အခန်း (၄၂၇-၄၂၈)
Vol. 33 Ch. 427-428
ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း (၄၂၇)
တစ်ခါတစ်ရံတွင် လောကကြီး၏ အလှည့်အပြောင်းများသည် မမျှော်လင့်ဘဲ ပိုမိုကောင်းမွန်သော ဘက်သို့ ဦးတည်သွားတတ်စမြဲ ဖြစ်သည်။ အနည်းဆုံးတော့ ယခုအခြေအနေသည် ကံဆိုးမိုးမှောင်ကျနေသည့် ဝတ္ထုရေးဆရာအတွက် နတ်ကောင်းနတ်မြတ် မစခြင်းဟုပင် ဆိုရပေမည်။
ယွမ်ကျိုး၏ စားသောက်ဆိုင် ရှေ့တွင်တော့ ထုံးစံအတိုင်းပင် လူအုပ်ကြီးက တိုးဝှေ့စည်ကားနေသည်။ ဆိုင်တံခါး ပွင့်လာမည့် အချိန်ကို စိတ်မရှည်စွာ စောင့်ဆိုင်းနေကြသည့် ဖောက်သည်များထဲတွင် သတင်းဌာန၏ နာမည်ကျော် ထုတ်လွှင့်သူနှစ်ဦးဖြစ်သည့် လျိုဇီမင်း နှင့် ပန်နင် တို့မှာ လူအုပ်၏ အလယ်ဗဟိုတွင် ရှိနေကြသည်။
"မနေ့ညက ဘောလုံးပွဲ ကြည့်လိုက်သေးလား" ပန်နင်က ဘေးနားရှိ လျူဇီမင်းအား စကားစလိုက်သည်။
ပန်နင်သည်လည်း အခြားသော အမျိုးသားများကဲ့သို့ပင် ဘောလုံးရူးတစ်ယောက် ဖြစ်သည်။ သူ၏ စကားဝိုင်းများသည် အမြဲတမ်း ဘောလုံးကွင်းထဲ၌သာ အဆုံးသတ်လေ့ရှိသည်။
"ကြည့်တာပေါ့ဗျာ။ Atlanta နိုင်သွားတာလေ" လျူဇီမင်းက ကျေနပ်အားရစွာ ပြုံးရွှင်လျက် ပြန်ဖြေသည်။
၎င်းတို့ နှစ်ယောက်စလုံးသည် Atlanta အသင်း၏ ပရိသတ်များ ဖြစ်ကြသောကြောင့် သူငယ်ချင်းကောင်းများ ဖြစ်နေကြခြင်း ဖြစ်သည်။ မဟုတ်ပါက အသင်းမတူမှုကြောင့် ဆိုင်ရှေ့တွင်ပင် ရန်ဖြစ်နေကြလောက်ပြီ။
"ဟွန်း..."
ထိုစဉ် ဝတ္ထုရေးဆရာထံမှ အေးစက်စက် နှာခေါင်းရှုံ့သံ ထွက်ပေါ်လာသည်။ သူသည် မနေ့ညက ဝူဟိုင်းနှင့် လောင်းကြေးထပ်ရာတွင် မိမိ၏ တန်ဖိုးရှိလှသော အရက်ကို ပေးလိုက်ရသည်ကို တွေးမိတိုင်း ရင်ထဲ၌ တဆစ်ဆစ် နာကျင်နေရသည်။ ဝတ္ထုရေးဆရာ၏ မျက်နှာသည် ထုံးစံအတိုင်းတင်းနေသဖြင့် အခြားသူများက သတိမထားမိသော်လည်း၊ တစ်ဖက်တွင် ရှိနေသည့် ဝူဟိုင်းကတော့ ဝတ္ထုရေးဆရာကို ကြည့်ကာ ပြုံးနေလေသည်။
"နှမြောစရာကြီးဗျာ... ဟူးးး..." ပန်နင်က ရုတ်တရက် သက်ပြင်းအရှည်ကြီး ချလိုက်ပြန်သည်။
"တကယ်ပါပဲ။ လစ် တစ်ယောက် ကားမတော်တဆမှု ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူမှ တွေးကြည့်မိမှာလဲ။ မဟုတ်ဘူးလား" လျိုဇီမင်းက ဝမ်းနည်းပူဆွေးသည့် လေသံဖြင့် ထပ်မှန်ပြောဆိုသည်။
"ဟုတ်ပဗျာ။ ဘောလုံးပွဲ အနိုင်ရပြီးပြီးချင်းမှာပဲ သူက အရက်မူးပြီး ကားမောင်းတာတဲ့။ သူ့ရဲ့ နာမည်ကျော် 'မျက်နှာနဲ့ ဘောလုံးဖမ်းတဲ့' အံ့ဖွယ်စွမ်းရည်မျိုးကို ငါတို့ နောက်တစ်ခါ မြင်ရဖို့ မလွယ်တော့ဘူး"
ပန်နင်နှင့် ဝူဟိုင်းတို့သည် ဝါသနာတူများ ဖြစ်ကြသည်။ ၎င်းတို့နှစ်ဦးလုံးမှာ လစ် ၏ ထူးခြားဆန်းပြားသော ဂိုးဖမ်းစနစ်ကို အလွန်စွဲမက်ကြသူများ ဖြစ်သည်။
"ဟမ် ကားမတော်တဆမှုဟုတ်လား"
ဝတ္ထုရေးဆရာသည် မျက်မှောင်ကြုတ်သွားပြီး ချက်ချင်းပင် သူ၏ဖုန်းကို ထုတ်ယူကာ သတင်းများကို မွှေနှောက်ရှာဖွေတော့သည်။ သူ၏ ဖုန်းမျက်နှာပြင်တွင် 'Atlanta' ဟု ရိုက်ထည့်လိုက်သည်နှင့် လစ်၏ ကားမတော်တဆမှု သတင်းများက အမျိုးမျိုးသော ခေါင်းစဉ်များဖြင့် ဝေဝေဆာဆာ တက်လာသည်။
"ဒီလိုကိုး..." ဝတ္ထုရေးဆရာ၏ မျက်နှာတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။ သူသည် သတင်းကို ဖတ်ပြီးနောက် ဝူဟိုင်းကို လှမ်းကြည့်လိုက်သည်။
သူ၏ စိတ်ထဲတွင်တော့ တစ်ယောက်တည်း ကျိတ်၍ ရေရွတ်နေမိသည်။
"ကောင်းတယ်။ ဝူဟိုင်း... မင်း ငါ့ဆီက အရက်ကို အနိုင်ယူသွားပေမဲ့၊ ငါ့ရဲ့ ကျိန်စာက မင်းအကြိုက်ဆုံး ဘောလုံးသမားကို ကံဆိုးမှုတွေ ပေးလိုက်ပြီပဲ"
မှန်ပေသည်။ ဝတ္ထုရေးဆရာသည် သူ၏ အရှုံးကို ထူးဆန်းသည့် ပုံစံဖြင့် အစားထိုးကာ စိတ်သက်သာရာ ရသွားခြင်း ဖြစ်သည်။ သူ၏ မျက်နှာတွင် ကလေးဆန်သော ဝမ်းသာအားရသည့် အမူအရာများ ပေါ်ပေါက်လာပြီး ဝူဟိုင်းကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိသည်။
"ဒါက အရက်တစ်ခွက်တည်းပါဗျာ။ ဝါးအရက် ဖြစ်နေရင်တောင်မှ ဒီလောက်အထိ ထူးဆန်းတဲ့ မျက်နှာထားမျိုး ပြစရာ မလိုပါဘူး" ဝူဟိုင်းကတော့ ဝတ္ထုရေးဆရာ၏ စိတ်ကူးများကို မသိရှာဘဲ မုတ်ဆိတ်မွှေးကို ပွတ်သပ်ကာ လင်းဟုန်၏ အနားသို့သာ တိုးကပ်သွားတော့သည်။
ဆိုင်အပြင်ဘက်တွင် ဆူညံပွက်လောရိုက်နေသော်လည်း တံခါး၏ အခြားတစ်ဖက်ခြမ်းတွင်မူ ယွမ်ကျိုးသည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ပါဝင်ပစ္စည်းများကို ပြင်ဆင်နေသည်။
ဤနေရာတွင် "တိတ်ဆိတ်ခြင်း" ဆိုသည်မှာ ယွမ်ကျိုးက အသံတိတ်နေခြင်းကို ဆိုလိုသည်မဟုတ်။ စနစ်၏ အစွမ်းထက်သော ကာကွယ်မှုကြောင့် အပြင်ဘက်မှ ဆူညံသံများသည် ဆိုင်အတွင်းသို့ အနည်းငယ်မျှပင် မဝင်ရောက်နိုင်ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ ယွမ်ကျိုးသည် ဤအေးချမ်းမှုကို အပြည့်အဝ ခံစားကာအာရုံစိုက်နေစဉ် စနစ်၏ အကြောင်းကြားသံက သူ၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားသည်။
"ဒင်း... ဂုဏ်ယူပါတယ်။ သင်ဟာ 'လျှို့ဝှက်မစ်ရှင်' ကို ပြီးမြောက်ခဲ့ပြီး မြို့တစ်မြို့လုံးတွင် အလွန်တရာ လူသိများကျော်ကြားသူ ဖြစ်လာပါပြီ"
"ဒါက ဘာကြီးလဲ"
ယွမ်ကျိုးသည် ရုတ်တရက် ထွက်ပေါ်လာသော အသိပေးချက်ကြောင့် လန့်ဖျပ်သွားပြီး ခန္ဓာကိုယ်ကိုပင် ကျုံ့လိုက်မိသည်။
"ဆိုင်ရှင် သင်သည် 'လျှို့ဝှက်မစ်ရှင်' တစ်ခုကို အောင်မြင်စွာ လုပ်ဆောင်ပြီး ဖြစ်ပါတယ်"
"လျှို့ဝှက်မစ်ရှင်လား... အဲဒါက ဘာလဲ" ယွမ်ကျိုးသည် အံ့အားသင့်မှုနှင့်အတူ စပ်စုလိုစိတ်များ ချက်ချင်း ထကြွလာသည်။
"လျှို့ဝှက်မစ်ရှင်ဆိုတာ စနစ်က ကြိုတင်မထုတ်ပြန်ထားဘဲ ဆိုင်ရှင် ကိုယ်တိုင်ရဲ့ လုပ်ဆောင်ချက်ကြောင့် စတင်အသက်ဝင်လာပြီး အောင်မြင်သွားတဲ့မစ်ရှင်မျိုးကို ဆိုလိုတာပါ"
"ဒါဆို ဆုလာဘ်ကော ရှိလား" ယွမ်ကျိုးသည် လက်တွေ့ကျသူတစ်ယောက် ဖြစ်သဖြင့် ဆုလာဘ်ကိုသာ အဓိက ဂရုစိုက်သည်။
"ဟုတ်ကဲ့ ရှိပါတယ်။ ဆိုင်ရှင်ကိုယ်တိုင် စစ်ဆေးနိုင်ပါတယ်"
"စနစ်က ဒီတစ်ခါတကယ် ရက်ရောတာပဲ" ယွမ်ကျိုးက ပြုံးရွှင်စွာဖြင့် စနစ်၏ မျက်နှာပြင်ကို ဖွင့်ကာ စစ်ဆေးလိုက်သည်။
[လျှို့ဝှက်မစ်ရှင် - တစ်နှစ်အတွင်း မိမိကိုယ်တိုင် ကြော်ငြာခြင်း မပြုဘဲ မိမိ၏ ဂုဏ်သတင်းကို မြို့တစ်မြို့လုံး အတိုင်းအတာဖြင့် လူသိများစေရန်။] (ပြီးစီး)
(မစ်ရှင်အညွှန်း - လျှို့ဝှက်မစ်ရှင်ဆိုသည့်အတိုင်း စနစ်မှ တရားဝင် ကြေညာထားခြင်း သို့မဟုတ် သင့်အား ပြောပြထားခြင်း မရှိဘဲ ဆိုင်ရှင်၏ အရည်အချင်းဖြင့်သာ ပြီးမြောက်အောင် လုပ်ဆောင်ရသော အရာဖြစ်သည်)
[မစ်ရှင်ဆုလာဘ် - ဂန္ထဝင်ငန်းကင်နည်းစနစ် ]
(လက်ခံရယူနိုင်သည်)
(ဆုလာဘ်အညွှန်း - အခြားသူတွေမှာ ဘာပဲရှိရှိ၊ ငါတို့မှာ ဂန္ထဝင်ငန်းကင် ရှိရုံနဲ့တင် လုံလောက်ပြီ)
ဆုလာဘ်မှာ 'ငန်းကင်' ဖြစ်ကြောင်း သိလိုက်ရသောအခါ ယွမ်ကျိုးသည် အလွန်တရာ ကျေနပ်သွားသော်လည်း စနစ်၏ စောင်းမြောင်းသည့် အညွှန်းများကို မြင်သောအခါ နဖူးကို လက်ဖြင့် အုပ်လိုက်မိသည်။
"စနစ်... မင်း အဲဒီလို လေသံနဲ့ အညွှန်းပေးဖို့ လိုအပ်လို့လား"
ယွမ်ကျိုးသည် စနစ်၏ ကလေးကလားနိုင်သော အကြံပေးချက်များကြောင့် စိတ်တိုတိုဖြင့် လက်ရှိ ရေပန်းစားနေသည့် အင်တာနက် ဗန်းစကားများကိုပင် မသိစိတ်က သုံးလိုက်မိသည်။ သို့သော် ချက်ချင်းပင် သူ သတိပြန်ဝင်လာကာ -
"ဟေး... မင်းက ဘာမှမပြောဘဲနေရင် ငါက မင်း ရှိနေတာ မသိဘူးလို့ ထင်နေတာလား။ ဒီလို အညွှန်းတောင်ပေးရဲတာ ငါ့မေးခွန်းကျ ဘာလို့ ပြန်မဖြေတာလဲ"
"တောက်... ဒါက ငါလို ဆွဲဆောင်မှုရှိတဲ့ လူသားတစ်ယောက်နဲ့ လုံးဝ မလိုက်ဖက်ဘူးပဲ။ ထားလိုက်ပါ... ဆုကိုပဲ ယူလိုက်မယ်"
ယွမ်ကျိုးသည် သက်ပြင်းတစ်ချက်ချကာ ဆုလာဘ်ကို လက်ခံလိုက်သည်။ သူ၏ စိတ်ထဲတွင် စာအုပ်ပုံသဏ္ဍာန် အရာဝတ္ထုတစ်ခုမှာ အလင်းစက်ကလေးများအဖြစ် ကြေမွသွားပြီး သူ့မှတ်ဉာဏ်၏ အနက်ရှိုင်းဆုံးနေရာသို့ ပျံသန်းဝင်ရောက်သွားသည်။
ယွမ်ကျိုးသည် မျက်လုံးများကို မှိတ်ကခေတ္တမျှ ငြိမ်သက်သွားလေသည်။ သူ၏ စိတ်ထဲတွင် ဂန္ထဝင်ငန်းကင်ပြုလုပ်နည်းနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များက ကွက်ကွက်ကွင်းကွင်း ပေါ်ပေါက်လာသည်။
"တကယ်ထူးခြားတဲ့ ချက်ပြုတ်နည်းပဲ"
စနစ်မှပေးထားသည့် ငန်းကင်လုပ်နည်းမှာ ယွမ်ကျိုး ယခင်က လေ့လာဖူးသမျှ ငန်းကင်နည်းစနစ်များနှင့် လုံးဝ ကွာခြားနေသည်။ ၎င်းသည် အလွန်ပင် လက်ဝင်လှသော်လည်း ရလဒ်မှာမူ အံ့မခန်း ဖြစ်မည်မှာ သေချာသည်။
"တိုက်တိုက်ဆိုင်ဆိုင်ပဲ... ငါ အနောက်တိုင်းဟင်းတွေ
ကို မရောင်းရသေးဘူးပဲ။ ဒီဟင်းလျာကိုပဲ အရင်မိတ်ဆက်လိုက်မယ်" ယွမ်ကျိုးသည် နဖူးကို ပွတ်သပ်ရင်း နောင်တစ်ချိန်တွင် ဖောက်သည်များ အလုအယက် တောင်းဆိုကြတော့မည့် ဟင်းလျာကို ရောင်းချရန် ချက်ချင်း ဆုံးဖြတ်လိုက်သည်။
မကြာမှီ မနက်စာ စားချိန်သို့ ရောက်ရှိလာပြီး ယွမ်ကျိုး၏ စားသောက်ဆိုင် တံခါးမှာလည်း ပွင့်သွားခဲ့သည်။
"အားလုံးပဲ မင်္ဂလာပါ။ အခု ဆိုင်ဖွင့်ပါပြီ။ ကျေးဇူးပြုပြီး အလှည့်ကျ စနစ်တကျ ဝင်လာပေးပါရှင်" ယနေ့သည် စနေနေ့ ဖြစ်သောကြောင့် ရှန်မင် တာဝန်ကျခြင်း ဖြစ်သည်။
"ဗိုက်ဆာလှပြီ" စားသုံးသူများက ညည်းညူရင်း ဆိုင်အတွင်းသို့ အလုအယက် ဝင်ရောက်လာကြသည်။
"ဟုတ်ပ။ စနေနေ့မှာ ဒီလောက်စောစော ထရတာ ခက်ခဲလိုက်တာ။ ဒါပေမဲ့ ဒီနေ့တော့ အရသာရှိတာ စားရတော့မှာမို့ တန်တယ်" ဟု အရင်ဆုံးဝင်လာသူ ဖောက်သည် ၁၀ ဦးထဲမှတစ်ဦးက ပြောလိုက်သည်။
"ဟားဟား... ဒီအဖိုးကြီးလည်း နောက်မကျပါဘူးကွ"
သူသည် ဆိုင်သို့ မလာဖြစ်သည်မှာ ကြာပြီဖြစ်သည့် အဖိုးအိုတစ်ဦး ဖြစ်သည်။
"အဖိုး... မတွေ့တာ ကြာပြီနော်" ဝူဟိုင်းက ခေါင်းညိတ်၍ နှုတ်ဆက်လိုက်သည်။
"အေးကွာ... ငါ့မြေးတွေနဲ့အတူ ခရီးထွက်နေတာ။ အကုန်လုံး အဆင်ပြေပေမဲ့ ဒီဆိုင်က ဟင်းတွေကိုတော့ လွမ်းမိသား "
အဖိုးအိုက လျှာကို သပ်လိုက်ပြီး သူ၏ မှတ်ဉာဏ်ထဲရှိ အရသာကို ပြန်လည် တမ်းတနေသည့်ပုံဖြင့် ပြောသည်။
"ဒါဆိုရင် ဆိုင်ထဲကို မြန်မြန်ဝင်ပါ အဖိုး" ဝူဟိုင်းက ပြုံး၍ ဆိုသည်။
"ဒီနေ့တော့ ငါ့မြေး ယွမ်ကျိုး ဘာဟင်းတွေ လုပ်လာဦးမလဲ ကြည့်ရဦးမယ်။ ဖက်ထုပ်ဟင်းချိုကတော့ ငါအကြိုက်ဆုံးပဲ" အဖိုးက ပြုံးလျက် ဆိုသည်။
"ဒီနေ့ မနက်စာက ဖက်ထုပ်ဟင်းချိုပါ" ယွမ်ကျိုးက ပုံမှန်အတိုင်းပင် တည်ငြိမ်စွာ ပြောလိုက်ပြီး အဖိုးအိုကို ကြည့်လိုက်သည်။
"ကောင်းတယ်... ကောင်းတယ်။ ခရီးထွက်နေတုန်းက ဒီဖက်ထုပ်တွေကို အတော်လေး လွမ်းနေတာ" အဖိုးအိုက လျင်မြန်စွာပင် နေရာယူလိုက်တော့သည်။
"ရှန်မင်... ဒါကို အဖိုးဆီ ချပေးလိုက်ပါ" ယွမ်ကျိုးက မြစိမ်းရောင် ဝါးချိုင့်လေးကို ထုတ်ယူကာ ရှန်မင်ကို တိုက်ရိုက် ခိုင်းစေလိုက်သည်။
"ဟုတ်ကဲ့" ရှန်မင်က ချက်ချင်းပင် လင်ဗန်းဖြင့် သယ်ယူသွားသည်။
"ငါကတော့ အသက်ကြီးသူဆိုတဲ့ အခွင့်အရေးကို ယူပြီး အရင်ဆုံး စားလိုက်ပြီနော်" အဖိုးအိုက ပြုံးရွှင်စွာ ဆိုသည်။
"ဖက်ထုပ်ဟင်းချို... ကျွန်တော့်ကိုလည်း တစ်ပွဲ ပေးပါဦး" လင်းဟုန်က ချက်ချင်းပင် မှာလိုက်သည်။
ဒါက နောက်ပြောင်စရာ မဟုတ်ပေ။ ဤဖက်ထုပ်ကို စားခွင့်ရရန် သူသည် အစပိုင်းတွင် အခက်အခဲများစွာ ရင်ဆိုင်ခဲ့ရပြီး ယခုတိုင် အနည်းငယ်သာ စားခဲ့ရသေးသည်။
"သူဌေးယွမ်... ခင်ဗျား ဒီဖက်ထုပ်တွေကို များများ
ထည့်ပေးဖို့ လိုအပ်နေပြီဗျာ" လင်းဟုန်က ယွမ်ကျိုးကို တောင်းဆိုသည့် လေသံဖြင့် ပြောလိုက်သည်။
"ကျွန်တော်တို့က ဒီဖက်ထုပ်သေးသေးလေးနဲ့ ဗိုက်ပြည့်သွားမယ့် ငှက်တွေ မဟုတ်ဘူးလေ" ဟု သူက ဆက်ပြောသည်။
"ဒါက မသေးပါဘူး။ ဒီအရွယ်အစားက တခြားဖက်ထုပ်တွေထဲမှာ အကြီးဆုံးပဲ" ယွမ်ကျိုးက ခေါင်းခါလျက် တုံ့ပြန်သည်။
"ခင်ဗျားဟာခင်ဗျား တခြားဟာတွေထဲမှာ အကြီးဆုံးလို့ ပြောနေတာ။ ဒါပေမဲ့ သူဌေးယွမ်ရဲ့ လက်ရာက တခြားဟာတွေလိုမှ မဟုတ်တာ။ အဲဒီ ဟာတွေနဲ့ သွားနှိုင်းယှဉ်နေဖို့ မလိုဘူးလေ" လင်းဟုန်သည် အချွဲအနွဲ့ တော်သူပီပီ မြှောက်ပင့်စကားကို ပါးနပ်စွာ သုံးစွဲလိုက်သည်။
"ကျွစ်... ကျွစ်... ဒီလူငယ်လေး စကားပြောအတော် ကောင်းတာပဲ" အဖိုးအိုက ဖက်ထုပ်ကို အရသာခံ စားသုံးရင်း မှတ်ချက်ပေးလိုက်သည်။
"တကယ် ကောင်းပါတယ်" ဝူဟိုင်းကလည်း ဖက်ထုပ်ကို စားနေရင်း ခေါင်းညိတ် ထောက်ခံလေ၏။
"မလိုပါဘူး။ ဒီအတိုင်းပဲ ကောင်းတယ်" ယွမ်ကျိုးက ချီးကျူးစကားကို သဘာဝကျကျ လက်ခံလိုက်ပြီး လင်ဟုန်၏ အကြံပြုချက်ကိုမူ ပြတ်ပြတ်သားသားပင် ငြင်းပယ်လိုက်သည်။
ယခုအချိန်အထိ ယွမ်ကျိုး၏ စားသောက်ဆိုင်တွင် အနုစိတ်ဆုံးနှင့် ဈေးအကြီးဆုံး ဖြစ်လာမည့် ဟင်းလျာသစ်ကြီးသည် မကြာခင်တွင် ပေါ်ထွက်လာတော့မည် ကိုတော့ မည်သူမျှမသိကြပေ။
အပိုင်း (၄၂၇)
ပြီးပါပြီ။
ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း (၄၂၈)
"ဆရာ... ဆရာ ဒီနေ့ ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပေးနိုင်မလား"
ဝူဟုန်၏ အသံသည် အဝေးမှနေ၍ ဟိန်းထွက်လာပြီး ယွမ်ကျိုး၏ စားသောက်ဆိုင်အတွင်းသို့ ကျယ်လောင်စွာ ရိုက်ခတ်သွားသည်။ ယွမ်ကျိုးသည် သူ၏နဖူးကို လက်ဖြင့် မပွတ်သပ်မိအောင် အတင်းအကျပ် ထိန်းထားရသည်။ သူ ခက်ခက်ခဲခဲ တည်ဆောက်ထားသည့် "အထီးကျန်ဆန်သော မင်းသားလေး" ပုံရိပ်ကို ပျက်စီးမခံနိုင်ပေ။ ယင်းအစား သူသည် မျက်ခုံးနှစ်ဖက်ကိုသာ ပြင်းပြင်းထန်ထန် ကြုတ်လိုက်မိသည်။
"သခင်လေးယွမ်... တပည့်တစ်ယောက် လက်ခံလိုက်တာလား" ဆိုင်ထဲသို့ အပြေးအလွှား ဝင်လာသော ဝူဟုန်ကို ကြည့်ပြီး အဘိုးအိုက အံ့သြတကြီး မေးလိုက်သည်။
"ဟားဟား... ဟုတ်တယ်လေ။ သူဌေးယွမ်၊ မင်းရဲ့ တပည့်လေး ပြန်လာပြီ" ဝူဟိုင်းက ဘေးမှနေ၍ မီးလောင်ရာလေပင့် လုပ်လိုက်သည်။ ယွမ်ကျိုးသည် အရှုပ်အရှင်းများကို မုန်းသည်ကို သိသော်လည်း ဝူဟိုင်းကတော့ အခွင့်အရေးရတိုင်း စနောက်ရန် လက်မနှေးပေ။
"အဲ့လိုလည်း မပြောပါနဲ့။ သူဌေးယွမ်က ရုတ်တရက် သဘောတူလိုက်ရင် ငါတို့ အစားအသောက် စားရမယ့်အချိန်တွေ လျော့ကုန်မှာပေါ့" လင်းဟုန်က ဝူဟိုင်းထက် ပို၍ သတိရှိသော်လည်း သူ၏ စိုးရိမ်မှုမှာလည်း အစားအသောက်အတွက်သာ ဖြစ်သည်။
"မဟုတ်ဘူး... ဘယ်သူ့ကိုမှ တပည့်အဖြစ် မလက်ခံထားဘူး" ယွမ်ကျိုးက အလေးအနက် ရှင်းပြလိုက်သည်။ "ဒါ့အပြင်... မင်းအပါအဝင် ငါ့ကို ဆရာလို့ ခေါ်နိုင်တဲ့ အရည်အချင်းပြည့်တဲ့သူ လောလောဆယ် မရှိသေးဘူး"
"ဆရာ..." ဝူဟုန်သည် ရှက်လည်းရှက်၊ ဒေါသလည်း ထွက်သွားသော်လည်း လက်မလျှော့ချင်သေးပေ။
သို့သော် ယွမ်ကျိုးက သူ၏စကားကို ဝင်ဖြတ်လိုက်သည်။ "တောင်းပန်ပါတယ်။ မနေ့က ငါရှင်းရှင်းလင်းလင်း ပြောပြီးပြီလို့ ထင်တယ်။ အခုချိန်မှာ တပည့်လက်ခံဖို့ လုံးဝ ရည်ရွယ်ချက် မရှိပါဘူး"
"ဆရာက အခုချိန်မှာ တပည့်လက်မခံဘူးလို့ ပြောထားတာလေ၊ နောက်ပိုင်းကျ လက်ခံချင်လက်ခံမှာပေါ့" ဝူဟုန်က ခေါင်းမာစွာဖြင့် အတင်းအကျပ် ပြောနေပြန်သည်။
"ဆိုင်ဖွင့်ချိန် ရောက်ပြီ။ စားချင်ရင် တန်းစီ၊ မစားချင်ရင် ထွက်သွားတော့" ယွမ်ကျိုးက ပြတ်သားစွာပင် မောင်းထုတ်လိုက်တော့သည်။
အဘိုးအိုက ဘေးမှနေ၍ ဝူဟုန်ကို အဓိပ္ပာယ်ရှိရှိ ကြည့်ကာ - "လူငယ်လေး... မင်းက တပည့်ဖြစ်ချင်ရင်တောင် သူ့ကို ဒီလိုပုံစံနဲ့ ဆရာလို့ ခေါ်လို့မရဘူး"
"အဘိုးက ဘယ်သူမို့လို့လဲ" ဝူဟုန်က စပ်စုလိုက်သည်။
"ငါဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး။ ငါက သာမန်ဖောက်သည်တစ်ယောက်ပါ၊ မင်းက ငါကို အနှောင့်အယှက် ပေးနေလို့ ငါပြောတာ" အဘိုးအိုက ရယ်မောလျက် ဆိုသည်။
ဝူဟုန်သည် အဘိုးအိုကို ဂရုမစိုက်တော့ဘဲ ယွမ်ကျိုးဘက်သို့ ပြန်လှည့်ကာ "ယွမ်ကျိုး... မင်း ဘယ်လိုထင်လဲ" ဟု ထပ်မေးပြန်သည်။
"ဟေ့လူ... မင်းက ဆရာအဖြစ် အသိအမှတ်ပြုခိုင်းနေပြီးတော့ သူဌေးယွမ်ကို နာမည်တပ်ပြီး မလေးမစား ခေါ်နေတုန်းလား" လင်းဟုန်က ဝင်၍ ဆုံးမလိုက်သည်။
"နာမည်တပ် ခေါ်လို့မရဘူးလား"ဝူဟုန်ကဇဝေဇဝါဖြင့် ပြန်မေးရှာသည်။
ရှန်မင်သည် ဝူဟုန်၏ နီရဲနေသည့်မျက်နှာကို မြင်သောအခါ "ဒီမှာ စားဦးမှာလား ရှင့်" ဟု မေးလိုက်သည်။
ယွမ်ကျိုးကတော့ စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ နားလည်မှုမရှိသူနှင့် စကားပြောရသည်မှာ အလွန်ပင် ပင်ပန်းလှသည်။
"ဟင့်အင်း... မစားတော့ဘူး၊ ငါ မနက်စာ စားပြီးပြီ" ဝူဟုန်က ဖြေလိုက်သည်။ ရှန်မင်က
"ဒါဆိုရင် အပြင်ထွက်ပေးဖို့ တောင်းပန်ပါရစေရှင့်၊ ဆိုင်ထဲမှာ လူကျပ်နေလို့ပါ" ဟု ယဉ်ကျေးစွာ ပြောလိုက်သည်။
သို့သော်ဝူဟုန်က "ရပါတယ်၊ ကျွန်တော် အပြင်မှာပဲ စောင့်နေပါ့မယ်။ ကျေးဇူးတင်ပါတယ် ဆရာ" ဟု အော်ပြောကာ ထွက်သွားတော့သည်။
"ကျေးဇူးတင်ပါတယ်ရှင့်" ရှန်မင်က ယဉ်ကျေးပျူငှာစွာ ပြန်ပြောလိုက်သည်။
"သူဌေးယွမ်တော့ ဒုက္ခအကြီးအကျယ် တွေ့နေရပြီနဲ့ တူတယ်" လင်ဟုန်က ခေါင်းခါရင်း ပြောလိုက်သည်။
"မှန်တာပေါ့" အဘိုးအိုကလည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြသည်။
"ထားလိုက်ပါတော့ဗျာ။ ကျွန်တော်က တပည့်လက်ခံဖို့ လုံးဝ စိတ်ကူးမရှိဘူး။ တကယ်လို့ လက်ခံဖြစ်ခဲ့ရင်တောင် သူကကျွန်တော်ရွေးမှာ မဟုတ်ဘူး" ယွမ်ကျိုးက လေးလေးနက်နက် ပြောလိုက်သည်။
ယွမ်ကျိုး၏ ခိုင်မာပြတ်သားသော အမူအရာကြောင့် ဖောက်သည်များအားလုံး စိတ်အေးသွားကြသည်။
မနက်စာစားချိန် ကုန်ဆုံးသွားသောအခါ ယွမ်ကျိုးသည် ဆိုင်တံခါးကို ပိတ်လိုက်သည်။ အပြင်ဘက်တွင် စောင့်နေသည့် ဝူဟုန်ကို သူ လုံးဝ ဂရုမစိုက်တော့ပေ။
"တူလေး... သွားကြစို့လေ" သူ့အဒေါ် ဝူချန် ပေါ်လာပြီး ဝူဟုန်ကို လှမ်းပြောလိုက်သည်။
"ဟုတ်ကဲ့ ဒေါ်လေး။ နေ့လယ်ကျရင် ကျွန်တော် ထပ်လာဦးမယ်" ဝူဟုန်က အားတက်သရော ပြောလိုက်သည်။
"အေးပါ... အခုတော့ ငါနဲ့အတူ ဟိုဟိုဒီဒီ လျှောက်လည်ဖို့ လိုက်ခဲ့ဦး" ဝူချန်က ဝူဟုန်ကို ဆွဲခေါ်သွားတော့သည်။
ယွမ်ကျိုးသည် အပေါ်ထပ်သို့ တက်သွားပြီး မျက်နှာသစ်၊ လက်ဆေးကာ အဝတ်အစားလဲလိုက်သည်။ ဤသည်မှာ သူ၏ စိတ်တည်ငြိမ်စေရန် ပြုလုပ်သည့် အစဉ်အလာတစ်ခုပင်ဖြစ်သည်။ ငန်းကင်လုပ်နည်းမှာ အလွန်ပင် ရှုပ်ထွေးလှသဖြင့် သူ၏ အကောင်းဆုံး အခြေအနေတွင် ရှိနေရန် လိုအပ်သည်။
"ဒီနေ့တော့ ငန်းကင်ကိုပဲ အာရုံစိုက်မယ်" သူသည် လက်ခုပ်တစ်ချက်တီးကာ စိတ်ကို ပြင်ဆင်လိုက်သည်။
"ငါ့စားသောက်ဆိုင်ရဲ့ ပထမဆုံး ကွမ်တုံဟင်းပဲ" ယွမ်ကျိုး ရေရွတ်လိုက်သည်။ "ဒါနဲ့စနစ် ငန်းကို ငါကိုယ်တိုင် သတ်ရမှာလား"
"မလိုပါဘူး။ စနစ်က အကောင်းဆုံး ငန်းကို သန့်စင်ပေးထားပါတယ်" ဟု စနစ်ကပြန်ဖြေလေသည်။
ယွမ်ကျိုး ဗီရိုတံခါးကို ဖွင့်လိုက်သောအခါ အေးမြသော လေအေးများနှင့်အတူ ရေခဲသေတ္တာအတွင်းတွင် ငန်းတစ်ကောင်ကို တွေ့လိုက်ရသည်။
"ငန်းက သတ်ထားတာ နာရီဝက်တောင် မရှိသေးဘူးပဲ။ ဗိုက်က နွေးနေတုန်းပဲ" ယွမ်ကျိုးက ငန်းကို ထိ
ကြည့်ရင်း စစ်ဆေးရင်း ပြောလိုက်သည်။
"ဟုတ်ပါတယ်။ ငန်းကို မနက် ၉:၀၅ တွင် သတ်ခဲ့ပြီး ၁၀ မိနစ်အတွင်း သန့်စင်ခဲ့ခြင်း ဖြစ်ပါသည်"
"အတော်ကို တိကျတာပဲ"
ယွမ်ကျိုးက ငန်းကို စစ်ဆေးနေစဉ်၊ အပြင်ဘက်ရှိ လမ်းတစ်ခုပေါ်တွင် လင်းဟုန်သည် ကားမောင်းနေရင်း တစ်စုံတစ်ဦးကို သတိရသွားသည်။ ထိုသူမှာ ယွမ်ကျိုး၏ ဆိုင်တွင် တွေ့ဖူးသည့် ဆွံ့အနားမကြား မိန်းကလေးနှင့် သူမကို တိတ်တခိုး ချစ်နေသည့် ရှက်တတ်သော လူငယ်လေးတို့အကြောင်း ဖြစ်သည်။
ထိုနေ့က ရှက်တတ်သောလူငယ်လေး ပေးခဲ့သည့်အဖြေမှာ လင်းဟုန်ခန့်မှန်းထားသည့်အတိုင်း ဖြစ်
သကဲ့သို့ တစ်ဖက်တွင်လည်း သူမျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။
သူ ရှက်တတ်သည့်လူငယ်ကို မေးမြန်းပြီး မကြာမီမှာပင် ထိုမိန်းကလေးမှာ ဆိုင်ရှေ့တွင် တန်းစီရန် ရောက်လာခဲ့သည်။ ထုံးစံအတိုင်း ရှက်တတ်သောလူငယ်သည် မိန်းကလေး၏နောက်သို့ ခပ်သွက်သွက် လျှောက်သွားပြီး သူမကို တိတ်တိတ်ကလေး စောင့်ကြည့်နေခဲ့သည်။ သို့သော် သူကိုယ်တိုင်ကတော့ အရင်ဦးဆုံး နှုတ်ဆက်ရန် အစီအစဉ် မရှိပုံရပေ။
သို့သော်လည်း စားသောက်ဆိုင်ထဲသို့ ဝင်သွားကြသည့်အခါတွင်မူ သူသည် မိန်းကလေး၏ဘေးတွင် အလျင်အမြန် ဝင်ထိုင်လိုက်သည်။ သူ၏ လှုပ်ရှားမှုမှာ အလွန်ပင် လျင်မြန်လှသည်။
တစ်ခါတစ်ရံတွင် သူသည် တစ်ယောက်တည်း ရေရွတ်နေသကဲ့သို့ စကားများ ပြောနေတတ်သော်လည်း မိန်းကလေးက သူ့ကို တစ်ချက်မျှ လှမ်းကြည့်လိုက်ရုံနှင့် သူ၏ မျက်နှာလေး နီမြန်းသွားကာ အလွန်အမင်း ပျော်ရွှင်သွားတတ်ပြန်သည်။
"ငါလည်း အခု အားနေတာပဲ။ သွားကြည့်လိုက်ဦးမှပါ" လင်းဟုန်သည် ကားစတီယာရင်ကို အသာအယာလှည့်ကာ ထိုလမ်းမဘက်သို့ မောင်းထွက်ခဲ့သည်။
လင်းဟုန််သည် နောက်ဆုံးတွင် ထိုနှစ်ယောက် စုံတွဲဖြစ်သွားမလားဆိုသည်ကို စပ်စုချင်နေခြင်းဖြစ်သည်။ သို့သော် သူသည် ထိုမိန်းကလေး၏ (စကားမပြောနိုင်သည့်) အခက်အခဲကိုတော့ ဘယ်တော့မှ ထုတ်ဖော်ပြောဆိုမည် မဟုတ်ပေ။
"သူချစ်ရသူကို ချွတ်ယွင်းချက်ကင်းစေချင်တဲ့ ကောင်လေးနဲ့ စကားမပြောနိုင်ပေမဲ့ ကြင်နာတတ်ပြီး အကောင်းမြင်တတ်တဲ့ မိန်းကလေး... ကျူးပစ်ကတော့ တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့ ကစားပွဲတွေ ကစားနေတာပဲ" လင်းဟုန်က ခပ်တိုးတိုးရယ်ရင်း တွေးလိုက်သည်။ ထို့နောက် နောက်ထပ်လမ်းဆုံတွင် လမ်းကြောင်းပြောင်းကာ သူ၏ကုမ္ပဏီရှိရာသို့သာ ပြန်မောင်းသွားလိုက်တော့သည်။
"ဒီအတိုင်း သွားချောင်းကြည့်နေရင် ငါ့ကို ရူးနေတဲ့သူလို့ ထင်နေကြဦးမယ်။ ထားလိုက်ပါတော့လေ" လင်းဟုန်သည် သူ၏ နေကာမျက်မှန်ကို ဟန်ပါပါ တပ်လိုက်ပြီး လမ်းမပေါ်တွင် အရှိန်မြှင့် မောင်းထွက်သွားပါတော့သည်။
---
ယွမ်ကျိုးသည် ဆိုင်အတွင်း၌ ငန်းကို ပြန်လည်ကြည့်ရှုနေသည်။
"ဒါက အရှေ့ဇီကျန်းက အဖြူရောင်ငန်း မဟုတ်လား"
သူ၏ မှတ်ဉာဏ်ထဲ၌ အချက်အလက်များက ချက်ချင်း ပေါ်လာသည်။ ဤငန်းမျိုးစိတ်သည် နှစ်ပေါင်း ၁၆၀၀ ကျော် မွေးမြူရေး သမိုင်းကြောင်း ရှိခဲ့သည်။
စနစ်က "စနစ်မှ ပေးထားသော ငန်းမှာ ရှောင်ရှင်းမြို့မှ ပေါက်ဖွားသော အရှေ့ဇီကျန်းက အဖြူရောင်ငန်း ဖြစ်ပါတယ်။ သူတို့ရဲ့ နှုတ်သီးနှင့် ခြေထောက်တွေက တောက်ပတဲ့ လိမ္မော်ရောင်ရှိပြီး အရေပြားမှာ ကျောက်စိမ်းလို ဖြူစင်ပါတယ်"
"ဒီငန်းတွေက ရှောင်ရှင်း ဆန်ဝါဝိုင်ကို သောက်ရတာ ကြိုက်တယ်လို့ ကြားဖူးတယ်" ယွမ်ကျိုးက မှတ်ချက်ပေးသည်။
"ဟုတ်ပါတယ်။ ဒီငန်းတွေက အစာကျွေးချိန်မှာအဆင့်မြင့် ရှောင်ရှင်းဆန်ဝါဝိုင်ကို သောက်သုံးခဲ့ရလို့ အသားမှာ ထူးခြားတဲ့ မွှေးရနံ့ ရှိပါတယ်"
"ဖရဲသီးစားတဲ့ ဝက်တွေရှိသလို၊ အခုတော့ ဝိုင်သောက်တဲ့ ငန်းတွေပါရှိလာပြီးပေါ့ " ယွမ်ကျိုးသည် စနစ်၏ ပါဝင်ပစ္စည်းများ အပေါ် အစွမ်းကုန် ဂရုစိုက်မှုနှင့်ပတ်သက်က တွေးမိပြီး ခါးသီးစွာ ပြုံးလိုက်မိတော့သည်။
အပိုင်း (၄၂၈)
ပြီးပါပြီ။