အန်လင်း၏ဖွားဖက်တော်အားကယ်တင်ခြင်း
Vol. 42 Ch. 580
ဧကရာဇ် ဇီဝေးသည် လက်ချောင်းများကို လှုပ်ရှားလိုက်သည်နှင့် အဖြူရောင်ပုံးတစ်ခုနှင့် ဆင်တူသော အင်မော်တယ်လက်နက်တစ်ခု ပေါ်ထွက်လာသည်။
ထိုအင်မော်တယ်လက်နက်သည် အချင်းပေသုံးဆယ်မျှရှိပြီး မျက်နှာပြင်မှ ခပ်ဖျော့ဖျော့ ရွှေရောင်အလင်းများ ဖြာထွက်နေသည်။ အင်မော်တယ်လက်နက်၏ အလယ်ဗဟိုတွင် အဆုံးမရှိသော တွင်းနက်ကြီးတစ်ခု ရှိသည်။
"ဒီအင်မော်တယ်လက်နက်ပေါ်မှာ မန္တာန်ဝင်္ကပါတစ်ခု ချထားတယ်။ အဲ့ဒါကြောင့် မင်းတို့ရလာတဲ့ နယ်မြေအဆီအနှစ် သလင်းကျောက်တွေကို တွင်းနက်ထဲ ထည့်လိုက်ရုံနဲ့ အင်မော်တယ်လက်နက်က ငါသတ်မှတ်ထားတဲ့ တန်ကြေးအတိုင်း မင်းတို့ကို ပြန်ပေးလိမ့်မယ်။"
"အဖြူရောင်နယ်မြေအဆီအနှစ် သလင်းကျောက် တစ်ခုကို စိတ်ဝိဉာဉ်ကျောက်တုံး တစ်သောင်း၊ အစိမ်းရောင်နယ်မြေအဆီအနှစ် သလင်းကျောက် တစ်ခုကို စိတ်ဝိဉာဉ်ကျောက်တုံး သုံးသောင်း၊ အပြာရောင်နယ်မြေအဆီအနှစ် သလင်းကျောက် တစ်ခုကို စိတ်ဝိဉာဉ်ကျောက်တုံး တစ်သိန်း၊ အနီရောင်နယ်မြေအဆီအနှစ် သလင်းကျောက် တစ်ခုကို စိတ်ဝိဉာဉ်ကျောက်တုံး နှစ်သိန်းနဲ့ ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် တစ်ခုကိုတော့ စိတ်ဝိဉာဉ်ကျောက်တုံး တစ်သန်း ရမယ်။"
ဧကရာဇ် ဇီဝေး၏ စကားသံအား ကြားလိုက်ရသောအခါ အန်လင်း လှုပ်ရှားရန် အသင့်ပြင်ထားလိုက်သည်။ ဤအချိန်သည် သူ့အတွက် နောက်ဆုံးအခွင့်အရေးပင်။
ဧကရာဇ် ဇီဝေးသည် အားလုံးအား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် သက်ပြင်းချကာ သူ၏ခန္ဓာကိုယ်သည်လည်း ဖြည်းညင်းစွာ ပျောက်ကွယ်သွားတော့သည်။
သူသည် ဇီဝေးနန်းဆောင်သို့သွားကာ ကောင်းကင်ဘုံခုံရုံးအတွက် အသက်ဆုံးရှုံးခဲ့ရသော ရဲရင့်သည့် ကျင့်ကြံသူများ၏ မိသားစုများအတွက် စီစဉ်စရာ ရှိသည်များကို စီစဉ်ပေးရဦးမည်ပင်။
အန်လင်းမှာ အင်မော်တယ်လက်နက်ထံသွားကာ အဖြူရောင်နယ်မြေအဆီအနှစ် သလင်းကျောက် တစ်တုံးအား ပစ်ထည့်လိုက်သည်။ တွင်းနက်ကြီးထံမှ အဖြူရောင် ချီကျောက်တုံးတစ်ခု ထွက်ပေါ်လာလေသည်။
သူသည် အံ့အားသင့်နေဟန်ဖြင့် ချီကျောက်တုံးအား သိမ်းဆည်းကာ အားလုံးကို ကြည့်ရှုလိုက်သည်။
တီနာ၊ ရွှယ်ကျန်ထျန်းနှင့် ရှောင်ဇယ်တို့သည်လည်း ခန်းမအတွင်းရှိ လူများကို ကြည့်ရှုနေကြသည်။
အခြားသော ကျင့်ကြံသူများသည် ၎င်းတို့၏ အကြံအစည်အား မသိကြသောကြောင့် ရှည်ရှည်ဝေးဝေး တွေးမနေပဲ နယ်မြေအဆီအနှစ် သလင်းကျောက်များအား စိတ်ဝိဉာဉ်ကျောက်တုံးနှင့် လဲလှယ်ရန် အင်မော်တယ်လက်နက်ဆီ ရောက်ရှိလာကြသည်။
ကျင့်ကြံသူများသည် တစ်ဦးပြီးတစ်ဦး ၎င်းတို့ရရှိလာသော နယ်မြေအဆီအနှစ် သလင်းကျောက်များကို လဲလှယ်လိုက်ကြသည်။
စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ အများစု ရရှိလာသော နယ်မြေအဆီအနှစ် သလင်းကျောက်များမှာ အဖြူရောင် သို့မဟုတ် အစိမ်းရောင်များဖြစ်ပြီး ရွှေရောင်လုံးဝမပါပဲ အပြာရောင်နှင့် အနီရောင်သည်ပင် ရှားမှရှား ဖြစ်နေသည်။
ယေဘုယျအနေဖြင့် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးလျှင် စိတ်ဝိဉာဉ်ကျောက်တုံး သိန်းဂဏန်းမျှသာ ရရှိကြသည်။ ကံကောင်းလွန်းသော ကျင့်ကြံသူ အနည်းငယ်ကသာ စိတ်ဝိဉာဉ်ကျောက်တုံး သန်းဂဏန်းအထိ ရရှိကြပေသည်။
ထိုအချိန်တွင် လျှိုချူးချူးမှာ ကြယ်ပွင့်တစ်ဦး ဖြစ်လာသည်။
သူမသည် သွယ်လျသော လက်ချောင်းများကို လှုပ်ရှားလိုက်သည်နှင့် ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် တစ်ခုနှင့်အတူ အနီရောင်၊ အပြာရောင်၊ အစိမ်းရောင်၊ အဖြူရောင် နယ်မြေအဆီအနှစ် သလင်းကျောက်များ ထွက်ပေါ်လာသည်။ ပြိုးပြိုးပြက်ပြက် တောက်ပနေသော အလင်းရောင်များမှာ ချက်ချင်းဆိုသလို အားလုံး၏ အာရုံကို ဆွဲဆောင်လိုက်နိုင်ပြီး ကျင့်ကြံသူများမှာ သူမအား လေးစားအားကျသော အကြည့်များဖြင့် ငေးမောလိုက်ကြသည်။
သူမ၏ နယ်မြေအဆီအနှစ် သလင်းကျောက်များသည် စိတ်ဝိဉာဉ်ကျောက်တုံး သုံးဆယ့်တစ်သိန်းနှင့် လဲလှယ်နိုင်မည်ဖြစ်ပြီး အခြားသူများထက် ပိုမိုသာလွန်ကြောင်း အန်လင်း တွက်ချက်လိုက်သည်။
လျှိုချူးချူးမှာ စိတ်ကျေနပ်စွာ ပြုံးလိုက်ပြီးနောက် နယ်မြေအဆီအနှစ် သလင်းကျောက်များအား အင်မော်တယ်လက်နက်ထဲသို့ တစ်ခုချင်းထည့်ကာ ရရှိလာသော ချီကျောက်တုံးများကို သိုလှောင်လက်စွပ်ထဲ သိမ်းဆည်းနေလိုက်သည်။ သူမအား ကူညီလုပ်ကိုင်ပေးမည့် သားရဲလေးပင် ရှိနေသောကြောင့် အားလုံးမှာ အားကျမနာလို ဖြစ်နေကြရသည်။
ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်အား အင်မော်တယ်လက်နက်ထဲ ထည့်တော့မည့် အချိန်မှာပင် နတ်သမီးတစ်ပါး ရောက်ရှိလာကာ သူမ၏လက်ထဲမှ လုယူ၍ အန်လင်းထံ ပေးအပ်လိုက်သည်။
အားလုံးမှာ ထိုမြင်ကွင်းကြောင့် စိတ်ရှုပ်သွားကြရသည်။
လျှိုချူးချူးမှာလည်း ကြောင်တိကြောင်တောင် ဖြစ်နေသည်။
"နင်....နင်တို့တွေ နေ့ခင်းဘက်ကြီး ဓားပြတိုက်နေတာလား။"
ရွှယ်ကျန်ထျန်းမှာ စိတ်လှုပ်ရှားစွာ အတောင်များ ဝေ့ယမ်းလိုက်သည်။
"ဝိုး.....သခင်က ဒဲ့ဖြုတ်တာဟေ့။"
လျှိုချူးချူး: "....."
အန်လင်းမှာ တောင်းပန်လျှိုရှိုးစွာ ပြုံးပြလိုက်သည်။
"ငါက ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်ကို အသည်းအသန် လိုနေတာလေ။ ငါ့ရဲ့ရည်ရွယ်ချက်ကို သိတယ်မလား။ ဒီရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်ကို အပြာရောင်နယ်မြေအဆီအနှစ် သလင်းကျောက် ဆယ့်တစ်ခုနဲ့ လဲပေးလို့ ရမလား။"
အပြာရောင်နယ်မြေအဆီအနှစ် သလင်းကျောက် ဆယ့်တစ်ခုသည် စိတ်ဝိဉာဉ်ကျောက်တုံး ဆယ့်တစ်သိန်းနှင့် ညီမျှပြီး ဧကရာဇ် ဇီဝေး၏ သတ်မှတ်တန်ကြေးထက် ပိုမိုများပြားသောကြောင့် လျှိုချူးချူးအနေဖြင့် ငြင်းပယ်စရာ အကြောင်းမရှိပေ။
လျှိုချူးချူး အရှုံးပေးကာ နှုတ်ခမ်းအား ဖိကိုက်လိုက်သည်။
"ငါတို့က ရဲဘော်ရဲဘက်တွေဆိုတော့ အပြာရောင်နယ်မြေအဆီအနှစ် ဆယ်ခုပဲ ယူတော့မယ်။"
အန်လင်း ချက်ချင်းပင် သဘောတူကာ သိုလှောင်လက်စွပ်ထဲမှ အပြာရောင်နယ်မြေအဆီအနှစ် ဆယ်ခုကို ထုတ်ပေးလိုက်သည်။
လျှိုချူးချူး စပ်စုစိန် လုပ်ချင်လာသည်။
"နင့်ရဲ့ရည်ရွယ်ချက်ပြည့်ဖို့ ဘယ်လောက်လိုသေးလဲ။"
"မင်းကျေးဇူးနဲ့ ခြောက်ခုပဲ လိုတော့တယ်။"
အန်လင်း ကျေးဇူးတင်စွာ တုံ့ပြန်လိုက်သည်။
လျှိုချူးချူးမှာ ခြေထောက်များပင် မခိုင်တော့ပဲ ရင်ဘတ်အား လက်ဖြင့်ဖိထားလိုက်ရသည်။
နယ်မြေအဆီအနှစ် သလင်းကျောက်များအား သူဋ္ဌေးမကြီးလို လဲလှယ်နိုင်ခဲ့သောကြောင့် ရရှိခဲ့သော ပျော်ရွှင်မှုများလည်း ပျက်စီးသွားရလေပြီ။
အခြားသော ကျင့်ကြံသူများမှာလည်း အန်လင်းနှင့် လျှိုချူးချူးတို့၏ စကားဝိုင်းကို ကြားလိုက်မိကြသည်။
ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် တစ်ခုကို အပြာရောင်နယ်မြေအဆီအနှစ် သလင်းကျောက် ဆယ့်တစ်ခု ပေးတာလား......တကယ်ကြီးလား.....
ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်အား ပိုင်ဆိုင်ထားသော ကျင့်ကြံသူ အနည်းငယ်မှာ စိတ်လှုပ်ရှားသွားရသည်။
မကြာမီမှာပင် ကျင့်ကြံသူနှစ်ဦး အန်လင်းထံ ရောက်ရှိလာပြီး အပြာရောင်နယ်မြေအဆီအနှစ် သလင်းကျောက် နှစ်ဆယ့်နှစ်ခုနှင့်အတူ ပြန်သွားသည်။
လဲလှယ်ခြင်း အောင်မြင်သွားသောကြောင့် အန်လင်းသည်လည်း ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် နှစ်ခု ထပ်မံရရှိလိုက်သည်။
အန်လင်းတို့ အဖွဲ့သည် ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် တစ်ခုမှ လွတ်မသွားစေရေးအတွက် အင်မော်တယ်လက်နက် အနီးတဝိုက်တွင် နေရာယူထားကြသည်။
အခြားသော ကျင့်ကြံသူတစ်ဦးသည်လည်း ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်အား လဲလှယ်ရန် အန်လင်းထံ ရောက်ရှိလာခဲ့သည်။
မကြာမီမှာပင် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများအားလုံးမှာ ၎င်းတို့၏ နယ်မြေအဆီအနှစ် သလင်းကျောက်များကို လဲလှယ်ပြီးသွားကြပြီး ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်များ ထပ်ပေါ်မလာတော့ပေ။
အန်လင်းမှာ စိတ်များလေးလံလာရသည်။ ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် အခုတစ်ရာပြည့်ရန် ယခုအချိန်ထိ သုံးခု လိုအပ်နေသေးသည်။
ကောင်းကင်နတ်မိမယ်ဟယ်နှင့် ဉာဉ့်ယံကာကွယ်သူနတ်ဘုရားတို့လည်း ၎င်းတို့၏ နယ်မြေအဆီအနှစ် သလင်းကျောက်များကို အင်မော်တယ်လက်နက်ထံတွင် လဲလှယ်လိုက်ကြသည်။ ၎င်းတို့သည် ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်များအား အန်လင်းထံ လဲလှယ်ပြီး ဖြစ်သောကြောင့် ထပ်ပေးစရာ မရှိတော့ပေ။ လုဒုန်းဘင်လည်း ထို့အတူပင် ဖြစ်သည်။
နေမင်းသူရိန်ကာကွယ်သူနတ်ဘုရားမှာ အေးအေးဆေးဆေးပင် အင်မော်တယ်လက်နက်ထံ လျှောက်လှမ်းလာပြီးနောက် လက်များကို လှုပ်ရှားလိုက်သောအခါ အဖြူရောင်နယ်မြေအဆီအနှစ် သလင်းကျောက် သုံးရာကျော်နှင့် အစိမ်းရောင်နယ်မြေအဆီအနှစ် ဆယ်နှင့်ချီ ထွက်ပေါ်လာသည်။
အန်လင်း၏ မျက်ဝန်းများ တောက်ပသွားရသည်။
တကယ်ကို သလင်းကျောက် တိုင်ကွန်းကြီးပဲ.....
သို့သော် စိတ်ပျက်စရာ ကောင်းလောက်အောင် နေမင်းသူရိန်ကာကွယ်သူနတ်ဘုရားသည် ချီကျောက်တုံး ရာနှင့်ချီကာ လဲလှယ်ပြီးနောက် ထွက်ခွာသွားတော့သည်။
အန်လင်း: "......."
ထိုအချိန်တွင် ဘီလူးစိတ်ဝိဉာဉ်နတ်ဘုရားမှာ ပြုံးပြုံး ပြုံးပြုံးနှင့် အန်လင်းထံ ရောက်ရှိလာသည်။
"ကိုအန်လင်း....ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်တွေ ရှာနေတယ်ဆို။"
အန်လင်း၏ မျက်ဝန်းများ တလက်လက် တောက်သွားသည်။
"ဟုတ်တယ်။ ခင်ဗျားမှာ ဘယ်လောက်ရှိလဲ။"
ဘီလူးစိတ်ဝိဉာဉ်နတ်ဘုရား လက်နှစ်ချောင်း ထောင်ပြလိုက်သည်။
"ငါ့မှာနှစ်ခုရှိတယ်။ ဘယ်လိုလဲ။ မင်းမှာလဲပေးဖို့ နယ်မြေအဆီအနှစ် သလင်းကျောက်တွေ အလုံအလောက် ရှိသေးရဲ့လား။"
အန်လင်းမှာ ခေါင်းပြုတ်ထွက်မတတ် တဆတ်ဆတ် ညိတ်ပြလိုက်သည်။
"ရှိတာပေါ့။"
ယီးထဲမှ....တစ်ခု လိုနေတုန်းပဲကွာ.....
ဘီလူးစိတ်ဝိဉာဉ်နတ်ဘုရားထံမှ ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် နှစ်ခုကို ရယူပြီးသည့်နောက် သူ၏သိုလှောင်လက်စွပ်ထဲတွင် ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် ကိုးဆယ့်ကိုးခု ရှိနေပြီဖြစ်ကာ ရည်ရွယ်ချက် ပြည့်မြောက်ရန် နီးစပ်လွန်းသလို ဝေးကွာနေသေးသော အနေအထားသို့ ရောက်ရှိလာသည်။
နယ်မြေအဆီအနှစ် သလင်းကျောက်များ မလဲလှယ်ရသေးသည်မှာ သူတစ်ယောက်သာ ကျန်ရှိတော့သဖြင့် အန်လင်းမှာ မျက်ရည်များကို ချုပ်တည်းကာ ဝမ်းနည်းပက်လက်ဖြင့် လဲလှယ်လိုက်သည်။
အဖြူရောင်နယ်မြေအဆီအနှစ် သလင်းကျောက် သုံးရာလေးဆယ့်လေးခု၊ အစိမ်းရောင်နယ်မြေအဆီအနှစ် အခုခြောက်ဆယ်နှင့် အပြာရောင်နယ်မြေအဆီအနှစ် ခုနစ်တို့ ပေါ်ထွက်လာသောကြောင့် အားလုံးမှာ လေးစားအားကျသွားရသည်။
"အန်လင်းက အချီကြီး ရခဲ့တာပဲ။"
"ဟုတ်တယ်။ သူ့ရဲ့ ပမာဏက ကောင်းကင်အင်မော်တယ်တွေကိုတောင် ယှဉ်လို့ရတယ်။"
"ယှဉ်လို့ရတယ်ဟုတ်လား။ သူ့ရဲ့ အပြာရောင်နယ်မြေအဆီအနှစ် သလင်းကျောက်တွေကို တခြားသူတွေရဲ့ ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်နဲ့ လဲခဲ့တာ မေ့သွားပြီလား။"
"ဟုတ်သားပဲ။ အဲ့ဒါဆို သူက နံပါတ်တစ်ပေါ့။"
အန်လင်းမှာ ချီကျောက်တုံး ငါးရာကိုးဆယ့်လေးခုအား သိုလှောင်လက်စွပ်ထဲ သိမ်းဆည်းလိုက်သည်။ သူ၏ပိုင်ဆိုင်မှုသည် စိတ်ဝိဉာဉ်ကျောက်တုံး သုံးဆယ့်တစ်သန်းရှစ်သိန်းသောင်းနှစ်ထောင်သို့ ရောက်ရှိနေလေပြီ။
သို့သော် ထိုပိုက်ဆံများမှာ သူ့အတွက် အဖိုးမတန်ပေ။
အဲ့ဟာတွေနဲ့ ငါ့ရဲ့ဖွားဖက်တော်ကို ဝယ်လို့ရလို့လား....
သူကောင်းကင်အားကြည့်ကာ နာကျင်မျက်ရည်များ စီးကျလာသည်။
အားလုံးမှာ ထိုမြင်ကွင်းကြောင့် မည်သို့တုံ့ပြန်ရမည်မသိ ဖြစ်ကုန်ကြသည်။
"ဘာလို့ အန်လင်းက ငိုနေတာလဲ။"
"အရမ်းချမ်းသာသွားလို့များလား။"
"ကျဆုံးသွားတဲ့ ရဲဘော်ရဲဘက်တွေအတွက် ပူဆွေးနေတာ ထင်တယ်။"
"သူ့ကြည့်ရတာ အရမ်းဝမ်းနည်းနေသလိုပဲ။ ငါတို့သွားပြီး နှစ်သိမ့်ပေးရင် ကောင်းမလား။"
ကောင်းကင်နတ်မိမယ်ဟယ်နှင့် ဉာဉ့်ယံကာကွယ်သူနတ်ဘုရားတို့မှာ စိတ်ဆင်းရဲစရာ မှတ်ဉာဏ်များကို ပြန်လည်အမှတ်ရကာ သွေးပင်ဆောင့်တက်လာရသည်။
မကြာမီမှာပင် နန်းတော်ကြီးထဲ ဧကရာဇ် ဇီဝေး ပြန်လည်ရောက်ရှိလာသည်။
"နယ်မြေအဆီအနှစ် သလင်းကျောက်တွေ လဲပြီးကြပြီလား။"
သူပေါ့ပေါ့ပါးပါးပြုံးကာ အင်မော်တယ်လက်နက်အား ကြည့်ရှုလိုက်သည်။
"အိုး....အများကြီးပါလား။ နှစ်ပေါင်းတစ်သောင်းအတွင်း ဒါကအများဆုံး ပမာဏထင်တယ်။"
ဧကရာဇ် ဇီဝေးမှာ စိတ်ကျေနပ်စွာ ပြုံးလိုက်ပြီးနောက် အမူအရာ ပြောင်းလဲသွားသည်။
သူသည် တစ်စုံတစ်ခုကို အတည်ပြုလိုဟန်ဖြင့် အင်မော်တယ်လက်နက်အား နောက်တစ်ကြိမ် စစ်ဆေးလိုက်ပြီးနောက် အံ့အားသင့်သော စကားသံတစ်ခု ထွက်ပေါ်လာတော့သည်။
"ဘာတွေဖြစ်နေတာလဲ။ ဘာလို့ ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် တစ်ခုလေးတောင် မရှိနေရတာလဲ။"