အခန်း (၄၃၇-၄၃၈)
Vol. 34 Ch. 437-438
အပိုင်း (၄၃၇)
"ဒီနေ့ခေတ်မှာ လှည့်ကွက်တွေက လူကြိုက်မများတော့ဘူးနော်။ စနစ်ရေ၊ နောက်ထပ်အားနည်းချက်တွေရှိရင် ပြောပါဦး" ယွမ်ကျိုးက သူ့နဖူးကို ထောက်ပြီး အားလျော့စွာ ပြောလိုက်သည်။
စနစ် :"အဲ့နှစ်ခုက ချိတ်ဆက်မှု မရှိပါ"
"အဲ့လိုဆိုရင်တောင် ဆက်စပ်မှုတစ်ခု ရှိကိုရှိရမယ်" ယွမ်ကျိုးကထပ်ပြောသည်။
"မေ့လိုက်တော့။ ငါ့ကိုယ်ငါ နှစ်သိမ့်ဖို့ ငါ့ရဲ့ဆုလာဘ်ကို ကြည့်နေချင်တယ်။" စနစ်က သူ့ကို ခဏလောက် ပြန်မဖြေတာကို မြင်တော့ ယွမ်ကျိုးက ဆုလာဘ်ကို ထပ်ကြည့်လိုက်တယ်။
"စနစ်ရေ... မင်းရဲ့ ဒီစကားပြောပုံတွေက ကျောင်းသားတွေ စာစီစာကုံး ရေးသလိုပဲ။ အနှစ်သာရမပါဘဲ စာကြောင်းရှည်အောင် လုပ်နေတာ မဟုတ်လား" ယွမ်ကျိုးက မျက်လုံးလေး လှန်ကြည့်ကာ လှောင်ပြောင်လိုက်သည်။
'အလယ်အလတ်စားဖိုမှူး ဆုလာဘ်' ဆိုသည်မှာ အဆင့် ၅ ရောက်မှ ရမည်ဖြစ်ပြီး၊ 'အထူးဆုလာဘ်' ဆိုသည်မှာလည်း အိမ်ရှင်ကို ပေးမည့် အထူးဆုလာဘ်သာ ဖြစ်သည်ဟု ဆိုနေသော စနစ်၏ အဖြေများသည် သူ့အတွက်တော့ "ရေလာသော်လည်း ငါးမပါ" သည့် အလားပင်။
သို့သော် ယွမ်ကျိုး အရှုံးမပေးပေ။ သူ၏ စိတ်ထဲတွင်တော့ ဝင်ငွေ ၆၀%ကို ခွဲဝေရရှိမည့် အခွင့်အရေးကိုသာ အမိအရ ဆုပ်ကိုင်ထားချင်သည်။ ထိုမျှ ကြီးမားသော ဆုလာဘ်အတွက် မစ်ရှင်က ခက်ခဲနေခြင်းမှာ သဘာဝပင်။
ပထမဦးစွာ၊ သူသည် စားသောက်ဆိုင်ကို ကိုယ်တိုင် လူသိရှင်ကြား ကြော်ငြာနိုင်ခြင်း မရှိသောကြောင့် ကြော်ငြာအတွက် ငွေကုန်ကြေးကျ မခံနိုင်ပါ။ ထို့ကြောင့် ယခင်ကကဲ့သို့ အလားတူနည်းလမ်းကို အသုံးမပြုပါက သူသည် မစ်ရှင်ကို ပြီးမြောက်နိုင်မည် မဟုတ်ပေ။
'ငါကိုယ်တိုင် ကြော်ငြာခွင့် မရှိဘူးဆိုတော့ တီဗီအစီအစဉ်ကိုပဲ အသုံးချရတော့မယ်' ယွမ်ကျိုးက ကုလားထိုင်ပေါ်တွင် ထိုင်ရင်း စဉ်းစားလိုက်သည်။
သန်ဘက်ခါတွင် ရိုက်ကူးမည့် တင်ဆက်သူလု၏ အစီအစဉ်မှာ သူ၏ "အထူးဖောက်သည် ၁၀၀" ကို ဆွဲဆောင်ရန် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်လာသည်။ သူသည် အိတ်ထဲမှ တင်ဆက်သူလု ပေးသွားသော လုပ်ငန်းကတ်လေးကို ထုတ်ယူကာ ဖုန်းနံပါတ်ကို နှိပ်လိုက်သည်။
"တူ... တူ... တူ..."
"မင်္ဂလာပါ ဘော့စ်ယွမ်။ တစ်ခုခု လိုအပ်လို့လားခင်ဗျာ" ဖုန်းကိုင်လိုက်သည်နှင့် တင်ဆက်သူလု၏ နူးညံ့သိမ်မွေ့သော အသံက ထွက်ပေါ်လာသည်။
"ဟုတ်ကဲ့... မေးခွန်းတွေနဲ့ ပတ်သက်ပြီး တစ်ခုလောက် ထပ်တိုးချင်လို့ပါ" ယွမ်ကျိုးက လိုရင်းကိုသာ တိုက်ရိုက်ပြောလိုက်သည်။
"ရပါတယ်ဗျာ... ကျွန်တော့်ကို ပြောပါ။ ကျွန်တော် အခုပဲ မှတ်သားထားလိုက်ပါ့မယ်"
"ဒီစားသောက်ဆိုင်ရဲ့ ထူးခြားတဲ့ အားသာချက်တွေကို ပရိသတ်တွေ သိသွားအောင် မေးခွန်းထဲမှာ ထည့်မေးပေးပါ။ ဥပမာ- ဘာကြောင့် ဒီဆိုင်ကို အဝေးကနေ တကူးတက လာစားသင့်လဲဆိုတဲ့ အချက်မျိုးပေါ့" ယွမ်ကျိုးက ခဏစဉ်းစားပြီးနောက် အကြံပြုလိုက်သည်။
"အို... ဒါက တကယ့်ကို ကောင်းတဲ့ အချက်ပဲဗျ။ ကျွန်တော် မေးခွန်းကို အခုလို ပြင်လိုက်မယ်... 'ဘော့စ်ယွမ်ရဲ့ ဟင်းလျာတွေက ဘယ်လို ထူးခြားတဲ့ ဆွဲဆောင်မှုမျိုး ရှိလို့ ဖောက်သည်တွေက ကီလိုမီတာ ရာနဲ့ချီတဲ့ ခရီးကို နှင်ပြီး လာစားသင့်တာလဲ' ဆိုတာမျိုးပေါ့။ အဆင်ပြေရဲ့လား" တင်ဆက်သူလုက လိမ္မာပါးနပ်စွာဖြင့် စကားလုံးများကို စီစဉ်ပေးလိုက်သည်။
"ကောင်းပြီ... အဲဒါပဲ။ အနှောင့်အယှက် ပေးမိတဲ့အတွက် တောင်းပန်ပါတယ်"
"လုံးဝ မဟုတ်တာဗျာ။ ကျွန်တော်တို့ဘက်ကလည်း ဒါကို ပိုပြီး စိတ်ဝင်စားစရာကောင်းအောင် လုပ်ချင်နေတာပါ။ ဒါဆို သန်ဘက်ခါမှ တွေ့ကြမယ်နော် ဘော့စ်ယွမ်"
ယွမ်ကျိုး ဖုန်းချလိုက်ပြီးနောက် အနည်းငယ် စိတ်အေးသွားရသည်။ တင်ဆက်သူလု၏ အစီအစဉ်ကသာ ထိရောက်ခဲ့လျှင် ရက် ၃၀ အတွင်း မြို့ပြင်မှ လူ ၁၀၀ လာရောက်ရန်မှာ မဖြစ်နိုင်သောအရာ မဟုတ်ပေ။
သို့သော်လည်း၊ ၎င်းကို ဇာတ်ညွှန်းရေးဆရာ လီက မြင်လိုက်ရသည်။
"မင်းကတော့ သူ့ရှေ့ရောက်ရင် တကယ့်ကို နှိမ့်ချလွန်းတာပဲ" ဇာတ်ညွှန်းရေးဆရာလီက ယွမ်ကျိုးနှင့် ဖုန်းပြောအပြီး ပြုံးစိစိဖြစ်နေသော တင်ဆက်သူလုကို ကြည့်ကာ နောက်ပြောင်လိုက်သည်။
"ဒါက နှိမ့်ချတာမဟုတ်ပါဘူးဗျာ၊ ပရော်ဖက်ရှင်နယ် ဆန်တာပါ။ ယဉ်ကျေးပျူငှာမှုက ဘယ်တော့မှ အပိုမဖြစ်ပါဘူး" တင်ဆက်သူလုက ပုခုံးတွန့်ရင်း ဆိုလိုက်သည်။ သူသည် ယွမ်ကျိုး၏ တောင်းဆိုချက်ကို မေးခွန်းထဲတွင် မည်သို့အချောသတ်ထည့်ရမည်ကို ချက်ချင်းပင် စတင်စီစဉ်နေတော့သည်။
"မင်းက ပရော်ဖက်ရှင်နယ် တင်ဆက်သူဖြစ်တာ အံ့သြစရာတော့ မဟုတ်ပါဘူး" ဇာတ်ညွှန်းရေးဆရာ လီက လက်မထောင်ပြလိုက်သည်။
ပြဿနာကို ဖြေရှင်းပြီးနောက် ယွမ်ကျိုး အနည်းငယ် စိတ်သက်သာရာရသွားသည်။ လောလောဆယ်တွင် အစီအစဉ်ထုတ်လွှင့်ပြီး နောက်ဆက်တွဲ အကျိုးသက်ရောက်မှုကို စောင့်ကြည့်ပြီးမှ အစီအစဉ်ကို စဉ်းစားလိုက်သည်။
တင်ဆက်သူလု၏ ပါးနပ်မှုက ယွမ်ကျိုး၏ မစ်ရှင်အတွက် အခွင့်အလမ်းကောင်းတစ်ခု ဖန်တီးပေးနိုင်ခဲ့သည့်အတွက် စိတ်အေးသွားသော်လည်း၊ တစ်ဖက်တွင်မူ အစားအသောက်နှင့် ပတ်သက်၍ အလွန်စေ့စပ်သော ဇနီးလောင်းတစ်ဦးကြောင့် ဝူကျိုးတစ်ယောက် အကျပ်ရိုက်နေရပြန်သည်။
ယွမ်ကျိုးကတော့ သူ၏အပိုင်းကို အကောင်းဆုံးပြင်ဆင်ပြီးပြီ ဖြစ်သဖြင့် စိတ်အေးလက်အေး ရှိနေသော်လည်း၊ မြို့၏ အခြားတစ်ဖက်တွင်မူ ယွမ်ကျိုး၏ ဖောက်သည်ဟောင်း ဝူကျိုးနှင့် သူ၏ချစ်သူ ကျွမ်းရှင်းမူ တို့မှာ မင်္ဂလာပွဲကျင်းပမည့်နေရာအတွက် အပြင်းအထန် ငြင်းခုံနေကြသည်။
ဝူကျိုးက ဒီရက်ပိုင်းအတွင်း ယွမ်ကျိုးရဲ့ စားသောက်ဆိုင်ကို မသွားခဲ့ပါ။ အကြောင်းမှာ သူ့၏မင်္ဂလာပွဲအတွက် ပြင်ဆင်နေရ၍ဖြစ်သည်။
ဝူကျိုးနှင့် ကျွမ်းရှင်မူတို့ ချစ်သူသက်တမ်းမှာလည်း ယွမ်ကျိုးဆိုင်ဖွင့်သည့် သက်တမ်းနှင့် မရှေးမနှောင်းပင်။ ယခုအခါ သူတို့နှစ်ဦးမှာ အိမ်ထောင်ပြုရန် ဆုံးဖြတ်လိုက်ကြပြီဖြစ်သည်။
"ဝူလေး... ငါ့လုပ်ဖော်ကိုင်ဖက်တွေက ဒီဟိုတယ်အကြောင်း သေချာညွှန်းထားတယ်။ ပတ်ဝန်းကျင်ရော အစားအသောက်ရော ရှယ်ပဲတဲ့။ ငါ သူတို့ဆီမှာ ကြိုတင်စာရင်းပေးထားတာ တစ်လခွဲတောင် ရှိပြီ... ဒီနေ့ သွားမြည်းကြည့်ရအောင်လေ" ကျွမ်းရှင်းမူက ဝူကျိုး၏ လက်မောင်းကို ချိတ်ကာ ချိုသာစွာ ဆိုလိုက်သည်။
"မင်းသဘောပဲလေ... မင်းကြိုက်ရင် ငါလည်း ကြိုက်ပါတယ်" ဝူကျိုးက သဘောကောင်းလှသော ခင်ပွန်းလောင်းပီပီ ရက်ရက်ရောရောပင် ပြန်ပြောသည်။
"အဲလိုတော့ မလုပ်နဲ့လေ... ငါတို့နှစ်ယောက်လုံး သဘောကျမှ မင်္ဂလာပွဲက ပိုပျော်စရာကောင်းမှာပေါ့" ကျွမ်းရှင်မူက အသေးစိတ်ကအစ ဂရုစိုက်တတ်သူဖြစ်သည်။
"ကောင်းပြီလေ။ ဒါဆိုလည်းကြည့်ရအောင်" ဝူကျိုး ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။
သူတို့နှစ်ဦး ရောက်ရှိသွားသောနေရာမှာ ချန်ဒူးမြို့ဆင်ခြေဖုံးရှိ "Goose Jin Xuan" အမည်ရှိ နာမည်ကြီး ဟိုတယ်ကြီးပင် ဖြစ်သည်။ ဤနေရာမှာ မြို့ပြင်ဖြစ်သော်လည်း မြေဈေးနှုန်းမှာ အလွန်ကြီးမြင့်လှသည်။ အနီးအနားတွင် ဂေါက်ကွင်းများ၊ ဇိမ်ခံဗီလာများနှင့် ချမ်းသာကြွယ်ဝသူများ နေထိုင်သည့် ရပ်ကွက်များ ဝန်းရံထားသဖြင့် ဤဟိုတယ်မှာ ဒဏ္ဍာရီလာ သူဌေးရပ်ကွက်၏ အမှတ်အသားတစ်ခုပင်။
ဟိုတယ်၏ ဒီဇိုင်းမှာ အလွန်ခမ်းနားလှသည်။ မဲနယ်ရောင် ခေါင်မိုးများ၊ ဖြူဖွေးသော နံရံများနှင့် လှပသော ဥယျာဉ်ငယ်လေးများမှာ မြင်သူတိုင်းကို စွဲမက်စေသည်။ တံခါးဝတွင် ကျောက်ခြင်္သေ့များအစား ချောင်ဆမ်ဝတ်စုံဖြင့် လှပနူးညံ့သော မိန်းကလေးနှစ်ဦးက ပြုံးရွှင်စွာ ကြိုဆိုနေကြသည်။
"ကြိုဆိုပါတယ်ရှင်... ကြွပါဦး"
ဝူကျိုးနှင့် ကျွမ်းရှင်မူတို့သည် ဟိုတယ်၏ ခမ်းနားသော အတွင်းပိုင်းသို့ ဝင်လာခဲ့ကြသည်။ သို့သော် ဝူကျိုး၏ စိတ်ထဲတွင်တော့ ယွမ်ကျိုး၏ ဟင်းလျာအရသာနှင့် ဤနေရာမှ ဟင်းလျာများ မည်သို့ကွာခြားမည်နည်းဟူသော အတွေးက တိတ်တဆိတ် ဝင်ရောက်နေပါတော့သည်။
"ပတ်ဝန်းကျင်က အတော်လေး ကောင်းတယ်" တံခါးဝသို့ ခေါ်ဆောင်သွားပြီးနောက် ဝူကျိုးက ကျွမ်းရှင်းမူကို ပြောလိုက်သည်။
"ဟုတ်တယ်။ ခြံဝင်းထဲက ဥယျာဉ်ငယ်လေးက အရမ်းလှတာပဲ" ကျန်းရှင်မူလည်း ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။
"ဒီကိုလာတာ ပထမဆုံးအကြိမ်လား။ ဒီဥယျာဉ်ငယ်လေးထဲက ပန်းတွေအားလုံးကို ကျွန်မတို့ စိုက်ပျိုးပြီး စီမံခန့်ခွဲထားတာဆိုတော့ အရမ်းလှတာ" သူတို့ရှေ့က ဦးဆောင်လာတဲ့ မိန်းကလေးက ဥယျာဉ်ထဲက ပန်းတွေအကြောင်း ပြုံးရွှင်စွာ ရှင်းပြလိုက်သည်။
အဓိကခန်းမသို့ရောက်ရန် သူတို့ အချိန်သိပ်မကြာလိုက်ပါ။
အဓိကခန်းမကို အရှေ့တိုင်းပုံစံဖြင့် ဒီဇိုင်းထုတ်ထားသည်။ နေရာတိုင်းတွင် သစ်သားရုပ်ထုများနှင့် ထောင့်များတွင် လတ်ဆတ်သောပန်းများ ချထားခြင်းကြောင့် အဓိကခန်းမသည် တောင်ပိုင်းမှ နူးညံ့သိမ်မွေ့သော အမျိုးသမီးတစ်ဦးကဲ့သို့ ထင်ရစေသည်။
"ရှင်တို့က မစ္စတာဝူနဲ့ မစ္စစ်ကျွမ်း ဖြစ်ရမယ်။ ကျွန်တော်က ဒီမှာရှိတဲ့ မန်နေဂျာ လျောင်ရူပါ။ တွေ့ရတာ ဝမ်းသာပါတယ်။" သူတို့ ခန်းမဆောင်ထဲ ဝင်လိုက်တာနဲ့ စီးပွားရေးဝတ်စုံ ဝတ်ဆင်ထားတဲ့ လူတစ်ယောက် ရောက်လာပြီး သူတို့ကို ပြောလိုက်တယ်။ သူ၏ပုံစံမှာ ဆံပင် တိုတိုလေးနှင့် အလွန်တက်ကြွနေပုံရသည်။
"ဟုတ်ကဲ့။ တွေ့ရတာ ဝမ်းသာပါတယ်။" လက်ဆွဲနှုတ်ဆက်ခြင်းကဲ့သို့သော ကိစ္စများကို ဝူကျိုးက သူ့ရည်းစားအစား ပြုလုပ်လေ့ရှိသည်။ ထို့ကြောင့် ဝူကျိုးက ဦးစွာပြောလိုက်သည်။
"ပထမဆုံးအနေနဲ့ ခင်ဗျားတို့နှစ်ယောက် ပျော်ရွှင်စရာ အိမ်ထောင်ရေးဖြစ်ပါစေလို့ ဆုတောင်းပါတယ်" လျောင်ရူက မိတ်ဆက်စကားပြောပြီးတာနှင့် သူတို့ကို ဂုဏ်ပြုစကား ပြောလိုက်တယ်။
"ကျေးဇူးတင်ပါတယ်" ဝူကျိုးက ကျေနပ်အားရစွာ ပြုံးလိုက်သည်။
သို့သော်လည်း၊ ကျွမ်းရှင်းမူက ဝူကျိုးကို ဆုပ်ကိုင်လိုက်ပြီး တိုးတိုးလေးပြောသည် “ငါ မင်းကို လက်မထပ်ရသေးဘူး”
"နမူနာဟင်းပွဲတွေကို ပြင်ဆင်ပြီးပါပြီ။ ဒီဘက်ကို ကြွပါ။" ဘာမှမပြောတော့ဘဲ လျောင်ရူက လက်ကိုဆန့်ထုတ်ပြီး အမူအရာတစ်ခု လုပ်ပြလိုက်သည်။
"မင်းက အနှေးနဲ့အမြန် ငါ့အပိုင် ဖြစ်လာမှာပဲ" လျောင်ရူ ခေါင်းလှည့်နေချိန်မှာ ဝူကျိုးက ကျွမ်းရှင်းမူ၏လက်ကို ဆုပ်ကိုင်ကာပြောလိုက်သည်။
"ဟွန်း" ကျန်းရှင်းမူ ပေါ့ပေါ့ပါးပါး ညည်းညူလိုက်သည်။
"စိတ်ချပါ။ ဟင်းပွဲတွေရဲ့ အရသာနဲ့ ပတ်ဝန်းကျင် နှစ်ခုစလုံးက ဒီမှာ အကောင်းဆုံးပါပဲ" လျောင်ရူက ယုံကြည်မှုအပြည့်နှင့် ပြောလိုက်သည်။
"အမ်။ စားပြီးရင်တော့ သိမှာပေါ့" ဝူကျိုးနှင့် ကျွမ်းရှင်းမူတို့သည် ယွမ်ကျိုး၏ စားသောက်ဆိုင်တွင် စားနေကျဖြစ်၍ ဤနေရာမှ ဟင်းများ၏အရသာကို သိပ်မျှော်လင့်မထားကြပေ။
လျောင်ရူက သိပ်ကြွားဝါခြင်းမရှိဘဲ "ကာဖီလီလီအခန်း" ဟု အဓိပ္ပာယ်ရသော စာလုံးသုံးလုံးရေးထားသည့် သီးသန့်အခန်းတစ်ခန်းသို့ သူတို့ကို လမ်းညွှန်ပေးခဲ့သည်။
"အခု ဟင်းလျာတွေ ပြင်ဆင်ပေးလိုက်တော့"
မန်နေဂျာလျောင်ရူသည် ဝေါ်ကီတော်ကီမှတစ်ဆင့် မီးဖိုချောင်သို့ အမိန့်ပေးလိုက်ပြီးနောက်၊ ရှေ့တွင် ထိုင်နေသော ဧည့်သည်နှစ်ဦးကို ပြုံးရွှင်စွာ ကြည့်ကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
"ဒီနေ့ ခင်ဗျားတို့ မြည်းစမ်းရမယ့် အဓိကဟင်းလျာကတော့ ငန်းကင် ပါပဲ။ ကျွန်တော်တို့ စားသောက်ဆိုင်ရဲ့ ဒီဟင်းလျာက ကမ္ဘာပေါ်မှာ အကောင်းဆုံးလို့တောင် ပြောလို့ရပါတယ်"
"ငန်းကင်... ဟုတ်လား"
ဝူကျိုးသည် ထိုစကားကို ကြားလိုက်ရချိန်တွင် သူ၏ အာရုံထဲ၌ ယွမ်ကျိုး၏ စားသောက်ဆိုင်အပြင်ဘက်တွင် ရရှိနေသော ထိုမွှေးပျံ့လှသည့် ကင်ငန်းရနံ့ကို ချက်ချင်းပင် ပြေးသတိရသွားသည်။ ယွမ်ကျိုးက ကင်ငန်းရောင်းမည်ဟု မကြေညာသေးသော်လည်း ထိုရနံ့ကပင် လူအများကို ရူးသွပ်စေခဲ့သည် မဟုတ်ပါလား။
အပိုင်း (၄၃၇)
(ပြီးပါပြီ)
ကျွမ်းကျင်စားဖိုမှူးစနစ်
အပိုင်း (၄၃၈)
"ဟယ်လို... အခု ပန်းကန်တွေ ခင်းပေးရမလားရှင်"
မန်နေဂျာလျောင် တစ်စုံတစ်ခုကို ရှင်းပြရန် ပြင်နေစဉ်မှာပင် ချောင်ဆမ် (Cheongsam) ဝတ်စုံတိုလေးကို ကိုယ်ကျပ်ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးက တံခါးကို ခေါက်ကာ ယဉ်ကျေးစွာ ဝင်မေးလိုက်သည်။ မန်နေဂျာလျောင်က ဝူကျိုးနှင့် ကျွမ်းရှင်မူတို့ဘက်သို့ လှည့်ကြည့်ကာ အကဲခတ်လိုက်ရာ ဝူကျိုးက သူ၏ ဇနီးလောင်းလေးကို အရင်ဦးစွာ ကြည့်ပြီးမှ ခေါင်းညိတ်ပြလိုက်သည်။
"ကျေးဇူးပြုပြီး ပြင်ပေးပါ"
"ဟုတ်ကဲ့ပါ... ရှင်တို့နှစ်ယောက်အတွက် အကောင်းဆုံး ဟင်းလျာတွေကို ချက်ချင်း ပြင်ဆင်ပေးပါ့မယ်"
ထိုအမျိုးသမီးက ချိုသာစွာ ပြုံးပြပြီးနောက် သူမနောက်မှ စားပွဲထိုးများကို အချက်ပြလိုက်သည်။ ဤနေရာမှာ အဆင့်မြင့် စားသောက်ဆိုင်ဖြစ်သည့်အေလျာက် ဟင်းလျာမြည်းစမ်းပွဲ ဖြစ်သော်လည်း ဟင်းပွဲပေါင်း ၂၂ မျိုးအထိ စီစဉ်ပေးထားသည်။ ဟင်းတစ်ပွဲချင်းစီ၏ ပမာဏမှာ နည်းပါးသော်လည်း ပြင်ဆင်မှုမှာတော့ အနုပညာဆန်လှသည်။
"ဒါကတော့ ဒီနေ့ရဲ့ အဓိကဟင်းလျာဖြစ်တဲ့ 'ကမ္ဘာ့အကောင်းဆုံး ငန်းကင်' ပါရှင်"
ချောင်ဆမ်ဝတ် အမျိုးသမီးလေးသည် ဟင်းပွဲတစ်ပွဲချင်းစီကို ပါဝင်ပစ္စည်းနှင့် ချက်ပြုတ်ပုံကို အသေးစိတ် မိတ်ဆက်ပေးသည်။ ဘေးမှ မန်နေဂျာလျောင်ကလည်း အလိုက်သင့် ပြုံးပြနေပြီး သူတို့နှစ်ဦး၏ ပူးပေါင်းဆောင်ရွက်မှုမှာ အလွန်လေး စည်းချက်ကျလှသည်။ သူမ၏ သာယာချိုမြိန်သော အသံကို နားထောင်ရင်း အရသာရှိသော အစားအစာများကို စားရသည်မှာ တကယ်တော့ ပျော်စရာကောင်းသည့် အတွေ့အကြုံတစ်ခုပင်။
သို့သော် ဝူကျိုးကတော့ သူ့ရှေ့ရှိ အလွန်လှပသော ပန်းကန်ထဲမှ ငန်းကင်ကို ကြည့်ပြီး အလိုမကျသလို ဖြစ်နေသည်။ ဤငန်းကင်ကို မင်္ဂလာပွဲအတွက် ရည်ရွယ်ထားသဖြင့် ချစ်သူများအတွက် အထိမ်းအမှတ်အဖြစ် နှလုံးသားပုံစံ ပန်းကန်ပြားလေးထဲတွင် ယပ်တောင်ပုံသဏ္ဍာန် ခင်းကျင်းထားသည်။ အပေါ်မှ လောင်းချထားသော ပဲငံပြာရည်ကြောင့် ငန်းကင်၏ အရေခွံမှာ တောက်ပြောင်ချောမွေ့နေပြီး ဘေးတွင်လည်း ဇီးအသားဖတ်လေးများ ပါဝင်သည့် အဝါဖျော့ဖျော့ ဇီးသီးဆော့စ်ကို အလှဆင်ထားသည်။
အပြင်အဆင်ကတော့ အပြစ်ပြောစရာမရှိအောင် လှပသော်လည်း...
"ကြည့်ရတာတော့ ကောင်းသားပဲ။ ဒါပေမဲ့ အရသာပိုင်းကို 'အကောင်းဆုံး' လို့ ခေါ်ဖို့ဆိုတာကတော့ တစ်မျိုးပေါ့" ဝူကျိုးက ခပ်အေးအေးပင် မှတ်ချက်ပေးလိုက်သည်။
ပရိုဂရမ်မာတစ်ယောက်ဖြစ်သည့် ဝူကျိုးသည် သူ၏ချစ်သူ ကျွမ်းရှင်းမူနှင့် ရှိနေချိန်မှလွဲ၍ ကျန်အချိန်များတွင် အလွန်တည်ငြိမ်ပြီး အချက်အလက်ကျကျသာ ပြောဆိုတတ်သူဖြစ်သည်။ အထူးသဖြင့် သူ အလေးထားသည့် ကိစ္စများတွင် ဘယ်သူ့မျက်နှာကိုမှ မထောက်ဘဲ ပွင့်ပွင့်လင်းလင်း ပြောလေ့ရှိသည်။
"ဆရာ... အရင် မြည်းစမ်းကြည့်ပါဦး။ စားပြီးသွားရင် ဘယ်လောက် အရသာရှိတယ်ဆိုတာ သိလာပါလိမ့်မယ်" ချောင်ဆမ်ဝတ် အမျိုးသမီးလေးက ပြုံးကာ ဖျောင်းဖျလိုက်သည်။
"စားစရာတောင် မလိုပါဘူး။ ဒါဟာ နံပါတ်တစ် မဖြစ်နိုင်ဘူးဆိုတာ ကျွန်တော် သေချာပေါက် ပြောရဲတယ်" ဝူကျိုးက ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။
"မူမူ... ငါ့စကားကို နားထောင်ပါ။ ဘော့စ်ယွမ်ကလည်း ငန်းကင်ချက်ဖူးတယ်။ ငါ ယွမ်ကျိုးရဲ့ စားသောက်ဆိုင် တံခါးဝမှာ အဲဒီရနံ့ကို ရှူမိတုန်းက တံတွေးတွေ အရမ်းထွက်လွန်းလို့ ပါးစပ်တောင် ခြောက်မတတ် ဖြစ်ခဲ့တာ။ အဲဒီ အနံ့က တကယ်ကို နက်ရှိုင်းပြီး မွှေးတာ။ ဒီရနံ့နဲ့တင် သိသာနေပြီ" သူက ဘေးမှ ကျွမ်းရှင်းမူဘက်သို့ လှည့်ကာ ယွမ်ကျိုး၏ လက်ရာကို အမွှမ်းတင်လိုက်တော့သည်။
"ဟုတ်တယ်... အဲဒါတော့ သေချာပေါက်ပဲ" ကျွမ်းရှင်းမူက ဝူကျိုး၏စကားကို ထောက်ခံသည့်အနေဖြင့် အတည်ပြုကာ ခေါင်းညိတ်ပြလိုက်သည်။
"ဒါ့အပြင်... ဘော့စ်ယွမ်က အဲဒီဟင်းလျာကို စမ်းသပ်ချက်ပြုတ်ကြည့်ရုံပဲ ရှိသေးတာ။ တစ်နည်းပြောရရင် အချောသတ်ပြီးသား ဟင်းတောင် မဟုတ်ဘူး... ဒါပေမဲ့ ငါအဲဒီ 'ငန်းကင်' ကို တကယ်စားချင်နေပြီ" ဝူကျိုးသည် 'ငန်းကင်' ဟူသော အမည်ကို ပြောလိုက်သည်နှင့် ထိုနေ့က ရရှိခဲ့သော ရနံ့ကို ပြန်လည်အမှတ်ရသွားကာ တံတွေးပင် မထိန်းနိုင်ဘဲ မျိုချလိုက်မိသည်။
သူတို့နှစ်ဦးသည် ဤဟိုတယ်တွင် ဟင်းပွဲများစွာကို မြည်းစမ်းပြီးသော်လည်း ယခုကဲ့သို့ စိတ်လှုပ်ရှားသည့် တုံ့ပြန်မှုမျိုး မရှိခဲ့ပေ။ သို့သော် ယွမ်ကျိုး၏ ကျရှုံးသွားသော စမ်းသပ်ချက်လက်ရာကို တွေးကြည့်ရုံနှင့်ပင် သူတို့နှစ်ဦးမှာ ဆာလောင်လာကြသည်။
"ကျွန်တော်တို့ရဲ့ အဓိကဟင်းလျာဖြစ်တဲ့ ငန်းကင်အပေါ်မှာ ခင်ဗျားတို့ သံသယရှိနေတယ်ဆိုရင် ကျွန်တော်တို့ရဲ့ စားဖိုမှူးကြီးကိုပဲ ကိုယ်တိုင်လာပြီး ရှင်းပြခိုင်းရင် ပိုကောင်းမလား" မန်နေဂျာလျောင်က ပြုံးလျက်ပင် အနားသို့ လျှောက်လာကာ အကြံပြုလိုက်သည်။
ဝူကျိုးကတော့ မကျေနပ်သည့်အကြည့်ဖြင့် ကြည့်ကာ အသံကို နည်းနည်းမြှင့်၍ ဆိုလိုက်သည်။
" 'ကမ္ဘာ့အကောင်းဆုံး' ဆိုတဲ့ နာမည်ကတော့ မပေးသင့်ဘူး ထင်တာပဲ။ မဟုတ်ရင် ဘော့စ်ယွမ်ရဲ့ ငန်းကင်ကို ဘာနာမည်သွားပေးရမလဲ"
ဘေးမှ ကျွမ်းရှင်းမူက ဝူကျိုးကို ခပ်စူးစူး စိုက်ကြည့်လိုက်ပြီးမှ မန်နေဂျာဘက်သို့ လှည့်ကာ ယဉ်ကျေးစွာ တားလိုက်သည်။
"မဟုတ်တာ... မလိုအပ်ပါဘူးရှင်။ သူက ဒီက ငန်းကင်အရသာကို သူ့စိတ်ကြိုက် မဖြစ်လို့ ပြောမိတာပါ"
"ကိစ္စမရှိပါဘူးဗျာ... စားဖိုမှူးကြီးကိုယ်တိုင်က ဒီဟင်းပွဲရဲ့ တန်ဖိုးကို ရှင်းပြပေးနိုင်ပါတယ်။ ခဏလောက်ပဲ စောင့်ပေးပါဦး" လျောင်ရူက မျက်နှာတွင် ဒေါသအရိပ်အယောင်မျှမပြဘဲ ပြုံးလျက်ပင် ဆိုသည်။
"ကောင်းပြီလေ... သူလာလည်း ထူးခြားမှာ မဟုတ်ပါဘူး။ 'ကမ္ဘာ့အကောင်းဆုံး' ဆိုတာကတော့ တကယ်ကို ချဲ့ကားလွန်းပါတယ်"
ဝူကျိုးသည် ယွမ်ကျိုး၏ ငန်းကင်ကို မစားရသဖြင့် စိတ်တိုနေသည်လား၊ သို့မဟုတ် ရှေ့မှ ငန်းကင်က သူ၏ စားချင်စိတ်ကို မနှိုးဆွနိုင်၍လား မသိသော်လည်း အတော်လေး ဇွတ်တရွတ်နိုင်နေသည်။
ကျွမ်းရှင်းမူကတော့ အခြေအနေ ပိုဆိုးမသွားစေရန်သဘောတူလိုက်ရတော့သည်။
"ကောင်းပါပြီ... ဒါဆိုလည်း ခေါ်ပေးပါဦး"
မန်နေဂျာလျောင်သည် ထွက်မသွားခင် အချိုပွဲများကို အရင်ချပေးရန် ဝန်ထမ်းများကို အချက်ပြလိုက်သည်။ ချောင်ဆမ်ဝတ် အမျိုးသမီးလေးသည်လည်း အချိုပွဲများ၏ ပါဝင်ပစ္စည်းနှင့် ထူးခြားချက်များကို တစ်ခုပြီးတစ်ခု မိတ်ဆက်ပေးနေဆဲဖြစ်သည်။
လျောင်ရူ အပြင်ဘက်သို့ ရောက်သောအခါ စားပွဲထိုးမလေးတစ်ဦးက အနောက်မှ လိုက်လာပြီး တိုးတိုးလေး မေးလိုက်သည်။ "မန်နေဂျာလျောင်... ဘာလို့ စားဖိုမှူးကြီးကို သူတို့ကို ရှင်းပြဖို့အထိ ခေါ်လိုက်ရတာလဲဟင်"
"အခု အဲဒီအခန်းထဲမှာ ဘယ်သူရှိလဲ" လျောင်ရူက မေးခွန်းကို မဖြေဘဲ ပြန်မေးလိုက်သည်။
"စိတ်မပူပါနဲ့ မန်နေဂျာ... ယီလေး (ချောင်ဆမ်ဝတ်အမျိုးသမီး) ရှိနေပါတယ်"
"ကောင်းပြီ" လျောင်ရူက ခေါင်းညိတ်လိုက်သည်။
"ဒါပေမဲ့ မန်နေဂျာ... မင်္ဂလာပွဲအတွက် ကြိုတင်မှာယူချင်တဲ့သူတွေ တန်းစီနေတာပဲကို ဘာလို့ ဒီလူနှစ်ယောက်ကိုမှ အထူးတလည် လုပ်ပေးနေရတာလဲ" စားပွဲထိုးမလေးက ထပ်မံစပ်စုပြန်သည်။
"သူတို့ကို မစ္စယောင်းက မိတ်ဆက်ပေးထားတာလေ။ မဟုတ်ရင် ဘယ်လိုလုပ်ပြီး တန်းစီစရာမလိုဘဲ အစားအစာ မြည်းစမ်းခွင့် ရမလဲ"
"အော်... မစ္စယောင်းရဲ့ လူတွေ ဖြစ်နေတာကိုး။ ဒါပေမဲ့ စားဖိုမှူးချုပ်ဇန်ကတော့ နှောင့်ယှက်ခံရလို့ ဒေါသထွက်ဦးမယ် ထင်တယ်" စားပွဲထိုးမလေးက လျောင်ရူကို နောက်ပြောင်သလို ပြောလိုက်သည်။
"မီလေး... အလုပ်ချိန်မှာ နောက်မနေနဲ့" လျောင်ရူက ခပ်တည်တည် ဟန့်လိုက်သော်လည်း စားပွဲထိုးမလေးကတော့ ဘယ်သူမှ မရှိသည်ကို ကြည့်ကာ လျှာလေးထုတ်ပြလိုက်သည်။
"ကဲ... ငါ မီးဖိုချောင်ကို သွားပြီး စားဖိုမှူးချုပ်ဇန်ကို သွားရှာလိုက်ဦးမယ်" လျောင်ရူက အလေးအနက်ပြောကာ မီးဖိုချောင်ရှိရာသို့ ထွက်ခွာသွားတော့သည်။
"သွားပြီနော် အစ်ကို... အလုပ်လုပ်တော့မယ်" စားပွဲထိုးမလေးက လျောင်ရူကို လက်ဝှေ့ယမ်းပြပြီး သူမ၏တာဝန်ရှိရာသို့ ပြန်သွားတော့သည်။
စားဖိုမှူးချုပ်ဇန်သည် အသက် ၅၀ ဝန်းကျင်ခန့်ရှိပြီး ခန္ဓာကိုယ်မှာ ပိန်ပိန်ပါးပါးသော်လည်း မျက်နှာမှာတော့ အမြဲတမ်းနီရဲနေတတ်သည်။ သူသည် စားဖိုမှူးဦးထုပ်ကို မြင့်မြင့်ဆောင်းထားပြီး လေးနက်သော အကြည့်များဖြင့် အလုပ်အပေါ် အလွန်အာရုံစိုက်သူဖြစ်သည်။ သူ့တွင် ခမ်းနားသော ဘွဲ့ထူးဂုဏ်ထူးများ သိပ်မရှိသော်လည်း တစ်ဘဝလုံးကို 'ငန်းကင်' နည်းစနစ်တစ်ခုတည်းအပေါ်၌သာ ပုံအောပြီး လေ့လာခဲ့သူဖြစ်သည်။ ထို့ကြောင့် ဤငန်းကင်မှာ သူ၏ အသက်ဝိညာဉ်ဖြစ်သလို သူ၏ ဂုဏ်သိက္ခာလည်း ဖြစ်သည်။
သဘာဝကျစွာပင် သူသည် သူ၏လက်ရာအပေါ် မည်သည့်သံသယမျိုးကိုမျှ အစိုးရိမ်ကြီးစွာ လက်မခံနိုင်ပေ။
"ဆရာကြီးဇန်... ငန်းကို အပြင်ထုတ်ပြီး နှမ်းဆီလေး တစ်ချက်လောက် ထပ်သုတ်ပေးရင် ပိုပြီး အရသာရှိမယ် ထင်တယ်" စားဖိုမှူးဝတ်စုံဝတ် လူငယ်တစ်ဦးက ဘေးမှနေ၍ တိုးတိုးလေး အကြံပြုလိုက်သည်။
"မင်းခန္ဓာကိုယ်ပေါ်မှာသာ ဆီသုတ်ပြီး ကင်လိုက်စမ်းပါ! အဲဒါဆိုရင် ဦးနှောက်တွေထွက်မလာဘဲ မင်းရဲ့ အဆီတွေပဲ ထွက်လာမှာ သေချာတယ်" စားဖိုမှူးချုပ်ဇန်က ဒေါသတကြီးဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ငါတို့ဆရာ ငန်းကင်နေတဲ့အချိန်မှာ ဝင်မနှောင့်ယှက်ဖို့ ငါမင်းကို ပြောထားတယ် မဟုတ်လား!" အခြားစားဖိုမှူးတစ်ဦးကလည်း စားဖိုမှူးငယ်ကို ချက်ချင်းပင် ဟန့်တားလိုက်တော့သည်။
စားဖိုမှူးငယ်မှာ ချက်ချင်းပင် ထိတ်လန့်သွားပြီး "ဟုတ်... ဟုတ်ကဲ့ပါ" ဟု ဆိုကာ အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားတော့သည်။
"ငါ ငန်းကင်လာတာ ဘယ်လောက်တောင် ကြာပြီလဲ... မင်းငါ့ကို လာသင်နေတာလား! ထွက်သွားစမ်း!" စားဖိုမှူးချုပ်ဇန်က သူ့ကို စိုက်ကြည့်ကာ မောင်းထုတ်လိုက်သည်။
ထိုအချိန်တွင် မန်နေဂျာလျောင်ရူသည် မီးဖိုချောင်ထဲသို့ ဝင်လာပြီး "မင်္ဂလာပါ စားဖိုမှူးကြီးဇန်" ဟု ဦးစွာ နှုတ်ဆက်လိုက်သည်။
"ဘာကိစ္စလဲ မန်နေဂျာလျောင်?" စားဖိုမှူးကြီးက ခေါင်းကိုပင် လှည့်မကြည့်ဘဲ မီးဖိုထဲမှ ငန်းကိုသာ မျက်တောင်မခတ် စိုက်ကြည့်နေဆဲ ဖြစ်သည်။
"ဟိုဘက်က 'ကာဖီလီလီ' အခန်းက ဧည့်သည်တွေလေ... သူတို့က ခင်ဗျားနဲ့ စကားပြောချင်လို့တဲ့။ ခင်ဗျားရဲ့ ငန်းကင်အကြောင်းကို သေချာသိချင်လို့ ဆိုပဲ"
လျောင်ရူသည် စားဖိုမှူးချုပ်၏ စိတ်နေစိတ်ထားကို ကောင်းကောင်းသိသည်။ ဤသို့ပြောခြင်းက စားဖိုမှူးကြီးကို အရေးပါသူတစ်ဦးအဖြစ် ခံစားရစေသလို၊ ဒေါသထွက်စေမည့် စကားလုံးများကိုလည်း လိမ္မာပါးနပ်စွာ ရှောင်လွှဲပြီးသား ဖြစ်သွားသည်။
"ခင်ဗျားတို့ကလည်း... ငန်းတစ်ကောင်အကြောင်းကိုတောင် သေချာမိတ်ဆက်ပေးဖို့ မတတ်ကြဘူးလား" စားဖိုမှူးကြီးဇန်က ချီးကျူးစကားကို သဘောကျသွားပုံရသည်။ သူသည် ဘေးမှ စားဖိုမှူးတစ်ဦးကို ငန်းကိုစောင့်ကြည့်ရန် မှာကြားပြီးနောက် - "ငါ အဲဒီကို ငါးမိနစ်လောက် သွားလိုက်ဦးမယ်။ တစ်ခုခုထူးခြားရင် ချက်ချင်းဖုန်းဆက်လိုက်" ဟု ပြောကာ လျောင်ရူနောက်သို့ လိုက်လာခဲ့သည်။
"ဒါပေါ့ဗျာ... ဒီစားသောက်ဆိုင်မှာ ငန်းအကြောင်းကို ခင်ဗျားထက် ပိုသိတဲ့သူ ဘယ်သူရှိဦးမှာလဲ" လျောင်ရူက မြှောက်ပင့်ပေးလိုက်သည်။
"သေချာတာပေါ့... ငါ့လောက် ငန်းကို ကောင်းကောင်းကင်နိုင်တဲ့သူ ဒီလောကမှာ မရှိစေရဘူး" စားဖိုမှူးချုပ်ဇန်က ကြွားဝါခြင်း မဟုတ်ဘဲ သူ၏ ကျွမ်းကျင်မှုအပေါ် အပြည့်အဝ ယုံကြည်မှုဖြင့် ခပ်ပြတ်ပြတ်ပင် ပြောလိုက်ပါတော့သည်။
အပိုင်း (၄၃၈)
(ပြီးပါပြီ)
ကျွမ်းကျင်စားဖိုမှူးစနစ်