အခန်း (၂၃၁-၂၃၂)
Vol. 18 Ch. 231-232
အပိုင်း(၂၃၁)
ယန်ကျင်း၏ တောင့်တမှု
နွေရာသီကုန်ဆုံးကာ ဆောင်းဦးသို့ရောက်ရှိလာခဲ့ပြီး တတိယတောင်ကြားသည် အဝါရောင်သန်းလာခဲ့သည်။
ယန်ကျင်း သွေးအကျဉ်းထောင်မဟာသူဝောာ်စင်ရှေ့သို့ ရောက်လာပြီး ပန်းများသစ်သီးများပြည့်နေသော ပန်းကန်ပြားတစ်ချပ်အား ရိုရိုသေသေပေးလိုက်၏။
သွေးအကျဉ်းထောင်မဟာသူတော်စင် မြေပြင်ပေါ်တွင် လှဲလျောင်းနေရင်း သူ့ကို သာမန်အတိုင်းတစ်ချက်ကြည့်လိုက်ကာ
“ပြောင်အောင် ဆေးထားလား” သူမထူးခြားဟန်ဖြင့် မေးလိုက်သည်။
ယန်ကျင်းအမြန်ခေါင်းညိတ်ပြလိုက်ပြီး ခပ်တိုးတိုးပြောလိုက်၏။
“ကျွန်တော် သုံးကြိမ်တောင် ဆေးထားတာပါ”
သွေးအကျဉ်းထောင်မဟာသူတော်စင် ခေါင်းတဆတ်ဆတ်ညိတ်လိုက်ပြီး ပြောလိုက်သည်။
“မဆိုးဘူး ဆက်လုပ်ထား မင်းအခုသွားလို့ရပြီ”
ယန်ကျင်း မတ်တပ်ရပ်လိုက်ပြီး ဦးညွတ်အရိုအသေပေးလိုက်ကာ ပြန်ဆုတ်သွားခဲ့၏။
ကုအန်က သူ့နာမည်ကို အသိအမှတ်ပြုပေးလိုက်ပြီးကတည်းက သူသည်အခြားတပည့်များထက် ပို၍ အလုပ်ကြိုးစားနေခဲ့သည်။ တောင်ကြားရှိ အလုပ်များနှင့် အလုပ်ရှုပ်နေရုံသာမကဘဲ သူသည် သွေးအကျဉ်းထောင်မဟာသူတော်စင်နှင့် စိတ်ဝိညဉ်ကြွက်ဖြူဆီတွင်လည်း ကြိုးကြိုးစားစား အမှုထမ်းခဲ့၏။ သူ့အလွန်အမင်းကြိုးစားမှုကြောင့် အခြားတပည့်များပင် သူ့ကိုအထင်သေးလာကြပြီး သူနှင့်ခပ်ခွာခွာသာ နေကြတော့သည်။
ထိုအရာကြောင့်လည်း သူရှက်ရွံ့သလို မခံစားရဘဲ ပို၍ပင်စိတ်အားထက်သန်လာခဲ့သေးသည်။
သူ၏ သာမန်ဆန်လှသော ပါရမီနှင့်ဆိုပါက သူအခြားတပည့်များလောက်သာ ကြိုးစားပါက အများဆုံးမှ အခြေခံတည်ဆောက်ခြင်းဆေးလုံးတစ်လုံးသာ ရနိုင်မည်မှန်း သူသိ၏။
အကယ်၍ သူအခြေခံတည်ဆောက်ခြင်းအဆင့်သို့ရောက်သွားလျှင်တောင် သူ့ကံကြမ္မာသည် ပြောင်းလဲသွားမည်မဟုတ်မှန်း သူသိသည်။ အပြင်စည်းဂိုဏ်းထဲတွင် အောက်ခြေ၌သာနေရသော အခြေခံတည်ဆောက်ခြင်းအဆင့် များစွာ ရှိ၏။
သို့သော် သူတောင်ကြားသခင်၏ နှစ်သက်မှုကိုရသွားခဲ့လျှင်တော့ အရာအားလုံးက ကွဲပြားသွားပေလိမ့်မည်။
ပါရမီရောအဆက်အသွယ်ပါ မရှိသော သူ့အတွက် သူ့မျက်လုံးထဲတွင် ကုအန်သည် အကြီးမားဆုံးအခွင့်အလမ်းကြီးတစ်ခု ဖြစ်ပေသည်။
ကုအန်စိတ်ကျေနပ်သွားအောင် ဘယ်လိုလုပ်ရမလဲဆိုတာလည်း သူသေချာမသိပေ။ ထို့ကြောင့် သူ့အားလပ်ချိန်များတွင် ကုအန်၏ စီးတော်သားရဲနှင့် အိမ်မွေးသားရဲကိုဂရုစိုက်နေခြင်း ဖြစ်၏။
ယန်ကျင်း ဥယျာဉ်ခြံစည်းရိုးရှေ့တွင်ရပ်ကာ ကျယ်၀န်းလှသော ဆေးဉယျာဉ်ကြီးကို ကြည့်ရှုနေခဲ့သည်။ ထို့နောက် နှဖူးရှိချွေးများကို သုတ်လိုက်ပြီး သူ့မျက်လုံးထဲ၌ မျှော်လင့်ချက်များနှင့် ပြည့်နှက်နေလေတော့သည်။
ဤကဲ့သို့သော ဆေးတောင်ကြားကြီးတစ်ခုကို ၀င်နိုင်ခြင်းမှာပင် ကံကြမ္မာကြီးတစ်ခု ဖြစ်နေချေပြီ။
ထို့နောက်တွင်တော့ သူထိုကံကြမ္မာကြီးကို အမိအရဆွတ်ခူးဖို့သာ ကျန်တော့၏။
…….
နေ့ရက်များမှာ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားခဲ့သည်။
ဆောင်းဦးနှောင်းပိုင်းတွင် ကုအန်ဆီသို့ လူတစ်ယောက်လာလည်ခဲ့၏။ ထိုလူမှာ နှစ်ပေါင်းများစွာ မတွေ့တာကြာပြီဖြစ်သော ဝူကျဲသာ ဖြစ်ပေသည်။
ဝူကျဲသည် တတိယတောင်ကြားသို့ ပထမဆုံးအကြိမ်လာလည်ဖူးခြင်းဖြစ်ပြီး တောင်ကြား၏ ကြီးမားပုံကြောင့် အံ့အားသင့်နေခဲ့သည်။
“ငါက ကုအန်ကိုလာရှာတာပါ” ဝူကျဲ အစေခံတပည့်တစ်ယောက်ကို ရှာကာ ပြောလိုက်၏။ တိုက်ဆိုင်စွာဖြင့် ထိုအစေခံတပည့်သည် ယန်ကျင်း ဖြစ်နေခဲ့လေသည်။
ယန်ကျင်း တံမြက်စည်းလှဲနေရင်း မေးမြန်းလိုက်၏။
“ကျေးဇူးပြုပြီး စီနီယာ့နာမည်ကို သိပါရစေ စီနီယာနဲ့ တောင်ကြားသခင်ကြား ဆက်ဆံရေးက ဘာများလဲ”
“ငါ့နာမည်က ဝူကျဲပါ ကုအန်နဲ့ငါက ညီအစ်ကိုတွေပေါ့ ငါအဝေးကိုရောက်နေတာကြာပြီ အခုမှ သူ့ကိုအထူးသီးသန့်တွေ့ဖို့ လာခဲ့တာ” ဝူကျဲ ပြန်ပြောလိုက်သည်။
ထိုစကားကြောင့် ဝူကျဲ ဂရုမစိုက်ဘဲ မနေရဲတော့ပေ။ သူဝူကျဲကို ခဏစောင့်ဖို့ပြောလိုက်ပြီး ရှောင်ချွမ်ဆီသို့ အမြန်ပေးကာ ကိစ္စကိုပြောပြပြီး ရှောင်ချွမ့်ကို ဆုံးဖြတ်ခိုင်းလိုက်၏။
ရှောင်ချွမ်လည်း ကုအန် အိမ်ရှေ့သွားလိုက်ပြီး တံခါးရှေ့တွင်နေကာ အဖြစ်အပျက်ကိုပြောပြလိုက်လေသည်။
တကယ်တော့ ကုအန်ဝူကျဲကို အစကတည်းက အာရုံခံမိနေခဲ့ပြီးသား ဖြစ်သည်။ ဝူကျဲသည် စွမ်းအင်ဖုံးကွယ်ခြင်းမှော်ပညာတစ်ခုကို ကျင့်ကြံထား၍သာ သူတပည့်များ သတင်းလာပို့ချိန်ထိ စောင့်နေခဲ့ခြင်း ဖြစ်၏။
“သူ့ကို ခေါ်လာခဲ့” အခန်းထဲမှ ကုအန်အသံ ထွက်ပေါ်လာခဲ့သည်။
ရှောင်ချွမ် ယန်ကျင်းကိုချက်ချင်း အော်ခေါ်လိုက်ပြီး ဝူကျင်းကို ခေါ်လာဖို့ ပြောလိုက်၏။
ယန်ကျင်း ဝူကျဲကိုပြောဖို့ နောက်ပြန်လှည့်လိုက်ချိန်တွင် ဝူကျဲသည် သူ့ရှေ့မှ လေပြင်းတစ်ခုနှယ် ဖြတ်သွားသောကြောင့် သူ့မျက်လုံးများ ပြူးကျယ်သွားခဲ့ရသည်။
သူကြောင်အနေပြီး လှေကားပေါ်တက်သွားသည့်ဝူကျဲ၏ နောက်တွင်ကျန်ခဲ့သော ပုံရိပ်ယောင်များကိုသာ ကြည့်နေခဲ့မိ၏။ လှေကားပေါ်ရှိ ရှောင်ချွမ်ပင် လေအဟုန်ကြောင့် ဆံပင်များလွင့်ထွက်သွားခဲ့ပြီး ကြောင်အကာ ရပ်နေခဲ့မိသည်။
ဝူကျဲ တံခါးကိုတွန်းဖွင့်လိုက်ပြီး ကုအန်ကိုတွေ့သောအခါ ပြုံးလိုက်ပြီး တံခါးကို ပြန်ပိတ်လိုက်၏။
ရှောင်ချွမ်လည်း ထိုအခါမှ သတိပြန်၀င်သွားပြီး လှေကားမှဆက်ဆင်းသွားခဲ့သည်။
ယန်ကျင်းမှာတော့ ငေးကြောင်နေဆဲဖြစ်ပြီး ရှောင်ချွမ်သူ့ကို သတိပေးလိုက်မှသာ ငေးကြောင်ရာမှ နိုးလာခဲ့၏။
သူဝူကျဲ ဘယ်သူလဲဆိုတာကို မသိသော်လည်း သူ့နှလုံးသားထဲတွင်တော့ ဆုံးဖြတ်ချက်ကြီးတစ်ခုမှာ တောက်လောင်လာခဲ့ချေပြီ!
သူလည်း တစ်နေ့တွင် ဝူကျင်းလို ကြီးမြတ်သောကျင့်ကြံသူတစ်ယောက် ဖြစ်ချင်သွားခဲ့သည်။
တစ်ဖက်တွင်
ကုအန် ဝူကျင်းအတွက် လက်ဖက်ရည်ငှဲ့ပေးနေရင်း သူ့ဤနှစ်များအတွင်း အတွေ့အကြုံများအား ပြောပြနေခြင်းကို သေချာနားထောင်နေခဲ့၏။
စားပွဲတွင် သေချာထိုင်ပြီးသည့်နောက် သူ့စိတ်အခြေအနေကို သေချာထိန်းညှိပြီးသည့်အခါမှသာ အံ့ဖွယ်သေတ္တာ(surprise box)တစ်လုံးကို ဖွင့်သလို ဝူကျင်းအား သက်တမ်းစစ်ဆေးခြင်းသုံး၍ ကြည့်လိုက်လေသည်။
[ဝူကျဲ(ဝိညဉ်အခြေတည်အဆင့် ၈): ၁၂၄/၈၉၀/၇၆၀၀]
နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော်လည်း ဝူကျဲ၏ သက်တမ်းအကန့်အသတ်မှာ တိုးတက်မလာခဲ့ဘဲ ကြည့်ရသည်မှာ သူသည် ဤနှစ်များတွင် ညဏ်အလင်းမပွင့်ခဲ့ပုံပင်။
ကုအန် အနည်းငယ်စိတ်ပျက်သွားခဲ့မိသည်။ သူ ဝူကျင်းအား သူ့ညဏ်အလင်းပွင့်ခြင်းလမ်းစဉ်ကို ဆက်လျှောက်ဖို့ မျှော်လင့်ထားခဲ့ခြင်း ဖြစ်၏။
ဒါပေါ့ သူ့လက်ရှိပါရမီနှင့်ဆိုပါက နှစ် ၇၆၀၀ အတွင်း နိဗာနအဆင့်ကိုရောက်ဖို့က ခက်ခဲသောအရာတော့ ဟုတ်မည် မဟုတ်တော့ပေ။
သို့သော်လည်း ဝူကျဲ၏ သက်တမ်းအကန့်အသတ် ၉၉၉၉ နှစ်သို့ မရောက်သွားခြင်းမှာ နှမြောစရာကောင်းသည်ဟု ကုအန် တွေးနေမိသည်။
ဝူကျဲမှာတော့ ကုအန် အမူအရာအပြောင်းအလဲများကို သတိမထားမိဘဲ သူ့အတွေ့အကြုံများကိုသာ စိတ်လှုပ်ရှားစွာ ပြောပြနေခဲ့၏။
ကုအန်လည်း ဂရုတစိုက်နားထောင်နေခဲ့သည်။ အရင်က သူသိခဲ့သော ကြောက်တတ်သည့်ကောင်လေးသည် အခုတော့ သူ့ခြေထောက်ပေါ်သူ ရပ်တည်နေနိုင်ခဲ့လေပြီ။ ထိုကောင်လေးဆီမှ အခုလိုစကားမျိုးတွေ ကြားနေရသောကြောင့် ကုအန် ခံစားချက်များပင် ပြင်းထန်လာခဲ့ရ၏။
အချိန်အတန်ကြာသောအခါ
ဝူကျဲ သူ့ဒုက္ခများအကြောင်း စတင်ပြောပြခဲ့လေသည်။
“ဧကရာဇ်က ငါ့ကိုကောင်းကောင်းဆက်ဆံပြီးတော့ ငါ့ကိုသိမ်းသွင်းနိုင်ဖို့လည်း အတော်လေးကြိုးစားခဲ့တာ ဒါပေမယ့် ငါ့ဆရာကလည်း ငါ့ကိုသူမတူေအာင်ဆက်ဆံပေးပြီး ဆရာစားမချန်ဘဲ လေ့ကျင့်သင်ကြားပေးခဲ့တယ် အခု ငါ့ဆရာနောက်က ကျိုးမိသားစုက ထိုက်ကန်မင်းဆက်နဲ့ ပဋိပက္ခဖြစ်ရုံသာမကဘဲ အဓိပတိဂိုဏ်းကိုပါ စိန်ခေါ်နေပြီ….”
ဝူကျဲ မျက်နှာပေါ်တွင် မချိတင်ကဲဖြစ်နေဟန်များ ပြည့်နှက်နေပြီး ပြောလိုက်၏။ သူသည် သူ့အမတလမ်းစဉ်ကို အဓိပတိဂိုဏ်းတွင် စတင်ခဲ့ခြင်းဖြစ်လေရာ ဂိုဏ်းအပေါ်တွင် နက်ရှိုင်းသောခံစားချက်ရှိပေသည်။ ကျိုးမိသားစုက အဓိပတိဂိုဏ်းထဲက ထွက်သွားခဲ့စဉ်က သူ့အတွက် ကိစ္စများမှာ ခက်ခဲလာခဲ့ရသည်။ ထို့ကြောင့် အငြင်းပွားမှုများမှ ရှောင်နိုင်စေရန် သူကျိုးမိသားစုနောက်သို့ လိုက်မသွားဘဲ ဧကရာဇ်ဆီတွင်သာ အမှုသွားထမ်းခဲ့ခြင်း ဖြစ်၏။ သို့သော် ယခုတော့ မဟာကျင်းမင်းဆက်သည် ကျိုးမိသားစု၏ထောက်ပံ့မှုနှင့်အတူ မင်းဆက်သုံးခုစစ်ပွဲကို စတင်တော့မည်ဖြစ်ရာ သူ့အတွက် ဆုံးဖြတ်ရမည့်ကိစ္စများ ပေါ်ပေါက်လာခဲ့ရပြန်သည်။
ထို့ကြောင့် ဤတစ်ကြိမ်တွင် သူကုအန်ဆီမှအကြံညဏ်တောင်းရန် ထွက်လာခဲ့ခြင်း ဖြစ်၏။
သူ့စကားကိုကြားသောအခါ ကုအန်လည်း ဒုက္ခများသွားခဲ့ရသည်။ ကျေးဇူးကြွေးကိုပြန်ဆပ်ရခြင်းမှာ အမြဲတမ်းအခက်ခဲဆုံးအပိုင်းသာ ဖြစ်၏။
သူတခဏကြာတွေးလိုက်ပြီး မေးလိုက်သည်။
“မင်းအတွက် ဘယ်သူကအရေးအကြီးဆုံးလို့ထင်လဲ”
ဝူကျဲတခဏကြာ တိတ်ဆိတ်သွားပြီး ဖြေလိုက်၏။
“ငါ့နှလုံးသားထဲမှာ အဓိပတိဂိုဏ်းက အရေးအကြီးဆုံးပဲပေါ့ ဧကရာဇ်ပဲဖြစ်ဖြစ် ငါ့ဆရာပဲဖြစ်ဖြစ် သူတို့က ငါကြီးပြင်းလာတဲ့အချိန်မှ ငါ့ကိုရွေးချယ်ခဲ့တာ အဓိပတိဂိုဏ်းကြောင့်သာမဟုတ်ရင် ငါသူတို့နဲ့ တွေ့ရလိမ့်မှာတောင် မဟုတ်ဘူး”
သူကုအန်ကို မျက်လုံးလှန်ကြည့်လိုက်ကာ သူ့အကြည့်သည် တဖြည်းဖြည်းပြတ်သားလာခဲ့သည်။
ကုအန်ပြုံးကာ ပြောလိုက်၏။
“မင်းက ရွေးချယ်မှုတစ်ခု လုပ်ပြီးသွားပြီဆိုတော့ ငါဘာမှမပြောတော့ပါဘူး ဒါပေမယ့် မင်းဘာကိုပဲရွေးချယ်ရွေးချယ် ငါကမင်းကိုထောက်ခံမှာပဲ”
ဝူကျဲ မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ပေါ်ပေါက်လာပြီး သက်ပြင်းချလိုက်လေသည်။
“ငါသူတို့နှစ်ယောက်ကို အနာဂတ်မှာ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ဆုံးဖြတ်ထားရတော့မယ်”
“အဲ့တာက ရိုးရှင်းပါတယ် သူတို့ရဲ့ရန်သူဖြစ်မလာနဲ့ အဓိပတိဂိုဏ်းတစ်ခုတည်းကိုပဲ ထောက်ခံ ကျေးဇူးကြွေးကိုပြန်ဆပ်ဖို့ နည်းလမ်းအများကြီးရှိပါတယ် မင်းသူတို့ရဲ့အမိန့်မှန်သမျှကို မျက်စိစုံမှိတ်လိုက်နာနေစရာမှ မလိုတာ”ကုအန် သူ့ကို နှစ်သိမ့်လိုက်၏။
ဝူကျဲလည်း ခေါင်းညိတ်ပြလိုက်ပြီး သိုလှောင်အိတ်ထဲမှ ရတနာအမျိုးမျိုးထုတ်ကာ စားပွဲပေါ် တင်လိုက်လေသည်။
“ဒါက မိစ္ဆာသုတ်သင်ဆေး နှလုံးသားထဲမှာ အတွင်းမိစ္ဆာတွေပေါ်မလာအောင် ကူညီပေးတယ်”
“ရွှေဓားအစီအရင် သေးပေမယ့် ဒီထဲကိုစိတ်ဝိညဉ်စွမ်းအားထည့်လိုက်ရင် ဓားအစီအရင်အကြီးကြီး ဖြစ်သွားလိမ့်မယ်”
“ဒါက ပါးစပ်အစားထိုးပိုးကောင် သူက လက်တွေ့အသုံး၀င်တာမရှိပေမယ့် မင်းအတွက်စကားပြောပေးပြီး အပန်းဖြေပေးနိုင်တယ်”
“နောက်ပြီးဒါက ထိပ်တန်းအဆင့် ဓမ္မအသုံးအဆောင် မြူခိုးတိမ်တိုက်ဖိနပ် ဒါကမင်းခြေထောက်အောက်မှာ တိမ်တိုက်တွေပေါ်လာပြီး ကောင်းကင်ကိုပျံတက်နိုင်အောင် ကူညီပေးတယ် ဒါကို ရန်သူ့စစ်သူကြီးကို သတ်ဖြတ်ခဲ့တဲ့အတွက် ဧကရာဇ်က ဆုလဒ်အဖြစ် ချီးမြှင့်ခဲ့တာ”
ဝူကျဲ ရတနာများကို တစ်ခုပြီးတစ်ခုမိတ်ဆက်ပေးခဲ့ပြီး ရတနာများမှာ အားလုံးပေါင်း ၈ ခုရှိကာ တစ်ခုချင်းစီတွင် အသုံး၀င်ပုံတစ်ခုစီ ရှိ၏။
သူပြောပြီးသောအခါ ကုအန် ရတနာများကိုယူရန်ငြင်းဆန်လိုက်သော်လည်း ဝူကျဲက အရင်ကသူကုအန်ဆီမှ ဆေးများစွာ ယူထားသောကြောင့် ပြန်ပေးရမည်ဖြစ်ကြောင်း အတင်းပြောနေခဲ့သည်။
အကြိမ်များစွာ ငြင်းပြီးသောအခါ ဝူကျဲ ကုအန်ကိုကြည့်ကာ ပြောလိုက်၏။
“ငါတို့က ညီအစ်ကိုတွေမဟုတ်ဘူးလား မင်းဒါကို လက်ကိုလက်ခံရမယ် လက်မခံရင် ငါတို့က ညီအစ်ကိုတွေထပ်မဖြစ်နိုင်တော့ဘူး!”
ကုအန်လည်း တွန့်ဆုတ်စွာ လက်ခံဖို့မှလွဲ ရွေးစရာမရှ်ိတော့ပေ။
“နောက်တစ်ခါ မင်းလာလည်ရင် ရတနာတွေအများကြီးယူမလာပါနဲ့ ငါအဲ့တာတွေမလိုပါဘူး ငါတို့ကြားက ဆက်ဆံရေးက ရတနာတွေနဲ့ တိုင်းတာလို့မှ မရဘဲ” ကုအန် လေးလေးနက်နက်ပြောလိုက်သည်။
သူအမှန်တကယ်ပင် ထိုအရာများကို မလိုချင်ဘဲ ဝူကျဲဒုက္ခမများဖို့သာ မျှော်လင့်နေခဲ့၏။
ဝူကျဲလက်ကာပြကာ ပြောလိုက်သည်။
“ဂရုမစိုက်ဘူး ငါကောင်းတဲ့ပစ္စည်းလေးတွေတွေ့ရင် မင်းကိုအရင်ဆုံးသတိရမိတာပဲ မင်းက အပြင်မထွက်တတ်မှတော့ ကျင့်ကြံခြင်းမှာပဲ အာရုံစိုက် ငါကမင်းလိုအပ်တဲ့ ရတနာတွေနဲ့ လျှို့ဝှက်သိုင်းကျမ်းတွေကို ယူလာပေးမယ်”
ကုအန် ပြုံးလိုက်ကာ ထိုအကြောင်းကိုဆက်မပြောတော့ပေ။
နေမစောင်းခင်တွင် ဝူကျဲ ပြန်သွားခဲ့၏။ သူသည် အဓိပတိဂိုဏ်းကို ရွေးချယ်လိုက်သောကြောင့် ဂိုဏ်းချုပ်နှင့် တွေ့ချင်နေသေးသည်။
ကုအန် တံစက်မြိတ်အောက်တွင်ရပ်ကာ ထွက်ခွာသွားသော ဝူကျဲပုံရိပ်ကို ကြည့်နေခဲ့၏။
နေလုံးကြီးတည်ရှိနေပုံမှာ လှပနေခဲ့ပြီး နေ၀င်ချိန်ပင် နီးကပ်လာခဲ့ချေပြီ။
ကုအန် ယန်ကျင်း ဝူကျဲကို ဗလာမျက်လုံးများဖြင့် စိုက်ကြည့်နေသည်ကိုလည်း တွေ့ခဲ့ရသည်။
ဤအချိန်အတွင်း ယန်ကျင်း၏ အပြုအမူများမှာ အတော်လေးကောင်းမွန်ခဲ့ပြီး ကုအန်မျက်လုံးထဲတွင် သူသည် တပည့်ဖြစ်ရန် လမ်းတစ်၀က်တွင် ရောက်နေခဲ့ပြီ ဖြစ်သည်။
အနာဂတ်တွင် ယန်ကျင်းသာ နာမည်ကြီးလာခဲ့ပြီး ဝူကျဲကိုပင် ကျော်တက်သွားခဲ့ပါက ဝူကျဲ သူ့အား တစ်ချိန်က ကုအန်ဆီလမ်းပြပေးခဲ့သော အစေခံတပည့်လေးတစ်ယောက်ကို မှတ်မိပါဦးမည်လော။
ထိုအရာသည် ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရပြီး ကုအန်၏နှုတ်ခမ်းပေါ် အပြုံးတစ်ပွင့်ပေါ်လာခဲ့လေသည်။
……
မျက်စိတစ်မှိတ်အတွင်း ငါးနှစ်ကုန်ဆုံးသွားခဲ့၏။
ဤငါးနှစ်အတွင်း အန်းဟောင်သည် နတ်အသွင်ပြောင်းခြင်းအဆင့်သို့ ချိုးဖြတ်သွားပြီဖြစ်ကာ ဝူကျဲက ဝိညဉ်အခြေတည်အဆင့် ၉ သို့ရောက်ရှိနေပြီဖြစ်ပြီး အဆင့်ချိုးဖြတ်လုဆဲဆဲ ဖြစ်သည်။
ဝူကျဲသည် အဓိပတိဂိုဏ်းတွင် နေမည်ဟုဆုံးဖြတ်လိုက်ကတည်းက ဂိုဏ်းထဲမှထွက်မသွားခဲ့တော့ပေ။ သူ့ရည်ရွယ်ချက်ကို ဖော်ပြပြီးသည့်နောက် လုပိုင်ထျန်းလည်း ကျေနပ်သွားခဲ့ပြီး ဂိုဏ်း၏အရင်းအမြစ်များစွာဖြင့် ဝူကျဲကို ထောက်ပံ့ပေးခဲ့ပြီး ယခုအခါ ဝူကျဲသည် ဂိုဏ်း၏ထိပ်တန်းပါရမီရှင် သုံးယောက်ထဲတွင် တစ်ယောက်ဖြစ်နေပြီဖြစ်ကာ အစစ်အမှန်တပည့်ရာထူးကို ရရှိထားခဲ့သည်။
အသက် ၁၂၇ နှစ်ရှိနေပြီဖြစ်သော ကုအန်၏သက်တမ်းအကန့်အသတ်သည် ၁၆.၄သန်း ကျော်လာပြီ ဖြစ်သော်လည်း သန်း၁၀၀နဲ့တော့ ဝေးကွာနေသေးသည်။ သို့သော် သူသည် အပြင်ကမ္ဘာထဲမှ အဆင့်မြင့်ဆေးပင်များကို မရိတ်သိမ်းရသေးပေ။ ထိုအဆင့်မြင့်ဆေးပင်များအား ရိတ်သိမ်းရမည့်အချိန်ကို သူအတော်လေး မျှော်လင့်နေခဲ့မိသည်။
ဤနှစ်များအတွင်း ကုအန် အမတရှာဖွေကျွန်းသို့ ရံဖန်ရံခါသွားကာ အဆင့်မြင့်ဆေးပင်များ ၀ယ်ယူခဲ့သောကြောင့် သူ့အပြင်ကမ္ဘာဂူထဲရှိ အဆင့် ၇ ဆေးပင်ပမာဏသည် ၁သိန်းကျော်သွားပြီဖြစ်ကာ အဆင့် ၈ ဆေးပင်များက တစ်သောင်းကျော်သွားပြီဖြစ်သည်။ ထိုအပင်များအားလုံး ရင့်မှည့်သွားပြီး ရိတ်သိမ်းလိုက်ရလျှင်တော့ သူ့သက်တမ်းက သိသိသာသာ တိုးတက်သွားပေလိမ့်မည်။
ထိုနေ့တွင် ကုအန် အမတရှာဖွေကျွန်းမှ ပြန်ရောက်လာခဲ့၏။
သူတတိယတောင်ကြားထဲသို့ အနည်းငယ် မျက်မှောင်ကြုံ့နေရင်း ဝင်လာခဲ့သည်။
အခုတလော အမတရှာဖွေကျွန်းတွင် အချုပ်အနှောင်မဲ့အမတအတော်များများ သူ့ကို သတိထားမိကုန်သောကြောင့် သူဆေးပင်များ၀ယ်ယူခြင်းကို အခြားကျွန်းတစ်ခုတွင် ပြောင်း၍ လုပ်ရန် လိုလာခဲ့၏။
အဆင့် ၇ ဆေးပင်တစ်ပင်၏ တန်ကြေးမှာပင် မယုံနိုင်စရာကောင်းလောက်အောင် များပြားလှသည်။ ကုအန်သည် ကျွန်းပေါ်တွင် ထိုသို့ေသာဆေးပင်များကို အများအပြား၀ယ်ယူနေသောကြောင့် ကျွန်း၏ ထိပ်တန်း၀ယ်ယူသူဆယ်ယောက်ထဲမှ တစ်ယောက်ဖြစ်လာခဲ့ပြီး လူအများ၏ မနာလိုမှုကို ခံလာခဲ့ရသည်။
ကုအန် သွေးအကျဉ်းထောင်မဟာသူတော်စင်နားမှာ ဖြတ်သွားသောအခါ ယန်ကျင်းသည် အနားတွင်ရပ်၍ သွေးအကျဉ်းထောင်မဟာသူတော်စင်ကို ဆေးကြောပေးနေသည်ကို တွေ့လိုက်ရ၏။
သူပြောလိုက်သည်။ “သူ့ကို အလိုလိုက်မနေနဲ့ အဲ့ကောင်က တစ်နေ့လုံးပျင်းရိနေပြီး တစ်နေကုန် အိပ်ဖို့စားဖို့ပဲသိတာ”
ယန်ကျင်း အမြန်တုန့်ပြန်လိုက်၏။
“အဲ့တာက အဆင်ပြေပါတယ် ကျွန်တော့်မှာလည်း အခြားလုပ်စရာမှ မရှိဘဲ”
ကုအန်လည်းဘာမှပြောမနေတော့ဘဲ အပေါ်ထပ်သို့သာ အမြန်တက်သွားလိုက်သည်။
သွေးအကျဉ်းထောင်မဟာသူတော်စင် သူကုအန်ကို စိတ်ဆိုးအောင်လုပ်မိထားသည်ဟု တွေးလိုက်မိပြီး ခပ်တိုးတိုးပြောလိုက်၏။
“ယန်ကျင်း ဒီကိုလာဦး”
ထိုစကားကြောင့် ယန်ကျင်း အမြန်သူ့ရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်လေသည်။
“ဒီည ညသန်းခေါင်လောက် ငါ့ကိုလာရှာ ငါမင်းကိုေမှာ်သိုင်းတစ်ခုတစ်ခုသင်ပေးမယ်” သွေးအကျဉ်းထောင်မဟာသူတော်စင် ဆန်းကြယ်စွာ ပြောလိုက်၏။
ယန်ကျင်းအမူအရာထူးဆန်းသွားပြီး “အဲ့တာတွေ မလိုပါဘူး ကျွန်တော်စီနီယာ့ကို ဂရုစိုက်တာက အဲ့လိုအကျိုးကျေးဇူးတွေမျှော်ကိုးပြီး ဂရုစိုက်တာမဟုတ်ပါဘူး”
သူပြောလိုက်သည်။
သူတကယ်လိုချင်သည်မှာ ကုအန်၏ နှစ်သက်မှုရရှိဖို့သာ ဖြစ်၏။
နွားသိုးမိစ္ဆာတစ်ကောင်က သူ့အား မည်သည့်မှော်သိုင်းမျိုး သင်ကြားပေးနိုင်မည်နည်း။
“ငါဂရုမစိုက်ဘူး မင်းလာကိုလာရမယ်!” သွေးအကျဉ်းထောင်မဟာသူတော်စင် အမိန့်ပေးလိုက်ပြီး ယန်ကျင်းလည်း သဘောတူလိုက်ဖို့မှလွဲ ရွေးချယ်စရာမရှိတော့ပေ။
ထို့နောက် သူပြန်ရပ်လိုက်ပြီး ကုအန် နားခိုရာ အိမ်ထဲသို့ ကြည့်နေမိ၏။
ထိုအစား သူ့ဆရာကသာ သူ့ကို မှော်သိုင်းတစ်ခု သင်ကြားပေးမည်ဆိုလျှင်…..
အခန်းထဲတွင်
ကုအန်ထိုင်လိုက်ပြီးသည့်နောက် နတ်အာရုံကိုဖြန့်ကာ အနောက်အရပ်ရှိ သမုဒ္ဒရာအက်ကွဲကြောင်း တူးမြောင်းကြီးကို ကြည့်နေခဲ့သည်။
ထိုတူးမြောင်းကြီး၏ ပြန့်ကားနေမှုသည် ရပ်တန့်သွားပြီဖြစ်သော်လည်း သမုဒ္ဒရာကိုဖြတ်၍ တည်ရှိနေဆဲဖြစ်ကာ ကြီးမြတ်သောကျင့်ကြံသူများကို လာရောက်လေ့လာဖို့ ဆွဲဆောင်နေခဲ့၏။
ကုအန် မြေလျှောက်အမတအဆင့်ကို ကျော်လွန်နေသည့် တည်ရှိမှုများကိုပင် တူးမြောင်းကြီးထက်၌ အာရုံခံမိနေခဲ့သည်။ သူတို့တစ်ယောက်ချင်းစီတိုင်းသည် သူတို့အရှိန်အဝါကို အဆင်အခြင်မဲ့ထုတ်ပြထားပြီး နတ်အာရုံများစွာ သူတို့အား ကြည့်ရှုရန် ဆွဲဆောင်နေခဲ့၏။
အပိုင်း(၂၃၂)
ဂိုဏ်းချုပ်၏ ဆက်ခံသူ
ကုအန် တစ်ချက်သာကြည့်လိုက်ပြီး အကြည့်ပြန်လွှဲလိုက်၏။ တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို မသိရဘဲ သူရန်မစလိုပေ။
ပင်လယ်တူးမြောင်းကြီးသည် နှစ်ပေါင်းများစွာကြာတည်ရှိနေသော်လည်း မည်သည့်ကပ်ဘေးမှတော့ ဖြစ်မလာခဲ့ပေ။ ကုအန် ထိုအရာကြီးသည် သူ့အား ကြီးပြင်းလာချိန်ပေးဖို့သာ မျှော်လင့်နေခဲ့၏။
ထို့နောက် ကုအန်စားပွဲပေါ်ရှိ အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်း နောက်ဆုံးစာအုပ်ကိုသာ ဖတ်နေခဲ့လိုက်သည်။ ထိုစာအုပ်ကို ရွှမ်ထျန်းယီ ပို့ပေးလိုက်ခြင်းဖြစ်ပြီး သူအကြိမ်ပေါင်းများစွာ ဖတ်ပြီးသော်လည်း တစ်ခါထပ်ဖတ်လိုက်တိုင်း အရသာအသစ်တစ်မျိုးကို ခံစားခဲ့ရသည်။
ရွှမ်ထျန်းယီသည် အထိန်းအကွပ်မဲ့ကာ ၀င့်ကြွားဟန်ပေါ်သော်လည်း မိန်းမများအကြောင်းရေးသည့်အခါတွင်တော့ အတော်လေး အသေးစိတ်ကျလှသူ ဖြစ်၏။
ညအချိန် ကျရောက်လာခဲ့သည်။
ယန်ကျင်း သွေးအကျဉ်းထောင်မဟာသူတော်စင်အနားသို့ ရောက်လာခဲ့ပြီး တစ်ခုခုပြောချင်နေသော်လည်း တွန့်ဆုတ်နေခဲ့၏။
ထိုစဉ် သွေးအကျဉ်းထောင်မဟာသူတော်စင် ထလာပြီး သူ့နွားသိုးဖင်ကြီးကိုခါလိုက်ကာ ပြောလိုက်သည်။
“ငါ့နောက်လိုက်ခဲ့”
ယန်ကျင်းလည်း ရွေးစရာမရှိဘဲ လိုက်သွားခဲ့ရ၏။
“ကောင်းပြီ ငါသူ့ကိုစိတ်ကျေနပ်အောင် လုပ်ပေးလိုက်ရင် အနာဂတ်မှာငါ့ကိုလိုက်ရှုပ်တာနည်းသွားမှာပဲ” ယန်ကျင်း တိတ်တဆိတ်တွေးလိုက်ပြီး သူ့ခံစားချက် ကောင်းလာခဲ့သည်။
လူတစ်ယောက်နှင့် နွားသိုးတစ်ကောင်သည် ကျယ်၀န်းလှသော တောအုပ်ကြီးတစ်ခုထဲ ရောက်ရှိလာခဲ့ကြသည်။ တောအုပ်ထဲတွင် ပိုးမွှားအော်သံများက ပဲ့တင်ထပ်နေခဲ့၏။
သွေးအကျဉ်းထောင်မဟာသူတော်စင် ယန်ကျင်းဘက်သို့ လှည့်လိုက်ကာ စွမ်းအင် စတင်ကျင့်ကြံလေတော့သည်။ ချက်ချင်းပင် သူ့ကိုယ်ပေါ်မှ နွားသိုးမွှေးများသည် လောင်ကျွမ်းနေသော သွေးမီးတောက်များနှယ် ထောင်ထလာခဲ့ပြီး သူ့ကိုယ်မှ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ထွက်ပေါ်လာခဲ့၏။
“ဟမ်!”
ယန်ကျင်း မျက်လုံးများပြူးကျယ်သွားကာ သူ့တစ်ကိုယ်လုံး သတိအနေအထား ဖြစ်သွားခဲ့လေသည်။
ဒီအရှိန်အဝါက…
ဤနွာသိုးငပျင်းကြီးသည် အမှန်တကယ်ပင် မှော်သိုင်းများကိုသိရှိနေခြင်း ဖြစ်နိုင်ပါသလော။
ထိုစဉ် သွေးအကျဉ်းထောင်မဟာသူတော်စင် အသက်နက်ကြီးဖြင့် တစ်ချက်ဟိန်းဟောက်လိုက်လေရာ ယန်ကျင်း သူ့နားစည်များပေါက်ကွဲသွားတော့မလို ခံစားလိုက်ရပြီး သူ့ခေါင်းထဲ တဝီဝီအသံများကိုသာ ကြားရတော့သည်။
တခဏကြာမှသာ ထိုအရာက ပြန်ကောင်းသွားခဲ့ပြီး ယန်ကျင်း နွားသိုးများ ကြောက်လန့်နေဟန်ဖြင့် ကြည့်ရှုနေခဲ့၏။ သွေးအကျဉ်းထောင်မဟာသူတော်စင်သည် သူ့အရှိန်အဝါကို ပြန်မသိမ်းသေးသောကြောင့် သူ့ပုံစံသည် အထူးသဖြင့် ညအချိန်ဖြစ်သောကြောင့် ခြိမ်းခြောက်နိုင်စွမ်းရှိသည့်ပုံ ပေါက်နေခဲ့သည်။
ထို့နောက် ယန်ကျင်း သွေးအကျဉ်းထောင်မဟာသူတော်စင်ကိုကြည့်သည့်အကြည့်များသည် စိတ်အားထက်သန်သောအကြည့်အဖြစ်ပြောင်းလဲလာခဲ့၏။
သွေးအကျဉ်းထောင်မဟာသူတော်စင် သူ့နွားသိုးဦးခေါင်းကို မော့လိုက်ကာ ပြောလိုက်သည်။
“ဒါက သွေးအကျဉ်းထောင်နတ်ကျင့်စဉ်ထဲက သွေးအကျဉ်းထောင်ဟိန်းသံလို့ခေါ်တဲ့ မှော်သိုင်းတစ်ကွက်ပဲ မင်းအဲ့တာကို အသေးစားအောင်မြင်မှုရအောင် ကျင့်နိုင်ရင် တိုက်ပွဲထဲမှာ မင်းရန်သူရဲ့ နတ်ဝိညဉ်ကို မတည်ငြိမ်နိုင်ဖြစ်နေအောင် လုပ်လို့ရတယ် တကယ်လို့ ပြီးပြည့်စုံတဲ့အထိတတ်မြောက်သွားရင်တော့ ရန်သူတွေကို ဟိန်းသံတစ်ချက်တည်းနဲ့ သတ်ပစ်လို့ရတယ်”
“အဲ့လောက်တောင် စွမ်းအားကြီးတယ်လား ကျွန်တော်သင်မယ် ကျွန်တော်သင်မယ်!”
ယန်ကျင်း စိတ်အားထက်သန်လာခဲ့ပြီး သွေးအကျဉ်းထောင်မဟာသူတော်စင်၏ ပုံရိပ်သည် သူ့မျက်လုံးထဲတွင် ပြောင်းလဲလာခဲ့သည်။
သွေးအကျဉ်းထောင်မဟာသူတော်စင် ဂုဏ်ယူနေဟန်ဖြင့် ပြောလိုက်၏။
“သွေးအကျဉ်းထောင်ဟိန်းသံကို လေ့ကျင့်ဖို့က မလွယ်ဘူးနော် မင်းအခက်အခဲတွေအတွက် အသင့်ဖြစ်ပြီလား”
“ကျွန်တော်အခက်အခဲတွေကို မကြောက်ပါဘူး!” ယန်ကျင်း လေးလေးနက်နက်ပြောလိုက်သည်။
သွေးအကျဉ်းထောင်မဟာသူတော်စင်လည်း ပြုံးဖြဲဖြဲဖြစ်သွားခဲ့လေသည်။ ကုအန် သူ့နတ်အာရုံအောက်တွင် နွားသိုး၏ ပြုံးဖြဲဖြဲလုပ်နေပုံမှာ အတော်လေး ကျောချမ်းစရာကောင်းသည်ဟုခံစားလိုက်ရ၏။
ဒီကောင့်မှာ မကောင်းတဲ့ရည်ရွယ်ချက်ရှိနေတာတော့ မဟုတ်ဘူးမလား!
…..
ဆောင်းဦးနှင့် ဆောင်းရာသီကုန်ဆုံးသွားကာ နွေဦီးသည် တစ်ဖန်ရောက်ရှိလာခဲ့ပြန်သည်။
တတိယတောင်ကြားတွင်လည်း နွေဉီးပွဲတော်အတွက် ပြင်ဆင်နေခဲ့ကြ၏။ ထိုနေ့တွင် ဝူကျဲ တောင်ကြားသို့ ရောက်ရှိလာခဲ့လေသည်။ သို့သော် သူရောက်လာချိန်တွင် ကုအန်ရှိမနေသောကြောင့် သူတောင်ကြားထဲ လျှောက်ပတ်ကြည့်နေခဲ့၏။
ထိုစဉ် ကုအန်ဆီလာသောနေ့က သူ့ကိုလမ်းပြပေးခဲ့သော ကျင့်ကြံသူလေး အပင်များ ရေလောင်းနေသည်ကိုတွေ့ကာ သူ့ဆီသွားလိုက်ပြီး ပြုံး၍ မေးလိုက်လေသည်။
“ညီလေး မင်းကကျင့်ကြံသူမဟုတ်ဘူးလား ဘာလို့ရေကို ကိုယ်တိုင်သယ်နေရတာလဲ”
ဝူကျဲကိုမြင်သောအခါ ယန်ကျင်းမျက်လုံးများ တောက်ပသွားခဲ့၏။ ထိုနေ့က ဝူကျဲ၏ အမတတစ်ပါးလို သိမ်မွေ့လှသော အမြန်နှုန်းကို သူမမေ့သေးပေ။
သူပြန်ပြောလိုက်သည်။
“ဒါက…ကျွန်တော်တို့ရဲ့…..ကျင့် ကြံ ခြင်း ပုံစံ…တစ်မျိုးပါ”
သူ့အသံသည် အက်ကွဲနေပြီး နားနား၍ပြောနေသောကြောင့် နားထောင်ရသော ဝူကျဲ မသက်မသာဖြစ်လာခဲ့ရသည်။
“မင်းအသံက ဘာဖြစ်နေတာလဲ” ဝူကျဲ မျက်မှောင်ကြုံ့ကာ မေးလိုက်၏။
ယန်ကျင်းပြန်ဖြေလိုက်သည်။ “လေ့ကျင့်ရင်း…..ကနေ…”
ဝူကျဲ ခေါင်းယမ်းလိုက်ကာ ပြုံးလိုက်ပြီး ယန်ကျင်းပုခုံးကိုပုတ်လိုက်ပြီး လှည့်ထွက်သွားခဲ့လေသည်။
သူ ယန်ကျင်းကို မှတ်မိနေရခြင်းအကြောင်းမှာ နောက်ဆုံးတစ်ခေါက်သူလာစဉ်က ကုအန်က ထိုကောင်လေးကို ဘယ်လိုမြင်လဲဟု သူ့ကိုမေးခဲ့ခြင်းကြောင့် ဖြစ်သည်။ ကုအန်ပင် သတိထားမိသူဖြစ်သောကြောင့် သူယန်ကျင်းအပေါ် အနည်းငယ်စိတ်၀င်စားနေခဲ့ရခြင်း ဖြစ်၏။
သို့သော် အခုကြည့်ရသည်မှာ ထိုကောင်လေး၏ပါရမီသည် သာမန်သာဖြစ်ပြီး သူ့ကျင့်ကြံခြင်းကလည်း ဤနှစ်များအတွင်း တိုးတက်လာကြပုံ မပေါ်ပေ။
ယန်ကျင်းကတော့ ဝူကျဲ ဘာတွေးနေသလဲဆိုတာ မသိပေ။ သူ့ကို ဝူကျဲကဘာနှုတ်ဆက်သွားသောကြောင့် သူပျော်ရွှင်နေခဲ့မိသည်။
ဝူကျဲ တောင်ကြားထဲတွင် လှည့်ပတ်ကြည့်ရှုနေခဲ့၏။
တစ်နာရီခန့်ကြာသောအခါ သူကုအန်အရှိန်အဝါကို အာရုံခံလိုက်မိသည်။ သို့သော် သူလှည့်ကြည့်လိုက်သောအခါ တွင်မူ သူ့မျက်ခုံးများတွန့်ကွေးသွားခဲ့ရ၏။
ကုအန်ဘေးတွင် အမျိုးသမီးနှစ်ယောက် ရှိနေခြင်း!
“ဘာလို့အဲ့တာက မိန်းကလေးရှန်းမဟုတ်တာလဲ” ဝူကျဲ အံ့ဩသွားမိသည်။ သူသည် ကုအန်နှင့် ရှန်းကျန်ကို တစ်ယောက်နှင့်တစ်ယောက်ကြိုက်နေသည်ဟုသာ အမြဲထင်ထားခြင်းဖြစ်ပြီး အခုလို ကုအန်သူ့ဘေးရှိ အမျိုးသမီးနှစ်ဦးနှင့် ပျော်ပါးနေသည်ကို မြင်လိုက်ရသောအခါ မကျေမနပ်ဖြစ်သွားခဲ့၏။
ညီကိုကုက မိန်းကလေးရှန်းကို သစ္စာဖောက်နေတာပဲ!
ကုအန် ရီလန် ကျန်းချင်တို့နှင့်အတူ ပျံသန်းလာခဲ့ကြသည်။ မိန်းကလေးနှစ်ယောက်သည် တောင်ကြားအကြောင်းစိတ်၀င်စားနေပြီး မေးခွန်းများမေးနေကာ ကုအန်ကလည်း တစ်ခုချင်းစီ ပြုံး၍ ပြန်ဖြေပေးနေခဲ့၏။
သူတို့မြေပေါ်ဆင်းသက်လိုက်သောအခါ ဝူကျဲ သူတို့နားချဉ်းကပ်လာခဲ့ပြီး ကျန်းချင်ကို လက်ညှိုးထိုးကာ မေးလိုက်သည်။
“ကုအန် သူကဘယ်သူလဲ”
သူ့လေသံမှာထက်ရှနေပြီး ကျန်းချင်ပင် သူ့ကိုရှုပ်ထွေးသွားဟန်ဖြင့် ကြည့်လိုက်၏။
သူရီလန့်ကို ကုအန်၏ ဂျူနီယာညီမလေးအဖြစ်သိသော်လည်း ကုအန်ဘေးရှိ အခြားတစ်ယောက်မှာလည်း သူ့လက်မောင်းကို ဆွဲထားလေရာ မလွယ်ကူဘူးဟု ခံစားလိုက်ရသည်။
ကျန်းချင် မျက်လုံးများ တောက်ပလာပြီး ပြောလိုက်၏။
“ရှင်က ဝူကျဲလား”
ရီလန် ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
“ဟုတ်တယ် သူကအခုတလော အဓိပတိဂိုဏ်းမှာ နာမည်ကျော်လာတဲ့ တပည့်ရင်း ဝူကျဲ ပဲ”
ဝူကျဲကိုကြည့်ကာ သူမအရင်အချိန်များကိုပင် သတိရသွားခဲ့သည်။
ထိုစဉ်က ရွှေစာရင်းညီလာခံကျင်းပချိန်တွင် သူမဝူကျဲကို ကုအန်နှင့်အတူတွေ့ခဲ့ရခြင်း ဖြစ်၏။ ထိုစဉ်က ဝူကျဲသည်သူမကို အံ့အားသင့်သွားစေခဲ့သော်လည်း အခုလောက်မြန်မြန် ကျော်ကြားလာမည်လို့တော့ ထင်မထားခဲ့မိပေ။
အဘယ်ကြောင့် ပါရမီရှင်များသည် သူ့အစ်ကိုကြီးနားတွင်သာ အမြဲ ပေါ်လာနေရသနည်း။
ကုအန်ပြုံးကာ ပြောလိုက်သည်။
“ဒါက ငါ့တပည့် ကျန်းချင်တဲ့ အထဲသွားပြီး ပြောကြရအောင်”
ထိုစကားကိုကြားသောအခါ ဝူကျဲ၏ အမူအရာပျော့ပြောင်းသွားခဲ့၏။
“မိန်းကလေးရှန်း ဘယ်တော့လာမှာလဲ” ဝူကျဲ မေးလိုက်သည်။
ကုအန်နှင့်ရှန်းကျန်သည် တစ်ယောက်နဲ့တစ်ယောက်ကြိုက်နေကြသည်ဟု သူအမြဲယုံကြည်နေ၏။
ကုအန် ပုံမှန်အတိုင်းပြန်ဖြေလိုက်သည်။
“ငါက သူဘယ်ချိန်လာမယ် ဘယ်လိုလုပ် သိမှာလဲ”
ထိုစကားကိုကြားသောအခါ ကျန်းချင်မျက်လုံးများ ဝိုင်းစက်သွားပြီး တစ်ခုခုကိုတွေးနေဟန်ဖြင့် ဝူကျဲနှင့်ကုအန်ကို ကြည့်ရှုနေခဲ့၏။
သူတို့လေးယောက် ကုအန်အိမ်သို့ ဦးတည်သွားနေရင်း လမ်းတစ်လျှောက်လုံးတွင် ကျန်းချင် ဝူကျဲအား စိတ်အားထက်သန်စွာ မေးခွန်းများဆက်မေးနေသောကြောင့် ဝူကျဲ ရှက်လာခဲ့ရသည်။
သူတို့အိမ်ဆီသို့မရောက်ခင်တွင် ပုံရိပ်တစ်ခု လျင်မြန်စွာ ပျံသန်းလာခဲ့၏။
ကုအန် ကြိတ်၍ အိုးး မဖြစ်ဘူးး ဟုတွေးလိုက်မိသည်။
“မိန်းကလေးရှန်း!” ဝူကျဲ စိတ်လှုပ်ရှားစွာအော်ခေါ်လိုက်ပြီး ရှန်းကျန်ကို လက်ပြလိုက်လေသည်။
ရီလန်နှင့်ကျန်းချင်တို့လည်း ရှန်းကျန်ကို ကြည့်လိုက်ကြ၏။ သူမသည် အဖြူရောင်၀တ်စုံကို၀တ်ဆင်ထားကာ မျက်နှာကာပုဝါတစ်ခုကို တပ်ဆင်ထားပြီး နတ်သမီးတစ်ပါးနှင့်ပင် တူနေကာ သူမအမူအရာများမှာလည်း နှစ်လိုဖွယ်ကောင်းလှသည်။
ရှန်းကျန် ကျန်းချင်ဘေးနားတွင် ဆင်းသက်လာပြီး ပြုံးလိုက်၏။
“ဝူကျဲ မတွေ့တာကြာပြီ”
သူမသည် မကြာခဏတံခါးပိတ်ကျင့်ကြံနေပြီး ဤနှစ်များအတွင်း ဝူကျဲ၏ အောင်မြင်မှုကို သိရှိမနေပေ။
သူမ ရီလန်နှင့်ကျန်းချင်တို့ကို စိတ်ဝင်စားမှုများ ပြည့်နေသောမျက်လုံးများဖြင့် ကြည့်ရှုနေခဲ့သည်။
ကုအန်လည်း စိတ်တည်ငြိမ်ချင်ယောင်ဆောင်လိုက်ပြီး သူတို့အား တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ပေးလိုက်၏။ အမျိုးသမီး ၃ ယောက်သည် နှုတ်ဆက်စကားများဆိုနေကြပြီး သဟဇာတဖြစ်သော လေထုကို ဖန်တီးနေကြသော်လည်း ကုအန် ထိုအရာအောက်ရှိ အခြေအနေကို အာရုံခံမိနေခဲ့သည်။
“ကုအန် ငါထင်မထားမိခဲ့ဘူး နင့်မှာအမျိုးသမီးအဖော်တွေ အများကြီးရှိနေတာလား” ယုယင်ယင် ရုတ်တရက်ချဉ်းကပ်လာပြီး စိတ်လှုပ်ရှားစွာ မေးလိုက်၏။
ဝူကျဲ၏ အသံကျယ်ကြီးက သူမအာရုံကို ဆွဲဆောင်သွားခဲ့ခြင်း ဖြစ်ပေသည်။ သူမကြည့်လိုက်သောအခါ အမျိုးသမီးသုံးယောက်သည် ကုအန်အနားတွင် ယဉ်ကျေးစွာ စကားပြောဆိုနေကြပြီး ဝူကျဲက ခပ်လှမ်းလှမ်းတွင် ရပ်နေသောကြောင့် ထိုအရာသည် ပြဇာတ်ကောင်းတစ်ခုပဲဟုတွေးကာ ကြည့်ရန် ရောက်လာခဲ့ခြင်း ဖြစ်သည်။
ကုအန်သူမကို လှည့်ကြည့်လိုက်ကာ ပြောလိုက်၏။
“အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့!”
ရီလန် ယုယင်ယင်ကိုကြည့်လိုက်ရင်း မေးလိုက်သည်။
“သူကဘယ်သူလဲ”
ဆိုတော့ စီနီယာအစ်ကိုကြီးအရင်ကပြောတဲ့ ဟာသတွေက မှန်နေတာပဲ တောင်ကြားထဲမှာသူ့ကိုကြိုက်နေတဲ့ အမျိုးသမီးတွေအများကြီး ရှိနေတယ်!
“ငါက ယုယင်ယင်ပါ ကုအန်အတွက် အလုပ်လုပ်ပေးနေတာ” ယုယင်ယင် ပြုံးကာပြောလိုက်သည်။ ဘယ်သူမှ သူ့စကားကို မယုံကြပေ။ တောင်ကြားသခင်ကို နာမည်တပ်ခေါ်နေသော ကောင်မလေးက အဘယ်သို့ အလုပ်သမားတစ်ယောက် ဖြစ်နိုင်မည်နည်း။
ယုယင်ယင်ဆက်ပြောလိုက်၏။
“ငါနင့်ကို ပြောဖို့မေ့နေတာ စီနီယာလုက နွေဦးပွဲတော်အမှီပြန်လာနေတယ်”
ကုအန် ရုပ်ကိုတည်နေအောင်ထားလိုက်ပြီး ပြောလိုက်သည်။
“သူပြန်လာချင်တယ်ဆို ပြန်လာပါစေ”
ရီလန့် မျက်လုံးများ ကျဉ်းမြောင်းသွားပြီး မေးလိုက်၏။
“စီနီယာလုက မိန်းကလေးလား ယောင်္ကျားလေးလား”
ယုယင်ယင်ပြောလိုက်သည်။
“မိန်းမတစ်ယောက်လေ လုလင်ကျွမ်းတဲ့ နင်သူ့ကိုတော့ ကြားဖူးသင့်တယ် သူက ဆန်းကြယ်နှလုံးသားအဆင့် ကြီးမြတ်တဲ့ကျင့်ကြံသူတစ်ယောက်ပဲ!”
ရီလန်နှင့်ကျန်းချင် မျက်နှာများ ပြောင်းလဲသွားခဲ့၏။ သူမတို့ လုလင်ကျွမ်းကို အမှန်တကယ်ပဲ ကြားဖူးကြပြီး သူမသည် ကုအန်နှင့် ပတ်သက်နေလိမ့်မည်လို့တော့ ထင်မထားခဲ့ကြပေ။
ရှန်းကျန် မျက်လုံးထဲ အပြုံးရိပ်များပေါ်လာခဲ့ပြီး ယုယင်ယင်အား အသိအမှတ်ပြုဟန်ဖြင့် ကြည့်လိုက်လေသည်။
ကောင်းလိုက်တဲ့ပါရမီ!
ငါသူ့ကိုကြိုက်တယ်!
ထို့နောက် ကုအန် ရီလန့်လက်ကိုဆွဲလိုက်ပြီး ပြောလိုက်၏။
“ငါ့ဂျူနီယာညီမလေးက အခုမှ ပထမဆုံးအကြိမ်ရောက်လာတာမလို့ ငါသူ့ကိုဧည့်ခံဖို့ လိုသေးတယ်”
ရီလန့် မျက်နှာရဲသွားခဲ့သည်။ ကျန်းချင်လည်း သူတို့နောက်အမြန်လိုက်သွားလိုက်ပြီး အောင်နိုင်သူခံစားချက်ဖြင့် ယုယင်ယင်ကို စိန်ခေါ်သလိုပင် ကြည့်သွားခဲ့၏။
ယုယင်ယင်လည်း ထွက်မသွားခင် ကျန်းချင်အား တစ်ချက်ကြည့်သွားခဲ့သည်။ ရှန်းကျန်မှာတော့ ဘာမှမပြောဘဲ သူတို့နောက်သာ လိုက်သွားခဲ့၏။
ဝူကျဲမှာတော့ ထိုနေရာတွင်သာ ရပ်နေပြီး အမျိုးသမီးသုံးယောက် နောက်ကျောများကို ကြည့်နေခဲ့မိသည်။ သူသေချာစဉ်းစားပြီးနောက်တွင်တော့ အထဲသို့ လိုက်၀င်မသွားဖို့ ဆုံးဖြတ်လိုက်၏။
တကယ်လို့ သူတို့တကယ်ကြီး ထတိုက်ခိုက်ကြရင်တော့ သူကုအန်ကိုကယ်ရန် ၀င်သွားရပေလိမ့်မည်။
“အာ ညီကိုကု မကျင့်ကြံတာ အံ့ဩစရာမဟုတ်တော့ပါဘူး သူက ဒီမက်မွန်ပွင့်လေးတွေကို ဂရုစိုက်ဖို့ အလုပ်ရှုပ်နေရတာကိုး တကယ်တော့ ဆရာပြောတာမှန်တယ် အမျိုးသမီးတွေဆိုတာ အမတကျင့်ကြံခြင်းလမ်းစဉ်ရဲ့ အတားအဆီးတွေပဲ သူတို့က အတွင်းမိစ္ဆာတွေ” ဝူကျဲ ခေါင်းယမ်းလိုက်ကာ တောင်ကြားထဲတွင်သာ ဆက်လက်လှည့်ပတ်ကြည့်ရှုနေလိုက်လေသည်။
အခန်းထဲတွင် ကုအန် အမျိုးသမီး သုံးယောက်အတွက် လက်ဖက်ရည်ငှဲ့ပေးနေခဲ့၏။
ရီလန်မှာတော့ ရှန်းကျန်နှင့် စကားစတင်ပြောဆိုနေခဲ့သည်။ ဥပဒေရေးရာခန်းမတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီးသည့်နောက်တွင် သူမသည် လူများ အခြေအနေများကို ကောင်းကောင်းကိုင်တွယ်တတ်နေပြီး သူတို့သုံးယောက်ကြား မိတ်ဆွေရင်းများလိုပင် စကားဝိုင်းတစ်ခု ဖြစ်ပေါ်နေခဲ့၏။
ကုအန် ထိုင်လိုက်ပြီးသည့်နောက် ရှန်းကျန်မေးလိုက်သည်။
“အနောက်အရပ်သို့ ခရီးသွားခြင်း ပြီးရင် နင်နောက်ထပ်စာအုပ်တစ်အုပ်ထပ်ရေးမှာလား ငါစွန်းဝူခုံး တိုက်ပွဲဗုဒ္ဓဖြစ်လာတဲ့အကြောင်း ဖတ်ချင်သေးတယ်”
ကုအန်သည် ဖန်းအန်မှန်းသိထားသော ကျန်းချင်နှင့် ရီလန်တို့လည်း ကုအန်အဖြေကို သိချင်၍ သူ့ကိုကြည့်နေခဲ့ကြသည်။
ယခုအခါ သူ့သရုပ်မှန်ကို လူအတော်များများ သိနေကြပြီဖြစ်ရာ ကုအန် ရှန်းကျန်အခုလို သူ့သရုပ်မှန်ကို ထုတ်ပြောခြင်းကို စိတ်မရှ်ိခဲ့ပေ။ နောက်ဆုံးတွင် ယခုအခါ သူ့ထုတ်ပြထားသော ကျင့်ကြံခြင်းကလည်း အလွန်နိမ့်မနေတော့ရာ သူ့ကိုယ်သူကာကွယ်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
“မရေးတော့ဘူး ငါအခြားအနုပညာလေးတွေကို လေ့လာရတာနဲ့ အလုပ်ရှုပ်နေတယ်” ကုအန် သာမန်အတိုင်း ဖြေလိုက်၏။
ရှန်းကျန်မှာတော့ အနည်းငယ်စိတ်ပျက်သွားပြီး အနောက်အရပ်သို့ ခရီးသွားခြင်းသည် နတ်ဘုရားတို့၏ရာထူးများထက်ပင် ပိုကောင်းသည်ဟု စတင်ချီးကျူးလေတော့သည်။ ထိုစာအုပ်သည် တစ်ခုခုကို ရည်ညွှန်းနေသည်ဟုပင် သူခံစားနေခဲ့ရ၏။
ရီလန်လည်း ထိုစကားဝိုင်းထဲ ပါလာခဲ့ပြီး အနောက်အရပ်သို့ခရီးသွားခြင်းအကြောင်းဆွေးနွေးနေကာ ကျန်းချင်မှာတော့ သူ့ဆရာကို အားကျသည့်မျက်၀န်းများဖြင့်သာ ကြည့်ရှုနေခဲ့သည်။
တစ်နာရီခန့်ကြာသောအခါ နောက်ထပ်ဧည့်သည့်တစ်ယောက် ရောက်ရှိလာမှသာ ကုအန် လွတ်မြောက်သွားသလို ခံစားလိုက်ရ၏။
လုပိုင်ထျန်း!
လုပိုင်ထျန်း အခန်းထဲ၀င်လာသောအခါ ရီလန်နှင့်ကျန်းချင်တို့ ချက်ချင်းထ၍ နှုတ်ဆက်လိုက်ကြသည်။ သူတို့သည် တပည့်ရင်းများဖြစ်သောကြောင့် လုပိုင်ထျန်းကိုမြင်ဖူးကြ၏။
ထို့ေနာက် ရှန်းကျန်လည်း လုပိုင်ထျန်းကို နှုတ်ဆက်လိုက်လေသည်။
“အဟမ်းး မင်းတို့အားလုံး အပြင်သွားပြီး ဟိုဟိုဒီဒီကြည့်နေကြဦး ငါကုအန်နဲ့ ဆွေးနွေးစရာရှိသေးတယ်” လုပိုင်ထျန်း မထူးခြားဟန်ဖြင့် ပြောလိုက်ပြီး စိတ်ထဲတွင်တော့ ကြိတ်ရယ်မောနေခဲ့သည်။
ဒီကောင်လေးက ချယ်ရီပွင့်လေးတွေအများကြီးနဲ့ တကယ် အထင်ကြီးစရာပဲ ငါ့ငယ်ငယ်တုန်းက နေ့ရက်ေတွအောက် မလျော့ဘူးပဲ!
ကျန်းချင် စိတ်ဝင်စားသွားပြီး မမေးဘဲ မနေနိုင်တော့ပေ။
“ဂိုဏ်းချုပ် ဂိုဏ်းချုပ်က ကျွန်မဆရာနဲ့ အရမ်းရင်းနှီးတာလား”
လုပိုင်ထျန်း သူမကိုကြည့်လိုက်ပြီး သူမသည်ကုအန်၏တပည့်ဖြစ်မှန်းသိသောကြောင့် ရယ်မောလိုက်ပြီး ပြောလိုက်သည်။
“ဒါပေါ့ သူက ငါ့ဂိုဏ်းချုပ်နေရာအတွက် လျာထားတဲ့ ဆက်ခံသူပဲ ရွှေစာရင်းညီလာခံ ကမ္ဘာ့အေကာင်းဆံုး ဓားတာအိုပြိုင်ပွဲ ဆေးတာအိုပြိုင်ပွဲ နောက်ပြီးအခြားဟာတွေရာ အကုန်လုံးက သူ့အကြံညဏ်တွေချည်းပဲ အခုကစပြီး မင်းငါ့ကို ဆရာဘိုးဘိုးလို့ ခေါ်လို့ရတယ်”
ထိုစကားကိုကြားသောအခါ အမျိုးသမီးသုံးယောက် မျက်လုံးများ ပြူးကျယ်သွားခဲ့ကြသည်။
ကုအန်မှာတော့ မကောင်းတော့ဘူး ဟုသာ ကြိတ်၍ တွေးနေမိ၏။
ရှန်းကျန်လည်း အံ့အားသင့်သွားခဲ့သည်။ သူမအရင်က ထင်သည်မှာ ကုအန်နှင့် လုပိုင်ထျန်းရင်းနှီးနေရခြင်းမှာ ဖန်းအန် ဟူသောသရုပ်ကြောင့်ဟုသာ ထင်နေခြင်းဖြစ်ပြီး လုပိုင်ထျန်းက သူ့ကိုအခုလောက် မျှော်မှန်းထားမည်ဟု သူထင်မထားခဲ့ပေ။
ကုအန်အမူအရာကိုတွေ့သောအခါ လုပိုင်ထျန်းရယ်စရာကောင်းသည်ဟု ခံစားလိုက်ရပြီး ပြောလိုက်၏။
“ခုနကပြောတာကို စိတ်မရှိကြပါနဲ့ မင်းတို့အားလုံးဒီမှာပဲနေပြီး နားထောင်လို့ရတယ်”
အမျိုးသမီးသုံးယောက် အမြန်ပင် ကျေးဇူးတင်လိုက်ကြပြီး သူတို့အကြည့်များက ကုအန်ဆီရောက်လာသောကြောင့် ကုအန် မလွယ်ဘူးဟု ခံစားလိုက်ရလေသည်။