အခန်း (၄၁၉-၄၂၀)
Vol. 32 Ch. 419-420
ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၄၁၉)
"ကျွန်တော်တို့ ပထမဆုံးအကြိမ် အင်တာဗျူးဖို့သွားတည်းက သူဌေးယွမ်က ငြင်းလိုက်တာ၊
စာရေးဆရာလီ ကိုယ်တိုင် သွားဆွေးနွေးခဲ့တာတောင်မှ သူကလက်မခံခဲ့ဘူး"
အယ်ဒီတာချုပ်၏အကြည့်ကြောင့် တင်ဆက်သူလုမှာ ဖိအား ခံစားနေရသော်လည်း အကြောင်းရင်းကို ရှင်းလင်းစွာ ထုတ်ပြောလိုက်သည်။
"မင်း နောက်ထပ်သွားပြီးတော့ မညှိနှိုင်းနိုင်ဘူးလား၊ ငါက မင်းကို ယွမ်ကျိုးစားသောက်ဆိုင်ကို ရိုက်ကူးခိုင်းတာ မင်းကတော့ ချန် စားသောက်ဆိုင်ကိုရိုက်ကူးဖို့သွားခဲ့တယ်
ပြီးတော့ တည်းဖြတ်တာတောင် လုပ်ပြီးပြီ"
အယ်ဒီတာချုပ်က နောက်ဆုံးစာကြောင်းကို ပြောပြီးသည့်အချိန်တွင် သူ့ကဒေါသထွက်နေရာမှ ငြိမ်သက်သွားသည့် အတွက် တင်ဆက်သူလုမှာ ပို၍ပင်မသက်မသာ ဖြစ်လာရသည်။
"ဒါတွေ အားလုံးက သူဌေးယွမ်က ခေါင်းမာနေလို့ပဲ အဲ့တော့ ကျွန်တော်တို့က တခြားနည်းလမ်းပဲ သုံးရတော့တာပေါ့"
တင်ဆက်သူလုက လေးလေးနက်နက် ပြောလိုက်သည်။
"ခေါင်းမာတယ်ဟုတ်လား မင်းပါးစပ်က စားဖို့ပဲ တတ်ပြီးတော့ စကားမပြောတတ်ဘူးလား
အခု စာရေးဆရာလီ ဘယ်မှာလဲ"
အယ်ဒီတာချုပ်မှာ ဒေါသကိုထိန်းချုပ်ရင်းနှင့် မေးလိုက်သည်။
"သူက တံခါး အပြင်မှာပါ"
တင်ဆက်သူလုက စာရေးဆရာလီကို ပြတ်ပြတ်သားသား သစွာဖောက်လိုက်သည်။
“ဒီနေ့ပဲ တစ်ခါတည်းပြောလိုက်မယ်
ယွမ်ကျိုးရဲ့ စားသောက်ဆိုင် တစ်ဆိုင်တည်းနဲ့ ဒီဒေသရဲ့ GDP ကို အရမ်းမြင့်တက်စေခဲ့တာ
ထပ်ပြီးပြောရရင် ဒီစားသောက်ဆိုင်တစ်ဆိုင်ကပဲ ပုဂ္ဂလိက တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းငယ်တွေထဲမှာ အခွန်အများဆုံးဆောင်နေတယ့်ဆိုင်ပဲ ချန် စားသောက်ဆိုင်က ဒီလို လုပ်နိုင်မလား မင်းကိုယ်တိုင် စဉ်းစားကြည့် ”
အယ်ဒီတာချုပ်သည် စကားများကို အသက်ရှုရပ်မတတ် တစ်ခါတည်း ဆက်ပြောလိုက်သည်။
“မထင်ပါဘူး"
တင်ဆက်သူလု သည် ခေါင်းငုံပြီး အတိုချုံး ပြန်ဖြေလိုက်သည်။
“ဒါဆို ဒီမှာ ဘာလို့ မတ်တပ်ရပ်နေတာလဲ အာရုံစိုက်ရမယ့် အချက်ကို ငါ ပြောပြထားပြီးသားပဲ ဒါပေမယ့် မင်းကတော့ နာမည်တောင် မကြားဖူးတဲ့ စားသောက်ဆိုင်ကို သွားအင်တာဗျူးပြီး ယွမ်ကျိုးရဲ့ စားသောက်ဆိုင်ကိုကျ မသွားချင်ဘူး
မင်းက ကောင်းကင်ကို လှန်ချင်နေတာလား”
နောက်ဆုံးစကားကို အယ်ဒီတာချုပ်က အော်ကြီးဟစ်ကျယ် ပြောရင်း လက်ထဲရှိ ဖိုင်ကို တင်ဆက်သူလု ၏ မျက်နှာရှေ့ ကြမ်းပေါ်သို့ ဒေါသတကြီး လွှင့်ပစ်လိုက်သည်။
“ စာရေးဆရာလီ ကို ခေါ်လာ ချက်ချင်း ခေါ်လာခဲ့”
ထိုစကားကို ပြောပြီးနောက် အယ်ဒီတာချုပ်သည် ထိုင်ခုံပေါ် ပြန်ထိုင်ကာ တင်ဆက်သူလု ကို မကြည့်တော့ပေ။
“ ကောင်းပါပြီ.”
တင်ဆက်သူလု သည် ဖိုင်ကို ကောက်ယူပြီး ချက်ချင်း ထွက်သွားသည်။
“အသုံးမကျတဲ့ ဝက်တစ်အုပ်ပဲ ဒီလို ရေပန်းစားမယ့် ခေါင်းစဉ်ကို ပစ်ထားပြီး အလကား လျှောက်လုပ်နေကြတယ် ”
အယ်ဒီတာချုပ်၏ ဆူပူသံကြောင့် ရုံးခန်းတစ်ခုလုံး ပဲ့ထင်သံထွက်နေသည်။
တင်ဆက်သူလု သည် စိတ်ထဲတွင် သဘောပေါက်သွားသည်။
အမှန်တကယ် အရေးကြီးသူမှာ ယွမ်ကျိုး ကိုယ်တိုင်ပင်ဖြစ်သည် ။
“ စာရေးဆရာလီ၊ အယ်ဒီတာချုပ်က ခင်ဗျားကို ခေါ်နေတယ် ”
တင်ဆက်သူလု သည် ဆူပူသံကြောင့် စိတ်ရှုပ်ထွေးနေသဖြင့် စာရေးဆရာလီ ကို တွေ့လိုက်သည်နှင့် အလိုအလျောက် ပြောထုတ်လိုက်သည် ။
“ဘာဖြစ်တာလဲ ဖိုင်ကို မကျေနပ်ဘူးလား”
အမြဲလိုလို နေရောင်ခြည်လို ပြုံးတတ်သော တင်ဆက်သူလု ၏ မျက်နှာပျက်နေသည်ကို မြင်၍ စာရေးဆရာ လီ မေးလိုက်သည်။
.”
တင်ဆက်သူလု သည် ခေါင်းညိတ်ပြလိုက်သည်။
“ဒါဆို ငါ သွားကြည့်လိုက်မယ်”
ထိုစကားကို ပြောပြီးနောက် စာရေးဆရာ လီ သည် လှည့်ပြီး အယ်ဒီတာချုပ်၏ ရုံးခန်းထဲ ဝင်သွားသည်။
မျှော်လင့်ထားသလိုပင် အတွင်းမှ အယ်ဒီတာချုပ်၏ အော်ဟစ်သံ ထပ်မံ ထွက်ပေါ်လာသည်
အော်ဟစ်သံကို ကြားပြီးနောက် တင်ဆက်သူလုသည် စကားတစ်ကြောင်းကို အကျဉ်းချုပ် ခံစားမိသည်။
“လူနဲ့ စကားတောင် မပြောတတ်ရင် ဒီမှာ ဘာအလုပ် လာလုပ်နေတာလဲ” ဟူသော အဓိပ္ပါယ်ပင်။
“အမှန်ပဲ”
တင်ဆက်သူလု သည် ထိုအမြင်ကို လုံးဝ သဘောတူလိုက်သည် ။
အစီအစဉ်အများစုတွင် စာရေးဆရာက ကြိုတင် ဆက်သွယ် စီစဉ်ရန် မလိုအပ်ကြောင်းကို သူ လုံးဝ မေ့လျော့နေခဲ့သည်။
တစ်ခါတစ်ရံတွင် အကျိုးသက်ရောက်မှုနှင့် စိတ်ဝင်စားစဖွယ် ဖြစ်စေရန် မထင်မှတ်ဘဲ လျှပ်တစ်ပြက် ရိုက်ကူးခြင်းများကိုတောင် ပြုလုပ်ခဲ့ကြသည် ။
ထိုနည်းလမ်းများဖြင့် သူတို့သည် မည်သည့်အခါမျှ မအောင်မြင်ဖူးခြင်း မရှိခဲ့ကြပေ။
သို့သော် သူတို့၏ ဝင့်ကြွားဖွယ်သဘောထားမှာ သူတို့ကို လက်မခံသော ယွမ်ကျိုးနှင့် တွေ့ဆုံရာတွင်သာ ပထမဆုံးအကြိမ် ကျရှုံးခဲ့ခြင်းဖြစ်သည်။
အချိန်တစ်ခဏကြာအောင် တင်ဆက်သူလု သည် ရုံးခန်းအနီးတစ်နေရာတွင် စာ ရေးဆရာ လီ ကို စောင့်နေသည် ။
သူ ရုံးခန်းထဲမှ ထွက်လာချိန်တွင် တင်ဆက်သူလုသည် စာရေးဆရာ လီ ၏ မျက်နှာပေါ်တွင် အယ်ဒီတာချုပ်၏ တံတွေးတောင် ပေနေသကဲ့သို့ မျက်စိထဲ ထင်ယောင်ထင်မှား မြင်မိသွားသည်။
“ စာရေးဆရာ လီ၊ မနက်ဖြန် ယွမ်ကျိုးရဲ့ စားသောက်ဆိုင်ကို သွားရိုက်မလား”
တင်ဆက်သူလု မေးလိုက်သည်။
"အင်းပေါ့ အဲ့ဆိုင်စုတ်ကို မနက်ဖြန် သွားရမှာပေါ့"
စာရေးဆရာလီ က စိတ်ဆိုးဆိုးဖြင့် ပြန်ဖြေလိုက်သည် ။
“စိတ်အေးအေးထားပါ ဒီလောက်သေးတဲ့ စားသောက်ဆိုင်က ဒီလို အံ့ဩစရာ ဖြစ်မယ်လို့ မထင်ခဲ့ဘူး”
စာရေးဆရာလီ ဆူခံနေရချိန်တွင် တင်ဆက်သူလု သည် ယွမ်ကျိုး၏ စားသောက်ဆိုင်အကြောင်း အနည်းငယ် စုံစမ်းလေ့လာထားခဲ့သည်။
ထိုအချိန်တွင် သူသည် စာရေးဆရာ လီ ၏ ပုခုံးကို ပုတ်ကာ အားပေးလိုက်သည် ။
“ဟုတ်တယ် သူ့ဟင်းထဲ မူးယစ်ဆေး ထည့်ထားတာလားတောင် သံသယဖြစ်လာတယ် အယ်ဒီတာချုပ်က တစ်နေ့လုံး လူတန်းရှည်ကြီး ရှိတယ်လို့ ပြောတာပဲ ”
စာရေးဆရာလီ သည် ဆူခံထားရသဖြင့် ယွမ်ကျိုး၏ စားသောက်ဆိုင်အပေါ် ဒေါသကို ပုံချလိုက်သည်။
“ထားလိုက်ပါ မနက်ဖြန် ရိုက်ကူးလိုက်ကြရအောင် ဒါပေမယ့် ဒီဖိုင်ကို ဘာလုပ်မလဲ”
တင်ဆက်သူလု သည် လက်ထဲရှိ ဖိုင်ကို ကိုင်ကာ မေးမြန်းလိုက်သည် ။
“အယ်ဒီတာချုပ်က နောက်အပိုင်းမှာ ထုတ်လွှင့်လို့ရတယ်လို့ ပြောတယ် ဒီအပိုင်းမှာတော့ ယွမ်ကျိုး မဖြစ်မနေ ပါရမယ် တဲ့ ”
ယွမ်ကျိုး၏ နာမည်ကို ပြောလာချိန်တွင် စာရေးဆရာ လီ သည် အံ့ကြိတ်မိသွားသည်။
ယခုလို စားသောက်ဆိုင်ငယ်လေးက အဘယ်ကြောင့် အလွန် အံ့ဩစရာကောင်းနေရခြင်းကို သူ နားမလည်နိုင်ဖြစ်၍နေသည်။
လုံးဝ သိပ္ပံနည်းမကျဘူးဟု သူ ခံစားမိသည်။
စာရေးဆရာ လီ ပဲဖြစ်ဖြစ်၊ တင်ဆက်သူလု ပဲဖြစ်ဖြစ် နှစ်ယောက်လုံးက နားမလည်နိုင်ခဲ့ကြပေ။
……
အချိန်များက မကြာခင်ပင် ကုန်သွားသည်။
နောက်တစ်နေ့ မနက်စောစောတွင် ရုပ်သံဌာနမှ ဝန်ထမ်းများသည် အရာအားလုံးကို ပြင်ဆင်ပြီး ကားဖြင့် ထွက်ခွာလာကြသည်။
ယခုတစ်ကြိမ်တွင် စာရေးဆရာလီအပြင် တင်ဆက်သူလု လည်း ပြောရေးဆိုရေးတာဝန်ကို ထမ်းဆောင်ရသည်။
အကြောင်းမှာ အယ်ဒီတာချုပ်က အလွန်ပြင်းထန်သည့် အမိန့်ပေးထားခဲ့ခြင်း ကြောင့်ဖြစ်သည်။
ယွမ်ကျိုး၏ စားသောက်ဆိုင်မှ မီတာ ၅၀ ခန့် အကွာသို့ ရောက်လာချိန်တွင် သူတို့နှစ်ယောက် စကားစပြောလာကြသည်။
“ရောက်ရင် ယဉ်ယဉ်ကျေးကျေးပဲ ပြောကြမယ် ဒီတစ်ခါပဲ သည်းခံလိုက်မယ် ဟုတ်ပြီလား ရိုက်ကူးပြီးသွားရင် အားလုံးပြီးပြီ ”
တင်ဆက်သူလုက ပထမဦးဆုံး ပြောလိုက်သည် ။
“ငါ သိပါတယ် ဒီတစ်ခါတော့ ငါတို့ အစီအစဉ်ရဲ့ အားသာချက်တွေကို အသေးစိတ် ပြောပြမယ် အရင်တုန်းက ငါလည်း အရောင်းသမား ဖြစ်ခဲ့ဖူးတယ် ”
စာရေးဆရာ လီက ဂုဏ်ယူစွာ ပြောလိုက်သည်
“ကောင်းပြီ ခဏနေ လူထုဆက်ဆံရေးကို ငါ တာဝန်ယူမယ် တစ်ခါပဲ ရိုက်မယ် မကောင်းရင် ပြန်သွားပြီး ဖြတ်တောက်
ပြင်ဆင်လိုက်မယ် အရမ်း မစိုးရိမ်နဲ့ ”
တင်ဆက်သူလုသည် ဘေးနားရှိ ကင်မရာမန်းကို လှည့်ကြည့်ကာ ပြောလိုက်သည်။
“နားလည်ပါပြီ ”
ကင်မရာမန်းသည် ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းပြီ သွားကြမယ် ”
တင်ဆက်သူလု သည် အဖွဲ့ကို ဦးဆောင်ကာ ယွမ်ကျိုး စားသောက်ဆိုင် ဘက်သို့ လျှောက်သွားသည် ။
“သူဌေး ယွမ်၊ ကျွန်တော်တို့က 'လူထုစွမ်းရည် ရုပ်သံဌာနကပါ ကျွန်တော်က လီ လို့ခေါ်တဲ့ စာေရးဆရာပါ ဒီနေ့တော့ ခင်ဗျား ချက်ပြုတ်နေတဲ့ အခြေအနေကို ရိုက်ကူးချင်လို့ လာတာပါ ”
စာရေးဆရာ လီ သည် ယဉ်ကျေးစွာ၊ အသံကျယ်ကျယ်ဖြင့် ရှေ့တက်ပြောလိုက်သည်။
“တောင်းပန်ပါတယ် မနေ့ကပဲ ငြင်းပြီးသားလို့ ထင်တယ်နော် ”
ထိုအချိန်တွင် ယွမ်ကျိုးသည် ထိုင်ခုံရွှေ့နေပြီး စကားကြားလိုက်သည်နှင့် ထရပ်ပြီး ပြောလိုက်သည်။
“အဲဒါ ကျွန်တော် ရှင်းရှင်းလင်းလင်း မပြောမိလို့ ဖြစ်နိုင်ပါတယ် အခု ကျွန်တော်တို့ အစီအစဉ်ရဲ့ အားသာချက်တွေကို ပြောပြပါမယ်
ကျွန်တော်တို့ အစီအစဉ်မှာ ထုတ်လွှင့်ခဲ့တဲ့ စားသောက်ဆိုင်တိုင်း နာမည်ကြီးသွားပါတယ် နောက်ဆုံးတစ်ခါ ခင်ဗျား ငြင်းခဲ့တဲ့ အချိန်တုန်းကတောင် အတူတူပါပဲ ”
စာရေးဆရာ လီ က ယွမ်ကျိုး၏ ရှေ့တွင် ယုံကြည်မှု့အပြည့်ဖြင့် ပြောလိုက်သည် ။
“ကျေးဇူးတင်ပါတယ် ဒါပေမယ့် မလိုပါဘူး ”
ယွမ်ကျိုးသည် ပြန်ဖြေပြီး ထိုင်ခုံရွှေ့တာကို ဆက်လုပ်လိုက်သည် ။
“ခင်ဗျား ချက်ပြုတ်တဲ့ အချိန်ကိုပဲ ရိုက်မှာပါ အခမဲ့ ကြော်ငြာလိုပါပဲ ဒီလို အခွင့်အရေးကို လူတိုင်း မျှော်လင့်နေကြတာပါ”
စာရေးဆရာ လီ သည် ဆက်ပြောရန် ပြင်ဆင်နေချိန်တွင် တင်ဆက်သူလု က တားလိုက်သည်။
“လုံလောက်ပြီ ကျွန်တော် ပြောမယ် ”
တင်ဆက်သူလု သည် စာရေးဆရာ လီ က အရှုံးကို မဝန်ခံချင်သေးဘဲ အစီအစဉ်ရဲ့ အကျိုးသက်ရောက်မှုကို ယွမ်ကျိုးကို သိစေချင်နေသေးကြောင်း နားလည်ထားပြီးသားဖြစ်သည်။
သို့သော် သူတို့ လာရောက်ခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ရိုက်ကူးခြင်းသာ ဖြစ်သည်။
“ကောင်းပြီ လေ ”
စာရေးဆရာ လီ သည် မူလက မပြောချင်သော်လည်း တင်ဆက်သူလု က တာဝန်ယူမည်ဆိုသောကြောင့် စိတ်အေးသွားသည် ။
ထို့နောက် နောက်သို့ ခြေတစ်လှမ်း ဆုတ်ကာ ရပ်နေလိုက်သည် ။
“အခုတော့ ဘာမှ မပြောပါနဲ့ ကျန်တာကို ကျွန်တော် တာဝန်ယူဆက်ပြောမယ် ”
ထိုစကားကို ပြောပြီးနောက် တင်ဆက်သူလု သည် အသက်ပြင်းပြင်းရှုကာ ကိုယ့်စိတ်ကိုကိုယ် ပြန်အားပေးလိုက်သည်။
ယခုတစ်ခါပဲ လုပ်ရမှာဖြစ်ပြီး နာခံသလို လုပ်ပြရခြင်းက မခက်ခဲကြောင်းကို စိတ်ထဲတွင် ထပ်ခါတလဲလဲ ပြောနေမိသည်။
“သူဌေး ယွမ်၊ ကျွန်တော်တို့ ခင်ဗျားနဲ့ နှစ်ကြိမ် တွေ့ပြီးသားပါ
အရင်တစ်ခါကတော့ အမှန်တကယ်ပဲ ရိုင်းစိုင်းပြီး ရုတ်တရက် ဖြစ်ခဲ့ပါတယ်
ဒီတစ်ခါတော့ ကြိုတင် အသိပေးပြီးသားပါ ညနေပိုင်း ခင်ဗျား ချက်ပြုတ်တဲ့အချိန်မှာ ခဏလောက်ပဲ ရိုက်မှာဖြစ်ပြီး ချက်ပြုတ်တာကို လုံးဝ မနှောင့်ယှက်ပါဘူး ”
တင်ဆက်သူလု သည် ရှေ့တက်လာကာ အကြောင်းပြချက်ပေးပြီး ပြောဆိုလိုက်သည်။
မည်သို့ဖြစ်စေ သူသည် တင်ဆက်သူဖြစ်သဖြင့် ပြောဆိုဆက်ဆံနိုင်သည့် အရည်အချင်း ရှိနေဆဲဖြစ်သည် ။
သူတို့နှစ်ယောက် ယွမ်ကျိုးကို မည်သို့ ဆက်ဆံရမည့်နည်းကို စဉ်းစားနေချိန်တွင် ယွမ်ကျိုးသည် ပန်းပုလုပ်ငန်းကို စတင်လုပ်ဆောင်နေပြီဖြစ်သည်။
ယွမ်ကျိုး၏ အမြင်တွင် သူသည် အရင်ကတည်းက ငြင်းပြီးသားဖြစ်၍ သူတို့သည် ယခင်အကြိမ်ကလိုပင် ပြန်သွားမည် ထင်ထားသည် ။
ထို့နောက် သူ့အချိန်ကို လွတ်လပ်စွာ အသုံးချနိုင်မည်ဖြစ်သည် ။
သူ၏ လက်ရာကို လေ့ကျင့်မှုသည် အရာအားလုံးထက် ပိုအရေးကြီးသည် ။
ထို့ကြောင့် တင်ဆက်သူလု ပြောသမျှကို ကြားပြီးနောက် ယွမ်ကျိုးသည် ဘာမှ မပြောဘဲ ခေါင်းသာ ခါပြလိုက်သည် ။
“ဒါဆို ခင်ဗျား ပန်းပုလုပ်နေတာကို ရိုက်ရင် ဘယ်လိုလဲ”
ယွမ်ကျိုး ပန်းပုကို သေချာလေး လုပ်နေသည်ကို မြင်ပြီး တင်ဆက်သူလု သည် အကြံတစ်ခုပေါ်လာသဖြင့် ထိုသို့ ပြောလိုက်သည် ။
ဒီတစ်ကြိမ်တွင် ယွမ်ကျိုးသည် စကားလည်း မပြော၊ ငြင်းလည်း မငြင်းခဲ့ပါ ။
သူသည် တိတ်တိတ်ဆိတ်ဆိတ်ပင် ထိုနေရာမှာ ပင် ထိုင်နေလိုက်သည်။
"ခင်ဗျား လက်ခံရင် ကျွန်တော်တို့ စတော့မယ်နော်"
တင်ဆက်သူ လုက သူ့လက်များကိုယမ်းပြပြီး သူ့လူများကို ပြင်ဆင်ခိုင်းလိုက်သည်။
ကံကောင်းထောက်မစွာ သိပ်မကြာခင် ပြင်ဆင်၍ ပြီးသွားကြသည်။
ရိုက်ကူးနေစဉ်အတွင်းတွင် ယွမ်ကျိုးမှာ ထိုင်ခုံတွင်ထိုင်နေသော်လည်း ဖြောင့်တန်းနေသည့် ကိုယ်ဟန်ဖြင့် အလေးအနက်ထားပုံက ထူးထူးဆန်းဆန်းပင် ဆွဲဆောင်မှု့ရှိလေသည်။.
အပိုင်း(၄၁၉)
ပြီးပါပြီ။
ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း (၄၂၀) ယင်ယာနှင့် ကျန်းချန်းရှီ
“အခု ကျွန်တော်တို့ တွေ့နေကြတာက မာစတာချက် စားသောက်ဆိုင်ရဲ့ သူဌေးနဲ့ စားဖိုမှုးလည်းဖြစ်တဲ့ ယွမ်ကျိုးဖြစ်ပါတယ်
မကြာသေးခင်ကမှ အရမ်းလူကြိုက်များနေတဲ့ စားသောက်ဆိုင်အသေးလေးရဲ့ ပိုင်ရှင်ပါ “
တင်ဆက်သူလု သည် စကားတစ်ခွန်းတည်းဖြင့် ယွမ်ကျိုး၏ အထောက်အထားကို မိတ်ဆက်လိုက်သည်။
သူ၏ မိတ်ဆက်စကားနှင့်အတူ ကင်မရာမြင်ကွင်းသည် ယွမ်ကျိုးဘက်သို့ တဖြည်းဖြည်း ရွှေ့လျားသွားသည်။
ယွမ်ကျိုးသည် ထိုင်ခုံပေါ်တွင် ကိုယ်မတ်မတ် ထိုင်နေပြီး ခေါင်းကို ငုံ့ထားကာ မိမိလက်များကိုသာ အာရုံစိုက်ကြည့်နေသည်။
ထိုထောင့်မှ ကြည့်လျှင် သူ၏ မျက်နှာတစ်ဝက်ကိုသာ မြင်နိုင်သည်။ နေပူထဲသို့
သိပ်မထွက်သဖြင့်သူ၏အသားအရေမှာ အတော်လေး ဖြူဖွေးနေသည်။
သူ၏ နှာတံက စင်းနေပြီး နှုတ်ခမ်းကို တင်းတင်းစေ့ပိတ်ထားသဖြင့် မျက်နှာအမူအရာက တည်ငြိမ်လေးနက်နေသည်။
ယခုလို တည်ကြည်မှုနှင့် အလေးအနက်ထားမှုကပင် သူ၏ ဆွဲဆောင်မှုကို အလွန် ထင်ရှားစေသည်။
ကင်မရာမြင်ကွင်းသည် အောက်ဘက်သို့ ဆင်းသွားသောအခါ ယွမ်ကျိုး၏ လက်များသည် ခပ်မြန်မြန် လှုပ်ရှားနေပြီး ဘယ်ဘက်လက်ထဲက မုန်လာဉမှာ ငွေရောင်အလင်းများ
တဖျပ်ဖျပ်ထွက်လာသည်။
“ရွှတ် ရွှတ်”
ယွမ်ကျိုး၏ ခြေထောက်ဘေးတွင် မုန်လာဥ၏ အခွံနှင့် အသားများသည် တဖြည်းဖြည်း စုပုံလာသည်။
ထိုလုပ်ငန်းစဉ်အတွင်း တင်ဆက်သူလု သည် မိတ်ဆက်စကားကို မရပ်မနား ဆက်လက် ပြောဆိုနေသည်။
ဥပမာအားဖြင့်
“မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အဖိုးတန် အစားအစာ ပြိုင်ပွဲမှာ ဆရာ ယွမ်က ဆုရရှိခဲ့ပြီး စားဖိုမှူးကြီးများအားလုံး၏ အသိအမှတ်ပြုခြင်းကို ရခဲ့ပါတယ် တရုတ်နိုင်ငံ စားဖိုမှူးများအဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌတောင် သူ့ရဲ့ အချက် အပြုတ်ပညာကို အလွန်ချီးကျူးခဲ့ပါတယ် “
ဟု ပြောဆိုနေသည်။
မြန်ဆန်သွက်လက်သည့် ဓားကိုင်နည်းနှင့်
တွဲလာသော ချီးကျူးစကားများသည် အလွန်ယုံကြည်ဖွယ်ရာ ဖြစ်နေသည်။
အနည်းဆုံး တီဗီရှေ့တွင် ထိုင်နေသော ကြည့်ရှုသူများသည် ထိုသို့ ယုံကြည်လာကြသည်။
“အံ့ဩစရာပဲ ဒီအပိုင်းက စားဖိုမှူးတစ်ယောက်ကို မိတ်ဆက်နေတာပဲ “
တီဗီကို စူးစမ်းကြည့်နေသော လူငယ်တစ်ဦးက ယွမ်ကျိုး၏ လက်များကို မျက်စိမလွှဲဘဲ ပြောလိုက်သည်။
“နေဦး ဒီလူက မီးဖိုချောင်ဓားနဲ့ ပန်းပုလုပ်နေတာ မဟုတ်လား”
လူငယ်သည် ရုတ်တရက် ဆံပင်ကို ဆွဲကာ အံ့အားသင့်စွာ အသံကျယ်ကျယ် ပြောလိုက်သည်။
“ဝူဟုန်၊ တိတ်တိတ်နေရအောင်အခု ဘယ်အချိန်လဲ မသိဘူးလား”
တင်းမာသော အသံတစ်သံနှင့်အတူ လှပသော မိန်းကလေးတစ်ဦးသည် လူငယ်၏ ရှေ့တွင် ပေါ်လာသည်။
“အဒေါ်၊ ‘လူထုစွမ်းရည်’ ကို လာကြည့်ပါဦး ဒီလူက တကယ့်ကို အရမ်းမိုက်တယ်”
ဝူဟုန်ဟု ခေါ်သော လူငယ်သည် အရေးမထားဘဲ မိန်းကလေး၏ လက်ကို ဆွဲကာ တီဗီကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။
“အမြဲတမ်းအိပ်မက်မက်နေတာ မရပ်တော့ဘူးလား အဲ့လူက ရှိုးလုပ်ပြနေတာပဲ ဖြစ်နိုင်တယ် “
မိန်းကလေးသည် အသက်ငယ်ငယ်ထင်ရသော်လည်း ဝူဟုန်က အဒေါ်ဟု ခေါ်သည်။ မိန်းကလေးလည်း လူကြီးတစ်ယောက်လို သဘာဝကျကျ ဆူလိုက်သည်။
“မဟုတ်ပါဘူး အဒေါ်ကြည့်ပါဦး သူက တကယ့်ကို အရမ်းတော်တယ် “
ဝူဟုန်သည် မရပ်မနား တီဗီကို ကြည့်စေချင်နေသည်။
ထိုအချိန်တွင် မိတ်ဆက်စကားကို ဆက်လက် ကြားနေရသည်။
“ဒီ စားဖိုမှူးယွမ်က စားသောက်ဆိုင်ဖွင့်ပြီး ၈ လအတွင်း အံ့သြဖွယ်ရာ အောင်မြင်မှုတွေ ဖန်တီးနိုင်ခဲ့ပါတယ် ဖောက်သည်တွေက အဆက်မပြတ် ဝင်ထွက်နေကြပါတယ် “
“စည်းကမ်းထိန်းသိမ်းဖို့ တန်းစီစက်တောင် သုံးထားပါတယ်
ပြီးတော့ နိုင်ငံခြား ခရီးသွားတွေကပါ စားဖိုမှူးယွမ်ရဲ့ ဟင်းလျာတွေကို စားရတာကို ဂုဏ်ယူကြပါတယ်။ နိုင်ငံခြားသား ဖောက်သည်တွေလည်း မရှားပါဘူး “
တင်ဆက်သူ လု သည် အပြုံးဖြင့် ကင်မရာထဲတွင် ပေါ်လာပြီး ထို့နောက် မြင်ကွင်းသည် ယွမ်ကျိုးဘက်သို့ ပြန်ရွှေ့သွားသည်။
အချိန်တိုင်းလိုလိုပင် ယွမ်ကျိုးသည် ပန်းပုလုပ်ငန်းကို ဆက်လက် လုပ်ဆောင်နေသည်။
“အခြားသူများဆီက ကြားရသလောက်ဆိုရင် ဒီ စားဖိုမှူးယွမ်က ပန်းပုလုပ်နေချိန်မှာ ဘယ်သူ့ကိုမှ အာရုံမပေးပါဘူး
ဒါကြောင့် အခု ခင်ဗျားတို့ကိုလည်း
မနှုတ်ဆက်နိုင်ပါဘူး “
“ဒါပေမယ့် လေးနက်တည်ကြည်တဲ့ လူတစ်ယောက်က အချောဆုံး မဟုတ်ဘူးလား အခု သူ့ကို ကြည့်ရတာ တကယ် ချောတယ်ကျွန်တော်တောင် နည်းနည်း စွဲလန်းမိနေပြီ “
တင်ဆက်သူ လု သည် ချစ်စရာကောင်းသည့် အပြုံးနှင့် အနည်းငယ် လှမ်းအရွယ်အစားဖြင့် ပြောလိုက်သည်။
“အဒေါ်၊ သဘောတူလား။ ချန်ဒူးကို သွားကြရအောင်လား”
ကြော်ငြာ ကြား၀င်ချိန်တွင် ဝူဟုန်သည် ချက်ချင်း ခေါင်းလှည့်ကာ မေးလိုက်သည်။
‘လူထုစွမ်းရည်’ အစီအစဉ်ကို ‘တရုတ်တို့၏တစ်လုပ်စာ’ အစီအစဉ်၏ လူကြိုက်များမှုကို မြင်ပြီးနောက် ရုပ်သံဌာနမှ အထူးဖန်တီးခဲ့ခြင်းဖြစ်သည်။
ယခင်က ကြာသပတေးနေ့တိုင်း ည ၁၀ နာရီတွင် ချန်ဒူး တီဗီစခန်းမှ ထုတ်လွှင့်ခဲ့ပြီး ကြည့်ရှုသူအရေအတွက် ကောင်းမွန်ခဲ့သည်။ အဆင့်အနေဖြင့် အလယ်အလတ်ခန့်တွင် ရှိနေသည်။
သို့သော် ညအချိန်မှာ အရသာရှိသော အစားအစာအကြောင်း ကြည့်ရခြင်းသည် ကိုယ်ကို့ကိုယ် နှိပ်စက်သလိုဖြစ်နေသည် အချို့က ပြင်းပြင်းထန်ထန် လှောင်ပြောင်ခဲ့ကြသည်။
အစီအစဉ်၏ အပိုင်းတိုင်းတွင် ခေါင်းစဉ်ရှိပြီး ယနေ့အပိုင်း၏ ခေါင်းစဉ်မှာ အလွန်ရိုးရှင်းသည်။
ယွမ်ကျိုး၏ မှတ်တမ်းရုပ်ရှင် ဖြစ်သည်။
ထိုအပိုင်းကို နောက်ဆုံး တည်းဖြတ်ပြီးချိန်တွင် တင်ဆက်သူလု နှင့် စာရေးဆရာလီတို့ နှစ်ဦးစလုံး စိတ်ပေါ့ပါးသွားကြသည်။
အကြောင်းမှာ မိနစ် ၂၃ မိနစ်ကြာ ထုတ်လွှင့်သည့် အချိန်တစ်လျှောက်လုံး တင်ဆက်သူ လု သာ ဆက်တိုက် ပြောနေခဲ့ခြင်းဖြစ်သည်။
ယွမ်ကျိုးသည် စကားမပြောခဲ့သလို အသံတောင် မထွက်ခဲ့ပါ။
“ဟူး ကံကောင်းလို့ အားလုံးကို ကျော်ဖြတ်နိုင်ခဲ့တယ် ဘာတွေ ကြုံခဲ့ရလဲဆိုတာ ဘုရားသခင်ပဲ သိမှာပဲ “
အစီအစဉ်သည် တီဗီပေါ်တွင် ထုတ်လွှင့်ပြီးသားဖြစ်သော်လည်း တင်ဆက်သူ လု သည် ကြည့်ချင်စိတ် လုံးဝ မရှိခဲ့ပါ။
နာရီဝက်ခန့် မရပ်မနား စကားပြောရသူ မည်သူမဆို ပင်ပန်းပြီး နေမကောင်းဖြစ်သလို ခံစားရမည်ဖြစ်သည်။
သူ့အတွက် ကိုယ့်အစီအစဉ်ကို မကြည့်ဘဲ အေးအေးဆေးဆေး နားနေခြင်းသည် ရှားပါးသည့် အခြေအနေဖြစ်သည်။
စာရေးဆရာလီ သည် ပို၍တောင် အလွန်အကျွံ ဖြစ်နေသည်။
“ဒီနေ့တော့ တီဗီတောင် မမြင်ချင်တော့ဘူး”
ဒါသည် စာရေးဆရာလီ အရင်ပြောခဲ့သည့်စကားဖြစ်သည်။
ဓာတ်ပုံရိုက်ကူးရေးအလုပ်သည် အလွယ်ကူဆုံးဖြစ်သင့်သည်။ အကြောင်းမှာ တည်ငြိမ်နေသော မြင်ကွင်းကိုသာ ရိုက်ကူးရခြင်းဖြစ်သည်။
အယ်ဒီတာချုပ်က နက်နဲသိမ့်မွေ့မှု့ အနည်းငယ် လိုအပ်ကြောင်း ပြောခဲ့သော်လည်း သက်၀င်လှုပ်ရှားနေသော အရာများကို ရိုက်ကူးခြင်းထက် ပိုလွယ်ကူနေဆဲဖြစ်သည်။
တင်ဆက်သူလု နှင့် စာရေးဆရာလီတို့ မကြည့်ခဲ့ကြသော်လည်း လူအများအပြားကတော့ ထိုအစီအစဉ်ကို စောင့်မျှော်ကြည့်ရှုနေကြသည်။
ထိုလူများမှာသဘာဝအတိုင်း ယွမ်ကျိုး၏ စားသောက်ဆိုင် ဖောက်သည်များဖြစ်ပြီး ယွမ်ကျိုး၏ ပရိတ်သတ်လေးတန်ရှီ မှ အသိပေးထားခြင်းကို ရရှိထားသူများဖြစ်သည်။
ယွမ်ကျိုးကို တီဗီပေါ်မှာ မြင်လိုက်ရချိန်တွင် သူတို့လည်း ကိုယ်တိုင် ဂုဏ်ယူမိကြသည်။
တင်ဆက်သူလု က အာလူးပူပူကို လွှင့်ပစ်သကဲ့သို့ ပစ်ထားလိုက်သော
“ယွမ်ကျိုး၏ မှတ်တမ်းရုပ်ရှင်” သည် ထုတ်လွှင့်ပြီးနောက် ပြင်းထန်သော လှိုင်းများကို ဖြစ်ပေါ်စေခဲ့သည်။
ဥပမာအားဖြင့် ဝူဟုန်လို စားဖိုမှူး ဖြစ်ချင်သော လူငယ်များနှင့် အစားအစာချစ်သူ အုပ်စုကြီးများ ဖြစ်သည်။
မနေ့ည ၁၀ နာရီ ထုတ်လွှင့်ပြီး နောက်နေ့ မွန်းတည့်ချိန် ပြန်လည် ထုတ်လွှင့်ပြီးနောက် ယွမ်ကျိုး၏ နာမည်သည် အနီးအနားဒေသ အားလုံးတွင် ကျယ်ကျယ်ပြန့်ပြန့် သိလာကြသည်။
“မနေ့က ‘လူထုစွမ်းရည်’ ကြည့်လိုက်လား အဲဒီ စားဖိုမှူးက တကယ် ချောတယ်နော်”
ဘတ်စ်ကားပေါ်တွင် မိန်းကလေးနှစ်ဦးက ဒီအကြောင်းကို ဆွေးနွေးနေကြသည်။
သူတို့ထဲမှ တစ်ဦးကို ကြည့်ရုံဖြင့် အစားအစာချစ်သူ အတွေ့အကြုံရှိသူဟု သိနိုင်သည်။
မေးခွန်းမေးနေစဉ်အတွင်းပင် “ကာကာ ကာကာ” အသံဖြင့် အာလူးကြော်တစ်အိတ်ကို အပြီးသတ်စားလိုက်သည်။
“ကြည့်လိုက်တာပေါ့ အဲ့ဒီပန်းပုလုပ်ပြီးသား အရာလေးကို ငါတစ်ခါတည်း မျိုချချင်လိုက်တာ “
အစားအစာချစ်သူ မိန်းကလေးသည် စကားပြောလိုက်တိုင်း စားသောက်မှုကို မလွတ်တမ်း ပြောလာတတ်သည်။
“ဟေ့ ဒီလောက် လှတဲ့ အရာကို ဘာလို့ စားချင်ရတာလဲ သိမ်းထားသင့်တယ်လို့ မထင်ဘူးလား”
မိန်းကလေးတစ်ဦးသည် မကျေနပ်သလို အစားအစာချစ်သူ၏ ပါးကို ညှစ်လိုက်သည်။
“တကယ့် ခရစ်စတယ်ပန်းလို ကြည်လင်နေတာပဲဟယ် စားလို့ရမယ် ထင်တယ်နော် “
အစားအစာချစ်သူ မိန်းကလေးသည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြောဆိုလိုက်သည်။
ထို့နောက် သူတို့နှစ်ဦးသည် စားလို့ရမရ ဆိုသည်ကို ဆက်လက် ဆွေးနွေးလာကြသည်။
ဆွန်မင်း အမြဲတမ်း လှုပ်ရှားနေသော အစားအစာ ဖိုရမ်တွင်လည်း ထိုအကြောင်းကို အထူးအလေးထား ဆွေးနွေးနေကြသည်။
[တီဗီပေါ်မှာ သူဌေးယွမ်ဒီလောက် ချောမယ်လို့ မထင်ထားဘူးပန်းထက်တောင် လှနေတယ်။]
အပျင်းထူနေသော ကျီယိုမှ...
[အဓိကအချက်ကို မမြင်ကြဘူး သူဌေးယွမ်ပန်းပုလုပ်နေတာကို ကိုယ့်မျက်စိနဲ့ ပထမဆုံး မြင်ရတာ လေ ဘယ်ကပန်းဖြစ်ရမှာလဲ အရမ်းချောတာကို]
အစားရူးလေးမှ...
[ငါ မြင်တာက သူ့ရဲ့ မယှဉ်နိုင်တဲ့ ဓားကိုင်နည်းပဲ ဟုတ်တယ်၊ ဓားကိုင်နည်း
မီးဖိုချောင်ဓားနဲ့ ပန်းပုလုပ်တာနော် ဘယ်လောက် အံ့ဩစရာကောင်းလဲ]
စာဖတ်ခြင်းကမူးစေတယ်..
[မင်းတို့အားလုံး တစ်ချက်မှမမှန်ဘူး
ငါ အကြံပေးချင်တာက ဒီတနင်္ဂနွေကျ မာစတာချက် စားသောက်ဆိုင်ကို သွားကြရအောင်အတူသွားချင်တဲ့သူတွေ နာမည် စာရင်းပေးကြပါ]
ငယ်ရွယ်မှု့ ထုဆစ်ခြင်းမှ...
ထိုအကြံကို ထုတ်လိုက်သည်နှင့် အစားအစာချစ်သူများသည် ခေါင်းစဉ်ကို ပြန်လည် ဖမ်းမိကြပြီး နာမည်များကို တစ်ယောက်ပြီးတစ်ယောက် စာရင်းပေးလာကြသည်။
ယွမ်ကျိုး၏ သက်ရောက်မှုသည် တဖြည်းဖြည်း ကျယ်ပြန့်လာနေစဉ်တွင် ယွမ်ကျိုးကိုယ်တိုင်ကတော့ လှပသော မိန်းကလေးများအတွက် ဟင်းလျာများ ပြင်ဆင်နေသည်။
“ရှင်ပြောထားတယ်နော်၊ ကျွန်မတို့ကြိုက်တဲ့ဟင်းကို မှာလို့ရတယ်လို့ “
အနက်ရောင် ဝတ်စုံအရှည်နှင့် အပြင်ဘက်တွင် လက်ရှည်အင်္ကျီ ဝတ်ထားသော ကျန်းချန်ရှီ သည် လှပစွာ ထိုင်ကာ အလေးအနက် အသံဖြင့် ပြောလိုက်သည်။
ယွမ်ကျိုးက ရှေ့ကလူနှစ်ယောက်ကို ကြည့်ရင်း
"ကျွန်တော် ပြောခဲ့တာက ခင်ဗျားကြိုက်တဲ့ဟင်းတစ်ပွဲကို လို့ ပြောခဲ့တာ"
ယွမ်ကျိုး ထည့်မပြောသည့် အခြားတစ်ယောက်မှာ ကျန်းချန်းရှီနှင့် အတူလိုက်လာသည့် ယင်ယာကိုဖြစ်သည်။
ဟူး .. သူ့စကားများကို အကဲဖြတ်ရလျှင် ယွမ်ကျိုးမှာ သံသယမရှိလောက်အောင် ထာ၀ရ တစ်ကိုယ်တည်းဖြစ်ရမည့် ကံကြမ္မာ ပိုင်ဆိုင်ထားရပုံပင်။
အပိုင်း (၄၂၀)
ပြီးပါပြီ။