သားရဲများ၏တွေ့ဆုံခန်း
Vol. 42 Ch. 584
"ဝေလငါးတစ်ကောင်က နင့်ကိုအဖေလို့ ခေါ်တယ်ပေါ့လေ။ နင့်မှာ အဲ့လိုစွဲလမ်းမှု စိတ်ရောဂါမျိုး ရှိနေတာလား။"
မှော်ပစ္စည်းဖြစ်သော လက်ဖက်ရည်ခွက်ပေါ်တွင်ပင် အက်ကြောင်းများ စတင်ဖြစ်ပေါ်လာသောကြောင့် စုရှောင်လန်၏ ခံစားချက်များ မည်မျှပင် မတည်မငြိမ် ဖြစ်နေသည်ကို သိရှိနိုင်သည်။
"မဟုတ်သေးဘူး။ အဲ့ဒါက အဓိက မဟုတ်ဘူး။ နင်.....နင် ဝေလငါးကြီးကို တစ်ခုခု လုပ်ခဲ့တာလား။"
စုရှောင်လန် မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် အန်လင်းအား စူးစိုက်ကြည့်ရှုလိုက်သည်။ သူမ၏ ပါးပြင်များမှာ ဒေါသကြောင့် ရဲရဲနီနေရသည်။
မိန်းမများ၏ ဒေါသဟူသည်မှာ ကြောက်မက်ဖွယ် ကောင်းလှသောကြောင့် အန်လင်း အလျင်အမြန် ရှင်းပြလိုက်ရသည်။
"ကိုရှင်းပြနိုင်ပါတယ်။ အခွင့်အရေးလေး တစ်ခါလောက်ပေးပါ။"
အန်လင်းသည် ကောင်းကင်လသာပြင်သားရဲ၏ မျိုးပွားစွမ်းရည်အား မတော်တဆ ခိုးယူမိကာ ကိုယ့်ကိုယ်ကို ဖောက်ခွဲသလို ဖြစ်ခဲ့မိပြီးနောက် ကောင်းကင်လဟာပြင်သားရဲမှာ ဝေလငါးငယ်လေးကို မွေးဖွားခဲ့သည့်အကြောင်း ဖြစ်ကြောင်းကုန်စင်ကို မခြွင်းမချန် ပြောပြလိုက်သည်။
စုရှောင်လန်၏ တင်းမာနေသော အမူအရာမှာ လျော့ကျသွားပြီးနောက် အနည်းငယ် ဝမ်းနည်းသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။
"ရှေးဟောင်းထိုက်ချူးကုန်းမြေကိုသွားတဲ့ နင့်ရဲ့ခရီးစဉ်ကတော့ တကယ်ကို အံ့မခမ်းပါပဲလား။ သားရဲတွေနဲ့ တပည့်တစ်ယောက်တင်မက ကလေးတစ်ယောက်ပါ အဖက်တင်သွားသေးတယ်။"
ယခုအချိန်သည် စကားအချေအတင် ပြောရမည့် အချိန်ကောင်း မဟုတ်ပဲ သူ၏ခံစားချက်များကို စုရှောင်လန်မြင်အောင် ပြသရန် လိုအပ်ကြောင်း သိရှိနေသောကြောင့် သိုလှောင်လက်စွပ်ထဲမှ ရွှေရောင်အင်မော်တယ်သစ်သီး တစ်လုံးအား ထုတ်ယူလိုက်သည်။
"ရှောင်လန် ဒါက လှည့်ခြင်းခြောက်ခု ဇာမဏီသစ်သီးတဲ့။ ရှေးဟောင်းထိုက်ချူးကုန်းမြေက ရလာတဲ့ အဆင့်ငါး အင်မော်တယ်သစ်သီးလေ။ ဒီသစ်သီးက မီးအမျိုးအစား သွေးမျိုးဆက်ကို သန့်စင်ပေးနိုင်ပြီး မီးတာအိုကို လေ့လာဖို့လည်း အထောက်အကူ ဖြစ်စေတယ်။ မင်းအတွက် အရမ်းအသုံးဝင်မှာပဲ....ယူထားလိုက်နော်။"
စုရှောင်လန်သည် အင်မော်တယ်သစ်သီးအား ဆုပ်ကိုင်လိုက်သောအခါ အတွင်းမှ သန့်စင်လွန်းသော မီးစွမ်းအင်များကို ခံစားမိလိုက်ပြီး သစ်သီး၏ တောက်ပနေသော ရွှေရောင်ကြောင့် သူမ၏ ပါးပြင်လေးများပင် လင်းလက်သွားသလို ဖြစ်နေသည်။
"ငါ့အတွက် လက်ဆောင်ယူလာဖို့တော့ သတိရသေးတယ်ပေါ့။"
"ဒါပေါ့။"
အန်လင်း ပြုံးပြလိုက်သည်။
"ပြီးတော့ မြူနှင်းဝိဉာဉ်သားရဲလေးက မင်းကြိုက်ရင် ယူထားလိုက်လေ။ သူက တခါတခါတော့ စနိုးစနောင့် ဖြစ်စရာကောင်းပေမယ့် တကယ်ကောင်းတဲ့ သားရဲပါ။"
စုရှောင်လန် လက်ခါပြလိုက်သည်။
"ဘာမှမဖြစ်ပါဘူး။ နင်ပဲယူထားလိုက်ပါ။ နင့်ဆီမှာ သားရဲတွေ ရှိနေပြီးသားပဲလေ။ အနည်းဆုံးတော့ သူအထီးမကျန်ရတော့ဘူးပေါ့။ ငါသူ့ကိုတွေ့ချင်ရင် နင့်ဆီလာလို့ ရနေတာပဲဟာ။"
"ကောင်းပြီလေ။"
အန်လင်း သဘောတူလိုက်သည်။
ထို့နောက် ၎င်းတို့နှစ်ဦးသည် အခြားသော အကြောင်းအရာများကို ပြောဖြစ်ခဲ့ကြသည်။ စုရှောင်လန်သည် သူ့အပေါ် အတော်နားလည်မှုရှိပြီး ဝေလငါးငယ်လေးနှင့် ပက်သတ်၍ ပေါက်ပေါက်ဖောက်သလို ဆူပူမနေသောကြောင့် အန်လင်း စိတ်သက်သာရာရကာ သက်ပြင်းချမိသည်။
ချစ်ရသူနှစ်ဦး၏ စကားဝိုင်းမှာ အရှိန်ကောင်းကောင်းနှင့် ဆက်လက်အသက်ဝင်နေပြီး ၎င်းတို့မှာ အချိန်ကိုပင် မေ့လျော့သွားခဲ့သည်။
တီနာ၊ ရွှယ်ကျန်ထျန်းနှင့် ရှောင်ဇယ်တို့မှာ စောင့်ဆိုင်းနေသည်ကို ပျင်းရိလာပြီး ဖင်မငြိမ်နိုင် ဖြစ်လာကြသည်။
"ဟမ်....တစ်ယောက်ယောက် သီချင်းဆိုနေတာလား။"
တီနာ ဘေးအဆောင်အား ကြည့်ရှုလိုက်ပြီးနောက် တွေဝေစွာဖြင့် သီချင်းသံ ကြားရာနောက် ပျံဝဲသွားလိုက်သည်။
"အဲ့ဒါ ဆရာရဲ့အိမ်မလား။ အတူတူ ပြန်လို့ရအောင် ငါတို့ကို စောင့်နေဖို့ ပြောထားတယ်လေ။"
ရှောင်ဇယ်မှာ တီနာအား သတိပေးလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ တီနာမှာ အလွန်အမင်း စပ်စုချင်နေပြီ ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် အိမ်ထဲဝင်ရမှာပဲဟာ.....နည်းနည်းစောစော သွားကြည့်လိုက်တော့ ဘာဖြစ်မှာမို့လို့လဲ....
တီနာသည် သီချင်းသံနောက် လိုက်ပါသွားပြီးနောက် ပြတင်းပေါက်ဘောင်တစ်ခုတွင် ရှိနေသော ပန်းပွင့်နီလေးကို တွေ့ရှိလိုက်ရသည်။ ပန်းပွင့်လေးသည် နေရောင်အောက်တွင် သာယာနာပျော်ဖွယ်ကောင်းသော အသံဖြင့် သံစဉ်များ သီကြွေးနေပြီး ခန္ဓာကိုယ် တစ်ခုလုံးကိုလည်း ပျော်ရွှင်စွာ ယိမ်းထိုးလှုပ်ခါနေသည်။
"သိုးငယ်လေးသာ ဖြစ်ပါသော်လည်းကွယ်~~~ မြက်ပင်များဟာ ငါ့ကြောင့်စိမ်းရတယ်~~~~ကောင်းကင်ကြီးကပြာလို့ တိမ်စိုင်များဟာ နူးညံ့လို့နေတယ်~~~"
တီနာမှာ ပန်းပွင့်နီလေးဘေးတွင်ထိုင်ကာ မြစိမ်းရောင် မျက်ဝန်းလေးများ တလက်လက် တောက်ပနေသည်။
"ဝိုး.....သီချင်းဆိုနေတဲ့ ပန်းပွင့်လေးပါလား...... မိုက်လိုက်တာ။"
ရှောင်ဟုန်မှာ သီဆိုခြင်းအား ရပ်တန့်ကာ တီနာကို လှည့်ကြည့်လာသည်။
"ဝိုး.....အတောင်ပံနဲ့ လူသေးသေးလေးပါလား....လှလိုက်တာ။"
ရှောင်ဟုန်မှာ နတ်သမီးငယ်လေးများကို မမြင်တွေ့ခဲ့ဖူးပေ။ တီနာသည် သူမ နှစ်ဆမျှ ရှိပါသော်လည်း သေးငယ်လွန်းသော လူသားလေးနှင့် ဆင်တူနေသည်။
တီနာ သဘောကျစွာ ပြုံးလိုက်သည်။ နတ်သမီးလေးများသည် သဘာဝအရ ပန်းပင်လေးများကို နှစ်သက်တတ်သည်။ သူမသည်လည်း ရှောင်ဟုန်အား အတော်ပင် ခင်မင်မိပေသည်။
"ဟုတ်တယ်။ ငါက လူသေးသေးလေးပဲ။ အန်လင်းကမှ ဘီလူးကြီးလေ။"
ရှောင်ဟုန် အံ့အားသင့်သွားရသည်။
"နင်က အန်လင်းကို သိတယ်လား။"
"သိတာပေါ့။ ငါ့နာမည်က တီနာလေ.....အန်လင်းရဲ့ ငါးယောက်မြောက် သားရဲပေါ့။"
တီနာ ဝံ့ကြွားစွာ ဖြေလိုက်သည်။
ရှောင်ဟုန်: "......"
သခင်က ဒီကောင်မလေးကို ရှေးဟောင်းထိုက်ချူးကုန်းမြေကနေ ပြန်ပေးဆွဲလာတာလား.....
ရှောင်ဟုန် ထိုသို့တွေးလိုက်မိပါသော်လည်း တီနာအား နွေးနွေးထွေးထွေးပင် ပြုံးပြလိုက်သည်။
"တွေ့ရတာ ဝမ်းသာပါတယ်.....ငါ့နာမည်က ရှောင်ဟုန်ပါ။ ငါကလည်း အန်လင်းသားရဲပဲ။"
"အာ.....နင်က အစ်မကြီးဟုန်ပဲ။"
တီနာ ပန်းပွင့်နီလေးအားကြည့်ကာ စိတ်လှုပ်ရှားသွားသည်။
ရှောင်ဟုန်သည် နံပါတ်တစ်သားရဲဖြစ်ကြောင်း အန်လင်းမှ ပြောပြထားဖူးသည်။
နံပါတ်တစ်သားရဲအား ဘုရင်မတစ်ပါးကဲ့သို့ သွက်လက်တက်ကြွကာ မြင့်မြတ်ထူးကဲလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။
ဘုရင်မဟုန်.....
စင်စစ်တွင်မူ အလွန်ချစ်စဖွယ်ကောင်းသော ပန်းပွင့်ငယ်လေး ဖြစ်နေလေသည်။
"သခင်က နင့်ကို နာမည်ပေးထားသေးလား။"
ရှောင်ဟုန် သိလိုစိတ်ပြင်းစွာ မေးလိုက်သည်။
"နာမည်လား။"
တီနာ ပြုံးကာပြောလိုက်သည်။
"နာလေးလို့ ခေါ်တယ်လေ။"
"သခင်က နင့်အပေါ် အရမ်းကောင်းတာပဲ။"
ရှောင်ဟုန်မှာ ရုတ်တရက် စိတ်ဓာတ်ကျသွားပုံ ရသောကြောင့် တီနာ နားမလည်နိုင် ဖြစ်သွားရသည်။
"တပိုင်၊ ရှောင်ချိုး၊ လန်လေး....ငါတို့သားရဲအဖွဲ့က အဖွဲ့သားအသစ် ရောက်လာတယ်ဟေ့။ ထွက်လာကြဦး။"
ရှောင်ဟုန် အော်ဟစ်လိုက်သည်။
ချက်ချင်းဆိုသလို ရုတ်ရုတ်သဲသဲ ဖြစ်သွားကာ တပိုင်၊ ရှောင်ချိုးနှင့် လန်လေးတို့ ပြတင်းပေါက်နား ရောက်ရှိလာကြသည်။
ပန်းပွင့်သဏ္ဍာန် အဖြူရောင်ဝတ်စုံအား ဆင်မြန်းထားကာ ရွှေရောင်အတောင်ပံများနှင့် ပြီးပြည့်စုံလွန်းသော နတ်သမီးလေးအား ၎င်းတို့တွေ့မြင်လိုက်ရသည်။ နတ်သမီးလေးသည်လည်း မြစိမ်းရောင် မျက်ဝန်းများကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ပြန်လည်ကြည့်ရှုလာသည်။
"မိတ်ဆက်ပေးရဦးမယ်။ ဒါက တီနာတဲ့....သခင်ရဲ့ ငါးယောက်မြောက်သားရဲပဲ။ သူမကို နာလေးလို့ ခေါ်လို့ရတယ်။"
ရှောင်ဟုန် ချိုသာစွာ မိတ်ဆက်ပေးလိုက်သည်။
"ဒါက တပိုင်၊ ဒါက ရှောင်ချိုး၊ ပြီးတော့ ဒါက လန်လေးတဲ့။"
"ဝါး....စောက်ရမ်းဟော့တယ်ဟေ့။"
တပိုင်မှာ တီနာအားကြည့်ရင်း သွားရေတမြှားမြှား ဖြစ်နေသည်။
"ဝါး....တော်တော်ရုပ်ဆိုးတဲ့ မကောင်းဆိုးဝါးကြီးပါလား။"
တီနာသည်လည်း ရှောင်ချိုးအားကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
ရှောင်ချိုး : ".... "
သူမက ငါ့ကိုပြောနေတာလား.....ငါဘာလုပ်မိလို့ ဒီလိုအပြောခံရတာလဲကွာ.....
သူသည် တီနာအား မည်သည့်စကားမှ မဆိုခဲ့ပါသော်လည်း ဆိုးရွားစွာ ဝေဖန်ခံခဲ့ရသည်။
ရှောင်ချိုးမှာ နာကျင်မှုများကို မြိုသိပ်လိုက်စဉ်မှာပင် ရှောင်ဇယ်သည်လည်း ရွှယ်ကျန်ထျန်းအား ပွေ့ချီကာ ခြံဝန်းထဲ ဝင်လာခဲ့သည်။
တပိုင်တို့အားလုံးမှာ ရှောင်ဇယ်နှင့် ရွှယ်ကျန်ထျန်းအား ကြည့်ရှုလိုက်ကြသည်။
ရွှယ်ကျန်ထျန်းမှာ ချစ်စရာ ကောင်းလွန်းသောကြောင့် အားလုံး၏ အာရုံစိုက်မှုအား ရရှိသွားလေသည်။
"ဝိုး.....ချစ်စရာကောင်းလိုက်တာ။"
တပိုင်၏ မျက်ဝန်းများမှာ တလက်လက် တောက်ပနေသည်။
"ဝိုး.....ရုပ်ဆိုးလိုက်တဲ့မျောက်။"
ရွှယ်ကျန်ထျန်းမှာ ရှောင်ချိုးအားကြည့်ကာ အံ့အားတကြီး ရေရွတ်လိုက်သည်။
ရှောင်ချိုး: "....."
မင်းမေကြီးထဲမှ.....ငါတကယ်ပဲ ဘာလုပ်မိလို့လဲကွာ.....