← Chapters

အခန်း (၄၃၅-၄၃၆)

Vol. 34 Ch. 435-436

အခန်း (၄၃၅-၄၃၆)

Vol. 34 Ch. 435-436

ကျွမ်းကျင်စားဖိုမှူးစနစ်

အပိုင်း(၄၃၅)

"ဒီမင်းသားလေးရဲ့ ဆွဲဆောင်မှုက တကယ်ကို ငြင်းဆန်လို့မရပါလား" ယွမ်ကျိုးသည် လက်ထဲမှ

သဘာဝလိမ်းဆေးဆီပုလင်းလေးကို ကြည့်ကာ စိတ်ထဲတွင် ကျေနပ်အားရစွာ တွေးတောနေမိသည်။

သို့သော် သူ၏ ကျေနပ်မှုမှာ ကြာရှည်မခံလိုက်ပေ။ ထွက်ခွာသွားပြီဟု ထင်ရသော တင်ဆက်သူလုမှာ ဆိုင်တံခါးဝသို့ ပြန်လည်ရောက်ရှိလာသောကြောင့် ဖြစ်သည်။

ယွမ်ကျိုးသည် လက်ထဲမှ ဆေးပုလင်းကို သူ၏ အင်္ကျီအိတ်ကပ်ထဲသို့ အမြန်ဆုံးထည့်လိုက်ပြီး တည်ငြိမ်သော မျက်နှာထားကို ပြန်လည်ပြင်ဆင်လိုက်သည်။

"တောင်းပန်ပါတယ် ဘော့စ်ယွမ်... ကျွန်တော် ခင်ဗျားကို ထပ်ပြီး နှောင့်ယှက်မိသွားပြီလား" တင်ဆက်သူလုက အားနာဟန်ဖြင့် ပြန်ဝင်လာသည်။

"မဖြစ်ပါဘူး။ ဘာကိစ္စရှိနေသေးလို့လဲ"

"ခင်ဗျားနဲ့ ချိန်းဖို့ မေ့သွားလို့။ မနက်ဖြန် ဘယ်အချိန်လောက် အားမလဲ" တင်ဆက်သူလုက တိုက်ရိုက်ပင် မေးလိုက်သည်။

"ဒီအချိန်ဆိုရင် အဆင်ပြေပါတယ်"ယွမ်ကျိုးက အချိန်ကို ခဏတွက်ချက်ကြည့်ပြီးနောက် ဖြေလိုက်သည်။

"ကောင်းပါပြီ။ ဒါဆို မနက်ဖြန် ဒီအချိန်မှာ ထပ်လာခဲ့ပါ့မယ်။ နှောင့်ယှက်သလိုဖြစ်သွားတဲ့အတွက်တောင်းပန်ပါတယ်" တင်ဆက်သူလုသည် ဝမ်းသာအားရ ပြုံးပြကာ ပြန်လည်ထွက်ခွာသွားတော့သည်။

အမှန်စင်စစ် တင်ဆက်သူလုသည် အတွေ့အကြုံရှိသော လူတစ်ဦးဖြစ်ရာ ယွမ်ကျိုးက ချိန်းဆိုမှုကို လက်ခံလိုက်ခြင်းမှာ သူ၏ အဆိုပြုချက်ကို လက်ခံရန် ရာခိုင်နှုန်းများနေပြီဖြစ်ကြောင်း ကောင်းကောင်းသဘောပေါက်လိုက်သည်။ 'ဘော့စ်ယွမ်က ကြားရသလို ခက်ထန်တဲ့သူ မဟုတ်ပါဘူး' သူအတွေးများဖြင့် ကားထဲဝင်ကာ ထွက်ခွာသွားတော့သည်။

---

နောက်တစ်နေ့ နေ့လည်ခင်းတွင် ယင်းယာနှင့် မန်မန်တို့သည် ယွမ်ကျိုး၏ ဆိုင်ရှေ့တွင် ဆုံမိကြသည်။

"ယာယာ... ဒီနေ့ ဘာစားမှာလဲ" မန်မန်က အရင်‌မေးလိုက်သည်။

"မနေ့က မှာထားတဲ့ ပုံစံတစ်ရာထမင်း ထဲက ပဲငံပြာရည်နဲ့ ဝက်သားနှပ်စားမလားလို့" ယင်းယာက ပြုံးရွှင်စွာ ပြန်ဖြေသည်။

"မင်းတော်တော် လူလည်ကျတာပဲ။ ငါမှာထားတဲ့ ဟင်းက ညနေမှ ရမှာဆိုတော့ မင်းရဲ့ ဟင်းကိုပဲ မျှစားလိုက်မယ်နော်" မန်မန်က ချက်ချင်းပင် အပိုင်တွက်ကာပြောလိုက်သည်။

"ရတာပေါ့... ညနေကျရင် မင်းမှာထားတာကို ငါ ပြန်စားမှာနော်"

မိန်းကလေးနှစ်ဦးသည် ရယ်မောကာ ဆိုင်ထဲသို့ ဝင်လာကြသည်။ ယွမ်ကျိုး၏ဟင်းလျာမှာ ထမင်းပါဝင်‌သော်လည်း အရသာမှာ အသားနှင့်အလွန်တူလှသည်။ ၎င်းမှာ အသားစားချင်သော်လည်း ဝမည်ကို စိုးရိမ်တတ်သည့် မိန်းကလေးများအတွက်တော့ နတ်သုဒ္ဓါကဲ့သို့ပင်။

"ဒီ ပဲငံပြာရည်နဲ့ ဝက်သားနှပ်က တကယ့်ကို အသားဟင်းအတိုင်းပဲ။ အဆီလွှာက ပါးစပ်ထဲရောက်တာနဲ့ အရည်ပျော်သွားပြီး ပဲငံပြာရည်အနံ့က လျှာပေါ်မှာ စွဲကျန်နေခဲ့တာ... ကြံသကာလိုအချိုဓာတ်လေးနဲ့ဆိုတော့ ရှယ်ပဲ" ယင်းယာက မျက်လုံးလေးမှိတ်ကာ အရသာခံရင်း ပြောလိုက်သည်။

"ဟုတ်တယ်... အသားရဲ့ အမျှင်လေးတွေကို ဝါးရတဲ့ အရသာကလည်း အစစ်အတိုင်းပဲ။ ဘော့စ်ယွမ်က နောက်ထပ် ဘယ်လို အသားတွေကို ဒီလိုပုံစံနဲ့ တီထွင်ဦးမလဲမသိဘူး။ တွေးကြည့်ရုံနဲ့တင် သွားရည်တောင်ကျတယ်"

မန်မန်က ယင်းယာကို မျက်စိတစ်ဖက်မှိတ်ပြကာ စနောက်လိုက်သည်။ "တခြားသူတွေအတွက်သာ ခက်ခဲချင်ခက်ခဲမယ်... မင်းအတွက်တော့ မခက်ခဲပါဘူး။ မင်းပဲ မေးကြည့်ပါလား"

"ဒီမိန်းကလေးကတော့... ဘာတွေ လျှောက်ပြောနေတာလဲ" ယင်းယာ၏ ဖြူဝင်းသော ပါးပြင်လေးများမှာ ရှက်သွေးဖြာကာ ချက်ချင်းပင် နီမြန်းသွားတော့သည်။

"ကဲပါ... ဒါနဲ့ မနေ့က ဆေးသွားပို့တာ ဘယ်လိုဖြစ်ခဲ့လဲဆိုတာ ငါ့ကို အသေးစိတ် ပြန်ပြောပြဦးနော်... ဟဲဟဲ" မန်မန်က မကောင်းဆိုးဝါး ရယ်သံလေးဖြင့် ယင်းယာ၏လက်ကို ဆွဲကာ တိုးတိုးလေး မေးနေပါတော့သည်။

"မနေ့ကလား... မနေ့က မင်းဆေးပေးခိုင်းတယ်လို့ပဲ ငါပြောလိုက်တာ။ ငါလည်း အပြင်သွားစရာရှိတယ်လို့ပဲ ပြန်ပြောခဲ့တယ်... ဟားဟား" ယင်းယာက မန်မန်၏ စပ်စုမှုကို ရှောင်လွှဲရန် တမင်သက်သက် ရယ်မောရင်း ပြောလိုက်သည်။

"မင်း အဲဒီလိုပြောရင်တောင် ဘယ်သူမှ ယုံမှာမဟုတ်ဘူးနော်" မန်မန်က သူမ၏အဖြေကို လုံးဝဂရုမစိုက်ဘဲ အတည်ပြုသည့်ပုံစံဖြင့် ပြန်ပြောလိုက်သည်။

"ယုံချင်မှယုံမှာပေါ့" ယင်းယာက ပြုံးပြီး ခပ်အေးအေးပင် ဆိုလိုက်သည်။

မန်မန်ကတော့ ပုခုံးတွန့်ကာ သူတို့နှစ်ဦးကြား မည်သို့သော အခြေအနေမျိုး ဖြစ်ခဲ့မည်ကို စိတ်ကူးဖြင့်သာ မြင်ယောင်ကြည့်နေတော့သည်။ မိန်းကလေးနှစ်ဦးသည် စနောက်ရင်း ယွမ်ကျိုး၏ စားသောက်ဆိုင်သို့ အတူတူ လျှောက်လာခဲ့ကြသည်။ နေ့လယ်စာ စားနေစဉ်တစ်လျှောက်လုံး မန်မန်သည် ယွမ်ကျိုးကို ထူးဆန်းသောအကြည့်ဖြင့် ခဏခဏ စိုက်ကြည့်နေမိသည်။

ယွမ်ကျိုးသည် ထိုအကြည့်ကြောင့် အတော်လေး မသက်မသာ ဖြစ်နေရသည်။'သူပေးတဲ့ ဆေးက တကယ်အလုပ်ဖြစ်လားဆိုတာ လာအတည်ပြုတာလား မသိဘူး'သူအတွေးများဖြင့်သာ ကောက်ချက်ချလိုက်သည်။

နေ့လယ်စာစားချိန်ကုန်ဆုံး၍ ဖောက်သည်များ ပါးသွားသောအခါ ယွမ်ကျိုးက မန်မန်ကို လှမ်းခေါ်လိုက်သည်။

"မန်မန်... ခဏလောက်စောင့်ပါဦး"

"မင်း... ငါ့ကို ခေါ်တာလား" မန်မန်က ဘေးမှ ယင်းယာကို တစ်ချက်ကြည့်ကာ အံ့အားသင့်စွာ မေးလိုက်သည်။

"အင်း" ယွမ်ကျိုး ခေါင်းညိတ်လိုက်သည်။

ဆိုင်အကူဖြစ်သူ ကျိုကျာမှာ သူတို့သုံးဦး စကားပြောရန် အခွင့်အရေးပေးသည့်အနေဖြင့် ချက်ချင်းပင် အသာအယာ ထွက်သွားပေးခဲ့သည်။

"ဘာကိစ္စရှိလို့လဲ" မန်မန်က ထွက်သွားချင်နေသည့် ယင်းယာကို အတင်းဆွဲထားရင်း မေးလိုက်သည်။

"မနေ့က‌ ဆေးပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်လက်အတွက် တကယ်ကို အဆင်ပြေတယ်" ယွမ်ကျိုးက စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်စကား ဆိုလိုက်သည်။

"ဟားဟား... ရပါတယ်။ ဒါကလေ... အမှန်တော့ ယင်းယာက..." မန်မန်က ၎င်းမှာ ယင်းယာ၏ တောင်းဆိုမှုကြောင့် ပေးခဲ့ခြင်းဖြစ်ကြောင်း ဖွင့်ပြောမည့်အချိန်မှာပင် ယင်းယာက သူမ၏ခါးကို အတင်းဆွဲလိမ်လိုက်သဖြင့် စကားစရပ်သွားတော့သည်။

"အမ်?" ယွမ်ကျိုးမှာ ဘာဖြစ်သွားသည်ကို လုံးဝ နားမလည်ဘဲ ကြောင်ကြည့်နေမိသည်။

"ဘာမှမဟုတ်ဘူး... မင်းအတွက် အဆင်ပြေရင် ပိုပြီးသုံးလိုက်ပါ။ ဒါဆိုရင် ယင်းယာ လာပို့ပေးရတာလည်း အလကားမဖြစ်တော့ဘူးပေါ့" မန်မန်က အနာခံကာ တည်ငြိမ်အောင် ပြန်ပြောလိုက်သည်။

"ကောင်းပြီ... ငါသုံးပါ့မယ်" ယွမ်ကျိုး ခေါင်းညိတ်လိုက်သည်။

"ဒါဆို ငါတို့ သွားတော့မယ်။ ဆိုင်မှာ အလုပ်တွေ အများကြီး ရှိသေးတယ်" ယင်းယာ၏ မျက်စောင်းအောက်တွင် မန်မန်တစ်ယောက် ချက်ချင်းပင် ဆိုင်ပြင်သို့ သုတ်ခြေတင် ထွက်သွားရတော့သည်။

"လမ်းမှာ သတိထားသွားကြဦး" ယွမ်ကျိုးက ထွက်သွားသော မိန်းကလေးနှစ်ဦးကို ကြည့်ကာ နှုတ်ဆက်လိုက်သည်။

"သိတယ်... သိတယ်!" ယင်းယာက မန်မန်ကို ဆွဲခေါ်သွားရင်း ပြန်အော်ပြောလိုက်သည်။

ယွမ်ကျိုးသည် သက်ပြင်းတစ်ချက်ချကာ အတွေးဝင်နေမိသည်။ သူ၏ ထက်မြက်သော မျက်လုံးများဖြင့် ယင်းယာက မန်မန်ကို ဆွဲလိမ်နေသည်ကို မြင်ခဲ့ရသည် မဟုတ်ပါလား။

'မိန်းကလေးတွေကြားက ခင်မင်မှုက တကယ်ကို ထူးဆန်းတာပဲ' ဟု သူက ရင်ထဲတွင် မှတ်ချက်ပြုနေပါတော့သည်။

တင်ဆက်သူလု ရောက်လာသည်အထိ ယွမ်ကျိုးမှာ မိန်းကလေးနှစ်ယောက်၏ ထူးဆန်းသော ဆက်ဆံရေးကို တွေးတောရင်း သက်ပြင်းချနေမိသည်။

"ဘော့စ်ယွမ်... မင်္ဂလာပါဗျ" တင်ဆက်သူလုက ယွမ်ကျိုးကို မြင်သည်နှင့် တက်ကြွစွာ နှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ" ယွမ်ကျိုးက ခေါင်းညိတ်ပြလိုက်သည်။ သူသည် တစ်ခြားသူ၏ ရင်းနှီးဖော်ရွေသောပုံစံကို တုံ့ပြန်ရာတွင် သိပ်မကျွမ်းကျင်လှသဖြင့် တစ်ခါတရံ သူ၏ ပုံစံမှာ ပို၍ တည်ကြည်လွန်းနေတတ်သည်။

"ဘော့စ်ယွမ်... ဒီနေ့ ကျွန်တော် ကိစ္စလေးတစ်ခု ရှိလို့ပါ။ ဒီဇာတ်လမ်းတွဲမှာ အပိုင်းဘယ်နှစ်ပိုင်း ပါဝင်မလဲ၊ ဘယ်လိုမေးခွန်းတွေ မေးမလဲဆိုတာနဲ့ ပတ်သက်တဲ့ အဆိုပြုချက်တစ်ခု ကျွန်တော့်မှာ ပါလာတယ်။ ခင်ဗျား တစ်ချက်လောက် ကြည့်ကြည့်မလား" တင်ဆက်သူလုက အသင့်ပါလာသော ဖိုင်တွဲကို ယဉ်ကျေးစွာ ကမ်းပေးလိုက်သည်။

ယွမ်ကျိုးက ထိုထူထဲသော ဖိုင်တွဲကို ကြည့်ပြီး မျက်မှောင်ကြုတ်သွားသည်။

"ဒါကြီးက...?" ၎င်းကို ဖတ်ရမည်မှာ အတော်လေး အလုပ်ရှုပ်မည်ဟု သူ ခံစားလိုက်ရသည်။

"အော်... ခင်ဗျား ဖတ်ရတာ အဆင်မပြေရင် ကျွန်တော်ပဲ အနှစ်ချုပ် ရှင်းပြပါရစေ" တင်ဆက်သူလုက အလိုက်တသိပင် ဆိုလိုက်သည်။

"ကောင်းပြီ... ပြောပြပါ"

"ဟုတ်ကဲ့... အဓိကကတော့ ရိုက်ကူးရေးမှာ ဘယ်လိုမေးခွန်းတွေ မေးမလဲဆိုတာပါပဲ" တင်ဆက်သူလုက ယွမ်ကျိုး နားလည်စေရန် တစ်ဆင့်ချင်းစီကို အသေးစိတ် ရှင်းပြနေတော့သည်။

"ခင်ဗျားဘယ်လိုပုံစံမျိုး ရိုက်ကူးစေချင်လဲ။ ခင်ဗျားရဲ့ အဖြေပေါ် မူတည်ပြီး မေးခွန်းတွေကို ကျွန်တော် ပြန်ညှိပေးပါ့မယ်" သူသည် ယွမ်ကျိုး၏ စိတ်ဝင်စားမှုကို ရရှိရန်အတွက် ပရိယာယ်ကြွယ်စွာဖြင့် မေးလိုက်သည်။

"နေဦး... ရိုက်ကူးရေးလုပ်ဖို့ ငါ မင်းကို သဘောမတူရသေးဘူးနော်" ယွမ်ကျိုးက သတိဝင်ကာ ချက်ချင်း ဖြတ်ပြောလိုက်သည်။

"အာ... ကျွန်တော်က စိတ်စောသွားလို့ပါ တောင်းပန်ပါတယ်။ ဒါဆို အခုရော သဘောတူပြီမလား" တင်ဆက်သူလုက ရှက်ရွံ့ခြင်းမရှိဘဲ ခပ်ပြုံးပြုံးပင် ထပ်မံမေးမြန်းလိုက်သည်။

"ရိုက်ကူးရေးက ဘယ်လောက်ကြာမှာလဲ" ယွမ်ကျိုးက မေးလိုက်သည်။

"ခင်ဗျားရဲ့ ချက်ပြုတ်မှု စွမ်းရည်က ထူးချွန်ပြီးသားဆိုတော့ နာရီဝက်လောက်ဆိုရင်ကို လုံလောက်ပါပြီ။ နောက်ထပ် ပြင်ဆင်မှုတောင် အများကြီးလုပ်စရာ မလိုပါဘူး" တင်ဆက်သူလုက ယွမ်ကျိုးကို မြှောက်ပင့်ကာ ချီးကျူးလိုက်သည်။

ယွမ်ကျိုး ခဏစဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီလေ... ငါ ဟင်းချက်နေတဲ့အချိန်မှာ မင်းတို့ ဗီဒီယိုရိုက်လို့ ရပါတယ်"

"ကျေးဇူးတင်ပါတယ် ဘော့စ်ယွမ်" တင်ဆက်သူလုမှာ အတိုင်းမသိ ဝမ်းသာသွားတော့သည်။

"ဒါနဲ့... ဇာတ်လမ်းတွဲက အပိုင်းဘယ်လောက်ရှိမှာလဲ"

"စုစုပေါင်း ငါးပိုင်းပါ။ စိတ်မပူပါနဲ့... ခင်ဗျားကို မနှောင့်ယှက်စေရဘူးဆိုတဲ့ မူကို ကျွန်တော်တို့ တိတိကျကျ လိုက်နာမှာပါ"

တင်ဆက်သူလုသည် ယွမ်ကျိုးက အလုပ်ရှုပ်‌မည်ကို ကြောက်မှန်း သိသဖြင့် မေးခွန်းများကို အနည်းဆုံးနှင့် အထိရောက်ဆုံးဖြစ်အောင် ပြင်ဆင်ထားခဲ့သည်။ သူ၏ ဇာတ်ညွှန်းမှာလည်း စကားလုံး အနည်းဆုံးသာ ပါဝင်သည်။ ထို့ကြောင့် ဆယ်မိနစ်အတွင်းမှာပင် အစီအစဉ်အားလုံးကို မိတ်ဆက်ပေးနိုင်ခဲ့သည်။

"ဒါဆိုရင် မေးခွန်းတွေက ဒီလောက်ပါပဲ" တင်ဆက်သူလုက ပြုံးရွှင်စွာ ပြောလိုက်သည်။

"ကောင်းပြီ... ဘယ်တော့ ရိုက်မှာလဲ"

ယွမ်ကျိုးက မေးလိုက်စဉ်မှာပင် သူ၏ စိတ်ထဲ၌ စနစ်၏ အသံမှာ ရုတ်တရက် ပဲ့တင်ထပ်သွားတော့သည်။

စနစ်: အဆင့်မြှင့်တင်ခြင်းမစ်ရှင်ကို ယခုအသက်သွင်းလိုက်ပါပြီ။

အပိုင်း (၄၃၅)

(ပြီးပါပြီ)

၄၃၆ မှ ၄၄၀

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း (၄၃၆)

တင်ဆက်သူလု၏ ပါးနပ်မှုက ယွမ်ကျိုးကဲ့သို့ လူမျိုးကိုပင် အလိုက်သင့် လိုက်ပါသွားစေခဲ့သည်။ သို့သော် ယွမ်ကျိုး၏ စိတ်အာရုံမှာ ယခုအခါ တင်ဆက်သူလုထံ၌ မရှိတော့ဘဲ စနစ်၏ မစ်ရှင်အသစ်ထံသို့သာ ရောက်ရှိနေပါတော့သည်။

စနစ်၏ အသိပေးချက်ကို ဖတ်ပြီးနောက် ယွမ်ကျိုး၏ နှလုံးခုန်နှုန်းမှာ အနည်းငယ် မြန်လာရသည်။ သူ၏ မျက်ခုံးများမှာ မသိစိတ်မှ တွန့်သွားရာ ဘေးတွင်ရှိနေသော တင်ဆက်သူလုမှာ တစ်စုံတစ်ခု မှားယွင်းသွားပြီလားဟု ထင်ကာ ထိတ်လန့်သွားတော့သည်။

"ဘာ... ဘာများ အဆင်မပြေလို့လဲ ဘော့စ်ယွမ်" တင်ဆက်သူလုက အသံကို နှိမ့်၍ ဂရုတစိုက် မေးလိုက်သည်။

"ဘာမှမဟုတ်ဘူး။ မင်းပြောတာ ဆက်ပြောပါ" ယွမ်ကျိုးက ခေါင်းခါရင်း တည်ငြိမ်အောင် ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့... မေးခွန်း ငါးခုလောက်ပဲ ပြင်ဆင်ထားတာပါ။ ခင်ဗျားအနေနဲ့ သုံးခုလောက် ဖြေပေးရင်ကို ရပါပြီ" တင်ဆက်သူလုက အလွန်နည်းပါးသော အရေအတွက်ကို ထုတ်ပြောလိုက်သည်။

"သုံးခုလား။ ရိုက်ကူးရေး အစနဲ့ အဆုံးမှာ ကျွန်တော် ဖြေပေးမယ်။ ပြီးတော့ ဖောက်သည်တွေ မစားခင်မှာလည်း တစ်ခုလောက် ဖြေပေးလို့ ရတယ်" ယွမ်ကျိုးက တွက်ချက်ပြီးနောက် ခပ်ပြတ်ပြတ်ပင် ဆိုလိုက်သည်။

"အဆင်ပြေပါတယ်။ ကျေးဇူးအများကြီး တင်ပါတယ် ဘော့စ်ယွမ်"

တင်ဆက်သူလုသည် ယွမ်ကျိုး၏ စရိုက်ကို သိထားပြီးဖြစ်သည်။ ပန်းပုအလှဆင်နေချိန်တွင် စကားမပြောသော ယွမ်ကျိုးသည် ချက်ပြုတ်နေချိန်တွင်လည်း အာရုံပျက်ခံမည် မဟုတ်ကြောင်း သူ နားလည်သည်။ ထို့ကြောင့် အချိန်အတည်ပြုပြီးသည်နှင့် သူသည် ယဉ်ကျေးစွာဖြင့် လုပ်ငန်းကတ်ကို ကမ်းပေးလိုက်သည်။

"ဒါက ကျွန်တော့်ရဲ့ ဖုန်းနံပါတ်ပါ။ တစ်ခုခု သိချင်တာရှိရင် တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။ ရိုက်ကူးမယ့်အချိန်ကိုလည်း ခင်ဗျား အဆင်ပြေတဲ့အတိုင်းပဲ ဆုံးဖြတ်ပေးပါ"

"ကောင်းပြီ။ သန်ဘက်ခါကျရင် ရိုက်ကြတာပေါ့" ယွမ်ကျိုးက အချိန်ကို သတ်မှတ်ပေးလိုက်သည်။

"ဟုတ်ကဲ့ပါ။ ဒါဆို ကျွန်တော်ကို ခွင့်ပြုပါဦး" တင်ဆက်သူလုသည် ကျေနပ်ဖွယ်အဖြေ ရရှိသွားသဖြင့် ဝမ်းသာအားရ နှုတ်ဆက်ကာ ထွက်ခွာသွားတော့သည်။

သူပထမဦးဆုံး လာပြောသည့် အချိန်တွင် သူ၏လုပ်ငန်းကတ် ကိုမပေးခဲ့ပါ။အကယ်၍ ငြင်းဆိုခံရပါက အလွန်ရှက်ဖွယ်ကောင်းမည်မဟုတ်ပါလော။ ယွမ်ကျိုး မငြင်းနိုင်သော်လည်း တင်ဆက်သူလုသည် ထိုသို့သော အသေးအဖွဲကိစ္စလေးကိုပင် အဆုံးစွန်ဖြစ်နိုင်ချေအထိတွက်ချက်ထားခဲ့သည်။

တင်ဆက်သူလုသည် အမှန်တကယ် ပါးနပ်သူဖြစ်ကြောင်း ဝန်ခံရ‌ပေမည်။ သူသည် ယွမ်ကျိုးအား အကြပ်ရိုက်စေမည့် အလုပ်မျိုးမလုပ်ဘဲ ယွမ်ကျိုး၏ စိတ်တိုင်းကျ ဖြစ်ရန်သာ အစွမ်းကုန် ကြိုးစားသွားခဲ့သည်။ ယွမ်ကျိုးသည် ထိုရည်ရွယ်ချက်များကို ၈၀ ရာခိုင်နှုန်းခန့် ခန့်မှန်းနိုင်သော်လည်း တင်ဆက်သူလုတွင် မကောင်းသော ရည်ရွယ်ချက် မရှိသဖြင့်သဘောတူလိုက်ခြင်း ဖြစ်သည်။

တင်ဆက်သူလု ထွက်သွားသည်နှင့် ယွမ်ကျိုးသည် ဆိုင်တံခါးကို ပိတ်လိုက်ပြီး သူ၏ စိတ်ထဲမှ စနစ်ကို ချက်ချင်း လှမ်းခေါ်လိုက်သည်။

"စနစ်ရေ... ငါ ဒီမစ်ရှင်ကို ပြီးသွားရင် အဆင့်တက်မှာ သေချာတယ် မဟုတ်လား"

'အဆင့်မြှင့်တင်ခြင်းမစ်ရှင်' ဟူသော စကားလုံးကို ယွမ်ကျိုးက သံသယဖြင့် ထပ်ဖန်တလဲလဲ မေးနေခြင်း ဖြစ်သည်။ စနစ်သည် စကားလုံးများဖြင့် ကစားကာ သူ့ကို လှည့်စားလေ့ရှိသည် မဟုတ်ပါလား။

စနစ်: "ဟုတ်ပါတယ်"

"ဒီမစ်ရှင်ပြီးတာနဲ့ ချက်ချင်း အဆင့်တက်မှာနော်? နောက်ထပ် ကြားဖြတ်မစ်ရှင်တွေ မရှိတော့ဘူး မဟုတ်လား" ယွမ်ကျိုးက စေ့စေ့စပ်စပ် ထပ်မေးလိုက်ပြန်သည်။

စနစ်: "ဒါက အဆင့်မြှင့်တင်ခြင်းမစ်ရှင်ပါ။ အောင်မြင်တာနဲ့ အဆင့်တက်နိုင်မှာ ဖြစ်ပါတယ်"

"ကောင်းပြီ... ဒီတစ်ခါတော့ မင်းကို ငါယုံလိုက်မယ်" ယွမ်ကျိုးက ကျေနပ်စွာ ပြုံးလိုက်ရင်း မစ်ရှင်၏ အသေးစိတ် အချက်အလက်များကို စတင်ဖတ်ရှုရန် ပြင်ဆင်လိုက်တော့သည်။

ယွမ်ကျိုးအတွက် ဝင်ငွေ၏ ၆၀ရာခိုင်နှုန်း ရရှိတော့မည်ဟူသော အချက်မှာ အိပ်မက်တစ်ခု လက်တွေ့ဖြစ်လာသကဲ့သို့ပင်။ သူသည် စိတ်လှုပ်ရှားမှုကြောင့် ကလေးငယ်တစ်ဦးကဲ့သို့ပင် ခုန်ပေါက်မိတော့မတတ် ခံစားနေရသည်။

"ခဏလေး... ခဏလေး! ဒီတစ်ခါ ငါ အဆင့်တက်ပြီးရင် စုစုပေါင်းဝင်ငွေရဲ့ ၆၀% ကို ငါအပိုင်ရတော့မှာပေါ့ ဟုတ်လား" ယွမ်ကျိုးက အသံတုန်ရင်စွာဖြင့် စနစ်ကို အတည်ပြုချက်တောင်းလိုက်သည်။

စနစ်: "စည်းမျဉ်းများအရဆိုရင်... ဟုတ်ပါတယ်"

"ဟားဟား! နောက်ဆုံးတော့ ငါ ဒီလုပ်ငန်းရဲ့ အဓိကရှယ်ယာရှင် ဖြစ်ပြီကွ" ယွမ်ကျိုးသည် ကောင်းကင်ကို မော့ကြည့်ကာ အားရပါးရ အော်ဟစ်လိုက်ချင်တော့သည်။ ယွမ်ကျိုး၏ ဤကဲ့သို့သော ထူးဆန်းသည့် အမူအရာများကို စနစ်မှလွဲ၍ မည်သူမျှ မမြင်နိုင်သည်မှာ ကံကောင်းလှသည်။

"လာစမ်းပါ... လက်ရှိ ငါ့ရဲ့ အဆင့်အတန်းကို ပြပါဦး" ယွမ်ကျိုးက စိတ်အားထက်သန်စွာ အမိန့်ပေးလိုက်သည်။

ဖော််ပြချက်: "ဒီစနစ်က သင်မသိသေးတဲ့ စကြဝဠာတစ်ခုက‌နေလာစတင်ပေါ်ပေါက်လာတာပါ။ စနစ်ကို အလွန်ကျော်ကြားတဲ့ သိပ္ပံပညာရှင် ဒေါက်တာ A က လူသားတွေ ပိုမိုမြင့်မားတဲ့ စိတ်ပျော်ရွှင်မှုကိုရရှိဖို့အတွက်ရည်ရွယ်ပြီး ဖန်တီးခဲ့တာဖြစ်ပါတယ်။ ဒီကမ္ဘာကိုလွန်ခဲ့တဲ့ နှစ် ၂၅၀၀ လောက် ကတည်းကရောက်ရှိလာပြီး စနစ်မှာ ဆိုင်ရှင် ၁၀ ဦးအထိရှိခဲ့ပြီး သင်ဟာ ၁၁ယောက်မြောက် ဆိုင်ရှင်ဖြစ်ပါတယ်"

ပန်းတိုင်: " စနစ်က သင့်ကို ‌အနောက်တိုင်းနဲ့ တရုတ်ရိုးရာအစားအစာ ချက်ပြုတ်နည်း အသိပညာတွေကို သင်ပေးပြီး သင့်ကို ထိတ်တန်း စားဖိုမှုးတစ်ယောက် ဖြစ်အောင်လေ့ကျင့်ပေးမှာပါ"

ချက်ချင်းပင် သူ၏ ရှေ့မှောက်၌ ဇယားတစ်ခု ပေါ်လာတော့သည်။

ဆိုင်ရှင်: ယွမ်ကျိုး (သာမန်လူသား တရုတ်နိုင်ငံသား)

အသက်: ၂၄ နှစ်

ရုပ်ပိုင်းဆိုင်ရာ အရည်အသွေး: B (တုံ့ပြန်မှု၊ ခွန်အား၊ ညှိနှိုင်းဆောင်ရွက်မှုနှင့် သွက်လက်မှုတို့အပေါ် အခြေခံထားသည်။)

ချက်ပြုတ်ခြင်းစွမ်းရည်: မသိရှိရသေးပါ။

စွမ်းရည်: မရှိ‌။

ပစ္စည်း: မရှိ။

အကဲဖြတ်ချက်: အတွေ့အကြုံမရှိသေးသူ (ဒေသိယအစားအစာတစ်ခုမျှပင် ပြည့်စုံစွာ မကျွမ်းကျင်သော စားဖိုမှူးကို စားဖိုမှူးကြီးဟု မသတ်မှတ်နိုင်ပါ။)

လက်ရှိအဆင့်: ၄ (ဝင်ငွေ၏ ၅၀% ကိုလက်ခံရရှိနိုင်ခြင်း)

"ဟားဟား... ငါ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးက B ကိုတောင် ရောက်သွားပြီလား" ယွမ်ကျိုးက သူ၏ သန်မာစပြုလာသော လက်မောင်းကြွက်သားများကို ဆုပ်ကိုင်ကြည့်ရင်း ကျေနပ်စွာ မေးလိုက်သည်။

စနစ်: "လေ့ကျင့်ခန်း ပုံမှန်လုပ်နေသရွေ့ တိုးတက်နိုင်ပါတယ်"

"မျှော်လင့်ထားတဲ့အတိုင်းပါပဲ... ကဲ၊ အဆင့်တက်ဖို့ ပိုကြိုးစားရမှာပေါ့။ အခု အဆင့်မြှင့်တင်ခြင်းမစ်ရှင်ရဲ့ အသေးစိတ်ကို ပြတော့" ယွမ်ကျိုးက မစ်ရှင်ကို ဖွင့်ကာ စစ်ဆေးလိုက်သည်။

[အဆင့်မြှင့်တင်ခြင်းမစ်ရှင်]

[မစ်ရှင်အကြောင်းအရာ]: စားသောက်ဆိုင်သို့ သီးသန့်လာရောက်၍ 'အထူးလက်ရာ'အရသာရှိသည့် အစားအစာကို စားသုံးလိုသည့် ဖောက်သည်အယောက် (၁၀၀) ကို (၃၀) ရက်အတွင်းဆွဲဆောင်ပါ။

[သတ်မှတ်ချက်]: ထိုဖောက်သည် ၁၀၀ သည် ပုံမှန်ဖောက်သည်များ မဟုတ်ဘဲ သင်၏ 'အထူးလက်ရာ' ကြောင့်သာ တကူးတက လာရောက်သူများ ဖြစ်ရမည်။

[မစ်ရှင်ဆုလာဘ်] အဆင့်မြှင့်တင်ခြင်း တစ်ကြိမ်၊ ကံစမ်းမဲတစ်ကြိမ် အထူးဆုလာဘ်၊ အလယ်အလတ်အဆင့်စားဖိုမှူးအတွက် ဆုလာဘ်

(ဆုလာဘ်အကြံပြုချက်များ- မာစတာစားဖိုမှူးစနစ်တွင် ဆုလာဘ်များပိုမိုရရှိနိုင်ဖို့ အဆင့်တက်‌ေအာင်ကြိုးစားပါ၊ အငယ်လေး)

"ဒီမစ်ရှင်က ဘာကိုဆိုလိုတာလဲ" ယွမ်ကျိုး အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။

စနစ်: "စားသောက်ဆိုင်ရဲ့ အရသာရှိတဲ့ ဟင်းလျာတွေကိုစားသုံးဖို့၊ ရှုခင်းအလှအတွက်၊ ယဉ်ကျေးမှုနဲ့ ပထဝီဝင်အနေအထားအတွက်၊ ဆွေမျိုးသားချင်းတွေနဲ့ သူငယ်ချင်းတွေဆီ သွားရောက်လည်ပတ်ဖို့ မဟုတ်ဘဲ တခြားနေရာက ရောက်လာတဲ့ ဖောက်သည်တွေပါ။ ဒီလိုဖောက်သည်မျိုးက ၁၀၀ အောက် မရောက်သင့်ဘူး"

---

ယွမ်ကျိုးသည် မစ်ရှင်အညွှန်းကို ဖတ်ပြီးနောက် မျက်မှောင်ကြုတ်သွားသည်။ ဖောက်သည် အရေအတွက် ၁၀၀ ဆိုသည်မှာ သူ့အတွက် မခက်ခဲသော်လည်း "အထူးလက်ရာ" ဟူသည့် စကားလုံးက မည်သည်ကို ဆိုလိုခြင်းဖြစ်‌ေကြာင်းမသိပေ။

ယခင်က တင်ဆက်သူလု ကမ်းလှမ်းခဲ့သည့်ရိုက်ကူးရေးသည် ဤမစ်ရှင်အတွက် အထောက်အကူ ဖြစ်လာနိုင်မည်လော။

ယွမ်ကျိုးသည် မစ်ရှင်ဆုလာဘ်များကို ကြည့်ပြီး မျက်လုံးများ တောက်ပသွားသော်လည်း စနစ်၏ ရှင်းလင်းချက်ကို ကြားလိုက်ရချိန်တွင်မူ ဆွံ့အသွားရသည်။

"ဒါဆို... တခြားမြို့တွေ၊ တခြားပြည်နယ်တွေကနေ ငါ့လက်ရာကို စားဖို့သက်သက် တကူးတကလာရမယ့်သူ ၁၀၀ လို့ ဆိုလိုတာပေါ့" ယွမ်ကျိုးက ရုတ်တရက် အာရပ်မင်းသားများကို ပြေးမြင်မိသည်။

"ဒီမှာ ထမင်းစားဖို့ လေယာဉ်စီးလာရမယ်ဆိုတဲ့ သဘောလား"

စနစ်: "ဟုတ်ပါတယ်။ သူတို့ လာရမဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က ဆိုင်ရှင်ရဲ့ လက်ရာကို မြည်းစမ်းဖို့သာ ဖြစ်ရပါမယ်"

"ရက် ၃၀ အတွင်း လူ ၁၀၀... တစ်နေ့ကို အနည်းဆုံး ၃ ယောက်ကနေ ၄ ယောက်။ ငါ့တို့နိုင်ငံမှာ အစားအသောက်အတွက်ဆို ပိုက်ဆံအကုန်ခံရဲတဲ့ ချမ်းသာတဲ့သူ ဘယ်လောက်ရှိလဲ သွားစစ်ရတော့မယ် ထင်တယ်" ယွမ်ကျိုးက နဖူးကို လက်ဖြင့် အသာအယာ ဖိထားမိသည်။

သူ၏ လက်ရာအပေါ် ယုံကြည်မှုရှိသော်လည်း၊ လူတစ်ယောက်က ခရီးတစ်ခုထွက်လာရင်း လမ်းကြုံဝင်စားခြင်းမျိုး မဟုတ်ဘဲ၊ ထမင်းတစ်နပ်အတွက် ခရီးဝေးနှင်လာရန်ဆိုသည်မှာ အလွန်ပင် ခက်ခဲလှသည်။ သူ၏ ဟင်းလျာများသည် အရသာရှိသည်မှာ မှန်သော်လည်း မစားရလျှင် သေသွားနိုင်သည့် မူးယစ်ဆေးဝါးမဟုတ်ပေ။

"စနစ်... 'တခြားနေရာ' ဆိုတာ ဘယ်လောက်ထိ အဓိပ္ပာယ်သက်ရောက်လဲ။ ငါတို့ ချန်ဒူးမြို့ရဲ့ တခြားခရိုင်က လာတဲ့သူတွေကိုရော ထည့်တွက်လို့ မရဘူးလား" ယွမ်ကျိုးက အခက်အခဲကို လျှော့ချရန် ကြိုးစားကြည့်သည်။

စနစ်: "မရပါဘူး။ မင်းဟာ 'လျှို့ဝှက်မစ်ရှင်' ကိုအောင်မြင်ထားပြီး မြို့တစ်မြို့လုံးမှာ လူသိများနေပြီဖြစ်တာကြောင့် အခုမစ်ရှင်အတွက် ဖောက်သည်တွေက မြို့တော်နယ်နိမိတ်အပြင်က လာတဲ့သူတွေသာ ဖြစ်ရပါမယ်"

"သြော်... ဘာလို့ ရုတ်တရက်ကြီး 'ငန်းကင်'ကို ဆုလာဘ်အနေနဲ့ ပေးလဲလို့ စဉ်းစားနေတာ။ မင်းက ငါ့အတွက် တွင်းတူးပြီး စောင့်နေတာကိုး"

ယွမ်ကျိုးက "လောကမှာ အလကားရတဲ့ နေ့လည်စာ မရှိဘူး" ဆိုသည့် စကားကို နက်နက်နဲနဲ ခံစားလိုက်ရသည်။ ငန်းကင်အနံ့ဖြင့် လူများကို အဝေးမှ ဆွဲဆောင်ရန် စနစ်က ကြိုတင်စီစဉ်ထားခြင်းပင်။

စနစ်: "မစ်ရှင် စတင်မဲ့အချိန်က မနက်ဖြန် ပါ"

"မင်းကတော့လေ တခြားသူကို အကျပ်မကိုင်ရရင် မနေနိုင်တော့ဘူးလား" ယွမ်ကျိုးက ဆက်လက်၍ လှောင်ပြောင်လိုက်သည်။

"ဆိုင်ရှင် နဲ့ စနစ်ကြားမှာ တစ်ယောက်ကိုတစ်ယောက် ပိုပြီး ရိုးသားကြရင် မကောင်းဘူးလား"

ယွမ်ကျိုးသည် တွေးတောရင်း အစီအစဉ်တင်ဆက်သူလု၏ ကမ်းလှမ်းချက်ကို ပြန်သတိရသွားသည်။ ရိုက်ကူးရေးသည် မြို့ပြင်၊ ပြည်နယ်ပြင်ပရှိ လူများကို သူ၏တည်ရှိမှုကို သိစေရန် အကောင်းဆုံး ကြော်ငြာတစ်ခု ဖြစ်လာနိုင်သည် မဟုတ်ပါလား။

အပိုင်း(၄၃၆)

( ပြီးပါပြီ)

ကျွမ်းကျင်စားဖိုမှူးစနစ်

All Chapters