← Chapters

ကောင်းကင်ဘုံခုံရုံးသို့ပြန်လည်ရောက်ရှိခြင်း

Vol. 42 Ch. 579

ကောင်းကင်ဘုံခုံရုံးသို့ပြန်လည်ရောက်ရှိခြင်း

Vol. 42 Ch. 579

လျှို့ဝှက်အခန်း တစ်ခုတွင် လေဟာပြင် တံခါးပေါက်နှစ်ခု ရှိနေပြီး လင်းလက်ပြိုးပြက်သော ရောင်ခြည်များ ဖြာထွက်နေသည်။

ထိုရွှေရောင်ဂိတ်ပေါက် နှစ်ခုအနက်မှ ပိုမိုသေးငယ်သော တံခါးပေါက်မှာ ရုတ်ချည်းဆိုသလို စတင်တုန်ခါလာပြီး အားကောင်းလှသော လေဟာပြင် စွမ်းအင်များ ထွက်ပေါ်လာသည်။

အဆုံးတွင်မူ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ ဆယ့်ရှစ်ဦး ပေါ်ထွက်လာကြသည်။

ဝမ်ရွှမ်ကျန်း၏ အဝတ်အစားမှာ သွေးများပေကျံနေပြီး သူသည် လှံအားကျစ်ကျစ်ပါအောင် ဆုပ်ထားကာ တစ်စုံတစ်ဦးကို ရှာနေသည့်အလား ပတ်ဝန်းကျင်တခွင် ကျီးကန်းတောင်းမှောက် ကြည့်ရှုနေသည်။ မကြာမီတွင် သူ၏မျက်နှာပေါ်၌ နာကျင်နေသော အမူအရာ ဖြစ်ပေါ်လာသည်။

"အန်လင်း...မင်းမလုပ်နိုင်ခဲ့ဘူးလား။"

စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ သုံးဆယ့်တစ်ဦး ထွက်ခွာသွားခဲ့ပါသော်လည်း ဆယ့်ရှစ်ဦးသာ ပြန်လာနိုင်ခဲ့သောကြောင့် ကြီးမားလှသော ဆုံးရှုံးမှုဟု ဆိုနိုင်သည်။

ပြန်လည်ရောက်ရှိလာခဲ့သောကြောင့် ပျော်ရွှင်ခဲ့ရပါသော်လည်း ဆုံးရှုံးလိုက်ရသော မိတ်ဆွေသူငယ်ချင်းများကို တွေးတောကာ လေထုမှာ လေးလံလာရသည်။

ရှေးဟောင်းအံ့ဖွယ်အပိုင်းတွင် ထာဝရ အနားယူ အိပ်စက်သွားသော သူများထဲ သူငယ်ချင်းများ၊ ရဲဘော်ရဲဘက်များနှင့် ချစ်ခင်မြတ်နိုးရသူများ ပါဝင်နေပြီး ၎င်းတို့သည် ဘယ်သောအခါမှ အိမ်ပြန်လာနိုင်တော့မည် မဟုတ်သောကြောင့် ထိုအသိမှာ အားလုံးကို စိတ်ဓာတ်ကျစေသည်။

ထိုအချိန်တွင် အဖြူရောင် အလင်းလွှာတစ်ခုသည် ကျင့်ကြံသူများ အားလုံးပေါ် လွှမ်းခြုံသွားကာ အားကောင်းလှသော ကုသရေး စွမ်းအင်များကို ပို့လွှတ်ပေးနေသည်။

ထိုသို့ပြုလုပ်ပေးသူမှာ ဧကရာဇ် ဇီဝေးဖြစ်ပြီး လူတိုင်းမှာ ၎င်းအား အရိုအသေ ပေးလိုက်ကြသည်။

ဧကရာဇ် ဇီဝေး လေးနက်သော အမူအရာဖြင့် ခေါင်းခါပြလိုက်သည်။

"ဒီလိုတွေ လုပ်နေစရာ မလိုပါဘူး။ မင်းတို့အားလုံးက ကောင်းကင်ဘုံခုံရုံးရဲ့ သူရဲကောင်းတွေပဲ။ မင်းတို့ရဲ့ ကြိုးစားအားထုတ်မှုတွေအတွက် ကျေးဇူးတင်ပါတယ်။"

မကြာလှသော အချိန်အတွင်း သေးငယ်သော ရွှေရောင်ဂိတ်ပေါက်မှာ စတင်ပျောက်ကွယ်လာသည်။

အားလုံးမှာ နှလုံးသားများ နာကျင်လာရသည်။ လေဟာပြင် တံခါးပေါက်သည် ပိတ်ဆို့သွားပြီ ဖြစ်သောကြောင့် ပြန်မလာနိုင်ခဲ့သော ကျင့်ကြံသူများအတွက် အမှန်တကယ်ပင် အခွင့်အရေး မရှိတော့ပေ။

ကြီးမားသော ရွှေရောင်ဂိတ်ပေါက်ကြီးမှာ စတင်တုန်ခါလာပြီး သုံးမီတာမျှရှိသော ဗလတောင့်တောင့်နှင့် အမျိုးသားတစ်ဦး ထွက်လာသည်။ ၎င်းသည် သွေးနီရောင် ပုဆိန်ကြီးကို ကိုင်ထားပြီး ကြမ်းတမ်းခက်ထန်သော အရှိန်အဝါများ ဖြာထွက်နေသည်။

"ဘီလူးစိတ်ဝိဉာဉ်နတ်ဘုရားပဲ။"

စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ အချို့မှာ စိတ်လှုပ်ရှားသွားကြသည်။

ဟင်းလင်းပြင်သို့အပြန် ကျင့်ကြံသူများမှာ ကောင်းကင်ဘုံခုံရုံး၏ အရေးကြီး ပုဂ္ဂိုလ်များ ဖြစ်ကြသောကြောင့် ၎င်းတို့အန္တရာယ်ကင်းစွာ ပြန်လည်ရောက်ရှိရန်လာသည်ကို မြင်ရသောအခါ အားလုံး စိတ်သက်သာရာ ရမိကြသည်။

ထို့နောက် အနီရောင်ဝတ်စုံ ဆင်မြန်းထားပြီး "နေမင်းသူရိန်ကာကွယ်သူ"ဟု ရေးထွင်းထားသော အင်မော်တယ် ​တံဆိပ်ပြား ကိုင်ဆောင်ထားသည့် အမျိုးသားတစ်ဦးလည်း ရောက်ရှိလာသည်။

၎င်းတို့အားလုံး ဘာမှမပြောရသေးခင်မှာပင် အဖြူရောင်ပုံရိပ်နှင့် ပန်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုတို့ ထွက်ပေါ်လာပြန်သည်။

"နေမင်းသူရိန်ကာကွယ်သူနတ်ဘုရားတင် မဟုတ်ဘူး။ လုဒုန်းဘင်နဲ့ ကောင်းကင်နတ်မိမယ်ဟယ်တို့ပါ အန္တရာယ်ကင်းကင်း ပြန်ရောက်လာကြတာပဲ။"

ကျင့်ကြံသူများမှာ အလွန်ပင် ပျော်ရွှင်နေကြသည်။

သို့သော် အလင်းရောင်များ မှေးမှိန်သွားပြီးနောက် ပန်းရောင်အဝတ်အစားနှင့် ပုံရိပ်အားကြည့်ကာ ၎င်းတို့ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

ဝမ်ရွှမ်ကျန်းမှာ မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ထိုအမျိုးသမီးကို ကြည့်ရှုနေမိသည်။

"လျှိုချူးချူး.....ငါပဲ အမြင်မှားနေတာလား။"

ပန်းရောင်ဝတ်စုံနှင့် မိန်းမပျိုသည် ချစ်စဖွယ် အပြုံးတစ်ပွင့်အား ဆင်မြန်းထားကာ မြူနှင်းဝိဉာဉ်သားရဲလေး တစ်ကောင်ကိုလည်း ပွေ့ချီထားသည်။

"ငါပါ။ မတော်တဆ အခြေအနေတွေကြောင့် ပျက်ပြယ်ခြင်းကြယ်စင်အပိုင်းကို ရောက်သွားခဲ့တာလေ။ စီနီယာ လုဒုန်းဘင်က ဂရုစိုက်ပေးလို့ အန္တရာယ်ကင်းကင်း ပြန်လာနိုင်ခဲ့တာ။"

လျှိုချူးချူးမှာ ကျေးဇူးတင်နေသော မျက်ဝန်းများဖြင့် ဘေးတွင်ရှိနေသော အမျိုးသားကို ကြည့်ရှုလိုက်သည်။

လုဒုန်းဘင် ပြုံးကာလက်ခါပြလိုက်ပြီးနောက် တစ်စုံတစ်ဦးအား စောင့်ဆိုင်းနေဟန်ဖြင့် ရွှေရောင်ဂိတ်ပေါက်အား ကြည့်ရှုနေသည်။

ကြီးမားသော ရွှေရောင်ဂိတ်ပေါက်မှ လျှိုချူးချူး ထွက်ပေါ်လာသည်ကို အံ့အားသင့်သွားသော ဧကရာဇ် ဇီဝေးသည်လည်း မျက်ဝန်းများတွင် မျှော်လင့်ချက် ရောင်ခြည်များ သမ်းလာသည်။

ထိုအချိန်တွင် အလင်းရောင်များ ထပ်မံတောက်ပလာပြီး ကောင်းကင်နတ်မိမယ်ဟယ်နှင့် ဉာဉ့်ယံကာကွယ်သူနတ်ဘုရားတို့ ရောက်ရှိလာကြသည်။

"ကောင်းလိုက်တာ။ ဟင်းလင်းပြင်သို့အပြန် အဆင့်တွေအားလုံး အန္တရာယ်ကင်းကင်းနဲ့ ပြန်ရောက်လာကြတာပဲ။"

ကျင့်ကြံသူများမှာ ပျော်ရွှင်စိတ်လှုပ်ရှားနေသည်။

ပျက်ပြယ်ခြင်းကြယ်စင်အပိုင်းသည် ရှေးဟောင်းအံ့ဖွယ်အပိုင်းထက် ပိုမိုအန္တရာယ်များသော​ကြောင့် ဟင်းလင်းပြင်သို့အပြန် ​ကျင့်ကြံသူများအနေဖြင့် များပြားလှသော အခက်အခဲများကို ရင်ဆိုင်ခဲ့ရပေလိမ့်မည်။ ၎င်းတို့ငါးဦးလုံး ဘေးမသီရန်မခပဲ ပြန်လာနိုင်ခြင်းမှာ အောင်ပွဲခံရမည့်အရာပင်။

ဧကရာဇ် ဇီဝေးသည် ၎င်းတို့အား ပြန်လည်ခေါ်ဆောင်သွားတော့မည်ဟု ထင်နေကြပါသော်လည်း အားလုံးသည် ရွှေရောင်ဂိတ်ပေါက်ကိုသာ အာရုံစိုက်နေကြသည်ကို တွေ့လိုက်ရသည်။

လျှိုချူးချူး၊ လုဒုန်းဘင်၊ ကောင်းကင်နတ်မိမယ်ဟယ်နှင့် ဉာဉ့်ယံကာကွယ်သူနတ်ဘုရားတို့မှာလည်း ရွှေရောင်ဂိတ်ပေါက်အား ကြည့်ရှုနေကြသည်။

လူတိုင်းမှာ နားမလည်နိုင် ဖြစ်သွားရပြီးနောက် တစ်စုံတစ်ဦးမှ ကူကယ်ရာမဲ့စွာ မေးလိုက်သည်။

"တစ်ယောက်ယောက်ကို စောင့်နေတာလားဟင်။"

"ငါ့အသက်ကို ကယ်ပေးခဲ့တဲ့သူကို စောင့်နေတာပါ။"

ကောင်းကင်နတ်မိမယ်ဟယ် ပြုံးကာပြောလိုက်သည်။

ထိုစကားကြောင့် မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားကြသည်။

တကယ်ပဲ ထွက်လာဖို့ ကျန်သေးတဲ့သူ ရှိသေးတာလား....

ဟင်းလင်းပြင်သို့အပြန် အဆင့်တွေအားလုံး ပြန်ရောက်နေပြီ မဟုတ်ဘူးလား....ကောင်းကင်နတ်မိမယ်ဟယ်ရဲ့ အသက်ကို ဘယ်သူကယ်ခဲ့တာလဲ.....

ဘယ်သူကများ အဲ့လောက်စွမ်းနေတာလဲ.....

ဝမ်ရွှယ်ကျန်းမှာ လူတစ်ဦးကို တွေးလိုက်မိပြီးနောက် စိတ်လှုပ်ရှားနေသော အမူအရာဖြင့် ရွှေရောင်ဂိတ်ပေါက်အား ကြည့်ရှုလိုက်သည်။

ပြင်းထန်လွန်းသော အရှိန်အဝါများနှင့်အတူ တောက်ပသော အလင်းရောင်များ ဖြာထွက်လာကာ ရွှေရောင်ဂိတ်ပေါက်ကိုပင် အနည်းငယ် အက်ကွဲသွားစေသည်။

အားလုံးမှာ စိတ်ဝင်တစားဖြင့် ရွှေရောင်ဂိတ်ပေါက်အား စူးစိုက်ကြည့်ရှုနေကြသည်။

ဧကရာဇ် ဇီဝေးမှာ မျက်မှောင်ကျုံ့လိုက်ပြီးနောက် လက်ချောင်းများ လှုပ်ရှားလိုက်သည်နှင့် ကျယ်ပြန့်လှသော စွမ်းအင်များ ထွက်ပေါ်လာကာ ရွှေရောင်ဂိတ်ပေါက်အား ထိန်းထားပေးလိုက်သည်။

မကြာမီမှာပင် ပုံရိပ်နှစ်ခု ပေါ်ထွက်လာသည်။

အဖြူရောင်ဝတ်စုံနှင့် အမျိုးသားသည် ညာဘက်လက်ဖြင့် လူငယ်လေးတစ်ဦးအား ဆုပ်ကိုင်ထားပြီး အလွန်ချစ်စဖွယ်ကောင်းသော မြူနှင်းဝိဉာဉ်သားရဲလေးကိုလည်း ရင်ခွင်ထဲ ပွေ့ချီထားကာ ကြွေရုပ်တစ်ရုပ်လို လှပသော နတ်သမီးလေးကို ပုခုံးထက်တွင် တင်ထားသည်။

လူတိုင်းမှာ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြရသည်။

ဒါကြီးက ဘာကြီးတုန်း....ဒီလူတွေက ကောင်းကင်ဘုံခုံရုံးကရော ဟုတ်ရဲ့လားဟ.....

နေပါဦး.....တစ်ယောက်ကိုတော့ ရင်းနှီးနေသလိုပဲ....

ဧကရာဇ် ဇီဝေးမှာလည်း ၎င်းတို့အားကြည့်ကာ မျက်စိများ ပုတ်ခတ်ပုတ်ခတ် ဖြစ်နေသည်။ အန်လင်းသည် ရွှေရောင်ဂိတ်ပေါက်မှ ရောက်ရှိလာသည်ကို နားလည်ပေးနိုင်ပြီး မြူနှင်းဝိဉာဉ်သားရဲလေးအား ခေါ်ဆောင်လာသည်ကိုပင် လက်ခံပေးနိုင်သေးသည်။ သို့သော် ထိုလူငယ်လေးနှင့် နတ်သမီးလေးတို့မှာ မည်သည့်နေရာမှ ရောက်ရှိလာပါသနည်း။

"ဟမ်....ငါက နောက်ဆုံးမှ ပြန်ရောက်တာလား။"

လူတိုင်းမှ ကြည့်ရှုနေသည်ကို တွေ့လိုက်ရသောကြောင့် အန်လင်းမှာ အနည်းငယ်ပင် ရှက်သွားသည်။ သူလက်နှစ်ဖက်ကိုဆုပ်ကာ အားလုံးကို အရိုအသေ ပေးလိုက်သည်။

"စောင့်ပေးခဲ့ရလို့ အားနာပါတယ်။"

"ကြိုဆိုပါတယ်။"

လုဒုန်းဘင် ညင်သာစွာ ပြုံးလိုက်သည်။

လျှိုချူးချူးမှာလည်း အန်လင်းအား နှုတ်ဆက်လိုက်သည်။

ဝမ်ရွှမ်ကျန်းမှာ အလျင်အမြန် လျှောက်လာပြီးနောက် အန်လင်း၏ ပုခုံးအား ပုတ်လိုက်သည်။

"မင်းလည်း ပျက်ပြယ်ခြင်းကြယ်စင်အပိုင်းကို ရောက်နေခဲ့တာပေါ့။ ငါကဘာမှမသိပဲ ဝမ်းနည်းနေခဲ့တာပဲ။"

အန်လင်း ခပ်ဖွဖွ ပြုံးလိုက်သည်။

"တိုက်ဆိုင်သွားတာပါ။"

ဧကရာဇ် ဇီဝေးမှာ အန်လင်း၏အဖွဲ့အား ကြောင်တောင်တောင် ငေးကြည့်နေမိသည်။ ထို့နောက် အသိစိတ် ပြန်ဝင်လာပါသော်လည်း ပါးစပ်မှာ ယင်ကောင်ဝင်ဥလို့ရအောင် ဟနေသေးသည်။

"အန်လင်း ရှေးဟောင်းနဂါးမျိုးနွယ်စုက ကျင့်ကြံသူနဲ့ ဒီနတ်သမီးလေးက ဘယ်သူတွေလဲ။"

ဧကရာဇ် ဇီဝေး မေးမြန်းလိုက်သည်။

ရွှယ်ကျန်ထျန်းမှာ မကျေမနပ်ဖြင့် ဧကရာဇ် ဇီဝေးအား မျက်စောင်းထိုးလိုက်သည်။

မင်း ပါးပါးကျန်ထျန်းကိုရော မမေးတော့ဘူးလားကွ....

"အော်...ဒါက ရှောင်ဇယ်လေ...ကျွန်တော့် တပည့်ပေါ့။ ဒါကတော့ တီနာတဲ့....ကျွန်တော့်သားရဲလေ။"

အန်လင်း အမှန်အတိုင်း ပြောပြလိုက်သည်။ ၎င်းတို့သည် ကောင်းကင်ဘုံခုံရုံးတွင်သာ နေထိုင်ကြမည် ဖြစ်သောကြောင့် ဖုံးကွယ်ထားစရာ အကြောင်းမရှိပေ။

ဧကရာဇ် ဇီဝေး ဒယိမ်းဒယိုင် ဖြစ်သွားသည်။

"ဟင်းလင်းပြင်သို့အပြန် အဆင့်ရှိတဲ့ ရှေးဟောင်းနဂါးမျိုးနွယ်စုက ကျင့်ကြံသူကို မင်းကတပည့်အဖြစ် လက်ခံထားတယ်ပေါ့လေ။ ပြီးတော့ ဟင်းလင်းပြင်သို့အပြန် အဆင့်ရှိတဲ့ အစစ်အမှန် မြင့်မြတ်နတ်သမီးကိုလည်း မင်းရဲ့သားရဲ လုပ်ထားတာလား။"

"ဟုတ်တယ်လေ။"

အန်လင်း ခေါင်းညိတ်ပြလိုက်သည်။

"ဝါး...."

"ဝိုး...."

အားလုံးမှာ မျက်လုံးများ ပြူးကျယ်ကာ အသက်ရှူသံများ ပြင်းထန်လာရသည်။

စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူက ဟင်းလင်းပြင်သို့အပြန် အဆင့်ကို တပည့်တော်လို့ ရတယ်လား.....ပြီးတော့ ဟင်းလင်းပြင်သို့အပြန် အဆင့်ရှိတဲ့ နတ်သမီးကလည်း အန်လင်းရဲ့သားရဲ ဖြစ်လာတယ်ပေါ့လေ....

ငါတို့သိထားတဲ့ လောကနိယာမတွေက မှားနေတာလား....ဒါမှမဟုတ် ငါတို့ပဲ အိမ်မက်မက်နေတာလား.....

အခြားသူများကိုသာ ထိုအကြောင်းကို ပြောပြမိပါက အရူးလုပ်ရန် ကြံနေသည်ဟုဆိုကာ ပါးကွဲအောင် အရိုက်ခံရလောက်သည်။

စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့်တွေက အဲ့လိုလုပ်နိုင်လို့လား.....တာအိုပေါင်းစည်းအဆင့် ဖြစ်နေမှ ပိုသင့်တော်မယ် မထင်ဘူးလား.....

လျှိုချူးချူးနှင့် လုဒုန်းဘင်တို့သည်ပင် အံ့အားသင့်နေရသည်။ ၎င်းတို့သည် ရှောင်ဇယ်နှင့် တစ်ကြိမ်တစ်ခါမှ မတွေ့ခဲ့ရဖူးပေ။ ထို့အပြင် ဟင်းလင်းပြင်သို့အပြန် အဆင့်ရှိသူအား တပည့်တော်နိုင်သော အန်လင်းမှာလည်း အမှန်တကယ် ဆရာ့ဆရာကြီး ဖြစ်သည်။

ဝမ်ရွှမ်ကျန်းမှာ ဧကရာဇ် ဇီဝေးနှင့် အန်လင်းတို့၏ စကားများကြောင့် ငေးငေးကြောင်ကြောင် ဖြစ်နေမိသည်။ အခြေအနေအား နားလည်နိုင်ရန် သူ၏ဦးနှောက်ဆဲလ်များဖြင့် မလုံလောက်သလိုလည်း ခံစားနေရသည်။

"ဟားဟား.....မင်းရဲ့ကံက တော်တော်ကောင်းတာပဲ အန်လင်း....."

ဧကရာဇ် ဇီဝေး ပြုံးကာခေါင်းညိတ်ပြလိုက်သည်။

ကောင်းကင်ဘုံခုံရုံး တစ်ခုလုံးတွင် အန်လင်း တစ်ဦးတည်းကသာ ဧကရာဇ် ဇီဝေး၏ ချီးကျူးမှုကို ခံယူဖူးသူ ဖြစ်ပေလိမ့်မည်။

အန်လင်းအပေါ် မျှော်လင့်ချက်ကြီးစွာ ထားထားပါသော်လည်း အန်လင်းမှာ ထိုထက်ပင် လွန်ကဲနေသေးသည်။

မည်သို့ပင်ဆိုစေကာမူ ဧကရာဇ် ဇီဝေးသည် နှစ်ပေါင်းများစွာ နေထိုင်လာသော အတွေ့အကြုံ ရင့်သန်သူ ဖြစ်သောကြောင့် လျင်မြန်စွာပင် စိတ်တည်ငြိမ်သွားသည်။ ဂိတ်ပေါက်နှစ်ခုလုံး ပျောက်ကွယ်သွားပြီးသည့်နောက် ဧကရာဇ် ဇီဝေး လှုပ်ရှားလိုက်သည်နှင့် ၎င်းတို့အားလုံးမှာ အဖြူရောင် နန်းတော်ကြီးတစ်ခုထဲ ရောက်ရှိသွားကြသည်။

ဧကရာဇ် ဇီဝေး စကားဆိုလိုက်သည်။

"ကဲ....အခုက နယ်မြေအဆီအနှစ် သလင်းကျောက်တွေ လဲရမယ့်အချိန်ပဲ။"

(မင်္ဂလာ​ပါရှင့် ညီမက ဘာသာပြန် ယွီရှင်းပါ။ နေမင်းရှေ့ပြေးတပ်နတ်ဘုရားနဲ့ ညခင်းရှေ့ပြေးတပ်နတ်ဘုရားတို့ကို နေမင်းသူရိန်ကာကွယ်သူနတ်ဘုရားနဲ့ ဉာဉ့်ယံကာကွယ်သူနတ်ဘုရားအဖြစ် ပြောင်းထားကြောင်းလေး အသိပေးချင်လို့ပါ။ ပရိသတ်များအားလုံး သာယာပျော်ရွင်သော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ပါစေရှင့်။)

All Chapters