← Chapters

အခန်း (၃၉၁-၃၉၂)

Vol. 37 Ch. 391-392

အခန်း (၃၉၁-၃၉၂)

Vol. 37 Ch. 391-392

ယန်နတ်ဘုရား စာစဉ် (၃၇)။

ဘာသာပြန်သူ နေဇင်။

အခန်း (၃၉၁)။

“ဒါက ဘယ်လို ချပ်ဝတ်မျိုးလဲ။ ငါ့တစ်သက်မှာ ဒီလောက် မာကြောတဲ့ ပစ္စည်းမျိုး တစ်ခါမှ မမြင်ဖူးဘူး။ နှစ်ပေါင်းတစ်သောင်းသက်တမ်းရှိတဲ့ ‘ကောင်းကင်မက်မွန်သစ်သား’ တောင် မိုးကြိုးအကြိမ်ကြိမ် အပစ်ခံရပြီး၊ မပျက်စီးဘူးဆိုပေမဲ့ ဒီကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်နဲ့ ယှဉ်ရင် အများကြီး နိမ့်ကျလွန်းတယ်။”

ချန်ပီယံမြို့စားကို စကြာဝဠာအိတ်အတွင်းသို့ ရိုက်သွင်းလိုက်ပြီးနောက် ဟုန်ယွိသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီးမှ သူ၏ ခွန်အားများကို ပြန်လည်ထိန်းညှိလိုက်သည်။ ထို့နောက် သူ၏မျက်နှာတွင် အံ့အားသင့်သည့် အရိပ်အယောင်များ ပေါ်လာတော့သည်။

ဖန်ရှင်းတာအိုဂိုဏ်း၏ “အမေနှင့်သားမီးလျှံဘီးမိုးကြိုးဓား” ကိုးလက် ပေါင်းစပ်ပြီး ဖောက်ခွဲလိုက်သည့် စွမ်းအားမှာ မည်မျှ ပြင်းထန်မည်နည်း။ ထိုအဆက်မပြတ် ပေါက်ကွဲမှု များသည် တောင်ငယ်တစ်ခုကိုပင် မြေပြန့်ဖြစ်သွားစေပြီး ဖုန်မှုန့်အဖြစ် ပြောင်းလဲပစ်ရန် လုံလောက်သည်။ သို့သော် ချန်ပီယံမြို့စား၏ ကောင်းကင်အလင်းဦးချို နတ်ဘုရား ချပ်ဝတ်ကို ထိမှန်သောအခါတွင် ၎င်းမှာ အနည်းငယ် တုန်ခါသွားပြီး၊ သူသည် ဟန်ချက် ပျက်သွားရုံသာ ရှိခဲ့သည်။ ချပ်ဝတ်၏ အစိတ်အပိုင်းတစ်ခုလေးပင် လွင့်ထွက်မသွားခဲ့ပေ။

ထို့အပြင် ‘အင်မော်တယ်ပစ္စည်း အဝါရောင်ကျောက်စိမ်း’ သည် လွန်ခဲ့သော ရက်အနည်း ငယ်က နွေရာသီ မိုးကြိုးများမှ စွမ်းအင်များကို စုပ်ယူသိုလှောင်ထားခဲ့ခြင်း ဖြစ်သည်။ ယခု ထိုစွမ်းအင်များကို ထုတ်လွှတ်လိုက်ပြီး ချန်ယင်းရှာ၏ မိုးကြိုးသိုင်းပညာနှင့် ပေါင်းစပ် လိုက်သောအခါ မည်သူမျှ ရှောင်တိမ်းနိုင်ရန် မဖြစ်နိုင်တော့ပေ။

သို့သော် ဤအရာများကပင် ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်ကို အနည်းငယ် မျှပင် ပျက်စီးအောင် မလုပ်နိုင်ခဲ့ပေ။

ပို၍ အံ့ဩစရာကောင်းသည်မှာ ဟုန်ယွိ၏ လူသားအင်မော်တယ် ခွန်အားနှင့် ‘နတ်ဘုရား ကျောက်တုံးကို ဆေးမီးလျှံတို့ဖြင့် သွန်းလုပ်ထားသည့် နတ်ဘုရားဓား’ဖြင့် တိုက်ခိုက်ခဲ့ သော်လည်း ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်မှာ လုံးဝ ပျက်စီးသွားခြင်း မရှိဘဲ အစင်းရာလေး တစ်ခုတောင် ကျန်ရစ်မသွားခြင်းပင် ဖြစ်သည်။

ဤလောကတွင် ဤစစ်နတ်ဘုရားချပ်ဝတ်ကို ပျက်စီးစေနိုင်မည့် အရာတစ်ခုခု ရှိဦးမည် လားဟု ဟုန်ယွိပင် မတွေးတတ်တော့ပေ။

“ငါ့ရဲ့ မိုးကြိုးသိုင်းပညာက အခုဆို ပြည့်စုံသွားပြီ၊ ပြီးတော့ ‘အင်မော်တယ်ပစ္စည်း အဝါရောင်ကျောက်စိမ်း’နဲ့ ပိုပြီးတော့ ဟန်ချက်ညီသွားပြီ။ ‘အဲဒီနတ်ဘုရား မိုးကြိုး’ ဟာ အလွန်တရာ အစွမ်းထက်တယ်။ ဘယ်သူမှ ဒီလို တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး၊ ဒါပေမဲ့ ချန်ပီယံမြို့စားကတော့ အသက်ရှင်နေတုန်းပဲ။ ကံကောင်းလို့ ငါတို့ရဲ့ မဟာ လေဟာနယ် လက်ဝါးတွေကို ပေါင်းစပ်ပြီး သူ့ကို စကြာဝဠာအိတ်ထဲ ရိုက်သွင်းနိုင်ခဲ့တာ။ မဟုတ်ရင် ဖြစ်လာမယ့် အကျိုးဆက်တွေက မှန်းဆလို့တောင် ရမှာ မဟုတ်ဘူး။”

ချန်ယင်းရှာသည်လည်း ထိတ်လန့်နေမိသည်။

ချန်ယင်းရှာသည် ‘ဖျက်ဆီးခြင်းနတ်ဘုရား’ ၏ ခန္ဓာကိုယ်ပွားကို စုပ်ယူပြီးနောက် သူမ၏ မဟာလေဟာနယ်လက်ဝါးမှာလည်း ‘မဟာအောင်မြင်မှု’ အဆင့်သို့ ရောက်ရှိသွားပြီး အလွန်အစွမ်းထက်လာခဲ့သည်။ ဟုန်ယွိနှင့် ပူးပေါင်းကာ နှစ်ဖက်ညှပ်ပြီး တိုက်ခိုက်လိုက် သော မဟာလေဟာနယ်လက်ဝါး၏ စွမ်းအားကို မိုးကြိုးကပ်ဘေး အဆင့်ငါး ပညာရှင် တစ်ဦးပင်လျှင် ခေတ္တ ရှောင်တိမ်းရပေလိမ့်မည်။

သို့သော် ဤတိုက်ခိုက်မှုကပင် ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်ကို မထိခိုက် စေဘဲ ၎င်းကို စကြာဝဠာအိတ်အတွင်းသို့သာ တွန်းပို့နိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ချန်ပီယံမြို့စားမှာ ‘အိုးထဲက လိပ်’ ကဲ့သို့ ဖြစ်သွားခဲ့ပြီ။

သူတို့နှစ်ဦးစလုံး သက်ပြင်းချကာ စိတ်အေးသွားကြသည်။

“အကျိုးဆက်တွေက တကယ်ပဲ မှန်းဆလို့မရဘူး။ ကောင်းကင်အလင်းဦးချို နတ်ဘုရား ချပ်ဝတ်ကို ဝတ်ထားပြီးနောက် သူက ဟင်းလင်းပြင်ကို ဖောက်ထွင်းမြင်နိုင်တဲ့ စွမ်းရည် ရသွားတာပဲ။ ငါ့ရဲ့ စကြာဝဠာအိတ်က ကမ္ဘာ့အတားအဆီးရဲ့ အစွန်းမှာ လွင့်မျောနေတာ တောင် ချန်ပီယံမြို့စားက ရှာတွေ့နိုင်ခဲ့သေးတယ်။ တကယ်ကို ထူးဆန်းတာပဲ။”

ဟုန်ယွိက ခေါင်းညိတ်လိုက်သည်။

“ဟင်..။ အဲဒါ ဘာလဲ။”

သူတို့နှစ်ဦး သက်ပြင်းချကာ စိတ်အေးနေစဉ်မှာပင် ချန်ယင်းရှာက အဝေးသို့ လက်ညှိုး ထိုးပြလိုက်သည်။ ထိုနေရာတွင် တောက်ပသော အလင်းတန်းများစွာမှာ အဝေးမှ ပျံသန်း လာနေပြီး လျှပ်စီးများ စီးဆင်းသံကဲ့သို့ အသံများ ထွက်ပေါ်နေသည်။ ၎င်းမှာ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။

“ခင်ဗျားက တကယ်ကို အချိန်ကိုက် ရောက်လာတာပဲ။ ဒါ တတိယမင်းသားကျိုးပဲ။ ပြီးခဲ့တဲ့ အကြိမ် ငါတို့ မိုးကြိုးကပ်ဘေးကို ရင်ဆိုင်တုန်းက သူလည်း မိုးကြိုးကပ်ဘေး အဆင့်သုံးကို ရင်ဆိုင်ခဲ့ပြီး မင်းကို ဝါးမြိုဖို့ ကြိုးစားခဲ့သေးတယ်လေ။ ဒီတစ်ခါတော့ သူ့ကို ပြန်မလွှတ် တော့ဘူး။ အတော်ပဲ၊ ငါ ချန်ပီယံမြို့စားရဲ့ မှတ်ဉာဏ်တွေကို ဖျက်ဆီးထားတယ်။ ‘ယင်ယန် ဖရိုဖရဲတွင်းနက်အစီရင်ခံ’ကို အသက်သွင်းဖို့အတွက် စွမ်းအင်အများကြီး လိုတယ်။ မိုးကြိုးကပ်ဘေး အဆင့်သုံးပညာရှင်တစ်ယောက်ရဲ့ စိတ်ဝိညာဉ်ကို လောင်စာ အဖြစ် သုံးလိုက်တာက အကောင်းဆုံးပဲ။”

ဟုန်ယွိက လက်တစ်ဖက် ဝှေ့ယမ်းလိုက်ရာ အတွေးစ ၉,၉၉၉ ခုမှာ သူ၏ခန္ဓာကိုယ်မှ ပျံထွက်လာပြီး ပစ္စုပ္ပန်ဗုဒ္ဓအဖြစ် နောက်တစ်ကြိမ် ပြောင်းလဲသွားသည်။ ထို့နောက် တတိယမင်းသားကျိုးထံသို့ ပြင်းထန်စွာ ပြေးဝင်သွားတော့သည်။

“မကောင်းတော့ဘူး၊ ဒီတစ်ခါတော့ ငါ သံပြားပူပူကို သွားကန်မိပြီ။ ချန်ပီယံမြို့စားတောင် ဒီလောက်အလွယ်တကူ အဖမ်းခံလိုက်ရတယ်ဆိုတော့... မဟုတ်ဘူး... ချန်ပီယံမြို့စားက အဲဒီလောက် အလွယ်တကူ အရှုံးပေးမယ့်သူ မဟုတ်ဘူး။ သူ စကြာဝဠာအိတ်ထဲမှာ ပိတ်မိနေပေမဲ့ ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်ရဲ့ ကြီးမားတဲ့ စွမ်းအားကို အသုံးချပြီး လွတ်အောင် ရုန်းနိုင်သေးတယ်။ ဒါပေမဲ့ ဒီဟုန်ယွိက ခန့်မှန်းရ ခက်လွန်းတယ်။ သူက တခြား လျှို့ဝှက်ချက်တွေလည်း ရှိနေဦးမှာပဲ။”

တတိယမင်းသားကျိုး၏ စိတ်ထဲတွင် အတွေးများ လျင်မြန်စွာ လည်ပတ်နေသည်။

ခုနက သူ ပျံလာစဉ်အတွင်းမှာပင် ချန်ပီယံမြို့စားမှာ မိုးကြိုးများဖြင့် အပစ်ခံရပြီးနောက် မဟာလေဟာနယ်လက်ဝါး နှစ်ခု ပေါင်းစပ်ရိုက်ထုတ်မှုကြောင့် စကြာဝဠာအိတ်အတွင်းသို့ လွင့်စဉ်ဝင်သွားသည်ကို သူ မြင်တွေ့ခဲ့ရသည်။

ဤမြင်ကွင်းက သူ့ကို အလွန်အမင်း ထိတ်လန့်သွားစေပြီး ချွေးအေးများပင် ထွက်လာစေ သည်။

သူသည် မိုးကြိုးကပ်ဘေး အဆင့်သုံးပညာရှင်၊ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သော်လည်း ဟုန်ယွိကဲ့သို့လူမျိုးနှင့် တိုက်ခိုက်လျှင်မူ သေချာပေါက် ရှုံးနိမ့်ပေလိမ့်မည်။

ထိုခဏမှာပင် သူ၏ အတွေးစများက ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။ ‘ဗျူဟာ ၃၆ မျိုး တွင် ဆုတ်ခွာခြင်းသည် အကောင်းဆုံး’ ပင် ဖြစ်သည်။

“ငါ အမြန်ဆုံး လွတ်အောင်ပြေးပြီး ‘ဘိုးဘေးကြီး’ကို သတင်းပို့ရမယ်။ ဘိုးဘေးကြီး ရောက်လာရင် ချန်ပီယံမြို့စားကို ကယ်နိုင်လိမ့်မယ်။ ဘိုးဘေးကြီး ကျင့်ကြံနေတာကို အနှောင့်အယှက် ဖြစ်မှာကို ငါ ဂရုမစိုက်နိုင်တော့ဘူး။”

ထိုသို့တွေးပြီးနောက် တတိယမင်းသားကျိုး၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ လည်ပတ်သွား သည်။ ရုတ်တရက် သူသည် နောက်သို့ လှည့်ကာ အမြန်ဆုံး ပျံထွက်သွားတော့သည်။

သို့သော် ဟုန်ယွိက သူ့ကို မည်သို့ အလွတ်ပေးပါမည်နည်း။

ပစ္စုပ္ပန်ဗုဒ္ဓ ဆင်းသက်လာသည်နှင့် တစ်ပြိုင်နက် လူသားအင်မော်တယ် ခန္ဓာကိုယ်ပွားက ကမ္ဘာပျက်မတတ် ဟိန်းဟောက်လိုက်တော့သည်။

ပြင်းထန်လှသော အသံလှိုင်းများမှာ ပဲ့တင်ထပ်သွားသည်။ ဝုန်းခနဲ အသံနှင့်အတူ ထွက်ပြေးနေသော တတိယမင်းသားကျိုး၏ ခန္ဓာကိုယ်မှာ ကြိုးပြတ်သွားသော စွန်တစ်ခု ကဲ့သို့ တုန်ခါသွားသည်။

တတိယမင်းသားကျိုး၏ တာအိုနည်းစနစ်များနှင့် စိတ်ဝိညာဉ်မှာ ‘ဘိုးဘေးဟုန်လင်’ ထက် အများကြီး ပို၍ အစွမ်းထက်သည်။

လူသားအင်မော်တယ်၏ ပြင်းထန်လှသော ဟိန်းဟောက်သံ ရှိလင့်ကစား သူ၏ခန္ဓာကိုယ် မှာ ပျက်စီးမသွားခဲ့ပေ။ ယင်းအစား သူသည် ခန္ဓာကိုယ်ပုံစံကို ဆက်လက်ထိန်းသိမ်းထား နိုင်သော်လည်း သူ၏ ပျံသန်းနှုန်းမှာမူ ရုတ်တရက် နှေးကွေးသွားခဲ့သည်။

... ...

“ခင်ဗျားက ထွက်ပြေးဖို့ ကြိုးစားနေတုန်းပဲလား။”

ယခုတစ်ကြိမ်တွင် တတိယမင်းသားကျိုး၏ စိတ်ဝိညာဉ် အရှိန်ဟုန်မှာ နှေးကွေးသွား သည်။ ဟုန်ယွိ၏ ပစ္စုပ္ပန်ဗုဒ္ဓက ဆင်းသက်လာပြီး လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ ဧရာမ လက်ဝါးစွမ်းအား၊ လေလှိုင်းများနှင့် စိတ်ဆန္ဒတို့မှာ မဟာလေဟာနယ်လက်ဝါး၏ ကြီးမား သော စွမ်းအားများ ပါဝင်သည့် လက်ဝါးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ဝုန်း…။

တစ်ချက်တည်းဖြင့် ပစ္စုပ္ပန်ဗုဒ္ဓ၏ စွမ်းအားများ ပါဝင်သော မဟာလေဟာနယ်လက်ဝါး သည် တတိယမင်းသားကျိုး၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားတော့သည်။

“အား”

တတိယမင်းသားကျိုးသည် ပြင်းထန်စွာ အော်ဟစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်မှာ အတွေးစ ၇,၀၀၀ ခန့်အဖြစ် ပေါက်ကွဲသွားသည်။ လက်ဝါးချက် ထိမှန်ပြီး နောက် သူ၏ အတွေးစ တစ်ခုချင်းစီမှ အစိမ်းရောင် မီးခိုးများ ထွက်ပေါ်လာသည်။ ၎င်းမှာ နွားသားရေကို ဂဟေဆော်ထားသည့် သံချောင်းဖြင့် အပူပေးခံလိုက်ရသလိုမျိုးပင်။

အတွေးစ ၁,၀၀၀ ကျော်မှာ မဟာလေဟာနယ်လက်ဝါး၏ ရိုက်ခတ်မှုကို ခံလိုက်ရသည်။ ထိုအတွေးစများမှ အစိမ်းရောင် မီးခိုးများ ထွက်ပေါ်လာခြင်းမှာ အတွေးစများပေါ်ရှိ မှတ်ဉာဏ်များကို အစွမ်းကုန် လှုံ့ဆော်လိုက်ခြင်း၏ အကျိုးဆက်ပင် ဖြစ်သည်။

နတ်ဘုရားများ၏ စွမ်းအားနှင့် ပြင်းထန်သော ယုံကြည်ချက်စွမ်းအားများသည် လူသား စိတ်ဝိညာဉ်အတွက် အလွန်ပင် အန္တရာယ်ရှိသည်။ ထို့အပြင် ယခုအခါ ဟုန်ယွိသည် မဟာလေဟာနယ်လက်ဝါးကို အပြည့်အဝ ကျွမ်းကျင်သွားပြီဖြစ်ရာ ရန်သူ၏ အတွေးစ များထဲမှ မှတ်ဉာဏ်များကို တိုက်ရိုက် လှုံ့ဆော်နိုင်ပြီး လက်ဝါးတစ်ချက်တည်းဖြင့် ၎င်းတို့ကို ဖျက်ဆီးပစ်နိုင်ပြီ ဖြစ်သည်။

... ...

“ငါ မင်းကို အလွှတ်ပေးမှာ မဟုတ်ဘူး။ စောင့်နေလိုက် ဟုန်ယွိ...”

အတွေးစ ၁,၀၀၀ ကျော်ကို ဟုန်ယွိက ဖမ်းမိလိုက်သည်။ အစိမ်းရောင် မီးခိုးများ ထွက်ပေါ် လာချိန်မှာပင် တတိယမင်းသားကျိုး၏ ကျန်ရှိနေသော အတွေးစ ၆,၀၀၀ ခန့်မှာ ရူးသွပ်စွာ ဟိန်းဟောက်လိုက်ပြီး ကျိုင်းကောင်များကဲ့သို့ အရပ်ရပ်သို့ ပျံထွက်သွားကြသည်။ ၎င်းတို့သည် အလွန်မြန်သော အရှိန်ဖြင့် လမ်းကြောင်းအမျိုးမျိုးသို့ ပျံသန်းသွားသဖြင့် လိုက်လံ ဖမ်းဆီးရန် မဖြစ်နိုင်တော့ပေ။

“မင်းက ခွဲထွက်ပြီး ထွက်ပြေးချင်တာလား။ လုံးဝ မဖြစ်နိုင်ဘူး။ ချီဝိညာဉ်ဝဲဂယက်။”

ကြီးမားလှသော ဝိညာဉ်ဝဲဂယက်တစ်ခုမှာ ကောင်းကင်မှ ဆင်းသက်လာပြီး စုပ်ယူခြင်း စွမ်းအားအရှိန်ဟုန်တစ်ခု ထွက်ပေါ်လာသည်။

တတိယမင်းသားကျိုး၏ နောက်ထပ် အတွေးစ ၂,၀၀၀ ခန့်မှာ ဆွဲငင်ခံလိုက်ရပြီး ဝဲဂယက် အတွင်းသို့ အတင်းအကျပ် ဆွဲသွင်းခံလိုက်ရသဖြင့် သူသည် နောက်တစ်ကြိမ် နာကျင်စွာ အော်ဟစ်လိုက်ရပြန်သည်။

ဟုန်ယွိသည် ကျန်ရှိနေသော အတွေးစ အားလုံးကို ဝဲဂယက်အတွင်းသို့ ဆွဲသွင်းရန် ပြင်လိုက်သော်လည်း ထိုအချိန်တွင် စကြာဝဠာအိတ် အတွင်းမှ ပြင်းထန်သော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ ချန်ပီယံမြို့စား၏ အသံပင် ဖြစ်သည်။ ၎င်းက ချီဝိညာဉ်ဝဲဂယက်၏ စွမ်းအားကို နှောင့်ယှက်လိုက်သည်။

ထိုခဏမှာပင် တတိယမင်းသားကျိုး၏ ကျန်ရှိနေသော အတွေးစ ၄,၀၀၀ မှာ အရပ်ရပ်သို့ ရူးသွပ်စွာ ပျံသန်းသွားပြီး အရိပ်အယောင်ပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားကြသည်။ လိုက်လံဖမ်းဆီးရန်မှာ နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

“နှမြောစရာပဲ။ ဒီလူကို လွှတ်ပေးလိုက်တာဟာ နောင်မှာ အဆုံးမရှိတဲ့ ဒုက္ခတွေကို ဖြစ်စေလိမ့်မယ်။”

တောက်ပနေသော အတွေးစ ၃,၀၀၀ ခန့်မှာ ဟုန်ယွိ၏ လက်ထဲသို့ ကျရောက်လာသည်။

အချို့သော အတွေးစများမှာ တတိယမင်းသားကျိုး၏ မျက်နှာအဖြစ် ပြောင်းလဲသွားပြီး အံကြိတ်ကာ ကျိန်ဆဲနေကြသည်။ သို့သော် ၎င်းတို့ကို ဟုန်ယွိ၏ မဟာလေဟာနယ် လက်ဝါးဖြင့် ရစ်ပတ်ထားလိုက်သည်။ ရောင်စုံအလင်းတန်းများ လက်ခနဲ လင်းလက်သွား ပြီး အစိမ်းရောင် မီးခိုးများ ထွက်လာသည်။ ဤအတွေးစများမှာ အသန့်စင်ဆုံး မိုးကြိုး ကပ်ဘေး အဆင့်သုံးပညာရှင်တစ်ဦး၏ နတ်ဘုရား စိတ်ဝိညာဉ် အတွေးစများအဖြစ် ပြောင်းလဲသွားတော့သည်။

ဟုန်ယွိသည် သက်ပြင်းချလိုက်ပြီးနောက် တတိယမင်းသားကျိုး ထွက်ပြေးသွားသည်ကို ဂရုမစိုက်တော့ဘဲ စကြာဝဠာအိတ် အတွင်းသို့ ချက်ချင်းပင် ဝင်ရောက်သွားတော့သည်။

ထိုအချိန်တွင် စကြာဝဠာအိတ်မှာ ပြောင်းပြန်လှန်ခံထားရသလို ဖြစ်နေပြီး ကမ္ဘာလောက ကြီးမှာ ကသောင်းကနင်း ဖြစ်နေတော့သည်။

... ...

ချန်ပီယံမြို့စားသည် စကြာဝဠာအိတ်၏ အလယ်ဗဟိုတွင် ကြည်လင်သော အလင်းတန်း တစ်ခုဖြင့် ရစ်ပတ်ခြင်း ခံထားရသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ အရိုးဆူးများမှာ တုန်ခါ နေပြီး သူ၏လှံကို ဝှေ့ယမ်းနေသည်။ သူသည် အဆက်မပြတ် ဟိန်းဟောက်နေပြီး သူ၏ ပြင်းထန်သော သိုင်းဆန္ဒနှင့် စစ်နတ်ဘုရား၏ ဝိညာဉ်မှာ အသံလှိုင်းများနှင့်အတူ ကြည်လင်သော အလင်းတန်းကို ပေါက်ကွဲပျက်စီးစေရန် ကြိုးစားနေသည်။

သူ၏ခန္ဓာကိုယ်ကို ဝန်းရံထားသော ကြည်လင်သည့် အလင်းတန်းမှာ အလွန်ပင် ခိုင်မာလှ သော်လည်း သူ၏ ပြင်းထန်သော ရုန်းကန်မှုနှင့် ဟိန်းဟောက်မှုများကြောင့် ၎င်းမှာ တဖြည်းဖြည်း ပါးလွှာလာခဲ့သည်။

ကြည်လင်သော အလင်းတန်းမှတစ်ဆင့် ပြင်ပကမ္ဘာကိုပင် မြင်တွေ့နိုင်တော့မည် ဖြစ်သည်။

“ဟားဟားဟား။ ဟုန်ယွိ..၊ မင်း ငါ့ကို ဒီ စကြာဝဠာအိတ်ထဲ ထည့်လိုက်ရုံနဲ့ ငါ လွတ်အောင် မပြေးနိုင်ဘူး ထင်နေလား။ ငါ ဒီကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်ကို ဝတ်ထား ပြီးရင် ငါ့ခွန်အားတွေက အဆုံးမရှိဘူး။ ဒီစကြာဝဠာအိတ် တစ်ခုလုံး ပျက်စီးသွားတဲ့အထိ ငါ အထဲက ပင်လယ်တွေ၊ မြစ်တွေကို ပြောင်းပြန်လှန်ပစ်မယ်။ ကမ္ဘာငယ်လေးတစ်ခု ပျက်စီးသွားရင် အထဲမှာရှိသမျှ အရာအားလုံး ပျက်စီးသွားမှာပဲ။ မင်း ဒီထဲမှာ ရှားပါး ရတနာတွေ အများကြီး စုဆောင်းထားမှာပဲ၊ အဲဒါတွေ အားလုံးကို ငါ ဖျက်ဆီးပစ်မယ်။”

ချန်ပီယံမြို့စားက တစ်ချက်ပြီးတစ်ချက် ဟိန်းဟောက်လိုက်သည်။

“ဒီစကြာဝဠာအိတ်က သက်တမ်း နှစ်ထောင်လောက် ကျန်သေးတယ်။ ဒါပေမဲ့ ငါ ဖျက်ဆီး လိုက်ပြီးရင်တော့ သူ့ရဲ့သက်တမ်းက အမြန်ဆုံး ကုန်ဆုံးသွားမှာပဲ... ငါက ကမ္ဘာငယ်လေး တွေ အကြောင်းကို ကောင်းကောင်း သိထားတယ်။”

“ဒီအရူး…၊ ယင်ယန်ဖရိုဖရဲ တွင်းနက် အစီအရင်။”

ဟုန်ယွိ ဝင်လာသည်နှင့် သူ၏ ရတနာများစွာ ဖျက်ဆီးခံထားရသည်ကို မြင်လိုက်ရသည်။ သူ၏ လက်နက်များနှင့် ချပ်ဝတ်အချို့မှာ ဖုန်မှုန့်အဖြစ်ပင် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ‘ကောင်းကင်တုန်ခါလေး’ကို ဆွဲတင်လိုက် တော့သည်။

ကြီးမားလှသော ‘ယင်ယန်ဖရိုဖရဲတွင်းနက် အစီရင်ခံ’သည် ချန်ပီယံမြို့စားပေါ်သို့ ဆင်းသက်လာတော့သည်။

“ယင်ယန်ဖရိုဖရဲတွင်းနက် အစီရင်ခံ”လား ဒီတာအိုနည်းစနစ်က ငါ့အတွက် အသုံးဝင်မယ် ထင်နေလား။”

ချန်ပီယံမြို့စားက ပို၍ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

... ...

“ဟုန်ယွိ၊ မင်း သူ့ကို အမြန်ဆုံး သန့်စင်ဖို့ လိုတယ်။ ထွက်ပြေးသွားတဲ့ တတိယမင်းသား ကျိုးက ‘ဘိုးဘေးကြီး’ ကို သွားရှာလိမ့်မယ်... အဲဒီလူက ခန့်မှန်းရ ခက်လွန်းတယ်။ လွန်ခဲ့ တဲ့ နှစ်ပေါင်း သုံးရာကတည်းက သူက မိုးကြိုးကပ်ဘေး အဆင့်ငါး ပညာရှင်တစ်ယောက်ပဲ၊ အခုဆိုရင် ပိုတောင် အစွမ်းထက်နေဦးမှာ။ သူ ရောက်လာလို့ ချန်ပီယံမြို့စားကလည်း ထပ်ပြီး ဒုက္ခပေးမယ်ဆိုရင် ငါတို့ ကြိုးစားသမျှ အရာအားလုံး အလဟဿ ဖြစ်သွားလိမ့် မယ်။”

ချန်ယင်းရှာ၏ စိုးရိမ်တကြီး အသံကို ကြားလိုက်ရသည်။

“တည်ထောင်သူ ဘိုးဘေးကြီး ဟုတ်လား။”

ဟုန်ယွိ၏ အတွေးစများမှာ တင်းကြပ်သွားခဲ့သည်။ အခြေအနေမှာ အလွန်ပင် အရေးကြီး နေပြီဖြစ်ကြောင်း သူ သိလိုက်သည်။ ရုတ်တရက် သူ အံကြိတ်လိုက်သည်။

သူသည် ‘ဘိုးဘေးဟုန်လင်’ ၏ ကျန်ရှိနေသော အတွေးစများနှင့် တတိယမင်းသားကျိုး၏ အတွေးစ ၃,၀၀၀ ကို ထုတ်ယူလိုက်ပြီး ‘ကောင်းကင်တုန်ခါလေး’ ထဲသို့ ထည့်လိုက်တော့ သည်။

ဝုန်း…။

‘ကောင်းကင်တုန်ခါလေး’ မှ အဆက်မပြတ် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

‘ယင်ယန်ဖရိုဖရဲတွင်းနက် အစီရင်ခံ’၏ စွမ်းအားမှာ အဆပေါင်း ထောင်ချီ တိုးမြင့်လာ သည်။ ကြီးမားလှသော အဖြူအမဲ ပုံရိပ်ကြီးမှာ လည်ပတ်နေပြီး ဟုန်ယွိ၏ ကိုယ်ပိုင် မှတ်ဉာဏ်များကိုပင် တိုက်စားတော့မည့်အလား ဖြစ်နေသည်။

“ဘယ်လိုလုပ် ဒီလောက်ကြီး အစွမ်းထက်နေရတာလဲ။ မဖြစ်ဘူး။ စိတ်ကို စုစည်းစမ်း၊ ဖန်ဆင်းခြင်းကို နားလည်အောင်လုပ်...” ချန်ပီယံမြို့စားသည် ကြီးမားသော ဖိအားကို ချက်ချင်း ခံစားလိုက်ရ၏။ သူ၏ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ထဲမှ မှတ်ဉာဏ်များ အတင်း ကျပ် ဆွဲထုတ်ခံနေရသလိုပင်။

ထို့ကြောင့် သူသည် လက်ထဲမှ လှံကို ချက်ချင်း ချလိုက်ပြီး မြေပြင်ပေါ်တွင် ထိုင်ကာ ထူးဆန်းသော လက်ဟန်တံဆိပ်တစ်ခုကို ပြုလုပ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ စိတ်ထဲတွင် ပုံရိပ်တစ်ခုကို ဖော်ဆောင်လိုက်သည်။ ဤပုံရိပ်မှာ သူ့စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံး နေရာတွင် ဝှက်ထားသဖြင့် မည်သည့်အရာကမျှ မထိခိုက်နိုင်ပေ။

၎င်းမှာ “ဖန်ဆင်းခြင်း ကောင်းကင်နတ်ဘုရား ဖိနှိပ်ခြင်း” ပညာရပ်ပင် ဖြစ်သည်။

သူသည် သိုင်းသူတော်စင်တစ်ဦးဖြစ်ပြီး သူ၏ အတွေးအပိုင်းစများမှာ ခန္ဓာကိုယ်မှ ထွက်ခွာ ၍ ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်၊ သွေးများနှင့် မပေါင်းစပ်နိုင်သော်လည်း တာအိုနည်းလမ်း များကို ပုံဖော်ရန်နှင့် သူ၏စိတ်ဝိညာဉ်ကို ဖိနှိပ်ရန်အတွက်မူ အဟန့်အတား မရှိပေ။ သူသည် စဉ်းစားရန်နှင့် ပုံရိပ်ဖော်ဆောင်ရန် ဆက်လက် လုပ်ဆောင်နိုင်ဆဲ ဖြစ်သည်။

သို့သော် ယခုအခါ သူ၏ မှတ်ဉာဏ်အားလုံးကို ကာကွယ်နေရသဖြင့် ကောင်းကင်အလင်း ဦးချို နတ်ဘုရားချပ်ဝတ်မှာ သိသိသာသာ အားနည်းသွားပုံရသည်။

အဘယ့်ကြောင့်ဆိုသော် ဤချပ်ဝတ်ကို ထိန်းချုပ်ရန်အတွက် စိတ်အာရုံအပေါ်တွင်သာ လုံးဝ အမှီပြုနေရခြင်း ဖြစ်သည်။

ခရက်၊ ခရက်...

ချန်ပီယံမြို့စား၏ ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသော အရိုးဆူးများ အားလုံးမှာ ပြန်လည် ရုတ်သိမ်းသွားပြီး ချပ်ဝတ်မှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ ၎င်းပုံစက ကြောက်စရာ ကောင်းနေဆဲ ဖြစ်သော်လည်း ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးနိုင်သော နတ်ဆိုး နတ်ဘုရား သို့မဟုတ် စစ်နတ်ဘုရားတစ်ပါး၏ သတ်ဖြတ်လိုသော အရှိန်အဝါများ မရှိတော့ပေ။

သို့သော် ချန်ပီယံမြို့စား၏ ချပ်ဝတ်ပေါ်မှ အရိုးဆူးများ ပြန်ဝင်သွားသောအခါ ၎င်း၏ အကာကွယ်မှာ ပို၍ပင် ခိုင်မာလာပုံရသည်။ ချပ်ဝတ်၏ မျက်နှာပြင်ပေါ်ရှိ အရိုးများမှာ ‘ယင်ယန်ဖရိုဖရဲတွင်းနက် အစီရင်ခံ’ ၏ စုပ်ယူမှု အားအရှိန်ဟုန်ကို သဘာဝဗီဇအရ ခုခံနေသကဲ့သို့ လှုပ်ရှားနေသည်။

“ဒီချပ်ဝတ်က အရမ်းကို အစွမ်းထက်တာပဲ။ မိုးကြိုးလျှပ်စီးနဲ့လည်း ဖျက်ဆီးလို့မရဘူး၊ ယမ်းတွေလည်း အသုံးမဝင်ဘူး၊ လူသားအင်မော်တယ် နတ်ဘုရားလက်နက်တွေတောင် မချိုးဖျက်နိုင်ဘူး။ အခုဆိုရင် တာအိုနည်းစနစ်တွေကိုတောင် ခုခံနိုင်နေပြီ။”

ဟုန်ယွိမှာ အံ့အားသင့်သွားသည်။ ‘ကောင်းကင်တုန်ခါလေး’ အတွင်းသို့ မိုးကြိုးကပ်ဘေး အဆင့်နှစ် ပညာရှင်၏ အတွေးစ ထောင်ပေါင်းများစွာနှင့် မိုးကြိုးကပ်ဘေး အဆင့်သုံး ပညာရှင်၏ အတွေးစ ၃,၀၀၀ ကို ထည့်သွင်းထားခြင်း ဖြစ်သည်။ ၎င်းမှာ အလွန်အမင်း အစွမ်းထက်သော ခွန်အားပင်! ‘ယင်ယန်ဖရိုဖရဲတွင်းနက် အစီရင်ခံ’၏ စွမ်းအားမှာ ဟုန်ယွိ ကိုယ်တိုင်ကိုပင် သက်ရောက်မှု ရှိနေခြင်း ဖြစ်သည်။

“မကောင်းတော့ဘူး။”

ထိုခဏမှာပင် စကြာဝဠာအိတ် အပြင်ဘက်ရှိ ချန်ယင်းရှာက သတိပေးလိုက်သည်။

ဟုန်ယွိ၏ အတွေးစများမှာ စကြာဝဠာအိတ် အပြင်ဘက်သို့ ပျံထွက်သွားသောအခါ ကောင်းကင်နှင့် မြေကြီးကြားတွင် လေပြင်းများမှာ မြှားတစ်စင်းကဲ့သို့ တိုက်ခတ်နေပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းနေသည်ကို မြင်လိုက်ရသည်။ အဝေးမှ နက်မှောင်သော အမှောင်ထုကြီးတစ်ခု တိုးဝင်လာနေပြီး ထိုအမှောင်ထုအတွင်းတွင် ရွှေရောင် အကြေးခွံ များမှာ လက်ခနဲ လက်ခနဲ ဖြစ်နေသည်။ ၎င်းမှာ သူ့ဆီသို့ ဖိနှိပ်ဝင်ရောက်လာနေခြင်း ဖြစ်သည်။

ဟုန်ယွိသည် ထိုအမှောင်ထုအတွင်းမှ အနှိုင်းမဲ့ ပြင်းထန်သော အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။

“ဒါ ဘာလဲ။ ဒါဟာ ‘ဆန်းကြယ်ကောင်းကင်ဘုံခန်းမသခင်နဲ့ ‘ကောင်းကင်မြွေဘုရင်မ’တို့ ပူးပေါင်းတာထက်တောင် ပိုပြီး အစွမ်းထက်နေသေးတယ်။ မကောင်းတော့ဘူး။”

တစ်ချက်ကြည့်ရုံဖြင့် ဤသူမှာ ထိပ်တန်း ပညာရှင်တစ်ဦးဖြစ်ကြောင်း ဟုန်ယွိ သိလိုက် သည်။ သူသည် တာအိုနည်းလမ်းတစ်ခုကို အသုံးပြုပြီး သူ့ထံသို့ အရှိန်ပြင်းပြင်းဖြင့် ပြေးဝင်လာနေခြင်း ဖြစ်သည်။ ဤမျှလောက် ပြင်းထန်လှသော စွမ်းအားမျိုးကို သူ တစ်ခါမှ မကြားဖူး၊ မမြင်ဖူးခဲ့ပေ။

အတွေးစများ၏ လှိုင်းတံပိုးများမှာ လုပ်ကြံသတ်ဖြတ်သူများခန်းမမှ မိုးကြိုးကပ်ဘေး အဆင့်ခုနစ် ပညာရှင် မုန့်ရှန်းကျီနှင့်ပင် ယှဉ်နိုင်လောက်သည်။

“တိုက်မယ်”

ဟုန်ယွိသည် ဘာကိုမျှ စိုးရိမ်မနေတော့ပေ။ ရုတ်တရက် သူသည် ဓားကို မြှောက်လိုက်ပြီး သူ၏ လူသားအင်မော်တယ် ခန္ဓာကိုယ်ပွားကို ခုတ်ပိုင်းလိုက်သည်။ သွေးများမှာ ‘ကောင်းကင်တုန်ခါလေး’ ပေါ်သို့ ပန်းထွက်သွားတော့သည်။ ထို့နောက် သူ၏ စိတ်ဝိညာဉ် မှ အတွေးစ စုစုပေါင်း ၂,၈၀၁ ခု ပျံထွက်လာပြီး လေးအတွင်းသို့ ဝင်သွားတော့သည်။

ဝုန်း...။

‘ကောင်းကင်တုန်ခါလေး’ တစ်ခုလုံးမှာ နောက်ဆုံးတွင် ၎င်း၏ ကန့်သတ်ချက်ကို ကျော်လွန်သွားပြီး ဖုန်မှုန့်အဖြစ် ပေါက်ကွဲသွားတော့သည်။

တစ်ချိန်တည်းမှာပင် ‘ယင်ယန်ဖရိုဖရဲတွင်းနက် အစီရင်’လည်း ပေါက်ကွဲသွားပြီး ချန်ပီယံ မြို့စားကို လုံးဝ လွှမ်းခြုံသွားတော့သည်။

ဖျစ်... ဖျစ်...၊ ‘ယင်ယန်ဖရိုဖရဲ တွင်းနက်အစီရင်’ ပေါက်ကွဲသွားသောအခါ ကောင်းကင် အလင်းဦးချို နတ်ဘုရားချပ်ဝတ်မှာ နောက်ဆုံးတွင် ချန်ပီယံမြို့စား၏ ခန္ဓာကိုယ်မှ ကွာကျ သွားသည်။ ဟုန်ယွိက ၎င်းချပ်ဝတ်ကို သိမ်းဆည်းလိုက်ပြီး သူ့လက်ထဲသို့ ရောက်ရှိသွား တော့သည်။

အခန်း (၃၉၂)။

“ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်ကို နောက်ဆုံးတော့ ချွတ်ယူနိုင်ခဲ့ပြီ။ ဒါပေမဲ့ ပေးဆပ်လိုက်ရတဲ့ တန်ဖိုးကတော့ အရမ်းများလွန်းတယ်...”

ဟုန်ယွိသည် သူ၏လက်ထဲမှ အရိုးချပ်ဝတ်ကို ကြည့်ရင်း အလွန်အမင်း ပျော်ရွှင်ခြင်းမျိုး မရှိခဲ့ပေ။ ခုနက သူ ဆက်တိုက် လုပ်ဆောင်ခဲ့သည့် လုပ်ရပ်များမှာ စွမ်းအင် အလွန်အမင်း ကုန်ဆုံးသွားခဲ့သည်။ ချန်ပီယံမြို့စား၏ ခန္ဓာကိုယ်မှ ချပ်ဝတ်ကို ချွတ်ယူနိုင်ရန်အတွက် ‘ကောင်းကင်တုန်ခါလေး’ တစ်ခုလုံး ပေါက်ကွဲပျက်စီးသွားခဲ့ရုံသာမက ‘ယင်ယန်ဖရိုဖရဲ တွင်းနက် အစီရင်’ လည်း ပျောက်ကွယ်သွားခဲ့ရပြီ။ ထို့အပြင် ‘ဘိုးဘေးဟုန်လင်’ ၏ အတွေးစများနှင့် တတိယမင်းသားကျိုး၏ မိုးကြိုးကပ်ဘေး အဆင့်သုံး အတွေးအပိုင်းစ များအားလုံးမှာလည်း လောင်ကျွမ်းသွားခဲ့ပြီ ဖြစ်သည်။

ပို၍ အရေးကြီးသည်မှာ ဟုန်ယွိသည် သူ့လူသားအင်မော်တယ် ခန္ဓာကိုယ်ပွား၏ အနှစ်သာရ သွေးများကိုလည်း အသုံးပြုလိုက်ရခြင်းပင်။

ထို့အပြင် ဟုန်ယွိသည် သူ၏စိတ်ဝိညာဉ်မှ အတွေးစ စုစုပေါင်း ၂,၈၀၁ ခုကို အသုံးပြုခဲ့ရပြီး ၎င်းတို့အားလုံးမှာ လောင်ကျွမ်းပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ၎င်းတို့မှာ ထိတ်လန့်တုန်လှုပ် ဖွယ် စွမ်းအင်ပမာဏပင် ဖြစ်သည်။

မိုးကြိုးကပ်ဘေး အဆင့်နှစ် သန့်စင်သော အတွေးစ ထောင်ပေါင်းများစွာ၊ မိုးကြိုးကပ်ဘေး အဆင့်သုံး သန့်စင်သောအတွေးစ ၃,၀၀၀ နှင့် မိုးကြိုးကပ်ဘေး အဆင့်လေး အတွေးစ ၂,၈၀၁ ခု... ၎င်းတို့အားလုံးမှာ အတွေးစတစ်ခုတည်းဖြင့်ပင် ကမ္ဘာတစ်ခုကို ဖန်တီးနိုင်စွမ်း ရှိကြသည်။

အကယ်၍ ဤမျှကြီးမားလှသော စွမ်းအားအားလုံးကို လူတစ်ဦး၏ ဝိညာဉ်အတွင်းသို့ ထည့်သွင်းပေးလိုက်မည်ဆိုလျှင်...

ထိုလူမှာ ဝက်တစ်ကောင် ဖြစ်နေလင့်ကစား ခွန်အားတစ်ခုတည်းကိုသာ ကြည့်မည်ဆိုပါ က သူသည် ‘ဥဒေါင်းဘုရင်’နှင့် ယှဉ်နိုင်သော ထိပ်တန်းပညာရှင်တစ်ဦး ဖြစ်လာပေလိမ့် မည်။

အထူးသဖြင့် ဟုန်ယွိ၏ အဆင့်လေးအတွေးစများမှာ ပို၍ ထူးခြားလှသည်။ ၎င်းတို့ကို အခြားသူတစ်ဦး၏ ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်းလိုက်မည်ဆိုလျှင် ဆယ်ဂဏန်းခန့်ဖြင့် ပင် ထိုသူကို ‘ခန္ဓာကိုယ်သိမ်းပိုက်ခြင်း’နှင့် စိတ်ဝိညာဉ်ခွဲထုတ်ခြင်းအဆင့် အထွဋ်အထိပ် သို့ ရောက်အောင် မြှင့်တင်ပေးနိုင်သည်။ တစ္ဆေအင်မော်တယ်နယ်ပယ်သို့ မတက်လှမ်းနိုင် သော်လည်း တိုက်ခိုက်ရေး စွမ်းရည်တွင်မူ မည်သည့် တစ္ဆေအင်မော်တယ်အဆင့် ပညာရှင် မျှ သူတို့ကို ယှဉ်နိုင်မည် မဟုတ်ပေ။

သို့သော် ဤအချက်မှာ အရေးမကြီးပေ။ ပို၍အရေးကြီးသည်မှာ ချန်ပီယံမြို့စား ရုန်းရင်း ဆန်ခတ် လုပ်ခဲ့သောကြောင့် စကြာဝဠာအိတ်အတွင်း သိုလှောင်ထားသော ပစ္စည်းများစွာ ပျက်စီးသွားပြီး စကြာဝဠာအိတ်၏ သက်တမ်းမှာလည်း သိသိသာသာ လျော့နည်းသွားခဲ့ ခြင်းပင် ဖြစ်သည်။

“ဒီအတွေးစအားလုံးကိုသာ ‘ယင်းရှာ’ကို ပေးနိုင်ခဲ့ရင် ယင်းရှာရဲ့ ခွန်အားဟာ ဥဒေါင်းဘုရင် ကို ကျော်လွန်ပြီး ‘ကောင်းကင်မြွေဘုရင်မ’ကို မှီသွားလောက်တယ်။ ဒါပေမဲ့ ဒီအခြေအနေ အရ ငါ့မှာ တခြားရွေးချယ်စရာ မရှိခဲ့ဘူး။” ဟုန်ယွိက သက်ပြင်းရှည်ကြီး ချလိုက်သည်။

...

အတွေးတစ်ခုနှင့်အတူ ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်မှာ သူ၏ ပတ်ပတ် လည်တွင် လည်ပတ်လာသည်။ တဖြည်းဖြည်းနှင့် ချပ်ဝတ်မှာ ပြောင်းလဲလာပြီး အရိုးလုံး လေးတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။

ဤအရိုးလုံးလေးကို ကြည့်ရသည်မှာ အလွန်ပင် သာမန်ဆန်လှပြီး ထူးခြားမှု မရှိပေ။ သို့သော် အနီးကပ်ကြည့်မည်ဆိုပါက ၎င်းမှာ အတွင်း၌ သူငယ်အိမ်ပါဝင်သော မျက်လုံး တစ်လုံးနှင့် မထင်မရှား ဆင်တူနေသည်။

“ကောင်းကင်အလင်း၊ မြေကြီးပျက်သုဉ်း၊ စစ်နတ်ဘုရား ဝိညာဉ်၊ နတ်ဘုရားချပ်ဝတ် သွန်းလုပ်ခြင်း... ဒါက တကယ်ကို ထူးခြားတာပဲ။”

သူသည် ချက်ချင်းပင် ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်ကို မျက်လုံးတစ်လုံး ကဲ့သို့ ပုံဖော်လိုက်သည်။ ထို့နောက် ဟုန်ယွိသည် ထိုမျက်လုံးလေးကို သူ၏ မျက်ခုံးနှစ်ခု ကြားသို့ အသာအယာ ပစ်တင်ပြီး ကပ်လိုက်တော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဟုန်ယွိ၏ မျက်ခုံးကြား၌ ဒေါင်လိုက်မျက်လုံးတစ်လုံး ပေါ်လာသကဲ့သို့ ဖြစ်သွားသည်။

ထို့အပြင် ထိုဒေါင်လိုက်မျက်လုံးမှာ ခန္ဓာကိုယ်နှင့် ထိတွေ့လိုက်သည်နှင့် တဖြည်းဖြည်း ကြည်လင်သွားပြီး မည်သူမျှ မမြင်နိုင်တော့သည့် အဆင့်အထိ ပျောက်ကွယ်သွားသည်။

တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်ပေါ်တွင် စွမ်းအင်နှင့် သွေးများ တဟုန်ထိုး တိုးပွား လာသလို ခံစားလိုက်ရသည်။ ၎င်းမှာ သူ၏ အနှစ်သာရ သွေးများက ကောင်းကင်အလင်း ဦးချို နတ်ဘုရားချပ်ဝတ်အတွင်းသို့ စီးဝင်သွားသလိုပင်။

အနှစ်သာရ သွေးများက နတ်ဘုရားချပ်ဝတ်မှ ပြောင်းလဲထားသော မျက်လုံးအတွင်းသို့ စီးဝင်သွားစဉ် တခဏမျှ လှည့်ပတ်ပြီးနောက် မူလနေရာသို့ ပြန်လည် စီးဝင်လာသည်။

ဟုန်ယွိသည် သူ၏ ခန္ဓာကိုယ်အတွင်းမှ သွေးများ ဆေးကြောသန့်စင်ခံလိုက်ရသလို ပို၍ သန့်စင်သွားသည်ဟု ချက်ချင်း ခံစားလိုက်ရသည်။

“ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်က ခန္ဓာကိုယ်ရဲ့ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်တဲ့ စွမ်းရည်လည်း ရှိတာလား။ ရှေးဟောင်း နတ်ဘုရားချပ်ဝတ်က တကယ် ကို ထူးခြားတာပဲ။” ဟုန်ယွိ၏ မျက်ခုံးကြားမှ အတွေးတစ်ခု ထွက်လာသည်နှင့် သူ၏ အနှစ်သာရ သွေးများကို စုပ်ယူထားသော နတ်ဘုရားချပ်ဝတ်မှာ သူနှင့် အသွေးအသားနှင့် တစ်သားတည်း ဖြစ်သွားသလို ခံစားလိုက်ရသည်။

ထိုအတွေးစ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပုန်းကွယ်နေသော မျက်ခုံးကြားမှ ဒေါင်လိုက် မျက်လုံးသည် ရုတ်တရက် ပြင်းထန်စွာ လှုပ်ရှားသွားပြီး ဟုန်ယွိ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ထားသော အကြေးခွံအလွှာတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

ဟုန်ယွိသည် သူ၏ မျက်လုံးရှေ့တွင် အနီရောင် အမြှေးပါးအလွှာတစ်ခု ပေါ်လာသည်ကို ခံစားလိုက်ရပြီး၊ ၎င်းက သူ့ကို ဟင်းလင်းပြင်ကို ဖောက်ထွင်းမြင်နိုင်သော စွမ်းရည်ကို ပေးစွမ်းသည်။

ချပ်ဝတ်ကို ဝတ်ဆင်ပြီးနောက် ဟုန်ယွိ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ခွန်အားများ ပြည့်လျှံ နေသလို ခံစားလိုက်ရသည်။ သူ၏ ခြေလက်များ၊ ကြွက်သားများနှင့် ချပ်ဝတ်၏ အကြေးခွံ များမှာ တစ်ခုနှင့်တစ်ခု မထင်မရှား ချိတ်ဆက်နေကြသည်။

လှုပ်ရှားမှုတိုင်းတွင် သူ၏ခွန်အားမှာ အဆပေါင်းများစွာ တိုးပွားလာပြီး စွမ်းအင်နှင့် သွေးများလည်း ပို၍ အားကောင်းလာသည်။

သို့သော် ဟုန်ယွိ၏ ခန္ဓာကိုယ်မှာ လူသားအင်မော်တယ် ခန္ဓာကိုယ်၊ ‘နတ်ဘုရား သန္ဓေ သား’ ခန္ဓာကိုယ် ဖြစ်သည်။ ချပ်ဝတ်နှင့် ပေါင်းစပ်လိုက်သောအခါ စိတ်ချင်း ချိတ်ဆက်မှု ရှိနေသဖြင့် ချန်ပီယံမြို့စား ထိန်းချုပ်စဉ်ကထက် ပို၍ပင် သဘာဝကျနေပုံရသည်။

...

ထိုအချိန်တွင် ချန်ပီယံမြို့စားမှာ စကြာဝဠာအိတ်၏ ကြည်လင်သော အလင်းတန်းများ ကြားတွင် ပိတ်မိနေဆဲ ဖြစ်သည်။ သူ၏ လက်နှစ်ဖက်က တံဆိပ်တစ်ခုကို ပြုလုပ်ထားပြီး သူ၏ ခန္ဓာကိုယ်မှ မထင်မရှား ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ သူ့ကို တင်းကျပ်စွာ ကာကွယ်ပေးထားသည်။

“မကောင်းတော့ဘူး”

ချပ်ဝတ်ကို ဝတ်ဆင်ပြီးနောက် ဟုန်ယွိသည် ချန်ပီယံမြို့စား၏ အခြေအနေကို မြင်သော အခါ ထိတ်လန့်သွားသည်။

ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်ကို ချွတ်ယူလိုက်ပြီးနောက် ချန်ပီယံမြို့စား မှာ ကိုယ်လုံးတီး ဖြစ်နေခဲ့သည်။ သို့သော် ‘ယင်ယန်ဖရိုဖရဲတွင်းနက် အစီရင်’ထံမှ ပြင်းထန်သော အန္တရာယ်ကို ချက်ချင်း ခံစားမိသဖြင့် ‘ဖန်ဟွမ်အသက်ဝိညာဉ်ဓား’သည် သူ၏သခင်ကို ကာကွယ်ရန် ပေါ်ထွက်လာတော့သည်။

ချန်ပီယံမြို့စားသည် ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်ကို ဝတ်ဆင်ထားစဉ်က အားနည်းချက်တစ်ခု ရှိခဲ့သည်။ ၎င်းမှာ နတ်ဘုရားချပ်ဝတ် ဝတ်ထားလျှင် ‘ဖန်ဟွမ် အသက်ဝိညာဉ်ဓား’ သည် သူ့သခင်ကို ကာကွယ်ရန် ထွက်လာမည် မဟုတ်ပေ။

အကြောင်းမှာ ထိုချပ်ဝတ်ကို ဝတ်ထားသူမှာ လုံးဝ မပျက်စီးနိုင်လောက်သဖြင့် မည်သည့် အန္တရာယ်မှ မရှိနိုင်သောကြောင့် ဖြစ်သည်။

...

ရုတ်တရက် ချန်ပီယံမြို့စား၏ မျက်လုံးများ ပွင့်လာပြီး သူ့ဦးခေါင်းအထက်မှ လေးထောင့် ပုံစံ ဓားရှည်တစ်လက် ပျံထွက်လာသည်။ ၎င်းမှာ ‘ဖန်ဟွမ်အသက်ဝိညာဉ်ဓား’ပင် ဖြစ်သည်။ သူသည် ဓားကို လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး ဟုန်ယွိကို မုန်းတီးသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ ရုတ်တရက် သူသည် ကြည်လင်သော အလင်းတန်းအတွင်းမှ ခုန်ထွက်လိုက်ပြီး ဟုန်ယွိထံသို့ ပြေးဝင်လာတော့သည်။

ချီ....။

ရွှေရောင် ဓားစွမ်းအင်မှာ ကီလိုမီတာပေါင်းများစွာအထိ ရှည်လျားပြီး ၎င်း၏ အရှိန်အဝါမှာ အလွန်ပင် ခန့်ညားလှသည်။

စကြာဝဠာအိတ် အတွင်းရှိ ကြည်လင်သော အလင်းတန်းများမှာ ဤဓားစွမ်းအင်နှင့် တွေ့ဆုံလိုက်သည်နှင့် နှင်းပြင်ပေါ်သို့ ဟင်းရည်ပူများ လောင်းချလိုက်သကဲ့သို့ ပျော်ဝင် သွားကြသည်။ ဓားစွမ်းအင် ပေါ်လာသည်နှင့် တစ်ပြိုင်နက် စကြာဝဠာအိတ် တစ်ခုလုံးမှာ ကွဲအက်တော့မည့်အလား ခံစားလိုက်ရသည်။

စကြာဝဠာအိတ်အတွင်းရှိ ‘ကမ္ဘာငယ်လေး’သည် ‘ဖန်ဟွမ်အသက်ဝိညာဉ်ဓား’ ၏ ဆုတ်ဖြဲနိုင်သော စွမ်းအားကို မခံနိုင်ပေ။

ချန်ပီယံမြို့စား၏ ဓားချက်မှာ စကြာဝဠာအိတ် အတွင်းရှိ ကမ္ဘာငယ်လေးကို ဖျက်ဆီးပစ် ရန် လုံလောက်လှသည်။

“မကောင်းတော့ဘူး”

ချန်ပီယံမြို့စား နိုးထလာပြီး၊ ဖန်ဟွမ်အသက်ဝိညာဉ်ဓားကို ကိုင်ကာ ခုတ်ပိုင်းလိုက်သည် ကို မြင်သောအခါ ဟုန်ယွိသည် စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။ သူသည် လက်ညှိုးဖြင့် ပြင်းပြင်းထန်ထန် ညွှန်ပြလိုက်ရာ ကြီးမားလှသော စစ်နတ်ဘုရား၏ ပုံရိပ်ကြီးမှာ ထွက်ပေါ်လာပြီး ဓားအလင်းကို ပိတ်ဆို့လိုက်သည်။

တစ်ချိန်တည်းမှာပင် ဟုန်ယွိက အော်ပြောလိုက်တော့သည်။ “ဖန်ဟွမ်ဧကရာဇ်ဓား..၊ ခင်ဗျားက အသိပညာ၊ မေတ္တာ၊ သတ္တိနဲ့ သစ္စာတရားတွေကို စုစည်းထားတာ။ ဒီနေ့ ငါ ကြီးမားတဲ့ ကတိသစ္စာတစ်ခု ပြုမယ်။ ‘ထာဝရကျမ်းစာ’နဲ့အတူ ကျုပ်က ဒီလောကမှာရှိတဲ့ လူတိုင်းကို နဂါးတွေလို ဖြစ်စေချင်တယ်။ ဒါက ကျုပ်ရဲ့မေတ္တာတရားပဲ။ ကျုပ်ဟာ လုပ်ကြံ သတ်ဖြတ်သူများရဲ့ လမ်းစဉ်ကို ပူဇော်ခဲ့တယ်။ လုပ်ကြံသတ်ဖြတ်သူများ ခန်းမထဲ ဝင်ရောက်ခဲ့တာက ကျုပ်ရဲ့သတ္တိပဲ။ ခင်ဗျားဟာ ‘သူတော်စင် တာအိုဓား’ တစ်လက်ပဲ။ ခင်ဗျားက နိမ့်ကျတဲ့လူတစ်ယောက်ရဲ့ အမိန့်ကို နာခံပြီး မေတ္တာတရားရှိသူနဲ့ သတ္တိရှိသူ တွေကို သတ်ဖြတ်တော့မှာလား။ ခင်ဗျား ကျုပ်နဲ့ တိုက်ချင်တယ်ဆိုရင်လည်း ကျုပ် ခင်ဗျား ကို မကြောက်ဘူး။ ခင်ဗျားက ကျုပ်ရဲ့ မိတ်ဆွေလား ရန်သူလားဆိုတာ ခင်ဗျားအပေါ်မှာပဲ မူတည်တယ်။”

သူ ပြောနေစဉ်မှာပင် ဟုန်ယွိ၏ အတွေးစများ ပျံထွက်လာသည်။ သူသည် ‘ပြောင်းလဲခြင်း ကျမ်း’ အပေါ် သူ၏ နားလည်မှုများနှင့် လုပ်ကြံသတ်ဖြတ်သူများ လမ်းစဉ်ကို ပူဇော်ခြင်းမှ ရရှိလာသော သတ္တိဆိုသည့် အခြေအနေကို စုစည်းလိုက်သည်။ ထို့နောက် ၎င်းမှာ ‘ဖန်ဟွမ် အသက်ဝိညာဉ်ဓား’ နှင့် ပြင်းထန်စွာ ထိပ်တိုက် တွေ့ဆုံသွားတော့သည်။

ဘုန်း...။

၎င်းတို့နှစ်ခု ထိပ်တိုက်တွေ့ဆုံသောအခါ ‘ဖန်ဟွမ်အသက်ဝိညာဉ်ဓား’ ၏ ဓားစွမ်းအင်မှာ ဟုန်ယွိကို သတ်ဖြတ်ရန် ဝန်လေးနေပုံရသည်။ ရုတ်တရက် ၎င်းထံမှ ရှည်လျားသော အော်ဟစ်သံကြီးတစ်ခု ထွက်ပေါ်လာသည်။

ဤအသံမှာ အလွန်ပင် ဂုဏ်ယူဝင့်ကြွားသည့် လူသားတစ်ဦး၏ အမူအရာနှင့်လည်း ဆင်တူလှသည်။

ထိုအသံ ထွက်ပေါ်လာပြီးနောက် ဓားစွမ်းအင်မှာ နောက်သို့ ပြန်လည် ပျံဝဲသွားပြီး ချန်ပီယံ မြို့စား၏ ခန္ဓာကိုယ်ကို ဝန်းရံလိုက်သည်။ ‘ဖန်ဟွမ်အသက်ဝိညာဉ်ဓား’ တစ်ခုလုံးမှာ ပြင်းထန်စွာ တုန်ခါသွားသည်။

“ခင်ဗျား ထွက်သွားချင်တာလား။ ဒါဆိုရင်လည်း ကျုပ် တံခါးဖွင့်ပေးမယ်။ ကျုပ်ရဲ့ ကမ္ဘာငယ်လေးကိုတော့ မဖျက်ဆီးပါနဲ့။”

ဟုန်ယွိက လက်ဝှေ့ယမ်းလိုက်ရာ ‘ဖန်ဟွမ်အသက်ဝိညာဉ်ဓား’နှင့် မလှမ်းမကမ်းတွင် တံခါးတစ်ခု ပွင့်သွားသည်။

‘ဖန်ဟွမ်အသက်ဝိညာဉ်ဓား’ က နောက်ထပ် အသံရှည်ကြီး တစ်ချက် မြည်ဟီးလိုက်ပြီး ချန်ပီယံမြို့စားကို လွှမ်းခြုံထားသော အလင်းလုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ချန်ပီယံမြို့စား၏ ခန္ဓာကိုယ်မှာ တုန်ခါသွားပြီး အက်ကွဲကြောင်းအတွင်းမှ ရုတ်တရက် ထွက်ခွာသွားတော့သည်။

“ဟုန်ယွိ၊ ငါ မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး။ မင်း ဒီလောက်အထိ အစွမ်းထက်လိမ့် မယ်လို့ ငါ မထင်ထားခဲ့ဘူး။ ‘ဖန်ဟွမ်အသက်ဝိညာဉ်ဓား’ ရဲ့ ဓားစွမ်းအင်ကတောင် မင်းကို မထိခိုက်စေနိုင်ဘူးလား။ ဒါပေမဲ့ ဒီနတ်ဘုရားဓားဟာ နောက်ဆုံးမှာ ငါ့အပိုင်ပဲ ဖြစ်လာမှာ။ မင်း ငါ့ကို ဘယ်တော့မှ သတ်နိုင်မှာ မဟုတ်ဘူး။”

ရွှေရောင် အလင်းလုံးကြီးအတွင်းမှ ချန်ပီယံမြို့စား၏အသံ ထွက်ပေါ်လာပြီးနောက် ပျောက်ကွယ်သွားတော့သည်။

“ထူးဆန်းလိုက်တာ။ ဒီချန်ပီယံမြို့စားမှာ မေတ္တာတရားလည်း မရှိ၊ သတ္တိလည်း မရှိ၊ ဉာဏ်ပညာနဲ့ သစ္စာတရားလည်း မရှိဘူး။ သူက နတ်ဆိုးတစ်ယောက်လိုပဲ။ ဘာလို့ ‘ဖန်ဟွမ်အသက်ဝိညာဉ်ဓား’ က သူ့ကို ကာကွယ်ပေးနေရတာလဲ။ ခုနက ဖြစ်ပျက်ခဲ့တာကို ကြည့်ရင် ဒီဓားဟာ လူတစ်ယောက်လို အသိဉာဏ်မရှိပေမဲ့ အချို့သောအရာတွေကို ခွဲခြား သိမြင်နိုင်စွမ်း ရှိနေသလိုပဲ။”

ချန်ပီယံမြို့စားကို ကာကွယ်ပြီး ထွက်ခွာသွားသော ‘ဖန်ဟွမ်အသက်ဝိညာဉ်ဓား’ကို ကြည့်ရင်း ဟုန်ယွိသည် အတွေးနက်သွားသည်။

ယခု သူ၏ ကျင့်ကြံမှု အဆင့်အရ သူသည် ထိုဓားကို ကြောက်ရန် မလိုပေ။ သို့သော် စကြာဝဠာအိတ် အတွင်းတွင် တိုက်ပွဲဖြစ်ပွားပါက ကြီးမားသော ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်စေမည်မှာ အသေအချာပင်။

‘ဖန်ဟွမ်အသက်ဝိညာဉ်ဓား’၏ ဓားစွမ်းအင်မှာ စကြာဝဠာအိတ်ကိုပင် ဆုတ်ဖြဲပစ်နိုင်ပြီး ကမ္ဘာငယ်လေး တစ်ခုလုံးကို ဟန်ချက်ပျက်ကာ ပြိုကျသွားစေနိုင်သည်။

ဤအကြောင်းကြောင့်ပင် ဟုန်ယွိသည် ထိုဓားနှင့် မတိုက်ခိုက်လိုဘဲ ထွက်ခွာခွင့် ပေးလိုက် ခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေ ချန်ပီယံမြို့စားသည် ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်နှင့် သေမင်းအလင်း နတ်ဘုရားလှံတို့ကို ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။ သူသည် ခြိမ်းခြောက်မှု တစ်ခု မဖြစ်နိုင်တော့ပေ။ ‘ဖန်ဟွမ်အသက်ဝိညာဉ်ဓား’မှာ သူ့ကို ကာကွယ်ပေးရုံသာ လုပ်ဆောင်နေပုံရသည်။ ခုနက ဆက်သွယ်မှုအရ ထိုဓားသည်လည်း ဟုန်ယွိနှင့် ရန်သူ ဖြစ်လိုပုံမပေါ်ပေ။

...

သေမင်းအလင်း နတ်ဘုရားလှံမှာ ကြည်လင်သော အလင်းတန်းများကြားတွင် တိတ်ဆိတ် စွာ လွင့်မျောနေသည်။ ၎င်းမှာ ‘ယင်ယန်ဖရိုဖရဲတွင်းနက် အစီရင်’ ပေါက်ကွဲသွားပြီးနောက် ချန်ပီယံမြို့စား ကျန်ရစ်ခဲ့သည့် အရာ ဖြစ်သည်။

ချန်ပီယံမြို့စားသည် ‘ဖန်ဟွမ်အသက်ဝိညာဉ်ဓား’ကို အသုံးပြု၍ ဟုန်ယွိကို သတ်ဖြတ်ပြီး နောက် သေမင်းအလင်း နတ်ဘုရားလှံကို ချက်ချင်း ပြန်ယူရန် ကြိုးစားခဲ့ပုံရသည်။ သို့သော် ဓားက သူ၏သဘောအတိုင်း ဆောင်ရွက်ပြီး သူ့ကို အလျင်အမြန် ခေါ်ဆောင်သွား ခဲ့ခြင်း ဖြစ်သည်။

“ဖန်ဆင်းခြင်းဗူးသီးကော။ ဖန်ဆင်းခြင်းဗူးသီး ဘယ်မှာလဲ။ ချန်ပီယံမြို့စားမှာ ပါမလာဘူး ထင်တယ်။”

ဟုန်ယွိသည် သေမင်းအလင်း နတ်ဘုရားလှံကို ကြည့်လိုက်သော်လည်း ဖန်ဆင်းခြင်းဗူးသီး ကိုမူ မမြင်ရပေ။

သို့သော် ဟုန်ယွိတွင် ဤအကြောင်းကို စုံစမ်းရန် အချိန်မရှိပေ။ သူသည် စကြာဝဠာအိတ် အတွင်းမှ ခုန်ထွက်လိုက်သည်။

သူ စကြာဝဠာအိတ် အတွင်းမှ ထွက်လာသည်နှင့် ကောင်းကင်တစ်ခုလုံးတွင် လူးလှိမ့်တက် နေသော အနက်ရောင် တိမ်တိုက်များကို မြင်လိုက်ရသည်။ အလွန်တရာ ထူထပ်လှသော အနက်ရောင် တိမ်တိုက်များမှာ ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းထားပြီး မိုင်ပေါင်း ရာနှင့်ချီသော ဧရိယာတိုင် ပျံ့နှံ့နေသည်။

ချန်ပီယံမြို့စားကိုမူ မည်သည့်နေရာတွင်မျှ မတွေ့ရတော့ပေ။

ချန်ယင်းရှာနှင့် ဟုန်ယွိတို့သည် မှောင်မည်းနေသော တိမ်တိုက်များအောက်တွင် ရပ်နေ ကြပြီး မိုင်ပေါင်း ရာနှင့်ချီကျယ်ဝန်းသော ဧရိယာအတွင်းရှိ တိမ်တိုက်များ အဆက်မပြတ် ပြောင်းလဲနေသည်ကို ကြည့်နေကြသည်။

အနက်ရောင် တိမ်တိုက်များ ပြောင်းလဲသွားသည်နှင့်အမျှ စစ်သည်တော်များနှင့် မြင်းများ စွာကို မထင်မရှား မြင်တွေ့နေရသည်။ ထောင်ပေါင်းများစွာသော စစ်သည်များနှင့် မြင်းများ၏ ခြောက်ခြားဖွယ် သတ်ဖြတ်လိုသော အရှိန်အဝါများမှာ ဟင်းလင်းပြင်တစ်ခု လုံးကို လွှမ်းခြုံထားသည်။

“ဒဏ္ဍာရီတွေအရ ‘မဟာကျိုးမင်းဆက်’ကို တည်ထောင်သူ ဘိုးဘေးကြီးဟာ နေရာအနှံ့မှာ စစ်ပွဲတွေ ဆင်နွှဲခဲ့ပြီး လူပေါင်းများစွာကို သတ်ဖြတ်ခဲ့တယ်၊ သွေးတွေဟာ မြစ်လို စီးခဲ့ရ တယ်။ တိုက်ပွဲပြီးတိုင်း သူဟာ စစ်တလင်းက ပြင်းထန်တဲ့ သတ်ဖြတ်လိုတဲ့ အရှိန်အဝါတွေ ကို စုစည်းပြီး ပလ္လင်တစ်ခုအဖြစ် သွန်းလုပ်ခဲ့တယ်။ မိုင်ပေါင်း ရာနဲ့ချီ ဖုံးလွှမ်းထားတဲ့ ဒီအနက်ရောင် တိမ်တိုက်တွေထဲမှာ အဆုံးမဲ့ စွမ်းအားတွေ ပါဝင်နေတယ်။ ဒီထဲကို ကျရောက်သွားတဲ့ ဘယ်ကျင့်ကြံသူမဆို အဆုံးမဲ့ သတ်ဖြတ်ခြင်းကမ္ဘာထဲမှာ ပိတ်မိသွား လိမ့်မယ်။ အဲဒီအနက်ရောင် တိမ်တိုက်တွေရဲ့ အလယ်ဗဟိုက ရွှေရောင် အလင်းစက်လေး ဟာ မဟာကျိုးမင်းဆက် တည်ထောင်သူ ဘိုးဘေးကြီးရဲ့ ‘အဝီစိပလ္လင်’ပဲ ဖြစ်ရမယ်။”

ချန်ယင်းရှာသည် ဟုန်ယွိ စကြာဝဠာအိတ် အတွင်းမှ ထွက်လာသည်ကို မြင်လိုက်ရသည်။ သူသည် ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်ကို ဝတ်ဆင်ထားသဖြင့် နတ်ဆိုး ဘုရင်တစ်ပါးနှင့် ဆင်တူလှသည်။ သူမ၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး ပြုံးလိုက်မိ သည်။

ထို့နောက် သူမသည် ကောင်းကင်မှ အနက်ရောင် တိမ်တိုက်များနှင့် အလယ်ဗဟိုမှ ရွှေရောင် အလင်းစက်လေးကို လက်ညှိုးထိုးပြလိုက်သည်။

“အဝီစိပလ္လင် ဟုတ်လား။ အဲဒါ အမှန်ပဲ။ အရင်မင်းဆက်တွေကို တည်ထောင်ခဲ့သူတွေ အားလုံးဟာ အလောင်းတောင်တွေနဲ့ သွေးပင်လယ်တွေကြားမှာ သေဆုံးခဲ့ကြရတာ၊ သူတို့ရဲ့ အရိုးတွေဟာ တောင်လို ပုံခဲ့ရတာပဲ။ အဲဒီပလ္လင်ဟာ ‘အဝီစိ’ ဆိုတဲ့ နာမည်နဲ့ တကယ်ကို ထိုက်တန်ပါတယ်။”

ဟုန်ယွိသည် အနက်ရောင် တိမ်တိုက်များ၏ အလယ်ဗဟိုမှ ရွှေရောင်အလင်းကို ကြည့်လိုက်သည်။ အမှန်ပင် ၎င်း၏အတွင်း၌ ကြီးမားသော ပလ္လင်တစ်ခု ရှိနေသည်။ ၎င်းမှာ ‘တော်ဝင်ချန်’ နန်းတော်ရှိ နဂါးပလ္လင်နှင့် ဆင်တူလှသည်။ ဘေးနှစ်ဖက်မှာ အလွန်ပင် ကျယ်ပြန့်ပြီး လက်တန်းများတွင် ရွှေရောင်နဂါးများ ရစ်ပတ်ထားသည်။

ကြီးမားလှသော အဝီစိပလ္လင်ပေါ်တွင် ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ဦး ထိုင်နေပုံရသည်။ သူသည် နဂါးဝတ်ရုံကို ဝတ်ဆင်ထားပြီး ခေါင်းပေါ်တွင် သရဖူတစ်ခု ဆောင်းထားသည်။ ပုလဲလိုက်ကာများမှာ တွဲလောင်းကျနေပြီး သူ၏ မျက်နှာကို ဖုံးအုပ်ထားသဖြင့် သဲသဲကွဲကွဲ မမြင်ရပေ။

ပလ္လင်၏ ပတ်ပတ်လည်တွင် အနက်ရောင် တိမ်တိုက်များ လိပ်တက်နေပြီး ရံဖန်ရံခါတွင် ထူးဆန်းသော ချပ်ဝတ်များ ဝတ်ဆင်ထားကာ လှံများ၊ ဓားများကို ကိုင်ဆောင်ထားသော ‘နတ်ဘုရား အစောင့်အရှောက်’ များအဖြစ် စုစည်းသွားကြသည်။

ဤမျှခမ်းနားထည်ဝါမှု၊ ဤကဲ့သို့ စွမ်းအား၊ ဤကဲ့သို့ လွှမ်းမိုးမှုနှင့် ဤကဲ့သို့ အရှိန်အဝါမျိုး ကို ဟုန်ယွိ တစ်ခါမှ မမြင်ဖူးသလို ကြားလည်းမကြားဖူးခဲ့ပေ။

အမှန်အတိုင်း ပြောရလျှင် ဟုန်ယွိသည် ခမ်းနားထည်ဝါသော ကျင့်ကြံသူများစွာကို မြင်တွေ့ခဲ့ဖူးသည်။ ‘ကောင်းကင်နဂါး’ တာအိုသခင်နှင့် နှိုင်းယှဉ်လျှင်ပင် ယခုအချိန်တွင် ‘မဟာကျိုးမင်းဆက်’ တည်ထောင်သူ ဘိုးဘေးကို မယှဉ်နိုင်ပေ။

...

ကီလိုမီတာ ၅၀ ပတ်ပတ်လည်ရှိ ထူထပ်သော အနက်ရောင် တိမ်တိုက်များအတွင်းမှာ လွှာပေါင်းများစွာရှိသော ‘စစ်သည်တော်ဝိညာဉ်’ သောင်းနှင့်ချီ ရှိနေသည်။ အနက်ရောင် တိမ်တိုက်များ၏ အလယ်ဗဟိုတွင်မူ ‘အဝီစိပလ္လင်’ ရှိနေသည်။ လောကတွင် ဤမျှလောက် ခမ်းနားထည်ဝါနိုင်သော ကျင့်ကြံသူမှာ အလွန်ပင် နည်းပါးလှသည်။

“ငါ တစ်လှမ်း နောက်ကျသွားပြီ။”

လှိမ့်တက်နေသော အနက်ရောင် တိမ်တိုက်များမှာ အဝေးမှ တိုးဝင်လာကြသည်။ သူတို့ နီးကပ်လာသောအခါ ဟုန်ယွိ စကြာဝဠာအိတ် အတွင်းမှ ထွက်လာသည်ကို မြင်လိုက်ရသ ဖြင့် မရပ်တန့်ဘဲ မနေနိုင်တော့ပေ။

သူတို့သည် ဟုန်ယွိနှင့် ချန်ယင်းရှာတို့ထံမှ ကီလိုမီတာ ၁၀ ကျော်အကွာတွင် ရပ်တန့် လိုက်ကြပြီး ရှေ့သို့ ဆက်မတိုးတော့ပေ။

အရည်ပျော်နေသော ရွှေရောင်အသံကဲ့သို့ နက်ရှိုင်းသော အသံတစ်ခုမှာ အလယ်ဗဟိုရှိ အဝီစိပလ္လင်မှ ထွက်ပေါ်လာသည်။

“ဟုန်ယွိ၊ မင်းက တကယ်ကို အထင်ကြီးစရာ ကောင်းပါတယ်။ အဲဒီနေ့က စာမေးပွဲမှာ မင်းရဲ့ စာစီစာကုံးက ပညာရှင် သူတော်စင် တစ်ရာကို တုန်လှုပ်စေခဲ့တာ မဆန်းတော့ပါ ဘူး။ အဲဒီအချိန်တုန်းက မင်းက မိုးကြိုးကပ်ဘေး အဆင့်တစ်မှာပဲ ရှိသေးတာ။ အခု လပိုင်း အတွင်းမှာတင် မင်းက မိုးကြိုးကပ်ဘေး အဆင့်လေးကို ရောက်နေပြီး၊ အတွေးတစ်ချက် ကမ္ဘာတစ်ခုကို ဖန်တီးနိုင်နေပြီလို့ ငါ မထင်ထားခဲ့ဘူး။ ပြီးတော့ ငါ မရောက်ခင်မှာတင် မင်းက ချန်ပီယံမြို့စားဆီက ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်ကို အတင်း ချွတ်ယူပြီး ကိုယ်တိုင် ဝတ်ဆင်လိုက်သေးတယ်။ ငါ တကယ်ကို အထင်ကြီးမိပါတယ်။ တကယ်ကို အထင်ကြီးမိတယ်။”

“အိုး... ခင်ဗျားက မဟာကျိုးနိုင်ငံကို တည်ထောင်သူ ဘိုးဘေးကြီးလား၊ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးရာက နာမည်ကျော် ပုဂ္ဂိုလ်ကြီးဖြစ်တဲ့ မဟာကျိုးနိုင်ငံ တည်ထောင်သူ ဘိုးဘေးကြီးက ကျုပ်ကို သိနေလိမ့်မယ်လို့ မထင်ထားဘူး။”

ဟုန်ယွိ၏ မျက်လုံးများမှာ တွန့်သွားပါသည်။

“ငါတို့က သိရုံတင် မဟုတ်ဘူး၊ ငါတို့က သက်တူရွယ်တူတွေပဲ။ ဒီတစ်ခါ နန်းတွင်းစာမေးပွဲ မှာ ငါဟာ ‘ထိပ်တန်းပညာရှင်’ တွေကြားထဲမှာ ရောနှောပြီး မင်းနဲ့အတူ စာမေးပွဲ ဝင်ဖြေခဲ့ သေးတယ်။ ငါက ‘တော်ဝင်ချန်’ မင်းဆက်ရဲ့ ‘ကျင့်ရှီ’ (ပညာရှင်) တစ်ယောက် ဖြစ်လာခဲ့ ပြီ။ မင်း ပညာရှင် သူတော်စင်တစ်ရာကို တုန်လှုပ်စေခဲ့တဲ့ စာစီစာကုံးကို ရေးတုန်းက ငါလည်း အဲဒီမှာ ရှိနေခဲ့တာပဲ။ ငါ မင်းကို ဘယ်လိုလုပ် မသိဘဲ နေမှာလဲ။”

နက်နဲဆန်းကြယ်လှသော ‘မဟာကျိုးမင်းဆက်’ တည်ထောင်သူ ဘိုးဘေးကြီးသည် ရုတ်တရက် ထူးဆန်းစွာ ရယ်မောလိုက်သည်။

“ဒါပေမဲ့ ဟုန်ယွိ၊ ခန့်မှန်းမနေပါနဲ့။ ငါ ဘယ်ပညာရှင်လဲဆိုတာ မင်း ဘယ်တော့မှ ရှာတွေ့ မှာ မဟုတ်ဘူး။ ငါဟာ ပုံစံအမျိုးမျိုး ပြောင်းလဲနိုင်စွမ်း ရှိတယ်။ အဲဒီတုန်းက မင်း ငါ့ကို မရိပ်မိနိုင်ခဲ့ဘူး။ အခုဆိုရင်တော့ မင်း ငါ့ကို ရိပ်မိနိုင်ကောင်း ရိပ်မိနိုင်လိမ့်မယ်။ ဒါပေမဲ့ နောက်တစ်ကြိမ်ကျရင်တော့ ငါ သတိထားမှာဖြစ်လို့ မင်း ငါ့ကို မသိအောင် လုပ်တော့မှာ ပါ။”

All Chapters