သူငယ်ချင်းများ၏စုဝေးပွဲကြီး
Vol. 42 Ch. 587
"အရေးကြီးသတင်း.....အရေးကြီးသတင်း....ကောင်းကင်ဘုံခုံရုံးရဲ့ နံပါတ်တစ် သွားရေစာ 'တပိုင်လျစ်လျူရှုတာကို ခံရတဲ့ အစာသွပ်ပေါက်စီ'တွေ မနက်ဖြန်ကြရင် တဝက်စျေးနဲ့ ရတော့မယ်နော်။"
"အစာသွပ်ပေါက်စီ စုစုပေါင်း အလုံးသုံးထောင်တောင် ရောင်းပေးမှာတဲ့နော်။ ကျောင်းသားတစ်ယောက်ကို အများဆုံး ဆယ်လုံးဝယ်နိုင်မယ်ဟေ့။"
ထိုသတင်းမှာ စုစည်းညီညွတ်ကျင့်ကြံခြင်းကျောင်းတော် တစ်ခုလုံးထံ တောမီးသဖွယ် ပျံ့နှံ့သွားသည်။
"ဘုရားရေ.....တပိုင်လျစ်လျူရှုတာကို ခံရတဲ့ အစာသွပ်ပေါက်စီတွေ မစားရတာ တစ်လလောက်တောင်ရှိပြီ။ တကယ်ကို သတင်းကောင်းပဲ။"
"အလုံးသုံးထောင်တောင် တဝက်စျေးနဲ့ ရောင်းပေးမှာဆိုတော့ အရင်လို အရသာ ရှိပါ့မလား။"
"စားကြည့်မှ သိရမှာပဲလေ။"
"ငါကတော့ စီနီယာကျောင်းသား အန်လင်းကိုယုံတယ်။ သူက ငါတို့စိတ်ပျက်အောင် လုပ်မှာမဟုတ်ဘူး။"
.........
ကျောင်းသားများအားလုံးမှာ ဆွေးနွေးမှုများနှင့် အလုပ်ရှုပ်နေကြပါသော်လည်း အန်လင်းမှာ အေးအေးလူလူ အတန်းတက်နေသည်။
ကျောင်းသားဘဝသည် သူ့အား အမှန်တကယ်ပင် သက်တောင့်သက်သာ ဖြစ်စေသည်။
အဖြူရောင် ပန်းပွင့်သဏ္ဍာန် ဝတ်စုံအား ဆင်မြန်ထားသော နတ်သမီးငယ်လေးမှာလည်း အန်လင်း၏ ပုခုံးပေါ်တွင် ရှိနေကာ မြစိမ်းရောင် မျက်ဝန်းများဖြင့် ဟိုဟိုသည်သည် လိုက်လံငေးမောနေသည်။
အတန်းထဲသို့ သူမ စတင်ရောက်ရှိလာချိန်က သေးငယ်ပြီး ချစ်စဖွယ်ကောင်းပါသော်လည်း ပြီးပြည့်စုံလွန်းလှသော အသွင်အပြင်ကြောင့် အားလုံး၏ အာရုံကို ဖမ်းယူလိုက်နိုင်သည်။
အချို့သော ကျောင်းသားများဆိုလျှင် ဆရာမကိုပင် ဂရုမစိုက်ပဲ နတ်သမီးငယ်လေးကိုသာ ခဏခဏ လှည့်ကြည့်နေကြသည်။
အန်လင်းသည် အာရုံစိုက်ခံရခြင်းအား မနှစ်သက်ပါသော်လည်း တီနာမှာ စူးစမ်းလေ့လာလိုစိတ် ပြင်းပြနေသောကြောင့် ဒုကျောင်းအုပ် ယွီဟွားထံမှ ခွင့်ပြုချက်တောင်းကာ ခေါ်ဆောင်လာခဲ့ရသည်။
ယနေ့ သင်ခန်းစာသည် ဆေးလုံးသန့်စင်ခြင်းဖြစ်ပြီး သင်ကြားပေးသူမှာ ကိုးပြည်ထောင်တွင် ကျော်ကြားလွန်းလှသော ဆေးဆရာ ရဲ့ကျား ဖြစ်သည်။
ရှောင်လန်သည် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ဆေးဆရာတစ်ဦး ဖြစ်နေပြီဖြစ်ကာ ဆေးဆရာ ရဲ့ကျားနှင့် အဆင့်ချင်း ယှဉ်နိုင်နေပြီ ဖြစ်သောကြောင့် အတန်းတက်စရာ မလိုအပ်တော့ပေ။
သူမသာ အလိုရှိပါက စုစည်းညီညွတ်ကျင့်ကြံခြင်းကျောင်းတော်တွင် ဆရာမတစ်ဦးပင် လုပ်နိုင်နေပြီဟု ဆိုနိုင်သည်။
တီနာသည် သင်ခန်းစာအား စိတ်ဝင်တစား လေ့လာနေသည်။ သူမသည် ဆေးလုံးသန့်စင်ခြင်းနှင့် ပက်သတ်၍ ယခုကဲ့သို့ စနစ်တကျ မသင်ယူခဲ့ရဖူးပေ။ ဆေးဆရာ ရဲ့ကျား၏ ပို့ချခြင်းများမှာ ကမ္ဘာသစ်တစ်ခု ဖွင့်ပေးလိုက်သလို ဖြစ်နေသောကြောင့် တီနာ၏ မြစိမ်းရောင် မျက်ဝန်းလေးများမှာ မျက်တောင်ခတ်ရန်ပင် မေ့လျော့နေပုံ ရသည်။
ဆေးဆရာ ရဲ့ကျား လက်တွေ့ပြသခြင်းကို လိုက်လံသရုပ်ဖော်ရန် မြင့်မြတ်မီးတောက်ဖြူကိုပင် မကြာခဏ အသုံးပြုနေပြီး သူမကို ကြည့်ရသည်မှာ အန်လင်းထက်ပင်ပို၍ သင်ခန်းစာထဲ နစ်ဝင်နေလေသည်။
အန်လင်းသည် ဆေးလုံးသန့်စင်ရာတွင် ငချွတ်အဆင့်သာ ရှိသေးသည်။ သူသည် မီးဝိဇ္ဇာအဆင့်၏ အထွဋ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ပါသော်လည်း အကြော်ဒယ်အိုးအား ရရှိခဲ့ပြီးနောက် အဆင့်တက်ရန် တွေးဖြစ်ခဲ့သည်။ အင်မော်တယ်ကမ္ဘာ၏ ကြော်ချက်ခြင်းနှင့် ဆေးလုံးသန့်စင်ခြင်းတို့တွင် ဆင်တူသော အရာများစွာ ရှိသည်။ ဟင်းချက်ရာတွင် အမွှေးအကြိုင်၊ အရသာများကို သဟဇာတဖြစ်အောင် ပြုလုပ်ရသကဲ့သို့ ဆေးလုံးသန့်စင်ရာတွင်လည်း ဆေးရွက်ဆေးမြစ်များထံမှ လိုအပ်သော အဆီအနှစ်များကို အပိုအလို မရှိအောင် ထုတ်ဖော်ရပေသည်။
သူသည် အချက်အပြုတ်နတ်ဘုရား ဖြစ်သောကြောင့် အယူအဆဆိုင်ရာ ဗဟုသုတများကို အခြားသူများထက် သိရှိထားသည်။
အတန်းချိန်များ ပြီးသွားသည်နှင့် စုချန်းရန်၊ လောင်ကျိပင်၊ ကျုံးရုံရန်နှင့် မုန့်ထျန်းတို့မှာ အန်လင်းအနား ရောက်ရှိလာပြီး တီနာအားကြည့်ကာ စိတ်ဝင်စားစွာဖြင့် မေးခွန်းများ မေးမြန်းကြတော့သည်။
တီနာသည် ဘီလူးများစွာ ဝိုင်းရံထားသည်ကို မကြုံတွေ့ဖူးသောကြောင့် အန်လင်း၏ ဆံပင်ပေါ် ခုန်တက်ကာ ရှက်ရွံ့စွာ ပုန်းနေလိုက်သည်။
အဆုံးတွင်မူ ဘုန်းကြီးကျောင်းသားဟု ထင်မှတ်ရလောက်အောင် နူးညံ့ညင်သာလေ့ရှိသော ရွှမ်းယွမ်ချန်မှာ လူစုအား ခွဲလိုက်ပြီးနောက် အားလုံး၏ မေးခွန်းများကို စစ်တမ်းကောက်ယူကာ ကိုယ်စားပြု မေးမြန်းပေးလိုက်သည်။
အစ်ကိုကြီးချန်သည် အခြားသူများထက်ပင် စိတ်လှုပ်ရှားနေသည်ကို အန်လင်း သတိပြုမိလိုက်ပြီးနောက် တီနာနှင့် စတင်တွေ့ဆုံခဲ့ပုံအား ပြန်လည်အမှတ်ရမိသွားသည်။
အင်တာဗျူး အစီအစဉ်မှာ နေ့လည်မှသာ ပြီးစီးသွားခဲ့လေသည်။
တီနာသည် ဗဟုသုတများစွာ ရရှိလိုက်သလို ခံစားမိသောကြောင့် နောက်နေ့များတွင်လည်း အန်လင်းနှင့်အတူ အတန်းတက်ရန် ဆုံးဖြတ်လိုက်သည်။
ဟင်းလင်းပြင်သို့အပြန် အဆင့်ရှိသော နတ်သမီးငယ်လေးသည် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ဆရာများကြားမှ ပြန်လည်သင်ယူနေသည်ကိုတွေးကာ အန်လင်း ကြောင်အမ်းအမ်း ဖြစ်သွားရသည်။
မည်သို့ပင်ဆိုစေကာမူ စွမ်းရည်တစ်ခုချင်းစီသည် ထူးခြားသောကြောင့် အမြဲလိုလို သင်ယူစရာ ရှိနေစမြဲပင်။
ယနေ့ညတွင် အန်လင်း၏ ကျောင်းသားဆောင်၌ စားသောက်ပွဲကြီး ကျင်းပမည် ဖြစ်သည်။
ရှေးဟောင်းထိုက်ချူးကုန်းမြေမှ ပြန်ရောက်ကာ မစ်ရှင်အား အောင်အောင်မြင်မြင် အပြီးသတ်နိုင်ခဲ့သောကြောင့် သူငယ်ချင်းများအားလုံးကို ဖိတ်ကြားကာ အောင်ပွဲခံရန် စီစဉ်ထားပေသည်။
အန်လင်းနှင့် စုရှောင်လန်တို့သည့် အိုးပူလေး လုပ်စားရန် ပြင်ဆင်ထားကြသည်။
(အိုးပူလေး=ဟော့ပေါ့)
အကြော်ဒယ်အိုး၏ အရသာတိုးစေသော စွမ်းရည်သည် အိုးပူလေးပေါ်တွင်လည်း အလုပ်ဖြစ်သောကြောင့် အရသာ မရှိမည်ကို စိတ်ပူနေစရာ မလိုအပ်ပေ။
ရွှမ်းယွမ်ချန်၊ စုချန်းရန်၊ ထန်းရှီမန်၊ လျှိုချင်းဟွမ်၊ ယောင်မင်ရှီ၊ ဟုကွမ်း၊ ယောင်ရှိုးနှင့် လျှိုတပေါင်တို့အားလုံး အန်လင်း၏ ကျောင်းသားဆောင်သို့ ရောက်ရှိလာကြပြီးနောက် ဆီးကြိုနေသော မြင်ကွင်းကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားကြရသည်။
"ဝိုး.....ချစ်စရာကောင်းလိုက်တဲ့ မြူနှင်းဝိဉာဉ်သားရဲလေးပါလား။"
စုချန်းရန်၏ မျက်ဝန်းများမှာ တလက်လက် တောက်ပနေသည်။
သူမသည် မင်းသမီးတစ်ပါး၏ အပြုအမူများကို မေ့လျော့သွားကာ ရွှယ်ကျန်ထျန်းဆီ ခုန်ဝင်သွားသည်။
"ပိုရိုကြီးပါလား။ အကောင်ကြီးရုံတင် မကဘူး။ အတောင်တွေလည်း ပါသေးတယ်။"
လျှိုချင်းဟွမ်လည်း ရွှယ်ကျန်ထျန်းရှေ့ ရောက်ရှိလာကာ ကူကယ်ရာမဲ့စွာ ပွတ်သပ်ပေးလိုက်သည်။
ယောင်ရှိုးနှင့် မုန့်ထျန်းတို့မှာလည်း မဆိုင်းမတွ ရောက်ရှိလာကြသည်။
"ရူးနေတဲ့ မိန်းမတွေ....အခုချက်ချင်း ငါ့ကိုလွှတ်ပေးစမ်း။ မင်းတို့သာ သခင်ရဲ့ သူငယ်ချင်းတွေ မဟုတ်ရင် ငါဆော်ထည့်လိုက်တာကြာပြီ။"
ရွှယ်ကျန်ထျန်း၏ လုံးဝန်းသော ခန္ဓာကိုယ်လေးမှာ ဝိုင်းကိုင်နေသော လက်ပေါင်းများစွာကြောင့် ပုံစံအမျိုးမျိုး ပြောင်းနေရသည်။
"ပိုရို ပိုရို.....ငါက Luxပါ။ ငါနင့်ကို စုချန်းရန်ဆီ ပစ်ပေးလိုက်ရင် နင်ငါ့ကို သူမဆီ ဆွဲခေါ်သွားနိုင်လား။"
လျှိုချင်းဟွမ် ရယ်မောကာ မေးလိုက်သည်။
ရွှယ်ကျန်ထျန်း: "......."
အန်လင်းမှာ မျက်နှာအား လက်ဖြင့်အုပ်ထားလိုက်သည်။
လျှိုချင်းဟွမ်က စိတ်ကူးယဉ် ဂိမ်းကမ္ဘာထဲ ရောက်နေပြန်ပြီပဲ....ဒါပေမယ့် သေချာကြည့်ရင် ရွှယ်ကျန်ထျန်းက League of Valorက ပိုရိုနဲ့ တော်တော်လေး ဆင်တယ်ဟ.....
ထို့နောက် သူ့အား မီးဝင်းဝင်းတောက်နေသော မျက်ဝန်းများဖြင့် ကြည့်ရှုနေသည့် ယောက်ျားတသိုက်ကို တွေ့လိုက်ရပြန်သည်။
ထန်းရှီမန် အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
"မင်းကငါ့ရဲ့ စိတ်ကူးယဉ် အိမ်မက်တွေကို ဖြည့်ဆည်းပေးလိုက်တာပဲ။"
လျှိုတပေါင် စကားဆိုလိုက်သည်။
"မင်းကသေးလွန်းနေတာ နှမြောစရာပဲ။"
"အဲ့လိုမပြောနဲ့......ရှက်သွားဦးမယ်။"
ယောင်မင်ရှီ ဝင်ထောက်လိုက်သည်။
အန်လင်း: "......"
၎င်းတို့သည် သူ၏ပုခုံးထက်တွင် ရှိနေသော တီနာအား ကြည့်ရှုနေကြခြင်း ဖြစ်သည်။
တီနာ၏ အလှအပသည် လနတ်ဘုရားမ ချန်အယ်ကိုပင် ယှဉ်နိုင်ပြီး နတ်သမီးငယ်လေးများတွင်သာ ရှိနိုင်သော ချစ်စဖွယ် ပုံစံကိုလည်း ပိုင်ဆိုင်ထားသောကြောင့် ထိုသို့တုံ့ပြန်လာကြသည်မှာ မထူးဆန်းပေ။
အန်လင်းသည် တပည့်ဖြစ်သူ ရှောင်ဇယ်နှင့် အားလုံးကို မိတ်ဆက်ပေးလိုက်သည်။
ရှောင်ဇယ်သည် ရှေးဟောင်းနဂါးမျိုးနွယ်စုမှ ဟင်းလင်းပြင်သို့အပြန် ကျင့်ကြံသူဖြစ်ကြောင်း ကြားသိလိုက်ရသောအခါ နေ့စဉ်ခံစားရလေ့ရှိသော အံ့သြခြင်းဆေးတော်ကြီး သောက်သုံးရမည့် အချိန်ဖြစ်ကြောင်း အားလုံးနားလည်လိုက်ကြသည်။
ကံကောင်းထောက်မစွာဖြင့် ၎င်းတို့သည် အန်လင်း၏ ကျေးဇူးကြောင့် ဆေးတော်ကြီးအား အချိန်မှန် သောက်သုံးနေရသဖြင့် ခံနိုင်ရည်အားများ မြင့်တက်လာပြီဖြစ်ကာ မကြာမီပင် ပြန်လည်တည်ငြိမ်ပြီး အိုးပူလေးအား သုံးဆောင်လိုက်နိုင်သည်။
စားသောက်ပွဲအတွင်း အားလုံးမှာ ၎င်းတို့၏ မျှော်လင့်ချက်နှင့် အိမ်မက်များအကြောင်း ဆွေးနွေးဖြစ်ကြသည်။
ထန်းရှီမင်သည် ကျောင်းမပြီးခင် ကိုယ်ပိုင်နယ်ပယ် ရရမည်ဟု ဆုံးဖြတ်ထားသည်။
သူသည် အားလုံးထက် ညံ့ဖျင်းသည်ဟု ခံစားရသောကြောင့် မျက်ရည်များ စီးကျလာရသည်။ စင်စစ်တွင်မူ သာမန်ကျောင်းသားတစ်ယောက်အတွက် သူ၏ကျင့်ကြံရေးမှာ အဆင်ပြေနေပါသော်လည်း အလွန်ထူးချွန်သော ကျောင်းသားများနှင့် ပေါင်းသင်းဆက်ဆံနေရသောအခါ များပြားလှသော စိတ်ဖိအားများကို ခံစားမိစေသည်။
လျှိုချင်းဟွမ်သည် ကျောင်းပြီးသွားပါက အိမ်ပြန်ရမည်လား သို့မဟုတ် ကောင်းကင်ဘုံခုံရုံး၌သာ ဆက်လက်နေထိုင်ရမည်လားကို မဆုံးဖြတ်ရသေးပေ။ သူမထံတွင် ကမ္ဘာမြေသို့ဆင်းကာ ဂိမ်းဝါသနာရှင် တစ်ယောက်အဖြစ် ရပ်တည်လိုသော အိမ်မက်လည်းရှိသည်။
ရွှမ်းယွမ်ချန်သည် သူ၏ဂိုဏ်းအား တိုးတက်စေချင်စိတ်ရှိပြီး စုချန်းရန်ကမူ နှစ်ငါးရာအကြာတွင် မြူနှင်းဝိဉာဉ်သားရဲတစ်ကောင်အား ဖမ်းမိရမည်ဟု ဆိုလာသည်။ လျှိုတပေါင်၏ အိမ်မက်သည် တစ်နေ့နေ့တွင် အသားများ ပြန်ဖြူလာရန် ဖြစ်သည်။
အားလုံးမှာ စားရင်းသောက်ရင်းနှင့်ပင် စိတ်ထဲတွင် ရှိနေသော အကြောင်းအရာများအား ပေါ့ပေါ့ပါးပါး ပြောဖြစ်ခဲ့ကြသည်။
နောင်နှစ်ပေါင်းများစွာ ကြာမြင့်သွားပြီးနောက် ယနေ့ညအား ပြန်လည်တွေးတောမိသောအခါ ရိုးရှင်းလှသော စိတ်ကူးယဉ်အိမ်မက်များကို စဉ်းစားရင်း ဘဝ၏ တန်ဖိုးအရှိဆုံး အချိန်တစ်ခုအဖြစ် အမှတ်ရကောင်း ရနေမိလိမ့်မည်ပင် ဖြစ်တော့သည်။