← Chapters

အခန်း (၄၂၃-၄၂၄)

Vol. 33 Ch. 423-424

အခန်း (၄၂၃-၄၂၄)

Vol. 33 Ch. 423-424

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၄၂၃)

"ဒေါ်လေး အရင်ပြန်နှင့်ဗျာ။ ယွမ်ကျိုး ကျွန်တော့်ကို တပည့်အဖြစ် လက်ခံလာအောင် ကျွန်တော် နည်းလမ်းရှာမယ်"

ဝူဟုန်က ဝူချန်ကို စိတ်ပိုင်းဖြတ်ထားသည့် အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်၏။ ဝူချန်ကမူ စိုးရိမ်တကြီး ဝူဟုန်၏လက်ကို ဆုပ်ကိုင်လိုက်ပြီး

"ငါ့ပြောတာ နားထောင်စမ်းပါ ကလေးရယ်။ မင်း ချက်ပြုတ်နည်း သင်ချင်တယ်ဆိုရင် သင်တန်းကျောင်းတွေမှာလည်း သွားသင်လို့ရတာပဲကို"

"မဟုတ်ဘူး ဒေါ်‌လေး သူ့ကိုပဲ ကျွန်တော့်ဆရာအဖြစ် လက်ခံမယ်" ဝူဟုန်က ခိုင်မာစွာ ငြင်းဆန်လိုက်သည်။

"ဒါဆို မင်းကို ငါလွမ်းနေရင် ဘယ်လိုလုပ်မလဲ" ဝူချန်က ဒေါသတကြီးဖြင့် မေးလေသည်။

"ဒေါ်လေးရယ်... ကျွန်တော့်ကို ခွင့်ပြုပေးပါဗျာ... ဟုတ်ပြီလား" ဝူဟုန်က ဇွဲမလျှော့သေးပဲ ထပ်မံတောင်းဆို၏

"ကောင်းပြီလေ မင်းတစ်ယောက်တည်း ဒီမှာဆရာတင်ပြီး နေခဲ့တော့၊ ဒေါ်လေးကတော့ ပြန်ပြီ" ဝူချန်က စိတ်ပျက်လက်ပျက်ဖြင့် ဒေါသတကြီး လှည့်ထွက်သွားလေတော့သည်။

"လမ်းမှာ သတိထားသွားဦးနော် ဒေါ်လေး" ဝူဟုန်က စိတ်ပူရမည့်အစား ဝူချန်၏နောက်ကျောကို ကြည့်ကာ အေးအေးဆေးဆေး ပြောလိုက်၏။

"ဒီကောင်စုတ်လေးကတော့ " ဝူချန်မှာ ဒေါသထွက်လွန်း၍ အော်ရယ်ချင်သွားသော်လည်း နောက်သို့ ပြန်လှည့်မကြည့်တော့ဘဲ ထွက်ခွာသွားလေတော့သည်။

"ဟူး..."

ဝူဟုန်တစ်ယောက်တည်း ကျန်ခဲ့သည့်အခါ စိတ်အေးလက်အေး သက်ပြင်းချလိုက်၏။ ခဏမျှ စဉ်းစားပြီးနောက် ဆိုင်တံခါးဘက်သို့ လှည့်ကာ ကျယ်လောင်စွာ အော်ပြောလိုက်သည်။

"ယွမ်ကျိုး... မင်း ငါ့ကို တပည့်အဖြစ် လက်မခံမချင်း ငါ ဒီကနေ လုံးဝ ထွက်မသွားဘူး"

သူ့အသံမှာ အလွန်တရာ ခိုင်မာသော ဆုံးဖြတ်ချက်များ ပါဝင်နေသည်။

ဆိုင်အတွင်းရှိ ယွမ်ကျိုးက သက်ပြင်းချရင်း... " ဒီကောင် တော်တော့်ကို စိတ်အနှောင့်အယှက်ပေးတဲ့သူပဲ။ ဒီဘက်ခေတ် လူငယ်တွေကို ငါ တကယ်ကို နားမလည်တော့ဘူး" ဟု ရေရွတ်လိုက်၏။

"ခဏနေရင်တော့ သူ အလိုလို ထွက်သွားမှာပါလေ" ယွမ်ကျိုးက သူ့ကို အာရုံမစိုက်တော့ဘဲ ညစာအတွက် လိုအပ်သည့် ပါဝင်ပစ္စည်းများကိုသာ စိတ်အားထက်သန်စွာ ဆက်လက်ပြင်ဆင်နေခဲ့သည်။

လူတစ်ဦးသည် အလုပ်တစ်ခုကို အာရုံစိုက်ကာလုပ်ဆောင်နေလျှင် အချိန်မည်မှကုန်သွားမှန်း မသိတတ်ကြချေ။ ယွမ်ကျိုး အားလုံးပြင်ဆင်ပြီးသည့်အခါတွင် ဆိုင်ဖွင့်ချိန် ရောက်ရှိလာပြီး ပထမဆုံး ဖောက်သည်အချို့ ဆိုင်ထဲသို့ ဝင်လာကြသည်။

"ဟေ့... သူဌေးယွမ်၊ ဆိုင်အတွက် တံခါးစောင့်အသစ် ငှားထားတာလားဗျ" ချန်းဝေက ယွမ်ကျိုးကို မြင်သည်နှင့် လှောင်ပြောင်လိုက်၏။

"ကျွန်မတော့အဲ့လို မထင်ဘူး။ ဒီလူက သူ့ရဲ့ မတ်တပ်ရပ်နိုင်စွမ်းကို လေ့ကျင့်နေတာ ဖြစ်မယ်" ဟု မန်မန်ကလည်း ပြုံးရွှင်စွာ ဝင်ပြောသည်။

"သူဌေးယွမ်ရဲ့ ဆွဲဆောင်မှုက ကြီးမားလွန်းလို့ ဒီကို လာလည်တာလည်း ဖြစ်နိုင်တာပဲ... ဟုတ်တယ်မလား သူဌေးယွမ်" ကျန်းချန်ရှီးကပင် စနောက်လိုက်လေသည်။

"သူ အပြင်မှာ ရှိနေတုန်းလား" ယွမ်ကျိုး အနည်းငယ် အံ့အားသင့်သွား၏။

သူ့နေရာမှကြည့်လျှင် ဖောက်သည်များ အလွန်များပြားနေသဖြင့် အပြင်၌ ရှိနေသည့် ဝူဟုန်ကို မမြင်ရချေ။

"ဟုတ်တယ်၊ ရှိနေတုန်းပဲ။ ရှေးခေတ်တုန်းက ပညာရှိကြီးတွေကို ဆရာတင်ဖို့ နှင်းထဲမှာ ရပ်စောင့်‌နေကြသလိုပဲ... အခုလည်း ဒီလူက ယွမ်ကျိုးကို ရပ်ပြီး‌စောင့်နေတာ" ဝူဟိုင်းက သူ၏ မုတ်ဆိတ်မွှေးလေးကို ပွတ်သပ်ရင်း ပြောဆိုလိုက်သည်။

"သူ ဒီလောက်အထိ ဇွဲရှိလိမ့်မယ်လို့တော့ ငါမထင်ဘူးနော်" မန်မန်တွင် ဆန့်ကျင်ဘက် အမြင်မျိုးရှိနေသည်။

"စောင့်ကြည့်ရတာပေါ့" ကျန်းချန်ရှီးက မျက်ခုံးတစ်ချက် ပင့်ပြရင်း ထိုင်ချလိုက်သည်။

"ကောင်းပြီလေ... ဒါလည်း ဖြစ်နိုင်တာပဲ" မန်မန်ကလည်း ခေါင်းညိတ်ထောက်ခံလိုက်၏။

"ကဲ... ညစာစားချိန် ရောက်ပါပြီ"

ယွမ်ကျိုးက ပေါ့ပေါ့ပါးပါးပင် ကြေညာလိုက်ရာ ကျန်းချန်ရှီးကလည်း "ကျိုကျာ... လာ လာ... အော်ဒါလေး လာယူပါဦး" ဟု ချက်ချင်းပင် လှမ်းခေါ်လိုက်တော့သည်။

ဆိုင်ထဲတွင် အလုပ်ရှုပ်နေကြသော်လည်း မာစတာချန်ကမူ စိတ်ထဲ၌ တစ်မျိုးတွေးနေမိ၏။ ယနေ့ သူဆိုင်သို့ ရောက်လာစဉ်ကတည်းက ဝူဟုန်တစ်ယောက် တံခါးဝတွင် ရပ်နေသည်ကို မြင်ခဲ့သော်လည်း ထိုစဉ်က အလုပ်များနေသဖြင့် သတိမထားမိခဲ့ချေ။

လက်ရှိတွင် မာစတာချန်သည် ကျိုကျာနှင့် ရှန်မင်တို့၏ အလုပ်အချို့ကို ကူညီပေးနေရသည်။ သူသည် ယခင်က မီးဖိုချောင်တွင်သာ အလုပ်လုပ်ခဲ့သူဖြစ်ရာ ဧည့်ကြိုပိုင်းတွင် မကျွမ်းကျင်သဖြင့် တံမြက်စည်းလှည်းခြင်း၊ စားပွဲသုတ်ခြင်းနှင့် ပန်းကန်သယ်ခြင်း စသည့် သန့်ရှင်းရေးအလုပ်များကိုသာ တစိုက်မတ်မတ် လုပ်ကိုင်ပေးနေခြင်း ဖြစ်၏။

ဝူဟုန်က ယွမ်ကျိုးအား ဆရာတင်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း သိလိုက်ရသည့်အခါ မာစတာချန်သည်လည်း မိမိနှင့် အခြေအနေခြင်း တူသူ ဖြစ်သဖြင့် စပ်စုချင်စိတ် ပေါ်လာတော့သည်။

"မင်းက ယွမ်ကျိုးကို ဆရာတင်ဖို့ လာတာလား" မာစတာချန် ဆိုင်အပြင်သို့ ထွက်လာပြီး ဝူဟုန်ကို တိုက်ရိုက် မေးလိုက်၏။

မာစတာချန်သည် ဝူဟုန်သည်လည်း ချက်ပြုတ်ရေးအပိုင်းတွင် ကျွမ်းကျင်သူတစ်ဦး ဖြစ်လိမ့်မည်ဟုထင်မှတ်နေခဲ့ခြင်းပင် ဖြစ်သည်။

"ဟုတ်ကဲ့"

ဝူဟုန်သည် ရေတစ်စက်မှ မသောက်ဘဲ သုံးနာရီနီးပါး ရပ်နေခဲ့သဖြင့် စကားပင် ကောင်းကောင်းမပြောနိုင်လောက်အောင် အားအင်ချည့်နဲ့နေရှာပြီ ဖြစ်သည်။

"ဒီလို ရိုးရိုးရပ်နေရုံနဲ့တော့ အလုပ်ဖြစ်မှာ မဟုတ်ဘူးကွ။ မင်းက အရမ်းငယ်သေးသလို ပါရမီရှင်တစ်ယောက်လည်း ဖြစ်ရမယ်။ မင်းရဲ့ လက်ရာကို သူ့ကို ပြလိုက်လေ... အခွင့်အရေးတစ်ခု ရလာနိုင်တာပဲ" ဟု မာစတာချန်က ကိုယ်ချင်းစာစိတ်ဖြင့် အကြံပေးလိုက်သည်။

"ဒါပေမဲ့ ကျွန်တော်က ချက်ပြုတ်တာနဲ့ ပတ်သက်ရင် ဘာမှမသိဘူးဗျ။ ဘယ်လိုလက်ရာမျိုးကို ပြရမှာလဲ" ဟု ဝူဟုန်က စိတ်ပျက်စွာ ပြောလိုက်ရာ မာစတာချန် အံ့အားသင့်သွားရ၏။

"ဘာ... ဘာမှ မသိဘူး ဟုတ်လား။ အခြေခံတောင် မရှိဘူးပေါ့"

ဝူဟုန်က ခေါင်းညိတ်ပြပြီး ဘာမျှထပ်မပြောနိုင်တော့ချေ။

"ဒါဆိုရင်တော့ မင်း ဒီလိုလုပ်။ သူဌေးယွမ်က အရေသာ ထူတာ၊ နှလုံးသားကတော့ နူးညံ့တဲ့သူပါ။ ဘာပဲဖြစ်ဖြစ် မင်းက သူ့ကို 'ဆရာ' လို့ပဲ ဆက်တိုက် ခေါ်နေလိုက်။ ဒီလိုလုပ်ရင်တော့ အဆင်ပြေသွားနိုင်တယ်" ဟု မာစတာချန်က သိုင်းဝတ္ထုများထဲမှ နည်းလမ်းကို သတိရကာ ချက်ချင်း အကြံပြုလိုက်သည်။

သူကိုယ်တိုင် ထိုနည်းလမ်းကို မသုံးခြင်းမှာ ယွမ်ကျိုးက ထိုသို့ အတင်းအကျပ်လုပ်သည်ကို မုန်းတီးသွားမည်စိုးသောကြောင့် ဖြစ်သည်။ သို့သော် ဝူဟုန်အတွက်မူ စမ်းကြည့်ရန် တိုက်တွန်းနေခြင်းပင် ဖြစ်၏။

"အဲဒါ တကယ် အလုပ်ဖြစ်ပါ့မလား" ဝူဟုန်က သံသယဖြင့် မေးလိုက်သည်။ ယွမ်ကျိုးက သူ့ကို တပည့်အဖြစ် မလက်ခံထားဘဲ 'ဆရာ' ဟု ခေါ်နေပါက ပို၍ စိတ်အနှောင့်အယှက် ဖြစ်သွားမည်ဟု စိုးရိမ်နေခြင်း ဖြစ်၏။

"အလုပ်ဖြစ်မှာပါ။ ငါ သူဌေးယွမ်နဲ့ အတူနေလာတာ ကြာပြီပဲဟာ" ဟု မာစတာချန်က ရိုးသားစွာပင် (အမှန်စင်စစ် ရက်အနည်းငယ်သာ ရှိသေးသော်လည်း) အာမခံလိုက်သည်။

"ကောင်းပြီ... ကျွန်တော် ကြိုးစားကြည့်ပါ့မယ်" ဝူဟုန်က ဆုံးဖြတ်ချက် ခိုင်မာစွာဖြင့် ခေါင်းညိတ်ပြလိုက်၏။

"အေး... ကြိုးစားစမ်းပါ ကောင်လေးရယ်" မာစတာချန်က အားပေးနေသော်လည်း သူ့စိတ်ထဲတွင် ... 'ဒီကောင်လေး အောင်မြင်သွားရင် ငါလည်း အောင်မြင်နိုင်တာပဲ။ တပည့်တစ်ယောက် လက်ခံရင် နှစ်ယောက်လည်း လက်ခံလို့ ရတာပဲ မဟုတ်လား' ဟု လေးလေးနက်နက် တွေးတောနေလေတော့သတည်း။

"ဟေး... ရေသောက်ပါဦး။ ငါ့သူဌေးက မင်းကို ရေတိုက်ဖို့ ပြောလိုက်လို့"

မာစတာချန်သည် ရေပန်းကန်လုံး ကိုင်ထားသည့် ကျိုကျာထံမှတစ်ဆင့် ဝူဟုန်ရှိရာသို့ ဖြတ်သွားရင်း လှမ်းပြောလိုက်၏။

"တကယ်လား" ဝူဟုန်တစ်ယောက် စိတ်လှုပ်ရှားသွားသည်။

"ဟုတ်ပါတယ်ရှင်။ သူဌေးယွမ်က လူကြည့်ရင်သာ ခက်ထန်နေတာ၊ တကယ်တော့ အရမ်းသဘောကောင်းပါတယ်" ဟု ကျိုကျာကလည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။

"ကျေးဇူးပါ... တကယ် ကျေးဇူးတင်ပါတယ်"

ဝူဟုန်သည် သာမန်ကြွေပန်းကန်လုံးလေးကို ယူကာ အထဲမှ ရေနွေးကို တစ်ချက်တည်းနှင့် မော့ချလိုက်၏။ သူ ရေသောက်ပြီးသည်နှင့် ကျိုကျာက ပန်းကန်လုံးကို ပြန်ယူလိုက်ပြီး... "ကဲ... ရေသောက်ပြီးပြီဆိုတော့ ပြန်လိုက်ပါတော့နော်။ သူဌေးယွမ်က မင်းကို ထွက်သွားခိုင်းနေတာ" ဟု ဆိုသည်။

"ဟင့်အင်း... မပြန်ဘူး။ ကျွန်တော်က သူ့ကို ဆရာအဖြစ် မတင်ရမချင်း ဒီမှာပဲ နေမှာ"

ဝူဟုန်က သူ၏ပါးစပ်ကို သုတ်ရင်း ပိုမိုခိုင်မာသော ဆုံးဖြတ်ချက်ဖြင့် ပြောလိုက်၏။ ၎င်းကို ကျိုကျာက "မင်းသဘောပဲ" ဟုသာ ဆိုကာ ဆိုင်ထဲသို့ ပြန်ဝင်သွားလေတော့သည်။

ဝူဟုန်၏ စိတ်ထဲတွင်... 'မာစတာချန် ပြောတာ မှန်တဲ့ပုံပဲ။ ယွမ်ကျိုးက နှလုံးသား နူးညံ့တဲ့သူဖြစ်ရမယ် ငါ့မှာ အခွင့်အရေး ရှိသေးတယ်' ဟု ကိုယ့်ကိုယ်ကိုယ် အားပေးနေမိသည်။

တစ်ဖက်တွင် တန်းစီနေသည့် ဖောက်သည်များကြားတွင် ဝူဟုန်၏အကြောင်းမှာ ပြောစမှတ် ဖြစ်နေလေသည်။

"ကျွန်တော်တို့ရဲ့ သူဌေးယွမ်ကတော့ ပိုပိုပြီး နာမည်ကြီးလာပြီနော်။ အရင်က သူဌေးကြီးတစ်ယောက်က သူ့ကို ငှားဖို့ ဒေါ်လာ သန်းချီ ကမ်းလှမ်းခဲ့ဖူးသလို၊ ဟိုတစ်ခါကလည်း ပညာရှင်တစ်ယောက်က ဆရာတင်ဖို့ဆိုပြီး ဗုံတီးပြီး လာခဲ့သေးတယ်။ အခုလည်း ဒီလူငယ်လေးကပါ အတင်းအကျပ် ဆရာတင်ဖို့ လုပ်နေပြန်ပြီ" ဟု ဖောက်သည်အချို့က တိုးတိုးလေး ပြောနေကြ၏။

"ဟုတ်ပဗျာ။ ယွမ်ကျိုး ပါဝင်ရိုက်ကူးတဲ့အစီအစဉ်ကတကယ့်ကို ကောင်းတာပဲ။ ရုပ်ရှင်တွေထက်တောင်ပိုကြည့်ကောင်းသေးတယ်"

"အဲဒါက အထူးပြုလုပ်ချက်တွေ ပါလို့နေမှာပါ။ သူဌေးယွမ်ရဲ့ စစ်မှန်တဲ့ လက်ရာတွေနဲ့တော့ ဘယ်နှိုင်းယှဉ်လို့ ရပါ့မလဲ" ဟု နောက်တစ်ဦးက ဝင်ရောက် ထောက်ခံလိုက်သည်။

ထိုစဉ် လောင်းကစားဝါသနာရှင် ဂူလီအန်က လူအုပ်ကြားထဲသို့ တိုးဝင်လာပြီး... "ကဲ... အားလုံးပဲ စပ်စုမနေကြနဲ့။ ဒီလူငယ် ဘယ်လောက်ကြာကြာ ခံနိုင်မလဲဆိုတာ လောင်းကြေးထပ်ကြမလား။ အနိုင်ရတဲ့သူက ဒီမှာစားဖို့ ပိုက်ဆံရမှာပေါ့" ဟု အကြံပြုလိုက်ရာ လူတိုင်း စိတ်ဝင်စားသွားကြသည်။

"ဒီတစ်ခါ ဘာကြေးလောင်းမှာလဲ" ဖောက်သည်များက စိတ်အားထက်သန်စွာ မေးကြ၏။

"ဒီလူငယ် ဘယ်လောက်ကြာကြာ နေနိုင်မလဲဆိုတာ လောင်းကြရအောင်။ ရွေးချယ်စရာ သုံးမျိုး ရှိမယ်။ နှစ်ရက်၊ သုံးရက် နဲ့ ငါးရက်အထက်ပေါ့။ ဒါပေမဲ့ တစ်ယောက်ကို ယွမ် ၁၀၀ ထက် ပိုပြီး လောင်းလို့ မရဘူးနော်" ဟု ဂူလီအန်က ဝူဟုန်ကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

"ဘာလို့ တစ်ရက်တည်း ဆိုတဲ့ ရွေးချယ်ခွင့် မရှိတာလဲ။ သူ့ပုံစံနဲ့ဆို တစ်ရက်ဆိုရင်တောင် လုံလောက်နေပါပြီ။ သူဌေးယွမ်ရဲ့ စည်းကမ်းတွေကို သူ ဘယ်လိုမှ ခံနိုင်မှာ မဟုတ်ဘူး"

"ဒီနေ့ ကုန်သွားရင်ပဲ တစ်ရက် ရှိသွားပြီလေဗျာ" ဟု ဂူလီအန်က လိမ္မာပါးနပ်စွာ ပြန်ဖြေလိုက်၏။

"အင်း... ဒါလည်း ဟုတ်တာပဲ။ ဒါဆိုရင်တော့ နှစ်ရက် ခံမယ်ဆိုတာကိုပဲ ယွမ် ၅၀ လောင်းလိုက်မယ်ဗျာ"

"ကျွန်တော်ကတော့ အနည်းဆုံး သုံးရက်တော့ နေနိုင်မယ် ထင်တယ်။ သူဌေးယွမ်ရဲ့ လက်ရာကို စွဲလမ်းသွားရင် မခွဲနိုင်ဘဲ ဖြစ်နေမှာ"

ချက်ချင်းပင် ဖောက်သည်များကြား၌ လောင်းကြေးထပ်သံများဖြင့် ပိုမိုဆူညံသွားလေတော့သည်။

အပိုင်း (၄၂၃)

ပြီးပါပြီ။

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၄၂၄)

"ကျွန်တော် လုပ်နိုင်ပါတယ်"

မိမိအကြောင်းကို ဝိုင်းဝန်းဆွေးနွေးနေကြသည်ကို ကြားလိုက်ရသဖြင့် ဝူဟုန်တစ်ယောက် မျက်နှာတစ်ခုလုံးနီရဲကာ ကျယ်လောင်စွာ အော်ပြောလိုက်၏။ ဝူဟုန်၏ စကားကြောင့် ဆိုင်တစ်ဆိုင်လုံး ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဖောက်သည်တစ်ဦးက...

"လူငယ်လေး... မင်းကို အယုံအကြည်မရှိလို့တော့ မဟုတ်ဘူး။ သူဌေးယွမ်က... တကယ့်ကို... နောက်မှ မင်းကိုယ်တိုင် နားလည်သွားလိမ့်မယ်" ဟု ဆိုကာ ခေါင်းခါပြလိုက်သည်။

"ဟုတ်တယ်ဗျ။ သူဌေးယွမ်က တခြားနေရာတွေမှာ အကုန်ကောင်းပေမဲ့ အဲဒီကိစ္စကျတော့ တကယ့်ကို..." နောက်ထပ် ဖောက်သည်တစ်ဦးကလည်း စကားကို အဆုံးမသတ်ဘဲ ဝင်ထောက်ခံသည်။

"မှန်တယ်။ ဒီကို ခဏခဏလာတဲ့သူတိုင်း သိတယ်။ သူဌေးယွမ်ရဲ့ လက်ရာက နတ်ဘုရားအဆင့်ဆိုပေမဲ့ သူ့စိတ်ဓာတ်ကတော့ အဲဒီအတိုင်းပဲ" ဟု မိန်းကလေးတစ်ဦးကပါ မနေနိုင်ဘဲ ဝင်ပြောလေတော့သည်။

"တကယ့်ကို ဘယ်လိုဖြစ်နေလို့လဲဗျ"

ဖောက်သည်အားလုံးက "မင်းကိုယ်တိုင် သိလာလိမ့်မယ်" ဟူသော အမူအရာမျိုး ပြနေကြသဖြင့် ဝူဟုန်မှာ လုံးဝကို ဝေခွဲမရ ဖြစ်သွားရ၏။ လူတိုင်း ဘာကို ဆိုလိုနေကြသနည်း။

"သူက စည်းကမ်းတွေကို တိတိကျကျ လိုက်နာလွန်းလို့လေဟေ့" ဖောက်သည်များက တစ်ပြိုင်နက်တည်း အော်ပြောလိုက်ကြသည်။

"စည်းကမ်းလိုက်နာတယ်ဆိုတာ ကောင်းတာပဲ မဟုတ်လား" ဝူဟုန်က ဇဝေဇဝါဖြင့် ပြန်ပြောသည်။ ထိုအခါ လောင်းကစားဝိုင်းကို စတင်ခဲ့သည့် ဂူလီအန်က...

"ဪ... ကောင်းတာပေါ့ဗျာ၊ အသေအချာကို ကောင်းတာပေါ့။ ဒါပေမဲ့ တခြားသူတွေက အရေးကြီးတဲ့ အခြေအနေမျိုးမှာ အလျှော့အတင်း လုပ်တတ်ကြသေးတယ်။ ဒီဆိုင်မှာတော့ လုံးဝပဲဗျို့... စိတ်တောင်မကူးနဲ့။ သူကတော့ လုံးဝအလျှော့မပေးတဲ့သူ" ဟု ရှင်းပြလိုက်၏။

"ကြားဖူးတာတော့ သူဌေးယွမ်ရဲ့ ညီအရင်းခေါက်ခေါက် လာစားရင်တောင် တန်းစီရတယ်တဲ့" ဟု ဖောက်သည်တစ်ဦးကပါ ဖြည့်စွက်ပြောကြားသည်။

"ဟိုတစ်ခါက နာမည်ကြီး မင်းသမီးတစ်ယောက် လာတုန်းကတောင် တခြားသူတွေလိုပဲ တန်းစီခဲ့ရတာ မှတ်မိသေးတယ်မလား"

"ဟုတ်တယ်။ ဒါကြောင့် မင်းလည်း တခြားသူတွေထက် ထူးခြားမှာ မဟုတ်ပါဘူး။ သူဌေးယွမ်က မင်းကို တပည့်အဖြစ် ဘယ်လိုမှ လက်ခံမှာ မဟုတ်ဘူး" ဟု ဂူလီအန်က အတည်ပေါက် ပြောလိုက်လေသည်။

"သေချာတာလည်းမဟုတ်ဘဲနဲ့" ဝူဟုန်က လက်သီးကို တင်းတင်းဆုပ်ကာ လက်မလျှော့ချင်သေးချေ။

ဟာသပဲ အကယ်၍ အခုမှ လက်လျှော့လိုက်မည်ဆိုလျှင် သူ နေပူထဲမှာ သုံးနာရီကြာအောင် မတ်တပ်ရပ်ခဲ့ရသည်မှာ အဓိပ္ပာယ် မရှိဖြစ်သွားတော့မည်။ လူတို့၏ သဘာဝအရ မိမိတို့၏ အားထုတ်မှုများ အလဟဿ မဖြစ်စေရန် ပိုမိုအားထည့်တတ်ကြရာ ဝူဟုန်သည်လည်း ယခင်ကထက် ပိုမိုခိုင်မာစွာ ဆုံးဖြတ်လိုက်လေတော့သည်။

"သူဌေးယွမ်... သူဌေးယွမ်... ဟင်းပွဲအသစ် ရပြီလားဗျို့... ဟင်းပွဲအသစ်"

မာကျစ်သာတစ်ယောက်ကတော့ ဆိုင်ထဲဝင်လာသည်နှင့် 'ဟင်းပွဲအသစ်များ၏ မင်းသားလေး' ပီပီ ဆူညံစွာ မေးမြန်းလိုက်၏။

သို့သော်လည်း ကျိုကျာက

"ဦးလေးမာ... စိတ်မကောင်းပါဘူးရှင်။ အခုတလော ဟင်းပွဲအသစ် မရှိသေးပါဘူး" ဟု ပွင့်ပွင့်လင်းလင်းပင် ပြန်ဖြေလိုက်သည်။

"ကျွန်တော်က သူဌေးယွမ်ကို အပြစ်တင်ချင်လို့တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မင်းကတော့ အတော်လေး ပျင်းရိပြီး ပျက်စီးလာပြီနော်"

မာကျစ်သာက ရင်ဘတ်ကို လက်ဖြင့်ဖိကာ ခေါင်းကိုက်သလိုလို၊ ရင်နာသလိုလို အမူအရာဖြင့် ပြောလိုက်ရာ ကျိုကျာက...

"ဦးလေးမာလည်း အရင်အတိုင်း နောက်တတ်တုန်းပဲနော်" ဟု ပြုံးလျက် ဆိုသည်။

ကျိုကျာနှင့် ရှန်မင်တို့မှာ မာကျစ်သာ၏ ပြက်လုံးများကို အမြဲပင် အလိုက်တသိ တုံ့ပြန်တတ်သော်လည်း ဝူဟိုင်းကမူ နှာခေါင်းရှုံ့ရင်း...

"ဟင်း... ဘာဟာသလဲ။ ကလေးကလားတွေ လုပ်နေတာ" ဟု ဆိုကာ ကန့်ကွက်လေသည်။

"ကြောက်လိုက်တာ... ကျွန်တော်က ဟင်းပွဲအသစ်လေး စားချင်ရုံပါ" မာကျစ်သာက အပြစ်ကင်းစင်သည့် မျက်နှာထားဖြင့် ပြောလိုက်၏။

"ကဲ... ကဲ... ထိုင်ပြီး မှာစရာရှိတာ မှာတော့။ နောက်ကလူတွေ စောင့်နေရပြီ"

နောက်မှ တန်းစီနေသူများက ဝိုင်းဝန်းတိုက်တွန်းလာကြသဖြင့် မာကျစ်သာလည်း လက်မြှောက်အရှုံးပေးကာ...

"ကောင်းပါပြီဗျာ... အခုပဲ မှာပါ့မယ်။ ကြက်ဥထမင်းကြော် တစ်ပွဲ ပေးပါ" ဟု မှာလိုက်လေတော့သည်။

ကျိုကျာက ငွေပေးချေမှုကို အတည်ပြုပြီးနောက် မာကျစ်သာ၏ ဘေးခုံတွင် ထိုင်နေသည့် လူငယ်တစ်ဦးထံသို့ လှည့်ကာ...

"ဘာမှာချင်လဲရှင့်" ဟု ယဉ်ကျေးစွာ မေးမြန်းလိုက်လေသည်။

"ကြက်ဥထမင်းကြော် တစ်ပွဲပေးပါ"

ထိုလူငယ်မှာလည်း လူကြိုက်အများဆုံးဖြစ်သည့် ကြက်ဥထမင်းကြော်ကိုပင် မှာလိုက်လေသည်။

"ဟုတ်ကဲ့ရှင်။ စုစုပေါင်း ၁၈၈ ယွမ် ကျသင့်ပါတယ်" ဟု ကျိုကျာက ပြုံးရွှင်စွာဖြင့် ဈေးနှုန်းကို ပြောလိုက်၏။

"အရင်ပေးရမှာလား"

ထိုလူငယ်မှာ ဆိုင်သို့ ပထမဆုံးအကြိမ် ရောက်ဖူးသူ ဖြစ်ပုံရသည်။ သူသည် ကျိုကျာကို ကြောင်တောင်တောင်ဖြင့် ကြည့်နေပြီးမှ အခြေအနေကို သဘောပေါက်သွားကာ...

"အော်... ဟုတ်ကဲ့၊ ဟုတ်ကဲ့" ဟု ဆိုသည်။

"ဟုတ်ကဲ့ရှင်။ ဒါက ကျွန်မတို့ဆိုင်ရဲ့ စည်းကမ်းတစ်ခုပါ" ဟု ကျိုကျာက ခေါင်းညိတ်ပြလိုက်၏။

"ခဏလေး စောင့်နော်။"

ဖြူစင်သွယ်လျသော လက်ချောင်းများ ရှိသည့် ထိုလူငယ်သည် သူ၏ အနက်ရောင် ကုတ်အင်္ကျီအိတ်ကပ်ထဲသို့ လက်နှိုက်ကာ ပိုက်ဆံရှာနေလေသည်။ သို့သော်လည်း အိတ်ကပ်ထဲသို့ လက်ရောက်သွားသည့်အခါ လူငယ်၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး အတန်ကြာအောင် တိတ်ဆိတ်နေမိ၏။ ကံကောင်းသည်မှာ ကျိုကျာက သူ့ကို အတင်းအကျပ် မတောင်းဆိုခြင်းပင် ဖြစ်သည်။

"ကျိုကျာ... ဒီကို အမဲသားတစ်ပွဲ ပေးပါ" ဘေးမှ ဖောက်သည်တစ်ဦးက လှမ်းခေါ်လိုက်သည်။

ကျိုကျာရှေ့ရှိ လူငယ်မှာမူ လက်ကို အိတ်ကပ်ထဲမှ ထုတ်မလာသေးချေ။ ကုတ်အင်္ကျီအိတ်ကပ်မှာ သိပ်မကြီးသော်လည်း သူသည် ရတနာသိုက်ထဲမှာ ပစ္စည်းရှာနေသည့်အလား လက်ကို အပြင်သို့ ပြန်ထုတ်မလာဘဲ ရှိနေသည်။ သူ၏ မျက်နှာမှာ ပို၍နီမြန်းလာကာ နဖူးမှလည်း ချွေးစက်ကလေးများ စပြုလာ၏။

"အစ်ကို... ခဏလေးနော်၊ ကျွန်မ ဟိုဘက်က အော်ဒါလေး အရင်သွားယူလိုက်ဦးမယ်" ဟု ကျိုကျာက သူ့ကို အားနာသည့်အလား ညင်သာစွာ ပြောဆိုကာ အဝေးသို့ ထွက်သွားပေးလိုက်သည်။

"ဟုတ်... သွားပါ၊ သွားပါ"

လူငယ်သည် လက်ကို အိတ်ကပ်ထဲမှ မထုတ်ဘဲ အလေးအနက် ခေါင်းညိတ်ပြလိုက်၏။ ကျိုကျာ ထွက်သွားသည်နှင့် သူသည် သက်ပြင်းချကာ စိတ်သက်သာရာ ရသွားတော့သည်။

"ညီလေး... မင်း ဒီဆိုင်ကို လာတာ ပထမဆုံး ဖြစ်မယ်။ အခု မင်းအတွက် ဒါလိုအပ်နေတယ် မဟုတ်လား"

သူ အသည်းအသန် ရှာဖွေနေစဉ်မှာပင် မာကျစ်သာက လှမ်းပြောလိုက်ခြင်း ဖြစ်သည်။ လူငယ် ပြန်မဖြေမီမှာပင် သူ၏ ရှေ့သို့ ၁၀၀ တန် ငွေစက္ကူ အသစ်စက်စက် နှစ်ရွက် ရောက်ရှိလာ၏။

"ကျေးဇူးတင်ပါတယ်" လူငယ်သည် တွန့်ဆုတ်မနေတော့ဘဲ ငွေကို ယူလိုက်သည်။

"ရပါတယ် စားပြီးရင်တော့ ငါ့ကို ပြန်ပေးပေါ့။ ဒါမှမဟုတ်ဘူး ဆိုရင်လည်း ဒီဆိုင်မှာပဲ ငါ့ကို တစ်နပ် ပြန်ဝယ်ကျွေးလေ" ဟု မာကျစ်သာက စနောက်သည့်လေသံဖြင့် ပြောလိုက်၏။

"ဟာ... အဲဒါတော့ မဖြစ်နိုင်ဘူး။ ဒီဆိုင်မှာ ကျွေးဖို့က ဈေးကြီးလွန်းတယ်" ဟု လူငယ်ကလည်း ဟာသပြန်လုပ်လိုက်သည်။

ကျိုကျာ အော်ဒါများယူပြီး ပြန်ရောက်လာသည့်အခါ သူတို့နှစ်ဦးသည် တခြားသူများကဲ့သို့ပင် ရင်းနှီးစွာ စကားပြောနေကြသည်ကို တွေ့ရ၏။ လူငယ်သည် ကြက်ဥထမင်းကြော်အတွက် ငွေကိုပေးချေလိုက်ပြီး စားရန် စောင့်ဆိုင်းနေတော့သည်။

"သူဌေးယွမ်... ဟိုအပြင်က လူကို ရေသွားတိုက်ဖို့ ကျိုကျာကို မင်း ခိုင်းလိုက်တာလား"

လင်းဟုန်က ထမင်းစားပြီးနောက် ယွမ်ကျိုး၏အနားသို့ သွားကာ စပ်စုလိုက်သည်။ ယွမ်ကျိုးက ခေါင်းညိတ်ပြလိုက်ရာ လင်းဟုန်က စိတ်ဝင်တစားဖြင့်...

"အံမယ်... မင်း စိတ်ပြောင်းသွားတာလား" ဟု မေးမြန်း၏။

"မဟုတ်ဘူး"

ယွမ်ကျိုးမှာ စကားကို အလွန်ခြွေသူ ဖြစ်သည်။ လင်းဟုန်က သူ့ကို အကြိမ်ကြိမ် လှည့်စားဖူးသဖြင့် သူနှင့် စကားများများ မပြောရန် ဆုံးဖြတ်ထားဟန် တူ၏။

"သူ့ပုံစံက တော်တော် ဇွဲကောင်းပုံရတယ်နော်" ဟု လင်းဟုန်က ပုခုံးတွန့်ပြသည်။

"ကလေးစိတ်ဓာတ်ပါ" ဟု ယွမ်ကျိုးက ဆိုသည်။ ဝူဟုန်သည် ဤနေရာ၌ ကြာကြာ ခံလိမ့်မည်မဟုတ်ဟု သူက ဆိုလိုခြင်း ဖြစ်သည်။

"ဒါပေမဲ့ သူ အပြင်မှာ ရပ်နေတာ သုံးနာရီကျော်သွားပြီလေ"

"ဒါကြောင့်လည်း ငါ ရေသွားတိုက်ခိုင်းတာပေါ့" ဟု ယွမ်ကျိုးက အတည်ပေါက်ဖြင့် ပြောလိုက်၏။

"ဒါနဲ့... ဘာလို့ သူ့ကိုကျတော့ ပုလင်းထဲက ရေကို ပန်းကန်လုံးထဲ ထည့်တိုက်တာလဲ။ ငါတို့သောက်တဲ့ ရေကလည်း ကောင်းတာပဲ မဟုတ်လား" ဟု မန်မန်ကပါ နားမလည်နိုင်ဘဲ ဝင်မေးသည်။ ယွမ်ကျိုးဆိုင်မှ သောက်ရေမှာ အရသာ အလွန်ကောင်းမွန်သဖြင့် သူမက ထိုသို့ မေးခြင်း ဖြစ်၏။

"ဘာလို့လဲဆိုတော့... သူက ငါ့ဖောက်သည် မဟုတ်လို့" ယွမ်ကျိုးက ယုတ္တိရှိရှိပင် ပြန်ဖြေလိုက်သည်။ "နောက်ပြီးတော့... အပြင်မှာ အမှိုက်ကို ဒီတိုင်း ပစ်မထားစေချင်လို့လေ"

ယွမ်ကျိုး၏ စကားလုံးတိုတိုများကို ဖောက်သည်များက နားလည်နေကြပြီ ဖြစ်သည်။

"ဆရာယွမ်... သူ့ကို တပည့်အဖြစ် လက်ခံလိုက်တော့မလို့လား" မာစတာချန်ကပါ စိုးရိမ်တကြီး မေးမြန်းလိုက်၏။

"လက်မခံဘူး"

ယွမ်ကျိုး၏ အဖြေမှာ မပြောင်းလဲချေ။ ထိုစကားကို ကြားရသည့်အခါ မာစတာချန်သည် စိတ်အေးရမည်လား၊ စိတ်မကောင်းဖြစ်ရမည်လားပင် မဝေခွဲနိုင်တော့ချေ။

အပိုင်း (၄၂၄)

ပြီးပါပြီ။

All Chapters