အခန်း (၃၄၉)
Vol. 35 Ch. 349
အခန်း။ ၃၄၉
ယခုအချိန်တွင် ကွပ်ကဲမှုဌာန၏ ကျရှုံးမှုကို မျက်ဝါးထင်ထင် မြင်တွေ့နေရပြီဖြစ်ရာ လုချွမ်းကို ကိုင်တွယ်ရန် စေလွှတ်လိုက်သော လီမြစ်အခြေစိုက်စခန်းမှ တပ်ဖွဲ့များမှာလည်း တစ်တပ်လုံးနီးပါး သုတ်သင်ရှင်းလင်းခံလိုက်ရပြီ ဖြစ်သည်။
ဝုန်း... ဝုန်း... ဝုန်း...
ထိုစဉ် မီးခိုးတန်းများနောက်တွင် ချန်ရစ်ခဲ့သော တိုက်ခိုက်ရေးရဟတ်ယာဉ် ၃ စီးမှာ နောက်ဆုံး၌ မြေပြင်ပေါ်သို့ ပျက်ကျသွားခဲ့ပြီး ကွင်းပြင်တစ်ခုလုံးကို တုန်ခါသွားစေကာ ပြင်းထန်လှသော မီးလျှံများနှင့် လေဖိအားလှိုင်းများမှာ အရပ်မျက်နှာအနှံ့သို့ ရိုက်ခတ်သွားတော့သည်။
ဝေဟင်ထက်မှနေ၍ အပြင်းအထန် မီးလောင်ကျွမ်းနေဆဲဖြစ်သော ရဟတ်ယာဉ်ပျက်တစ်စီးကို ငုံ့ကြည့်ရင်း လုချွမ်းမှာ မျက်မှောင်အနည်းငယ် ကြုတ်သွားမိသည်။
ဒါဟာ စိတ်ကူးယဉ်မှုသက်သက်လား... ဒါမှမဟုတ် ရဟတ်ယာဉ်ထဲက တည်ရှိမှုတစ်ခုခုက ရုတ်တရက် ပျောက်ကွယ်သွားတာလား...
လုချွမ်းသည် ဇွန်ဘီရုပ်သေး၏ အမြင်အာရုံကို ငှားရမ်းအသုံးပြုနေခြင်းဖြစ်သဖြင့် အပြည့်အဝမပြောနိုင်ဘဲ စိတ်ထဲမှသာ တိတ်တဆိတ် ခန့်မှန်းနေမိသည်။
အတည်မပြုနိုင်တော့သည့်အဆုံး လုချွမ်းမှာ ထိုအကြောင်းကို ဆက်လက်တွေးတောမနေတော့ဘဲ ဇွန်ဘီရုပ်သေးကို ထိန်းချုပ်ကာ ကွပ်ကဲမှုဌာနရှိ ရိက္ခာနှင့် ပစ္စည်းပစ္စယများကို ရှာဖွေသိမ်းဆည်းလိုက်သည်။ ထို့နောက် ရဟတ်ယာဉ်ပျက်များကြားမှ ဇွန်ဘီ အမြုတေများ ထည့်ထားသော သေတ္တာအချို့ကိုလည်း တွေ့ရှိခဲ့သည်။
သေတ္တာများထဲတွင် အဆင့် ၁ ဇွန်ဘီအမြုတေ အရေအတွက်မှာ ၉၀ ရာခိုင်နှုန်းခန့်ရှိပြီး အများဆုံးဖြစ်ကာ အဆင့် ၂ နှင့် အဆင့် ၃ အမြုတေများမှာမူ နည်းပါးလှသည်။
၎င်းတို့မှာ လူသားစစ်တပ် မြို့ထဲသို့ ဝင်ရောက်လာစဉ်က ပတ်ဝန်းကျင်ရှိ ဇွန်ဘီများကို သတ်ဖြတ်၍ ရရှိလာသော ပစ္စည်းများပင်။
ထိုအမြုတေအားလုံးကို သိမ်းဆည်းပြီးနောက် လုချွမ်းသည် ဇွန်ဘီရုပ်သေးများကို ထိန်းချုပ်ကာ ဟန်ယဲ့ရပ်ကွက်သို့ အမြန်ဆုံး ပြန်လည်စေလွှတ်လိုက်သည်။
ဟန်ယဲ့ရပ်ကွက်ရှိ ဧည့်ခန်းအတွင်း
"မမ ကျောက်လင်း... ဘာလို့ သမီးကို အဲဒီလို စိုက်ကြည့်နေတာလဲဟင်"
ကျိရုရွှယ်သည် ပြတင်းပေါက်မှ အကြည့်ကို လွှဲလိုက်ပြီးနောက် သူမကို ထူးဆန်းသောအမူအရာဖြင့် စိုက်ကြည့်နေသော ကျောက်လင်းကို တွေ့ရှိသွားသဖြင့် လှည့်၍ မေးမြန်းလိုက်သည်။
"ချီချီလေး... သမီးက ဘယ်လိုလုပ် ဒီလောက်တောင် သန်မာနေရတာလဲ။ ဒါ သမီးရဲ့ ပါရမီစွမ်းရည်လား"
ကျောက်လင်းသည် ကျိရုရွှယ်ကို မယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်နေမိပြီး သူမ၏ မျက်လုံးများထဲတွင် အံ့သြတုန်လှုပ်မှုများ ပြည့်နှက်နေလျက် မေးမြန်းလိုက်ခြင်းဖြစ်သည်။
ထိုသို့ပြောဆိုရင်း ကျောက်လင်းသည် ရှေ့သို့ တိုးလာကာ ကျိရုရွှယ်ကို ခြေဆုံးခေါင်းဆုံး အကဲခတ်ကြည့်ရှုရင်း အံ့သြဘနန်း ဖြစ်နေတော့သည်။
အစောပိုင်းက ချီချီလေးထုတ်ဖော်ပြသခဲ့သည့် အရှိန်အဝါကို သူမ အထင်အရှား မြင်တွေ့ခဲ့ရသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကျရောက်လာသော အမြောက်ကျည်များကို ထိန်းချုပ်နိုင်ရုံတင်မကဘဲ ၎င်းတို့ကို ပြန်လည်ပစ်လွှတ်ကာ လူသားစစ်တပ်ကို ခဏချင်းအတွင်း အကြီးအကျယ် ထိခိုက်ပျက်စီးသွားအောင် လုပ်ဆောင်နိုင်ခဲ့သည်။
ဤကဲ့သို့သော တိုက်ခိုက်ရေးစွမ်းရည်မျိုးမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှရာ ချီချီလေးကို အဆင့် ၅ ဆင့်ကဲပြောင်းလဲသူဟု တစ်ယောက်ယောက်က ပြောလာလျှင်ပင် သူမ ယုံကြည်မိပေလိမ့်မည်။
သို့သော်လည်း ကျောက်လင်းအတွက် လက်ရှိတွင် အကြီးမားဆုံးသော ဇဝေဇဝါဖြစ်စရာမှာ ချီချီလေးသည် ကလေးငယ်တစ်ဦးသာ ဖြစ်နေသေးခြင်းပင်။ နေ့စဉ်ဘဝတွင်လည်း သူမသည် အလွန်အစွမ်းထက်သည့် အရိပ်အယောင်မျိုး တစ်ခါမျှ မပြသခဲ့ဖူးပေ။
သူမက ဒီပါရမီစွမ်းရည်ကို ဘယ်တုန်းကတည်းက စပြီး နိုးထလာတာလဲ။ ပြီးတော့ အဲဒီစွမ်းရည်က ဘာကြီးလဲ။ ငါ့ရဲ့ ပြန်လည်ရှင်သန်ခြင်းစွမ်းရည်နဲ့တောင် ယှဉ်နိုင်မလား မသိဘူး..."
ထိုစကားကို ကြားလိုက်ရသောအခါ ကျိရုရွှယ်၏ ဖြူစင်ဝင်းပသော မျက်နှာလေးမှာ ရုတ်တရက် အနေခက်သွားဟန် ပေါ်လာသည်။ အစောပိုင်းက အရေးပေါ်အခြေအနေတွင် ကျောက်လင်းသည် သူမ၏ဘေးနား၌ ရှိနေသေးသည်ကို သူမ မေ့လျော့သွားခဲ့ခြင်းပင်။
ထို့ကြောင့် ကျိရုရွှယ်က ဤသို့သာ ရှင်းပြလိုက်ရတော့သည်။
"မမ ကျောက်လင်း... ဖေဖေက သမီးရဲ့ စွမ်းရည်တွေကို ဘယ်သူ့ရှေ့မှာမှ အလွယ်တကူ ထုတ်မပြဖို့ အထူးမှာထားလို့ပါ..."
ထိုစကားကို ကြားသောအခါ ကျောက်လင်းက ခေါင်းညိတ်ပြလိုက်သည်။
လုချွမ်း၏ သတိကြီးစွာ ထားတတ်သော ချဉ်းကပ်ပုံကို သူမ သဘောတူသော်လည်း သူမအပေါ်တွင်ပါ အထင်အရှား သတိထားနေခြင်းအပေါ်တွင်မူ အနည်းငယ် စိတ်ခုမိသွားသည်။
ငါ့ကိုတောင် သတိထားနေတာလား... တောက် လုချွမ်း... နင်ကတော့လေ။
"ချီချီလေး... သမီးကတော့ တကယ်ကို လျှို့ဝှက်နိုင်လွန်းတာပဲနော်"
ကျောက်လင်းသည် ခါးသီးသော အပြုံးဖြင့် ခေါင်းကို ခါယမ်းလိုက်တော့သည်။
ချီချီလေးသည် သူမ၏ စွမ်းအားကို အလွန်လျှို့ဝှက်ထားနိုင်လွန်းသဖြင့် အမြဲတမ်း ဘေးနားမှာ ရှိနေခဲ့သော ကျောက်လင်းပင်လျှင် မည်သည့်ထူးခြားမှုကိုမျှ သတိမပြုမိခဲ့ချေ။
သာမက ချီချီလေး ပြသလိုက်သော ခွန်အားမျိုးနှင့်ဆိုလျှင် သူမအနေဖြင့် ကာကွယ်ပေးရန်ပင် လိုအပ်ပါဦးမလား။
ယခင်က သူမ တွေးတောခဲ့ဖူးသည်များနှင့် ချီချီလေးကို ကာကွယ်ပေးမည်ဟု ပြောဆိုခဲ့ဖူးသည်များကို ပြန်လည်စဉ်းစားမိသည့်အခါ ကျောက်လင်းမှာ အရှက်သည်းကာ မျက်နှာလေး နီမြန်းသွားရတော့သည်။
သူမမှာတော့ နေ့တိုင်း ချီချီလေး၏ ဘေးကင်းရေးအတွက် စိုးရိမ်ပူပန်နေခဲ့ပြီး တစ်စုံတစ်ရာ ထိခိုက်မိမှာကို ကြောက်နေခဲ့ရသည်။ သို့သော် လက်တွေ့တွင်မူ အန္တရာယ်နှင့် ရင်ဆိုင်ရသည့်အခါ သူမသာ အသက်ပျောက်သွားနိုင်သော်လည်း ချီချီလေးကမူ ပျော်ပျော်ရွှင်ရွှင်နှင့် ခုန်ပေါက်နေနိုင်ဦးမည် ဖြစ်သည်။
သူမ၏ စံနှုန်းများနှင့် ရည်မှန်းချက်များကို ပြန်လည်သုံးသပ်ကြည့်မိသောအခါ ကျောက်လင်းသည် သူမအနေဖြင့် ဤနေရာမှ ထွက်ခွာရန် အချိန်တန်ပြီလားဟု ရုတ်တရက် ခံစားလိုက်ရသည်။
ဤနေရာတွင် ဆက်နေခြင်းဖြင့် လုချွမ်းနှင့် သူ့သမီးအတွက် သူမမှာ မည်သည့်အသုံးဝင်မှုမျှ မရှိတော့ဘဲ ဝန်ထုပ်ဝန်ပိုးတစ်ခုသာ ဖြစ်နေပေလိမ့်မည်။
သူမအနေဖြင့် အပြင်သို့ ထွက်လှမ်းရန်၊ သူမ၏ စံနှုန်းများအတွက် တိုက်ပွဲဝင်ရန်နှင့် လူသားမျိုးနွယ်၏ ခေါင်းဆောင်တစ်ဦးဖြစ်လာစေရန် ကြိုးပမ်းရန် အချိန်တန်ပြီ ဖြစ်သည်။
ဤယာဉ်တန်းတွင် ဆက်နေခြင်းဖြင့် ဘဝမှာ ပူပင်ကြောင့်ကြမဲ့ပြီး ဘေးကင်းနိုင်သော်လည်း သူမ၏ ကိုယ်ပိုင်ရည်မှန်းချက်များကိုမူ ဘယ်လိုမှ အကောင်အထည်ဖော်နိုင်မည် မဟုတ်ပေ။
"မမ ကျောက်လင်း... စိတ်မဆိုးပါနဲ့နော်။ သမီးကလည်း ဒီလိုမလုပ်ချင်ပါဘူး။ ဖေဖေကပဲ လျှို့ဝှက်ထားဖို့ ပြောလို့ပါ"
ကျောက်လင်း၏ ထူးဆန်းသော မျက်နှာအမူအရာကို မြင်သောအခါ ကျိရုရွှယ်သည် အထင်အမြင်လွဲမှားမှုများ ဖြစ်သွားမှာကို စိုးရိမ်သဖြင့် အပြစ်အားလုံးကို သူမ၏ဖခင်ပေါ်သို့ ချက်ချင်းပင် ပုံချလိုက်တော့သည်။ မည်သို့ပင်ဆိုစေ ဤအမျိုးသမီးမှာ သူမဖခင်အပေါ် စောဒကတက်စရာများစွာ ရှိနေပြီးသားဖြစ်ရာ နောက်ထပ်တစ်ခု တိုးလာခြင်းက ပြဿနာမရှိနိုင်ပေ။
"ရပါတယ် ချီချီလေးရယ် မမ စိတ်မဆိုးပါဘူး။ အံ့သြသွားတာပါ
ငါ့တူမလေးက မမ့ထက်တောင် အများကြီး ပိုပြီး သန်မာနေလိမ့်မယ်လို့ မထင်ထားမိဘူးလေ"
ကျောက်လင်း သတိပြန်ဝင်လာသည့်အခါ ချီချီလေးက သူမကို သနားစဖွယ် ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် စိတ်ထဲမှာ ချက်ချင်းပင် နူးညံ့သွားရသည်။ သူမသည် ချီချီလေး၏ ဆံပင်များကို ဖွဖွလေး ပွတ်သပ်ပေးရင်း ပြုံးလျက် ပြောလိုက်သည်။
"မမ ကျောက်လင်းကလည်း တကယ်ကို သန်မာတာပါ စောစောက သမီးကို ကာကွယ်ဖို့အတွက် အဲဒီလူဆိုးတွေကို တိုက်ခိုက်နေတာကို သမီးကြည့်နေခဲ့တယ်"
"ဒါပေမဲ့ အခုတော့ သမီးရဲ့ စွမ်းရည်တွေကို လျှို့ဝှက်ထားစရာ မလိုတော့ဘူးလေ။ နောင်မှာ အန္တရာယ်ကြုံလာရင် သမီးက မမကျောက်လင်းကို ပြန်ပြီး ကာကွယ်ပေးနိုင်ပြီပေါ့"
ကျိရုရွှယ်က ကျောက်လင်းကို ချီးမွမ်းစကားဆိုရင်း တောက်ပသော အပြုံးလေးဖြင့် အလေးအနက် ပြောကြားလိုက်သည်။
ချီချီလေး၏ စကားများကို ကြားလိုက်ရသောအခါ ကျောက်လင်း၏ ရင်ထဲ၌ နွေးထွေးမှုများ ပြည့်လျှံသွားတော့သည်။ ချီချီလေးသည် သူမအပေါ် အမှန်တကယ်ပင် ကောင်းမွန်လှသည်။ အဆိုးဆုံးဖြစ်သော လုချွမ်းနှင့်မူ လုံးဝမတူပါချေ။
ချီချီလေး၏ နဖူးပေါ်ရှိ ချွေးစက်များကို မြင်သောအခါ အစောပိုင်းက စွမ်းအားထုတ်ဖော်မှုကြောင့် သူမ အတော်ပင် ပင်ပန်းသွားသည်ကို ကျောက်လင်း သိရှိလိုက်သည်။ ထို့ကြောင့် ကျောက်လင်းက အလွန်အမင်း စိုးရိမ်ပူပန်စွာဖြင့် "ချီချီလေး... သမီး ဖေဖေပြောတာကို နားထောင်သင့်တယ်နော်။ တကယ်ကို မလွဲမသာတဲ့ အခြေအနေမျိုးကလွဲလို့ သမီးရဲ့ စွမ်းအားတွေကို တခြားသူတွေရှေ့မှာ လုံးဝထုတ်မပြနဲ့ နားလည်လား။ အန္တရာယ်ရှိလာရင်တောင် မမက သမီးကို ကာကွယ်ပေးမှာပါ" ဟု မှာကြားလိုက်သည်။
လုချွမ်းအနေဖြင့် ချီချီလေးကို လျှို့ဝှက်ခိုင်းထားခြင်းမှာ ခိုင်လုံသော အကြောင်းပြချက်ရှိမည်ဟု ကျောက်လင်းက ခန့်မှန်းမိသည်။
ဤမျှငယ်ရွယ်သော ကလေးငယ်တစ်ဦးမှာ အစွမ်းထက်သည့် ပါရမီစွမ်းရည် နိုးထလာခြင်းက တစ်ကြောင်း ထိုစွမ်းအားမှာ နှိုင်းယှဉ်၍မရလောက်အောင် ပြင်းထန်နေခြင်းက တစ်ကြောင်းပင်။
အကယ်၍ ချီချီလေး၏ စွမ်းရည်များသာ လူသိရှင်ကြား ပေါက်ကြားသွားပါက မလိုအပ်ဘဲ အာရုံစိုက်ခံရမှုများ ရှိလာနိုင်သည်။
"ဟုတ်ကဲ့ပါ မမကျောက်လင်း... သမီး နားထောင်ပါ့မယ်"
ကျိရုရွှယ်က ကျောက်လင်း၏ လက်မောင်းကို လှုပ်ခါရင်း ချိုသာသော စကားလုံးများဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ချီချီလေးက တကယ့်ကို လိမ္မာတဲ့ ကလေးလေးပဲ"
ခဏတာမျှ ကျောက်လင်း၏ စိတ်အာရုံမှာ ပျော်ရွှင်ကြည်နူးသွားရပြီး ချီချီလေး၏ ပါးဖောင်းဖောင်းလေးကို ချစ်စနိုးဖြင့် ဆွဲဖျစ်လိုက်တော့သည်။
ထိုအချိန်တွင် ဇွန်ဘီရုပ်သေးများကို ထိန်းချုပ်ကာ ပြန်လည်ရောက်ရှိလာသော လုချွမ်းသည် ဧည့်ခန်းအတွင်းသို့ လမ်းလျှောက်ဝင်လာခဲ့သည်။ ချီချီလေးနှင့် ကျောက်လင်းတို့ တပြုံးပြုံးနှင့် စကားပြောနေကြသည်ကို မြင်လိုက်ရသဖြင့် သူသည် သူတို့အနီးသို့ ဖြည်းညင်းစွာ ချဉ်းကပ်သွားလိုက်သည်။
"ဖေဖေ အခြေအနေ ဘယ်လိုလဲဟင်။ အဲဒီလူဆိုးတွေကို အကုန်မောင်းထုတ်လိုက်ပြီလား"
လုချွမ်း လာနေသည်ကို မြင်သောအခါ ကျောက်လင်းနှင့် စကားပြောနေသည့် ကျိရုရွှယ်က မျှော်လင့်တကြီး မေးမြန်းလိုက်သည်။
ထိုစကားကို ကြားသောအခါ လုချွမ်းက ပြုံး၍ ခေါင်းညိတ်ပြလိုက်ပြီး စာရွက်ပေါ်တွင် ဤသို့ ရေးသားလိုက်သည်။
"ဒီနေရာက ဆက်နေဖို့ မလုံခြုံတော့ဘူး။ ပစ္စည်းတွေအကုန် သိမ်းကြ ငါတို့ အခုချက်ချင်းပဲ ဒီကနေ ထွက်သွားကြမယ်"
သူတို့၏ တည်နေရာမှာ လူသိရှင်ကြား ပေါ်ထွက်သွားခဲ့ပြီဖြစ်ရာ လီမြစ်မြို့တွင် ဆက်လက်နေထိုင်ရန် မလိုအပ်တော့ပေ။
ဤနေရာတွင် ကြာကြာနေလေလေ လူသားအင်အားစုများ၏ စနစ်တကျ ပြန်လည်တိုက်ခိုက်မှုများကို ရင်ဆိုင်ရလေလေ ဖြစ်ပေလိမ့်မည်။ လုချွမ်းအနေဖြင့် လူသားများနှင့် အင်အားပြုန်းတီးမည့် စစ်ပွဲမျိုးကို မဆင်နွှဲလိုပေ။
ထိုသို့ဆိုလျှင် ချီချီလေးနှင့် အခြားသူများအတွက် မလုံခြုံနိုင်သလို သူ၏လက်အောက်ရှိ ဇွန်ဘီရုပ်သေးများမှာလည်း အထိအခိုက် ဆုံးရှုံးမှုများ ရှိလာနိုင်သဖြင့် ၎င်းမှာ ထိုက်တန်သော ရလဒ်မျိုး မဟုတ်ပေ။
"အခုချက်ချင်းပဲ သိမ်းလိုက်ပါ့မယ်"
ထိုစကားကို ကြားသောအခါ ကျောက်လင်းက ခေါင်းညိတ်လိုက်သည်။
လုချွမ်းက ချီချီလေးကို သူမအား လိမ်ညာခိုင်းထားခြင်းအပေါ် မကျေမနပ် ဖြစ်နေသော်လည်း လက်ရှိအခြေအနေ၏ စိုးရိမ်ရမှုကို ကျောက်လင်း နားလည်သည်။ ဤကဲ့သို့သော ကိစ္စအသေးအမွှားလေးများအတွက် ငြင်းခုံနေရမည့်အချိန် မဟုတ်ပေ။
လူသားများက သူတို့ကို ရှာဖွေတွေ့ရှိသွားပြီဖြစ်ရာ ထွက်ခွာရန် အချိန်တန်ပြီ ဖြစ်သည်။