ငါကပြိုက်ဘက်ကင်းပဲ
Vol. 42 Ch. 588
နောက်တစ်နေ့၌......
တပိုင်၏ လျစ်လျူရှုခြင်း ခံရသော အစာသွပ်ပေါက်စီ အလုံးသုံးထောင်လုံး ရောင်းကုန်သွားခဲ့သည်။
အစာသွပ်ပေါက်စီ မရောင်းချသည်မှာ ကြာမြင့်နေပြီ ဖြစ်သောကြောင့် အလွန်အမင်း တောင့်တနေသူများ ရှိသလို စျေးမချထားသော ပုံမှန်အချိန်မျိုးတွင် ဝယ်မစားနိုင်သော ကျောင်းသားများလည်း ရှိသည်။ မည်သို့ပင်ဆိုစေကာမူ အစာသွပ်ပေါက်စီ၏စျေးအား တဝက်ခန့် ချပေးလိုက်သောအခါ ကျောင်းသားများအားလုံး အလုအယက် လာရောက်ဝယ်ယူကြသောကြောင့် တပိုင်၏ လျစ်လျူရှုခြင်း ခံရသော အစာသွပ်ပေါက်စီများမှာ နှစ်နာရီ မပြည့်သော အချိန်အတွင်းမှာပင် ရောင်းကုန်သွားခဲ့လေသည်။
အန်လင်းသည်လည်း အစာသွပ်ပေါက်စီများ ရောင်းချရုံမျှဖြင့် တစ်ရက်တည်း စိတ်ဝိဉာဉ်ကျောက်တုံး တစ်သန်းခွဲ ရှာနိုင်သော စံချိန်သစ်တင်သွားသည်။
ထိုအစာသွပ်ပေါက်စီများအား ရှေးဟောင်းထိုက်ချူးကုန်းမြေတွင် ရှိစဉ်က လုပ်ထားခဲ့ခြင်းဖြစ်ပြီး သိုလှောင်လက်စွပ်အတွင်း သိမ်းဆည်းထားခဲ့သည်။ အားကိုးရသော အကြော်ဒယ်အိုး ရှိနေသောကြောင့် သူ၏ပိုင်ဆိုင်မှုများမှာ ရပ်တန့်သွားခြင်း မရှိပဲ တိုးလို့သာလာသည်။
ထိုနေ့တွင်လည်း တီနာ၏ သိလိုစိတ်နှင့် ဗဟုသုတ ရှာမှီးလိုစိတ်များကို ဖြည့်ဆည်းပေးရန် အန်လင်းမှာ သူမအား အတန်းထဲ ခေါ်သွားရပြန်သည်။
ရှောင်ဇယ်သည် နေရာအသစ်နှင့် အသားကျစေရန် ထိုက်ချူကုန်းမြေ၏ ဒဏ္ဍာရီသမိုင်းအား ဖတ်ရှုလေ့လာလျက် ရှိသည်။
ရွှယ်ကျန်ထျန်းနှင့် ကြေးခွံဖြူဝံပုလွေနတ်ဘုရားတို့ နှစ်ဦးလုံးသည် ရှေးဟောင်းလူသားဘာသာစကားကို ကျွမ်းကျင်တတ်မြောက်ကြသောကြောင့် ခင်မင်ရင်းနှီးလွယ်ကာ အတူတကွ ကျင့်ကြံကြသည်။
ကောင်းကင်ဘုံခုံရုံးတွင် ကျင့်ကြံရေးအတွက် အလွန်ကောင်းမွန်သင့်လျော်သော ပတ်ဝန်းကျင် ရှိနေသောကြောင့် မည်သည့်သားရဲကမှ ၎င်းတို့၏ အချိန်အား အလဟဿ မဖြုန်းတီးပစ်ကြပေ။
အန်လင်းမှာ အတန်းတက်ပြီးနောက် စစ်နတ်ဘုရား စနစ်၏ မစ်ရှင်အား ဖြည့်တင်းရန် ဆုံးဖြတ်လိုက်သည်။
ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် တစ်ခုအား စုပ်ယူရန် အချိန်တစ်နာရီခန့် ကြာမြင့်မည် ဖြစ်သောကြောင့် စုစုပေါင်း အချိန်အား တွက်ဆကာ ခွင့်လေးရက် ကြိုတင်လာခဲ့သည်။
...........
စုစည်းညီညွတ်ကျင့်ကြံခြင်းကျောင်းတော်၏ တောင်ထိပ်တစ်ခုပေါ်၌.....
တီနာသည် ပြင်ပကမ္ဘာနှင့် ခြားနားထားသော အဖြူရောင် အလင်းစက်ဝန်း တစ်ခုကို ဖန်တီးလိုက်သည်။
အန်လင်းမှာ ဘေးတွင်ရှိနေသော ကျောက်စိမ်းရောင် ဝတ်စုံနှင့် မိန်းမငယ်လေးအား ပြုံးကာပြောလိုက်သည်။
"ရှောင်လန်...ဒါက စုစည်းညီညွတ်ကျင့်ကြံခြင်းကျောင်းတော်ထဲမှာပါပဲကွာ။ ကို့ကို ကာကွယ်ဖို့ တီနာလည်း ရှိနေတယ်လေ။ မင်းစိတ်ပူစရာ မလိုပါဘူး။"
စုရှောင်လန်သည် ကျောက်ဆောင်တစ်ခုပေါ်ထိုင်ကာ အဝေးတွင် ရှိနေသော တောင်တန်းများအား ငေးမောကြည့်ရှုလိုက်သည်။ ညင်သာစွာ တိုက်ခတ်နေသော လေပြေများနှင့်အတူ သူမ၏ ဆံနွယ်များ တလွင့်လွင့် ပျံဝဲနေသောကြောင့် ထိုမြင်ကွင်းမှာ ပန်းချီတစ်ချပ်အလား ရင်သက်ရှုမောဖွယ် ကောင်းနေပေသည်။
သူမ ဓားကိုချကာ ခပ်ဖွဖွ ပြုံးလိုက်သည်။
"ငါကအခုမှ ဒီကိုရောက်တာလေ။ နင်ကငါ့ကို နှင်ထုတ်ချင်နေပြီလား။"
အန်လင်း အလျင်အမြန် လက်ခါပြလိုက်သည်။
"မဟုတ်ပါဘူး......မင်းအချိန်ကုန်မှာ စိုးရိမ်လို့ပါ။"
"အချိန်မကုန်ပါဘူး။ ငါ့ဘာသာ သိချင်လို့ လာခဲ့တာပဲဟာ။"
စုရှောင်လန်၏ မျက်ဝန်းများတွင် အန္တရာယ် အရိပ်အယောင်များ ဖျတ်ခနဲ လက်သွားပြီးနောက် ရွှေရောင်ရုပ်ထုအား ညွှန်ပြလိုက်သည်။
"ငါ့ကိုရှင်းပြစမ်းပါ။ အဲ့ဒါကဘာလဲ။"
သေပြီဆရာ......
အန်လင်း နဖူးပေါ်မှ ချွေးစများအား ပွတ်ထုတ်လိုက်ရသည်။ သူသည် ရှောင်ဇယ် ပြုလုပ်ထားသော နဂါးမင်းသမီး ရုပ်ထုထံမှ ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်များ စုပ်ယူတော့မည့် အချိန်မှာပင် စုရှောင်လန် ရောက်ရှိလာခြင်း ဖြစ်သည်။
တလောကလုံးတွင် အပြစ်အကင်းစင်ဆုံး ထင်ရလောက်အောင် ဖြူစင်ရိုးသားသော မျက်ဝန်းများဖြင့် စုရှောင်လန်အား ကြည့်ရှုလိုက်သည်။
"ဒါက ကို့တပည့် လုပ်ထားတာပါကွာ။ ကို့မှာအဲ့လို စိတ်စွဲလမ်းမှုမျိုး မရှိပါဘူး။ တီနာ သက်သေထူပေးနိုင်ပါတယ်။"
"ဘီလူးအန်လင်းပြောတာ အမှန်ပဲ။"
တီနာ အတည်ပြုပေးလိုက်သည်။
"ကောင်းပြီလေ။ နင့်ကိုယုံပေးလိုက်မယ်။ ကိုယ့်ဘာသာ လုပ်စရာရှိတာလုပ်လေ။ ငါက နည်းနည်းလောက် နေပြီးရင် ပြန်တော့မှာ။"
စုရှောင်လန် နှုတ်ခမ်းအားကိုက်ကာ ပြောလိုက်သည်။
သူမအား ကြည့်ရသည်မှာ ဒေါသထွက်နေပုံ မပေါက်သောကြောင့် အန်လင်း သက်ပြင်းချကာ ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်ထဲမှ စွမ်းအင်များ စုပ်ယူရန် ကျင့်ကြံရေးနည်းစနစ်ကို စတင်လိုက်သည်။
အချိန်မှာ ဖြည်းညင်းစွာ ကုန်ဆုံးနေပြီး ထူးထူးခြားခြား အကြောင်းကိစ္စများ မရှိခဲ့ပေ။
အန်လင်း၏ သူငယ်ချင်း အချို့သည် သားရဲများထံမှ ကျင့်ကြံရေး လုပ်နေကြောင်း ကြားသိရပြီးနောက် ခဏတဖြုတ် လာရောက်လည်ပတ်ကြပါသော်လည်း မကြာမီပင် ပြန်လည်ထွက်ခွာသွားကြသည်။
အန်လင်း၏ ခန္ဓာကိုယ်သည် ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် စွမ်းအင်များအား အလွန်အမင်း ဆာလောင်ငတ်မွတ်နေသော တွင်းနက်ကြီး တစ်ခုလို မမောမပမ်း စုပ်ယူပစ်နေသည်။
လေးရက်မြောက်ညတွင် စုစည်းညီညွတ်ကျင့်ကြံခြင်းကျောင်းတော်၏ တောင်ထိပ်တစ်ခုပေါ်မှ ရောင်စဉ်ကိုးသွယ် ဖြာထွက်လာခဲ့သည်။
မြေပြင်တစ်ခုလုံးလည်း တုန်ခါလာသောကြောင့် ကျောင်းသားများမှာ အထိတ်တလန့်ဖြင့် ကောင်းကင်ထက်ရှိ ရောင်စဉ်များအား ငေးမောကြည့်ရှုမိကြသည်။
အနီရောင် မီးတောက်ငါးသွယ်၊ ရွှေရောင်အလင်းတစ်သွယ်၊ အပြာရောင်လှိုင်းများ၊ အစိမ်းရောင် သက်ရှိစွမ်းအင်များနှင့် အဝါရောင်မြေဓာတ်စွမ်းအင်ရောင်စဉ်တို့မှာ မျက်စိကျိန်းလောက်အောင် တောက်ပနေပြီးနောက် အောက်သို့ပြန်ဆင်းသွားကြသည်။
လေနှင့်အလင်းတို့ တစ်ခုနှင့်တစ်ခု လှည့်ပတ်နေကြသည်မှာ အလင်းနှင့်အမှောင်တို့ စည်းချက်ညီစွာ လှည့်လည်နေသည့်အလား မျှခြေတစ်ခုကို ဖြစ်လာစေသည်။
ကျောင်းသားများသာမက ဆရာ၊ ဆရာမများကပါ ကြောက်လန့်ကုန်ကြရသည်။
၎င်းတို့သည် ကြောက်မက်ဖွယ် အရှိန်အဝါများ ထွက်ပေါ်နေသော နေရာသို့ အလျင်အမြန် ပျံဝဲသွားကြသည်။ အနီးသို့ ရောက်လာသည်နှင့်အမျှ ထိုအရှိန်အဝါသည် မည်မျှပင် အားကောင်းလွန်းလှကြောင်း ပိုမိုသိရှိလာရသည်။
ဆရာများမှာ ရောင်စင်တန်းများကိုကြည့်ရင်း တစ်ဦးနှင့်တစ်ဦး စကားပြောနေကြသည်။
"ဒီအရှိန်အဝါက အရမ်းကြောက်စရာကောင်းတာပဲ။ ကျင့်စဉ်နည်းစနစ်လား ဒါမှမဟုတ် အံ့ဖွယ်စွမ်းရည်များလား။"
"ဟူး.....ဘယ်သူများလဲ မသိဘူးနော်။ ငါတို့ကျောင်းမှာ လာပြီးမကျင့်ကြံခင် အသိလေးဘာလေးတော့ ပေးထားသင့်တာပေါ့။ အခုလို ရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန်မှတော့ ငါတို့ဘယ်လိုလုပ် အိပ်ရတော့မှာလဲ။"
"ကျောင်းအုပ်ကြီး ပြန်ရောက်လာတာများလား။"
"အာ.....ဘယ်သူလဲဆိုတာ ငါသိတယ်ထင်တယ်။"
ဖက်ရှင်ကျစွာ ဝတ်စားထားသော အမျိုးသမီး တစ်ဦးသည် စာအုပ်ပျံတစ်ခုကို စီးနင်းကာ အနီရောင် မျက်မှန်ကိုင်းအား ပင့်တင်လိုက်သည်။
ကျောင်းသားတစ်ဦးသည် ကျင့်ကြံရေးအတွက်ဟုဆိုကာ ခွင့်လေးရက် တင်သွားခဲ့သည် မဟုတ်လော။
"အဲ့ဒါဘယ်သူလဲ ဆရာမယွဲ့ရင်။"
အခြားဆရာတစ်ဦးမှ မေးမြန်းလိုက်သည်။
"အန်လင်းလေ။"
ဆရာမ ယွဲ့ရင် တုံ့ပြန်လိုက်သည်။
ဆရာ၊ ဆရာမများအားလုံး: "........."
"ဘုရားရေ.....ထပ်ပြီးတော့ သူပဲလား။"
"ဒါပေမယ့် အဓိပ္ပါယ်တော့ ရှိပါတယ်။"
ရောင်စဉ်ကိုးသွယ် ပတ်လည်ဝိုင်းနေသော အလယ်ဗဟိုအား အဖြူရောင် အလင်းစက်ဝန်း တစ်ခုမှ ကာကွယ်ပေးထားသည်။
မကြာမီတွင် အလင်းတန်းများ ပျောက်ကွယ်သွားပါသော်လည်း အဖြူရောင် အလင်းစက်ဝန်းထဲရှိ ပုံရိပ်မှာ ကြောက်မက်ဖွယ် အရှိန်အဝါများကို ထုတ်လွှတ်နေဆဲပင်။
မည်သူမှ မသိလိုက်ခင်မှာပင် အန်လင်းသည် အဖြူရောင် အလင်းစက်ဝန်းထဲမှ ထွက်ခွာလာခဲ့သည်။ သူ၏နဖူးထက်တွင် ရှေးဟောင်းရွှေရောင် အမှတ်အသားတစ်ခု ထင်ဟပ်နေလေသည်။
အန်လင်းသည် ကောင်းကင်နှင့်မြေပြင်ကို အုပ်စိုးသူအလား တော်ဝင်အရောင်အဝါများ ဖြာထွက်နေသည်ကို ကျောင်းသားများနှင့် ဆရာများအားလုံး ခံစားမိလိုက်ကြသည်။
ရွှယ်ကျန်ထျန်းမှာ မြေပြင်ပေါ်သို့ဆင်းကာ ဒူးထောက်လိုက်သည်။
အန်လင်း၏ တော်ဝင်အရောင်အဝါထဲတွင် ထာဝရ ဖြစ်တည်သော အမတ အရှိန်အဝါများပါ ပါဝင်နေသောကြောင့် ရှောင်ဇယ်သည်ပင် အံ့အားသင့်သွားရသည်။
အန်လင်း စိတ်ကျေနပ်စွာ ပြုံးလိုက်သည်။
"ငါကပြိုင်ဘက်ကင်းပဲ။"
သူသည် အနီးတွင် ရှိနေသော စုရှောင်လန်အား ကြည့်ကာပြောလိုက်သည်။
"ရှောင်လန်.....ကို့ကိုခုတ်။"
ဝှစ်.....
စုရှောင်လန်မှာ ဓားအားဆွဲထုတ်လိုက်သည်နှင့် မီးပင်လယ်တစ်ခု ဖြစ်ပေါ်လာသည်။
ရွှေရောင်ဓားပုံရိပ်သည် အရာအားလုံးကို လောင်ကျွမ်းပစ်နိုင်သော စွမ်းအင်များနှင့် ကောင်းကင်နှင့်မြေပြင်အား ဖြိုခွဲကာ အန်လင်းထံ ကျဆင်းလာတော့သည်။
ဗာမီလီယမ်ငှက်၏ စွမ်းအင်များ ပါဝင်နေသော ဓားပုံရိပ်သည် မျက်စိကျိန်းလောက်အောင် ပူပြင်းတောက်ပနေပြီး တစ်ကီလိုမီတာ အတွင်းရှိ သစ်ပင်များကို ပြာချပစ်လိုက်သည်။
အန်လင်းမှာ ကြောက်မက်ဖွယ် ဓားပုံရိပ်အားကြည့်ကာ မျက်မှောင်ကျုံ့သွားရသည်။
သူ၏ခန္ဓာကိုယ်သည် ရွှေရောင်မီးလျှံများ၏ လွှမ်းခြုံမှုကို ခံလိုက်ရပြီး အနောက်တွင် ရှိနေသော တောင်တန်းမှာလည်း နှစ်ခြမ်းဖြစ်သွားသည်။
"ဝါး....."
အားလုံးမှာ အံ့အားတကြီး ဖြစ်နေမိကြသည်။
တော်တော်ကြောက်စရာကောင်းတဲ့ ဓားပုံရိပ်ပဲ......ယီးထဲမှ သူမက အန်လင်းကို သတ်ပစ်မလို့လားဟ.....
"အချစ်ကို ဖော်ပြတဲ့ နည်းလမ်းကလည်း ဆန်းကြယ်လိုက်တာနော်။"
မြေကမ္ဘာအင်မော်တယ် ချန်းချင်မှာ တုန်လှုပ်စွာပြုံးရင်း နဖူးထက်မှ ချွေးစေများကို ပွတ်ထုတ်လိုက်မိသည်။
"ကျောင်းသားအန်လင်း သေသွားမှာကိုပဲ ပိုစိတ်ပူမိတယ်။"
ဓားအင်မော်တယ် လင်းရှောင်မှာ တိုးညင်းစွာ ရေရွတ်လိုက်သည်။
ရွှယ်ကျန်ထျန်းလည်း ထိတ်လန့်သွားရသည်။
"ကိုယ့်ရှူးကိုယ်ပက်တာပဲ သခင်ကတော့။ အဆင့်တက်တိုင်း သူများတွေနဲ့ချဖို့ လိုက်လိုက်ပြောနေတာ။ အခုတော့ ထိပြီလား။"
အဝေးတွင် ရှိနေသော ဒုကျောင်းအုပ် ယွီဟွားမှာ ဖြည်းညင်းစွာ ပြိုကျသွားသော တောင်တန်းကြီးအား ကြည့်ရှူပြီးနောက် ရင်ဘတ်တစ်ခုလုံး နာကျင်သွားရသည်။
ပတ်ဝန်းကျင် ထိမ်းသိမ်းစောင့်ရှောက်ရေး စည်းမျဉ်းတစ်ခုအား ထုတ်ပြန်ထားသင့်သည်ဟု ခံစားလိုက်မိသည်။ ထိုသို့မဟုတ်ပါက ဦးနှောက်မပါလာသော ထိုကလေးစုတ်လေးများမှာ ကျောင်းဝန်းတစ်ခုလုံးကို ဖျက်စီးပစ်နေလိမ့်မည်။
ကျောင်းသားတွေက အဖျက်သန်တာကို ငါဘာလို့သတိမထားမိခဲ့ပါလိမ့်.....
"အဟမ်း....အဟမ်း.....ရှောင်လန်.....မင်းက သတို့သားလောင်းကို သတ်ပစ်တော့မလို့လား။"
အန်လင်းမှာ ဒယိမ်းဒယိုင် ဖြစ်နေသည်။
စုရှောင်လန် မျက်လုံးအပြူးသားဖြင့် အန်လင်းအား ကြည့်လိုက်သည်။
"ဟမ်....နင်က ဒီလောက်တောင် ခံနိုင်ရည် ရှိနေပြီလား။"
ဝှစ်.....
အခြားသော ဓားပုံရိပ်တစ်ခု အန်လင်းထံ ရောက်ရှိလာသည်။
ကောင်းကင်နှင့်မြေပြင်၏ စွမ်းအင်များ ပါဝင်နေသည်ဟု ထင်မှတ်ရလောက်အောင် ဓားပုံရိပ်၏ အရှိန်အဝါမှာ ကျယ်ပြန့်လွန်းလှသည်။
မြင့်မြတ်သော အဖြူရောင်သားရဲ၏ ပုံရိပ်ကိုပါ မြင်နေရပြီး ၎င်းမှာ အန်လင်းထံ ပျံဝဲလာနေသည်။
"မဖြစ်ဘူး။"
မီးတောက်များမှာ အန်လင်း၏ ခန္ဓာကိုယ်အား လွှမ်းခြုံသွားပြန်သည်။
ကီလိုမီတာ အနည်းငယ်အတွင်းရှိ အရာအားလုံး ပြာကျသွားသလို အဝေးရှိ တောင်တန်းများလည်း ပိုမိုပျက်စီးသွားပြန်သည်။
ဒုကျောင်းအုပ် ယွီဟွားမှာ ထိုမြင်ကွင်းအားကြည့်ရင်း အသည်း၊ နှလုံး၊ ကျောက်ကပ်၊ အူသိမ်၊ အူမ၊ ဆီးအိမ်နှင့် ဆီးထွက်သော နေရာပါမကျန် နာကျင်လာသလို ခံစားရသည်။
ထိုကြမ်းတမ်းခက်ထန်သော ရန်ပွဲအား မဖြစ်မနေ တားကိုတားဆီးရမည် ဖြစ်သည်။