အခန်း (၄၄၉-၄၅၀)
Vol. 35 Ch. 449-450
ယွမ်ကျိုး အပိုင်း (၄၄၉)
အရိုးရှင်းဆုံးနှင့် အကောင်းဆုံးသောအရာ
“ဒီမှာ လူကြီးမင်းရဲ့ပဲငံပြာရည်ထမင်းပါ မစားခင် ကောင်းကောင်းမွှေပြီး စားပါနော် အေးအေးဆေးဆေး သုံးဆောင်ပါရှင့်"
ကျိုကျာသည် ကြွေပန်းကန်လေးကိုကိုင်ဆောင်လာကာ ဒါဒါရှေ့ရှိ စားပွဲပေါ်သို့ သပ်သပ်ရပ်ရပ် ချထားပြီး ပြောလိုက်သည်။
“အိုကေ၊ ကျေးဇူးပါ"
ဒါဒါသည် အလေ့အကျင့်အတိုင်း ကျေးဇူးတင်စကားဆိုပြီးမှ ထမင်းပန်းကန်ကို ကြည့်လိုက်သည်။
ပန်းကန်သည် အိမ်တွင် သာမန်အသုံးပြုလေ့ရှိသော အရွယ်အစားမျိုးဖြစ်သော်လည်း
သူ့မရှေ့ရှိတစ်ခုမှာ လက်ရာက ထူးခြားသိမ်မွေ့လှသည်။
အဖြူရောင်ကြွေထည်ပေါ်တွင် စိမ်းလန်းသော စပါးရွက်ပုံစံများကို ဆွဲသားထားပြီး ထမင်းများကို ရှစ်ဆယ်ရာခိုင်နှုန်းခန့် ပန်းကန်ထဲဖြည့်ထားသည်။
မိန်းကလေးတစ်ဦးအတွက်ဆိုလျှင် အရံဟင်းနည်းနည်းနှင့် အပြည့်အဝ လုံလောက်နိုင်မည့် တစ်ယောက်စာ ပမာဏဖြစ်သည်။
ပန်းကန်၏ လှပမှုကို အချိန်ယူ၍ မလေ့လာနိုင်မီ ဒါဒါသည် မေးခွန်းတစ်ခုကို ကျိုကျာအားခေါ် မေးလိုက်သည်။
“ဒီပဲငံပြာရည်ထမင်းအတွက် အရံဟင်း မပါဘူးလား"
“မပါပါဘူးရှင်"
ကျိုကျာသည် ပြန်လှည့်ကာ ခေါင်းညိတ်၍ ဖြေလိုက်သည်။
ဒါဒါက အံ့ဩသွားသည်။
“အနည်းဆုံး မုန်လာဥချဉ်လေး တစ်ပန်းကန်တော့ ပေးသင့်တာပေါ့"
“တောင်းပန်ပါတယ် ကျွန်မတို့ဆိုင်မှာ မုန်လာဥချဉ်ကို သီးသန့် မရောင်းပါဘူး”
ကျိုကျာ၏ အသံသည် ယဉ်ကျေးသော်လည်း တည်ကြည်ခိုင်မာလှသည်။
“ကောင်းပါပြီ”
ဒါဒါသည် စကားပြန်ဆိုနိုင်ခြင်းမရှိသကဲ့သို့ အနည်းငယ် အသံတိတ်သွားသည်။
စိတ်ထဲတွင် “တကယ်ပဲ ဓားပြဆိုင်လိုပါလား ၉၈ ယွမ်တန် ထမင်းပန်းကန်တစ်ပွဲမှာတောင် မုန်လာဥချဉ် မပါဘူး” လှောင်ပြောင်ကာ တွေးမိသည်။
ထိုအခိုက်အတန့်၌ Bluetooth နားကြပ်ထဲမှ အသံတစ်သံက ဒါဒါ့စိတ်ကို ပြန်ဆွဲခေါ်လိုက်သည်။
“ဒါဒါ၊ ဘာဖြစ်လို့လဲ အဆင်မပြေတာရှိလို့လား”
“တကယ်ကြီးလား”
ဒါဒါသည် မျက်ခုံးများ တွန့်ချိုးကာ ရင်ဘတ်ပေါ်ရှိ ရင်ထိုးကို မသိသာအောင် ထိလိုက်ပြီး ထောင့်ကို နည်းနည်း ပြန်ညှိလိုက်သည်။
“မလှုပ်နဲ့ ဒါဒါ အခုလိုပဲ ကောင်းတယ် မင်းလက်ချောင်းတွေက အရင်လိုပဲ တုတ်ခိုင်နေသေးတယ်နော်”
တစ်ယောက်ယောက်က စနောက်လိုက်သည်။
ထိုစကားအပြီးတွင် နားကြပ်ထဲ၌ ပရိသတ်များ၏ အသံများက အလှုပ်အရှား လှိုင်းထနေသည်။ ဟင်းပန်းကန်ကို ချီးကျူးသံများ၊ ဟင်းအရောင်အဆင်းကို ဆန်းစစ်သံများ တစ်လှည့်စီ ထွက်ပေါ်လာသည်။
“ဒါဒါရဲ့ တိုက်ရိုက်ထုတ်လုပ်မှု့လို့သာ ငါမသိထားရင် တစ်ယောက်ယောက်ရဲ့ ဟင်းပွဲ မိတ်ဆက်အစီအစဉ်တစ်ခုလို့ ထင်မိမှာပဲ"
ထိုမှတ်ချက်သည် တည်ငြိမ်ပြီး မျှတသည့် သုံးသပ်ချက်တစ်ခုဖြစ်သော်လည်း ဒါဒါ၏ မျက်နှာပေါ်တွင် သဘောမကျသည့် အရိပ်အယောင်သေးသေးလေး ပေါ်လွင်နေသည်။
“တကယ်ပဲ စခရင်ကတောင် ကြည့်ရင်းနဲ့ ဟင်းက အရသာကောင်းမယ်ဆိုတာ ပြောနိုင်တယ်”
ထိုအသံသည် ဆာလောင်နေသူတစ်ဦး၏ အသံဖြစ်သည်ဟု မခက်ခဲဘဲ ခန့်မှန်းနိုင်သည်။
ပရိသတ်များသည် စခရင်မှတစ်ဆင့် ပဲငံပြာရည်ထမင်းကို ချီးကျူးကြခြင်းမှာ အပိုဆိုခြင်း မဟုတ်ပေ။ အမှန်တကယ်ပင် ထိုဟင်းပန်းကန်သည် မျက်စိကို ဆွဲဆောင်လွန်းသဖြင့် ကြည့်နေသူအား မျက်နှာလွှဲမနိုင်အောင် ပြုလုပ်ထားနိုင်သည်။
ပန်းကန်အတွင်း ထမင်းကို ရှစ်ဆယ်ရာခိုင်နှုန်းခန့် ဖြည့်ထားပြီး မျက်နှာပြင်ပေါ်တွင် တောက်ပသည့် အညိုနီရောင် ဆော့စ်ကို လောင်းထည့်ထားသည်။ ထိုအရောင်သည် အလင်းရောင်အောက်တွင် တိတ်တဆိတ်တောက်ပနေသည်။
ဆန်သည် သာမန်ဆန်နှင့် မတူပေ။ သေချာချက်ထားသည့်ဆန်မှ အပူငွေ့အနည်းငယ် လွင့်တက်နေပြီး အဖြူရောင်အခိုးအငွေ့များကြားတွင် စိမ်းဖျော့ဖျော့သန်းကာ ထိုမြင်ကွင်းသည် မြ ရံထားသည့် ကျောက်စိမ်းတစ်စုံကို မြင်ရသကဲ့သို့ ဖြစ်နေသည်။
အညိုနီရောင် ဆော့စ်သည် ထမင်းစေ့များအတွင်းသို့ ညင်သာစွာ စိမ့်ဝင်နေပြီး ထမင်း၏ ကိုယ်ပိုင်တောက်ပမှုနှင့် ပေါင်းစပ်ကာ မျက်စိပဒေသာဖြစ်စွာ ဗိုက်ဆာစေသည့် မြင်ကွင်းကို ဖန်တီးထားသည်။
စုပေါင်းကြည့်လျှင် ထို ပဲငံပြာရည်ထမင်းသည် အလွန် စားချင်စရာကောင်းလှသည်။
“တကယ်ပဲ ပြီးပြည့်စုံလွန်းတယ်”
ဒါဒါကတံထွေး မျိုချကာ ပြောလိုက်သည်။
စားရန်စိတ်ထဲ ဆုံးဖြတ်လိုက်သည့်အချိန်တွင် ယွမ်ကျိုး၏ “မစားခင် အရင်မွှေပါ” ဆိုခဲ့သည့် စကားကို သတိရသွားသည်။ ထို့ကြောင့် ဇွန်းကို ကိုင်ကာ ထမင်းကို စတင် မွှေလိုက်သည်။
“ဟွား ဟွား”
ထို့နောက်တွင်တော့ ထမင်းပုံစံက ပြောင်းလဲသွားသည်။
အဖြူရောင်ဇွန်းပေါ်တွင် အညိုနီရောင် ပဲငံပြာရည်ဆော့စ်ပေကျံသွားပြီး ကျောက်စိမ်း
သဏ္ဍာန်ဆန်စေ့များအတွင်း၌ လှည့်လည်လှုပ်ရှားနေသည်။
ထမင်း၏ အပူငွေ့ငွေ့က ဆန်၏ ရနံ့နှင့် ဆော့စ်၏ အနံ့တို့ ပေါင်းစပ်ကာ လှိုက်ခနဲ လှုပ်ရှားထွက်ပေါ်လာသည်။
အနည်းငယ် မွှေပြီးနောက် ဒါဒါသည်းမခံနိုင်တော့ပေ။
မျက်စိဖြင့် ကြည့်ရင်း အနံ့ကို ရှူရင်း စိတ်ကို ထိန်းသိမ်းထားနိုင်ခြင်းမရှိတော့သဖြင့် ဇွန်းတစ်ဇွန်း ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။
“ဟင်း”
ဒါဒါက စိတ်ကျေနပ်မှု့အပြည့်ဖြင့် ပင့်သက်ရှိုက်လိုက်သည်။
ပဲငံပြာရည်ထမင်းသည် ပါးစပ်ထဲ ဝင်သွားချိန်တွင် မွှေးကြိုင်လန်းဆန်းမှု့က တစ်ကိုယ်လုံး
စိမ့်၀င်ပျံ့နှံသွားသည်။
ခယ့်ရှနန်းသုံးဆန် ၏ ကိုယ်ပိုင်သင်းပျံ့မှုသည် မူလကတည်းက ထူးခြားနေပြီး အပူငွေ့နှင့် ပေါင်းစပ်သည့်အခါ ပိုမို မူးယစ်စေသည်။ ထိုအနံ့အတွင်းတွင် ဆော့စ်၏ သင်းပျံ့မှုနှင့် နူးညံ့သည့် ချိုသာမှု့တစ်စွန်းတစ်စလည်း ပါဝင်နေသည်။
ချိုမြိန်မှု့သည် ထမင်းသာမက ဆော့စ်မှာလည်း ရှိနေသည်။ ထမင်းစေ့များသည် တစ်စေ့ချင်း ကွဲထွက်နေပြီး နူးညံ့ကာ စေးကပ်ကပ်ဖြစ်နေသည်။
ထိုအရသာသည် သူမက ကလေးဘဝတွင် ထမင်းအိုးပေါ်က ထမင်းကျက်သွားလျှင် ထမင်းအပေါ်ယံအလွှာကို ခိုးစားခဲ့သည့် အချိန်များကို သတိရစေသည်။ ထမင်း၏ ကိုယ်ပိုင်ချိုမြမှုကို ထိန်းသိမ်းထားပြီး ဆော့စ်နှင့် ပေါင်းစပ်ထားသော်လည်း လုံးဝ မငြီးငွေ့နိုင်သော အရသာဖြစ်သည်။
ဆားအရသာ အနည်းငယ်သည် ထမင်း၏
အရသာချိုချိုနှင့် ပဲငံပြာရည်၏ အနံ့အရသာကို ပိုမိုထင်ရှားစေသည်။
“အွန်း အရမ်းအရသာရှိတယ်”
ဒါဒါသည် အံ့ဩသံနှင့်အတူ ထမင်းကို ဆက်တိုက် ပါးစပ်ထဲ ထည့်နေသည်။
ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှု ၏ အခြားဖက်၌ ပရိသတ်များက စကားများ စတင် ပြောဆိုလာကြသည်။
"ဒါဒါ၊ ပြန်လာဦး မင်းကအတုအယောင် ဖော်ထုတ်တဲ့ ထုတ်လွှင့်မှု့ လုပ်နေတာနော်၊ ဟင်းလျာမိတ်ဆက် ထုတ်လွှင့်မှု့ မဟုတ်ဘူး ဘယ်လိုလုပ်ပြီး ပျော်ပျော်ကြီးအဆက်မပြတ်စားနေရတာလဲဟေ"
တည်ငြိမ်စွာ ပြောနေသည့် အမျိုးသမီးမှာလည်း သွားရေမကျပဲ မနေနိုင်တော့ပေ။
လူတစ်ယောက် စားနေသည်ကို ကြည့်ရင်း အစားအစာသည် ပိုမို အရသာရှိသကဲ့သို့ ခံစားရသည်ဟူသော စကားသည် ယနေ့တွင် ပရိသတ်များအတွက် အမှန်တရားဖြစ်လာသည်။
ဒါဒါ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသူတိုင်းသည် ထိုစကား၏ အဓိပ္ပါယ်ကို ကိုယ်တိုင် ကိုယ်ကျ သိမြင်လိုက်ရပေသည်။
“ငါက အတုအယောင်ဖော်ထုတ်တဲ့ ထုတ်လွှင့်မှု့ ကိုကြည့်နေတာလို့ ထင်နေခဲ့တာ
တကယ်တော့ ဟင်းလျာပြပွဲလိုပဲ ငါ အရမ်းဗိုက်ဆာနေပြီနော်"
အသံနူးညံ့သည့် ယောက်ျား၏ အသံတွင်လည်း ဆာလောင်မှုကို ဖုံးကွယ်မထားနိုင်တော့ပါ။
“ဟုတ်တယ်၊ တကယ်ပဲ ဒါဒါရေ မစားတော့နဲ့ အလုပ်ကို ပြန်လုပ်ပါဦး
တံထွေးခဏခဏ မျိုချနေသည့် ပရိသတ်တစ်ဦး၏ ဆန္ဒဖြစ်သည်။
“ဘဝက ခက်ခဲလိုက်တာ ငါက အတုအယောင်ဖော်ထုတ်တာတွေ ကြည့်ဖို့ လာတာ ဒါဒါကတော့ စားချင်စရာဟင်းပွဲကို ပြပြီး ငါတို့ရဲ့စိတ်ကိုဆွဲဆောင်နေတယ် ပင်ပန်းလိုက်တာဟယ်"
ပန်းကန်ထဲရှိ ပဲငံပြာရည်ထမင်းသည် မျက်မြင်ထင်ရှား နည်းနည်းစီ လျော့နည်းသွားသည်နှင့်အမျှ ပရိသတ်များ၏ စိတ်ထဲတွင် သူမကို ရိုက်ချင်စိတ်ပင် ပေါ်ပေါက်လာသည်။
အကြောင်းမှာ ရင်ဘတ်ပေါ်ရှိ ရင်ထိုး ကင်မရာသည် သူမရှေ့ရှိ ပန်းကန်ကို တိုက်ရိုက် ရိုက်ကူးထားပြီး ထမင်းတစ်ဇွန်းစီ ပါးစပ်ထဲ ဝင်သွားသည့် မြင်ကွင်းနှင့် သူမ၏ အားရစွာ ပလုတ်ပလောင်းသံများကို တစ်ချိန်လုံး ကြားနေရခြင်းကြောင့် ဖြစ်သည်။
ထိုမြင်ကွင်းကို ကြည့်ရင်း မဆာမလောင် ဖြစ်နေလျှင် အံ့ဩစရာ ဖြစ်နေလိမ့်မည်။
အပူငွေ့တက်နေသည့် ထမင်းပန်းကန်မှ ထွက်လာသော ဟင်းပွဲရနံ့က စခရင်၏ အခြားဖက်သို့ ဖြတ်ကျော်လာသကဲ့သို့ ပရိသတ်များ ခံစားရသည်။
“အဟမ်း အဟမ်း စားပြီးပြီ အခု စကြပါ့မယ်"
ဟင်းပွဲ၏ အရသာထဲ နစ်မြုပ်နေခဲ့သည့် ဒါဒါသည် စားပြီးမှသာ ထုတ်လွှင့်မှု့ သည်ပရိသတ်များ၏ ငြီးငြူသံများ ပြည့်နှက်နေသည်ကို သတိထားမိလိုက်သည်။
“ဟား ပဲငံပြာရည်ထမင်းအတွက် စိတ်မကောင်းဖြစ်မိတယ် တကယ် အရသာရှိသလိုပဲ"
အသံနူးညံ့သည့် မိန်းကလေးတစ်ဦးသည် နောက်ဆုံးတွင် သက်ပြင်းချကာ ဆိုသည်။
“အလုပ်ကို ပြန်လုပ်ကြမယ် အဲဒါ ပိုအရေးကြီးတယ်
ဒါဒါသည် အရှက်ရခြင်းမှ ကာကွယ်ရန် ပြောဆိုလိုက်သည်။ အခုလေးတင် ပြုမူခဲ့သည့် အပြုအမူကြောင့် သူမ၏ မျက်နှာတွင် အနီဖျော့ဖျော့ သန်းလာသည်။
“ဒါဆို မြန်မြန်လုပ်ပါ"
ထိုအခါမှသာ ပရိသတ်များ ပြန်လည် စိတ်အားထက်သန်လာကြသည်။ ဟင်းဈေးနှုန်းများ အလွန်မြင့်မားသဖြင့် ဤ ထုတ်လွှင့်မှု့ ကို ကြည့်ရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
“အိုကေ"
ဒါဒါသည် ခေါင်းအနည်းငယ် ညိတ်ကာ ထိုင်ခုံမှ ထရပ်လိုက်သည်။ ထို့နောက် ယွမ်ကျိုးထံသို့ တည့်တည့် လျှောက်သွားသည်။
“မင်္ဂလာပါ သူဌေး"
ယွမ်ကျိုးလည်း ခေါင်းညိတ်ကာ ပြန်လည် နှုတ်ဆက်လိုက်ပြီး အခြားဟင်းများ ချက်ရန် ပြင်ဆင်သည်။
ဒါဒါသည် ခဏစဉ်းစားပြီး ယွမ်ကျိုးနောက်သို့မလှည့်မီ အသံမြင့်မြင့်ဖြင့် မေးလိုက်သည်။
“ဈေးနှုန်းတွေ အရမ်းမြင့်လွန်းတယ်လို့ မထင်ဘူးလားရှင့်"
စကားထွက်သွားသည့်အချိန်တွင် ယွမ်ကျိုးသာမက တန်းစီနေသူများနှင့် စားပြီးသေးသူများပါ ဒါဒါထံသို့ မျက်လုံးများ လှည့်လာကြသည်။
အချို့သူများသည် ဟင်းအရသာထဲ နစ်မြုပ်နေသဖြင့် ကြားသော်လည်း မသိသလိုသာ ဆက်စားနေကြသည်။ သူတို့အတွက် အရေးကြီးဆုံးမှာ လက်ရှိပန်းကန်ထဲရှိ အရသာဖြစ်သည်။ လီယန်ယီ သည်လည်း မျက်ခုံးအနည်းငယ် ကြုံကာ စားသောက်ခြင်းကိုသာ ဆက်လက်လုပ်ဆောင်နေသည်။
“မထင်ဘူး"
ယွမ်ကျိုးသည် လှည့်ကြည့်ကာ တည်ကြည်စွာ ဖြေကြားလိုက်သည်။
“ကျွန်မ အခုလေးတင် ပဲငံပြာရည်ထမင်းစားခဲ့တယ် အမှန်အတိုင်း ပြောရရင် အခြားဆိုင်တွေမှာ ၈ ယွမ်တောင်မဟုတ် ၃ ယွမ်လောက်ပဲ ကျတာ ဒီမှာတော့ ၉၈ ယွမ် ဒါက ဈေးအရမ်း မကြီးလွန်းဘူးလား"
ဒါဒါသည် ကျိုကျာ၏ လက်ထဲရှိ ပန်းကန်အလွတ်ကို လက်ညှိုးဖြင့် ညွှန်ပြကာ ဆက်လက် မေးမြန်းသည်။
“ ကျွန်တော့်ဟင်းက အရသာရှိတယ်လေ"
ယွမ်ကျိုးသည် ကိုယ်မတ်မတ်ထားကာ ယုံကြည်မှုအပြည့်ဖြင့် ဖြေကြားလိုက်သည်။
ထိုစကားထွက်သွားသည်နှင့် ဒါဒါသည် ချက်ချင်း တိတ်ဆိတ်သွားသည်။ ထိုစကားသည် မငြင်းနိုင်သော အမှန်တရားဖြစ်သည်။ အခြားသူများ ချက်ထားသော ပဲငံပြာရည်ထမင်းနှင့် ယွမ်ကျိုးချက်ထားသော ပဲငံပြာရည်ထမင်းသည် တန်းတူညီမျှ အဆင့်တစ်ခုတည်းတွင် မတည်ရှိနိုင်ပေ။
“ဟုတ်တယ်၊ အရသာကောင်းတာတော့ အမှန်ပဲ ဒါပေမဲ့ ဒီလိုအရသာကောင်းတွေကို လူတိုင်း ဝယ်စားနိုင်အောင် ဈေးလျှော့မပေးနိုင်ဘူးလား"
ဒါဒါ၏ အမြင်အရ လက်ရှိ ဈေးနှုန်းများသည် သာမန်ဟင်းလျာများ၏ စံနှုန်းကို အလွန်အမင်း ကျော်လွန်နေသည်။
“ပစ္စည်းကွာခြားတယ်၊ လက်ရာကွာခြားတယ်"
ယွမ်ကျိုးသည် စကားအနည်းငယ်သာ ပြန်ဖြေကာ ထပ်မံရှင်းပြရန် စိတ်မဝင်စားတော့။
နေ့လည်စာအချိန်မှာ ကန့်သတ်ထားသောကြောင့် သူသည် တစ်မိနစ်တောင် မဖြုန်းချင်ပေ။ ထို့ကြောင့် အခြားဖောက်သည်များအတွက် ဟင်းပွဲများ ဆက်လက်ချက်ရန် ပြင်ဆင်လိုက်သည်။
“ဘာဆန်မျိုးလဲတော့ မသိဘူး ဒါပေမဲ့ အရသာကောင်းတာတော့ သိတယ် ရှင့်ရဲ့ လက်ရာကလည်း ဒီလောက်ကောင်းနေတယ်ဆိုရင် သာမန်ပစ္စည်းတွေနဲ့ လူပိုများများ ဝယ်စားနိုင်အောင် ဈေးနည်းနည်းနဲ့ ချက်ပေးလို့ မရဘူးလား"
ဒါဒါသည် ထပ်မံ မေးမြန်းပြန်သည်။
ဤတစ်ကြိမ်တွင် ယွမ်ကျိုးသည် ပြန်မဖြေတော့ပေ။ အကြောင်းပြချက်များကို ထပ်ခါထပ်ခါ ရှင်းပြရခြင်းကို သူ မနှစ်သက်ပဲ လက်ရှိတွင် လက်ထဲရှိ အလုပ်က ပိုအရေးကြီးသည်။
ထိုအချိန်တွင် ဘေးဘက်မှ ဝူဟိုင် ၏ အသံ ထွက်ပေါ်လာသည်။
ယွမ်ကျိုး
အပိုင်း (၄၄၉)
ပြီးပါပြီ။
ယွမ်ကျိုး အပိုင်း (၄၅၀)
ပြီးပြည့်စုံခြင်းကို ရှာဖွေနေသော အနုပညာသမားတစ်ယောက်
ဝူဟိုင်းက ခပ်သော့သော့ရယ်ရင်းမေးလိုက်သည်။
"ဟားဟား မင်းကဘာအလုပ်လုပ်တာလဲ ကောင်မလေး"
ဒါဒါက ဇဝေဇဝါဖြင့် ဝူကျိုးကိုကြည့်ပြီးအဖြေပြန်မပေးချေ။
"တစ်မျိူးမထင်နဲ့နော် ကျုပ်က ကိုယ်ရေးကိုယ်တာအရ မေးတာမဟုတ်ပါဘူး၊သူဌေးယွမ်အစား ဖြေပေးဖို့ပါ"
ဝူဟိုင်းက ငယ်ရွယ်လှပသည့် မိန်းကလေးများဆိုလျှင် အတော်လေးစိတ်ရှည်တတ်သည်။
လူတိုင်းသည် ယွမ်ကျိုးကဲ့သို့ မအေးစက်ကြပါပေ။
"ကျွန်မက မီဒီယာဘက်မှာ လုပ်တာပါ"
ဒါဒါသည် မျက်လုံးလှလှများကို လှည့်ကာ မိမိအလုပ်အတွက် ခမ်းနားသည့် နာမည်တစ်ခုကို ရွေးချယ်ပြောလိုက်သည်။
“ဒါဆို အနုပညာရှင် မဟုတ်ဘူးပေါ့”
ဝူဟိုင်းသည် ခေါင်းညိတ်ကာ “ဒီလိုပဲထင်ခဲ့ပါတယ်” အမူအရာဖြင့် ပြောလိုက်သည်။
“အဲဒါနဲ့ အနုပညာနဲ့ ဘာဆိုင်လို့လဲ”
ဒါဒါသည် ပို၍ ရှုပ်ထွေးသွားသည်။
“ပြီးတော့ မင်းဒီကို ပထမဆုံးလာတာမလား”
ဝူဟိုင်းသည် မေးခွန်းကို မဖြေဘဲ ထပ်မံမေးမြန်းပြန်သည်။
“ဟုတ်တယ်”
ဒါဒါသည် ခေါင်းညိတ်လိုက်သည်။
“ငါက ဆီဆေးပန်းချီဆရာ ပန်းချီဆွဲတာ ကျွမ်းကျင်တယ်”
ဝူဟိုင်းက သူ၏မုတ်ဆိတ်တိုတိုကို ပွတ်ကာ ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
“ခွင့်ပြုပါဦး အဲဒါနဲ့သူဌေးယွမ် နဲ့ ဘာဆိုင်လို့လဲ”
ဒါဒါက ဟင်းချက်နေသည့် ယွမ်ကျိုးကို တစ်လှည့် ၊ ရှေ့မှာရှိသည့် မုတ်ဆိတ်တိုနှင့်အမျိုးသားကိုတစ်လှည့်စီ ကြည့်ကာ စိတ်မရှည်သည့် လေသံဖြင့် မေးလိုက်သည်။
“လူငယ်တွေကွာ တကယ် စိတ်ရှည်မှုမရှိတော့ဘူး ၊ကျုပ်မပြီးသေးဘူး လေ”
ဝူဟိုင်းက မကျေမနပ် စိုက်ကြည့်လိုက်သည်။
“ရှင်လည်း အသက် အဲ့လောက်မကြီးသေးပါဘူး”
ဒါဒါက ပွင့်လင်းစွာ တုံ့ပြန်လိုက်သည်။
ဝူဟိုင်းသည် အလွန်ပျော်ရွှင်သွားသော်လည်း မျက်နှာပေါ်တွင် ထိန်းချုပ်ထားသည်။
ထို့နောက် အလုပ်အကြောင်းကို ဆက်ပြောရန် မမေ့သေးပေ။
“ကောင်းပြီ၊ နားထောင်ပါ”
တိုက်ရိုက်ထုတ်လွှင့်မှု့ အတွင်း ဆွေးနွေးသံများ ပိုမို လှုပ်ရှားလာသဖြင့် ဒါဒါသည် မုတ်ဆိတ်တိုအမျိုးသား၏ စကားကို ဆက်နားထောင်ရန် ဆုံးဖြတ်လိုက်သည်။
“ပန်းချီဆရာအတွက် သူ့ကိုယ်တိုင်အပြင် ဆီဆေးဘူး၊ စက္ကူနဲ့ စုတ်တံတွေက အရေးကြီးဆုံးပစ္စည်းတွေပဲ”
ဝူဟိုင်းသည် အခြေခံသဘောတရားကို အတိုချုံး မိတ်ဆက်လိုက်သည်။
“စုတ်တံကောင်းတစ်ချောင်းက ရှားပါးတယ်၊ ယွမ်ပေါ် ဆိုင်က စုတ်တံက တောတောင်ရေမြေရှုခင်းဆွဲဖို့ သင့်တော်တယ် တော်သေးတာက ရှီထောင်ဆိုင်က ပုံဆွဲခဲတံကလည်း တော်တော်ကောင်းတယ်၊ ဒါပေမဲ့ အကောင်းဆုံးကတော့ ဟုန်ထောင်ဆိုင်ကပဲ ရတယ်၊ ကောင်မလေး၊ မင်းဆိုရင် ဘယ်ဟာ သုံးမှာလဲ”
ဝူဟိုင်းသည် မျက်လုံးကို တည့်တည့်ကြည့်ကာ မေးလိုက်သည်။
“လွယ်ပါတယ်၊ ဟုန်ထောင်ဆိုင်က အကောင်းဆုံး ခဲဆံကို ရှီထောင်ရဲ့ ပုံဆွဲခဲတံပေါ် တပ်လိုက်ပါလား”
ဒါဒါက မတွန့်ဆုတ်ဘဲ ဖြေဆိုလိုက်သည်။
“ဟုတ်တယ် မင်းကိုယ်တိုင်လည်း အကောင်းဆုံးကို ရွေးချယ်သင့်တယ်ဆိုတာ သိသားပဲ ဒါဆို သူဌေးယွမ်ကရော ဘာလို့ မရွေးချယ်နိုင်ရမှာလဲ”
ဝူဟိုင်းသည် ပခုံးတွန့်ကာ ပေါ့ပါးသည့် လေသံဖြင့် ပြောလိုက်သည်။
"ဒါပေမဲ့.."
ဒါဒါသည် အရှုံးမပေးလိုသဖြင့် စကားပြန်ပြောရန် ကြိုးစားသော်လည်း ဝူဟိုင်းသည် ထိုင်ရာမှ ထ၍ တည်ကြည်စွာ ပြောလိုက်သည်။
“‘ဒါပေမဲ့’ ဆိုတာ မရှိဘူး၊ ထူးခြားပြောင်မြောက်တဲ့ အနုပညာကို ရှာဖွေနေတဲ့ ပန်းချီဆရာ တစ်ယောက်အတွက်၊ ပုံဆွဲစက္ကူတစ်ရွက်တောင် မြင့်မားတဲ့ လိုအပ်ချက်တွေရှိနေတယ်၊
စုတ်တံဆို ပိုတောင် မလျော့ချနိုင်ဘူး၊
အစားအသောက်ကို ကိုယ့်အနုပညာလို သတ်မှတ်ထားတဲ့ စားဖိုမှူးတစ်ယောက်အတွက်လည်း ပိုကောင်းတဲ့ ပစ္စည်းရှိနေတာကို မကောင်းတဲ့ဟာတွေကို သုံးရမယ်ဆိုတာ မဖြစ်နိုင်ဘူးလေ”
ဒါဒါသည် စကားမပြောနိုင်ဘဲ ငေးကြည့်နေသည်။
“အကောင်းဆုံးကို လိုက်လံရှာဖွေတတ်တာက အနုပညာသမားတစ်ယောက်ရဲ့ အခြေခံဝတ္တရားပဲ၊ သူဌေးယွမ် အတွက်လည်း အဲဒီလိုပဲ”
ဝူဟိုင်းက ဆက်လက် ပြောဆိုလိုက်သည်။
ဒါဒါမှာ ဘေးဘက်တွင် ခဏရပ်နေပြီး နည်းနည်း အချိန်ယူစဉ်းစားလိုက်သည်။ ထို့နောက် ယွမ်ကျိုးထံသို့ မျက်နှာလှည့်ကာ ရုတ်တရက် ပြောလိုက်သည်။
“တောင်းပန်ပါတယ်”
"ဂရုစိုက်ပါ နောက်မှ ပြန်တွေ့ကြတာပေါ့"
ယွမ်ကျိုးက ဖောက်သည်တစ်ဦး၏ ဟင်းပွဲကို သယ်ဆောင်လာရင်း ဒါဒါကို လှည့်ပြောလိုက်သည်။
"ကောင်းပါပြီ အနှောက်အယှက်ပေးမိခဲ့ပါတယ်"
ဒါဒါက အပြုံးဖျော့ဖျော့လေးဖြင့် တုံ့ပြန်လိုက်သည်။
ထိုအခိုက်အတန့်တွင် သူမ နားလည်သွားသည်။
မိမိ၏ လက်ရာကို အမြဲတမ်း တိုးတက်စေလိုပြီး ဟင်းချက်ရာတွင် အလွန်တိကျလေးနက်သော စားဖိုမှူးတစ်ဦးသည် သဘာဝအတိုင်း ပိုကောင်းသည့် အရသာကို လိုက်လံရှာဖွေမည်ဖြစ်ပြီး မကောင်းသည့် ပစ္စည်းများကို အသုံးပြု၍ ကိုယ့်ကိုယ်ကို လိမ်ညာမည်မဟုတ်။
အကောင်းဆုံး လုပ်နိုင်သည့်အခါတွင်လည်း မည်သည့်အခါမှ ပေါ့ပေါ့ပါးပါး ဆောင်ရွက်မည်မဟုတ်နိုင်ပေ။
ဤသည်မှာ ဒါဒါ၏ ယွမ်ကျိုးအပေါ် နားလည်မှုဖြစ်သည်။
စားသောက်ဆိုင်မှ ထွက်လာပြီးနောက် ဒါဒါသည် နားကြပ်သို့ ပြောလိုက်သည်။
“ဒီတစ်ခါတော့ အတုအယောင်ဖော်ထုတ်တဲ့ လှုပ်ရှားမှု မအောင်မြင်သွားဘူးထင်တယ်”
အသံမှာ သဘာဝကျပြီး ရှုံးသွားသည့် အရိပ်အယောင်မရှိပေ။ ထိုအစား အပျော်အနည်းငယ်စွက်နေသကဲ့သို့ပင်။
ဒါဒါကိုယ်တိုင်လည်း ထိုသဘောထားမျိုးရှိသည်။ ထုတ်လွှင့်မှု့ တစ်ကြိမ်လုပ်တိုင်း အကောင်းဆုံး ရလဒ်ကို ရလိုသဖြင့် အရည်အသွေးအမြင့်ဆုံး ပုံရိပ်ရနိုင်သော အိုလံပတ်စ် မှန်အခုံးကို ဝယ်ယူအသုံးပြုခဲ့သည်။
သို့သော် သူမ၏ အိပ်မက်မှာ ဂျာမနီနိုင်ငံမှ ကားဇက် မှန်အခုံးဖြစ်သည်။ မှန်အခုံးများအနက် အထက်တန်းစား ခေါ်ဆိုနိုင်သည့် အရာဖြစ်ပြီး ပုံရိပ်နှင့် အရောင်တင်ဆက်မှုတို့မှာ အကောင်းဆုံးဖြစ်သည်။
အကျိုးသက်ရောက်မှု အကောင်းဆုံးရရှိရန်သာ ဖြစ်သည်။ ထို့ကြောင့် ဖုန်းဖြင့်သာ တိုက်ရိုက်ထုတ်လွှင့်ရန် ဒါဒါမစဉ်းစားဖူးပါ။
ထိုကြောင့် ယခုအချိန်တွင် ယွမ်ကျိုး၏ ခိုင်မာသည့် သဘောထားကို သူမ နားလည်ကာ လေးစားလာသည်။
ဒါဒါထွက်သွားသော်လည်း စားသောက်ဆိုင်အတွင်း ဖောက်သည်များ၏ အပူတပြင်း ဆွေးနွေးသံများ စတင်လာသည်။
“ဟေး ဝူဟိုင်း မင်း ဘယ်တုန်းက ဒီလောက် သဘောကောင်းသွားတာလဲ၊
ရှီထောင်က စုတ်တံတစ်ချောင်းနဲ့ မင်းလိုအပ်ချက်တွေ ပြည့်စုံသွားပြီလား”
လင်းဟုန်က အရွှန်းဖောက်လိုက်သည်။
“ငါက အမြဲတမ်း သဘောကောင်းနေတာ”
ဝူဟိုင်း သည် မုတ်ဆိတ်တိုကို လက်ဖြင့် ထိကာ ဂုဏ်ယူသည့် လေသံဖြင့် ဆိုလိုက်သည်။
“ဟားဟား အရင်တစ်ခါ ၁၈၀၀၀ ယွမ်တန်တဲ့စုတ်တံကို စိတ်ဆိုးပြီး ဖျက်ဆီးလိုက်တာ ဘယ်သူပါလိမ့်”
လင်းဟုန် ၏အသံသည် လူနားမထောင်ချင်လောက်အောင် စိတ်ညစ်စရာ ဖြစ်သည်။
“မဟုတ်ဘူး ငါမဟုတ်ပါဘူး”
ဝူဟိုင်း သည် တည်ကြည်စွာ ငြင်းဆိုသည်။
“စုတ်တံကို ထားလိုက်ပါဦး အဲဒီကောင်မလေးက စိတ်ဝင်စားစရာ မကောင်းဘူးလား”
စုမူ ၏ မျက်လုံးလှလှများတွင် စူးစမ်းလိုစိတ် များပြည့်နေသည်။
“ဟုတ်တယ် သူဌေးယွမ်ကို မေးခွန်းတွေ အများကြီး မေးနေတယ်”
ဖောက်သည်တစ်ဦးကလိုက်လံထောက်ခံသည်။
“ငါ့အမြင်အရတော့ အဲဒီမှာ လျှို့ဝှက်ရည်ရွယ်ချက် တစ်ခုခု ရှိနိုင်တယ်ကွ”
အခြားဖောက်သည်တစ်ဦးက လှောင်ပြောင်သည့် အပြုံးဖြင့် ဆိုသည်။
“မိန်းမတစ်ယောက်အမြင်နဲ့ ပြောရရင် သူဌေး ရဲ့ဟင်းတွေက အရသာရှိလွန်းတော့ အဲ့ကောင်မလေးက..အဟမ်း ရှင်တို့သိမှာပါ"
မန်မန် က စပ်စုလိုစိတ်အပြည့်ဖြင့် ခန့်မှန်းလိုက်သည်။
“မင်းတို့ အားလုံး စဉ်းစားလွန်နေကြတယ်”
ယွမ်ကျိုးသည် မျက်ခုံးအနည်းငယ် ကြုံ့ကာ တည်ကြည်စွာ ပြောလိုက်သည်။
အကြားအာရုံစူးရှသော သူ၏ နားများကြောင့် ဒါဒါနှင့် ပရိသတ်များ၏ စကားများကို အစမှအဆုံး ကြားခဲ့သည်။ သူမသည်တိုက်ရိုက်ထုတ်လွှင့်သူ တစ်ဦးသာဖြစ်ပြီး ထိုကြောင့် စူးစမ်းမေးမြန်းခြင်း ဖြစ်သည်။
“သူဌေးယွမ်၊ ကျွန်တော်တို့အားလုံး မင်းရဲ့ အိမ်ထောင်ရေးအတွက် စိုးရိမ်နေတာ ဒီကိစ္စကို ဘယ်လိုထင်လဲ”
ယွမ်ကျိုး အနည်းငယ် အားလပ်နေချိန်တွင် စုမူက မေးလိုက်သည်။
“မစဉ်းစားဖူးဘူး”
ယွမ်ကျိုး သည် ပခုံးတွန့်ပြချင်သော်လည်း ပုံရိပ်ထိန်းသိမ်းရန် သူ့ကိုယ့်သူ ထိန်းထားလိုက်သည်။
ဝူဟိုင်းအား ရိုက်ချင်စိတ်ကို ထိန်းထားသည့် အကြိမ်တိုင်းလည်း ထိုကဲ့သို့ပင်။
“တကယ်တော့ ငါ့မှာ အကြံကောင်းတစ်ခု ရှိတယ်”
ဝူဟိုင်းသည် ရုတ်တရက် အတွေးတစ်ခု ပေါ်လာသကဲ့သို့ ပြောလိုက်သည်။
“ဘာအကြံလဲ”
မန်မန်သည် လိုက်လံပူးပေါင်းသကဲ့သို့ စိတ်ဝင်စားစွာ မေးလိုက်သည်။
ဝူဟိုင်းသည် ချက်ချင်း မဖြေဘဲ မန်မန်နောက်ဘက် မြေပြင်ကို လက်ညှိုးညွှန်ကာ ပြောလိုက်သည်။
“မန်မန်၊ မင်းပိုက်ဆံ ကျသွားပြီ”
“ဟမ် တကယ်လား”
မန်မန်သည် ချက်ချင်း နောက်ပြန်လှည့်ကြည့်လိုက်သည်။
ချောမွတ်သန့်ရှင်းသည့် မြေပြင်ပေါ်တွင် ၁၀ ယွမ်တန် ငွေစက္ကူတစ်ရွက် အမှန်တကယ် ရှိနေသည်။ သူမသည် မတွန့်ဆုတ်ဘဲကောက်ယူလိုက်သည်။
“ဟုတ်တယ်၊ မင်းဟာ”
မန်မန်ကောက်ယူနေစဉ် ဝူဟိုင်းသည် အတည်ပြုသည့် လေသံဖြင့် ပြောလိုက်သည်။
“ကျေးဇူးပါ”
မန်မန်သည် အလေ့အကျင့်အတိုင်းကျေးဇူးတင်လိုက်သည်။
“မြင်လား သူဌေးယွမ် မိန်းကလေးတွေကို ဒီလိုလိုက်ရတယ်"
မန်မန်ငွေကို ကောက်ယူလိုက်သည်ကို မြင်ရသဖြင့် ဝူဟိုင်းသည် စိတ်လှုပ်ရှားစွာ ယွမ်ကျိူး ထံသို့ ပြောလိုက်သည်။
သို့သော် ထိုမြင်ကွင်းကို မျက်မြင်တွေ့ခဲ့သော လင်းဟုန်နှင့်စုမူတို့၏ မျက်နှာပေါ်တွင်
“ငါတို့မင်းကို မသိဘူး” အမူအရာသာ ပေါ်နေသည်။
“သူဌေးယွမ်၊ မိန်းကလေးတစ်ယောက်ကို မင်းပိုက်ဆံ ကျသွားတယ်လို့ ပြောလိုက်ရင် သူက သဘာဝအတိုင်း ကောက်မှာပဲ မင်းသဘောကျတဲ့ မိန်းကလေးရှိရင်လည်း တိုက်ရိုက်သာ သွားပြောလိုက်၊
‘မင်းရဲ့ ချစ်သူလည်း မြေပေါ်ကျသွားပြီ’ ဆိုပြီး အဲဒီလိုဆိုရင် လွယ်လွယ်နဲ့ မင်းရဲ့ ချစ်သူဖြစ်လာနိုင်မှာပဲ”
ဝူဟိုင်းသည် အလွန် စိတ်လှုပ်ရှားစွာ ပြောဆိုနေသည်။
သူ၏ မျက်နှာပေါ်တွင် ထင်ရှားနေသော ဂုဏ်ယူသည့် အမူအရာကြောင့် ထိုအကြံသည် အလွန် ပြောင်မြောက်သည်ဟု မိမိဘာသာ ယုံကြည်နေကြောင်း သိသာလှသည်။
အမှန်အားဖြင့် ၁၀ ယွမ်တန် ငွေစက္ကူကို မန်မန်သတိမထားစဉ် ဝူဟိုင်းကိုယ်တိုင် ပစ်ချထားခြင်းဖြစ်သည်။
ထို့နောက် သူမကို လိမ်ညာကာ ကောက်စေပြီး ထိုနည်းလမ်းကို ယွမ်ကျိုး ထံ ပြသရန်ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။
အမှန်တကယ်ကို သူ၏ စိတ်ကူးအတွက်အားထုတ်မှု မနည်းခဲ့ပါ။
“မင်းကိုယ်တိုင် သုံးဆယ်ကျော် လူပျိုကြီး လုပ်လာပြီးမှ သူဌေးယွမ်ကို မိန်းကလေးလိုက်နည်း သင်ပေးရဲတဲ့ ယုံကြည်မှုကတော့ကွာ"
လင်းဟုန်မှာ မထိန်းနိုင်တော့ဘဲ အော်ရယ်မိတော့သည်။
“အဟမ်း အဟမ်း ဟင်းတွေ ပြင်ဆင်ရတော့မယ်”
ယွမ်ကျိူးက ခပ်တည်တည်ဖြင့် ပြောလိုက်သည်။ သူ၏ မျက်နှာပေါ်တွင် ဘာမှ မဖော်ပြသော်လည်း အတွင်းစိတ်ကို မည်သူမှ ခန့်မှန်းနိုင်ခြင်းမရှိပေ။
ထို့နောက် ဝူဟိုင်းသည် လင်းဟုန်နှင့်စုမူ တို့၏ တစ်လှည့်စီ လှောင်ပြောင်မှုကို အတော် ခံရသည်။
လိမ်ညာခံခဲ့ရသော်လည်း မန်မန်သည် လက်ထဲရှိ ၁၀ ယွမ်တန် ငွေစက္ကူကို ကိုင်ထားဆဲဖြစ်ကာ ထိုအကြံသည် လက်တွေ့မကျကြောင်း ပြောဆိုသော်လည်း စိတ်ထဲတွင် ပျော်ရွှင်နေဆဲ ဖြစ်သည်။
ယွမ်ကျိုး
အပိုင်း (၄၅၀)
ပြီးပါပြီ။