← Chapters

အခန်း (၃၄၁)

Vol. 35 Ch. 341

အခန်း (၃၄၁)

Vol. 35 Ch. 341

အခန်း။ ၃၄၁

လုချွမ်း၏ စိတ်အစဉ်သည် ရှုပ်ထွေးနောက်ကျိသွားပြီး သူ၏ရှေ့မှ ချီချီလေး၏ အပြစ်ကင်းစင်သော မျက်နှာကို ငေးကြည့်ရင်း မည်သို့သော စကားကိုမျှ ဆိုရန် မစွမ်းသာတော့ပေ။

အဆင့် ၅ တဲ့။

အခြားသူမဟုတ်ဘဲ သူ၏ဘေးတွင် နေ့ညမပြတ် ရှိနေသည့် ချစ်လှစွာသော သမီးငယ်လေး ချီချီလေးသည် အဆင့် ၅ ရှိသော ဆင့်ကဲပြောင်းလဲသူတစ်ဦး ဖြစ်နေသည်ဟူသောအချက်မှာ လုချွမ်းအတွက် စိတ်အတွင်း၌ လက်ခံနိုင်ရန် အလွန်ပင် ခက်ခဲလှသော ကွာဟချက်တစ်ခု ဖြစ်နေသည်။

ချီချီလေးလို ကလေးငယ်တစ်ဦးက ဘယ်လိုလုပ် အဆင့် ၅ ရှိတဲ့ အစွမ်းထက်ပုဂ္ဂိုလ်

တစ်ဦး ဖြစ်လာနိုင်တာလဲ။

ကျိရုရွှယ်သည် ဤသတင်းမှာ သူမ၏ဖခင်အပေါ် မည်မျှအထိ သက်ရောက်မှုရှိမည်ကို သိရှိနားလည်သဖြင့် ဖခင်ဖြစ်သူ စိတ်တည်ငြိမ်သွားသည်အထိ စကားတစ်ခွန်းမျှ မဆိုဘဲ ငြိမ်သက်စွာ ရပ်၍ စောင့်ဆိုင်းနေခဲ့သည်။

မိနစ်အတော်ကြာပြီးနောက်တွင်မှ လုချွမ်းသည် သတိတရား ပြန်လည်ဝင်လာပြီး ချီချီလေးမှာ အမှန်တကယ်ပင် အဆင့် ၅ ရှိသော ဆင့်ကဲပြောင်းလဲသူ ဖြစ်နေကြောင်းကို သူ၏စိတ်က စတင်လက်ခံယုံကြည်လာခဲ့သည်။

သူ မယုံကြည်၍ မရတော့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုအဆင့် ၄ ရှိ ဗီဇပြောင်းသင်းခွေချပ် သေဆုံးသွားခဲ့ခြင်းမှာ အထင်ရှားဆုံးသော သက်သေပင်။ ထိုသို့သော အခြေအနေမျိုးတွင် အဆင့် ၄ ရှိ သားရဲတစ်ကောင်ကို အလွယ်တကူ သုတ်သင်နိုင်ရန်မှာ အဆင့် ၅ ရှိသော အစွမ်းမျိုး ရှိမှသာ ဖြစ်နိုင်ပေမည်။

ထိုစဉ်က တောင်ပတ်လမ်းပေါ်တွင် အဆင့် ၅ ရှိသော အစွမ်းပိုင်ရှင်မှာ လုချွမ်းတစ်ဦးတည်းသာ ရှိခဲ့သော်လည်း သူကိုယ်တိုင်မှာ မည်သည့်လှုပ်ရှားမှုမျှ မပြုလုပ်ခဲ့ကြောင်းကို ကိုယ်ကိုကိုယ် အသိဆုံး ဖြစ်သည်။

သားရဲဘုရင်ဂိုဏ်းချုပ်မှာ အဆင့် ၄ မျှသာ ရှိသလို သူ၏သားရဲကို သူကိုယ်တိုင် ပြန်လည်တိုက်ခိုက်ရန်မှာလည်း မဖြစ်နိုင်ပေ။ ကျောက်လင်းမှာလည်း အဆင့် ၄ မျှသာ ဖြစ်ရာ အနီးစပ်ဆုံး သံသယဖြစ်ဖွယ်လူမှာ ချီချီလေးသာ ရှိတော့သည်။

သို့သော်လည်း လုချွမ်းသည် ချက်ချင်းပင် ဇဝေဇဝါဖြစ်စရာ နောက်ထပ်အချက်တစ်ခုကို တွေးတောမိပြန်သည်။ ချီချီလေး၏ ပါရမီစွမ်းရည်များ နိုးထလာခဲ့သည်မှာ မကြာသေးမီကမှ ဖြစ်ပါလျက် သူမ၏အစွမ်းမှာ ဘာကြောင့် ဒီလောက်အထိမြန်ဆန်တဲ့နှုန်းနဲ့ တိုးတက်လာရတာလဲ။

ခြံအတွင်း၌ နေထိုင်စဉ်အချိန်က ချီချီလေးသည် အဆင့် ၁ ရှိသော ဆင့်ကဲပြောင်းလဲသူမျှသာ ဖြစ်သည်။ ဤမျှတိုတောင်းလှသော အချိန်ကာလအတွင်း၌ သူမက အဆင့် ၅ ကို ဘယ်လိုနည်းလမ်းနဲ့ တက်လှမ်းနိုင်ခဲ့တာလဲ။

လုချွမ်းကိုယ်တိုင်ပင်လျှင် အမြုတေ အမြောက်အမြားကို ဝါးမြိုပြီးနောက်တွင်မှ အဆင့် ၅ သို့ ခက်ခဲစွာ ချိုးဖျက်တက်လှမ်းနိုင်ခဲ့ခြင်းပငါ။ လက်ရှိအခြေအနေတွင် အဆင့် ၅ ရှိသော ဆင့်ကဲပြောင်းလဲသူတစ်ဦးဟူသည်မှာ အမှန်တကယ်ပင် ရှားပါးလွန်းလှသည်။

ချီချီလေးကဲ့သို့သော လူသားကလေးငယ်တစ်ဦးသည် အမြုတေများကို တိုက်ရိုက်ဝါးမြိုရန် မဖြစ်နိုင်သလို မျိုးရိုးဗီဇဆိုင်ရာ ဆင့်ကဲပြောင်းလဲမှု ဆေးရည်များကိုလည်း အမြောက်အမြား ပိုင်ဆိုင်ထားခြင်း မရှိပေ။ သို့ပါလျှင် သူမ၏ ခွန်အားများက ဘာလို့ ပုံမှန်

မဟုတ်တဲ့နှုန်းနဲ့ တိုးတက်လာရတာလဲ။

လုချွမ်းအနေဖြင့် ချီချီလေးတွင် အခြားသော လျှို့ဝှက်ချက်များ ရှိနေဦးမည်ဟု အမြဲတစေ ခံစားနေရဆဲပင်။ သို့မဟုတ်ပါက အချို့သော ဖြစ်ရပ်များက ဘယ်လိုမှ ယုတ္တိရှိမည် မဟုတ်ပေ။

သို့သော်လည်း လုချွမ်းသည် သူမအား ထပ်မံ၍ အတင်းအကျပ် မမေးမြန်းတော့ရန် ဆုံးဖြတလိုက်သည်။ ချီချီလေးသည် ယနေ့တွင် သူမ၏ ပါရမီစွမ်းရည်ကို သူမဘာသာ စတင်ဖွင့်ဟပြောကြားခဲ့ခြင်းအပေါ်၌ပင် သူသည် ကျေနပ်ကာ ပီတိ ဖြစ်နေခြင်းပင်။ ချီချီလေးက ထပ်မံ၍ မပြောကြားလိုသေးပါက လုချွမ်းအနေဖြင့်လည်း သူမအား ဖိအားပေးရန် မလိုအပ်တော့ပေ။ တစ်ချိန်ချိန်တွင် သူမသည် သူ့အား အလုံးစုံ ပြောပြလာလိမ့်မည်ဟု သူက ယုံကြည်ထားသည်။

ချီချီလေးသည် အဆင့် ၅ သို့ ရောက်ရှိနေပြီဟူသော သတင်းကြောင့် ဖြစ်ပေါ်လာသည့် အံ့သြတုန်လှုပ်မှုများ လျော့ပါးသွားချိန်တွင် လုချွမ်းသည် သူမအတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေမိတော့သည်။

ဤသည်ကား အဆင့် ၅ ရှိသော ဆင့်ကဲပြောင်းလဲသူတစ်ဦးပင်။ ချီချီလေး၏ ပါရမီစွမ်းရည်ဖြင့်သာ အစွမ်းကုန် တိုက်ခိုက်မည်ဆိုပါက သူ၏လက်အောက်ရှိ မည်သည့်အဆင့် ၅ ဇွန်ဘီရုပ်သေးမျှ သူမအား တောင့်ခံနိုင်မည် မဟုတ်ပေ။ နောင်တစ်ချိန်တွင် သူသည် သူမ၏ဘေး၌ မရှိတော့ပါကလည်း ချီချီလေး၏ ခွန်အားများက ဤကမ္ဘာပျက်ကပ်ကြီးအတွင်း၌ သူမအား ကောင်းမွန်စွာ ရှင်သန်နိုင်စေမည် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် လုချွမ်းသည် သူ၏ ကိုယ်ပိုင်ခွန်အားအတွက် စိုးရိမ်စိတ်လေးတစ်ခု ဝင်လာမိသည်။ ချီချီလေးသည် အဆင့် ၅ သို့ပင် ရောက်ရှိနေပြီဖြစ်ရာ သူမက သူ့အား ကျော်တက်သွားခြင်းမျိုး မဖြစ်စေရန်အတွက် သူသည်လည်း ယခုအချိန်မှစ၍ အစွမ်းကုန် ကြိုးစားအားထုတ်ရတော့မည်ပင်။

ကိုယ့်သမီးငယ်လေးကိုပင် မယှဉ်နိုင်သော အခြေအနေမျိုးသို့ မည်သို့မျှ အဖြစ်ခံ၍ မရနိုင်ပေ။

တစ်ဖက်တွင်မူ ကျိရုရွှယ်သည် သူမ၏ လျှို့ဝှက်ချက်အချို့ကို ဖခင်ဖြစ်သူထံ ဖွင့်ဟဝန်ခံပြီးနောက်၌ စိတ်အစဉ်မှာ ယခင်ကကဲ့သို့ ရှုပ်ထွေးနောက်ကျိခြင်း မရှိတော့ဘဲ များစွာပေါ့ပါးလန်းဆန်းသွားသလို ခံစားလိုက်ရသည်။

သူမ၏ ခွန်အားအစစ်အမှန်ကို ထုတ်ဖော်ပြသပြီးပြီဖြစ်၍ နောင်တွင် သူမ၏ လှုပ်ရှားမှုများ၌ ဖခင်ဖြစ်သူ သိရှိသွားမည်ကို စိုးရိမ်ပူပန်နေရန် သို့မဟုတ် ဖုံးကွယ်နေရန် မလိုအပ်တော့ပေ။

ယခင်က ဖခင်ဖြစ်သူနှင့် ကျောက်လင်းတို့သည် ရှေ့တန်းမှနေ၍ ရန်သူများကို တိုက်ခိုက်နေစဉ် ကျိရုရွှယ်သည် သူမ၏ အတိတ်ဘဝမှ တိုက်ခိုက်လိုစိတ်များ ပြန်လည်နိုးထလာကာ တိုက်ပွဲအတွင်းသို့ ခုန်ဝင်လိုစိတ်များ မကြာခဏ ဖြစ်ပေါ်ခဲ့ဖူးသည်။ သို့သော် သူမ၏ အစွမ်းများ ပေါ်လွင်သွားမည်ကို စိုးရိမ်သဖြင့် အမြဲတမ်း အောင့်အည်းကာ သည်းခံခဲ့ရခြင်းပင်။

ယခုမူ အခြေအနေများမှာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူမအနေဖြင့် ရန်သူများကို လွတ်လပ်စွာ သုတ်သင်နိုင်သကဲ့သို့ တိုက်ပွဲများအတွင်း၌လည်း ဖခင်ဖြစ်သူကို ဗြောင်ကျကျ ကာကွယ်စောင့်ရှောက်ပေးနိုင်တော့မည်ပင်။

အဆင့် ၅ ရှိသော ဆင့်ကဲပြောင်းလဲသူတစ်ဦးဖြစ်သည့် သူမ၏ ကာကွယ်မှုအောက်တွင် ကိုယ်ကာယခွန်အားကိုသာ အဓိကအားပြု၍ တိုက်ခိုက်တတ်သော သူမ၏ဖခင်သည် ဘေးကင်းလုံခြုံမှု အဆပေါင်းများစွာ ပိုမိုရရှိလာမည်မှာ အသေအချာပင်။

ထိုမျှသာမက နောင်တွင် လိပ်အိုကြီးကို ကျွေးမွေးရန်အတွက် ဖခင်ဖြစ်သူထံမှ အမြုတေများ တောင်းခံနေရန် မလိုအပ်တော့ဘဲ သူမကိုယ်တိုင်ပင် ဗီဇပြောင်းသားရဲများနှင့် ဇွန်ဘီများကို တိုက်ရိုက်အမဲလိုက်နိုင်ပြီ ဖြစ်သည်။

ထိုသို့ တွေးတောမိရင်း ကျိရုရွှယ်သည် မော့ကြည့်လိုက်ကာ အပြစ်ကင်းစင်သော အပြုံးလေးဖြင့် သူမ၏ နူးညံ့လှသော လက်သီးဆုပ်လေးကို လုချွမ်းရှေ့၌ မြှောက်ပြလျက် ကျယ်လောင်စွာ အော်ဟစ်ပြောဆိုလိုက်သည်။

"ဖေဖေ... သမီးက တကယ်ကို အစွမ်းထက်တာနော်။ အခုကစပြီး သမီး ဖေဖေ့ကို ကာကွယ်ပေးမယ်"

ချီချီလေး၏ စကားကို ကြားလိုက်ရသောအခါ လုချွမ်း၏ ရင်ထဲ၌ နွေးထွေးမှုများ လွှမ်းခြုံသွားပြီး ချီချီလေးကို ကြင်နာယုယစွာ ကြည့်ရှုရင်း ခေါင်းလေးကို ပွတ်သပ်ပေးလိုက်မိသည်။

သူ၏ ချီချီလေးသည် ချစ်စရာကောင်း၍ လူချစ်လူခင်ပေါရုံသာမက ဖခင်ဖြစ်သူကို ကာကွယ်ပေးလိုသည်အထိ သိတတ်လိမ္မာလှသည်။ လုချွမ်းသည် အတိုင်းမသိ စိတ်သက်သာရာရသွားသလို ချီချီလေး၏ လျှို့ဝှက်ချက်ကြောင့် ဖြစ်ပေါ်နေသော စိတ်အတွင်းမှ အဖုအထစ်များသည်လည်း အကုန်အစင် ပျောက်ကွယ်သွားခဲ့သည်။

ချီချီလေးတွင် လျှို့ဝှက်ချက်များ ရှိနေနိုင်သော်လည်း ထိုအချက်မှာ အရေးမကြီးတော့ပေ။

သူမသည် သူ၏ သမီးငယ်လေး ဖြစ်နေသရွေ့ အခြားဘယ်အရာက အရေးပါဦးမှာလဲ။

ချီချီလေးကို ဇွန်ဘီများ ဝန်းရံနေသည့် ကြားထဲမှ သူကိုယ်တိုင် ကယ်ထုတ်ခဲ့ခြင်း ဖြစ်ပြီး ကျန်းနန်မြို့ပြအတွင်း၌ ဤသားအဖနှစ်ဦးသည် တစ်ဦးကိုတစ်ဦး အပြန်အလှန် အားကိုးအားထားပြုကာ ယနေ့တိုင် ရှင်သန်ခဲ့ကြခြင်းပင်။

ချီချီလေးသည် သူအား ဇွန်ဘီဘုရင်တစ်ဦးအဖြစ် မဟုတ်ဘဲ အစစ်အမှန် ဖခင်ရင်းတစ်ဦးကဲ့သို့ ဆက်ဆံခဲ့သလို သူသည်လည်း ချီချီလေးအား သူ၏ သမီးအရင်းလေးတစ်ဦးသဖွယ် မှတ်ယူထားခဲ့သည်။

သူတို့နှစ်ဦးကြား၌ သွေးသားတော်စပ်မှု မရှိစေကာမူ ထိုသားအဖသံယောဇဉ်မှာမူ မည်သို့မျှ လုပ်ယူ၍မရသော အစစ်အမှန် မေတ္တာတရားများသာ ဖြစ်ကြသည်။

လုချွမ်းသည် ပြုံးရွှင်သောမျက်နှာထားဖြင့် စာရွက်ပေါ်၌ ဆက်လက်ရေးသားလိုက်သည်။

"ကောင်းပြီ ချီချီလေး သမီး ဖေဖေ့ကို ဘာပြောချင်သလဲဆိုတာ ဖေဖေ နားလည်ပါတယ်။ အခုတော့ အိပ်ခန်းထဲကို အမြန်ပြန်ပြီး အိပ်စက်အနားယူတော့နော်။ ညဉ့်နက်မှ အိပ်တာက လိမ္မာတဲ့ကလေးတွေရဲ့ အလေ့အကျင့် မဟုတ်ဘူးလေ"

"ဖေဖေ... ချီချီလေးက တကယ်ကို လိမ္မာတဲ့ကလေးပါ။ အခုပဲ သမီး သွားအိပ်တော့မယ်"

ကျိရုရွှယ်သည် စိတ်အတွင်း၌ များစွာပေါ့ပါးသွားပြီဖြစ်ရာ စာရွက်ပေါ်ရှိ စာသားများကို မြင်လိုက်ရသောအခါ တောက်ပသောအပြုံးနှင့်အတူ စိတ်အားထက်သန်စွာ ခေါင်းညိတ်ပြသည်။

ထို့နောက် သူမ၏ ခြေတံတိုတိုလေးများဖြင့် အိပ်ခန်းအတွင်းသို့ အပြေးကလေး ဝင်ရောက်သွားကာ အိပ်ရာပေါ်သို့ တက်၍ စောင်ကို သေသေချာချာ ခြုံလိုက်တော့သည်။

"ဖေဖေ... ချီချီလေး အိပ်ပြီနော်"

ကျိရုရွှယ်သည် စောင်ကို အသာမ၍ တစ်ခွန်းလှမ်းပြောလိုက်ပြီးနောက် မျက်နှာကို စောင်ဖြင့် ပြန်လည်အုပ်လိုက်ပြန်သည်။

သူမ၏နောက်မှ ဖြည်းညှင်းစွာ လိုက်ပါလာသော လုချွမ်းသည် ချီချီလေး တကယ်ပင် လိမ္မာယဉ်ကျေးစွာ အိပ်စက်နေသည်ကို မြင်တွေ့ရသောအခါ ပြုံးမိသွားပြီး အိပ်ခန်းအတွင်းမှ ညင်သာစွာ ထွက်ခွာလျက် တံခါးကို အသာအယာ ပိတ်ပေးခဲ့သည်။

ထို့နောက်တွင်မူ လုချွမ်းသည် ဆိုဖာပေါ်၌ လှဲလျောင်းရင်း မျက်စိကိုမှိတ်ကာ အာရုံစူးစိုက်လိုက်ပြီး သူ၏လက်အောက်ရှိ အဆင့် ၄ ဇွန်ဘီရုပ်သေးများကို တစ်ရပ်ကွက်လုံးရှိ ဇွန်ဘီများအား ညတွင်းချင်း သုတ်သင်ရှင်းလင်းရန် စတင်ထိန်းချုပ်လိုက်သည်။

ဟန်ယဲ့ရပ်ကွက်သည် အရွယ်အစားတူညီသော အဆောက်အအုံ ကိုးလုံးရှိသည့် လူနေရပ်ကွက်တစ်ခု ဖြစ်သည်။

ယခင်က လုချွမ်းသည် သူကိုယ်တိုင် နေထိုင်သည့် အဆောက်အအုံတစ်ခုတည်းကိုသာ ရှင်းလင်းထားခဲ့ခြင်းဖြစ်ပြီး ကျန်ရှိသော အဆောက်အအုံ ရှစ်လုံးတွင်မူ ဇွန်ဘီများစွာ ကျန်ရှိနေသေးသည်။

သူတို့အနေဖြင့် ဟန်ယဲ့ရပ်ကွက်၌ အချိန်အတန်ကြာ နေထိုင်သွားမည်ဖြစ်ရာ နောက်နောင်တွင် အနှောင့်အယှက်များ မဖြစ်ပေါ်စေရန်အတွက် တစ်ရပ်ကွက်လုံးကို နှံ့စပ်အောင် ရှင်းလင်းထားရန်မှာ အလွန်အရေးကြီးသည်။

ခဏအကြာတွင် လုချွမ်း၏ အမိန့်ပေးမှုနှင့်အတူ အဆင့် ၄ ဇွန်ဘီရုပ်သေး ခေါင်းဆောင်များသည် လှေကားထစ်များအတွင်းသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြကာ တစ်ထပ်ပြီးတစ်ထပ် စနစ်တကျ သုတ်သင်ရှင်းလင်းကြတော့သည်။

တစ်ရပ်ကွက်လုံးရှိ ဇွန်ဘီများ၏ အော်ဟစ်မြည်တမ်းသံများသည် ရုတ်တရက် ကျယ်လောင်လာသော်လည်း ကံမကောင်းစွာဖြင့် ထိုအသံများသည် တစ်ချက်မျှ အော်ဟစ်ပြီးသည်နှင့် တစ်ပြိုင်နက် ချက်ချင်းပင် ပြတ်တောက်သွားကြရရှာသည်။

နာရီဝက်ခန့်အကြာတွင် အဆောက်အအုံ ရှစ်လုံးစလုံးမှာ စင်ကြယ်အောင် ရှင်းလင်းပြီးသွားခဲ့ပြီ ဖြစ်သည်။ လုချွမ်းသည် ဇွန်ဘီရုပ်သေး အမြောက်အမြားကို ရပ်ကွက်ပတ်ပတ်လည်၌ ဖြန့်ကြက်ချထားလိုက်ပြီး ပတ်ဝန်းကျင်၌ရှိသော ဇွန်ဘီများကိုပါ ထပ်မံ၍ သုတ်သင်ရှင်းလင်းစေခဲ့သည်။

ရပ်ကွက်အတွင်း နေထိုင်သည့်အခါ အသံဗလံများ ထွက်ပေါ်ခြင်းကို ရှောင်လွှဲ၍ မရနိုင်ပေ။ ထို့ကြောင့် အပြင်ဘက်တွင် လွင့်မျောနေသော ဇွန်ဘီများက အသံကြား၍ စုရုံးရောက်ရှိလာခြင်းမျိုး မဖြစ်ပေါ်စေရန်အတွက် ကြိုတင်၍ သတ်ဖြတ်ကာ အမြစ်ဖြတ်ထားခြင်းမှာ အကောင်းဆုံးသော နည်းလမ်းပင်။

All Chapters