← Chapters

အခန်း (၂၅၇-၂၅၈)

Vol. 20 Ch. 257-258

အခန်း (၂၅၇-၂၅၈)

Vol. 20 Ch. 257-258

အပိုင်း(၂၅၇)

ပျော့ကွက်

ကုအန်နှင့်ယန်နီတို့ ရှေ့မှလျှောက်နေရင်း နောက်မှယန်ကျင်းတို့၏ တင်းမာမှုကို သတိထားမိနေခဲ့သည်။

ကုအန် စိတ‌်တော့မရှိခဲ့ပေ။ နောက်ဆုံးတွင် လီလင်းထျန်က သူ့တပည့်ကို အရင်ရန်လာစခဲ့ခြင်းဖြစ်ပြီး သူယန်ကျင်းကို သိုသိုသိပ်သိပ်နေဖို့ သင်ကြားပေးထားသော်လည်း အနိုင်ကျင့်ခံရတာကို ခေါင်းငုံ့ခံဖို့တော့ သင်မပေးထားခဲ့ပေ။

တစ်ဖက်မှ ယန်နီကတော့ ကုအန်တပည့်တွင် ထိုကဲ့သို့ ခက်ထန်သောစရိုက်မျိုးရှိနေမည်ဟု ထင်မထားခဲ့ပေ။ သူမှတ်မိသလောက် ကုအန်သည် အမြဲတန်းနူးညံ့သိမ်မွေ့တတ်သူသာ ဖြစ်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း လီလင်းထျန်နှင့်ရင်ဆိုင်ရာ၌ ခက်ထန်နေလျှင်တော့ အခက်တွေ့သွားစေနိုင်သည်။

သူလီလင်းထျန်ကိုမကြိုက်သော်လည်း လီလင်းထျန်၏ ပါရမီကိုတော့ အသိအမှတ်ပြုရမည်ဖြစ်သည်။ ထိုကောင်လေးသည် အမတတစ်ပါး သေမျိုးလောကသို့ ဆင်းသက်လာသလိုကို ပါရမီကောင်းလှသူ ဖြစ်၏။

တခဏကြာသောအခါ သူတို့လေးယောက်တောအုပ်တစ်ခုထဲသို့ ရောက်ရှိလာခဲ့ကြသည်။

ကုအန်နှင့် ယန်နီတို့ပြောသည်ကိုပင် မစောင့်တော့ဘဲ ယန်ကျင်းတို့ မြေကွက်လပ်ဆီထွက်သွားခဲ့ကြ၏။

လီလင်းထျန်မေးလိုက်သည်။

“မင်းဘယ်လိုစည်းမျဉ်းတွေလိုလဲ”

ယန်ကျင်း၏ ကျင့်ကြံခြင်းက သူ့ထက်နိမ့်မှန်း သူတွေ့နေရသောကြောင့် ယန်ကျင်းကို စည်းမျဉ်းများ သတ်မှတ်ခိုင်းခြင်းဖြစ်သည်။

လီလင်းထျန်သည် သူများကို အနိုင်ကျင့်ရခြင်းကို ကြိုက်နှစ်သက်သူမဟုတ်ပေ။

ယန်ကျင်းသူ့ကို ခပ်အေးအေးကြည့်လိုက်ပြီးပြောလိုက်၏။

“ဒီတိုင်းတိုက်ရိုက်ပဲ တိုက်ခိုက်ကြတာပေါ့ ငါမင်းကိုညှာမှာပါ”

ယန်ကျင်း လီလင်းထျန်၏ သရုပ်မှန်ကိုမသိသော်လည်း ယန်နီနှင့် ကုအန်က ကောင်းမွန်သော ဆက်ဆံရေးရှိပုံပေါ်သောကြောင့် ကုအန် ယန်နီ့အပေါ် လေးစားမှုရှိကြောင်း သူပြသပေးရမည် ဖြစ်သည်။

ယန်ကျင်းစကားကိုကြားသောအခါ လီလင်းထျန်တခဏ ကြောင်အသွားခဲ့၏။

ဒီကောင်က တကယ်ကြီး အကျိုးအကြောင်းနားမလည်ဘူးပဲ!

လီလင်းထျန် ထိုအကြောင်းသိပ်တော့ တွေးမနေခဲ့ပေ။ နောက်ဆုံးတွင် ဤတိုက်ပွဲသည် သူ၁၀နှစ်လောက်စောင့်မျှော်နေခဲ့ရသည့် တိုက်ပွဲကြီးသာ ဖြစ်သည်။

“ဒါဆို တိုက်ခိုက်ကြတာပေါ့!”

လီလင်းထျန် အော်ရယ်လိုက်ကာ သူ့ခြေထောက်ကို စတင်ရွှေ့လိုက်ပြီး အနားရှ်ိ သစ်ရွက်များအားလုံး လွင့်ထွက်သွားခဲ့‌၏။ ထို့နောက် သူယန်ကျင်းဆီ မိုးကြိုးတစ်စင်းနှယ် ပြေး၀င်သွားခဲ့ပြီး ခြေကန်ချက်တစ်ချက်ကိုထုတ်လိုက်ကာ သူ့ခြေထောက်များက ကြာပွတ်ရှည်တစ်ချောင်းနှင့်ရိုက်လုိက်သလိုပင် ဖြစ်နေခဲ့သည်။

ယန်ကျင်းလည်း ချက်ချင်းပင်တုန့်ပြန်ခဲ့ပြီး သူ့ခြေကန်ချက်ကို ဒူးမြှောက်၍ ကာကွယ်လိုက်၏။

ထိုအခါ လီလင်းထျန်၏မျက်လုံးများ ပြူးကျယ်သွားပြီး သူ့မျက်နှာတွင် ကြမ်းကြုတ်သည့် အပြုံးတစ်ခုပင် ပေါ်လာခဲ့သည်။ ယန်ကျင်း၏ ခွန်အားက သူ့ကိုစိတ်လှုပ်ရှားသွားစေခဲ့၏။

“ဒီလိုလျင်မြန်တဲ့ တုန့်ပြန်မှု” ယန်နီ ကုအန်ဘေးတွင်ရပ်နေရင်း ပြောလိုက်သည်။ ယန်ကျင်း လှုပ်ရှားမှုက သူ့ကိုအံ့အားသင့်‌သွားစေခဲ့ခြင်းဖြစ်သည်။

လီလင်းထျန်နှင့် ယန်ကျင်းတို့၏ အလျင်နှင့် တုန့်ပြန်မှုများသက်သက်ကပင် အခြေခံတည်ဆောက်ခြင်းအဆင့်ကို ကျော်လွန်နေပြီ ဖြစ်၏။ သူမ ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်တုန်းကပင် ထိုမျှသန်မာခဲ့ရဲ့လားဟု ယန်နီ တွေးနေမိသည်။

လီလင်းထျန်း ကန်အားကို အရှိန်ပြန်ယူကာနောက်ပြန်ခုန်လိုက်ပြီး လေထဲတွင် လူကိုယ်လုံးက ဆန့်တန်းသွားခဲ့၏။ ထို့နောက် လေထဲတွင် လက်သီးတစ်လုံးထုတ်လိုက်ပြီး သူ့စိတ်ဝိညာဉ်စွမ်းအားက ရွှေနဂါးတစ်ကောင်အဖြစ်ပြောင်းလဲသွားကာ ယန်ကျင်းဆီ တိုး၀င်သွားခဲ့လေသည်။

နဂါးဟိန်းသံကြီးက တောအုပ်တစ်ခုလုံးတွင် ဟိန်းထွက်သွားခဲ့၏။

ယန်ကျင်း နောက်မဆုတ်ခဲ့ဘဲ ထိုအစား နဂါးပုံရိပ်ကြီးကို လက်ကိုဝေ့ယမ်းကာ ဆုတ်ဖြဲပစ်လိုက်ပြီး လီလင်းထျန်ဆီသို့သာ ခုန်တက်သွားခဲ့သည်။

ထိုအခါ လီလင်းထျန်သူငယ်အိမ်များ ရုတ်ချည်း ကျဉ်းမြောင်းသွားခဲ့၏။

ဘန်းးး!

ယန်ကျင်း လီလင်းထျန်အရှိုက်ကို တံတောင်ဖြင့်တွတ်လိုက်ခြင်းဖြစ်ပြီး လီလင်းထျန် မျက်လုံးမျပြူးကျယ်သွားကာ သူ့ပါးစပ်မှ သွေးတစ်လုတ်အန်ထုတ်လိုက်ရသည်။

ချက်ချင်းပင် ယန်ကျင်း၏လက်သီးများ ခြေကန်ချက်များက မုန်တိုင်းတိုက်သလို ကျရောက်လာခဲ့ပြီး လီလင်းထျန် သူ့ကိုယ်သူသဲအိတ်တစ်လုံးလိုပင် ခံစားလိုက်ရကာ လုံး၀ မခုခံနိုင်တော့ပေ။

“မဖြစ်နိုင်တာ!”

ယန်နီ့မျက်လုံးများ မယုံနိုင်မှုကြောင့် ပြူးကျယ်သွားခဲ့၏။

သူမ လီလင်းထျန်၏ခွန်အားကို ကောင်းကောင်းကြီးသိပေသည်။ သူသည် အခြားသူများနှင့် လက်ရည်မစမ်းဖူးသော်လည်း လီရွှမ်တောက်က သူ့အား လေ့ကျင့်ဖို့ ရုပ်သေးများစွာပြင်ဆင်ပေးထားခဲ့၏။

သူမအမြင်တွင် လီလင်းထျန်သည် အခြေခံတည်ဆောက်ခြင်းအဆင့်ကိုပင် ကျော်လွန်နေသူဖြစ်ပြီး သူသာ နတ်သိုင်းများတွင် အချိန်အများကြီးမပေးခဲ့ပါက ယခုအခါ ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်သို့ပင် ရောက်နေမည် ဖြစ်သည်။

ဤကဲ့သို့သော မွန်းစတားဆန်သည့်ပါရမီရှင်မျိုးက ယခုလို လုံး၀ အရိုက်ခံလိုက်ရသည်လော။

ယန်ကျင်း၏ လက်သီးများ ခြေကန်ချက်များ၏ အလျင်က သူမလို နတ်အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူကိုပင် အံ့အားသင့်သွားစေခဲ့သည်။

ယန်ကျင်း တိုက်ပွဲထဲရောက်သွားသည်နှင့် သူ့ဆီမှ သူမတစ်ခါမှ မခံစားခဲ့ဖူးသော အရှိန်အဝါတစ်မျိုးကို ခံစားလိုက်မိ၏။ ယန်ကျင်း ကျင့်ကြံခြင်းက သူမကိုမခြိမ်းခြောက်နိုင်သော်လည်း သူမ သူ့အပေါ် မဖော်ပြနိုင်သည့် လေးစားမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

လီလင်းထျန် သေလုမျောပါးရိုက်ခံနေရသည်ကိုတွေ့ပြီး ယန်နီ ၀င်ပါဖို့လုပ်လိုက်သောအခါ ကုအန်သူမကို တားဆီးလိုက်၏။

“စိတ်မပူပါနဲ့ ကျင်းအာက သူ့အကန့်အသတ်သူသိပါတယ် ဒါက ဒီမင်းသားလေးရဲ့ စရိုက်ကို ‌ပြုပြင်ပေးဖို့ အခွင့်အရေးတစ်ခုပဲ မဟုတ်ရင် သူ့မောက်မာပုံနဲ့ အနာဂတ်မှာ ရန်သူတွေအများကြီးကို ဖန်တီးမိလိမ့်မယ်” ကုအန် ပြုံးကာ ပြောလိုက်သည်။

ယန်နီ ကုအန်ကိုတစ်ချက်ကြည့်လိုက်ပြီး တစ်မျိုးတစ်မည်ခံစားလိုက်ရ၏။

ဘာလို့ သူအရမ်းစိတ်အေးနေတာလဲ!

သူရုတ်တရက် ကုအန် ဤနှစ်များအတွင်း အများကြီးဖြတ်သန်းလာခဲ့ရသည်ဟု ခံစားလိုက်ရသည်။

အဓိကမေးခွန်းမှာ ဤကဲ့သို့သော ပါရမီရှင်တစ်ယောက်က ကုအန်ကို အဘယ်ကြောင့် ဆရာအဖြစ်လက်ခံထားရပါသနည်း။

ယန်နီ ယန်ကျင်းကိုကြည့်လိုက်၏။ ထိုအခိုက်တွင် ယန်ကျင်းသည်သာ စစ်မှန်သောပါရမီရှင်ဖြစ်ပြီး လီလင်းထျန်က သူ့ရှေ့တွင် မည်သည့်ပါရမီကိုမှ မပြသနိုင်သူဖြစ်မှန်း သူလက်ခံသွားခဲ့ရသည်။

မကြာခင်တွင် ယန်ကျင်း မြေပေါ်ပြန်ဆင်းလာခဲ့ပြီး သူ့ညာခြေကိုမြှောက်၍ ကျလာသော လီလင်းထျန်ကို ဖမ်းထားလိုက်၏။

ထိုအချိန်တွင် လီလင်းထျန်အ၀တ်အစားများက စုတ်ပြဲနေပြီး သူ့ဆံပင်များကရှုပ်ပွနေကာ သူ့မျက်နှာတွင်လညး် သွေးများပေနေပြီး သူ့တစ်ကိုယ်လုံးက အတော်လေးအခြေအနေဆိုးဝါးနေခဲ့သည်။

ယန်ကျင်းဖြည်းဖြည်းချင်း လီလင်းထျန်ကို မြေပြင်ပေါ်ချပေးလိုက်၏။ သူ့အမူအရာကတော့ ဘာမှပြောင်းလဲသွားခြင်းမရှိဘဲ ဤတိုက်ပွဲက သူ့အတွက် ဘာအောင်မြင်မှုမှ ဟုတ်မနေသည့်ပုံပင်။

လီလင်းထျန် မြေပေါ်တွင် လဲနေရင်း အားတင်း၍မျက်လုံးဖွင့်လိုက်သည်။

ယန်ကျင်းက သူ့ရှေ့တွင်ရပ်နေရင်း သူ့ကိုငုံ့ကြည့်နေခဲ့၏။

ပထမဆုံးအကြိမ်အနေနှင့် သူလူတစ်ယောက်ကို ဤကဲ့သို့သောမြင်ကွင်းမျိုးဖြင့် ကြည့်ဖူးခြင်းဖြစ်ပြီး သူ့နှလုံးသားကွဲကြေသွားခဲ့ရသည်။

ဤတိုက်ပွဲက အခုလိုပြီးဆုံးသွားမည်ဟု သူထင်မထားခဲ့မိပေ။

ယန်ကျင်းသည် သူ့ထက်ကျင့်ကြံခြင်းနိမ့်သော်လည်း ယန်ကျင်း၏ လက်သီးများ ခြေကန်ချက်များကတော့ သူ့ထက် သန်မာနေခဲ့သည်။

ယန်ကျင်းသည် စိတ်ဝိညာဉ်စွမ်းအားကိုပင် အသုံးမပြုဘဲ သူ့ကိုအလျင်နှင့်ချီစွမ်းအားသက်သက်ကိုသာ သုံး၍ ရိုက်သွားမှန်း သူခံစားမိခဲ့၏။

အဘယ်‌ကြောင့်ဤကဲ့သို့ဖြစ်သွားရသနည်း။

ငါက တစ်ကမ္ဘာလုံးမှာပါရမီအကောင်းဆုံးလူ မဟုတ်နိုင်တာများလား။

လီလင်းထျန်မျက်လုံးထဲမှ တောက်ပမှုမျပျောက်ဆုံးသွားခဲ့ပြီး မြေပြင်ကိုမျက်နှာအပ်ကာ သူ့ပုခုံးများ တုန်ရီနေခဲ့သည်။

သူငိုကြွေးနေချေပြီ။

သူ့အရှုံးကို သူလက်မခံနိုင်ခဲ့ပေ။

ထိုစဉ် ကုအန်သူ့ဆီလျှောက်လာခဲ့ပြီး ယန်ကျင်းက ဦးညွှတ်အရိုအသေပေးလိုက်၏။

ယန်ကျင်း၏ ကုအန်အပေါ်လေးစားမှုကိုမြင်သောအခါ ယန်နီ၏အမူအရာပို၍ပင် ‌ထူးဆန်းသွားခဲ့သည်။

ကုအန် လီလင်းထျန်ဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး နူးနူးညံ့ညံ့ပြောလိုက်၏။

“မင်းပါရမီက တကယ့်ကိုရှားပါးတဲ့ပါရမီမျိုးပါ ဒါပေမယ့် မင်းကမ္ဘာကြီးကိုလေးစားမှုရှိကိုရှိနေရမယ် မှတ်ထားပါ ကမ္ဘာပေါ်မှာမင်းထက်သန်မာတဲ့သူက ရှိကိုရှ်ိတယ် အခုကသာ မင်းနဲ့လက်ရည်စမ်းတဲ့သူမဟုတ်ဘဲ မင်းရန်သူဆို မင်းသေနေပြီ”

လီလင်းထျန် လက်သီးဆုပ်လိုက်ပြီး သူ့ကိုယ်က ပို၍ပင်တုန်ရီလာခဲ့သည်။

ယန်နီဘာမှမပြောခဲ့ပေ။ အစကတော့ တုန်လှုပ်သွားသော်လည်း အခုတော့ ကျေနပ်သလိုလိုပင် သူမခံစားလာလဲ့ရသည်။

လမ်းခရီးတစ်လျှောက်လုံးတွင် လီလင်းထျန်၏ မောက်မာမှုက ထိန်းမရသိမ်းမရဖြစ်ခဲ့ပြီး ထိုကဲ့သို့သောလူမျိုးကို အခုလိုအခြေအနေဖြင့်တွေ့ရခြင်းမှာ ကျေနပ်စရာကောင်းလှ၏။

သူမလီလင်းထျန်ကိုမနှစ်သက်သလို သူ့အမေ ဧကရီယန်ကိုမူ ပို၍ပင် မနှစ်သက်ဖြစ်မိသေးသည်။

ယန်ကျင်းကတော့ နှုတ်ဆိတ်၍သာနေခဲ့၏။ သူ့ကိုယ်သူ တစ်ယောက်ယောက်ကိုဆုံးမဖို့ အရည်အသွေးမှီသည်ဟု သူမထင်ခဲ့ပေ။ အခြားသူများထက် သူသန်မာနေရခြင်းမှာ သူ့တွင်ဆရာကောင်းတစ်ယောက်ရှိနေခြင်းကြောင့်သာ ဖြစ်သည်။

ကုအန် ဆေးတစ်လုံးထုတ်လိုက်ပြီး လီလင်းထျန်ကိုတိုက်လိုက်၏။

ထို့နောက် လီလင်းထျန်ဖြည်းဖြည်းချင်းထရပ်လိုက်ပြီး ယန်ကျင်းကိုကြည့်လိုက်သည်။ သူ့ကိုယ်ကသွေးများဖြင့်ရွှဲနေသော်လည်း သူ့အမူအရာကတော့ ခေါင်းမာနေဆဲပင်။

“ငါဒါကိုလက်မခံနိုင်ဘူး နောက်တစ်ကြိမ်ငါမင်းကို အနိုင်ယူပြမယ်” လီလင်းထျန်အံကိုကြိတ်ကာ ပြောလိုက်၏။

ထိုစဉ် ယန်ကျင်းကလက်သီးဆုပ်အရိုအသေပေးဖို့ လက်ထုတ်လိုက်ရာ လီလင်းထျန်လန့်သွားပြီး ကုအန်နောက်သို့ ဆုတ်သွားခဲ့သည်။ သို့သော် သေချာကြည့်သောအခါ ယန်ကျင်းက သူ့ကိုဂါရ၀ပြုမှန်း တွေ့လိုက်ရ၏။

လီလင်းထျန် ရှက်သွားပြီး တွင်းတစ်ခုခုထဲ ၀င်ပုန်းချင်စိတ်ပင် ပေါက်သွားခဲ့သည်။

ယန်နီရယ်မောလိုက်၏။

“နင့်လက်ရှိအခြေအနေနဲ့ နင်ကသူ့ကိုထပ်စိန်ခေါ်ချင်နေသေးတယ် နင်သာအရင်သန်မာလာအောင်လုပ်လိုက်ပါဦး”

လီလင်းထျန်အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ ကုအန်ကိုကြည့်ကာ ပြောလိုက်သည်။

“စီနီယာအစ်ကိုကု ကျွန်တော်ဆေးတောင်ကြားမှာနေလို့ရမလား”

ယန်ကျင်း ဘယ်လိုလေ့ကျင့်သလဲဆိုတာ သူသိချင်နေခဲ့၏။

သူ့တစ်ဘ၀လုံးတွင် သူလုံး၀မပျင်းရိသလို သူငယ်ချင်းပင်မရှိဘဲ ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်ထားသူဖြစ်ပေသည်။ ထို့ကြောင့် ဤလုံး၀ရှူံးနိမ့်မှုကြီးကို သူလက်မခံနိုင်ခဲ့သေးပေ။

“ကိစ္စမရှ်ိပါဘူး တောင်ကြားထဲမှာကိစ္စတစ်ခုခုရှိလာရင် ကျင်းအာဆီသွားလိုက် နောက်ဆုံးတော့ သူက ဝါစဉ်အရ မင်းဂျူနီယာပဲလေ” ကုအန်ပြုံး၍ ပြောလိုက်ရာ လီလင်းထျန်လည်း ကျေနပ်သွားခဲ့သည်။

ယန်ကျင်းကတော့ လာမည့်ကိစ္စများကိုတွေးပြီး ခေါင်းကိုက်သလို ခံစားလိုက်ရ၏။

လွန်ခဲ့သော ဆယ်နှစ်က ကုအန်ဤကိစ္စသူ့ကိုပြောခဲ့စဉ်က သူဖိအားဖြစ်သလိုခံစားလိုက်ရသည်။ အခုတော့ ကြည့်ရသည်မှာ ဒီကောင်ကဒီလောက်သာဖြစ်ပုံရ၏။

သူ့တပည့်ပြိုင်ဘက်မှာ သူတစ်ခါမှမမြင်ဖူးသည့် သူ့စီနီယာအစ်ကိုသာ ဖြစ်ပေသည်။

ထို့နောက် သူတို့လေးယောက်တောအုပ်ထဲမှ ထွက်ခွာသွားခဲ့ကြ၏။

ယန်နီကတော့ တောင်ကြားတွင်အကြာကြီးမနေခဲ့ပေ။ စကားအနည်းငယ်ပြောပြီးသည့်နောက် အတွင်းစည်းဂိုဏ်းဆီ ထွက်ခွာသွားခဲ့ပြီ့း သူမတွင်တာ၀န်တစ်ခုခုရှိနေပုံပင်။

လီလင်းထျန်ကို ယန်ကျင်းဆီအပ်ခဲ့ပြီးသည့်နောက် ကုအန်လည်း အပေါ်တက်ကာ စာသာဖတ်နေခဲ့လိုက်သည်။

ညနေချိန်တွင်

လီလင်းထျန် သန့်ရှင်းသော အ၀တ်အစားများကို၀တ်ဆင်ထားပြီး ခြံ၀န်းထဲထွက်လာကာ ယန်ကျင်းကိုမတွေ့သောအခါ သူဟိုဟိုဒီဒီလျှောက်ကြည့်နေခဲ့၏။

မကြာခင်တွင် သူ့အာရုံကို တရုတ်ကျားကစားနေသည့်တပည့်များက ဆွဲဆောင်သွားခဲ့သည်။

ကံဆိုးစွာဖြင့် တရုတ်ကျားရော တရုတ်စစ်တုရင်ကိုပါ သူစိတ်မ၀င်စားခဲ့ပေ။

သူ့အကြည့်က သွေးအကျဉ်းထောင်မဟာသူတော်စင်ဆီ ရောက်ရှိသွားခဲ့၏။

သွေးအကျဉ်းထောင်မဟာသူတော်စင်သည် စိတ်ဝိညာဉ်ကြွက်ဖြူကို ဖမ်းမမိခဲ့၍ ကျိန်ဆဲနေချိန်ဖြစ်သည်။

လီလင်းထျန်သူ့အနားချဉ်းကပ်သွားပြီး မေးလိုက်၏။

“မင်း နွားသိုးခေါင်း မင်းကထူးခြားပုံပဲ မင်းနာမည်ဘယ်လိုခေါ်လဲ”

သွေးအကျဉ်းထောင်မဟာသူတော်စင် သူ့ကိုတစ်ချက်ကြည့်လိုက်ကာ ပြောလိုက်သည်။

“နွားရိုင်းမိစ္ဆာဘုရင် မင်းကြားဖူးလား”

ပြောပြီးသည်နှင့် သွေးအကျဉ်းထောင်မဟာသူတော်စင် လီလင်းထျန်ကို လျစ်လျူရှုထားလိုက်၏။

သူလွန်ခဲ့သောဆယ်နှစ်က လီလင်းထျန်ကို မှတ်မိပြီး ထိုကောင်လေးက မှတ်သားလောက်စရာပုံရိပ်တစ်ခုဖြစ်လာနိုင်သည်ဟု ထင်မိခဲ့သော်လည်း ယခုလို ယန်ကျင်းရှေ့တွင် အကူအညီမဲ့ဖြစ်နေမည်ဟု ဘယ်သူက ထင်ထားလိမ့်မည်နည်း။

အသုံးအကျလိုက်တာ!

လီလင်းထျန်ရပ်နေရင်း ရေရွတ်လ်ုက်သည်။

“ယန်ကျင်းရော နွားရိုင်းမိစ္ဆာဘုရင်ရောရှိတယ် ဆရာဖူးတိရောဒီနေရာမှာ ရှိလား”

သို့သော် ကုအန်ကျင့်ကြံခြင်းကထူးခြားပုံမပေါ်သောကြောင့် သူကုအန်ကိုတော့ ဆရာဖူးတိဟုမထင်ခဲ့ပေ။

…….

ပူလောင်လှသော နွေနေ့ရက်တစ်ရက်တွင် တော်၀င်စာကြည့်တိုက်ထဲ၌

လီရွှမ်တောက်စားပွဲတွင်ထိုင်နေရင်း စာကိုဖတ်ကာ မျက်မှောင်ကြုံ့နေခဲ့သည်။

တခဏကြာသောအခါ ပုံရိပ်တစ်ခု အခန်းထဲ၀င်လာခဲ့ပြီး ထိုပုံရိပ်သည် စစ်ချပ်၀တ်ကို၀တ်ဆင်ထားသော ဩဇာကိတ္တိမကြီးမားဟန်ရပြီး သူ့မျက်နှာတင်းမာ၍ မျက်လုံးများက ကြမ်းတမ်းနေခဲ့သည်။

ထိုလူမှာ ဆန်းကြယ်တောင်ကြားသို့ကုအန်ခေါ်ခဲ့သော သူ့တပည့် ယိယန်မှလွဲ၍ အခြားမဟုတ်ပေ။

ရာစုနှစ်တစ်ခုကြာပြီးနောက် ယိယန်က သာမန်လူမဟုတ်တော့ဘဲ ကြောက်မက်ဖွယ်စစ်သူကြီးတစ်ယောက်ဖြစ်နေပြီ ဖြစ်သည်။

လီရွှမ်တောက်မေးလိုက်သည်။ “မင်းဆရာအကြောင်း မင်းဘယ်လောက်သိလဲ”

ယိယန်မျက်မှောင်ကြုံ့ကာ မေးလိုက်၏။

“ကျွန်တော့်ဆရာလား သူဘာဖြစ်လို့လဲ”

သူချက်ချင်း ပြန်မဖြေခဲ့ပေ။ မ‌တွေ့ရတာကြာပြီဖြစ်သော်လည်း သူ့ဆရာ၏ကျေးဇူးများကို သူမှတ်မိနေဆဲဖြစ်ပြီး သူ့ဆရာကိုကာကွယ်ဖို့ လီရွှမ်တောက်ကိုဆန့်ကျင်ရမည်ဆိုလျှင်တောင် သူလုပ်မည်ဖြစ်သည်။

လီရွှမ်တောက် လက်ကိုယမ်းလိုက်ပြီး စာကို ပေးလိုက်ရာ ယိယန်စာကိုဂရုတစိုက်ယူဖတ်လိုက်၏။

ထိုအခါ သူ့အမူအရာချက်ချင်းပြောင်းလဲသွားပြီး အံ့ဩတုန်လှုပ်သွားခဲ့သည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ….အိမ်ရှေ့စံရဲ့ စွမ်းအားက သာမန်မှမဟုတ်တာ အဲ့တာကိုသူကအခြေခံတည်ဆောက်ခြင်းအဆင့်တစ်ယောက်ကို ရှုံးနိမ့်သွားခဲ့တယ်လား ယန်ကျင်း ကျွန်တော့်ဆရာတပည့်” ယိယန် ခပ်တိုးတိုးရေရွတ်လိုက်မိသည်။

သူလီလင်းထျန်နှင့်တွေ့ဖူးပြီး ထိုကောင်လေးကို လှံသိုင်းပင်သင်ပေးခဲ့ဖူး၏။

လီလင်းထျန်၏ ပါရမီကြောင့် သူကောင်းကင်၏မမျှတမှုကိုပင် အပြစ်တင်လိုက်မိပြီး ထိုကောင်လေးက အမတတစ်ပါး၀င်စားသူဟုပင် သူသံယယရှ်ိမိသေးသည်။

လွန်ခဲ့သောနှစ်က လီလင်းထျန်သည် ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်နှင့်ညီသော စွမ်းအားကို ထုတ်ပြနိုင်ခဲ့၏။

အဘယ်ကြောင့် ဤကဲ့သို့သော ပါရမီရှင်တစ်ယောက်က အခြေခံတည်ဆောက်ခြင်းအဆင့် ၁ယောက်ကို ရှုံးနိမ့်ခဲ့ရသနည်း ။

လီရွှမ်တောက် ပြောလိုက်သည်။ “ကုအန်စွမ်းဆောင်ရည်နဲ့ဆိုရင် သူကအဲ့လိုတပည့်တစ်ယောက်ကို သင်ကြားပေးနိုင်မှာမဟုတ်ဘူး သူ့နောက်မှာ စွမ်းအားကြီးတဲ့ပုဂ္ဂိုလ်တစ်ယောက်ယောက်ရှိနေမယ်လို့ မင်းထင်လား”

လီလင်းထျန်၏ မောက်မာမှုကြောင့် မကြာခဏပြဿနာဖြစ်ရသော်လည်း လီလင်းထျန်အခုလောက်ကြီး ရှုံးနိမ့်သွားလိမ့်မည်ဟုတော့ သူမျှော်လင့်မထားခဲ့မိပေ။ ထိုအရာက သူ့ကို မလွယ်ကူဘူးဟု ခံစားသွားခဲ့ရစေသည်။

အပိုင်း(၂၅၈)

ကမ္ဘာခြားနတ်မြို့တော်၏ သခင်ဟောင်း

တော်၀င်စာကြည့်တိုက်ထဲတွင် လီရွှမ်တောက်စကားကိုကြားသောအခါ ယိယန်ပြန်ဖြေလိုက်သည်။

“ကျွန်တော်လည်းသေချာမသိဘူး ကျွန်တော်ထွက်လာတုန်းကတော့ ဆရာ့မှာ ကြီးမြတ်တဲ့ကျင့်ကြံသူ အသိအကျွမ်းမျိုးမရှ်ိပါဘူး”

သူလည်းပဟေဠိဖြစ်နေခဲ့သည်။

ဆန်းကြယ်တောင်ကြားတွင် သာမန်မဟုတ်သော ချီကံကြမ္မာရှိနေသည်ဟု သူခံစားနေခဲ့ရသည်။ လွန်ခဲ့သော နှစ်များက ထိုက်ကန်မင်းဆက်အမတကျင့်ကြံခြင်းကမ္ဘာကို ပွက်လောရိုက်စေခဲ့သာ စုဟန် ဆိုသည်မှာလည်း သူစီနီယာအစ်ကိုသာ ဖြစ်၏။

ယနေ့ထိ သူစုဟန်အကြောင်းတွေးမိတိုင်း ခံစားသွားရစမြဲသာ ဖြစ်သည်။

အရင်က သူ ကျန်းချင်နှင့် စုဟန်တို့ သုံးယောက်သည် ကုအန်နှင့်လိုက်ကာ တတိယတောင်ကြားတွင်ကျင့်ကြံခဲ့ကြပြီး ယခုလို တစ်ယောက်တစ်မျိုးစီ လမ်းခွဲသွားကြရလိမ့်မည်ဟု မည်သူကထင်ထားခဲ့မည်နည်း။

စုဟန်၏ သေခြင်းရှင်ခြင်းက မသေချာသေးသော်လည်း သူပြသခဲ့သော ခွန်အားကတော့ အစစ်အမှန်သာ ဖြစ်ပေသည်။ သူတို့သည် အရင်လို သေးနုတ်သောကျင့်ကြံသူလေးများ မဟုတ်ကြတော့ပေ။

ထိုစကားကိုကြားသောအခါ လီရွှမ်တောက်ဆက်မေးမနေတော့ဘဲ အတွေးနွံနစ်သွားခဲ့၏။

တခဏအကြာအထိ တော်၀င်စာကြည့်တိုက်ကို တိတ်ဆိတ်မှုက လွှမ်းမိုးထားခဲ့သည်။ တစ်ယောက်ချင်းစီက ကုအန်နောက်တွင် စွမ်းအားကြီးတည်ရှိမှုတစ်ခုခု ရှိနေသလားဆိုတာကို စဉ်းစားနေခဲ့ကြသည်။

အချိန်အတန်ကြာသောအခါ

လီရွှမ်တောက်ပြောလိုက်သည်။

“မင်းသွားလို့ရပြီ မဟာကျင်းမင်းဆက်နဲ့ ညှိနှိုင်းမှုက ပြီးတော့မယ် မင်းပင်လယ်ကိုသွားဖို့ ပြင်ဆင်ထားဖို့လိုတယ် ဒီကိစ္စက ထိုက်ကန်မင်းဆက်ရဲ့ နှစ်ထောင်ချီအစီအစဉ်တစ်ခုနဲ့ ဆက်စပ်နေတယ် ပေါ့ပေါ့လေးတွေးလို့မရဘူးနော်”

“ဟုတ်ကဲ့ပါ!”

ယိယန်အမိန့်ကိုနာခံလိုက်ပြီး ဦးညွှတ်အရိုအသေပေးကာ ထွက်ခွာသွားခဲ့၏။

လီရွှမ်တောက် ပြတင်းပေါက်ကိုကြည့်နေပြီး သူ့အကြည့်များက ဝေ့လည်နေခဲ့သည်။

“ငါဆန်းကြယ်နှလုံးသားအဆင့်ကို မကြာခင်ရောက်ဖို့လိုတယ် မဟုတ်ရင် ကိစ္စအများကြီးကို အောင်မြင်နိုင်မှာမဟုတ်ဘူး” လီရွှမ်တောက် တိတ်တဆိတ်တွေးနေခဲ့၏။

လီလင်းထျန်၏ အောင်မြင်မှုများနှင့်ယှဉ်လျှင် သူသည် သူ့အောင်မြင်မှုကို ပို၍ဂရုစိုက်ပေသည်။

ယနေ့အထိ လုရှန်တစ်ယောက်သာ သူ့ကျင့်ကြံခြင်းအစစ်ကို သိရှိထားပြီး အခုဆိုလျှင် လုရှန်ပင် သူ့ကျင့်ကြံခြင်းဘယ်လောက်ထိရောက်နေပြီလဲဆိုတာ မသိတော့ပေ။

လီရွှမ်တောက်၏ ရည်မှန်းချက်များက ကြီးကျယ်လွန်းလှသည်။ သူသည် အမတဧကရာဇ်ဖြစ်လာချင်ခြင်းဖြစ်ပြီး ထို့အတွက် သူ့ကိုယ်သူကာကွယ်ရန် ခွန်အားလိုအပ်နေခဲ့၏။

လီလင်းထျန်အခုလို ခံလိုက်ရသည်မှာလည်း ကောင်းတော့ ကောင်းပေသည်။ ထိုကိစ္စကြောင့် သူကျင့်ကြံခြင်းတွင် ပိုကြိုးစားလာစေနိုင်ပြီး သူ့တော်၀င်အာဏာကို မနှောင့်ယှက်နိုင်တာလည်း ပိုသေချာစေမည် ဖြစ်သည်။

ထိုအကြောင်းတွေးရင်း လီရွှမ်တောက်ပြုံးလိုက်၏။

“ယန်ကျင်း မဆိုးပါဘူး ငါမင်းရဲ့အနာဂတ်ကိုမျှော်လင့်နေမယ်”

….

အပြာရောင်ကောင်းကင်နှင့် တိမ်ဖြူများအောက်တွင်

တောင်တန်းများကြားရှိ ရေကန်တစ်ကန်ပေါ်တွင် လီယ တရားထိုင်နေခဲ့သည်။ သူသည် အပေါ်ပိုင်းဗလာဖြင့်ဖြစ်ပြီး သူ့ကိုယ်ကို မြူများက ဖုံးအုပ်ထားခဲ့၏။ သူ့ဆံပင်များကလေတွင်ဝဲနေပြီး သူ့ကိုယ်မှ အားကောင်းသောအရှိန်အဝါတစ်ခုထွက်ပေါ်နေကော ရေကန်မျက်နှာပေါ် တွင်ပင် ဓားအလင်းရောင်များ တောက်ပနေခဲ့သည်။

ထိုစဉ် တောင်တန်းများပေါ်မှ ပုံရိပ်တစ်ခုခုန်ဆင်းလာခဲ့ပြီး ရေကန်ပေါ်သို့ ဆင်းသက်လာခဲ့သည်။ ထိုသူ့ခြေထောက်များသည် ရေကန်မျက်နှာပြင်နှင့် ထိမနေခဲ့သော်လည်း ကန်ရေပြင်လှိုင်းထသွားခဲ့၏။

ထိုသူမှာ ကျန်းပုကူသာ ဖြစ်ပေသည်။

ကျန်းပုကူသည် တိရစ္ဆာန်သားရေ၀တ်စုံကို ၀တ်ဆင်ထားပြီး သူ့ဆံပင်ရှည်များက ခါးထိဝဲကျနေပြီး သူ့ပုံစံက အတော်လေး အရိုင်းဆန်လှ၏။

သူခါးထောက်ထားရင်း ရယ်မောကာ ပြောလိုက်သည်။

“အစ်ကိုလီ အန်းဟောင်ကအခုကိစ္စကြီးတစ်ခုလုပ်လိုက်ပြန်ပြီ အစ်ကိုသိချင်လား”

လီယမျက်လုံးမဖွင့်ဘဲ ဖြေလိုက်သည်။

“ဆက်ပြော သူဘာလုပ်ခဲ့တာလဲ”

သူတို့သုံး‌ယောက်သည် ကြယ်ပင်လယ်အဖွဲ့အစည်းကို အတူတူ၀င်ခဲ့ကြသူများ ဖြစ်ကြ၏။ လီယသည် သူ့ကမ္ဘာခြားနတ်မြို့တော်ကြောင့် ကျော်ကြားသော်လည်း သူ့ကြီးထွားမှုအလျင်က အန်းဟောင်ကို မယှဉ်နိုင်ခဲ့ပေ။

အန်းဟောင်သည် အဓိပတိဂိုဏ်းသမိုင်းတွင် အကြမ်းဆုံး ပါရမီရှင်ဖြစ်သလို ကြယ်ပင်လယ်အဖွဲ့အစည်းတွင်လည်း အတူတူသာဖြစ်ပေသည်။ သူ့ပါရမီရှင် ကြယ်ပင်လယ်အဖွဲ့အစညး်ရှ်ိ ပါရမီရှင်များပင် မှေးမှိန်သွားခဲ့ရ၏။

“သူက ကမ္ဘာဦးမီးတောက်ရတနာခန္ဓာကို တတ်မြောက်သွားပြီ ပြောကြတာတော့ အဲ့ဒီခန္ဓာက ရှေးခေတ်ကတည်းက‌ေတာင သေမျိုးလောကကို လွှမ်းမိုးနိုင်တယ်တဲ့ ကြယ်ပင်လယ်အဖွဲ့အစည်းမှာ အဲ့ဒီ အပြင်ခန္ဓာကျင့်ကြံခြင်းနည်းလမ်းရှိပေမယ့် သူက နှစ်ပေါင်း သောင်းချီအတွင်း ပထမဆုံးအောင်မြင်အောင် ကျင့်ကြံနိုင်ခဲ့တဲ့သူပဲ”

ကျန်းပုကူ သက်ပြင်းချလိုက်မိသည်။ မိစ္ဆာအမြုတေကို စုပ်ယူပြီးကတည်းက သူ့ပါရမီက ပြောင်းလဲလာသော်လည်း အန်းဟောင်နှင့်ယှဉ်ရင်တော့ လိုနေသေးသည်။

သူတို့တွေ့ဆုံခဲ့ကြစဉ်က သူတို့အားလုံးသည် အဓိပတိဂိုဏ်းမှ လာကြသူများဖြစ်သောကြောင့် တစ်မျိုးကြီးဖြစ်နေခဲ့၏။ သူတို့တစ်ယောက်ကိုတစ်ယောက် ယဉ်ယဉ်ကျေးကျေးဆက်ဆံခဲ့ရသော်လည်း ကျန်းပုကူ အန်းဟောင်ကို မကြိုက်ခဲ့ပေ။

ထိုမကြိုက်မှုမှာ အကြောင်းပြချက်မရှိပေ။ ဘာကြောင့်မှန်းမသိဘဲ သူအန်းဟောင်မျက်နှာကိုမြင်တိုင်း ဒေါသထွက်လာသလိုခံစားနေရပြီး ထိုကောင့်ကိုအရင်က တစ်နေရာရာတွင် မြင်ဖူးနေသလိုပင်။

လီယမျက်လုံးများပွင့်လာကာ မျက်မှောင်ကြုံ့့လိုက်လေသည်။

သူအန်းဟောင်ကို သူ့ရည်မှန်းချက်အဖြစ်သဘောထားကာ လိုက်နေခဲ့ခြင်းဖြစ်သော်လည်း သူလိုက်လေလေ သူ့ကိုယ်သူစွမ်းအားမရှိဘူးဟု ခံစားလာရလေလေပင်။

အန်းဟောင်သည် ဤကမ္ဘာကြီး၏ အဓိက‌ဇာတ်ကောင်လိုဖြစ်နေပြီး သူနှင့်ယှဉ်ပါက ပါရမီရှင်တိုင်းက မှေးမှိန်သွားခဲ့ကြသည်။

ကမ္ဘာဦးမီးတောက်ရတနာခန္ဓာ! ဤအရာကို သူအရင်ကကြားခဲ့ဖူး၏။ ဤခန္ဓာကိုတတ်မြောက်သွားသည်နှင့် ထိုလူသည် တောက်ပသောနေတစ်စင်းအဖြစ်ပြောင်းလဲသွားမည်ဖြစ်ကာ ကမ္ဘာပေါ်တွင်ပြိုင်ဘက်ကင်းဖြစ်သွားပေလိမ့်မည်။

ကျန်းပုကူ ဆက်ပြောလိုက်၏။

“ဂိုဏ်းကဒီနေ့ ပင်လယ်ချိုးဖျက်အက်ကြောင်းကြီးကို စူးစမ်းလေ့လာဖို့စီစဉ်နေတယ် ကျွန်တော်တော့ စာရင်းပေးထားတယ် အစ်ကိုရောသွားမှာလား”

လီယခေါင်းယမ်းကာ ပြောလိုက်သည်။

“ငါ့ကျင့်ကြံခြင်းအဆင့်ကိုမြှင့်ဖို့လိုနေသေးတယ် ငါမသွားချင်ဘူး ဒါပေါ့ မင်းကငါ့ကိုအဖော်ပြုစေချင်ရင်တော့ မဖြစ်နိုင်တာတော့မဟုတ်ပါဘူး”

ကျန်းပုကူထေ့ငေါ့လိုက်၏။

“ကျွန်တော်လည်း အစ်ကို့ကိုမလိုက်စေချင်ပါဘူး အစ်ကိုနဲ့အတူရှိ‌ေနရရင် ကံကိုဆိုးလွန်းတယ် အခု ကျွန်တော့်ကိုလိုက်ရှာနေမှာစိုးလို့ အဲ့ဒီကိစ္စလာပြောပြတာ”

လီယသူ့ကိုကြည့်လိုက်ကာ မကျေနပ်ဟန်ဖြင့် ပြန်ပြောလိုက်သည်။

“အမြန်သွားတော့ မင်းကသာကံဆိုးဆဲ့ကောင်ကွ!”

သူတို့နှစ်ယောက်စတင် ရန်ဖြစ်ကြတော့သည်။ ကျန်းပုကူက ကုအန်အကြောင်းပြောလိုက်သောအခါတွင်မူ ရန်ပွဲတွင် လီယအလျှော့ပေးလိုက်ရ၏။

ကျန်းပုကူလည်း စိတ်ကျေနပ်သွားခဲ့သည်။

လီယ ထွက်ခွာသွားသော ကျန်းပုကူပုံရိပ်ကိုကြည့်ကာ ပြန်လာရင်တော့ ထိုကောင်လေးကို သင်ခန်းစာကောင်းကောင်းပေးရမည်ဟု တွေးနေခဲ့၏။

….

နောက်တစ်နှစ်၏ နွေဦးပွဲတော်ရောက်ရှိလာခဲ့သည်။

တတိယတောင်ကြားတွင် တပည့်များ မီးအိမ်များချိတ်ဆွဲခြင်း အလှဆင်ရခြင်းများဖြင့် အလုပ်ရှုပ်နေခဲ့ကြ၏။ လီလင်းထျန်းလည်း ယန်ကျင်းနောက်မှလိုက်၍ တပည့်များနှင့်အတူ ပျော်ရွှင်နေခဲ့သည်။ ယန်ကျင်း‌အလုပ်ရှုပ်နေသည်ကို တွေ့သောအခါ သူလည်းရွေးစရာမရှိဘဲ သူ့နောက်မှလိုက်လာခဲ့ခြင်းဖြစ်သည်။

အိမ်ထဲတွင်

ကုအန် ရှန်းကျန်နှင့် ထူးဆန်းသောစာအုပ်တစ်အုပ်အကြောင်း ဆွေးနွေးနေခဲ့၏။ သူတို့သည် သူတို့အမြင်များကိုထုတ်ဖော်ကာ အသည်းအသန်ငြင်းခုံနေကြပြီး တစ်ယောက်အမြင်ကိုတစ်ယောက်ကလက်ခံလာအောင် သိမ်းသွင်းနေခဲ့ကြသည်။

ရုတ်တရက်

ကုအန်တစ်ခုခုကိုအာရုံခံမိကာ မျက်မှောင်ကြုံ့သွားခဲ့၏။

ရှန်းကျန်လည်း ကုအန်အပြောင်းအလဲကိုသတိထားမိသွားကာ သူ့ရှေ့တွင် လက်ကာပြ၍ မေးလိုက်သည်။

“ဘာလဲ နင်စိတ်တိုနေတာလား”

ကုအန် ခေါင်းယမ်းကာ ပြောလိုက်သည်။

“မဟုတ်ပါဘူး ငါတစ်ခုခုကိုတွေးလိုက်မိပြီး စိတ်ရှုပ်သွားတာ”

“တစ်ခုခုကိုတွေးနေတာလား နင်ငါ့ကိုလေးစားမှုမရှိတာပဲ” ရှန်းကျန် ဒေါသထွက်သွားခဲ့၏။

ထို့နောက် သူမထရပ်ကာ စားပွဲပေါ်ရှိစာအုပ်ကိုသိုလှောင်အိတ်ထဲထည့်ပြီး ထွက်ခွာသွားခဲ့သည်။

ကုအန်သူမကို မတားခဲ့ပေ။

သူရှန်းကျန်အစကထိုင်ခဲ့သော ရတနာကုလားထိုင်ပေါ်တွင် ပြန်ထိုင်လိုက်ကာ သူ့စိတ်ဖြင့် ကမ္ဘာခြားနတ်မြို့တော်အမတစိတ်ဝိညာဉ်နှင့် ဆက်သွယ်လိုက်၏။

“မင်းသေချာလား” သူစိတ်ဖြင့် မေးလိုက်သည်။

အမတစိတ်ဝိညာဉ်၏အသံထွက်ပေါ်လာခဲ့သည်။

“သေချာပါတယ် အဲ့တာသူ့အရှိန်အဝါပဲ ကျွန်တော်သူ့ကိုတစ်ခါမှမမြင်ဖူးပေမယ့် မြို့ထဲမှာ သူ့အရှိန်အဝါက ကျန်နေသေးတယ် ကျွန်တော်မမှားနိုင်ဘူး ကမ္ဘာခြားနတ်မြို့တော်ရဲ့ သခင်ဟောင်းက အဲ့ဒီအက်ကွဲကြောင်းထဲမှာ ရှိနေတယ်”

သူပြောသည့် အက်ကွဲကြောင်းမှာ သမုဒ္ဒရာကိုပိုင်းဖြတ်ထားသည့် အက်ကွဲကြောင်းကြီး ဖြစ်၏။

ကမ္ဘာခြားနတ်မြို့တော်အမတစိတ်ဝိညာဉ်သည် နတ်မ်ြို့တော် သခင်ဟောင်း၏ အရှိန်အဝါကို ထိုအက်ကွဲကြောင်းထဲတွင် အာရုံခံခဲ့မိခြင်း ဖြစ်သည်။

ကုအန် သူ့ဆီမှ သခင်ဟောင်း၏ ကျင့်ကြံခြင်းအဆင့်ကိုသိချင်သော်လည်း ကံဆိုးစွာဖြင့် သူကမသိခဲ့ပေ။

သူ့စကားအရ ကမ္ဘာခြားနတ်မြို့တော်ထိုလူ့လက်ထဲမှ လွတ်သွားပြီးမှ သူကမွေးဖွားလာသည်ဟု ဆိုသည်။

ဤအရာမှ ရတနာများ၏ အမတစိတ်ဝိညာဉ်အားလုံးအတွက် အမှန်တရားဖြစ်သည်။ စိတ်ဝိညာဉ်တစ်ခုသည် သခင်တစ်ယောက်စီတွင်သာ တာ၀န်ထမ်းဆောင်နိုင်ပြီး ထိုသခင်မရှိတော့ပါက စိတ်ဝိညာဉ်လည်း ပျောက်ကွယ်သွားရပေလိမ့်မည်။

ထိုအခိုက်တွင် လီယသည် အက်ကွဲကြောင်းနှင့်ဝေးသော ကြယ်ပင်လယ်အဖွဲ့အစည်းထဲတွင်သာ ရှိနေသေးသည်။ ထိုအရှိန်အဝါကိုလည်း နတ်မြို့တော်အမတစိတ်ဝိညာဉ်ကသာ အာရုံခံနိုင်ခဲ့ခြင်း ဖြစ်၏။

ကုအန် အက်ကွဲကြောင်းကိုကြည့်လိုက်သောအခါ ထိုအက်ကွဲကြောင်းမှာ တစ်ယောက်ယောက်သူတို့နောက်မှလိုက်လာသလို ကျင့်ကြံသူများစွာ ထွက်ပြေးလာကြသည်ကို တွေ့လိုက်ရသည်။

သူ့နတ်အာရုံဖြင့် အက်ကွဲကြောင်းကို ချဉ်းကပ်လိုက်သောအခါ သူ့ကိုအဆင်အခြင်မဲ့မစစ်ဆေးရန် ဟန့်တားထားသော အားကောင်းသည့်အရှိန်အဝါတစ်ခုကို သူခံစားလိုက်ရသည်။

ထိုတည်ရှိမှုက သန်မာသည်ဟု သူခံစားလိုက်ရ၏။ အက်ကွဲကြောင်းထဲတွင် အပူအပင်မဲ့ကမ္ဘာဦးအမတတစ်ပါး ပုန်းအောင်းနေတာမျိုးပင် ဖြစ်နိုင်ပေသည်။

ကုအန်နတ်အာရုံကိုရုတ်လိုက်ပြီး ထိုအရာကိုဂရုစိုက်မနေတော့ပေ။

ကမ္ဘာကြိးတွင် အဓိကအင်အားစုများစွာရှိပြီး ကြီးမြတ်သည့်ကျင့်ကြံသူများလည်း အများကြီးရှ်ိပေသည်။ ထို့ကြောင့် ထိုအရာကသူ့ကိုမထိခိုက်လာသရွေ့ ကုအန် ၀င်ပါဖို့ပျင်းရိနေခဲ့သည်။ နောက်ဆုံးတွင် အက်ကွဲကြောင်းသည် သူတို့ကုန်းမြေတိုက်နှင့်အ‌လွန်ဝေးကာ ကြားထဲတွင် ကုန်းမြေတိုက်ကြီးနှစ်ခုနှင့် ကျွန်းပေါင်းများစွာပင် ခံ‌ေနသေးသည်။

ကုအန် အမတစိတ်ဝိညာဉ်နှင့် အချိန်အတန်ကြာ စကားပြောခဲ့၏။ သခင်ဟောင်းက ကမ္ဘာခြားနတ်မြို့တော်ကို မထိန်းချုပ်နိုင်တော့တာသေချာမှသာ သူစိတ်အေးသွားခဲ့သည်။

ထို့နောက် ကုအန်ထရပ်လိုက်ပြီး လှေကားမှ ဆင်းသွားခဲ့၏။ လှေကားမှဆင်းပြီးသောအခါ တောင်ကြားထဲတွင် အလုပ်ရှုပ်နေသော တပည့်များကိုကြည့်ပြီး သူ့မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ပေါ်လာခဲ့သည်။

“ဒီကမ္ဘာကြီးပေါ်မှာ ကပ်ဘေးတွေက ဘယ်တော့မှကုန်ဆုံးသွားမှာမဟုတ်ဘူး ဒါပေမယ့် သူတို့ကိုဆယ်စုနှစ်နည်းနည်းလောက် ရပ်တန့်ထားနိုင်ရင်တော့ မျိုးဆက်တစ်ခုကို တည်ငြိမ်အေးချမ်းတဲ့ဘ၀တစ်ခု ပေးနိုင်တယ်”

ကုအန်တွေးလိုက်ပြီး တပည့်အများစုရှိသော နေရာသို့ လမ်းလျှောက်သွားခဲ့လိုက်သည်။

သစ်ပင်အိုကြီးတစ်ပင်အောက်တွင် တပည့်များစွာ စုဝေးနေခဲ့ကြသည်။ သူတို့ကြားထဲတွင် တရုတ်ကျားကစားနေသော လူနှစ်ယောက်ရှိနေပြီး ထိုထဲမှတစ်ယောက်က လက်ကိုးချောင်းနတ်အရှင် ဖြစ်၏။

တစ်ဖက်လူကတော့ တောင်ကြားထဲတွင် အတော်ဆုံး တရုတ်ကျားကစားသမားဖြစ်ပြီး တောင်ကြား၏စီနီယာတပည့်များထဲမှတစ်ယောက်ဖြစ်ကာ အကြီးအကဲလုဟု လေးလေးစားစား‌အခေါ်ခံရသူ ဖြစ်သည်။ သူသည် တောင်ကြားတွင် ငယ်ငယ်ကတည်းကနေလာသူဖြစ်ပြီး နှစ်၁၀၀လောက်ရှိနေပြီဖြစ်ကာ သူ့နိမ့်ကျသောပါရမီကြောင့် တောင်ကြားမှလည်း ဘယ်တော့မှ ထွက်မသွားနိုင်ခဲ့သူဖြစ်သည်။

ထိုအခိုက်တွင် အကြီးအကဲလု မျက်မှောင်ခပ်တင်းတင်းကြုံ့ထားကာ လက်ထဲတွင် ကျား‌ေစ့ကိုကိုင်ထားရင်း ချဖို့ တွန့်ဆုတ်နေခဲ့သည်။

လက်ကိုးချောင်းနတ်အရှင် အမူအရာက ‌အေးဆေးဖြစ်နေသော်လည်း စိတ်ထဲမှာတော့ သက်ပြင်းမောကြီးချလိုက်မိ၏။

ဒီအဖိုးကြီး၏ကျွမ်းကျင်မှုမှာကြောက်စရာကောင်းလှပြီး သူပင် ရှုံးတော့မလို ဖြစ်သွားခဲ့ရသည်။

တတိယတောင်ကြားတွင် တရုတ်ကျားကစားခဲ့ပြီးကတည်းက လက်ကိုးချောင်းနတ်အရှင် ထိုကစားနည်းကို စွဲလန်းသွားပြီး ထိုကစားနည်းတွင် ကောင်းကင်တာအိုနှင့်ဆင်တူသော အနှစ်သာရများ ပါ၀င်နေသည်ဟု ခံစားနေခဲ့ရ၏။ ထို့ကြောင့်လည်း သူတတိယတောင်ကြားတွင် မကြာခဏလာကစားနေခဲ့ခြင်း ဖြစ်သည်။

တရုတ်ကျားကို ကုအန်ကတီထွင်ပေးခဲ့ခြင်းဖြစ်ပြီး လတ်တလောတော့ တတိယတောင်ကြားတွင်သာ ကျော်ကြားသည့်ကစားနည်းဖြစ်သည်။

ကုအန် ထိုကစားနည်းကိုအပျင်းပြေတီထွင်ပေးခဲ့ခြင်းဖြစ်ပြီး လူကြိုက်များလာအောင်လုပ်ဖို့လည်း စိတ်ကူးမရှိခဲ့ပေ။ အရင်ဘ၀တွင်ပင် သူသည် ထိုကစားနည်းတွင် ထိုမျှစိတ်အားထက်သန်လှသူ မဟုတ်ခဲ့ပေ။

ထိုအခိုက်တွင် ကုအန် လူအုပ်ကြားထဲမှ တိုး၀င်လာပြီး ချွေးပျံနေသော အကြီးအကဲလုကိုကြည့်ကာ ပြောလိုက်သည်။

“ရှောင်လု ငါဘာလို့မင်းအစားဆော့မပေးရမှာလဲ”

အရှက်မဲ့လိုက်တဲ့ မြေလျှောက်အမတ မြေလျှောက်အမတအဆင့်ကြီးနဲ့ ငါ့တပည့်တွေကို အနိုင်လာကျင့်နေတာလား!

အကြီးအကဲလု မော့ကြည့်လိုက်ပြီး ကုအန်ကိုမြင်သောအခါ အမြန်ဘေးဖယ်ပေးလိုက်၏။ အခြားတပည့်များလည်း စိတ်လှုပ်ရှားသွားခဲ့ကြသည်။

သူတို့စိတ်ထဲတွင် ကုအန်က ထိုကစားနည်းကိုထွင်ခဲ့သောကြောင့် ကုအန်ကသာ ထိုကစားနည်းတွင် အတော်ဆုံးသူ ဖြစ်သည်။

ကုအန်ထိုင်လိုက်သောအခါ လက်ကိုးချောင်းနတ်အရှင်ပြုံး၍ ပြောလိုက်၏။

“မိတ်ဆွေလေး ဒီကစားပွဲမှာနိုင်ဖို့အခွင့်အရေးရှိသေးတယ် ထင်လို့လား”

ကုအန် ရယ်မောလိုက်သည်။

“တကယ်လို့ စီနီယာနောက်ထပ်သုံးကွက်သာရွှေ့ပြီးသွားရင်တော့ တကယ်ပဲ မျှော်လင့်ချက်ရှိတော့မှာမဟုတ်ဘူး”

လက်ကိုးချောင်းနတ်အရှင်မျက်နှာပေါ်မှ အပြုံး အေးခဲသွားခဲ့၏။

မြေလျှောက်အမတတစ်ပါးသည် တစ်ကွက်ရွှေ့ရုံဖြင့် အဆုံးမဲ့သော ဖြစ်နိုင်ချေပေါင်းများစွာကို တွက်ချက်နိုင်ပေသည်။ အခုလည်း ‌အကြီးအကဲလု ပထမဆုံးအကွက်ရွှေ့ကတည်းက ဖြစ်လာနိုင်ချေများကို သူတွက်ထားပြီး ဖြစ်၏။ ထို့ကြောင့် သူသည် သာမန်လူများကို အလွယ်ကလေးပင် အနိုင်ယူနိုင်စွမ်းရှိသည်။

သို့သော် သူသည် ဤတရုတ်ကျားကစားနည်းကို နိုင်ဖို့ကစားနေခြင်းမဟုတ်ဘဲ ကစားပွဲကို တွေ့ကြုံခံစားဖို့နှင့် ကစားပွဲထဲတွင် သူ့ကိုယ်ပိုင်တာအိုမှော်ပညာကို နားလည်နိုင်ဖို့သာ ကစားနေခြင်း ဖြစ်သည်။

ကုအန်က သူ့နည်းစနစ်များကို ဖောက်မြင်နိုင်မည်လို့တော့ သူ‌ထင်မထားခဲ့ပေ။

သူ့အကြည့်များအောက်တွင် ကုအန် ကျားစေ့တစ်စေ့ကိုချလိုက်ပြီး အခြေအနေအားလုံးကို ပြောင်းပြန်လှန်ပလိုက်သောကြောင့် သူမျက်ခုံးများ တွန့်ကွေးသွားခဲ့သည်။

သူချက်ချင်းပင် ကျားစေ့တစ်စေ့ချလိုက်ပြီး ကုအန်ကလည်း ထပ်ချလိုက်၏။

အခြားသူများနှင့်မတူသည်မှာ ဤနှစ်ယောက်သည် လျှပ်စီးလက်သလိုအမြန်နှုန်းဖြင့် ကစားနေကြခြင်း ဖြစ်သည်။

ဘေးရှိတပည့်များမှာတော့ အသက်ရှူဖို့ပင် မော့လျော့ကုန်ကြသည်။

လီလင်းထျန်လည်း လူအုပ်ကြားထဲရောက်ရှိလာခဲ့ပြီး ကစားနေသူနှစ်ယောက်၏ အရှိန်အဝါကိုတွေ့လိုက်သောအခါ ပထမဆုံးအနေဖြင့် သူလည်း တရုတ်ကျားကစားနည်းကို စိတ်၀င်စားသွားခဲ့၏။

ကျားစေ့များ တစ်စေ့ပြီးတစ်စေ့ချနေသည့်အသံက သံစဉ်တစ်ခုလိုပင် ဖြစ်လာပြီး ထက်ရှသော အရှိန်အဝါတစ်ခုကို ထုတ်ဖော်နေခဲ့သည်။

ရုတ်တရက်

လက်ကိုးချောင်းနတ်အရှင်ရပ်တန့်သွားကာ လေထဲရှိသူ့လက်ကိုပြန်ရုတ်လိုက်ပြီး ကျားစေ့ကိုချကာ ပြောလိုက်သည်။

“ငါရှူံးသွားပြီ”

သူ့စကားထွက်ပေါ်လာသည်နှင့် ပတ်ပတ်လည်မှချီးကျူးသံများ ထွက်ပေါ်လာခဲ့ပြီး အကြီးအကဲလုလည်း သူ့နှဖူးပေါ်မှချွေးများကိုသုတ်ကာ

မျက်နှာပေါ် ဂုဏ်ယူနေသည့်အပြုံးပေါ်ပေါက်လာခဲ့၏။

လက်ကိုးချောင်းနတ်အရှင်လည်း ကုအန်ကိုစိုက်ကြည့်ကာ သူ့ကိုဖောက်မြင်နိုင်ဖို့ ကြိုးစားနေခဲ့သည်။

ထိုကောင်လေးတွင် သာမန်မဟုတ်သောအရှိန်အဝါရှိသော်လည်း သူ့ခန္ဓာနှင့် ကျင့်ကြံခြင်းက အထင်ကြီးစရာမကောင်းလှပေ။

ဘယ်လိုသူက အနိုင်ရအောင် ကစားခဲ့ပါသနည်း။

All Chapters