အခန်း (၄၂၉-၄၃၀)
Vol. 33 Ch. 429-430
ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း (၄၂၉)
" ရှောင်ရှင်း ဆန်ဝါဝိုင် သောက်ခိုင်းထားတယ်ဆိုမှတော့ပြောစရာစကားတောင် မရှိတော့ဘူး "
ယွမ်ကျိုးသည် ပါးစပ်မှ ထိုသို့ ထုတ်ပြောလိုက်သော်လည်း အမှန်တကယ်တော့ ထိုနာမည်ကျော် ဝိုင်ကို ကိုယ်တိုင် မြည်းစမ်းကြည့်ချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်နေသည်။ ဘာပဲဖြစ်ဖြစ် ရှောင်ရှင်း ဆန်ဝါဝိုင်မှာ ကမ္ဘာကျော်သည်မဟုတ်ပါလား။
"မင်းပြောပုံအရဆိုရင် ဒီဝိုင်ဟာ တောင်ပိုင်းနဲ့ မြောက်ပိုင်းမင်းဆက်လက်ထက်ကတည်းက ဧကရာဇ်ကို ဆက်သတဲ့ လက်ဆောင်အဖြစ် စာရင်းဝင်ခဲ့တာပဲ။ ဒါနဲ့ ပတ်သက်ပြီး ချီးကျူးဂုဏ်ပြုတဲ့ ကဗျာတွေလည်း အများကြီးရှိတယ်။ ရှောင်ရှင်း ဆန်ဝါဝိုင် အမျိုးအစားတွေထဲမှာ ဟွာဒိုင်းဝိုင်ကို 'အပျိုနှင်းဆီ' လို့တောင် တင်စားကြတာ။ ဒါနဲ့... ငါ့ငန်းတွေကိုရော ဘယ်လိုဝိုင်မျိုး တိုက်တာလဲ" ယွမ်ကျိုးက စပ်စုစွာ မေးလိုက်သည်။
စနစ်က ချက်ချင်းပင် အချက်အလက်များကို ဖော်ပြလာသည်။
"ရှောင်ရှင်းဝိုင်ရဲ့ အရည်အသွေးကို ဆုံးဖြတ်ရာမှာ 'ပျစ်ချွဲမှု' ရှိမရှိက အရေးကြီးဆုံး စံနှုန်းတစ်ခုဖြစ်ပါတယ်။ အစပိုင်းတွင် ဟွာဒိုင်းဝိုင်ဆိုတာ သက်တမ်းရင့် ရှောင်ရှင်းဝိုင်ကို ကိုယ်စားပြုတာပါ"
"ရှေးခေတ် ရှောင်ရှင်းဒေသမှာ ထူးခြားသော ဓလေ့တစ်ခု ရှိခဲ့ပါတယ်။ အိမ်တစ်အိမ်မှာ သမီးမိန်းကလေး မွေးဖွားလာရင် မိဘတွေက ရှောင်ရှင်းဝိုင် အပြည့်ထည့်ထားတဲ့ မြေအိုးတွေကို မြေအောက်မှာ တံဆိပ်ခတ်ပြီး မြှုပ်နှံလေ့ရှိကြတယ်။ သမီးတွေ အရွယ်ရောက်လို့ လက်ထပ်တဲ့အခါမှာ အဲ့ဝိုင်အိုး
တွေကို ပြန်ဖော်ပြီး အိုးမျက်နှာပြင်ပေါ်တွင် ပန်းပုံ၊ ငှက်ပုံတွေ လှပစွာ ထွင်းထုပြီး သမီးအတွက် မင်္ဂလာလက်ဖွဲ့အဖြစ် သမီးဖြစ်သူရဲ့ ခင်ပွန်းဆီ ထည့်ပေးလိုက်ကြပါတယ်။ ဒါ့ကြောင့် 'ဟွာဒိုင်း' (ပန်းပုံထွင်းထုခြင်း) ဟု ခေါ်ဆိုကြသလို 'အပျိုဝိုင်' လို့လည်း လူသိများပါတယ်"
"ဒါကြောင့် ဒီငန်းတွေက အဲဒီ 'အပျိုဝိုင်' တွေကို သောက်ရတာပေါ့"
ယွမ်ကျိုးသည် မတတ်နိုင်ဘဲ ငန်း၏ ဗိုက်ကို လှန်လှောကြည့်လိုက်မိသည်။ ဤမျှ ကောင်းမွန်လှသော ဝိုင်အကြောင်း ကြားလိုက်ရသဖြင့် ငန်း၏ ဗိုက်ထဲတွင် ဝိုင်များ ကျန်ရှိနေဦးမလားဟု သူ စစ်ဆေးကြည့်နေခြင်း ဖြစ်နိုင်သည်။
ယနေ့ခေတ်တွင် ဒေသဆိုင်ရာ ထုတ်ကုန် ကာကွယ်ရေး မူဝါဒများမှာ အလွန်တင်းကျပ်လှသည်။ အဆင့်မြင့် ဝိုင်စစ်စစ်များကို အခြားနေရာများတွင် ဝယ်ယူရန်မှာ မဖြစ်နိုင်သလောက်ပင်။ ဥပမာအားဖြင့် မောက်တိုင်ဝိုင်ကို မူလထုတ်လုပ်ရာ မောက်တိုင်ကောင်စီမှလွဲ၍ အခြား မည်သည့်နေရာတွင်မှ ထိုအရသာမျိုး မထုတ်လုပ်နိုင်ကြပေ။ ဂျပန်သိပ္ပံပညာရှင်များသည် မောက်တိုင်ဝိုင်၏ ဖော်မြူလာနှင့် မြေဆီလွှာများကို ခိုးယူကာ ကိုယ်တိုင်ထုတ်လုပ်ရန် ကြိုးစားခဲ့ဖူးသော်လည်း မြေဆီလွှာအတွင်းမှ ဘက်တီးရီးယားများမှာသည် ပတ်ဝန်းကျင်သစ်တွင် သေဆုံးသွားသဖြင့် မအောင်မြင်ခဲ့သည့် ကောလာဟလများမှာ ယနေ့တိုင် ကျော်ကြားနေဆဲ ဖြစ်သည်။
"ဟုတ်ပြီ... ဒါဆို ဒီငန်းတွေရဲ့ အခြေအနေကရော" ယွမ်ကျိုးက ထပ်မေးလိုက်သည်။
"ဟုတ်ကဲ့...ဒီငန်းတွေကို အလေးချိန် ၃၅၀ဝ ဂရမ် (၃.၅ ကီလိုဂရမ်) ရှိတဲ့ ငန်းတွေထဲကနေ အထူးရွေးချယ်ထားခြင်း ဖြစ်ပါတယ်။ ငန်းတွေကို နေ့စဉ် အရည်အသွေးမြင့်ဆန်ကိုပဲကျွေးထားပါတယ်"
ယွမ်ကျိုးသည် တည်ကြည်သော အကြည့်ဖြင့် စနစ်အား လှမ်းပြောလိုက်သည်။
"ဆိုင်ရှင်တစ်ယောက်အနေနဲ့ ငါ့ကိုလည်း အဲဒီလို အစားအသောက်မျိုး နေ့တိုင်း ကျွေးဖို့ ပြင်းပြင်းထန်ထန် တောင်းဆိုပါတယ်။ ပြီးတော့ ဒါကအတော်လေး ကျိုးကြောင်းဆီလျော်တဲ့ တောင်းဆိုမှုလို့လည်း ထင်တယ်"
"ဆိုင်ရှင်... အဆင့်တက်အောင်သာ ကြိုးစားပါ။ ဒီလို အစားအသောက်မျိုးကို အနာဂတ်တွင် ရရှိနိုင်ပါလိမ့်မည်"
"ဟေး... ငါက စားဖိုမှူးတစ်ယောက်ရဲ့ စိတ်ခံစားချက်က အရေးကြီးတယ်လို့ ပြောနေတာလေ။ ငါကိုယ်တိုင် ကောင်းတာတွေ မစားရရင် စိတ်မကောင်းဖြစ်မယ်၊ စိတ်မကောင်းဖြစ်နေရင် အရသာရှိတဲ့ ဟင်းတွေ ဘယ်လိုလုပ် ချက်နိုင်မှာလဲ"
ယွမ်ကျိုးသည် စနစ်က ထုံးစံအတိုင်း ထပ်မံငြင်းပယ်လိမ့်မည်ဟု တွေးကာ အကြောင်းပြချက်များစွာ ပေးနေခဲ့သော်လည်း ယခုတစ်ခါတွင်မူ စနစ်၏ တုံ့ပြန်မှုက သူ မျှော်လင့်ထားသည်နှင့် ကွဲပြားနေသည်ကို တွေ့လိုက်ရသည်။
"အံ့သြစရာပဲ... မင်းက ခြားနားတဲ့အဖြေတစ်ခု ပေးတာလား။ မင်းရဲ့ ပုံမှန် မာနထောင်လွှားတဲ့ စတိုင်က ဘယ်ရောက်သွားတာလဲ။ မင်းစတိုင် ပြောင်းတာကလဲ မြန်လိုက်တာ "
ယွမ်ကျိုးသည် နဖူးကို လက်ဖြင့် အုပ်လိုက်ရင်း အကူအညီမဲ့သလို ခံစားလိုက်ရသည်။ သို့သော်စနစ်က သူ့ကို အစာကောင်းကောင်း ကျွေးမည့် အလားအလာရှိနေသဖြင့် စိတ်ထဲတွင်တော့ ခိုး၍ ပြုံးနေမိပါတော့သည်။
ယွမ်ကျိုးသည် စနစ်၏ စကားလုံးများကို ပြန်လည်ဆန်းစစ်ကြည့်ရင်း ရင်ထဲတွင် မျှော်လင့်ချက်ရောင်ခြည်သန်းလာသည်။ သူသည် အဆင့်အတန်းမြင့်မားသော စားဖိုမှူးတစ်ဦးဖြစ်ရန် ကြိုးစားနေသူပီပီ မိမိ၏စားသောက်နေထိုင်မှု အရည်အသွေးကိုလည်း လျစ်လျူမရှုလိုပေ။
"ငါအဆင့်တက်ပြီးရင် ဒီလို အဆင့်မြင့်ပါဝင်ပစ္စည်းတွေကို နေ့တိုင်း စားခွင့်ရပြီလို့ ဆိုလိုတာလား။ ဒါဆို ဘယ်အဆင့်ကို ရောက်မှရမှာလဲ" ဟု ယွမ်ကျိုးက ချက်ချင်းပင် မေးမြန်းလိုက်သည်။
သို့သော်လည်း စနစ်ကတော့ ပုံမှန်အတိုင်းပင် "တိတ်ဆိတ်ခြင်းသည် ဝန်ခံခြင်းဖြစ်သည်" ဟူသော မူဝါဒကို ကျင့်သုံးကာ တိတ်ဆိတ်သွားပြန်သည်။ အရေးကြီးသည့်အချက်ကို မေးလိုက်တိုင်း ပျောက်ချက်သားကောင်းသွားတတ်သည့် စနစ်၏ အလေ့အထကြောင့် ယွမ်ကျိုး စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်မိသည်။
"လာပြန်ပြီ အရေးကြီးတဲ့အချိန်ရောက်ရင် မင်းက ဒီလိုပဲ တိတ်တိတ်သွားတယ်။ တကယ့်ကို အားကိုးမရတဲ့ စနစ်" ယွမ်ကျိုးက ခပ်တိုးတိုး ရေရွတ်လိုက်သော်လည်း စိတ်ထဲတွင်တော့ အဆင့်တက်ရန် ပိုမိုပြင်းပြသော ဆန္ဒများ ကိန်းအောင်းသွားခဲ့သည်။
သူသည် ပုခုံးတစ်ချက်တွန့်ကာ စနစ်ကို ဆက်လက် အာရုံမစိုက်တော့ဘဲ သူ့ရှေ့တွင်ရှိသော ငန်းကို ကိုင်တွယ်ရန် ပြင်ဆင်လိုက်သည်။ ကွမ်တုံစတိုင်
ငန်းကင် ပြုလုပ်ရာတွင် အသား၏ လတ်ဆတ်မှုနှင့် ကိုင်တွယ်ပုံတို့မှာ အလွန်အရေးကြီးသည်။ ပုံမှန်အားဖြင့် အခြားစားဖိုမှူးများသည် ငန်း၏ ခြေထောက်
နှင့် အတောင်များကို ဦးစွာဖြတ်တောက်လေ့ရှိသော်လည်း ယွမ်ကျိုးကမူ ထိုသို့မလုပ်ဆောင်ခဲ့ပေ။ သူ၏ အမြင်အရ ငန်းတစ်ကောင်လုံး၏ ပုံသဏ္ဍာန်ကို ထိန်းသိမ်းထားမှသာ ကင်သည့်အခါ အပူချိန် ညီမျှမည်ဖြစ်သည်။
"အရင်ဆုံး သန့်ရှင်းရေးလုပ်ပြီး လေထိုးတာက ပိုကောင်းလိမ့်မယ်" ဟု ဆုံးဖြတ်ကာ ယွမ်ကျိုးသည် ငန်းကို သန့်ရှင်းရေးစတင်လုပ်ဆောင်သည်။
"ဟွာဟွာ" စီးဆင်းနေသော ရေသံသည် တိတ်ဆိတ်နေသော ဆိုင်အတွင်း၌ သာယာစွာ ထွက်ပေါ်လာသည်။
စနစ်မှပေးထားသော ငန်းမှာ အမှန်တကယ်ပင် ထူးခြားလှသည်။ ငန်း၏ ဝမ်းဗိုက်တွင် တစ်လက်မခန့်သာရှိသော အပေါက်လေးတစ်ခုသာ ရှိသည်။ ထိုအပေါက်ငယ်လေးထဲမှ ကလီစာများကို ကျွမ်းကျင်စွာ ထုတ်ယူထားခြင်းဖြစ်သည်။ ဤသို့ ပြုလုပ်ခြင်းဖြင့် ငန်း၏ အရေပြားနှင့် အသားများမှာ ပွန်းပဲ့ခြင်းမရှိဘဲ ပုံသဏ္ဍာန်အပြည့်အဝရစေသည်။
ယွမ်ကျိုးသည် ဝမ်းဗိုက်ကို ဆေးကြောရန်အတွက် စနစ်မှ အထူးပြင်ဆင်ပေးထားသော 'အေးမြသော မေလ၏ မိုးရေ' ကို အသုံးပြုလိုက်သည်။ ငန်းတစ်ကောင်ကို မီးသွေးမီးဖြင့် မကင်မီ ဆေးကြောရာတွင် ရေ၏ အပူချိန်နှင့် အရည်အသွေးမှာ အလွန်အရေးကြီးသည်။ ရေခဲရေကဲ့သို့ အလွန်အေးသောရေသည် အသားစိုင်များကို တောင့်တင်းသွားစေနိုင်သလို၊ နှင်းရည်မှာလည်း အေးလွန်းသဖြင့် အဆီများကို ခဲစေတတ်သည်။ အရသာ အသင့်အတင့်ရှိပြီး သဘာဝအတိုင်း ချိုမြိန်ကာ အပူချိန်မျှတသော မေလ၏မိုးရေသည်သာ ငန်းကို ဆေးကြောရန် အကောင်းဆုံးသော ရွေးချယ်မှု ဖြစ်သည်။
သွေးစသွေးနများအားလုံး စင်ကြယ်သွားသည်အထိ ဆေးကြောပြီးနောက် ယွမ်ကျိုးသည် ငန်းကို ချိတ်ဆွဲကာ အစိုဓာတ်စုပ်ထုတ်ရန် ပြင်ဆင်သည်။ သူသည် ရေစုပ်ယူမှုအားကောင်းစေရန် သန့်ရှင်းသည့် ချည်ထည်စဖြင့် ငန်း၏ မျက်နှာပြင်ကို နူးညံ့စွာ သုတ်ပေးနေသည်။
"လေထိုးတဲ့အပိုင်းကို ငါကိုယ်တိုင်ပဲ လုပ်ရမှာလား" ယွမ်ကျိုးက စနစ်ကို မေးနေသလိုလို၊ မိမိကိုယ်ကိုယ် ပြောနေသလိုလိုဖြင့် ရေရွတ်လိုက်သည်။
ငန်းကင်၏ အရေပြားကို ကြွပ်ရွနေစေရန်အတွက် လေထိုးခြင်းသည် မဖြစ်မနေ လုပ်ဆောင်ရမည့် အဆင့်ဖြစ်သည်။ လေထိုးလိုက်သောအခါ အရေပြားအောက်ရှိ အဆီနှင့်တစ်သျှူးများကြားထဲသို့ လေတိုးဝင်သွားပြီး ငန်း၏ခန္ဓာကိုယ်ကို ဖောင်းကားလာစေသည်။ ဤသို့ဖြင့် ကင်သည့်အခါ အရေပြားမှာ အသားနှင့် ကပ်မနေတော့ဘဲ ကြွပ်ရွကာ အရောင်အသွေး လှပလာမည်ဖြစ်သည်။
ယွမ်ကျိုး တွန့်ဆုတ်နေစဉ်မှာပင် စနစ်ကပြန်ပြော
လေသည်။
"စနစ်မှပေးထားသော ထိန်းချုပ်မှုချစ်ပ်ပါဝင်သော လေမှုတ်စက် ဗီရိုထဲမှာရှိပါတယ်"
"ကြည့်စမ်း... ဒါမျိုးကျတော့လည်း မြန်သားပဲ" ယွမ်ကျိုးက ခပ်ပြုံးပြုံးဖြင့် လေမှုတ်စက်ကို ထုတ်ယူလိုက်သည်။
သူသည် ငန်း၏ ဦးခေါင်းကို တစ်ဖက်မှ မြှောက်ကိုင်ကာ လည်ပင်းရှိ ပြတ်ရှရာ အပေါက်ငယ်လေးထဲသို့ လေမှုတ်စက်၏ ခေါင်းကို ဂရုတစိုက် ထိုးသွင်းလိုက်သည်။ ထို့နောက် ဘယ်ဘက်လက်ဖြင့် လည်ပင်းနှင့် စက်ခေါင်းကို လေမထွက်စေရန် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး ညာဘက်လက်ဖြင့် ခလုတ်ကို နှိပ်ကာ လေကို ငန်း၏ ကိုယ်ထဲသို့ ဖြည်းဖြည်းချင်း ဖိသွင်းလိုက်သည်။
"ဟူး... ဟူး..."
လေဖိအားကြောင့် မူလက ပြားချပ်နေသောငန်း၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်းချင်း ဖောင်းကားလာသည်။ အရေပြားများသည် ပြောင်တင်းလာပြီး ငန်းတစ်ကောင်လုံး အသက်ဝင်လာသကဲ့သို့ ရှိသည်။ မူလအရွယ်အစား၏ ၈၀ ရာခိုင်နှုန်းခန့်အထိ ဖောင်းကားလာကာ ငန်း၏ ပုံသဏ္ဍာန်မှာ ကြည့်ကောင်းသော အနေအထားသို့ ရောက်ရှိသွားမှသာ ယွမ်ကျိုးက စက်ကို ရပ်တန့်လိုက်တော့သည်။ ဤဖောင်းကားနေသော ငန်းသည် ယွမ်ကျိုး၏ လက်ရာမွန်အဖြစ်သို့ ပြောင်းလဲရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။
ထိုအချိန်မှာ အိုးကြီးထဲတွင် ရေများ ပွက်ပွက်ဆူပြီး ဖြစ်နေပါပြီ။
ယွမ်ကျိုးသည် လက်တစ်ဖက်က ငန်းကိုကိုင်၊ နောက်တစ်ဖက်က ဇွန်းကိုကိုင်ကာ ဆူပွက်နေသောရေနွေးကိုခပ်ပြီး ငန်းကို စတင်အပူပေးလိုက်၏။ငန်း၏ ခန္ဓာကိုယ်မှအပူချိန်နှင့် ဖြည်းဖြည်းချင်းတူညီစေပြီးမှ အိုးကြီးထဲကို အသာအယာထည့်ပြီး ပြုတ်လိုက်တော့သည်။
ထိုလုပ်ငန်းစဉ်တွင် ယွမ်ကျိုးသည် အလွန်ဂရုစိုက်ရ၏။ ငန်း၏ရင်အုံသားတွင် ဇွန်းရာ သို့မဟုတ် ချိုင့်ခွက်ရာလေးများ ကျန်ရစ်ပြီး ငန်း၏လှပသော ပုံရိပ်ကို ထိခိုက်မည် စိုး၍ အနုစိတ်ဆုံး ကြိုးစားခဲ့ရသည်။
ငန်းကို အပူပေးနေရင်းပင် ငန်းသား၏ရနံ့နှင့်အတူ ဝိုင်ရနံ့ ခပ်ဖျော့ဖျော့သည် လေထဲသို့ ပျံ့လွင့်လာ၏။
"အနံ့က တကယ်ကို ထူးခြားတာပဲ။ 'အပျိုဝိုင်' သောက်ထားတဲ့ ငန်းဆိုတော့လည်း မပြောတော့ပါဘူး" လို့ ယွမ်ကျိုးက စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်ပါတယ်။
ဒါပေမဲ့ သူချက်ချင်းပဲ တစ်ခုကို သတိပြုမိသွားပြီး စနစ်ကို လှမ်းမေးလိုက်တယ်။
"စနစ် ခုနကလေမှုတ်တုန်းက သုံးတဲ့လေက ချန်ဒူးက လေလား။ ချန်ဒူးမှာ မြူနှင်းတွေ ညစ်ညမ်းမှုတွေ ရှိနေတတ်တာ မမေ့နဲ့ဦး"
စနစ်က ချက်ချင်း တုံ့ပြန်လိုက်သည်။
"အဲ့ဒီလေက 'ကမ္ဘာနှလုံးသား' လို့လူသိများတဲ့
တက်စမေးနီးယားကျွန်းရှိ ဝယ်လင်တန်တောင် (Mount Wellington) ကပါ"
"တောင်ဝင်ရိုးစွန်းနားမှာ ရှိပေမယ့် နယ်နိမိတ်ချင်း ထိစပ်နေတာတော့ မဟုတ်ပါဘူး။ အဲဒီမြေကို 'ကမ္ဘာ့ကြီးရဲ့အဆုံး' လို့လည်း ခေါ်ကြတယ်။ Host ကို ပေးထားတဲ့လေက ဆောင်းရာသီမှာ ၁၀ ဒီဂရီ စင်တီဂရိတ်ရှိတဲ့ သန့်ရှင်းလတ်ဆတ်ပြီး ညစ်ညမ်းမှု လုံးဝကင်းစင်တဲ့ လေထုကနေ ရယူထားတာပါ။ အေးမြတဲ့ နှင်းနံကို ရနိုင်ပြီး ငန်းတွေကို လေမှုတ်ဖို့အတွက် အသင့်တော်ဆုံးပါပဲ"
"ဒါကို စောစောသိရင် လေရဲ့ အရည်အသွေးက ဘယ်လောက်တောင် ကောင်းလဲဆိုတာ သိရအောင် လေကို တစ်ငုံလောက် မြည်းကြည့်သင့်တယ်" ဟု ယွမ်ကျိုးက နောက်ပြောင်လိုက်သည်။
"ဟွာဒိုင်းဝိုင်ကို သောက်ပြီး ဝယ်လင်တန်တောင်က အောက်ဆီဂျင်စစ်စစ်ကို ရှူသွင်းထားတဲ့ ငန်းတစ်ကောင်..." ယွမ်ကျိုး သက်ပြင်းချမိသည်။
တစ်ခါတရံ သူသည် ငန်းတစ်ကောင်ထက်ပင် နိမ့်ကျ
သောဘဝကို ဖြတ်သန်းနေရသကဲ့သို့ ခံစားလိုက်၍ ဖြစ်၏။
ငန်းအား ကျော်တက်နိုင်ရန် တစ်ခုတည်းသော နည်းလမ်းမှာ အပြင်းအထန် ကြိုးစားကာ စားဖိုမှူးအဆင့် တက်ရန် သာကျန်တော့သည်။
ကံကောင်းထောက်မစွာနှင့် ထိုအချိန်တွင် ငန်းသည်အနေတော် ပြုတ်ပြီးသား ဖြစ်သွားလေပြီ။ ယွမ်ကျိုးသည် စနစ်နှင့် စကားပြောနေသည်ကို ရပ်တန့်ကာ ငန်းကို ဆက်လက်ပြင်ဆင်ရန် အာရုံစိုက်လိုက်သည်။ ညှပ်နှင့် ငန်းကိုဆယ်ကာ ရေအေးနှင့် ချက်ချင်း လောင်းချလိုက်သည်။ အပူကြောင့် ကျယ်ပြန့်လာသော ငန်းအရေပြားမှာ အအေးကြောင့် ပြန်ကျုံ့သွားသည့်အတွက် ကြွပ်ရွပြီး ပိုမိုနူးညံ့လာသကဲ့သို့ အနံ့ဆိုးထွက်ခြင်းမှလည်း ကင်းဝေးစေသည်။
ငန်းသားဆီမှ ထွက်ပေါ်နေသော အငွေ့များ နည်းသွားသည့်အခါ ယွမ်ကျိုး၏ လက်အစုံက စတင်လှုပ်ရှားတော့သည်။ သူသည် ငန်း၏ ဝမ်းဗိုက်ထဲသို့ လျှို့ဝှက်ချက်များစွာဖြင့် ဖော်စပ်ထားသော အရသာမှုန့်များကို စနစ်တကျ ထည့်သွင်းလိုက်သည်။ ထို့နောက်တွင်မူ အရေးကြီးဆုံးအဆင့်ဖြစ်သည့် အိမ်လုပ် "ကြွပ်ဆတ်ရေ" ကို အရေခွံပေါ်တွင် စတင်ပွတ်တိုက်ရန် ပြင်ဆင်လိုက်သည်။
ယွမ်ကျိုးသည် ကြွေဇွန်းငယ်လေးကို ကိုင်ကာ အရသာများကို တစ်ဇွန်းပြီးတစ်ဇွန်း တိကျပြတ်သားစွာ ထည့်သွင်းနေပုံမှာ ဟင်းချက်နေသည်ထက် အနုပညာလက်ရာတစ်ခုကို ဖန်တီးနေသည့် ပန်းချီဆရာတစ်ဦးနှင့် ပိုတူနေလေသည်။
အစာသွတ်ပြီးနောက် ကြွပ်ဆတ်ရေကို ငန်းတစ်ကောင်လုံး၏ မျက်နှာပြင်ပေါ်တွင် ညီညီညာညာ သုတ်လိမ်းရသည်။ အကယ်၍ တစ်နေရာရာလွတ်သွားပါက ကင်ပြီးသည့်အခါ အရေခွံ၏ အရောင်အသွေးမှာ တသမတ်တည်းဖြစ်မနေဘဲ အလှအပကို များစွာထိခိုက်စေနိုင်သည်မဟုတ်ပါလား။
"အခုတော့ အခြောက်ခံဖို့ပဲ ကျန်တော့တယ်..." သူက ခပ်တိုးတိုးရေရွတ်လိုက်သည်။
ယွမ်ကျိုးသည် ထည့်သွင်းထားသော အရသာမှုန့်များ ပြန်မထွက်စေရန် ငန်း၏ ဝမ်းဗိုက်ကို သေသေချာချာ ပြန်ချုပ်လိုက်သည်။ ထို့နောက် သတ်မှတ်ထားသော အခြောက်ခံစင်တွင် ငန်းကို ချိတ်ဆွဲလိုက်တော့သည်။ ဤသို့ စိတ်ရှည်လက်ရှည် အခြောက်ခံပြီး ကင်မှသာလျှင် ငန်းအသားသည် မှန်သားပြင်ကဲ့သို့ တောက်ပြောင်ချောမွေ့ကာ ပြီးပြည့်စုံသည့် ရလဒ်ကို ရရှိမည်ဖြစ်သည်။ ထို့ကြောင့် ယွမ်ကျိုးသည် အချိန်မည်မျှပင် ကုန်ဆုံးပါစေ၊ စိတ်ရှည်သည်းခံကာ စောင့်ဆိုင်းနေခဲ့သည်။
"ဒီငန်းကင်က ငါ့ဆိုင်မှာအရှုပ်ထွေးဆုံး ဟင်း ဖြစ်လာမှာပဲ..."
ယွမ်ကျိုးသည် အခုမှ လုပ်ငန်းစဉ်၏ တစ်ဝက်ခန့်သာ ပြီးမြောက်သေးသည်ကို ကြည့်ရင်း ဂုဏ်ယူဝင့်ကြွားသော အပြုံးတစ်ခုကို မျက်နှာပေါ်တွင် ဆင်မြန်းလိုက်ပါတော့သည်။
အပိုင်း(၄၂၉)
ပြီးပါပြီ။
ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၄၃၀)
"ဒီနေ့ ညစာအတွက်တော့ ငါ ငန်းကင်ပဲ စားတော့မယ်"
ယွမ်ကျိုးသည် အရေခွံများ တင်းပြောင်နေအောင် အခြောက်ခံထားသော ငန်းကို ကြည့်ရင်း အားရကျေနပ်စွာ ရေရွတ်လိုက်သည်။
စနစ်သည် ယွမ်ကျိုးအတွက် မီးဖိုချောင်အတွင်း၌ မီးဖိုငယ်လေးတစ်ခုကို သီးသန့်ပြင်ဆင်ပေးထားသည်။ ထိုမီးဖိုမှာ သေးငယ်လှပြီး ငန်းတစ်ကောင် ကင်ရန် အရွယ်အစား သာရှိသည်။ ယွမ်ကျိုးသည် လက်ကိုဆန့်ထုတ်ကာ မီးဖိုကို ခေါက်ကြည့်လိုက်ရာ "ပန်... ပန်..." ဟူသော အသံတိုးတိုးလေး ထွက်ပေါ်လာသည်။
"ဒါက မြေအိုးလား..."
ယွမ်ကျိုးသည် မူလကမီးဖိုကို အုတ်နှင့် ရွှံ့စေးဖြင့် ပြုလုပ်ထားသော ရေတွင်းကဲ့သို့ ပုံစံမျိုး ဖြစ်လိမ့်မည်ဟု ထင်ခဲ့ခြင်းဖြစ်သည်။ အတိတ်က ကျော်ကြားသော ရေတွင်းငန်းကင်ကို ထိုကဲ့သို့ ပြုလုပ်လေ့ရှိသည်မဟုတ်ပါလား။ စနစ်၏ စွမ်းဆောင်ရည်နှင့်ဆိုလျှင် ငန်းကင်ရန်အတွက် မြေအောက်ရေတွင်းမီးဖိုကြီးတစ်ခုကို ဆောက်လုပ်ထားလျှင်ပင် ယွမ်ကျိုး
အံ့သြမည်မဟုတ်ပေ။
သို့သော် စနစ်၏ ရှင်းပြချက်မှာ ပို၍ပင် ထူးခြားနေခဲ့သည်။
"ဟုတ်ပါတယ်။ ဒီမီးဖိုကို မြေစေး၊ ကြွေကျောက် နှင့် သဲကျောက် တို့နဲ့ အချိုးကျရောစပ်ထားပြီး ရှေးဟောင်းနည်းလမ်းနဲ့ ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ အိုးကို မြေအိုးသဏ္ဌာန်အဖြစ် ပြောင်းလဲစေပြီး နောက်ကြွေသားအဆင့်သို့ ရောက်သည်အထိ အပူချိန်ပြင်းပြင်းဖြင့် ထပ်မံပြုပြင်ထားပါတယ် "
" ကြွေအိုးသည် လေဝင်လေထွက်ကောင်းပြီး အပူစုပ်ယူနိုင်စွမ်း မြင့်မားတယ်။ အပူချိန် ညီညာပြီး အလွယ်တကူ အပူမကူးနိုင်ခြင်းတို့ကြောင့် မီးဖိုအဖြစ် အသုံးပြုရန် အလွန်သင့်တော်ပါတယ်။ ဒီလိုရှေးဟောင်းနည်းလမ်းနဲ့ပြုလုပ်ထားတဲ့မီးဖိုက ပြုလုပ်ထားတဲ့ မီးဖိုက ပုံပျက်ခြင်းနဲ့ အက်ကွဲခြင်း တို့ဖြစ်မှာမဟုတ်ပါဘူး"
"မင်းကတော့ ငါ့ရှေ့မှာ မင်းရဲ့ ဗဟုသုတတွေကို ထပ်ပြီး ကြွားနေပြန်ပြီပေါ့လေ" ယွမ်ကျိုးက စနစ်ကို လှောင်ပြောင်လိုက်သော်လည်း စနစ်မှပေးသော အချက်အလက်များကိုတော့ အလေးအနက် ဖတ်ရှုနေခဲ့သည်။
ထို့နောက် သူက ခပ်တိုးတိုး ဆက်ပြောလိုက်သည်။ "စနစ်က သူ့ဗဟုသုတကို ကြွားနေတဲ့အချိန်မှာ ဝူကျိုးကတော့ သူ့ရည်းစားနဲ့ ငါ့ရှေ့မှာကြည်နူးပြနေတယ်။ ကြည့်စမ်း... ငါ့ဘဝက ဘယ်လောက်တောင် သနားစရာကောင်းလိုက်လဲ"
ယွမ်ကျိုးသည် အနက်ရောင် တောက်နေသော ချိတ်ကောက်နှင့် အမြှီးပိတ်ကို ကောက်ယူကြည့်လိုက်ပြန်သည်။ မူလက သူသည် ၎င်းကို သံဖြင့် ပြုလုပ်ထားသည်ဟု ထင်ခဲ့သော်လည်း စနစ်မှာ သူထင်ထားသည်ထက် ပို၍ ရူးသွပ်နေခဲ့သည်။
"အမြှီးပိတ်ရော ချိတ်ကောက် ကြွေထည်တွေပဲလား..." သူက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
သံဖြင့်ပြုလုပ်လျှင် သံနံ့ထွက်နိုင်သော်လည်း ကြွေထည်ဖြင့် ပြုလုပ်ထားသော ကိရိယာများမှာမူ အစားအစာ၏ မူလရနံ့ကို လုံးဝ မထိခိုက်စေနိုင်ပေ။ ယွမ်ကျိုးသည် ငန်း၏အမြှီးကို အမြှီးပိတ်ဖြင့် လျင်မြန်စွာ ပိတ်လိုက်ပြီး အတွင်းထဲမှ ရနံ့များကို အပြင်သို့ မထွက်အောင် ပြုလုပ်လိုက်သည်။
ထို့နောက် ချိတ်ကောက်ကိုယူကာ ငန်း၏ ဝမ်းဗိုက်အောက်ပိုင်းမှနေ၍ ကျွမ်းကျင်စွာ ထိုးသွင်းလိုက်သည်။ လေယိုစိမ့်မှုကို ကာကွယ်ရန်အတွက် ငန်း၏ခေါင်းကို လှည့်ကာ လည်ပင်းကို အသားချိတ်ကြားတွင် တင်းတင်းကျပ်ကျပ် ညှပ်လိုက်သည်။ ဤလုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် ယွမ်ကျိုးသည် ငန်း၏ အရေခွံကို သေချာစစ်ဆေးနေခဲ့သည်။ အရေခွံမှ အဆီများစိမ့်ထွက်လာသည့် လက္ခဏာ တစ်စုံတစ်ရာ မတွေ့ရခြင်းမှာ အစောပိုင်းကတည်းက ငန်းကို ကောင်းမွန်စွာ ပြုပြင်ထားခဲ့ကြောင်း သက်သေပင် ဖြစ်သည်။
ထိုအခါမှသာ ယွမ်ကျိုးသည် ငန်းကို ဘေးတွင် ချိတ်ဆွဲထားလိုက်ပြီး မီးဖိုကိုအပူပေးရန်အတွက် မီးစတင် မွှေးလိုက်တော့သည်။
မီးမညှိခင်မှာ ယွမ်ကျိုး ခေတ္တမျှ တုံ့ဆိုင်းနေခဲ့မိသည်။ အကြောင်းမှာ သူ၏လက်ထဲတွင် ကိုင်ထားသည်မှာ သာမန်သစ်သားတစ်ပိုင်း မဟုတ်သောကြောင့်ပင်။
"စနစ်... အသက်သစ်သား (Lignum Vitae) နဲ့ ငန်း ကင်နေတာ သိရင် ငါ အဖမ်းမခံရဘူးမလား" ယွမ်ကျိုးသည် တန်ဖိုးကြီးလှသော ထင်းတုံးကို ကြည့်ကာ စိုးရိမ်တကြီး မေးလိုက်သည်။
စနစ်က ချက်ချင်းပင် အဖြေပေးလာသည်။
"ငန်းကို မကင်ခင်မှာ ဥတုလေးမျိုးနှင့် ဓာတ်ငါးပါးသီအိုရီကို ထည့်သွင်းစဉ်းစားရပါမယ်။ အခုဆောင်းဦးရာသီဖြစ်တာကြောင့် ဓာတ်ကြီးငါးပါးသီအိုရီအရ ဆောင်းရာသီနဲ့ ဆက်စပ်တဲ့အရောင်က အနက်ရောင်ပါ။ အသက်သစ်သားရဲ့ အတွင်းသားက အနက်ရောင်ဖြစ်ပြီး အပြင်သားက အဖြူ သို့မဟုတ် အနီရောင်ဖျော့ဖျော့ ရှိတတ်ပါတယ်"
"အနက်ရောင်သစ်သားရဲ့ ထူးခြားချက်ဖြစ်တဲ့ အနံ့ဆိုး ခြင်းမရှိတဲ့အတွက် ငန်းရဲ့ မူလရနံ့ကို မထိခိုက်စေဘဲ ကင်ဖို့ သင့်တော်ပါတယ်။ ဒီလိုဆိုရင် သဘာဝနိယာမကို ဆန့်ကျင်ရာမရောက်စေရုံသာမက စားသုံးသူရဲ့ ကျန်းမာရေးကိုလည်း အထောက်အကူပြုစေပါတယ်။ ဒါနဲ့ အသက်သစ်သားနဲ့ ငန်းကင်မယ့်သူက မင်းကိုယ်တိုင်ပဲလေ "
"ဟိုး... ဥတုလေးမျိုးနဲ့ ဓာတ်ကြီးငါးပါးသီအိုရီဆိုပါလား။ မင်းက တကယ်ကို ဗဟုသုတ ကြွယ်ဝလွန်းတဲ့ စနစ်ပဲ" ယွမ်ကျိုးက ချီးကျူးသလိုလိုဖြင့် ရေရွတ်လိုက်သည်။ သို့သော် သူ စဉ်းစားကြည့်ရင်း ရုတ်တရက် သတိဝင်လာကာ -
"နေပါဦး... မီးမွှေးမယ့်သူက ငါဆိုတော့၊ တကယ်လို့ တစ်ယောက်ယောက်က တန်ဖိုးကြီးသစ်သားကို ထင်းအဖြစ် သုံးတယ်ဆိုပြီး ပြဿနာရှာရင် အဖမ်းခံရမှာကလည်း ငါပဲပေါ့... ဟုတ်လား"
စနစ်ကတော့ ထုံးစံအတိုင်း တိတ်ဆိတ်သွားပြီး မည်သည့်တုံ့ပြန်မှုမှ မရှိတော့ပေ။
"စနစ်ရေ... မင်းတော်တော် ဆိုးတာပဲ။ ပစ္စည်းတွေ ပေးတာ မင်းလေ၊ တစ်ခုခုဆို မင်းကိုပဲ အပြစ်တင်ရမှာပေါ့။ ငါက ကျွမ်းကျင်စားဖိုမှူး ဖြစ်ဖို့ ကြိုးစားနေရတဲ့ စားဖိုမှူးလေး တစ်ယောက်ပါဟ"
ယွမ်ကျိုးသည် မိမိတာဝန်ကို ရှောင်လွှဲရန် ကြိုးစားရင်း မီးစတင် မွှေးလိုက်သည်။
"ဒီသစ်သားက တော်တော်မာတာပဲ။ မီးမွှေးဖို့တောင် ခက်လိုက်တာ" သူက ခပ်တိုးတိုး ညည်းတွားလိုက်သည်။
ကံကောင်းထောက်မစွာဖြင့် အစောပိုင်း မီးညှိသည့်အဆင့် ပြီးဆုံးသွားသောအခါ အသက်သစ်သားတုံးမှာ စတင်တောက်လောင်လာပြီး အပူချိန်မှာလည်း တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။ မီးဖိုမှာ သေးငယ်သော်လည်း အပူထိန်းနိုင်စွမ်း ကောင်းမွန်လှသည်။ အပူချိန် ၂၅၀ ဒီဂရီ စင်တီဂရိတ်သို့ ရောက်ရှိသွားသည့်အခါ ယွမ်ကျိုးသည် အပူခံ လက်အိတ်များဝတ်ဆင်ကာ ပြင်ဆင်ပြီးသား ငန်းကို မီးဖိုထဲသို့ လျင်မြန်စွာ ထည့်လိုက်သည်။
"ပင်း" ဟူသော အသံနှင့်အတူ မီးဖိုအဖုံးကို လုံအောင်ပိတ်လိုက်ပြီး ကင်သည့် လုပ်ငန်းစဉ်ကို စတင်လိုက်တော့သည်။
ယွမ်ကျိုး၏ လုပ်ဆောင်ချက်တိုင်းမှာ စက်ရုပ်တစ်ရုပ်ကဲ့သို့ တိကျပြတ်သားပြီး မြန်ဆန်လှသည်။ မီးဖိုငယ်၏ အလယ်ဗဟိုတွင် ငန်းကို ချိတ်ဆွဲထားခြင်းမှာ အပူချိန် ညီညီညာညာ ရရှိစေမည် ဖြစ်သည်။
"ကံကောင်းတာက ငါ့ဆိုင်ထဲမှာ အပူချိန်မပြောင်းလို့။ မဟုတ်ရင် ဒီလောက်အေးတဲ့နေ့မျိုးမှာ အပြင်က လေအေးတွေကြောင့် ငန်းကို ကောင်းကောင်းကင်နိုင်ဖို့ အပူချိန်ကို ထပ်မြှင့်ရဦးမှာ" ဟု သူက တွေးတောရင်း လက်ကို သေသေချာချာ ဆေးကြောလိုက်သည်။
ယွမ်ကျိုးသည် နာရီကို တစ်ချက်ကြည့်လိုက်သည်။ သူ၏ စိတ်ထဲမှ ခန့်မှန်းထားသော အချိန်နှင့် နာရီပေါ်မှ အချိန်မှာ တစ်ထပ်တည်း ကျနေသော်လည်း သူသည် မပေါ့ဆပေ။ ဟင်းလျာအသစ်တစ်ခုကို ပထမဆုံးအကြိမ် ဖန်တီးသည့်အခါတိုင်း ယွမ်ကျိုးသည် စနစ်တကျ သတ်မှတ်ထားသည့် အစီအစဉ်များအတိုင်းတိတိကျကျ လိုက်နာတတ်မြဲ ဖြစ်သည်။
ယွမ်ကျိုးသည် ဆန်းသစ်တီထွင်မှုကို နှစ်သက်သူဖြစ်သော်လည်း အလုပ်ခွင်တွင်မူ သတ်မှတ်ထားသော စံနှုန်းနှင့် အစီအစဉ်များကို တိကျစွာ လိုက်နာတတ်သည့် စားဖိုမှူးတစ်ဦးဖြစ်သည်။ သူ၏ စေ့စပ်သေချာမှုမှာ တစ်ခါတစ်ရံတွင် အံ့မခန်းဖွယ်ပင်။
ယွမ်ကျိုးသည် နာရီကို နောက်တခါကြည့်လိုက်ပြီးနောက် နံရံတွင် ချိတ်ဆွဲထားသော ပန်းချီကားဆီသို့ အကြည့်ရောက်သွားသည်။
"ဟမ်... ပန်းချီကားက စောင်းနေပါလား"
သူသည် ထိုအချက်ကို လျစ်လျူရှုရန် ကြိုးစားသော်လည်း စိတ်ထဲတွင် တစ်မျိုး ဖြစ်နေသဖြင့် နောက်ဆုံးတွင် လှေကားပေါ်သို့ အပြေးတက်သွားတော့သည်။ သူသည် ဒုတိယထပ်မှ အလွန်ရှည်လျားသော လှေကားတစ်ခုကို ထုတ်ယူကာ အောက်ထပ်သို့ ပြန်ဆင်းလာခဲ့သည်။
"ပါး"
သူသည် လှေကားကို ထောင်လိုက်ရာ လှေကားသည် မျက်နှာကြက်အထိ မြင့်တက်သွားသည်။ ယွမ်ကျိုးသည် ၎င်းလှေကားပေါ်တက်ကာ ပန်းချီကား၏ ဘောင်မျဉ်းလေးကြောင်းသည် မျက်နှာကြက်၏ မျဉ်းများနှင့် အပြိုင်ဖြစ်စေရန် အသေအချာ ချိန်ညှိလိုက်သည်။ မျဉ်းများအားလုံး တစ်ထပ်တည်းကျသွားမှသာ သူသည် စိတ်အေးလက်အေးဖြင့် ရပ်တန့်လိုက်တော့သည်။
"အခုမှပဲ ကြည့်ရတာ ပိုအဆင်ပြေသွားတော့တယ်" ယွမ်ကျိုးသည် နေရာမှန်ပြန်ရောက်သွားသော ပန်းချီကားကို မော့ကြည့်ရင်း ကျေနပ်စွာ ရေရွတ်လိုက်သည်။
အကယ်၍သာ ဝူဟိုင်းသာ ဤနေရာတွင် ရှိနေပါက
"သူဌေးယွမ်ကတော့ OCD (စွဲလမ်းလွန်ရောဂါ) ရဲ့ သားကောင်ဖြစ်နေပြီ" ဟု တည့်လောင်ပြောင်ပေလိမ့်မည်။
ဝူဟိုင်းကိုယ်တိုင် ပန်းချီကား ချိတ်ဆွဲစဉ်ကလည်း ယွမ်ကျိုး၏ တိကျလွန်းသော အမိန့်ပေးမှုများကြောင့် အတော်လေး ဒုက္ခရောက်ခဲ့ရဖူးသည်။ ယွမ်ကျိုး၏ မျက်လုံးထဲတွင် ၀.၅ စင်တီမီတာခန့် လွဲချော်နေခြင်းမှာပင် အလွန်ကြီးမားသော အမှားတစ်ခုကဲ့သို့ မြင်နေရတတ်သည် မဟုတ်ပါလား။
"တုံ... တုံ... တုံ..."
ယွမ်ကျိုးသည် အပေါ်ထပ်သို့ ပြန်တက်ကာ လှေကားကို သိမ်းဆည်းပြီးနောက် ရေတိုင်ကီဆီသို့ ပြန်သွားသည်။
"အချိန်ကတော့ ကွက်တိပဲ။ လက်ဆေးဖို့ ငါးမိနစ်လောက် ကျန်သေးတယ်" သူသည် ကျေနပ်စွာ ပြုံးလိုက်သည်။
ယွမ်ကျိုးသည် လက်ဆေးခြင်းကိုပင် စံပြအဖြစ်ဆုံး နည်းလမ်းဖြင့် ငါးမိနစ်ခန့် ဆေးကြောအခြောက်ခံ လေ့ရှိလိုက်သည်။
"ဒင်း"
နှိုးစက်သံ မြည်လာသည်နှင့် တစ်ပြိုင်နက် ယွမ်ကျိုးသည် အပူဒဏ်ခံလက်အိတ်ကို ဝတ်ဆင်ကာ မီးဖိုထဲမှ ကင်ထားသော ငန်းကို ထုတ်ယူလိုက်သည်။ သူသည် အမြှီးပိတ်ကို ညင်သာစွာ ဖယ်ရှားလိုက်ရာ ကြက်ဥအရွယ်အစားရှိသော အပေါက်တစ်ခု ပေါ်လာသည်။
"ငန်းရဲ့ အတွင်းပိုင်းက အရမ်းနူးညံ့တာကြောင့် ချွန်ထက်တဲ့ ကိရိယာတွေ သုံးရင် ပျက်စီးသွားနိုင်တယ်။ ဒါကြောင့် လက်နဲ့ပဲ လုပ်မှ ရမယ်"
ယွမ်ကျိုးသည် အသက်ပြင်းပြင်းရှူလိုက်သည်။ သူသည် မာစတာချန်ကဲ့သို့ သက်တမ်းရင့်စားဖိုမှူးများပင် လေးစားရသည့်၊ မီချယ်လင် သုံးပွင့်ရ စားဖိုမှူး ချူရှောင် ကိုပင် ဖိအားပေးနိုင်သည့် အရည်အချင်းရှိသူ ဖြစ်သည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ သူသည် အချက်တစ်ခုကို မှားယွင်းစွာ ပြုလုပ်မိခဲ့သည်။
ကင်ပြီးခါစဖြစ်သောကြောင့် ငန်းသည် အလွန်အမင်း ပူနေပြီး အထူးသဖြင့် ဝမ်းဗိုက်အတွင်းပိုင်းမှာ လူသားတစ်ဦး၏ အသားအရေနှင့် ထိတွေ့ရန် မဖြစ်နိုင်လောက်အောင် အပူချိန် မြင့်မားနေသည်။
"ရှစ်..."
သူ၏ နှာခေါင်းပိတ်အောက်မှနေ၍ နာကျင်လှသော ရေရွတ်သံတစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။ ယွမ်ကျိုးသည် ငန်းဝမ်းဗိုက်ထဲသို့ လက်ချောင်းများကို ထိုးထည့်ကာ အထဲမှ ဟင်းခတ်များကို ထုတ်ယူရန် ကြိုးစားစဉ် မီးလောင်ဒဏ်ရာ ရရှိသွားခဲ့ခြင်း ဖြစ်သည်။ ယွမ်ကျိုး၏ လက်ချောင်းပေါ်တွင် မျက်စိကျိန်းစရာကောင်းသော အရည်ကြည်ဖု နှစ်ခုမှာ ချက်ချင်းပင် ပေါ်ပေါက်လာတော့သည်။
မှတ်ချက်
ဓာတ်ကြီးငါးပါးသီအိုရီ (Wu Xing) သတ္တု၊ သစ်သား၊ ရေ၊ မီးနှင့် မြေ တို့သည် ရှေးခေတ် တရုတ်လူမျိုးများက ရုပ်ပိုင်းဆိုင်ရာ စကြဝဠာကို ဖွဲ့စည်းရန် အသုံးပြုခဲ့ကြပြီး နောက်ပိုင်းတွင် ဇီဝဗေဒနှင့် ရောဂါဗေဒဆိုင်ရာ ဖြစ်စဉ်များကိုလေ့လာရန် အသုံးပြုခဲ့ကြသည်။
အပိုင်း (၄၃၀)
ပြီးပါပြီး။