← Chapters

အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်သို့ဝင်ရောက်ခြင်း

Vol. 42 Ch. 590

အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်သို့ဝင်ရောက်ခြင်း

Vol. 42 Ch. 590

စုစည်းညီညွတ်ကျင့်ကြံခြင်းကျောင်းတော်၏ တားမြစ်ဧရိယာ တစ်ခုပေါ် နွေးထွေးသော နေရောင်ခြည်များ ဖြာကျနေလျက် ရှိသည်။

တိမ်များနှင့် မြူခိုးများမှာလည်း ဆယ့်ငါးကီလိုမီတာမျှ ကျယ်ဝန်းသော တားမြစ်ဧရိယာပေါ်တွင် အရံအတားများသဖွယ် ရစ်သီဝေ့ဝဲနေသည်။

ထိုနေရာတွင် ကြီးမားလှသော မိုးပြာရောင် အင်မော်တယ်မျှော်စင်ကြီးတစ်ခု တည်ရှိသည်။

အင်မော်တယ်မျှော်စင်သည် အထပ်ပေါင်း ကိုးဆယ့်ကိုးထပ် ပါဝင်ပြီး အောက်ဆုံးအထပ်သည် တစ်ကီလိုမီတာခွဲရှိပြီး လိုဏ်ဂူတစ်ခုသဖွယ် ကျယ်ပြန့်ကာ ကျောင်းသားပေါင်း တစ်သောင်းကျော်မျှ အလွယ်တကူ လက်ခံထားနိုင်သည်။ မျှော်စင်တစ်ထပ်ချင်းစီသည် တဖြည်းဖြည်း ပို၍ကျဉ်းမြောင်းလာပြီး အမြင့်ဆုံး အထပ်ဆိုလျှင် မီတာငါးရာခန့်သာ ကျယ်ဝန်းသည်။

ကျောင်းပြီးတော့မည်ဖြစ်သော ပဉ္စမနှစ် ကျောင်းသားတစ်သောင်းဝန်းကျင်မျှ အင်မော်တယ်မျှော်စင် အနီးတွင် စုဝေးနေကြလေပြီ။

"အစာသွပ်ပေါက်စီတွေ....တပိုင် လျစ်လျူရှုတာ ခံရတဲ့ အစာသွပ်ပေါက်စီတွေ ရမယ်နော်။"

ဟစ်ကြွေးသံတစ်ခု ရုတ်ချည်းဆိုသလို ပေါ်ထွက်လာသည်။

အန်လင်းသည် တပိုင်၏ လျစ်လျူရှုခြင်း ခံရသော အစာသွပ်ပေါက်စီများအား တားမြစ်နေရာထဲ ရောင်းချနေခြင်းပင်။

အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင် ဖွင့်လှစ်မည့် အချိန်မှာ အတော်လေး စောနေသောကြောင့် အန်လင်းအနေဖြင့် အစာသွပ်ပေါက်စီ ရောင်းချမည့် နေရာကိုပါ ပြောင်းလဲခဲ့ရသည်။

"ဘယ်နေရာရောက်ရောက် ပိုက်ဆံဝင်နေရမယ်"ဆိုသည်မှာ သူဋ္ဌေးကြီး အန်လင်း၏ လက်စွဲစကား ဖြစ်သည်။

တားမြစ်ဧရိယာအတွင်း အန်လင်း ရောက်ရှိလာသောကြောင့် အုတ်အုတ်ကြပ်ကြပ် ဖြစ်ကုန်ကြရသည်။

"ဟမ်....အဲ့ဒါ ကျောင်းသားအန်လင်း မဟုတ်ဘူးလား။ သူက ဒီနေရာမှာ အစာသွပ်ပေါက်စီတွေ ရောင်းနေတာလား။"

"သူက တတိယနှစ် ကျောင်းသားဆိုတော့ အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်ထဲ ဝင်မယ်ထင်တယ်။ အဲ့ဒါကြောင့် ဒီကိုလာရင်း အစာသွပ်ပေါက်စီတွေ လမ်းကြုံရောင်းနေပုံပဲ။"

"တပိုင် လျစ်လျူရှုတာ ခံရတဲ့ အစာသွပ်ပေါက်စီတွေ ဒီနေ့ မစားရတော့ဘူး ထင်ထားတာ။ အခုတော့ ပြဿနာ မရှိတော့ဘူးပဲ။"

ကျောင်းသားများစွာ အန်လင်းအနား ဝိုင်းအုံလာကြပြီးနောက် မကြာမီပင် အစာသွပ်ပေါက်စီများအားလုံး ရောင်းကုန်သွားသည်။

အချို့သော ကျောင်းသားများဆိုလျှင် အစာသွပ်ပေါက်စီစားရင်း မျက်ရည်များ ဖြိုင်ဖြိုင်ကျဆင်းလာကြသည်။

အန်လင်းမှာ ထိုမြင်ကွင်းကိုကြည့်ကာ ကြောင်တိကြောင်တောင် ဖြစ်နေမိသည်။

ငါ့ရဲ့ အစာသွပ်ပေါက်စီက အရသာရှိတာတော့ သိပါတယ်ဟ....ဒါပေမယ့် စားနေရင်း ငိုစရာ လိုလို့လားဟ....

သူတို့.... သူတို့ ငါ့ပေါက်စီကို ရိုးသွားလို့များ မျက်ရည်တွေ ကျလာတာများလား......

ထိုအချိန်တွင် ကျောင်းသားအချို့၏ စကားဝိုင်းမှာ သူ၏မေးခွန်းအား အဖြေပေးလိုက်သည်။

"ဝါး.....ဒီအစာသွပ်ပေါက်စီတွေက အရမ်းကောင်းတာပဲ။"

"ငါတို့သာ ကျောင်းပြီးသွားရင် ဒီလိုအရသာရှိတဲ့ အစာသွပ်ပေါက်စီကို စားနိုင်တော့မှာ မဟုတ်ဘူး။"

"ဟူး....တပိုင် လျစ်လျူရှုတာ ခံရတဲ့ အစာသွပ်ပေါက်စီတွေက စုစည်းညီညွတ်ခြင်းကျောင်းတော်မှာရှိတဲ့ အန်လင်း တစ်ယောက်တည်းစီမှာပဲ ရနိုင်တာကိုး။"

"ငါဒီကနေ ထွက်မသွားခင် အစာသွပ်ပေါက်စီတွေ အများကြီးဝယ်ပြီး သိုလှောင်လက်စွပ်ထဲ ထည့်ထားရမယ်။"

...........

အန်လင်းမှာ အကြောင်းအရင်းအား နားလည်သွားရလေပြီ။ ပဉ္စမနှစ် ကျောင်းသားများသည် ကျောင်းတော်ကြီးထံမှ ခွဲခွာရတော့မည်ကိုတွေးကာ ဝမ်းနည်းနေကြခြင်းပင်။

၎င်းတို့သည် အစာသွပ်ပေါက်စီများအား အကြောင်းပြကာ ငိုကြွေးနေကြပါသော်လည်း စင်စစ်တွင်မူ သူငယ်ချင်းများ၊ ဆရာ၊ ဆရာမများနှင့် မခွဲခွာလိုခြင်း ဖြစ်သည်။

ကျင့်ကြံရေးလမ်းစဉ် လျှောက်လှမ်းသူများအတွက် ငါးနှစ်ဟူသော အချိန်မှာ မျက်တောင်တခတ်စာမျှသာ ရှိသည်။

စုစည်းညီညွတ်ကျင့်ကြံခြင်းကျောင်းတော်သို့ အန်လင်း ရောက်ရှိလာသည်မှာ သုံးနှစ်မျှသာ ရှိသေးပါသော်လည်း များပြားလှသော မိတ်ဆွေသူငယ်ချင်းများနှင့် အဖိုးမဖြတ်နိုင်သော အမှတ်တရကောင်းများကို ရရှိခဲ့သည်။ ကျောင်းတော်အတွင်း ရှိနေသော နေရာတိုင်းတွင် အမှတ်တရများ ရှိနေကြပြီး ကျောင်းပြီးသွားပါက အရာအားလုံး တစ်မျိုးတမည် ပြောင်းလဲသွားပေလိမ့်မည်။

စီနီယာ ကျောင်းသားများသည်လည်း လှပလွန်းသော ကျောင်းတော်ကြီးအား ထားရစ်ခဲ့ရတော့မည်ကိုတွေးကာ ဝမ်းနည်းပက်လက် ဖြစ်နေမိကြသည်။

အန်လင်း ကူကယ်ရာမဲ့စွာဖြင့် လျှိုချင်းဟွမ်အား ကြည့်ရှုလိုက်မိသည်။ သူမသည်လည်း ကျောင်းပြီးတော့မည်ပင် မဟုတ်လော။

လျှိုချင်းဟွမ်မှာ အစာသွပ်ပေါက်စီများ ဝယ်ယူထားပြီး ပျော်ရွှင်စွာ စားသုံးနေသည်။

သူမ၏ နူးညံ့သော ပါးပြင်လေးများမှာ အစာသွပ်ပေါက်စီများကြောင့် ဖောင်းကားနေပြီး ခရမ်းရောင် မျက်ဝန်းများမှာလည်း နှစ်သက်မှုကြောင့် မှေးစင်းနေသည်။ သူမသည် ပတ်ဝန်းကျင်ရှိ စိတ်ခံစားချက်များကို ဂရုမစိုက်သည့်အလား အစာသွပ်ပေါက်စီများကိုသာ အငမ်းမရ ဝါးစားပစ်နေသည်။

"ကဲကဲ.....ကျောင်းသားတွေအားလုံး အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင် ဖွင့်တော့မှာမို့လို့ ဒီနေရာကိုလာပြီး လူစုထားကြပါ။"

အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်ရှေ့တွင် ရှိနေသော အရှိန်အဝါ အားကောင်းသည့် အဖိုးအိုတစ်ဦးမှာ နွေးထွေးစွာပြုံးရင်း ကြေညာလိုက်သည်။

၎င်း၏အမည်မှာ ပိုင်ကျုံးဖြစ်ပြီး တားမြစ်ဧရိယာ၏ စောင့်ရှောက်သူဖြစ်ကာ ဟင်းလင်းပြင်သို့အပြန် အဆင့်သို့ ရောက်ရှိထားသူဖြစ်ကြောင်း ထင်ရှားလှသည်။

ကျောင်းသားများအားလုံးကို စုဝေးပြီးသည့်နောက် ပိုင်ကျုံးထံမှ အံ့ဖွယ်စိတ်ဆန္ဒ တစ်သောင်းကျော် ဖြာထွက်လာကာ ကျောင်းသားများပေါ် ရောက်ရှိလာသည်။ ထိုသည်မှာ အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်သို့ ဝင်ခွင့်ဖြစ်ပြီး ၎င်းတို့ရောက်ရှိခဲ့သော အထပ်အား မှတ်တမ်းတင်ပေးမည့် အရာလည်း ဖြစ်သည်။

"မျှော်စင်ထဲရောက်ရင် မင်းတို့ရဲ့ ကျင့်ကြံရေးတွေအားလုံး လက်ရှိကျင့်ကြံရေးအခြေခံရဲ့ တစ်ရာခိုင်နှုန်းအထိ လျှော့ချခံရလိမ့်မယ်။ အဲ့ဒါအပြင် မင်းတို့တွေ လက်နက်၊ အဆောင်၊ ဆေးလုံး ဒါမှမဟုတ် ဘာပြင်ပပစ္စည်းကိုမှ သုံးလို့ရမှာ မဟုတ်ဘူး။ ဘိုးဘေးစိတ်ဆန္ဒတွေကို မင်းတို့ရဲ့ ကိုယ်ပိုင်စွမ်းအင်နဲ့ပဲ တိုက်လို့ရမယ်။"

ပိုင်ကျုံး ရှင်းပြလိုက်သည်။

ထိုစကားများသည် ကျောင်းသားများ၏ စိတ်ဝိဉာဉ်ထဲ သံမှိုစွဲသလို စွဲမြဲသွားသောကြောင့် ၎င်းတို့အနေဖြင့် မေ့လျော့သွားမည် မဟုတ်တော့ပေ။

မည်သို့ပင်ဆိုစေကာမူ စည်းကမ်းချက်များအား လူတိုင်းသိရှိနေကြသောကြောင့် များစွာဂရုမစိုက်ကြပေ။

ထို့နောက် ကျောင်းသားတစ်သောင်းကျော်မှာ အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ ပထမအထပ်သို့ ဝင်ရောက်သွားကြသည်။ မျှော်စင်အောက်ခြေသည် လိုဏ်ဂူတစ်ခုလို ဖြစ်နေပြီး အဖြူရောင်ကျောက်စိမ်းသားဖြင့် ပြုလုပ်ထားသည်။ ထောင့်တစ်ထောင့်ချင်းစီတွင်လည်း ကြီးမားလှသော သုံးချောင်းထောက် ဒယ်အိုးများရှိကာ မီးတောက်မီးလျှံများ လောင်ကျွမ်းနေသည်။

"ဝိုး....ဒီနေရာက တော်တော်ကြီးတာပဲ။"

စုချန်းရန်မှာ ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ရှုကာ စိတ်လှုပ်ရှားနေသည်။

အတွေ့အကြုံရှိသော လျှိုချင်းဟွမ်မှာ ဆရာမကြီး စတိုင်ဖြင့် ရှင်းပြလိုက်သည်။

"ပထမ အဆင့်ရှစ်ဆယ်မှာ ဘိုးဘေးစိတ်ဆန္ဒတွေက ကိုယ်ပွားတစ်သောင်းခွဲပြီး ငါတို့နဲ့ တစ်ယောက်ချင်း ယှဉ်ချလိမ့်မယ်။ အဲ့ဒါကြောင့် ငါတို့ပူးပေါင်းမယ်ဆိုရင်တောင် ဘာမှမထူးဘူး။"

"မိုက်လိုက်တာ။"

စုချန်းရန်မှာ လှပသော မျက်တောင်လေးများကို ပုတ်ခတ်ပုတ်ခတ် လုပ်နေသည်။

ဝုန်း.....

ထိုအချိန်တွင် အားကောင်းလှသော အရှိန်အဝါတစ်ခု ကျဆင်းလာကာ ကျောင်းသားများအားလုံး ခန္ဓာကိုယ်ကြီး မရှိတော့သလို ခံစားလိုက်ရသည်။

"အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်ရဲ့ စွမ်းအင်ကန့်သတ်ခြင်း အသက်ဝင်လာပြီ။"

ထန်းရှီမန် စကားဆိုလိုက်သည်။

အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်တွင် ရရှိမည့် ဆုလာဘ်များအပြင် ဘိုးဘေးစိတ်ဆန္ဒများဖြင့် တိုက်ခိုက်ရမည် ဖြစ်သောကြောင့် ၎င်းတို့၏ တိုက်ပွဲစွမ်းရည်များ မြင့်တက်စေကာ တာအိုလမ်းစဉ် ရှာဖွေရာတွင်လည်း အထောက်အပံ့ ဖြစ်စေသည်။

များပြားလှသော ပုံရိပ်များစွာ ရုတ်ချည်းဆိုသလို ပေါ်ထွက်လာသည်။

အားလုံးမှာ လှံများ၊ ဓားများ ဆွဲကိုင်ထားကြပြီး ကျောင်းသားများထံ သက်ဆင်းလာကြသည်။

ပုံရိပ်တစ်ခုချင်းစီသည် ၎င်းတို့နှင့် တစ်ဦးချင်း တိုက်ခိုက်ရန် ကျောင်းသားပစ်မှတ်များ ရွေးချယ်ထားကြပြီး ဖြစ်သည်။

"ပထမ အဆင့်နှစ်ဆယ်က ပုံရိပ်တွေ အားလုံးက စိတ်ဝိဉာဉ်ပျိုးထောင်ခြင်း အဆင့်တွေပဲ။"

ထန်းရှီမန် ရှင်းပြလိုက်သည်။

ပဉ္စမနှစ် ကျောင်းသားအများစုသည် တာအိုခန္ဓာ အဆင့်တွင်သာ ရှိနေသေးသောကြောင့် စွမ်းအင် ကိုးဆယ့်ကိုး ရာခိုင်နှုန်းအား ချိပ်ပိတ်ခံလိုက်ရသောအခါ စိတ်ဝိဉာဉ်ပျိုးထောင်ခြင်း အဆင့်သာရှိသော ဘိုးဘေးစိတ်ဆန္ဒများကိုပင် ခက်ခက်ခဲခဲ တိုက်ယူနေရသည်။

ကျောင်းသားအချို့ဆိုလျှင် တိုက်ပွဲပင် ရှုံးနိမ့်သွားကြပြီ ဖြစ်သည်။

ဘိုးဘေးစိတ်ဆန္ဒနှင့် တိုက်ခိုက်ရာတွင် သေဆုံးသွားခြင်းသည် ပြင်ပဘဝအား မထိခိုက်စေပါသော်လည်း ရရှိလာခဲ့သော မရဏ အငွေ့အသက်များကြောင့် ကျောင်းသားများမှာ သတိပြန်မလည်ကြသေးပေ။

ဆံနွယ်ရှည်များကို ပိုင်ဆိုင်ထားသော အမျိုးသမီး တစ်ဦးမှာ လှံအားဆွဲကိုင်လျက် အန်လင်းထံ ပြေးဝင်လာသည်။

အန်လင်းမှာ တစ်ချက်မျှ ကြည့်လိုက်ပြီးနောက် လျှပ်စီးအလား လျင်မြန်လှသော အရှိန်ဖြင့် ပါးတစ်ချက်ရိုက်ကာ သူမ၏ ခန္ဓာကိုယ်ကို ပျောက်ကွယ်သွားစေသည်။

အံ့ဖွယ်စိတ်ဆန္ဒများသည် ဖျက်စီးခံလိုက်ရပါက ပြန်လည်ကောင်းမွန်ရန် အချိန်နှင့် စွမ်းအင်များစွာ လိုအပ်သောကြောင့် အင်မော်တယ်စိတ်ဝိဥညဥ်မျှော်စင်အား တစ်နှစ်မှ တစ်ခါသာ ဖွင့်လှစ်ခြင်း ဖြစ်သည်။

ပြိုင်ဘက်အား ဖျက်စီးလိုက်ပြီးနောက် အန်လင်းမှာ ဟိုဟိုသည်သည် ကြည့်ရှုလိုက်သည်။

တိုက်ပွဲတွင် ရှုံးနိမ့်သွားသူပေါင်း နှစ်ထောင်နီးပါးမျှ ရှိနေလေပြီ။ ခုနစ်ထောင်ဝန်းကျင်သည် တိုက်ပွဲပြီးဆုံးသွားကြပြီဖြစ်ပြီး ကျန်တစ်ထောင်နီးပါးမှာ ဆက်လက်တိုက်ခိုက်နေကြသည်။ စုရှောင်လန်၊ ရွှမ်းယွမ်ချန်နှင့် အခြားသူများမှာ တစ်ချက်တည်းဖြင့် လက်စသတ်နိုင်သူများပင်။

ဆယ့်ငါးမိနစ်ခန့် ကြာမြင့်ပြီးနောက် ဆက်လက်တိုက်ခိုက်နေသူများမှာ ဆယ်ဂဏန်းမျှသာ ရှိတော့သည်။

နောက်ဆယ့်ငါးမိနစ် ပြီးဆုံးသွားချိန်တွင် ခုဂဏန်းမျှသာ ကျန်ရှိတော့ပေသည်။

တိုက်ပွဲအား လူထောင်ပေါင်းများစွာမှ ဝိုင်းကြည့်နေလျှင် မည်သို့ခံစားရမည်နည်း။

မိန်းမငယ်လေးတစ်ဦးသည် ရှက်ရွံ့လွန်းသောကြောင့် နှာရည်များထွက်သည်အထိ တရှုံ့ရှုံ့ ငိုနေကြပါသော်လည်း ပြိုင်ဘက်ဖြစ်သော အံ့ဖွယ်စိတ်ဆန္ဒအား အနိုင်မရနိုင်သေးပေ။

အဆုံးတွင်မူ အာရုံစိုက်မှု လျော့ပါးလာသောကြောင့် ရန်သူ၏ သတ်ဖြတ်မှုအား ခံလိုက်ရလေသည်။

သူမသည် ရှက်စိတ်နှင့် ဒေါသစိတ်များကြောင့် မျက်ရည်များ ကျဆင်းနေရင်းနှင့်ပင် သတိလစ်သွားသည်။

အန်လင်းမှာ ကိုယ့်ပါးကိုယ်ပြန်ရိုက်လိုက်မိသည်။

ဝိုး.....ရုပ်ရှင်ကြည့်ရသလိုပဲ... ဝမ်းနည်းစရာ ကောင်းသားဟ.....

ဆယ့်ငါးမိနစ်ခန့် ထပ်မံကုန်လွန်ပါသော်လည်း ရန်သူအား အနိုင်မရသေးသော အမျိုးသားတစ်ဦး ရှိနေသေးသည်။

သူသည် အဝါရောင်စွမ်းအင်ချပ်ဝတ်အား ဆင်မြန်းထားပြီး သက်ရှိစွမ်းအင်ဖြင့် ခန္ဓာကိုယ်အား ကာကွယ်ရာတွင် ကောင်းမွန်ပုံရသောကြောင့် ပြိုင်ဘက်ဖြစ်သူအား အေးအေးဆေးဆေး ယှဉ်ချနိုင်သည်။

သို့သော် တိုက်ခိုက်ရေးစွမ်းရည်မှာ အားနည်းလွန်းလှသောကြောင့် တိုက်ပွဲမှာ မပြီးနိုင် အရီးမြိုင် ဖြစ်နေရသည်။

ဒုန်း....ဒုန်း...ဒုန်း.....

ဘန်း.....ဘန်း....ဘန်း.....

ချလွင်....ချလွမ်.....ခွမ်း.....

ဝုန်း.....ဝုန်း.....ဝုန်း......

အချိန်မှာ ဖြည်းညင်းစွာ ကုန်ဆုံးနေသည်။

"အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်က ဘာလို့ရက်နည်းနည်းလေးပဲ ဖွင့်တာလဲဆိုတာ သိသွားပြီ။"

အန်လင်း အမူအရာ ကင်းမဲ့စွာ ပြောလိုက်သည်။

"ဘာမှမဖြစ်ပါဘူး။ ရုပ်ရှင်ကြည့်နေရသလိုပဲ သဘောထားလိုက်။"

ရွှမ်းယွမ်ချန် နှစ်သိမ့်ပေးလိုက်သည်။

"တကယ်သူ့ကို သွားကူပေးလိုက်ချင်တယ်။"

အန်လင်း အံတကြိတ်ကြိတ် ဖြစ်နေသည်။

"လုပ်ပေးလို့ ရပါတယ်။ ဒါပေမယ့် နင်အထုတ်ခံရလိမ့်မယ်။"

လျှိုချင်းဟွမ် သက်ပြင်းချလိုက်သည်။

ဤသို့ဖြင့် ကျောင်းသားခုနစ်ထောင်မှာ ၎င်းတို့နှစ်ဦး၏ မပြီးဆုံးနိုင်သော မဟာတိုက်ပွဲတော်ကြီးအား အောင့်ကာအီးကာ ထိုင်ကြည့်နေရတော့သည်။

All Chapters