အခန်း (၂၄၃-၂၄၄)
Vol. 19 Ch. 243-244
အပိုင်း(၂၄၃)
ဆရာသခင်ဓားအရှင် ခင်ဗျားကျုပ်နဲ့ယှဉ်ပြိုင်ရဲလား
လီယ ဤတစ်ခေါက်ပြန်လာချိန်တွင် ပင်လယ်ရပ်ခြားမှ ဆေးပင်များစွာနှင့် ဓမ္မရတနာများစွာ ယူလာခဲ့၏။ ထို့ကြောင့် ကုအန် ယဉ်ကျေးမှုအရ စကားအနည်းငယ်ပြောရန်ပြင်လိုက်ချိန်တွင် လီယ ထိုစကားများပြောမနေချင်တော့ဘဲ တိုက်ရိုက်ပင် ပြတင်းပေါက်မှ ခုန်ထွက်သွားခဲ့ရာ ကုအန် ဆွံ့အသွားခဲ့ရသည်။
ယန်ကျင်းလည်း သူ့ဆရာဦးလေးသည် မည်သို့သောထူးဆန်းသည့်လူမျိုးလဲဆိုတာ အံ့အားသင့်သွားခဲ့၏။
လီယသည် အားကိုးမရသည့်ပုံပေါ်သော်လည်း သူ့လုပ်ရပ်နှင့်စကားလုံးများကြောင့် ယန်ကျင်း သူ့အပေါ်အမြင်ကြောင်းရှိသွားခဲ့ရသည်။
လီယသူ့အား အသက်နှင့်ရင်း၍ ကာကွယ်မည်ဟု ပြောလိုက်ကတည်းက ယန်ကျင်းသူ့ကို ဆရာဦးလေးအဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်၏။
ဆန်းကြယ်တောင်ကြားတွင် ခဏနေပြီးသည့်နောက် ကုအန် ယန်ကျင်းနှင့် သွေးအကျဉ်းထောင်မဟာသူတော်စင်ကိုခေါ်ကာ အပြင်စည်းမြို့သို့သွားခဲ့သည်။ ထျန်းပန်ပြိုင်ပွဲနီးကပ်နေပြီဖြစ်ရာ မြို့ထဲတွင် ကောင်းကင်၌ ကျင့်ကြံသူများစွာ ပျံသန်းနေပြီး ထိုသူများမှာ အဓိပတိဂိုဏ်းကသာမဟုတ်ဘဲ တစ်ကမ္ဘာလုံးမှ ဖြစ်၏။
ပြိုင်ပွဲက မည်သို့ပင်ဖြစ်သွားပါစေ အဓိပတိဂိုဏ်းသည် အကျိုးအမြတ်အများကြီးရတော့မှာတော့ သေချာပြီး ကုအန်လည်း ဂိုဏ်းကသူ့ကိုအကျိုးအမြတ်မည်မျှခွဲပေးမလဲဆိုတာ မျှော်လင့်နေခဲ့မိသည်။
အချိန်များ ကုန်ဆုံးသွားခဲ့၏။
ငါးရက်ခန့်ကြာသောအခါ ရာသီဥတုက ပူပြင်းနေသော်လည်း ထျန်းပန်ပြိုင်ပွဲ ကျင်းပတော့မည်ဖြစ်သောကြောင့် အပြင်စည်းဂိုဏ်းရော အတွင်းစည်းဂိုဏ်းရောတွင်ပါ လူများပျားပန်းလတ်မျှ စည်းကားနေခဲ့ကြသည်။
မြို့တောင်ဘက်ဂိတ်တံခါးရှေ့တွင် မရေတွက်နိုင်သောလူများ စုဝေးနေကြကာ လူပင်လယ်ကြီးဖြစ်ပေါ်နေပြီး လူအုပ်ထဲမှ ပြူထွက်နေသော သူတို့ခေါင်းများကြောင့် ဆန်းကြယ်သည့့် မြင်ကွင်းတစ်ခုပင် ဖြစ်ပေါ်နေခဲ့သည်။
သူတို့အကြည့်များက ကောင်းကင်ရှိ အချင်းမိုင်တစ်ရာခန့် ကျယ်၀န်းသော အလံ ၇၂ဖြင့်၀န်းရံထားသည့် အစီအရင်စင်မြင့်ဆီ ရောက်ရှိနေခဲ့ကြသည်။ ထိုစင်မြင့်မှ ရွှေအလင်းရောင်ဖျော့ဖျော့လေး ထွက်နေသောကြောင့် အောက်မကြည့်ပါက ကောင်းကင်ရှိ ရွှေအလင်းစက်လေးလို ဖြစ်နေခဲ့သည်။
ဤအစီအရင်သည် လျူထျန်းလေဝဲမြို့တော်အစီအရင်ဟုခေါ်ပြီး အဓိပတိဂိုဏ်းက ကြယ်ပင်လယ်အဖွဲ့အစည်းမှ ၀ယ်ယူခဲ့ခြင်း ဖြစ်၏။ ထိုအစီအရင်သည် ကြီးမြတ်သောကျင့်ကြံသူများ ယှဉ်ပြိုင်ရန် သီးသန့်လုပ်ထားသော အစီအရင်ဖြစ်ပြီး အလွန်ဈေးကြီးပေသည်။ ထိုအစီအရင်ကို ခင်းကျင်းဖို့ပင် များပြားလှသော စိတ်ဝိညဉ်စွမ်းအင်ပမာဏ လိုအပ်၏။ ပြောကြသည်မှာ အဓိပတိဂိုဏ်းသည် ထိုအစီအရင်ကို ခင်းကျင်းရန် သူတို့ဂိုဏ်းအောက်ရှိ စိတ်ဝိညဉ်ကြောနှင့် တိုက်ရိုက်ချိတ်ဆက်ထားသည်ဟု ဆိုကြသည်။
အဓိပတိဂိုဏ်းရှိ မြို့တိုင်း ဆေးတောင်ကြားတိုင်းတွင် လျူထျန်းလေဝဲမြို့တော်ရှိ တိုက်ပွဲမြင်ကွင်းများကို ပြသပေးသည့် ပုံရိပ်ယောင်အစီအရင်များ တပ်ဆင်းေပးထားခဲ့၏။ ထိုအစီအရင်များသည် ဈေးမကြီးလှသောကြောင့် ဆန်းကြယ်တောင်ကြားနှင့် တတိယတောင်ကြားတွင်လည်း ထိုအစီအရင်များရှိနေပြီး တောင်ကြားရှိတပည့်များ ကြည့်ရှုနိုင်ကြသည်။
တတိယတောင်ကြားတွင်
အေစခံတပည့် ၉၀၀ကျော်သည် အိမ်ခြံ၀န်းတစ်ခုထဲ၌ အချို့သည် မြေပေါ်တွင် တရားထိုင်နေစဉ် အချို့ကခုံများပေါ်တွင်ထိုင်နေရင်း ကောင်းကင်ရှိ အလင်းမျက်နှာပြင်ကိုကြည့်ကာ ပြိုင်ပွဲစတင်ချိန်ကို စောင့်နေခဲ့ကြ၏။
တိုက်ပွဲများမစခင်တွင်ပင် တပည့်မျာ စိတ်လှုပ်ရှားစွာ ဆွေးနွေးပြောဆိုနေခဲ့ကြသည်။
ကုအန် ကျောက်စားပွဲတစ်ခုတွင်ထိုင်နေရင်း အရသာရှိသော အစာသွပ်မုန့်ကို စားနေခဲ့၏။ ထိုစားပွဲတွင် ယန်ကျင်း အန်းရှင်း ရှောင်ချွမ်နှင့် ယုယင်ယင် တို့လည်းထိုင်နေပြီး ထျန်းပန်ပြိုင်ပွဲအကြောင်း ဆွေးနွေးနေခဲ့ကြသည်။
ကြီးမြတ်သောကျင့်ကြံသူများအကြောင်း သူတို့ပါးစပ်များမှ ထွက်ပေါ်လာနေခဲ့၏။ လွန်ခဲ့သောနှစ်များအတွင်း ပင်လယ်ရပ်ခြားမှကျင့်ကြံသူများသည် မင်းဆက်သုံးခုတွင်လာရောက်နေထိုင်ကာ သူတို့ဂုဏ်သတင်းကို တည်ဆောက်ထားကြသောကြောင့် ပြိုင်ပွဲ၏ နံပါတ်၁ နေရာကိုဘယ်သူရမလဲဆိုသည်မှာ စိတ်၀င်စားစရာကောင်းနေခဲ့သည်။
ယုယင်ယင် သမုဒ္ဒရာမှ ကျင့်ကြံသူတစ်ယောက်ဖြစ်သော ဝတ်ရုံဝါအမတအရှင် ဟူသော လူအကြောင်းပြောနေခဲ့၏။ ဝတ်ရုံဝါအမတအရှင်သည် အမတတစ်ပါး ပြန်လည်၀င်စားသူဟု သတ်မှတ်ခံရသူဖြစ်ပြီး သူသည် များပြားလှသော နတ်သိုင်းများစွာကို ိပိုင်ဆိုင်သူဖြစ်သည်။ ကြယ်ပင်လယ်အဖွဲ့အစည်းက သူ့ကိုဂိုဏ်းထဲခေါ်ရန် ကြိုးစားခဲ့သော်လည်း သူကငြင်းဆန်ခဲ့၏။ သူဘယ်ကလာခဲ့သလဲဆိုသည်မှာ ထူးဆန်းသောအရာဖြစ်ပြီး ဘယ်သူမှအတိအကမသိကြပေ။ ထိုသူသည် ခေါင်းသာဖော်ပြီး တစ်ကိုယ်လုံးကိုမမြင်ရသော နဂါးတစ်ကောင်လိုပင်။ သူသည် သာမန်ပါရမီသာရှိသူများကို သင်ကြားရခြင်းကို နှစ်သက်သူဖြစ်ပြီး ထို့ကြောင့်လည်း လူပေါင်းများစွာ၏ အထင်ကြီးလေးစားမှုကို ခံရသူ ဖြစ်သည်။
ယုယင်ယင်က ထို၀တ်ရုံဝါအရှင်က ထျန်းပန်ပြိုင်ပွဲ၏ နံပါတ်၁ နေရာကိုရမည်ဟု ယုံကြည်နေ၏။
ရှောင်ချွမ် မမေးဘဲ မနေနိုင်ခဲ့ပေ။ “ဘာလို့ အဲ့ဒီပင်လယ်ရပ်ခြားကျင့်ကြံသူတွေက ထျန်းပန်ပြိုင်ပွဲမှာ ၀င်ပြိုင်ကြတာလဲ အဲ့တာက အနိုင်ကျင့်နေတာမဟုတ်ဘူးလား”
ယုယင်ယင်ဖြေလိုက်သည်။
“မင်းဆက်သုံးခုက အားနည်းပေမယ့် အဓိကကုန်းမြေက ကြယ်ပင်လယ်အဖွဲ့အစည်းကတော့ အားမနည်းဘူး ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေကလူတွေ ဒီပြိုင်ပွဲမှာ ၀င်ပြိုင်နေသရွေ့ အခြားသမုဒ္ဒရာက လူတွေကလည်း ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေကိုနင်းပြီး သူတို့ဂုဏ်သတင်းကိုတည်ဆောက်ဖို့ ဒီပြိုင်ပွဲကို ၀င်ပြိုင်ကြလိမ့်မယ် ဒါပေါ့ ငါမသိတဲ့ အခြားအခြေအနေတွေလည်း ရှိနေလောက်ဦးမှာ ကြီးမြတ်တဲ့ကျင့်ကြံသူတွေ အများကြီး၀င်ပြိုင်နေတဲ့ ဒီပြိုင်ပွဲက သာမန်တော့မဟုတ်ဘူး”
အန်းရှင်းလည်းခေါင်းညိတ်ကာ ပြောလိုက်သည်။
“ပြောကြတာတော့ ၀င်ပြိုင်တဲ့သူ ၅၀၀ တောင်ရှိပြီးတော့ အဲ့ထဲက တစ်၀က်လောက်က သမုဒ္ဒရာက လူတွေတဲ့ လီယကိုဖယ်လိုက်ရင် သူတို့ကြားထဲ အားအနည်းဆုံးသူက ဆန်းကြယ်နှလုံးသားအဆင့်ပဲ လူအတော်များများက ဒီအခြေအနေကိုမြင်ပြီး ပြိုင်ပွဲကိုဝင်မပြိုင်ရဲတော့တာကနေ အခုလိုအခြေအနေအဖြစ်သွားတာပဲ”
ယန်ကျင်းတိတ်ဆိတ်နေပြီး ကောင်းကင်ရှိ အလင်းမျက်နှာပြင်ကိုသာ တောင့်တနေသော မျက်၀န်းများဖြင့် ကြည့်ရှုနေခဲ့၏။
ကမ္ဘာ့နံပါတ် ၁ ဟူသောဘွဲ့မှာ အတော်လေးလွှမ်းမိုးနိုင်သည်မှာ သေချာပေသည်။
ကုအန်ကတော့ စကားဝိုင်းတွင်၀င်မပါခဲ့ပေ။ ထိုပြိုင်ပွဲရှိ ပါ၀င်သူများ၏ အဆင့်ကို သူကအခြားသူများထက် ပိုသိ၏။
လတ်တလောတွင် အချုပ်အနှောင်မဲ့ အမတ ၅ပါး နိဗာနအဆင့် ၁၇ယောက်နှင့် မဟာယနအဆင့် ၁၀၀ကျော် ဂိုဏ်းထဲတွင်ရောက်ရှိနေပြီ ဖြစ်သည်။
အကယ်၍ မျှော်လင့်မထားသည်များသာ မဖြစ်ခဲ့ပါက မင်းဆက်သုံးခုမှ ကျင့်ကြံသူများအတွက် နံပါတ်၁နေရာကိုရဖို့က မျှော်လင့်ချက်မရှိနိုင်ပေ။ ထိပ်ဆုံး ၂၀ထဲ၀င်ဖို့တောင် ကမ္ဘာခြားနတ်မြို့တော်ကိုပိုင်ထားသည့် လီယမှလွဲ၍ အခြားသူများအတွက် မလွယ်လှပေ။
ထို့အပြင် ဂိုဏ်းအပြင်ရှိ တောင်များကြားတွင်ပုန်းနေသော မြေလျှောက်အမတတစ်ပါးကိုလည်း ကုအန်အာရုံခံမိနေပြီး သူ့ရည်ရွယ်ချက်ကိုတော့ မသိရသေးပေ။
ဤပြိုင်ပွဲသည် မင်းဆက်သုံးခုကြားရှိ ပြိုင်ပွဲလေးသက်သက်သာဖြစ်သောကြောင့် ကုအန်မစိုးရိမ်သော်လည်း အကယ်၍ အဓိပတိဂိုဏ်းဖျက်ဆီးခံရလျှင်တော့ သူ၀င်ပါရပေလိမ့်မည်။
အကယ်၍ အန္တရာယ်မရှိလျှင်တော့ အဓိပတိဂိုဏ်းကရှုံးနေလျှင်ပင် သူ၀င်ပါမည်မဟုတ်ပေ။
မွန်းတည့်ချိန်မတိုင်ခင်၌ နောက်ဆုံးတွင် လျူထျန်းလေဝဲမြို့တော်အစီအရင်သည် ပြောင်းလဲသွားခဲ့၏။ အစီအရင်အလံ ၇၂ခုသည် တုန်ခါလာကာ ရွှေအလင်းရောင်များ ပေါက်ကွဲထွက်ပေါ်လာပြီး အလွန်ကျယ်၀န်းကာ အပြင်မှဖောက်မြင်နေရသည့် ခမ်းနားလှသော နန်းတော်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“ဒီနေ့ အဓိပတိဂိုဏ်းရဲ့ ပထမဆုံးအကြိမ်ဖြစ်တဲ့ ထျန်းပန်ပြိုင်ပွဲကို စတင်ပါမယ် ကျုပ်က ဒီပြိုင်ပွဲရဲ့ စည်းမျဉ်းတွေကို ထုတ်ပြန်ပေးမယ့် အဓိပတိဂိုဏ်း ဂိုဏ်းချုပ် လုပိုင်ထျန်းဖြစ်ပါတယ် ဒီပြိုင်ပွဲက အနိုင်ရရှိဖို့ သက်သက်ပါပဲ သတ်ဖြတ်လို့မရပါဘူး…”
လုပိုင်ထျန်းအသံက အစီအရင် အလင်းမျက်နှာပြင်များကိုဖြတ်၍ အဓိပတိဂိုဏ်းတစ်ခုလုံးတွင် ပျံ့နှံ့သွားခဲ့ပြီး ဆူညံနေသော သူများတိတ်ဆိတ်သွားစေခဲ့သည်။
ကုအန် အန်းရှင်းဘက်လှည့်ကာ စားစရာများထပ်ယူလာဖို့ ပြောလိုက်ပြီး အန်းရှင်းလည်း အမြန်ပင်ယူရန် ထွက်သွားခဲ့၏။
တခဏအကြာတွင် လုပိုင်ထျန်း၏ ပြိုင်ပွဲစည်းမျဉ်းများကြေငြာခြင်းပြီးဆုံးသွားပြီး ပထမဆုံးပွဲစဉ်ကို စတင်ကြေငြာခဲ့လေသည်။
“ဒီနေ့ရဲ့ ပထမဆုံး ပြိုင်ပွဲကတော့ ခန်းထျန်ဂိုဏ်းက…”
လုပိုင်ထျန်း ပြီးအောင်မပြောရသေးခင်တွင် အဓိပတိဂိုဏ်းအား ဖိအားကြီးတစ်ခုက ဖုံးလွှမ်းသွားပြီး သူ့စကားကိုဖြတ်လိုက်၏။
“ခဏနေပါဦး!”
အိုမင်းနေသော အသံကြီးတစ်သံ ကောင်းကင်နှင့်မြေပြင်တွင်ဟိန်းထွက်လာခဲ့ပြီး လူတိုင်း၏အာရုံကို ဖမ်းစားသွားခဲ့သည်။
တစ်ယောက်ယောက်က ထျန်းပန်ပြိုင်ပွဲကို နှောင့်ယှက်ချင်ခြင်းပေလော။
ယန်ကျင်းနှင့် ကုအန်ဘေးရှ်ိအခြားသူများလည်း တင်းမာသွားခဲ့ကြသည်။
“ထျန်းပန်ပြိုင်ပွဲမစခင် ဆရာသခင်ဓားအရှင်က ကျုပ်နဲ့ယှဉ်ပြိုင်နိုင်မလား ကျုပ်က ကျင်းဟိုင်ပိလျူကျွန်းသခင် ပိလျူ ဖြစ်ပြီးတော့ သူတော်စင်ပိလျူလို့ လူသိများပါတယ်”
တစ်ယောက်ယောက်က ဆရာသခင်ဓားအရှင်ကို စိန်ခေါ်ဝံ့ခြင်း!
ယုယင်ယင်မျက်မှောင်ကြံု့ကာ ပြောလိုက်၏။
“သူတော်စင်ပိလျူလား ဘယ်လိုလုပ်သူကပါလာတာလဲ တစ်ယောက်ယောက်နဲ့အပေးအယူလုပ်ထားတာများလား”
ရှောင်ချွမ် မမေးဘဲမနေနိုင်ခဲ့ပေ။ “သူတော်စင်ပိလျူက ဘယ်အဆင့်လဲ သူကအမတတစ်ပါးလား”
“သူကအမတတစ်ပါးပဲ သူ့ကျင့်ကြံခြင်းအတိအကျကိုတော့ ငါလည်းမသိဘူး သူကငါ့သိနိုင်စွမ်းအလွန်မှာရှိနေတာ” ယုယင်ယင် ဖြေလိုက်သည်။
ထိုစဉ် လျူထျန်းလေဝဲမြို့တော်တိုက်ပွဲအစီအရင်ထဲတွင် ပုံရိပ်တစ်ခုပေါ်လာပြီး လူတိုင်းအစီအရင်ကိုဖြတ်ကာ ထိုပုံရိပ်ကို မြင်လိုက်ကြရ၏။
ထိုသူသည် အစိမ်းရောင်၀တ်စုံကို၀င်ဆင်ထားကာ ရှည်လျားသောအရပ်နှင့် တောင်ဝှေးရှည်တစ်ချောင်းကို ကိုင်ထားခဲ့သည်။ သူ့ဆံပင်ရှည်များကို ကျောက်စိမ်းသရဖူအောက်တွင် ထုံးထားပြီး သူ့မျက်နှာက အိုမင်းကာတင်းမာနေကာ သူ့တောင်ဝှေးထိပ်ရှိ အစိမ်းရောင်မီးတောက်များက မြွေများနဂါးများ ရစ်ခွေနေသလို တောက်လောင်နေပြီး ဆန်းကြယ်သော အရှိန်အဝါတစ်ခုကို ပေးနေခဲ့၏။
သူတော်စင် ပိလျူ!
အပြင်စည်းမြို့ရှိ ကောင်းကင်ပြုပြင်စင်မြင့်ထက်တွင် အဓိပတိဂိုဏ်းအထက်လူကြီးများရှိနေကြပြီး ထိုထဲတွင် လုပိုင်ထျန်း ကျိဟန်ထျန်း ရွှမ်ကွမ်းတို့အားလုံး ပါပေသည်။
ကျိုးယိကျင်း ကောင်းကင်ပိုင်းဖြတ်ပုဆိန်ဘေးတွင်ရပ်နေရင်း သူတော်စင်ပိလျူအား မျက်မှောင်ကြုံ့ကာ ရန်လိုသောအကြည့်ဖြင့် ကြည့်နေခဲ့သည်။
ယခုလိုအခြေအနေမျိုးတွင် တစ်ယောက်ယောက်က ဆရာသခင်ဓားအရှင်ကို စိန်ခေါ်ရန် ထွက်လာခြင်းမျိုးက မကောင်းသောအကြံအစည်ရှိမှန်း သိသာလှ၏။
သို့သော် သူစိတ်တော့မပူပေ။ ထိုအစား စိတ်ပင်လှုပ်ရှားမိသေးသည်။
ဆရာသခင်ဓားအရှင် မလှုပ်ရှားသည်မှာ နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်၏။ သူ့ဒဏ္ဍာရီများက ကျန်ရှိနေဆဲဖြစ်သော်လည်း ပင်လယ်ရပ်ခြားကျင့်ကြံသူများက သူ့တကယ့်ခွန်အားကို မသဲမကွဲသာ သိရှိခဲ့ကြသည်။
လုပိုင်ထျနိး လျူထျန်းလေဝဲမြို့တော်တိုက်ပွဲအစီအရင်ကိုမော့ကြည့်ကာ မျက်မှောင်ကြုံ့ရင်း အေးစက်စက်ထေ့ငေါ့လိုက်၏။
“မျှော်လင့်ထားတဲ့အတိုင်းပဲ တစ်ယောက်ယောက်က ပြဿနာလာရှာနေတာပဲ ခင်ဗျားကို ဘယ်အင်အားစုကများ ပို့လိုက်တာလဲ”
ယခုအခြေအနေတွင် ဆရာသခင်ဓားအရှင် ရှုံးနိမ့်ခြင်းဖြစ်စေ တိုက်ခိုက်ရန်ငြင်းဆန်ခြင်းဖြစ်စေ ဖြစ်ပွားခဲ့ပါက အဓိပတိဂိုဏ်း၏ ပြိုင်ပွဲအပေါ်ထိန်းချုပ်မှု လျော့ရဲသွားမည်ဖြစ်ကာ နောက်ဆုံးတွင် ပြိုင်ပွဲပျက်ဆီးသွားပြီး ပဋိပက္ခများကြား ဂိုဏ်းသုတ်သင်ခံရတာမျိုးပင် ဖြစ်သွားနိုင်ပေသည်။
ကုကျုံး လုပိုင်ထျန်းကိုကြည့်ကာ ခပ်တိုးတိုးပြောလိုက်၏။
“ဂိုဏ်းချုပ် ဒီလူက ပြိုင်ပွဲ၀င်စာရင်းထဲ မပါဘူး”
လုပိုင်ထျန်းခေါင်းညိတ်လိုက်ကာ ခပ်အေးအေးပြန်ပြောလိုက်သည်။
“ဒါဆိုလည်း စောင့်သာကြည့်ကြတာပေါ့ အခုက ပင်လယ်ရပ်ခြားကျင့်ကြံသူတွေ သူ့စွမ်းအားအစစ်အမှန်ကို သိသွားစေဖို့ အချိန်ပဲ”
အခြားအဓိပတိဂိုဏ်းမှ အထက်လူကြီးများလည်း စိတ်၀င်စားနေခဲ့ကြ၏။
ဆရာသခင်ဓားအရှင်သည် အဓိပတိဂိုဏ်းတပည့်များ နှလုံးသားထဲတွင် ပြိုင်ဘက်ကင်းရုံသာမက ဂိုဏ်း၏အဆင့်မြင့်ကျင့်ကြံသူများ နှလုံးသားထဲတွင်လည်း ပြိုင်ဘက်ကင်းသူ ဖြစ်သည်။
ဆရာသခင်ဓားအရှင်၏ ခွန်အားသည် စကားသက်သက်မှလာခြင်းမဟုတ်ဘဲ တိုက်ပွဲများစွာကို ဖြတ်သန်းပြီးမှ ဂိုဏ်းတပည့်များရင်ထဲ ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။
တတိယတောင်ကြားတွင်
တပည့်များစကားများကိုနားထောင်ရင်း ကုအန် ဤတိုက်ပွဲကို ရှောင်လွှဲမရတော့ဘူးဆိုတာ သိလိုက်ရသည်။
ဒီတော့လည်း တိုက်ခိုက်လိုက်တာပေါ့!
သူ့ဓားပညာကိုမပြသရသည်မှာ အချိန်အတန်ကြာခဲ့လေပြီ။
ကုအန် ကျောက်စားပွဲတွင်မှီထုိင်ကာ လက်ထဲတွင်ဝိုင်ခွက်ကို ကိုင်ထားရင်း သူ့နှုတ်ခမ်းများ တွန့်ကွေးသွားခဲ့၏။
သူ့ဆရာကို တစ်ချိန်ကုန် ဂရုတစိုက်လေ့လာနေသော ယန်ကျင်းလည်း သူ့ဆရာအမူအရာပြောင်းလဲသွားသည်ကို ခံစားလိုက်ရပြီး တုန်လှုပ်သွားခဲ့ရသည်။
ထိုဆရာသခင်ဓားအရှင်သည် သူ့ဆရာ ဖြစ်နိုင်ပါသလော။
ဆရာသခင်ဓားအရှင်၏ ဒဏ္ဍာရီများစွာကို ကြားခဲ့ပြီးသည့်နောက် ထိုအကြောင်းကို ယန်ကျင်း တွေ့ကြည့်ခဲ့ဖူး၏။ ဂိုဏ်းတစ်ဂိုဏ်းတွင် အဆင့်မြင့်ကျင့်ကြံသူကြီးနှစ်ယောက် ပုန်းအောင်းနေခြင်းမှာ မည်သို့ဖြစ်နိုင်မည်နည်း။
“ဆရာသခင်ဓားအရှင် ခင်ဗျားကထွက်မလာရဲတာလား ဒါမှမဟုတ် ကျွန်းအသေးလေးကကျုပ်ကို အထင်သေးနေတာလား”
သူတော်စင်ပိလျူ၏အသံနောက်တစ်ကြိမ် ထပ်မံထွက်ပေါ်လာခဲ့ပြန်သည်။
ထိုေလှာင်ေပြာင်သည့် စကားကိုကြားသောအခါ အဓိပတိဂိုဏ်းသားများ ဒေါသမီးတောက်ကုန်ကြပြီး သူတို့ဒေါသက ထိုကြီးမြတ်သည့်ကျင့်ကြံသူအပေါ် လေးစားမှုထက်ပင် ကျော်လွန်ကုန်ကြသည်။
ဆရာသခင်ဓားအရှင်ထွက်လာပြီး ထိုသမုဒ္ဒရာကျင့်ကြံသူကို သင်ခန်းစာကောင်းကောင်းလေး ပေးလိုက်ဖို့ သူတို့စတင်မျှော်လင့်လာခဲ့ကြ၏။
ဂျိန်းးးး
ရုတ်တရက် ကောင်းကင်၏ရာသီဥတုပြောင်းလဲသွားကာ တိမ်များမည်းမှောင်ကုန်ကြသောကြောင့် ကျင့်ကြံသူများအားလုံး မော့ကြည့်လိုက်မိကြသည်။
လျူထျန်းလေဝဲမြို့တော်တိုက်ပွဲအစီအရင်ထဲရှိ ပိလျူလည်း မော့ကြည့်လိုက်ပြီး မိုးကြိုးတိမ်တိုက်များ လိမ့်တက်လာခြင်းကို တွေ့လိုက်ရသည်။ ထိုအခါ သူတစ်ချက် ထေ့ငေါ့လိုက်ပြီး သူ့တောင်ဝှေးကိုတစ်ချက်ယမ်းလိုက်ရာ သူ့လင်းရှီများ ပေါက်ကွဲထွက်ပေါ်လာပြီး နန်းတော်ထဲတွင် ရစ်ခွေနေသော အဇူရာနဂါးကြီးနှစ်ကောင် ထွက်ပေါ်လာခဲ့သည်။ သူတို့ခန္ဓာကိုယ်ကြီးများက မိုင်တစ်ရာပတ်လည်လုံးပြည့်နေသောကြောင့် ကြည့်ရှုနေသူများ အားလုံး တိတ်ဆိတ်သွားခဲ့ကြ၏။
ထို့နောက် ရစ်ခွေနေသော အဇူရာနဂါးနှစ်ကောင်က ကောင်းကင်သို့ ဖြည်းဖြည်းချင်း ခေါင်းမော့လိုက်ကာ ဟိန်းဟောက်လိုက်သောကြောင့် သူတို့နဂါးဟိန်းသံကြီးများက အဆုံးမဲ့စွာ ဟိန်းထွက်လာခဲ့လေသည်။
“ပြောကြတာတော့ ဆရာသခင်ဓားအရှင်ရဲ့ ဓားပညာက ကမ္ဘာပေါ်မှပြိုင်ဘက်ကင်းပဲတဲ့ ဒီနေ့ ခင်ဗျားကျုပ်အစီအရင်ကို ချိုးဖြတ်နိုင်မလား ကြည့်ကြတာပေါ့”
သူတော်စင်ပိလျူ၏ အသံဟိန်းထွက်လာခဲ့ပြန်သည်။ ထို့နောက် သူ့အင်္ကျီလက်အိုးကိုတစ်ချက်ဝေ့ယမ်းလိုက်ရာ မရေတွက်နိုင်သော မှော်အသုံးအဆောင်များ ပေါ်ထွက်လာပြီး ထိုမှော်အသုံးအဆောင်များက အဇူရာနဂါးကြီးနှစ်ကောင်နှင့် ရောယှက်သွားကာ နဂါးကြီးများက လျင်မြန်စွာ ကြီးထွားလာခဲ့ကြ၏။ သူတို့၏ ခေါင်းကြီးများက လျူထျန်းလေဝဲမြို့တော်တိုက်ပွဲအစီအရင်ထိပ်ကိုပင် ဖောက်ထွက်နေခဲ့ကြသည်။
ထိုအခိုက်တွင်!
မိုးကြိုးတိမ်တိုက်များ ရုတ်တရက်ပြိုကွဲသွားကာ ကောင်းကင်တွင် ကျယ်ပြောလှသော ကြယ်ပင်လယ်ကြီးတစ်ခု ပေါ်ပေါက်လာခဲ့၏။ သက်ရှိအားလုံး၏ မျက်လုံးထဲတွင် ခမ်းနားကာ စိတ်ကူးယဉ်ဆန်လှသော ကြယ်ပင်လယ်ကြီးက မျက်စိကျိန်းမတတ် ရောင်ပြန်ဟပ်နေခဲ့လေသည်။
Htet Paing:
အပိုင်း(၂၄၄)
ကောင်းကင်နှင့်မြေပြင်ကို တိတ်ဆိတ်သွားစေသော ဓားဆန္ဒ
အနန္တလွှမ်းခြုံကြယ်ဓားသိုင်း ထွက်ပေါ်လာသည်နှင့် ကြယ်များဖြင့်ပြည့်နှက်နေသော ကောင်းကင်ကြီးတစ်ခု ဖြစ်ပေါ်လာကာ အဓိပတိဂိုဏ်းထဲရှိ ကျင့်ကြံသူတိုင်း၏ အမြင်အာရုံကို ဖုံးလွှမ်းသွားခဲ့သည်။
မိစ္ဆာဘိုးဘေး ကျူးကျော်စဉ်ကလည်းထိုကဲ့သို့ ကောင်းကင်မျိုး ထွက်ပေါ်လာဖူးပါသော်လည်း ထိုစဉ်က ရှေ့တန်းရှိကျင့်ကြံသူများသာ သေချာမြင်လိုက်ရခြင်း ဖြစ်၏။ သို့သော် ယခုတော့ အဓိပတိဂိုဏ်းထဲရှိ ကျင့်ကြံသူ ၉၀ရာခိုင်နှုန်း ထိုကောင်းကင်ကြီးကို ပထမဆုံးအနေနှင့် မြင်တွေ့နေကြရကာ အံ့အားသင့်နေကြသည်။
အထူးသဖြင့် အဓိပတိဂိုဏ်းအား နောက်ပိုင်းမှ၀င်လာခဲ့ကြသည့် ဂိုဏ်းသားသစ်များ ဖြစ်ကြသည်။ ထိုဂိုဏ်းသားများ အံ့အားသင့်မှုကြောင့် ရူးသွပ်တော့မလို ဖြစ်နေခဲ့ကြ၏။
ကောင်းကင်ကိုပင် ပြောင်းလဲပစ်နိုင်စွမ်းရှိသော ဓားပညာ!
ထိုကဲ့သို့ပြုလုပ်နိုင်ရန် လူတစ်ယောက်၏ ကျင့်ကြံခြင်းသည် မည်မျှမြင့်နေရပါမည်နည်း။
လေဝဲမြို့တော်တိုက်ပွဲအစီအရင် ထဲတွင် သူတော်စင်ပိလျူ အနန္တကြယ်လွှမ်းခြုံဓားဆန္ဒ၏ ချုပ်ေနှာင်ခြင်းကို ခံလိုက်ရသည်။ ထိုကောင်းကင်ကြီးထွက်ပေါ်လာသည်နှင့် သူ့ကိုယ်ထဲမှ လင်းရှီများခဲသွားသည်ကို ခံစားလိုက်ရပြီး ပြင်းထန်လှသောဖိအားကြီးကြောင့် သူရင်ခုန်လာခဲ့ရ၏။
သူတော်စင်ပိလျူ၏မျက်နှာ ဖြူဖျော့လာကာ နောင်တတရားများ သူ့နှလုံးသားထဲ စိမ့်၀င်လာနေခဲ့သည်။
သူအရင်က ထင်ခဲ့သည်မှာ ဆရာသခင်ဓားအရှင်သည် မြေလျှောက်အမတတစ်ပါးပဲဟု ထင်ခဲ့ခြင်း ဖြစ်၏။ ထိုသူကလည်း အချုပ်အနှောင်မဲ့အမတလောက်ကိုသာ သတ်ဖြတ်ပြထားခြင်း ဖြစ်သည်။ ထို့ကြောင့် သူထိုသူ့ကို မနိုင်လျှင်တောင် အနည်းဆုံးတော့ ထွက်ပြေးနိုင်သည်ဟု တွေးထားခြင်းဖြစ်သည်။
ယခုတော့ ဆရာသခင်ဓားအရှင်၏ ဓားဆန္ဒကြီးကြောင့် သူလွန်ခဲ့သော နှစ်သိန်းချီကခံစားခဲ့ရသည့် သေးနုတ်မှုကို တစ်ဖန်ပြန်လည်ခံစားနေခဲ့ရသည်။
သူတို့ကြားရှိ အင်အားကွာဟချက်မှာအလွန်ကြီးမားလှပြီး အနည်းဆုံး အဆင့်ကြီးတစ်ဆင့်တော့ ကွာဟနေခဲ့ချေပြီ!
သူသည် မြေလျှောက်အမတတစ်ပါးဖြစ်လေရာ ဆရာသခင်ဓားအရှင်က….
“ကောင်းကင်…”သူတော်စင်ပိလျူ အံကိုကြိတ်ကာ ခပ်တိုးတိုးရေရွတ်လိုက်သည်။ သူကောင်းကင်ဈာန်ဟူသော စကားလုံးကို အပြည့်အ၀တော့ ရေရွတ်မနေတော့ပေ။ ဤတစ်ကြိမ်တွင် သူသေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ သူ့တွင်ရွေးချယ်စရာမရှိတော့ဘဲ အဆုံးထိသာ တိုက်ခိုက်ရပေတော့မည်။
တခဏကြာ တိတ်ဆိတ်သွားခဲ့ပြီးသည့်နောက် အဓိပတိဂိုဏ်းတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့ကြ၏။
ဂိုဏ်းထဲရှိ မရေမတွက်နိုင်သောတပည့်များက လက်သီးလက်မောင်းတန်း၍ ချီးကျူးထောပနာပြုနေခဲ့ကြသလို ကောင်းကင်ပြုပြင်စင်မြင့်ထက်ရှိ အကြီးအကဲများလည်း ထပ်တူစိတ်လှုပ်ရှားနေခဲ့ကြသည်။ ကောင်းကင်ပိုင်းဖြတ်ပုဆိန်ဘေးရှိ ကျိုးယိကျင်းဆိုလျှင် ဒူးထောက်၍ပါ ရှိခိုးကိုးကွယ်နေသည့်ပုံစံမျိုး ပြုလုပ်နေခဲ့၏။
တတိယတောင်ကြားတွင်
အစေခံတပည့် ၉၀၀ကျော်စိတ်လှုပ်ရှားနေကာ ဆရာသခင်ဓားအရှင်၏အမည်နာမကို ဟစ်ကြွေးနေခဲ့ကြသည်။
ယုယင်ယင်လည်း ဆရာသခင်ဓားအရှင်အစွမ်းကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သောကြောင့် မယုံနိုင်ဖြစ်ကာ ပါးစပ်အဟောင်းသား ဖြစ်နေခဲ့၏။
ယန်ကျင်းလည်း ထိတ်လန့်နေခဲ့မိသည်။ ဤအရာသည် မည်သည့်ဓားအစီအရင်ကြီး ဖြစ်ပါသနည်း။
ခမ်းနားလွန်းလိုက်တာ!
သူ့အကြည့်က ထိတ်လန့်တုန်လှုပ်နေသော ကုအန်ကို မကြည့်ဘဲ မနေနိုင်ခဲ့ပေ။
သူ့ဆရာသည် ဆရာသခင်ဓားအရှင်မဟုတ်ခြင်းပေလော။
တကယ်တော့ သူသူ့ဆရာ၏လင်းရှီအပြောင်းအလဲကိုလည်း အာရုံမခံခဲ့မိပေ။
“သေချာအာရုံစိုက်ပြီး မင်းဘယ်လောက် နားလည်သဘောပေါက်သွားမလဲဆိုတာကြည့်” ကုအန်အသံ ယန်ကျင်းနားထဲရောက်သွားသောအခါ ယန်ကျင်း အံ့အားသင့်မှုကြောင့် မျက်လုံးများပြူးကျယ်သွားခဲ့ရသည်။
သူ့ဆရာသည် တကယ်ပဲ ဆရာသခင်ဓားအရှင် ဖြစ်နေခြင်းပေလော။
ဒီဓားအစီအရင်က….
သူဒါကို ဘယ်လိုခင်းကျင်းလိုက်တာလဲ!
သူသူ့ဆရာတစ်ချက်လှုပ်လိုက်သည်ကိုပင် မမြင်ခဲ့ရပေ။
သူ့အမြုတေကိုဖွဲ့တည်ပြီးသည့်နောက် ယန်ကျင်း အမတကျင့်ကြံခြင်းကိုနားလည်သွားပြီဟု ခံစားခဲ့ရသော်လည်း ယခုတော့ သူ့ဆရာ၏ ဓားအစီအရင်ကသူ့နားလည်မှုများကို ရိုက်ချိုးသွားခဲ့၏။
အနန္တလွှမ်းခြုံကြယ်ဓားသိုင်းသည် ကောင်းကင်အထက် တတိယတောင်ကြားနှင့် အလွန်ဝေးသောနေရာတွင်ရှိနေလေရာ ဘယ်သူမှလည်း ဆရာသခင်ဓားအရှင်က တတိယတောင်ကြားထဲရှိနေလိမ့်မည်ဟု ထင်ကြလိမ့်မည်မဟုတ်ပေ။
ယန်ကျင်းလည်းအစက ဆရာသခင်ဓားအရှင်သည် ထိုကြယ်အပြည့်နှင့်ကောင်းကင်ကြီး၏ နောက်တွင်ရှိနေကာ သက်ရှိအားလုံးကိုကြည့်ရှုနေမည်ဟု ထင်ခဲ့ခြင်း ဖြစ်သည်။
ထိုအခိုက်တွင် ကြယ်ပင်လယ်ထဲရှိ ကြယ်များ အစွမ်းကုန်တောက်ပလာပြီးနောက် တစ်လုံးပြီးတစ်လုံးကြွေကျလာလေရာ မြင်ကွင်းက ကောင်းကင်ကြီးပြိုကျလာသလို ဖြစ်နေပြီး ကောင်းကင်နှင့်မြေပြင်အောက်ရှိ ဆူညံသံများအားလုံး တိတ်ဆိတ်သွားခဲ့၏။
သက်ရှိအားလုံးက ကောင်းကင်သို့သာ မော့ကြည့်နေကာ အမတများနှင့်သာဆုိင်ေသာ ဖြစ်ရပ်ကြီးတစ်ခုကိုမြင်တွေ့နေကြရသလို မျက်လုံးများ ပြူးကျယ်နေခဲ့ကြသည်။
ဓားချီများပြည့်နှက်နေသော အဆုံးမဲ့ကြယ်များကြွေကျလာမှုကြောင့် ကောင်းကင်နှင့်မြေပြင်အောက်ရှိ သစ်ပင်များ မြစ်ချောင်းများ တောတောင်များ အားလုံး ယမ်းခါနေခဲ့ကြ၏။
အတွင်းစည်းဂိုဏ်းထဲရှိ လီယ အဆုံးမဲ့သောကြယ်များကိုကြည့်ကာ ကြိတ်၍ ထိတ်လန့်သွားခဲ့သည်။
ထိုက်ကန်နတ်မင်သက်ဓားသိုင်းက ဤအဆင့်ထိ ရောက်ရှိနိုင်ခြင်းပေလော။
သူခေါင်းကိုလှည့်လိုက်ကာ သူ့ပုခုံးပေါ်ရှိ အမတစိတ်ဝိညဉ်ကိုကြည့်ပြီး မေးလိုက်သည်။
“ကမ္ဘာခြားနတ်မြို့တော်က သူ့စွမ်းအားနဲ့ ဒီဓားကိုခံနိုင်ရည်ရှိလောက်လား”
ခံနိုင်ဖို့လား!
ငါတောင်သူသတ်တာခံရတော့မလို ဖြစ်သွားခဲ့တာကို မင်းကငါ့ကိုလာမေးနေတာလား!
ကမ္ဘာခြားနတ်မြို့တော်အမတစိတ်ဝိညဉ်ကောင်းကင်ပေါ်ရှိ ဓားဆန္ဒကို ခံစားမိကာ ဆရာသခင်ဓားအရှင်ကသူ့သခင်ပဲဟု သိရှိသွားခဲ့၏။
သူပြန်ဖြေလိုက်သည်။
“မသေချာဘူး”
လီယ အလင်းမျက်နှာပြင်ရှိ သူတော်စင်ပိလျူကိုကြည့်ကာ ထိုလူ ဆရာသခင်ဓားအရှင်၏ ဓားတစ်ကွက်ကိုပင် ခံနိုင်ရည်ရှိပါ့မလားဟု တွေးနေခဲ့မိ၏။
….
အဆုံးမဲ့သော ကြယ်ဓားများကိုရင်ဆိုင်ရရာတွင် သူဝောာ်စင်ပိလျူ ဒေါသတကြီးအော်ဟစ်လိုက်ကာ သူ့လက်ထဲရှိ တောင်ဝှေးကိုမြှောက်လိုက်လေသည်။ ထိုအခါ သူ့အဇူရာနဂါးနှစ်ကောင်ထဲတွင် လင်းရှီများပေါက်ကွဲထွက်ပေါ်လာပြီး ကြမ်းတမ်းလှသောမီးတောက်များနှင့်အတူ နဂါးနှစ်ကောင် လေပေါ်သို့ ပျံတက်သွားခဲ့ကြ၏။
နဂါးဟိန်းသံများ ထွက်ပေါ်လာခဲ့ချေပြီ!
မရေတွက်နိုင်သောသူများ အသက်ရှူရပ်တန့်သွားခဲ့ကြသည်။
များပြားလှသော ကြယ်ဓားစီးကြောင်းကြီးများက နဂါးများနှင့် လေထဲတွင် ထိပ်တိုက်တွေ့သွားခဲ့ဧ။။်
ထိုအခါ တောင်စွန်းကြီးများနှယ် ကြီးမားလှသော အဇူရာနဂါးကြီးများသည် လေထဲတွင်ပင် တားဆီးခံလိုက်ကြရသည်။ ထို့နောက် နဂါးကြီးများ၏ ခေါင်းများမှစ၍ တစ်ကိုယ်လုံးပြိုကွဲသွားခဲ့ကာ ကောင်းကင်ပေါ်တွင် လေလိုပျောက်ကွယ်သွားခဲ့၏။
အဇူရာနဂါးနှစ်ကောင် ပျောက်ကွယ်သွားခဲ့သော်လည်း ဓားချီစွမ်းအားမှာ ရပ်တန့်မသွားခဲ့ပေ။
ဓားအလင်းရောင်က သူတော်စင်ပိလျူ၏ မျက်နှာကိုဟပ်နေပြီး သူ့မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ကြယ်ဓားစွမ်းအင်များ လျူထျန်းလေဝဲမြို့တော်တိုက်ပွဲအစီအရင်ထဲ ကျဆင်းသွားသည်နှင့် မျက်စိကျိန်းမတတ်တောက်ပသော အလင်းရောင်များထွက်ပေါ်လာကာ ကောင်းကင်နှင့်မြေပြင်တစ်ခွင်လုံး အရောင်အဆင်းမဲ့သွားပြီး မရေတွက်နိုင်သောသက်ရှိများ မျက်စိကိုမှိတ်ထားလိုက်ကြရသည်။
သူတို့အားလုံး အမြင်အာရုံပျောက်ဆုံးသွားကာ လေတိုးသံများကိုသာ ကြားနေခဲ့ရ၏။
အသက်ရှူကြိမ်များစွာကြာမှ ကျင့်ကြံသူများ ဖြည်းဖြည်းချင်းမျက်လုံးပွင့်လာခဲ့ကြသည်။
သူတို့မျက်လုံးများ ပွင့်လာသောအခါ ကောင်းကင်ထက်ရှိ အလင်းမျက်နှာပြင်ကိုကြည့်ပြီး ရင်ခုန်သံများ မြန်သွားခဲ့ကြ၏။
လျူထျန်းလေဝဲမြို့တော်တိုက်ပွဲအစီအရင်က အကောင်းအတိုင်းကျန်နေသေးသော်လည်း သူ့အောက်ခြေရှိ ရွှေအလင်းရောင်များကတော့ ကြမ်းကြမ်းတမ်းတမ်းလှုပ်ခါနေကာ ပြိုကွဲတော့မလို ဖြစ်နေခဲ့ကြသည်။ သူတော်စင်ပိလျူကတော့ မြေပေါ်ဒူးထောက်နေရပြီး သူ့တောင်ဝှေးက တစ်ခြမ်းသာ ကျန်ရစ်ခဲ့တော့၏။ သူ့ပုံစံမှာလည်း ရှုပ်ပွနေသော ဆံပင်များနှင့် တစ်ကိုယ်လုံးတွင်လည်း သွေးများဖုံးနေကာ အတော်လေးစုတ်ပြတ်နေခဲ့သည်။
သူတော်စင်ပိလျူ တုန်ရီနေပြီး သူ့မျက်လုံးများကသွေးရောင်ထနေခဲ့၏။
ကြယ်ကောင်းကင်ကြီးတဖြည်းဖြည်းပျောက်ကွယ်သွားခြင်းကလည်း တိုက်ပွဲပြီးဆုံးသွားမှန်း အချက်ပြနေခဲ့သည်။
သူတော်စင်ပိလျူရင်ထဲတွင်တော့ အကြောက်တရားများဖြင့် ပြည့်နှက်နေခဲ့ချေပြီ!
ကံကောင်းသည်မှာ သူသည်တိုက်ပွဲကို ထျန်းပန်ပြိုင်ပွဲတွင်းစခဲ့၍ အသတ်မခံခဲ့ရခြင်းဖြစ်ပြီး မဟုတ်လျှင်တော့ သူသေပြီးနေပြီ ဖြစ်သည်။
သူသည် ဆရာသခင်ဓားအရှင်ထံမှ တစ်ကွက်ပင် မခံနိုင်ခဲ့ပေ။
ထို့နောက် သူအံကိုကြိတ်လိုက်ကာ လှည့်၍ ကောင်းကင်ပေါ်ပျံတက်သွားခဲ့ပြီး မိုးကုတ်စက်ဝိုင်းထဲ ပျောက်ကွယ်သွားခဲ့လေသည်။
သူလာခဲ့စဉ်က ခွန်အားအပြည့် တက်ကြွမှုအပြည့်ဖြင့်လာခဲ့ခြင်းဖြစ်ပါသော်လည်း သူ့အပြန်ခရီးမှာတော့ အတော်လေးဆိုးရွားစုတ်ပြတ်လွန်းနေခဲ့၏။
ကောင်းကင်အောက်တွင် ချီးကျူးထောပနာပြုသံများ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
“သန်မာလိုက်တာ! ဒါက ဆရာသခင်ဓားအရှင်ရဲ့ စွမ်းအားလား”
“အဲ့ဒီသူတော်စင်ပိလျူက အစကဒီလောက်မောက်မာပြနေတာ အခုလိုကြီးလုံး၀ရှုံးသွားလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ”
“တကယ်လို့ဂိုဏ်းချုပ်သာ စည်းမျဉ်းတွေမထုတ်ပြန်ထားရင် သူသေမှာလို့ ငါလောင်းရဲတယ်”
“မနောက်ပါနဲ့ ဆရာသခင်ဓားအရှင် လှုပ်ရှားတာနဲ့ ဘယ်သူကအသက်ရှင်နိုင်မှာလဲ”
“ပြောကြတာတော့ လက်ထောက်ဂိုဏ်းချုပ်က ဆရာသခင်ဓားအရှင်လက်ထဲက အသက်ရှင်လျက်လွတ်လာခဲ့ဖူးတယ်ဆို သူကလည်း အမတတစ်ပါးများလား”
အဓိပတိဂိုဏ်းတပည့်များ သူတော်စင်ပိလျူကို ရှုံ့ချကာ ဆရာသခင်ဓားအရှင်ကိုဝိုင်း၀န်းချီးကျူးနေခဲ့ကြသည်။ အခြားဂိုဏ်းမှကျင့်ကြံသူများပင် စိတ်လှုပ်ရှားနေခဲ့ကြပြီး ထျန်းပန်ပြိုင်ပွဲ၀င်ရန် ပြင်ဆင်နေကြသော ကျင့်ကြံသူများကတော့ စိတ်လေးသွားခဲ့ကြ၏။
ဤတိုက်ပွဲပြီးသည့်နောက် သူတို့ဘယ်သူမှ အဆင်အခြင်မဲ့မလုပ်ရဲကြတော့ပေ။ ကောင်းကင်ပေါ်တွင် ထွက်ပေါ်လာခဲ့သော ဓားဆန္ဒကြီးက သူတို့အားလုံး၏ အဆင်အခြင်မဲ့တိုက်ခိုက်လိုစိတ်များကို ရိုက်ထုတ်ပစ်ခဲ့သည်။
အဓိပတိဂိုဏ်း၏ စိတ်ဓာတ်မှာေတာ့ ထိုးတက်သွားပြီး နှစ်သစ်ကူးပွဲကျင်းပနေသလို တစ်ဂိုဏ်းလုံး အော်ဟစ်မြူးတူးနေခဲ့ကြသည်။
ကောင်းကင်ပေါ်ရှိ ဓားဆန္ဒလုံး၀ပျောက်ကွယ်သွားသောအခါမှ လျူထျန်းလေဝဲမြို့တော်တိုက်ပွဲအစီအရင်လည်း ပုံမှန်အခြေအနေသို့ပြန်လည်ရောက်ရှိသွားခဲ့၏။
“ထျန်းပန်ပြိုင်ပွဲရဲ့ ပထမဆုံးပွဲစဉ် ကောင်းကင်ဂိုဏ်းက ကျိုးကျူနဲ့ အဓိပတိဂိုဏ်းက ကုရွှမ်!”
လုပိုင်ထျန်း၏အသံကြီး တစ်ဖန်ထွက်ပေါ်လာခဲ့ပြီး ယခုအကြိမ်တွင်သူ့အသံက လွှမ်းမိုးမှုများဖြင့်ပြည့်နေကာ ဆရာသခင်ဓားအရှင်က သူကိုယ်တိုင်လိုပင် မောက်မာနေခဲ့သည်။
သူ့စကားဆုံးသည့်နောက် ကျိုးကျူနှင့် ကုရွှမ်တို့ တိုက်ပွဲအစီအရင်ထဲ ၀င်လာခဲ့ကြ၏။ ကုရွှမ်၏မျက်နှာမှာ တိုက်ခိုက်လိုစိတ်များဖြင့် တက်ကြွနေသည့်အချိန် ကျိုးကျူမှာတော့ စိတ်ရှုပ်ထွေးနေခဲ့သည်။ သူတို့စကားအနည်းငယ်ဖလှယ်လိုက်ကြပြီး သူတို့ပါးစပ်လှုပ်ပုံအရ ကုရွှမ်သည် ကျိုးကျူကို လှောင်ပြောင်နေပုံ ရသည်။
တတိယတောင်ကြားထဲတွင်
ကုအန်ရပ်ကာ ပြောလိုက်၏။
“မင်းတို့ဆက်ကြည့်နေကြဦး ငါအထဲမှာတစ်ခုခုသွားယူလိုက်ဦးမယ်”
အန်းရှင်းနှင့်ရှောင်ချွမ်တို့ ခေါင်းညိတ်ပြလိုက်ပြီး ယုယင်ယင်ကတော့ ဆရာသခင်ဓားအရှင်ရဲ့ စွမ်းအားကိုမင်သက်နေရာမှ အသိပြန်၀င်မလာသေးပေ။
ယန်ကျင်း ထွက်ခွာသွားသော ကုအန်ပုံရိပ်ကိုကြည့်ကာ တွေးတောနေခဲ့မိသည်။
သူတွေးနေသည်မှာ သူတော်စင်ပိလျူ၏ကံကြမ္မာဘယ်လို ဖြစ်သွားမလဲဆိုတာမဟုတ်ဘဲ အနန္တကြယ်လွှမ်းခြုံဓားသိုင်း၏ ထည်ဝါမှုကို ပြန်လည်တွေးတောနေခဲ့ခြင်း ဖြစ်၏။
သူအရင်ကထင်ခဲ့သည်မှာ ဓားတာအိုတွင် ဓားတစ်လက်တော့လိုမည်ဟု ထင်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် သူ့ဆရာက ဓားတစ်ချောင်းတောင်မထုတ်ခဲ့သလို တစ်လက်မလောက်ပင် ရွေ့မသွားခဲ့ပေ။ ထိုဓားအစီအရင်ကြီးက သူ့ဆရာ၏စိတ်ဆန္ဒသက်သက်ဖြင့် ဖြစ်တည်လာခြင်း ဖြစ်နိုင်ပါသလော။
မယုံနိုင်စရာပဲ!
ယန်ကျင်း သူ့ရင်ဘတ်ထဲကသွေးများပင်ပူနွေးလာသလို ခံစားလိုက်ရ၏။
တစ်နေ့ကျ ငါလည်းအဲ့ဒီလိုနတ်သိုင်းမျိုး ဖန်တီးနိုင်ရမယ်!
…..
သွေးများဖြင့် စိုရွှဲနေသော သူတော်စင်ပိလျူ သူ့နောက်ကို ဆရာသခင်ဓားအရှင်လိုက်လာမည်စိုးသောကြောင့် ကုန်းမြေတိုက်ကြီးပေါ်မှ လျင်မြန်စွာ ပျံသန်းထွက်ခွာလာခဲ့သည်။
တစ်ချိန်တည်းမှာပင် သူ့မျက်လုံးထဲတွင် ဒေါသခိုးများဖြင့် ပြည့်နှက်နေခဲ့၏။
“သေစမ်းကွာ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေက တိကျတဲ့သတင်းမှမရှိဘဲ အဲ့တာကြောင့်ငါ့ကိုအမြှောက်စာ လုပ်ပစ်လိုက်တာ အရှက်မဲ့လိုက်တာ!”
သူတော်စင်ပိလျူမုန်းတီးစွာတွေးနေရင်း ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေကို ကျိန်ဆဲနေခဲ့သည်။
ထို့နောက် သူဆေးတစ်မျိုးထုတ်သောက်လိုက်ပြီး ပျံသန်းသည့်အရှိန်ကို မြှင့်လိုက်၏။
သူကျွန်းတစ်ကျွန်းပေါ်မှ ဖြတ်၍ ပျံသန်းလိုက်စဉ်တွင် သူ့ပုခုံးပေါ်သို့ လက်ကြီးတစ်ဖက် ကျရောက်လာခဲ့လေသည်။ သူ့အမူအရာရုတ်ချည်းပြောင်းလဲသွားပြီး တုန့်ပြန်ရန်အချိန်မရလိုက်ခင်မှာတင် သူတစ်ခါမှမခံစားဖူးသော ဖိအားကြီးတစ်ခုကို ခံစားလိုက်ရပြီး ကျွန်းပေါ်ပြုတ်ကျသွားခဲ့ရ၏။
ဝုန်းး!
ကျွန်းနက်ပိုင်းရှိ တောအုပ်ထဲတွင် ဖုန်များထသွားပြီး ကျွန်းတစ်ခုလုံးတွင်ပင် ငလျင်များလှုပ်ခတ်သွားကာ အနီးရှိပင်လယ်ပြင်တွင်ပင် လှိုင်းများထသွားခဲ့သည်။
ဖုန်များရှင်းလင်းသွားသောအခါ လဲကျနေသော သစ်ပင်များကြားထဲ၌ ချိုင့်ကြီးတစ်ခုပေါ်လာခဲ့၏။
နေရောင်အောက်တွင် သူတော်စင်ပိလျူထိုတွင်းကြီးထဲ၌ ဒူးထောက်ကျနေခဲ့ပြီး သူ့နောက်တွင်လူတစ်ယောက်က သူ့ပုခုံးကိုကိုင်ထားပြီး ရပ်နေခဲ့သည်။ ထိုလူမှာ အစွန်းကိုးပါးယင်ယန်ခန္ဓာကိုအသုံးပြုထားသည့် ကုအန်သာ ဖြစ်၏။
သူတော်စင် ပိလျူ ကြောက်ရွံ့သွားကာ နောက်လှည့်ကြည့်ဖို့ ကြိုးစားလိုက်သည်။
သို့သော် ထိုအခိုက်တွင်သူထမရပ်နိုင်သလို သူ့မူလဝိညဉ်ကလည်း ခန္ဓာကိုယ်ထဲမှထွက်မသွားနိုင်မှန်း သိသွားခဲ့ရ၏။ ယခုအခုိက်တွင် သူသည် ဘာခုခံမှုမှမပြုနိုင်သည့် သာမန်လူတစ်ယောက်လို ဖြစ်သွားခဲ့ရသည်။
သူ့ကြောက်ရွံ့မှုက အထွတ်အထိပ်သို့ရောက်ရှိသွားခဲ့ပြီး သူ့နှလုံးသားတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့၏။
“ဆရာသခင်ဓားအရှင် ကျွန်တော်…” သူတော်စင်ပိလျူ စကားပြောဖို့ကြိုးစားလိုက်သော်လည်း သူ့စကားမဆုံးခင် ကြောက်စရာကောင်းသော နတ်အာရုံကြီးတစ်ခု သူ့ကိုယ်ထဲ၀င်ရောက်လာပြီး သူ့မျက်လုံးများ ငေးကြောင်သွားခဲ့လေသည်။
ပင်လယ်လေညှင်းလေးများက တနွဲ့နွဲ့တိုက်ခတ်နေသောကြောင့် အနီးရှိဖုန်မှုန့်များ ပြိုကွဲသွားပြီး သူတော်စင်ပိလျူ၏ ၀တ်ရုံက လေနှင့်အတူ လွင့်နေခဲ့၏။
ကုအန် ဝိညဉ်ချုပ်သိုင်းကိုသုံးကာ သူတော်စင်ပိလျူ၏မှတ်ညဏ်များကို ရှာဖွေကြည့်နေခဲ့သည်။
မကြာခင်တွင် ကုအန် နတ်အာရုံကိုပြန်သိမ်းလိုက်ပြီး သူ့လက်ထဲ ထိုက်ချင်မီးတောက်ပေါ်ပေါက်လာကာ သူတော်စင်ပိလျူ၏ကိုယ်ကို ဖုံးလွှမ်းသွားခဲ့၏။
သူတော်စင်ပိလျူသည် အသုံးချခံတစ်ယောက်သာဖြစ်သော်လည်း သူ့ကိုရန်စရဲသည့်အတွက် သေသင့်ပေသည်။
အကယ်၍သူသာ သူတော်စင်ပိလျူ၏ပြိုင်ဘက်ဖြစ်မနေပါက ယနေ့တွင်သေဆုံးရသူမှာ သူသာ ဖြစ်နေပေလိမ့်မည်။
သူ့အတိတ်ဘ၀တုန်းက ဆိုရိုးစကားတစ်ခုလည်းရှိ၏။ ထိုဆိုရိုးမှာ မိမိရန်သူကိုခွင့်လွှတ်ခြင်းမှာ မိမိကိုကိုယ်ရက်စက်ခြင်းသာ ဖြစ်သည် ဟူ၍ ဖြစ်သည်။
ကုအန် သူတော်စင်ပိလျူ၏ သိုလှောင်လက်စွပ်ကို ယူလိုက်သော်လည်း သူ့အတွေးများက ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေဆီသာ ရောက်ရှိနေခဲ့၏။
သူတော်စင်ပိလျူနောက်ကွယ်ရှိ အင်အားစုမှာ အမှန်တကယ်ပင် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေဖြစ်နေခဲ့သည်။
သို့သော်လည်း သူတော်စင်ပိလျူ၏ မှတ်ညဏ်များအရ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေမှလူက သူနှင့်တိုက်ရိုက်ဆက်သွယ်ခဲ့ခြင်းမဟုတ်ဘဲ တစ္ဆေတစ်ကောင်ကြားခံဖြင့်သာ ဆက်သွယ်ခဲ့ခြင်း ဖြစ်၏။
သူတော်စင်ပိလျူသာ သဘောတူပါက တာ၀န်ပြီးဆုံးသွားလျှင် တာအိုသင်ခန်းစာများ နားထောင်ရမည့် အခွင့်အရေးပေးမည်ဟူသည့် သဘောတူညီချက်ဖြင့် ခိုင်းစေခဲ့ခြင်းဖြစ်သည်။
တာအိုသင်ခန်းစာက ဘာလဲဆိုတာ သူတော်စင်ပိလျူ၏မှတ်ညဏ်ထဲတွင် အတိအကျဖော်ပြမထားသော်လည်း သူစိတ်လှုပ်ရှားသွားပုံအရ သာမန်အရာတော့မဟုတ်နိုင်ပေ။
ထိုအရာသည် ကောင်းကင်ဈာန်အမတတစ်ပါး၏ သင်ခန်းစာများဟောပြောမှုပေလော။
သို့မဟုတ် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေတွင် အပူအပင်မဲ့ကမ္ဘာဦးအမတတစ်ပါး ရှိနေခြင်းပေလော။
ကုအန် အတွေးနွံနစ်နေခဲ့သည်။ ဤကိစ္စပြီးသည့်နောက်တွင်တော့ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေသည် သူ့ကိုဦးတည်၍ ပစ်မှတ်ထားတိုက်ခိုက်တော့မှာ သေချာပေသည်။
ထို့ကြောင့် သူ့အတွက် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေ၏ အတိမ်အနက်ကိုသိဖို့ မဖြစ်မနေလိုအပ်နေခဲ့၏။
အကယ်၍ အပူအပင်မဲ့ကမ္ဘာဦးအမတ ရှိမနေလျှင်တော့ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေသည် မုချ သုတ်သင်ခံရပေလိမ့်မည်။
ကုအန်နှလုံးသားထဲ သတ်ဖြတ်ခြင်းဆန္ဒများ တိုးပွားလာခဲ့လေသည်။ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေကို အမြစ်မဖြတ်နိုင်သေးသရွေ့ သူအေးအေးချမ်းချမ်း နေရတော့မည် မဟုတ်ပေ။