အခန်း (၃၄၈)
Vol. 35 Ch. 348
အခန်း။ ၃၄၈
ထိုအချိန်တွင် ဟန်ယဲ့ရပ်ကွက်၏ ပတ်လည်နယ်နိမိတ်တစ်ခုလုံးသည် ငရဲဘုံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသယောင် ထင်မှတ်ရပြီး မြေပြင်ထက်၌ သွေးစွန်းသော အလွှာတစ်ခု ဖုံးလွှမ်းသွားကာ အလောင်းအစိတ်အပိုင်းများမှာလည်း နေရာအနှံ့ ပြန့်ကျဲနေတော့သည်။ နာကျင်စွာ အော်ဟစ်မြည်တမ်းသံများမှာလည်း မဆုံးနိုင်အောင် ပဲ့တင်ထပ်နေသည်။
မူလက တင့်ကားများနှင့် သံချပ်ကာယာဉ် စုစုပေါင်း အစီးရေ ၄၀ ကျော် ရှိခဲ့သော်လည်း ယခုအခါ ၉ စီးသာ ဆက်လက်အသုံးပြုနိုင်သည့် အခြေအနေတွင် ရှိတော့သည်။
ထိုအထဲတွင် ၂ စီးမှာ အပြင်းအထန် ပျက်စီးသွားသဖြင့် တိုက်ခိုက်ရေးစွမ်းရည် ဆုံးရှုံးသွားခဲ့ရသော်လည်း ကံကောင်းထောက်မစွာဖြင့် မောင်းနှင်မှုစနစ်မှာမူ အကောင်းအတိုင်း ရှိနေသေးသည်။
သံချပ်ကာယာဉ်များနှင့် နှိုင်းယှဉ်ပါက လူအင်အားဆုံးရှုံးမှုမှာ ထိုထက်ပင် ပိုမိုဆိုးရွားလှသည်။ မူလက ၉၀၀ ကျော်ရှိခဲ့သော စစ်သည်တော်များထဲမှ ထက်ဝက်ကျော်မှာ ကျိရုရွှယ်၏ ရုတ်တရက် တုံ့ပြန်တိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ကြရသည်။
အထူးသဖြင့် ဒုံးပစ်လောင်ချာ၊ စနိုက်ပါရိုင်ဖယ်နှင့် မော်တာများကို ကိုင်ဆောင်ထားသော စစ်သည်တော်များထဲမှ တစ်ဦးတစ်ယောက်မျှ အသက်မရှင်ကျန်ရစ်ခဲ့ဘဲ အကုန်အစင် သေကျေပျက်စီးသွားခဲ့ကြသည်။
ကျန်ရှိနေသော စစ်သည်တော်များ၏ ထက်ဝက်ခန့်မှာလည်း ဒဏ်ရာအမျိုးမျိုး ရရှိထားကြသဖြင့် မြေပြင်ပေါ်တွင် လဲကျလျက် နာကျင်စွာ ညည်းတွားနေကြပြီး သူတို့၏ အခြေအနေမှာလည်း တစ်စက္ကန့်ထက်တစ်စက္ကန့် ပိုမိုဆိုးရွားလာနေသည်။
ဤကဲ့သို့သော ပျက်စီးဆုံးရှုံးမှုကြီးမှာ ကွပ်ကဲရေးအရာရှိကိုပင် ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။
တစ်ကြိမ်တည်းနှင့် ထိပ်တိုက်ရင်ဆိုင်ရုံမျှဖြင့် ဤမျှကြီးမားသော ဆုံးရှုံးမှုမျိုး ကြုံတွေ့ရသည်ဖြစ်ရာ ဆက်လက်တိုက်ခိုက်နေမည်ဆိုပါက တစ်တပ်လုံး အမြစ်ပြတ် သုတ်သင်ခံရမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
"ဆုတ်ခွာကြ... အခုချက်ချင်း ဆုတ်ခွာကြစမ်း"
ဝေါ်ကီတော်ကီမှတစ်ဆင့် အရာရှိ၏ အသည်းအသန် အော်ဟစ်သံ ထွက်ပေါ်လာသည်။
ထိုအမိန့်ကို ရရှိလိုက်သောအခါ စစ်သည်တော်များမှာ စိတ်သက်သာရာရသွားကြပြီး တွန့်ဆုတ်မနေတော့ဘဲ ဒဏ်ရာရရှိထားသော ရဲဘော်ရဲဘက်များကိုပါ သယ်ဆောင်လျက် အစွမ်းကုန် ဆုတ်ခွာကြတော့သည်။
ဝုန်း... ဝုန်း...
မီးခိုးမည်းများ မှုတ်ထုတ်နေသော တင့်ကား ၂ စီးနှင့် သံချပ်ကာယာဉ် ၇ စီးတို့သည် စစ်သည်အမြောက်အမြား၏ ဝန်းရံမှုဖြင့် ဟန်ယဲ့ရပ်ကွက် အပြင်ဘက်သို့ ဖရိုဖရဲ မောင်းနှင်ထွက်ခွာသွားကြသည်။
"တောက်... ဒီကောင်တွေ ထွက်ပြေးဖို့ ကြိုးစားနေကြတာပဲ"
စစ်မြေပြင်ကို ကြည့်ရင်း ကျောက်လင်းက အံ့သြတကြီး အော်ဟစ်လိုက်သည်။
ဟန်ယဲ့ရပ်ကွက်ကို ဖျက်ဆီးရန် ကြိုးပမ်းရုံတင်မကဘဲ အစောပိုင်းက သူမကိုပါ သတ်ဖြတ်ရန် ကြိုးစားခဲ့သော ဤလူသားစစ်တပ်အပေါ် သူမအနေဖြင့် မည်သည့်ကရုဏာတရားမျှ မရှိတော့ပေ။
သူမ၏ ကရုဏာတရားမှာ လူသားမျိုးနွယ်တစ်ခုလုံးအတွက်သာဖြစ်ပြီး သူမကို ခြိမ်းခြောက်နေသော လူတစ်စုအတွက် မဟုတ်ပေ။ သူမသည် သူတော်စင်တစ်ပါး မဟုတ်ပါချေ။
သူမဘေးတွင် ရှိနေသော ကျိရုရွှယ်သည်လည်း အမောတကောဖြင့် ခေါင်းညိတ်လိုက်ပြီး နဖူးမှ ချွေးများကို သုတ်ကာ တိတ်ဆိတ်နေသည်။
စွမ်းအားကို အစွမ်းကုန် နှစ်ကြိမ်တိုင်တိုင် ထုတ်ဖော်လိုက်ရခြင်းမှာ သူမအတွက် အလွန်ပင် ပင်ပန်းနွမ်းနယ်စေသည်။ အထူးသဖြင့် သူမ၏ လက်ရှိ သေးငယ်သော ခန္ဓာကိုယ်အနေအထားနှင့် ဆိုလျှင် ပို၍ပင် ဆိုးရွားလှသည်။
သူမ၏ ခန့်မှန်းချက်အရ လက်ရှိ ခန္ဓာကိုယ်မှာ စွမ်းအားအပြည့် ထုတ်ဖော်မှုကို နှစ်ကြိမ်သာ တောင့်ခံနိုင်ပြီး တတိယအကြိမ် ထပ်မံအသုံးပြုပါက သူမ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ နှစ်ခုစလုံးကို ထိခိုက်ပျက်စီးသွားစေနိုင်သည်။
လူသားများ ဆုတ်ခွာသွားသည်ကို မြင်လိုက်ရသော လုချွမ်းသည် ဤအခွင့်အရေးကို စောင့်ဆိုင်းနေသူဖြစ်ရာ သူတို့ကို လွယ်လွယ်နှင့် လွတ်မြောက်ခွင့်ပေးမည် မဟုတ်ပေ။ ကျူးကျော်ဝင်ရောက်လာရန် သတ္တိရှိလျှင် အမြစ်ပြတ် သုတ်သင်ခံရမည့်အရေးကိုလည်း အဆင်သင့် ပြင်ထားရပေလိမ့်မည်။
ချက်ချင်းပင် ဟန်ယဲ့ရပ်ကွက်အတွင်း၌ ပုန်းကွယ်နေသော ဇွန်ဘီရုပ်သေးများမှာ အပြင်သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်လာကြတော့သည်။
ဝုန်း... ဝုန်း... ဝုန်း...
မြေပြင်မှာ တုန်ခါသွားပြီး အာဖန်းနှင့် အခြားသော ဇွန်ဘီရုပ်သေးများသည် ရပ်ကွက်ဂိတ်ဝဆီသို့ အပြင်းအထန် ထိုးစစ်ဆင်လာကြသည်။
"ပြန်လည်တိုက်ခိုက်ကြ... ပြန်လည်တိုက်ခိုက်ကြစမ်း"
၎င်းကို မြင်လိုက်ရသောအခါ ရပ်ကွက်အပြင်ဘက်ရှိ အရာရှိသည် အသက်ရှင်ကျန်ရစ်သော တပ်ဖွဲ့ဝင်များကို မတတ်သာသည့်အဆုံး ပြန်လည်ခုခံရန် အမိန့်ပေးလိုက်ရတော့သည်။
ဒိုင်း... ဒိုင်း... ဒိုင်း...
တိုက်ခိုက်နိုင်စွမ်း ကျန်ရှိသေးသော စစ်သည်အချို့မှာ ဒဏ်ရာရရဲဘော်များကို ခဏချထားခဲ့ကာ ရိုင်ဖယ်များကို ဆွဲယူ၍ အာဖန်းနှင့် အခြားသော ဇွန်ဘီရုပ်သေးများထံသို့ ပစ်ခတ်ကြသည်။
သို့သော်လည်း ရှေ့ဆုံးမှ တင့်ကားအမျိုးအစားဇွန်ဘီများဖြစ်သည့် အာဖန်းနှင့် အာဖန်းလေးတို့အတွက်မူ ထိုကျည်ဆန်များမှာ ယားယံရုံမျှသာ ရှိတော့သည်။ မီးပွားအချို့ ထွက်ပေါ်လာသည်မှအပ မည်သည့် ထိခိုက်မှုကိုမျှ မပေးနိုင်ပေ။
ဝုန်း...
ထိုခဏ၌ပင် အာဖန်းနှင့် အာဖန်းလေးတို့ကဲ့သို့သော ဇွန်ဘီရုပ်သေးများသည် လူသားတင့်ကားကြီးများသဖွယ် လူအုပ်အတွင်းသို့ အရှိန်အဟုန်ဖြင့် ဝင်တိုက်လိုက်ကြတော့သည်။
အား...
နာကျင်စွာ အော်ဟစ်သံများ ချက်ချင်းပင် ပဲ့တင်ထပ်သွားခဲ့ပြီး သွေးစက်သွေးမှုန်များကြား၌ စစ်သည်အမြောက်အမြား၏ ခန္ဓာကိုယ်များမှာ လွင့်စင်ထွက်သွားကာ အနီးနားရှိ သံချပ်ကာယာဉ်များနှင့် တင့်ကားများကို အားပြင်းစွာ သွားရောက် ရိုက်မိကုန်ကြတော့သည်။
တစ်ချိန်တည်းမှာပင် လျှပ်စီး ၁ ကဲ့သို့သော ဇွန်ဘီရုပ်သေးများသည်လည်း လျင်မြန်စွာ လှုပ်ရှားကာ လူအုပ်အတွင်းရှိ အသက်ဝိညာဉ်များကို အရှိန်အဟုန်ပြင်းစွာဖြင့် ရိတ်သိမ်းနေတော့သည်။
"သတ်ကြစမ်း"
ထိုခဏ၌ စစ်တပ်အတွင်းရှိ ဆင့်ကဲပြောင်းလဲသူဆယ်ဂဏန်းခန့်သည် ဒေါသတကြီး ဟိန်းဟောက်ကာ ရှေ့သို့ ခုန်ထွက်လာပြီး ဇွန်ဘီရုပ်သေးများကို တိုက်ခိုက်ကြသည်။
၎င်းတို့၏ ခန္ဓာကိုယ်များမှ ဝိညာဉ်အလင်းတန်းများမှာလည်း တဖြည်းဖြည်း ထွက်ပေါ်လာကြသည်။
ဝုန်း... ဝုန်း... ဝုန်း...
သို့သော် မမျှော်လင့်ဘဲ ထိုဆင့်ကဲပြောင်းလဲသူများ ဇွန်ဘီရုပ်သေးများနှင့် မရင်ဆိုင်ရသေးမီမှာပင် ကောင်းကင်ယံမှ အရည်ပျော်နေသော ချော်ရည်မီးလုံးများ ကျရောက်လာပြီး သူတို့၏အပေါ်တည့်တည့်တွင် ပေါက်ကွဲသွားခဲ့သည်။
"အား..."
ဆင့်ကဲပြောင်းလဲသူများမှာ တပြိုင်နက်တည်း အော်ဟစ်လိုက်ကြရပြီး သူတို့၏ ခန္ဓာကိုယ်များမှာ မီးလျှံများအတွင်း အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားကာ မီးကျွမ်းနေသော အလောင်းများသာ ကျန်ရစ်ခဲ့တော့သည်။
"ဟင်း... အဆင့် ၃ ဆင့်ကဲပြောင်းလဲသူလောက်နဲ့များ ငါ့ရှေ့မှာ လာပြီး အရှက်ခွဲနေတာလား။ ကိုယ့်အဆင့်ကိုယ် မသိတဲ့ လူမိုက်တွေပဲ"
လုချွမ်းက စိတ်ထဲမှ လှောင်ပြောင်လိုက်ပြီး မီးလျှံ ၁ ကို အောက်သို့ ဆင်းသက်ရန် အမိန့်
ပေးလိုက်သည်။ သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ မီးနဂါးရာနှင့်ချီ၍ ထွက်ပေါ်လာပြီး ဆုတ်ခွာနေသော လူသားစစ်သည်များအကြားတွင် ပေါက်ကွဲသွားခဲ့သည်။
ခဏချင်းမှာပင် ကျန်ရှိနေသော စစ်သည် ရာဂဏန်းထဲမှ လူတစ်ရာပင် မပြည့်တော့သော အရေအတွက်သာ လုချွမ်း၏ တိုက်စစ်အောက်တွင် အသက်ရှင်ကျန်ရစ်တော့သည်။
ထိုသူများသည်လည်း တိုက်ခိုက်လိုစိတ် လုံးဝပျောက်ဆုံးသွားကြပြီး ရူးသွပ်စွာ ထွက်ပြေးနေကြရရှာသည်။
ဝုန်း... ဝုန်း...
တိုက်ပွဲအတွင်းမှာပင် ကျန်ရှိနေသော သံချပ်ကာယာဉ်နှင့် တင့်ကားအနည်းငယ်မှာလည်း ဧရာမဇွန်ဘီ ၁ နှင့် အခြားသော ဇွန်ဘီများ၏ တိုက်ခိုက်မှုကြောင့် တိမ်းမှောက်သွားကြပြီး တိုက်ခိုက်နိုင်စွမ်း ကင်းမဲ့သွားကြသည်။
အထူးသဖြင့် အာဖန်းလေးသည် ကြိတ်ဆုံကျောက်တုံးခန့်ကြီးမားသော သူ၏လက်သီးများဖြင့် သံချပ်ကာယာဉ်များကို တစ်စီးပြီးတစ်စီး ထုချေပစ်လိုက်ရာ အတွင်းရှိ စစ်သည်များမှာ သွေးအန်၍ သေဆုံးကြရသလို အချို့မှာလည်း အသားညှပ်ခံရကာ အသားစိုင်များအဖြစ်သို့ ပြောင်းလဲသွားကြရသည်။
လုချွမ်းသည် သူတို့ကို လွှတ်ပေးရန် အစီအစဉ်မရှိသဖြင့် လိုက်လံချေမှုန်းမှုမှာ ဆက်လက်ရှိနေခဲ့သည်။
မကြာမီမှာပင် ထွက်ပြေးနေသော စစ်သည်အားလုံးမှာ ဇွန်ဘီရုပ်သေးများ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး ပြန့်ကျဲနေသော လူအနည်းငယ်နှင့် အသက်ရှင်ကျန်ရစ်သူများကို ဦးဆောင်နေသည့် ဆင့်ကဲပြောင်းလဲသူ အနည်းငယ်သာ ကျန်ရှိတော့သည်။
တစ်မိနစ်ခန့်အကြာတွင် မမျှော်လင့်ထားသည့်အတိုင်းပင် ရှေ့တန်းမှ ဆင့်ကဲပြောင်းလဲသူများသည် လုချွမ်းကို စစ်တပ်၏ ကွပ်ကဲမှုဌာနတည်ရှိရာသို့ လမ်းပြခေါ်ဆောင်သွားကြတော့သည်။
ထိုအချိန်တွင် ယာယီကွပ်ကဲမှုဌာန၌လည်း အန္တရာယ်ကို ကြိုတင်ရိပ်မိနေပြီဖြစ်ရာ တပ်မှူးအပါအဝင် လူတစ်ရာကျော်မှာ ဆုတ်ခွာရန် ပြင်ဆင်နေကြပြီး ကွင်းပြင်အတွင်း၌ ရဟတ်ယာဉ် ၃ စီးနှင့် စစ်ဘက်သုံးယာဉ် ၇ စီးတို့မှာ စက်နှိုးထားပြီး ဖြစ်သည်။
"မကောင်းတော့ဘူး... အမြန်ထွက်ကြစမ်း"
ရဟတ်ယာဉ်ပေါ်သို့ ရောက်ရှိနေသော တပ်မှူးသည် နောက်ကွယ်မှ မြင်ကွင်းကို ကြည့်ရှုရင်း အော်ဟစ်လိုက်သည်။
သို့သော်လည်း အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။
ရှူး... ရှူး... ရှူး...
လျှပ်စီး ၁ နှင့် အခြားသော လျင်မြန်မှုအမျိုးအစားဇွန်ဘီရုပ်သေးများသည် ရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြပြီး သူတို့၏ သံမဏိလက်သည်းများဖြင့် လေထုကို ဖြတ်သန်းကာ အေးစက်လှသော ဓားအလင်းတန်းများသဖွယ် ပိုင်းဖြတ်လိုက်ကြသည်။
ဖတ်...
ယာဉ်ပေါ်သို့ မတက်ရသေးသော စစ်သည်ဆယ်ဂဏန်းခန့်မှာ ခေါင်းများ ပြတ်ထွက်သွားကြပြီး လည်ပင်းများမှ သွေးများမှာ ရေပန်းသဖွယ် ပန်းထွက်လာတော့သည်။
ထို့နောက်တွင် အာဖန်းနှင့် အခြားသော ဇွန်ဘီရုပ်သေးများ ရောက်ရှိလာပြီး သူတို့၏ ဟိန်းဟောက်နေသော လက်သီးများဖြင့် စစ်ဘက်သုံးယာဉ်များကို ထုနှက်လိုက်ကြသည်။
ဝုန်း... ဝုန်း...
ကျယ်လောင်လှသော ပေါက်ကွဲသံများနှင့်အတူ ထရပ်ကားများပေါ်ရှိ စစ်သည်များမှာ သွေးအိုင်အတွင်း ပေါက်ကွဲပျက်စီးသွားကြရပြီး အသားစိုင်များမှာလည်း အရပ်မျက်နှာအနှံ့ ပြန့်ကျဲသွားခဲ့သည်။ ရှေ့ခန်းမှ ယာဉ်မောင်းမှာလည်း ပြင်းထန်သော တုန်ခါမှုဒဏ်ကြောင့် သွေးအန်ကာ သေဆုံးသွားခဲ့ရရှာသည်။
ထိပ်တိုက်ရင်ဆိုင်မှု တစ်ကြိမ်အတွင်းမှာပင် ယာယီကွပ်ကဲမှုဌာနမှ ဝန်ထမ်းအများစု ဆုံးရှုံးသွားခဲ့ရပြီး ရဟတ်ယာဉ် ၃ စီးပေါ်ရှိ အဆင့်မြင့်အရာရှိများနှင့် အဖွဲ့သားအချို့သာ ကျန်ရှိတော့သည်။
ထိုခဏအတွင်းမှာပင် ရဟတ်ယာဉ် ၃ စီးမှာ အမြင့်သို့ ပျံတက်သွားခဲ့ပြီး လုချွမ်း၏ တိုက်ခိုက်မှုကို ရှောင်ကွင်းရန် အရပ်မျက်နှာ သုံးဖက်သို့ ခွဲ၍ ထွက်ပြေးရန် ကြိုးစားကြတော့သည်။
"ရယ်စရာပဲ"
၎င်းကို မြင်လိုက်ရသောအခါ လုချွမ်းက လှောင်ပြောင်လိုက်ပြီး မီးလျှံ ၁ ကို စိတ်ဖြင့် ထိန်းချုပ်ကာ မီးနဂါးသုံးကောင်အဖြစ် ချက်ချင်း ပြောင်းလဲစေလိုက်သည်။ ထိုမီးနဂါးများသည် ဟိန်းဟောက်လျက် ရဟတ်ယာဉ်များထံသို့ တစ်ဟုန်ထိုး ပြေးဝင်သွားကြတော့သည်။
ရဟတ်ယာဉ်မှူးများမှာ မည်မျှပင် ကျွမ်းကျင်ပါစေ ဝေဟင်ထက်၌ အလွန်လျင်မြန်လှသော မီးနဂါးများကို ယှဉ်နိုင်စွမ်းမရှိပေ။ မီးနဂါးများသည် ၎င်းတို့နောက်သို့ ချက်ချင်းလိုက်ပါသွားပြီး တိုက်မိတော့မည့် အခြေအနေသို့ ရောက်ရှိသွားသည်။
"တောက်... အဲဒီ ဇွန်ဘီဘုရင်"
ရဟတ်ယာဉ်တစ်စင်းပေါ်တွင် တပ်မှူးသည် ချဉ်းကပ်လာသော မီးနဂါးများကို မုန်းတီးမှုအပြည့်ဖြင့် ကြည့်နေမိသည်။
"အရာရှိမင်း... ကျွန်တော် အရင်ဆုံး ဘေးကင်းရာကို ပို့ပေးပါ့မယ်"
ထိုအချိန်တွင် တပ်မှူးကို စောင့်ရှောက်နေသော ဆင့်ကဲပြောင်းလဲသူသည် ရုတ်တရက် စကားပြောလိုက်ပြီး တပ်မှူး၏ ကန့်ကွက်မှုကို ဂရုမစိုက်ဘဲ ပွေ့ချီလိုက်သည်။ ငွေရောင်
အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီးနောက် သူတို့နှစ်ဦးမှာ ရဟတ်ယာဉ်အတွင်းမှ ပျောက်ကွယ်သွားခဲ့သည်။
ဝုန်း... ဝုန်း... ဝုန်း...
နောက်တစ်စက္ကန့်တွင် ရဟတ်ယာဉ် ၃ စီးစလုံးမှာ ပေါက်ကွဲသွားပြီး အောက်ဘက်သို့ ပျက်ကျသွားခဲ့တော့သည်။