ကျိကျိတက်ချမ်းသာသောသူဋ္ဌေးကြီးအန်လင်းထံမှလက်ဆောင်များခွဲဝေခြင်း
Vol. 42 Ch. 586
ရှောင်ဟုန်ကိုယ်တိုင် လိုလိုလားလားနှင့် လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရသောအခါ အန်လင်း ရင်ထဲထိသွားရသည်။
"စိတ်ဝိဉာဉ်ဆေးလုံးနဲ့ စိတ်ဝိဉာဉ်သစ်သီးတွေက ပမွှားလေးတွေပဲ ရှိသေးတယ်။ အဓိကက အခုမှ လာမှာနော်....ဟဲဟဲ။"
စိတ်ဝိဉာဉ်သစ်သီးနဲ့ စိတ်ဝိဉာဉ်ဆေးလုံးတွေက ပမွှားလေးတဲ့လား.....
အဓိက လက်ဆောင်တွေ ကျန်သေးတယ်ပေါ့လေ....
သားရဲများ အားလုံးမှာ အသက်ရှူသံများ မြင့်တက်လာကြသည်။
"အရင်ဆုံး တီနာ.....မင်း ကြာပွင့်နှလုံးသား ရေခဲဓားကို သိမ်းထားလို့ရတယ်။ ပြီးတော့ ဒီမြင့်မြတ်ရေခဲကြာပန်းကိုလည်း ယူထားလိုက်။ ကြာပွင့်နှလုံးသား ရေခဲဓားကို မြင့်မြတ်ရေခဲကြာပန်းနဲ့ သန့်စင်ပေးရင် လက်နက်က အခုထက်ပိုပြီး အဆင့်တက်လာနိုင်ခြေ ရှိတယ်။"
အန်လင်းသည် မြင့်မြတ်သော အရှိန်အဝါများ ဖြာထွက်နေသည့် ကြာပန်းတစ်ပွင့်အား ထုတ်ယူကာ တီနာထံ ပေးလိုက်သည်။
တီနာ စိတ်လှုပ်ရှားစွာ မြင့်မြတ်ရေခဲကြာပန်းအား လက်ခံလိုက်သည်။ သားရဲများစွာသာ ရှိမနေပါက သူမ အသိစိတ်လွတ်ကာ အန်လင်းအား ပြေးဖက်ပြီးလောက်ပြီပင်။
"နောက်တစ်ယောက်က ရွှယ်ကျန်ထျန်း...ဒီရေခဲနီအင်မော်တယ်သစ်သီးက အဆင့်ရှစ် အင်မော်တယ်သစ်သီးပဲ။ ဒီသစ်သီးသုံးလုံးကို မင်းယူထားလိုက်။ ဒါတွေက ရေခဲတာအိုကို လေ့လာဖို့လည်း အထောက်အကူ ဖြစ်တဲ့အပြင် မင်းရဲ့ခန္ဓာကိုယ် သန်မာမှုကိုလည်း တိုးတက်လာစေလိမ့်မယ်။ မင်းက စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် အထွဋ်အထိပ်ကို ရောက်နေပြီဆိုတော့ လန်လေးကို ဥပမာထားပြီး ဟင်းလင်းပြင်သို့အပြန် အဆင့်ကို တတ်နိုင်သမျှ အမြန်ဆုံးရောက်အောင် ကြိုးစားသင့်တယ်။"
အန်လင်းသည် အနီရောင်နှင့် အဖြူရောင် အရှိန်အဝါများ တောက်ပနေသော ရေခဲနီအင်မော်တယ်သစ်သီး သုံးလုံးအား ထုတ်ပေးလိုက်သည်။
"စိတ်မပူပါနဲ့ သခင်....ကျွန်တော် သေချာကြိုးစားပြီး အထာကျကျ အဆင့်တက်ပစ်မယ်။"
ရွှယ်ကျန်ထျန်းမှာ အင်မော်တယ်သစ်သီးများကိုကြည့်ရင်း သွားရေတမြှားမြှား ဖြစ်နေသည်။
အန်လင်း ခေါင်းညိတ်ပြလိုက်ကြီးနောက် တပိုင်အားကြည့်ကာ သိုလှောင်လက်စွပ်ထဲမှ ကြေးဒိုင်းကာ တစ်ခုကို ထုတ်ယူလိုက်သည်။
"တပိုင်....ဒါက အောင်မြင်မှုကတိပြုဒိုင်းပဲ။ ပြစ်ဒဏ်စီရင်ခြင်းနဲ့ အောင်မြင်ခြင်းရဲ့ အနှစ်သာရကိုသုံးပြီး လုပ်ထားတဲ့ ရှေးဟောင်းရတနာတစ်ခုပေါ့။ ဒီဒိုင်းက ကာကွယ်ရေးစွမ်းရည် အရမ်းကောင်းတယ်။ အဲ့ဒါကြောင့် လိုအပ်လာတဲ့ အချိန်ကြရင် မင်းအသက်ကို ကာကွယ်ပေးနိုင်လိမ့်မယ်။"
တပိုင် ပါးစပ်အဟောင်းသား ဖြစ်သွားမိသည်။
"အဲ့ဒါဆို အစ်ကိုကြီးအန် အတွက်ကရော...ဝုတ်။"
အန်လင်း ပြုံးကာပြောလိုက်သည်။
"ငါ့မှာ အင်မော်တယ် ရတနာဖြစ်တဲ့ ကောင်းကင်ဘုံရေခဲပိုးထည် ရှိပြီးသားပါ။ ဒါကို မင်းယူထားလိုက်လို့ ရတယ်။"
စင်စစ်တွင်မူ သူ့ထံတွင် အခြားအတွေး ရှိနေသည်။ တပိုင်၏ ကျင့်ကြံရေးအဆင့်သည် နိမ့်နေသေးသောကြောင့် တိုက်ခိုက်ရေးစွမ်းရည်များထက်စာလျှင် ခုခံကာကွယ်ရေး စွမ်းရည်အား မြှင့်တင်ထားခြင်းကသာ ပိုမိုကောင်းမွန်ပေလိမ့်မည်။
တပိုင်မှာ ဝမ်းပန်းတသာဖြင့် ရှေးဟောင်းရတနာကို လက်ခံလိုက်သည်။
ထို့နောက် အန်လင်းမှာ ရွှေရောင်ပစ္စည်းတစ်ခုကို ထုတ်လိုက်သည်။ ထိုသည်မှာ အရှေ့ပင်လယ် နဂါးမင်းပိုင်နက်၏ ရှေးဟောင်းစစ်မြေပြင်မှ ရရှိလာသော အရာဖြစ်သည်။
"ဒါက ဗာဂျရာ စိတ်ဝိဉာဉ်ပဲ။ လန်လေး မင်းရဲ့ကျင့်ကြံရေးအခြေခံ အားကောင်းလာအောင် ဒါကို ခန္ဓာကိုယ်နဲ့ ပေါင်းစည်းလိုက်။"
(ဗာဂျရာဆိုသည်မှာ- ဟိန္ဒူနတ်မင်း အိန္ဒရာ ကိုင်ဆောင်သော လက်နက်အမည်ဖြစ်ပြီး မိုးကြိုး သို့မဟုတ် စိန်ကိုရည်ညွှန်းသည်။)
ကြေးခွံဖြူဝံပုလွေနတ်ဘုရားမှာ အားရဝမ်းသာဖြင့် ဗာဂျရာ စိတ်ဝိဉာဉ်ကို လက်ခံလိုက်သည်။ သူသည် အစေခံတစ်ဦးသာ ဖြစ်ပါသော်လည်း အန်လင်းမှာ အဆင့်အတန်း မခွဲခြားပဲ သားရဲတစ်ကောင်လိုပင် ဆက်ဆံပေးသောကြောင့် နှလုံးသား တစ်ခုလုံး နွေးထွေးသွားစေသည်။
အန်လင်း ရှောင်ချိုးအား ကြည့်ရှုလိုက်ပြီးနောက် အနက်ရောင်ချပ်ဝတ်နှင့် အနည်းငယ် ဖောက်ထွင်းမြင်နေရသော အရိုးတစ်ခုကို ထုတ်ယူလိုက်သည်။
"ရှောင်ချိုး ဒါက မဟူရာသလင်းကျောက်ချပ်ဝတ်ပဲ။ မင်းရဲ့ချပ်ဝတ်နဲ့ပေါင်းပြီး အင်မော်တယ်လက်နက်အဆင့်ကို မြှင့်တင်လို့ရတယ်။ ဒါကတော့ သိမ်မွေ့ခြင်းစိတ်ဝိဉာဉ်အရိုးတဲ့။ ဒါကိုစုပ်ယူလိုက်ရင် မင်းရဲ့အရိုးသန်မာကျစ်လစ်မှုကို တိုးတက်စေနိုင်တယ်။"
သူသည် သိမ်မွေ့ခြင်းစိတ်ဝဉာဉ်အရိုးအား ကိုယ်တိုင်သုံးရန် ဆန္ဒရှိခဲ့ပါသော်လည်း စစ်နတ်ဘုရားခန္ဓာ ရှိနေပြီဖြစ်သောကြောင့် ရှောင်ချိုးအတွက် သင့်တော်မည်ဟု ယူဆကာ ပေးအပ်လိုက်ခြင်းပင်။
တစ်ချိန်လုံး စိတ်ဓာတ်ကျနေခဲ့သော ရှောင်ချိုးမှာ လက်ဆောင်နှစ်ခုအား ရရှိလိုက်ပြီးနောက် သွားများကိုဖြီးကာ ရုပ်ဆိုးအကျည်းတန်စွာ ရယ်မောလိုက်သည်။
အန်လင်း၏ လက်ဆောင်တစ်ခုချင်းစီမှာ အဖိုးတန်လွန်းလှပြီး သားရဲတစ်ကောင်ချင်းစီအတွက် အသုံးဝင်သော အရာများ ဖြစ်သည်။ ထိုသည်မှာ တိုက်ဆိုင်မှု မဟုတ်ပဲ အန်လင်းထံတွင် ရတနာများစွာ ရှိနေသောကြောင့် အသေအချာ ရွေးချယ်ပေးအပ်နိုင်ခြင်းဟု ဆိုနိုင်သည်။
ထို့နောက် အန်လင်းသည် ရှောင်ဟုန်အားကြည့်ကာ သိုလှောင်လက်စွပ်ထဲမှ ဓားရှည်တစ်လက်ကို ထုတ်လိုက်သည်။
ဓားတစ်လက်လုံးသည် ရွှေရောင်တောက်ပနေပြီး သိမ်မွေ့နွေးထွေးသော ရောင်ခြည်စက်ဝန်းတစ်ခု ဖြာထွက်ကာ ရွှေရောင်မီးငှက်ငယ် တစ်ကောင်သည် ဓားသွားတလျှောက် လှည့်ပတ်နေလျက် ရှိသည်။ ရေခဲနှင့် မီးလျှံစွမ်းအင်များမှာ ဓားသွားထဲတွင် လည်ပတ်နေပြီး သဟဇာတဖြစ်ကာ မျှခြေညီသော ခံစားချက်ကို ပေးစွမ်းနေသည်။
"ဒါက အလယ်အလတ်အဆင့်ရှိတဲ့ အင်မော်တယ်လက်နက် သူရိန်နတ်မင်းဓားပဲ။ ဒဏ္ဍာရီလာ သားရဲဖြစ်တဲ့ ရွှေမီးငှက်တွေ အနားယူလေ့ရှိတဲ့ ရေခဲတာအိုလေ့လာခြင်း ကျောက်တုံးကနေ လုပ်ထားတာလေ။ ဒီဓားက ယင်းယန်စွမ်းအင်တွေ ပေါင်းစပ်ထားလို့ မင်းရထားတဲ့ ရွှေမီးငှက်ခရမ်းကြယ်စင်အမွေအနှစ်နဲ့လည်း သင့်တော်လိမ့်မယ်။"
ထိုသည်မှာ နှင်းပျိုမဒီ ရို့ကူထံမှ ရရှိထားသော အင်မော်တယ်လက်နက် ဖြစ်သည်။ သူရိန်နတ်မင်းဓားသည် ရေခဲအမျိုးအစား ကျင့်ကြံသူရော၊ မီးအမျိုးအစား ကျင့်ကြံသူပါ ကိုင်ဆောင်နိုင်သော လက်နက်ဖြစ်ပါသော်လည်း ရွှေမီးငှက်တာအိုအား ကျင့်ကြံသော ရှောင်ဟုန်အတွက် ပြီးပြည့်စုံလွန်းသည်။ (ရွှေမီးငှက်သည် နေမှမွေးဖွားလာသောငှက်ဖြစ်သောကြောင့် နေကိုကိုယ်စားပြုသည်ဟု မှတ်ယူနိုင်ပါသည်။)
သားရဲများအားလုံးမှာ အင်မော်တယ်လက်နက်အား ငေးမောကြည့်ရှုကာ တံထွေးမြိုချမိနေကြသည်။
ထိုလက်ဆောင်သည် တန်ဖိုးအကြီးဆုံးပင်။
တာအိုပေါင်းစည်းခြင်း အဆင့်ရှိသော အစစ်အမှန် နတ်ဘုရားများသည်ပင် ထိုသို့သော အင်မော်တယ်လက်နက်အား အလွယ်တကူ ပေးအပ်လိုက်နိုင်မည် မဟုတ်ပေ။
အန်လင်းသည် တီနာကိုလည်း အင်မော်တယ်လက်နက်တစ်ခု ပေးခဲ့သေးသည်။
သခင့်လိုမျိုး မဟာသူဋ္ဌေးကြီးတွေကပဲ ဒါမျိုးပေးနိုင်မှာပေါ့....အထာကျသကွာ.....
"သခင်....ဒါက တန်ဖိုးရှိလွန်းတယ်။ လက်နက်မရှိလည်း ကျွန်မက အဆင်ပြေပါတယ်။"
ရှောင်ဟုန် တွေဝေစွာ ငြင်းပယ်လိုက်သည်။
"ငါလည်း ဒါကိုသုံးစရာ မရှိဘူး။ ဘာပဲဖြစ်ဖြစ် ယူသာယူထားလိုက်။"
အန်လင်း လေးလေးနက်နက် ပြောလိုက်သည်။
"ဒါကရွှေမီးငှက်တွေ အနားယူလေ့ရှိတဲ့ ရေခဲတာအိုလေ့လာခြင်း ကျောက်တုံးကနေ လုပ်ထားတာဆိုတော့ မင်းအတွက် အကျိုးရှိမှာ အသေအချာပဲ။ ဉာဏ်အလင်းတောင် ပွင့်ရင်ပွင့်လာနိုင်တယ်။"
ရှောင်ဟုန်၏ ပန်းပွင့်ဖတ်လေးများပေါ်တွင် ဝတ်ရည်စက်လေးများ ဖြစ်ပေါ်လာသည်။
သူမ ခေါင်းညိတ်ကာ ချိုသာစွာ တုံ့ပြန်လိုက်သည်။
"ကျေးဇူးတင်ပါတယ် သခင်။"
အန်လင်း လက်ခုပ်တီးကာ ပြုံးလိုက်သည်။
"ကောင်းပြီလေ။ အခုတော့ ဒီလောက်ပဲ။ မင်းတို့တစ်ခုခု လိုတာရှိရင် ပြောကြပေါ့။ ငါ့ဆီမှာ မရှိရင်တောင်မှ မင်းတို့အတွက် ဝယ်ပေးနိုင်ပါတယ်။ ငွေရေးကြေးရေးဆိုတာ ခြေသလုံးမွှေးပဲလေ...ဟဲဟဲ....ငါဘယ်လောက် ချမ်းသာလဲဆိုတာ မင်းတို့သိတယ်မလား။"
ထိုစကားကြောင့် သားရဲများအားလုံး ကြည်နူးသွားရသည်။
သခင် ပိုက်ဆံရှိသည်၊ မရှိသည်မှာ အရေးမပါလှပေ။ အရေးကြီးသည်မှာ သခင်ဖြစ်သူ၏ စိတ်စေတနာသာ ဖြစ်သည်။
"အစ်ကိုကြီးအန် အကုန်ရှည်ပါစေဗျာ ဝုတ်။"
တပိုင်မှာ လက်များကို လေထဲမြှောက်ပြီး အောင်ပွဲခံနေသည်။
"သခင် သက်တော်ရာကျော်ရှည်ပါစေ။ ဘုန်းတန်ခိုးတွေ ကြီးထွားပါစေ။"
လန်လေးလည်း ဟစ်ကြွေးလိုက်သည်။
ရွှယ်ကျန်ထျန်း၊ ရှောင်ချိုး၊ တီနာနှင့် ရှောင်ဟုန်တို့မှာလည်း ပျော်ရွှင်စွာ လိုက်အော်လိုက်ကြသည်။
အန်လင်းမှာ သားရဲများကိုကြည့်ရင်း သဘောကျစွာ ပြုံးလိုက်သည်။
"အမ်.....ဆရာ....ကျွန်တော်ရော တစ်ခုခု ရမှာလားဟင်။"
ရှောင်ဇယ်မှာ အန်လင်း၏ အင်္ကျီစအားဆွဲရင်း သနားစဖွယ် မေးလိုက်သည်။
အန်လင်း၏ အမူအရာ ပြောင်းလဲသွားရသည်။
ယီးထဲမှ.....ငါသူ့ကို မေ့နေတာဟ....
"ဟားဟား....အဟားဟား....ရမှာပေါ့ကွ။ အကောင်းဆုံးကို နောက်ဆုံးအတွက် ချန်ထားတာပါ။"
အန်လင်း အဆင်မပြေစွာ ရယ်မောလိုက်သည်။
"တကယ်လား။"
ရှောင်ဇယ်၏ မျက်ဝန်းများ တောက်ပသွားရသည်။
အန်လင်း ခေါင်းညိတ်ကာ ဦးနှောက်အား အလုပ်ပေးရတော့သည်။
အား.....ငါဘာပေးရမလဲ....ဘာပေးရမလဲ....
ရှောင်ဇယ်သည် ရှေးဟောင်းနဂါးမျိုးနွယ်စုမှ ဟင်းလင်းပြင်သို့အပြန် ကျင့်ကြံသူ ဖြစ်သောကြောင့် သူနှင့်သင့်တော်မည့် လက်ဆောင်အား စဉ်းစားရသည်မှာ အကြပ်ရိုက်လွန်းလှသည်။
တော်ဝင်သရဖူ ပေးရမလား.....မဖြစ်သေးဘူး.....အဲ့ဒါကို ငါကြွားဖို့ သိမ်းထားရမယ်.....
အံ့ဖွယ်မီးတောက်ပုတီးစေ့ ဆိုရင်ရော....မဖြစ်နိုင်ဘူး....အဲ့ဒါက ရှောင်လန်ပေးထားတဲ့ လက်ဆောင်လေ....
ကောင်းကင်ဘုံမြူနှင်းဖန်စ.....မရဘူး.....နဂါးမျိုးနွယ်စုတွေက ရေခဲအမျိုးအစား လက်နက်တွေနဲ့ အဆင်မှ မပြေတာ.....
........
အန်လင်း၏ ချီတုံချတုံ ဖြစ်နေသော အမူအရာကြောင့် ရှောင်ဇယ်မှာ မျက်နှာညှိုးသွားသည်။
"ဆရာ့ကြည့်ရတာ မတွေးထားပုံပဲ။"
"မဟုတ်ပါဘူးကွာ။"
အန်လင်း သိုလှောင်လက်စွပ်အား ယူလိုက်သည်။
ချက်ချင်းဆိုသလို ကြီးမားလှသော ဟင်းလင်းပြင်သို့အပြန် အရှိန်အဝါများ ထွက်ပေါ်နေသော အင်မော်တယ် ငါးရှဉ့်အလောင်းကြီး ပေါ်ထွက်လာသည်။
"ဒါကမင်းအတွက်ပဲ။"
ရှောင်ဇယ် ရှုံ့မဲ့သွားရသည်။
"ဆရာ ဒီငါးရှဉ့်က ကျွန်တော့် ရတနာသိုက်ကနေပဲ ယူသွားတာ မဟုတ်ဘူးလား။"
သူသည် ပိုင်ဆိုင်ခဲ့ဖူးသော အရာအား လက်ဆောင်အဖြစ် ပြန်ရလိုက်သလို ခံစားနေရသည်။
အန်လင်း ရယ်မောကာ အကြော်ဒယ်အိုးအား ထုတ်ယူလိုက်သည်။
"ဒီတိုင်းပေးမှာ မဟုတ်ပါဘူး။ မင်းကို ဆရာကိုယ်တိုင် ချက်ပြုတ်ကျွေးမွေးမှာပေါ့။"
ရှောင်ဇယ် အန်လင်းအားကြည့်ကာ ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်လာတော့သည်။
အန်လင်း၏ နွေးထွေးသော အပြုံးကိုကြည့်ကာ အိမ်ကိုလွမ်းမောလာမိသည်။
သူသည် မိသားစုရော၊ သူငယ်ချင်းပါ မရှိပါသော်လည်း ဆရာဖြစ်သူမှာ သူနှင့်အတူ ရှိနေပေးခဲ့သည်။
သားရဲများအားလုံးမှာလည်း ထိုစကားကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။ တပိုင်နှင့် လန်လေးတို့ဆိုလျှင် သွားရေများပင် သုတ်ပစ်နေရလေပြီ။
တကယ့်ကို ကောင်းကင်ဘုံပဲဟေ့.....
ဟင်းလင်းပြင်သို့အပြန် အင်မော်တယ်ငါးရှဉ့်နဲ့ အန်လင်းရဲ့ အကြော်ဒယ်အိုး....
ထိုညတွင် သားရဲများအားလုံး အရသာရှိသော စားသောက်ပွဲကြီးကို ကျင်းပခဲ့ကြသည်။
ရှောင်ဇယ်သည် ပထမတစ်လုပ်နှင့်ပင် မျက်ရည်များ ကျဆင်းလာရသည်။ နှစ်ပေါင်းသောင်းနှင့်ချီ နေထိုင်ခဲ့ပါသော်လည်း ထိုမျှအရသာရှိသော အစားအစာကို မစားခဲ့ရဖူးပေ။
အန်လင်းမှာ ၎င်းတို့အားကြည့်ကာ အပြုံးကြီး ပြုံးနေမိသည်။
ထိုကဲ့သို့ ဘဝမျိုးအား သူလွမ်းဆွတ်နေခဲ့သည်မှာ ကြာမြင့်နေလေပြီ။