင်လယ်အဖွဲ့အစည်း၏ ကြယ်သခင်များထဲမှ တစ်ယောက်ဖြစ်သည်ဟု ကြားခဲ့ရပြီး အနည်းဆုံးတော့ မြေလျှောက်အမတတစ်ပါး ဖြစ်နိုင်၏။
ကုအန်ထိုအကြောင်းနှင့်ပတ်သက်ပြီး အတော်လေးပင် မကျေမနပ်ဖြစ်သွားခဲ့ရသည်။ သူသည် ယုယင်ယင်နှင့်အရင်သိခဲ့သူဖြစ်ပါသော်လည်း ယုယင်ယင်က သူ့ကိုတော့ဘာမှမပြောခဲ့ဘဲ လုလင်ကျွမ်းကိုသာ အားလုံးပြောပြခဲ့၏။
ယုယင်ယင် တခစ်ခစ်ရယ်မောလိုက်ကာ “ဒါပေါ့ နင့်ကိုဖိတ်ခေါ်မလို့ မဟုတ်ပါဘူး နင့်ကျင့်ကြံခြင်းနဲ့ဆိုရင် သူတို့ကိုမြင်ရဖို့တောင် အရမ်းခက်နေမှာ ငါကနင့်ကို ငါတို့တက်လှမ်းခြင်းဂိုဏ်းက ရုပ်လုံးပေါ်လာပြီဆိုတာ သတင်းပေးတာ”
လုလင်ကျွမ်းလည်း ခေါင်းညိတ်လိုက်ကာ ပြောလိုက်သည်။
“ငါတက်လှမ်းခြင်းဂိုဏ်းကို မင်းဆက်သုံးခုအပြင်မှာ တည်ထောင်ဖို့ စဉ်းစားထားတယ် အဓိပတိဂိုဏ်းကလည်း ငါတို့ကို ထောက်ပံ့ပေးလိမ့်မယ်”
ထိုအကြောင်းကိုတော့ ကုအန် မအံ့ဩမိပေ။
ထိုက်ကန်မင်းဆက်၏တည်ရှိမှုသည် အတော်လေး အူလည်လည်နိုင်လှပြီး ကုန်းမြေတိုက်ကြီး၏ တောင်ဘက်ဆုံးအပိုင်းတွင် တည်ရှိနေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် မိစ္ဆာနယ်မြေထဲတွင် အဓိပတိဂိုဏ်းရှာတွေ့ခဲ့သော စိတ်ဝိညဉ်ကျောက်တုံးတွင်းများသည် အခြားဂိုဏ်းများ၏ လုယူခြင်းကို ခံနေရပြီး အခြားဂိုဏ်းများက သူတို့ကို မြောက်ဘက်သို့နယ်ချဲ့မလာအောင် တားဆီးထားခဲ့ကြသည်။
အခြားဂိုဏ်းများက အဓိပတိဂိုဏ်းကိုပစ်မှတ်ထားကြသော်လည်း တက်လှမ်းခြင်းဂိုဏ်းတည်ထောင်လျှင်တော့ ပစ်မှတ်ထားချင်မှသာ ထားကြပေလိမ့်မည်။
မင်းဆက်သုံးခုကြား ဂိုဏ်းများပြိုင်ဆိုင်မှုတွင်တော့ ကုအန်၀င်ပါရန် စိတ်ကူးမရှိပေ။ အဓိပတိဂိုဏ်းကလည်း တပည့်များအားလုံးကို မစုဝေးသလို ဆရာသခင်ဓားအရှင်ကိုလည်း အကူအညီမတောင်းဘဲ ဂုဏ်သိက္ခာမျှော်စင်မှ အကြီးအကဲများကသာ အင်အားကုန်သုံး၍ ဂိုဏ်းကို မင်းဆက်သုံးခု၏ ထိပ်ဆုံးဂိုဏ်းဖြစ်လာအောင် တွန်းပို့ပေးနေကြသည်။
လုလင်ကျွမ်းပြောလိုက်၏။
“ငါတောင်ပိုင်းကို ကိုယ်တိုင်သွားဖို့စီစဉ်ထားတယ် ငါကနင့်ကို ငါဘယ်ရောက်နေလဲသိချင်နေမှာစိုးလို့ ပြောပြထားရုံပဲ”
ကုအန် ပြန်ပြောလိုက်သည်။
“နင်သွားတဲ့နေရာတိုင်းကို ငါ့ကိုသတင်းပို့နေဖို့ မလိုပါဘူး”
“ဟမ်”
လုလင်ကျွမ်း ကုအန်ကိုအေးစက်စက်တစ်ချက်ကြည့်လိုက်၏။
ကုအန်လည်း နှုတ်ခမ်းဆူလိုက်ပြီး ဘာမှဆက်မပြောတော့ပေ။
ထို့နောက် ယုယင်ယင် တက်လှမ်းသူများအကြောင်းအသေးစိတ်ကို စိတ်လှုပ်ရှားစွာ ပြောပြနေခဲ့သည်။ တက်လှမ်းလာသူများသည် အားလုံးပေါင်း ၅ယောက်ဖြစ်ပြီး အမျိုးသမီး၂ယောက်နှင့် အမျိုးသား၃ယောက် ဖြစ်ကာ ကြယ်ပင်လယ်အဖွဲ့အစည်းပိုင်နက်ရှိ ကျွန်းတစ်ကျွန်းတွင် ရှိနေကြခြင်း ဖြစ်သည်။ သူတို့ကြားထဲအားအနည်းဆုံးသူမှာ တစ်သားတည်းဖြစ်ခြင်းအဆင့်ဖြစ်ပြီး ဆန်းကြယ်နှလုံးသားအဆင့် ၂ယောက် ပါ၏။
တကယ်တော့ ပင်လယ်ရပ်ခြားဒေသများတွင် တက်လှမ်းသူ အများအပြားရှိကြပေသည်။ သူတို့သည် ဤကမ္ဘာကြီး၏ ရှင်သန်ရေးနိယာမများကို သိရှိသွားကြပြီးသည့်နောက် တက်လှမ်းသူဟူသော သူတို့ဇာတ်လမ်းကို ဖုံးကွယ်မထားကြတော့ပေ။ နောက်ဆုံးတွင် ဤကမ္ဘာရှိကျင့်ကြံသူများသည် အဆင့်နိမ့်သောကမ္ဘာသို့ သွားရောက်၍မရကြသလို သွားဖို့လည်း ဘယ်သူမှစိတ်မ၀င်စားကြပေ။
ကုအန် သေချာနားထောင်နေလိုက်ပြီး အကယ်၍ တက်လှမ်းခြင်းဂိုဏ်းသာ ဤကုန်းမြေတိုက်ကြီးပေါ်တွင် တည်ထောင်ခဲ့ပါက ဘာတွေဖြစ်လာလောက်လဲဆိုတာ တွေးနေမိသည်။
တက်လှမ်းသူများသည် ကျင့်ကြံခြင်းတွင် အသန်မာဆုံးသူများ မဟုတ်ကြသော်လည်း သူတို့၏ ရှင်သန်နိုင်စွမ်းနှင့် သဘာ၀စရိုက်များမှာ ကြောက်စရာကောင်းလှ၏။
လုလင်ကျွမ်းထိုသူများကို ဆွဲဆောင်သိမ်းသွင်းနိုင်မလားဆိုတာတော့ ကုအန် သေချာမသိပေ။
တစ်နာရီခန့်ကြာသောအခါ လုလင်ကျွမ်း ဝိညဉ်ဖြူဧကရီကိုခေါ်ကာ ထွက်ခွာသွားခဲ့လေသည်။
ကုအန်နှင့်ယုယင်ယင်တို့ သူတို့ထွက်ခွာသွားသည်ကို ကြည့်နေခဲ့ကြ၏။ လုလင်ကျွမ်းပုံရိပ်ကောင်းကင်တွင် ပျောက်ကွယ်သွားသောအခါ ယုယင်ယင်ကုအန်ကိုကြည့်ကာ သူ့ပုခုံးကိုပုတ်လိုက်ရင်း ရယ်မောလိုက်လေသည်။
“တက်လှမ်းခြင်းဂိုဏ်းတည်ထောင်ပြီးသွားရင် နင့်ကိုလည်းအကြီးအကဲတစ်ယောက်အဖြစ် ထည့်ရေလို့ရတယ် အဲ့ဒီအခါ နင့်ကံကြမ္မာပြောင်းလဲသွားလိမ့်မယ် ငါ့ကိုကျေးဇူးတင်ဖို့ သတိရနော်”
ကုအန်သူမကိုကြည့်လိုက်ကာ စိတ်၀င်တစားမေးလိုက်၏။
“နင်ကတက်လှမ်းသူတောင်မဟုတ်ဘဲနဲ့ ဘာလို့အရမ်းတက်ကြွနေတာလဲ”
တက်လှမ်းခြင်းဂိုဏ်းတည်ထောင်ပြီးပါက ဂိုဏ်းသည်တက်လှမ်းသူများကိုသာ စုဝေးဖို့အဓိကထား၍ သင်ကြားမည်ဖြစ်သောကြောင့် တက်လှမ်းခြင်းအတွေ့အကြုံမရှိသူများသည် အလိုလိုဘေးရောက်သွားမည်သာ ဖြစ်သည်။
“အဲ့တာက စိတ်ဝင်စားစရာကောင်းလို့လေ ဘ၀တစ်သက်တာမှာ အမှတ်ရစရာတစ်ခုခုကိုလုပ်ခဲ့ရင် အဲ့တာက သေမျိုးကမ္ဘာမှာရှိနေတုန်း အချိန်ဖြုန်းတာမဟုတ်တော့ဘူးလေ တကယ်လို့နင်က မှတ်သားစရာတစ်ခုခုချန်ထားနိုင်ရင်တော့ ပိုတောင်ကောင်းသေးတယ်” ယုယင်ယင် ခံစားချက်မဲ့နေဟန်ဖြင့် ပြောလိုက်၏။
ကုအန်လည်း အံ့အားသင့်သွားခဲ့သည်။
“နင့်နောက်ခံကြီးနဲ့ကို ဘာလို့နင့်လေသံက….”
ကုအန် သူမ၏ပုံသဏ္ဍာန်အစစ်အမှန်တွင် သူမကိုယ်ထဲ၌ ထူးဆန်းသော ကမ္မစွမ်းအားတစ်ခုက သူမကျင့်ကြံခြင်းတိုးတက်မလာအောင် တားဆီးထားမှန်း သတိထားမိခဲ့၏။
သူမ၏ကျင့်ကြံခြင်းသာ တိုးတက်မလာပါက သူမတွင် သက်တမ်းအကန့်အသတ် ၅၀၀၀ ရှိနေလျှင်တောင် သူမသည် အသက် ၄၀၀ တွင်သာ သေဆုံးရပေလိမ့်မည်။
ယုယင်ယင်သူ့ကိုကြည့်ကာ ခပ်မဲ့မဲ့ပြောလိုက်သည်။
“ဟုတ်တယ် ငါ့ကံကြမ္မာကိုသိထားပြီးပြီ ဒီဘ၀မှာငါက အမတလမ်းစဉ်အဆင့်ကို မရောက်နိုင်တော့ဘူး”
ပြောပြီးသည်နှင့် သူမလှည့်ထွက်သွားခဲ့၏။ ထိုအကြောင်းသူမ ကုအန်နှင့် မပြောလိုပေ။
ကုအန်လည်း ထပ်မေးမနေတော့ပေ။
သူမေးခွန်းတစ်ခုသာမေးခဲ့ခြင်းဖြစ်ပြီး ယုယင်ယင်ကံကြမ္မာနှင့်ပတ်သက်ပြီး ၀င်စွက်ဖက်ဖို့တော့ ဆန္ဒမရှိပေ။
သူသည် သူ့ဂျူနီယာညီမလေး၏ အမတလမ်းစဉ်ကိုတောင် အာမမခံနိုင်သေးရာ အခြားသူများ၏ကိစ္စတွင်၀င်ရှုပ်ဖို့ အရည်အသွေးမရှိပေ။
ထို့နောက် သူလည်း ဆေးတာအိုလေ့ကျင့်ဖို့ သူ့အိမ်သို့သာ ပြန်လာခဲ့လေသည်။
….
အချိန်သည် နွေရာသီကုန်ချိန်သို့ ရောက်ရှိလာခဲ့သည်။
ကုအန် ကျိဝေအစီအရင်ကျမ်းကို လေ့လာနေရင်း တစ်ခုခုကို သတိထားလိုက်မိပြီး ပြတင်းပေါက်မှအဝေးသို့ကြည့်ကာ သူ့မျက်ခုံးများ တွန့်ကွေးသွားခဲ့၏။
“ဘာလို့ဒီကောင် အခုတလောမနားမနေ ဖြစ်နေရတာလဲ”
ကုအန် ရှုပ်ထွေးနေဟန်ဖြင့် တွေးနေမိသည်။
လွန်ခဲ့သောလကမှ လီယ ကမ္ဘာခြားနတ်မြို့တော်ကိုအသုံးပြုထားခြင်းဖြစ်ပြီး အခုလည်း ထပ်မံအသုံးပြုနေခဲ့ပြန်သည်။
လီယသည် သူနှင့် ဝေးလွန်းလှပြီး ကြယ်ပင်လယ်အဖွဲ့အစည်း၏တားမြစ်ချက်များကြောင့် သူနတ်အာရုံသုံး၍ ကြည့်မရပေ။ သူကြယ်ပင်လယ်အဖွဲ့အစည်းမှ ကြီးမြတ်သည့်ကျင့်ကြံသူကြီးများကို နတ်အာရုံသုံး၍ သတိမပေးလိုက်ချင်ပေ။
နတ်အာရုံမသုံးလျှင်တောင် သူလီယ၏အခြေအနေများကို ကမ္ဘာခြားနတ်မြို့တော်၏ အမတစိတ်ဝိညဉ်မှတစ်ဆင့် သိရှိနိုင်သေးသည်။
တခဏတွန့်ဆုတ်နေပြီးနောက် ကုအန် အမတစိတ်ဝိညဉ်ကို စိတ်ဖြင့် ဆက်သွယ်လိုက်၏။
မကြာခင်တွင် သူ့ဆီ သတင်းရောက်ရှိလာခဲ့သည်။
လီယသည် ကြယ်ပင်လယ်အဖွဲ့အစည်း၏ အမွေအနှစ်လျှို့ဝှက်နယ်မြေများထဲမှ တစ်ခုဖြစ်သော လျှို့ဝှက်နယ်မြေတစ်ခုကို ရောက်ရှိနေခြင်း ဖြစ်၏။ သူသည် ကမ္ဘာခြားနတ်မြို့တော်အစွမ်းဖြင့် အမွေအနှစ်၏နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး အမွေဆက်ခံသူ၏ ဝိညဉ်အကြွင်းအကျန်နှင့် ရင်ဆိုင်နေရ၍ နတ်ဝိညဉ်မိစ္ဆာစစ်တပ်ကို အသုံးပြုနေခြင်း ဖြစ်သည်။
အကြောင်းပြချက်ကိုသိသွားသောအခါ ကုအန် စိတ်မပူမိတော့ပေ။
လီယသည် ကြယ်ပင်လယ်အဖွဲ့အစည်းတွင် ရှိနေသည်မှာ ၅နှစ်ပင်ကျော်နေပြီဖြစ်ပြီး အကယ်၍ ကြယ်ပင်လယ်အဖွဲ့အစည်းကသာ သူ့ကိုဒုက္ခပေးချင်ပါက အစကတညး်က ဒုက္ခပေးပြီးသား ဖြစ်နေပေလိမ့်မည်။ကြည့်ရသည်မှာ ကြယ်ပင်လယ်အဖွဲ့အစည်းသည် သူ့ကိုအမှန်တကယ် ပျိုးထောင်ချင်နေပုံ ရ၏။
ကုအန် သူ့အကြည့်ကိုရုတ်လိုက်ပြီး ကျိဝေအစီအရင်ကျမ်းကိုသာ ဆက်လက်လေ့လာနေခဲ့သည်။
အချိန်များ ဆက်လက်ကုန်ဆုံးသွားခဲ့၏။
တစ်နာရီခန့်ကြာသောအခါ
ဝုန်းးးး….
နားကွဲလုမတတ်အသံကြီးထွက်ပေါ်လာပြီး ကုအန် နောက်တစ်ကြိမ်ထပ်မံအနှောင့်ယှက်ခံလိုက်ရပြန်သည်။
“ဒီနေ့က ဘာတွေထူးခြားနေတာလဲ ဘာလို့အဖြစ်အပျက်တွေ အရမ်းများနေရတာလဲဟ” ကုအန် တိတ်တဆိတ်ရေရွတ်လိုက်ပြီး အသံထွက်ပေါ်လာရာနေရာသို့ နတ်အာရုံသုံး၍ ကြည့်လိုက်၏။
မကြာခင်တွင် သူ့အမူအရာရုတ်ချည်းပြောင်းလဲသွားခဲ့လေသည်။
သူ့သူငယ်အိမ်များထဲတွင် ကျယ်ပြန့်လှသော သမုဒ္ဒရာကြီးက ရောင်ပြန်ဟက်နေခဲ့၏။ ထိုအခိုက်တွင် သမုဒ္ဒရာကြီးထဲတွင် ကြီးမားလှသော အက်ကွဲကြောင်းကြီး ပေါ်လာခဲ့ခြင်း ဖြစ်ကာ အက်ကွဲကြောင်းကြီးက ဆက်လက်ပြန့်ကားနေခဲ့သည်။ ပင်လယ်ရေများက အက်ကွဲကြောင်းကြီးထဲ တဝေါဝေါစီး၀င်နေကြပြီး ရေတံခွန်ကြီးတစ်ခုနှယ် ဖြစ်နေခဲ့၏။ အက်ကွဲကြောင်းကြီးမှာလည်း ဆက်လက်၍ ကျယ်ပြန့်လာခဲ့သည်။
ကုအန် အခြားနတ်အာရုံများလည်း ထိုအက်ကွဲကြောင်းကြီးဆီရောက်နေပြီး ကျင့်ကြံသူများ ထိုနေရာသို့သွားနေသည်ကို အာရုံခံမိနေခဲ့၏။
သမုဒ္ဒရာကြီးသည် ကုအန်တို့ကုန်းမြေတိုက်ကြီး၏ အနောက်ဘက်တွင်ရှိသော နေရာမှ ဖြစ်သည်။ ကုအန်နတ်အာရုံအောက်တွင် အက်ကွဲကြောင်းကြီးမှာ မိုင်တစ်သောင်းအထိ ကျယ်ပြန့်လာကာ ဆက်လက်ကျယ်ပြန့်နေဆဲပင် ဖြစ်ပြီး သမုဒ္ဒရာကြီးကို နှစ်ခြမ်းခွဲပစ်လိုက်တော့မလိုပင် ဖြစ်လာခဲ့၏။
ထူးဆန်းသည်မှာ ပင်လယ်ရေများက အက်ကွဲကြောင်းကြီးထဲ ကျနေသော်လည်း ပင်လယ်ရေမျက်နှာပြင်သည်ကျဆင်းမသွားဘဲ အရင်အတိုင်းသာ ရှိနေခဲ့သည်။
ကံကောင်းစွာဖြင့် ထိုသမုဒ္ဒရာအက်ကွဲကြောင်းကြီးသည် ကုအန်တို့ ကုန်းမြေတိုက်ကြီးနှင့် အလွန်ဝေးပေသည်။
ကုအန် နတ်အာရုံကိုပြန်ရုတ်လိုက်ပြီး နောက်မှ သတင်းအချက်အလက်များ ရရှိရန် အမတရှာဖွေကျွန်းသို့သွားဦးမည်ဟု စဉ်းစားထားလိုက်၏။
အမတရှာဖွေကျွန်းပေါ်တွင် ကုအန်အမြဲ ပင်လယ်ထဲရှိထင်ရှားသော အဖြစ်အပျက်မှန်သမျှကို ကြားရပေသည်။
ညဉ့်အချိန်တွင်
ကုအန် နျန်းချူဂူသို့ ရောက်လာခဲ့ပြီး ကျောက်စားပွဲဆီသို့ လမ်းလျှောက်လာခဲ့၏။ ထိုစဉ် သူ့ခြေသံထွက်ပေါ်လာသည်နှင့် အမွှေးရနံ့လေးနှစ်ခုက သူ့ကိုနှုတ်ဆက်လိုက်လေသည်။ ထို့နောက်တွင်တော့ သူ့လက်မောင်းများ နူးညံ့မှုများထဲ နစ်မြုပ်သွားခဲ့ရ၏။
“သခင်!”
“နှုတ်ဆက်ပါတယ် သခင်!”
နှစ်လိုဖွယ်ကောင်းသော အမျိုးသမီးနှစ်ယောက်သည် သူ့လက်မောင်းကို ခိုလိုက်ကြပြီး တစ်ယောက်က အပြာရောင်၀တ်ဆင်ထားကာ တစ်ယောက်က အဖြူရောင်၀တ်ထားခဲ့သည်။ သူတို့နှစ်ယောက်လုံးသည် ကျက်သရေရှိသော အသွင်အပြင်နှင့် သိမ်မွေ့လှသော အပြုအမူများရှိကြပြီး ကုအန်အား အရည်လဲ့နေသော မျက်၀န်းများဖြင့် ကြည့်ရှုနေခဲ့ကြ၏။
သူတို့သည် အသွင်ပြောင်းထားသော ထျန်းချင်းနှင့်ထျန်းပိုင်တို့သာ ဖြစ်ကြပေသည်။
မျက်နှာဖုံးတပ်ထားသော ကုအန် မေးလိုက်၏။
“နင်တို့ကိုယ်ပေါ်က ဘာနံ့လဲ”
ထျန်းချင်းခေါင်းစောင်းလိုက်ကာ ပြောလိုက်သည်။
“အဲ့တာက သခင်မလေးပြုလုပ်ထားတဲ့ အထူးရေတစ်မျိုးပါ အဲ့တာက ကွဲပြားတဲ့ရနံ့ရှိပြီး ကျွန်မတို့ကိုယ်ပေါ်က မိစ္ဆာရနံ့ကိုဖုံးအုပ်ပေးတယ်လေ အဲ့ဒီအခါ သခင်လည်း ကျွန်မတို့ကို မနှစ်သက်တာမျိုးမဖြစ်တော့ဘူးပေါ့”
ကုအန်တိတ်ဆိတ်နေသော်လည်း စိတ်ထဲတွင်တော့ကြိတ်၍ ကျေနပ်နေခဲ့၏။
အသွင်အသစ်ပြောင်းထားသော ထျန်းချင်းနှင့်ထျန်းပိုင်တို့တွင် ဆိုးရွားသောအနံ့တစ်မျိုးရှိပြီး ကုအန်အရင်က ထိုအနံ့ကြောင့် သူတို့နားကပ်ဖို့ တွန့်ဆုတ်နေခဲ့ရသည်။
သူတို့အား လက်မောင်းကိုကိုင်ထားခွင့်ပြုလိုက်ရင်း ကုအန် အိမ်လေးရှိရာသို့ လမ်းလျှောက်လာခဲ့၏။
ကြောင်မိစ္ဆှာနှစ်ကောင်မှာတော့ ထျန်းယောင်အာလိုပင် မရပ်မနားစကားပြောလာခဲ့ကြသည်။
မကြာခင် ထျန်းယောင်အာ အိမ်ထဲမှ ထွက်လာခဲ့ပြီး သူမကိုကုအန်ချီးကျူးမည်ဟု မျှော်လင့်နေရင်း ကုအန်နား ကပ်လာခဲ့၏။ ကံဆိုးစွာဖြင့် ကုအန်သည် သူမဖန်တီးထားသော ရနံ့အကြောင်းမပြောဘဲ သူမ၏ ကျင့်ကြံခြင်းအကြောင်းသာ မေးမြန်းခဲ့လေသည်။