← Chapters

ပျော်ကာရွှင်ကာစည်းချက်ညီနေကြသောသားရဲအဖွဲ့

Vol. 42 Ch. 585

ပျော်ကာရွှင်ကာစည်းချက်ညီနေကြသောသားရဲအဖွဲ့

Vol. 42 Ch. 585

အန်လင်းနှင့် စုရှောင်လန်တို့မှာ အချိန်ကိုပင် မေ့လျော့ကာ စကားစမြည် ပြောနေခဲ့ကြပြီး အန်လင်း ထွက်ခွာလာသော အချိန်တွင် အေးစိမ့်သော ညဉ့်ကောင်းကင်ယံထက်၌ လစန္ဒာနှင့် ကြယ်တာရာတို့ပင် ထွက်ပေါ်နေပြီ ဖြစ်သည်။

ရှောင်ဇယ်၊ ရွှယ်ကျန်ထျန်းနှင့် တီနာတို့အား မတွေ့ရသောကြောင့် သူအနည်းငယ် အံ့သြသွားမိသည်။

သို့သော် စုရှောင်လန် အဆောင်ဘေးရှိ အသက်ဝင်နေသော ခြံဝန်းအား လှမ်းကြည့်လိုက်ပြီးနောက် အတွေးတစ်ခု ဝင်လာခဲ့သည်။

အန်လင်း တံခါးမှတဆင့် ဝင်လာပြီးနောက်တွင် ဧည့်ခန်းအတွင်း ဟီးဟီးဟားဟားဖြင့် အဖွဲ့ကျနေသော သားရဲအုပ်စုကို တွေ့လိုက်ရသည်။

တပိုင်နှင့် လန်လေးတို့သည် ရွှယ်ကျန်ထျန်းအား ဘောလုံးတစ်လုံးသဖွယ် ဟိုဖက်သည်ဖက်ပစ်ကာ ဆော့ကစားနေကြသည်။ ရွှယ်ကျန်ထျန်း အော်ဟစ်ဆဲဆိုကာ ​ဆူပူနေပါသော်လည်း စိတ်လှုပ်ရှားနေကြောင်းကို သူ၏မျက်နှာပေါ်တွင် တွေ့မြင်နိုင်သည်။

ခွေးနှင့် ဝံပုလွေများသည် လုံးဝန်းနေသော အရာများကို သဘောကျကြသည် မဟုတ်လော။

ရှောင်ဟုန်နှင့် တီနာတို့မှာမူ ပြတင်းပေါက်ဘောင်တွင်ထိုင်ကာ စကားစမြည် ပြောနေကြသည်။

"အဲ့ဒါဆို ငါ့ရဲ့ကျင့်ကြံခြင်းကို အဲ့လိုလေး လုပ်လိုက်ရုံနဲ့ အလင်းနဲ့ အစာချက်လို့ ရပြီပေါ့။"

တီနာမှာ ရွှေရောင်တောင်ပံအား ဖြန့်ကားလိုက်သည်နှင့် စွမ်းအင်များ စုဝေးလာသလို မှိန်ဖျော့သော အလင်းရောင် ​ထွက်ပေါ်လာသည်။

"ဟုတ်တယ်။ နေလုံးဝ မဝင်သွားခင် နောက်ထပ်ဆယ့်ငါးမိနစ်လောက် အလင်းနဲ့ အစာချက်လို့ ရသေးတယ်။"

ရှောင်ဟုန်မှာ စိတ်လှုပ်ရှားစွာဖြင့် ပန်းပွင့်ခေါင်းလေးအား ဟိုဖက်သည်ဖက် ယိမ်းထိုးနေသည်။

ရှောင်ချိုးမှာမူ စိတ်ထိခိုက်ထားသောကြောင့် လွန်စွာဝမ်းနည်းနေဟန်ဖြင့် ထောင့်တစ်နေရာတွင် ဝလုံးလေးများ ဆွဲနေသည်။

ရှောင်ဇယ်သည် ငယ်ရွယ်ခန့်ညားသော အသွင်ရှိပါသော်လည်း ရင့်ကျက်တည်ငြိမ်သော အနေအထားဖြင့် ရှောင်ချိုးအား နှစ်သိမ့်ပေးနေသည်။

အန်လင်း ခပ်ဖွဖွ ပြုံးလိုက်မိသည်။ ထိုမြင်ကွင်းမှာ သူ၏စိတ်ကို နွေးထွေးစေပေသည်။

သူသည် သားရဲများအား တစ်ကောင်နှင့်တစ်ကောင် ရင်းနှီးသွားစေရန် သေချာစွာ မိတ်ဆက်ပေးရလိမ့်မည်ဟု ထင်မှတ်ခဲ့သည်။ သို့သော် ၎င်းတို့မှာ ခင်မင်နေကြပြီပင် ဖြစ်သောကြောင့် ထွေထွေထူးထူး ကြိုးစားနေစရာပင် မလိုအပ်တော့ပေ။

"အစ်ကိုကြီးအန် မင်းပြန်လာပြီပဲ....ဝုတ်...."

တပိုင်မှာ ရွှင်မြူးနေသော မျက်နှာဖြင့် အန်လင်းရှေ့ ရောက်ရှိလာသည်။

အန်လင်း ရယ်မောကာ တပိုင်၏ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။

"ငါ့ကိုတွေ့လိုက်ရတာ ဒီလောက်တောင် ပျော်နေတယ်ပေါ့။"

တပိုင် လျှာကြီးကိုထုတ်ကာ အန်လင်းအား လျက်ပစ်လိုက်သည်။

"ဒါပေါ့။ ကျွန်တော့်အောက်မှာ သားရဲနှစ်ကောင် ထပ်ခေါ်လာပေးလို့ ကျေးဇူးတင်တယ်နော်....ဝုတ်။"

အန်လင်း အနည်းငယ် ရှူံ့မဲ့သွားရသည်။

ဒင်းပျော်နေတာ ဒါကြောင့်ပေါ့လေ.....

တပိုင်၏ အရှိန်အဝါမှာ ယခင်ကထက် ပိုမိုအားကောင်းလာပြီး ယခုအတိုင်း ဆိုပါက ကိုယ်ပိုင်နယ်ပယ်တစ်ခု ရရှိရန် အချိန်မကြာလောက်တော့ပေ။

ရှောင်ဟုန်၏ ကျင့်ကြံရေးအခြေခံမှာ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်သို့ ခြေလှမ်းတဝက်မျှ ရောက်ရှိနေပြီဖြစ်ပြီး သွေးနတ်ဘုရားကျောက်စိမ်း၏ အကူအညီကြောင့် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့်နှင့် နီးစပ်နေပြီ ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ သားရဲများထဲတွင် ကြေးခွံဖြူဝံပုလွေနတ်ဘုရားမှာ အတိုးတက်ဆုံးပင်။ ၎င်းသည် ဗာမီလီယမ်ငှက်ဂိုဏ်း၏ စမ်းသပ်မြေပြင်မှ အန်လင်း ခေါ်ဆောင်လာချိန်တွင်ပင် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး ကျင့်ကြံရေးအတွက် ပိုမိုသင့်တော့သော ကောင်းကင်ဘုံခုံရုံးသို့ ရောက်လာသောအခါ ဟင်းလင်းပြင်သို့အပြန် အဆင့်သို့ပင် ချိုးဖြတ်သွားနိုင်ခဲ့သည်။

ဒုကျောင်းအုပ် ယွီဟွားသည် ကြေးခွံဖြူဝံပုလွေနတ်ဘုရားအား မိုးကြိုးကပ်ဘေး ကြုံတွေ့ရာတွင် အကူအညီများစွာ ပေးအပ်ခဲ့သောကြောင့် အန်လင်းအနေဖြင့် အားလပ်ချိန် ရပါက သွားရောက်ကျေးဇူးတင်ရန် မှတ်ထားလိုက်သည်။

"သခင်.....သခင် ကျွန်တော့်အောက်မှာလည်း အငယ်လေးတွေ ရှိနေပြီဆို....သူတို့က ဟင်းလင်းပြင်သို့အပြန် သွေးမျိုးနွယ်စု ကျင့်ကြံသူတွေတဲ့။ အဲ့ဒါအမှန်လားဟင်။"

လန်လေးမှာ အမြှီးတနှံ့နှံ့ဖြင့် အန်လင်းအနား ရောက်ရှိလာသည်။

အန်လင်းမှာ လန်လေး၏ သားမွေးအား ပွတ်သပ်ပေးကာ ညင်သာစွာ ပြုံးလိုက်သည်။

"ဟုတ်တယ်။ နောက်ကြရင်တော့ မင်းတို့တွေ့ရမှာပါ။ မင်းက သူတို့ခေါင်းဆောင်ပဲ။ အဲ့ဒါကြောင့် ဥပမာကောင်းဖြစ်အောင် နေရမယ်နော်။"

လန်လေးမှာ အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်ကဲ့ပါသခင်။"

ဟင်းလင်းပြင်သို့အပြန် သွေးမျိုးနွယ်စု ကျင့်ကြံသူ သုံးယောက်ကို တစ်လထဲနဲ့ အစေခံ လုပ်လိုက်တယ်ပေါ့.....

ငါသခင်နောက်ကို လိုက်ခဲ့တာ အရမ်းမှန်တာပဲ....

အန်လင်း ခုံတွင်ထိုင်ကာ လက်ခုပ်တီးလိုက်သည်။

"ကဲ....ကဲ လူစုမယ်....လူစုမယ်။ အခုက မင်းတို့ကို လက်ဆောင်လေးဘာလေး ပေးရမယ့်အချိန်ပဲ။"

သားရဲများ အားလုံးမှာ တောက်ပနေသော မျက်ဝန်းများဖြင့် အန်လင်းဘေးနား ရောက်ရှိလာကြသည်။

ရှောင်ဟုန်မှာ လှုပ်ရှားလိုစိတ် မရှိသောကြောင့် အလင်းဖြင့် အစာချက်ခြင်းကိုသာ ဆက်လက်ပြုလုပ်နေသည်။

အန်လင်းမှာ မကျေမနပ် ဖြစ်သွားရလေသည်။

ဒင်းက နာလေးကို လမ်းမှားရောက်အောင် လုပ်နေတာလား.....

ဒါကို ဆက်လွှတ်ပေးထားလို့ မဖြစ်တော့ဘူး.....

ဒီအိမ်ရဲ့ ဘော့စ်က ဘယ်သူဆိုတာ ပြရတော့မယ်....

"အဟမ်း....အဟမ်း...."

အန်လင်း လည်ချောင်းရှင်းကာ ခပ်တင်းတင်း မျက်နှာထားဖြင့် ပြတင်းပေါက်ဘောင်ကို လှမ်းကြည့်လိုက်သည်။

"ရှောင်ဟုန်၊ နာလေး မင်းတို့ဘာလုပ်နေကြတာလဲ။ လာလာ....ဒီကိုလာစုကြတော့။"

"ထားလိုက်ပါ။ ကျွန်မ အစာချက်ရဦးမယ်။"

ရှောင်ဟုန် ချိုသာစွာ ငြင်းဆိုလိုက်သည်။

"အစ်မကြီးဟုန်ကပြောတယ်။ နေရောင်ခြည် တစ်ခုချင်းစီက အရမ်းတန်ဖိုးရှိတဲ့ ရင်းမြစ်တွေတဲ့။ အဲ့ဒါကြောင့် ဖြုန်းတီးပစ်လိုက်လို့ မရဘူး။ နေဝင်သွားတဲ့ထိ အလင်းရောင်ကို စုပ်ယူနေမှရမယ်။"

တီနာ စကားဆိုလိုက်သည်။

အန်လင်း သွေးတက်သွားရသည်။

"စိတ်မပူပါနဲ့....နေကနောက်နေ့လည်း ထွက်လာဦးမှာ။ အဲ့ကြရင်လည်း အလင်းနဲ့ အစာချက်လို့ ရပါတယ်။"

ရှောင်ဟုန် ခေါင်းခါပြလိုက်သည်။

"မတူဘူး။ မနက်ဖြန်နေက မနက်ဖြန်နေပဲ။ ဒီနေ့နေက ဒီနေ့နေပဲ။ နေရောင်ခြည် တစ်ခုချင်းစီက အရမ်းတန်ဖိုးရှိတယ်။ ဘာနဲ့မှ ပြန်ပြီးအစားထိုးလို့ မရဘူး။"

"ဝိုး....အစ်မကြီးဟုန်ပြောတာမှန်တယ်။"

တီနာမှာ လက်ခုပ်လက်ဝါးတီးလျက် ရှောင်ဟုန်၏ သိပ္ပံနည်းကျ ဖြေရှင်းချက်အား အံ့အားသင့်နေမိသည်။

အန်လင်း: "....."

"သူတို့ကို ထားလိုက်ပါ အစ်ကိုကြီးအန်....ကျွန်တော်တို့ကို လက်ဆောင်တွေ ပြတော့လေ...ဝုတ်။"

တပိုင် စိတ်လှုပ်ရှားနေသည်။

အန်လင်း ခေါင်းညိတ်ကာ သိုလှောင်လက်စွပ်အား ဆုပ်ကိုင်လိုက်သည်။

အလင်းရောင်များ ဖြာထွက်လာကာ စိတ်ဝိဉာဉ်ဆေးလုံး တစ်ရာ့နှစ်ဆယ်နှင့် စိတ်ဝိဉာဉ်သစ်သီး တစ်ရာ့နှစ်ဆယ်တို့ ထွက်ပေါ်လာကြသည်။ အရေအတွက်မှာ များပြားလွန်းလှသောကြောင့် မြေပြင်ပေါ်သို့ပင် ပြုတ်ကျကုန်ရလေသည်။

"တပိုင်၊ ရှောင်ချိုး၊ လန်လေး၊ ထျန်းလေး...စိတ်ဝိဉာဉ်ဆေးလုံးနဲ့ စိတ်ဝိဉာဉ်သစ်သီး အလုံးနှစ်ဆယ်စီ ယူထားလိုက်ကြ။"

"သခင်... အသက်လည်းရှည်၊ အကုန်ရှည်ပါစေဗျာ...ဝုတ်။"

တပိုင် ပျော်ရွှင်စွာဖြင့် စိတ်ဝိဉာဉ်ဆေးလုံးနှင့် စိတ်ဝိဉာဉ်သစ်သီးများကို ခုန်အုပ်လိုက်သည်။

"သခင်က တကယ် ပရဟိတသမားပဲ။ အရမ်းရက်ရောလွန်းတယ်။"

ရွှယ်ကျန်ထျန်းသည်လည်း ရေခဲအမျိုးအစား စိတ်ဝိဉာဉ်သစ်သီးနှင့် စိတ်ဝိဉာဉ်ဆေးလုံးများကို လျင်မြန်စွာ ရွေးချယ်လိုက်သည်။

ရှောင်ချိုးနှင့် လန်လေးတို့မှာလည်း တောင်ပုံရာပုံ ဖြစ်နေသော စိတ်ဝိဉာဉ်သစ်သီးနှင့် စိတ်ဝိဉာဉ်ဆေးလုံးများမှ အလိုရှိရာကို ရွေးယူထားလိုက်ကြသည်။

စိတ်ဝိဉာဉ်ဆေးလုံးနဲ့ စိတ်ဝိဉာဉ်သစ်သီးက တန်ဖိုးရှိလို့လား.....သောက်ကျိုးနည်းကို တန်ဖိုးရှိတာပေါ့....

စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်ဆီမှာတောင် စုစုပေါင်းလို့ စိတ်ဝိဉာဉ်သစ်သီးနဲ့ စိတ်ဝိဉာဉ်ဆေးလုံး အလုံးနှစ်ဆယ် ပြည့်မှာမဟုတ်ဘူး....

ယခု သားရဲများ လက်ဆောင်အနေဖြင့် ရရှိသော ပမာဏမှာ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ ပိုင်ဆိုင်မှုထက်ပင် သာလွန်နေသောကြောင့် ၎င်းတို့စိတ်မလှုပ်ရှားပဲ မနေနိုင်တော့ပေ။

တပိုင်၊ ရှောင်ချိုး၊ လန်လေးနှင့် ထျန်းလေးတို့မှာ စိတ်ဝိဉာဉ်သစ်သီးနှင့် စိတ်ဝိဉာဉ်ဆေးလုံးများကို ဆန္ဒရှိသလို ရွေးချယ်လိုက်ကြသည်။

"ရှောင်လေး....ဒီစိတ်ဝိဉာဉ်သစ်သီးနဲ့ စိတ်ဝိဉာဉ်ဆေးလုံး လေးဆယ်ကို ရှောင်ဟုန်နဲ့ နာလေးဆီ ပေးပေးပါဦး။"

အန်လင်း စကားဆိုလိုက်သည်။

ရှောင်ဇယ် ပြုံးကာခေါင်းညိတ်ပြလိုက်ပြီးနောက် စိတ်ဝိဉာဉ်သစ်သီးနှင့် စိတ်ဝိဉာဉ်ဆေးလုံးတို့အား တီနာနှင့် ရှောင်ဟုန်ထံ ပေးပို့လိုက်သည်။

တီနာမှာ မျက်ရည်အဝဲသား ဖြစ်သွားရသည်။

"ဘီလူးအန်လင်း....စိတ်ဝိဉာဉ်သစ်သီး နှစ်ဆယ်နဲ့ စိတ်ဝိဉာဉ်ဆေးလုံး နှစ်ဆယ်က ငါရောဝေစုရတာလား။"

အန်လင်း ခေါင်းညိတ်ပြလိုက်သည်။

"ဒါပေါ့....မင်းကိုပြောပြခဲ့ပြီးသားပါ။ အခုဆို ငါတို့က မိသားစုတွေပဲလေ။"

အခုအချိန်က သခင်တစ်ယောက်အနေနဲ့ ကြင်နာတဲ့ပုံစံကို ပြရမယ့် အချိန်ပဲ.....

တီနာနဲ့ ရှောင်ဟုန် တခါတလေ အချိုးမပြေတာ ကိစ္စမရှိပါဘူး....ဒီလောက်ကတော့ ဒင်းတို့ကို ခွင့်လွှတ်ပေးလို့ ရပါတယ်.....

ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ပုံစံကို ပြောင်းလိုက်စရာမှ မလိုတာ....

ထင်မှတ်ထားသည့်အတိုင်း တီနာမှာ ရင်ထဲထိသွားပြီး မျက်ရည်များ ဖြိုင်ဖြိုင်ကျဆင်းလာတော့သည်။

ရှောင်ဟုန်သည်ပင် ပွင့်ချပ်များကို ရုတ်သိမ်းကာ စိတ်ဝိဉာဉ်သစ်သီးနှင့် စိတ်ဝိဉာဉ်ဆေးလုံးများအား လက်ခံလိုက်သည်။

"လာတော့ နာလေး.....နေရောင်လည်း ရှိမှမရှိတော့တာ။"

"ဟင်....နေရောင်ခြည် တချို့ကို အာရုံခံမိနေသေးတယ်။"

တီနာ ကြောင်တောင်တောင်ဖြစ်စွာ တုံ့ပြန်လိုက်သည်။

ရှောင်ဟုန်သည် တီနာ၏လက်အားဆွဲကာ ချိုမြိန်စွာ ပြောလိုက်သည်။

"အဲ့နေရောင်က နည်းနည်းပဲ ရှိတော့တာလေ။ ကိစ္စမရှိပါဘူး....ဟိုမှာလည်း နွေးထွေးနေတာပဲဟာ။"

All Chapters