အခန်း (၂၄၉-၂၅၀)
Vol. 20 Ch. 249-250
အပိုင်း(၂၄၉)
ပြန်လည်မွေးဖွားခြင်းကလည်း နင်တို့ကိုခွင့်ပြုမှာမဟုတ်ဘူး
တွေးပြီးသည့်နောက် ကုအန် ကောင်းကင်စံအိမ်ဓားကိုအသုံးပြုဖို့ ဆုံးဖြတ်လိုက်လေသည်။
ထိုဓားသည် ဧကရာဇ်ဓားသုံးလက်ထဲမှ တစ်လက်ဖြစ်ပြီး သူ့ကို လီယပေးခဲ့ခြင်းဖြစ်၏။ ယခုအချိန်တွင် ထိုဓားမျိုးကသူ့အတွက် အသုံးမ၀င်နိုင်သော်လည်း ဓား၏ ကျက်သရေရှိလှသောပုံသဏ္ဍာန်ကြောင့် အသုံးပြုရတော့ တန်ပေသည်။
ကုအန် တိုက်ပွဲတွင် ဓားနှစ်လက်အသုံးပြုတတ်သော လုလင်ကျွမ်းကိုလည်း တွေးမိသွားခဲ့ပြီး သူလည်းဓားနှစ်လက်သုံးနိုင်သည်ဟု ခံစားလိုက်ရ၏။
ကြယ်၆လုံးဂူနှင့် ကြယ်၇လုံးဂူနှင့် ရင်ဆိုင်ရာတွင်တော့ သူ့တွင်ဘာဖိအားမှ ရှိမနေခဲ့ပေ။
ကုအန် လှေကားမှဆင်းပြီး လုကျိကျားဆီချဉ်းကပ်သွားလိုက်ရာ လုကျိကျားသူ့ကိုအမြန်အရိုအသေပေးလိုက်ပြီး တပည့်အသစ်နှစ်ယောက်ကို မိတ်ဆက်ပေးလိုက်လေသည်။
အစေခံတပည့်နှစ်ယောက်သည် ကုအန်ရှေ့တွင် အလွန်ကြောက်ရွံ့နေခဲ့ကြ၏။ သူတို့သည် အရင်က ချန်းရွှမ်တန်နှင့် ကျန်းချွမ်းချူကို စိတ်မရှည်ဖြစ်နေခဲ့ကြသည့် လီယတို့မုန့်လန်တို့နှင့် မတူကြပေ။ အဓိပတိဂိုဏ်း၏ အခြေအနေကလည်း လွန်ခဲ့သော နှစ်တစ်ရာနှင့်လုံး၀ကွဲပြားသွားပြီဖြစ်ပြီးယခုအခါ မြင့်မြတ်ကုန်းမြေပြီးနောက် ဤကုန်းမြေတိုက်ကြီးတွင် ဒုတိယနေရာကရှိနေသည့် ဂိုဏ်းတစ်ဂိုဏ်းဖြစ်နေပြီ ဖြစ်သည်။
ကုအန်သူတို့ကို စည်းမျဉ်းများအကြောင်းဩဝါဒခြွေမနေတော့ဘဲ အားသာပေးလိုက်ကာ နှုတ်ဆက်၍ ထွက်ခွာလာခဲ့၏။
သူထွက်သွားပြီးသည့်နောက်တွင်တော့ အစေခံတပည့်နှစ်ယောက်သည် ဆန်းကြယ်တောင်ကြားတွင်နေရမည့် သူတို့ဘ၀ကို စိတ်၀င်တစား မျှော်လင့်နေခဲ့ကြလေတော့သည်။
ကုအန် တတိယတောင်ကြားသို့မသွားခဲ့ဘဲ ထိုအစား ဆန်းကြယ်တောင်ကြားအပြင်ရှိ တောအုပ်များဆီသာ ထွက်ခွာလာခဲ့၏။
သူလမ်းတစ်လျှောက်ရှိ သဘာ၀ရှုခင်းများကိုကြည့်နေရင်း သူဤနေရာများသို့ ယခုလိုလမ်းလျှောက်၍ မလာဖြစ်တာ ကြာပြီဖြစ်မှန်း သတိပြုမိသွားခဲ့သည်။
အရင်ကတော့ သူရှောင်ချွမ်နှင့်အတူ ဤနေရာများသို့ ခြေလျင်သွားလေ့ရှိခဲ့ပြီး ဘ၀က အတော်လေးအပူအပင်မဲ့ခဲ့၏။
“နှစ်တစ်ရာလောက်ပဲရှိသေးတာတောင် ဒီလိုအတိတ်ကို စိတ်ကူးယဉ်မိနေရင် နှစ်တစ်ထောင်သာဆို ဘယ်လိုများနေလိုက်မလဲ”
ကုအန်ရုတ်တရက်တွေးလိုက်မိပြီး သူ့အတွေးကိုထိန်းညှိလိုက်ကာ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေကို ကျူးကျော်ဖို့ ပြင်ဆင်လိုက်လေတော့သည်။
ယနေ့တွင် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေသည် သိသာေသာပြောင်းလဲမှုအခြေအနေတစ်ခုအောက်တွင်ရောက်နေပြီး ထိုအရာက ကုအန်အတွက်တော့ အခွင့်အရေးကြီးတစ်ခု ဖြစ်၏။
……
ကျိချင်ကွမ်းနှင့် များစွာသောကျိမိသားစု၀င်များ ရယ်မောကာ စကားပြောနေကြသော ခြံ၀န်းထဲသို့ နေရောင်က ထိုးကျနေခဲ့သည်။
ကောင်းကင်ထက်တွင်လည်း ပျံသန်းနေသော ကျင့်ကြံသူများရှိနေပြီး ထိုသူများမှာ အမတများလိုပင်။
ကျိမိသားစုသည် ဆယ်မိုင်ကျော်ကျယ်၀န်းသော တောင်ထိပ်ကြီးတစ်ခုတွင် တည်ရှိခြင်းဖြစ်သည်။ မြူခိုးများက တောင်ခြေတွင် မြူပင်လယ်တစ်ခုနှယ်ရစ်ဝဲနေပြီး တောင်ကြီးမှာ မြူပင်လယ်ထဲမှ တိုးထွက်လာဟန်ဖြင့် အမတများကွမ်းခိုရာလို ဖြစ်နေခဲ့သည်။
တောင်ထိပ်တစ်ဝိုက်တွင် တိမ်ပင်လယ်ကြီးက အဆုံးမဲ့ကျယ်ပြန့်လှစွာတည်ရှိနေပြီး တောင်ထိပ်သည် ကောင်းကင်ကိုးထပ်အပေါ်တွင် ရှိနေသလိုပင်ဖြစ်ပြီး နေရောင်က တောင်ထိပ်ပေါ် တိုက်ရိုက်ထိုးကျနေခဲ့၏။
ကျိဟန်ထျန်း ခြံ၀န်းတံခါးကိုမှီကာ လက်ပိုက်၍ မျက်လုံးမှိတ်ထားရင်း ရပ်နေခဲ့သည်။ သူ့မျက်ခုံးများမှာ တွန့်ကွေးနေပြီး ကြည့်လိုက်သည်နှင့် သူခံစားချက်ကောင်းမနေမှန်း သိသာလှဧ။။်
ထိုစဉ် ကျိချင်ကွမ်း ကျိဟန်ထျန်းဘေးသို့ ရောက်လာကာ ပြုံး၍ပြောလိုက်သည်။
“အဘိုး မင်္ဂလာချိန်ကနီးလာပြီ ဘာလို့အပြင်ထွက်ပြီး လျူမိသားစုကို နှုတ်မဆက်တာလဲ”
ကျိဟန်ထျန်းမျက်လုံးများပွင့်လာကာ တစ်ချက်ထေ့ငေါ့လိုက်ပြီး အင်္ကျီလက်အိုးကိုယမ်း၍ ထွက်ခွာသွားခဲ့၏။
ကျိချင်ကွမ်းဒေါသမထွက်ခဲ့ပေ။ကျိဟန်ထျန်းသည် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေကို မကြည်မှန်း သူသိပေသည်။ သို့သော်လည်း ဤအရာက မိသားစုတစ်ခုလုံးအရေးဖြစ်သောကြောင့် ကျိဟန်ထျန်း သည်းခံရုံသာ တတ်နိုင်၏။
ယခုအခါ အဓိပတိဂိုဏ်းသည် တဟုန်ထိုးတိုးတက်လာသောကြောင့် ကျိမိသားစုက ကျိဟန်ထျန်းကို ဂိုဏ်းကထွက်လာဖို့ အတင်းတိုက်တွန်းမနေကြတော့ပေ။ ထိုအစား နောက်ထပ်အကျိုးအမြတ်တစ်ခုအနေနှင့် ကျိဟန်ထျန်းကိုတောင် ထောက်ပံ့ပေးနေခဲ့ကြသည်။
ကျိချင်ကွမ်း မင်္ဂလာပစ္စည်းများ ဆင်မြန်းထားသော ကျိရှောင်ယု အခန်းတံခါးကို လှည့်ကြည့်လိုက်၏။ အခန်းတံခါးကိုမြင်မှသာ သူစိတ်အေးပြီး သက်ပြင်းချနိုင်ခဲ့သည်။
သူထိုညကကျိရှောင်ယုစကားများကို ပြန်စဉ်းစားမိတိုင်း စိတ်မအေးနိုင်ဖြစ်ကာ မကျေမနပ်ဖြစ်သွားခဲ့ရ၏။
ဒုံ….
ကျယ်လောင်လှသော မောင်းသံတစ်ချက်က မိုးအောက်မြေပြင်တစ်ခွင် ဟိန်းထွက်လာခဲ့သည်။ ရွှေအလင်းတန်းတစ်ခုက မိုးကုတ်စက်ဝိုင်းမှ ကျိမိသားစုဂိတ်တံခါး၀ရှေ့သို့ သက်ဆင်းလာခဲ့ပြီး အော်မြည်သံများနှင့်အတူ မြင်းဖြူကိုးကောင်ဆွဲထားသော ရွှေရောင်ရထားက ရွှေအလင်းတန်းတစ်လျှောက် ဆင်းသက်လာခဲ့၏။ ထို့နောက် နတ်သမီးများလို လှပသော အမျိုးသမီးကျင့်ကြံသူနှစ်ယောက် ရထားထဲမှထွက်လာကာ ပန်းများကြဲခဲ့ကြသည်။
အနီးအနားရှိ တောင်များမှ ကျင့်ကြံသူများလည်း စိတ်လှုပ်ရှားစရာအခမ်းအနားကိုကြည့်ရှုရန် ကျိမိသားစုတောင်ထိပ်ဆီ ရောက်ရှိလာခဲ့ကြ၏။
“ခမ်းနားလိုက်တဲ့ အခမ်းအနား လျူမိသားစုဆိုတဲ့အတိုင်းပါပဲ”
“ငါကြားတာတော့ လျူယီထျန်းက မဟာယနအဆင့်ကို ချိုးဖြတ်သွားပြီဆို အဲ့တာအမှန်လား”
“အမှန်ဖြစ်နိုင်တယ် အသက် ၅၀၀ကျော်လေးနဲ့ မဟာယနအဆင့်ကိုရောက်သွားတာ သူ့ပါရမီကတကယ်ကြောက်စရာပဲ”
“ကျိမိသားစုက ကျိရှောင်ယုကလည်း မရိုးရှင်းဘူး ပြောကြတာတော့ သူက ကမ္ဘာဦးတာအိုအဆောင် ကြီးမြတ်တ့ဲကံကြမ္မာနဲ့အတူ မွေးဖွားလာတာတဲ့ သူနဲ့ လျူယီထျန်းက နေနဲ့လ ရွှေနဲ့မြပဲ”
“ကျိမိသားစုက လျူမိသားစုနဲ့ မဟာမိတ်ဖွဲ့လိုက်ပြီဆိုတော့ သူတို့က ထောင်တက်သွားတော့မှာပဲ တကယ်လို့ သူတို့ဆီကသာ အမတတစ်ပါးထွက်လာရင် ပိုတောင် အသိအမှတ်ပြုစရာဖြစ်လာဦးမယ် သူတို့ကအနာဂတ်မှာ ကြယ်၅လုံးဂူမှာ သွားကျင့်ကြံဖို့ ဖြစ်နိုင်ချေရှိတယ်”
ဤနေရာရှိ တောင်တစ်လုံးချင်းဆီတိုင်းတွင် မိသားစုတစ်ခုဆီရှိကြပြီး ထိုမိသားစုများက ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေ၏ အစွန်အဖျားမိသားစုများသာ ဖြစ်တာကြောင့် ကျိမိသားစုကို အားကျနေခဲ့ကြသည်။
ထိုစဉ် ရွှေရောင်လမ်း၏အဆုံးမှ မှော်အသုံးအဆောင်များစီးနင်းလာကြသော ကြီးမြတ်သည့်ကျင့်ကြံသူများ ထွက်ပေါ်လာခဲ့ကြ၏။ သူတို့လည်း ရွှေရောင်လမ်းမှတစ်ဆင့် ဆင်းသက်လာခဲ့ကြပြီး ကျိမိသားစုဂိတ်ရှေ့တွင် ဖြန့်ကျက်၍ နေရာယူလိုက်ကြသည်။ တစ်ချက်ကြည့်လိုက်ပါက ထိုနေရာတွင် ကျင့်ကြံသူအနည်းဆုံး ၁၀၀၀ခန့်ရှိသည်ကို တွေ့နိုင်ပြီး အကုန်လုံးကအထင်ကြီးစရာ အရှိန်အဝါများနှင့် ရွှေရောင်၀တ်စုံများကို ၀တ်ဆင်ထားခဲ့ကြသည်။
မြင်းကိုးကောင်ဆွဲသော ရထားလုံးလည်း ဂိတ်တံခါးရှေ့တွင် ရပ်တန့်သွားပြီး ရထားလုံးထဲမှ အနီရောင်၀တ်စုံ၀တ်လူတစ်ယောက် ထွက်လာခဲ့၏။ ထိုလူသည် အရပ်ရှည်ကာ ခန့်ညားသောမျက်နှာရှိပြီး ဆံပင်ရှည်များကို ကျောက်စိမ်းသရဖူအောက်တွင် စုထုံးထားပြီး သူ့ပုံစံမှာ ကောင်းကင်ကဆင်းသက်လာသော ကြယ်အရှင်သခင်တစ်ယောက်နှင့်ပင် တူလှသည်။ သူ့မျက်လုံးများမှာလည်း အထဲတွင် စကြာ၀ဠာတစ်ခု ရှိနေသလို တောက်ပနေခဲ့၏။
သူ့ကိုမြင်သည်နှင့် ကျိမိသားစု၀င်များ နှုတ်ဆက်ရန် အိမ်ထဲမှ အပြေးအလွှားထွက်လာခဲ့ကြလေသည်။
လျူယီထျန်းပြုံးကာ မေးလိုက်၏။
“ညီမလေးယု အဆင်သင့်ဖြစ်ပြီလား”
သူသည် တံခါးပိတ်ကျင့်ကြံရင်းအလုပ်ရှုပ်နေသူဖြစ်ကာ ကျိရှောင်ယုကို တစ်ခါသာ မြင်ဖူးပေသည်။ ထိုအခါက သူကျိရှောင်ယုကိုယ်ထဲရှိ ကမ္ဘာဦးတာအိုအဆောင်၏အရှိန်အဝါနှင့် သူမအလှအပကို ကြိုက်နှစ်သက်မိသွားပြီး သူမကိုလက်ထပ်ချင်ကြောင်း သူ့မိသားစုကိုပြောခဲ့ခြင်းဖြစ်၏။ ထိုကိစ္စအတွက် သူလက်ညှိုးတစ်ချောင်းပင် မြှောက်စရာမလိုခဲ့ဘဲ သူ့စကားလုံးများသက်သက်ကပင် လုံလောက်ပေသည်။
သူမျှော်လင့်ထားသလိုပင် ကျိမိသားစုကလည်း မတုန့်မဆိုင်း သဘောတူခဲ့၏။
သူဒီနှစ်မှ မင်္ဂလာဆောင်ဖို့ရွေးချယ်ခဲ့ခြင်းမှာ ဒီနှစ်မှ မဟာယနအဆင့်ကိုရောက်သွား၍ ဖြစ်သည်။ အရင်ကသူသည် မဟာယနအဆင့်သို့ချိုးဖြတ်ခြင်းကိုသာ အာရုံစိုက်နေခဲ့ပြီး ကျိရှောင်ယုဆိုသည်မှာ အတွေးတစ်ခုမျှသာဖြစ်ပြီး သူ့စိတ်အာရုံတစ်ခုလုံးကို ဖုံးလွှမ်းထားသောအရာမဟုတ်ပေ။
ကျိမိသားစုအကြီးအကဲတစ်ယောက်ပြုံးကာပြောလိုက်၏။
“သူကအဆင်သင့်ဖြစ်နေပါပြီ အချိန်မရွေးထွက်ခွာနိုင်ပါပြီ”
လျူယီထျန်းခေါင်းညိတ်လိုက်ကာ
“ကျွန်တော်တို့ လျူမိသားစုက ကြယ်၆လုံးဂူနဲ့ကြယ်၇လုံးဂူက မိသားစုကြီးတွေအကုန်လုံးကို ဖိတ်ကြားခဲ့သလို ကြယ်၅လုံးဂူက စီနီယာအချို့တောင် ဒီပွဲကိုတက်ရောက်ပါလိမ့်မယ် ဒီမင်္ဂလာပွဲကကျိန်းသေပေါက် ခမ်းနားကြီးကျယ်မှာပါ စိတ်အေးအေးထားပါအကြီးအကဲတို့ အခုကျွန်တော်တို့က တစ်မိသားစုတည်းဖြစ်နေကြပါပြီ”
သူကျိမိသားစုစံအိမ်ကိုကြည့်နေရင်း သူ့မျက်လုံးထဲစိတ်၀င်စားမှုအရိပ်အယောင်များ ပေါ်လာခဲ့သည်။
သူကမ္ဘာဦးတာအိုအဆောင်၏ အရှိန်အဝါကို အာရုံခံမိနေခဲ့၏။
ကျိရှောင်ယုစံအိမ်၏ ခြံ၀န်းထဲတွင် အပြင်ဘက်မှကျိချင်ကွမ်း ကျိရှောင်ယုကို အမြန်ထွက်လာတော့ဖို့ လောနေခဲ့သည်။
“မင်္ဂလာအချိန်ရောက်နေပြီ လျူမိသားစုကို စောင့်ရအောင်မလုပ်နဲ့” ကျိချင်ကွမ်း တံခါးခေါက်ကာ ပြောလိုက်၏။
ထိုအခိုက်တွင် တံခါးပွင့်လာခဲ့သည်။
ဖီးနစ်သရဖူနှင့်တိမ်လွှာ၀တ်စုံကို၀တ်ဆင်ထားသော ကျိရှောင်ယု အခန်းထဲမှ အမျိုးသမီးကျင့်ကြံသူနှစ်ယောက်ခြံရံ၍ ထွက်ခွာလာခဲ့၏။ သူမမျက်နှာတွင်လည်း ပုဝါတစ်စရှိနေပြီး သူမ၏ ဖြူဖွေးနေသော မေးစေ့လေးများကိုသာ မြင်ရပေသည်။ သူမလက်များကိုမူ ၀မ်းဗိုက်ရှေ့တွင် ယှက်ထားပြီး သူမအပြုအမူမှာ အတော်လေး ကျက်သရေရှိနေခဲ့၏။
သူ့သမီး မင်္ဂလာ၀တ်စုံ၀တ်ထားတာ မြင်မှသာ ကျိချင်ကွမ်း သက်ပြင်းချကာ ပြုံးလိုက်နိုင်ခဲ့သည်။
“ရှောင်ယု သမီးစိုးရိမ်နေတဲ့ကိစ္စက ဖြစ်လာမှာမဟုတ်ဘူး တကယ်လို့ကိစ္စအပြောင်းအလဲတစ်ခုခုဖြစ်လာရင်တောင် လျူမိသားစုက ကြယ်၅လုံးဂူက အကြီးအကဲတွေကို ဖိတ်ခေါ်ထားတယ် သူတို့က အဖေတို့ကို ကူညီကြလိမ့်မယ်” ကျိချင်ကွမ်း ခပ်နုနုလေးပြောလိုက်သည်။
ထိုစဉ် သူ့ဘေးမှဖြတ်သွားသော ကျိရှောင်ယုရုတ်တရက် ရပ်တန့်သွားကာ
“ဒီတံခါးကိုကျော်ပြီးရင် သမီးတို့ကြားက သားအဖဆက်ဆံရေးက ပြီးဆုံးသွားပြီ”
ကျိချင်ကွမ်းမျက်မှောင်ကြုံ့သွားကာ
“နင်ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ ငါကအမြဲနင့်အဖေဖြစ်နေမှာပဲ နောက်ပြီး ကျိမိသားစုကလည်း အမြဲနင့်အိမ်ဖြစ်နေမှာပဲ”
ကျိရှောင်ယု ဘာမှမပြောတော့ဘဲ ရှေ့သို့သာ ဆက်လျှောက်သွားခဲ့လေသည်။
ကျိမိသားစုမှ အမျိုးသမီးနှစ်ယောက်ခြံရံကာ သူမခြံ၀န်းထဲမှ ထွက်ခွာသွားခဲ့၏။
ကျိချင်ကွမ်းလည်း ထွက်ခွာသွားသောသူမပုံရိပ်ကိုကြည့်ကာ အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်မိလေသည်။
ဤသုံးနှစ်အတွင်း ဤမင်္ဂလာပွဲနှင့်ပတ်သက်ပြီး အမှားအယွင်းတစ်ခုခုဖြစ်သွားမှာကို သူကြောက်ရွံ့မိနေပြီး ထို့ကြောင့်လည်း သူကျိရှောင်ယုကို အနီးကပ်စောင့်ရှောက်နေခြင်း ဖြစ်၏။
သူကျိရှောင်ယုနောက်မှ အမြန်လိုက်သွားလိုက်ပြီး ကျိရှောင်ယုကို လျူမိသားစုကိုမပို့ရသေးခင်ထိတော့ သူစိတ်အေးနိုင်မည် မဟုတ်ပေ။
ကျိမိသားစု ဂိတ်တံခါးရှေ့တွင် တပည့်တစ်ယောက်စံအိမ်ထဲမှ အမြန်ထွက်လာကာ ဂိတ်တံခါးရှေ့ရှိ အထက်လူကြီးများကို ကျိရှောင်ယု ထွက်လာပြီဖြစ်မှန်း သတင်းပေးလိုကေသာအခါ အကြီးအကဲများမျက်နှာပေါ် အပြုံးများ ပွင့်လန်းလာခဲ့သည်။
သူတို့ ကျိရှောင်ယု၏ မကျေမနပ်ဖြစ်မှုအကြောင်း ကြားသိထားသော်လည်း ဤအရာသည် မြင့်မြတ်မိသားစုတစ်ခု ဖြစ်၏။ ထို့ကြောင့် မင်္ဂလာပွဲသည် မိသားစုအကျိုးအမြတ်အတွက်သာ ဖြစ်ရပေလိမ့်မည်။
စောင့်ဆုိင်းနေချိန်အတွင်း ကျိမိသားစုမှကျင့်ကြံသူတစ်ယောက်က အခုတလော ပျံ့နှံ့နေသော ကမ္ဘာဖျက်ပင်လယ်လှိုင်း ကောလာဟလအကြောင်း မေးမြန်းခဲ့၏။
လျူယီထျန်းတွေးဆကာ ဖြေလိုက်သည်။
“ကျွန်တော်လည်း တံခါးပိတ်ကျင့်ကြံရာကထွက်လာတော့ အဲ့ဒီသတင်းအကြောင်းကြားပါတယ် အဲ့လိုကောလာဟလမျိုးက ပင်လယ်တစ်ခုလုံးမှာ ပျံ့နှံ့နေပြီ ဒါပေမယ့် အဆုံးသတ်ကတော့ ဘာဖြစ်မလဲသေချာမသိကြသေးပါဘူး သေချာတာကတော့ အခုကနေ နှစ်တစ်ရာအတွင်းဘာမှဖြစ်လာနိုင်မှာမဟုတ်ဘူး အဲ့ဒီနောက်ပိုင်းတော့ ဘာဖြစ်မယ် ဘယ်သူမှသေချာမသိဘူး”
အနားရှိကျင့်ကြံသူများလည်း တစ်ယောက်တစ်ပေါက်နှင့် ထိုအကြောင်းဆွေးနွေးကြတော့သည်။
တခဏကြာသောအခါ ကျိမိသားစုစံအိမ်ထဲမှ ကျိမိသားစု၀င်များသည် ကျိရှောင်ယုကို ခြံရံကာထွက်လာခဲ့ကြပြီး ကြယ်များခြံရံထားသော လတစ်စင်းလိုပင်ဖြစ်နေခဲ့သည်။
သူမကိုမြင်သောအခါ လျူယီထျန်းပြုံးလိုက်၏။
ထို့နောက်တွင်တော့ ကျိရှောင်ယု သူမမျက်နှာပေါ်ရှိ ပုဝါကိုဆွဲဖြုတ်လိုက်ပြီး သူမလက်ဖဝါးပေါ်တွင်ပင် မီးရှို့လိုက်လေရာ ပုဝါစကပြာအဖြစ် ပြောင်းလဲသွားခဲ့သည်။
သူမအမူအရာက အေးစက်နေပြီး မျက်လုံးများက လျူယီထျန်းအပေါ်တွင်ရှိနေပြီး နှုတ်ခမ်းပေါ်၌ မခို့တရို့အပြုံးတစ်ခု ရှိနေခဲ့၏။
လျူယီထျန်းသူမအကြည့်ကြောင့် မသက်မသာဖြစ်သွားပြီး မျက်မှောင်ကြုံ့လိုက်ကာ
“မင်းဒါဘာကိုဆိုလိုတာလဲ”
ပတ်၀န်းကျင်ရှိ ကျိမိသားစု၀င်များလည်း မျက်မှောင်ကြုံ့သွားခဲ့ကြသည်။ ကျိရှောင်ယုသည် ဤမင်္ဂလာပွဲကို ဆန့်ကျင်နေခြင်းပေလော။
“နောက်ထပ် ပုဝါနီတစ်ထည်အမြန်ယူခဲ့” ကျိမိသားစုခေါင်းဆောင် ကျိချင်ကွမ်းကို မကျေမနပ်ကြည့်ကာ ပြောလိုက်၏။
ကျိချင်ကွမ်း ဘာမှပြန်မပြောရသေးခင်တွင် ကျိရှောင်ယု လေပေါ်သို့ ပျံတက်သွားခဲ့ပြီး ကောင်းကင်ပေါ် မီတာတစ်ရာခန့်အမြင့်တွင်ရပ်တန့်သွားခဲ့သည်။ လျူမိသားစုကျင့်ကြံသူများလည်း သူမကိုမတားခဲ့ကြဘဲ သူမရည်ရွယ်ချက်ကိုသာ စိတ်၀င်စားနေခဲ့ကြ၏။
သူမသည် ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေထဲတွင် မင်္ဂလာပွဲကို ဖျက်သိမ်းနေခြင်းပေလော။
ထိုစဉ် ကျိရှောင်ယု၏ နှဖူးပေါ်တွင် ကမ္ဘာဦးတာအိုအဆောင်၏ အမှတ်အသားဖြစ်သော တာအိုသင်္ကေတတစ်ခုပေါ်ပေါက်လာခဲ့လေသည်။ သူမကိုယ်ထဲမှ ကမ္ဘာဦးတာအိုအဆောင်၏ စွမ်းအားများ တိုးထွက်လာခဲ့ပြီး သူမအရှိန်အဝါက ရုတ်ချည်းပြောင်းလဲသွားခဲ့၏။
“နင်တို့သေမျိုးတွေက ငါ့ပြန်လည်မွေးဖွားခြင်းလုပ်ငန်းစဥ်ကို နှောင့်ယှက်ရဲကြတယ် ဒေါသထွက်စရာပဲ” ကျိရှောင်ယု မျက်မှောင်ကြုံ့ရင်း ပြောလိုက်သည်။ သူမအသံက ကောင်းကင်တစ်ခွင်ဟိန်းထွက်လာခဲ့ပြီး သူမအေးစက်စက်လေသံကလည်း ပြောင်းလဲနေခဲ့သောကြောင့် ကျိမိသားစု၀င်များပင် သူမကိုမမှတ်မိတော့သလို ဖြစ်သွားခဲ့ရသည်။
လျူယီထျန်းလည်း တစ်ခုခုကိုအာရုံခံမိသွားပြီး ကောင်းကင်ပေါ်ရှိ သူမဆီပျံဝဲတက်သွားကာ သံသယရှ်ိဟန်ဖြင့် မေးလိုက်၏။
“မင်းကတကယ်ပဲ ဘယ်သူလဲ”
ထို့နောက် လျူမိသားစု၀င်များ တစ်ယောက်ပြီးတစ်ယောက်လေပေါ် တက်သွားကြပြီး ကျိရှောင်ယုကိုဝိုင်းလိုက်ကြလေသည်။
ထိုစဉ် ကောင်းကင်နှင့်တိမ်ပင်လယ်ပြိုကွဲသွားကာ မိုးကြိုးတိမ်တိုက်များ ဖြစ်ပေါ်လာခဲ့၏။ ထိုတိမ်တိုက်များထဲမှ အလွန်ကြီးမားသော ပုံရိပ်ကြီးတစ်ခုပေါ်ပေါက်လာခဲ့ပြီး ထိုပုံရိပ်ကြီးက ဘီလူးနတ်ဘုရားတစ်ပါးနှင့်ပင်တူလှကာ ကောင်းကင်အပြင်မှနေ၍ ကောင်းကင်ထဲရှိသက်ရှိအားလုံးကို ကြည့်ရှုနေသလို ဖြစ်နေခဲ့သည်။
ကျိရှောင်ယု ထိုအရာကြီးကိုမော့မကြည့်ဘဲ လျူယီထျန်းကိုသာ ခပ်အေးအေးကြည့်၍ ပြောလိုက်သည်။
“အချို့ကမ္မချည်နှောင်မှုတွေက နင့်သိနိုင်စွမ်းရဲ့ အလွန်မှာရှိတယ် ငါ့ကျင့်ကြံခြင်းကို နှောင့်ယှက်ရင် ပြန်လည်မွေးဖွားခြင်းကတောင် နင်တို့ကို ခွင့်လွှတ်မှာမဟုတ်ဘူး”
ဝုန်းး….
အားကောင်းလှသော ဖိအားကြီးတစ်ခု ကျိရှောင်ယုကိုယ်မှ ထွက်ပေါ်လာကာ သူမနှဖူးမှ ရွှေရောင်မီးတောက်များ ထွက်ပေါ်လာပြီး ထိုမီးတောက်များက အလျင်အမြန်ပင် ပြန့်ကားသွားပြီး သူမနောက်တွင် ဧရာမပုံရိပ်ေယာင်ကြီးတစ်ခု ဖြစ်တည်သွားခဲ့သည်။ထိုပုံရိပ်ယောင်က သူမနှင့် ချွတ်စွတ်တူနေပြီး မတူသည်မှာ ထိုပုံရိပ်ယောင်၏ကျင့်ကြံခြင်းက မဟာယနအဆင့်ထက်ပင် ကျော်လွန်နေခြင်း ဖြစ်၏။
ကျိရှောင်ယု သူမလက်ကိုမြှောက်လိုက်ကာ ကောင်းကင်ကို ဖမ်းဆုပ်လိုက်လေသည်။ သူမနောက်ရှိ ပုံရိပ်ယောင်ကြီးကလည်း သူမလိုပင်လုပ်လိုက်ပြီးေနာက် ကောင်းကင်ပေါ်ရှိ မိုးကြိုးတိမ်တိုက်များ ပြိုကွဲသွားခဲ့၏။ သူမပံုရိပ်ေယာင်လက်ဖဝါးထဲတွင်မူ မိုးကြိုးတိမ်တိုက်များထဲမှ ပုံရိပ်ကြီးရောက်ရှိနေပြီးယခုအခါ ထိုပုံရိပ်က ကြောက်လန့်မှုများကြောင့် တုန်ရီနေခဲ့ရသည်။
သူဘာမှမပြောနိုင်သေးခင်တွင်ပင် ရွှေရောင်မီးတောက်များ သူ့တစ်ကိုယ်လုံးကို ဖုံးအုပ်သွားခဲ့ပြီး ရုတ်ချည်းပျောက်ကွယ်သွားကာ ဘာသဲလွန်စမှ မကျန်ရစ်ခဲ့တော့ပေ။
အပိုင်း(၂၅၀)
ကောင်းကင်ဈာန်အမတ၊ ပိုင်းဖြတ်ဖို့ ဓားတစ်ချက်
ရိုင်းလိုက်လေ!
ကျိရှောင်ယု ပုံရိပ်ယောင်ကိုဆင့်ခေါ်၍ လျူမိသားစု ကျင့်ကြံသူကို တစ်ချက်တည်းဖြင့် သတ်လိုက်သည်ကို တွေ့လိုက်ရသောအခါ အခြား လျူမိသားစုကျင့်ကြံသူများ ဒေါသထွက်ကုန်ကြသည်။ သူတို့ ဓမ္မရတနာများကိုထုတ်၍ ကျိရှောင်ယုကို ချက်ချင်းသတ်ဖို့ပင် ပြင်လိုက်ကြ၏။
ထိုစဉ် လျူယီထျန်းတစ်ခုခုပြောရန် ပြင်လိုက်စဉ်တွင် ကျိရှောင်ယု ကိုယ်မှ ရွှေရောင်မီးတောက်များ ထွက်ပေါ်လာပြီး မီးတောက်များက အရပ်မျက်နှာအားလုံးသို့ ပျံ့နှံ့သွားလေရာ ကျင့်ကြံသူများအားလုံး ရှောင်ဖို့နောက်ကျသွားခဲ့ပြီး စိတ်ဝိညဉ်စွမ်းအားများ လင်းရှီများသုံး၍သာ ကာကွယ်လိုက်ကြရသည်။
ရွှေမီးတောက်များ ဖြတ်သန်းသွားသည်နှင့် ကမ္ဘာကြီးမှာ ရုတ်ချည်းပြောင်းလဲသွားခဲ့သည်။
ကောင်းကင်သည် ကြက်သွေးရောင်ပြောင်းလဲသွားကာ ကောင်းကင်ထက်မှ မရေတွက်နိုင်သော ဥက္ကာပျံများ ကျဆင်းလာခဲ့ပြီး ဥက္ကာပျံတိုင်းတွင်လည်း အားလှိုင်းများပါရှိနေကာ မြင်ကွင်းမှာ အသက်ရှူမှားလောက်စရာပင်။
ကျိရှောင်ယု ကောင်းကင်ထက်တွင် ရပ်နေရင်း သူ့နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသော်လည်း သူမအမူအရာကတော့ မပြောင်းမလဲသာ တည်ရှိနေခဲ့သည်။
ထိုစဉ် သူမနောက်မှ ပုံရိပ်ယောင်တွင် ရွှေရောင်မီးတောက်များ တောက်လောင်လာခဲ့ပြီး သူမနှဖူးပေါ်ရှိတာအိုအမှတ်အသားက ထူးဆန်းသောအရောင်တစ်ခုတောက်လာခဲ့၏။ ထို့နောက် သူမညာလက်ကိုမြှောက်၍ ပါးစပ်ရှေ့တွင်ထားကာ ဂါထာတစ်ခုကိုရွတ်ဆိုလိုက်လေရာ သူမကိုယ်မှ ရွှေအလွှာတစ်ခု ပြန့်ကားထွက်ပေါ်လာပြီး ထိုရွှေအလွှာက အသက်သုံးရှိုက်စာအတွင်း ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
“ကမ္ဘာဦးတာအိုအဆောင်က စိတ်ဆန္ဒကို လက်သင့်ခံထားနိုင်မယ်လို့ ကျုပ်ထင်မထားမိခဲ့ဘူး ကျုပ်တို့က ဘယ်ရှေးဟောင်းဆက်ဆံသူကိုများ နှောင့်ယှက်မိလိုက်လဲ သိချင်မိတယ်!”
အိုမင်းနေသော အသံကြီးတစ်သံထွက်ပေါ်လာကာ မီးခိုးရောင်၀တ်စုံ၀တ်အကြီးအကဲတစ်ယောက် လျူယီထျန်းရှေ့တွင် ထွက်ပေါ်လာခဲ့လေသည်။
လျူယီထျန်း အမြန်လက်သီးဆုပ်၍ ဂါရ၀ပြုလိုက်ပြီး သူ့ပုံစံကအတော်လေး ရိုကျိုးနေခဲ့သည်။
မီးခိုးရောင်၀တ်အဖိုးကြီးကတော့ ဘာကိုမှလှည့်မကြည့်ခဲ့ဘဲ သူ့အကြည့်က ကျိရှောင်ယုနောက်ရှိ ရွှေရောင်ပုံရိပ်ယောင်ကိုသာ ကြည့်ရှုနေခဲ့၏။
“အချုပ်အနှောင်မဲ့အမတတစ်ယောက်က မလုံလောက်ဘူး” ကျိရှောင်ယု အသံထပ်မံထွက်ပေါ်လာခဲ့ပြန်သည်။
အဖိုးကြီးမျက်နှာ ရုတ်ချည်းပြောင်းလဲသွားပြီး ချက်ချင်း ကျောက်စိမ်းတောင်ဝှေးတစ်ချောင်းကို ထုတ်လိုက်၏။
ဝုန်းးး
ကြောက်မက်ဖွယ် ရွှေမီးတောက်လှိုင်းတစ်ခုသူ့ဆီ ပြေး၀င်သွားခဲ့လေသည်။ အဖိုးကြီး လင်းရှီကိုသုံး၍ ခုခံလိုက်သော်လည်း မီးတောက်လှိုင်းကြောင့် သူ့နောက်ရှိ လျူယီထျန်းပင်နာကျင်မှုကိုခံစားလိုက်ရ၏။ ထိုနာကျင်မှုက အပေါ်ယံမှမဟုတ်ဘဲ သူ့ဝိညဉ်ထိပါလှိုက်၍ နာနေခြင်းဖြစ်သည်။
“ဘယ်လိုဖြစ်နိုင်မှာလဲသူကတကယ်ကြီး ဘယ်သူများလဲ” လျူယီထျန်း မယုံကြည်နိုင်ဘဲ တွေးလိုက်မိ၏။
အောက်မှ ကျိမိသားစု၀င်များလည်း အံ့အားသင့်နေခဲ့ကြသည်။
ကျိရှောင်ယု၏ ကမ္ဘာဦးတာအိုအဆောင်တွင် ထိုမျှစွမ်းအားများ ပါရှိနေခြင်းပေလော။
ကျိချင်ကွမ်း ရုတ်တရက်လွန်ခဲ့သော သုံးနှစ်က ကျိရှောင်ယုသူ့ကို ပြောခဲ့သည်ကို ပြန်သတိရမိသွားပြီး သူ့ကျောရိုးများ အေးစိမ့်သွားခဲ့ရ၏။
အချုပ်အနှောင်မဲ့အမတအဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားသော အဖိုးကြီးလည်း ရွှေမီးတောက်လှိုင်းကို မခုခံနိုင်ခဲ့ပေ။ ခုခံနေရင်း သူ့ကိုယ်မှ သွေးနီစက်များ ပေါ်ပေါက်လာခဲ့ပြီး သူ့နောက်မှ လျူယီထျန်းလည်း သူ့လိုပင်။
အခြားလျူမိသားစုဝင်များလည်း တစ်ပြိုင်နက်တည်းတိုက်ခိုက်လိုက်ကြသော်လည်း သူတို့လင်းရှီများက ရွှေမီးတောက်များအနီးသို့ရောက်သည်နှင့် အရည်ပျော်သွားခဲ့ပြီး ကျိရှောင်ယုကို ထိခိုက်အောင်လုပ်လို့ ရမနေပေ။
တောင်များလည်း တုန်ခါနေပြီး ပြိုကွဲတော့မလိုပင် ဖြစ်ကုန်ကြကာ ဂူအသီးသီးမှ ကျင့်ကြံသူများထွက်လာပြီး ကောင်းကင်ပေါ်ရှိ ကျိရှောင်ယုကို မယုံနိုင်ဟန်ဖြင့် ကြည့်ရှုနေခဲ့ကြသည်။
သူတို့အကြည့်များအောက်တွင် ရွှေပုံရိပ်ယောင်ကြီးသည် သူမလက်ကို မြှောက်၍ လက်ချောင်းထိပ်ဖြင့် ကောင်းကင်တွင် မျဉ်းတစ်ခု ဆွဲချလိုက်၏။ ထို့နောက် သူမဆွဲလိုက်သောမျဉ်းနေရာတွင် အာကာသ အက်ကွဲကြောင်းကြီးတစ်ခုဖြစ်ပေါ်သွားကာ အက်ကွဲကြောင်း၏ ထောင့်စွန်းများတွင်ရွှေမီးတောက်များက တောက်လောင်နေပြီး အလွန်ကြီးမားသော အပေါက်ကြီးတစ်ပေါက် ဖြစ်ပေါ်လာခဲ့သည်။
ကျိရှောင်ယု နှုတ်ခမ်းပေါ်တွင် သွေးများပိုများလာသော်လည်း သူမမျက်လုံးများကတော့ တည်ငြိမ်နေဆဲပင်။
ထိုစဉ် သူမနောက်ရှိ ရွှေပုံရိပ်ယောင်ကြီးက အာကာကအက်ကွဲကြောင်းကြီးထဲမှ ဧရာမရွှေရောင်ယပ်တောင်ကြီးတစ်ချောင်းကို ဆွဲထုတ်လိုက်လေသည်။ ထိုယပ်တောင်ကြီး၏ မျက်နှာပြင်က မေပယ်ရွက်နှင့်တူပြီး ယပ်တောင်ပေါ်တွင် ပုံရိပ်များစွာရှိနေပြီး ယပ်တောင်ထဲတွင် များစွာသောကမ္ဘာများ ပုန်းအောင်းနေသလိုပင်။
ဧရာမရွှေယပ်တောင်ကြီး ဆင်းသက်လာသည်နှင့် ကမ္ဘာကြီးစတင်ပြိုကွဲလာကာ အာကာသကတွန့်လိမ်သွားပြီး တိမ်တိုက်များပြိုကွဲသွားသည့်အပြင် တောင်ထိပ်များပင် ပေါက်ကွဲထွက်ကုန်ကြသည်။
ဤကုန်းမြေတွင် နေထိုင်ကြသော ကျင့်ကြံသူများလည်း ခေါင်းမပါသောယင်ကောင်များလို ကြောက်လန့်တကြား ခြေဦးတည့်ရာ ထွက်ပြေးကုန်ကြတော့သည်။
“လူတွေခေါ်ပြီး ဆုတ်ကြတော့!”
မီးခိုးရောင်၀တ်အဖိုးကြီး ရွှေမီးတောက်လှိုင်းကိုခုခံရင်းပြောနေရသောကြောင့် သူ့အသံက တိုးနေပြီးတည်ကြည်နေကာ သူ့တကိုယ်လုံးကတော့ သွေးလူသားဖြစ်နေခဲ့၏။ သူ့နောက်ရှိ လျူယီထျန်းကတော့ သူ့လောက်အခြေအနေဆိုးမနေပေ။
လျူယီထျန်း အံကိုတင်းတင်းကြိတ်လိုက်ကာ နောက်ပြန်လှည့်ကာထွက်သွားဖို့ ပြင်လိုက်သည်။
ထိုအခိုက်တွင် ကျိရှောင်ယုနောက်ရှိ ရွှေပုံရိပ်ယောင်ကြီးက ရွှေယပ်တောင်ကြီးကို လွှဲယမ်းချလိုက်လေသည်။ လောင်ကျွမ်းနေသော မီးတောက်လှိုင်းတစ်ခုက ကောင်းကင်တစ်၀က်ကို ဖြတ်သန်းသွားပြီး လမ်းတစ်လျှောက်ရှိ ကျင့်ကြံသူများအားလုံး အငွေ့ပျံသွားခဲ့ကြ၏။ မီးခိုးရောင်၀တ်အဖိုးအိုနှင့် လျူယီထျန်းလည်း မလွတ်မြောက်ခဲ့ပေ။ နှစ်ယောက်လုံး ကြယ်အလင်းများအဖြစ်ပြောင်းလဲသွားကာ ကိုယ်ရော ဝိညဉ်ပါ သုတ်သင်ခံလိုက်ရသည်။
ထိုမြင်ကွင်းက ကျိမိသားစု၀င်များနှင့် အခြားမိသားစုများမှလူများကို ကြောက်လန့်ကာ ကြက်သေသေသွားစေခဲ့သည်။
ထို့နောက် ကျိရှောင်ယု ခေါင်းကိုငုံ့ကာ ကျိချင်ကွမ်းကို ငုံ့ကြည့်လိုက်၏။
ကျိမိသားစု၀င်များအားလုံး တောင့်တင်းနေကြပြီး သူမအကြည့်ကို လက်မခံရဲကြပေ။
ဤမင်္ဂလာပွဲကို သူမကဆန္ဒမရှိဘဲ မိသားစု၀င်များက မိသားစုအတွက်သူမကိုစတေးခြင်းဖြစ်မှန်း လူတိုင်းသိကြပေသည်။
“လျူမိသားစုကလူတွေ အများကြီးသေသွားပြီ အနာဂတ်မှာ ကျိမိသားစုကံကြမ္မာက ဘယ်လိုဖြစ်သွားလောက်မလဲ” ကျိရှောင်ယု၏အေးစက်စက်အသံက ကျိမိသားစု၀င်များအားလုံးနားထဲ ၀င်လာခဲ့၏။
ကျိချင်ကွမ်း ကျိဟန်ထျန်းနှင့့်ကျိမိသားစု၀င်များအားလုံး နှလုံးသားထဲမှ ကြောက်စိတ်များတကိုယ်လုံးဆီ ပျံ့နှံ့ကုန်ကြသည်။
ကျိရှောင်ယု မျက်လုံးများကလည်း သွေးများဖြင့်စတင်ပြည့်နှက်လာကာ အလျင်အမြန်ပင် သွေးနီရောင်အဖြစ်ပြောင်းလဲသွားခဲ့၏။
“ရှောင်ယု နင်တကယ်ပဲဘာလုပ်ချင်နေတာလဲ” ကျိဟန်ထျန်း အမြန်မေးလိုက်လေသည်။ လျူမိသားစု၀င်များမှလွဲ၍ အခြားမိသားစု၀င်များအားလုံး ရွှေရောင်မီးတောက်မှ လွတ်ကင်းသွားကြသဖြင့် အခြားမိသားစု၀င်များလည်း ကြိတ်၍သက်ပြင်းချလိုက်မိကြသည်။
ကျိရှောင်ယု သွေးနီရောင်မျက်လုံးများကိုမော့၍ မိုးကုတ်စက်ဝိုင်းသို့ ကြည့်လိုက်၏။
ကမ္ဘာ့အစွန်းတစ်ဖက်တွင် ကြီးမားသော အနက်ရောင်အက်ကွဲကြောင်းကြီးတစ်ခုထွက်ပေါ်လာပြီး ထိုထဲမှ ပုံရိပ်များပျံသန်းထွက်ပေါ်လာကာ သူမဆီသို့ အမြန်ချဉ်းကပ်လာနေခဲ့သည်။
ထိုပုံရိပ်များဧ။်အရှိန်အ၀ါက မီးခိုးရောင်၀တ်လူထက် ပို၍သန်မာပေသည်။
ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်းဆန္ဒတစ်ခုက ကျိရှောင်ယုကို ပစ်မှတ်ထားခဲ့ချေပြီ!
ကျိရှောင်ယု ညာလက်ကိုမြှောက်လိုက်ရာ သူ့နောက်ရှိပုံရိပ်ကြီးကလည်း လက်ထဲတွင်ယပ်တောင်ကြီးကိုကိုင်ထားရင်း ညာလက်ကိုမြှောက်လိုက်၏။
ထိုအခိုက်တွင် သူမရှေ့၌ ပုံရိပ်တစ်ခုပေါ်ပေါက်လာခဲ့လေသည်။ ပုံရိပ်ကိုမြင်သောအခါ ကျိရှောင်ယု မျက်လုံးများအံ့အားသင့်မှုကြောင့် ပြူးကျယ်သွားခဲ့၏။ သွေးများဖုံးလွှမ်းနေသော်လည်း သူမမျက်လုံးထဲရှိ အံ့အားသင့်သွားသည့်အရိပ်အယောင်ကို အထင်းသားမြင်နေခဲ့ရသည်။
အစွန်းကိုးပါးယင်ယန်ခန္ဓာကိုအသုံးပြုထားသော ကုအန် ကျိရှောင်ယု ရှေ့တွင် ရပ်နေခဲ့၏။ သူ့လက်နှစ်ဖက်တွင် ဓားတစ်လက်စီ ကိုင်ထားပြီး တစ်လက်က ကောင်းကင်စံအိမ်ဓားဖြစ်ကာ နောက်တစ်လက်က ချင်းဟုန်ဓားဖြစ်သည်။ ဓားများ၏ မူလပုံသဏ္ဍာန်ကိုဖုံးကွယ်နိုင်ရန် နှစ်လက်လုံးကို ခရမ်းရောင်ချီများဖြင့် ဖုံးအုပ်ထားခဲ့၏။
အဝေးမှ ကြီးမြတ်သည့်ကျင့်ကြံသူများကို ရင်ဆိုင်ရင်း ကုအန် ဓားများကို သာမန်အတိုင်းလွှဲခုတ်လိုက်သည်။
ဓားအလင်းရောင်က ကမ္ဘာတစ်ခုလုံးကို ဖုံးအုပ်သွားခဲ့၏။
အဖြူရောင်သက်တန့်လို ဓားချီတစ်ချက်က ကောင်းကင်ကို ဖြတ်သန်းသွားခဲ့သည်။ ကျိရှောင်ယုကို တိုက်ခိုက်ရန်လာသော ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေမှ ကျင့်ကြံသူများ ကုအန်ကို မြင်ပင်မမြင်လိုက်ရဘဲ ပြာမှုန့်များအဖြစ် ပြောင်းလဲသွားခဲ့၏။
[သင်သည် လျူကု(အချုပ်အနှောင်မဲ့အမတအဆင့်၇)ကိုသတ်ဖြတ်ပြီး သက်တမ်း ၅၉၀ ရရှိခဲ့ပါသည်]
[သင်သည် တာအိုပညာရှင်ကျန်းလန် (အချုပ်အနှောင်မဲ့အမတအဆင့် ၉)ကိုသတ်ဖြတ်ပြီး သက်တမ်း ၃၈၇ ရရှ်ိခဲ့ပါသည်]
[သင်သည် လုချန်ဖုန်း(အချုပ်အနှောင်မဲ့အမတအဆင့် ၇) ကိုသတ်ဖြတ်ပြီး သက်တမ်း ၁၀၃၂ ရရှိခဲ့ပါသည်]
….
စာကြောင်းများတစ်ကြောင်းပြီးတစ်ကြောင်းကုအန်ရှေ့တွင် ပေါ်ပေါက်လာခဲ့၏။
ထို့နောက် ကုအန် သူ့နောက်ရှိ အတော်လေးအခြေအနေဆိုးနေသော ကျိရှောင်ယုကို လှည့်ကြည့်လ်ုက်လေသည်။ ကမ္ဘာဉီးတာအိုအဆောင်၏အစွမ်းက အမှန်တကယ်ပင် အံ့အားသင့်စရာ ကောင်းလှ၏။
ထိုအရာမှာ မြေလျှောက်အမတတစ်ပါးနှင့်ပင် ယှဉ်နိုင်နေခဲ့သည်။
သို့သော် ကျိရှောင်ယုက ထိုစွမ်းအားကိုတောင့်မခံနိုင်သောကြောင့် သူမအသက်စွမ်းအားက တဖြည်းဖြည်းလျော့နည်းလာခဲ့ရ၏။
ကုအန်ပြောလိုက်သည်။
“မင်းနတ်သိုင်းကိုပြန်ရုတ်သိမ်းလိုက်တော့”
သူဆရာသခင်ဓားအရှင်၏ အက်ကွဲကွဲနှင့် တည်ကြည်သောအသံကိုသုံး၍ ပြောလိုက်ခြင်း ဖြစ်၏။
ကျိရှောင်ယု ပြုံးကာပြောလိုက်သည်။
“ပြန်လည်မွေးဖွားခြင်းက စတင်သွားပြီ နောက်ဆုတ်လို့မရတော့ဘူး”
ကုအန်အကြည့်က သူမနောက်ရှိ ရွှေရောင်ပုံရိပ်ဆီရောက်ရှိသွားခဲ့၏။ ရွှေရောင်ပုံရိပ်၏ စိတ်ဝိညဉ်အရှိန်အဝါက ကျိရှောင်ယုနှင့် တစ်ထပ်တည်းတူနေမှန်း သူမြင်နေခဲ့ရသည်။ ဤစွမ်းအားသည် ကျိရှောင်ယုကိုယ်ထဲမှ ဆင့်ခေါ်ထားခြင်းထက် တစ်နေရာရာမှလာခြင်းဖြစ်ပုံပေါ်ပေသည်။
သူရွှေရောင်ပုံရိပ်ကို သက်တမ်းစစ်ဆေးခြင်းသုံး၍ ကြည့်သော်လည်း ဘာမှမမြင်ရခဲ့ပေ။
“ဓားအရှင် ရှင်ကျွန်မကို ကူညီဖို့လာခဲ့တာလား” ကျိရှောင်ယု ရုတ်တရက်မေးလိုက်၏။
ကုအန်ဖြေလိုက်သည်။ “ငါက ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေကိုသုတ်သင်ဖို့ လာခဲ့တာ”
ကျိရှောင်ယုပြုံးလိုက်ကာ “ဒီဘ၀ကတိုလွန်းပါတယ် ဓားအရှင် တကယ်လို့များ ရေစက်မကုန်သေးရင် ကျွန်မတို့အနာဂတ်မှာ ထပ်တွေ့ကြရလိမ့်မယ်”
ထို့စဥ် သူမခန္ဓာကိုယ်မှ ရွှေအလင်းတန်းများပေါက်ကွဲထွက်ပေါ်လာပြီး ခန္ဓာကိုယ် ပြိုကွဲသွားခဲ့၏။ ထို့နောက် ရွှေရောင်အဆောင်စာရွက်တစ်ခုပေါ်လာကာ ရွှေအလင်းများကို သူ့ကိုယ်ထဲစုပ်ယူပြီး အလျင်အမြန်ပင် ရွှေရောင်ပုံရိပ်ယောင်နှင့် ပေါင်းစပ်နေခဲ့သည်။
ကုအန်အကြည့်က ရွှေပုံရိပ်ယောင်လက်ထဲရှ်ိ ဧရာမရွှေယပ်တောင်ကြီးဆီရောက်နေပြီး ထိုထဲရှိ ကြောက်မယ်ဖွယ်စွမ်းအားကို ခံစားမိနေခဲ့၏။
ဤရတနာက ကမ္ဘာခြားနတ်မြို့့တော်အောက် အားနည်းပုံမပေါ်သည့်အပြင် ထိုအရာက ရုပ်၀တ္ထုရတနာမဟုတ်သေးဘဲ စွမ်းအင်သက်သက်ဖြင့် စုဖွဲ့ထားခြင်းသာ ဖြစ်နေသေးသည်။
ထိုစဉ် ကြောက်မက်ဖွယ်စိတ်ဝိညဉ်စွမ်းအားများ ကမ္ဘာငယ်လေး၏ အပြင်ဘက်မှ ကမ္ဘာငယ်လေးထဲသို့ တိုး၀င်လာခဲ့၏။
အလင်းရောင်များ အဝေးရှိ အမှောင်ထုထဲမှတောက်ပလာခဲ့ပြီး မြေလျှောက်အမတအထက် တည်ရှိမှုတစ်ခုသည် အလွန်လျင်မြန်သောအရှိန်ဖြင့် ချဉ်းကပ်လာခဲ့ချေပြီ။
ကောင်းကင်ဈာန်အမတ!
ဤကောင်းကင်ဈာန်အမတသည် အဝေးမှ လက်ဝါးတစ်ချက်ရိုက်ချလိုက်ကာ ရွှေရောင်ပုံရိပ်ကို တစ်ချက်တည်းဖြင့်ရှင်းဖို့ ကြံလိုက်လေသည်။ ရွှေရောင်ပုံရိပ်လည်းချက်ချင်း ယပ်တောင်ကိုမြှောက်၍ ခုခံလိုက်ရ၏။
ဂျိန်းး ဂျလိန်းး
ကောင်းကင်တုန်ခါလာကာ အာကာသပြိုကွဲပြီး တွန့်လိမ်လာခဲ့သည်။
ကုအန် ယပ်တောင်အောက်ခြေနားတွင်ရပ်နေရင်း ယပ်တောင်ကို စိတ်၀င်တစားကြည့်ရှုနေခဲ့၏။
“ဓားအရှင် ကျွန်မစွမ်းအားကအကြာကြီးတောင့်ခံထားနိုင်မှာမဟုတ်ဘူး” ကျိရှောင်ယု၏ ပင်ပန်းနေသောအသံ ထွက်ပေါ်လာခဲ့သည်။
ရွှေရောင်ပုံရိပ်၏ လက်မောင်းများ တုန်ခါနေပြီးယပ်တောင်က ကုအန်ဆီတဖြည်းဖြည်းကျလာလေရာ သူမ ကောင်းကင်ဈာန်အမတ၏အစွမ်းကိုတောင့်မခံနိုင်တော့မှန်း ထင်ရှားနေခဲ့သည်။
ကုအန် ကောင်းကင်ဈာန်အမတကို သက်တမ်းစစ်ဆေးခြင်းသုံး၍ ကြည့်လိုက်၏။
[ကမ္ဘာမြေ နတ်အရှင်(ကောင်းကင်ဈာန်အမတအဆင့် ၁): ၁၂၉၀၈၀/၂၃၀၀၀၀/၂၅၀၀၀၀]
နှစ်ပေါင်း ၁၂၀၀၀၀ နေထိုင်ခဲ့သော ကောင်းကင်ဈာန်အမတတစ်ပါး!
ကုအန် ခြေတစ်လှမ်းလှမ်းလိုက်ကာ ကြောက်မက်ဖွယ်စွမ်းအားလှိုင်းများကိုဖြတ်၍ ကမ္ဘာမြေနတ်အရှင်ရှေ့တွင် ပေါ်ပေါက်လာခဲ့သည်။
ကမ္ဘာမြေနတ်အရှင်၏မျက်နှာချက်ချင်းပြောင်းလဲသွားကာ မယုံကြည်နိုင်သည့်အကြည့်ဖြင့် ကြည့်နေခဲ့မိ၏။
ထိုစဉ် ဓားအလင်းတစ်ချက် လက်သွားခဲ့လေသည်။
ကုအန် ဓားတစ်ချက်တည်းဖြင့် ကမ္ဘာမြေနတ်အရှင်၏ ခန္ဓာရော ဝိညဉ်ကိုရောပါ ချက်ချင်းရှင်းလင်းပစ်လိုက်၏။ ကြောက်မက်ဖွယ်အားလှိုင်းက ရွှေရောင်ပုံရိပ်ကိုပါ အနည်းငယ် တွန်းထုတ်ပစ်လိုက်သေးသည်။
ယပ်တောင်ကြီးကိုကိုင်ထားသော ရွှေရောင်ပုံရိပ် ကုအန်နောက်ကျောကိုကြည့်နေရင်း သူမအမူအရာကပြောင်းလဲနေကာ ကုအန်စွမ်းအားကို အံ့အားသင့်နေမှန်း သိသာလှ၏။
“ကျွန်မရှင်ကို အထင်သေးမိခဲ့တာပဲ ဓားအရှင် ရှင်နဲ့နောက်တစ်ကြိမ်ထပ်ဆုံရဖို့ မျှော်လင့်နေပါတယ်” ပြောပြီးသည်နှင့် ရွှေရောင်ပုံရိပ်ပြိုကွဲသွားကာ ရွှေအလင်းရောင်များက ကမ္ဘာဦးတာအိုအဆောင်ထဲ ၀င်သွားခဲ့ကြသည်။
ထို့နောက်တွင်တော့ ကမ္ဘာဦးတာအိုအဆောင်လည်း အာကာသကိုစုတ်ဖြဲ၍ တိုး၀င်ကာ ပျောက်ကွယ်သွားလေတော့သည်။
ကုအန် အောက်ဘက်ရှိ ဆုတ်ခွာနေသော ကျိမိသားစု၀င်များကို ကြည့်လိုက်၏။ လူအုပ်ထဲရှိ ကျိဟန်ထျန်း တစ်ခုခုကိုအာရုံခံမိသွားပြီး ပြန်လှည့်ကြည့်လိုက်ကာ ကုအန်အကြည့်ကို မြင်သွားခဲ့သည်။
ထိုအခိုက်တွင် သူထိတ်လန့်မှုနှင့် အပြစ်ရှိစိတ်နှစ်မျိုးလုံးကို ခံစားလိုက်ရ၏။
ဆရာသခင်ဓားအရှင်၏ ကြယ်ခုနှစ်လုံးစိတ်ဝိညဉ်နယ်မြေတွင်ပင် ပြိုင်ဘက်ကင်းနေသော တည်ရှိုမှုကြောင့် သူထိတ်လန့်တုန်လှုပ်သွားခြင်းဖြစ်ပြီး အပြစ်ရှိစိတ်ကတော့ သူထိုအကြီးအကဲကို စိတ်ပျက်မိစေ၍ ဖြစ်သည်။
ကောင်းကင်ပေါ်ရှိ ဆရာသခင်ဓားအရှင်၏ကြမ်းတမ်းလှသည့် အရှိန်အဝါက ဒီရေလှိုင်းများနှယ် ထိုးတက်နေခဲ့၏။ ထို့နောက်တွင်တော့ မျက်စိတစ်မှိတ်အတွင်း သူဆရာသခင်ဓားအရှင်ကို မမြင်ရတော့ပေ။
ကုအန် ခြေတစ်လှမ်းတည်းဖြင့် ကြယ်ခုနှစ်လုံးစိတ်၀ိညဥ်နယ်ေမြမှ တပည့်ထောင်ချီ တရားထိုင်နေသော ကျောက်စိမ်းဖြူ လေးထောင့်ကွက်နေရာတစ်ခုကို ရောက်ရှိလာခြင်းဖြစ်ပြီး အားလုံးက သူတို့ရှေ့ရှ်ိ ခမ်းနားလှသော နန်းတော်ကြီးကို မျက်နှာမူ၍ တရားထိုင်နေခဲ့ကြသည်။
ဘယ်သူမှ ကုအန်ရောက်ရှိလာမှုကို သတိမပြုမိခဲ့ကြပေ။
ကုအန်အကြည့်က နန်းတော်ဆီရောက်ရှိသွားပြီး နန်းတော်ထဲရှိ ပုန်းေအာင်းေနေသာ နောက်ထပ် ကောင်းကင်ဈာန်အမတအဆင့် တည်ရှိမှုတစ်ခုကို အာရုံခံလိုက်မိလေသည်။