အခန်း (၂၄၇-၂၄၈)
Vol. 19 Ch. 247-248
အပိုင်း(၂၄၇)
ကောင်းကင်ဈာန်အမတ အဲ့တာက အရမ်းအစွမ်းထက်လား
ထပ်ဖြစ်ပြန်ပြီ!
ကျိုးတောင်းယူအံကိုကြိတ်လိုက်မိသည်။ သူသာမန်အစေခံတပည့်လေးတစ်ယောက်ကိုပင် မနိုင်ခြင်းကို သူမယုံနိုင်ခဲ့ပေ။
ပြောကြသည်မှာ ဤနှစ်များအတွင်း အဓိပတိဂိုဏ်း၏ ချီကံကြမ္မာက ထိုးတက်နေသည်ဟု ပြောကြသည်။ သို့သော်လည်း ချီကံကြမ္မာက ကောင်းကင်ကိုပင်ဖီဆန်ပြီး သာမန်အတိုင်းရွေးချယ်လိုက်သည့် အစေခံလေးတစ်ယောက်ကသူ့ကိုအနိုင်ယူနေနိုင်မည်လို့တော့ သူမယုံနိုင်ပေ။
ဟာသပဲ!
သူသည်ကျိုးမိသားစု၏ နံပါတ်၁ ပါရမီရှင် ဖြစ်၏။
ထိုစဉ် ယန်ကျင်းက သူ့ကိုလက်ယမ်းပြလိုက်ရာ ထိုအပြုအမူက သူ့ကိုပို၍ပင်ဒေါသထွက်သွားစေခဲ့သည်။
ထို့နောက် သူတို့နှစ်ယောက် လုံးထွေးသွားခဲ့ကြပြန်သည်။ ကျိုးတောင်းယူ၏ အပြင်ခန္ဓာက သန်မာမှန်း ကုအန်မြင်နိုင်သော်လည်း ကံဆိုးသည်မှာ သူကယန်ကျင်းနှင့် သွားတွေ့ခဲ့ခြင်းဖြစ်၏။ ယန်ကျင်း၏ ခန္ဓာက ရှေးဟောင်းရတနာခန္ဓာနှင့်ပင် ယှဉ်နိုင်သောခန္ဓာဖြစ်ပြီး အမတရှာဖွေတာအိုပညာရှင်၏ ပြောစကားအရ ထိုခန္ဓာရှင်မျိုးသည် တဖြည်းဖြည်းကြီးထွားလာသည်နှင့် တစ်ချိန်တွင် ထိုခေတ်၏ အမတဘုရင်ဖြစ်လာပေလိမ့်မည်။
ကျိုးတောင်းယူ၏ ပါရမီက ဘယ်လောက်ကောင်းကောင်း ထိုအရာက အမတလမ်းစဉ်အဆင့်အောက်တွင်သာ ဖြစ်၏။ လွန်ခဲ့သော နှစ်နှစ်ရာက ဤကုန်းမြေတိုက်ကြီးတွင် မဟာယနအဆင့်၏ ဒဏ္ဍာရီပင်မရှိဘဲ ဆန်းကြယ်နှလုံးသားအဆင့်များကိုတောင် လူအချို့သာ တွေ့ဖူးကြခြင်း ဖြစ်သည်။
ထိုခေတ်က ကျော်ကြားခဲ့သော ကျိုးတောင်းယူ၏ မိစ္ဆာဖိနှိပ်ရွှေခန္ဓာက ယန်ကျင်း၏ ခန္ဓာနှင့်ယှဉ်ပါက မိုးနှင့်မြေပမာ ကွာခြားလှ၏။
သူတို့ ခန္ဓာကိုယ်များအချင်းချင်းတိုက်မိသွားကြပြီး လက်သီးများ ခြေကန်ချက်များ ဆုံသွားကာ သူတို့တိုက်ကွက်များက လေပြင်းတိုက်နေသည့်နှယ် မြန်ဆန်၍ ကြမ်းတမ်းနေခဲ့သည်။
သွေးအကျဉ်းထောင်မဟာသူတော်စင်လည်း တိုက်ပွဲ၏ တိုက်ပွဲ၏ဆွဲဆောင်ခြင်းကိုခံလိုက်ရပြီး တောအုပ်အစပ်မှနေ၍ တိုက်ပွဲဆီသို့ ချဉ်းကပ်လာခဲ့၏။
နောက်ဆုံးတွင် ကျိုးတောင်းယူက မတော်တဆစိတ်ဝိညဉ်စွမ်းအားကို ထုတ်သုံးမိသွားပြီး ယန်ကျင်းကိုအားဖြင့်နောက်သို့ တွန်းထုတ်မိသွားခဲ့သည်။
ယန်ကျင်း ကိုယ်ကိုတည်ငြိမ်အောင်ထိန်းလိုက်ပြီးသည့်နောက် ကျိုးတောင်းယူကို မျက်မှောင်ကြုံ့၍ကြည့်လိုက်၏။
သူ့အကြည့်ကိုရင်ဆိုင်ရသောအခါ ကျိုးတောင်းယူမျက်နှာ ချက်ချင်းနီရဲသွားပြီး ပြောလိုက်သည်။
“ငါအရှုံးကို၀န်ခံတယ်!”
ထိုစကားကြောင့် ယန်ကျင်း မျက်ခုံးများရုတ်ချည်း ပြေလျော့သွားခဲ့၏။ ဤတိုက်ပွဲက သူသူ့ဆရာ၏လမ်းပြမှုအောက်တွင် အမတလမ်းစဉ်ကိုလျှောက်လှမ်းပြီးနောက် ပထမဆုံးပညာဖလှယ်ခြင်း ဖြစ်ပေသည်။ ထို့ကြောင့် အကယ်၍ သူရှုံးသွားပါက သူ့ဆရာစိတ်ပျက်သွားပေလိမ့်မည်။
ကုအန် ရယ်မောကာပြောလိုက်၏။
“ဒီကလေးမှာ သားရဲတစ်ကောင်လို ခွန်အားမျိုးရှိတယ် ဒါပေမယ့် ကျင့်ကြံသူတစ်ယောက်က ဘယ်လိုလုပ် စိတ်ဝိညဉ်စွမ်းအားမသုံးဘဲ ချီသက်သက်ကိုမှီခိုနိုင်မှာလဲ အခုက စိတ်ဝိညဉ်စွမ်းအားမသုံးရလို့ သူ့အတွက်အသာစီးရသွားတာပါ ဒီတိုက်ပွဲက ရှုံးရှုံးနိုင်နိုင်ကိစ္စမရှိဘူး ကျင်းအာ စီနီယာ့ကို လမ်းညွှန်ပေးမှုအတွက် ကျေးဇူးမတင်သေးဘူးလား”
ယန်ကျင်းလည်း အမြန်လက်သီးဆုပ်ကာ ဂါရ၀ပြုလိုက်ပြီး သူ့ကျေးဇူးတင်မှုကို လေးလေးစာစား ပြသလိုက်၏။
သူပိုပြီး လေးစားပြနေလေလေ ကျိုးတောင်းယူကတော့
ပိုအမူအရာပျက်လာလေလေပင်။
ထိုစဉ် ကျိုးတောင်းယူ ခပ်လှမ်းလှမ်းမှ သူတို့ကိုချောင်းကြည့်နေသော နွားရိုင်းတစ်ကောင်ကို တွေ့သွားပြီး ပြောလိုက်သည်။
“အဲ့တာက မင်းနွားသိုးလား”
ကုအန်တွေးလိုက်မိ၏။
“မင်းက နွားသိုးတစ်ကောင်နဲ့ပညာဖလှယ်ချင်နေတာတော့ မဟုတ်ဘူးမလား”
“ဟုတ်ပါတယ် အစ်ကိုသူ့အသွင်အပြင်ကိုဘယ်လိုမြင်လဲ” ကုအန် ဂုဏ်ယူနေဟန်ဖြင့် ပြောလိုက်ပြီး ကျိုးတောင်းယူ၏ရှုံးနိမ့်မှုကို ကျော်ချလိုက်ကာ သူ့ကိုမျက်နှာသာပေးလိုက်လေသည်။
ကျိုးတောင်းယူ နှုတ်ခမ်းဆူသွားပြီး ဝေဖန်လိုက်၏။
“သူ့အသွင်အပြင်က လက်ခံလောက်စရာရှိပေမယ့် သူ့ပုံစံကတော့ နည်းနည်းအူကြောင်ကြောင်နိုင်နေတယ်”
ခပ်လှမ်းလှမ်းရှိ သွေးအကျဉ်းထောင်မဟာသူတော်စင် ကျိန်ဆဲမိတော့မလို့ပင်ဖြစ်သွားသော်လည်း ကုအန်၏ အကြည့်တစ်ချက်ကြောင့် ပါးစပ်ပိတ်ထားခဲ့လိုက်ရသည်။
ထို့နောက် ကုအန်ကျိုးတောင်းယူအား စကားစမြည်ပြောဖို့ တောင်ကြားထဲဖိတ်ခဲ့သော်လည်း ကျိုးတောင်းယူက လုပ်စရာတွေရှိသေးသည်ဟု ပြောကာ ငြင်းဆန်ပြီး ပြန်သွားခဲ့၏။
ကုအန်လည်း အတင်းဆွဲထားမနေဘဲ သူထွက်ခွာသွားသည်ကို ကြည့်ရှုနေခဲ့သည်။
ယန်ကျင်းခေါင်းကုတ်ကာ မေးလိုက်၏။
“ဆရာ ကျွန်တော်သူ့ကိုအပြစ်ပြုမိသွားတာလား”
ကုအန် ကျိုးတောင်းယူ နောက်ကျောကိုကြည့်နေရင်း ပြောလိုက်သည်။
“အဲ့တာက အဆင်ပြေပါတယ် သူ့ကိုစောစောစီးစီး တစ်တောင်ထက်မြင့်တဲ့နောက်တစ်တောင်ရှိတယ်ဆိုတာ ပြလိုက်ရတာ ကောင်းတဲ့အရာပါပဲ”
ကုအန် ကျိုးတောင်းယူအပေါ်အမြင်ကောင်းရှိနေဆဲဖြစ်၏။
ထိုကောင်၏ အပြုအမူများက တဇွတ်ထိုးဆန်းသော်လည်း သာမန်ကျင့်ကြံသူလေးများကိုပင် လမ်းပြပေးတတ်မှုက သူ့တွင်ကြင်နာတတ်သောနှလုံးသားရှိမှန်း ဖော်ပြနေခဲ့သည်။
သူနှင့်ကျိုးမိသားစုကြား ပဋိပက္ခက ဖုံးကွယ်ထားသောအရာဖြစ်ပြီး သူနှင့်ကျိုးတောင်းယူကြားဆက်ဆံရေးကို မထိခိုက်စေနိုင်ပေ။
“ဆရာ ခုနကကျွန်တော့်တိုက်ပွဲမှာ ပြဿနာတစ်ခုခုရှိတယ်လို့ ထင်လား” ယန်ကျင်း နှိမ့်ချစွာ အကြံညဏ်တောင်းခံလိုက်၏။
ကုအန်လည်း မညှာမတာစတင်ဝေဖန်ပေးလေတော့သည်။
ထိုစဉ် သွေးအကျဉ်းထောင်မဟာသူတော်စင် သနားစရာမျက်နှာဘေးလေးဖြင့် ကုအန်အနားချဉ်းကပ်လာခဲ့၏။
ကုအန်က သူ့ခေါင်းကိုပုတ်ပေးလိုက်မှသာ သူ့ခံစားချက်ပြန်ကောင်းသွားခဲ့ရသည်။
“သူကသေမျိုးလေးတစ်ယောက်ပဲကို မင်းကဘာတွေရေးကြီးခွင်ကျယ်လုပ်နေတာလဲ” ကုအန်စကားက သွေးအကျဉ်းထောင်မဟာသူတော်စင်နှုတ်ခမ်းရှိ အပြုံးကို ပိုမိုကြီးမားလာစေခဲ့၏။
….
ကျူးရှန်ဂိုဏ်းသည် ထိုက်ကန်မင်းဆက်မှ လမ်းမှန်ဂိုဏ်းတစ်ခုဖြစ်ပေသည်။ လွန်ခဲ့သော မိစ္ဆာကပ်ဘေးတွင်သူတို့က အားကုန်ထုတ်တိုက်ခိုက်ခဲ့ပြီ းအဓိပတိဂိုဏ်းနှင့် ကောင်းမွန်သောဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့သည်။ ဤတစ်ခေါက်တွင် ကျူးရှန်ဂိုဏ်းမှ ပါရမီရှင်များက အဓိပတိဂိုဏ်းတပည့်များနှင့် ပညာဖလှယ်ရန် ရောက်လာကြသောကြောင့် ထိုကိစ္စက ဂိုဏ်းထဲတွင် အုံးအုံးကျက်ကျက်ဖြစ်နေခဲ့၏။
ဖန်းအန်၏ ကြည်ညိုဖွယ်အဓိပတိအမတက အဓိပတိဂိုဏ်းထဲတွင် အလွန်နာမည်ကြီးသောစာအုပ်ဖြစ်သည်။ ထိုစာအုပ်ထဲမှ ကျိုးတောင်းယူက ကျူးရှန်ဂိုဏ်းမှ ကျိုးတောင်းယူဖြစ်မှန်းလည်း လူတိုင်းသိကြ၏။ ထို့ကြောင့် လူတိုင်း၏ ကျိုးတောင်းယူ၏ အစွမ်းအစအပေါ် အာရုံစိုက်နေခဲ့ကြသည်။
ကျိုးတောင်းယူသည် အဓိပတိဂိုဏ်းတပည့်များကို သိမ်းကျုံး၍ အနိုင်ယူခဲ့ပြီး ဝူကျဲနှင့်မတွေ့ခင်အထိ လွန်ခဲ့သော ရာစုနှစ်က ပါရမီရှင်ဟူသော ဂုဏ်ပုဒ်ကို ပြသနေခဲ့၏။
သူတို့နှစ်ယောက်တိုက်ပွဲတွင်တော့ ကျင့်ကြံခြင်းကို ဖိနှိပ်မထားဘဲ နတ်သိုင်းများသက်သက်ဖြင့်သာ ယှဉ်ပြိုင်ခဲ့ပြီး ကျိုးတောင်းယူက ဝူကျဲကိုအနိုင်မယူနိုင်ခဲ့ရာ ဝူကျဲ၏ ပါရမီရှင်ဟူသော ဂုဏ်သတင်းက ပိုမိုခိုင်မာလာခဲ့သည်။
ဝူကျဲသည် အန်းဟောင်ပြီးသည့်နောက် အဓိပတိဂိုဏ်းကပျိုးထောင်ပေးခဲ့သော ပါရမီရှင်တစ်ဉ္ီးဖြစ်ပြီး သူ့ကျင့်ကြံခြင်းအလျင်ကလည်း အလွန်မြန်၏။ ယခုလို ကျိုးတောင်းယူကို အနိုင်ယူပြီးနောက်တွင်တော့ ဂိုဏ်းတပည့်များက သူ့အပေါ်ပို၍ပင် မျှော်လင့်လာခဲ့ကြသည်။
လပြည့်ညတွင်
ကုအန်နှင့် လုပိုင်ထျန်းတို့ အခန်းထဲတွင်သောက်နေခဲ့ကြ၏။
“ဝူကျဲကမင်းကို သူ့တစ်ဦးတည်းသော ညီကိုအဖြစ်မြင်တယ် လီယက မင်းကို သူ့ရဲ့အရေးအကြီးဆုံး လူတစ်ယောက်အဖြစ်မြင်တယ် ကျန်းပုကူကလည်း မင်းကို သူ့ရဲ့တစ်ဦးတည်းသောအကြီးတစ်ယောက်အဖြစ်မြင်တယ် နောက်ပြီး အန်းဟောင်ညီမလေးကလည်း မင်းတပည့်ပဲ ကျိရှောင်ယုနဲ့လည်းမင်းကအတူတူကြီးပြင်းလာခဲ့တာ ကုကျုံးသား ကုယူနဲ့တောင်မင်းက ဆက်ဆံရေးကောင်းရှိနေသေးတယ် ခွေးကောင်လေး ဒါတောင်မင်းကမင်းမှာနောက်တက်မယ့်ဂိုဏ်းချုပ်ဖြစ်ဖို့ ရည်မှန်းချက်မရှိဘူးလို့ ပြောချင်သေးလား”
လုပိုင်ထျန်း ကုအန်ကိုကြည့်ကာ ပြောလိုက်သည်။
ပါရမီရှင်များနှင့် စစ်မှန်သောဆက်ဆံရေးများ တည်ဆောက်ထားနိုင်သည့် ကုအန်ကို သူအမှန်တကယ်ပင် အတော်လေး အထင်ကြီးမိ၏။
ဒါပေါ့ ထိုအရာကဘာကြောင့်လဲဆိုတာလည်း သူနားလည်ပေသည်။ ကုအန်၏ စစ်မှန်သောပင်ကိုယ်စရိုက်ကြောင့် ထိုကဲ့သို့သော ဆက်ဆံရေးများကို တည်ဆောက်ထားနိုင်ခြင်း ဖြစ်၏။ ထိုအရာကြောင့်လည်း သူကုအန်ကို အထင်ကြီးမိခြင်း ဖြစ်သည်။ လူတိုင်းကို ထိုကဲ့သို့ စစ်မှန်စွာဆက်ဆံရန် မလွယ်လှပေ။
သူပင် တပည့်တိုင်းကို အညီအမျှပဲဆက်ဆံရမည်ဟု သူ့ကိုယ်သူမည်မျှ သတိပေးနေပါစေ သူ့ဘေးမှဖြတ်သွားသော သာမန်တပည့်တစ်ယောက်ကိုတော့ ဂရုစိုက်နေနိုင်မည် မဟုတ်ပေ။
ကုအန်ရယ်မောကာ ပြောလိုက်၏။
“ကောင်းကင်က ကျွန်တော့်အပေါ်ကြင်နာလို့ပါ ကျွန်တော်တကယ်ပဲ ဂိုဏ်းချုပ်မဖြစ်ချင်တာပါ အခုခေတ်မှာ အဓိပတိဂိုဏ်းထဲ ပါရမီရှင်တွေအဲ့လောက်ပေါနေတာ ဂိုဏ်းချုပ်နေရာပေးဖို့က အဲ့လောက်လူရှားနေလို့လား”
“ပါရမီရှင်တွေဘယ်လောက်များများ ငါတို့ကအဆင်အခြင်မဲ့ရွေးလိုက်လို့မဖြစ်ဘူး ဂိုဏ်းချုပ်ဆိုတာ ဂိုဏ်းတစ်ခုလုံးကို ကွပ်ကဲနိုင်ရမယ်”
“ကျွန်တော့်လက်ရှိကျင့်ကြံခြင်းက ဂိုဏ်းကိုကွပ်ကဲနိုင်မယ့်ပုံ ပေါ်နေလို့လား”
“ငါမသေခင် မင်းကိုငါ့ကျင့်ကြံခြင်းတွေလွှဲပေးခဲ့မှာ အဲ့ဒီအခါကျ မင်းကဆန်းကြယ်နှလုံးသားအဆင့်ကို တ်ုက်ရိုက်အောင်မြင်အောင်လုပ်လို့ရတယ်”
“ဂိုဏ်းချုပ်သေတဲ့အချိန်ဆို ကျွန်တော်က ဆယ်ခါလောက်ပြန်၀င်စားပြီးနေလောက်ပြီ”
“အို့ အဲ့တော့မင်းက စိတ်ပါလာပြီလား ငါ့ကျင့်ကြံခြင်းကိုမင်းဆီ ပိုစောစောလွှဲပေးစေချင်တာလား”
သူတို့နှစ်ယောက်စတင်ငြင်းခုန်ခဲ့ကြပြီး တကယ်တော့ ကုအန်က သူ့ကျင့်ကြံခြင်းကို အမှန်တကယ် စိတ်မ၀င်စားခြင်းဖြစ်သည်။
ကျန်ေတာ့်လို အပူအပင်မဲ့ကမ္ဘာဦးအမတတစ်ပါးက ခင်ဗျားတစ်သားတည်းဖြစ်ခြင်းအဆင့် ကျင့်ကြံခြင်းကို လိုမလားဗျ!
ကျွန်တော့်အသက်ရှူသံတစ်ချက်စာ စိတ်ဝိညဉ်စွမ်းအင်ပမာဏကတောင် ခင်ဗျားကျင့်ကြံခြင်းတစ်ခုလုံးစာ စိတ်ဝိညဉ်စွမ်းအင်ပမာဏထက် များတယ်ဗျ!
ထိုညတွင် လုပိုင်ထျန်း တောင်ကြားမှ ထွက်သွားပြီးသည့်နောက် ကုအန်လည်း တိတ်တဆိတ်ထွက်သွားခဲ့၏။
နောက်ဆုံးတွင် ယန်ချီထျန်း ရောက်ရှိလာခဲ့ချေပြီ!
ညဉ့်ကောင်းကင်အောက်တွင် တိမ်စိုင်ကိုစီးနင်းလာသော ယန်ချီထျန်း အမတတစ်ပါးနှယ် လမင်းကြီးရှေ့မှ ဖြတ်သန်း၍ ပျံသန်းလာခဲ့သည်။
သူဆရာသခင်ဓားအရှင်ကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ စဉ်းစားနေခဲ့ခြင်းဖြစ်၏။ သူသည် ဆရာသခင်ဓားအရှင်အတွက် အလုပ်လုပ်ပေးနေခြင်းဖြစ်သော်လည်း ဆရာသခင်ဓားအရှင်နှင့် ရင်ဆိုင်ရခြင်းက ဖိအားများလွန်းလှသည်။
ထိုအခိုက်တွင် လက်ကြီးတစ်ဖက် ယန်ချီထျန်း ပုခုံးပေါ်ကျလာခဲ့ပြီး ယန်ချီထျန်း နှလုံးခုန်ပင် ရပ်သွားခဲ့၏။
ထို့နောက် ဝုန်းကနဲအသံကြီးနှင့်အတူ သူ့အောက်ရှိတိမ်၏စိုင် ပြိုကွဲသွားပြီး သူတောအုပ်ထဲပြုတ်ကျသွားခဲ့ရသည်။ မြေပြင်ကို ခြေထောက်နှင့်ထိမိသောအခါတွင်မူ သူ့နှလုံးက လည်ပင်းသို့ရောက်သွားသလိုပင် ခံစားသွားခဲ့ရ၏။
သူ့လင်းရှီများက ချုပ်နှောင်ခံထားရပြီး သူမြေပြင်ပေါ်တွင် လှုပ်ပင် မရတော့ပေ။
ကြောက်စရာကောင်းလိုက်တဲ့ ဖိနှိပ်မှု!
ပထမဆုံးအကြိမ်အနေနှင့် သူထိုကဲ့သို့သောဖိအားကိုခံစားလိုက်ရခြင်းဖြစ်ပြီး သူ့နှလုံးသားထဲ အကြောက်တရားများ ကြီးထွားလာခဲ့သည်။
ကံကောင်းစွာဖြင့် သူ့ပုခုံးပေါ်မှလက်ကြီးက သူ့ကိုလွှတ်ပေးခဲ့ပြီး သူလည်း အမြန်ပင် နောက်ပြန်လှည့်ကြည့်ကာ ချက်ချင်း ဦးညွှတ်၍ အရိုအသေပေးလိုက်၏။
“စီနီယာ ဒါကနည်းနည်းလေးတော့…” ယန်ချီထျန်း မပြောဘဲမနေနိုင်ခဲ့ဘဲ သူ့ကိုယ်သူစိတ်အေးသွားအောင် ကြိုးစားလုပ်နေခဲ့သည်။
သူရုတ်တရက် ကြယ်ပင်လယ်အဖွဲ့အစည်းက တပည့်တစ်ယောက်ရေးထားသည့် ဆရာသခင်ဓားအရှင်အကြောင်းစာအုပ်ကို တွေးမိသွားခဲ့သည်။ ထိုထဲတွင် ဆရာသခင်ဓားအရှင်ကတစ်ယောက်ယောက်ကို သတ်တော့မည်ဆိုလျှင် ထိုလူ့ပုခုံးပေါ်လက်တင်၍ နောက်မှပေါ်လာတတ်သည်ဟု ဆိုထားခဲ့၏။
နေပါဦး!
ဆရာသခင်ဓားအရှင်က ငါ့ကိုသတ်ဖို့ စီစဉ်ထားတာများ ဖြစ်နိုင်လောက်လား!
သူ့အား အသုံးပြုပြီးနောက် လက်စဖျောက်ပစ်ခြင်းပေလော!
ယန်ချီထျနအမူအရာရုတ်ချည်းပြောင်းလဲသွားကာ တုန်ရီလာပြီး သူ့တွင် ထျန်းပန်ပြိုင်ပွဲအဆင့် ၂ အချုပ်အနှောင်မဲ့အမတတစ်ပါး၏ အမူအရာမျိုးလုံး၀ ရှိမနေတော့ပေ။
သူ့အားအလွယ်တကူဖိနှိပ်ထားနိုင်သော ဆရာသခင်ဓားအရှင်ရှေ့တွင် သူမည်သို့ မကြောက်ဘဲနေနိုင်မည်နည်း။
ကုအန်ပြောလိုက်သည်။
“အဲ့တာဘယ်မှာလဲ”
ယန်ချီထျန်း သူ့သိုလှောင်အိတ်ထဲမှ စာလိပ်တစ်လိပ်ကိုအမြန်ထုတ်လိုက်ပြီး လက်နှစ်ဖက်ဖြင့် ရိုရိုသေသေကမ်းပေးကာ ပြောလိုက်သည်။
“ဒါက ကျွန်တော့်မိသားစုနဲ့ ကျွန်တော့်ဆရာ စုဆောင်းထားတဲ့အချက်အလက်တွေပါ အကုန်လုံးတော့ ရှင်းရှင်းလင်းလင်းမပါပေမယ့် ဒါကိုဖတ်လိုက်ရင် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေရဲ့ အင်အားကိုအကြမ်းဖျင်းတော့ သိသွားမှာပါ”
ကုအန် လက်ဟန်တစ်ခုပြုလိုက်ကာ စာလိပ်ကိုဆွဲယူလိုက်၏။ ထို့နောက် သူ့နတ်အာရုံက စာလိပ်ထဲဖောက်၀င်သွားပြီး စည်းများအားလုံးကို ဖျက်ဆီးပစ်လိုက်လေသည်။
ယန်ချီထျန်းကြောက်ရွံ့စွာ ဘေးတွင်ရပ်စောင့်နေရင်း ဆရာသခင်ဓားအရှင်ရုတ်တရက်သူ့ကိုသတ်ဖို့ ဆုံးဖြတ်လိုက်မှာကို ကြောက်ရွံ့နေခဲ့၏။
သူထွက်လည်းမပြေးရဲပေ။ ထိုအရာက အသုံးလည်းမ၀င်နိုင်ပေ။ ထို့ကြောင့် သူဆရာသခင်ဓားအရှင်ဆီက အမြင်ကောင်းရဖို့အတွက် ကြိုးစား၍သာ စောင့်ဆိုင်းနေခဲ့သည်။
တခဏကြာသောအခါ ကုအန်သူ့ကိုကြည့်လိုက်ပြီး ပြောလိုက်၏။
“မင်းကောင်းကောင်းလုပ်ခဲ့တယ် ငါတို့အပေးအယူက မပေါက်ကြားသွားဘူးမဟုတ်လား”
ယန်ချီထျန်းအမြန်ပြန်ဖြေလိုက်သည်။
“ကျွန်တော့်ဆရာပဲသိတာပါ ကျွန်တော့်ဆရာကိုတော့ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေနဲ့ ရန်ငြှိုးရှိတဲ့စီနီယာတစ်ယောက်က အချက်အလက်တွေလိုချင်တာလို့ပဲ ပြောခဲ့တာပါ ဆရာကလည်းဘာမှထပ်မမေးခဲ့ပါဘူး အဲ့တာကြောင့် ဒီကိစ္စကိုကျွန်တော်ပဲသိတယ်လို့ ပြောလို့ရပါတယ်”
ကုအန်ခေါင်းညိတ်ပြလိုက်၏။
ယန်ချီထျန်းဆက်ပြောလိုက်သည်။
“စီနီယာ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေနဲ့ ရင်ဆိုင်ဖို့ကိစ္စကို အလောတကြီးလုပ်လို့တော့မရနိုင်ဘူး တကယ်လို့ စီနီယာသာ သူတို့ကိုတိုက်ခိုက်ဖို့ဆန္ဒရှိရင် ဘာလို့ကျွန်တော်တို့ ကြယ်ပင်လယ်အဖွဲ့အစည်းနဲ့မပူးပေါင်းတာလဲ ကျွန်တော်ရထားတဲ့ သတင်းအရဆိုရင် ကြယ်တစ်လုံး ဂူသခင်က လွန်ခဲ့တဲ့ နှစ်ငါးသောင်းကတည်းက ကောင်းကင်ဈာန်အမတအဆင့်ကို အောင်မြင်ထားတဲ့ အမတတစ်ပါးတဲ့ ကျွန်တော်တို့ဂိုဏ်းချုပ်တောင် သူ့ကိုအနိုင်ယူနိုင်ဖို့ ယုံကြည်မှုမရှိဘူး”
“ကောင်းကင်ဈာန်အမတ သူတို့က သန်မာလား”
ကုအန်မေးခွန်းက ယန်ချီထျန်းကို ပြောစရာစကားမဲ့သွားစေခဲ့သည်။
သူတို့က သန်မာလား!
ယန်ချီထျန်း ရုတ်တရက်တစ်ခုခုကို သဘောပေါက်သွားခဲ့၏။
တစ်ဖက်လူသည် ကောင်းကင်ဈာန်အမတအဆင့်ကို သိရှိမထားခြင်းပေလော သို့တည်းမဟုတ် မည်သည့်ကောင်းကင်ဈာန်အမတအဆင့်ကိုမှ မကြောက်ခြင်းပေလော။
သူ့အကြည့်များ ရုတ်တရက်ပြောင်းလဲသွားပြီး ကုအန်ရှေ့တွင် ဒူးပဲထောက်ချင်လာသလို ခံစားသွားခဲ့ရသည်။
“မင်းကောင်းကောင်းလုပ်ခဲ့တယ် ဒီညကိစ္စကို မင်းဘယ်သူ့ကိုမှပြောလို့မရဘူး တကယ်လို့ပြောခဲ့ရင် မင်းဘယ်နေရာမှာပဲပုန်းပုန်း ငါမင်းကိုလိုက်ရှာပြီးသတ်ပစ်မယ် ဘယ်သူမှငါ့ကိုတားနိုင်မှာမဟုတ်ဘူး”
ကုအန်ရုတ်တရက်ပြောလိုက်ရာ ကြောက်လန့်နေသော ယန်ချီထျန်း ကတိတွေအထပ်ထပ်ပေးလေတော့သည်။
ပြောပြီးသည့်နောက် ကုအန် ယန်ချီထျန်းရှေ့ရောက်လာပြီ့း သူ့နှဖူးကို လက်ချောင်းနှစ်ချောင်းဖြင့် ထောက်လိုက်ရာ ယန်ချီထျန်းတောင့်တင်းသွားပြီး သူ့မျက်လုံးများက ဗလာဖြစ်သွားခဲ့၏။
….
ခပ်မှိန်မှိန်လသာနေသော ခြံ၀န်းတစ်ခုထဲတွင်
ကျိရှောင်ယု သူ့အိမ်ထဲတွင် တရားထိုင်နေရင်း ကျင့်ကြံနေခဲ့သည်။
ထိုစဉ် သူ့ခြံ၀န်းထဲသို့ သက်လတ်ပိုင်းအရွယ် ၀တ်ရုံပွကြီးကို၀တ်ဆင်ထားသော မျက်နှာထားတပ်တည်တည်နှင့်လူတစ်ယောက် ၀င်လာခဲ့၏။
သူအိမ်ရှေ့တွင်ရပ်လိုက်ပြီး ကျိရှောင်ယုကိုကြည့်ကာ သက်ပြင်းချ၍ ပြောလိုက်သည်။
“ရှောင်ယု သမီးစိတ်ကိုမပြင်ဆင်ရသေးဘူးလား”
ကျိရှောင်ယု မတုန့်ပြန်ခဲ့ပေ။
“ကမ္ဘာဦးတာအိုအဆောင်က တကယ်ပဲ သာမန်မဟုတ်ပါဘူး ဒါပေမယ့်ငါတို့ကျိမိသားစုကအဲ့တာကို မကာကွယ်ပေးထားနိုင်ဘူး နောက်ပြီး အခုကျိမိသားစုက ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေနဲ့ မဟာမိတ်ဖွဲ့လိုက်ပြီ အဖေတို့သူတို့ကို ယုံကြည်ဖို့ပဲ ရွေးချယ်စရာရှ်ိတော့တယ်” သက်လတ်ပိုင်းလူ လေးလေးနက်နက်ပြောလိုက်သည်။
ထိုစဉ် ကျိရှောင်ယုမျက်လုံးပွင့်လာပြီး သူ့ကိုကြည့်လိုက်ရာ သူမမျက်လုံးများက သူ့ကိုမလွယ်ကူဘူးဟု ခံစားသွားရစေခဲ့၏။
အပိုင်း(၂၄၈)
အနာဂတ်ကိုကြိုမြင်နိုင်သော ကောင်းကင်မျက်လုံး
ကျိချင်ကွမ်း ကျိရှောင်ယု၏အကြည့်ကြောင့် မလွယ်ကူသလိုခံစားလိုက်ရသည်။ ဘာကြောင့်မှန်းသေချာမသိသော်လည်း သူသူ့သမီးကိုဖောက်ထွင်းမမြင်နိုင်ဘူးဟု ခံစားနေခဲ့ရသည်။ သူ့ကျင့်ကြံခြင်းက သူ့သမီးထက်ပိုမြင့်ပါသော်လည်း အန္တရာယ်အငွေ့အသက်ကို သူခံစားနေခဲ့ရ၏။ သူ့သမီး ပူးကပ်ခံထားရသည်ဟုပင် သူသံသယရှိမိသော်လည်း စစ်ဆေးကြည့်သောအခါ မည်သည့်ပူးကပ်ခံထားရသည့် လက္ခဏာမှမရှိခဲ့ပေ။
ကျိရှောင်ယု ခပ်ဖြည်းဖြည်းပြောလိုက်သည်။
“အဖေ ကမ္ဘာဦးတာအိုအဆောင်ရဲ့ မူလအစကိုသိလား”
ကျိချင်ကွမ်းမျက်မှောင်ကြုံ့ကာ ပြောလိုက်၏။
“ကမ္ဘာဦးတာအိုအဆောင်က ရှေးဟောင်းကျင့်ကြံသူတွေ ချန်ထားရစ်ခဲ့တဲ့ အမွေအနှစ်တစ်ခုလေ သူတို့က သူတို့သခင်ကို ပြန်လည်မွေးဖွားခြင်းကို ဖြတ်ပြီးရွေးချယ်ကြတယ် ကမ္ဘာဦးတာအိုအဆောင်ကိုပိုင်ဆိုင်တဲ့သူက သာမန်မဟုတ်တဲ့ ပါရမီရှိတယ် အဆင့်ကြီးတစ်ခုချိုးဖြတ်တိုင်း သူတို့က အမွေအနှစ်တစ်ခုကို လက်ခံရရှိကြတယ်”
“ရှောင်ယု သမီးကို ကမ္ဘာဦးတာအိုအဆောင်အကြောင်းမိတ်ဆက်ပေးခဲ့တာ အဖေပါ အဖေအဲ့ဒီအရာရဲ့ အရေးပါမှုကို နားလည်တာပေါ့ ဒါပေမယ့် ကမ္ဘာဦးတာအိုအဆောင်က ဒီကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်းတော့မဟုတ်ဘူး ကျိမိသားစုရဲ့ တိုးတက်မှုက ပုလင်းလည်ပင်းကိုရောက်နေပြီ အဖေတို့ ပင်လယ်ပြင်မှာ လမ်းကြောင်းပွင့်ဖို့ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေလို အင်အားစုတစ်ခုက နောက်ကတွန်းပို့ပေးဖို့ပဲလိုတော့တာ သမီးမိသားစုအတွက်အနစ်နာခံပေးရင် မိသားစုကလည်း သမီးကိုမမျှမတဆက်ဆံမှာမဟုတ်ပါဘူး”
ကျိရှောင်ယု မတ်တပ်ရပ်လိုက်ကာ အိမ်ပြင်မှ ကျိချင်ကွမ်းကို ကြည့်လိုက်၏။
ကျိရှောင်ယုအကြည့်ကြောင့် ကျိချင်ကွမ်း မသက်မသာခံစားလိုက်ရပြီး တစ်ခုခုပြောရန်ပြင်လိုက်စဉ်တွင် ကျိရှောင်ယုအသံ ထွက်ပေါ်လာခဲ့သည်။
“သမီးကိုယ်ထဲက ကမ္ဘာဉီးတာအိုအဆောင်က သမီးကို အနာဂတ်ကိုကြိုမြင်နိုင်တဲ့ ကောင်းကင်မျက်လုံးကို ပေးသနားထားတယ် ကောင်းကင်မျက်လုံးကဘာမြင်လဲဆိုတာ အဖေသိလား”
ကျိရှောင်ယု၏ အေးစက်နေသောမျက်နှာကိုကြည့်ကာ ကျိချင်ကွမ်းမလွယ်ဘူးဟု ခံစားလိုက်ရပြီး ခံစားချက်ကိုဖိနှိပ်ထားကာ မေးလိုက်သည်။
“ဘာမြင်ခဲ့တာလဲ”
ကျိရှောင်ယု အိမ်ထဲမှ အပြင်သို့ထွက်လာခဲ့၏။ သူမ ကျိချင်ကွမ်းဆီ နီးကပ်လာသည်နှင့် သူမအဟုန်က ပိုတိုးလာခဲ့သည်။ သူမအေးစက်စက်အမူအရာက ကောင်းကင်ပေါ်မှ အမတတစ်ပါးနှင့်ပင် တူလှပြီး ကျိချင်ကွမ်းကို အေးစက်စက်ကြည့်နေခဲ့၏။
“သမီး ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေပြိုကွဲသွားတာကို မြင်ခဲ့တာ မရေတွက်နိုင်တဲ့ အလောင်းတွေက မြေပေါ်မှာ လဲကျနေကြတယ် သွေးတွေက မြစ်တွေလိုစီးဆင်းနေတယ်”
“ကျိမိသားစုက အဆုံးသတ်ကိုရောက်ရှိသွားပြီး ချီလင်က ၀မ်းနည်းပူဆွေးမှုတွေနဲ့ အော်မြည်နေတာကို တွေ့ခဲ့ရတယ်”
“နောက်ပြီး သမီးအဖေ့ကိုမြင်ခဲ့တယ် အဖေ့ခေါင်းနဲ့ကိုယ်က တွဲရက်ရှိမနေတော့ဘူး အဖေက ဆန္ဒတွေမပြည့်၀ဘဲ သေဆုံးခဲ့ရတယ်”
ကျိရှောင်ယုအသံက မကျယ်သလို တိုးလည်းတိုးမနေသော်လည်း သူမစကားတစ်လုံးချင်းစီက ကျိချင်ကွမ်းနှလုံးသားကိုတုန်လှုပ်သွားစေခဲ့သည်။
ရှေးဟောင်းကျင့်ကြံသူများ၏ ကမ္ဘာဦးတာအိုအဆောင်တွင် ဘယ်သူမှမသိနိုင်သော အစွမ်းများစွာ ပါ၀င်ပေသည်။
ကျိမိသားစုလည်း ကျိရှောင်ယုကိုယ်ထဲမှ ကမ္ဘာဦးတာအိုအဆောင်၏ အစွမ်းသတ္တိတိုင်းကို သိရှိမနေပေ။
ကျိရှောင်ယု ခြေလှမ်းများကိုရပ်တန့်လိုက်ပြီး ကျိချင်ကွမ်းကိုကြည့်ကာ ပြောလိုက်၏။
“တကယ်လို့ ကျိမိသားစုက သမီးကိုယ်ထဲက ကမ္ဘာဦးတာအိုအဆောင်ကိုပဲ လိုချင်တာဆိုရင် သမီးငြင်းမှာမဟုတ်ပါဘူး ဒါပေမယ့် အဖေတို့အားလုံးက သမီးကိုသေစေချင်နေကြတယ် အဲ့တာကိုဘာလို့သမီးက သဘောတူလက်ခံရမယ်လို့ မျှော်လင့်ထားကြတာလဲ”
ကျိချင်ကွမ်းနှုတ်ဆိတိနေခဲ့သည်။ သူတစ်ခုခုပြောချင်သော်လည်း ကျိရှောင်ယုမျက်လုံးထဲကို ကြည့်လိုက်သောအခါ ဘယ်အရာကမှ သူမစိတ်ကိုပြောင်းလဲနိုင်မှာမဟုတ်တာ သိသွားခဲ့ရသည်။
“မင်းဘယ်လိုပဲ လှည့်ပတ်ပြောနေနေ ကိစ္စမရှိတော့ဘူး ဒီကိစ္စကစီစဉ်ပြီးသွားပြီ မင်းမှာလည်း အချိန်အများကြီးမကျန်တော့ဘူး”
ပြောပြီးသည်နှင့် ကျိချင်ကွမ်း အင်္ကျီလက်အိုးကိုယမ်းကာ ထွက်ခွာသွားခဲ့၏။
ထွက်ခွာသွားသောသူ့ပုံရိပ်ကိုကြည့်နေရင်း ကျိရှောင်ယု စိတ်တိုမသွားဘဲ ထိုအစား အထင်သေးနေသောအမူအရာများသာ သူ့မျက်နှာပေါ် ပြည့်နှက်နေခဲ့သည်။
…
အာရုံတက်ချိန်တွင်
ယန်ချီထျန်းမျက်လုံးများ ပြန်ပွင့်လာသောအခါ သူတောအုပ်ထဲတွင်သာ ရှိနေသေးမှန်း တွေ့လိုက်ရပြီး ဆရာသခင်ဓားအရှင်ကတော့ မရှိတော့ပေ။
သူ့အမွေဆက်ခံခဲ့သော မှတ်ညဏ်များကိုပြန်စဉ်းစားရင်း သူ့အတွေးများ ရှုပ်ထွေးသွားခဲ့ရသည်။
“လမ်းစဉ်ချိုးဖျက်နတ်အလင်း…”
ဆရာသခင်ဓားအရှင်က သူ့ကိုထိုကဲ့သို့သော နတ်သိုင်းမျိုးပေးအပ်ခဲ့လိမ့်မည်ဟု သူမျှော်လင့်မထားခဲ့မိပေ။ အစကတည်းက သူမည်သည့်ဆုလဒ်မျိုးမှမလိုပါဘူးဟုပြောခဲ့သော်လည်း ဆရာသခင်ဓားအရှင်က အပေးအယူကိုလေးစားသည့်အနေဖြင့် သူ့ကိုနတ်သိုင်းတစ်ခု အမွေဆက်ခံစေခဲ့သည်။
တစ်ချိန်တည်းမှာပင် အကယ်၍သူသာ ဤကိစ္စကိုပေါက်ကြားစေခဲ့ပါက ဆရာသခင်ဓားအရှင်ကသူ့ကိုနည်းနည်းလေးတောင် အလွတ်ပေးမည် မဟုတ်မှန်းလည်း သိရှိသွားခဲ့၏။
ဆရာသခင်ဓားအရှင်သည်ကျေးဇူးနှင့်ရန်ငြှိုးကို ခွဲခြားသိပြီး ကတိသစ္စာကိုတန်ဖိုးထားသူ တစ်ယောက်သာ ဖြစ်ပေသည်။
လမ်းစဉ်ချိုးဖျက်နတ်အလင်းက သာမန်နတ်သိုင်းတစ်ခုမဟုတ်မှန်းလည်း သူအာရုံခံမိနေပြီး ထိုအရာက သူ့အတွက် ရှားပါးလှသောအခွင့်အလမ်းကြီးတစ်ခု ဖြစ်၏။
အများကြီးတွေးကြည့်ပြီးသည့်နောက် သူအဓိပတိဂိုဏ်းကိုသွားဖို့ ဆုံးဖြတ်လိုက်လေသည်။
နောက်ဆုံးတွင် ဆရာသခင်ဓားအရှင်သည် အဓိပတိဂိုဏ်းတွင် နေထိုင်သူဖြစ်၏။ ထို့ကြောင့် အဓိပတိဂိုဏ်းနှင့် ဆက်ဆံရေးကောင်းတစ်ခုတည်ဆောက်ထားခြင်းက ဆရာသခင်ဓားအရှင်အပေါ် လေးစားမှုပြရာ ရောက်ပေသည်။
ထို့အပြင် ဤအရာက သူ့အတွက်အခွင့်အလမ်းတစ်ခုဟုလည်း သူခံစားနေခဲ့ရ၏။
အဓိပတိဂိုဏ်း၏ အကူအညီနှင့် သူ့အမတလမ်းစဉ်က ပိုမိုချောမွေ့လာတာမျိုးလည်း ဖြစ်ကောင်းဖြစ်လာနိုင်ပေသည်။
ထိုအတွေးနှင့်အတူ သူအဓိပတိဂိုဏ်းသို့ ပျံသန်းသွားခဲ့၏။
တစ်ဖက်တွင် ကုအန် တတိယတောင်ကြား၌ တပည့်များနှင့်အတူ လေ့ကျင့်ခန်းလုပ်နေခဲ့သည်။ တပည့် ၉၀၀ကျော်အတူတူလေ့ကျင့်ခန်းလုပ်နေကြသော မြင်ကွင်းမှာ အတော်လေး အထင်ကြီးစရာကောင်းလှပြီး ယန်ကျင်းပင် ထိုထဲတွင်ပါပြီး အလေးအနက်ထား၍ လေ့ကျင့်ခန်းလုပ်နေခဲ့၏။
ကုအန်လည်း ခံစားချက်ကောင်းနေခဲ့ပြီး အပြုံးတစ်ပွင့်သူမျက်နှာပေါ် ပေါ်ပေါက်နေခဲ့သည်။ ကုအန်၏ ခံစားချက်ကောင်းနေသော အမူအရာကြောင့် တပည့်များလည်း တက်ကြွနေခဲ့ကြသည်။
လေ့ကျင့်ခန်းပြီးသည့်နောက် ကုအန် ထွက်မသွားဘဲ ရှောင်ချွမ်ကိုခေါ်ကာ စစ်တုရင်ကစားခဲ့၏။ အခြားတပည့်များကလည်း သူတို့ပွဲကိုကြည့်ချင်ကြသော်လည်း ကုအန်က ငြင်းဆန်ခဲ့သည်။
စားပွဲတွင် ထိုင်ပြီးသည့်နောက် ရှောင်ချွမ် စိတ်အားထက်သန်စွာပြောလိုက်သည်။
“စီနီယာအစ်ကိုကြီး ကျွန်တော်ကလွယ်မှာတော့မဟုတ်ဘူးနော် လတ်တလော ကျွန်တော်စစ်တုရင်မှာ နိုင်ပွဲ ၁၇ပွဲဆက်ရထားတယ်”
သူစစ်တုရင်ခုံပေါ် အဖြူအနက်အရုပ်များကို စီလိုက်ပြီး ပထမအကွက်ကိုစရွှေ့လိုက်၏။
ကုအန်လည်းတစ်ကွက်ရွှေ့လိုက်ပြီး ပြုံးကာပြောလိုက်သည်။
“အခုတလောကျင့်ကြံရတာဘယ်လိုနေလဲ အစ်ကိုကြီးပေးထားတဲ့ဆေးတွေကို သုံးရဲ့လား”
ရှောင်ချွမ်သည် ကုအန်ထက် ၃နှစ်သာငယ်ပြီး သူ့သက်တမ်းအကန့်အသတ်က နီးကပ်နေပြီဖြစ်သည်။ ထို့ကြောင့် ကုအန်သူ့ကို နောက်နှနှစ်နေရင် စည်းကိုဖွင့်ဖို့ စီစဉ်ထားခဲ့၏။
ရှောင်ချွမ်သည် လီယတို့ကျန်းချင်တို့လို အမတကျင့်ကြံခြင်းကမ္ဘာထဲ၀င်ဖို့ စိတ်မ၀င်စားဘဲ သူ့တွင်ရည်မှန်းချက် နည်းပါးလှကာ ကုအန်ကိုသာ အပင်စိုက်ရာတွင် ကူညီချင်သူဖြစ်သည်။ သို့သော်လည်း ကုအန်ရင်ထဲတွင်တော့ သူ့ညီလေးက အတော်လေးအရေးပါသူ ဖြစ်၏။
သူ့တစ်ဘ၀လုံးတွင် သူနှင့်အချိန်အကြာဆုံး အဖော်ပြုပေးခဲ့သူမှာ ရှောင်ချွမ်ဖြစ်ပြီး သူတို့ဆက်ဆံရေးက မိသားစုတစ်ခုလိုပင်။
ရှောင်ချွမ်သာမန်အတိုင်း ပြန်ဖြေလိုက်သည်။
“အဆင်ပြေပါတယ် ကျွန်တော်ဆေးအကုန်လုံးလည်းသုံးတယ်”
သူ့လက်ရှိအာရုံမှာ စစ်တုရင်တွင်အနိုင်ရပြီး သူ့အစ်ကိုကြီးကို အထင်ကြီးသွားေစအောင်လုပ်ဖို့သာ ရှိနေခဲ့သည်။
သူတစ်ကွက်ရွှေ့ပြီးတိုင်း ကုအန်က ဘာမှတောင်မစဉ်းစားဘဲ အမြန်ပြန်ရွှေ့နေပြီး သူ့ပုံစံက ကစားပွဲကိုအာရုံပင်ရှိမနေပုံပင်ဖြစ်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ကုအန်အမြန်ကစားနေပုံက ရှောင်ချွမ့်အပေါ် ဖိအားဖြစ်လာခဲ့သည်။
ထိုအရာက ကုအန်ကသူ့ကိုအမြန်ရွှေ့ဖို့ ဖိအားပေးနေသလိုဖြစ်လာပြီး အချိန်ကြာလာသည်နှင့်အမျှ သူမချင့်မရဲဖြစ်လာခဲ့၏။
ဒါပေါ့ ကုအန်လည်း ရှောင်ချွမ့်မချင့်မရဲဖြစ်မှုကို သတိထားမိနေပြီး တကယ်တော့ ထိုအရာကသူ့အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
ရှောင်ချွမ် ခွက်ခွက်လန်အောင်ရှုံးနေသည်ကို ကြည့်ပြီး ကုအန် ရယ်စရာကောင်းသည်ဟု ခံစားနေခဲ့ရ၏။
ရုတ်တရက်ကုအန်မေးလိုက်သည်။
“ရှောင်ချွမ် မင်းတောင်အောက်ကိုဆင်းပြီး မိန်းကလေးတစ်ယောက်ကိုလက်ထပ် ကလေးတွေယူပြီး မိသားစုတစ်ခုမရှိချင်ဘူးလား”
အံ့အားသင့်သွားသော ရှောင်ချွမ် ကုအန်ကိုအလန့်တကြားကြည့်လိုက်ပြီး ပြောလိုက်၏။
“စီနီယာအစ်ကိုကြီး ကျွန်တော့်ကို မောင်းထုတ်ချင်လို့လား”
ကုအန်သူ့ကို မျက်လုံးလှန်ကြည့်လိုက်ပြီးပြောလိုက်သည်။
“ဘ၀မှာ သာယာမှုမျိုးစုံကို ခံစားသင့်တယ်လေ အစ်ကိုကြီးကမင်းကို မိသားစုဘ၀တစ်ခုကိုခံစားစေချင်ရုံပါ မင်းပြန်လာချင်ရင် တောင်ပေါ်အချိန်မရွေးပြန်လာလို့ရတယ် ဒါပေါ့မင်းက မိန်းကလေးတွေကိုမကြိုက်ရင်လည်း အဲ့တာကအဆင်ပြေပါတယ်”
ရှောင်ချွမ်သည် အသက် ၁၃၈နှစ်ရှိပြီဖြစ်ပြီး အချစ်ဇာတ်လမ်းမျိုးကို တစ်ခါမှ အတွေ့အကြုံမရှိခဲ့ဖူးပေ။ထို့ကြောင့် အစ်ကိုကြီးတစ်ယောက်အနေနှင့် ထိုအရာက သူ့တာ၀န်ဟု ကုအန်ခံစားနေခဲ့ရသည်။
သူလည်း ထိုဇာတ်လမ်းမျိုးကို ယခုဘ၀တွင် မခံစားဖူးသော်လည်း အရင်ဘ၀တုန်းက ခံစားခဲ့ဖူး၏။ ထို့ကြောင့် သူ့အတွက်က ထိုမျှမလိုပေ။ ရှောင်ချွမ့်အတွက်ကတော့ ကွဲပြားပေသည်။
ရှောင်ချွမ်သည် အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်း ကိုပင် မဖတ်သောကြောင့် ကုအန်သူ့ကို စိုးရိမ်နေခဲ့၏။
ရှောင်ချွမ့်မျက်နှာနီရဲသွားကာ ပြောလိုက်သည်။
“အဲ့တာက မသင့်တော်ဘူးမလား”
“ဘာက မသင့်တော်ရမှာလဲ အချိန်ရောက်လာရင် အစ်ကိုကြီးမင်းကို ငွေပေးမယ် မင်းကတောင်ပေါ်ကဆင်းသွားပြီးရင် အိမ်တစ်လုံး၀ယ်လိုက် ဒါဆိုအောင်သွယ်တော်တွေက ပုံမှန်အားဖြင့် မင်းအိမ်တံခါးကိုလာခေါက်ကြလိမ့်မယ် ဆယ်စုနှစ်နည်းနည်းလောက် သာမန်ဘ၀ကိုခံစားကြည့်တာလည်း ဆိုးတဲ့အရာတော့မဟုတ်ပါဘူး” ကုအန် တစ်ကွက်ထပ်ရွှေ့လိုက်ပြီး ခပ်အေးအေးပြောလိုက်၏။ ထိုအကွက်ကြောင့် ရှောင်ချွမ့်မျက်နှာ စိမ်းဖန်သွားခဲ့ရသည်။
အရှက်မဲ့လိုက်တာ!
စစ်တုရင် ကစားတာက စစ်တုရင်ကစားတာပဲပေါ့ ဒီနည်းစနစ်တွေက ဘာကြီးတွေလဲ!
ရှောင်ချွမ့်အတွေးများ နှောင့်ယှက်ခံလိုက်ရသော်လည်း ကုအန်စကားများက သူ့ကိုထိတော့ထိသွားခဲ့၏။
တကယ်တော့ ကုအန်သူ့ကို တောင်အောက်ဆင်းပြီး သာမန်မိသားစုဘ၀ကိုထူထောင်ခိုင်းခြင်းမှာ သူများ ညဏ်အလင်းပွင့်လာမလားဟူသော ရည်ရွယ်ချက်ဖြင့် ဖြစ်သည်။
လမ်းစဉ်ညဏ်အလင်းပွင့်ခြင်းမှာ အတော်လေး ဆန်းကြယ်လှ၏။ အပူအပင်မဲ့ကမ္ဘာဉီးအမတတစ်ပါးပင် လူတစ်ယောက်ကို လမ်းစဉ်ညဏ်အလင်းပွင့်ဖို့ အတင်းအကြပ်မလုပ်ေပးနိုင်ပေ။
လမ်းစဉ်ညဏ်အလင်းပွင့်ခြင်းက လူတစ်ယောက်၏ သက်တမး်ကိုပြောင်းလဲပေးနိုင်ခြင်းမှာ ထိုအရာမှ ကောင်းကင်နှင့်မြေပြင်၏ အနှစ်သာရကိုရရှိခြင်းကြောင့် ဖြစ်ပေသည်။ လူသား၏ဘ၀ကို ကောင်းကင်ကံကြမ္မာကသာဆုံးဖြတ်ခြင်း ဖြစ်၏။
ကုအန် မတ်တပ်ထရပ်လိုက်ကာ ပြုံး၍ပြောလိုက်သည်။
“အစ်ကိုကြီးပြောတာကို သေချာစဉ်းစားထား မင်းစိတ်ပြင်ဆင်ပြီးရင် အစ်ကိုကြီးကိုလာရှာလိုက် စိတ်မပူပါနဲ့ အစ်ကိုကြီးတို့ကအမြဲညီအစ်ကိုတွေဖြစ်နေမှာပါ အစ်ကိုကြီးဒီမှာ ရှိနေသမျှကာလပတ်လုံး ညီလေးတစ်ဘ၀လုံးကို ကာကွယ်ပေးသွားမယ်”
ထိုစကားကြောင့် ရှောင်ချွမ့်စိတ်ဓာတ်များ တက်ကြွလာခဲ့၏။ သူလှည့်ထွက်သွားသော ကုအန်၏ နောက်ကျောကိုသာ ကြည့်ရှုနေခဲ့မိသည်။
အကြောင်းပြချက်အချို့ကြောင့် သူ့စီနီယာအစ်ကိုကြီး၏ စီစဉ်ပေးမှုက သူ့ဘ၀အဆုံးသတ်အတွက် ပြင်ဆင်ပေးနေခြင်းဟု သူခံစားနေခဲ့ရသည်။
သူ့စီနိီယာအစ်ကိုကြီးသည် သူ့ကိုအများကြီးဂရုစိုက်ပုံပေါ်၏။
ရှောင်ချွမ်မျက်နှာပေါ် အပြုံးတစ်ပွင့် ပေါ်လာခဲ့လေသည်။
ကုအန်လည်းပြုံးနေပြီး ကြိတ်၍တွေးနေမိသည်။
“ဒီကောင်လေးကများ ငါ့ကိုနိုင်ချင်သေးတယ်လား နောက်ထပ် နှစ်၈၀၀လောက်လေ့ကျင့်ပြီးမှ ပြန်လာခဲ့လိုက်”
ထိုနေ့တွင် ယန်ချီထျန်းအဓိပတိဂိုဏ်းသို့လာလည်ခဲ့ပြီး ထိုအရာက ဂိုဏ်း၏အထက်လူကြီးများကြားထဲ ဂယက်ထသွားစေခဲ့သည်။လုပိုင်ထျနး်က သူ့နှင့် ကိုယ်တိုင်တွေ့ဆုံခဲ့ပြီး သူတို့နှစ်ယောက်အချိန်အတန်ကြာ ဆွေးနွေးခဲ့ကြ၏။
သုံးရက်ကြာသောအခါ ယန်ချီထျန်း ထွက်ခွာသွားပြီး ကောင်းကင်အဆင့် ၂ ယန်ချီထျန်းက အဓိပတိဂိုဏ်း၏ ဧည့်အကြီးအကဲဖြစ်လာပြီး ဟူသောသတင်းကို ဂိုဏ်းကထုတ်ပြန်ခဲ့သည်။ထိုအရာက ဂိုဏ်းတစ်ခုလုံးကို စိတ်လှုပ်ရှားသွားစေခဲ့၏။
ပြောကြသည်မှာ ယန်ချီထျန်းက ကျင့်စဉ်များ မှော်သိုင်းများ များစွာချန်ထားပေးခဲ့ပြီး အဓိပတိဂိုဏ်းအခက်အခဲနှင့်ကြုံရပါက သူ့ကို မှော်အသုံးအဆောင်တစ်ခုသုံး၍ ဆင့်ခေါ်နိုင်သည်ဟု ပြောခဲ့သည်။ အဓိပတိဂိုဏ်းကလည်း သူတို့ကျေးဇူးတင်မှုကို ပြသသည့်အနေနှင့် ယန်ချီထျန်းက ဂိုဏ်း၏ ထိပ်တန်းကျင့်ကြံသူတစ်ယောက်ဖြစ်မှန်း ကြေငြာပေးခဲ့၏။
ယန်ချီထျန်ပါ၀င်လာမှုက ကျင့်ကြံခြင်းလောကတစ်ခုလုံးကို လှုပ်ခါသွားစေခဲ့ပြီး ဂိုဏ်းတိုင်းက အဓိပတိဂိုဏ်းအပေါ် အမြင်များပြောင်းလဲလာခဲ့ကြသည်။ ခန်းထျန်ဂိုဏ်းကတော့ စိတ်ဓာတ်ကနေဟန်ဖြင့် နှုတ်ဆိတ်သာ နေခဲ့၏။
ဆောင်းဦးကုန်ကာ ဆောင်းရာသီသို့ရောက်ရှိလာခဲ့ပြီး နှင်းများကအရာရာကို ဖုံးအုပ်ထားခဲ့သည်။
ဆန်းကြယ်တောင်ကြားတွင်
ကုအန် ပြတင်းပေါက်တွင်ရပ်နေရင်း နှင်းရှုခင်းကို ကြည့်ရှုနေခဲ့၏။
သူ့နတ်အာရုံကတော့ ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို ဖုံးအုပ်ထားခဲ့သည်။
ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေနှင့် ရင်ဆိုင်ဖို့ကို အတင်းအကြပ်ကြီး လုပ်ပစ်၍မရပေ။ အဓိကအားဖြင့်တော့ သူတို့ဂိုဏ်းက ကျယ်၀န်းလွန်း၍ ဖြစ်သည်။ ပင်လယ်ရပ်ခြားက အခြားဂူ၅လုံးကိုပါ သူတစ်ခါတည်း ရှင်းချင်ခြင်းဖြစ်သော်လည်း ထိုအရာက စိန်ခေါ်မှုတော့ ရှိပေသည်။ ထိုအရာကြောင့် ပင်လယ်ရပ်ခြားရှိ အင်အားစုများ ကြီးမြတ်သည့်ကျင့်ကြံသူများကို သတိပေးလိုက်မိသလို ဖြစ်သွားစေနိုင်၏။
ထို့ကြောင့် သူကုန်းေမြတုိက်ေပါ်ရှိ ကြယ်ခြောက်လုံးနှင့် ကြယ်ခုနှစ်လုံးဂူကိုသာ အရင်ရှင်းဖို့ စီစဉ်ထားခဲ့သည်။
ကုအန်သူတို့၏ ကမ္ဘာငယ်လေးများကိုပင် ထောက်လှမ်းပြီးသားဖြစ်ပြီး လှုပ်ရှားဖို့အတွက် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေတွင် လှုပ်လှုပ်ရှားရှားဖြစ်နေမည့်အချိန်ကို စောင့်နေခြင်းဖြစ်၏။
ကမ္ဘာခြားနတ်မြို့တော်ပေါ်လာပြီးကတည်းက ကြယ်ပင်လယ်အဖွဲ့အစည်းအပါအ၀င် အခြားပင်လယ်ရပ်ခြားကျင့်ကြံသူများက ဤကုန်းမြေတိုက်ကြီးပေါ် မကြာခဏ ခရီးသွားလာတတ်ကြပြီး ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေနှင့်လည်း ပဋိပက္ခများ ဖြစ်တတ်ကြသည်။
ကုအန် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေအား သူတို့နှင့် ကြယ်ပင်လယ်အဖွဲ့အစည်းတို့ အဓိကတိုက်ပွဲကြီးဖြစ်နေချိန် သူတို့အဓိကကျင့်ကြံသူများကို ရှင်းပစ်ပြီး သူတို့တည်ရှိမှုကို ဖျောက်ဖျက်ပစ်ချင်နေခြင်း ဖြစ်၏။
ထို့နောက်တွင်တော့ ကြယ်ပင်လယ်အဖွဲ့အစည်းက သူတို့ကိုဖိအားဆက်ပေးပြီး ဤကုန်းမြေတိုက်ကြီးနှင့်အဝေးကိုမောင်းထုတ်ပစ်နိုင်ပေလိမ့်မည်။
ယနေ့တွင် ကုအန် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေထဲတွင် ထူးဆန်းသောအင်အားတစ်ခု ကြီးထွားလာနေသည်ကို အာရုံခံမိနေခဲ့ပြီး စိတ်၀င်စားသွားခဲ့ရသည်။
သူထိုစွမ်းအား၏ အနှစ်သာရကို မြင်ခဲ့ရသောကြောင့် သူ့ကြီးထွားလာမှုကို ပို၍ပင်စိတ်၀င်စားသွားခဲ့၏။
“တကယ်ပဲ ဒီကမ္ဘာကြီးပေါ်မှာ ပုန်းကွယ်နေတဲ့ပါရမီရှင်တွေ လျှို့ဝှက်အင်အားစုတွေနဲ့ ပြည့်နှက်နေတာပဲ”
ကုအန်တွေးလိုက်ပြီး စားပွဲသို့ပြန်သွားလိုက်ကာ အဓိပတိလျှို့ဝှက်မှတ်တမ်းစာအုပ်ကို ကောက်ကိုင်လိုက်လေသည်။
အချိန်သုံးနှစ်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့၏။
ကုအန်သက်တမ်းကလည်း ၁၀သန်း ပြန်ကျော်သွားခဲ့ပြန်သည်။ ထိုနေ့တွင် ကုအန် အဓိပတိလျှို့ဝှက်မှတ်တမ်းများစာအုပ်ကို သိုလှောင်အိတ်ထဲ ပြန်ထည့်သိမ်းကာ မတ်တပ်ရပ်လိုက်ပြီး အိမ်ပြင်သို့ ထွက်လာခဲ့၏။
နွေနေက ပူခြစ်နေခဲ့ပြီး ပိုးမွှားသံများကတစီစီထွက်ပေါ်နေကာ နေရောင်က ကုအန်ကိုယ်ပေါ် ထိုးကျနေပြီး ကုအန် သူ ၁၅နှစ်အရွယ်က တောင်ကြားသို့ ရောက်ရှိခဲ့သည့်မြင်ကွင်းကိုပင် ပြန်တွေးမိသွားခဲ့သည်။
သူ့အကြည့်က တပည့်သစ်များကို ညွှန်ကြားနေသော လုကျိကျားဆီ ရောက်ရှိနေခဲ့၏။
ကုအန်မျက်လုံးထဲ လုကျိကျားနောက်ကျောက တဖြည်းဖြည်း ကျန်းချွမ်းချူနောက်ကျောအဖြစ် ပြောင်းလဲသွားခဲ့သည်။
နှစ်တစ်ရာကြာပြီးနောက် အချို့အရာများက ပြောင်းလဲသွားသော်လည်း အချို့အမှတ်ရစရာများကတော့ ကျန်ရှိနေခဲ့ဆဲသာ။
ကုအန်ပြုံးလိုက်ပြီး လာမည့်စစ်ပွဲတွင် မည်သည့်မှော်အသုံးအဆောင်ကိုသုံးရမလဲဆိုတာ တွေးနေခဲ့မိသည်။ လင်းရှိသက်သက်နဲ့ ချေမွပစ်ခြင်းမှာ အတော်လေးရိုးလှပေသည်။