အဇူရာတိမ်ကုန်းမြေတိုက်ကြီးကို ပေါင်းစည်းခြင်း
Vol. 26 Ch. 276
ဝိညာဉ်ချိတ်ပိတ်အလံသည် ဟင်းလင်းပြင်အဖြစ်ပြောင်းလဲသွားကာ ကျန်းယန်၏ခရမ်းနန်းတော်ပေါ်တွင် ပေါ်လာခဲ့၏။
သူကျန်းယန်၏ အခြေတည်ဝိညာဉ်ကိုမြင်လိုက်ရပြီး သူ့စုတ်ပြဲနေသော တာအို၀တ်ရုံကိုလည်း သတိထားမိသွားခဲ့သည်။
ထိုအခါ အလံက ချက်ချင်းသူ့ကိုသခင်အဖြစ်အသိအမှတ်ပြုလိုက်ပြီး ကျန်းယန်၏အခြေတည်ဝိညာဉ်ပေါ်တွင် ဆင်းသက်လိုက်၏။
အစကတော့ စန်းစုန့်လင်းယွင်ကျိနှင့်အခြားသူများ ကျန်းယန်ကိုရှင်းရှင်းလင်းလင်းမြင်ကြရသည်။ သို့သော် ဝိညာဉ်ချိတ်ပိတ်အလံက သူ့ကို သခင်အဖြစ်အသိအမှတ်ပြုပြီးနောက်တွင်တော့ သူတို့ ကျန်းယန်ကို ရှင်းရှင်းလင်းလင်းမမြင်ကြရတော့ပေ။
နတ်အာရုံများကလည်း သူ့အလံအကာအကွယ်ကို မဖောက်နိုင်ကြတော့ပေ။
ထိုအခိုက်တွင် စန်းစုန့်သည် ကျန်းယန်တွင် လျှို့ဝှက်ချက်ကြီးတစ်ခုရှိနေမှန်း နားလည်သွားခဲ့၏။
သူ့လျှို့ဝှက်ချက်က သူ့အခြေတည်ဝိညဉ်ဖြစ်နေပုံပင်။
ကျန်းယန်ကိုယ်တိုင်လည်း အံ့အားသင့်သွားခဲ့သည်။
အစက သူ့ကိုသခင်အဖြစ်လုံး၀အသိအမှတ်မပြုသော ဝိညာဉ်ချိတ်ပိတ်အလံက အဘယ်ကြောင့် ရုတ်တရက်ကြီး သူ့ကိုအသိအမှတ်ပြုလိုက်ပါသနည်း။
သို့သော် ထိုကိစ္စက ကိစ္စလေးတစ်ခုသာဖြစ်သောကြောင့် သူအစည်းအဝေးကို ဆက်လိုက်သည်။
“ကျွန်တော် ခုနကပြောခဲ့တာတွေက တစ်ကိုယ်ရည်ပန်းတိုင်တွေပါ” ကျန်းယန်အကြည့်က ကျန်းကျစ်ချိုးဆီရောက်ရှိသွားခဲ့၏။
“ဂျူနီယာညီလေးကျန်း မင်းကအခုမှ နတ်၀ိညာဥ်အဆင့်ရောက်တာဆိုတော့ မင်းကို ကျင့်ကြံခြင်းပန်းတိုင်တစ်ခုထားပေးဖို့က အရမ်းများသွားရာ ကျလိမ့်မယ်
အဲ့တာကြောင့် ကျွန်တော်အခု ဂိုဏ်းရဲ့ပန်းတိုင်တွေအကြောင်း ပြောပါတော့မယ်
ပထမဆုံးဂိုဏ်းရဲ့ ပန်းတိုင်ကတော့ ငါးနှစ်အတွင်း ဂိုဏ်းသား ၁သိန်းပြည့်ဖို့ပါ”
ထိုစကားကြောင့်လူတိုင်းတုန်လှုပ်သွားခဲ့၏။
တပည့်သုံးသောင်းက မလုံလောက်သေးပါဘူးလော။ အဘယ်ကြောင့် ကျန်းယန်က တပည့်တစ်သိန်းပြည့်ချင်နေပါသနည်း။
ကျန်းယန် သူတို့အံ့အားသင့်မှုကို ဂရုမစိုက်ခဲ့ပေ။ သူ ကျန်းချန်းရှန် ၀မ်ပေ့လဲ့နှင့် လျန့်ယိတို့ဘက်လှည့်ကာ ပြောလိုက်သည်။
“ဒီတာ၀န်က မင်းတို့အပေါ်မူတည်နေတယ် မင်းတို့ဒီတာ၀န်ကို ပြီးမြောက်အောင်လုပ်ဖို့ နည်းလမ်းတစ်ခု ရှာကိုရှာရမယ်
ဒါပေမယ့် အဲ့ဒီဂိုဏ်းသား တစ်သိန်းက တွေ့ကရာလူကို ခေါ်ခန့်ထားတာမျိုး မဖြစ်ရဘူး
ငါသူတို့ရဲ့ ပါရမီကိုဂရုမစိုက်ဘူး အဓိက အချက်က သူတို့ရဲ့ဂိုဏ်းအပေါ်သစ္စာရှိမှုနဲ့ ဂိုဏ်းကိုချစ်ဖို့ပဲ
အဲ့ဒီနှစ်ချက်အဆင်ပြေနေသ၍ သူတို့ပါရမီက ဘယ်လောက်ဆိုးဆိုး သူတို့ကို ခန့်ကိုခန့်ရမယ်
ဒီပန်းတိုင်ကို ငါးနှစ်အတွင်းပြီးမြောက်အောင်လုပ်ဖို့က မလွယ်လှဘူး မင်းတို့လုပ်နိုင်ပါ့မလား”
“လုပ်နိုင်ပါတယ်” ကျန်းချန်းရှန်တို့ ပြိုင်တူ ပြောလိုက်ကြ၏။
“ဒုတိယပန်းတိုင်က လက်ရှိ ဂိုဏ်းသားသုံးသောင်းရဲ့ ဆယ်ရာခိုင်နှုန်းက ရွှေအမြုတေအဆင့်ဆီ ငါးနှစ်အတွင်း ရောက်နေဖို့ပဲ” ကျန်းယန် ဆက်ပြောလိုက်သည်။
“အဲ့ဒီကိစ္စအတွက် ဆရာဦးလေး ၃ ကကူညီပေးလိမ့်မယ် သူက ဂိုဏ်းသားတွေအတွက် အလားအလာကိုတိုးမြှင့်ပေးမယ့် ဆေးတွေ ထောက်ပံ့ပေးလိမ့်မယ်
ဆိုတော့ ငါးနှစ်အတွင်းသူတို့ရွှေအမြုတေအဆင့်ရောက်ဖို့က လုံး၀ ဖြစ်နိုင်တယ်”
ဂိုဏ်းသား ၁၀ရာခိုင်နှုန်းဆိုသည်မှာ ဂိုဏ်းသား ၃၀၀၀ ရွှေအမြုတေအဆင့်သို့ ရောက်ရမည်ဟုဆိုလိုနေခြင်း ဖြစ်၏။
ထိုအကြောင်းတွေးမိသောအခါ ချင်းယွင်ကျိနှင့်စန်းစုန့်တို့ တံတွေးမြိုချလိုက်မိသည်။
ထိုအရာက ဖြစ်နိုင်ပါမည်လော။
“တာ၀န်ကို ပြီးမြောက်အောင် ဆောင်ရွက်ပါ့မယ်” ကျန်းချန်းရှန်နှင့်အခြားသူများ ပြောလိုက်ကြပြန်၏။
လာမည့်ကာလများတွင် အိပ်ချိန်ပင် ခက်ခက်ခဲခဲရှာရတော့မည်ဖြစ်မှန်း သူတို့ သိနေခဲ့ကြသည်။
“ဂိုဏ်းရဲ့ တတိယပန်းတိုင်က ငါးနှစ်အတွင်း အဇူရာတိမ်ကုန်းမြေတိုက်ကြီးကို စုစည်းဖို့ပဲ” ကျန်းယန် ဆက်ပြောလိုက်၏။
“အဇူရာတိမ်ကုန်းမြေတိုက်ကြီးက အရင်ကတည်းက အဇူရာတိမ်ဂိုဏ်းအပိုင်ပဲ
လွန်ခဲ့တဲ့နှစ်၁၀၀၀တုန်းက အဇူရာတိမ်ဂိုဏ်း အားနည်းသွားခဲ့လို့သာ အခြားဂိုဏ်းတွေက နယ်ချဲ့ခဲ့ကြတာ
အခုက အဇူရာတိမ်ကုန်းမြေတိုက်ကြီးကို ပြန်ယူရမယ့် အချိန်ပဲ”
ချင်းယွင်ကျိ သက်ပြင်းချကာ ပြောလိုက်၏။
“ကျန်းယန် အဲ့ဒီက ကောင်းကင်ဒဏ္ဍာရီကရော”
ကောင်းကင်ဒဏ္ဍာရီသည် သူတို့နှင့် ရင်းနှီးသူဖြစ်ပြီး သူ့ကောင်းကင်ဒဏ္ဍာရီဂိုဏ်းကို မည်သို့ ဖျက်ဆီးရပါမည်နည်း။
ကျန်းယန်ပြုံးကာခေါင်းညိတ်ပြလိုက်သည်။
“ဆရာ ကျွန်တော်ဆရာဆိုလိုတာကို နားလည်ပါတယ်
ကျွန်တော်ပြောတဲ့ ပြန်သိမ်းမယ်ဆိုတာက အားလုံးကို သိမ်းပိုက်ပစ်မယ်လို့ ဆိုလိုတာမဟုတ်ပါဘူး
အင်ပါယာတွေနဲ့ အခြားဂိုဏ်းတွေက ဆက်ပြီးတည်ရှိနိုင်မှာပါ ဒါပေမယ့် သူတို့က အဇူရာတိမ်ဂိုဏ်းရဲ့ အမိန့်ကို နာခံရမယ်
ဒီတစ်ခေါက် ဂိုဏ်းကြီးတွေတိုက်ခိုက်တုန်းက အဇူရာတိမ်ဂိုဏ်းသာရှေ့ကရပ်တည်မပေးခဲ့ရင် သူတို့ ပျောက်ကွယ်သွားတာကြာပေါ့
ကျွန်တော်တို့က သူတို့ကို ကာကွယ်ပေးနေရမှတော့ သူတို့ကလည်း ကျွန်တော်တို့ကို တစ်ခုခုပြန်ပေးသင့်တာပဲ
သူတို့ကို ဆက်ပြီးတည်ရှိခွင့်ပေးထားတာကတင် ရက်ရောလွန်းရာ ကျနေပြီ
အဲ့တာကိုမှ အမိန့်မနာခံချင်ရင်တော့ ကျွန်တော့်ရက်စက်မှုအတွက် အပြစ်မတင်ကြပါနဲ့
ကျွန်တော်တို့မှာ နှစ် ၂၀ပဲ အချိန်ရှိတယ် ဒီကာလအတွင်း ကျွန်တော်တို့က ရသမျှအင်အားမှန်သမျှကို စုစည်းထားရမယ် မဟုတ်ရင် ကျွန်တော်တို့ တိုးတက်နှုန်းနှေးကွေးသွားလိမ့်မယ်
စီနီယာကောင်းကင်ဒဏ္ဍာရီအတွက်ကတော့ ကျွန်တော်တို့က မဟာမိတ်ဖွဲ့ထားပြီးပြီဆိုတော့ဆရာစိတ်ပူစရာမလိုပါဘူး”
ချင်းယွင်ကျိ ခေါင်းညိတ်ပြလိုက်ကာ ဘာမှမပြောတော့ပေ။
“ပြီးတော့ မိုးပြာလကုန်သွယ်သမဂ္ဂအလှည့်ပဲ” ကျန်းယန်အကြည့်က စစ်ထူမင်ယွဲ့ဆီရောက်ရှိသွားခဲ့သည်။
“ဂျူနီယာညီမလေး နင်နတ်ဝိညာဉ်အဆင့်ကိုချိုးဖြတ်ပြီးသွားရင် ကိုယ်တိုင် ဦးလေးချင်ဆီသွားပါ
ငါးနှစ်အတွင်းသူ့ကိုယွင်ထန့်အင်ပါယာ ယွင်ရှန့်အင်ပါယာတွေနဲ့ မြောက်ပိုင်းတစ်ခွင်လုံးမှာ မိုးပြာလကုန်သွယ်သမဂ္ဂအခွဲတွေ တည်ထောင်စေချင်တယ်
အဇူရာတိမ်ကုန်းမြေတိုက်ကြီးတစ်ခုလုံးရဲ့ ကုန်သွယ်ရေးကို တတ်နိုင်သလောက်ပိုပြီးမြန်စေချင်တယ်
အဲ့ဒီကုန်သွယ်သမဂ္ဂတွေက အရင်းအမြစ်စုဆောင်းရေးအတွက် အရမ်းအရေးပါတယ် အဲ့တာကြောင့် နှောင့်နှေးလို့ မဖြစ်ဘူး”
စစ်ထူမင်ယွဲ့ လေးလေးနက်နက်ခေါင်းညိတ်ပြလိုက်၏။
“စီနီယာအစ်ကိုကြီး စိတ်ချပါ ဒီကိစ္စကို ညီမလေးကိုယ်တိုင် ကိုင်တွယ်လိုက်ပါ့မယ် ငါးနှစ်အတွင်း ကုန်သွယ်သမဂ္ဂအခွဲသုံးခု တည်ဆောက်ပြီးနေစေရမယ် ယွင်ထန့်အင်ပါယာမှာတော့ အဖေ့ကို ဂိုဏ်းရဲ့အမိန့်တွေကို လိုက်နာဖို့ ညီမလေးကိုယ်တိုင်သွားပြောမှာပါ မရရင်တော့ သမဂ္ဂကို ယွင်ထန့်အင်ပါယာထဲက ဆုတ်ခွာခိုင်းလိုက်မယ်”
ကျန်းယန် လှုပ်ရှားသည်နှင့် ယွင်ထန့်ကုန်သွယ်သမဂ္ဂက ဒုက္ခရောက်တော့မည်မှန်း သူမကောင်းကောင်းကြီး သိ၏။
စီနီယာအစ်ကိုကြီး၏ စရိုက်အရ သူကဘာကိုမှအလွှတ်ပေးမည် မဟုတ်ပေ။
ထို့ကြောင့် သူမကိုယ်တိုင်ဆောင်ရွက်လိုက်ခြင်းက ပိုကောင်းပေသည်။
ကျန်းယန် ကျန်းကျစ်ချိုးကိုကြည့်ကာ ဆက်ပြောလိုက်၏။
“ငါးနှစ်အတွင်း အဇူရာတိမ်မြို့ကိုအခုထက် သုံးဆကြီးအောင်ချဲ့ရမယ် ပြီးရင် မြို့က လူတစ်သန်းဆံ့ရမယ်
ငါ့မှာ အဇူရာတိမ်မြို့အတွက် သီးသန့်အစီအစဉ်တွေရှိသေးတယ် ဒီအစည်းအဝေးပြီးမှ သီးသန့်ဆွေးနွေးကြမယ်”
ကျန်းကျစ်ချိုးလေးလေးနက်နက်ခေါင်းညိတ်ပြလိုက်သသည်။
“စီနီယာအစ်ကိုကြီး စိတ်ချပါ ကျွန်တော် တာ၀န်ပြီးမြောက်ဖို့ တတ်နိုင်တာအကုန်လုပ်မှာပါ”
“နောက်ဆုံးအနေနဲ့ အဇူရာတိမ်ဂိုဏ်းရဲ့ သံတမန်ရေးရာအကြောင်းဆွေးနွေးမယ်” ကျန်းယန် ဆက်ပြောလိုက်၏။
“ကျွန်တော်တို့တွေ အခြားဂိုဏ်းတွေနဲ့လည်း ဆက်ဆံရေးတွေ တည်ဆောက်ထားရမယ် ဂိုဏ်းကြီးကိုးဂိုဏ်းနဲ့လည်း ထာ၀ရ ရန်သူလုပ်နေလို့ မဖြစ်ဘူး
ကျွန်တော်တို့မှာ မဟာမိတ်တွေများလာလေလေ အထူးသဖြင့် ဂိုဏ်းကြီးကိုးဂိုဏ်းထဲက မဟာမိတ်တွေများလာလေလေ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ပဋိပက္ခက ပိုသေးလာလေပဲ
အဲ့တာက အဇူရာတိမ်ဂိုဏ်းရဲ့ အကြီးမားဆုံးပန်းတိုင်ပဲ
ဒီကိစ္စအောင်မြင်ဖို့အတွက် စီနီယာဂူဒူအာက အခြားမိစ္ဆာမျိုးနွယ်စု စီနီယာတွေနဲ့ ဆက်သွယ်ပေးဖို့ မျှော်လင့်ပါတယ်
အချိန်ကျလာရင် ကျွန်တော် စီနီယာ့ရဲ့ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်လာမှာပါ”
ဂူဒူအာ အသာအယာခေါင်းညိတ်ပြလိုက်၏။
“အချိန်ကျလာရင် ငါတို့အသေးစိတ်ဆွေးနွေးကြတာပေါ့”
ကျန်းယန် အနှစ်ချုပ်လိုက်လေသည်။
“ငါးနှစ်ကုန်ဆုံးပြီးတဲ့နောက် ကျွန်တော်တို့မှာ လုံလောက်တဲ့ခွန်အားရှိလာဖို့ ကျွန်တော် မျှော်လင့်ပါတယ် ပိုပိုပြီး သန်မာလာမှသာ ဘယ်သူမှ ကျွန်တော်တို့ကို မထိရဲတော့မှာ
နောက်ငါးနှစ်အတွင်း လူတိုင်းက အားကုန်သုံးပြီး ကြိုးစားပေးကြပါ
တကယ်လို့ မေးခွန်းတစ်ခုခုရှိနေသေးတယ်ဆိုရငိ အစည်းအဝေးပြီးတဲ့အခါ ကျွန်ဝောာ်နဲ့လာဆွေးနွေးလို့ရပါတယ်
အစည်းအဝေး ပြီးဆုံးသွားပါပြီ”
မျက်လုံးများအားလုံးက ကျန်းယန်ဆီရောက်ရှိနေခဲ့ကြသည်။
တကယ်လို့ သူတို့သာ ကျန်းယန်ချမှတ်ပေးသောပန်းတိုင်များကို အောင်မြင်အောင်လုပ်နိုင်ခဲ့လျှင် ကမ္ဘာပေါ်ရှိအခြားဂိုဏ်းများ အကြောက်တရားကြောင့် တုန်ရီနေကြတော့မည် ဖြစ်မှန်း သူတို့ရှင်းရှင်းလင်းလင်းကြီး သိနေခဲ့ကြ၏။