← Chapters

အခန်း (၄၃၉-၄၄၀)

Vol. 34 Ch. 439-440

အခန်း (၄၃၉-၄၄၀)

Vol. 34 Ch. 439-440

အပိုင်း (၄၃၉)

"ဒါပေါ့ဗျာ... စားဖိုမှူးကြီးက ဒီငန်းကင်ကို နှစ်ပေါင်းများစွာ အချိန်ပေးပြီး လေ့လာခဲ့တာလေ" မန်နေဂျာလျောင်က စကားလုံးကို ကျွမ်းကျင်စွာ အသုံးပြုလိုက်သည်။

စားဖိုမှူးကြီးဇန် သဘောကျမည့် စကားလုံးမျိုးကို သူက တိတိကျကျ ရွေးချယ်ပြောဆိုတတ်သူဖြစ်သည်။

"မင်းပြောတာ မှန်တယ်... ကဲ၊ အဲဒီ 'ကာဖီလီလီ' အခန်းမှာ လူဘယ်နှစ်ယောက်ရှိလဲ" ချီးကျူးစကားများကြောင့် စားဖိုမှူးကြီးဇန်မှာ စိတ်ကြည်သွားပြီး အလုပ်အကြောင်းကို စတင်မေးမြန်းတော့သည်။

"နှစ်ယောက်ပါ... မစ္စယောင်းချင်းက သူတို့မင်္ဂလာပွဲအတွက် ဒီမှာကျင်းပဖို့ လမ်းညွှန်ပေးလိုက်တာပါ"စားဖိုမှူးကြီးဇန်က ခေါင်းညိတ်ပြကာ အခြေအနေကို နားလည်သွားဟန်ရှိသည်။

ထို့နောက် သူတို့နှစ်ဦးသည် အခန်းရှိရာသို့ ခပ်သွက်သွက် လျှောက်လာခဲ့ကြသည်။ ထိုအတောအတွင်း အခန်းထဲတွင်တော့ ဝူကျိုးနှင့် ကျွမ်းရှင်းမူတို့မှာ ချပေးထားသည့် အချိုပွဲများကို မြည်းစမ်းနေကြဆဲ ဖြစ်သည်။

'တကယ်တော့... ဘော့စ်ယွမ်ရဲ့ အချိုပွဲတွေကမှ ငါ့ရဲ့စားချင်စိတ်ကို ပိုပြီး နှိုးဆွပေးနိုင်တာ' ဝူကျိုးက ရင်ထဲတွင် တိတ်တဆိတ် နှိုင်းယှဉ်နေမိသည်။

သို့သော် သူ၏ချစ်သူလေးပျော်ရွှင်နေသည်ကို မြင်ရသည်မှာ ဝူကျိုးအတွက်တော့ ကြည်နူးစရာပင်။

"တောက်... တောက်... "မန်နေဂျာလျောင်က တံခါးကို ခေါက်လိုက်သည်။

"ဝင်ခဲ့ပါ" ဝူကျိုးက ခပ်ပြတ်ပြတ်ပင် ပြန်ထူးလိုက်သည်။

ချောင်ဆမ်ဝတ် အမျိုးသမီးလေးက တံခါးကို အသာအယာ ဖွင့်ပေးလိုက်သည်။ မန်နေဂျာလျောင်သည် တံခါးဝတွင် စားဖိုမှူးကြီးဇန်ကို ဦးစားပေးကာ အနောက်သို့ အလိုက်သင့် ဆုတ်ပေးလိုက်သည်။ ဝူကျိုးနှင့် ကျွမ်းရှင်းမူတို့ မြင်လိုက်ရသည်မှာ နှင်းကဲ့သို့ ဖြူဖွေးသန့်စင်သော စားဖိုမှူးဝတ်စုံကို ဝတ်ဆင်ထားသည့် စားဖိုမှူးကြီးဇန်ပင် ဖြစ်သည်။

သူသည် ပိန်သော်လည်း မျက်လုံးများမှာ တက်ကြွပြီး တည်ကြည်လှသည်။ ဦးစွာပထမတွင် ခပ်တည်တည်ရှိနေသော်လည်း ဧည့်သည်များရှေ့တွင်တော့ နူးညံ့သောအမူအရာကို အစားထိုးလိုက်သည်။

"မင်္ဂလာပါ... တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်က ဒီက စားဖိုမှူးချုပ် ဇန်ပါ" သူက တည်ငြိမ်သောလေသံဖြင့် မိတ်ဆက်လိုက်သည်။

"မင်္ဂလာပါ... တွေ့ရတာ ဝမ်းသာပါတယ်" ဝူကျိုးတို့ စုံတွဲကလည်း တစ်ပြိုင်နက်တည်း ပြန်လည်နှုတ်ဆက်လိုက်ကြသည်။

"မန်နေဂျာလျောင် ပြောပြချက်အရဆိုရင် ခင်ဗျားတို့က ကျွန်တော့်ရဲ့ ငန်းကင်လက်ရာအပေါ် သံသယရှိနေတယ်ဆိုတာ ဟုတ်ပါသလား" စားဖိုမှူးကြီးဇန်က ဖောက်သည်များနှင့် စကားပြောရာတွင် အတော်လေး ယဉ်ကျေးသိမ်မွေ့ရန် ကြိုးစားနေသည်။

"ဟုတ်တယ်... ဒီဟင်းလျာရဲ့ နာမည်က 'ကမ္ဘာ့အကောင်းဆုံး' ဆိုတာထက်စာရင် ကြော်ငြာရုံ သက်သက်ပဲလို့ ကျွန်တော် ထင်တယ်" ဝူကျိုးက စိတ်ထဲရှိသည့်အတိုင်း တဲ့တိုးပင် ပြောချလိုက်သည်။

ထိုစကားကြောင့် ဘေးမှ မန်နေဂျာလျောင်မှာ ရင်တထိတ်ထိတ် ဖြစ်သွားရသည်။ စားဖိုမှူးကြီးဇန်ကို စိန်ခေါ်ရဲသူတိုင်းမှာ ယခင်က ပြင်းထန်သော ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရဖူးသည် မဟုတ်ပါလား။

'ဒီလူကတော့ တကယ့်ကို ဇွတ်တရွတ်နိုင်တာပဲ' လျောင်ရူက ရင်ထဲတွင် သက်ပြင်းချမိသည်။

'ငါပြောသားပဲ... စားဖိုမှူးကြီး ဒေါသထွက်တော့မှာ သေချာတယ်' စားပွဲထိုးမလေး မီလေးကတော့စိတ်ထဲက ကြိတ်တွေးနေသည်။

ကျွမ်းရှင်းမူမှာလည်း ဝူကျိုး၏ ရိုးသားလွန်းသော စကားကြောင့် အနည်းငယ် ရှက်ရွံ့နေမိသည်။သို့သော်လည်း၊ သူမကိုယ်တိုင် ဘော့စ်ယွမ်ထက် ကောင်းသည့်လက်ရာ မရှိနိုင်ဟု ယုံကြည်ထားသူဖြစ်သည်။

သို့သော် စားဖိုမှူးကြီးဇန်က ချက်ချင်း ဒေါသထွက်မသွားဘဲ စားပွဲပေါ်မှ ငန်းကင်ကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။

"ကင်ငန်းကို တစ်ဖဲ့တောင် မမြည်းရသေးဘဲနဲ့ ဘယ်လိုလုပ်ပြီး ဒီလောက်အပိုင် တွက်ချက်နိုင်ရတာလဲ" သူက နှလုံးသားပုံစံ ပန်းကန်ပြားထဲမှ ငန်းကင်ကို လက်ညှိုးထိုးကာ မေးခွန်းထုတ်လိုက်သည်။

"ဘာလို့လဲဆိုတော့... ဒီရနံ့က ကျွန်တော့်ရဲ့ စားချင်စိတ်ကိုတောင် အနည်းငယ်မျှ မနှိုးဆွပေးနိုင်လို့ပဲ" ဝူကျိုးက ပြတ်သားစွာပင် တုံ့ပြန်လိုက်သည်။

"အင်း... အဲဒါဆိုရင်တော့ ခင်ဗျား ဗိုက်မကောင်းတာ ဖြစ်နိုင်တယ်" ဟု စားဖိုမှူးကြီးဇန်က ခပ်အေးအေးပင် ပြန်ပြောလိုက်ပါတော့သည်။

"မဟုတ်ဘူး... စားချင်စိတ်ကို ပျောက်ဆုံးသွားစေတာက ဒီအရသာပဲ" ဝူကျိုးက ခေါင်းကိုခါယမ်းရင်း အလေးအနက် ပြောလိုက်သည်။

ပရိုဂရမ်မာများ၏ သဘာဝအတိုင်း ဝူကျိုးသည် သူယုံကြည်သည့်အရာအပေါ် အလွန်ခေါင်းမာသူဖြစ်သည်။ သူ၏ စကားကြောင့် စားဖိုမှူးကြီးဇန်မှာ နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စက် မေးလိုက်သည်။

"ဒါဆို ခင်ဗျားက ဒီထက်ပိုကောင်းတဲ့ ရနံ့ကို ရဖူးတယ်လို့ ဆိုလိုတာလား"

"ဟုတ်တယ်။ ဟိုတစ်နေ့က လမ်းပေါ်မှာတင် သရေတွေ အလိုလိုကျလာစေမယ့် ရနံ့တစ်ခုကို ရခဲ့တယ်။ အဲဒီရနံ့က ဒီထက် အဆပေါင်းများစွာ သာလွန်တယ်။ တိတိကျကျပြောရရင် ခင်ဗျားတို့ရဲ့ ငန်းကင်နဲ့ အဲဒီလက်ရာကို တစ်တန်းတည်းထားပြီး နှိုင်းယှဉ်ဖို့တောင် မတန်ဘူး"

ဝူကျိုးပြောနေသည်မှာ ယွမ်ကျိုး စမ်းသပ်ချက်ပြုတ်နေစဉ်က ထွက်ပေါ်လာသော ငန်းကင်ရနံ့အကြောင်းပင်။ သို့သော် ထိုစကားက စားဖိုမှူးကြီးဇန်၏ သိက္ခာကို စော်ကားလိုက်သလို ဖြစ်သွားသည်။

"ဟား... ဟား! ငါ ငန်းကင်လာတာ ဘယ်လောက်ကြာပြီလဲ မင်းသိလား။ ငါ စပြီး မီးဖိုချောင်ဝင်တုန်းက မင်းတောင် မမွေးသေးဘူးထင်တယ်။ ငါ့ရဲ့ အတတ်ပညာကို မင်းက ဘယ်လိုစိတ်နဲ့ ဝေဖန်ရဲတာလဲ" စားဖိုမှူးကြီးဇန်က အသံကျယ်ကျယ်ဖြင့် တုံ့ပြန်လိုက်သည်။

"ကျွန်တော်က ပိုက်ဆံပေးစားရတဲ့ ဖောက်သည်ပါ... ဒါကြောင့် ကျွန်တော့်မှာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်" ဝူကျိုးက ပုခုံးတွန့်ကာ အေးအေးဆေးဆေးပင် ပြန်ပြောသည်။

"ကောင်းပြီလေ! ဒါဆို ငါ့ရဲ့ ငန်းကင်က ဘယ်နေရာမှာ ညံ့နေလဲဆိုတာ အချက်အလက်နဲ့ ပြောပြစမ်း" စားဖိုမှူးကြီးဇန်က စားပွဲကို ဒုန်းခနဲ ရိုက်လိုက်ပြီး အားမာန်အပြည့်ဖြင့် စိန်ခေါ်လိုက်သည်။

"ပြောပြတာပေါ့" ဝူကျိုးက ချက်ချင်းပင် လက်ခံလိုက်သည်။

"ပထမဆုံးတစ်ချက်... ခင်ဗျားရဲ့ ငန်းကင်ကို အပိုင်းပိုင်းလှီးလိုက်တဲ့အချိန်မှာတင် အနံ့ကပျောက်ကုန်ပြီ။ စားပွဲပေါ်ရောက်လာတဲ့အခါမှာတော့ ဘာအနံ့မှ မကျန်တော့ဘူး။ ဒါကြောင့် ဒီဟင်းက ကျွန်တော့်ရဲ့ စားချင်စိတ်ကို လုံးဝ မနှိုးဆွနိုင်တာပဲ" ဝူကျိုး၏ ခွဲခြမ်းစိတ်ဖြာမှုမှာ ကျိုးကြောင်းဆီလျော်လှသည်။

"နှိုင်းယှဉ်ကြည့်ရင် ဘော့စ်ယွမ်ရဲ့ ကင်ငန်းအနံ့က ဆိုင်ထဲတင်မကဘဲ လမ်းတစ်ဝက်လောက်အထိ ပျံ့နှံ့သွားပြီး လူတွေကို ဆွဲဆောင်နိုင်တယ်။ ဒါကို ခင်ဗျားလက်ရာနဲ့ ယှဉ်ပြောလို့တောင် မရဘူး" သူက ဆက်လက်၍ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

စားဖိုမှူးကြီးဇန်က လှောင်ပြောင်သည့်အပြုံးဖြင့်ပြန်ပြောလိုက်သည်။

"စကားတွေ အများကြီးပြောနေပေမယ့် ခင်ဗျားပြောတဲ့ အရသာဆိုတာက ပေါ့ပျက်ပျက်နိုင်လွန်းပါတယ်။ ကဲ... ဆားအိတ်တစ်အိတ် ယူလာခဲ့စမ်း! ဒါက ခင်ဗျားရဲ့ အာရုံခံစားမှု လွဲချော်နေတာပဲ"

"မဟုတ်ဘူး... ကျွန်တော် ပြောပြီးပြီလေ။ ဟင်းတစ်ခွက်မှာ အရောင်၊ အနံ့၊ အရသာ ဆိုတာ ရှိရမယ်။ ခင်ဗျားရဲ့ ငန်းကင်မှာ အနံ့က မရှိသလောက်ပဲ။ ကြည့်ပါဦး... အငွေ့တောင် မထွက်တော့တဲ့ အေးစက်စက် ဟင်းတစ်ခွက်လိုကို ဖြစ်နေပြီ" ဝူကျိုးက ပန်းကန်ထဲက ငန်းကင်ကို လက်ညှိုးထိုးပြလိုက်သည်။

"ဒီမှာကြည့်စမ်း။ မင်း တကယ်တတ်နိုင်ရင် အဲဒီလူရဲ့ လက်ရာကို ဒီကို ယူလာခဲ့ပြီး ငါ့ဟာနဲ့ ယှဉ်ကြည့်လိုက်။ ပါးစပ်နဲ့တင် ကြွားမနေနဲ့။ ငါကတော့ ဘယ်သူ့ကိုမှ မကြောက်ဘူး" စားဖိုမှူးကြီးဇန်မှာ ဒေါသတကြီးဖြင့်ရိုင်းရိုင်းစိုင်းစိုင်းပင် အော်ဟစ်လိုက်တော့သည်။

"အဲဒါတော့ ကျွန်တော် မလုပ်နိုင်ဘူး" ဝူကျိုးက ပြတ်ပြတ်သားသား ငြင်းလိုက်သည်။

"ဘာလဲ... မင်းက ငါ့ကို အရူးလုပ်ဖို့ သက်သက်လာတာလား။ ငါ့ကို ကစားပြီး အရှက်ခွဲဖို့ ရည်ရွယ်ချက်ရှိရှိ လာတာလား" စားဖိုမှူးကြီးဇန်က ဝူကျိုးတို့ စုံတွဲကို ခြိမ်းခြောက်သည့် အကြည့်ဖြင့် စိုက်ကြည့်နေသည်။

"လုံးဝ မဟုတ်ဘူး။ အဲဒီစားသောက်ဆိုင်ရဲ့ ဘော့စ်က အပြင်ကို ပါဆယ် မရောင်းဘူးဆိုတဲ့ စည်းကမ်းရှိလို့ပဲ။ ဒါကြောင့် ကျွန်တော် ဘယ်ဟင်းမှ ပါဆယ်ဝယ်ပြီး ဒီကို ယူမလာနိုင်တာ" ဝူကျိုးက အေးအေးလူလူပင် ပြန်လည်ရှင်းပြလိုက်ပါတော့သည်။

"အေးလေ... ကောင်းပြီလေ ဘယ်လောက်တောင် တော်တဲ့ ပညာရှင်မို့လို့ ငါ့ရဲ့ လက်ရာကို မြည်းတောင်မကြည့်ဘဲ ဒီလောက်နှိမ့်ချရဲတာလဲ ပြောစမ်းပါဦး"

စားဖိုမှူးကြီးဇန်က ဒေါသတကြီးဖြင့် ဝူကျိုးကို လက်ညှိုးငေါ့ငေါ့ထိုးကာခြိမ်းခြောက်လိုက်တော့သည်။

"မင်းအဲလူနာမည်ကို မပြောရင် မင်းခြေထောက်တွေကို ငါကိုယ်တိုင် ချိုးပစ်မယ်"

ဝူကျိုးကတော့ ဝတ်စုံပြည့်ဝတ်ထားသည့် စားဖိုမှူးကြီးရှေ့တွင် ပြားပြားဝပ်မသွားဘဲ ရဲရဲဝံ့ဝံ့ပင် ပြန်အော်လိုက်သည်။

"သူ့နာမည်က ဘော့စ်ယွမ်... ယွမ်ကျိုး တဲ့ သူကင်ထားတဲ့ ငန်းကင်အနံ့ကို ဟိုတစ်နေ့ကမှ ကျွန်တော် ရှူမိတာ။ အခုထိတော့ မရောင်းသေးလို့ မှာစားလို့မရသေးဘူး"

"ဘယ်သူလဲ... ယွမ်ကျိုး?" စားဖိုမှူးကြီးဇန်မှာ စဉ်းစားကြည့်သော်လည်း ထိုနာမည်ဖြင့် ထင်ရှားသည့် စားဖိုမှူးကြီးတစ်ဦးကို မမှတ်မိပေ။

ဘေးမှ အခြေအနေကို စောင့်ကြည့်နေသည့် မန်နေဂျာလျောင်ကတော့ ရိပ်မိသွားပြီး စားဖိုမှူးကြီးနားကပ်ကာ သတိပေးလိုက်သည်။

"ဆရာကြီးဇန်... သူပြောတာက ဟိုနေ့က တီဗီအစီအစဉ်မှာ ပန်းပုထုပြသွားတဲ့ လူငယ်စားဖိုမှူးကို ပြောတာထင်တယ်"

"သြော်... တီဗီထဲက ဓားရေးပြတဲ့ကောင်ကို ပြောတာလား" စားဖိုမှူးကြီးဇန်က နှာခေါင်းရှုံ့လိုက်သည်။

"ဟုတ်တယ်... သူပဲ 'Folk Talent' အစီအစဉ်က ဘော့စ်ယွမ်ပဲ" ဝူကျိုးက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ထောက်ခံလိုက်သည်။

"ဟွန်း... စားဖိုမှူး တော်တော်များများက ဓားပညာမှာတော့ ကျွမ်းကျင်ကြတာပဲ။ ဒါပေမဲ့ 'ငန်းကင်' အတတ်ပညာမှာတော့ ငါ့လက်ရာက ကမ္ဘာမှာ အကောင်းဆုံးပဲ" စားဖိုမှူးကြီးဇန်က မယုံကြည်သလို အေးစက်စက် ပြောလိုက်သည်။

"ခင်ဗျားစကားကို သတိထားပြောဦး။ ဘော့စ်ယွမ်သာ ငန်းကင်ရောင်းပြီဆိုရင် ခင်ဗျားဆီ ဘယ်သူက လာစားတော့မှာလဲ" ဝူကျိုးကလည်း အလျှော့မပေးဘဲ ပြန်ပက်လိုက်သည်။

"မင်း တကယ်တတ်နိုင်ရင် အဲဒီယွမ်ဆိုတဲ့ကောင်ကို ဒီကိုခေါ်ခဲ့စမ်းပါ။ ငါနဲ့ ယှဉ်ကြည့်ရအောင်။ ငန်းကင်တဲ့ပညာမှာ သူက နောက်ထပ် ဆယ်စုနှစ်အနည်းငယ်လောက် လေ့ကျင့်ဖို့ လိုသေးတယ်" စားဖိုမှူးကြီးဇန်က သူ၏ လက်ရာအပေါ် ကျောက်ဆောင်ကဲ့သို့ ယုံကြည်မှု ရှိနေသည်။

"ခင်ဗျားလို အသက်ကြီးတဲ့ စားဖိုမှူးက ဘော့စ်ယွမ်ကို ဘယ်လိုမှ အနိုင်ယူနိုင်မှာ မဟုတ်ဘူး" ဝူကျိုးက ဒေါသတကြီးဖြင့် သေချာပေါက် ပြောလိုက်ပြန်သည်။

စားဖိုမှူးကြီးဇန်က မထီမဲ့မြင်ပြုသည့် အမူအရာဖြင့် ပြန်ပြောလိုက်သည်။

"အဲဒီကောင်ကို သွားပြောလိုက်... သူတကယ် ငန်းကင်ရောင်းချင်ရင် ငါ့ဆီကိုလာခဲ့ဖို့။ ငါကိုယ်တိုင် လမ်းညွှန်ပေးမယ်။ သူ့လို လူငယ်လေးက ငန်း အထီး အမတောင် ခွဲခြားတတ်ပါ့မလား မသိဘူး"

"ဘော့စ်ယွမ်ရဲ့ လက်ရာနဲ့ယှဉ်ရင် ခင်ဗျားလက်ရာက တကယ်ကို ညံ့ဖျင်းလွန်းပါတယ်" ဝူကျိုးက စားဖိုမှူးကြီးကို လက်ညှိုးပြန်ထိုးကာ စိတ်တိုတိုဖြင့် ပြောလိုက်သည်။

"သူက တကယ်တော်ရင် ငါ့ဆီလာပြီး စိန်ခေါ်ခိုင်းလိုက်လေ။ ကမ္ဘာ့အကောင်းဆုံး ငန်းကင်အကြောင်း ကြားရင် ကြောက်ပြီး မလာဘဲတော့ မနေနဲ့ဦး" စားဖိုမှူးကြီးဇန်က သူ၏ငန်းကင်များအတွက်ဆိုလျှင် ဘယ်သူ့ကိုမဆို ရန်တိုက်ပေးရန် အသင့်ရှိနေသည့် သတ္တဝါတစ်ကောင်ကဲ့သို့ပင်။

ဝူကျိုးက ဒေါသတကြီးဖြင့် ပြန်အော်ပြန်သည်။

"ကျွန်တော်တို့မှာ ဘော့စ်ယွမ်ကို ခေါ်လာနိုင်စွမ်းမရှိဘူး။ ခင်ဗျားကိုယ်တိုင်ကသာ တကယ်ယုံကြည်မှုရှိရင် တောင်စီလမ်းမှာရှိတဲ့ သူ့ဆိုင်ကို သွားကြည့်လိုက်ပါ။ ဒါပေမဲ့ မျက်နှာပျက်ပြီး ပြန်လာရမှာစိုးလို့ မသွားဖို့ပဲ အကြံပေးချင်တယ်"

ထိုအချိန်တွင် ဘေးမှကြည့်နေသည့် ကျွမ်းရှင်းမူက စကားဝိုင်းထဲသို့ ဝင်လာသည်။ သူမ၏ စကား‌ပြောစွမ်းရည်မှာ ဝူကျိုးထက် အများကြီး သာလွန်လှသည်။

"သူပြောတာ မှန်တယ် ဆရာကြီး... ဆရာကြီးက ကိုယ့်ကိုယ်ကိုယ် အရမ်းယုံကြည်နေတယ်ဆိုရင် ဘော့စ်ယွမ်ရဲ့ဆိုင်ကို သွားကြည့်ဖို့ပဲ ရှိတာပေါ့။ ကျွန်မတို့က သူ့ရဲ့ ဖောက်သည်တွေပဲလေ... သူ့ကို ဒီမှာလာပြီး ချက်ပြခိုင်းဖို့ အကြောင်းပြချက်မှ မရှိတာ"

ကျွမ်းရှင်းမူ၏ စကားတစ်ခွန်းတည်းနှင့်ပင် စားဖိုမှူးကြီးဇန်မှာ ဆွံ့အသွားရသည်။ သူမပြောသည်မှာ အမှန်ပင်။ ဖောက်သည်များအနေဖြင့် ဟင်းလျာတစ်ခုကို ဝေဖန်ပိုင်ခွင့်ရှိသလို၊ အခြားစားဖိုမှူးတစ်ဦး၏ လက်ရာကိုလည်း ကြိုက်နှစ်သက်ပိုင်ခွင့် ရှိသည်။ အဆင့်မြင့်စားဖိုမှူးကြီးတစ်ဦးက ဖောက်သည်များကို စားဖိုမှူးချင်း ချိန်းဆိုပေးရန် တောင်းဆိုနေခြင်းမှာလည်း သိက္ခာကျစရာပင် ဖြစ်နေတော့သည်။

အပိုင်း (၄၃၉)

(ပြီးပါပြီ)

ကျွမ်းကျင်စားဖိုမှူးစနစ်

အပိုင်း (၄၄၀)

"ကောင်မလေးမင်းစကားပြော တော်တော်ကျွမ်းတာပဲ" စားဖိုမှူးကြီးဇန်က ကျွမ်းရှင်းမူကို စိုက်ကြည့်ရင်း မချိတင်ကဲ ရေရွတ်လိုက်သည်။

"ချီးကျူးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်" ကျွမ်းရှင်းမူက အေးစက်စက် လေသံဖြင့် တုံ့ပြန်ကာ ခေါင်းကို အသာအယာ ညိတ်ပြလိုက်သည်။

ဝူကျိုးကတော့ အလျှော့မပေးဘဲ ဆက်ပြောသည်။ "ဆရာကြီး... ကိုယ်တိုင်ပဲ သွားစစ်ကြည့်လိုက်ပါ။ ခင်ဗျားရဲ့ ဒီငန်းကင်က 'အကောင်းဆုံး' ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ အဝေးကြီး လိုပါသေးတယ်။ အံ့သြဖို့ကောင်းတာက ခင်ဗျားကိုယ်တိုင်က အဲဒီနာမည်ကို ဂုဏ်ယူပြီး ပေးထားတာပဲ"

"ဟွန်း.. မင်းတို့လည်း ဒီမှာစားဖို့ လာတာဆိုရင် မှာစားမ‌နေနဲ့တော့" ဒေါသထွက်လွယ်သော စားဖိုမှူးကြီးဇန်က ချက်ချင်းပင် အော်ဟစ်ကာ တုံ့ပြန်လိုက်သည်။

"ကောင်းပါပြီ... ကျွန်မတို့လည်း မြည်းပြီးပြီဆိုတော့ ပြန်တော့မယ်။ မန်နေဂျာလျောင်... သွားခွင့်ပြုပါဦး" ကျွမ်းရှင်းမူက စားဖိုမှူးကြီး၏ ရိုင်းစိုင်းမှုကို ဂရုမစိုက်ဘဲ မန်နေဂျာကို နှုတ်ဆက်လိုက်သည်။

"ဟုတ်ကဲ့ပါ... မီလေး၊ ဧည့်သည်တွေကို တံခါးဝအထိ လိုက်ပို့လိုက်ပါဦး" မန်နေဂျာလျောင်က အခြေအနေကို ထိန်းသိမ်းရန် ချက်ချင်းသဘောတူလိုက်ပြီး သူ၏ညီမကို အချက်ပြလိုက်သည်။

"ဒီဘက်ကို ကြွပါရှင်" စားပွဲထိုးမလေး မီလေးက တံခါးကိုဖွင့်ကာ လမ်းပြပေးရန် လက်ဟန်ပြလိုက်သည်။

"မင်းတို့ ထွက်သွားတာ ကောင်းတယ်။ အနည်းဆုံးတော့ ဒီလိုနေရာမျိုးမှာ ဘယ်လိုနေထိုင်ရမလဲဆိုတာ မင်းတို့သိသွားတာပေါ့" စားဖိုမှူးကြီးဇန်ကတော့ သူတို့ထွက်ခွာသွားသည်ကို ကြည့်ကာ အေးစက်စက် နှာခေါင်းရှုံ့ကာ ကျန်ရစ်ခဲ့သည်။

"ဒီအဘိုးကြီးက လက်ရာလည်း မကောင်းသလို စကားပြောတာလည်း နည်းနည်းမှ မယဉ်ကျေးဘူး" ဝူကျိုးက လှမ်းအော်ပြောလိုက်သော်လည်း စားဖိုမှူးကြီးဇန်ကတော့ သူ့ကို လှည့်တောင်မကြည့်တော့ဘဲ လသာဆောင်ဘက်မှတစ်ဆင့် မီးဖိုချောင်ဆီသို့ အမြန်ထွက်ခွာသွားတော့သည်။

"သူ့ကို စိတ်မဆိုးကြပါနဲ့... ခွင့်လွှတ်ပေးပါ" မန်နေဂျာလျောင်က တင်းမာမှုများ လျော့ပါးစေရန် ဧည့်သည်များနောက်မှ လိုက်ပါရင်း တောင်းပန်နေရှာသည်။

တစ်ဖက်တွင်မူ စားဖိုမှူးကြီးဇန်သည် ခြေလှမ်းကျဲကျဲဖြင့် လမ်းလျှောက်လာရင်း အိတ်ကပ်ထဲမှ တုန်ခါနေသော ဖုန်းကို ဆွဲထုတ်လိုက်သည်။ မည်သူ့ကိုမျှ မကြည့်ဘဲ ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။

"မင်းတို့ လူသုံးယောက်လုံး ငန်းတစ်ကောင်ကိုတောင် သေချာမကြည့်နိုင်ကြဘူးလား။ ဘာမှ အသုံးမကျတဲ့ကောင်တွေ"

"အဲ... ဆရာကြီးဇန်၊ ၅ မိနစ်ပြည့်ရင် ဖုန်းဆက်ပါဆိုလို့..." ဖုန်းထဲမှ တပည့်ဖြစ်သူ၏ အသံမှာ တုန်ရီနေသည်။

"၅ မိနစ်ဆိုတာ ၅ မိနစ်ပဲလေ။ အခု ဘာလို့ ခေါ်နေတာလဲ။ မင်းက နို့စို့အရွယ် မဟုတ်တော့ဘူးလေ... ဘာလဲ၊ နို့မပြတ်သေးဘူးလား" စားဖိုမှူးကြီးက ဆက်တိုက် ဆဲဆိုနေတော့သည်။

"ဆရာကြီး... ၇ မိနစ်တောင် ရှိသွားပြီမို့လို့ပါ ခင်ဗျား..." တပည့်ဖြစ်သူ၏ အသံမှာ ပို၍ တိုးဝင်သွားသည်။

"ဘယ်နှစ်မိနစ်ရှိပြီလဲဆိုတာ ငါ့ကို လာပြောစရာ မလိုဘူး။ မင်း ငါမသိဘူး ထင်နေလား။ မင်းရဲ့ငန်းကိုသာ သေချာကြည့်စမ်း။ အရေခွံလေး နည်းနည်းလောက် ဖြစ်ြဖစ် တူးသွားရင် မင်းအိမ်ပြန်ပြီး ငန်းကျောင်းတာပဲ ကောင်းလိမ့်မယ်" စားဖိုမှူးကြီးဇန်က တစ်ဖက်လူ၏ စကားကို ဆုံးအောင် နားမထောင်ဘဲ ခြိမ်းခြောက်သည့် လေသံဖြင့် ပြောဆိုကာ ဖုန်းကို ဒေါသတကြီး ချလိုက်သည်။

ဖုန်း၏ အခြားတစ်ဖက်တွင်တော့ တပည့်ဖြစ်သူမှာ သက်ပြင်းအရှည်ကြီး ချလိုက်ရသည်။

"ဘယ်လိုလဲ... ဆရာကြီးက ဘာပြောလိုက်လဲ" ဘေးမှ စောင့်ကြည့်နေသော အခြားသူနှစ်ဦးက စပ်စုကြသည်။

"ဘာပြောရမှာလဲ... မင်းတို့က ငါ့ကို ဖုန်းခေါ်ခိုင်းတာလေ။ ခုနက ဆဲသံတွေကို မကြားလိုက်ဘူးလား" ဖုန်းခေါ်သူက ဖုန်းကို လက်ညှိုးထိုးပြကာ စိတ်တိုတိုဖြင့် ပြောလိုက်သည်။

"ဟေး... ဟေး... ဆရာကြီးက တခြား မှာစရာရှိလားလို့ သိချင်လို့ပါ။ ရှိရင် ငါတို့ အတူတူ ဝိုင်းလုပ်ပေးမလို့" အခြားတစ်ယောက်က အရှက်မရှိ ပြုံးရင်း မေးသည်။

"ဟားဟား... ဆရာကြီး မကြာခင် ပြန်လာတော့မယ်။ အဲဒီကျမှ ကိုယ်တိုင် မေးကြည့်ကြပေါ့" ဖုန်းခေါ်သူက ဖုန်းကို ချလိုက်ပြီး မီးဖိုထဲမှ ငန်းကိုသာ အာရုံစိုက် စိုက်ကြည့်နေတော့သည်။ သူ့အတွက်တော့ ငန်းကင်မှာ သူ၏ အလုပ်အကိုင် တည်မြဲရေးအတွက် အရေးကြီးဆုံးအရာ ဖြစ်နေသည် မဟုတ်ပါလား။

"ဆရာကြီး လာတော့မှာလား... ကောင်းပြီလေ၊ အခုပဲ ငန်းကို သေချာစောင့်ကြည့်ထားလိုက်မယ်" ကျန်ရှိနေသည့် တပည့်နှစ်ဦးမှာလည်း ပျာယာခတ်လျက် ချက်ချင်းပင် ပြန်ဖြေလိုက်ကြသည်။

သူတို့သုံးဦးစလုံး မီးဖိုထဲမှ ငန်းကို အလွန်အမင်း အာရုံစိုက်ကာ စောင့်ကြည့်နေကြတော့သည်။ တကယ်တော့ ငန်းကင်သည့်စက်တွင် အချိန်မှတ်စနစ် ပါပြီးသားမို့ လူသုံးယောက်လုံး ဝိုင်းကြည့်နေဖို့ မလိုသော်လည်း၊ စားဖိုမှူးကြီးဇန် စိတ်ဆိုးနေချိန်ဖြစ်၍ ဘေးကင်းအောင် ငြိမ်ကုပ်နေကြရခြင်း ဖြစ်သည်။

"ဟွန်း... ငါ့ထက်သာအောင် ငန်းကိုကင်နိုင်တဲ့သူ ရှိဦးမှာတဲ့လား။ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေလိုက်တာ" စားဖိုမှူးကြီးဇန်က ဒေါသကြောင့် မျက်နှာကြီး နီရဲလျက် တိုးတိုးလေး ရေရွတ်နေမိသည်။

တစ်ဖက်တွင်လည်း ဝူကျိုးနှင့် ကျွမ်းရှင်းမူတို့သည် စိတ်အနှောင့်အယှက်ဖြစ်ကာ ဟိုတယ်မှ ထွက်လာခဲ့ကြသည်။

"မူမူ... တခြားဆိုင်ပဲ ပြောင်းကြရအောင်။ အဲဒီစားဖိုမှူးက စိတ်လည်းမရှည်သလို လက်ရာကလည်း သာမန်ပဲ။ သူ့ကိုယ်သူ ဘာတွေ အဲဒီလောက် ယုံကြည်မှုလွန်ကဲနေလဲဆိုတာ ဘုရားပဲ သိလိမ့်မယ်" ဝူကျိုးက ကျွမ်းရှင်းမူ၏ လက်ကလေးကို ဆုပ်ကိုင်ကာ ညင်သာစွာ ချော့မော့ပြောဆိုလိုက်သည်။

"အင်းလေ... မင်းသဘောပဲ" ကျွမ်းရှင်းမူက အေးအေးဆေးဆေးပင် ခေါင်းညိတ်ပြသည်။

"မင်း စိတ်မဆိုးဘူးဆိုရင် ကောင်းပါပြီ" ဝူကျိုးက သူမမျက်နှာကို သေချာကြည့်ကာ စိတ်မဆိုးမှန်း သိမှသာ သက်ပြင်းချနိုင်တော့သည်။

သူတို့နှစ်ဦး ကားပါကင်သို့ ရောက်သည့်အခါ ဝူကျိုးက ရုတ်တရက် ရပ်လိုက်ပြီး ကလေးတစ်ယောက်လို နှုတ်ခမ်းဆူကာ ပြောလိုက်သည်။

"ဒါပေမဲ့ ဒီအတိုင်းတော့ အဆုံးသတ်လို့ မဖြစ်ဘူး။ အင်တာနက်ပေါ်မှာ ဒီဆိုင်ရဲ့ နာမည်ဆိုးကို လူသိအောင် လုပ်ပစ်ရမယ်။ ဒါပေမဲ့ ဘော့စ်ယွမ်ကိုတော့ ဘာမှ မပြောနဲ့ဦး... ဟွန်း.. ငါကတော့ အမြင်ကျဉ်းတဲ့သူ ဖြစ်ရတာကိုပဲ ဂုဏ်ယူတယ်"

"အိုကေ... အိုကေ။ မင်း ကျေနပ်သလိုသာ လုပ်။ ကားပေါ်အရင်တက်၊ ငါပဲ မောင်းမယ်" ကျွမ်းရှင်းမူကလည်း သူမချစ်သူ၏ ကလေးဆန်သော စိတ်ဓာတ်လေးကို အလိုက်သင့်ပင် ထိန်းသိမ်းပေးလိုက်သည်။

ဝူကျိုးသည် ချက်ချင်းပင် အွန်လိုင်းပေါ်ရှိ ယွမ်ကျိုးစားသောက်ဆိုင်၏ ပုံမှန်ဖောက်သည်များရှိရာ အဖွဲ့ ထဲတွင် ထိုဟိုတယ်၏ ဝန်ဆောင်မှုညံ့ဖျင်းပုံနှင့် စားဖိုမှူးကြီး၏ မောက်မာမှုများအကြောင်းကို အကျိုးအကြောင်းနှင့်တကွ ရေးသားတင်ပြလိုက်ရာ၊ ယွမ်ကျိုးကို ထောက်ခံသူများကြားတွင် ဟိုတယ်၏ နာမည်မှာ ချက်ချင်းပင် ပျက်ပြားသွားတော့သည်။

ထိုနေ့ ညနေခင်းတွင်... စားဖိုမှူးကြီးဇန်၏ အိမ်၌ -

"ရှင် ဘာဖြစ်နေတာလဲ... ရှင်ကင်‌နေတဲ့ ငန်းကြီး သေသွားလို့လား" ယောက်ျားဖြစ်သူ၏ ဒေါသတကြီး မျက်နှာပေးကို မြင်ရသောအခါ ဇနီးဖြစ်သူက လှောင်ပြောင်ကာ မေးလိုက်သည်။

"အဲဒီထက်တောင် ဆိုးသေးတယ်" စားဖိုမှူးကြီးဇန်က ဒေါသတကြီး ပြန်ဖြေသည်။

" ရှင့်က ဘာကိစ္စမို့အဲ့ဒီလောက်တောင် ဒေါသထွက်‌နေရတာလဲ" သူမသည် ကျက်သရေရှိသည့် အသက်ကြီးပိုင်းအမျိုးသမီးတစ်ဦး ဖြစ်သော်လည်း ယောက်ျားဖြစ်သူ၏ ထူးထူးခြားခြား ဒေါသထွက်မှုကိုတော့ စပ်စုချင်နေမိသည်။

"ဟွန်း... မိန်းမတွေ နားမလည်ပါဘူး" စားဖိုမှူးကြီးဇန်က အသေးအဖွဲကိစ္စဟု ယူဆကာ ရှင်းမပြချင်သော်လည်း ရင်ထဲမှာတော့ တင်းနေဆဲပင်။

"အဲဒါဆိုရင်လည်း ငါ့ဘေးမှာ ဟိုလျှောက်ဒီလျှောက်နဲ့ လာရှုပ်မနေနဲ့တော့" ဇနီးဖြစ်သူက စိတ်တိုတိုဖြင့် နှင်ထုတ်လိုက်သည်။

"ဟုတ်တယ်... ငါကိုယ်တိုင် သွားကြည့်မှ ဖြစ်မယ်" စားဖိုမှူးကြီးဇန်က ဆိုဖာပေါ်ကို လက်ဖြင့် ဒုန်းခနဲ ပုတ်ကာ အလေးအနက် ဆုံးဖြတ်လိုက်ပါတော့သည်။

"ဒီအဘိုးကြီးကတော့လေ... အသက်ကြီးလာလေလေ၊ တစ်ယောက်တည်း ပွစိပွစိပြောလာလေပဲ"

စားဖိုမှူးကြီးဇန်တစ်ယောက် လသာဆောင်ဘက်ထွက်ပြီး ဖုန်းတကိုင်ကိုင်ဖြင့် အလုပ်ရှုပ်နေသည်ကို မြင်သောအခါ ဇနီးဖြစ်သူက ဆက်မနှောင့်ယှက်တော့ဘဲ တီဗီကို အာရုံစိုက်ပြီး အေးအေးလူလူ ကြည့်နေလိုက်သည်။ လသာဆောင်သို့ ရောက်သည်နှင့် စားဖိုမှူးကြီးဇန်က သူ၏အထက်လူကြီးထံ ဖုန်းခေါ်ဆိုလိုက်တော့သည်။

"ဟယ်လို... အထွေထွေမန်နေဂျာချင်လား၊ ကျွန်တော် မနက်ဖြန် တစ်ရက်လောက် နားချင်တယ်" ဇန်က တည့်တည့်တိုးတိုးပင် ပြောချလိုက်သည်။

"အော်... ဆရာကြီးဇန်ပါလား။ ဘာကိစ္စရှိလို့လဲဗျ" အထွေထွေမန်နေဂျာချင်မှာ စားသောက်ဆိုင်၏ သူဌေးဖြစ်ရာ အရေးပါသော စားဖိုမှူးကြီး ခွင့်ယူရခြင်း၏ အကြောင်းရင်းကို သိလိုသဖြင့် အသေးစိတ် မေးမြန်းလိုက်သည်။

"ကိုယ်ရေးကိုယ်တာ ကိစ္စလေးတစ်ခု ရှိလို့ပါ"

စားဖိုမှူးကြီးဇန်ကတော့ သူတစ်ပါး၏ ငန်းကင်လက်ရာကို သွားကြည့်မည်ဟု အမှန်အတိုင်း မပြောပေ။ သူ့ကဲ့သို့ ဝါရင့်စားဖိုမှူးကြီးတစ်ဦးက လူငယ်တစ်ယောက်၏ ဆိုင်ကို သွားစုံစမ်းသည်မှာ သူ့အတွက်တော့ အတော်လေး သိက္ခာကျစရာ မဟုတ်ပါလား။

"ဆရာကြီး နေမကောင်းလို့လား" မန်နေဂျာချင်ကတော့ ဆရာကြီးဇန်၏ ကျန်းမာရေးကို အစိုးရိမ်ဆုံးပင်။

"ကျန်းမာရေးကတော့ အကောင်းကြီးပါဗျာ... ဒီထက်ကောင်းတာ ဘာမှမရှိဘူး။ ကဲ... ဒါပဲနော်" စားဖိုမှူးကြီးဇန်က စိတ်မရှည်သလို မျက်မှောင်ကြုတ်ကာ ဖုန်းချရန် ပြင်လိုက်သည်။

"ကောင်းပါပြီဗျာ... အကူအညီလိုအပ်ရင်လည်း ပြောပါ။ အလုပ်တွေကို အေးအေးဆေးဆေး ပြီးအောင်လုပ်ပြီးမှ ပြန်လာခဲ့ပါ" မန်နေဂျာချင်က ယဉ်ကျေးပျူငှာစွာ ဆိုသည်။

"ခင်ဗျားနဲ့ မဆိုင်ပါဘူး... ကျွန်တော့်ကိစ္စ ကျွန်တော်တစ်ယောက်တည်း ရှင်းနိုင်တယ်" စားဖိုမှူးကြီးဇန်က ချက်ချင်းပင် ငြင်းဆန်လိုက်သည်။ ငန်းကင်သည့်ပညာရပ်တွင် သူသည် မည်သူ့အကူအညီမှ မလိုဘဲ ထိပ်ဆုံးမှာ ရှိနေသူဟု ယုံကြည်ထားသူ ဖြစ်သည်။

ဖုန်းကျသွားပြီးနောက် မန်နေဂျာချင်မှာ သက်ပြင်းချရင်း ရေရွတ်မိသည်။

"ဒီဆရာကြီးဇန်ကတော့ တကယ်ကို ဒေါသအိုးပဲ... ဒါပေမဲ့ ဒီလောက် နာမည်ကြီးတဲ့ စားဖိုမှူးမျိုးကို ဘယ်မှာမှ ထပ်ရှာလို့ မရနိုင်ဘူးလေ"

အဆင့်မြင့် စားသောက်ဆိုင်တစ်ဆိုင်အတွက် ဝန်ဆောင်မှုကောင်းရန် လိုအပ်သလို၊ ဖောက်သည်များကို ဆွဲဆောင်နိုင်သည့် ထူးခြားသော လက်ရာရှင် စားဖိုမှူးတစ်ဦးရှိရန်မှာလည်း အလွန်အရေးကြီးသည်။ ဝန်ဆောင်မှု မည်မျှပင် ကောင်းစေကာမူ အစားအသောက် အရသာက သာမန်ဖြစ်‌နေမည်ဆိုလျှင်ဖောက်သည်များက နောက်ထပ် လာရောက်ကြမည် မဟုတ်ပေ။ လက်မှုပညာတွင် အထွတ်အထိပ် ရောက်နေသူများသည် အများအားဖြင့် မာနကြီးပြီး စိတ်တိုတတ်ကြသည်မှာ ထုံးစံပင်။

"ဟွန်း... မနက်ဖြန်ကျရင်တော့ ဒီအဘိုးကြီး ကိုယ်တိုင် လာကြည့်မယ်။ မင်းရဲ့ ငန်းကင်ဆိုတာက ငါ့လက်ရာရဲ့ ၁၀ ရာခိုင်နှုန်း ကိုတောင် မှီပါ့မလားဆိုတာ ကြည့်ကြသေးတာပေါ့"

စားဖိုမှူးကြီးဇန်က ဖုန်းကို အိတ်ကပ်ထဲ ထည့်ရင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ဖြင့် ခပ်ကြွားကြွားပင် ပြောဆိုလိုက်ပါတော့သည်။

အပိုင်း (၄၄၀)

(ပြီးပါပြီ)

All Chapters