အခန်း (၃၉၇-၃၉၈)
Vol. 37 Ch. 397-398
အခန်း (၃၉၇)။
"မူလဝိညာဉ်နတ်ဘုရားကျောင်းက မြင့်မြတ်တဲ့ဓမ္မစစ်ပွဲကို စတင်လိုက်ပြီလို့ ငါကြားတာ ကြာပြီ။ ယဇ်ပုရောဟိတ် ဘုန်းတော်ကြီးက နတ်ဘုရားအမိန့်တော် ထုတ်ပြန်ထားပြီး၊ ဒီဓမ္မ စစ်ပွဲမှာ ပါဝင်တဲ့ ကျွမ်းကျင်သူအားလုံးဟာ မူလဝိညာဉ်နတ်ဘုရားရဲ့ ကောင်းချီးပေးတာ ကို နည်းနည်းစီ ခံထားရတာပဲ။ ဒီမူလဝိညာဉ်နတ်ဘုရားက တကယ်ကို မရိုးရှင်းဘူးပဲ။"
မူလဝိညာဉ်နတ်ဘုရားသည် အနောက်ဘက်ဒေသရှိ နိုင်ငံပေါင်းရာနှင့်ချီမှ ပြသည်သူများ ၏ စိတ်နှလုံးတွင် အမြင့်မြတ်ဆုံး နတ်ဘုရားဖြစ်သည်။ လူပေါင်းမရေမတွက်နိုင်အောင် နှစ်ပေါင်းထောင်ချီကြာ ကိုးကွယ်ယုံကြည်လာခဲ့ကြသည်။
ဤမူလဝိညာဉ်နတ်ဘုရားမှာ မယုံနိုင်လောက်အောင် အစွမ်းထက်ကြောင်း ဟုန်ယွိသည် ကြိုတင်သိရှိထားပြီး ဖြစ်သည်။ ၎င်းသည် မုန့်ရှန်းကျီ၏ အဆင့်အတန်းမျိုးအထိပင် ဖြစ်နိုင်ချေရှိသည်။
အဝေးက သဲသောင်ခုံပေါ်မှ ပြေးဆင်းလာသော မြင်းစီးစစ်သည် ၁၀ ဦးမှာ "အလင်းအကန့် သတ်စက်ဝိုင်း ခန္ဓာကိုယ် အကာကွယ်အစီအရင်"အတွင်း ပိတ်မိနေကြသည်။ ထိုစစ်သည် ၁၀ ဦးနှင့် သူတို့၏ မြင်းများသည် ပယင်းကျောက်တုံးထဲတွင် အေးခဲနေသော ယင်ကောင် များပမာ ဖြစ်နေကြ၏။
သို့သော် သူတို့မှာ လှုပ်ရှား၍မရဘဲ ပိတ်မိနေသော်လည်း၊ သူတို့၏ ခန္ဓာကိုယ်ပေါ်မှ ရှုပ်ထွေးလှသော အရောင်အသွေးရှိသည့် နတ်ဘုရားတန်ခိုး စွမ်းအားများမှာမူ ပိတ်ဆို့ခံ ထားရခြင်း သို့မဟုတ် ဖိနှိပ်ခံရခြင်းမျိုး မရှိပေ။ ၎င်းတို့သည် ပြင်းထန်သော ဟိန်းဟောက် သံကြီးကို လွှတ်ထုတ်နေကြသည်။
ထိုဟိန်းဟောက်ကြီးသံမှာ တောင်ကြီးတစ်လုံး၊ ပင်လယ်ပြင်ကြီးတစ်ခု သို့မဟုတ် ငရဲခန်း တစ်ခုအလား ထိတ်လန့်ဖွယ်ကောင်းလှသည်။
မြင်းစီးစစ်သည် ၁၀ ဦးပေါ်ရှိ နတ်ဘုရားတန်ခိုး စွမ်းအားများသည် ရုတ်တရက် တစ်စု တစ်စည်းတည်း ဖြစ်သွားခဲ့ပြီး၊ ထိုပိတ်ဆို့ထားသော အလင်းအကာအကွယ်အတွင်းမှာပင် မျက်နှာအသွင်အပြင် မရေမရာရှိသော သန်မာထွားကြိုင်းသည့် လူတစ်ယောက်အဖြစ် ပုံရိပ်ဖော်လာသည်။ ထိုသူမှာ အထက်ပိုင်းကိုယ်သာ ရှိပြီး၊ ကိုယ်အောက်ပိုင်းက မီးခိုးငွေ့ များ ဖြစ်နေကာ နဂါး သို့မဟုတ် မြွေတစ်ကောင်၏ အမြီးပုံသဏ္ဌာန် ရှိနေသည်။
ထိုလူသန်ကြီး၏ ခန္ဓာကိုယ်မှာ လုံးဝ ဖရိုဖရဲဖြစ်နေသော အလင်းများဖြင့် ဖွဲ့စည်းထားပြီး ကြွက်သားအမြှောင်းမြှောင်းများမှာလည်း အဖုအထစ်ထနေကာ အလွန်ပင် ပြေပြစ်လှ သည်။ သာမန်စစ်သည်များနှင့် ယှဉ်လျှင် ပို၍ပင် သဘာဝကျနေသည်။ ဟုန်ယွိသည် ထိုလူသန်ကြီး၏ ကြွက်သားအမြှောင်းမြှောင်းကို ကြည့်ရင်း ဤမူလဝိညာဉ်နတ်ဘုရား သည် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်ကို လှုပ်ခါစေနိုင်သည့် မဟာစွမ်းအားကို ပိုင်ဆိုင် ထားသည်ကို လုံးဝ သံသယ မဝင်တော့ပေ။
၎င်းမှာ စစ်နတ်ဘုရားထက်ပင် ပို၍ ထိတ်လန့်ဖွယ်ကောင်းပြီး၊ လက်တွေ့တည်ရှိမှုကို ကျော်လွန်နေသော စွမ်းအားပင် ဖြစ်သည်။ ဤသည်မှာ မူလဝိညာဉ်နတ်ဘုရား၏ အရိပ် တစ်ခုမျှသာ ဖြစ်သည်။
အပေါ်ပိုင်းခန္ဓာကိုယ်က လူသား၊ အောက်ပိုင်းခန္ဓာကိုယ်က နဂါးလိုလို မြွေလိုလို။
ဝူးးး ... ဝူးးး ...
ပိတ်ဆို့ခြင်းခံထားရသော နတ်ဘုရားတန်ခိုး စွမ်းအားများသည် မူလဝိညာဉ်နတ်ဘုရား၏ အရိပ်အဖြစ် ပြောင်းလဲသွားပြီးနောက်တွင် အရင်ဆုံး ခန့်ညားထည်ဝါသော ဟိန်းဟောက် သံကို ထုတ်ဖော်လိုက်သည်။ ထို့နောက်တွင် သူသည် ပိတ်ဆို့ခံထားရကြောင်းနှင့် သူ့ကို ပိတ်ဆို့ထားသူမှာ အလွန်အစွမ်းထက်သဖြင့် ဖောက်ထွက်ရန် ခက်ခဲကြောင်း သိသွားပုံရ သည်။ သူသည် တည်ငြိမ်သွားပြီး လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့တွင် ပူးကပ်ကာ ရှေးဟောင်း မန္တန်ဂါထာများကို ရွတ်ဖတ်တော့သည်။
"မူလဝိညာဉ်နတ်ဘုရား... ကျွန်ုပ်သည် အရှင်၏ ကိုယ်ပွားဖြစ်ပါသည်... အရှင်နှင့်ကျွန်ုပ် သည် ခပ်သိမ်းသောအရာတို့ကို မွေးဖွားစေခဲ့သည်... အရှင်နှင့်ကျွန်ုပ်သည် မိုးကြိုးနှင့် လျှပ်စီးတို့ကို ဆင့်ကဲဖြစ်ပေါ်စေခဲ့သည်... အရှင်နှင့်ကျွန်ုပ်သည် လူသားတို့၏ ဝိညာဉ်ကို သန္ဓေတည်စေခဲ့သည်..."
၎င်းကို အနောက်ဘက်ဒေသ၏ ရှေးဟောင်း "လင်ဝမ်" ဘာသာစကားဖြင့် ရွတ်ဆိုနေခြင်း ဖြစ်သည်။ ယနေ့ခေတ်တွင် ကျွမ်းကျင်ဆုံး ပညာရှင်များပင်လျှင် ဤစကားလုံးများ၏ အဓိပ္ပာယ်ကို မသိကြတော့ပေ။ အနောက်ဘက်ဒေသတွင်မူ ဤဘာသာစကားကို "နတ်ဘုရားဘာသာစကား" ဟု ခေါ်ဆိုကြသည်။
မူလဝိညာဉ်နတ်ဘုရား၏ သေးငယ်သော ပုံရိပ်ငယ်လေးထံမှ အသံလှိုင်းများ ထွက်ပေါ် လာရာ ထိုအသံလှိုင်းကို အလင်းအကန့်သတ်စက်ဝိုင်း အကာအကွယ်ပင် တားဆီးနိုင်ခြင်း မရှိဘဲ ပျံ့နှံ့နေသည်။
ဟုန်ယွိသည် သူ၏ အတွေးစများ ပြိုကွဲတော့မည့်အလား ရုတ်တရက် ခံစားလိုက်ရသည်။
"အတိုင်းအဆမဲ့ အလင်း၊ အတိုင်းအဆမဲ့ သက်တမ်း... အတိတ်အမိတ္တ၊ ပစ္စုပ္ပန် တထာဂတ၊ အသက်မဲ့ အနာဂတ်ဗုဒ္ဓ..." ရှေးဟောင်းရွတ်ဖတ်သံကို ကြားသောအခါ ဟုန်ယွိ၏ မျက်နှာ အမူအရာ ပျက်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ၏ မျက်ခုံးကြားမှ အတွေးစများ ပိုမို ထွက်ပေါ်လာပြီး မဟာအလင်းအကာအကွယ်ဆီသို့ ပျံသန်းသွားသည်။
သို့သော် ထိုခဏမှာပင်…။
ဒုန်းးး…။
သူ ရွတ်ဖတ်နေစဉ်မှာပင် မူလဝိညာဉ်နတ်ဘုရား၏ တန်ခိုးစွမ်းအားမှာ ပို၍ ပို၍ သန်မာ လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အကန့်သတ်မဲ့ စွမ်းအားဖြင့် စတင် ပေါက်ကွဲ သကဲ့သို့ ဖောင်းကားလာပြီး အတိုင်းအဆမဲ့ စွမ်းအားများကို ထုတ်လွှတ်လိုက်သည်။ ဤတစ်ကြိမ်တွင်မူ အလင်းအကန့်သတ်စက်ဝိုင်း အကာအကွယ် တစ်ခုလုံးမှာ အစိပ်စိပ် အမွှာမွှာ ပေါက်ကွဲသွားတော့သည်။
ထို့နောက် မြင်းစီးစစ်သည် ၁၀ ဦးနှင့် သူတို့၏ မြင်းများသည် အကာအကွယ်အတွင်းမှ လွတ်မြောက်လာကြသည်။ မူလဝိညာဉ်နတ်ဘုရား၏ တန်ခိုးစွမ်းအားများမှာ သူတို့၏ ခန္ဓာကိုယ်များကို လုံးဝ ဖုံးလွှမ်းသွားပြီး ချပ်ဝတ်တန်ဆာတစ်ခုအဖြစ် ပြောင်းလဲသွား သည်။
မီးလျှံမြင်းများပင်လျှင် ထိုစွမ်းအားများဖြင့် ဖုံးလွှမ်းခံလိုက်ရသည်။
တစ်ခဏအတွင်းမှာပင် ထိုစစ်သည် ၁၀ ဦးမှာ ရှေးဟောင်းနတ်ဆိုးများအဖြစ် ပြောင်းလဲ သွားသယောင် ရှိနေသည်။ သူတို့သည် "သွေးအမှတ်အသား ဓားကောက်" များကို ကိုင်ဆောင်ကာ ဟုန်ယွိထံသို့ ထပ်မံ တိုက်ခိုက်လာကြသည်။
"မဟာအလင်း အကာအကွယ်ကတောင် ဒီနတ်ဘုရားစွမ်းအားကို မပိတ်ဆို့နိုင်ဘူးလား။" ဟုန်ယွိ အနည်းငယ် အံ့အားသင့်သွားသည်။ သူ၏ ဦးခေါင်းနောက်က ရောင်ခြည်တော် ကိုးကွင်းမှာ တဖျတ်ဖျတ် လင်းလက်လာပြီး မဟာလေဟာနယ်လက်ဝါးမှာ ဝုန်းခနဲ ထွက်ပေါ်လာကာ စစ်သည်များ၏ရှေ့တွင် ပိတ်ဆို့လိုက်သည်။ ထို့နောက် "လေဟာနယ် ဗုဒ္ဓလက်ဝါး" ဖြင့် ရိုက်ချလိုက်သည်။
ဒုန်း၊ ဒုန်း၊ ဒုန်း၊ ဒုန်း...
ဆယ်ကြိမ်ဆက်တိုက် မြည်ဟီးသံများ ထွက်ပေါ်လာပြီးနောက် မြင်းစီးစစ်သည် ၁၀ ဦး စလုံးမှာ မဟာလေဟာနယ်လက်ဝါးကြောင့် လွင့်ထွက်သွားကြသည်။ သူတို့သည် သဲပြင် ပေါ်သို့ ပြင်းထန်စွာ ပစ်ကျသွားကြသည်။
တစ်ချိန်တည်းမှာပင် သူတို့ခန္ဓာကိုယ်ပေါ်က ချပ်ဝတ်တန်ဆာများသည် မဟာ လေဟာနယ် လက်ဝါးမှ ထွက်ပေါ်လာသော ရောင်စုံအလင်းများနှင့် ထိတွေ့မိသောအခါ၊ စိမ်းဖန့်ဖန့် အခိုးငွေ့တစ်စသည် လေထဲသို့ လွင့်တက်သွားပြီး မူလဝိညာဉ်နတ်ဘုရားအဖြစ် ပြန်လည်ပြောင်းလဲသွားသည်။
"စစ်နတ်ဘုရား။"
အတွေးတစ်ချက်ဖြင့် ဟုန်ယွိ၏ စစ်နတ်ဘုရားကိုယ်ပွားသည် "မဟာကျိနတ်ဘုရား ဆေဘာ"ကို ကိုင်ဆောင်ကာ လေထဲသို့ ပျံတက်သွားပြီး ခုတ်ချလိုက်သည်။
ရွှမ်း…၊ ရွှမ်း….၊ ရွှမ်း….၊ ရွှမ်း….!
ပြင်းထန်သော ဆေဘာအလင်းတန်းများ ဖြတ်သန်းသွားပြီးနောက် မူလဝိညာဉ်နတ်ဘုရား ကို အပိုင်းပိုင်း ပြတ်တောက်သွားစေသည်။ တစ်ချိန်တည်းမှာပင် ဟုန်ယွိသည် လှောင်ပြုံး တစ်ချက်ပြုံးကာ သူ၏ အတွေးစများကို ထပ်မံထုတ်လွှတ်လိုက်ပြီး မဟာအလင်း အကာအကွယ်ကို ဖန်တီးကာ မူလဝိညာဉ်နတ်ဘုရားကို အတွင်း၌ ထပ်မံ ပိတ်ဆို့လိုက် သည်။ (မဟာအလင်းအကာကွယ်နှင့် အလင်းအကန့်သတ်မဲ့စက်ဝိုင်းက အတူတူပင်။ ပါသည့်အတိုင်း ပြန်ဆိုလိုက်ပါသည်။)
ဤတစ်ကြိမ်တွင်မူ ပိတ်ဆို့ခံထားရသော မူလဝိညာဉ်နတ်ဘုရားမှာ ပို၍ အားနည်းသွားပုံရ ပြီး ရှေးဟောင်း "နတ်ဘုရားစကားတော်" ကို ထပ်မံ မရွတ်ဆိုနိုင်တော့ပေ။
... ...
"မိုးကြိုးငါးသွယ် မှော်ပညာ။"
ထိုမိုးကြိုးဟုန်ယွိက မဟာလေဟာနယ်လက်ဝါးနှင့် မဟာကျိနတ်ဘုရားဆေဘာကို သုံး၍ မူလ ဝိညာဉ်နတ်ဘုရားကို အားနည်းအောင်လုပ်ကာ ပြန်လည်ပိတ်ဆို့လိုက်သည်ကို မြင်သော အခါ ချန်ယင်းရှာသည် လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ သူမ၏ လက်ထိပ်များမှ မိုးကြိုးလျှပ်စီး ၁၀ စင်း ထွက်ပေါ်လာသည်။
ထိုမိုးကြိုးလျှပ်စီးများသည် ချိတ်ပုံစံရှိပြီး၊ လျှပ်စီးလက်သံများ တဖျစ်ဖျစ် မြည်နေကာ၊ မိုးကြိုးကပ်ဘေး အဆင့်သုံး ကျွမ်းကျင်သူတစ်ဦး၏ အရှိန်အဝါမျိုး ထွက်ပေါ်နေသဖြင့် အလွန်ပင် ထိတ်လန့်စရာ ကောင်းလှသည်။
ချန်ယင်းရှာသည် မိုးကြိုးကပ်ဘေး အဆင့်သုံးကို ကျော်ဖြတ်ထားသူ မဟုတ်သော်လည်း သူမ၏ မိုးကြိုးသိုင်းပညာမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ မိုးကြိုးနတ်ဘု ရားတာအိုဂိုဏ်း၏ မိုးကြိုးသိုင်း ထူးခြားချက်မှာ မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီးပါက သူတို့၏ မိုးကြိုးစွမ်းအားမှာ အလွန်တရာ အစွမ်းထက်လာခြင်း ဖြစ်သည်။
မိုးကြိုးချိတ် ၁၀ စင်းမှာ စစ်သည် ၁၀ ဦးကို ရိုက်ခတ်မိသောအခါ သူတို့သည် နာကျင်စွာ အော်ဟစ်လိုက်ကြသည်။ သူတို့၏ ကြွက်သားများမှာ တုန်ခါသွားပြီး မြေပြင်ပေါ်တွင် လူးလိမ့်နေကြသည်။ ထို့နောက် ပါးစပ်မှ အမြှုပ်များထွက်ကာ မေ့လဲသွားကြတော့သည်။
ထိုစစ်သည် ၁၀ ဦးမှာ ရှင်တန်သိုင်းသခင်အဆင့်နှင့် နီးကပ်သည့် သိုင်းပညာရှင်များ ဖြစ်ကြသည်။ သူတို့၏ ခန္ဓာကိုယ်နှင့် သွေးသားအင်အားမှာ သန်မာသော်လည်း မိုးကြိုး ကပ်ဘေး ကျွမ်းကျင်သူတစ်ဦး၏ တိုက်ခိုက်မှုကို မည်သို့ ခံနိုင်ရည်ရှိပါမည်နည်း။ အထူးသဖြင့် သူတို့ခန္ဓာကိုယ်ထဲမှ နတ်ဘုရားတန်ခိုး စွမ်းအားများ ဖယ်ရှားခံထားရချိန်တွင် ဖြစ်သည်။
ဟုန်ယွိက ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။ သူက မဟာလေဟာနယ်လက်ဝါးဖြင့် လှမ်းဖမ်းလိုက်ရာ ရောင်စုံအလင်းမျှင်တန်းများသည် စစ်သည် ၁၀ ဦးနှင့် သူတို့၏ မြင်းများ ကို ဆွဲယူကာ စကြဝဠာအိတ်၏ အက်ကြောင်းထဲသို့ ထည့်လိုက်သည်။
ဤလူများသည် အနောက်ဘက်ဒေသရှိ အနှစ်သာရနတ်ဘုရားကျောင်းမှ လက်ရွေးစင် စစ်သည်များနှင့် မြင့်မြတ်သော မိသားစုများမှ ဖြစ်ကြသည်။ သူတို့ထဲမှ တစ်ယောက်ကို ဖမ်းမိလျှင်ပင် တော်ဝင်ချန်စစ်တပ်အတွက် ကြီးမားသော စစ်ရေးအောင်မြင်မှု ဖြစ်သည်။ ဟုန်ယွိသည် ထိုစစ်ရေးအောင်မြင်မှုများကို ဂရုမစိုက်သော်လည်း၊ နန်းတွင်းရှိလူများက သူ၏ စွမ်းဆောင်ရည်နှင့်ပတ်သက်၍ ကဲ့ရဲ့ပြောဆိုခြင်းကို မခံလိုပေ။
"ဒီနေ့တော့ မင်းတို့အားလုံး ဒီမှာပဲ နေခဲ့ရမယ်။ မင်းသား ၂၈၊ သူကတော့ မင်းသားတစ်ပါး ဖြစ်ရမယ်။ ဒီနေ့ မင်းတို့က ငါ့ကို လာစော်ကားတဲ့အတွက် မင်းတို့ရဲ့ မူလဝိညာဉ်နတ်ဘုရား ကိုယ်တိုင် လာရင်တောင် မင်းတို့ကို ကယ်တင်နိုင်မှာ မဟုတ်ဘူး။"
ဟုန်ယွိသည် စစ်သည် ၁၀ ဦးကို စကြဝဠာအိတ်ထဲသို့ ပစ်ထည့်လိုက်ပြီးနောက် ပြုံးကာ မဟာလေဟာနယ်လက်ဝါးကို ဝှေ့ယမ်းလိုက်ရာ ဧကတစ်ဝက်ခန့်ရှိသော လက်ဝါးကြီး တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ လက်ဝါး၏ အလယ်ဗဟိုတွင် “卍” Swastika၊ သင်္ကေတတစ်ခု ရှိနေပြီး ရွှေရောင်အလင်းများ ထွက်ပေါ်နေသည်။ ဗုဒ္ဓကျမ်းစာ ရွတ်ဖတ် သံများက ကောင်းကင်တစ်ခုလုံး ပြည့်နှက်သွားပြီး ဟင်းလင်းပြင်ကြီးမှာ အေးခဲသွားတော့ သည်။ တစ်ခဏအတွင်းမှာပင် ဆယ်မိုင်ကျော်ဝေးသော သဲသောင်ခုံပေါ်ရှိ လူတိုင်းမှာ လှုပ်ရှား၍ မရတော့ပေ။
မဟာလေဟာနယ်လက်ဝါး၏ စွမ်းအားမှာ မိုးကြိုးကပ်ဘေး သုံးကြိမ်ခံယူထားသော တတိယမင်းသားကျိုးကိုပင် နှစ်ပေါင်း ၃၀၀၀ ခန့် ဖမ်းချုပ်ထားနိုင်စွမ်း ရှိသည်။ ထို့ကြောင့် ဤသာမန် သူရဲကောင်းတစ်စုမှာ မည်သို့မျှ ပြိုင်ဆိုင်နိုင်စွမ်း မရှိပေ။
ထိုစစ်သည်များထဲတွင် လှုပ်ရှားနိုင်သူမှာ မင်းသား ၂၈ တစ်ဦးတည်းသာ ရှိသည်။ ကောင်းကင်ယံမှ ဆင်းသက်လာသော မဟာလေဟာနယ်လက်ဝါး ကြီးကို မြင်သောအခါ၊ မင်းသား ၂၈ သည် ဟိန်းဟောက်လိုက်ပြီး သူ၏ ဓားကောက်ကြီးကို ဝှေ့ယမ်းလိုက်သည်။ လခြမ်းပုံစံ အလင်းတန်းကြီးတစ်ခုသည် လက်ဝါးကြီးဆီသို့ ပြေးဝင်သွားသည်။ ၎င်းမှာ အလွန်ရဲရင့်ပြီး သူရဲကောင်းဆန်သော လှုပ်ရှားမှုပင် ဖြစ်သည်။
"အံ့ဩစရာပဲ။ သူက သိုင်းသူတော်စင်အဆင့်ထဲ ဝင်ရောက်ဖို့ နည်းနည်းလေးပဲ လိုတော့တဲ့ အထွတ်အထိပ် မဟာဆရာသခင်တစ်ဦးပဲ။ ဒါကြောင့်လည်း သူက မဟာလေဟာနယ် လက်ဝါးရဲ့ ချုပ်နှောင်မှုကို ခံနိုင်ရည်ရှိနေတာပဲ။ ဒါပေမဲ့ သူက ငါ့ရဲ့ ပြိုင်ဘက် ဖြစ်နိုင်ပါ့မ လား။"
ဟုန်ယွိက အနည်းငယ် ချီးကျူးလိုက်မိသည်။ ဤလူ၏ သိုင်းပညာအတွေ့အကြုံမှာ သူနှင့် တန်းတူနီးပါး ဖြစ်သော်လည်း၊ အင်အားချင်းကတော့ အလွန်ကွာခြားလွန်းလှသည်။ မဟာ လေဟာနယ်လက်ဝါးက ဓားအလင်းတန်းကို လုံးဝ ဂရုမစိုက်ဘဲ ဆက်ပြီး ဖိချလိုက်သည်။ လက်ဝါးကြီးမှာ ရှေ့သို့ တိုးထွက်သွားပြီး ရောင်စုံအလင်းများဖြင့် ဓားအလင်းကို ဖုံးလွှမ်း လိုက်ပါသည်။ ထို့နောက် လူရောမြင်းများအပြင် သဲသောင်ခုံကြီးကိုပါမကျန် လေထဲသို့ မယူလိုက်တော့သည်။
ဝုန်း ဝုန်း…။
ပတ်ပတ်လည် မိုင်အနည်းငယ် ကျယ်ဝန်းသော သဲသောင်ခုံကြီးမှာ ဟုန်ယွိ၏ လက်ထဲတွင် လေထဲသို့ မြောက်တက်သွားသည်။ ၎င်းက အံ့မခန်းစွမ်းရည်ပင် ဖြစ်သည်။
ဤတစ်ကြိမ်တွင်မူ သူသည် စစ်သည်တစ်စုလုံးကို ဖမ်းလိုက်ခြင်း ဖြစ်သည်။ မင်းသား ၂၈ ၏ ခန္ဓာကိုယ်ထဲမှ ရုတ်တရက် ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်။ ဖရိုဖရဲ စွမ်းအင် အမြောက်အမြားမှာ လိမ့်တက်လာပြီး မျှော်လင့်မထားဘဲ အရင်ကထက် သုံးဆပိုကြီးပြီး သုံးဆပိုမို ကြည်လင်သော "မူလဝိညာဉ်နတ်ဘုရား" တစ်ပါး ထွက်ပေါ်လာတော့သည်။
ဤမူလဝိညာဉ်နတ်ဘုရားမှာ မျက်နှာသွင်ပြင် ထင်ရှားလှသည်။ မေးစေ့တွင် မုတ်ဆိတ် ရှည်များရှိနေပြီး ပါးပြင်များမှာလည်း ပြည့်ဖြိုးနေသည်။ မျက်လုံးများထဲတွင် မူလဝိညာဉ် စွမ်းအားများ လည်ပတ်နေ၏။ ရံဖန်ရံခါတွင် ဖရိုဖရဲ မူလဝိညာဉ်စွမ်းအားငယ်လေးများက ပေါက်ကွဲသွားပြီး အလင်းတန်းများ၊ ကြယ်တာရာများနှင့် အပြာရောင် စက်ဝန်းငယ်လေး များကို ထုတ်လွှတ်နေသည်။ ထိုစက်ဝန်းငယ်လေးများပေါ်တွင် မြေပြင်၊ တောင်တန်း၊ မြစ်ချောင်းများနှင့် လူများစွာ ရှိနေကြသည်။
"တကယ့်ကို အစွမ်းထက်တဲ့ မူလဝိညာဉ်နတ်ဘုရားပါလား။ သူမှာ ကိုယ်ပွားတွေ အများကြီး ရှိနေတာပဲ။"
ဟုန်ယွိက တုန့်ဆိုင်းမနေရဲတော့ဘဲ သူ၏ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ရာ မျက်ခုံးနှစ်ခုကြား မှ မျက်လုံးတစ်လုံး ထွက်ပေါ်လာသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်ဖြင့် ဖုံးလွှမ်းလိုက်သည်။ အရိုးဆူးများ ပေါ်ထွက်လာသည်နှင့်အတူ သူသည် လှံဖြင့် မူလဝိညာဉ်နတ်ဘုရား၏ နှလုံးတည်နေရာကို ထိုးစိုက်လိုက်သည်။
ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်မှာ မြန်ဆန်လွန်းလှသဖြင့် အမည်းရောင် မျဉ်းတစ်ကြောင်းအလား ထင်မှတ်ရသည်။ တခဏအတွင်းမှာပင် ဟုန်ယွိ၏ ခန္ဓာကိုယ်နှင့် လှံမှာ မူလဝိညာဉ်နတ်ဘုရား၏ နှလုံးသားထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး သူသည် အားအပြည့်ဖြင့် လှည့်ပတ်မွှေနှောက်လိုက်သည်။
ဖျစ်…။
သူ့အစွမ်းကို ထုတ်ဖော်ပြသရန်ပင် အခွင့်အရေး မရလိုက်သော ဤမူလဝိညာဉ် နတ်ဘုရား မှာ ရုတ်တရက် လျှပ်တပြက် တိုက်ခိုက်မူနှင့်အတူ ထိုးဖောက်ဖျက်ဆီးခြင်း ခံလိုက်ရတော့ သည်။
ဟုန်ယွိသည် လက်ကို ဝှေ့ယမ်းလိုက်ရာ ကြီးမားသော အလင်းအကာအကွယ်တစ်ခု ပေါ်လာပြီး မူလဝိညာဉ်နတ်ဘုရားကို ထပ်မံ ပိတ်ဆို့လိုက်ပြန်သည်။
...
"ဟူးးး ..." မူလဝိညာဉ်နတ်ဘုရား ကိုယ်ပွားနှစ်ခုကို ပိတ်ဆို့ပြီးနောက် ဟုန်ယွိသည် သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ပါသည်။
ထို့နောက် သူသည် စကြဝဠာအိတ်ကို ဝှေ့ယမ်းလိုက်ရာ မဟာလေဟာနယ်လက်ဝါးက စစ်သည်များအားလုံးကို အိတ်ထဲသို့ သိမ်းဆည်းလိုက်တော့သည်။
အခိုက်တန့်တွင် ချန်ယင်းရှာက ရုတ်တရက် အော်ပြောလိုက်သည်… ဘယ်သူလဲ”။
ဟုန်ယွိ၏ စိတ်ထဲတွင် လှုပ်ရှားသွားပြီး အဝေးရှိ သဲသောင်ခုံနောက်က ကောင်းကင်ယံကို လှမ်းကြည့်လိုက်သည်။ သဲသောင်ခုံနောက်က ကောင်းကင်မှာ အနည်းငယ် တုန်ခါသွားပြီး သာယာသော ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ကောင်းကင်ယံတွင် အလွန် စိတ်လက်ပေါ့ပါးစေသည့် အဖြူရောင် အလင်းကွင်းတစ်ခု ပေါ်လာသည်။
ပြဒါးရောင်အလင်းကွင်းအတွင်းမှ ကျောပြင်တွင် ငန်းအတောင်ပံနှစ်ခု ပါရှိသော အဖြူရောင်ဝတ် မိန်းကလေးတစ်ဦး ထွက်လာသည်။ ထိုမိန်းကလေးမှာ ပါးဖောင်းဖောင်း လေးနှင့် ဖြစ်ပြီး သူမ၏ လက်မောင်းလေးများမှာ ကြာစွယ်လေးများအလား နူးညံ့လှသဖြင့် ရေများပင် ယိုစိမ့်ထွက်လာတော့မည့်အလား ထင်ရသည်။
ဤအလင်းကွင်းမှာ မဟာလေဟာနယ်လက်ဝါး၏ ရောင်စုံအလင်းနှင့် မတူပေ။ မဟာ လေဟာနယ်လက်ဝါး အလင်းကွင်းမှာ ဦးခေါင်းနောက်တွင် ရှိသော်လည်း ဤအလင်းကွင်း မှာမူ ဦးခေါင်းထက်တွင် ရှိနေခြင်းဖြစ်သည်။ ၎င်းမှာ မင်္ဂလာရှိခြင်းနှင့် ပျော်ရွှင်ချမ်းမြေ့ခြင်း အငွေ့အသက်များကို ပေးစွမ်းနေသည်။
"ဟီးဟီး၊ ဟုန်ယွိ။ ငါက ဆန်းကြယ်ကောင်းကင်ဘုံခန်းမရဲ့ နတ်ဘုရားမ 'ကျီရှန်းထျန်း' ပါ။ ရှင်းမိုက ငါ့အတွက် နင့်ရဲ့ရုပ်ပုံကို ဆွဲပေးထားတယ်။ ငါ ဒီလူတွေကို နောက်ယောင်ခံ လိုက်နေတာ သုံးရက်နဲ့ သုံးညရှိပြီ၊ ဒါပေမဲ့ အခွင့်အရေး မရခဲ့ဘူး။ သူတို့က ငါ့ကို အပြစ်ပြုမိ မယ်လို့ ငါ မျှော်လင့်မထားခဲ့ဘူး။ နှမြောစရာပဲ၊ နင်က သူတို့ရဲ့ မူလဝိညာဉ်နတ်ဘုရား စွမ်းအားတွေကို ယူသွားပြီ။ ဒါနဲ့... နင်က ဘာလို့ ကောင်းကင်အလင်း ဦးချို နတ်ဘုရား ချပ်ဝတ်ကို ဝတ်ထားတာလဲ။ ဒီလောက် အစွမ်းထက်တဲ့ ချပ်ဝတ်ကို နင် ဘယ်လိုရခဲ့တာ လဲ။”
ငန်းအတောင်ပံများနှင့် ဦးခေါင်းထက်တွင် အလင်းကွင်းပါသော ဤမိန်းကလေးငယ်မှာ ပေါ်လာစဉ်ကတည်းက အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိပေ။ သူမသည် ဟုန်ယွိကို ပွင့်ပွင့်လင်းလင်းပင် နှုတ်ဆက်လိုက်သည်။ ထို့နောက်တွင် ဟုန်ယွိ၏ ခန္ဓာကိုယ်ပေါ်မှ နတ်ဆိုးတစ်ပါးအလား ကြောက်မက်ဖွယ်ကောင်းသော ချပ်ဝတ်တန်ဆာကို ကြည့်လိုက် သည်။ တုန်ခါနေသော အရိုးဆူးများကို မြင်သောအခါ သူမ အံ့အားသင့်စွာ ရေရွတ်မိသည်။
"ဆန်းကြယ်ကောင်းကင်ဘုံခန်းမရဲ့ ခန်းမကြီးလေးခုက အမှောင်ခန်းမ၊ ဖျက်ဆီးခြင်း ခန်းမ၊ ပျော်ရွှင်ခြင်းခန်းမနဲ့ ကျီရှန်းခန်းမ (မင်္ဂလာခန်းမ)တွေပဲ။ နင်က ကျီရှန်းခန်းမမှာ ကိုးကွယ်ခံရတဲ့ နတ်ဘုရားမ ကျီရှန်းထျန်းပေါ့လေ။" ဟုန်ယွိက ထိုမိန်းကလေးကို ကြည့်ရင်း ခေါင်းညိတ်ပြ လိုက်သည်။
ဆန်းကြယ်ကောင်းကင်ဘုံခန်းမ၏ မဟာနတ်ဘုရား လေးပါးဖြစ်သည့် အမှောင်နတ်ဘုရား ဖျက်ဆီးခြင်းနတ်ဘုရားတို့သည် ကောက်ကျစ်ပြီး ရက်စက်ကြသည်။ သို့သော် ကျီရှန်း ထျန်းကတော့ မင်္ဂလာရှိခြင်း၊ ချမ်းမြေ့ခြင်း၊ တေးဂီတနှင့် အလှအပတို့၏ ပြယုဒ်တစ်ခုပင်။ လွင်ပြင်ဒေသမှာရှိသည့် သာမန်ပြည်သူအများစုသည် ကျီရှန်းထျန်းကို ကံကောင်းခြင်းနှင့် ကျန်းမာခြင်းအတွက် ကိုးကွယ်ကြသည်။ ကျိုးကြောင်းဆင်ခြင်ကြည့်ရင် ကျီရှန်းထျန်းက ဖြောင့်မတ်သော နတ်ဘုရားမတစ်ပါးဖြစ်ပြီး၊ အမှောင်နတ်ဘုရား၊ ဖျက်ဆီးခြင်းနတ်ဘုရား နှင့် လနတ်ဘုရားမတို့ကတော့ ဆိုးယုတ်သည့် နတ်ဘုရားတွေ ဖြစ်ကြသည်။
"ငါက ကျီရှန်းထျန်းပါလို့ ပြောပြီးပြီပဲဟာ" ကျီရှန်းထျန်းက ခေါင်းယမ်းလိုက်ရာ သူမ၏ ဦးခေါင်းထက်မှ အလင်းကွင်းမှာ အနည်းငယ် ပျံ့လွင့်သွားသည်။
"ဆန်းကြယ်ကောင်းကင်ဘုံခန်းမရဲ့ မဟာနတ်ဘုရား လေးပါးစလုံးဟာ ကမ္ဘာငယ်တစ်ခု ထဲမှာ ပိတ်လှောင်ခံထားရတာ မဟုတ်ဘူးလား။" ဟုန်ယွိက မေးလိုက်သည်။ "နင်က ဘယ်လို ထွက်လာတာလဲ။ ပြီးတော့ ဒီလူတွေနောက်ကို ဘာလို့ လိုက်နေတာလဲ။ သူတို့ဆီက မူလဝိညာဉ်နတ်ဘုရား စွမ်းအားတွေကို ယူပြီး၊ နင့်ရဲ့ ကိုယ်ပိုင်အစွမ်းကို မြှင့်တင်ဖို့နဲ့ မဟာကမ္ဘာကြား လှည့်လည်သွားလာတဲ့အခါ မင်းရဲ့အင်အားတွေ ကုန်ဆုံးမူကို လျှော့ချဖို့လား။"
"ဒီတစ်ခါမှာ ခန်းမသခင်နဲ့ ရှင်းမုတို့က ငါတို့ကို အနှစ်သာရနတ်ဘုရားကျောင်းမှာ အစာရှာ ဖို့ လွှတ်လိုက်တာ။ ဖျက်ဆီးခြင်းနတ်ဘုရားနဲ့ အမှောင်နတ်ဘုရားတို့ကတော့ နင့်ကို ဒုက္ခ ပေးဖို့ လာလိမ့်မယ်။ ဟုန်ယွိ၊ နင် သတိထားနော်" ကျီရှန်းထျန်းသည် ဟုန်ယွိ၏ လက်ထဲမှ အလင်းအကန့်သတ်စက်ဝိုင်းဖြင့် ပိတ်ဆို့ထားသော မူလဝိညာဉ် စွမ်းအားများကို စိုက်ကြည့်နေသည်။ သူမ၏ မျက်လုံးလေးများမှာ သကြားလုံးကို ကြည့်နေသော ကလေးမ တစ်ယောက်အလား လည်ပတ်နေ၏။
"နင်က ဒီနတ်ဘုရားစွမ်းအားကို လိုချင်တာလား။ ဒါပေမဲ့ မူလဝိညာဉ် စွမ်းအားက အရမ်း ပြင်းထန်တယ်၊ နင့်အတွက် အစာကြေဖို့ မလွယ်ဘူးနော်" ဟုန်ယွိက ရုတ်တရက် ပြုံးကာ ပြောလိုက်သည်။
"အို.. ဟုန်ယွိ၊ နင်က ဒီနတ်ဘုရားစွမ်းအားကို ငါ့ကို ပေးချင်တာလား။" ကျီရှန်းထျန်းသည် လက်ချောင်းလေးကို ပါးစပ်ထဲထည့်ကာ စုပ်လိုက်သည်။ "တကယ်လို့ နင်သာ ငါ့ကို ဒီစွမ်းအားတွေပေးပြီး သန့်စင်ပေးဖို့ ကူညီမယ်ဆိုရင်၊ ငါ နင့်ကို ဧကရာဇ်အကြံပေး ယုဝမ်ရဲ့ လျှို့ဝှက်ချက်ကို ပြောပြမယ်။"
"ဧကရာဇ်အကြံပေး ယုဝမ်ရဲ့ လျှို့ဝှက်ချက်လား။ အဲဒါက မုကလေးနဲ့ ဆက်စပ်နေမလား" ဟုန်ယွိ၏ မျက်လုံးများ လှုပ်ရှားသွားပြီး ကျီရှန်းထျန်းကို ကြည့်လိုက်တော့သည်။
အခန်း (၃၉၈)။
"မူမူက အရင်တုန်းက ပါရမီရှင်တစ်ယောက်ပဲ။ သူမဟာ ငယ်ငယ်ရွယ်ရွယ်နဲ့တင် ယွန်မင် နိုင်ငံရဲ့ ဧကရာဇ်အကြံပေး ဖြစ်လာခဲ့တာ။ သူမဟာ ကြယ်တံခွန်တစ်ခုလို ထွန်းလင်း တောက်ပပြီး ထက်မြက်ခဲ့သူတစ်ဦးပေါ့။ ငါတို့ရဲ့ ဆန်းကြယ်ကောင်းကင်ဘုံခန်းမ စာကြည့် တိုက်ကိုလည်း စာဖတ်ဖို့ ခဏခဏ လာတတ်သေးတယ်။ အမှောင်နတ်ဘုရားနဲ့ ဖျက်ဆီး ခြင်းနတ်ဘုရားတို့တောင် သူမကို နည်းနည်းကြောက်ကြတယ်။ ဒါပေမဲ့ တစ်ခါက ငါ သူမ ကို နောက်ပြောင်ပြီး သူမရှာနေတဲ့ စာအုပ်တွေကို ဝှက်ထားဖူးတယ်။ အဲဒါကို သူမက ငါ့ကို စိတ်တောင်မဆိုးခဲ့ဘူး။"
ကျီရှန်းထျန်းက ပြောရင်းနှင့် လက်နှစ်ဖက်ကို ပူးကပ်ကာ "ဗောဓိသတ္တတောင် ကြောက်ရွံ့ရသည်" ဆိုသည့် အမူအရာမျိုး လုပ်ပြလိုက်သည်။
"အဲဒါကို ငါသိပါတယ်" ဟုန်ယွိက လက်ကို ဝှေ့ယမ်းလိုက်ပြီး မြေပြင်ပေါ်ရှိ "မူလ သွေးဝိညာဉ်ကော်ဇောပျံ"ကို ညွှန်ပြလိုက်သည်။ "ကျီရှန်းထျန်း၊ အောက်ဆင်းလာပြီး ထိုင်ပါဦး။ ငါတို့ စကားပြောကြရအောင်။"
"ကောင်းပြီလေ။"
ကျီရှန်းထျန်းသည် ဟုန်ယွိကို အနည်းငယ်မျှ မကြောက်ပေ။ သူမသည် လိပ်ပြာတစ်ကောင် ကဲ့သို့ ကောင်းကင်တွင် ဝဲပျံပြီးနောက် ရေအိုင်နားရှိ မူလသွေးဝိညာဉ်ကော်ဇောပျံပေါ်သို့ ဆင်းသက်လိုက်သည်။
ဟုန်ယွိသည် ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်ကို သိမ်းဆည်းလိုက်ပြီး ကော်ဇောပေါ်တွင် ပြန်ထိုင်လိုက်သည်။ သူသည် ပိတ်ဆို့ထားသော မူလဝိညာဉ်နတ်ဘုရား ၏ အလင်းအကာအကွယ်ကို ဒူးကြားတွင် ချထားရင်း ကျီရှန်းထျန်းကို ကြည့်လိုက်သည်။
ကျီရှန်းထျန်းမှာ အခြားနတ်ဘုရားများနှင့် ကွဲပြားသည်။ သူမ၏ ခန္ဓာကိုယ်မှာ မှိန်ဖျဖျ အလင်းရောင်ခြည်များဖြင့် ဖွဲ့စည်းထားခြင်းမျိုး မဟုတ်ဘဲ၊ အသွေးအသားရှိသော တကယ့် ခန္ဓာကိုယ်အတိုင်း ဖြစ်နေသည်။ သိုးဆီကဲ့သို့ ဖြူနုသော သူမ၏ အသားအရေအောက်တွင် သွေးကြောလေးများကိုပင် မြင်တွေ့နိုင်၏။ သူမ၏ အသက်ရှူသံ၊ လေထုတ်သံနှင့် နှလုံးခုန်သံတို့မှာ သာမန်လူများနှင့် မခြားပေ။
ဤအချက်တွင် ကျီရှန်းထျန်းသည် ငရဲနတ်ဘုရား၊ ဖျက်ဆီးခြင်းနတ်ဘုရား၊ အမှောင် နတ်ဘုရား၊ လနတ်ဘုရားမတို့နှင့် ကွဲပြားသွားသည်။ နတ်ဘုရားများမှာ အသက်ရှူရန် မလိုသော်လည်း၊ ကျီရှန်းထျန်းမှာမူ သူမ၏ နတ်ဘုရားစွမ်းအားကို သုံး၍ လူသားခန္ဓာကိုယ် ကို အတုယူကာ ဓမ္မ(မှော်)ခန္ဓာကိုယ်တစ်ခု ဖန်တီးထားခြင်းဖြစ်သည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ကျီရှန်းထျန်း၏ ဉာဏ်ရည်မှာ အလွန်မြင့်မားပြီး သူမ၏ အစွမ်းမှာ လည်း အလွန်ပင် ခိုင်မာကြောင်း သိနိုင်ပါသည်။ (ဤနေရာတွင် ငရဲနတ်ဘုရားမှာ အနှစ်သာရနတ်ဘုရားကျောင်းက သူတော်စင်တောက်ဖူနှင့် တွေ့ဆုံသည့်အခန်းက နတ်ဘုရားဖြစ်ပြီး၊ ပထမဆုံးတွေ့ခဲ့သည့် စာကြောင်းကို အမှန်ယူပြီး၊ အမှောင်နတ်ဘုရား ဟု တောက်လျှောက် ပြန်ဆိုခဲ့ပါသည်။ အခု ဆန်းကြယ်ကောင်းကင်ဘုံခန်းမ၏ နတ်ဘုရား လေးပါးတွင် အမှောင်နတ်ဘုရားလည်း ပါနေပြန်ရာ နောက်ပိုင်းတွင် အနှစ်သာရ နတ်ဘုရားကျောင်းနှင့် ပတ်သက်လျှင် ငရဲနတ်ဘုရားဟုသာ ပြန်ဆိုပါတော့မည်။ မဟာ အမှောင်ထုအကန့်သတ်စက်ဝိုင်းကလည်း အနှစ်သာရနတ်ဘုရားကျောင်းက တာအိုပညာ ဖြစ်ပါသည်။ တခါတလေ စာသားတွေက မူရင်းမှာကိုက အသုံးနှုန်းတွေ တူနေတော့ ဇဝေဇဝါဖြစ်ပြီး၊ ထိုနာမည်ကိုသာ အသုံးပြုခဲ့သည်။ ဆန်းကြယ်ကောင်းကင်ဘုံခန်းမ၏ တာအိုပညာမှာ အမှောင်စက်ဝန်းခန္ဓာဖုံးကွယ်ခြင်းအစီအရင်ဖြစ်ပြီး၊ အတိတ်ကျမ်းက ဟုန်ဟွိ အသုံးပြုသည့် အလင်းအကန့်သတ်စက်ဝိုင်းခန္ဓာအကာကွယ်အစီအရင်ကို အလင်းစက်ဝန်းခန္ဓာဖုံးကွယ်ခြင်းအစီအရင်ဟု ပြောင်းလဲ ပြန်ဆိုသွားပါတော့မည်။)
အဆုံးတွင် ကံကောင်းခြင်းနှင့် ကျန်းမာခြင်းအတွက် ဆုတောင်းသူမှာ များပြားလှသော် လည်း၊ ဖျက်ဆီးခြင်း၊ စစ်မက်၊ ရဲရင့်ခြင်းနှင့် ကောက်ကျစ် လှည့်ဖြားခြင်းတို့အတွက် ဆုတောင်းသူများမှာ နည်းပါးလှသည် မဟုတ်ပါလား။
...
"ဧကရာဇ်အကြံပေး ယုဝမ်ရဲ့ ကျော်ကြားမှုကို ငါကြားဖူးပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ က ယွန်မင်အင်ပါယာဟာ လွင်ပြင်ဒေသကို သိမ်းပိုက်ပြီး 'အစိမ်းရောင်သတ်ဖြတ်ခြင်းကွင်း ပြင်'ကို ချိုးဖျက်နိုင်ခဲ့တယ်။ စစ်မီးတွေဟာ ကျောက်စိမ်းမြို့တော်ထိတောင် ရောက်လာခဲ့ တာ။ အဲဒါတွေ အားလုံးဟာ ဒီလူ့ကြောင့်ပဲ။" ကျီရှန်းထျန်း၏ ဧကရာဇ်အကြံပေး ယုဝမ် အပေါ် သုံးသပ်ချက်ကို ကြားသောအခါ ဟုန်ယွိက မျက်လွှာချလိုက်ပြီး အလင်းအကာ အကွယ်အစီအရင် ပွတ်သပ်နေမိသည်။
မူလဝိညာဉ်နတ်ဘုရား၏ စွမ်းအားများသည် အလင်းအကာအကွယ် အစီအရင်အတွင်းမှာ ပုံစံမျိုးစုံဖြင့် ပြောင်းလဲနေသော်လည်း ဖောက်ထွက်နိုင်ခြင်း မရှိပေ။
"မူလဝိညာဉ်နတ်ဘုရားက တကယ်ကို အစွမ်းထက်တာပဲ။ ကိုယ်ပွားဆီက ဒီလောက် စွမ်းအားလေးကို ပိတ်ဆို့ဖို့တောင် ငါ့ရဲ့ အတွေးစ ၂၀၀၀ ကို သုံးခဲ့ရတယ်။ ဒါဟာ ငါ့စွမ်းအား ရဲ့ ၂၀ ရာခိုင်နှုန်းပဲ" အလင်းအကာအကွယ်အစီအရင်ကို ပွတ်သပ်ပြီးနောက် သူက ၎င်းကို ကျီရှန်းထျန်းထံသို့ ပေါ့ပေါ့ပါးပါးပင် ပစ်ပေးလိုက်သည်။
ကျီရှန်းထျန်းမှာ သဘောကျသွားပြီး တဟားဟား ရယ်မောကာ၊ ထိုအစီအရင်ကို ငါးတစ်ကောင်ကို ပွေ့ပိုက်ထားသကဲ့သို့ ပွေ့ဖက်ထားလိုက်သည်။
မူလဝိညာဉ်နတ်ဘုရား၏ စွမ်းအားကို ပိတ်ဆို့စဉ်က ဟုန်ယွိသည် သူ၏ အင်အား ၁၀ ရာခိုင်နှုန်းကိုသာ စတင်သုံးစွဲခဲ့ခြင်း ဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် မူလဝိညာဉ် စွမ်းအားမှာ ပေါက်ကွဲထွက်လာသဖြင့် သူသည် နောက်ထပ် အကာအကွယ်အစီအရင် တစ်ခုကို ထပ်မံထည့်သွင်းပြီးမှသာ အောင်မြင်စွာ ပိတ်ဆို့နိုင်ခဲ့ခြင်း ဖြစ်သည်။
အမှန်စင်စစ် ဤသို့ဖြစ်ရခြင်းမှာ ဟုန်ယွိသည် ကောင်းကင်အလင်းဦးချို နတ်ဘုရား ချပ်ဝတ်ကို သိမ်းပိုက်စဉ်က သူ့စိတ်ဝိညာဉ်စွမ်းအား အမြောက်အမြား သုံးစွဲခဲ့ရပြီး ပြန်လည် မပြည့်ဝသေးသောကြောင့်လည်း ဖြစ်သည်။ မဟုတ်ပါက သူ၏ စွမ်းအား ၁၀ ရာခိုင်နှုန်းမှာ ထိုစွမ်းအားကို ပိတ်ဆို့ရန် လုံလောက်မည် ဖြစ်သည်။ "ငါ အခုလေးတင် မူလဝိညာဉ်နတ်ဘုရားရဲ့ စွမ်းအားကို အတော်လေး အားနည်းသွားအောင် လုပ်ထားတယ်။ အဲဒါကို ပိတ်ဆို့ထားဖို့ ငါ့အင်အားတွေကို မဖြုန်းတီးချင်တော့ဘူး။ နင်ပဲ အဲဒါကို ပိတ်ဆို့ လိုက်တော့။" ဟုန်ယွိက ပြောရင်း အလင်းအကာအကွယ် အစီအရင်ကို ပြန်ရုတ်သိမ်းရန် ပြင်လိုက်သည်။
"ဟေး၊ အဲဒီလို မလုပ်ပါနဲ့ဦး" ကျီရှန်းထျန်းက အလျင်အမြန် လက်ကာပြလိုက်သည်။ "ငါက 'အမှောင်အကာအကွယ် အစီအရင်'ကို အတုယူပြီး ဖန်တီးလိုက်မယ်။ ငါတို့ အလင်းနဲ့ အမှောင်ကို ပေါင်းစပ်လိုက်ရင် မူလဝိညာဉ်နတ်ဘုရားရဲ့ အသိစိတ်ကို ဖျက်ဆီးပစ်ဖို့ လုံလောက်သွားလိမ့်မယ်။ အဲဒီအခါ အဲဒါက သန့်စင်တဲ့ နတ်ဘုရားစွမ်းအားနဲ့ ယုံကြည်မူ စွမ်းအားတွေပဲ ကျန်တော့မှာ။ အဲဒီတော့မှ ငါက အဲဒါကို ဝါးမြိုလို့ရမှာ။ အခုလောလော ဆယ်မှာ 'အလင်းအကာအကွယ် အစီအရင်'ကို သိတာ နင်တစ်ယောက်ပဲ ရှိတာလေ။ ဟုန်ယွိ။ ငါ နင့်ကို မရှာရင် ဘယ်သူ့ကို သွားရှာရမှာလဲ။"
"နင်လည်း 'အမှောင်စက်ဝန်းအကာအကွယ် အစီအရင်' ကို သိတာလား။" ဟုန်ယွိ၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။
"ဒါပေါ့။ ငါက အဲဒီအစီအရင်ရဲ့ နက်နဲမှုကို နားလည်ထားပြီးသား၊ ငါ့ရဲ့ နတ်ဘုရား စွမ်းအား တွေကလည်း တဖြည်းဖြည်းနဲ့ လူသားဝိညာဉ်အဖြစ် ပြောင်းလဲနေပြီ" ကျီရှန်းထျန်းက ပြောသည်။ "ဒါပေမဲ့ ဒါဟာ ကြာရှည်တဲ့ ဖြစ်စဉ်တစ်ခုပဲ။ ငါ တကယ့်လူသားတစ်ယောက် ဖြစ်လာဖို့ နောက်ထပ် နှစ်ပေါင်း ရာနဲ့ချီ၊ ဒါမှမဟုတ် ထောင်နဲ့ချီတောင် ကြာနိုင်သေးတယ်။ ငါက ဆန်းကြယ်ကောင်းကင်ဘုံခန်းမရဲ့ မှတ်တမ်းတွေကို တာဝန်ယူရတာ။ အရင်တုန်းက 'အမှောင်ဧကရာဇ်တာအိုသခင်'က 'ဆန်းကြယ်ကောင်းကင်ဘုံ အမှောင်မှတ်တမ်း'ကို စောင့်ရှောက်ဖို့ ငါ့ကို မွေးမြူခဲ့တာ။ အဲဒီတုန်းက ငါက အရမ်းအားနည်းသေးတယ်၊ အမှောင်ဧကရာဇ်တာအိုသခင်ကပဲ ငါ့ရဲ့ အသိစိတ်ကို စုစည်းပေးခဲ့တာ။ နောက်ပိုင်းမှာ အမှောင်ဧကရာဇ်တာအိုသခင်ဟာ 'စစ်နတ်ဘုရားရှန့်'နဲ့ တိုက်ခိုက်ခဲ့တယ်။ သူဟာ စစ်နတ်ဘုရားရှန့်ကို အနိုင်ရခဲ့ပေမဲ့၊ သူ့ရဲ့စိတ်ဝိညာဉ်ဟာ ကုစားလို့မရတဲ့ ဒဏ်ရာတွေ ရသွားခဲ့ပြီး ဘယ်ဆီကို ထွက်ပြေးသွားမှန်း မသိတော့ဘူး။ ဒါမှမဟုတ် သူဟာ လူပြန် ဝင်စားသွားပြီလား မသိဘူး။"
သူမ ပြောနေစဉ်မှာပင် ကျီရှန်းထျန်း၏ လက်ဝါးပေါ်တွင် သန့်စင်သော အမည်းရောင် အလင်းတန်းတစ်ခု တဖျတ်ဖျတ် လင်းလက်လာပြီး အနက်ရောင် "ဒါတူရာပန်း" တစ်ပွင့် အဖြစ် တဖြည်းဖြည်း ပုံဖော်လာသည်။ ထို့နောက် ထိုပန်းလေးသည် အနက်ရောင် သလင်းကျောက်ပြားတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
၎င်းမှာ အမှောင်အကာအကွယ် အစီအရင်ပင် ဖြစ်သည်။
ထိုအနက်ရောင် သလင်းကျောက်ပြားလေး ပေါ်လာပြီးနောက် ၎င်းက ဟုန်ယွိ၏ အလင်း အကာအကွယ်ကို ပြင်းထန်စွာ ရစ်ပတ်လိုက်တော့သည်။
ဝုန်း…။
အလင်းနှင့် အမှောင် ပေါင်းစပ်သွားမှုကြောင့် မယုံနိုင်စရာကောင်းသော တုံ့ပြန်မှုတစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။ ၎င်းမှာ ရေနွေးအိုးထဲသို့ ထုံးမှုန့်များ ပစ်ထည့်လိုက်သကဲ့သို့ ပြင်းထန်စွာ ဆူပွက်လာခြင်း ဖြစ်သည်။ ဟုန်ယွိ၏မျက်နှာ ပျက်သွားပြီး မျက်မှောင် ကြုတ်လိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ အတွေးစ ၂၀၀၀ မှာ တစ်ခဏအတွင်း အတွင်းဘက်သို့ ပြိုကွဲသွားပြီး အစက်အပြောက်တစ်ခုတည်းအဖြစ် ကျုံ့ဝင်သွားသကဲ့သို့ ခံစားလိုက်ရသောကြောင့် ဖြစ်သည်။
...
လက်ဖက်ရည် ပန်းကန်လုံးခန့်ရှိသော အလင်းနှင့်အမှောင် အကာအကွယ် အစီအရင်နှစ်ခု မှာ တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားပြီး ချက်ချင်းပင် ကျုံ့ဝင်သွားကာ တည်ရှိခြင်းနှင့် မတည်ရှိခြင်းကြားက အလွန်တရာ သေးငယ်သည့် အမှတ်လေးတစ်ခု ဖြစ်သွားခဲ့သည်။
ရုတ်တရက် ဟုန်ယွိသည် အတိုင်းအဆမဲ့သော ကမ္ဘာကြီး စတင်မွေးဖွားသည့် အချိန်သို့ ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ စကြဝဠာကြီးဆိုသည်မှာလည်း တည်ရှိမှုနှင့် မတည်ရှိမှုကြားက အစက်အပြောက်လေး တစ်ခုသာ ဖြစ်ခဲ့သည် မဟုတ်ပါလား။
တစ်ချိန်တည်းမှာပင် ဟုန်ယွိသည် အတိုင်းအဆမဲ့သော ကမ္ဘာကြီး ပျက်သုဉ်းသွားပြီး နောက် စကြဝဠာကြီးမှာ အစက်အပြောက်လေးတစ်ခုအဖြစ် ပြန်လည်ကျုံ့ဝင်သွားသည့် အချိန်သို့ ရောက်သွားသကဲ့သို့လည်း ခံစားရသည်။ ၎င်းမှာ မွေးဖွားခြင်းလော သို့မဟုတ် ပျက်စီးခြင်းလော ဆိုသည်ကို သူ မခွဲခြားနိုင်တော့ပေ။
ဒုန်း…။
အလင်းနှင့်အမှောင် အကာအကွယ် အစီအရင်များသည် တစ်ခုနှင့်တစ်ခု ပိတ်ဆို့ပြီးနောက် အတွင်းဘက်သို့ ကျုံ့ဝင်ပြိုလဲသွားရာ သာမန်မျက်စိဖြင့် မမြင်နိုင်တော့သည်အထိ ဖြစ်သွားသည်။ ဟုန်ယွိ ကိုယ်တိုင်ပင် သူ၏ အတွေးစ ၂၀၀၀ ကို ခံစား၍ မရတော့ပေ။
"ဒုက္ခပဲ၊ အလင်းနဲ့ အမှောင် ပေါင်းစပ်တာက ဒီလောက်တောင် အစွမ်းထက်တာလား။" ဟုန်ယွိသည် အန္တရာယ်ရှိပြီ အမှတ်ဖြင့် အော်ဟစ်လိုက်မိသော်လည်း၊ နောက်တစ်စက္ကန့် မှာပင် သူ၏ အတွေးစများသည် ထိုအစက်အပြောက်လေးထဲမှ ဝုန်းခနဲ ပြန်လည် ပွင့်ထွက် လာသည်။
၎င်းတို့သည် အရင်ကထက် ပို၍ အစွမ်းထက်လာပြီး အတွေးစတစ်ခုချင်းစီမှာ လူ့ဦးခေါင်း ခွံခန့် ကြီးမားသွားသည်။ ၎င်းမှာ စကြဝဠာ၏ အနက်ရှိုင်းဆုံးနေရာမှ ပွင့်ထွက်လာသော ကြယ်တာရာများအလားပင်။ အတွေးစ ၂၀၀၀ စလုံးမှာ အရင်ကထက် နှစ်ဆခန့် ကြီးမား သွားပြီး အလွန်ပင် သိပ်သည်းကာ၊ လျှပ်စီးပတ်လမ်းများ ပေါက်ကွဲထွက်လာပြီး ကောင်းကင်ယံအထိပင် ပဲ့တင်ထပ်သွားလေသည်။
အထူးသဖြင့် ဟုန်ယွိသည် သူ၏ အလင်းအတွေးစများမှာ လုံးဝ သန့်စင်သွားပြီး၊ "ပြန်လည်မွေးဖွားခြင်း" နှင့် "အသစ်စက်စက် ဖြစ်သွားခြင်း"ဟူသည့် ခံစားချက်မျိုးကို ရရှိလိုက်သည်။ ဗုဒ္ဓဘာသာ စကားအရဆိုလျှင် ဤခံစားချက်ကို "နိဗ္ဗာန်" (Nirvana) ဟု ခေါ်ဆိုနိုင်ပါသည်။
ဟုန်ယွိ၏ အတွေးစ ၂၀၀၀ မှာ အတိုင်းအဆမဲ့ ကမ္ဘာကြီး ပျက်စီးသွားပြီးနောက် ပြန်လည် မွေးဖွားလာခြင်းနှင့် ဆင်တူနေပြီး၊ ကြံ့ခိုင်မှုမှာလည်း မယုံနိုင်လောက်အောင်ပင်။
ဤအသွင်ပြောင်းလဲမှုအပြီးတွင် ထိုအတွေးစိုင် ၂၀၀၀ မှာ အလွန်တရာ အားကောင်းလာပြီး ဆန်းကြယ်ကောင်းကင်ဘုံခန်းမသခင်၏ အတွေးစများနှင့်ပင် ယှဉ်နိုင်စွမ်း ရှိလာသည်။
ဟုန်ယွိသည် မြဥယျာဉ်၏ ကြယ်ကြည့် စင်မြင့်ပေါ်တွင် တွေ့ခဲ့ရသော ဆန်းကြယ် ကောင်းကင်ဘုံ ခန်းမသခင်၏ စိတ်ဝိညာဉ်အတွေးစများကို ပြန်လည်အမှတ်ရမိသည်။ ခန်းမသခင်မှာ မိုးကြိုးကပ်ဘေး အဆင့်ငါး ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ အခုအခါ ဟုန်ယွိ၏ အတွေးစ ၂၀၀၀ မှာ "အလင်းအကာအကွယ်" အစီအရင်ဖြင့် "အမှောင် အကာအကွယ်" အစီအရင်၏စွမ်းအားဖြင့် ထိတွေ့ပွတ်တိုက်ပြီး ပေါင်းစပ်သွားခဲ့သည်။ ထိုကမ္ဘာပျက်သုဉ်းပြီး နိဗ္ဗာနအနေထားမှ ထွက်ပေါ်လာသော အတွေးစအသစ်များသည် မိုးကြိုးကပ်ဘေး အဆင့်လေး အတွေးစများဖြစ်သော်လည်း မိုးကြိုးကပ်ဘေး အဆင့်ငါး အတွေးစများနှင့် နီးစပ်လုနီးပါး အားကောင်းလာခဲ့ပြီ ဖြစ်သည်။
"လခွမ်း…၊ ဒါကြောင့်လည်း ဆန်းကြယ်ကောင်းကင်ဘုံခန်းမက ဒိုင်ဇင်ဘုရားကျောင်းရဲ့ 'အတိတ်ကျမ်းစာ' ကို လိုချင်နေတာကိုး။ အလင်းနဲ့အမှောင် ပေါင်းစပ်ပြီး ကျုံ့ဝင်၊ ပေါက်ကွဲ၊ ပွင့်ထွက်လာတဲ့အခါ အတွေးစတွေကို သန့်စင်ပေးကာ စွမ်းအားကို တိုးတက်စေ တာပဲ။"
ဟုန်ယွိသည် ထိုအတွေးစ ၂၀၀၀ ကို သိမ်းဆည်းလိုက်သည်။ အခြားအတွေးစများနှင့် နှိုင်းယှဉ်လျှင် ထိုအတွေးစများ၏ အစွမ်းကို သူ သိသိသာသာ ခံစားနေရသည်။ ယခုအခါ ဟုန်ယွိ၏ စိတ်ဝိညာဉ်တွင် စုစုပေါင်း အတွေးစပေါင်း ၁၆,၆၇၂ စ ရှိနေပြီဖြစ်သည်။ ထိုအထဲတွင် "တစ္ဆေအင်မော်တယ်အဆင့်"မှ ရရှိထားသော အတွေးစပေါင်း ၆,၆၀၀ ရှိပြီး၊ ၎င်းတို့မှာ ယင်စွမ်းအင်များ ပါရှိကာ မိုးကြိုးကပ်ဘေး၏ သန့်စင်မှုကို မခံယူရသေးပေ။
ကျန်ရှိသော အတွေးစပေါင်း ၇,၉၀၀ မှာ မိုးကြိုးကပ်ဘေး လေးကြိမ်ကို အမှန်တကယ် ကျော်ဖြတ်ထားသော အတွေးစများ ဖြစ်ကြသည်။ ကျန်ရှိသော အတွေးစ ၂၀၀၀ မှာမူ ထိုနိဗ္ဗာနအခြေအနေမှ ပြန်လည်မွေးဖွားလာပြီးနောက် မိုးကြိုးကပ်ဘေး အဆင့်ငါးနှင့် ယှဉ်နိုင်သော စွမ်းအားကြီး အတွေးစများ ဖြစ်လာသည်။ သူ၏ စိတ်ဝိညာဉ်ထဲတွင် အတွေးစ အမျိုးအစား သုံးမျိုးမှာ ထင်ရှားစွာ ကွဲပြားနေတော့သည်။
"ယေး…" အလင်းနှင့် အမှောင် ပေါက်ကွဲမှုအပြီးတွင် ကျီရှန်းထျန်းသည် သူမ၏ နတ်ဘုရားစွမ်းအားများ အစိတ်စိပ်အမွှာမွှာ ဖြစ်သွားသည်ကို ဂရုမစိုက်ဘဲ ပေါက်ကွဲမှု ဗဟိုမှ ထွက်ပေါ်လာသော ပုတီးစေ့ကြီးကို ကြည့်ကာ ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။ ထိုပုတီးစေ့မှာ လက်သီးဆုပ်ခန့် ရှိပြီး ဖရိုဖရဲ အရောင်အသွေးမျိုးစုံ ရောယှက်နေသည်။ ၎င်း၏အတွင်း၌ အပြာရောင် ဂြိုဟ်ကမ္ဘာများမှာ အဆက်မပြတ် လည်ပတ်နေ၏။ ထို့အပြင် လူများ၊ မြင်းများ၊ တောင်တန်းများ၊ မြစ်ချောင်းများနှင့် မြို့ပြများမှာလည်း စီးဆင်းနေ ကြသည်။ ၎င်းမှာ အတိုင်းအဆမဲ့ ကမ္ဘာငယ်လေးတစ်ခုနှင့်ပင် တူနေတော့သည်။ အရာအားလုံးမှာ ခဏချင်းအတွင်း ပြောင်းလဲနေကြသည်။
"ဒါဟာ မူလဝိညာဉ်နတ်ဘုရားရဲ့ သန့်စင်တဲ့ နတ်ဘုရားစွမ်းအားပဲ။ ဒီစွမ်းအားကို ဝါးမြို လိုက်ရင် ငါ့ရဲ့စွမ်းအားကို နှစ်ပေါင်း တစ်ရာအထိ ထိန်းထားနိုင်တော့မယ်။" ကျီရှန်းထျန်း က ပျော်ရွှင်စွာ ရေရွတ်လိုက်သည်။
ထို့နောက် သူမသည် ထိုပုတီးစေ့ကြီးကို မြိုချလိုက်သည်။ သူမ၏ တစ်ကိုယ်လုံးရှိ အသားအရေမှာ ရေလှိုင်းများအလား တုန်ခါသွားပြီးနောက် ပုံမှန်အတိုင်း ပြန်ဖြစ်သွားကာ သူမ၏ ခန္ဓာကိုယ်မှာ ပို၍ပင် ကြည်လင်ထင်ရှားလာသည်။
"နင် အခုနက သုံးခဲ့တဲ့ 'အမှောင်စက်ဝန်းအကာအကွယ်အစီအရင်'ဟာ နင့်ရဲ့ နတ်ဘုရား စွမ်းအား မဟုတ်ဘူး။ နင့်ရဲ့စွမ်းအားနဲ့ ဒီလိုအကာအကွယ်မျိုး မဖန်တီးနိုင်ဘူး။ အဲဒါက ဘာလဲ။" ဟုန်ယွိက ကျီရှန်းထျန်းကို ကြည့်ကာ မေးလိုက်သည်။
"ဒါဟာ နှစ်ပေါင်းတစ်ထောင်အတွင်း ငါစုဆောင်းထားတဲ့ ကျင့်ကြံသူတချို့ရဲ့ သန့်စင်တဲ့ စိတ်ဝိညာဉ် အတွေးစတွေပဲ။ ငါ့အတွက် အသုံးမဝင်တော့ဘူးဆိုတော့ နင့်ကို ငါပေးလိုက် မယ်။ ဘယ်လိုလဲ။ နင့်ရဲ့အတွေးစ ၂၀၀၀ ဟာ မိုးကြိုးကပ်ဘေး အဆင့်ငါးရဲ့ အစွမ်းကို ရသွားပြီမလား။ ဒါပေမဲ့ နင်ဟာ တကယ့်မိုးကြိုးကပ်ဘေး အဆင့်ငါးရဲ့ အစွမ်းကို ရဖို့အတွက်ဆို မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ဖို့တော့ လိုသေးတယ်။" ကျီရှန်းထျန်းက ကလေးတစ်ယောက်လို နောက်ပြောင်ပြီး ရယ်မောလိုက်သည်။ "နင် 'ကောင်းကင်မြွေ ဘုရင်မရှင်းမိုကိုတော့ သတိထားရမယ်နော်။"
"ဟုတ်တယ်၊ နင် သူမကို သတိထားရမယ်။ တကယ်လို့ နင်သာ 'အလင်းစက်ဝန်း အကာအကွယ်' အစီအရင်ကို အောင်မြင်စွာ ကျင့်ကြံနိုင်သွားပြီဆိုတာ သူမ သိသွားခဲ့ရင်၊ နင့်နဲ့ 'စိတ်ဝိညာဉ် နှောင်ကြိုး' ရစ်ပတ်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြံစည်လိမ့်မယ်။ နင်တို့ နှစ်ယောက်သာ စိတ်ဝိညာဉ် နှောင်ကြိုး ရစ်ပတ်ပြီး အတူနှစ်ဖော်ကျင့်ကြံ ဖြစ်ခဲ့ရင်၊ သူမက 'အမှောင်စက်ဝန်း အကာအကွယ်'ကို သုံးပြီး နင့်ရဲ့ 'အလင်းစက်ဝန်းအကာအကွယ်' နဲ့ ပွတ်တိုက်မိအောင် လုပ်လိမ့်မယ်။ အဲဒီအခါ အခုနလေးတင် ဖြစ်သွားတဲ့ မြင်ကွင်းမျိုး ဖြစ်လာမှာပဲ။ နင့်ရဲ့စိတ်ဝိညာဉ် အတွေးတွေဟာ သူမနဲ့ လုံးဝ ပေါင်းစပ်သွားပြီး၊ သူမကို လည်း 'အတိတ်ကျမ်းစာ' ရဲ့ စွမ်းအားတွေနဲ့ လုံးဝ ပေါင်းစပ်သွားစေလိမ့်မယ်။ သူမရဲ့ အတွေးစတွေက အားကောင်းလာရုံတင်မကဘဲ၊ သူမဟာ မသေနိုင်တဲ့ ခန္ဓာကိုယ်မျိုး တောင် ရသွားနိုင်တယ်။"
"စိတ်ဝိညာဉ်နှောင်ကြိုးနဲ့ တူနှစ်ဖော်ကျင့်ကြံတာလား။" ၎င်းကို ကြားသောအခါ ဟုန်ယွိ စိတ်လှုပ်ရှားသွားသည်။ "အလင်းအစီအရင်နဲ့ အမှောင်အစီအရင် ထိတွေ့တိုက်မိတာက တကယ်ပဲ မယုံနိုင်စရာကောင်းတဲ့ စွမ်းအားကို ထုတ်ပေးနိုင်တာပဲ။ နင့်ရဲ့ သတိပေးချက် အတွက် ကျေးဇူးတင်ပါတယ်။"
"အားနာစရာ မလိုပါဘူး" ကျီရှန်းထျန်းက သူမ၏ ကြာစွယ်ကဲ့သို့ လက်ကလေးများကို ဝှေ့ယမ်းလိုက်သည်။ "ငါလည်း နင့်ကို ကျေးဇူးတင်ရမှာပါ။ နင့်ရဲ့ အလင်းအစီအရင်က ငါ့ရဲ့ အမှောင်အစီအရင်နဲ့ အပြင်းအထန် မတိုက်မိခဲ့ရင် မူလဝိညာဉ်နတ်ဘုရားရဲ့ စွမ်းအားကို ငါ ဒီလောက်လွယ်လွယ်နဲ့ သန့်စင်နိုင်မှာ မဟုတ်ဘူး။ မူလဝိညာဉ်နတ်ဘုရားရဲ့ စွမ်းအားဟာ အလွန်တရာ ကြီးမားတယ်၊ မုန့်ရှန်းကျီထက်တောင် အဆပေါင်းများစွာ ပိုပြီး အစွမ်းထက် သေးတယ်။ ဒါပေမဲ့ သူဟာ မုန့်ရှန်းကျီရဲ့ ပြိုင်ဘက်တော့ မဟုတ်ဘူး။ သူက ဝက်တစ်ကောင်လိုပဲ။ လူတစ်ယောက်ထက် အဆပေါင်းများစွာ ပိုလေးပေမဲ့ နောက်ဆုံး တော့ အသတ်ခံရမှာပဲ..."
"နင်က အမြတ်ဝေစု လိုချင်တာမလား။" ဟုန်ယွိက ကျီရှန်းထျန်းကို ကြည့်ကာ ပြုံးလိုက် သည်။ "ငါနဲ့ ပူးပေါင်းချင်လို့လား။"
"အင်း၊ ဟုတ်တယ်။ ငါ နင်နဲ့ ပူးပေါင်းချင်တယ်။ တကယ်လို့ ငါသာ မူလဝိညာဉ်နတ်ဘုရား ရဲ့ နတ်ဘုရားစွမ်းအား အနှစ်သာရကို ရမယ်ဆိုရင် 'ဖရိုဖရဲ ကောင်းကင်အနှစ်သာရ အမြုတေ'တစ်ခုကို သန့်စင်နိုင်လိမ့်မယ်။ အဲဒါကို မြိုချလိုက်ရင် ငါ့ရဲ့ နတ်ဘုရားစွမ်းအား တွေကို လူသားဝိညာဉ်ခန္ဓာအဖြစ် ပြောင်းလဲနိုင်ပြီး ကိုယ်တိုင် ကျင့်ကြံလာနိုင်လိမ့်မယ်။ တခြားလူတွေရဲ့ ယုံကြည်ကိုးကွယ်မှုအပေါ် မှီခိုနေဖို့ မလိုတော့ဘူး။" ကျီရှန်းထျန်းက ပြောသည်။ "မူလဝိညာဉ်နတ်ဘုရားရဲ့ စွမ်းအားဟာ ကြီးမားပေမဲ့၊ သူ့ရဲ့ အစစ်မှန် အနှစ်သာရကတော့ 'ဖရိုဖရဲကောင်းကင်အနှစ်သာရ အမြုတေ'ကိုးခုပဲ။ အဲဒါတွေမှာ အတိုင်းအဆမဲ့ စွမ်းအားတွေ ရှိတယ်။ မုန့်ရှန်းကျီလည်း အဲဒီအမြုတေကိုးခုကို လိုချင်နေ တာ။ အဲဒီအမြုတေတွေရဲ့ စွမ်းအားက နင့်ရဲ့ 'ရောင်ခြည်အလင်းကိုးကွင်း မဟာ လေဟာနယ်လက်ဝါး' ထက်တောင် ပိုပြီး အစွမ်းထက်သေးတယ်။”
"မိတ်ဖက်တစ်ယောက်အနေနဲ့ နင့်ကို ငါ ဆုလာဘ်တစ်ခု ပေးမယ်။ အဲဒါက 'အမှောင် စက်ဝန်းခန္ဓာဖုံးကွယ်ခြင်း အစီအရင်'ရဲ့ ကျမ်းစာနဲ့ မန္တန်ဂါထာတွေပဲ" ပြောရင်းနှင့် ကျီရှန်းထျန်းက သူမ၏ အဝတ်အစားများထဲတွင် အတော်ကြာအောင် နှိုက်ရှာပြီးနောက် နောက်ဆုံးတွင် အနက်ရောင် သလင်းကျောက် လက်စွပ်လေးတစ်ကွင်းကို ထုတ်လိုက် သည်။ သူမက လက်စွပ်ကို ပွတ်လိုက်ရာ ချက်ချင်းပင် အက်ကြောင်းတစ်ခု ပေါ်လာပြီး ပြင်းထန်သော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။ ဟုန်ယွိပင်လျှင် သူ၏ ခန္ဓာကိုယ်မှာ လွင့်မြောသွားသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ စိတ်ဝိညာဉ်ပေါ်တွင် ပြင်းထန်သော ဖိအား တစ်ခုကို ခံစားလိုက်ရသည်။
ချန်ယင်းရှာသည် ၁၀ မီတာခန့် နောက်သို့ ဆုတ်သွားပြီးမှ ရပ်တန့်နိုင်တော့သည်။ သူမ၏ မျက်လုံးများမှာ လက်စွပ်ထဲမှ ထွက်ပေါ်လာသော အရာဆီသို့ စိုက်ကြည့်နေမိသည်။
လက်စွပ်ထဲမှ ထွက်ပေါ်လာသော အရာမှာ ဧကတစ်ဝက်ခန့် ကျယ်ဝန်းသော အမှောင်ထု စက်ဝန်းကြီး တစ်လုံးဖြစ်သည်။ ၎င်းသည် လေထဲသို့ ပျံတက်သွားပြီး လရောင်နှင့် ကြယ်ရောင်များကို လုံးဝ ဖုံးလွှမ်းသွားတော့သည်။
ဤဧကတစ်ဝက်ခန့်ရှိသော အနက်ရောင်စက်ဝန်းလုံးကြီးမှာ စိတ်ဝိညာဉ်အတွေး တစ်ခုပင် ဖြစ်သည်။
၎င်းထံမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများမှာ ဟုန်ယွိ၏ စွမ်းအား ဆယ်ပုံတစ်ပုံနှင့် ညီမျှနေသည်။ အတွေးစ တစ်ခုတည်းကပင် ဟုန်ယွိ၏ စွမ်းအား ဆယ်ပုံတစ်ပုံနှင့် ညီမျှနေ သည်ဆိုလျှင်, ၎င်းသည် မည်မျှအစွမ်းထက်မည်နည်း။
"ဒါက အမှောင်ဧကရာဇ်တာအိုသခင်ရဲ့ အဓိက စိတ်ဝိညာဉ် အတွေးစတွေထဲက တစ်ခုပဲ။ ဒါက မိုးကြိုးကပ်ဘေး အဆင့်ရှစ်ကို ကျော်ဖြတ်ထားတဲ့ အတွေးစတစ်ခု။" ကျီရှန်းထျန်းက ခေါင်းယမ်းရင်း ပြောလိုက်သည်။ "ဒီအတွေးစထဲမှာ 'ဆန်းကြယ်ကောင်းကင် အမှောင် မှတ်တမ်း' ကလာတဲ့ 'အမှောင်စက်ဝန်း ခန္ဓာဖုံးကွယ်ခြင်းအစီအရင်'ကျမ်း ဆင့်ကဲ ဖြစ်ပေါ် မှုတွေနဲ့ 'ရှေးဟောင်းလမ်းစဉ် ရွှမ်တျန်းတာအိုသခင် (ဆန်းကြယ်ကောင်းကင် တာအို သခင်)ရဲ့ ပုံရိပ်လည်း ပါတယ်။ ဒီအတွေးစကို ကြည့်တာက 'ဆန်းကြယ်ကောင်းကင် အမှောင်မှတ်တမ်း'ကို ဖတ်နေရတာနဲ့ အတူတူပဲ။" ကျီရှန်းထျန်း ပြောနေစဉ်မှာပင် ထိုအတွေးစထဲမှ နက်နဲသော ကျမ်းစာများစွာ ပေါ်ထွက်လာသည်။ ကျမ်းစာများ၏ အလယ်ဗဟိုတွင် ရွှမ်တျန်းတာအိုသခင်၏ပုံရိပ် ရှိနေသည်။
ရွှမ်တျန်းတာအိုသခင်... အမှောင်ထု၏ ကိုယ်ပွားပင်။
ဟုန်ယွိက ၎င်းကို မကြည့်ဘဲ ပြောလိုက်သည်။ "ဒီဆုလာဘ်က နည်းနည်း များမနေဘူး လား။"
"မများပါဘူး။ ငါလည်း နင် 'အမှောင်အကာအကွယ်' နဲ့ 'အလင်းအကာအကွယ်' ကို ပေါင်းစပ်လိုက်ရင် ဘာဖြစ်မလဲဆိုတာ ကြည့်ချင်သေးတယ်။ သမိုင်းတစ်လျှောက်မှာ လမ်းစဉ်နှစ်ခုကို တစ်ပြိုင်တည်း ကျင့်ကြံတဲ့သူ မရှိခဲ့ဖူးဘူး။ ပြီးတော့ 'မျောက်ဝံဖြူဘုရင်' က နင့်ကို 'နွားသိုးနတ်ဆိုး ခွန်အားလက်သီးပညာရပ်’ကို သင်ပေးဖူးတယ်လို့ ငါကြား တယ်။ အခု နင်က သူ့ကို 'အစစ်မှန် ခုနှစ်စဉ်ကြယ်ဂိုဏ်း'ရဲ့ ဂိုဏ်းချုပ်ဖြစ်အောင် ပြန်ကူညီ ပေးထားတယ်ဆိုတော့၊ နင့်အပေါ်မှာ ရင်းအနှီးမြှုပ်နှံထားတာက ငါ့အတွက် ကြီးမားတဲ့ အကျိုးအမြတ်တွေ ရနိုင်မယ်လို့ ငါထင်တယ်။ ဒါဟာ စီးပွားရေးလုပ်တာပဲလေ။ ငါ နင့်ဆီမှာ အရင်းအနှီး အရင်ချထားရမယ်။" ကျီရှန်းထျန်းက လက်ကလေးတွေကို ပွတ်ရင်း ချစ်စဖွယ် ပြုံးပြလိုက်တော့သည်။