← Chapters

အခန်း (၇၂၁-၇၂၃)

Vol. 49 Ch. 721-723

အခန်း (၇၂၁-၇၂၃)

Vol. 49 Ch. 721-723

အပိုင်း (၇၂၁) ဖုံးကွယ်ထားသော ဆိုးယုတ်မှုနှင့်အမှောင်ထု

“အမှောင်သေတ္တာလား...”

ယွီဟွေးသည် ဤစကားကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။ သူသည် ကောင်းမင်၏ ရှင်းပြချက်ကို စိတ်ရှည်ရှည်ဖြင့် နားထောင်နေပြီး သူ၏ နုနယ်လှသော မျက်နှာထက်တွင် အသက်အရွယ်နှင့်မလိုက်အောင် ရင့်ကျက်မှုများ ပေါ်ပေါက်လာသည်။

“ဒါက မင်းတို့ကမ္ဘာက အရာတစ်ခုလား”

ရိုးရှင်းသယောင်ရှိသော ထိုမေးခွန်းက ကောင်းမင်အတွက် အရေးကြီးသော အချက်အလက်တစ်ခုကို ဖော်ထုတ်ပေးလိုက်သည်။ ယွီဟွေးသည် ကောင်းမင်မှာ အပြင်လူတစ်ယောက်ဖြစ်ကြောင်းနှင့် သူ့ဝိညာဉ်မှာ ဤမြို့ကြီးနှင့် တစ်သားတည်းမကျကြောင်းကို ရိပ်မိနေပုံရသည်။

ကောင်းမင် ခေါင်းခါလိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။

“ငါ့မှာ နောက်ထပ် မေးခွန်းတစ်ခု ရှိသေးတယ်၊ ဘာလို့ ပိုနေတဲ့ ဆေးရည်တွေကို ငါ့ခန္ဓာကိုယ်ထဲ ထိုးသွင်းလိုက်တာလဲ၊ ဒါတွေက အရမ်းအဖိုးတန်တာ မဟုတ်ဘူးလား”

ကောင်းမင်သည် အဝတ်ဗလာဖြင့် ရှိနေခြင်းဖြစ်သည်။သူ့ရင်ဘတ်ထဲသို့ သွေးကြောများနှင့် အမြစ်များ ထိုးဖောက်နေကာ သွေးမြို့တော်တက်တူးကို ပျက်စီးစေခဲ့သည်။ သူသည် ရှားရှားပါးပါး စိတ်သက်သာရာရမှုကို ခံစားလိုက်ရသည်။ သွေးမြို့တော်ကို ထမ်းပိုးထားရခြင်းသည် ပျော်စရာကောင်းသော အတွေ့အကြုံမဟုတ်ပေ။

“ငါ ဆေးတွေကို မုန်းတယ်၊ ဘဝပန်းကို မုန်းတယ်၊ ဆေးရည်အဖြစ် ပြောင်းလဲသွားတဲ့ ငါတို့ကိုယ်တိုင်ကိုလည်း မုန်းတယ်၊ ဖြစ်နိုင်မယ်ဆိုရင် ဒါတွေအားလုံးကို တခြားတစ်ယောက်ဆီ ပစ်ပေးလိုက်ချင်တယ်”

ယွီဟွေးသည် အသက်ငါးနှစ်အရွယ် ကလေးငယ်တစ်ဦးသာ ဖြစ်သည်။ နာကျင်မှုနှင့် စိတ်ပျက်အားငယ်မှုတို့က သူ့အား ရင့်ကျက်စေခဲ့သော်လည်း သူ့အပြုအမူများမှာ လူကြီးတစ်ယောက်နှင့်တော့ မတူသေးပေ။

“ဆေးရည်အားလုံးကို ဘဝပန်းကနေ ထုတ်ယူထားတာ၊ ငါတမင်သက်သက် လုပ်တာ မဟုတ်ဘူး၊ မင်းရဲ့ ခန္ဓာကိုယ်ကပဲ ဘဝပန်းကို ဆွဲဆောင်လိုက်တာ၊ အမှောင်ထုက စွန့်ပစ်လိုက်တဲ့ အဲ့ဒီမှတ်ဉာဏ်တွေကို ဆွဲဆောင်လိုက်တာပဲ”

သူ့မျက်စိရှေ့မှ ကမ္ဘာကြီးသည် လျင်မြန်စွာဖြင့် ဆက်လက်ပြောင်းလဲနေခဲ့သည်။ ကောင်းမင်၏ ခန္ဓာကိုယ်အတွင်းသို့ ဆေးရည်များ အဆက်မပြတ် တိုးဝင်လာသည်နှင့်အမျှ သူ့မျက်စိသူငယ်အိမ်ထဲမှ ကမ္ဘာကြီးမှာ ပိုမိုကြည်လင်လာလေသည်။ ကမ္ဘာနှစ်ခုသည် တစ်ချိန်တည်းတွင် တည်ရှိနေကြသည်။ ဤခံစားချက်မှာ အလွန်ထူးဆန်းလှသည်။ သူသည် လေ့လာစောင့်ကြည့်သူရော၊ စောင့်ကြည့်ခံရသူပါ နှစ်မျိုးလုံး ဖြစ်နေသကဲ့သို့ပင်။

သူသည် ယွီဟွေးကို လှမ်းထိတွေ့လိုက်ပြီး စားပွဲပေါ်မှ ဓာတ်ပုံကို ကောက်ယူလိုက်သည်။ ပြတင်းပေါက် အပြင်ဘက်မှ ညအမှောင်ထုကို ကြည့်ရင်း ပြုံးလိုက်သည်။ အလောင်းများ ပြည့်နေသော နံရံကို ကြည့်ရင်း ပြုံးလိုက်မိသည်။ ကောင်းမင်သည် ကွန်ကရစ်ကြမ်းပြင်ပေါ်တွင် လည်းကောင်း၊ တွန့်လိမ်နေသော သွေးကြောကြီးများပေါ်တွင်လည်းကောင်း နင်းမိနေခြင်းဖြစ်သည်။ လီဆန်းစီနှင့် သူ့မှတ်ဉာဏ်များသည်လည်း ဆေးရည်၏ အကူအညီဖြင့် နက်ရှိုင်းစွာ ပေါင်းစပ်လာတော့သည်။ ၎င်းမှာ မှတ်ဉာဏ်များကို လှမ်းကြည့်နေခြင်းမျိုး မဟုတ်တော့ဘဲ ကောင်းမင်သည် အမှန်တကယ် လီဆန်းစီ ဖြစ်လာနေခြင်းပင်။

ကျူးချွမ်းဆေးဝါးစက်ရုံတွင် သိုလှောင်ထားသော ဆေးဝါးများသည် မှောင်ခိုလောကအတွက် တစ်ပတ်စာ လောက်ငှပေသည်။ သိုသော်လည်း ယခုအခါ ၎င်းတို့အားလုံးသည် ကောင်းမင်ဆီသို့ စီးဝင်နေကြသည်။ ၎င်းတို့က သူ့အား ကမ္ဘာနှစ်ခုဆုံရာတွင် ပွင့်လန်းသည့် လူသားပုံသဏ္ဌာန် ပန်းတစ်ပွင့်အဖြစ် ပြောင်းလဲပစ်ချင်နေပုံ ရသည်။

ယခင်ကောင်းမင်သည် ဤယဇ်ပလ္လင်ကမ္ဘာနှင့် သူ၏လုပ်ဆောင်ပုံနည်းလမ်းများ၊ ဝိညာဉ်ရေးရာ အဆင့်မှာပါ တစ်သားတည်း မကျခဲ့ပေ။ မြို့တော်ကောင်စီခန်းမ မဆိုထားဘိ ကျူးချွမ်းအဖွဲ့တွင်ပင် ကောင်းမင်၏ မူမမှန်မှုကို ရှာဖွေနိုင်သည့် နည်းလမ်းများစွာ ရှိသည်။ သို့သော် ဆေးရည်များ သူ့ခန္ဓာကိုယ်အတွင်း စီးဆင်းသွားသောအခါ ကောင်းမင်၏ ဝိညာဉ်အရှိန်အဝါမှာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူသည် အခြားသူများထက်ပင် မြို့ခံတစ်ဦးနှင့် ပိုတူနေတော့သည်။ သူ့မျက်လုံးများ၏ အနက်ပိုင်းထဲမှ ထွက်ပေါ်လာသော အမှောင်ထုက သူ့အား မြေကြီးထဲတွင် နက်ရှိုင်းစွာ မြှုပ်နှံထားသည်။သူသည် အလင်းရောင်ကို တစ်ခါမှ မမြင်ဖူးသော်လည်း မျှော်လင့်ချက်ကိုတော့ ဘယ်တော့မှ လက်မလျှော့သော မျိုးစေ့တစ်ခုနှင့် တူနေစေသည်။

“မြို့ထဲမှာ တားမြစ်နယ်မြေတွေ အများကြီး ရှိသေးတယ်၊ မင်းတခြားနေရာတွေကိုလည်း သွားကြည့်လို့ရတယ်၊ ဒါပေမဲ့ သူတို့တွေကတော့ စိတ်ဓာတ်တွေ ပျက်စီးသွားလောက်ပြီ”

ယွီဟွေးက တည်ငြိမ်စွာ ဆိုသည်။

“ငါ့အသိစိတ်တွေ တဖြည်းဖြည်း ပျောက်ကွယ်သွားတာကို ငါခံစားနေရတယ်၊ သူတို့လည်း ငါ့လို အခက်အခဲနဲ့ ရင်ဆိုင်နေရမှာပဲ၊ ကံကောင်းတာက မင်းစောစောရောက်လာတာပဲ”

“မင်းရော သူတို့အားလုံးကိုပါ ငါကယ်တင်ပေးပါ့မယ်”

“လူကြီးတွေ ပြောတဲ့စကားကို ငါမယုံဘူး”

ယွီဟွေး၏ ဦးခေါင်းက အနည်းငယ် စောင်းသွားပြီး ခဏအကြာတွင် ကောင်းမင်ကို ကြည့်လိုက်သည်။

“ဒီမြို့ကြီးက အရမ်းနေမကောင်းဖြစ်နေတာလို့ ချန်ကွမ်းပြောတာ ကြားဖူးတယ်၊ အဲ့ဒါကို အမှန်တကယ် ကုသနိုင်မယ့် နည်းလမ်းသုံးခု ရှိတယ်၊ တစ်ခုက တားမြစ်နယ်မြေကမ္ဘာမှာ ရှိတဲ့ မြို့အရှင်သခင်ကို သတ်ပစ်ဖို့၊ နောက်တစ်ခုက ဂိုဏ်းလောကမှာရှိတဲ့ ဂိုဏ်းအားလုံးကို အမြစ်ပြတ်အောင် ချေမှုန်းဖို့၊ နောက်ဆုံးတစ်ခုကတော့ အဆုံးစွန်ဆုံး အမှောင်ထုကို ရှာဖွေပြီး အဲ့ဒါဖြစ်လာဖို့ပဲ”

“တခြားတားမြစ်နယ်မြေက လူတွေက စိတ်ဓာတ်ပျက်သွားကြပြီလို့ မင်းပြောခဲ့တယ် မဟုတ်လား”

“ဖြစ်နိုင်ခြေ ရှိတယ်လို့ပဲ ပြောတာပါ၊ နောက်ပြီး ချန်ကွမ်းဆိုတာက လူတစ်ယောက်တည်း မဟုတ်ဘူး၊ ကလေး ကိုးယောက်ပဲ၊ သူတို့ရဲ့ စိတ်ဆန္ဒတွေက အရမ်းပြင်းထန်သလို အရမ်းလည်း ရှုပ်ထွေးတယ်၊ ငါသေသွားပြီးရင် သူတို့ရဲ့ အသံတွေနဲ့ ငါ့အသံကို မင်းနားထဲမှာ ကြားနေရလိမ့်မယ်...”

ယွီဟွေးသည် စကားအမှားတစ်ခု ပါသွားသကဲ့သို့ အကြည့်လွှဲလိုက်သည်။

“ငါ့ကို ထပ်မမေးပါနဲ့တော့၊ ငါလည်း မသိတော့ဘူး၊ ငါတစ်ခုခု စဉ်းစားလိုက်တိုင်း ခေါင်းတွေ အရမ်းကိုက်လာတယ်၊ ငါ ခဏလောက် အိပ်ချင်နေပြီ”

“နောက်ကျရင် မင်းဆီကို ငါ လာကစားလို့ ရသေးလား”

“ရတာပေါ့... မင်းသာ ငါ့ကို မှတ်မိနေသေးရင်ပေါ့”

ကြီးမားသော အမြစ်ကြီးထဲတွင် နစ်မြုပ်နေသည့် သေးငယ်သော ခန္ဓာကိုယ်လေး၊ အဆောက်အဦးကို ဝါးမြိုနေသော အလောင်းများ၊ မှတ်ဉာဏ်များကို ပွေ့ဖက်ထားသော နာကျင်မှုများကြားတွင် ယွီဟွေးသည် သူ့ဦးခေါင်းကို ငုံ့ချလိုက်တော့သည်။

ကောင်းမင်တွင် မေးခွန်းများစွာ ရှိနေသေးသော်လည်း ယွီဟွေး၏ အမူအရာကို ကြည့်ခြင်းအားဖြင့် မည်သည့်အရာမျှ ထပ်ရနိုင်တော့မည် မဟုတ်ကြောင်း သိလိုက်သည်။

“ကျေးဇူးတင်ပါတယ်”

ကောင်းမင် ပြန်ထွက်လာသောအခါ သူ့ခန္ဓာကိုယ်သည် အံ့အားသင့်ဖွယ် အသွင်ပြောင်းလဲမှုများနှင့် ကြုံတွေ့နေရသည်။ သူ၏အရေပြားအောက်တွင် အရိပ်များ သို့မဟုတ် အမာရွတ်များနှင့်တူသော ပုံစံကွက်အသစ်များ ပေါ်ထွက်လာနေခြင်းဖြစ်သည်။

မရေမတွက်နိုင်သော ဆေးရည်ပမာဏများကို သူစုပ်ယူခဲ့ပြီးဖြစ်သည်။ အခြားလူဆိုပါက အကြိမ်ပေါင်းများစွာ သေဆုံးသွားနိုင်ပေသည်။ သို့သော်လည်း ကောင်းမင်မှာမူ သူ၏ ပြင်းထန်သော စိတ်ဓာတ်ကြံ့ခိုင်မှုဖြင့် တောင့်ခံထားခဲ့သည်။ သို့သော် သူသည် ထိတ်လန့်စရာ ကောင်းသောအရာတစ်ခုကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။

ဤမျှ များပြားသော ဆေးရည်ပမာဏသည် ဆိုးယုတ်မှုအားလုံးကို ဖိနှိပ်ရန် သို့မဟုတ် အမြစ်ပြတ်ဖျက်ဆီးပစ်ရန်ပင် လုံလောက်ပေသည်။သို့သော်လည်း ကောင်းမင်အတွင်း၌ ရှိနေသော လီဆန်းစီ၏ ဆိုးယုတ်မှုသည် လျော့နည်းသွားခြင်းမရှိဘဲ သူ့နှလုံးသားထဲတွင် ခိုင်ခိုင်မာမာ အမြစ်တွယ်နေဆဲ ဖြစ်သည်။

ကောင်းမင်သည် လီဆန်းစီကို အမှန်တကယ်ပင် လျှော့တွက်ခဲ့မိကြောင်း သိလိုက်ရသည်။ လီဆန်းစီ၏ မှတ်ဉာဏ်များကို ကြည့်ရုံဖြင့် သူ၏အမှောင်ထုအတိုင်းအတာကို မသိနိုင်ချေ။ထို့ကြောင့် ကောင်းမင် သတိလက်လွတ် ဖြစ်ခဲ့ခြင်း ဖြစ်သည်။

“လီဆန်းစီရဲ့ ဆိုးယုတ်မှု လျော့သွားတာ မဟုတ်ဘူး၊ အဲ့ဒါက သူ့ဘာသာ ဘယ်လို ပုန်းကွယ်နေရမှန်း သိနေတာပဲ’

အပြင်ပန်း ပြသနေသော ဆိုးယုတ်စိတ်မှာ ကြောက်စရာမကောင်းချေ။သို့သော် ဘယ်သူမှ မသိနိုင်ဘဲ (လီဆန်းစီကိုယ်တိုင်ပင် မသိဘဲ) နက်ရှိုင်းစွာ ဖုံးကွယ်ထားသော မကောင်းမှုသည် ထိတ်လန့်စရာ ကောင်းလှသည်။

‘သူက မကောင်းမှုတွေ ကျူးလွန်ပြီးတဲ့နောက်မှာ ကြောက်လန့်စရာတစ်ခုခုနဲ့ ကြုံခဲ့ရလို့ သူ့ဦးနှောက်က အဲ့ဒီမှတ်ဉာဏ်တွေကို အလိုအလျောက် ပိတ်ဆို့ထားလိုက်တာလား၊ ဒါမှမဟုတ် သူ့မှာ နောက်ထပ်အကျင့်စရိုက်တစ်ခု ရှိနေတာလား၊ ဒါမှမဟုတ် သူ့စိတ်ထဲကို တခြားအရာတစ်ခုခုက ကျူးကျော်နေတာလား’

တစ်စုံတစ်ခု မူမမှန်သည်ကို ရိပ်မိလာသောအခါ ကောင်းမင်သည် သူ၏ နောက်လိုက်သုံးဦးကို ကြည့်သည့် အကြည့်က ပြောင်းလဲသွားသည်။ သေချာစဉ်းစားကြည့်လျှင် သူတို့၏ ဒါရိုက်တာလီတွင် မည်သည့်ဆွဲဆောင်မှုမှ မရှိသော်လည်း ထိုနောက်လိုက်သုံးဦးသည် သူ့အပေါ် သစ္စာရှိနေကြဆဲ ဖြစ်သည်။

‘ဒီလူသုံးယောက်က တကယ်ပဲ တည်ရှိနေတာလား’

ကောင်းမင် ဝေခွဲမရ ဖြစ်လာသည်။ သူသည် အိပ်မက်ယဇ်ပလ္လင်၏ အရှင်သခင် ဖြစ်သည်။ သူ ဤယဇ်ပလ္လင်ကို ကျူးကျော်ရန် တိုက်ပွဲဝင်နေချိန်တွင် အမှောင်ယဇ်ပလ္လင်၏ အရှင်သခင်ကလည်း သူ့ကို နည်းမျိုးစုံဖြင့် ကိုင်တွယ်ရန် ကြိုးစားနေမည်မှာ သေချာသည်။

‘ငါ့ကို သူခြေရာခံလို့ မရအောင် လုပ်ရမယ်၊ အမှောင်ယဇ်ပလ္လင်ရဲ့ အရှင်သခင်က တားမြစ်နယ်မြေကမ္ဘာမှာ ထူးဆန်းတဲ့စွမ်းအားတွေကို အကန့်အသတ်မရှိ သုံးနိုင်မှာပဲ၊ ဂိုဏ်းစတားမြို့တော်ထဲမှာ လှုပ်ရှားတာက ပိုဘေးကင်းလိမ့်မယ်’

ယွီဟွေးသည် ကောင်းမင်အား ယဇ်ပလ္လင်ပိုင်ရှင်ကို ကိုင်တွယ်ရန် နည်းလမ်းသုံးမျိုးကို ပြောပြခဲ့သည်။ အိပ်မက်သရဲ၏ အန္တရာယ်အာရုံခံစားမှုက ထိုနည်းလမ်းများထဲမှ တစ်ခုသာ အလုပ်ဖြစ်နိုင်ကြောင်း သို့မဟုတ် အားလုံးမှာ လှည့်စားချက်များဖြစ်နိုင်ကြောင်း ကောင်းမင်အား သိမ်မွေ့စွာ သတိပေးနေခဲ့သည်။

“အခု ငါ့ရဲ့အကြီးမားဆုံး အားသာချက်ကတော့ အမှောင်ယဇ်ပလ္လင်ရဲ့ အရိပ်နောက်မှာ ပုန်းနေဖို့ပဲ”

ကောင်းမင်သည် ကွန်ကရစ်လှေကားထစ်များကို နင်းဖြတ်ကာ အလောင်းပုံကြီးရှိရာမှ လွတ်မြောက်လာပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။

တားမြစ်နယ်မြေသည် အမှန်တကယ်ပင် အန္တရာယ်ရှိခြင်းဖြစ်သည်။ သာမန်လူတစ်ဦးသာ ဝင်လာခဲ့ပါက အလွယ်တကူ သေဆုံးသွားနိုင်သည်။ သို့သော် ယွီဟွေးသည် သူ၏ အမျက်ဒေါသများကို ထုတ်ဖော်ခဲ့ပြီးနောက် ကောင်းမင်၏ ဝိညာဉ်သည် ဖြူစင်ရုံတင်မကဘဲ ထူးခြားသော အရည်အသွေးတစ်ခု ရှိနေသည်ကို တွေ့ရှိခဲ့သည်။ထို့ကြောင့် သူသည် ရန်လိုခြင်းမရှိဘဲ ကောင်းမင်ကို အလွယ်တကူ ပြန်ထွက်ခွင့် ပေးလိုက်ခြင်း ဖြစ်သည်။

“ဒါရိုက်တာလီ၊ ခင်ဗျားက တကယ့်ကို အံဩစရာပဲဗျာ၊ ခင်ဗျား ဒါကိုတောင် အသက်ရှင်ပြီး ပြန်လာနိုင်တာလား၊ ခင်ဗျားနာမည်ကို သစ်သားကမ္ပည်းပြားပေါ်မှာထွင်းပြီး ကျွန်တော်နေ့တိုင်း ဆွဲထားပါ့မယ်”

ကျားယိုကျစ်သည် အလွန်တရာ အံ့အားသင့်နေပြီး ကောင်းမင်၏ လက်မောင်းကို ဆုပ်ကိုင်ကာ ယခုအခြေအနေကို အစစ်အမှန်မဟုတ်ဟု ခံစားနေရဆဲဖြစ်သည်။

“စကားကို ကောင်းကောင်းမပြောတတ်ရင် မပြောနဲ့၊ တခြားရုပ်ရှင်အဖွဲ့တွေက ပစ္စည်းထိန်းတွေ ဘယ်လိုဖားတတ်သလဲဆိုတာကိုပဲ သွားလေ့လာလိုက်ဦး”

ကောင်းမင်သည် လှေကားအထွက်တွင်ရပ်ကာ သူ့နောက်လိုက်သုံးဦး၏ လုံးဝမတူညီသော အသွင်နှစ်မျိုးကို ကြည့်ရှုနေလေသည်။

အပိုင်း (၇၂၂) လူတို့၏ ‘ရုပ်သွင်များ’

ဆေးရည်များ၏ လွှမ်းမိုးမှုကြောင့် ကောင်းမင်၏ ခန္ဓာကိုယ်သည် ဘယ်သူမှ မသိနိုင်သော သန္ဓေပြောင်းမှုတစ်ခုကို ကြုံတွေ့ခဲ့ရသည်။ သူသည် ဤမြို့ကြီး၌ နေထိုင်သော သာမန်လူတစ်ဦးထက် ကမ္ဘာကြီးနှစ်ခု၏ နယ်နိမိတ်ပေါ်တွင် လွင့်မျောနေသော တစ္ဆေတစ်ကောင်နှင့် ပိုတူနေပေသည်။

တားမြစ်နယ်မြေအတွင်းတွင် သူသည် မတူညီသော အမြင်အာရုံနှစ်မျိုးကို ပိုင်ဆိုင်ထားသည်။ တစ်ဖက်တွင် သူသည် ဂိုဏ်းများ ကြီးစိုးထားသော လက်တွေ့မြို့ပြမြင်ကွင်းကို မြင်နေရပြီး အခြားတစ်ဖက်ကမူ ထူးဆန်းသော တားမြစ်နယ်မြေ၏ ပုံရိပ်ယောင်များကို မြင်နေရခြင်း ဖြစ်သည်။

သူ့အကြည့်က သူ၏နောက်လိုက်သုံးဦးထံသို့ ကျရောက်သွားသည်။ ကောင်းမင်၏ ဘယ်ဘက်မျက်လုံးထဲတွင် ကျားယိုကျစ်သည် နှာဘူးတစ်ယောက်ဖြစ်သည်။ ထို ပိန်ပါးသည့် သက်လတ်ပိုင်းလူသည် လမ်းပေါ်ရှိ လှပသော အမျိုးသမီးများကို ညစ်ညမ်းသောအကြည့်ဖြင့် တစ်ချက်တစ်ချက် ခိုးကြည့်တတ်သည့် လောဘ၊ ကြောက်စိတ်နှင့် အောက်တန်းကျသော စိတ်များ ပြည့်နှက်နေသည့် လူတစ်ယောက်ဖြစ်သည်။ သူသည် ခိုးဝှက်လိုစိတ်ရှိသော်လည်း ရဲစွမ်းသတ္တိမရှိဘဲ သူ့ကိုယ်သူ ထုတ်ဖော်ရန်ထက် မိလ္လာမြောင်းထဲတွင်သာ ငြိမ်သက်စွာနေထိုင်လိုသူ ဖြစ်သည်။ သို့သော် ကောင်းမင်၏ ညာဘက်မျက်လုံးထဲတွင်မူ ကျားယိုကျစ်သည် ခိုင်မာသော အသွေးအသားခန္ဓာကိုယ်မရှိဘဲ နှိမ့်ချလွန်းလှသည့် အရိပ်တစ်ခုမျှသာ ဖြစ်သည်။ သူ့ခြေထောက်များသည် လီဆန်းစီ၏ ခြေရင်းအထိ ရှည်ထွက်နေပြီး လီဆန်းစီ၏ ခြေကျင်းဝတ်များကို ရစ်ပတ်ကာ လီဆန်းစီ၏ ခြေဖဝါးအောက်တွင် နင်းခြေခြင်း ခံထားရသည်။

နောက်တစ်ဦးမှာ တင်းရှန်း ဖြစ်သည်။ ဤအမျိုးသမီးသည် လှပပါးနပ်ပြီး မည်သူနှင့်မဆို လိုက်လျောညီထွေ စကားပြောတတ်သည့် ကောက်ကျစ်သော မြေခွေးတစ်ကောင်နှင့် တူသည်။ သူမသည် လူစိမ်းများရှေ့တွင် ယဉ်ကျေးသိမ်မွေ့သော်လည်း မိမိလူများကြားတွင်မူ ကြမ်းတမ်းပြီး ညစ်ညမ်းပြက်လုံးများဖြင့် ပြည့်နှက်နေတတ်သည်။ သူမသည် လူတိုင်းအပေါ် အကြွေးများစွာ တင်ရှိနေသော်လည်း ပြန်ဆပ်ရန် ကြိုးစားလိုစိတ်မရှိဘဲ သူမ၏ ဦးနှောက်ထဲတွင် လိမ်လည်လှည့်ဖြားမည့် နည်းလမ်းများသာ ပြည့်နှက်နေခြင်းဖြစ်သည်။ ကောင်းမင်၏ အခြားမျက်လုံးထဲတွင်မူ တင်းရှန်းသည် လုံးဝပြောင်းလဲသွားကာ လှပခြင်းမရှိတော့ပေ။ သူမမျက်နှာပေါ်တွင် လူသားအရေပြားများ အလွှာအထပ်ထပ် ဖုံးလွှမ်းနေပြီး အဝတ်အစားများတွင် သွေးများ စွန်းထင်နေလေသည်။သူမ၏ ဆံပင်များသည် ပင်လယ်ရေမှော်ကဲ့သို့ အရိုင်းဆန်စွာ ရှည်ထွက်နေကာ သူမမျက်လုံးများကို ဖုံးကွယ်ထားရုံသာမက လီဆန်းစီ၏ နောက်ကျောတဝိုက်ကိုပါ ရစ်ပတ်ထားသည်။ ၎င်းမှာ သူတို့နှစ်ဦးကြားရှိ ရှုပ်ထွေးသောဆက်နွယ်မှုကို ကိုယ်စားပြုနေသည့်အလားပင်။

နောက်ဆုံးတစ်ဦးမှာ ဝူဝေ ဖြစ်သည်။ သူမသည် အမျိုးသမီးတစ်ယောက် ဖြစ်သော်လည်း အဖွဲ့ထဲတွင် ခန္ဓာကိုယ်အတောင့်တင်းဆုံး ဖြစ်ကာ လေးလံသော ကင်မရာကြီးကို ကစားစရာတစ်ခုကဲ့သို့ ကိုင်တွယ်နိုင်ပေသည်။

တင်းရှန်းနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်စွာ ဝူဝေသည် ခေါင်းမာပြီး ခက်ထန်သည်။ ကောင်းမွန်စွာ ပြောရလျှင် ဇွဲရှိခြင်းဖြစ်ပြီး ပွင့်ပွင့်လင်းလင်း ပြောရလျှင်မူ အနည်းငယ် နုံအခြင်း ဖြစ်သည်။ သူမသည် မကြာခဏ လှည့်ဖြားခံရလေ့ ရှိတတ်သည်။ ထိုအခါမျိုးတွင် သူမသည် တစ်ယောက်တည်း ဒေါသထွက်ကာ စိတ်ကျဉ်းကျပ်မှုများကို ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် ဖြေဖျောက်တတ်သည်။ သူမသည် သစ္စာရှိပြီး အားကိုးထိုက်သူလည်း ဖြစ်သည်။ ကောင်းမင်၏ မျက်စိထဲတွင် ဝူဝေသည် ကြီးမားသောလက်ကြီးများကို ပိုင်ဆိုင်ထားပြီး ကျောပေါ်တွင် ရစ်ခွေနေသော ပုံစံကွက်များပါသည့် လေးလံသော ခရုခွံကြီးတစ်ခုကို သယ်ဆောင်ထားသည်။ ထူးဆန်းသည်မှာ ထိုပုံစံကွက်များကို အချိန်ကြာကြာ စိုက်ကြည့်လိုက်ပါက လီဆန်းစီ၏ ရုပ်ပုံအဖြစ်သို့ ပြောင်းလဲသွားခြင်း ဖြစ်သည်။

ဝူဝေ သယ်ဆောင်ထားသော လေးလံသည့် ခရုခွံကြီးအတွင်း၌ လီဆန်းစီ၏ တစ်စုံတစ်ခု ရှိနေပုံရသည်။

“ဒါရိုက်တာလီ... ဘာတွေ ကြည့်နေတာလဲ”

ဝူဝေက လက်ဝေ့ယမ်းကာ မေးလိုက်သည်။ ကောင်းမင် ငေးငိုင်နေသည်ဟု သူမ ထင်မှတ်နေခြင်း ဖြစ်သည်။

“ငါတို့ကြားက သံယောဇဉ်တွေကို ကြည့်နေတာပါကွာ”

ကောင်းမင်က ပြုံးလိုက်ရင်း ကျားယိုကျစ်နှင့် ဝူဝေတို့၏ ပုခုံးကို ဖက်လိုက်သည်။

“ပြောစမ်းပါဦး... တစ်နေ့မှာ ငါသေသွားရင် မင်းတို့ ဝမ်းနည်းကြမှာလား”

“ဒါမျိုး နိမိတ်မရှိတာတွေ မပြောပါနဲ့”

တင်းရှန်းက တွေးတောခြင်းမရှိဘဲ လွှတ်ခနဲ ပြောလိုက်ပြီး ကျားယိုကျစ်ကလည်း ဝင်ထောက်ခံသည်။

“ဒါရိုက်တာလီ... ခင်ဗျားက ကံကောင်းတဲ့သူပဲ၊ ဘေးဒုက္ခတွေကို ကျော်လွှားပြီး အသက်ရှည်ရှည် နေရမှာပါဗျာ”

“ဖြစ်နိုင်ပါတယ်”

ဝူဝေတစ်ဦးတည်းသာ ခဏမျှ စဉ်းစားပြီးမှ အဖြေပေးခဲ့သည်။

“မင်းတို့ သုံးယောက် ငါ့ဘေးမှာ ရှိနေတာ အရမ်းကောင်းတာပဲ”

ထို့နောက် ကောင်းမင်သည် သူတို့နှင့်အတူ လိုက်ပါလာသော ကရုဏာဖောင်ဒေးရှင်းမှ ကားဒရိုင်ဘာကို လှည့်ကြည့်လိုက်သည်။ ထိုလူသည် လက်တွေ့တွင် မည်သို့ပင်ရှိစေကာမူ တားမြစ်နယ်မြေအတွင်း၌ အဆောက်အဦးအတွင်းရှိ မရေမတွက်နိုင်သော အလောင်းများကဲ့သို့ပင် သာမန်လူတစ်ယောက်အသွင်သာ ရှိသည်။

“ငါ တကယ်သိချင်မိတယ်၊ တားမြစ်နယ်မြေထဲမှာ ငါက ဘယ်လိုပုံစံ ရှိနေမလဲဆိုတာ၊ ငါ့မျက်လုံးတွေက အမှောင်သေတ္တာထဲက အပေါက်ငယ်လေးတွေလိုပဲ၊ အခြားသူတွေနဲ့ ကမ္ဘာကြီးကိုတော့ လေ့လာနိုင်ပေမဲ့ ငါ့ကိုယ်ငါတော့ မမြင်နိုင်ဘူး၊ လီဆန်းစီကို ငါ မမြင်နိုင်ဘူး”

အမှောင်ယဇ်ပလ္လင်၏ ပိုင်ရှင်သည် ငြိမ်ငြိမ်လေး ထိုင်နေလိမ့်မည်မဟုတ်ပေ။ သူသည် ကောင်းမင်၏ စွမ်းရည်များကို မသိသကဲ့သို့ ကောင်းမင်ကလည်း တစ်ဖက်သား၏ နည်းလမ်းများကို မသိသေးပေ။ သူတို့နှစ်ဦးကြားရှိ တိုက်ခိုက်မှုသည် မမြင်ကွယ်ရာတွင်သာ စတင်နေခြင်းဖြစ်သည်။

“အရင် ထွက်သွားကြစို့”

ကောင်းမင်၏ ဝိညာဉ်ထဲမှ အသားနံ့များကို ဆေးရည်များက ခဏတာ အစားထိုး ဖုံးကွယ်ပေးထားသည်။ သူသည် အရင်နှင့် ဘာကွာခြားသည်ကို သိရန်အတွက် နောက်ထပ် ဆေးအချို့ကို ဖော်စပ်ကြည့်ချင်သေးသည်။

ယွီဟွေး ကျွေးလိုက်သော ဆေးရည်များစွာကြောင့် ကောင်းမင်သည် တားမြစ်နယ်မြေ၏ ကန့်သတ်ချက်များအောက်တွင် ချည်နှောင်မခံရတော့ပေ။ သူသည် တားမြစ်နယ်မြေအတွင်းတွင် မွေးဖွားလာသော ဧရာမ ဘဝပန်းကြီးတစ်ပွင့်ကဲ့သို့ လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်နေပြီ ဖြစ်သည်။

နောက်လိုက်အချို့နှင့်အတူ ကောင်းမင်သည် သူ၏ အထူးအမြင်အာရုံကို အသုံးချကာ အပြင်ထွက်မည့်လမ်းကို လွယ်ကူစွာ ရှာတွေ့လိုက်သည်။ သူတို့သည် အဆောက်အဦးခြံဝင်း၏ နောက်ဖေးဂိတ်တံခါးမှတစ်ဆင့် လမ်းကြားများစွာကို ဖြတ်ကျော်လာခဲ့ကြသည်။ထို့နောက် လေထုထဲတွင် ဆေးနံ့များအစား ယမ်းငွေ့နံ့များဖြင့် အစားထိုးဝင်ရောက်လာလေသည်။ အော်ဟစ်သံများနှင့် နာကျင်ညည်းတွားသံများက သူ့နားထဲသို့ ရောက်ရှိလာပြီး ကောင်းမင်မျက်စိထဲရှိ တားမြစ်နယ်မြေ၏ ပုံရိပ်များသည် တဖြည်းဖြည်း ဝေဝါးသွား၏။

“သူတို့ အပြင်ရောက်သွားပြီလား”

မမြင်ရသော ရေလှိုင်းတစ်ခုကို ဖြတ်ကျော်လိုက်ရသကဲ့သို့ ကောင်းမင်နှင့် အပေါင်းပါများသည် မီးငြှိမ်းနေကြသော ဂိုဏ်းသားများ၊ အသက်လုပြေးနေသော မြို့ခံများနှင့် ဆိုးယုတ်မှုများကြောင့် ထိန်းချုပ်မှု လွတ်နေသော လူနာများကို မြင်တွေ့လိုက်ရသည်။

ဆိုင်ခန်းများ ဖျက်ဆီးခံထားရပြီး အိမ်များမှာလာ်း မီးဟုန်းဟုန်းတောက်လောင်နေ၏။ အမှိုက်များနှင့် သွေးကွက်များက နေရာအနှံ့ ရှိနေလေသည်။ ဤသည်မှာ ကျူးချွမ်းအဖွဲ့၏ ဆေးဝါးစက်ရုံအသစ် အပြင်ဘက်ရှိ ဖြစ်ရပ်မှန် မြင်ကွင်းပင် ဖြစ်သည်။ တားမြစ်နယ်မြေနှင့် နှိုင်းယှဉ်ပါက ဤနေရာမှာ ငရဲခန်းနှင့် ပိုတူနေခဲ့သည်။

“ငါတို့ အချိန်မှား ရောက်လာတယ်ထင်တယ်၊ ဒီနေရာက အရမ်းကို ပရမ်းပတာ ဖြစ်နေတာပဲ၊ ပဋိပက္ခအလယ်တည့်တည့်ကြီးပဲ”

ဒရိုင်ဘာက ဆုတောင်းနေသော်လည်း သူ့ဘုရားသခင်ကမူ သူ့ကို မကြားနိုင်ရှာပေ။ ကောင်းမင်သာ သူ့ကို ဆွဲမဖယ်လိုက်ပါက ကျည်ဆန်တစ်တောင့်က သူ့ဦးခေါင်းကို ထိမှန်သွားတော့မည် ဖြစ်သည်။

အဆောက်အဦးများ ပြိုကျနေပြီး သေနတ်သံများ ပြင်းထန်နေခဲ့သည်။ လောင်ကျွမ်းနေသော မီးတောက်များကြားတွင် ကျူးချွမ်းအဖွဲ့ ယူနီဖောင်း ဝတ်ဆင်ထားသော ဂိုဏ်းသားအချို့သည် အဖိုးတန် ဆေးဝါးစက်ကိရိယာများကို ကားပေါ်သို့ တင်နေကြသည်။ ခေါင်းဆောင်ဖြစ်သူမှာ အရပ်ပုပြီး အရုပ်ဆိုးလွန်းလှသည်။သူ၏ သေးငယ်သော မျက်လုံးများတွင် ယုတ်မာရက်စက်မှုများဖြင့် ပြည့်နှက်နေလေသည်။ ကောင်းမင်၏ အခြားအမြင်အာရုံထဲတွင် ထိုလူသည် လူသားနှင့်ပင် မတူတော့ဘဲ အမြစ်များမှ သစ်ရည်များကို အဆက်မပြတ် စုပ်ယူနေသော ကြီးမားသည့် သန်ကောင်ကြီးတစ်ကောင်နှင့် တူနေတော့သည်။

“ဘယ်သူတွေလဲ၊ ဒီကို ဘယ်လိုရောက်လာတာလဲ”

ဤနေရာသည် တားမြစ်နယ်မြေနှင့် အနီးဆုံးဖြစ်ပြီး အရေးပါသော နေရာတစ်ခု ဖြစ်သည်။ ကျူးချွမ်းအဖွဲ့ဝင်များသည် ဤနေရာသို့တိုင် တစ်စုံတစ်ဦး ရောက်လာလိမ့်မည်ဟု မထင်မှတ်ထားကြပေ။

“ကျွန်တော်တို့က ကရုဏာဖောင်ဒေးရှင်းက ဝန်ထမ်းတွေပါ၊ မြို့တော်ကောင်စီရဲ့ ကိုယ်စားလှယ်အဖြစ် ပျက်စီးမှုတွေကို လာရောက် စစ်ဆေးတာပါ”

ဒရိုင်ဘာက လက်မြှောက်ကာ အော်ပြောလိုက်သည်။

“ဆိုတော့... မင်းတို့က စီမေရဲ့ နောက်လိုက်တွေပေါ့”

ခေါင်းဆောင်ဖြစ်သူက လှောင်ပြုံး ပြုံးလိုက်သည်။

“စီမေက ဝမ်ရှန့်ဂိုဏ်းဆီကနေ အကျိုးအမြတ်တွေ အများကြီးရထားပြီး သူတို့ဘက်ကနေ အမြဲ စကားပြောပေးနေတယ်လို့ ငါကြားမိတယ်”

“ကောင်စီဝင် စီမေက အလုပ်သမားလူတန်းစားအတွက်ပဲ ကြည့်တာပါ၊ သူက ဒီလိုမျိုး တစ်ခါမှ မလုပ်ခဲ့ပါဘူး”

“အဓိပ္ပါယ်မရှိတာတွေ တော်စမ်း”

အရပ်ပုပုလူက သေနတ်ကိုထုတ်ကာ ကားဒရိုင်ဘာ၏ ဦးခေါင်းကို ချိန်လိုက်သည်။

“မင်းတို့ အထဲဝင်ပြီး ပစ္စည်းတွေ သွားသယ်ကြစမ်း”

ကျူးချွမ်းအဖွဲ့သည် လူအင်အား နည်းနေပြီး မီးလောင်နေသော အဆောက်အဦးအတွင်းသို့ ဝင်ရောက်ခြင်းမှာလည်း အလွန် အန္တရာယ်များသည်။ ထို့ပြင် ၎င်းမှာ တားမြစ်နယ်မြေနှင့်လည်း နီးကပ်နေသဖြင့် မတော်တဆ ဝင်သွားမိနိုင်ချေလည်း ရှိသည်။

“မြန်မြန်လုပ်စမ်း”

သေနတ်ကို မောင်းတင်လိုက်သဖြင့် အရပ်ပုပုလူ၏ အရုပ်ဆိုးသော မျက်နှာက ပို၍ပင် ကြောက်စရာ ကောင်းလာတော့သည်။

“ငါ့ကို ဒုတိယအကြိမ် ထပ်မပြောခိုင်းနဲ့”

ကောင်းမင်နှင့် အဖွဲ့သားများသည် တားမြစ်နယ်မြေထဲမှ ထွက်လာရုံရှိသေးသဖြင့် ထိန်းချုပ်မရသော မီးတောက်များကို မြင်သောအခါ တွေဝေသွားကြသည်။

“ဒိုင်း”

သေနတ်သံ တစ်ချက် ထွက်ပေါ်လာ၏။ ကားဒရိုင်ဘာမှာ ခဏမျှ ရပ်တန့်သွားပြီးနောက် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။ သူက သူ့နားကို ကိုင်ကြည့်လိုက်ရာ သွေးများ လက်တွင် စွန်းပါလာတော့သည်။

“အားးးးး”

“ပစ္စည်းတွေ သွားသယ်စမ်း၊ မဟုတ်ရင် မင်းတို့ကို ငါသတ်ပစ်မယ်”

အရပ်ပုပုလူသည် သူတို့အား မီးလောင်နေသော အဆောက်အဦးထဲသို့ အတင်းအဓမ္မ မောင်းထည့်လိုက်သည်။ သူတို့ ပစ္စည်းများ စတင်သယ်ယူနေသည်ကို မြင်သောအခါမှသာ သေနတ်ကို ပြန်သိမ်းလိုက်တော့သည်။

“ဘော့စ် သန်ကောင်နက်... စက်ရုံက တားမြစ်နယ်မြေ ဖြစ်သွားပြီဆိုတော့ ကျွန်တော်တို့ အမြန်ဆုံး ဆုတ်ခွာဖို့ လိုတယ်၊ ဒီစက်ကိရိယာတွေ ရှိနေသရွေ့တော့ အမြန်ဆုံး ပြန်တည်ဆောက်နိုင်မှာပါ” နောက်လိုက်များသည် ကောင်းမင်တို့အုပ်စု၏ သေခြင်း ရှင်ခြင်းကို ဂရုမစိုက်ကြပေ။ တစ်စုံတစ်ယောက်က သူတို့အတွက် အသက်စွန့် အလုပ်လုပ်ပေးနေသည်ကို မြင်ရသဖြင့် သူတို့ ဝမ်းသာနေကြသည်။

“ဒါတွေအားလုံး အသုံးမကျတဲ့ ဝက်ဝံနက်ရဲ့ အမှားပဲ၊ ငါ ဘဝပန်းအသစ်ကို ပျိုးထောင်ဖို့ အားထုတ်ခဲ့သမျှ အခုတော့ သူက အကုန်ဖျက်ဆီးပစ်လိုက်ပြီ”

သန်ကောင်နက်က အံကြိတ်ကာ ဆိုလိုက်သည်။

“မျောက်ဝံနက်တို့ဘက်က အခြေအနေ ဘယ်လိုလဲ၊ ဒီပရမ်းပတာ ဖြစ်နေတဲ့ကြားက ညရဲတွေ အခွင့်ကောင်း ယူသွားကြသေးလား”

“မသိပါဘူး ဘောစ့်၊ ကျွန်တော်တို့ လွန်ခဲ့တဲ့ တစ်နာရီကတည်းက သူတို့နဲ့ အဆက်အသွယ် ပြတ်သွားတာပါ”

အပိုင်း (၇၂၃) ဒုတိယပစ်ချက်

“အသုံးမကျတဲ့ကောင်တွေ၊ အကုန်လုံး အသုံးမကျတဲ့ကောင်တွေပဲ၊ ငါ ဘယ်လိုလုပ် ဒီလို အမှိုက်ကောင်တွေနဲ့ လာတိုးနေရတာလဲ”

သန်ကောင်နက်သည် အလွန်အမင်း စိတ်မသက်မသာဖြစ်သွားပြီး သူ့လက်ညှိုးကို ကိုက်မိသွားသည်။

“ဝမ်ရှန့်ဂိုဏ်းရဲ့ အင်အားစုတွေက အားလုံးသိပြီးသား လျှို့ဝှက်ချက်တွေပဲ၊ အဲ့ဒါကို သိပ်စိတ်ပူစရာမလိုဘူး၊ တခြားခရိုင်က ဂိုဏ်းတွေကိုလည်း ငါတို့ အကူအညီတောင်းထားပြီးပြီ၊ အဓိကကတော့ ညရဲတပ်ဖွဲ့ပဲ”

“ဘော့စ် သန်ကောင်နက်... ညရဲတပ်ဖွဲ့နဲ့ ကျွန်တော်တို့က အရင်ကတည်းက အဆင်ပြေခဲ့တာပဲလေ၊ ဘော့စ် မျောက်ဝံနက်နဲ့လည်း သူတို့နဲ့ ရင်းနှီးတယ်၊ ဝမ်ရှန့်ဂိုဏ်းနဲ့ ကျွန်တော်တို့ကြား ပဋိပက္ခဖြစ်နေတုန်းမှာတောင် သူတို့က တော်တော်လေး ထိန်းထိန်းသိမ်းသိမ်းရှိကြတယ်၊ ကျွန်တော်တို့ဆီက ငွေညှစ်တာမျိုးတောင် မလုပ်ကြဘူး”

“အဲ့ဒါကိုပဲ ငါစိတ်ပူနေတာ၊ ပိုတိတ်ဆိတ်နေလေလေ ပိုအန္တရာယ်များလေပဲ၊ ညရဲတပ်ဖွဲ့က ဆက်ကြေးလာမတောင်းဘူးဆိုတာ သူတို့က အဲ့ဒီငွေနည်းနည်းလောက်နဲ့ မကျေနပ်တော့ဘူးဆိုတဲ့ သဘောပဲ”

သန်ကောင်နက်သည် သူ့လက်ချောင်းကို သွေးများထွက်သည်အထိ ကိုက်လိုက်မိသည်။

“မျောက်ဝံနက်က စီးပွားရေးသမား၊ သူက ဆေးတွေပဲရောင်းတာ၊ ဒါပေမဲ့ ညရဲတွေ ရူးနေတဲ့ လူတစ်သိုက်ပဲ၊ သူတို့ကို သာမန်လူတွေရဲ့ အတွေးနဲ့ ခန့်မှန်းလို့မရဘူး၊ ဒါ့အပြင် ခွေးမည်းက ယွမ်ချင်းသမီးကို သတ်လိမ့်မယ်လို့ ငါလုံးဝမထင်ဘူး၊ တစ်ခုခုတော့ မှားနေပြီ”

သူတို့ စကားပြောနေကြစဉ်မှာပင် ကျားယိုကျစ်သည် ဆေးဝါးစက်ကိရိယာ အစိတ်အပိုင်းများကို ချလိုက်သည်။ထို့နောက် သူသည် ဘာမှမကြားသလို ဟန်ဆောင်ကာ ထိုနေရာမှ အမြန်ထွက်ခွာရန် ခြေလှမ်းကျဲလိုက်သည်။

“ဒီကရုဏာဖောင်ဒေးရှင်းက လူတွေကို ဘယ်လိုလုပ်မလဲ၊ သူတို့ ကျွန်တော်တို့ စကားတွေကို ကြားသွားပုံရတယ်”

နောက်လိုက်တစ်ဦး၏ မျက်နှာတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ထွက်ပေါ်လာသည်။

“ဘာ ကရုဏာလဲ၊ ငါတို့ သူတို့ကို တစ်ခါမှ မတွေ့ဖူးဘူး”

သန်ကောင်နက်က သူ့လူများကို အချက်ပြလိုက်သည်။

“အလုပ်ပြီးတာနဲ့ သူတို့ကို သတ်ပစ်လိုက်၊ အလောင်းတွေကို တားမြစ်နယ်မြေထဲမှာ သွားပစ်ထားလိုက်၊ အစအနမကျန်စေနဲ့”

“နားလည်ပါပြီ”

အဝတ်အစားများ နေရာအနှံ့ မီးလောင်နေသော ကျားယိုကျစ်သည် မီးလောင်နေသော အဆောက်အဦးအတွင်းသို့ အပြေးအလွှား ပြေးဝင်သွား၏။သူက အလုပ်အပါးခိုနေသော ကောင်းမင်ကို ရှာတွေ့လိုက်သည်။

“ဒါရိုက်တာလီ... မကောင်းတော့ဘူး၊ အဲ့ဒီကောင်တွေက ကျွန်တော်တို့ကို သတ်ပြီး နှုတ်ပိတ်ဖို့ ကြံနေကြပြီ”

“ဒီဂိုဏ်းသားတွေက တကယ် ဥပဒေမဲ့တာပဲ၊ ဆင်းရဲသားတွေကို ကူညီပေးနေတဲ့ ကရုဏာဖောင်ဒေးရှင်းကိုတောင် မချန်ကြဘူး”

တင်းရှန်းက ဤရလဒ်ကို ကြိုတင်ခန့်မှန်းထားပြီးသားဖြစ်သည်။

“ဒါရိုက်တာလီ... ကျွန်မတို့ ထွက်ပြေးရအောင်၊ ကျွန်မတို့ကို စောင့်ကြည့်နေတဲ့ အစောင့်က နှစ်ယောက်ပဲရှိတာ၊ လူခွဲပြီး ပြေးကြမယ်၊ သေမလား ရှင်မလားဆိုတာတော့ ကံတရားပဲ”

ထူထဲလှသော မီးခိုးလုံးကြီးများက အသက်ရှူကျပ်စေပြီး မီးတောက်များမှာလည်း ပိုမိုပြန့်နှံ့လာလေသည်။ အဆောက်အဦးမှာ တဖြည်းဖြည်း အန္တရာယ်များလာသည်။ သို့သော် ကျူးချွမ်းဂိုဏ်းသားနှစ်ဦးသည် ဓားရှည်များကို ကိုင်၍ လူတိုင်းကို အထဲသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ခိုင်းနေကြဆဲ ဖြစ်သည်။

“အစာငတ်ကုလားအုတ်က မြင်းတစ်ကောင်ထက် ပိုကြီးပါသေးတယ်၊ ကျူးချွမ်းအဖွဲ့ဟာ အထိနာနေပေမဲ့ သာမန်လူတွေကိုတော့ စိတ်ကြိုက် နှိပ်စက်နိုင်နေသေးတာပဲ၊ ဂိုဏ်းသားတစ်ယောက်ဖြစ်ရတာ တကယ်ကောင်းတာပဲ”

ကောင်းမင်၏ မျက်လုံးများသည် မီးတောက်များကဲ့သို့ တောက်လောင်နေလေသည်။ ၎င်းမှာ မီးတောက်များ၏ ရောင်ပြန်ဟပ်မှုလော သို့မဟုတ် သူ၏ကိုယ်ပိုင်ရည်မှန်းချက်ကြောင့်လော ဆိုသည်မှာ မသေချာပေ။

“ဂိုဏ်းတွေက အမြဲတမ်းအသက်နဲ့ရင်းပြီး တိုက်ခိုက်နေရတာလေ၊ သာမန်လူတွေလို နေဖို့ ခက်ခဲပါတယ်”

ကျားယိုကျစ်က သူ့ဗီဇအတိုင်း ပြန်ဖြေလိုက်သည်။

“မင်း ငါပြောတာကို နားမလည်ပါဘူး”

ကောင်းမင်သည် သူကိုင်ထားသော ဆေးဘက်ဆိုင်ရာ ကိရိယာများကို ချလိုက်ပြီး ပစ္စည်းများ ပြည့်လုနီးပါး ဖြစ်နေသော အပြင်ဘက်က ကုန်တင်ကားကြီးကို စိုက်ကြည့်လိုက်သည်။

“ငါတို့က ဘာလို့ ကိုယ်ပိုင်ဂိုဏ်းတစ်ခု မထောင်နိုင်ရမှာလဲ၊ ကျူးချွမ်းအဖွဲ့ရဲ့ ဆေးဝါးထုတ်လုပ်တဲ့ ကိရိယာတွေကို သုံးပြီး ငါတို့ကိုယ်တိုင် ဆေးအသစ်တွေ ထုတ်လုပ်လို့ရတာပဲ”

ကောင်းမင်၏ စကားများကို ကြားသောအခါ လူတိုင်း၏ မျက်နှာအမူအရာသည် စိတ်ဝင်စားစရာ ကောင်းသွားတော့သည်။ ကျူးချွမ်းအဖွဲ့က လူသတ်ပြီးနှုတ်ပိတ်ဖို့ ကြံနေချိန်တွင် ဒါရိုက်တာလီက လူသတ်ပြီး ပစ္စည်းလုဖို့ ကြံနေခြင်း ဖြစ်သည်။ဘယ်သူမှ လူကောင်းမဟုတ်ကြပေ။

“ဂိုဏ်းတစ်ခုထောင်ဖို့ဆိုရင် မြို့တော်ကောင်စီက မဲတစ်ခုလိုတယ်၊ ပြီးတော့ ဂိုဏ်းကြီးတွေက နယ်မြေတွေကို ခွဲယူထားကြပြီးသား၊ ရှင့်မှာ အဆက်အသွယ်တွေနဲ့ အချိန်ကိုက်ရှိလာမှ အတင်းတိုးဝင်လို့ ရမှာ”

တင်းရှန်းက မီးလောင်သွားသော သူမဆံပင်များကို ကိုင်ရင်း စိုးရိမ်တကြီး ပြောလိုက်သည်။

“အရင်ဆုံး ဘယ်လိုလွတ်အောင် ပြေးမလဲဆိုတာပဲ စဉ်းစားကြရအောင်ပါ”

“လွတ်အောင်ပြေးဖို့ မခက်ပါဘူး၊ ငါ ခေါင်းဆောင်နဲ့ စကားသွားပြောလိုက်မယ်”

ကောင်းမင်သည် သူ၏ခါးနောက်ပိုင်းကို ပွတ်သပ်လိုက်သည်။ သူ ခရိုင် ၃ သို့ ပြန်ရောက်စဉ်က သူသည် စတူဒီယိုသို့ ခဏပြန်သွားပြီး ပစ္စည်းသိုလှောင်ခန်းမှ သူ့ကျောပိုးအိတ်ကို ယူလာခဲ့သည်။ သူ၏ တားမြစ်နယ်မြေခရီးစဉ်အတွင်း ဖြစ်နိုင်ခြေရှိသော အခြေအနေများကို သူစဉ်းစားထားပြီးဖြစ်သည်။ သူသည် မိမိကိုယ်ကို အကာအကွယ်ပေးရန်အတွက် လိုအပ်သော ပစ္စည်းအချို့ကိုလည်း ယူဆောင်လာခဲ့သည်။

“ဒါရိုက်တာလီ... ရှင် မီးခိုးမွှန်ပြီး ရူးသွားပြီလား”

ဝူဝေက ကောင်းမင်ကို ဝေဖန်ခဲသော်လည်း ယခုတစ်ခါတွင်မူ သူမက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

“အဲ့ဒီလူတွေက ရမ်းကားတဲ့ ရာဇဝတ်ကောင်တွေရှင့်၊ ခေါင်းဆောင်ဆိုတဲ့လူရဲ့ မျက်လုံးထဲမှာလည်း ယုတ်မာတဲ့ အရိပ်အယောင်တွေ အပြည့်ပဲ၊ သူက အရမ်းအန္တရာယ်များတယ်”

“ဒီမှာ ခဏလောက် စောင့်နေကြဦး”

“ဒီအဆောက်အဦးက ပြိုကျတော့မယ်”

ကောင်းမင်သည် ဆေးဝါးစက်ကိရိယာများကို ကိုင်လျက် မီးတောက်များကြားမှ ပြေးထွက်လာသည်။ သူ့အဝတ်အစားများမှာ မည်းတူးနေပြီး မျက်နှာသည်လည်း မီးခိုးမှိုင်းများစွန်းပေနေရာ အလွန်ပရမ်းပတာ ဖြစ်နေပုံရသည်။

“မရတော့ဘူး၊ မီးက အရမ်းကြီးနေပြီ၊ အထဲကို ထပ်ဝင်ရင် လူတွေ သေကုန်လိမ့်မယ်”

သူက အော်ဟစ်ရင်း ကုန်တင်ကားကြီးဆီသို့ လျှောက်သွားလိုက်သည်။ သန်ကောင်နက်နှင့် နောက်လိုက်အချို့မှာ ကားဘေးတွင် စောင့်ကြည့်နေကြသည်။ သို့သော်လည်း သူတို့သည် ဝမ်ရှန့်ဂိုဏ်း၏ ချုံခိုတိုက်ခိုက်မှုကိုသာ စိုးရိမ်နေကြပြီး ကောင်းမင်တို့အဖွဲ့ကို လုံးဝ အထင်မကြီးကြပေ။ နောက်ဆုံး ကရုဏာဖောင်ဒေးရှင်းဟူသည် စကားသာများပြီး လက်တွေ့မရှိသည့် အဖွဲ့အစည်းဟု လူသိများနေသည်မဟုတ်လော။ ထိုလူများသည် ကောင်းမင်၏ ညည်းတွားသံများကို ဂရုမစိုက်ဘဲ သူတို့၏ နောက်ထပ်အစီအစဉ်များကိုသာ ဆက်လက် ဆွေးနွေးနေကြသည်။

ကျူးချွမ်းအဖွဲ့၏ ခေါင်းဆောင်တစ်ဦးဖြစ်သော သန်ကောင်နက်သည် ကြီးမားသော အခြေအနေများကိုသာ အာရုံစိုက်နေပြီး သာမန်ရုပ်ရည်နှင့် ကြောက်တတ်ပုံရသော ကောင်းမင်ကို စိတ်ဝင်စားခြင်း မရှိပေ။

“လီဆန်းစီက တကယ်ရုပ်ချောတာပဲ၊ ဒါကြောင့်လည်း လူတိုင်းက သူ့ကို အနိုင်ကျင့်လို့ လွယ်မယ်လို့ ထင်နေကြတာ”

ဈေးကြီးသော အဖိုးတန် ဆေးဝါးစက်ကိရိယာများကို ကားပေါ် တင်ပြီးနောက်တွင် ကောင်းမင်သည် အလွန်တရာ ပင်ပန်းနွမ်းနယ်နေဟန်ဖြင့် သန်ကောင်နက်ရှိရာသို့ ယိုင်တိယိုင်တိုင် လျှောက်သွားလိုက်သည်။ အခြားသူများ တစ်ခုခု မူမမှန်သည်ကို သတိထားမိချိန်တွင် သူက အရှိန်မြှင့်ကာ အနားသို့ တိုးကပ်သွားသည်။ထို့နောက် သူ့လက်ထဲတွင် နံပါတ်မပါသော အနက်ရောင် သေနတ်တစ်လက် ပေါ်လာတော့သည်။

“မလှုပ်နဲ့”

သေနတ်ပြောင်းက သန်ကောင်နက်၏ ဦးခေါင်းကို ချိန်ထားပြီး ကောင်းမင်၏ လက်တစ်ဖက်ကမူ သန်ကောင်နက်၏ ပုခုံးကို ဖိချလိုက်သည်။

အရာရာမှာ မြန်ဆန်လွန်းလှသည်။ ကြောက်တတ်ပုံရသော ဤသက်လတ်ပိုင်း ကြောင်သူတော်ကောင်သည် နောက်တစ်စက္ကန့်တွင် ယခုကဲ့သို့ ဖျတ်လတ်သွားလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။

“မိတ်ဆွေ... မင်း ငါ့ကို သတ်လိုက်ရင် ငါ့ညီအစ်ကိုတွေက မင်းကို ကျည်ဆန်မိုးတွေ ရွာလိမ့်မယ်နော်”

သန်ကောင်နက်သည် များစွာသော သေရေးရှင်ရေး အခြေအနေများကို ကြုံတွေ့ဖူးသူဖြစ်သဖြင့် သူ့အသံက တည်ငြိမ်နေဆဲ ဖြစ်သည်။

“မင်း ဘာလိုချင်လဲ ပြောပါ၊ ဆေးဝါးစက်ကိရိယာတွေလား၊ ဆေးအသစ်တွေလား၊ နည်းပညာလား၊ ဒါမှမဟုတ် ခရိုင် ၃ နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေလား၊ ဒါမှမဟုတ်လည်း ကြီးမြတ်လှတဲ့ ကောင်စီဝင် စီမေက ငါတို့ ကျူးချွမ်းအဖွဲ့ရဲ့ ဥက္ကဋ္ဌနဲ့ စကားပြောချင်လို့လား”

သေနတ်နှင့် ချိန်ခံလိုက်ရသဖြင့် သန်ကောင်နက်မှာ ယဉ်ကျေးပျူငှာ သွားတော့သည်။

“ကားတံခါးဖွင့်စမ်း၊ ငါ့ကို သော့ပေးစမ်း”

ကောင်းမင်က ထိတ်လန့်နေသယောင် ဟန်ဆောင်လိုက်သည်။ သို့သော်လည်း သူပိုစိတ်လှုပ်ရှားလေလေ သန်ကောင်နက်က ပို၍ တည်ငြိမ်လာလေလေ ဖြစ်သည်။

“ပြဿနာမရှိဘူး”

သန်ကောင်နက်က သူ့နောက်လိုက်ကို ခေါင်းညိတ်ပြလိုက်သည်။ သို့သော်လည်း ကောင်းမင်ကို ကျောပေးထားချိန်တွင်မူ သူ့မျက်လုံးများသည် ကြောက်စရာကောင်းလောက်အောင် အရောင်တောက်နေခဲ့သည်။

သော့ကို ယူပြီးနောက် ကောင်းမင်သည် သန်ကောင်နက်ကို ကားပေါ်သို့ အတင်းတွန်းတင်လိုက်သည်။ သူသည် သန်ကောင်နက်အား လုံးဝ ခုခံရန်အခွင့်အရေး မပေးပေ။

“မင်းက ကရုဏာဖောင်ဒေးရှင်းက ကြောင်သူတော်တစ်ယောက်ဆိုပေမဲ့ အတော်လေး သန်မာသားပဲ၊ ကရုဏာဖောင်ဒေးရှင်းနဲ့ ကျူးချွမ်းအဖွဲ့ကြားမှာ ပူးပေါင်းဆောင်ရွက်လုပ်ဖို့ စိတ်ဝင်စားလား၊ ငါတို့ ကျူးချွမ်းအဖွဲ့မှာ ပိုက်ဆံကလွဲရင် အကုန်ရှိတယ်”

သန်ကောင်နက်သည် ကားရှေ့ခန်းတွင် ပြုံးလျက် ထိုင်နေခြင်းဖြစ်သည်။ သို့သော်လည်း သူ့မျက်လုံးများကမူ ကောင်းမင်ကို အဆက်မပြတ်စောင့်ကြည့်နေပြီး အခွင့်အရေးရသည်နှင့် တိုက်ခိုက်ရန် ပြင်ဆင်နေ၏။

ကားကို စက်နှိုးပြီး သော့များ အလုပ်လုပ်သည်ကို အတည်ပြုပြီးသောအခါ ကောင်းမင်၏ စိုးရိမ်နေသော အမူအရာက ချက်ချင်း ပျောက်ကွယ်သွားသည်။ ထိုနေရာတွင် အစားထိုး ဝင်ရောက်လာသည်မှာ အပြုံးတစ်ခု ဖြစ်တော့သည်။

“မင်းတို့ ကျူးချွမ်းအဖွဲ့က ပြိုလဲတော့မယ်၊ အဲ့ဒါကို မင်းက ငါ့ကို စည်းရုံးဖို့ ကြိုးစားနေတုန်းလား”

“ဝမ်ရှန့်ဆိုတာ ဖျားနေတဲ့ ကြောင်တစ်ကောင်ပါပဲ၊ စိတ်ပူစရာ မရှိပါဘူး”

“ဒါဆို ညရဲတပ်ဖွဲ့ပါ ပါလာရင်ကော”

ကောင်းမင်က သူ၏ ဖြူဖွေးနေသော သွားတန်းများပေါ်အောင် ရယ်ပြလိုက်သည်။ လီဆန်းစီ၏ သက်လတ်ပိုင်း မျက်နှာပေါ် ထွက်ပေါ်လာသော ထိုအပြုံးမှာ ထူးဆန်းသော အေးစက်မှုကို ဆောင်ကြဉ်းလာသည်။

“စောစောက မင်းရဲ့ သုံးသပ်ချက်ကို ငါကြားလိုက်တယ်၊ ခွေးမည်းက ယွမ်ချင်းရဲ့ သမီးကို သတ်စရာ အကြောင်းမရှိဘူးဆိုတာလေ၊ တကယ်တော့ မင်းပြောတာ အရမ်းမှန်တယ်”

သန်ကောင်နက်၏ အမူအရာက တဖြည်းဖြည်း ပြောင်းလဲသွားတော့သည်။

“ဘာလို့လဲဆိုတော့... သူ့ကို သတ်ခဲ့တာ ငါမို့လို့လေ”

‘ဒိုင်း’

မောင်းခလုတ်ကို ဆွဲညှစ်လိုက်သည်။ ကျည်ဆန်က သန်ကောင်နက်၏ ဦးခေါင်းကို ဖောက်ထွက်သွားပြီး သွေးများ ပြန့်ကျဲကုန်သည်။

ကောင်းမင်သည် လီဗာကို အကုန်နင်းကာ ကုန်တင်ကားကြီးကို မောင်းထွက်လိုက်သည်။ သူ့ကို သတ်ဖြတ်နူတ်ပိတ်ရန် ပြင်နေသော ကျူးချွမ်းဂိုဏ်းဝင်များကို ဝင်တိုက်ချလိုက်တော့သည်။

အရာအားလုံးမှာ မြန်ဆန်လွန်းလှသည်။ ညှိနှိုင်းမှု မရှိ၊ ဆက်သွယ်မှုလည်း မရှိဘဲ သန်ကောင်နက်မှာ ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

All Chapters