အခန်း (၃၉၉-၄၀၀)
Vol. 37 Ch. 399-400
အခန်း (၃၉၉)။
"ကျီရှန်းထျန်း... နင်က 'ကျေးဇူးတရား'နဲ့ 'အကျိုးအမြတ်’ကြားက ခြားနားချက်ကို သေချာ နားမလည်သေးဘူးပဲ။ ‘ကျေးဇူးတရား’ဆိုတာက တကယ့်ကို လိုအပ်နေတဲ့အချိန်မှာ အတ္တ ကင်းပြီး ဘာအကျိုးကျေးဇူးမှ ပြန်မမျှော်လင့်ဘဲ ကူညီတာကို ခေါ်တယ်။ အကျိုးအမြတ်ဆို တာကတော့ ကိတ်မုန့်ပေါ်မှာ တန်ဆာဆင်သလိုပဲ၊ အတ္တပါပြီး အကျိုးအမြတ် ပြန်ရဖို့ကိုပဲ မျှော်လင့်တာကိုခေါ်တယ်။” ဟုန်ယွိက ကျီရှန်းထျန်း၏ ရိုးအံ့အံ့ မျက်လုံးများကို ကြည့်ကာ ခေါင်းယမ်းရင်း တည်ကြည်သောလေသံဖြင့် ပြောလိုက်သည်။ "အဲဒီတုန်းက မျောက်ဝံဖြူ ဘုရင်ဟာ ငါအသည်းအသန် လိုအပ်နေချိန်မှာ ဘာအကျိုးကိုမှ ပြန်မလိုချင်ဘဲ ကူညီပေးခဲ့ တာ။ သူက သူ့ရဲ့စိတ်အလိုအတိုင်း လုံးဝကို ကိုယ်ကျိုးမဖက်ဘဲ လုပ်ဆောင်ခဲ့တာပဲ။ ဒါကြောင့် ရေတစ်စက်စာကျေးဇူးကို တုံ့ပြန်ဖို့ ငါ့မှာ တာဝန်ရှိတယ်။ ဒါပေမဲ့ အခု နင် လုပ်နေတာက ကိတ်မုန့်ပေါ် တန်ဆာဆင်နေတာ။ ရှိပြီးသားကို ထပ်ဆင့်ဖြည့်ပေးရုံပဲ၊ ပြီးတော့ နင်က အတ္တပါပြီး အကျိုးအမြတ်ကိုလည်း ပြန်လိုချင်နေတယ်။ ဒါကြောင့် ဒါကို ကျေးဇူးတရားလို့ ခေါ်လို့မရဘူး၊ 'အပေးအယူ' လို့ပဲ ခေါ်လို့ရမယ်။"
"အို…၊ အဲဒီလောက်တောင် ကွာခြားတာလား။" ကျီရှန်းထျန်းက မျက်တောင် တဖျတ်ဖျတ် ခတ်ရင်း စဉ်းစားခန်းဝင်သွားသည်။
"ဒါပေါ့... အများကြီးကွာတာပေါ့၊ ဒါက လူတစ်ယောက်ရဲ့ နှလုံးသားနဲ့ ဆိုင်တယ်။ နောက်ပြီးတော့ 'အမှောင်စက်ဝန်းအကာအကွယ်' နဲ့ 'အလင်းစက်ဝန်းအကာအကွယ်' ကို ပေါင်းစပ်ဖို့ဆိုတာ ရှေးခေတ်ကတည်းက ဘယ်သူမှ မလုပ်နိုင်ခဲ့ဘူး။ အခုလေးတင် နည်းနည်းလေး ထိတွေ့မိတာတောင် ဒီလောက်ပြင်းထန်တဲ့ ပေါက်ကွဲမှုကြီး ဖြစ်ပေါ်ခဲ့တာ။ ငါ အကျိုးကျေးဇူးတချို့ ရခဲ့တယ်ဆိုပေမဲ့ တကယ်တမ်း ကျင့်ကြံမယ်ဆိုရင် ငါ့စိတ်ဝိညာဉ် မှာ ဆန်းကြယ်ကောင်းကင်ဘုံလမ်းစဉ် (တာအို)နဲ့ ဗုဒ္ဓလမ်းစဉ်(တာအို) နှစ်ခုလုံး ရှိနေရ မယ်။ အလင်းနဲ့ အမှောင်က အပေးအယူမမျှဘဲ ပေါင်းစပ်လို့မရရင် ငါ့စိတ်ဝိညာဉ်ဟာ နှစ်ခြမ်းကွဲသွားနိုင်ပြီး လူလည်းမဟုတ် တစ္ဆေသရဲလည်း မဟုတ်တဲ့ အခြေအနေမျိုး ရောက်သွားနိုင်တယ်။ ငါ့စိတ်ဝိညာဉ် ပေါက်ကွဲပြီး နေရာမှာတင် သေသွားနိုင်တယ်။"
ဟုန်ယွိက ကျီရှန်းထျန်းကို ဆက်ပြောသည်။ "နင် သေချာစဉ်းစားပါ။ ငါတို့က အပေးအယူ လုပ်နေတာပဲ။ နင်က အရင်းအနှီးနည်းနည်းနဲ့ အမြတ်အစွန်းအများကြီး ရချင်လို့တော့ မရဘူးနော်၊ ငါကလည်း အဲဒီအတွက် ကျေးဇူးတင်နေမှာ မဟုတ်ဘူး။"
"အရင်းနည်းနည်းနဲ့ အမြတ်အများကြီး မရနိုင်ဘူးလား။" ထိုစကားကို ကြားသောအခါ ကျီရှန်းထျန်းက အလျင်အမြန် လက်ကာပြလိုက်ပြီး သူမ၏ လက်စွပ်လေးကို လှည့်လိုက် သည်။ ကောင်းကင်ယံရှိ ဧကဝက်ခန့်ရှိသည့် မိုးကြိုးကပ်ဘေး အဆင့်ရှစ် အတွေးစကြီးမှာ ရပ်တန့်သွားပြီး ၎င်းပေါ်ရှိ ကျမ်းစာများလည်း ချက်ချင်း ပျောက်ကွယ်သွားသည်။
"ဒါဆိုရင်တော့ ငါ သေချာပြန်စဉ်းစားရတော့မယ်။" ကျီရှန်းထျန်းက ပြောရင်းနှင့် သူမ၏ လက်ညှိုးလေးကို ပါးစပ်ထဲထည့်ကာ သကြားလုံးစုပ်နေသကဲ့သို့ လုပ်နေပြန်သည်။
"ဒါဆိုရင်လည်း သေချာ စဉ်းစားကြည့်ဦးပေါ့။" ဟုန်ယွိက တင်ပျဉ်ခွေထိုင်လိုက်ရင်း၊ နတ်ဘုရား စိတ်ဝိညာဉ် အတွေးစပေါ်မှ ပေါ်လာသော ကျမ်းစာများကို လှည့်မကြည့်ဘဲ ပြောလိုက်သည်။
ဤလုပ်ရပ်က ကျေးဇူးတရားလော၊ အကျိုးအမြတ်လောဆိုသည်ကို ကျီရှန်းထျန်းအား သူက အသေအချာ ရှင်းလင်းပြခဲ့ခြင်း ဖြစ်သည်။
"ဟူး... သွားပါပြီ။ ဒါဆိုရင်တော့ ငါ ရှုံးတာပေါ့။ နင် ငါ့ကို 'ဖရိုဖရဲ ကောင်းကင်အနှစ်သာရ အမြုတေ’ရအောင် ကူညီပေးပါ၊ ဒီတစ်ကြိမ်တော့ ဒီအပေးအယူပဲ လုပ်ကြရအောင်။ အဲဒီ အမြုတေက ငါ့အတွက် အရမ်းတန်ဖိုးရှိပြီး အရေးကြီးလွန်းလို့ပါ။ ဖျက်ဆီးခြင်း နတ်ဘုရား၊ အမှောင်နတ်ဘုရားကြီးနဲ့ 'ယို့လဲ့ထျန်း' (ပျော်ရွှင်ခြင်းနတ်သမီး)တို့အားလုံးကလည်း အဲဒါကို လိုချင်နေကြတာ။ အကူအညီမပါရင် ငါ တစ်ယောက်တည်း လုယူလို့မရဘူး။" ဝမ်းမြောက်ခြင်းနတ်သမီးဟု ပြန်ဆိုခဲ့သည်။
ကျီရှန်းထျန်းက မျက်မှောင်ကြုတ်ကာ ပြောသည်။ "တကယ်တော့ ငါ နင့်ဆီကနေ တခြား အကျိုးအမြတ်တွေလည်း လိုချင်သေးတယ်၊ ဥပမာ- နင့်ရဲ့ 'ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်' ကို ခဏတဖြုတ် ငှားတာမျိုးပေါ့။ ဒါပေမဲ့ ငါ မှားသွားပုံရတယ်။"
သူမ မျက်မှောင်ကြုတ်နေချိန်တွင် သူမ၏ မျက်လုံးကြီးကြီး၊ နှာခေါင်းလုံးလုံးနှင့် ပါးစပ် သေးသေးလေးတို့မှာ တစ်စုတစ်ဝေးတည်း ဖြစ်နေပြီး အလွန်တရာပင် နောင်တရနေသည့် အသွင် ရှိနေသည်။
"ဒီချပ်ဝတ်က ငါ့ရဲ့ အသက်ဝိညာဉ် နတ်ဘုရားပစ္စည်းပဲ။ ငါ အများကြီး ကြိုးစားအားထုတ် ပြီးမှ သန့်စင်ရယူထားတာကို ဘယ်လိုလုပ် အလွယ်တကူ ပေးနိုင်မှာလဲ။" ဟုန်ယွိက ပြုံးကာ ပြောလိုက်သည်။
"ရှုံးပြီ... ရှုံးပြီပေါ့..." ကျီရှန်းထျန်းက ညည်းတွားရင်း သူမ၏ အင်္ကျီစလေးကို လက်ဖြင့် ပွတ်သပ်နေမိသည်။ သူမ၏ ဦးခေါင်းထက်မှ အလင်းကွင်းမှာလည်း စိတ်လှုပ်ရှားမှုကြောင့် ကြီးလိုက် သေးလိုက် ဖြစ်နေသည်။ "ဒါပေမဲ့ ထားလိုက်ပါတော့။ ဖရိုဖရဲအနှစ်သာရ ကောင်းကင်အမြုတေကို ရဖို့က တခြားအရာတွေထက် ပိုအရေးကြီးပါတယ်။"
ပြောပြောဆိုဆိုနှင့်ပင် သူမသည် လက်ကို ဝှေ့ယမ်းလိုက်ရာ ဧကတစ်ဝက်ခန့်ရှိသော အတွေးစ ဂြိုဟ်စက်လုံးကြီးမှာ ပြန်လည်လည်ပတ်လာသည်။ အစောက ပျောက်ကွယ် သွားသော ကျမ်းစာများ၊ ပုံရိပ်များနှင့် အတွေးစများမှာ ပြန်လည် အစဉ်တကျ ဖြစ်လာပြီး ယဇ်ပလ္လင်ကို နှိပ်ကွပ်ထားသော ရွှမ်တျန်းတာအိုသခင်၏ ပုံရိပ်မှာ ထပ်မံပေါ်ပေါက်လာ သည်။
"ငါတို့ရဲ့ အပေးအယူကတော့... နင်က ငါ့ကို 'အမှောင်စက်ဝန်းခန္ဓာဖုံးကွယ်ခြင်းအစီအရင်' ရဲ့ ကျင့်စဉ်ကို ကြည့်ခွင့်ပေးမယ်၊ ငါက နင့်ကို 'ဖရိုဖရဲကောင်းကင်အနှစ်သာရအမြုတေ' ရအောင် ကူညီပေးမယ်။ ဒီကိစ္စအပြင် ငါတို့ကြားမှာ ဘာကံကြမ္မာအကြွေး ဘာရန်ငြိုးမှ မရှိဘူး၊ ခင်မင်မှုသက်သက်ပဲ ရှိမယ်။" ဟုန်ယွိက ကျီရှန်းထျန်းကို ကြည့်ကာ ပြောသည်။
ကျီရှန်းထျန်းက လက်ကို ဝှေ့ယမ်းပြပြီး ခေါင်းညိတ်ပြလိုက်သည်။
ကျီရှန်းထျန်း၏ အတည်ပြုချက်ကို ရရှိပြီးနောက် ဟုန်ယွိသည် ကောင်းကင်ယံရှိ ကြီးမား သော အတွေးစဂြိုဟ်စက်ဝန်းကြီးကို စိုက်ကြည့်လိုက်သည်။
"ဒါဟာ 'အမှောင်ဧကရာဇ် တာအိုသခင်'ရဲ့ နတ်ဘုရား စိတ်ဝိညာဉ် အတွေးစပေါ့လေ။ ဆန်းကြယ်ကောင်းကင်ဘုံခန်းမကို လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင်က စတင်တည်ထောင်ခဲ့ တဲ့ ပထမဆုံး ခန်းမသခင်။ ရှေးခေတ် ရွှမ်တျန်းတာအို'ကို ဆက်ခံသူ၊ 'စစ်နတ်ဘုရားရှန့်' တောင်မှ အနိုင်မတိုက်နိုင်ခဲ့တဲ့လူ။"
ထိုကြီးမားလှသော စိတ်ဝိညာဉ် အတွေးစကြီးကို ကြည့်ရင်း ဟုန်ယွိ၏ မျက်လုံးများမှာ တဖျတ်ဖျတ် လှုပ်ရှားလာသည်။
စိတ်ဝိညာဉ် အတွေးပေါ်မှ ကျမ်းစာများမှာ သူ၏ ဘယ်ဘက်မျက်လုံးထဲသို့ ပြင်းထန်စွာ စီးဆင်းနေသည်။ ထို့နောက် ဘယ်ဘက်မျက်လုံး၏ ဗဟိုတွင် ကောင်းကင်နှင့်မြေကြီး စတင်ချိန်က အမှောင်ထုကို ကိုယ်စားပြုသော အနက်ရောင်လမ်းစဉ် ရွှမ်တျန်းတာအို သခင်'၏ ပုံရိပ်မှာ ကျမ်းစာများကြား၌ တဖြည်းဖြည်း ပေါ်ထွက်လာသည်။
သူ၏ ညာဘက်မျက်လုံးတွင်မူ 'အတိတ်ကျမ်း' ကျမ်းစာများမှာ အဆက်မပြတ် စီးဆင်းနေ ပြီး အဆုံးမဲ့ အလင်းတန်းများ စုစည်းနေသည်။
ညာဘက်မျက်လုံး၏ အနက်ရှိုင်းဆုံးနေရာတွင် 'အတိတ်ဗုဒ္ဓ' ၏ ပုံရိပ်မှာ ထင်ရှားစွာ ပေါ်ပေါက်လာသည်။ အတိုင်းအဆမဲ့ အလင်း၊ အတိုင်းအဆမဲ့ သက်တမ်း။ ကောင်းကင်နှင့် မြေကြီး စတင်ချိန်က အမှောင်ထုကို စတင်ခွဲထွက်ခဲ့သော ပထမဆုံး အလင်းတန်းမှာ သူ၏ ညာဘက်မျက်လုံးမှ ထွက်ပေါ်လာသည်။
ဘယ်ဘက်မျက်လုံးတွင် အမှောင်ထုကို ကိုယ်စားပြုသော ရွှမ်တျန်းတာအိုသခင်၊ ညာဘက် မျက်လုံးတွင် အလင်းကို ကိုယ်စားပြုသော အတိုင်းအဆမဲ့ အလင်းရှင် အမိတ္တဘဗုဒ္ဓ။
"အို…၊ ဘာဖြစ်တာလဲ… ဒါက ဘာလို့ ဒီလိုဖြစ်ရတာလဲ။" ကျီရှန်းထျန်းသည် ဟုန်ယွိ၏ အမူအရာကို ကြည့်ကာ ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။ ထို့နောက် သူမ လက်ကို ဝှေ့ယမ်းလိုက်သော်လည်း ဟုန်ယွိ၏ ဘယ်ဘက်မျက်လုံးထဲတွင် မည်သည့်ပုံရိပ်မှ ထွက်ပေါ်မလာပေ။
တစ်ချိန်တည်းမှာပင် ကျီရှန်းထျန်းသည် ဟုန်ယွိ၏ ဘယ်ဘက်နှင့် ညာဘက်မျက်လုံးများ ထဲတွင် အလင်းနှင့် အမှောင် ရောယှက်နေသည်ကို မြင်လိုက်ရသည်။ "ဘယ်သူမှ 'အမှောင် စက်ဝန်းအကာအကွယ်' နဲ့ 'အလင်းစက်ဝန်းအကာအကွယ်'ကို တစ်ပြိုင်တည်း မကျင့်ကြံ ဖူးဘူး။ ဟုန်ယွိက ကျမ်းစာကို နားလည်အောင် လုပ်နေတာဆိုပေမဲ့ သူက ဘယ်သူ့ကိုမဆို အချိန်မရွေး သတ်ပစ်နိုင်တဲ့ စွမ်းအားရှိတယ်။ အနားကပ်မလာနဲ့၊ မဟုတ်ရင် ငါ တိုက်ခိုက် လိမ့်မယ်"ချန်ယင်းရှာက အေးစက်စွာ ပြောရင်း တင်ပျဉ်ခွေထိုင်ကာ သတိပေးလိုက်သည်။
"ဟွန့်… နင်က ငါ့ကို အမှောင်နတ်ဘုရားကြီးလိုများ ထင်နေလား။ သူကမှ ခိုးကြောင်း ခိုးဝှက်တိုက်တာကို ဝါသနာပါတာ။ ငါက ကျီရှန်းထျန်း။ ပျော်ရွှင်ခြင်းတွေ ကျန်းမာခြင်း တွေကိုပေးတဲ့ နတ်ဘုရားမ။" ကျီရှန်းထျန်းက ချန်ယင်းရှာကို ကြည့်ကာ နှာခေါင်းရှုံ့ပြီး မျက်နှာလွှဲလိုက်သည်။
"အို…၊ နေရာကောင်းလေးတစ်ခုပါလား။"
ဟုန်ယွိ၏ ဘယ်ဘက်မျက်လုံးထဲတွင် အမှောင်လမ်းစဉ်အရှင် ရွှမ်တျန်းတာအိုသခင်ပုံရိပ် နှင့် အမှောင်အစီအရင်တို့မှာ ပြန်လည် အစဉ်တကျဖြစ်လာပြီး နက်နဲမှုကို လေ့လာနေစဉ် မှာပင်...
ရုတ်တရက် ကောင်းကင်ယံရှိ အတွေးစဂြိုဟ်စက်ဝန်းကြီးမှာ စတင်ပြောင်းလဲလာတော့ သည်။
အမှောင်ဧကရာဇ်၏ စိတ်ဝိညာဉ် အတွေးစကြီးသည် ဟုန်ယွိက သူ့ကို စိတ်ကူး ပုံဖော်နေ သည်ကို အာရုံခံမိသွားပုံရပြီး၊ ထူထပ်သော အမည်းရောင် စွမ်းအင်များအဖြစ် ချက်ချင်း ပြောင်းလဲသွားကာ အသံနက်ကြီးကို ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် ထိုအမည်း ရောင် စွမ်းအင်များသည် မရေတွက်နိုင်သော ကျမ်းစာများအဖြစ် ပြောင်းလဲသွားပြီး ဟုန်ယွိ၏ မျက်လုံးများထဲသို့ အတင်းအဓမ္မ တိုးဝင်ရန် ကြိုးစားတော့သည်။
"မကောင်းတော့ဘူး။ အမှောင်ဧကရာဇ်။ ရှင် နိုးလာတာလား။ ရှင် အိပ်ပျော်နေတာ နှစ်ပေါင်း ၃၀၀၀ လောက် ရှိပြီလေ၊ ရှင့်သိစိတ်တွေ ပျောက်ကွယ်သွားပြီလို့ ကျွန်မ ထင်ထားတာ။ ရှင် ဘာလို့ ရှိနေသေးတာလဲ။ ရှင်က ကျွန်မကို လှည့်စားထားတာလား။ မဟုတ်ဘူး... ကျွန်မ ဒီမှာ စီးပွားရေးလုပ်နေတာ။ ရှင် လာမဖျက်နဲ့။ အားးးးး။"
ဤမြင်ကွင်းကို မြင်သောအခါ ကျီရှန်းထျန်းသည် အမြီးနင်းခံလိုက်ရသော ကြောင် တစ်ကောင်လို အော်ဟစ်လိုက်သည်။ သူမ လက်နှစ်ဖက်ကို ပူးကပ်လိုက်ပြီး "ကျီရှန်းရူယိ" (မင်္ဂလာရှိ၍ စိတ်တိုင်းကျခြင်း) ဟု မန္တန်ရွတ်လိုက်သည်။
ကျီရှန်းထျန်း၏ ပါးစပ်မှ မန္တန်ထွက်ပေါ်လာချိန်တွင် သူမ၏ ဦးခေါင်းထက်မှ အလင်းကွင်း မှာ လွင့်ပျံသွားပြီး ထိုအတွေးစကြီးကို သွားရောက်တားဆီးလိုက်သည်။ အတွေးစကြီးမှာ တစ်ခဏအတွင်း ကျမ်းစာများအဖြစ် ပြောင်းလဲသွားပြီး အလင်းကွင်းအတွင်း ပိတ်မိသွား သည်။
"ကျီရှန်းထျန်း... မင်းရဲ့ပညာအားလုံးကို ငါသင်ပေးထားတာ၊ နင့်ရဲ့ အသိစိတ်ကိုလည်း ငါပဲ စုစည်းပေးခဲ့တာ။ နင်က ငါ့ကို တားနိုင်မယ် ထင်နေလား။ ဒါက ကောင်းမွန်တဲ့ ခန္ဓာကိုယ် တစ်ခုပဲ။ ငါ့ရဲ့ 'ဆန်းကြယ်ကောင်းကင် ပြန်လည်မွေးဖွားခြင်း' ပညာကို လာမတားနဲ့။" အသံနက်ကြီးက ကောင်းကင်နှင့် မြေကြီးကြား ဟိန်းထွက်လာသည်။
"ဆန်းကြယ်ကောင်းကင် ပြန်လည်မွေးဖွားခြင်း... မသေနိုင် မပျက်စီးနိုင်ခြင်း... ပွင့်စေ။"
စိတ်ဝိညာဉ် အတွေးစကြီး၏ အနည်းငယ်သော လှုပ်ရှားမှုဖြင့် ကျမ်းစာများမှာ လှိုင်းများ အလား ထွက်ပေါ်လာပြီး ဝုန်းခနဲ မြည်သံနှင့်အတူ ကျီရှန်းထျန်း၏ အလင်းကွင်းမှာ ရိုက်ခွဲခြင်း ခံလိုက်ရသည်။
ထို့နောက် ကောင်းကင်ယံရှိ ကောင်းချီးမင်္ဂလာအလင်းကွင်း ပေါက်ကွဲသွားပြီးနောက် ထိုကျမ်းစာများမှာ ရွှေညိုရောင် သရဖူကို ဆောင်းထားပြီး ဝတ်စုံလက်မောင်းရှည်ကို ဝှေ့ယမ်းနေသည့် တာအိုသခင်တစ်ဦး၏ ပုံစံအဖြစ် ပြောင်းလဲသွားသည်။
ထိုတာအိုသခင် ပေါ်လာသည်နှင့် ဟင်းလင်းပြင်ကို ဖောက်ထွက်ကာ ဟုန်ယွိ၏ရှေ့ တစ်မီတာအကွာသို့ ရောက်ရှိလာပြီး ဟုန်ယွိ၏ ဦးခေါင်းကို လက်ဝါးဖြင့် ရိုက်ချရန် ပြင်လိုက်တော့သည်။
၎င်းမှာ ဆန်းကြယ်ကောင်းကင် ပြန်လည်မွေးဖွားခြင်းပင် ဖြစ်သည်။
အပြောင်းအလဲမှာ ရုတ်တရက်ဆန်လှသည်။
ကျီရှန်းထျန်း၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသော မိုးကြိုးကပ်ဘေး အဆင့်ရှစ် နတ်ဘုရား အသိစိတ်ကြီးမှာ ထိုသို့ ရုတ်တရက် အသက်ဝင်လာလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထား ခဲ့ပေ။
ဤမမျှော်လင့်သော အခြေအနေတွင် ချန်ယင်းရှာနှင့် ကျီရှန်းထျန်းတို့သည် တစ်ချိန်တည်း ဆိုသလိုပင် တိုက်ခိုက်လိုက်ကြသည်။ ချန်ယင်းရှာသည် 'နတ်ဘုရားကောင်းကင်ဘုံ မိုးကြိုး'ကို အသုံးပြုလိုက်ရာ၊ မိုးကြိုးနတ်ဘုရား၏ မျက်လုံးနှစ်လုံးမှာ မိုးကြိုးလုံးများ အဖြစ် ပြောင်းလဲသွားပြီး တစ်လုံးကို အမှောင်ဧကရာဇ်ထံသို့လည်းကောင်း၊ နောက်တစ်လုံးကို ကျီရှန်းထျန်းထံသို့လည်းကောင်း ပစ်လွှတ်လိုက်သည်။
ဖျောက်…။
ကျီရှန်းထျန်းမှာ မိုးကြိုးထိမှန်သွားပြီး သူမ၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် မဲမှောင်သွား တော့သည်။ သူမသည် နာကျင်စွာ အော်ဟစ်ရင်း ကီလိုမီတာ အတော်များများအထိ လွင့်ထွက်သွားပြီး သဲသောင်ခုံပေါ်သို့ ပြုတ်ကျသွားသည်။
တာအိုသခင် အမှောင်ဧကရာဇ်မှာမူ ထိုမိုးကြိုးလုံးကို မြင်သောအခါ သူ၏ ဝတ်စုံ လက်မောင်းကို အနည်းငယ် ဝှေ့ယမ်းလိုက်ရုံဖြင့် မိုးကြိုးလုံးမှာ လမ်းကြောင်းပြောင်းသွား ပြီး အဝေးက သဲပြင်ထဲသို့ ကျသွားကာ ပေ ၃၀၊ ၄၀ ခန့်ရှိသော ကျင်းကြီးတစ်ခု ဖြစ်သွားတော့သည်။
"ယင်းရှာ…။ မတိုက်ခိုက်နဲ့၊ ငါ့ဘာသာ ကိုင်တွယ်မယ်။"
ထိုအချိန်တွင် ဟုန်ယွိက ရုတ်တရက် စကားပြောလိုက်သည်။
သူ၏ ဘယ်ဘက်မျက်လုံးထဲမှ အကန့်သတ်မဲ့ အမှောင်ထုကြီးနှင့် ရွှန်ထျန်းတာအိုသခင်မှာ ချက်ချင်း ပျောက်ကွယ်သွားသည်။ တစ်ချိန်တည်းမှာပင် ညာဘက်မျက်လုံးထဲမှ ဗုဒ္ဓရုပ်ပွား လည်း ပျောက်ကွယ်သွားသည်။ အလင်းနှင့် အမှောင်တို့မှာ သူ၏ မျက်လုံးအနက်ရှိုင်းဆုံး နေရာတွင် ပုန်းကွယ်သွားကြပြီး သူ၏သိစိတ်မှာ လုံးဝ နိုးကြားလာသည်။ တစ်ချိန်တည်း မှာပင် သူ၏ စွမ်းအင်များကို မျက်ခုံးကြားရှိ ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ် ဆီသို့ ပို့လွှတ်လိုက်သည်။
"ကောင်းကင်အလင်း... မြေကမ္ဘာ သေဆုံးခြင်း... ငါ၏ သူရဲကောင်းဝိညာဉ်... ထာဝရ မသေဆုံးနိုင်ခြင်း... အမှောင်ဧကရာဇ် မသေမချင်း ငါ မရပ်နားဘူး။" ထိုအချိန်တွင် ဟုန်ယွိ၏ မျက်ခုံးနှစ်ခုကြား၌ ဖုံးကွယ်ထားသော ဒေါင်လိုက်မျက်လုံးမှာ ရုတ်တရက် ဖေါင်းထွက်လာသည်။
ထိုဒေါင်လိုက်မျက်လုံးမှ ပြင်းထန်ပြီး အေးစက်သော အရှိန်အဝါများ ထွက်ပေါ်လာသည်။
၎င်းမှာ အနက်ရှိုင်းဆုံး လေဟာနယ်မုန်တိုင်းအတွင်းမှ လာသည့်အလား၊ သို့မဟုတ် ကောင်းကင်ယံထက်က ကောင်းကင်ဘုံမှ လာသည့်အလား၊ သို့မဟုတ် ငရဲကြီးကိုးထပ်၏ ချော်ရည်များထဲမှာ လာသည့်အလားပင် ထင်ရသည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ယံရှိ ဧကဝက်ခန့်ရှိသော အမှောင်ဧကရာဇ်၏ အဆင့်ရှစ် မိုးကြိုးကပ်ဘေး နတ်ဘုရားအသိစိတ်မှာ ပြင်းထန်စွာ တုန်ခါလာသည်။ ၎င်းသည် နတ်ဘုရား ချပ်ဝတ်ထံမှ ထွက်ပေါ်လာသော ပြင်းထန်သော အငွေ့အသက်ကို အာရုံ ခံမိသွားပုံရသည်။
ဟုန်ယွိ၏ မျက်ခုံးကြားရှိ ဒေါင်လိုက်မျက်လုံးမှာ ကောင်းကင်အလင်းဉီးချို နတ်ဘုရား ချပ်ဝတ်မှ ဖန်တီးထားသော တတိယမျက်လုံးပင် ဖြစ်သည်။
ဤသည်မှာ လွန်ခဲ့သော နှစ်ပေါင်း သုံးထောင်က ကောင်းကင်နှင့် မြေကြီးကို တုန်ခါစေခဲ့ သော ရန်သူဟောင်းနှစ်ဦး၏ တိုက်ပွဲ တစ်ဖန် ပြန်လည် စတင်ခြင်းပင် ဖြစ်သည်။
ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်မှာ စစ်နတ်ဘုရားရှန့်၏ ချပ်ဝတ်ဖြစ်ပြီး၊ ကောင်းကင်ယံရှိ နတ်ဘုရားအသိစိတ်မှာ အမှောင်ဧကရာဇ်၏ အသိစိတ်ဖြစ်သည်။
ဟုန်ယွိသည် ကောင်းကင်အလင်းဉီးချို နတ်ဘုရားချပ်ဝတ်ကို အစွမ်းကုန် အသက်သွင်း လိုက်ရာ သူ၏ တစ်ကိုယ်လုံးတွင် အရိုးဆူးများ ပေါ်ထွက်လာသည်။ ရုတ်တရက် "သေမင်းအလင်း နတ်ဘုရားလှံ"မှာ ဟုန်ယွိ၏ လက်ထဲတွင် ပေါ်လာပြီး ရှေ့သို့ ထိုးစိုက် လိုက်သည်။ ၎င်းမှာ တာအိုသခင် အမှောင်ဧကရာဇ်၏ လက်ဝါးနှင့် တည့်တည့် တိုးမိသွား တော့သည်။
"အို…၊ ရှန့်…။ မင်းရဲ့ သူရဲကောင်းဝိညာဉ်က အခုထိ မပျောက်ပျက်သေးဘူးလား။"
တာအိုသခင်အမှောင်ဧကရာဇ်သည် လှံချက်ကို မြင်သောအခါ လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်ကာ ထောက်လိုက်သည်။
"အမှောင်ဧကရာဇ် လက်ညှိုး။"
ဒုန်းးး ..။
လှံနှင့် လက်ညှိုး ထိတွေ့မိသောအခါ ပြင်းထန်သော စွမ်းအားများ ထွက်ပေါ်လာပြီး မြေပြင် ပေါ်ရှိ သဲများနှင့် မူလသွေးဝိညာဉ်ကော်ဇောပျံပင်လျှင် လွင့်စင်သွားသည်။ အိုအေစစ်ရှိ ရေကန်ပေါ်တွင် မမြင်နိုင်သော လေလှိုင်းများ ဖြတ်သန်းသွားပြီး လူအမြင့်ရှိသော ရေလှိုင်း ကြီးများမှာ ကမ်းခြေရှိ သဲသောင်ပြင်ပေါ်သို့ မြင့်တက်လာတော့သည်။
ဖျစ်…။
ဤလှံချက်ဖြင့် ထိမှန်ပြီးနောက် အမှောင်ဧကရာဇ်၏ ပုံရိပ်မှာ ချက်ချင်းပင် ပြိုကွဲသွားပြီး အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားသော အနက်ရောင် ကျမ်းစာပေါင်းများစွာအဖြစ် ပြောင်းလဲသွားသည်။
"ချီဝိညာဉ်ဝဲဂယက်။"
ဟုန်ယွိက ဟိန်းဟောက်လိုက်ရာ ကြီးမားသော ဝဲဂယက်ကြီးတစ်ခု အိုအေစစ်အိုင်ထဲသို့ ဆင်းသက်လာပြီး လွင့်စင်နေသော ကျမ်းစာများကို စုပ်ယူရန် ကြိုးစားသည်။ သို့သော် ကျမ်းစာများ၏ စွမ်းအားမှာ ကြီးမားလှသဖြင့် ဝဲဂယက်ကြီးမှာပင် အနိုင်နိုင် စုပ်ယူနေရ သည်။
"မဟာလေဟာနယ်လက်ဝါး။"
ဤအခြေနေဖြင့် ရင်ဆိုင်နေရချိန်တွင် ဟုန်ယွိသည် သူ၏ မဟာလေဟာနယ်လက်ဝါးကို အစွမ်းကုန် အသုံးချလိုက်ရာ ရောင်စုံအလင်းတန်းကိုးခု ထွက်ပေါ်လာသည်။ သက္ကတ ကျမ်းစာများ၏ ရွှေရောင်အလင်းက ဟင်းလင်းပြင်ကို တန့်သွားစေပြီး အနက်ရောင် ကျမ်းစာများကို ချက်ချင်းပင် အေးခဲသွားစေသည်။ ထို့နောက် သူသည် ထိုကျမ်းစာများကို လက်ဖြင့် ဖမ်းယူလိုက်ရာ လေထဲတွင် ဧကတစ်ဝက်ခန့်ရှိသော နတ်ဘုရားအသိစိတ်၊ အဖြစ် ပြန်လည်စုစည်းသွားတော့သည်။
ယခုအခါ နတ်ဘုရား စိတ်ဝိညာဉ် အတွေးစကြီးမှာ လုံးဝ သန့်စင်သွားပြီး အနက်ရောင် အလင်းတန်းများမှာလည်း ထိန်းချုပ်ခြင်း ခံလိုက်ရကာ သလင်းကျောက် အနှစ်သာရတစ်ခု အဖြစ် ပေါ်ထွက်လာသည်။
တစ်ချိန်တည်းမှာပင် ထိုနတ်ဘုရားအသိစိတ်၊ အလွန်တောက်ပလာပြီး အတွင်းမှ မိုးကြိုး သံများ ဟိန်းထွက်လာသည်။ ထိုသလင်းကျောက် အတွေးစအတွင်း၌ မိုးကြိုးကမ္ဘာငယ် လေးတစ်ခု ရှိနေသည့်အလားပင်။
၎င်းမှာ သန့်စင်ပြီးသော မိုးကြိုးကပ်ဘေး အဆင့်ရှစ် နတ်ဘုရားအသိစိတ်ပင် ဖြစ်သည်။
ယခင်က အမှောင်ဧကရာဇ်တာအိုသခင်မှာမူ လုံးဝ ပျောက်ကွယ်သွားပြီး ထပ်မံပေါ်ပေါက် လာတော့မည် မဟုတ်ပေ။
"ကြယ်တာရာလျှပ်စီး နတ်ဘုရားသတ်ပိုက်ကွန်။" ချန်ယင်းရှာက လက်ချောင်းငါးချောင်း ကို လှုပ်ရှားလိုက်ရာ မိုးကြိုးပိုက်ကွန်ကြီး ထွက်ပေါ်လာပြီး လျှပ်စီးလုံးဖြင့် တိုက်ခိုက်ခံရ ခြင်းကြောင့် ကျိန်ဆဲနေသော ကျီရှန်းထျန်းကို သွားရောက် ဖုံးအုပ်လိုက်သည်။
"ယင်းရှာ၊ မလုပ်နဲ့၊ ဒါက ကျီရှန်းထျန်းနဲ့ မဆိုင်ဘူး။ အမှောင်ဧကရာဇ်ရဲ့ အကြွင်းအကျန် စိတ်ဝိညာဉ် အတွေးစမှာ ကျန်ရစ်နေတဲ့ နတ်ဘုရားအသိစိတ်က ဒုက္ခပေးနေတာပဲ။ ဒီစိတ်ဝိညာဉ် အတွေးစထဲမှာ နတ်ဘုရားအသိစိတ် အကြွင်းအကျန်တွေ ရှိနေတယ်ဆိုတာ ငါ ကြိုသိပြီးသား။ သူက ခန္ဓာကိုယ်တစ်ခုခုကို သိမ်းပိုက်ပြီး ပြန်လည်မွေးဖွားဖို့ ကြိုးစား ချင်နေတာ။ ငါ့ခန္ဓာကိုယ်က သိုင်းသူတော်စင်အဆင့် ခန္ဓာကိုယ်ဆိုတော့ သူက ငါ့ခန္ဓာကိုယ် ကို သိမ်းပိုက်ပြီးရင် ပြန်လည် မွေးဖွားမယ်၊ ပြီးရင် ငါ့စိတ်ဝိညာဉ် အနှစ်သာရနဲ့ သွေးတွေကို စုပ်ယူပြီး တခြား ခန္ဓာကိုယ်အများကြီး ဖန်တီးဖို့ ကြံစည်နေတာ။ ‘ဒိုင်ဇင်ဘုရားကျောင်း’ရဲ့ မှတ်တမ်းတွေထဲမှာ အဆန်းကြယ်ဆုံး၊ အမှောင်မိုက်ဆုံးနဲ့ အယုတ်မာဆုံးဖြစ်တဲ့ 'ဆန်းကြယ်ကောင်းကင် ပြန်လည်မွေးဖွားခြင်း' ကျင့်စဉ်အကြောင်း ဖော်ပြထားတာ ရှိတယ်။ အဲဒီကျင့်စဉ်က သိုင်းသူတော်စင်တွေရဲ့ ခန္ဓာကိုယ်ကို နတ်ဘုရားအသိစိတ်တစ်ခု အဖြစ် ပြောင်းလဲပစ်နိုင်တာ။ ဒါပေမဲ့ ဒီနေ့တော့ သူဟာ သံမှိုကိုမှ လာနင်းမိတာပဲ။"
ဟုန်ယွိသည် အမှောင်ဧကရာဇ်၏ မှတ်ဉာဏ်များ ပျောက်ကွယ်သွားပြီး သန့်စင်သွားသော မိုးကြိုးကပ်ဘေး အဆင့်ရှစ် နတ်ဘုရားအသိစိတ်ကို ကြည့်ကာ မချင့်မရဲ ပြောလိုက်မိ သည်။ "တကယ်လို့ ဒီအတွေးစထဲက အကြွင်းအကျန် နတ်ဘုရားအသိစိတ်ကသာ ပြဿနာမရှာခဲ့ဘူးဆိုရင် ဒါက ငါ့ရဲ့တွက်ချက်မှုပြင်ပကို ရောက်သွားပြီ။ ကံကောင်းလို့ နတ်ဘုရားအသိစိတ်တစ်ခုတည်း ဖြစ်နေတာ။ တကယ်လို့ နတ်ဘုရားအသိစိတ်ပေါင်း တစ်ရာလောက်ရှိနေရင် ဒါမှမဟုတ် အမှောင်ဧကရာဇ်ရဲ့ မှတ်ဉာဏ်အပြည့်အစုံသာ ပါလာခဲ့ရင် ဒီနေ့ ငါတကယ်ပဲ အသိမ်းပိုက်ခံလိုက်ရနိုင်တယ်။"
"ဒါပေမဲ့ အခုတော့ ဒီမိုးကြိုးကပ်ဘေး အဆင့်ရှစ် စိတ်ဝိညာဉ် နတ်ဘုရားအသိစိတ်က ငါ့ရဲ့ အဓိက စိတ်ဝိညာဉ် နတ်ဘုရားအသိစိတ်တစ်ခု ဖြစ်လာတော့မယ်။ 'အမှောင်စက်ဝန်း အကာအကွယ်'နဲ့ 'အလင်းစက်ဝန်းအကာအကွယ်' ကြားက ဆန့်ကျင်ဘက်ဖြစ်မူတွေကို ထိန်းချုပ်ပေးမယ့် 'ဝိညာဉ်ထိန်းပုလဲ' အဖြစ် အသုံးချရမယ်။"
ဟုန်ယွိ၏ စိတ်ဝိညာဉ်မှာ လှုပ်ရှားသွားပြီး သူ၏ အတွေးစများအားလုံး ထွက်ပေါ်လာကာ ထိုမိုးကြိုးကပ်ဘေး အဆင့်ရှစ် နတ်ဘုရားအသိစိတ်ကြီးကို ဝန်းရံလျက် လည်ပတ်နေကြ တော့သည်။
အခန်း (၄၀၀)။
ဧကတစ်ဝက်ခန့် ကျယ်ဝန်းသော အဆင့်ရှစ် မိုးကြိုးကပ်ဘေး နတ်ဘုရားအသိစိတ်ကြီး သည် လေထဲတွင် ဝဲပျံနေပြီး အားကောင်းသော မှော်စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေ သည်။ ထိုနတ်ဘုရားအသိစိတ်အတွင်း၌ မိုးကြိုးလျှပ်စီးများ ပြည့်နှက်နေပြီး သေးငယ် သော မိုးကြိုးကမ္ဘာ တစ်ခုအလားပင်။ ထိုနတ်ဘုရားအသိစိတ်အတွင်း၌ ကမ္ဘာငယ်လေး ပေါင်းများစွာ အဆက်မပြတ် ဖြစ်ပေါ်လိုက်၊ ပျက်စီးလိုက် ဖြစ်ပျက်နေသည်ကို ဝေဝါးစွာ မြင်တွေ့နိုင်လေသည်။
၎င်းမှာ ယုံနိုင်စရာမရှိအောင်ပင် စွမ်းအားကြီးမားလှသည်။
သာမန် တစ္ဆေအင်မော်တယ်များအနေဖြင့် ဤနတ်ဘုရားအသိစိတ်၊၏ ရှေ့မှောက်တွင် မည်သို့မျှ ခုခံနိုင်စွမ်း ရှိမည်မဟုတ်ပေ။ တစ်နည်းအားဖြင့်ဆိုသော် မိုးကြိုးကပ်ဘေးကို မဖြတ်ကျော် ဖူးသေးသော တစ္ဆေအင်မော်တယ်များကို ဤအတွေးစတစ်ခု တည်းဖြင့်ပင် ဖျက်ဆီးပစ်နိုင်ပေသည်။
ဤမိုးကြိုးကပ်ဘေး အဆင့်ရှစ်အတွေးမှာ အမှောင်ဧကရာဇ်တာအိုသခင်၏ စိတ်ဝိညာဉ် နတ်ဘုရားအသိစိတ် ဖြစ်သဖြင့် သာမန် မိုးကြိုးကပ်ဘေး အဆင့်ရှစ် စိတ်ဝိညာဉ် နတ်ဘုရားအသိစိတ်များထက် များစွာ ပိုမိုအားကောင်းသည်။ နတ်ဘုရားအသိစိတ် ဆိုသည်မှာ အဘယ်နည်း။ ၎င်းသည် ကျင့်ကြံသူတစ်ဦး၏ စိတ်ဝိညာဉ်ထဲ၌ အားအကောင်း ဆုံးသော စိတ်စွမ်းအား အနှစ်သာရပင် ဖြစ်သည်။
ဥပမာအားဖြင့် ဟုန်ယွိ၏ စိတ်ဝိညာဉ်ထဲတွင် အားအကောင်းဆုံးသော အတွေးစများမှာ အလင်းနှင့်အမှောင် နှစ်မျိုးလုံး၏ နှစ်ခြင်းခံသန့်စင်ခြင်းကို ခံယူထားသည့် အတွေးစပေါင်း ၂,၀၀၀ ပင် ဖြစ်သည်။
ထိုအတွေးစ ၂,၀၀၀ မှာ လေးကြိမ်မြောက် မိုးကြိုးကပ်ဘေးကိုသာ ဖြတ်ကျော်ထားသော် လည်း ငါးကြိမ်မြောက် မိုးကြိုးကပ်ဘေး၏ စွမ်းအားမျိုး ရှိနေသည်။ ၎င်းကို နတ်ဘုရား အသိစိတ်ဟု ခေါ်ဆိုခြင်းဖြစ်သည်။
ဟုန်ယွိ၏ ကျန်ရှိသော သာမန် တစ္ဆေအင်မော်တယ် စိတ်ဝိညာဉ်အတွေးစ ၆,၀၀၀ မှာမူ နတ်ဘုရားအသိစိတ်အဆင့်သို့ မရောက်သေးပေ။
အမှောင်ဧကရာဇ်တာအိုသခင်၏ နတ်ဘုရားအသိစိတ်မှာ အလွန်ပင် စွမ်းအားကြီးမားလှ သည်။
ဟုန်ယွိသည် ထိုနတ်ဘုရားအသိစိတ်ကို လေ့လာရင်း အမှောင်ဧကရာဇ်၏ စိတ်ဝိညာဉ်ထဲ ၌ ဤကဲ့သို့ နတ်ဘုရားအသိစိတ်မျိုး အများကြီး ရှိလိမ့်မည်မဟုတ်ဟု ခန့်မှန်းလိုက်သည်။ သို့မဟုတ်ပါက အဆင့်ရှစ် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ထားသော ပညာရှင်တစ်ဦးတွင် နတ်ဘုရားအသိစိတ်ပေါင်း သိန်းနှင့်ချီ ရှိနေမည်ဖြစ်ရာ၊ တစ်ခုချင်းစီကသာ ဤမျှ အစွမ်းထက်နေပါက အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှပေလိမ့်မည်။
ဤအချက်ကို ကြည့်ခြင်းအားဖြင့် 'မုန့်ရှန်းကျီ'သည် မည်မျှ စွမ်းအားကြီးမည်နည်း။ အဆင့်ကိုး မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ထားသူ သို့မဟုတ် 'ယန်နတ်ဘုရား' များမှာ မည်မျှအထိ အစွမ်းထက်မည်နည်းဟု သူ တွေးတောနေမိသည်။
"အတိတ်နှင့် အနာဂတ်ကာလ၊ အတိုင်းအဆမဲ့ သက်တမ်း၊ သုံးလောကရှိ ဗုဒ္ဓမြတ်စွာများ၊ အနန္တတန်ခိုးရှင် ရဟန္တာအရှင်မြတ်တို့၏ ဂုဏ်ကျေးဇူး... နတ်ဗြဟ္မာအပေါင်းတို့၏ ဘုံဗိမာန်၊ ဗောဓိနှလုံးသားသုံးပါးနှင့် အမြင့်မြတ်ဆုံးသော မှန်ကန်စွာ သိမြင်ခြင်းတရား (သမ္မာသမ္ဗောဓိဉာဏ်)..."
ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် ထွက်ပေါ်လာပြီး ထိုသန့်စင်သော ရှစ်ကြိမ်မြောက် နတ်ဘုရား အသိစိတ်ကို ဝန်းရံလိုက်သည်။
သူ၏စိတ်ဝိညာဉ်အတွင်းရှိ အတွေးစများ အားလုံးသည် ကျမ်းစာများကို ရွတ်ဖတ်နေကြ သည်။ တစ်ခါတစ်ရံတွင် 'အနာဂတ်ကျမ်းစာ' ဖြစ်ပြီး တစ်ခါတစ်ရံတွင်မူ သူ့နှလုံးသားဖြင့် လေ့လာသင်ယူထားသော စည်မျဉ်းဉပဒေသ နိယာမများ ဖြစ်သည်။ သူ၏ ဘဝ ဇာတ်ကြောင်းများနှင့် မှတ်ဉာဏ်များအားလုံးသည် သူ၏ နတ်ဘုရား စိတ်ဝိညာဉ်အတွင်း၌ ပြောင်းလဲနေကြသည်။
တစ်ချိန်တည်းမှာပင် ဟုန်ယွိ၏ ပုံရိပ်များစွာသည် ထိုမိုးကြိုးကပ်ဘေး အဆင့်ရှစ် နတ်ဘုရား အသိစိတ်ပေါ်တွင် မှန်တစ်ချပ်ကဲ့သို့ တဖြည်းဖြည်း ထင်ဟပ်လာသည်။
ဤစင်ကြယ်သော နတ်ဘုရားအသိစိတ်ကြီးမှာ ဟုန်ယွိ၏ ဘဝမှတ်တမ်းများကို ပြန်လည် ထင်ဟပ်ပေးနေသည့် မှန်တစ်ချပ်အလား ဖြစ်နေသည်။
ချန်ယင်းရှာသည် ဟုန်ယွိ၏ ကျင့်စဉ်ကို အသေအချာ စောင့်ကြည့်နေရင်း၊ အဝေးမှ ကျိန်ဆဲနေသော ကျီရှန်းထျန်းကိုလည်း မျက်ခြေမပြတ် ကြည့်နေသည်။
ဟုန်ယွိသည် သူ၏စိတ်ဝိညာဉ် အမှတ်အသားနှင့် မှတ်ဉာဏ်များကို ထိုအဆင့်ရှစ် မိုးကြိုး ကပ်ဘေး သိစိတ်ပေါ်အတွင် တာအိုပညာရပ်ကို အသုံးပြု၍ ပုံဖော်နေခြင်းဖြစ်ကြောင်း သူမ သိသည်။ ၎င်းပြီးဆုံးသွားပါက ဤနတ်ဘုရားအသိစိတ်မှာ ဟုန်ယွိ၏ ကိုယ်ပိုင် နတ်ဘုရား အသိစိတ် ဖြစ်လာတော့မည် ဖြစ်သည်။
တစ်ဦးတစ်ယောက်၏ စိတ်ဝိညာဉ်ထဲတွင် အဆင့်ရှစ် မိုးကြိုးကပ်ဘေး နတ်ဘုရား အသိစိတ်ရှိနေခြင်းမှာ မည်မျှ စွမ်းအားကြီးမည်နည်း။
ချန်ယင်းရှာအနေဖြင့်ပင် ခန့်မှန်းရန် ခက်ခဲလှသည်။ အဆင့်ရှစ် မိုးကြိုးကပ်ဘေးဆိုသည် မှာ ဤကမ္ဘာလောက၏ အမြင့်ဆုံး အကန့်အသတ်ပင် ဖြစ်သည်။ တိုင်ရှန်တာအိုဂိုဏ်း၏ ဂိုဏ်းချုပ် မုန့်ရှန်းကျီပင် ဤအဆင့်စွမ်းအားကိုသာ ပိုင်ဆိုင်ထားသည်။
အထူးသဖြင့် ဤနတ်ဘုရား အသိစိတ်မှာ ဆန်းကြယ်ကောင်းကင်ဘုံခန်းမ၏ ခန်းမ ဟောင်း အမှောင်ဧကရာဇ်တာအိုသခင်၏ နတ်ဘုရား အသိစိတ်ဖြစ်သဖြင့် ၎င်းအတွင်းရှိ ထူးခြားသော စွမ်းအားများကို ရရှိပါက အကျိုးကျေးဇူးမှာ အတိုင်းအဆ မရှိဟုပင် ပြောဆို နိုင်သည်။
သို့သော် နတ်ဘုရားစိတ်ဝိညာဉ် အသိစိတ်က အစွမ်းထက်လေ၊ သန့်စင်ရန် ပိုခက်ခဲလေ ဖြစ်သည်။
ယခု ဟုန်ယွိသည် သူ၏ မှတ်ဉာဏ်များကို ထိုနတ်ဘုရား အသိစိတ်ပေါ်တွင် ပုံဖော်နေခြင်း မှာ လူတစ်ယောက် မှန်ကြည့်နေသူနှင့် တူသည်။ လူက ထွက်ခွာသွားသော်လည်း မှန်ထဲ တွင် ပုံရိပ်ကျန်ရစ်နေစေရန် အလွန်တရာ အစွမ်းထက်သည့် ‘နံရံပေါ်တွင် ပုံရိပ်ရိုက်နှိပ် ခြင်း’ တာအိုပညာရပ် လိုအပ်သည်။
ဒဏ္ဍာရီတွေဆိုအရ ရှေးခေတ်ဘုန်းတော်ကြီးများ နံရံကို စိုက်ကြည့်ရင်း နံရံပေါ်တွင် သူတို့၏ ပုံရိပ်များ စွဲထင်ကျန်ရစ်ခဲ့သည်ဟု အဆိုရှိသည်။ လူတစ်ယောက်၏အရိပ်သည် ထိုနံရံပေါ်တွင် ထင်ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။
၎င်းမှာ အလွန်တရာ နက်နဲသည့် ဝိညာဉ်ရေးရာ စွမ်းအင်တစ်ခု ဖြစ်ပါသည်။
အခု ဟုန်ယွိ လုပ်ဆောင်နေသည်မှာလည်း ဤနည်းအတိုင်းပင်။ သူသည် အဆင့်ရှစ် မိုးကြိုးကပ်ဘေး နတ်ဘုရားအသိစိတ်ကြီးပေါ်မှာ သူ့ကိုယ်ပိုင်မှတ်ဉာဏ် အမှတ်သား အားလုံးကို ရိုက်နှိပ်နေခြင်း ဖြစ်ပါသည်။
"ပညာရပ်အားလုံး ငါ့ထံသို့ လာစေ၊ အားလုံးကို ငါရွတ်ဆိုမည်၊ စုဆည်းစေ။"
နောက်ဆုံးတွင် အဆင့်ရှစ် မိုးကြိုးကပ်ဘေး နတ်ဘုရားသိစိတ်ကြီးမှာ လျင်မြန်စွာ ပြောင်းလဲသွားပြီးနောက် ဟုန်ယွိ၏ စိတ်ဝိညာဉ်အတွေးစ ၁၀,၀၀၀ ခန့်မှာ ဟိန်းဟောက် သံတစ်ခု ပြုလုပ်လိုက်ကြပြီး၊ ရုတ်တရက် ဖိသိပ်လိုက်ရာ အားလုံးသည် ထိုနတ်ဘုရား အသိစိတ်ကြီးပေါ်သို့ တွယ်ကပ်သွားတော့သည်။ ထို့နောက် ဤနတ်ဘုရားအသိစိတ်ကို 'အလင်းစက်ဝန်း ခန္ဓာဖုံးကွယ်ခြင်းအစီအရင်' ဖြင့် ချိတ်ပိတ်ကာ ဟုန်ယွိ၏ နဖူးကြားသို့ ပျံဝင်သွားတော့သည်။
ကောင်းကင်ယံတစ်ခုလုံးမှာလည်း ချက်ချင်းပင် ဘာမှမရှိဘဲ ဟာလာဟင်းလင်း ဖြစ်သွား တော့သည်။
"ငါတော့ အရှုံးပေါ်တာပဲ... အရှုံးပေါ်တာပဲ..." ကျီရှန်းထျန်းသည် သူမ၏ မျက်နှာပေါ်မှ အမည်းကွက်များကို လက်ဖြင့်သုတ်ရင်း အသံကုန်အော်ဟစ်နေသည်။ သူမ၏ မျက်နှာတွင် သေလောက်အောင် နောင်တရနေသည့် အမူအရာမျိုး ပေါ်ပေါက်နေသည်။
"ငါ တွက်ချက်တာ မှားသွားတယ်။ အမှောင်ဧကရာဇ်တာအိုသခင်က တကယ်ပဲ ထွက်လာ ပြီး ဒုက္ခပေးလိမ့်မယ်လို့ မထင်ထားဘူး။ သူက နှစ်ပေါင်းသုံးထောင်လောက် တိတ်ဆိတ် နေတာကို ဘာလို့ အခုမှ ထွက်လာရတာလဲ။ တကယ့်ကို စိတ်ပျက်ဖို့ကောင်းတယ်... အခုတော့ ဒီမိုးကြိုးကပ်ဘေး အဆင့်ရှစ် နတ်ဘုရားအသိစိတ်ကို သူ ယူသွားပြီ၊ ငါတော့ အကြီးအကျယ် ရှုံးတာပဲ။"
"ဘာမှမဖြစ်ပါဘူး ကျီရှန်းထျန်း။ ဒါက နင်နဲ့ မဆိုင်ပါဘူး၊ ငါတို့ အပေးအယူကိုပဲ ဆက်လုပ် ကြတာပေါ့။ အမှောင်ဧကရာဇ်တာအိုသခင်က နက်နဲလွန်းသူဆိုတော့ သူ့ရဲ့ နတ်ဘုရား စိတ်ဝိညာဉ် အတွေးစကြီးမှာ ဒီလိုနတ်ဘုရားစွမ်းရည်မျိုး ရှိနေတာ မထူးဆန်းပါဘူး။" ဟုန်ယွိက နတ်ဘုရား အသိစိတ်ကို သိမ်းဆည်းပြီးနောက် အဝေးမှ ကျီရှန်းထျန်းကို လှမ်းပြောလိုက်သည်။
"နောက်ပြီး ဒီနတ်ဘုရား စိတ်ဝိညာဉ်အတွေးစကို နင်ကိုယ်တိုင်ပဲ ထုတ်ပေးခဲ့တာပါ။ ကြားထဲမှာ ပြဿနာတချို့ ရှိခဲ့ပေမဲ့ ဒါဟာ နင့်ရဲ့ မူလရည်ရွယ်ချက် မဟုတ်ဘူးဆိုတာ ငါသိပါတယ်။ ငါက ဒီနတ်ဘုရားသိစိတ်ကို ခဏငှားပြီး အလင်းနဲ့ အမှောင်စက်ဝန်း ကျင့်စဉ်အတွက် အမြုတေအဖြစ် အသုံးပြုမှာပါ။ အနာဂတ်မှာ 'အနှစ်သာရ နတ်ဘုရား ကျောင်း'နဲ့ တိုက်ပွဲကြီး ဖြစ်လာတဲ့အခါ နင့်မှာ အခက်အခဲရှိရင် ငါ ကူညီဖြေရှင်းပေးပါ့ မယ်။"
"တကယ်လား…" ဟုန်ယွိ၏ စကားကို ကြားသောအခါ ကျီရှန်းထျန်း၏ ရှုံ့မဲ့နေသော မျက်နှာမှာ ချိုချဉ်ရလိုက်သော ကလေးငယ်တစ်ဦးအလား ချက်ချင်း ပြုံးရွှင်သွားသည်။ သူမ လက်ကို ဝှေ့ယမ်းပြလိုက်ရင်း "ဟုန်ယွိ... နင့်စကားတခွန်းက ရွှေထက် တန်ဖိုးရှိတာမို့ ငါ နင့်ကို သဘာဝအတိုင်း ယုံကြည်ပါတယ်။ နင်က ပိုပိုပြီးတော့တောင် အစွမ်းထက်လာ ပြီပဲ၊ အမှောင်ဧကရာဇ်တာအိုသခင်ရဲ့ နတ်ဘုရား အသိစိတ်ကိုတောင် သန့်စင်နိုင်လိမ့်မယ် လို့ ငါမထင်ထားဘူး။ အနာဂတ်မှာ ဖြစ်လာမယ့် အနှစ်သာရ နတ်ဘုရားကျောင်း တိုက်ပွဲက 'ဒိုင်ဇင်ဘုရားကျောင်း' ပျက်စီးတုန်းကထက်တောင် ပိုပြင်းထန်လိမ့်မယ်။ အဲဒီအခါကျရင် ငါ့ကို ကာကွယ်ပေးပြီး ဒဏ်ရာမရအောင် စောင့်ရှောက်ပေးပါ၊ ပြီးတော့ 'ဖရိုဖရဲ ကောင်းကင်အနှစ်သာရ အမြုတေ'ကိုရအောင် ကူညီပေးမယ်ဆိုရင် ငါ့ဘက်က ဘာပဲပေးရ ပေးရ တန်ပါတယ်။"
ကျီရှန်းထျန်းက ဆက်ပြောသည်မှာ "နင့်အနားမှာ ရှိနေတဲ့ 'မုကလေး'လို့ ခေါ်တဲ့ မိန်းကလေးရဲ့ ဝိညာဉ်ထဲမှာ 'ယုဝမ်မူ'ရဲ့ နတ်ဘုရား အသိစိတ်တချို့ ရှိနေနိုင်တယ်။ မုကလေး 'သိုင်းသူတော်စင်' အဆင့်ကို ရောက်သွားတာနဲ့ အဲဒီနတ်ဘုရား အသိစိတ်က ချက်ချင်း နိုးထလာလိမ့်မယ်။ ပြီးရင် 'ဆန်းကြယ်ကောင်းကင် ပြန်လည်မွေးဖွားခြင်း' ကျင့်စဉ်ကို သုံးပြီး၊ သူမရဲ့သိုင်းသူတော်စင် ခန္ဓာကိုယ်ကို နတ်ဘုရား အသိစိတ်အဖြစ် ပြောင်းလဲပစ်ပြီး သက်တံတစ်ခုလို ပျံသန်းထွက်ပြေးသွားလိမ့်မယ်။ အဲဒီတုန်းက မုဝမ်မူ ဟာ သူမသေခါနီးမှာ သူမရဲ့ နတ်ဘုရားအသိစိတ်တွေကို အပိုင်းပိုင်းခွဲပြီး ပါရမီရှင်တွေရဲ့ ဝိညာဉ်ထဲမှာ ပြန်လည်မွေးဖွားဖို့အတွက် ပုန်းအောင်းနေခဲ့တာပဲ။ 'ရှင်းမို'နဲ့ ခန်းမသခင်ရဲ့ ‘သားအိမ်အတွင်း ပုန်းကွယ်ခြင်း ဝိညာဉ်အစီအရင်’မှာ သူမကိုယ်သူမ ချိတ်ပိတ်ပြီး ပြန်လည် မွေးဖွားမယ့်နေ့ရက်ကို စောင့်နေတာ။ ဒီလို တာအိုပညာမျိုးနဲ့ သူမသာ ပြန်လည် မွေးဖွားလာရင် သူမရဲ့အစွမ်းတွေကို ပြန်လည်ရရှိရုံတင်မကဘူး၊ အရင်ကထက်တောင် ပိုကြီးမားလာလိမ့်မယ်။ ကဲ... ငါလည်း အပြင်ထွက်လာရတာ မလွယ်ဘူးဆိုတော့ အခု လိုက်ကစားဦးမယ်၊ အချိန်တန်ရင် ငါ နင့်ကို လာရှာမယ်။"
ပြောပြောဆိုဆိုနှင့် ကျီရှန်းထျန်းသည် အလင်းကွင်းတစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်သို့ တဟုန်ထိုး ပျံတက်ပြီး ပျောက်ကွယ်သွားတော့သည်။
"အော်... ဒီလိုကိုး။ မုကလေး သိုင်းသူတော်စင်အဆင့် ရောက်တာနဲ့ ချိတ်ပိတ်ထားတဲ့ မှတ်ဉာဏ်တွေ နိုးလာပြီး မုကလေးရဲ့ ဝိညာဉ်၊ အသွေးအသားတွေကို ဝါးမျိုကာ၊ နောက်ဆုံး သန့်စင်တဲ့ နတ်ဘုရားအသိစိတ်အဖြစ် ပြောင်းလဲပစ်မှာပေါ့။"
"ဧကရာဇ်အကြံပေး ယုဝမ်မူက သူမရဲ့ နတ်ဘုရား အသိစိတ်တွေကို အများကြီး ခွဲထုတ်ပြီး လူအများကြီးရဲ့ ဝိညာဉ်တွေထဲမှာ ဖြန့်ဝေထားခဲ့တာပဲ။ အဲဒီလူတွေ ကျင့်ကြံမှု အောင်မြင် တဲ့အခါ သူမရဲ့ နတ်ဘုရားအသိစိတ်တွေအားလုံး တစ်ခုတည်းအဖြစ် ပြန်လည် ပေါင်းစည်း သွားမှာပေါ့။ ဒါက တကယ့်ကို စိတ်ကူးကြည့်လို့မရအောင် စွမ်းအားကြီးမားလာမှာပဲ။"
ထိုအခါမှသာ ဟုန်ယွိသည် ကျီရှန်းထျန်းထံမှ အဖြစ်မှန်ကို နားလည်သွားတော့သည်။
"လာ... ပြန်ကြစို့။ ငါ ပြင်ဆင်စရာတွေ ရှိသေးတယ်။ ဒိုင်ဇင်ဘုရားကျောင်း ဖျက်ဆီးခံရ တုန်းက ငါ ဘာအကျိုးအမြတ်မှ မရခဲ့ဘူး။ ဒီတစ်ခါ အနှစ်သာရ နတ်ဘုရားကျောင်း ပျက်စီးမယ့်ပွဲကတော့ ဒိုင်ဇင်ဘုရားကျောင်းထက်တောင် ပိုပြီး ကြောက်စရာကောင်း လိမ့်မယ်။ ဒီအခွင့်အရေးကို ငါတို့ လက်မလွှတ်သင့်ဘူး။" ချန်ယင်းရှာက ကောင်းကင်ယံရှိ ကြယ်တာရာများကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
ကောင်းကင်ယံရှိ တောက်ပသော ကြယ်တာရာများမှာလည်း လာလတ္တံ့သော တိုက်ပွဲကြီး ကို ကြိုသိနေသည့်အလား နိမိတ်မကောင်းသော အငွေ့အသက်များ ဖုံးလွှမ်းနေကြသည်။
အနှစ်သာရနတ်ဘုရားကျောင်း တိုက်ပွဲသည် 'မုန့်ရှန်းကျီ'က 'မူလဝိညာဉ်နတ်ဘုရား’ကို ကိုင်တွယ်လိုသည့် အချိန်ကတည်းက စတင်နေပြီဖြစ်သည်။ ဤတိုက်ပွဲသည် ဒိုင်ဇင် ဘုရားကျောင်း ပျက်စီးတုန်းကထက် ပို၍ပင် ပြင်းထန်လိမ့်မည်ဟု ခန့်မှန်းနိုင်သည်။
ဟုန်ယွိနှင့် ချန်ယင်းရှာတို့မှာ သေချာစွာ စဉ်းစားတွေးတောခြင်းမှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ပေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့နှစ်ဦးသည် ဟုန်ပြည်နယ် ရှိရာ အရပ်ဆီသို့ ပျံသန်းသွားကြတော့သည်။
...
ထိုအချိန်တွင် ဟုန်ပြည်နယ်နှင့် ကီလိုမီတာ ခုနစ်ထောင်၊ ရှစ်ထောင်ခန့် ဝေးကွာသော ကျောက်စိမ်းမြို့တော်တွင် တင်းမာသော အခြေအနေများ ဖုံးလွှမ်းလျက်ရှိသည်။ အနောက်ဘက် နယ်စပ်တစ်လျှောက်တွင် ဟွာလျှိုနိုင်ငံ၏ စစ်တပ်များမှာ အင်အားတိုးပွား လာနေပြီး၊ အနောက်ဘက်ဒေသ နယ်စပ်မှ နေ့စဉ်သတင်းပို့ချက်များမှာ မြို့တော်သို့ နှင်းပွင့်များအလား တဖွဲဖွဲ ရောက်ရှိနေသည်။
ကျောက်စိမ်းမြို့တော်တွင် နေ့စဉ်ထုတ်ဝေသော တော်ဝင်သတင်းလွှာများကို လမ်းဘေး ဈေးသည်များ၊ အရာရှိများ၊ ပညာရှင်များနှင့် သတင်းစုံစမ်းရန် မြို့တော်သို့ ရောက်ရှိနေကြ သော သူဌေးကြီးများက နေ့စဉ်မပြတ် ဝယ်ယူနေကြသဖြင့် အကုန်အစင် ရောင်းထွက်နေ သည်။
မိမိတို့၏ နားမျက်စိများကို အမြဲတစေ နောက်ဆုံးရသတင်းများနှင့် တပြေးညီ ဖြစ်နေစေ ရန်အတွက် အခြားအရပ်ဒေသများမှ အထက်တန်းလွှာ မိသားစုကြီးများစွာသည် ကျောက်စိမ်းမြို့တော် အတွင်းနှင့် အပြင်ဘက်တွင် စံအိမ်များနှင့် ဆိုင်ခန်းအမျိုးမျိုးကို တည်ထောင်ထားကြပြီး၊ ၎င်းနေရာများမှာ သူလျှိုများဖြင့် ပြည့်နှက်နေသည်။ တော်ဝင် နန်းတွင်း၊ ဧကရာဇ်မိသားစု၊ အစိုးရအဖွဲ့၊ ဝန်ကြီးဌာန ခြောက်ခု သို့မဟုတ် ကိုယ်လုပ်တော် အဆောင်များမှ သတင်းတစ်ခုခု ထွက်ပေါ်လာသည်နှင့် တော်ဝင်ချန်နိုင်ငံ၏ နယ်စပ်ရှိ မိသားစုကြီးများပင်လျှင် သုံးရက်မပြည့်မီ ထိုသတင်းကို ရှင်းလင်းစွာ သိရှိနိုင်ကြသည်။
ယခုအခါ တော်ဝင်ချန်နိုင်ငံ၏ အရေးကြီးဆုံးကိစ္စမှာ အနောက်ဘက်ဒေသရှိ စစ်ရေးကိစ္စ ပင် ဖြစ်သည်။ ဒုတိယ အရေးကြီးဆုံးကိစ္စမှာ အစိုးရက အုပ်ချုပ်ရေးစနစ်ကို ပြောင်းလဲပြီး မူဝါဒသစ်များကို ကျင့်သုံးတော့မည်ဟူသော ဝေဝေဝါးဝါး ကောလာဟလပင် ဖြစ်သည်။
ဤအဓိကကိစ္စရပ် နှစ်ခုစလုံးမှာ မည်သည့်မင်းဆက်၊ မည်သည့်ခေတ်ကာလတွင်မဆို နိုင်ငံတော်၏ အခြေခံအုတ်မြစ်ကို ထိခိုက်စေနိုင်သော ကိစ္စများ ဖြစ်သည်။ အကယ်၍ အနောက်ဘက်နယ်စပ် စစ်ရေးအခြေအနေ မကောင်းပါက အနောက်ဘက်ဒေသမှာ ချက်ချင်းပင် ပျက်စီးသွားမည်ဖြစ်ပြီး၊ တော်ဝင်ချန်နိုင်ငံ၏ တစ်ဝက်ခန့်မှာလည်း အကျင့်ပျက်ခြစားမူများဖြင့် ပျက်စီးသွားပေလိမ့်မည်။
အကယ်၍ မူဝါဒသစ်များမှာလည်း အဆင်မပြေပါက တစ်နိုင်ငံလုံး ပျက်စီးသွားနိုင်ပြီး၊ တစ်ကမ္ဘာလုံးရှိ ချမ်းသာကြွယ်ဝသော အထက်တန်းလွှာ မိသားစုများမှာလည်း နန်းတော် ကို ဝိုင်းဝန်းဆန့်ကျင်လာကြပေလိမ့်မည်။
အနောက်ဘက်ဒေသ စစ်ပွဲသတင်းများ စတင်ပျံ့နှံ့လာကတည်းက လောကရှိ မရေတွက် နိုင်သော နားမျက်လုံးများ၊ အင်အားကြီးမိသားစုများမှာ နန်းတော်ဆီသို့သာ အမြဲတစေ စိုက်ကြည့်နေကြသည်။ ၎င်းတို့သည် ကိုးငါးလမ်းစဉ်၏ အုပ်စိုးရှင် ဧကရာဇ် ယန်ဖန်ကို ကြည့်နေကြသလို၊ တစ်ချိန်တည်းမှာပင် ယန်ဖန်၏ နံဘေးတွင်ရှိနေပြီး လေဒဏ်မိုးဒဏ်ကို ဒိုင်းသဖွယ် ကာကွယ်ပေးနေသည့် ဧကရာဇ်အကြံပေး ဝန်ကြီးချုပ် ဟုန်ရွှန်ကျိကိုလည်း စောင့်ကြည့်နေကြသည်။
သို့သော်လည်း ဤမင်းနှင့် ဝန်ကြီးတစ်စုံမှာမူ နောက်ဆက်တွဲဖြစ်ပေါ်လာမည့် အခြေအနေ များအပေါ် စိုးရိမ်ပူပန်ပုံ မပြကြပေ။
ဧကရာဇ်သည် နေ့စဉ် နံနက်ခင်း ညီလာခံများတွင် တည်ငြိမ်သော အမူအရာရှိပြီး၊ ဘာကိုမျှ ဂရုမစိုက်သည့်အလား သာမန်အတိုင်းပင် ရှိနေသည်။
သို့သော်လည်း အချို့သော အထက်တန်းလွှာ မိသားစုကြီးများနှင့် လျှို့ဝှက်အင်အားစုများ သည် နန်းတွင်းရှိ မိန်းမစိုးများကို တံစိုးလက်ဆောင် ပေးထားကြသဖြင့်၊ ဧကရာဇ် အကြံပေး ဟုန်ရွှန်ကျိသည် ဧကရာဇ် ယန်ဖန်၏ လျှို့ဝှက်ဆင့်ခေါ်မှုကို နေ့စဉ် တစ်ဦး တည်း ခံယူရကြောင်း သိရှိထားကြသည်။ ဤမင်းနှင့်ဝန်ကြီးချုပ် နှစ်ဦးသားသည် စာကြည့် ဆောင်အတွင်း လျှို့ဝှက်စွာ တွေ့ဆုံကြပြီး၊ မိန်းမစိုးများအားလုံးကိုလည်း ဖယ်ထုတ်ထား လေ့ရှိသည်။
တစ်ခါက မိန်းမစိုးတစ်ဦးသည် မင်းနှင့် ဝန်ကြီးချုပ်တို့၏ စကားကို ချောင်းမြောင်း နားထောင်ရန် ကြိုးစားခဲ့ရာ၊ ချက်ချင်းပင် ဖမ်းမိပြီး ရိုက်သတ်ခြင်း ခံခဲ့ရသည်။ ဟုန်ရွှန်ကျိ မှာ လူသားအင်မော်တယ် ပညာရှင်တစ်ဦးဖြစ်သဖြင့်၊ ဤလောကရှိ မည်သည့်ကျင့်ကြံသူမှ သူ့အနားသို့ ချဉ်းကပ်ကာ စကားကို ခိုးနားထောင်၍ မရနိုင်ပေ။ ထို့ကြောင့် ဤမင်းနှင့် ဝန်ကြီးချုပ်တို့ နေ့စဉ် စာကြည့်ဆောင်အတွင်း မည်သည့်ကိစ္စများ ဆွေးနွေးနေကြသည်ကို မည်သူမှ မသိနိုင်ကြပေ။
အချို့သော လျှို့ဝှက်ထောက်လှမ်းရေး လမ်းကြောင်းများမှတစ်ဆင့် အထက် စာကြည့် ဆောင်မှ ထွက်လာသော သတင်းစကား တစ်ခွန်းချင်းစီမှာပင် အံ့ဩစရာကောင်းလောက် အောင် များပြားသည့် ငွေကြေးပမာဏဖြင့် အရောင်းအဝယ် ဖြစ်နေကြသည်။
... ...
ထိုညတွင်လည်း ထုံးစံအတိုင်း ဟုန်ရွှန်ကျိသည် ဧကရာဇ် ယန်ဖန်၏ တစ်ဦးတည်းသီးသန့် လျှို့ဝှက်ဆင့်ခေါ်မှုဖြင့် စာကြည့်ဆောင်သို့ ရောက်ရှိလာပြန်သည်။ စာကြည့်ဆောင် ခန်းမကြီးအတွင်းရှိ မိန်းမစိုးများ၊ အစောင့်များနှင့် နန်းတွင်းသူများအားလုံးကို ဖယ်ထုတ် ထားပြီး၊ ခန်းမကြီးမှ သုံးလီအတွင်း မည်သူမျှ မရှိစေရပေ။
"ရွှန်ကျိ... ငါ မကြာသေးခင်က သတင်းရတယ်။ မင်းရဲ့သား ဟုန်ယွိက လုပ်ကြံသတ်ဖြတ် သူများ မဟာမိတ်အဖွဲ့ကို ပူဇော်ပွဲလုပ်ပေးခဲ့ပြီး၊ လုပ်ကြံသတ်ဖြတ်သူများခန်းမထဲမှာ တစ်ပတ်လည်အောင် လှည့်ပတ်သွားခဲ့တယ်တဲ့။ သူက အဲဒီအဖွဲ့ရဲ့ အကြီးအကဲတွေဆီက ကတိကိုလည်း ရခဲ့ပြီး၊ နတ်ဘုရားတန်ခိုးရှင်ဘုရင်နဲ့လည်း ပြန်လည် သင့်မြတ်သွားပြီ။ သူတို့နှစ်ယောက်ကြားမှာ အကြီးအကျယ် ပဋိပက္ခတွေ ရှိပုံမရဘူး။ အဲဒီခန်းမထဲကို လှည့်လည်သွားလာနိုင်ဖို့ဆိုတာ မင်းရဲ့ လက်ရှိသိုင်းပညာနဲ့တောင် အနိုင်နိုင်ပဲ ရှိလိမ့် မယ်။"
ဟုန်ရွှန်ကျိ စာကြည့်ဆောင်ထဲသို့ ဝင်လာသည်ကို မြင်သောအခါ နဂါးပလ္လင်ပေါ်တွင် ထိုင်နေသော ဧကရာဇ် ယန်ဖန်က လက်ကို ဝှေ့ယမ်းပြပြီး၊ ထုံးတမ်းစဉ်လာများကို ကျော်ခိုင်းလိုက်ကာ၊ ဟုန်ရွှန်ကျိကို ဘေးနားရှိ ကုလားထိုင်တွင် ထိုင်ခိုင်းပြီး သတင်းပို့ချက် များကို စတင်ဖတ်ကြားတော့သည်။
"လုပ်ကြံသတ်ဖြတ်သူများ နန်းတော်ထဲမှာ မုန့်ရှန်းကျီရဲ့ အတွေးစ ခုနစ်ခု ရှိနေခဲ့တယ်။ သူက အဲဒီခန်းမထဲကို ဝင်နိုင်တယ်ဆိုရင် မုန့်ရှန်းကျီရဲ့ အတွေးစတွေကတောင် သူ့ကို ဘာမှမလုပ်နိုင်ဘူးဆိုတဲ့ သဘောပဲ။ သူ့ရဲ့သိုင်းပညာက ဘယ်လောက်အထိ ရှိနေပြီလဲဆို တာ ခန့်မှန်းလို့ ရတယ်။"
ဟုန်ရွှန်ကျိမှာ ကျောက်စိမ်းမြို့တော်ပြင်တွင် ဟုန်ယွိနှင့် တွေ့ဆုံပြီး နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက်ခဲ့ပြီးကတည်းက သူ၏ စိတ်အခြေအနေမှာ ပြောင်းလဲသွားပုံရသည်။ ယခုအခါ ဧကရာဇ် ယန်ဖန်က ဟုန်ယွိဟူသော အမည်ကို ပြောလိုက်ချိန်တွင် သူ၏ အမူအရာမှာ အေးစက်စက်ရှိနေပြီး တည်ငြိမ်လျက်ပင် ရှိသည်။
"မင်းသားက သူ့ကိုယ်သူ ဒီလောက်အထိ နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားလိမ့်မယ်လို့ ငါ မထင်ထားဘူး။ ဆေဘာသူတော်စင် 'ဂွန်ယန်ယု' တောင် သူ့ကို ဘာမှမလုပ်နိုင်ဘဲ အလွယ်တကူ ထွက်သွားခွင့် ပြုခဲ့ရတယ်။ ငါ သူ့ကို အတော်လေး အထင်ကြီးမိပေမဲ့ သူ့ကို စိတ်တူကိုယ်တူ အသုံးမချနိုင်တာကတော့ တကယ့်ကို နှမြောစရာပဲ။" ယန်ဖန်က သာသာယာယာ သက်ပြင်းချရင်း ဆိုသည်။
"ဒါပေမဲ့ ဒီကလေးကို မုန့်ရှန်းကျီ၊ အနှစ်သာရ နတ်ဘုရားကျောင်းနဲ့ မကြာသေးခင်က သတင်းရရှိထားတဲ့ တတိယမင်းသားကျိုးတို့ကို ကိုင်တွယ်ဖို့ အသုံးချလို့ ရတာပဲ။ ဒါ့အပြင် သူက ချန်ပီယံမြို့စားရဲ့ ပြိုင်ဘက်ဖြစ်နေတော့ သူ့ကို ချန်ပီယံမြို့စားကို နှိမ်နင်းဖို့အတွက် အသုံးချတာလည်း မဆိုးပါဘူး။ ရွှန်ကျိ... မင်း သူ့ကို သတ်ချင်ရင်တောင် အခုလောလော ဆယ်တော့ စိတ်မလောပါနဲ့ဦး။ သူက မင်းသားယုကို ထီးနန်းတက်အောင် မကူညီသရွေ့ သူ့အနေနဲ့ 'ပြောင်းလဲခြင်းကျမ်း' ကို ရေးသားနိုင်မှာ မဟုတ်ပါဘူး။"
"အရေးကြီးတဲ့ အလုပ်ကို အရင်လုပ်ရမယ်ဆိုတာ ကျွန်တော်မျိုး သိပါတယ်။" ဟုန်ရွှန်ကျိ က အနည်းငယ် ဦးညွှတ်ကာ ဆိုသည်။ "အရှင်မင်းကြီး... အစစ်အမှန် ခုနှစ်စင်ကြယ်ဂိုဏ်း ကို ကိုင်တွယ်ဖို့ မူလအစီအစဉ်ဟာ ဒီမိုက်မဲတဲ့သားကြောင့် ပျက်စီးခဲ့ရပြီဆိုတော့ ကျွန်တော်မျိုးတို့ အစီအစဉ်ကို ပြောင်းရပါလိမ့်မယ်။ အခုတော့ အနှစ်သာရ နတ်ဘုရား ကျောင်းကို ကိုင်တွယ်မယ့် အစီအစဉ်ကိုပဲ အရင်ဆုံး လုပ်ကြရအောင်။"
"ကောင်းပြီ... ငါတို့နှစ်ယောက် ပြီးခဲ့တဲ့ ရက်တွေမှာ ပြင်ဆင်စရာ ရှိတာတွေ အကုန် ပြင်ဆင်ပြီးပြီ။ ဒီနေ့ မင်းကို ခေါ်လိုက်တာက နောက်ဆုံးပြင်ဆင်မှုတွေ လုပ်ဖို့ပဲ။ 'တော်ဝင် ကောင်းကင်ကမ္ဘာ' ဆီကို သွားကြစို့။"
ဧကရာဇ် ယန်ဖန်သည် စာပွဲရှေ့ရှိ ရွှေရောင်သေတ္တာပေါ်သို့ လက်တင်လိုက်သည်။ ၎င်းကို ဖွင့်လိုက်သောအခါ ရှေးဟောင်းကာလမှ ဆင်းသက်လာပြီး နိုင်ငံတော်ကို ကိုယ်စားပြု သည့် ကျောက်စိမ်းတံဆိပ်တော်ဖြစ်သော "အဝါရောင်ကောင်းကင် တော်ဝင်တံဆိပ်တော်" ကို ထုတ်ယူလိုက်သည်။
၎င်းကို စားပွဲပေါ်တွင် တင်လိုက်ပြီးနောက် ဧကရာဇ် ယန်ဖန်က ခဏတာ ပွတ်သပ်နေ သည်မှာ သူ၏အမူအရာက အလွန်ပင် ရိုးသားတည်ကြည်လှသည်။ ရုတ်တရက် ထိုတံဆိပ်တော်မှ အတိုင်းအဆမဲ့သော ရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး မျက်စိတစ်မှိတ်အတွင်း ကျယ်ပြောသော တံခါးကြီးတစ်ခု ဖြစ်ပေါ်လာသည်။
ထို့နောက် ဧကရာဇ် ယန်ဖန်မှာ အတွင်းသို့ လမ်းလျှောက်ဝင်သွားပြီး၊ ဟုန်ရွှန်ကျိမှာလည်း မတ်တပ်ရပ်ကာ နောက်က လိုက်သွားတော့သည်။
ရွှေရောင်အလင်းတံခါးကို ဖြတ်ကျော်လိုက်သည်နှင့် သူတို့သည် ကြီးမားလှသော နန်းတော်ကြီးတစ်ခု၏ ရှေ့သို့ ရောက်ရှိသွားကြသည်။ ထိုနန်းတော်မှာ ယဇ်ပလ္လင်တစ်ခု ပေါ်တွင် တည်ဆောက်ထားပြီး ထိုယဇ်ပလ္လင်မှာ တောင်ထိပ်တစ်ခုပေါ်တွင် ရှိနေသည်။
နန်းတော်၏ အလယ်ဗဟိုတည့်တည့်တွင် ချပ်ဝတ်တစ်ခုက လေထဲတွင် လွင့်ပျံနေသည်။ ဤချပ်ဝတ်မှာ ရွှေရောင်၊ အနီရောင်နှင့် ခရမ်းရောင်တို့ ရောယှက်နေပြီး၊ ခေါင်းဆောင်း မှာမူ ရှေးခေတ်နဂါးတစ်ကောင်၏ ဦးခေါင်းပုံစံ အစစ်အမှန် ဖြစ်နေသည်။ ၎င်းတွင် ရှည်လျားသော ကျားနှုတ်ခမ်းမွေးများ ရှိပြီး သမင်ချိုများမှာလည်း ယိမ်းနွဲ့လှုပ်ရှားနေ ကြသည်။ ၎င်းချပ်ဝတ်သည် နှိုင်းယှဉ်မရအောင် မြင့်မြတ်ပြီး အထွက်အထိပ် အရှိန်အဝါကို ထုတ်လွှတ်နေသည်။
"ဒါကို ဝတ်လိုက်ပါ" ယန်ဖန်က ဟုန်ရွှန်ကျိ ကို ပြောလိုက်သည်။ "မင်း ဒီချပ်ဝတ်ကို မဝတ်ဖြစ်တာ နှစ်ပေါင်း ၂၀ တောင် ရှိသွားပြီပဲ။"
စာစဉ် (၃၇) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။