← Chapters

အခန်း (၂၂၉-၂၃၀)

Vol. 18 Ch. 229-230

အခန်း (၂၂၉-၂၃၀)

Vol. 18 Ch. 229-230

အပိုင်း(၂၂၉)

အမတဘုရင်

ကုအန် ကျောက်စားပွဲတွင်ထိုင်နေရင်း ထျန်းချင်းနှင့်ထျန်းပိုင်တို့ သူ့ပုခုံးနှင့်ခြေထောက်များကိုနှိပ်နယ်ပေးနေသည်ကို ခံစားနေခဲ့၏။ သူ့အကြည့်က ထျန်းယောင်အာဆီသို့ရောက်နေပြီး ထျန်းယောင်အာ၏ အကန့်အသတ်မဲ့လွတ်လပ်ခြင်းခြေလှမ်းကို တစ်ချက်တစ်ချက် ဝေဖန်နေခဲ့ကာ အတော်လေး စိတ်ကျေနပ်နေခဲ့သည်။

ထျန်းယောင်အာစိတ်တိုနေသော်လည်း ကုအန်ဝေဖန်မှုကို နားထောင်ဖို့မှလွဲ ရွေးချယ်စရာမရှိတော့ပေ။

အချိန်အတန်ကြာသောအခါ ကုအန်သူမကို ဝေဖန်နေသည်ကို ရပ်လိုက်ပြီး ပြောလိုက်၏။

“ထျန်ချင်း ထျန်းပိုင် ဒီနေ့ငါနင်တို့ကို နတ်သိုင်းတစ်ခုသင်ပေးမယ် သင်ချင်ကြလား”

ထိုစကားကြောင့် ကောင်မလေးနှစ်ယောက်ချက်ချင်း ခေါင်းညိတ်ပြလိုက်ပြီး စိတ်လှုပ်ရှားမှုကြောင့် မျက်၀န်းများတောက်ပသွားခဲ့ကြသည်။

ထို့နောက် ကုအန် လက်မြှောက်လိုက်ကာ သူ့လက်ညှိုးဖြင့် ကောင်မလေးများ၏ နှဖူးကို ထိုးလိုက်၏။ ထိုအခါ သူတို့ကိုယ်များ တောင့်တင်းသွားကြပြီး ပုံရိပ်တစ်ခုက နတ်သိုင်းလေ့ကျင့်နေသော ပုံရိပ်များ သူတို့သူငယ်အိမ်ထဲ ပေါ်ပေါက်လာခဲ့သည်။

ကုအန်သူမတို့အား မူလတာအိုစွမ်းအင် လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်၏။ ထျန်းချင်းနှင့်ထျန်းပိုင်တို့ ထိုသိုင်းကိုသင်ယူဖို့ အချိန်အတော်လေး ကြာမည် ဖြစ်သည်။

ထျန်းယောင်အာလည်း ၀င်ထိုင်လိုက်ပြီး စိတ်၀င်တစားမေးလိုက်၏။

“သခင်သူတို့ကို ဘာနတ်သိုင်းသင်ပေးနေတာလဲ”

ကုအန် သူမကို မူလတာအိုစွမ်းအင် အကြောင်းမိတ်ဆက်ပေးလိုက်ရာ ထျန်းယောင်အာစိတ်၀င်စားသွားပြီး သူမကိုလည်း သင်ပေးဖို့ တောင်းပန်လေတော့သည်။

နှစ်ပေါင်းများစွာ အတူတူရှိလာကြပြီးသည့်နောက် ထျန်းယောင်အာ၏တောင်းဆိုမှုများကို ငြင်းဆန်ဖို့သိနေသော ကုအန်လည်း ခေါင်းညိတ်ကာ သဘောတူလိုက်ရ၏။ ထိုအရာကြောင့် ထျန်းယောင်အာ စိတ်လှုပ်ရှားသွားခဲ့ပြီး သူမမျက်လုံးလေးများ တစ်ခုခုကိုတွေးနေဟန်ဖြင့် တဖြတ်ဖြတ်ခါနေကာ သူမမျက်နှာတွင် အပြုံးတစ်ခုပေါ်ပေါက်လာခဲ့သည်။

ကြောင်မိစ္ဆာနှစ်ကောင် အသိပြန်ကပ်သွားသောအခါ ကုအန်သူတို့အား လေ့ကျင့်ဖို့ လွှတ်လိုက်၏။

သူတို့ထွက်သွားသောအခါ ထျန်းယောင်အာ ကုအန်နား ချဉ်းကပ်လာခဲ့ပြီး မျက်လုံးပိတ်ထားရင်း သူမနှဖူးအား ကုအန်ဆီထိုးပေးလိုက်လေသည်။

ကုအန် အရွေးချယ်ခံရန်စောင့်ဆိုင်းနေသော မိန်းမပျိုလေးတစ်ယောက်ပုံစံ လုပ်နေသော ထျန်းယောင်အာကိုကြည့်ပြီး မိစ္ဆာမဟုကြိတ်၍ ကျိန်ဆဲလိုက်ကာ သူမအား မူလတာအိုစွမ်းအင် လွှဲပြောင်းပေးလိုက်၏။

နတ်သိုင်းသင်ပေးပြီးသည့်နောက် ထျန်းယောင်အာ အမွှေဆက်ခံရင်း မေ့မြောနေချိန်တွင် ကုအန်ဆေးပင်များကို စတင်ခူးလေတော့သည်။

အာရုံတက်ချိန်မတိုင်ခင် ကုအန် ဂူထဲမှ ထွက်ခွာလာခဲ့၏။

…..

ဆောင်းဦးရာသီသို့ရောက်ရှိလာခဲ့ကာ ရာသီဥတုက အနည်းငယ် အေးလာခဲ့သည်။

ကုအန် ပင်လယ်ပေါင်းများစွာကိုဖြတ်ကာ အမတရှာဖွေကျွန်းသို့ ရောက်ရှိခဲ့၏။

ထင်ထားသလိုပင် အမတရှာဖွေကျွန်းတွင် သမုဒ္ဒရာအက်ကွဲကြောင်းကြီး၏ သတင်းက ပျံ့နှံ့နေခဲ့ပြီး လူတိုင်းထိုအကြောင်းပြောနေခဲ့ကြသည်။

ပြောနေကြသည်မှာ အက်ကွဲကြောင်းကြီးသည် ဆက်လက်ကျယ်ပြန့်နေဆဲဖြစ်ပြီး သူ့အလျားကို တိုင်းတာဖို့ပင် မဖြစ်နိုင်တော့ဘူးဟု ပြောနေခဲ့ကြ၏။ အက်ကွဲကြောင်း၏ အကျယ်မှာပင် မိုင်တစ်ရာခန့်ရှိသောကြောင့် လူတိုင်းက သေမျိုးကမ္ဘာကြီးတစ်ခုလုံး နှစ်ခြမ်းကွဲသွားမည်ကို ကြောက်ရွံ့‌‌ေနခဲ့ကြသည်။

ဤအချိန်အတွင်း ကောင်းကင်ဈာန်အမတများပင် သမုဒ္ဒရာအက်ကွဲကြောင်းကို လာကြည့်သည်ကို ကုအန်တွေ့ခဲ့ရပြီး ထိုပုဂ္ဂိုလ်များလည်း ကြည့်ရုံသာဖြစ်ပြီး ဘာမှတော့ မတတ်နိုင်ခဲ့ပေ။

“စီနီယာ ကျွန်တော် ဒဏ္ဍာရီတစ်ခုကြားခဲ့ရတယ် ဟိုးရှေးရှေးတုန်းက သေမျိုးကမ္ဘာကြီးက သမုဒ္ဒရာကြီးရဲ့ လွှမ်းမိုးခြင်းကိုခံလိုက်ရပြီး တာအိုရိုးရာတွေ အများအပြား ပျောက်ဆုံးသွားခဲ့ရတယ်တဲ့ သမုဒ္ဒရာရေတွေ ပြန်ကျသွားမှသာ သက်ရှိတွေက ကုန်းမြေတွေပေါ် ပြန်အခြေချခဲ့ကြပြီး ဂိုဏ်းတွေက မိုးဦးကျချိန်ထွက်လာတဲ့ ဝါးပင်တွေလို ပေါ်လာခဲ့ကြတယ် အဲ့ဒီဂိုဏ်းတွေထဲက တစ်ခုက ဖုန်မှုန့်နီဂိုဏ်းတဲ့ ဖုန်မှုန့်နီဂိုဏ်းရဲ့ ဂိုဏ်းချုပ်က အထွတ်အထိပ်အမတရတနာ ကမ္ဘာခြားနတ်မြို့တော်ကို ဖန်တီးပြီး သေမျိုးကမ္ဘာကို ဖိနှိပ်လို့ အမတဘုရင်ဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိခဲ့တယ်တဲ့”

“ဖုန်မှုန့်နီဂိုဏ်းချုပ်မကျဆုံးခင် သူကသမုဒ္ဒရာကိုနှစ်ခြမ်းခွဲပြီး သူ့ခန္ဓာကိုယ်ကို သမုဒ္ဒရာအောက်ခြေမှာ မြှုပ်နှံခဲ့တယ် သူ့ကျင့်ကြံခြင်းအဆင့်က စိတ်ကူးလို့မရအောင်မြင့်မားပြီး အခုပင်လယ်ကိုအက်ကွဲစေတာ သူ့အရိုးတွေကြောင့်လို့ အချို့ကပြောနေကြတယ် အဲ့တာအမှန်လားဆိုတာတော့ ဘယ်သူမှမသိဘူး”

ဟူရှောင်ကျင်း ကုအန်ဘေးမှလိုက်လာရင်း ဆန်းကြယ်စွာ ပြောလိုက်သည်။

ဖုန်မှုန့်နီဂိုဏ်း၊ ကမ္ဘာခြားနတ်မြို့တော်!

ထိုစကားကိုကြားသောအခါ သမုဒ္ဒရာအက်ကွဲကြောင်းသည် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေနှင့် ဆက်စပ်နေသည်ဟု ကုအန် ရုတ်တရက်တွေးမိသွားခဲ့၏။

ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေသည် အရင်ဆုံး ကမ္ဘာခြားနတ်မြို့တော်ကိုထုတ်လိုက်ကာ ပြီးသည့်နောက် သမုဒ္ဒရာအက်ကွဲကြောင်းကို ဖန်တီးခဲ့သည်။ သူတို့ ရည်ရွယ်ချက်အစစ်အမှန်မှာ မည်သည့်အရာ ဖြစ်လောက်သနည်း။

“ငါ့ကိုသမိုင်းတစ်လျှောက်က အမတဘုရင်တွေရဲ့ မှတ်တမ်းတွေ ဒဏ္ဍာရီတွေအကြောင်း ကူညီစုဆောင်းပေး” ကုအန် ညွှန်ကြားလိုက်၏။

အရင်က တစ္ဆေမိခင်သည် မြေအောက်ကမ္ဘာမကောင်းဆိုးဝါး ၁၃ကောင်ကို လွှတ်ကာ ကုအန်ဆီ အမတဘုရင်သရဖူကို ပို့ပေးခဲ့သည်။ ထိုသရဖူအောက်တွင်ပုန်းကွယ်နေသည်မှာတော့ မကောင်းဆိုးဝါးဧကရာဇ်၏ ဝိညဉ်နှင့်အရိုးများ ဖြစ်ကြ၏။ ထိုစဉ်က ကုအန် အမတဘုရင်သရဖူကို မြောက်ပင်လယ်ကန်‌ခြေတွင် မြှုပ်နှံထားခဲ့ပြီး ထိုအချိန်ကတည်းကစပြီး အခုထိ မထိရသေးပေ။

သူအစက အမတဘုရင် ဆိုသည်မှာ ဘွဲ့တစ်ခုဟုထင်ထားခြင်းဖြစ်သော်လည်း အခုတော့ ကြည့်ရသည်မှာ အမတဘုရင်များစွာ ရှိပုံရပေသည်။

ဟူရှောင်ကျင်း အမြန်ပင် သဘောတူခဲ့၏။ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ဆီတွင် အမှုထမ်းရခြင်းမှာ သူ့အတွက်ဂုဏ်ယူစရာသာ ဖြစ်ပေသည်။ နှစ်ပေါင်းများစွာ ကုအန်နှင့် အတူရှိပြီးသည့်နောက် သန်မာသည့်တစ်ယောက်ယောက်ကို မှီခိုရခြင်းမှာ ကံကောင်းခြင်းဟု သူခံစားလာခဲ့ရ၏။

အချုပ်အနှောင်မဲ့အမတတစ်ပါးဆီတွင် အမှုထမ်းရခြင်းမှာ ကောင်းချီးတစ်ခုသာ ဖြစ်ပေသည်။

ရက်အနည်းငယ်ကြာကတည်းက အမတရှာဖွေကျွန်း၌ လေလံပွဲတစ်ခုရှိနေခဲ့ပြီး ထိုပွဲတွင် အဆင့်၉ စိတ်ဝိညဉ်ပင် တစ်ပင်ကို လေလံတင်မည်ဖြစ်သောကြောင့် ဟူရှောင်ကျင်း ကုအန်အား ထိုပွဲကိုတက်ဖို့ အကြံပေးခဲ့၏။

ထိုစကားကိုကြားသောအခါ ကုအန်လည်း ချက်ချင်းသဘောတူလိုက်သည်။

နေ့၀က်ခန့်ကြာသောအခါ ကုအန် အမတရှာဖွေကျွန်းမှ အဆင့်၉ စိတ်ဝိညဉ် အပင်ပေါက်တစ်ပင်နှင့် အတူထွက်ခွာလာခဲ့၏။ အချို့ အချုပ်အနှောင်မဲ့အမတများက သူ့ကိုခြေရာခံလိုက်ရန် ကြိုးစားခဲ့သော်လည်း မရခဲ့ပေ။

ကုအန် အပြင်ကမ္ဘာဂူသို့ ရောက်လာခဲ့ပြီး အဆင့် ၉ စိတ်ဝိညဉ်ပင် အပင်ပေါက်ကို စိုက်လိုက်သည်။

[လျူဟိုင်ပင်(အဆင့်၉) : ၅၆/၈၀၀၀၀/၅၀၀၀၀၀]

သက်တမ်းအကန့်အသတ် ငါးသိန်း!

အကယ်၍ သူထိုအပင်ကို အခုသတ်လိုက်ရင်တောင် သက်တမ်း ၈၀၀၀ လောက်ရရှိမည့်အပင် ဖြစ်၏။ သို့သော် ကုအန် ရွှေဥဥပေးနေသည့် ငန်းကြီးကိုသတ်မည့် စိတ်ကူးမရှိပေ။

လျူဟိုင် ပင်လယ်မှ လျူထျန်းစွမ်းအင်ပင်လယ်ဟုခေါ်သော အရာကို ဖွဲ့တည်ပေးနိုင်ပြီး ထိုအရာသည် စိတ်ဝိညဉ်စွမ်းအင်များကို စုစည်းပေးကာ ပတ်၀န်းကျင်ရှိ အရာအားလုံး၏ ကြီးထွားနှုန်းကို တိုးမြှင့်ပေးနိုင်သည့်အရာ ဖြစ်သည်။ လျူထျန်းစွမ်းအင်ပင်လယ်သည် စိတ်ဝိညဉ်မိုးများ ရွာအောင်ပင် စွမ်းဆောင်ပေးနိုင်ပြီး ပြောကြသည်မှာ ထိုအရာသည် ကောင်းကင်နှင့်မြေပြင်ညဏ်အလင်းပွင့်အောင်ပင် လုပ်ပေးနိုင်သည်ဟု ဆိုကြသည်။

ထိုကဲ့သို့သော စိတ်ဝိညဉ်ပင် အမျိုးအစားမျိုးက ကုအန်ကို စိတ်လှုပ်ရှားသွားစေခဲ့၏။

နောင် နှစ်တစ်သောင်းအကြာတွင် သူ့အပြင်ကမ္ဘာဂူသည် သူစိုက်ပျိုးထားသည့် အပင်များနှင့် ပြည့်နှက်နေပေလိမ့်မည်။ ထိုအချိန်သို့ရောက်ပါက သူ့မိတ်ဆွေဟောင်းများလည်း ရှိတော့မည် မဟုတ်သောကြောင့် သူဤကမ္ဘာငယ်လေးထဲသို့ ဆုတ်ခွာလာနိုင်ပေသည်။ သူ့တွင် အဖော်ပြုပေးမည့် ထျန်းယောင်အာ ရှိနေဦးမည်ဖြစ်သောကြောင့် ဘယ်တော့မှ တစ်ယောက်တည်းဖြစ်ကာ အထီးကျန်နေဦးမှာတော့ မဟုတ်ပေ။

ကုအန် ထွက်ခွာမသွားခင် လျူဟိုင်ပင်ကို အထင်ကြီးနေဟန်ဖြင့် အချိန်အတန်ကြာ ကြည့်သွားခဲ့လေသည်။

သူပြန်ရောက်လာသောအခါ ဆယ်နှစ်ပင် ကြာမြင့်ခဲ့လေပြီ!

ဆယ်နှစ်အတွင်း လျူဟိုင်ပင်သည် သိသိသာသာပင် ရှည်လျားလာခဲ့၏။

ထျန်းယောင်အာ ကုအန်ဘေးတွင် အဖော်ပြုပေးနေရင်း လျူဟိုင်ပင်ကို အတူတူကြည့်ရှုနေခဲ့သည်။

အဝေးတွင်တော့ ထျန်းချင်းနှင့် ထျန်းပိုင်သည် ဆော့ကစားနေခဲ့ကြ၏။ ကုအန်သူတို့အား ထျန်းယောင်အာကို အမှုထမ်းရန်ခေါ်ပေးထားခဲ့ခြင်းဖြစ်သော်လည်း ထျန်းယောင်အာသည် မကြာခဏ တံခါးပိတ်ကျင့်ကြံနေသောကြောင့် သူတို့ကို စည်းကမ်းတကျသင်ကြားပေးရန် အချိန်မရှိခဲ့ဘဲ သူတို့၏ ရိုးသားကာ ကစားချင်သော သဘာ၀လေးကို လွှတ်ထားပေးခဲ့သည်။

ဆယ်နှစ်ကုန်ဆုံးသွားပြီးခဲ့သည့်နောက်တွင် ထျန်းယောင်အာ၏ ကျင့်ကြံခြင်းသည် စိတ်ဝိညဉ်အခြေတည်အဆင့် ၂ သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။

“သခင် ကျွန်မတို့ကြည့်နေတာလည်း ကြာပြီ ပြန်သင့်ပြီမဟုတ်လား” ထျန်းယောင်အာ ချိုချိုသာသာမေးလိုက်သည်။

ကုအန်လည်း အသိစိတ်ပြန်၀င်လာခဲ့ပြီး ခေါင်းညိတ်ပြလိုက်ကာ သူမကိုခေါ်ကာ ထွက်လာခဲ့၏။

ထျန်းယောင်အာ လောနေရခြင်းမှာ သူမဤနေရာတွင် အချိန်မဖြုန်းချင်သောကြောင့် ဖြစ်သည်။ သူမတွင် ကုအန်နှင့်ဆွေးနွေးစရာ ကိစ္စများစွာ ရှိနေသေး၏။

သို့သော်လည်း ယနေ့တွင် ကုအန်ခံစားချက်ကောင်းမနေသည်ကိုလည်း သူမခံစားမိနေခဲ့သည်။

ထိုခံစားချက်မှာ ကုအန် ထွက်သွားသည့်အချိန်ထိပင် ကျန်ရှိနေခဲ့သေး၏။

ဆန်းကြယ်တောင်ကြားသို့ ပြန်လာခဲ့ပြီးသည့်နောက် ကုအန်ခုံတွင်ထိုင်ကာ အစိမ်းရောင်သူရဲကောင်းစာအုပ်ကိုကိုင်ထားရင်း စိတ်မငြိမ်နိုင် ဖြစ်နေခဲ့သည်။

သူကြိတ်၍ သက်ပြင်းချလိုက်မိပြီး အတော်လေးဒုက္ခရောက်နေသလိုခံစားနေခဲ့ရသည်။

သူစိတ်ညစ်နေရသည့်အကြောင်းအရင်းမှာ ယနေ့ညတွင် ရီလန်သည် သူမ၏ ကမ္ဘာဦးပြန်လည်မွေးဖွားခြင်းကျင့်စဉ်မှ စည်းကို ဖြည်တော့မည် ဖြစ်သောကြောင့် ဖြစ်၏။

ကုအန်အသက်သည် ၁၂၂ နှစ်ရှိနေပြီဖြစ်ကာ ရီလန်က ၁၁၇ နှစ်‌ရှိနေပြီဖြစ်ပြီး သူမသက်တမ်းအကန့်အသတ်ကိုရောက်ဖို့ ၁၃နှစ်သာ လိုတော့သည်။ ထို့ကြောင့် ရီလန့် ပြန်လည်မွေးဖွားခြင်းကျင့်စဉ်တွင် အမှားအယွင်းတစ်ခုခုဖြစ်သွားပြီး သူရီလန်နှင့် နောက်ထပ် ၁၃နှစ်သာ နေရတော့မှာကို ကြောက်ရွံ့နေခဲ့မိသည်။

ဤနှစ်များအတွင်းတွင်တော့ သူရီလန့်အတွက် ကျင့်ကြံခြင်းစု‌ေဆာင်းနုိင်ရန် မရေတွက်နိုင်သော ဆေးများပို့ပေးခဲ့၏။

ထိုသို့တွေးမိမှသာ ကုအန်စိတ်အနည်းငယ်လျှော့လိုက်နိုင်ခဲ့သည်။

ထို့နောက် သူ့နတ်အာရုံအား အပြင်စည်းမြို့ရှိ ရီလန့်စံအိမ်ဆီပို့လွှတ်လိုက်၏။

ရီလန်သည် သူမကုတင်ပေါ်တွင်ထိုင်ကာ ကျင့်ကြံနေခဲ့သည်။ ထိုစဉ် သူမ၏ ကျင့်ကြံခြင်းတဖြည်းဖြည်းပြေလျော့လာနေသည်ကိုလည်း ကုအန် ခံစားမိနေခဲ့၏။

သူညဉ့်နက်ချိန်ထိ စောင့်ဆိုင်းနေခဲ့သည်။

ရီလန့်၏ ကျင့်ကြံခြင်းကို လုံး၀ ဖြေလွှတ်လိုက်လေပြီ!

ကုအန်ရီလန့် စံအိမ်တစ်ဝိုက်တွင် ၀င်္ကပါများစွာ ကြိုတင်၍ ချပေးထားခဲ့သည်။ သို့သော်လည်း သူ့၀င်္ကပါများသည် သူချပြထားသော အဆင့်နှင့်ညီသည့် ၀င်္ကပါများသာဖြစ်သောကြောင့် ဂိုဏ်းထဲရှိ လူအများအပြား ရီလန့်အရှိန်အဝါထိုးတက်လာခြင်းကို သတိထားမိသွားခဲ့ကြ၏။

လူများ တစ်ယောက်ပြီးတစ်ယောက် ရီလန့်စံအိမ်နားတွင် စုဝေးလာခဲ့ကြသည်။ ကံကောင်းစွာဖြင့် အပြင်စည်းဂိုဏ်းမဟာအကြီးအကဲ လုစုန့်ဟန် ရောက်ရှိလာပြီး ရောက်လာသူများကို လူစုခွဲလိုက်ကာ သူ့နောက်လိုက်များအား စံအိမ်ကို ကာကွယ်ခိုင်းထားလိုက်၏။

ဤအရာမှာလည်း ကုအန်၏ ကြိုတင်စီစဉ်ထားမှုသာ ဖြစ်ပေသည်။

ကုအန် ရီလန် အမြုတေဖွဲ့စည်းနေသည်ကို အာရုံခံလိုက်မိမှသာ သက်ပြင်းချလိုက်နိုင်ခဲ့၏။

အာရုံတက်ချိန်မတိုင်ခင်တွင် ရီလန်သည် သူမ၏ အခြေတည်စိတ်ဝိညဉ်ကို ဖွဲ့စည်းခဲ့သည်။

ဤအရာက ကုအန်အား ထိတ်လန့်သွားစေခဲ့၏။ ကမ္ဘာဦးပြန်လည်မွေးဖွားခြင်းကျင့်စဉ်မှာ အတော်လေး လွှမ်မိုးနိုင်လွန်းလှသည်။

ဒါပေါ့ ရီလန်ထိုမျှမြန်မြန် အဆင့်ချိုးဖျက်နိုင်နေခြင်းမှာ ကုအန် သူ့အပေါ် ဆေးများစွာ မြှုပ်နှံထားခဲ့၍ ဖြစ်၏။ ထိုဆေးများ၏ တန်ဖိုးသည် စိတ်ဝိညဉ်အခြေတည်အဆင့်အများစု သုံးစွဲကြသည့် ဆေးပမာဏကိုပင် ကျော်လွန်နေသေးသည်။

နှစ်ရက်ကြာပြီးနောက် ရီလန့်ကျင့်ကြံခြင်းက တည်ငြိမ်သွားခဲ့၏။

သို့သော် သူမ၏အဖြစ်အပျက်က အတွင်းစည်းဂိုဏ်းနှင့် ဗဟိုမြို့တော်ကိုပင် ဆွဲဆောင်သွားခဲ့သည်။

ကုအန်လည်း ရွေးချယ်စရာမရှိတော့ဘဲ သူကိုယ်တိုင်သာ စံအိမ်ရှေ့တွင် ကာကွယ်နေလိုက်ရ၏။

ထိုစဉ် လုပိုင်ထျန်း ပျံသန်းလာခဲ့ပြီး ကုအန်ကိုမြင်သောအခါ ချက်ချင်းချဉ်းကပ်လာခဲ့သည်။

ဂိုဏ်းချုပ်နှင့်ရင်ဆိုင်ရသောအခါ ကုအန်ဘာမှခြွင်းချန်မထားခဲ့ပေ။ တာအိုဖြန့်ကျက်ကျင့်စဉ်အကြောင်း ရှင်းပြလိုက်ပြီး ရီလန့် ယခုလိုအဆင့်ချိုးဖျက်မှုသည် သူသည် ဤနှစ်များအတွင်း ရရှိသမျှဆေးရွက်များအားလုံးကို ရီလန့်အတွက် ဆေးအဖြစ်ပြောင်းလဲပေးခဲ့သောကြောင့်ဟု ပြောပြခဲ့သည်။

လုပိုင်ထျန်းလည်း တာအိုဖြန့်ကျက်ကျင့်စဉ်အကြောင်း ကြားဖူး၏။ ဝူရှင်းသည် ယခုအခါ လီရွှမ်တောက်ဘေးရှိ အရေးကြီးပုဂ္ဂိုလ်တစ်ဦး ဖြစ်နေပြီဖြစ်ပြီး တာအိုဖြန့်ကျက်ကျင့်စဉ်၏ အစွမ်းကလည်း အမတကျင့်ကြံခြင်းကမ္ဘာတွင် ပျံ့နှံ့နေပြီ ဖြစ်၏။

ကုအန်ထိုမျှ အစွဲအလန်းကြီးလိမ့်မည်ဟုတော့ သူထင်မထားခဲ့မိပေ။ ကုအန်သည် ဆေးတောင်ကြားသုံးခု ပိုင်မှန်း သူသိရှိထားပြီး ကုအန်၏ နှစ်စဉ်ရနေသော ဆေးရွက်ပမာဏသည် အလွန်များပြားလှပေသည်။ ထိုအရာများအားလုံးကို ရီလန့်အတွက်ပေးခဲ့ခြင်းမှာတော့ အတော်လေး အံ့ဩစရာကောင်းလှ၏။

“ငါဒါကို ကိုင်တွယ်လိုက်မယ် မင်းဒီမှာအေးအေးချမ်းချမ်း စောင့်နေနိုင်တယ်” လုပိုင်ထျန်းပြောလိုက်ပြီး လုစုန့်ဟန်ကို အချက်ပြလိုက်သည်။

ထို့နောက် သူလုစုန့်ဟန်အား ဤစံအိမ်ထဲတွင် နတ်အသွင်ပြောင်းခြင်းအဆင့်တစ်ယောက်ကျင့်ကြံနေပြီး ဘယ်သူမှ မနှောင့်ယှက်ကြဖို့ သတင်းထုတ်ပြန်ရန် ညွှန်ကြားလိုက်၏။

အခြေခံတည်ဆောက်ခြင်းအဆင့်တစ်ယောက်က နှစ်ရက်အတွင်း နတ်အသွင်ပြောင်းခြင်းအဆင့်ရောက်ရှိသွားခြင်းသည် ကြီးမားသော ဂယက်ကြီးတစ်ခုကို ဖြစ်ပွားစေမည်ဖြစ်ပြီး နတ်အသွင်ပြောင်းခြင်းအဆင့်တစ်ယောက် ကျင့်ကြံနေသည်ဆိုလျှင်တော့ ဂယက်မှာ အတော်လေး သေးငယ်သွားပေလိမ့်မည်။

ကုအန် စံအိမ်ရှေ့တွင် ရပ်နေရင်းသာ ဆက်စောင့်နေခဲ့လိုက်သည်။

ညနေခင်းအချိန်မတိုင်ခင် ရီလန့်အရှိန်အဝါ တည်ငြိမ်သွားခဲ့ပြီး လုစုန့်ဟန်လည်း နောက်ဆုံးတွင် သူ့လူများကို ဦးဆောင်ကာ ထွက်ခွာသွားခဲ့၏။

ကုအန် စံအိမ်ထဲ၀င်သွားပြီး ရီလန့် အခန်းရှေ့သို့ လမ်းလျှောက်လာခဲ့သည်။

အခန်းရှေ့တွင်ရပ်နေရင်း သူစောင့်ဆိုင်းနေခဲ့၏။

“စီနီယာအစ်ကိုကြီး ဘာလို့၀င်မလာတာလဲ” အခန်းထဲမှ ရီလန့်အသံ ထွက်ပေါ်လာခဲ့သည်။

ကုအန် အသက်ပြင်းပြင်းရှူလိုက်ပြီး တံခါးကို တွန်းဖွင့်လိုက်လေသည်။

သူ့အကြည့်က ကုတင်ပေါ်ရှိ ရီလန့်ဆီရောက်သွားပြီး ချက်ချင်း သက်တမ်းစစ်ဆေးခြင်း သုံးလိုက်၏။

[ရီလန် (နတ်အသွင်ပြောင်းခြင်းအဆင့် ၅) :၁၁၇/၆၀၀/၆၀၀]

သက်တမ်း ၆၀၀တည်းရယ်လား!

ကုအန် မျက်မှောင်ကြုံ့လိုက်ကာ သူ့နှလုံးသားနစ်မြုပ်သွားခဲ့လေသည်။

ရီလန်မျက်လုံးပွင့်လာပြီး ကုအန်ကိုကြည့်ကာ ပြုံးလိုက်၏။

“စီနီယာအစ်ကိုကြီး ညီမလေးနတ်အသွင်ပြောင်းခြင်းအဆင့်ကိုရောက်ပြီ အဲ့တာက တကယ်မယုံနိုင်စရာပဲ!”

သူမသည် သူမသက်တမ်းအကန့်အသတ်မှာ ၆၀၀ သာရှိမှန်း မသိသေးဘဲ စိတ်လှုပ်ရှားနေခဲ့သည်။

သူမနားလည်ထားမှုအရ နတ်အသွင်ပြောင်းခြင်းအဆင့် တစ်ယောက်အတွက် သက်တမ်း ၁ထောင်လောက် အသက်ရှင်နေနိုင်ခြင်းမှာ ခက်ခဲမည်မဟုတ်ဘဲ သူမကျင့်ကြံခြင်းကလည်း အနာဂတ်တွင် တိုးလာဦးမည် ဖြစ်သည်။

ကမ္ဘာဦးပြန်လည်မွေးဖွားခြင်းကျင့်စဉ်သည် သက်တမ်းအကန့်အသတ်ကို တိုးမြှင့်ပေးနိုင်သော်လည်း အဆင့်ချိုးဖြတ်ရင်း သက်တမ်းတိုးနိုင်ဦးမလားဆိုတာတော့ မသေချာပေ။

နောက်ဆုံးတော့ ထိုကျင့်စဉ်သည် ကံကြမ္မာကိုဖီဆန်ရသည့် ကျင့်စဉ်တစ်ခုသာ ဖြစ်၏။

ကုအန်ပြုံးကာပြောလိုက်သည်။

“တကယ်ကြီးလား အဲ့တာကောင်းတာပေါ့ ဂျူနီယာညီမလေး အခုကစပြီး ညီမလေး အစ်ကိုကြီးကိုစောင့်ရှောက်ရတော့မယ်နော်”

ရီလန်‌ရယ်မောလိုက်၏။

“ဒီကျင့်စဉ်က အစ်ကိုကြီးဟာပါ အစ်ကိုကြီးစည်းကို ဖြည်လိုက်ရင် အစ်ကိုကြီးကညီမလေးထက် စွမ်းအားကြီးနေမှာ သေချာတယ်”

ကုအန် ကမ္ဘာဦးပြန်လည်မွေးဖွားခြင်းကျင့်စဉ်ကို ကျင့်မထားသော်လည်း သူမကထိုသို့ပြောနေသောကြောင့် သူသဘောတူလိုက်ရုံမှလွဲ ရွေးချယ်စရာမရှိခဲ့ပေ။

ထို့နောက် ရီလန်ထရပ်လိုက်ကာ ကုအန်နှင့်အတူ စားပွဲတွင်ထိုင်လိုက်ရင်း သူမ၏ အဆင့်ချိုးဖြတ်သည့် အတွေ့အကြုံများအကြောင်း စတင်ပြောပြလေတော့သည်။

တစ်ဖက်တွင် ကုအန်မှာတော့ ရီလန့်ကို ညဏ်အလင်းပွင့်အောင်ဘယ်လိုလုပ်ပေးရမလဲ စဉ်းစားနေခဲ့၏။

လက်ရှိအနေအထားအရ ညဏ်အလင်းပွင့်ခြင်းကသာ သက်တမ်းအကန့်အသတ်ကို တိုးမြှင့်ပေးဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပုံပေါ်ပေသည်။

သို့သော်လည်း ညဏ်အလင်းပွင့်ဖို့က မည်မျှခက်ခဲနေလိုက်သနည်း။

အပိုင်း(၂၃၀)

သက်တမ်းအကန့်အသတ် ၉၉၉၉ နှစ်

စိတ်အခြေအနေသိပ်မကောင်းသောကုအန်ပင် ရီလန်၏ စိတ်လှုပ်ရှားနေမှုကိုကြည့်ကာ တဖြည်းဖြည်း ကောင်းလာခဲ့သည်။

ဘာပဲဖြစ်ဖြစ် သူရီလန့်သက်တမ်းအကန့်အသတ်ကို နှစ်ပေါင်း ၄၇၀ လောက်တိုးအောင် ကူညီပေးလိုက်နိုင်ပြီး ကျင့်ကြံခြင်းကိုလည်း အခြေခံတည်ဆောက်ခြင်းအဆင့်မှ နတ်အသွင်ပြောင်းခြင်းအဆင့်သို့ ပြောင်းလဲပေးလိုက်နိုင်ခဲ့သည်။

သက်တမ်း ၅၀၀နီးနီးနှင့် ဆိုပါက သူမကိုယ်တိုင်လည်း အနာငတ်တွင် အခွင့်အလမ်းကောင်းများနှင့် တွေ့နိုင်သေး၏။

ကုအန်ပြုံးနေမိပြီး တစ်ခါတစ်ရံ ရီလန့်စကားများကို နောက်မှလိုက်၍ ပြောနေခဲ့သည်။

ရီလန်ပြောပြီးသွားသောအခါ ကုအန်ပြောလိုက်၏။

“ညီမလေးကို အတွင်းစည်းဂိုဏ်းကိုပြောင်းနေဖို့ အကြံပေးချင်တယ်”

ရီလန် ‌တောင့်တမှုများပြည့်နေသော မျက်နှာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

“တကယ်လို့ ဒီဘ၀မှာ ညီမလေးကျင့်ကြံခြင်းက မတိုးတော့ဘူးဆိုရင်တောင် ကြီးမြတ်တဲ့ကျင့်ကြံသူတွေ

ကြားထဲက ဘ၀ကို ခံစားလိုက်ရတဲ့အတွက် အလဟသတော့ ဖြစ်မသွားတော့ပါဘူး”

ကုအန် ဤအခန်းထဲ၀င်လာကတည်းက သူ့အမူအရာနှင့်ပတ်သက်ပြီး တစ်ခုခုမှားနေမှန်း ရီလန် သတိထားမိခဲ့၏။

အရင်က ကုအန်၏ သာမန်မဟုတ်သော အကြံပေးချက်များကို ပြန်စဉ်းစားရင်း ရီလန့်စိတ်ထဲ ဖြစ်နိုင်ချေပေါင်းများစွာကို တွေ့းနေခဲ့သည်။ ထိုထဲမှ အသေချာဆုံးတစ်ခုမှာ ကုအန်သည် သူမသက်တမ်းကို အလွန်အမင်း စိုးရိမ်နေခြင်းသာ ဖြစ်၏။

ရီလန် ယခုလို သိလိုက်ရသော်လည်း စိတ်ပျက်မသွားဘဲ ထိုအစား စိတ်ပင်ကျေနပ်နေသေးသည်။

သူမ စီနီယာအစ်ကိုကြီး၏ အကူအညီသာမပါပါက သူမသည်အခြေခံတည်ဆောက်ခြင်းအဆင့်သို့ပင် ရောက်နိုင်မည်မဟုတ်ဘဲ ယခုလို ဖြစ်ရပ်မျိုးမှာ အိပ်မက်ထဲတွင်သာ ဖြစ်နိုင်ပေလိမ့်မည်။

“တကယ်လို့ ညီမလေးက သက်တမ်းရာဂဏန်းလောက်သာ အသက်ရှင်နိုင်ရင်တောင် အစ်ကိုကြီးနောင်တမရပါတဲ့ ကံကြမ္မာကညီမလေးတို့ကို ဒီလောက်ပဲခွင့်ပြုရင် ညီမလေးတို့နောက်ဘ၀မှာ ဆုံနိုင်သေးတာပဲလေ ဟုတ်တယ်မလား” ရီလန် ခပ်ပေါ့ပေါ့ရယ်မောကာ ပြောလိုက်သည်။

ကုအန်လည်း အံ့အားသင့်သွားပြီး ရယ်မောကာ ပြောလိုက်၏။

“ဟုတ်တယ် အဲ့ဒီလိုသာဆိုရင် ပြန်လည်မွေးဖွားခြင်းကတောင် အစ်ကိုကြီးတို့ တွေ့ဆုံမှာကိုတားနိုင်မှာ မဟုတ်ဘူး”

ထို့နောက် သူတို့နှစ်ယောက်စကားဝိုင်းသည် အနာဂတ်မှနေ၍ အတိတ်သို့ရောက်ရှိသွားခဲ့ကြသည်။ ကုအန်လည်း ရီလန့်အိမ်တွင် တစ်ညလုံးနေရန် ရွေးချယ်ခဲ့ပြီး သူတို့နှစ်ယောက်တစ်ညလုံး မမောနိုင် မပန်းနိုင် စကားပြောခဲ့ကြ၏။

နောက်တစ်နေ့မနက်စောစောမှသာ ကုအန် ပြန်လာခဲ့သည်။

ရီလန် ထွက်ခွာသွားသော ကုအန်ပုံရိပ်ကိုကြည့်နေရင်း ဆုံးရှုံးသွားမှုကို ထပ်မံခံစားလိုက်ရပြန်၏။

သူမကျင့်ကြံခြင်းတိုးတက်လာပြီးနောက် သူမ၏ သူမအစ်ကိုကြီးသည် သာမန်မဟုတ်ဘူးဟု ထင်နေခြင်းမှာ ပို၍တိုးမြင့်လာခဲ့သည်။

သူမအစ်ကိုကြီးသည် မြင့်မားသောအဆင့်ကြီးတစ်ခုသို့ ရောက်နေခြင်းပင် ဖြစ်နိုင်၏။ နောက်ဆုံးတွင် သူသည် ဆရာသခင်ဓားအရှင်တန်ဖိုးထားရသူသာ ဖြစ်ပေသည်။

ကုအန်သည် ပြဿနာများကို ရှောင်ရှားချင်သူဖြစ်သောကြောင့်သာ သူနှင့်ဆရာသခင်ဓားအရှင်ကြား ဆက်ဆံရေးကို ဖုံးကွယ်ထားခြင်းဖြစ်၏။ ဤအရာကို သူမနားလည်နိုင်သည်။

“စီနီယာအစ်ကိုကြီး ညီမလေးရဲ့လက်ကျန်ဘ၀တစ်လျှောက်လုံးကို အစ်ကိုကြီးနဲ့ပဲ နေသွားမှာပါ”

ရီလန်ပြုံးလိုက်ပြီး သူမမျက်လုံးထဲ မျှော်လင့်ချက်များဖြင့် ပြည့်နေခဲ့၏။

အနာဂတ်သည် ဝေးကွာလွန်းလှပြီး သူမသည်လက်ရှိပစ္စုပ္ပန်ကိုသာတန်ဖိုးထားပေသည်။

……

ရီလန့်ကိစ္စသည် အချိန်အတော်ကြာမှသာ စိတ်ပူရမည့်အရာဖြစ်သောကြောင့် ဘေးဖယ်ထားသေး၍ရပြီး ကမ္ဘာဦးပြန်လည်မွေးဖွားခြင်းကျင့်စဉ်သည်လည်း တာအိုဖြန့်ကျက်ကျင့်စဉ်လိုမဟုတ်ဘဲ ထပ်ခါတလဲလဲပြန်ကာ ကျင့်ကြံ၍ရသောကြောင့် ရီလန် နောင်နှစ်ပေါင်းရာချီ၍ စည်းပိတ်ကာ ကျင့်ကြံ၍ရသေးသည်။ ထိုအခါတွင်လည်း သူမသက်တမ်းအကန့်အသတ်သည် ပထမဆုံးအကြိမ်စည်းဖြည်သကဲ့သို့ တက်လာဦးမလားဆိုတာတော့ ကုအန်လည်း သေချာမသိပေ။

ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ မျှော်လင့်ချက်ရှိနေသေးသည်။

နှစ်ရာပေါင်းများစွာကြာပါက ကုအန်၏ကျင့်ကြံခြင်းသည်လည်း တိုးမြင့်လာဦးမည်ဖြစ်ကာ သူ့တွင် ရီလန့်ကံကြမ္မာကိုပြောင်းလဲပေးနိုင်မည့် နည်းလမ်းတစ်ခုခု ရှိကောင်းရှိလာနိုင်ပေသည်။

ရီလန်နှင့်ယှဉ်ပါက ကုအန် ရှောင်ချွမ့်ကိုပိုစိုးရိမ်၏။

ရှောင်ချွမ်သည် ကြိုးစား၍လည်း မကျင့်ကြံသောကြောင့် အကယ်၍ သူ့စည်းကိုဖြည်လိုက်လျှင်တောင် ရလဒ်က ရီလန့်လောက် ကောင်းလာမည်မဟုတ်ပေ။

သို့သော် ရှောင်ချွမ်သည် သေခြင်း ရှင်ခြင်းများစွာကို မြင်တွေ့ခဲ့ပြီး သေခြင်း‌ရှင်ခြင်းကို ထိုမျှမကြောက်တော့သောကြောင့် ကုအန်သူ့အတွက် နောင်တတော့ မရှိပေ။

လူတိုင်းတွင် ကိုယ်စီရွေးချယ်မှုများ ရှိကြပြီး လူတိုင်းက နှုတ်ဆက်ခြင်းဆိုတာကို ကြုံတွေ့ကြရမည်ဖြစ်ပြီး ကုအန်သည်လည်း ခေါင်းမာသူတစ်ယောက်မဟုတ်ပေ။ အကယ်၍ သူ့တွင်ဘာမှလုပ်ပေးနိုင်စွမ်းမရှိပါက သူသည် သူ့မိတ်ဆွေများကိုယ်စား အမတလမ်းစဉ်၏ အဆုံးသတ်ကို ကြည့်ရှုပေးမည့်သူ ဖြစ်သည်။

ဤနှစ်နွေရာသီသည် အရင်နှစ်များလောက် မပူခဲ့ပေ။

တတိယတောင်ကြား၌

ကုအန် လှေကားမှဆင်းလာခဲ့ပြီး တောင်ကြားထဲရှိ အမျိုးမျိုးသော ဘ၀ပုံစံများကိုကြည့်ကာ သူ့မျက်နှာပေါ် အပြုံးတစ်ပွင့်ပေါ်လာခဲ့၏။

ခပ်လှမ်းလှမ်းတွင် ယုယင်ယင်သည် အန်းရှင်းနှင့် အခြားအမျိုးသမီးတပည့်များအား မှော်ဂါထာများ သင်ကြားပေးနေခဲ့သည်။ သူမကျင့်ကြံခြင်းသည် နိမ့်သော်လည်း သူမသည် မှော်ဂါထာအများအပြားကို နားလည်ထားခဲ့၏။

သွေးအကျဉ်းထောင်မဟာသူတော်စင်မှာတော့ စိတ်ဝိညဉ်ကြွက်ဖြူကို လိုက်ဖမ်းနေခဲ့သည်။ သူတို့ကြားရှိ ကျင့်ကြံခြင်းကွာဟချက်မှာ သေးငယ်သော်လည်း သူကြွက်ဖြူကို မိမယ်ကြံတိုင်း ထိုကောင်က ရှောင်တိမ်းကာလွတ်မြောက်သွားခဲ့ပြီး ထိုအရာက သွေးအကျဉ်းထောင်မဟာသူတော်စင်ကို ‌ဒေါသထွက်နေစေခဲ့သည်။ ထို့ကြောင့် သူမရပ်မနားဘဲ ဆက်လက်လိုက်ဖမ်းနေခြင်း ဖြစ်၏။

ဆယ်နှစ်ကြာပြီးသည့်နောက်တွင်ပင် လုလင်ကျွမ်း ပြန်မလာခဲ့သေးပေ။

ကုအန် နတ်အာရုံဖြင့် တက်လှမ်းခြင်းဂိုဏ်းကို ကနဦးတည်ထောင်ပြီးပြီဖြစ်မှန်း ‌တွေ့ခဲ့ရသည်။ သို့သော် တက်လှမ်းသူများထဲမှ တစ်ယောက်သည် ပင်လယ်ရပ်ခြားမှ မိသားစုကိုတစ်ခုကို အပြစ်ပြုမိခဲ့ပြီး သူတို့သည် နှစ်ပေါင်းများစွာကြာအောင် အငြှိုးအတေးထားခံနေခဲ့ရသည်။

ကုအန် ထိုပြဇာတ်ကို ၀င်ရှုပ်ဖို့ဆန္ဒမရှိဘဲ စောင့်သာကြည့်နေခဲ့၏။

လုလင်ကျွမ်းသည် အကြိမ်ပေါင်းများစွာ ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့သော်လည်း ထိုဒဏ်ရာများက သူမအသက်အန္တရာယ်ကိုတော့ မခြိမ်းခြောက်နိုင်ခဲ့ပေ။

တက်လှမ်းသူများသည် အတော်လေး မာကျောသည်ဟုတော့ ပြော၍ ရပေသည်။ ရန်သူသည် အတော်လေးသန်မာသော်လည်း သူတို့တွင်နောက်ဆုတ်ဖို့ အစီအစဉ်မရှိဘဲ သေသည်အထိတိုက်ခိုက်သွားဖို့သာ စီစဉ်ထားခဲ့ကြသည်။ သူတို့သည် တရားမျှတမှုမရမခြင်း အရှုံးပေးကြမည်မဟုတ်ပေ။

ထိုစဉ် ရှောင်ချွမ်ကုအန်ဘေးရောက်လာပြီး ပြောလိုက်၏။

“စီနီယာအစ်ကိုကြီး ကျွန်တော်အခုပဲ အစေခံတပည့် ၁၀၀ ခေါ်လာတယ် အစ်ကိုကြီးတစ်ချက်ကြည့်ဦးမလား”

လွန်ခဲ့သောဆယ်နှစ်အတွင်း အချို့က အခြေခံတည်ဆောက်ပြီး၍ ထွက်ခွာသွားကြချိန်တွင် တပည့်အသစ်များက ဆက်လက်၀င်လာနေကြပြီး တောင်ကြားရှိ တကည့်အရေအတွက်မှာ ၉၀၀ ပင်ရှိလာခဲ့သည်။

ကုအန်လည်း ပျင်းနေသောကြောင့် ခေါင်းညိတ်ကာ သဘောတူလိုက်၏။

သူရှောင်ချွမ်နှင့်အတူ အိမ်များ၏အစွန်အဖျားရှိ မြက်ခင်းပြင်တစ်ခုဆီသို့ ‌လိုက်လာခဲ့လိုက်သည်။ ထိုနေရာတွင် တပည့်တစ်ရာသည် ရပ်စောင့်နေခဲ့ကြပြီး အချင်းချင်းတီးတိုးပြောဆိုနေခဲ့ကြသည်။

“တောင်ကြားသခင်က ငါတို့ကို လက်ခံမှာလား”

“သူလက်ခံသင့်တယ် ငါတို့ကို တပည့်ခေါင်းဆောင်က ခေါ်လာတာပဲလေ”

“ဒီတတိယတောင်ကြားက မရိုးရှင်းဘူး ဒီနေရာက နှစ်တိုင်း တပည့်တွေကို အခြေခံတည်ဆောက်ခြင်းအဆင့်ရောက်ဖို့ ကူညီပေးကြတယ်တဲ့”

“ငါလည်းအဲ့တာကိုကြားတယ် ပြောကြတာတော့ တောင်ကြားသခင်က ဂိုဏ်းချုပ်ရဲ့ တပည့်တဲ့”

“အရေးအကြီးဆုံးအရာကတော့ တောင်ကြားသခင်က အရမ်းသဘောကောင်းတာပဲ”

အချို့က စိတ်လှုပ်ရှားနေကြကာ အချို့က ကြောက်လန့်နေကြပြီး အချို့ကစိတ်သောကရောက်ပြီး အားလုံးတုန်ရီနေခဲ့ကြသည်။

ရှောင်ချွမ်နှင့် ကုအန်ချဉ်းကပ်လာသည်ကို တွေ့လိုက်သောအခါ သူတို့ပါးစပ်ပိတ်သွားကြ၏။

သူတို့အကြည့်က ကုအန်ဆီရောက်နေကြပြီး ကုအန် အသွင်သဏ္ဍာန်ကြောင့် အံ့အားသင့်နေခဲ့ကြသည်။

အရမ်းငယ်တယ်!

အရမ်းချောတယ်!

ထို့နောက် ကုအန်မျက်လုံးများက တပည့်များဆီဖြတ်ပြေးသွားပြီး သက်တမ်းစစ်ဆေးလိုက်၏။

လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ရှောင်ချွမ်ခန့်အပ်ခဲ့သောတပည့်များထဲ၌ ပါရမီအနည်းငယ်ကောင်းသူများ ပါလာတတ်သော်လည်း ဘယ်သူကမှ သက်တမ်းအကန့်အသတ် ၁၀၀၀ ထက်ကျော်မနေခဲ့ပေ။ ကုအန်သူနှင့်ထိုအစေခံတပည့်များကြား ဆရာတပည့်ဆက်ဆံရေးက မနီးကပ်လှသောကြောင့် သူတို့၏ ကျင့်ကြံခြင်းကိုလည်း ဘယ်တုန်းကမှ အာရုံမစိုက်ခဲ့ဖူးပေ။

တစ်ချက် ကြည့်လိုက်ရုံနှင့်အားလုံး၏ သက်တမ်းမှာ တစ်ရာ သို့မဟုတ် နှစ်ရာဟုသာ တွေ့ရပြီး အချို့ကတော့ ၃၀၀ ကျော်အထိရှိကြပေသည်။

[ယန်ကျင်း(ချီကျင့်ကြံခြင်းအဆင့် ၃): ၁၅/၉၇/၉၉၉၉]

ဟမ်!

ယန်ကျင်း!

စစ်မှန်သောအရှင်သခင်အားလန်ကြီးတောင် ပေါ်လာတာလားဟ!

(အားလန်ဆိုတာ အနောက်အရပ်သို့ခရီးသွားခြင်းထဲက ဝူခုံးကိုလိုက်ဖမ်းတဲ့ မျက်လုံးသုံးလုံးပါတဲ့ နတ်ပါ သူ့‌ေနာက်နာမည်တစ်ခုက ယန်ကျင်း ပါ)

ထို့အပြင် သူ့သက်တမ်းအကန့်အသတ်မှာလည်း အန်းဟောင်နှင့် အတူတူပင်….

ကုအန်အကြည့်က ယန်ကျင်းဆီရောက်နေပြီး ရှောင်ချွမ်အား အသံကူးပြောင်း၍ ထိုကလေးကို ရှေ့သို့ခေါ်ထုတ်လာဖို့ ပြောလိုက်၏။

ယန်ကျင်းသည် ရိုးရှင်းသော မီးခိုးရောင်အ၀တ်အစားများကိုသာ ၀တ်ဆင်ထားပြီး သူ့မျက်နှာက အနည်းငယ်မည်းနေခဲ့သည်။ သူသည် ငယ်စဉ်ကတည်းက လယ်အလုပ်များကို လုပ်ကိုင်ခဲ့ရပုံ ပေါ်၏။ သို့သော်လည်း သူ့မျက်နှာအစိတ်အပိုင်းများမှာတော့ အချိုးအစားကျလှပြီး သေချာသာ ပျိုးထောင်လိုက်ပါက သူသည် ခန့်ညားလာမည့်သူ ဖြစ်သည်။

သူသည် လူအုပ်ထဲတွင်ရပ်နေစဉ် အတော်လေး မထင်မရှားဖြစ်နေခဲ့၏။

ရှောင်ချွမ် လူအုပ်ဆီချဉ်းကပ်လာသည်ကိုတွေ့သောအခါ လူတိုင်းအသက်ပင်မရှူဝံ့ကြဘဲ ကြောက်လန့်ကာ မျှော်လည်းမျှော်လင့်နေခဲ့ကြသည်။

ရှောင်ချွမ် လူအုပ်ထဲ၀င်လိုက်ပြီး ယန်ကျင်း ပုခုံးကိုညှစ်လိုက်ကာ အပြင်ထွက်ခဲ့ဖို့ ပြောလိုက်၏။

ယန်ကျင်းလည်း ကြက်သေသေသွားခဲ့ပြီးနောက် အမြန်ပင် ရှောင်ချွမ့်လောက်လိုက်သွားခဲ့ပြီး ကုအန်သူ့ကို မကြိုက်မှာကို စိတ်ပူနေခဲ့မိသည်။

သူကုအန်ရှေ့တွင် ရပ်လိုက်သောအခါ သူကုအန်ပြောတာကို ကြားလိုက်ရ၏။

“မင်းကိုယ်မင်း မိတ်ဆက်ပါဦး”

ယန်ကျင်းလည်း အသိ၀င်သွားပြီး အမြန်မိတ်ဆက်လိုက်လေသည်။

“ကျွန်တော့်နာမည်က ယန်ကျင်းဖြစ်ပြီး‌ေတာ့ လောင်းဟူမြို့ ရှူစီရင်စုကနေ လာခဲ့တာပါ ကျွန်တော့်အသက်ကတော့ ၁၅နှစ်ပါ နောက်ပြီးကျွန်တော့်မိသားစုမှာ မိသားစု၀င် ကိုးယောက်ရှိပါတယ်….”

,ကုအန် ဘာမှမမေးရသေးခင်မှာပင် ရှောင်ချွမ် အရင်၀င်မေးလိုက်၏။

“ယန်ကျင်းတဲ့လား ဘယ်ဟာရဲ့ ယန် ဘယ်ဟာရဲ့ ကျင်း လဲ”

ယန်ကျင်း ခေါင်းကုတ်လိုက်ကာ အူကြောင်ကြောင်ဖြေလိုက်သည်။

“အဲ့တာက နတ်ဘုရားတို့၏ရာထူးများထဲက ယန်ကျင်း အနောက်အရပ်သို့ခရီးသွားခြင်းထဲက စစ်မှန်သောအရှင်သခင် အားလန် ပါ ကျွန်တော်က အဲ့ဒီစာအုပ်နှစ်အုပ်ကို အရမ်းကြိုက်တယ် အဲ့တာကြောင့် အဓိပတိဂိုဏ်းကို၀င်ပြီးတဲ့နောက် ကျွန်တော့်နာမည်ကို ပြောင်းခဲ့တာ ကျွန်တော့်အရင်နာမည်က ‌ယန်ရှောင်ဟူ လို့ခေါ်ပါတယ် အဲ့ဒီနာမည်က အတော်လေးတော့ ဆိုးတဲ့ပုံ…”

သူပြောပြီးသည်နှင့် အခြားတပည့်များ အော်ရယ်ကုန်ကြတော့သည်။

ထိုစကားကိုကြားမှသာ ကုအန်လည်း သက်ပြင်းချလိုက်မိ၏။

ငါ့ကို သေအောင်ခြောက်နေတာပဲ!

သူတကယ်ကြီး ထိုကလေးကို နတ်ဘုရားတို့၏ရာထူးများထဲမှ ယန်ကျင်းဟု ထင်မိသွားခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးတွင်သူ၏ သက်တမ်းအကန့်အသတ် ၉၉၉၉ ကြီးမှာ အတော်လေး ထင်ရှားလွန်းနေခဲ့၏။

ယနေ့အထိ ကုအန် သက်တမ်းအကန့်အသတ်ထိုမျှရှိသည့်သူ သုံးယောက်သာ တွေ့ခဲ့ဖူးပြီး ထိုသူများမှာ အန်းဟောင် သွေးအကျဉ်းထောင်မဟာသူတော်စင်နှင့် ယန်ကျင်းတို့ ဖြစ်ကြသည်။

သူယန်ကျင်းကို အသေးစိတ်အကဲခတ်လိုက်သောအခါ သူ့အရိုးများသည် ထူးဆန်းကာ သူ့စိတ်ဝိညဉ်အမြစ်က ဒြပ်ငါးမျိုးအ‌ေရာစိတ်ဝိညဉ်အမြစ် ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ သူ့အရိုးများသည် သာမန်လူများနှင့် တူမနေခဲ့ပေ။ ထိုအချက်သည် သတိထားမိရန် ခက်ခဲလှပြီး အမတအဆင့် မရောက်သေးသူဘယ်သူမှ ထိုအရာကို သတိထားမိမည်မဟုတ်ပေ။ သူ့အရိုးများသည် အားပြန်ပြည့်ရန် များပြားလှသော စိတ်ဝိညဉ်စွမ်းအားပမာဏကို လိုအပ်နေခဲ့သည်။

တစ်နည်းအားဖြင့်ဆိုသော် ယန်ကျင်းသည် သူ့ခန္ဓာကိုယ်ကို မနိုးထနိုင်စေခဲ့ပါက သူသည် အခြားအစေခံများနှင့် အတူတူသာ ဖြစ်သွားပေလိမ့်မည်။

အကယ်၍ ကုအန်နှင့်သာ မတွေ့ပါက ယန်ကျင်းဘယ်တော့မှ သူ့သာမန်ဖြစ်‌မနေမှုကို ရှာတွေ့မည်မဟုတ်တော့ဘဲ ထိုက်ကန်မင်းဆက်တွင်လည်း အမတအနည်းငယ်သာရှိသောကြောင့် သူ့အတွက် ထိုလူများနှင့် အဆက်အသွယ်လုပ်ဖို့က မလွယ်လှပေ။

ရှောင်ချွမ် မည်းမှောင်နေသော အမူအရာဖြင့် ပြောလိုက်၏။

“မင်းက မင်းကိုယ်မင်းနာမည်ဘယ်လိုပေးရမလဲ တကယ်သိတာပဲ အရမ်းမြင့်မြတ်ပြီး ခန့်ညားလွန်းတဲ့ စစ်မှန်သောအရှင်သခင်အားလန် နာမည်ကိုတောင် ပေးရဲတယ်”

ရှောင်ချွမ်လည်း နတ်ဘုရားတို့၏ရာထူးများနှင့် အနောက်အရပ်သို့ခရီးသွားခြင်းကို ကြိုက်နှစ်သက်သောကြောင့် အားလန်အပေါ် အမြင်ကောင်း ရှိပေသည်။

နတ်ဘုရားတို့၏ရာထူးများထဲတွင် ကုအန် ယန်ကျင်းက သူ့မိခင်ကို မက်မွန်တောင်ပေါ်တွင် သွားကယ်သည့် အခန်းကိုပါ ထည့်ထားသောကြောင့် ယန်ကျင်း ဇာတ်ကောင်သည် ပိုမိုပြည့်စုံကာ ရုပ်လုံးကြွသွားခဲ့ပြီး နတ်ဘုရားတို့၏ရာထူးများထဲတွင် သူ့ကျော်ကြားမှုက နီကျားကိုပင် ကျော်လွန်သွားခဲ့၏။

အခြားတပည့်များကလည်း ဝိုင်းစနေသောကြောင့် ယန်ကျင်းမျက်နှာနီရဲလာပြီး ကျွင်းတစ်ကျွင်းတူး၍သာ ပုန်းနေချင်စိတ် ပေါ်လာခဲ့သည်။

“အမတကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းပြီးတဲ့နောက် နာမည်အသစ်တစ်ခုပေးတယ်ဆိုတာကလည်း မင်းရည်မှန်းချက်ကို ပြသတဲ့ နည်းလမ်းတစ်ခုပါပဲ အခုကစပြီး မင်းကို ယန်ကျင်း လို့ခေါ်မယ်”

ကုအန်စကားများကြောင့် အခြားတပည့်များလည်း ဆက်မရယ်ရဲကြတော့ပေ။

ထို့နောက် ကုအန် သူတို့အား အားပေးလိုက်ကာ တောင်ကြားရှိစည်းမျဉ်းအချို့ကို ရှင်းပြလိုက်ပြီး သူတို့ ကြိုးကြိုးစားစားအလုပ်လုပ်သရွေ့ သူကလည်း အခြေခံတည်ဆောက်ခြင်းဆေးလုံးထောက်ပံ့‌၍ အမတလမ်းစဉ်ကို ထောက်ပံ့ချင်ပါတယ်ဟု ပြောခဲ့၏။

ပြောပြီးသည်နှင့် သူထွက်ခွာသွားခဲ့သည်။

သူတစ်ယောက်ယောက်အား သက်တမ်းအကန့်အသတ်တစ်ခုတည်းကို ကြည့်၍ တပည့်အဖြစ်လက်ခံမည်တော့ မဟုတ်ပေ။ အနာဂတ်တွင် ယန်ကျင်း၏ အပြုအမူများကို လေ့လာကြည့်ရပေလိမ့်ဦးမည်။ အကယ်၍ သူ့တွင်ကောင်းမွန်သော စရိုက်ရှိပါက ကုအန်သူ့အား ကံကြမ္မာကောင်းနှင့် တွေ့ရန် ကူညီပေးချင်၏။ သို့သော်လည်း သူကဆိုးသွမ်းနေလျှင်တော့ သူ့ကိုတစ်သက်လုံး သာမန်ဘ၀နှင့်သာ နေသွားခိုင်းမည် ဖြစ်သည်။

ကုအန်က သတိထားမိသွားသောကြောင့် အခြားတပည့်များသည်ယန်ကျင်းကိုမစတော့ဘဲ မိတ်ဆွေဖွဲ့ရန်သာ ရောက်လာကြသောကြောင့် ယန်ကျင်းကျေနပ်နေခဲ့၏။

သူထွက်ခွာသွားသော ကုအန်ပုံရိပ်ကို ကျေးဇူးတင်သော မျက်လုံးများဖြင့် ကြည့်နေမိခဲ့သည်။

အကယ်၍ ကုအန်သာ အသိအမှတ်ပြုမပေးခဲ့ပါက သူ့နာမည်သည် စနောက်ခံရမှာ သေချာ၏။

ထို့‌ေနာက် သူအလုပ်ကြိုးစားကာ တစ်နေ့တွင် အခြေခံတည်ဆောက်ခြင်းဆေးကို ရအောင်ယူမည်ဟု ကြိတ်၍ ဆုံးဖြတ်ချက်ချလိုက်လေသည်။

အခန်းထဲသို့ ပြန်ရောက်သောအခါ ကုအန်မနေနိုင်မထိုင်နိုင် အန်းဟောင်ကို ကြည့်လိုက်မိ၏။

ယိယန် စုဟန် ကျန်းချင်တို့နှင့် ယှဉ်ပါက အန်းဟောင်သည် သူ့တပည့်ရင်း ဖြစ်ကာ သူ့ကျင့်စဉ်နှင့် လျှို့ဝှက်သိုင်းများကို အမွေဆက်ခံခဲ့သူ ဖြစ်သည်။ သူအမြဲတမ်းလည်း အန်‌းဟောင်ကို မြင့်မြင့်မျှော်မှန်းထားခဲ့၏။

ယခုအခါ အန်းဟောင်ကျင့်ကြံခြင်းသည် စိတ်ဝိညဉ်အခြေတည်အဆင့် ၉ သို့ရောက်ရှိနေပြီဖြစ်ပြီး ကြောက်စရာကောင်းသည်မှာ သူ့အသက်သည် ၁၀၀ မပြည့်သေးခြင်း ဖြစ်သည်။

ထိုအခိုက်တွင် အန်းဟောင်သည် ကျွန်းငယ်လေးတစ်ခုပေါ်တွင် ကျင့်ကြံနေခြင်းဖြစ်ကာ သူ့အား ချိပိုင်နှင့် ချိကျူရှောင်တို့က လမ်းညွှန်ပေးနေခဲ့ကြသည်။

သူတို့နှစ်ယောက်လည်း အန်းဟောင်၏ ပါရမီကြောင့် ကြောင်အနေခဲ့ကြရ၏။ အကယ်၍သာ အန်းဟောင်၏ဆရာသည် ကောင်းကင်ဈာန်အမတတစ်ပါးမှန်း သိမထားပါက သူတို့ထိုကောင်လေးကို တပည့်အဖြစ်ရဖို့ အချင်းချင်း တိုက်ခိုက်နေကြပေလိမ့်မည်။

ကုအန် ချိပိုင်၏ကျင့်ကြံခြင်း ဆက်လက်ကျဆင်းနေသည်ကိုလည်း သတိထားလိုက်မိသည်။ ကြည့်ရသည်မှာ အမတဝါးမြိုကင်းမြှီးကောက်၏ အဆိပ်ကို အပြည့်အ၀ မထုတ်နိုင်သေးသည့်ပုံပင်။

အန်းဟောင်ကို လီယနှင့်ကျန်းပုကူတို့ ကျော်တက်သွားတာ မခံရစေရန် သူအခွင့်အရေးရှာ၍ အန်းဟောင်အား သစ်သားယန်ကမ္ဘာဦးကျင့်စဉ်ကို လွှဲပေးဖို့လည်း လိုနေသေး၏။

All Chapters