စီနီယာကျောင်းသားထန်နှင့်အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်
Vol. 42 Ch. 589
ကြောက်မက်ဖွယ် ဓားပုံရိပ်အားကြည့်ကာ ကျောင်းသားများအားလုံး ငေးငေးကြောင်ကြောင် ဖြစ်သွားမိကြသည်။
စုရှောင်လန်၊ အန်လင်းတို့နှင့် ရင်းနှီးနေသူများသည်ပင် မျက်စိရှေ့ရှိ မြင်ကွင်းကြောင့် အထိတ်တလန့် ဖြစ်နေရသည်။
"ဘုရားရေ.....အန်လင်းနဲ့ ရှောင်လန် ပြဿနာ တက်နေတာလား။"
စုချန်းရန်မှာ ပါးစပ်အား လက်ဖြင့်အုပ်ကာ အဝေးရှိ တောင်တန်းအား အံ့အားသင့်စွာ ငေးမောနေသည်။
"အစောပိုင်းကတောင် အဆင်ပြေနေသေးတယ် မဟုတ်ဘူးလား။ ဘယ်လိုဖြစ်သွားတာပါလိမ့်။"
ရွှမ်းယွမ်ချန် လေးလေးနက်နက် တွေးတောနေမိသည်။
အဖြစ်အပျက် တစ်ခုလုံးကို တွေ့မြင်ခဲ့သော လျှိုချင်းဟွမ်မှာ အကြောင်းအရင်းအား သိရှိနေသောကြောင့် ဆရာမကြီးစတိုင်ဖြင့် ပြောလိုက်သည်။
"အန်လင်းက ထုံးစံအတိုင်း ရူးသလို၊ ပေါသလို လုပ်နေတာလေ။ ကျင့်ကြံရေး နည်းစနစ် အသစ်ရတာနဲ့ စုရှောင်လန်ဆီသွားပြီး 'ကို့ကိုခုတ်၊ ကို့ကိုခုတ်' လုပ်တော့တာပဲ။ စုရှောင်လန်ကလည်း လက်နှေးနေစရာလား။"
"ကျောင်းသားအန်လင်း သေမသေ ဘယ်သူမှ စိတ်မပူကြဘူးလား။"
ထန်းရှီမန် စိုးရိမ်စွာ မေးလိုက်သည်။
အားလုံးမှာ မည်သည့်စကားမှ ပြန်မပြောပဲ မျက်စောင်းသာ ထိုးလာကြသည်။
ထန်းရှီမန်: "......."
ဖုန်မှုန့်များ ရှင်းလင်းသွားပြီးနောက် အန်လင်း၏ ပုံရိပ်အား နောက်ထပ်တဖန် တွေ့မြင်လိုက်ကြရသည်။ အဝတ်အစားများမှာ ရစရာ မရှိအောင် စုတ်ပြဲနေပါသော်လည်း သူ၏ခန္ဓာကိုယ်တွင် ခြစ်ရာတစ်ခုပင် မရှိပေ။
"တော်ပြီ.....ရှောင်လန်.....တကယ်လုံလောက်ပြီ။"
အန်လင်း ချက်ချင်းဆိုသလို လက်ကာပြကာ အရှုံးပေးလိုက်သည်။
ဗာမီလီယမ်ငှက်၏ သွေးဆက်စွမ်းအင်အား ဓားပုံရိပ်အတွင်း ပေါင်းထည့်လိုက်ပြီးနောက် စုရှောင်လန်၏ တိုက်ခိုက်မှုမှာ ဟင်းလင်းပြင်သို့အပြန် အဆင့်များနှင့်ပင် ထပ်တူညီသွားပါသော်လည်း အန်လင်း၏ ခန္ဓာကိုယ်အား ခြစ်ရာကလေးမျှပင် မထင်စေနိုင်ခဲ့ပေ။
"နင့်မှာ ခြစ်ရာတောင် မရှိဘူးပေါ့လေ။"
စုရှောင်လန် အမှန်တကယ် အံ့သြသွားရသည်။
သူမ မျက်ခုံးပင့်လိုက်ပြီးနောက် နဂါးစာကလေးဓားထံမှ ကြောက်မက်ဖွယ် အရှိန်အဝါများ ထွက်ပေါ်လာပြန်သည်။
"ရပ်တော့။"
ထိုအချိန်တွင် သက်လတ်ပိုင်းအရွယ်ရှိသော မျက်ခုံးထူထူနှင့် အမျိုးသားတစ်ဦး စုရှောင်လန်ဘေးသို့ ရောက်ရှိလာသည်။
"တိုက်ခိုက်နေတာ ရပ်လိုက်ကြတော့။ မင်းတို့က ကျောင်းပုရဝုဏ်ကို ဖျက်စီးနေကြတာပဲ။ မင်းတို့ သမီးရည်းစား နှစ်ယောက်မှာ ပြဿနာတွေဘာတွေရှိရင်လည်း ကျောင်းအပြင်ဘက်မှာ သွားဖြစ်ကြပါလား။"
စုရှောင်လန်၏ ပါးပြင်မှာ ရှက်သွေးလေးများ ဖြာသွားရပြီးနောက် တိတ်ဆိတ်စွာပင် ဓားအားပြန်သိမ်းလိုက်သည်။
အန်လင်း စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ပြီးနောက် ဒုကျောင်းအုပ် ယွီဟွားအား ကျေးဇူးတင်စွာ ကြည့်ရှုလိုက်သည်။
ဒုကျောင်းအုပ် ယွီဟွားမှာ အန်လင်းအား စူးစိုက်ကြည့်ရှုကာ သတိပေးလိုက်သည်။
"နောက်တစ်ခါ တောင်တွေဖြိုတာပဲဖြစ်ဖြစ်၊ သစ်ပင်တွေ ပြာချတာပဲဖြစ်ဖြစ် ဒီလိုဖျက်စီးရေးမျိုး ထပ်လုပ်ရင် မင်းကိုဒဏ်ကြေးတပ်ပစ်မယ်။"
အန်လင်း မျက်စိမျက်နှာ ပျက်သွားရသည်။
ဦးမာရီယိုရေ....အဲ့ဒါက စုရှောင်လန်ကို ပြောသင့်တာမလား.....
ရုတ်ရုတ်သဲသဲ အဖြစ်အပျက်များ ပြီးဆုံးသွားသောကြောင့် စောင့်ကြည့်နေသူများမှာလည်း မကြာမီပင် လူစုခွဲသွားကြသည်။
"စုရှောင်လန်က အဲ့လောက်တောင် အစွမ်းထက်နေမယ်လို့ ထင်မထားမိဘူး။ ဒုတိယတခေါက် ထုတ်လိုက်တဲ့ ဓားပုံရိပ်က ဓားအင်မော်တယ် ဆရာတွေထက်တောင် ကြမ်းနေသေးတယ်။"
"စီနီယာကျောင်းသား အန်လင်းကလည်း အဲ့လိုဓားချက်ကို ခြစ်ရာလေးတောင် မထင်ဘူးဆိုတော့ တော်တော်အရေထူနေပုံပဲ။"
"အရေထူတော့ရော ဘာလုပ်ရမှာလဲ။ သူက နည်းနည်းလေးတောင် မတုံ့ပြန်ခဲ့ဘူးလေ။ ကြည့်ရတာ ဘယ်လောက်တောင် ပျင်းစရာကောင်းလိုက်လဲ။ ငါတို့ရဲ့ နတ်ဘုရားအန် ဘယ်ရောက်သွားပြီလဲ။"
"ငါလည်း အဲ့လိုပဲ ခံစားရတယ်။ တကယ်သာ သူတို့နှစ်ယောက် ချကြရင် လုံးဝ ပွဲကြီးပွဲကောင်း ကြည့်ရမှာကွာ။"
"စီနီယာကျောင်းသား အန်လင်းက ကန့်သတ်မဲ့ပြိုင်ပွဲ ပြီးတည်းက ပြောင်းလဲသွားသလိုပဲ။"
"လိပ်နဲ့ပက်သတ်တဲ့ အမွေအနှစ်တွေဘာတွေ ရလာလို့များ ကျင့်ကြံနေတာလား။"
"နင့်မေကြီးတော်ကို လိပ်အမွေအနှစ်လား။ စီနီယာကျောင်းသား အန်လင်းက ဒီလောက်အစွမ်းထက်တာ။ အမွေအနှစ် တစ်ခုခု ရခဲ့ရင်လည်း ရွှမ်းဝူတစ် အဆင့်လောက်တော့ ရှိလိမ့်မယ်။"
.........
စုရှောင်လန်သည် အန်လင်း၏ဘေးသို့သွားကာ ခန္ဓာကိုယ်အား လက်ဖြင့်ထိုးကြည့်လိုက်ပါသော်လည်း ယခင်ကအတိုင်းပင် ရှိနေကြောင်း သိလိုက်ရသည်။
သူမ သိလိုစိတ်ပြင်းစွာ မေးလိုက်သည်။
"နင်ရလိုက်တဲ့ နည်းစနစ်ကဘာလဲ။ ဘာလို့အဲ့လောက်တောင် စွမ်းနေရတာလဲ။"
အန်လင်း အားပါးတရ ရယ်မောလိုက်သည်။
"စစ်နတ်ဘုရားခန္ဓာတဲ့။"
စုရှောင်လန် မျက်စောင်းထိုးလိုက်သည်။
"တောဆန်လိုက်တဲ့ နာမည်ကြီး။"
"နင့်အသားအရေးက အရမ်းထူနေရင် နာကျင်မှုကိုရော ခံစားရသေးလား။"
"ဒါပေါ့။ မင်းဓားချက်က ခြစ်ရာမထင်ပေမယ့် အသေနာတယ်ဟ။"
အန်လင်း အမှန်တရားကို ပြောပြလိုက်သည်။ သူ၏ခန္ဓာကိုယ်သည် ပုံမှန်အတိုင်း နာကျင်မှုကို ခံစားနေရဆဲပင်။
ထိုစကားကြောင့် စုရှောင်လန်မှာ သနားသွားပြီး ကြင်နာနွေးထွေးစွာ နှစ်သိမ့်လာလိမ့်မည်ဟု တွေးထားခဲ့သည်။
သို့သော် အံ့အားသင့်စရာ ကောင်းလောက်အောင် စုရှောင်လန်မှာ ခေါင်းသာညိတ်ပြလာခဲ့သည်။
"ကောင်းပါတယ်။"
အန်လင်း: "......."
စစ်နတ်ဘုရားခန္ဓာကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့သော အန်လင်း၏ အမည်မှာလာ်း ကျောင်းသားတိုင်း၏ နှုတ်ဖျားတွင် ထပ်မံရေပန်းစားရပြန်သည်။
အဓိကဇာတ်ဆောင် အန်လင်းမှာမူ စုရှောင်လန်တို့နှင့် အဆောင်ဘက်သို့ ပြန်သွားခဲ့ပြီပင်။
သီးသန့်ကျင့်ကြံခြင်း အောင်မြင်မှုအား အောင်ပွဲခံရန်အတွက် အကြော်ဒယ်အိုး ပါတီအား ကျင်းပဦးမည် ဖြစ်သည်။
သို့သော် ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်များ စုပ်ယူရန် အချိန်လေးရက်ခန့်သာ ကြာမြင့်ခဲ့သောကြောင့် သီးသန့်ကျင့်ကြံသည်ဟု သတ်မှတ်မရပေ။
အန်လင်းအတွက် သီးသန့်ကျင့်ကြံခြင်းမှာ မလိုအပ်သလို လုပ်စရာလည်း အကြောင်းမရှိပေ။
အကြော်ဒယ်အိုး ပါတီ၌
"ကျောင်းတော်ရဲ့ အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်က မနက်ဖြန်ကစပြီး ဆယ်ရက်တိတိ ဖွင့်တော့မှာနော်။ မင်းတို့တွေ သွားကြမှာလား။"
ထန်းရှီမန် စားသောက်ရင်း မေးလိုက်သည်။
"အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်လား။ အဲ့ဒါကဘာလဲ။"
အန်လင်း သိချင်စိတ် ပြင်းပြသွားသည်။
ရွှမ်းယွမ်ချန် နွေးထွေးစွာပြုံးကာ ရှင်းပြလိုက်သည်။
"မင်းက သီးသန့်ကျင့်ကြံနေတော့ သိလိုက်မှာ မဟုတ်ဘူး။ ငါပဲရှင်းပြပါ့မယ်။"
"အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်က ကောင်းကင်ဘုံခုံရုံးရဲ့ သြဇာအာဏာ ကြီးမားသူ ဘိုးဘေးတွေရဲ့ အံ့ဖွယ်စိတ်ဆန္ဒတွေ ရှိနေတဲ့ နေရာပဲ။ အများအားဖြင့်တော့ ကျောင်းတော်ထဲမှာ အဲ့နေရာကို တားမြစ်ထားတယ်။ ကျောင်းသားတွေကလည်း သူတို့ရဲ့ စိတ်ဆန္ဒတွေကို မျှော်စင်ထဲ စေလွှတ်ပြီး ဘိုးဘေးစိတ်ဆန္ဒတွေနဲ့ တိုက်ခိုက်နိုင်တယ်။ ပုံမှန်ဆိုရင်တော့ ကျောင်းတော်ရဲ့ ပဉ္စမနှစ် ကျောင်းသားတွေကပဲ မျှော်စင်ထဲ ဝင်ခွင့်ရှိတာ။ ဒါပေမယ့် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့်ကို ရောက်ထားတဲ့ တတိယနှစ်နဲ့ စတုတ္ထနှစ် ကျောင်းသားတွေကိုလည်း မျှော်စင်ထဲ ဝင်ခွင့်ပေးထားတယ်။"
အန်လင်းမှာ အနည်းငယ် စိတ်ဝင်စားလာသည်။
"ဘိုးဘေးစိတ်ဆန္ဒတွေနဲ့ တိုက်ခိုက်ပြီးရင် ဘာရမှာလဲ။"
"အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်မှာ အဆင့်ကိုးဆယ့်ကိုးခု ရှိတယ်။ တစ်ဆင့်တက်သွားတိုင်း စိတ်ဝိဉာဉ်ကျောက်တုံးနဲ့ ဆေးလုံးတွေကို ပမာဏ တစ်ခုအထိ ရလိမ့်မယ်။"
ထန်းရှီမန် ပြုံးကာပြောလိုက်သည်။
"ဒါပဲလား။"
သူဋ္ဌေးကြီး အန်လင်းမှာ ထိုမျှလောက် ဆုလာဘ်အား စိတ်မဝင်စားပေ။
ထန်းရှီမန်မှာ အနည်းငယ် မျက်နှာပျက်သွားရသည်။
"အထပ်ရှစ်ဆယ်ထိ ရောက်ခဲ့ရင် ကျောင်းတော်ရဲ့ အောင်မြင်ကျော်ကြားသူများစာရင်းမှာ ပါလာလိမ့်မယ်။"
“ပထမနှစ်ထဲက အဲ့စာရင်းထဲ ပါနေပြီးသားလေ။ တခြားဟာ မရှိတော့ဘူးလား။"
အန်လင်းမှာ ထိုသည်ကိုလည်း ဂရုမစိုက်ပေ။
ထန်းရှီမန်မှာ သွေးအန်မလို ဖြစ်သွားရပြီးနောက် လေးလေးနက်နက်တွေးကာ ပြောလိုက်သည်။
"မင်းအထပ်ရှစ်ဆယ်နဲ့ အဲ့အပေါ်က ဘိုးဘေးတွေရဲ့ အသိအမှတ်ပြုမှုကို ရခဲ့ရင် သူတို့အသက်ရှိစဉ်တုန်းက သုံးခဲ့တဲ့ ကျင့်စဉ်တွေကို အမွေအနှစ်အနေနဲ့ ရနိုင်ခြေရှိတယ်။"
ထိုစကားအား ကြားလိုက်ရသောအခါ အန်လင်း၏ မျက်ဝန်းများ တောက်ပသွားရသည်။
"စီနီယာကျောင်းသား ထန်ကရော ဘယ်အဆင့်ထိ ရောက်ခဲ့ဖူးလဲ။"
စုချန်းရန် သာယာနာပျော်ဖွယ်ကောင်းသော အသံဖြင့် မေးလိုက်သည်။
ထန်းရှီမန် ဝံ့ကြွားစွာ ပြုံးလိုက်သည်။
"ငါ့ရဲ့အစွမ်းက လုံးဝရှယ်ပဲလေ။ အထပ်ခုနစ်ဆယ်ထိတောင် ရောက်ခဲ့တာ။ တတိယနှစ် ကျောင်းသားတွေကြားမှာ ပထမ ရခဲ့တာပေါ့...ဟားဟား။"
"အိုး..."
အားလုံး လေးစားသွားကြသည်။
"အဲ့တုန်းက တတိယနှစ်မှာ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့်ကို ရောက်နေတဲ့သူက သူနဲ့ ဇူချူးပင် နှစ်ယောက်ထဲ ရှိတာလေ။ သူက နှစ်ယောက်ထဲမှာ ပထမရတဲ့ သဘော။"
"အော်...."
အားလုံးမှာ မထီမဲ့မြင် ပြုံးမိကြပြန်သည်။
ထန်းရှီမန်: "......."
"စီနီယာကျောင်းသူ လျှိုချင်းဟွမ်က အဲ့တုန်းက စတုတ္ထနှစ်မလား။ ဘယ်အဆင့်ထိ ရောက်ခဲ့လဲဟင်။"
စုချန်းရန် လျှိုချင်းဟွမ်အား ကြည့်ရှုလိုက်သည်။
"ရှစ်ဆယ့်ခုနစ်...."
လျှိုချင်းဟွမ် တည်တည်ငြိမ်ငြိမ် တုံ့ပြန်လိုက်သည်။
"အရမ်းမိုက်တာပဲ။"
အားလုံး သဘောကျနေကြသည်။
"စီနီယာကျောင်းသားထန်ထက် အများကြီး ပိုတော်တယ်။"
"အဲ့လိုတော့ ပြောလို့မရပါဘူး။ အဲ့တုန်းက စီနီယာကျောင်းသားထန်က စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့်ပဲ ရှိသေးတာလေ။"
"ဟုတ်တယ်။ ငါတို့လည်း အနည်းဆုံး စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ခြေလှမ်းတဝက်လောက် ရောက်နေပြီဆိုတော့ အဆင့်ခုနစ်ဆယ်ကျော် ရသင့်တယ်။"
"အဆင့်ရှစ်ဆယ် ထားလိုက်ကွာ။ အဲ့ဒါမှ ငါတို့အားလုံး အောင်မြင်ကျော်ကြားသူများစာရင်းမှာ ပါလာမှာ။"
"ဟုတ်တယ်။ စီနီယာကျောင်းသားထန်တောင် အဆင့်ခုနစ်ဆယ် ရောက်သေးတာပဲ။ ငါတို့ အဆင့်ရှစ်ဆယ်ထိ မရောက်စရာ ဘာအကြောင်းမှ မရှိဘူး။"
စုရှောင်လန်တို့မှာ တစ်ဦးကိုကြည့်ကာ ပြုံးနေကြသည်။
ထန်းရှီမန်မှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကြောင့် မျက်ရည်များ ကျဆင်းလာတော့သည်။
ဒင်းတို့ အပေါက်လေးတွေ ပိတ်ပေးထားလို့ မရဘူးလား....ဟောဒီ ရင်ဘတ်ကြီးထဲက နှလုံးသားနုနုလေးက နာတတ်တယ်ကွ....ဗြဲ.....
တစ်ချိန်တည်းမှာပင် ပါရမီရှင်များရှေ့၌ ကြွားဝါရန် ကြိုးစားခဲ့သော ကိုယ့်ကိုယ်ကို နောင်တရလာမိသည်။
ထို့နောက်တွင် အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်သို့သွားရန် အချင်းချင်း တိုင်ပင်ဆွေးနွေးဖြစ်ခဲ့ကြသည်။ ထိုသည်မှာ အခွင့်အရေး တစ်ခုဖြစ်ပြီး ဆုံးရှုံးစရာလည်း မရှိသောကြောင့် ၎င်းတို့အနေဖြင့် မသွားစရာ အကြောင်းမရှိပေ။