မြင့်တက်လာသော အဇူရာတိမ်ဂိုဏ်း
Vol. 26 Ch. 270
စန်းစုန့်နှင့်ယွင်စုန့်တို့ စကားပြောနေကြချိန်တွင် ခန်းမထဲရှိ လျော်ကြေးလုပ်ငန်းစဉ်က ပြီးဆုံးခါနီးအခြေအနေသို့ ရောက်ရှိလာခဲ့သည်။
ဂိုဏ်းအားလုံးနီးပါး ပေးဆောင်ပြီးကြပြီဖြစ်ပြီး ကျန်ရှိနေသည်မှာ ၂၀ဘီလီယံ ပေးဆောင်ရမည့် ၀မ်လင်းဂိုဏ်းသာ ဖြစ်၏။
စိတ်ဝိညာဉ်ကျောက်တုံး ၂၀ဘီလီယံ!
အလယ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးဖြင့် ပေးဆောင်မည် ဆိုလျှင်တောင် စိတ်ဝိညာဉ်ကျောက်တုံး ၂၀၀မီလီယံပေးဆောင်ရမည်ဖြစ်ပြီး အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးဆိုလျှင်တော့ ၂မီလီယံထိပေးဆောင်ရမည် ဖြစ်သည်။
၀မ်လင်းဂိုဏ်းက တာအိုပေါင်းစည်းခြင်းအဆင့် ကျင်းတောက် မကြည်မသာမျက်နှာထားဖြင့် ရှေ့သို့တက်လာခဲ့ပြီး ကျန်းယန်အား သိုလှောင်လက်စွပ်အပုံလိုက် ပေးလိုက်၏။
ပမာဏကများလွန်းသောကြောင့် သိုလှောင်လက်စွပ်ထဲ ထည့်ထားလျှင်တောင် ဆံ့ဖ်ို့ သိုလှောင်လက်စွပ်များစွာ လိုအပ်နေခဲ့သည်။
“ဒီတစ်ခေါက် ၀မ်လင်းဂိုဏ်းက အထွတ်အထိပ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀ ပေးမယ် ပြီးတော့ မင်းတောင်းဆိုထားတဲ့ဟာလည်း ယူလာခဲ့တယ်” ကျင်းတောက် ကျန်းယန်ကိုကြည့်လိုက်ပြီးနောက် ချင်းယွင်ကျိကိုတစ်ချက်ကြည့်ကာ ပြောလိုက်၏။
“ဒီေလျာ်ေကြးနဲ့ ငါတို့ဂိုဏ်းတွေကြားက ရန်ငြှိုးတွေ ပြေလည်သွားစေဖို့ ငါမျှော်လင့်ပါတယ် အခုကစပြီး ငါတို့ကြား ဘာပြဿနာမှမရှိတော့ဘူး အဲ့တာတောင် မင်းတို့ကငါတို့ကိုရန်စရင်တော့ ငါတို့၀မ်လင်းဂိုဏ်းက သေသည်အထိ ပြန်တိုက်ခိုက်မယ်”
“ဟမ်”
ကျန်းယန် မျက်မှောင်ကြုံ့သွားခဲ့သည်။
ကျင်းတောက်စကားလုံးများထဲတွင် တစ်ခုခုဖွက်ထားသလို သူခံစားနေခဲ့ရ၏။
ချင်းယွင်ကျိ မျက်ခုံးအနည်းငယ်ပင့်လိုက်ကာ ပြောလိုက်သည်။
“စိတ်ချပါ ၀မ်လင်းဂိုဏ်းက အထွတ်အထိပ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးတွေတောင် ယူလာမှတော့ ငါတို့ဘက်ကလည်း မင်းတို့ရဲ့စစ်မှန်မှုကိုခံစားမိပါတယ် အဇူရာတိမ်ဂိုဏ်းက အမြဲကတိတည်တယ် ၀မ်လင်းဂိုဏ်းကလည်း ကတိတည်ဖို့ မျှော်လင့်ပါတယ်”
အခြားဂိုဏ်းမှ ကိုယ်စားလှယ်များ ကျင်းတောက်ကိုအံ့အားသင့်နေဟန်ဖြင့် ကြည့်လိုက်ကြ၏။
၀မ်လင်းဂိုဏ်းသည် တကယ်ကြီး အထွတ်အထိပ်စိတ်ဝိညာဉ်ကျောက်တုံးများကို ထုတ်လာခဲ့ခြင်းပေလော။
အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးများထက် ပိုအဆင့်မြင့်ပြီး ကောင်းကင်တာအိုနိယာမ အပိုင်းအစများပါ၀င်နေသော အထွတ်အထိပ်အဆင့်ေကျာက်တုံးများသည် အလွန်ရှားပါးသော အရာများ ဖြစ်ကြပေသည်။
များစွာသော စိတ်ဝိညာဉ်စွမ်းအားများ ကိန်းအောင်းနေသည့်အပြင် ကောင်းကင်တာအိုနိယာမများလည်း ပါ၀င်နေသည့် အထွတ်အထိပ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးများသည် အခြားစိတ်ဝိညာဉ်ကျောက်တုံးများနှင့် လုံး၀ ယှဉ်မရပေ။
ဥပမာအားဖြင့် အထွတ်အထိပ်အဆင့်စိတ်ဝိညာဉ်အဆင့်ကျောက်တုံးတစ်တုံးတည်းဖြင့် ၀င်္ကပါတစ်ခုကို နှစ်ပေါင်းများစွာကြာအောင် စွမ်းအားလုံး၀လျော့မသွားစေဘဲ ထောက်ပံ့ပေးထားနိုင်၏။
ထိုအရာက ဂိုဏ်းတစ်ဂိုဏ်း၏ အုတ်မြစ်များဖြစ်ပြီး ပေါ့သေးသေးအရာ ဟုတ်မနေပေ။
ထိုအရာများက အလွန်အရေးကြီးသောကြောင့် ဈေးကွက်ထဲတွင် မမြင်တွေ့ရတတ်ပေ။ အကြမ်းဖျင်းအားဖြင့် အထွတ်အထိပ်စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးက အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀နှင့်ညီသော်လည်း တကယ်တော့ ဈေးကွက်ထဲတွင် ဘယ်သူမှ လဲလှယ် ရောင်းချလေ့မရှိပေ။
အခုတော့ ၀မ်လင်းဂိုဏ်းက အထွတ်အထိပ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀ ကိုထုတ်လာခဲ့ချေပြီ။ ထိုအရာက သူတို့စစ်မှန်မှုကို ပြသနေခြင်း ဖြစ်၏။
သာမန်အခြေအနေအောက်တွင်ဆိုလျှင် အထွတ်အထိပ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀ က အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံး ၁ဘီလီယံနှင့် ညီပေသည်။
ထို့အပြင် ၀မ်လင်းဂိုဏ်းပြင်ဆင်လာသော အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံး ၅သိန်းကတော့ အဆင့်နိမ့်ကျောက်တုံး ၅ဘီလီယံနှင့်ညီ၏။
နောက်ထပ်လက်စွပ်တစ်ကွင်းထဲတွင် အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံး ၃ဘီလီယံနှင့်ညီသော အလယ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံး သန်း၃၀လည်း ပါ၀င်သည်။
ထိုအရာအားလုံးကိုပေါင်းလိုက်လျှင်ပင် ၁၀ဘီလီယံ မပြည့်သေးပေ။
ကျန်းယန် အခြားသိုလှောင်လက်စွပ်တစ်ခုကို စစ်ဆေးကြည့်လိုက်သောအခါ အထဲတွင် များစွာသော စိတ်ဝိညာဉ်ဆေးပင်များ တွင်းထွက်များ မှော်ရတနာ
များကို တွေ့လိုက်ရ၏။
သူအရေးကြီးသော အချက်တစ်ချက်ကိုလည်း ရှာတွေ့ခဲ့သည်။
၀မ်လင်းဂိုဏ်း၏ လျော်ကြေးသည် သိသိသာသာ လျော့နည်းနေခဲ့ခြင်းပင်။
ဒါပေါ့ နောက်ထပ်လက်စွပ်တစ်ကွင်းထဲတွင်တော့ ကျန်းယန် တောင်းဆိုထားသည့် အထွတ်အထိပ်စိတ်ဝိညာဉ်ရတနာ ပါ၏။
သို့သော် ထိုရတနာက သူတို့အပိုင်ကို သူတို့ပြန်ယူခြင်းဖြစ်သောကြောင့် ထည့်တွက်၍ မရပေ။
ကျန်းယန် ကျင်းတောက်ကိုအေးစက်စက်တစ်ချက်ကြည့်လိုက်ကာ ချင်းယွင်ကျိကို နတ်အာရုံဖြင့် အသိပေးလိုက်သည်။
“ဆရာ သူတို့က ကျန်းချမ်ချိုးယူသွားတဲ့ တောင်တန်းတစ်တောင်ချိတ်စည်းကို ပြန်ယူလာတယ် ဒါပေမယ့် လျော်ကြေးက ၅ဘီလီယံလောက် လိုနေသေးတယ် အဲ့ဒီအထွတ်အထိပ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ ပတ်သက်ပြီး ထူးခြားတာတစ်ခုခု ရှိနေလို့လား”
အစက ကျင်းတောက်သည် အထွတ်အထိပ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးများကို အသားပေး၍ ပြောခဲ့ပြီး သူ့အစား သူ့ဆရာက ထိုစကားများကိုတုံ့ပြန်ခဲ့သောကြောင့် ထိုကိစ္စနှင့်ပတ်သက်ပြီး သူရှင်းရှင်းလင်းလင်း မေးရန် လိုပေသည်။
ချင်းယွင်ကျိ နတ်အာရုံဖြင့် ပြန်ပြောလိုက်၏။
“အဲ့ဒီအထွတ်အထိပ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀ အဇူရာမဟာတိမ်၀င်္ကပါကို နှစ်ပေါင်းများစွာကြာအောင် အားဖြည့်ပေးထားနိုင်တယ်
သူတို့က အတော်လေး တန်ဖိုးကြီးပါတယ် ဒါပေမယ့် ၅ဘီလီယံတော့ မတန်ဘူး
ကြည့်ရတာ သူတို့က တောင်တန်းတစ်ထောင်ချိတ်စည်းကိုပါ ထည့်ပေါင်းထားပုံရတယ်”
ကျန်းယန် ချက်ချင်းဘာလုပ်ရမလဲဆိုတာ နားလည်သွားခဲ့၏။
သူကျင်းတောက်ကိုကြည့်ကာ အေးအေးဆေးဆေးပြောလိုက်သည်။
“ခင်ဗျားတို့လျော်ကြေးက ၁၀ဘီလီယံ လိုနေသေးတယ်”
ကျင်းတောက်မျက်နှာ ချက်ချင်းမည်းမှောင်သွားခဲ့၏။ ၀မ်လင်းဂိုဏ်းသည် သူတို့အထွတ်အထိပ်အဆင့်စိတ်ဝိညာဉ်ရတနာကိုတောင် ထုတ်ပေးခဲ့သော်လည်း အဇူရာတိမ်ဂိုဏ်းက ထိုကိစ္စအပေါ် ဖိအားထပ်ပေးနေခြင်းပေလော။
ကျန်းယန် အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။
“ကျုပ်တို့ ပစ္စည်းကျုပ်တို့ပြန်ယူတာကို ခင်ဗျားကလျော်ကြေးထဲ ထည့်တွက်ထားတာတော့ မဟုတ်ဘူးမလား”
ထိုရတနာကိုထည့်မတွက်လျှင် ၀မ်လင်းဂိုဏ်း၏လျော်ကြေးက လိုအပ်နေသေးကြောင်း သူတိုက်ရိုက်ထောက်ပြနေခြင်း ဖြစ်၏။
ကျင်းတောက် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ သူ့ကိုယ်ပိုင်သိုလှောင်လက်စွပ်ထဲမှ အဆင့် ၅ စိတ်ဝိညာဉ်ရတနာကို ထုတ်ပေးလိုက်ပြီးသည့်နောက်တွင်တော့ ချက်ချင်း ပျံသန်းထွက်ခွာသွားခဲ့လေသည်။
ကျန်းယန် စိတ်ဝိညာဉ်လက်နက်ကို လက်ခံလိုက်ပြီး ထိုကိစ္စကိုထပ်မပြောတော့ပေ။
ထို့နောက် သူအခြားကိုယ်စားလှယ်များဘက်လှည့်ကာ ပြောလိုက်၏။
“ဒီနေ့ကစပြီး ကျင့်ကြံခြင်းကမ္ဘာက ခေတ်သစ်တစ်ခုကို ကြိုဆိုလိုက်ရပြီ အားလုံးပဲ ဒီအခွင့်အရေးကို တန်ဖိုးထားပြီး အတူတကွ ငြိမ်းငြိမ်းချမ်းချမ်းယှဉ်တွဲနေထိုင်နိုင်ဖို့ မျှော်လင့်ပါတယ်”
ဂိုဏ်းကြီးများက ကိုယ်စားလှယ်များ ခပ်ဟဟရယ်မောလိုက်ကြပြီး သူ့စကားကို အလေးအနက်မထားဘဲ ပျံသန်းထွက်ခွာသွားခဲ့ကြလေသည်။
လူတိုင်းထွက်သွားသောအခါ အဇူရာတိမ်ဂိုဏ်းမှလူများ သိုလှောင်လက်စွပ်ပုံကြီးကို ကြည့်ပြီး သူတို့စိတ်ထဲ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်လာခဲ့၏။
အခုကစပြီး အဇူရာတိမ်ဂိုဏ်းသည် ဘယ်တော့မှ ထပ်ဆင်းရဲတော့မည် မဟုတ်ပေ။
ကျန်းယန်ပြုံးကာ ချင်းယွင်ကျိကို ပြောလိုက်သည်။
“ဆရာ စကားနည်းနည်းပြောပါဦး”
မျက်လုံးများက ချင်းယွင်ကျိဆီရောက်ရှိသွားခဲ့ကြ၏။
တခဏတိတ်ဆိတ်နေပြီးနောက် သူဖြည်းဖြည်းချင်း ပြောလိုက်လေသည်။
“မိစ္ဆာတွေကို လွှတ်ပေးလိုက်တာကနေ ဒီလောက်ငွေအများကြီး ရမယ်မှန်းသိခဲ့ရင် ငါလွန်ခဲ့တဲ့ နှစ်ရာချီကတည်းက လွှတ်ပေးလိုက်ပါတယ်ကွာ”
သူစတင်ရယ်မောလေတော့၏။
သို့သော် သူ့ရယ်သံတွင် စိတ်ပျက်နေဟန်လည်း တစ်စွန်းတစ်စပါ၀င်နေခဲ့သည်။
ဒီလို လုပ်လို့ရမှန်းသာ သိခဲ့ပါလျှင် ထိုစဉ်က အဇူရာတိမ်ဂိုဏ်းစီနီယာများ ဘာကြောင့် သေဆုံးခဲ့ရပါမည်နည်း။
အခြားသူများ ရယ်မောနေသည်ကိုတွေ့သောအခါ လင်းယွင်ကျိလည်း ပြုံးလိုက်မိ၏။
“လွန်ခဲ့တဲ့နှစ်ရာချီတုန်းကသာ မိစ္ဆာတွေကိုလွှတ်ပေးခဲ့ရင် ကျွန်တော်တို့ လုံး၀ ထိန်းချုပ်နိုင်ခဲ့မှာမဟုတ်ဘူး”
“တကယ်လို့ ကျွန်တော်တို့ မထိန်းချုပ်နိုင်ရင် ကပ်ဘေးကြီးတစ်ခု ဖြစ်ပြီပဲ”
ချင်းယွင်ကျိ ကျန်းယန်ကိုကြည့်ကာ ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။
“မင်းကို တပည့်အဖြစ်လက်ခံခဲ့မိတာ အမှားတစ်ခုမဟုတ်ဘူးဆိုတာတော့ ငါပြောကိုပြောရမယ်”
“မှန်တယ် ငါတို့မှာ ကျန်းယန်ရှိနေတာ ဘုရားသခင်ရဲ့ကောင်းချီးပဲ”
“အဲ့ဒီကောင်စုတ်လေးသာ ပြုပြင်ပြောင်းလဲရေးမလုပ်ခဲ့ရင် အဇူရာတိမ်ဂိုဏ်းအခုဘယ်လိုဖြစ်နေမလဲ ဘယ်သူသိမှာလဲ”
ပိလင်းကျိလည်း ရယ်မောလိုက်၏။
“ကောင်စုတ်လေး နင်ငါ့ကိုအိုနေပြီလို့ပြောခဲ့တာကို ငါမမေ့ဘူးနော် ဒါပေမယ့် အဇူရာတိမ်ဂိုဏ်းမှာနင်ရှိနေတာ ကံကောင်းခြင်းပဲဆိုတာကိုတော့ ငါပြောကိုပြောရမယ်”
“ဆရာဒေါ်လေး ၄ ဆရာဒေါ်လေး ဆရာဦးလေး ၃ သန့်စင်ထားတဲ့ အဲ့ဒီဆေးကိုသောက်ပြီးတာနဲ့ ဆရာဒေါ်လေးရဲ့ နုပျိုမှုတွေကို ပြန်ရတော့မှာပါ” ကျန်းယန် ရယ်ကျဲကျဲဖြင့် ပြောလိုက်သည်။
တခဏအကြာမှသာ လူတိုင်း စိတ်လှုပ်ရှားနေရာမှ ပြန်လည်တည်ငြိမ်လာခဲ့ကြ၏။
ထို့နောက် ချင်းယွင်ကျိ ကျန်းယန်ကိုပြောလိုက်သည်။
“အဇူရာတိမ်ဂိုဏ်းက ဆက်ပြီး ဘာတွေလုပ်သင့်လဲ”
ကျန်းယန် အထွတ်အထိပ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးများပါသော သိုလှောင်လက်စွပ်ကိုယူကာ ချင်းယွင်ကျိ လက်ထဲထည့်ပေးလိုက်၏။
“ဆရာ အရင်ဆုံးကျွန်တော်တို့ အဇူရာမဟာတိမ်၀င်္ကပါရဲ့ စွမ်းအားကို မြှင့်တင်ထားရမယ် ကျွန်တော်အဲ့ဒီကိစ္စကို ဆရာ့လက်ထဲပဲ အပ်ထားလိုက်မယ် ဒီကျောက်တုံးတွေကို လိုသလောက်သာသုံး မနှမြောနဲ့”
“ကောင်းတယ် ဒါဆိုငါအခုပဲ ၀င်္ကပါကို အားပိုကောင်းအောင်လုပ်လိုက်တော့မယ်”
ကျန်းယန် သူ့အစီအစဉ်များကို ဆက်ပြောပြလိုက်သည်။
“ဆရာဦးလေးတစ်ယောက်ချင်းစီတိုင်းကို စိတ်ဝိညာဉ်ကျောက်တုံး သန်း၁၀၀ဆီဆုချမယ် ဆရာဦးလေးတို့ ကြိုက်သလိုသာသုံး အဇူရာတိမ်ဂိုဏ်းမှာငွေမရှားတော့ဘူး တာအိုမိတ်ဆွေအိုကြီး ခင်ဗျားလည်း စိတ်ဝိညာဉ်ကျောက်တုံးသန်း၁၀၀ရမယ်”
“ငါ့မှာသုံးစရာဘယ်နေရာမှမရှိဘူး” လင်းယွင်ကျိ ခေါင်းခါပြလိုက်သည်။
“ငါ့မှာလည်း စိတ်ဝိညာဉ်ကျောက်တုံးသုံးစရာနေရာမရှိဘူး ငါ့ကိုအရသာရှိတာ တစ်ခုခုသာပေး”
စန်းစုန့် ပြန်ပြောလိုက်၏။
“ကျွန်တော်ခင်ဗျားအတွက် ငါးတစ်ကောင်ဖမ်းပေးမယ်” ကျန်းယန် ခပ်ဟဟရယ်မောလိုက်ပြီးနောက် ဆက်ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ဒီစိတ်ဝိညာဉ်ကျောက်တုံးတွေ ဆရာဦးလေးတို့ဟာတွေပါပဲ ဘယ်လိုပဲသုံးသုံး ဆရာဦးလေးတို့သဘောပဲ ပြီးတော့ စိတ်ဝိညာဉ်ဆေးပင်ပဲလိုလို တွင်းထွက်တွေပဲ လိုလို လိုသမျှအရာတိုင်းကို ဘဏ္ဍာတိုက်ထဲမှာသာ သွားယူချည် ပြီးရင် စာရင်းသာမှတ်ခဲ့လိုက်
အခုအားလုံးနားလို့ရပြီ ကျွန်တော်ကတော့ သောင်းချီတဲ့အဇူရာတိမ်ဂိုဏ်းသားတွေ စိတ်ဓာတ်တက်ကြွပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိလာအောင် စကားနည်းနည်းပြောရဦးမယ်”
ထို့နောက် လူစုခေါင်းလောင်းကို ထိုးလိုက်လေသည်။
လူခေါ်ခေါင်းလောင်းသံကို ကြားသည်နှင့် လူတိုင်း လေ့ကျင့်ရေးကွင်းပြင်ဆီ ရောက်ရှိလာခဲ့ကြ၏။
နေ့၀က်အတွင်း လူတိုင်း လေ့ကျင့်ရေးကွင်းပြင်ဆီရောက်ရှိလာခဲ့ပြီး ကွင်းပြင်ထဲတွင် ငြိမ်သက်စွာ ထ်ိုင်ကာ ရှေ့ဆုံးက ကျန်းယန်ကို ကြည့်ရှုနေခဲ့ကြသည်။
လူတိုင်းနေရာယူပြီးသောအခါ ကျန်းယန် လူအုပ်ကိုတစ်ချက်ကြည့်လိုက်ပြီး လေးလေးနက်နက်ပြောလိုက်၏။
“ဂျူနီယာ ညီလေးညီမလေးတို့ ဒီကာလအတွင်း အဇူရာတိမ်ဂိုဏ်းမှာ ဘာဖြစ်သွားလဲ ဆိုတာ သိကြလား”
လူအုပ်ကြီးတိတ်ဆိတ်နေခဲ့ပြီး အဖြေမပေးခဲ့ပေ။
သို့သော် သူတို့သည် အရူးများမဟုတ်ကြပေ။ သင်ခန်းစာများ ရုတ်တရက်ရပ်တန့်သွားခဲ့ပြီး အဇူရာတိမ်ကုန်းမြေတိုက်ကြီးပေါ်တွင် ပြင်းထန်သော စိတ်ဝိညာဉ်စွမ်းအင်လှိုင်းများဖြစ်ပေါ်သွားသည်ကိုလည်း အာရုံခံခဲ့မိကြသည်။
ထို့ကြောင့် ကိစ္စကြီးတစ်ခုခုတော့ ဖြစ်ပွားသွားပြီဖြစ်မှန်း သူတို့ သိကြ၏။
“ဟုတ်တယ် ကိစ္စကြီးတစ်ခုဖြစ်သွားတယ်” ကျန်းယန် ခပ်တင်းတင်းပြောလိုက်သည်။
“အဇူရာတိမ်ဂိုဏ်းနဲ့ အဆင့်တူတဲ့ ဂိုဏ်းကြီး ၉ဂိုဏ်းက အတူတူပူးပေါင်းပြီး အဇူရာတိမ်ဂိုဏ်းကို ကျူးကျော်ခဲ့ကြတယ်
ဂိုဏ်းကြီး ၉ဂိုဏ်းက တာအိုပေါင်းစည်းခြင်းအဆင့် ၂၇ယောက်နဲ့ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ၁၀ယောက်က အဇူရာတိမ်ဂိုဏ်းကို သုတ်သင်ဖို့ ဆင်းသက်လာခဲ့ကြတယ်”
လူတိုင်း ပင့်သက်ရှိုက်လိုက်မိကြ၏။
ဂိုဏ်းကြီး ၉ဂိုဏ်းပူးပေါင်းပြီး အဇူရာတိမ်ဂိုဏ်းကို ကျူးကျော်ခြင်း…
“ဂိုဏ်းကြီး ၉ဂိုဏ်းက အဇူရာတိမ်ဂိုဏ်းကို ဖျက်ဆီးချင်ခဲ့ကြပေမယ့် အဇူရာတိမ်ဂိုဏ်းကတော့ ပျက်ဆီးမသွားခဲ့ဘူး ငါတို့ ပြန်တိုက်ခိုက်ခဲ့တယ်” ကျန်းယန် အသံကိုမြှင့်ကာ အော်ပြောလိုက်လေသည်။
“ငါတို့ဂိုဏ်းရဲ့ အကြီးအကဲတွေကိုယ်တိုင်ထွက်တိုက်ခိုက်ပြီးနောက်မှာတော့ တာအိုပေါင်းစည်းခြင်းအဆင့် ၂၇ယောက်ကို ရှင်းပစ်နိုင်ခဲ့ပြီး ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ၁၀ယောက်ကို နှင်ထုတ်ပစ်နိုင်ခဲ့တယ်
ငါတို့ အဲ့ဒီတိုက်ပွဲကို အနိုင်ရခဲ့တယ်”
လူအုပ်ကြီး တောင့်တင်းသွားခဲ့၏။
ထို့နောက်တွင်တော့ နားကွဲလုမတတ် အောင်ပွဲခံသံများပေါ်ထွက်လာခဲ့လေသည်။
သောင်းချီသော တပည့်များက တစ်ပြိုင်တည်း အော်ဟစ်လိုက်ကြ၏။
“အဇူရာတိမ်ဂိုဏ်း အဓွန့်ရှည်ကြာတည်ပါစေ” သူတို့အသံများက ကောင်းကင်ကိုပင် တုန်ခါသွားစေခဲ့သည်။
ကျန်းယန် သူတို့ကို တိတ်တိတ်နေဖို့ လက်မြှောက်ပြလိုက်ပြီး ပြောလိုက်၏။
“ငါတို့ အနိုင်ရရုံတင်မကဘူး ဂိုဏ်းကြီး ၉ဂိုဏ်းဆီက လျော်ကြေး စိတ်ဝိညာဉ်ေကျာက်တံုး ၆၀ဘီလီယံလည်း ရခဲ့တယ်
အခုကစပြီး အဇူရာတိမ်ဂိုဏ်းက ချမ်းသာသွားပြီ”
လူတိုင်းမျက်လုံးများ ပြူးကျယ်ကုန်ကြသည်။
၆၀ဘီလီယံဆိုသော ပမာဏက…
အောင်ပွဲသံများ နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့ပြန်၏။
“ငါတို့ဘယ်တော့မှ အရင်လို ဆေးလုံးတွေရှားနေမှာမဟုတ်တော့ဘူး”
“မှော်ရတနာတွေလည်းရှားတော့မှာမဟုတ်ဘူး”
“ငါတို့ဘယ်တော့မှ ဘယ်သူ့ကိုမှ ထပ်ပြီးဦးညွှတ်စရာမလိုတော့ဘူး”
“နောက်ဆုံးတော့ အဇူရာတိမ်ဂိုဏ်းက မြင့်တက်လာခဲ့ပြီ”
“အဇူရာတိမ်ဂိုဏ်း အဓွန့်ရှည်ကြာတည်ပါစေ”
ကျန်းယန်၏ အော်သံများနောက်တွင် သောာင်းချီသောဂိုဏ်းသားများ၏အောင်ပွဲခံသံများက ကပ်လိုက်လာခဲ့၏။
ထိုအခိုက်တွင် အဇူရာတိမ်ဂိုဏ်းသားဖြစ်ရတာ ကံကောင်းသည်ဟု သူတို့ခံစားလိုက်ကြရသည်။
“အဇူရာတိမ်ဂိုဏ်း အဓွန့်ရှည်ကြာတည်ပါစေ”
ကျန်းယန် သောင်းချီသောတပည့်များကိုကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြုံးလိုက်၏။
သို့သော် သူ့ရင်ထဲ မောက်မာမှုမျိုးတော့ မရှ်ိခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် အဇူရာတိမ်ဂိုဏ်းသည် မောက်မာရလောက်အောင် မြင့်တက်မနေသေးမှန်း သူသိနေ၍ ဖြစ်သည်။
သို့သော် သူ့နောက်အစီအစဉ်များက အဇူရာတိမ်ဂိုဏ်းကို ထိပ်ဆုံးတွင်ရပ်တည်နေနိုင်ရန် လုပ်ပေးပေလိမ့်မည်။
ထိုအချိန်ရောက်သွားလျှင်တော့ ဂိုဏ်းကြီးတိုင်းက သူတို့အဇူရာတိမ်ဂိုဏ်းကို ဦးညွှတ်ရပေလိမ့်မည်။