အခန်း (၄၄၁-၄၄၂)
Vol. 35 Ch. 441-442
ယွမ်ကျိုး စာစဉ်(၃၅)
အပိုင်း(၄၄၁ မှ ၄၅၀)
၄၄၁ မှ ၄၄၅
ယွမ်ကျိုး အပိုင်း (၄၄၁)
ယွမ်ကျိုးက မနက်၅နာရီတွင် အမြဲထလေ့ရှိသည်။သူက အားကစား၀တ်စုံကိုလဲ၀တ်ပြီး အနှေးပြေးရန် အောက်ထပ်ကို ဆင်းလာလိုက်သည်။
ယခုချိန်တွင်သူ့၏ ခန္တာကိုယ် ကြံ့ခိုင်မှု့က ပိုပိုပြီး အားကောင်းလာခဲ့သည်။ သူကဓါးကို ကိုင်မြှောက်သည့် အချိန်များတွင်တောင် ပေါ့ပေါ့လေးသာခံစားရပေသည်။
ဓါးက အနည်းငယ် လေးသော်လည်း ထိုပုံစံက သူ့ကို ဆွဲဆောင်မှု့တိုးစေသည်။ထို့ကြောင့် ယွမ်ကျိုးက လေ့ကျင့်ခန်း မပျက်မကွက်လုပ်ရန် စိတ်ပိုင်းဖြတ်ထားသည်။
ပြန်ရောက်၍ ဆေးကြောသန့်စင်ပြီးနောက်
မှန်ထဲက ကိုယ့်ပုံရိပ်ကို ကြည့်ရင်း ယွမ်ကျိုးမှာ အတော်လေးသဘောကျနေသည်။
"ဆံပင်က ပုံစံကျပြီး သပ်ရပ်တယ်"
ယွမ်ကျိုးက ခေါင်းတငြိမ့်ငြိမ်ဖြင့် သူ့၏ ဆံပင်စတိုင်ကို သေသေချာချာ ကြည့်ရူစစ်ဆေးနေသည်။
"ငါ့အသားအရည်ကလည်း စိုပြေပြီး ကျန်းမာ နေတယ်"
ယွမ်ကျိုးက မျက်နှာကို ပွတ်သပ်ကာ ကျေနပ်မှု့အပြည့်ဖြင့် ခေါင်းငြိမ့်ရင်း မှတ်ချက်ချလိုက်ပြန်သည်။
ထို့နောက် အကျီလှန်ကြည့်ပြီး ဂုဏ်ယူဟန်ဖြင့်
"ခန္တာကိုယ်လည်း တောင့်ပြီး ဗိုက်ကြွက်သားတောင်ရှိသေးတယ် ချီးကျူးဖို့ကောင်းလိုက်တာကွာ"
ကို့ယ့်ကိုကိုယ် ချီးကျူးပြီးသည့်နောက်တွင်အခန်းထဲသို့ ပြန်၀င်ကာ ယနေ့
အ၀တ်အစားကို စတင်ရွေးချယ်တော့သည်။
ယွမ်ကျိုးက ဟန်ရိုးရာ ၀တ်စုံအများအပြားမှာယူထားပြီး အများစုမှာ သူ့ဆိုင်တံဆိပ် ဖြစ်သည့် အနက်ရောင် ကြာပန်း ပန်းထိုးအလှဆင်များဖြစ်သည်။
"ဒီနေ့က ဒါပဲ၀တ်မယ်"
ယွမ်ကျိုးက ဟန်၀တ်စုံတစ်စုံကို ရွေးထုတ်လိုက်သည်။
ထို၀တ်စုံမှာ လက်အနားသတ်တွင် ငွေရောင်သတ်ထားသည့် နက်ပြာရောင် ကြာပန်းပန်းထိုးဆင်များ၊ လည်ပင်းတစ်ဝိုက်တွင် ကြာရွက်သဏ္ဍာန်ငယ်များ ၊နှင့် ခါးပတ်တွင် ပန်းနွယ်ပန်းခက်များဖြင့် အလှဆင်ထားသည့် နက်စိမ်းရောင် ၀တ်စုံဖြစ်လေသည်။
ယွမ်ကျိုးသည် အဝတ်အစားကို အလွန်ဂရုတစိုက်ရွေးချယ်ရခြင်းမှာ ယနေ့မွန်းလွဲပိုင်းတွင် ရိုက်ကူးရေးအချိန် ရှိသောကြောင့် ဖြစ်သည်။
ဆွဲဆောင်မှု့ရှိသည့် မင်းသားလေး တစ်ဦးအနေဖြင့် သူ ၏ အရှိန်အဝါကို ထိန်းထားရပေမည်။ တကယ်တမ်းမှာ သူသည် ရိုက်ကူးရေးကို စိတ်မဝင်စားလှပေ။
မနက်စာအချိန် တစ်နာရီအတွင်းတွင် ယွမ်ကျိုး၏ ခန့်ညားနေမှု့ကြီးအား မည်သူမျှစိတ်ထဲမရှိကြနိုင်။
စားသောက်သူများအတွက် အစားအစာအရသာကသာ အရေးကြီးဆုံး ဖြစ်သည်။
နေ့လည်အချိန်မှသာ လူတိုင်း၏ အာရုံကို သူ၏ အဝတ်အစားအသစ်က ဆွဲဆောင်နိုင်ခဲ့သည်။
“သူဌေးယွမ် ဒီနေ့ အရမ်း ချောမော နေပါလား ကျွန်တော်လို အိမ်ထောင်ဖက်ရှာတော့မလို့လား”
ရှင်းမင်က ကြည့်ကောင်းသည့် မက်မွန်သီးပုံသဏ္ဍာန်မျက်လုံးလှလှများဖြင့် မျက်စိမှိတ်ပြကာ စနောက်လိုက်သည်။
“အချိန်မဖြုန်းနဲ့တော့ မင်းလောက် ချောရင် မိန်းကလေးတွေက စိတ်မချလို့ရွေးမှာမဟုတ်ဘူး”
နှုတ်ခမ်း မွှေးငုတ်တိုကို ထိုင်ပွတ်နေသည့် ဝူဟိုင်းက စုမုကို ချက်ချင်းဆန့်ကျင့်လိုက်ပြီး နောက် ယွမ်ကျိုးဘက်လှည့်ကာ ကြောက်စရာကောင်းသည့် အပြုံးဖြင့်
“သူဌေးယွမ်လည်း အိမ်ထောင်ဖက် ရှာတော့မလို့ထင်တယ်”
“တစ်ကိုယ်တည်းသမားတွေကို နှစ်ပေါင်းများစွာ အကဲဖြတ်လာတဲ့ ကျွန်တော့် ရဲ့ ထူးချွန်တဲ့ အတွေ့အကြုံအရ သူဌေးယွမ် ကအခုထိ လူပျိုစစ်စစ်ဖြစ် နေတုန်းပါပဲ”
လင်းဟုန်က မရှိသည့် မျက်မှန်ကို အပေါ်သို့ ပင့်တင်ရင်း ပြောလိုက်သည်။
“မင်း သိတာ များလှပါလား”
ဝူဟိုင်က လင်းဟုန်ကို စိုက်ကြည့်လိုက်သည်။
“မင်းလည်း နှစ်ပေါင်းများစွာ လူပျိုပဲမဟုတ်လား”
လင်းဟုန်ကလည်း အားကျမခံ ချက်ချင်း ပြန်ပက်လိုက်သည်။
"အဲဒါ့ မင်းရဲ့ သောက်ကျိုးနည်း အလုပ်လား"
ဝူဟိုင်းက ပြန်မပြောဘဲ မနေနိုင်တော့ပေ။
လင်းဟုန် ၏ စကားများက သူ၏ ဆွဲဆောင်မှုကို သံသယဝင်ခြင်းဖြစ်သဖြင့် ဂုဏ်သတင်းကို ကာကွယ်ရမည်ဖြစ်သည်။
“ခင်ဗျား မှန်တယ် ကျတော်လည်းအတူတူပါပဲ”
ယွမ်ကျိုးက ခေါင်းညိတ်ကာ လိုက်လံဖြည့်စွက်သည်။
“ငါ့ကို မိန်းကလေးတွေ အတော်ကြိုက်ကြတယ်” ဟူသော အရှက်မဲ့စကားများအား မိမိဘာသာ ထုတ်ပြောဖို့ကို သူ အတော်လေးရှက်နေမိသည်။ တခြားသူများက လာ၍ ချီးမွမ်းလျှင် သူက အဆင်ပြေပြေ လက်ခံလိုက်ပေမည်။
ထိုသို့ဖြင့် စကားဝိုင်းသည် အဝတ်အစားအကြောင်းမှ အခြားအကြောင်းအရာများသို့ ပြောင်းလဲသွားပြီး နေ့လည်အချိန်လည်း မြန်မြန်ကုန်ဆုံးသွားသည်။
ယွမ်ကျိုးသည် ထိုင်ခုံပေါ်တွင် ထိုင်ရင်းအဝတ်အစားကို သပ်ရပ်စွာ လက်ဖြင့် ပြန်ညှိ နေသည်။ ထို့နောက် ချိန်းဆိုထားသည့် အချိန်တွင် ရိုက်ကူးရေးအဖွဲ့ ရောက်လာရန် စောင့်နေသည်။
သို့သော် အထူးတလည် နောက်ကျမှလာသော စားဖိုမှူးကျန်း သည် ထိုအဖွဲ့ထက် စောရောက်လာသည်။
ဖုန်းကို ကိုင်ကာ မြေပုံကို သေချာကြည့်ပြီး “ ထောင်ရှီလမ်း အမှတ် ၁၄၊ ဒီနေရာပဲ ဖြစ်ရမယ်” ဟု ရေရွတ်လိုက်သည်။
စားဖိုမှူးကျန်းသည် နေရာသို့ တကယ်ရောက်လာမှသာ ယွမ်ကျိုး၏ စားသောက်ဆိုင်ကို ခေါင်းမော့ပြီး သေချာစွာ ကြည့်ရှုလိုက်သည်။
ယွမ်ကျိုး၏ စားသောက်ဆိုင်သည် ယခင်က လူသူတိတ်ဆိတ်သော လမ်းကြားလေးထဲတွင် တည်ရှိသော်လည်း ယခုတော့ လူများကာအသက်ဝင်နေပြီ ဖြစ်သည်။ အရင်ဆိုင်များထဲမှ ယနေ့အထိ ကျန်ရှိနေသည်မှာ သူဌေးလျု၏ ဟာ့ဒ်ဝဲစတိုးဆိုင်၊ သူဌေးတုန်၏ အဝတ်လျှော်ဆိုင်နှင့် ယွမ်ကျိုး စားသောက်ဆိုင်သာ ဖြစ်သည်။
အခြားဆိုင်များမှာ ယွမ်ကျိုး၏ စားသောက်ဆိုင် ဖွံ့ဖြိုးလာပြီးနောက်မှ ပြန်လည်ဖွင့်လှစ်ထားခြင်းဖြစ်သည်။
ဆိုင်သုံးဆိုင်သည် အချိန်ကြာရှည်တည်ရှိခဲ့သဖြင့် ဆိုင်းဘုတ်များက အဟောင်းဆုံး ဖြစ်နေကာ ပစ္စည်းများသာ မပြောင်းဘဲ လူများ သာပြောင်းသွားသကဲ့သို့ ထင်မြင်စရာ ဖြစ်နေသည်။ သို့သော် စားဖိုမှူးကျန်းအတွက် သူသည် ယခုလိုအပြောင်းအလဲများကို ကိုယ်တိုင် မကြုံဖူးသေးသောကြောင့် မည်သို့မျှမခံစားရပါ။
သူ ခံစားရသည်မှာ ယွမ်ကျိုး၏ စားသောက်ဆိုင်သည် ဆိုင်းဘုတ်တောင် မရှိဘဲ နိမ့်ကျလွန်းသည်သာ ဖြစ်သည်။
“ဆိုင်းဘုတ်တောင် မရှိဘူးဆိုတာ အံ့ဩစရာပဲ လမ်းဘေးသူတောင်းစားတောင် ကိုယ့်အကြောင်းကိုယ်ရေးပြီး လူတွေ့ရဲ့ စာနာမှု့ရအောင် လုပ်တတ်သေးတယ်
ဒီဆိုင်ကတော့ ဆိုင်းဘုတ်တောင် မတင်ဘူးတဲ့ အံ့ဩပါ့”
စားဖိုမှူးကျန်းသည် အေးစက်စက်ဖြင့်နှုတ်ခမ်းမဲ့လိုက်သည်။
သူသည် ဆိုင်ကို ထပ်မံကြည့်လိုက်သည်။ တံခါးအပြင်ဘက်တွင် သစ်သားစင်တစ်ခု ရှိပြီး အပေါ်တွင် ဘာမှမထားရှိထားပေ။ စင်အနောက်ဘက်တွင် ဖန်နံရံတစ်ခုရှိကာ အတွင်းပိုင်းကို ထင်ရှားစွာ မြင်နိုင်သည်။
မီးဖိုခန်းသည် အလွန်အတွင်းကျကျနေရာတွင်ရှိပြီး အရာအားလုံး စနစ်တကျ ရှိနေသည်။ အပြင်မှကြည့်လျှင် သန့်ရှင်းသပ်ရပ်နေသည်။
ညာဘက်တွင် လူနှစ်ယောက်ထိုင်ရန် စားပွဲတစ်လုံးနှင့် ထိုင်ခုံရှစ်လုံးပါသော စားပွဲ
၀ိုင်းရှည်တစ်လုံး ရှိသည်။
အခြားဘက်တွင် ရှုခင်းနံရံတစ်ခုရှိပြီး အတွင်းတွင် ပန်းရောင်ပွင့်ချပ်လွှာများ လှုပ်ရှားနေသကဲ့သို့ ထင်ရသည်။
“ဆိုင်က ကျဉ်းလွန်းတယ် ထိုင်ခုံတွေလည်း သေးလွန်းတယ် ဒီလိုနေရာမျိုးမှာ ဘာအရသာကောင်းတဲ့ ဟင်းလျာတွေ လုပ်နိုင်မှာတဲ့လဲ”
စားဖိုမှူးကျန်းသည် ယွမ်ကျိုး၏ စားသောက်ဆိုင်ကို ကဲ့ရဲ့ ပြောဆိုလိုက်သည်။
သူ၏ အမြင်အရ လက်ရာကောင်းသည့် စားဖိုမှူးများသည် ငွေမလုံလောက်စရာ မရှိကြ ပေ။ ယခုလိုနေရာမှ စားဖိုမှူးဆိုသူသည် လက်ရာကောင်းမရှိသူ ဖြစ်ရမည်ဟု ထင်သွားသည်။
“ဒီနေရာထိ ရောက်လာပြီဆိုတော့ စားဖိုမှူးရဲ့ လက်ရာ ဘယ်လောက် ဆိုးရွားလဲ ကိုယ်တိုင်မြင်ရအောင် ကြည့်မှ ရတော့မယ် အမြင်ကျယ်ရတာပေါ့”
စားဖိုမှူးကျန်းသည် ဂုဏ်ယူသံဖြင့် ပြောကာ သက်သောင့်သက်သာဖြင့် ဆိုင်အတွင်းသို့ ဝင်လာသည်။
“တောင်းပန်ပါတယ် မနက်စာအချိန် ပြီးဆုံးသွားပါပြီ ညနေမှ ပြန်လာပေးပါဗျ”
ယွမ်ကျိုးသည် သူကို ဖောက်သည်အသစ် ထင်ကာ ယဉ်ကျေးစွာ ပြောပြသည်။
“ငါကကျင်ရွှမ်ငန်းကင်စားသောက်ဆိုင်ရဲ့ ဦးစီးစားဖိုမှူးကျန်းပါ ဒီမှာ ငန်းသားကင် အရသာကောင်းတယ်လို့ ကြားထားလို့ စမ်းစားကြည့်ချင်လို့ပါ”
စားဖိုမှူးကျန်းသည် ယွမ်ကျိုး၏ စကားကို လုံးဝဂရုမစိုက်ဘဲ ကိုယ်တိုင်မိတ်ဆက်ကာ ငန်းသားကင်ကို ချက်ခိုင်းရန် ပြင်ဆင်သည်။
သူ့အမြင်တွင် ယဉ်ကျေးစွာ ပြောသည် ထင်သော်လည်း ယွမ်ကျိုး၏ မျက်စိထဲတွင်တော့ အကြွားအဝါနှင့် မောက်မာသည့်သဘောများ ပြည့်လျှံနေသည် မြင်မိသည်။
ဂုဏ်တုဂုဏ်ပြိုင်အပိုင်းတွင် ယွမ်ကျိုးသည်လည်း သူများထက် မလျော့သူ ဖြစ်သည်။ ထိုစကားကြားသည့်အခါ သူသည် အေးစက်စွာ ပြန်ဆိုလိုက်သည်။
“တောင်းပန်ပါတယ် မကြားဖူးပါဘူး ဆိုင်ဖွင့်ချိန်မဟုတ်ရင် ဖောက်သည် မလက်ခံပါဘူး”
“ဟားဟား ကောင်ကလေး ငါ့ကို မကြားဖူးဘူးဆိုပြီး ဟန်ဆောင်တာ အကျိုးမရှိဘူးနော်
ဒီသခင်ကြီးက ဘဝတစ်လျှောက်လုံး ငန်းသားကင်ပဲ ကင်လာတာ တစ်ခါမှ မရှုံးဖူးဘူး မင်းက ငါ့အဆင့်ကို ရောက်ဖို့ မမှီသေးပါဘူးကွာ အမြန် ငန်းသားကင်သာ လာပေးစမ်းပါ”
စားဖိုမှူးကျန်းသည် မျက်လုံးထဲတွင် အလွန်မာန်တက် နေသည့် အမူအရာနှင့်အတူ ဟိတ်ဟန်အပြည့်ဖြင့် ပြောလိုက်သည်။
“ခင်ဗျား ကိုထွက်သွားပါလို့ ပြောနေတယ် လေ ဒီမှာ ဘာငန်းသားကင်မှ မရှိဘူး”
ဒီတစ်ကြိမ်တွင် ယွမ်ကျိုးက အတော်လေးမျက်မှောင်ကြုပ်နေပြီဖြစ်သည်။
ထိုသူ့၏သဘောထားကို ဘေးဖယ်လိုက်လျှင်တောင်မှ ပြီးပြည့်စုံမှုကို အမြဲကျင့်သုံးနေသည့် ယွမ်ကျိုးအတွက် မိမိ၏ အထူးငန်းသားကင် မပြီးပြည့်စုံသေးသည့်အချိန်တွင် ချက်ပြုတ်ပေးရန် လုံးဝ မဖြစ်နိုင်ပေ။
ထို့ပြင် စားဖိုမှူးကျန်း၏ အပြုအမူသည် ကမ္ဘာပေါ်တွင် ကောင်းကင်နှင့် မြေကြီးနောက်တွင် သူသာ ရှိသကဲ့သို့ ဂုဏ်ယူမာန်တက်နေသည်။ အသက်ကြီးသော်လည်း ယွမ်ကျိုး၏ မျက်စိထဲတွင် မာန်တက်နေသော လူရူးတစ်ယောက်သာ ဖြစ်သည်။
"ကောင်လေးကြောက်သွားပြီလား မနေ့က မင်းလူတွေကို ငါ့ဆိုင်ထဲ လာအကဲဖြတ်ခိုင်းတုန်းက ရော ဘာလို့ မကြောက်ခဲ့တာလဲ”
စားဖိုမှူးကျန်းက မျက်လုံးပြူးကာပြန်ပြောသည်။
သူ့အမြင်တွင် မနေ့က လာခဲ့သည့် ဝူကျိုးနှင့် ကျွမ်းရှင်းမူတို့သည် ယွမ်ကျိုး၏ လှုံ့ဆော်မှုကြောင့် လာရောက်စမ်းသပ်ခြင်း ထင်ထားသည်။ထိုကိစ္စမှာ ယောင်ကျင်း အကြံပြုမှုဖြစ်ကြောင်းကိုတော့ မေ့ထားပြီး ဖြစ်သည်။
“ထွက်သွားပါ”
ယွမ်ကျိုးသည် ထိုင်ရာမှ ထရပ်ကာ မျက်ခုံးများတွန့်ချိုးလျက် အလေးအနက် ပြောလိုက်သည်။
“အဲ့လို ခြိမ်းခြောက်တာ ငါ့အပေါ် မသက်ရောက်ဘူးကွ အရည်အချင်းမရှိရင် မင်း အမေရဲ့ ဗိုက်ထဲ ပြန်ဝင်ပြီး ထပ်လေ့ကျင့်လိုက်ဦး”
စားဖိုမှူးကျန်းသည် ခြိမ်းခြောက်မှု့ကိုမကြောက်ပဲ ပြန်အော်လိုက်သည်။
“အမေ့ရဲ့ ဗိုက်ထဲ ပြန်ဝင်ရမယ် တဲ့လား”
ယွမ်ကျိုး၏ စားဖိုမှုးကျန်းကို ကြည့်သည့် အကြည့်များက ဓါးတစ်ချောင်းလို စူးရှနေသည်။
“ဟုတ်တယ် အမေ့ဗိုက်ထဲ ပြန်ဝင်ပြီး မင်းလက်ရာကို ထပ်လေ့ကျင့်လိုက်”
စားဖိုမှူးကျန်းသည် အရပ်မမြင့်သော်လည်း အမူအရာ မပြောင်းဘဲ ခြေတစ်လှမ်း ထပ်တိုးကာ မာန်တက်စွာ ပြောပြန်သည်။
“ကောင်းပြီလေ ငန်းသားကင် စားချင်တာပေါ့ ဟုတ်လား ပြန်သွားပြီး စောင့်နေလိုက် မနက်ဖြန် နေ့လယ် ၁၂ နာရီ တိတိ ပြန်လာခဲ့” ယွမ်ကျိုး၏ ကျောသည် ဖြောင့်တန်းနေပြီး အကြည့်များက လူသတ်ချင်သည့် အရိပ်အငွေ့ အပြည့် ဖြစ်နေသည်။
မိဘများသည် ယွမ်ကျိုး၏ နှလုံးသားထဲတွင် မထိသင့်သည့် နေရာဖြစ်သည်။ ယခု စကားဖြင့် စော်ကားခံရသည့်အခါ သူ၏ ဒေါသအားလုံးကို စုစည်းကာ စားဖိုမှူးကျန်းအပေါ် တိုက်ရိုက် ဖိနှိပ်လိုက်သည်။
စားဖိုမှူးကျန်း အနည်းငယ် ထိတ်လန့်သွားသည့်အခါ ယွမ်ကျိုးသည် အေးစက်စွာ ထပ်မံ ပြောလိုက်သည်။
“ဟုတ်ပြီ ပိုက်ဆံ ယူလာဖို့ မမေ့နဲ့ဦး ငန်းကင် ကဈေးကြီးတယ် မတတ်နိုင်ဘူးဆိုရင် စိတ်မကောင်းပါဘူး”
ယွမ်ကျိုး
အပိုင်း (၄၄၁)
ပြီးပါပြီ။
ယွမ်ကျိုး အပိုင်း (၄၄၂)
ယွမ်ကျိူးက ဖိနှိပ်ချုပ်ချယ်လိုသော အရှိန်အဝါဖြင့် စားဖိုမှူးကျန်းကို ရင်ဆိုင်လိုက်သည်။
သို့ရာတွင် စားဖိုမှူးကျန်းက"ဟွန့်"ခနဲ နှုာခေါင်းတစ်ချက် ရှုံ့ကာ စကားတစ်လုံးမှမဆိုပဲ လှည့်ထွက်သွားတော့သည်။
ယွမ်ကျိုးမှာ အသက်ပြင်းပြင်းရှူကာ စိတ်ထိန်းလိုက်ရသည်။
စားဖိုမှူးကျန်း ထွက်သွားချင်းပင် ဖုန်းသံက အချိန်အခါမကိုက်စွာ မြည်လာသည်။
ဒေါသတကြီးဖြင့်ဖုန်းထုတ်ကြည့်သော် "တပည့်" စခရင်ပေါ်မှာ မြင်လိုက်ရသည်။
"ဘာလဲကွ မင်းတို့လည်း တစ်နေ့လေးတောင်ငါမရှိလို့ မရဘူးလားကွာ၊ဦးနှောက်မရှိတဲ့ ကောင်တွေ"
စားဖိုမှူးကျန်းမှာ စိတ်အခြေအနေမကောင်းနေ၍ မည်သည့် စကားကောင်းများ ပြောထွက်နိုင်မည်နည်း။
"မဟုတ်.. မဟုတ်ပါဘူး ဆရာ၊တစ်ခုလောက် အစီရင်ခံစရာ ရှိလို့ပါ"
တစ်ဖက်မှ အသံက ဂရုတစိုက် ပြန်လည်တုံ့ပြန်သည်။ ယင်းအသံမှာ မနေ့က ဖုန်းဆက်ခဲ့သော လူ၏ အသံပင် ဖြစ်သည်။
မနေ့က ဖုန်းဆက်စဉ်တွင် တစ်ခါ အဆူခံခဲ့ရပြီး၊ ယနေ့လည်း ထပ်မံ အဆူခံရပြန်လေပြီ။
“ပြောစမ်း လူကြီးတစ်ယောက်ဖြစ်ပြီး ဘာတွေ ထစ်အထစ်အ ဖြစ်နေတာလဲ”
စားဖိုမှူးကျန်းက ထုံးစံအတိုင်း ဆူပူလိုက်သည်။
“ဆရာ အဲဒီ စားသောက်ဆိုင်ကို သွားနေပြီမဟုတ်လား၊ကျွန်တော်တို့ စုံစမ်းပြီးသွားပါပြီ” တဖက်မှ လူက စိုးရိမ်သံဖြင့် ပြန်ဖြေသည်။
“ဟုတ်တယ် မင်းဘာသိလာလို့လဲ ငါ ဒီမှာမနက်ဖြန် ငါ့အတွက် အဲဒီ ကောင်စုတ်လေး ငန်းကင် လုပ်ပေးမှာကို စောင့်နေတာ”
စားဖိုမှူးကျန်းက မဖုံးမကွယ်ပဲ ပြောလိုက်သည်။
“ဆရာ တကယ်တော့ အဲဒီဆိုင်က ဒီရပ်ကွက်ထဲမှာ နာမည်ကောင်းရှိတယ်လို့ သိရပါတယ်၊ မကြာသေးခင်က တီဗီထဲမှာလည်း ပါခဲ့ပါတယ် စားဖိုမှူးကလည်း တကယ် ကျွမ်းကျင်တဲ့သူလို့ ပြောကြပါတယ် ကျွန်တော်တို့ တစ်ခုခု လုပ်ဆောင်ဖို့ လိုမလားဆို...”
တဖက်မှ လူသည် စိုးရိမ်သံဖြင့် ပြောနေစဉ် စကားဖြတ်ခံလိုက်ရသည်။
“မင်းတစ်ယောက်တည်းပဲ ထက်မြက်တယ်ထင်လား ငါက အဲဒါကို မစုံစမ်းထားဘူးလို့ထင်နေလား”
စားဖိုမှူးကျန်းက ထေ့ငေါ့လိုက်သည်။
တပည့်က ပြန်ပြောရန် အခွင့်မရမီ၊ စားဖိုမှူးကျန်းက ဆက်လက်၍
“သူ့မှာ လက်ရာကောင်းရှိတယ်ဆိုတာ သိတယ် ဒါ့အပြင် သူ့မိဘနှစ်ယောက်လုံး ကွယ်လွန်ပြီးသားဆိုတာလည်း သိတယ် သူ့ဆီမှာ ငါ့ကို ကျော်တက်နိုင်မယ့် အခွင့်အရေး ဆိုတာ မရှိဘူးကွ”
မာန်တက်စွာ ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ ဆရာ ထပ်မနှောင့်ယှက်တော့ပါဘူး”
တပည့်က ဖုန်းတစ်ဖက်မှ မျက်မှောင်ကြုံ့လျက် ယဉ်ကျေးစွာ ပြန်ဖြေသည်။
“အင်း သွားတော့”
စားဖိုမှူးကျန်းသည် ရိုင်းပြစွာ ပြောပြီး ဖုန်းချလိုက်သည်။
“ဟမ့် နာမည်မရှိတဲ့ ကောင်လေးတစ်ယောက်ပါပဲ”
ထပ်မံ စုတ်သပ်ကာ ယွမ်ကျိုးစားသောက်ဆိုင်ဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ချက်ချင်း ထွက်ခွာသွားသည်။
စားဖိုမှူးကျန်း ပြဿနာရှာပြီး ထွက်သွားချိန် မကြာခင်ကမှ ရောက်ရှိလာသော တင်ဆက်သူလုမှာတော့ အနည်းငယ် အံ့အားသင့်ကာ တုန်လှုပ်နေမိသည်။
“သူဌေးယွမ်၊ ပြင်ဆင်ရမယ့် အလုပ်တွေ အကုန်ပြီးသွားပါပြီ အခု စကြမလားဗျာ”
တင်ဆက်သူလုက မေးလိုက်သည်။
ယနေ့ ယွမ်ကျိုးထံမှ ထွက်ပေါ်နေသော အရှိန်အဝါသည် ထူးထူးခြားခြား ပြင်းထန်လွန်းသဖြင့် သူ၏နှလုံးသားထဲတွင် အနည်းငယ် ဖိအားခံစားနေရလေသည်။
“ကောင်းပြီ”
ယွမ်ကျိုး ခေါင်းညိတ်ကာ ဝတ်ထားသော အဝတ်အစားကို ပေါ့ပါးစွာ တစ်ချက် ပြုပြင်လိုက်သည်။
ယနေ့ သူ ဝတ်ဆင်ထားသည်မှာ ခမ်းနားလှပသော ဟန်ဖူရိုးရာအဝတ်အစား ဖြစ်သည်။ ထို့အပြင် နေ့စဉ် လေ့ကျင့်ခန်းပြုလုပ်လေ့ရှိသောကြောင့် ကိုယ်ဟန်ကကျစ်လျစ်ခံ့ညားလှ၏။
တည်ငြိမ်သည့် သဘောထား၊တင်းမာခက်ထန်ပြီး ဖြောင့်တန်းစွာ ရပ်နေသည့် ကိုယ်ဟန်တို့ ပေါင်းစပ်သွားရာ ယွမ်ကျိုး၏ အရှိန်အဝါသည် ထပ်မံ မြင့်တက်သွားလေသည်။
“အင်း ကောင်းပြီ စပါပြီနော်”
တင်ဆက်သူ လုက ပြောလိုက်သော်လည်း စိတ်အတွင်း၌ အနည်းငယ် မလွယ်ကူသကဲ့သို့ ခံစားနေရသည်။
မနေ့ကပင် ပုံမှန်ပဲ ထင်ရသော်လည်း တစ်ရက်အကြာ ယနေ့တွင် ဓားအိမ်မှ ထုတ်လိုက်သော သစ်လွင်သော ဓားတစ်ချောင်းကဲ့သို့ တောက်ပစူးရှလှသည်။
သို့ရာတွင် ဤပုံသဏ္ဍာန်သည် မိန်းကလေးငယ်များ၏ အကြိုက်နှင့် ကိုက်ညီလှ၏။
ချက်ချင်းပင် အေးစက်ချောမောသော မင်းသားလေး၏ပုံရိပ်က ထင်ဟပ်လာသည်။
ယနေ့ ယွမ်ကျိုး ပြင်ဆင်မည့် ဟင်းနှစ်မျိုးမှာ ကျင်လင်ဆေးဖက်၀င်ဟင်းနှင့် ရှူးရှဲ၀က်သား တောက်တောက်ကြော်တို့ ဖြစ်ပြီး သူ့အတွက် လွယ်ကူသက်သာလှသည်။
ယခင်ကဲ့သို့ပင် တင်ဆက်သူလုက တင်ဆက်မှု့ကို စတင်လိုက်သည်။
“မင်္ဂလာပါ ချစ်ခင်ရပါသော ကြည့်ရှုသူများခင်ဗျာ၊ ထပ်မံ တွေ့ဆုံရတာ ဝမ်းသာပါတယ်၊ ဒီအစီအစဉ်ကတော့ ‘လူထုစွမ်းရည်’ ပဲဖြစ်ပါတယ်…”
အဖွင့်စကား ပြောနေစဉ် သူသည် ယွမ်ကျိုးကို သတိထား စောင့်ကြည့်နေသည်။
စိတ်ထဲတွင်လည်း “ တော်သေးတာပဲ ဟင်းချက်ရင်းနဲ့ သူ့စိတ်အခြေအနေ ပြန်ငြိမ်သွားပြီ” သက်သာရာ ရသွားသည်။
အမှန်ပင်၊ ဟင်းချက်စဉ်အတွင်း ယွမ်ကျိုး
သည် ယခင်ကဲ့သို့ နူးညံ့သိမ်မွေ့သော အနေအထားသို့ ပြန်လည်ရောက်ရှိလာသည်။ မျက်လုံးအကြည့်လည်း စူးရှမနေတော့ဘဲ ပါဝင်ပစ္စည်းများ၏ ပြောင်းလဲမှုကိုသာ သေချာစွာ စောင့်ကြည့်လျက်ရှိသည်။
ရိုက်ကူးရေးပြီးဆုံးပြီးနောက် ယွမ်ကျိုးကိုယ်တိုင်လည်း မိမိအခြေအနေကို သတိပြုမိခဲ့သည်။ ထို့ကြောင့် ညစာစားချိန်မတိုင်မီ စိတ်အခြေအနေကို ရည်ရွယ်ချက်ရှိရှိ ပြန်လည်ညှိနှိုင်းလိုက်သည်။
စားဖိုမှူးကျန်း၏ မိဘများနှင့် ပတ်သက်သည့် စကားများသည် အမှန်တကယ် သူ့အား ဒေါသထွက်စေခဲ့သည်။ သို့သော် ထိုဒေါသကို ဖောက်သည်များအပေါ် သက်ရောက်စေလိုခြင်း မရှိခဲ့။
ထို့ကြောင့် ညစာစားချိန်သည် အေးချမ်းစွာ ကုန်ဆုံးသွားခဲ့သည်။
မူလတွင် ယွမ်ကျိုးက မိမိလက်များအပူလောင်ဒဏ်ရာမှ ကုသပျောက်ကင်းပြီးမှသာ ငန်းကင်ကို ပြုလုပ်မည်ဟု စီစဉ်ထားခဲ့သည်။ သို့ရာတွင် ယခု အခြေအနေက ထိုသို့ မခွင့်ပြုတော့ပါ။
“ဆက်ပြီး အပူလောင်ခံရဦးမယ်"
လက်ပေါ်ရှိ ဒဏ်ရာများကို ကြည့်ကာညည်းညူလိုက်သည်။
ဒုတိယထပ်ရှိ အရက်ဘားလေးသည် အပန်းဖြေရန် လှပသော လေထုဖြင့် ပြည့်နှက်နေချိန်တွင် ပထမထပ်၌ ယွမ်ကျိုးက ငန်းကင်ကို စတင်ပြုလုပ်နေပြီ ဖြစ်သည်။
ပြင်ဆင်ရမည့် အဆင့်ဆင့်များကို သူ ကောင်းစွာ မှတ်သားထားပြီးဖြစ်သဖြင့် ယခုတစ်ကြိမ်တွင် ပိုမို ကျွမ်းကျင်မြန်ဆန်စွာ ဆောင်ရွက်နိုင်ခဲ့သည်။
ငန်းကို မြေအိုးမီးဖိုအတွင်း ထည့်သွင်းသည့်အထိ အဆင့်တိုင်းသည် ယခင်ထက် အဆ နစ်ဆယ်ခန့် ပိုမိုကောင်းမွန်သွားခဲ့သည်။
ထိုအရာက ယွမ်ကျိုး၏ နှလုံးသားအတွင်း အတော်လေး ကျေနပ်ပျော်ရွှင်မှု့ လှိုင်းထစေခဲ့သည်။
တစ်ညလုံး ယွမ်ကျိုးသည် ငန်းကင်နှစ်ကောင် ပြုလုပ်ခဲ့သည်။ ထို့ကြောင့် အသားလတ်ဆတ်မှု မပျက်စေရန် စနစ်ထံ အထူးသီးသန့် သိုလှောင်ခန်းတစ်ခုတောင်းယူခဲ့ရသည်။
ဟာသတစ်ခု လိုပင်။ ငန်းကင်တစ်ကောင်သည် ၃၅၀၀ ဂရမ်ရှိပြီး နှစ်ကောင်ဆိုလျှင် ၇၀၀၀ ဂရမ်ဖြစ်သည်။ ယွမ်ကျိုး၏ အစာစားချင်စိတ် ဘယ်လောက်ကောင်းစေကာ အကုန်လုံးကိုစားမပြီးနိုင်သေးပေ။
ငန်းကင်နှစ်ကောင်လုံး ပြီးစီးသွားချိန်တွင် ယွမ်ကျိုးသည် အဆင့်မြင့်ငန်းကင် ဟူသော ဟင်းပွဲ၏ စစ်မှန်သည့် ချက်ပြုတ်နည်းကို အပြည့်အဝ ကျွမ်းကျင်သွားပြီး အထူးပြည့်စုံအောင် လုပ်နိုင်လာခဲ့ပြီ ဖြစ်သည်။ ထို့နောက်မှသာ ကိုယ်ကို သန့်ရှင်းဆေးကြောကာ အနားယူရန် သွားသည်။
ထိုသို့ ညဥ့်နက်ထိ နိုးနေရသော်လည်း နောက်တစ်နေ့တွင် ယခင်ကဲ့သို့ပင် မနက်အစောထကာ နံနက်စာချိန်ကို မနှောင့်နှေးစေခဲ့ပေ။
နေ့လယ်ပိုင်းတွင် ခွင့်ယူထားပြန်သော စားဖိုမှူးကျန်းသည် ယွမ်ကျိုး၏ စားသောက်ဆိုင်သို့ ရောက်ရှိလာခဲ့သည်။ ထို့အပြင် ယွမ်ကျိုး ဘာလုပ်နိုင်မည်ကို ကိုယ်တိုင် မြင်လိုသဖြင့် အလွန်စောစော လာရောက်ခဲ့ခြင်းဖြစ်သည်။
၁၁ နာရီ ၂၀ မိနစ်ခန့်တွင် ရောက်လာသည့် အချိန်၌ ဖောက်သည်အချို့သည် တန်းစီနေကြပြီ ဖြစ်သည်။
“ဟား ဟား ဒီလောက် သေးတဲ့ ဆိုင်လေးတစ်ဆိုင်က တန်းစီဖို့ ထိုက်တန်လို့လား”
စားဖိုမှူးကျန်း၏ အသံထဲတွင် မထီမဲ့မြင် အရိပ်အမြွက်များ ထင်ရှားနေသည်။
“ထိုင်ခုံနည်းလွန်းပြီး မသိနားမလည်တဲ့လူတွေ များလို့ပဲ ဖြစ်မှာပါ”
မိမိကိုယ်ကိုယ် ပြန်လည်နှစ်သိမ့်လိုက်သေးသည်။
ထို့နောက် မောက်မောက်မာမာဖြင့် ဆိုင်ဘက်သို့ လျှောက်သွားခဲ့သည်။ အသေချာပင်၊ သူသည် တန်းစီရန် မရည်ရွယ်ဘဲ တိုက်ရိုက် အတွင်းသို့ ဝင်ရန်သာ စဉ်းစားထားသည်။
“တောင်းပန်ပါတယ်ရှင့် ကျေးဇူးပြု၍ မှတ်ပုံတင်ကတ်နဲ့ တန်းစီနံပါတ်ယူပြီးမှ ဆိုင်အတွင်း ဝင်ရောက်နိုင်မှာပါ”
ယနေ့ တန်းစီကော်မတီ တာဝန်ရှိသူ မန်မန်က ယဉ်ကျေးစွာ ပြောလိုက်သည်။ အသက်ကြီးသူများအပေါ် သူမသည် အမြဲလေးစားသဖြင့် အသံလည်း နူးညံ့ လှသည်။
“ကလေးမလေး ဒီအဘိုးကြီးက မင်းတို့ သူဌေးနဲ့ ချိန်းထားပြီးသား တန်းစီစရာ မလိုဘူး”
မာန်မာနအပြည့်ဖြင့် စားဖိုမှူးကျန်းက ပြောရင်း ဆိုင်ထဲသို့ အတင်း ဝင်မည့်ဟန်ပြင်နေသဖြင့် မန်မန်၏ မျက်နှာပေါ်တွင် မနှစ်မြို့မှု အနည်းငယ် ပေါ်ထွက်လာသည်။
သို့သော်လည်း သူမက စိတ်ရှည်ရှည်ဖြင့်
“သူဌေးယွမ်က အပြုအမူမကောင်းသူတွေကို လက်မခံပါဘူး နာမည်ပျက်စာရင်းထဲထည့်ပါတယ် ကျေးဇူးပြု၍ တန်းစီပါလို့ အကြံပြုချင်ပါတယ်”
ပြောလိုက်သည်။
“ကောင်မလေးတစ်ယောက်က ဘာသိလို့လဲ လမ်းဖယ်ထားစမ်း”
စားဖိုမှူးကျန်းက မကျေနပ်စွာ လက်ယမ်းပြလိုက်သည်။
မန်မန် ပြန်လည်တုံ့ပြန်မည့်အချိန် မရသေးမီ ယွမ်ကျိုးက ဆိုင်အတွင်းမှ ထွက်လာပြီး တိုက်ရိုက် ပြောလိုက်သည်။
“တန်းစီရမှာက ကျွန်တော့်စည်းကမ်းပါ ချွင်းချက်မရှိပါဘူး မစားချင်ဘူးဆိုရင်တော့ တန်းစီစရာ မလိုပါဘူး”
“ဟား ဟား ငါ့ရှေ့မှာ အာဏာပြနေတာလား
ဒီနေ့ ငါ တန်းမစီရင်ရော ဘာဖြစ်မလဲ”
ယွမ်ကျိုးက မသိသကဲ့သို့ ပြုမူနေသဖြင့် စားဖိုမှူးကျန်း ချက်ချင်း ဒေါသထွက်ကာစိန်ခေါ်သံဖြင့် ပြောလိုက်သည်။
“တောင်းပန်ပါတယ် ဒီမှာ စားလို့မရပါဘူး၊ ကျေးဇူးပြု၍ ပြန်သွား ပေးပါ”
ယွမ်ကျိုးက ပြောပြီး ချက်ချင်း လှည့်ထွက်သွားလေသည်။ စားဖိုမှူးကျန်းမှာတစ်ယောက်တည်း ကျန်ခဲ့လေသည်။
“ဒီကောင်လေးက တကယ်ကို မာနကြီးလွန်းတယ် ဟ့မ် စမ်းသပ်ကြည့်ရမှာ ပေါ့”
ဒေါသတကြီး ညည်းတွားပြီးမှသာ နံပါတ်လက်မှတ် ယူရန် သွားခဲ့သည်။
"ဆရာ ကျေးဇူးပြုပြီး နံပါတ်ကို ဂရုစိုက်ပါ၊လူကျော်လို့ မရပါဘူး အချိန်ကျော်သွားရင် သုံးလို့ရမှာ မဟုတ်ပါဘူး"
မန်မန်က စားဖိုမှူးကျန်းကို သူ့မ၏တာ၀န်အရ အေးစက်စက်ဖြင့် သတိပေးရန်သာ တတ်နိုင်သည်။
ယွမ်ကျိုး
အပိုင်း (၄၄၂)
ပြီးပါပြီ။