← Chapters

အခန်း (၇၂၄-၇၂၆)

Vol. 49 Ch. 724-726

အခန်း (၇၂၄-၇၂၆)

Vol. 49 Ch. 724-726

အပိုင်း (၇၂၄) ပုစဉ်းရင်ကွဲကို ဖမ်းရန်ချောင်းနေသည့် ရှိခိုးကောင်၊ နောက်က စာငှက်ကို မမြင်မိလေရာ

သန်ကောင်နက်၏ လူများသာမက အဆောက်အဦးအတွင်းမှ မီးခိုးမွှန်းပြီး သေလုမျောပါး ဖြစ်နေကြသည့် ကျားယိုကျစ်နှင့် အဖွဲ့သားများပင်လျှင် ကြောင်အသွားကြသည်။ ဒါရိုက်တာလီတစ်ယောက် ဤကဲ့သို့ နည်းလမ်းဖြင့် ညှိနှိုင်းလိမ့်မည်ဟု သူတို့ လုံးဝ မထင်မှတ်ထားခဲ့ကြပေ။

ပထမဆုံးအနေဖြင့် ခေါင်းဆောင်ကို သေနတ်ဖြင့် ပစ်သတ်သည်။ ထို့နောက် ထိုသူ့လူများကို ကုန်တင်ကားဖြင့် တားမြစ်နယ်မြေထဲသို့ မောင်းထည့်ပစ်လိုက်သည်။ တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်သွားပုံမှာ ကြိုတင်စီစဉ်ထားသည့်အလား အပြစ်ပြောစရာမရှိအောင် ချောမွေ့လွန်းလှသည်။

“ဒါက ဒါရိုက်တာလီ ရိုက်ခဲ့တဲ့ ဘယ်ရုပ်ရှင်ထက်မဆို ပိုအံ့ဩစရာပဲ”

ဝူဝေမှာ ပါးစပ်အဟောင်းသား ဖြစ်နေတော့သည်။ သူမသည် ဒါရိုက်တာလီအား ဆွဲဆောင်မှုမရှိသူနှင့် အနုပညာသမားဆန်သူ၊ အနုပညာရှင်တွေကို သိပ်မကြိုက်သည့်လူဟုသာ အမြဲထင်မိခဲ့သည်။ သို့သော်လည်း ယခုကဲ့သို့ ဖုံးကွယ်ထားသည့် တစ်ဖက်ခြမ်းရှိနေလိမ့်မည်ဟု သူမမမျှော်လင့်ထားခဲ့ပေ။

“ဘာရပ်ကြည့်နေကြတာလဲ၊ ဒီကိုလာကြ”

မီးတောက်များ ဝါးမြိုခံရလုနီးပါး ဖြစ်နေသည့် အဆောက်အဦးထဲမှ လူများကို ကောင်းမင်က လှမ်းအော်လိုက်သည်။

“ကျူးချွမ်းအဖွဲ့ရဲ့ အဝတ်အစားတွေ လဲဝတ်ကြ၊ သွားကြစို့”

အမှန်တရားကို သိသည့်လူများသည် အသတ်ခံရခြင်း သို့မဟုတ် တားမြစ်နယ်မြေထဲသို့ မောင်းထုတ်ခံရခြင်းတို့ဖြင့် ရှင်းလင်းခံရပြီးသား ဖြစ်သည်။ ကျူးချွမ်းအဖွဲ့ဝင်များ ကောင်းမင်အပေါ် သုံးရန် ကြံစည်ထားသည့် နည်းလမ်းများကို ကောင်းမင်က သူတို့အပေါ် ပြန်လည် အသုံးချလိုက်ခြင်းပင်။ ဝါရင့်လူယုတ်မာများ ကြံစည်ထားသည့် နည်းလမ်းများမှာ တကယ်ပင် ထိရောက်ကြောင်း သက်သေပြလိုက်ခြင်းလည်း ဖြစ်သည်။

“မြန်မြန်... မြန်မြန်လေး”

ကောင်းမင်သည် သူ့ကိုယ်သူ အလွယ်တကူ မဖော်ပြချင်သေးပေ။ ယခုတစ်ကြိမ် သူရရှိခဲ့သည့် အကျိုးအမြတ်ကား သူမျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်နေခဲ့သည်။ ဤကုန်တင်ကားအပြည့် ပါလာသည့် ဆေးဝါးစက်ကိရိယာများနှင့်ပင် မည်သူ့ကိုမဆို မနာလိုဖြစ်သွားစေလောက်သည်။

ဆေးဝါးစက်ရုံသစ်ကြီး တားမြစ်နယ်မြေ ဖြစ်သွားပြီးနောက်တွင် ဤဆေးဝါးထုတ်လုပ်သည့် ကိရိယာများမှာ အလွန်အသုံးတည့်လာမည် ဖြစ်သည်။

သူသည် ကျီးကန်းနက်ထံသို့ မက်ဆေ့ခ်ျတစ်စောင်ပို့ကာ သူ့ဘက်မှ အခြေအနေများကို အကျဉ်းချုပ် ရှင်းပြလိုက်ပြီး ပစ္စည်းများကို အမြန်ဆုံး လာရောက်သိမ်းဆည်းရန် ပြင်ဆင်ထားဖို့ ပြောလိုက်သည်။

သူ့လူများက အဝတ်အစားလဲပြီး ကားပေါ်သို့ တိုးဝှေ့တက်လာကြသည်။ပြီးနောက် ကောင်းမင်သည် နှာခေါင်းစည်းဖြင့် မျက်နှာတစ်ဝက်ကို ဖုံးအုပ်ကာ ကားကို မောင်းထွက်သွားလိုက်သည်။

အကယ်၍ ကျူးချွမ်းအဖွဲ့ဝင်များနှင့် တွေ့ပါက ကျီးကန်းနက် ပေးထားသည့် လမ်းညွှန်ချက်များဖြင့် လှည့်ဖြားရမည်ဖြစ်သည်။ မရလျှင် စစ်ဆေးရေးဂိတ်များကို အတင်းတိုးထွက်မည်ဟု ဆုံးဖြတ်ထားသည်။ ခရိုင် ၃ မှာ ပရမ်းပတာ ဖြစ်နေပြီဖြစ်ရာ ကားပေါ်တွင် ဘာပါလာသည်ကို မသိဘဲ မည်သူမှ အသက်နှင့်ရင်း၍ လာတားကြလိမ့်မည် မဟုတ်ပေ။

လမ်းခရီးတစ်လျှောက် လှုပ်ခါနေသည့် ကုန်တင်ကားကြီးကို မောင်းနှင်လာရင်း အာရုဏ်မတက်မီ ကျီးကန်းနက်နှင့် ချိန်းဆိုထားသည့်နေရာသို့ ကောင်းမင် ရောက်ရှိလာခဲ့သည်။ မျက်နှာပျက်စီးနေသည့် အမျိုးသမီးနှင့် ဆင်းရဲသားရပ်ကွက်မှ လူများက စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။

သူတို့သည် ကားပေါ်မှ စက်ပစ္စည်းများကို အစိတ်အပိုင်းအလိုက် ဖြုတ်ကာ လမ်းကြောင်းအသီးသီးမှ ဆင်းရဲသားရပ်ကွက်ထဲသို့ သယ်ဆောင်သွားကြသည်။

အဖိုးတန်လှသည့် ဆေးဝါးစက်ကိရိယာများကို ကြည့်ရင်း မျက်နှာပျက်စီးနေသည့် အမျိုးသမီး၏ မျက်လုံးများမှာ နီမြန်းလာလေသည်။ ဤပစ္စည်းများက ဘာကို ကိုယ်စားပြုကြောင်း သူမ ကောင်းကောင်းသိသည်။ သို့သော် သိထားသည့်အတွက်ကြောင့်ပင် သူမသည် ပို၍ ဇဝေဇဝါ ဖြစ်နေရသည်။ ဘယ်ကမှန်းမသိ ပေါ်လာသည့် ဤလူသည် အဘယ်ကြောင့် ကျီးကန်းနက်ကို ဤမျှ ယုံကြည်နေရသနည်း။ သူတို့ ဆုံတွေ့ဖူးသည်မှာ အကြိမ်အနည်းငယ်သာ ရှိသေးသော်လည်း အဘယ်ကြောင့် ဤမျှ အရေးကြီးသော အရာများကို လွှဲအပ်ပေးရသနည်း။

မျက်နှာပျက်စီးနေသည့် အမျိုးသမီး၏ အကြည့်ကို ကောင်းမင် သတိပြုမိလိုက်သည်။ သူက ပြုံးပြရုံသာ ပြုလိုက်သည်။ သူကိုယ်တိုင်ကမူ ယဉ်ကျေးသည့် အပြုံးဟု မှတ်ယူထားသော်လည်း လီဆန်းစီ၏ မျက်နှာပေါ်တွင်မူ ထိုအပြုံးက နှာဘူးတစ်ယောက်၏ အပြုံးကဲ့သို့ ပေါ်လွင်နေသဖြင့် အမျိုးသမီး၏ စူးစမ်းလိုစိတ်မှာ ချက်ချင်း ရပ်တန့်သွားတော့သည်။ သူမသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး အရေးကြီးဆုံး အစိတ်အပိုင်းကို စတင် သယ်ယူတော့သည်။

“ဒီမိန်းမက ငါ့အပေါ် အမြင်စောင်းနေသလိုပဲ”

ဒါရိုက်တာလီ၏ မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း ကောင်းမင်က တစ်ခုခု မှားနေသလားဟု စဉ်းစားမရ ဖြစ်နေလေသည်။ ဆေးဝါးကိရိယာများ ပို့ဆောင်ပြီးနောက် သူ့လူများနှင့်အတူ ပြန်ရန် ပြင်ဆင်နေကြစဉ် ကျီးကန်းနက်ထံမှ ဖုန်းဝင်လာသည်။

“ဘာဖြစ်လို့လဲ”

ကျီးကန်းနက်သည် သူ့လူဖြစ်ကြောင်း ကောင်းမင် သိထားပြီး ထိုယုံကြည်မှုကြောင့်ပင် အရာရာကို လွှဲအပ်ထားခြင်း ဖြစ်သည်။

“ညရဲတွေ စတင်လှုပ်ရှားတော့မယ်၊ ခရိုင် ၃ ထဲမှာ အတော်လေး ဖရိုဖရဲတွေဖြစ်လာလိမ့်မယ်၊ သတိထားပါ”

ကျီးကန်းနက်၏ အသံမှာ တိုးညှင်းနေသည်။ သူသည် စကားပြောရန် အခက်အခဲရှိနေပုံရသော်လည်း ကောင်းမင်ထံသို့ သတင်းစကား ပို့နိုင်ခဲ့သည်။

“ခရိုင် ၃ ဆိုတာ အမြဲတမ်း ဆူဆူပူပူနဲ့ ဖရိုဖရဲဖြစ်နေတာ မဟုတ်ဘူးလား”

“မဟုတ်ဘူး၊ ငါတို့ သဲလွန်စအချို့ တွေ့ထားတယ်၊ ကျူးချွမ်းအဖွဲ့ရဲ့ နောက်ကွယ်မှာ မြို့တော်ကောင်စီ အဆောက်အဦး ရှိနေတယ်၊ ပြီးတော့ သူတို့က ခရိုင် ၁၃ နဲ့လည်း နီးကပ်တဲ့ ဆက်ဆံရေး ရှိနေတယ်”

ကျီးကန်းနက်၏ အသံထဲတွင် စိုးရိမ်စိတ်များ ပါဝင်နေသည်။

“မင်းမှာ ခရိုင် ၁၃ နဲ့ ပတ်သက်တဲ့ သတင်းတွေ မရှိလောက်ဘူး၊ မြို့တော်ကောင်စီ အဆောက်အဦးကို အဲ့ဒီမှာ ဆောက်ထားတာ၊ အဲ့ဒါက ဒီမြို့ရဲ့ အမည်ခံ အုပ်ချုပ်ရေးအဖွဲ့ပဲ၊ ဘယ်ခရိုင်ကမှ သူတို့ကို ထိပ်တိုက် မရင်ဆိုင်ရဲကြဘူး”

ကောင်းမင် မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။ သူသည် အန္တရာယ်ရှိသော အငွေ့အသက်ကို ခံစားလိုက်ရသည်။

“ညရဲတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးက ဒီတစ်ကြိမ် အရမ်းကို ချောမွေ့လွန်းနေတယ်၊ ဝမ်ရှန့်ဂိုဏ်းနဲ့ ကျူးချွမ်းအဖွဲ့ကြားက ပဋိပက္ခက မီးစပွားသွားပြီး၊ အခြေအနေက လုံးဝ ထိန်းချုပ်လို့မရအောင် တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာတယ်”

ကျီးကန်းနက်၏ အသံမှာ မှိုင်းညှို့နေသည်။

“ဖြစ်ပျက်သွားတာတွေက အရမ်းမြန်လွန်းနေတယ်၊ ညရဲတပ်ဖွဲ့အပြင် နောက်ကွယ်ကနေ မီးလောင်ရာလေပင့်နေတဲ့ နောက်ထပ် လက်တစ်ဖက် ရှိနေသလိုပဲ၊ ဝမ်ရှန့်ဂိုဏ်းက သွေးရူးသွေးတန်း ဖြစ်ပြီး ကျူးချွမ်းအဖွဲ့ရဲ့ ဆေးစက်ရုံသစ်ကို ဖောက်ခွဲလိုက်တယ်၊ အဲ့ဒါက ညရဲတပ်ဖွဲ့ရဲ့ အရေးကြီးဆုံး ပစ်မှတ်တွေထဲက တစ်ခုပဲ၊ ဒါပေမဲ့ ကံမကောင်းတာက ဖျက်ဆီးခံလိုက်ရပြီ၊ အခုတော့ ညရဲတပ်ဖွဲ့နဲ့ ပတ်ဝန်းကျင်က ဂိုဏ်းတွေမှာ ဆေးဝါးပြတ်လပ်တဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီ၊ ညရဲတပ်ဖွဲ့တွေက လူနာတွေကို တိုက်ခိုက်တဲ့အခါ ရောဂါကူးစက်ခံရဖို့ လွယ်ကူနေပြီး အခု ဆေးမရှိတော့ အားလုံးက စိတ်မအေး ဖြစ်နေကြတယ်၊ ဒါ့အပြင် ကျူးချွမ်းအဖွဲ့က နေရာအနှံ့ကနေ အကူအညီ တောင်းထားတာမို့ အခြားခရိုင်က အင်အားစုတွေလည်း ဝင်လာကြပြီ၊ သူတို့က ညရဲတပ်ဖွဲ့တွေ အကျိုးအမြတ် ခံစားနေတာကို ဒီတိုင်းထိုင်ကြည့်နေမှာ မဟုတ်ဘူး”

ညရဲတပ်ဖွဲ့က အကျိုးအမြတ်ကို ရိတ်သိမ်းချင်နေသော်လည်း အခုတွင် ညရဲတပ်ဖွဲ့ကိုယ်တိုင် စဉ်းတီတုံးပေါ် ရောက်ရှိနေပြီဟု ကျီးကန်းနက် ခံစားနေရသည်။

“ညရဲတပ်ဖွဲ့က ဝမ်ရှန်းနဲ့ ကျူးချွမ်းအဖွဲ့ကို ဝါးမြိုဖို့ ကြံနေတဲ့အချိန်မှာ တခြားတစ်ယောက်က ညရဲတပ်ဖွဲ့ကို ပစ်မှတ်ထားနေတာလား၊ ဘယ်သူက ဒီလောက်အထိ သတ္တိရှိရတာလဲ”

ကောင်းမင် မေးလိုက်သည်။ သူ့စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခု ပေါ်လာလေသည်။ ယဇ်ပလ္လင်ပိုင်ရှင်က စတင် လှုပ်ရှားတော့မည် ဖြစ်သည်။

“နှစ်ဖက်စလုံးက အမိန့်ကို ထိန်းသိမ်းသူတွေ ဖြစ်ပေမဲ့ သန့်ရှင်းရေးသမားတွေကတော့ ပိုပြီး နှိမ့်နှိမ့်ချချနေကြတယ်၊ ညရဲတပ်ဖွဲ့က ခရိုင် ၄ ကို လုံးဝသိမ်းပိုက်ပြီးနောက်ပိုင်း လူအများစုရဲ့ မျက်စိစပါးမွေးစူးစရာ ဖြစ်လာခဲ့တယ်”

ကျီးကန်းနက်သည် ဂဏန်းနံပါတ်တွဲတစ်ခုကို ရွက်ပြလိုက်သည်။

“နောက်တစ်ခါ ငါတို့ ဆက်သွယ်တဲ့အခါ ဒီနံပါတ်အသစ်ကို သုံးပါ”

“ဖုန်း မချလိုက်ပါနဲ့ဦး၊ ငါ စွမ်းအားအသစ်အချို့ ရထားတယ်၊ ငါတို့ မကြာခင် တွေ့သင့်တယ်”

ကောင်းမင်သည် ကျီးကန်းနက်ကို စမ်းသပ်ကြည့်ချင်နေခြင်းဖြစ်သည်။ သူသည် ကျီးကန်းနက်က တားမြစ်နယ်မြေထဲတွင် ဘယ်လိုပုံစံ ရှိနေမလဲဆိုသည်ကို သိချင်နေသည်။

“တွေ့မှာလား ၊အဲ့ဒါကိုတော့ မေ့လိုက်ပါ”

ကျီးကန်းနက်က အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးမှ ပြန်ဖြေသည်။

“အခြေအနေတွေက တော်တော်လေး တင်းမာနေတယ်၊ အပြင်လူတွေ အများကြီး အဖမ်းခံရပြီး ခရိုင် ၁၃ မှာ အရှင်လတ်လတ် မြေမြှုပ်ခံဖို့ ပို့ခံနေရတယ်၊ မင်းနောက်ကွယ်က လူတွေကို အသိပေးလိုက်ဦး၊ အားလုံးရဲ့ အခြေအနေက တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာနေပြီ၊ အမြစ်ပြတ် သုတ်သင်ရှင်းလင်းမှု စတော့မယ်”

ကျီးကန်းနက်သည် စခန်းတစ်ခုကို တာဝန်ယူထားရသူဖြစ်သည်။သူသည် ညရဲများကြားတွင် ရာထူးကြီးသူ ဖြစ်သဖြင့် အတွင်းသတင်းအချို့ကို စုဆောင်းနိုင်သည်။

“ငါ သံသယရှိတာက တစ်ယောက်ယောက်က ဝမ်ရှန်းနဲ့ ကျူးချွမ်းအဖွဲ့ကြားက ပဋိပက္ခကို ငါးစာအဖြစ် သုံးပြီး ညရဲတွေကို ထောင်ချောက်ထဲ ဆွဲခေါ်နေတာပဲ၊ ဘာလို့လဲဆိုတော့ ခရီးသွားတွေပဲ ညရဲတပ်ဖွဲ့ ဖြစ်လာနိုင်တာလေ၊ ဒါကြောင့် ညရဲအားလုံးက အပြင်လူတွေပဲ၊ မြို့ရဲ့အုပ်ချုပ်ရေးမှူးတွေက အရင်က ဂရုမစိုက်ခဲ့ပေမဲ့ ငါတို့ ရောက်လာပြီးကတည်းက အပြင်လူတွေအပေါ် သူတို့ရဲ့ အမြင်က ပြောင်းလဲသွားပြီ”

ကျီးကန်းနက်၏ စကားများက ကောင်းမင်၏ ခန့်မှန်းချက်ကို ပိုမို ခိုင်မာသွားစေသည်။ ပုစဉ်းရင်ကွဲကို ဖမ်းရန် ချောင်းနေသည့် ရှိခိုးကောင်သည် သူ့နောက်မှ စာငှက်ကို သတိမမူမိပါချေ။ ညရဲတပ်ဖွဲ့သည် ဓားသွေးနေသည့် ရှိခိုးကောင်မျှသာ ဖြစ်ပြီး မျက်နှာမရှိသည့် ငှက်ကြီးမှာမူ သစ်ကိုင်းများကြားတွင် ပုန်းကွယ်နေလေသည်။

“လောလောဆယ်တော့ ငါတို့ ကိုယ့်အလုပ်ကိုယ်ပဲ အာရုံစိုက်ဖို့ လိုတယ်၊ ငါတို့နဲ့အတူ ပါလာတဲ့လူတွေထဲမှာ ဘယ်သူမှ လွယ်လွယ်နဲ့ ကိုင်တွယ်လို့ရမယ့်လူတွေ မပါဘူး”

ညှဉ်းပန်းနှိပ်စက် ခန်းသို့ ပို့ဆောင်ခံရသူများသည် သာမန်ဗီလိန်များ မဟုတ်ကြပေ။ ကောင်းမင်သည် သူတို့အပေါ် အတော်အတန် ယုံကြည်မှု ရှိသည်။ အမှောင်ယဇ်ပလ္လင်၏ အရှင်သခင်မှာ စတင် လှုပ်ရှားရန် စိတ်လောနေပြီဖြစ်ရာ သူတို့အတွက် အကောင်းဆုံး နည်းလမ်းမှာ ငြိမ်ငြိမ်သက်သက်နေပြီး အင်အားစုဆောင်းရန် သို့မဟုတ် ပုန်းကွယ်လို့ မရတော့သည့်အထိ စောင့်ဆိုင်းရန်သာ ဖြစ်သည်။

ကောင်းမင် အလျင်မလိုပေ။ အခြား အိပ်မက်သရဲနှစ်ကောင်ဖြစ်သည့် ကွေ့ယွမ်နှင့် ယန်ရှီကျီးတို့သည်လည်း သူနှင့်အတူ အမှောင်ယဇ်ပလ္လင်ထဲသို့ ဝင်ရောက်လာကြပြီ ဖြစ်သည်။ သူတို့နှင့် ပတ်သက်သည့် သတင်းများ လုံးဝမကြားရခြင်းမှာ သူတို့တစ်ဦးချင်းစီသည် ဖုံးကွယ်ခြင်း အတတ်ပညာတွင် အလွန်တရာ ကျွမ်းကျင်ကြသောကြောင့်ပင်။

“အိပ်မက်သရဲတွေရဲ့ နည်းလမ်းတွေက တစ်ယောက်နဲ့တစ်ယောက် အများကြီး ကွဲပြားတယ်၊ တကယ်လို့ အမှောင်ယဇ်ပလ္လင်ရဲ့ အရှင်သခင်က တစ်ယောက်တည်းကိုပဲ အာရုံစိုက်မယ်ဆိုရင် သူ အကြီးအကျယ် ခံစားသွားရလိမ့်မယ်”

ဟန်ဟိုင်းသွေးမြို့တော် မပျက်စီးမီက အိပ်မက်သရဲများအတွက် ယဇ်ပလ္လင်ကို အမဲလိုက်ခြင်းသည် သာမန်ကိစ္စတစ်ခုသာ ဖြစ်သည်။ သို့သော်လည်း အချိန်များ ကုန်လွန်ခဲ့ပြီဖြစ်ရာ များစွာသော တစ္ဆေသရဲများသည် မသိလိုက်မသိဘာသာဖြင့် လုယက်ဖျက်ဆီးရသည့် ခြောက်ခြားမှုများကို မေ့လျော့နေကြပြီ ဖြစ်သည်။

အပိုင်း (၇၂၅) လိမ်မာပါးနပ်သောယုန်တွင် ကျင်းသုံးကျင်းရှိသည်

“ဂရုမစိုက် မလုပ်နဲ့၊ အန္တရာယ်တွေ တစ်လှမ်းချင်း နီးကပ်လာတာ ငါခံစားနေရတယ်၊ ငါတို့ခေါင်းပေါ်မှာ အသားစတွေ ပေကျံနေတဲ့ သွေးပိုက်ကွန်ကြီး ချိတ်ဆွဲထားသလိုပဲ”

ကျီးကန်းနက်၏ အသံသည် အသက်ရှူကျပ်စရာ ကောင်းလှပြီး တစ်နည်းနည်းဖြင့် ခြောက်ခြားဖွယ် ကောင်းနေသည်။ သေခြင်းတရားက သူတို့ဆီ လျှောက်လာနေသည်ကို သူမြင်နေရဟန် ရှိသည်။

“တကယ်လို့ ညရဲတပ်ဖွဲ့ သင်္ဘောကြီးက မလုံခြုံတော့ဘူးဆိုရင် မင်းအနေနဲ့ ထွက်ပြေးဖို့လမ်းစကို အမြန်ဆုံး စဉ်းစားထားသင့်ပြီလို့ ထင်တယ်”

“ညရဲတစ်ယောက် ဖြစ်လာပြီဆိုရင် နောက်ပြန်လှည့်လို့ မရတော့ဘူး၊ ငါတို့အားလုံးက အပြင်လူတွေပဲ၊ ဒီမြို့ကြီးထဲကနေ ထွက်ပြေးလို့မရတဲ့ အပြင်လူတွေ”

“ငါ ဆိုလိုတာက မင်းအနေနဲ့ တခြားပုံစံညရဲတစ်ယောက် ဖြစ်လာနိုင်တယ်လို့ ပြောတာပါ”

ကောင်းမင်က သူရရှိထားသော သတင်းအချက်အလက်များကို ပေါင်းစပ်ကာ သုံးသပ်ပြလိုက်သည်။

“မူလ ညရဲတွေက ယဇ်ပလ္လင်ပိုင်ရှင်ရဲ့ ဖမ်းခံရပြီး ဒီမြို့ကြီးကို ရောက်လာခဲ့ကြတာ၊ ယဇ်ပလ္လင်ပိုင်ရှင်က သူတို့ကို နှိပ်စက်ချင်တာပဲဖြစ်ဖြစ်၊ သူတို့ဆီက တစ်ခုခုကို ထုတ်ယူချင်တာပဲဖြစ်ဖြစ် တစ်ခုတော့ သေချာတယ်၊ မူလညရဲတွေနဲ့ ယဇ်ပလ္လင်အရှင်သခင်က ရန်သူတွေပဲ၊ ဒါပေမဲ့ အခု ညရဲဝင်တွေကို ကြည့်လိုက်ဦး၊ သူတို့မှာ အရင်က စိတ်ဓာတ်တွေ တစ်စက်မှ မကျန်တော့ဘူး၊ သူတို့က လာဘ်လာဘတွေကို ယစ်မူးပြီး အခွင့်အရေးသမားတွေ ဖြစ်ကုန်ကြပြီ၊ ၊ ဒီမြို့ကြီးရဲ့ အမှောင်ထုထဲမှာ လုံးဝ ပျော်ဝင်သွားကြပြီ”

“အမှောင်ထဲမှာ ပျော်ဝင်မသွားတဲ့သူက ဒီနေရာမှာ အသက်မရှင်နိုင်ဘူးလေ၊ ကိုယ်ကျင့်တရား စောင့်ထိန်းတဲ့ ညရဲတွေဆိုတာ ဟိုးအချိန်တွေကတည်းက ရှင်းလင်းခံလိုက်ရပြီ၊ အခု ပခုံးတံဆိပ် တပ်ထားတဲ့ ညရဲဆယ်ယောက်ဆိုတာ နှလုံးသားထဲမှာ အမှောင်ဆန္ဒတွေ ပြည့်နှက်နေတဲ့ ကြောက်စရာကောင်းတဲ့ ကောင်တွေပဲ”

ပခုံးတံဆိပ်သည် ညရဲတပ်ဖွဲ့ဝင်များကြားရှိ အာဏာနှင့် အဆင့်အတန်းကို ကိုယ်စားပြုပေသည်။ ကျီးကန်းနက်မှာမူ ထိပ်တန်းအဆင့်သို့ ရောက်ရန် အလှမ်းဝေးနေသေးသည်။

“မင်း ပိုပြောင်းလွယ်ပြင်လွယ် ရှိအောင် တွေးကြည့်ပါ၊ မူလ ညရဲတွေက သူတို့ရဲ့ ဆက်ခံသူတွေ အခုလို ဖြစ်သွားတာကို မြင်ချင်လို့ ညရဲကျင့်ဝတ်တွေကို ဖန်တီးခဲ့တာ မဟုတ်ဘူး၊ ဒါကြောင့် မင်းသာ ညရဲတစ်ယောက်ရဲ့ ယုံကြည်ချက်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားနိုင်ရင် အပေါ်ယံအမှတ်အသားတွေကို ဘယ်အချိန်မဆို ခွာချပစ်လိုက်လို့ ရတယ်”

ကောင်းမင်သည် ကောလိပ်ကျောင်းသားများကို မြှူဆွယ်နေသည့် နှလုံးသားမရှိသော သူဌေးတစ်ဦးကဲ့သို့ စကားဆိုလိုက်သည်။

“ငါက မင်းကို ညရဲတပ်ဖွဲ့ကို သစ္စာဖောက်ခိုင်းနေတာ မဟုတ်ဘူး၊ မင်းကို ညရဲအစစ်တစ်ယောက် ဖြစ်လာအောင် လုပ်ခိုင်းနေတာ”

ကျီးကန်းနက်သည် နားလည်သွားပုံရသော်လည်း အဖြေပေးရန် မလောပေ။

“နောက်ကွယ်က ကြိုးကိုင်သူရဲ့ ပထမဆုံးပစ်မှတ်က ပခုံးတံဆိပ်တပ်ထားတဲ့ ညရဲတပ်ဖွဲ့ဝင်တွေ ဖြစ်မှာ သေချာတယ်၊ သူတို့ မင်းကို သတိမထားမိခင် မင်းယုံကြည်ရတဲ့ လူတစ်စုကို ခေါ်ပြီး အလင်းထဲကနေ အရိပ်ထဲကို အမြန်ပြောင်းလိုက်၊ ညရဲတပ်ဖွဲ့ဝင်ဆိုတာ အမှောင်ထဲက ရဲတွေပဲလေ”

“မင်းပြောတာ တစ်ချို့တော့ မှန်တယ်”

“ငါ့ကို လိပ်စာတစ်ခု ပေးပါ၊ ငါ မင်းကို လူကိုယ်တိုင် လက်ဆောင်တစ်ခု ပေးချင်လို့”

ကောင်းမင်က ထပ်မံတွေ့ဆုံရန် ကမ်းလှမ်းလိုက်သည်။ ယခုတစ်ကြိမ်တွင်မူ ကျီးကန်းနက်က မငြင်းဆန်တော့ဘဲ ကောင်းမင်ကို တည်နေရာတစ်ခု ပေးလိုက်သည်။

ဖုန်းချလိုက်ပြီးနောက် ကောင်းမင်သည် သူ့နောက်လိုက်သုံးဦးနှင့် ကားဒရိုင်ဘာ ကရုဏာဖောင်ဒေးရှင်းသို့ ပြန်သွားခိုင်းလိုက်သည်။ သူကိုယ်တိုင်ကမူ မျက်နှာပုံပျက်နေသည့် သူနာပြု၏ ကားပေါ်သို့ တက်ကာ ဆင်းရဲသားရပ်ကွက်ထဲသို့ ဒုတိယအကြိမ် ဝင်ရောက်လာခဲ့သည်။

ပြင်ပကမ္ဘာတွင် ဖရိုဖရဲဖြစ်နေသော်လည်း ဆင်းရဲသားရပ်ကွက်တွင်မူ အနံ့ဆိုးများနှင့် စိတ်ပျက်အားငယ်မှုများကြား အသက်ကင်းမဲ့နေဆဲပင်။

“ကျီးကန်းနက်က ဘာလို့ နင့်ကို သူ့စခန်းထဲ ပေးဝင်တာလဲ ငါတကယ် နားမလည်နိုင်ဘူး၊ အဲ့ဒီကောင်တော့ ပြုစားခံထားတာ ထင်တယ်”

ယာဉ်မောင်းထိုင်ခံရှိ အမျိုးသမီးက မကျေမနပ် ညည်းတွားလိုက်သည်။

“မင်းလည်း တကယ့်ကို သတ္တိကောင်းတာပဲ၊ အဲ့ဒီလို ရက်စက်တဲ့လူသတ်သမားကိုတောင် ယုံရဲတယ်နော်”

“ငါတို့ နှစ်ယောက်လုံး ဒီအခြေအနေကို ရောက်နေကြပြီပဲ”

လီဆန်းစီ၏ မျက်နှာကို ကြည့်ရင်း မျက်နှာပုံပျက်နေသည့် အမျိုးသမီးက ဗိုက်နာသလို ခံစားလိုက်ရသည်။

“ငါ့ကို စကားမပြောနဲ့၊ နင့်မျက်နှာကို လက်သီးနဲ့ထိုးမိမှာ ကြောက်လို့”

“ဘာလို့လဲ”

ကောင်းမင်က နောက်ကြည့်မှန်ထဲတွင် သူ့ကိုယ်သူ ပြန်ကြည့်လိုက်သည်။ လီဆန်းစီ၏ ရုပ်ရည်ကတော့...ကောင်းပြီ။သူသည် ရုပ်မချောသလို အကျင့်ကောင်းသောပုံစံလည်း မရှိချေ။

မျက်နှာပျက်စီးနေသော အမျိုးသမီးက ကောင်းမင်ကို လျစ်လျူရှု၍ နားကြပ် တပ်လိုက်သည်။

“အဲ့လို ကားမောင်းတာ မင်းအတွက် အန္တရာယ်ရှိတယ်နော်၊ ငါလည်း နားထောင်လို့ရအောင် ဘာလို့ စပီကာနဲ့ပဲ သီချင်းမဖွင့်တာလဲ”

ကောင်းမင်သည် ဤမျက်မှာပျက်စီးနေသော အမျိုးသမီးကိုလည်း အလွန်စိတ်ဝင်စားမိသည်။ ကျီးကန်းနက် တစ်ခါက ပြောဖူးသည်မှာ သူမသည် ဆိုးယုတ်လှသော ဤမြို့ကြီးတွင် ကြင်နာတတ်သည့် နှလုံးသားရှိသူ အနည်းငယ်ထဲမှ တစ်ဦးဖြစ်ပြီး သူမ၏ အတိတ်မှာ ရှုပ်ထွေးနိုင်သည်ဟူ၏။

ဆင်းရဲသားရပ်ကွက်ထဲ ဝင်ရောက်သောအခါ ကားရပ်သွားသည်။ လမ်းမရှိသော နေရာများစွာ ရှိနေသဖြင့် သူတို့သည် စွန့်ပစ်အဆောက်အဦးများကို တက်လိုက် ဆင်းလိုက်လုပ်ခဲ့ရသည်။

နာရီဝက်ခန့် လမ်းလျှောက်လာပြီးနောက် မျက်နှာပုံပျက်နေသော အမျိုးသမီးသည် ကောင်းမင်အား ပျက်စီးယိုယွင်းနေသည့် အဆောက်အဦးတစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

အန္တရာယ်ရှိသော အဆောက်အဦးနှင့် တူနေသည့် ထိုတိုက်ခန်းကို အတွင်းမှနေ၍ အခေါင်းပေါက်ဖြစ်အောင် ပြုလုပ်ထားသည်။ ကြမ်းပြင်ပေါ်တွင် ရွှံ့များ ဖုံးလွှမ်းနေပြီး ရွှံဆွေးနံ့များ နံစော်နေ၏။ နံရံများတွင် ဖုန်မှုန့်များနှင့် အမှိုက်သရိုက်များဖြင့် ပြည့်နှက်နေသည်။ ဆင်းရဲသားရပ်ကွက်၏ အခြားနေရာများတွင် သံကြိုးနှင့် အချည်ခံထားရသည့် ‘ခွေးလူသား’များသည် ဤနေရာတွင် သာမန်လူများနှင့် သိပ်မခြားနားလှပေ။ သူတို့သည် ညစ်ပတ်သော အဝတ်အစားများကို ဝတ်ဆင်ထားပြီး လက်နက်မျိုးစုံနှင့် ဓားများ အသုံးပြုနည်းကို စက်ရုပ်များကဲ့သို့ လေ့ကျင့်နေကြသည်။ သူတို့ဘေးက အခန်းတွင်လည်း ဈေးပေါသော စည်သွပ်ဗူးများနှင့် အသင့်စား အစားအစာများစွာ သိုလှောင်ထားသည်။ ၎င်းမှာ အာဟာရ မပြည့်ဝနိုင်သော်လည်း ဗိုက်ဝရန်အတွက်မူ လုံလောက်ပေသည်။

“ဒါတွေအားလုံးကို ကျီးကန်းနက် လုပ်ထားတာလား”

“ဟုတ်တယ်၊ သူက နင်နဲ့ စတွေ့ကတည်းက စိတ်လုံခြုံမှုမရှိတော့သလို ခံစားနေရတာ၊ သူ ပိုင်ဆိုင်သမျှ ပစ္စည်းတွေကို ဖြုန်းတီးပစ်တယ်၊ ခွေးအိုကြီးဆီက ရခဲ့တဲ့ အမွေတွေကိုတောင် ရောင်းပစ်ပြီး ခွေးလူသားတွေအများကြီးကို စုဆောင်းခဲ့တာ”

မျက်နှာပုံပျက်နေသော အမျိုးသမီးသည် တံခါးဘောင်မှ လိုက်ကာကို ဆွဲချလိုက်သည်။ အပြင်ဘက်မှနေ၍ အဆောက်အဦးအတွင်းကို မမြင်နိုင်တော့ပေ။

“စိတ်မပူနဲ့၊ ဒီခွေးလူသားတွေက ဘယ်တော့မှ သတင်းပေါက်ကြားမှာ မဟုတ်ဘူး၊ သူတို့က ဆေးဝါးတွေနဲ့ ခွဲစိတ်မှုတွေကတစ်ဆင့် သူတို့ရဲ့ ဆိုးယုတ်တဲ့စိတ်တွေကိုရော၊ သူတို့ရဲ့ ကိုယ်ပိုင်အတွေးအခေါ်တွေကိုပါ ဖျက်ဆီးခံထားရတဲ့ သနားစရာလူတွေပဲ၊ သူတို့ကို အသက်ရှူနေတဲ့ ကိရိယာတွေလို့ပဲ သဘောထားလိုက်ပါ”

ကောင်းမင်သည် အသက်နှစ်ဆယ်ကျော်အရွယ်ခန့်ရှိသော ခွေးလူသားတစ်ဦး၏ အနားသို့ လျှောက်သွားလိုက်သည်။ ထိုလူ၏ နုနယ်သော မျက်နှာပေါ်တွင် ရွှံ့များပေကျံနေပြီး သူ့မျက်လုံးများတွင် ဆိုးယုတ်မှု သို့မဟုတ် အလင်းရောင်မရှိချေ။ ဆာလောင်မှုနှင့် သစ္စာရှိမှုတို့ကိုသာ မြင်တွေ့ရသည်။

“ဒီမြို့မှာ နေထိုင်တဲ့သူတွေက သူတို့အတွင်းစိတ်က ဆိုးယုတ်မှုတွေ ပျောက်ဆုံးသွားရင် သူတို့ကိုယ်သူတို့ပါ လုံးဝ ပျောက်ဆုံးသွားတာလား၊ ဆိုးယုတ်တဲ့ မျိုးစေ့တွေက သူတို့ရဲ့ အသိစိတ်နဲ့ တစ်သားတည်း ဖြစ်နေတာလား”

“ခွေးလူသားတွေရဲ့ ပြုပြင်မွမ်းမံမှုကပဲ အဲ့လိုဖြစ်တာပါ၊ ကြွက်လူသားတွေရဲ့ ပြုပြင်မွမ်းမံမှုကတော့ ဆိုးယုတ်စိတ်တွေ ကျန်နေသေးတယ်၊ ဝက်လူသားတွေရဲ့ ပြုပြင်မွမ်းမံမှုကတော့ ကြောက်စရာအကောင်းဆုံးပဲ၊ သူတို့ရဲ့ ကိုယ်ပိုင်အသိစိတ်ကို ဖျက်ဆီးပစ်လိုက်ပေမဲ့ အတွင်းထဲက ဆိုးယုတ်မှုတွေကိုတော့ ပိုကြီးထွားလာအောင် လုပ်ထားတာ၊ ဒါကြောင့် ဝက်လူသားတွေက ဆင်းရဲသားရပ်ကွက်ထဲမှာ ကြောက်စရာအကောင်းဆုံး မကောင်းဆိုးဝါးတွေပဲ၊ အပြင်က အရာရှိကြီးတွေတောင် သူတို့ကို သိပ်မမွေးရဲကြဘူး”

ကောင်းမင်ကို အကျဉ်းချုပ် ရှင်းပြပြီးနောက် အမျိုးသမီးသည် သူ့ကို မြေအောက်သို့ ခေါ်သွားသည်။ မှောင်မိုက်ကျဉ်းမြောင်းသော လမ်းကြားလေးမှတစ်ဆင့် မြေအောက်မှောင်ခိုဆေးဝါး အလုပ်ရုံတစ်ခုသို့ ရောက်ရှိလာခဲ့သည်။

“ခွေးအိုကြီးဆီက နင်ခိုးလာတဲ့ ဆေးဝါးကိရိယာတွေက ဒီမှာပဲ၊ ခွေးလူသားတွေရဲ့ ဦးနှောက်က ဆေးလုပ်နည်းကို မသင်နိုင်ဘူး၊ ဒီစက်တွေကို မောင်းနှင်နေတဲ့လူတွေက ဆင်းရဲသားရပ်ကွက်က ဒုက္ခသည်တွေပဲ”

အမျိုးသမီး၏ မျက်နှာသည် အမာရွတ်များကြောင့် တွန့်လိမ်နေ၏။သူမ၏မျက်လုံးများမှာ ခက်ထန်နေလေသည်။

“ဒီလူတွေက ပိုက်ဆံအတွက်ဆိုရင် ဘာမဆို လုပ်မယ့်သူတွေပဲ၊ ဒါကြောင့် အခြေအနေတွေ မတည်ငြိမ်မချင်း သူတို့ မြေအောက်မှာပဲ နေရလိမ့်မယ်”

ကောင်းမင်သည် ကာကွယ်ရေးဝတ်စုံများ ဝတ်ထားသော အလုပ်သမားများကို ဖြတ်ကျော်ကာ အတွင်းဘက် အကျဆုံးအခန်းသို့ ရောက်ရှိလာသည်။ တံခါးကို ဖွင့်လိုက်သောအခါ အနက်ရောင် မိုးကာအင်္ကျီကို ဝတ်ထားသော ကျီးကန်းနက်ကို မြင်လိုက်ရသည်။ သူသည် ကြမ်းတမ်းသည့် တိုက်ပွဲတစ်ခုကို ဆင်နွှဲခဲ့ရသည့်အလား သွေးများနှင့် ဖုန်မှုန့်များ ပေကျံနေလေသည်။

“ငါတို့ တွေ့ဆုံတဲ့အကြိမ်ကို လျှော့သင့်တယ်၊ ငါ့အခြေအနေက သိပ်ကောင်းမနေဘူး”

ကျီးကန်းနက်က လက်ကာပြလိုက်ရာ အမျိုးသမီးက တံခါးပိတ်ပြီး ထွက်သွားတော့သည်။

“ခွေးအိုကြီးသေဆုံးမှုက ငါ့ဆီကို ခြေရာခံလိုက်လာနေပြီ၊ ပခုံးတံဆိပ် တပ်ထားတဲ့ ညရဲနှစ်ယောက်ဖြစ်တဲ့ ဇီးကွက်နဲ့ တရားသူကြီးတို့က စုံစမ်းစစ်ဆေးနေကြတယ်”

“သူတို့က မင်းကို စုံစမ်းနေတာလား၊ ဒါမှမဟုတ် ခွေးအိုကြီးရဲ့ အမွေတွေ ဘယ်ရောက်ကုန်သလဲဆိုတာ စုံစမ်းနေတာလား”

ကောင်းမင်က အချက်ကျကျ မေးလိုက်သည်။

“နှစ်ခုလုံး ဖြစ်မှာပေါ့”

“မင်းရဲ့ ဒီမြေအောက်ဆေးဝါးအလုပ်ရုံကို ပစ်မှတ်တစ်ခုအနေနဲ့ ပေါ်တင်ပဲ ထားလိုက်၊ ညရဲတွေက ဒါကို တစ်နေ့မဟုတ်တစ်နေ့ ရှာတွေ့မှာပဲ၊ ငါ ကျူးချွမ်းဆေးစက်ရုံက ခိုးလာတဲ့ ကိရိယာတွေကို ဆင်းရဲသားရပ်ကွက်ထဲမှာ မထားနဲ့၊ ဒီမှာ ခဏထားပြီးရင် တခြားတစ်နေရာကို ပြောင်းပစ်လိုက်ပါ”

ကောင်းမင်၏ လူသုံးယောက်နှင့် ကားဒရိုင်ဘာတို့သည် ဤပစ္စည်းများ ဆင်းရဲသားရပ်ကွက်ထဲ ဝင်သွားသည်ကို မြင်ခဲ့ကြပြီးဖြစ်သည်။ ဤနေရာမှာ မလုံခြုံတော့ပေ။

“အဲ့ဒီပစ္စည်းတွေကို အရင်က ဂူးလ်တာဝန်ယူခဲ့တဲ့ တားမြစ်နယ်မြေထဲကို ပို့လိုက်ပါ”

“ကျူးချွမ်း ဆေးဝါးစက်ရုံဟောင်းထဲကိုလား”

“လိမ္မာပါးနပ်တဲ့ ယုန်တစ်ကောင်မှာ ပုန်းခိုမယ့်တွင်း သုံးတွင်း ရှိရမယ်လေ၊ တကယ်လို့ အခြေအနေ မဟန်တော့ရင် တားမြစ်နယ်မြေထဲကိုသာ ပြေးဝင်သွားလိုက်”

ကျီးကန်းနက်နှင့် ဆွေးနွေးပြီးနောက် ကောင်းမင်သည် ဓားငယ်လေးတစ်လက်နှင့် သန့်ရှင်းသော ဆေးပုလင်းလေး တစ်လုံးကို ထုတ်လိုက်သည်။

“ဒီရက်ပိုင်း မင်းတော်တော် အလုပ်ကြိုးစားခဲ့ရတာပဲ၊ မြို့ခံတွေ မင်းကို ခြေရာမခံနိုင်အောင် ငါ နောက်ထပ် လက်ဆောင်လေးတစ်ခု ပေးဦးမယ်”

အပိုင်း (၇၂၆) အကြီးမားဆုံးပြဿနာက ငါဖြစ်နေတာပဲ

“ဒီမြို့ကလူတွေမှာ စမ်းသပ်တဲ့ နည်းလမ်းအမျိုးမျိုး ရှိတယ်၊ ငါတို့ ညရဲတပ်ဖွဲ့ တစ်ခုတည်းမှာတောင် စမ်းသပ်နည်းပေါင်း ဆယ်ဂဏန်းမက ရှိတာ၊ အဲ့ဒါကို အတုလုပ်ဖို့က အရမ်းခက်ခဲတယ်”

ကျီးကန်းနက်သည် ကောင်းမင် စေတနာနှင့် ပြောမှန်းသိသော်လည်း ယင်းကို ကောင်းမင် လုပ်နိုင်လိမ့်မည်ဟု မယုံကြည်ပေ။

“စမ်းကြည့်လို့တော့ ဘာမှမဖြစ်ပါဘူး”

ကောင်းမင် သူ့လက်ကောက်ဝတ်ကို လှီးဖြတ်လိုက်သည်။ ကောင်းမင်၏ သွေးကြောထဲမှ သွေးများ စီးကျလာသည်နှင့်အမျှ တားမြစ်နယ်မြေအတွင်း၌သာ ခံစားရနိုင်သော အရှိန်အဝါတစ်ခုသည် လေထုထဲသို့ ချက်ချင်းပျံ့နှံ့သွား၏။ ရုံးခန်းတစ်ခုလုံးကို စူးရှသော ဆေးနံ့များဖြင့် ချက်ချင်း ဖုံးလွှမ်းသွားတော့သည်။

ကျီးကန်းနက်သည် ကောင်းမင်အား မယုံနိုင်စွာဖြင့် စိုက်ကြည့်လိုက်သည်။ တစ်ဖက်လူ၏ ခန္ဓာကိုယ်ထဲမှ စီးထွက်လာသည်မှာ သွေးမဟုတ်ဘဲ ဆေးရည်များ ဖြစ်နေပုံရသည်။

“မင်း ဒါကို ဘယ်လိုလုပ်လိုက်တာလဲ”

တောက်ပသော အနီရောင်သွေးများက ပုလင်းငယ်လေးထဲသို့ တစ်စက်ချင်း ကျဆင်းသွားသည်။ ပုလင်းနံရံသည် စီးဆင်းနေသော သွေးနီရောင် ကျောက်မျက်ရတနာတစ်ခုကဲ့သို့ ဆွဲဆောင်မှုရှိသော အလှတရားတစ်ခုကို ပိုင်ဆိုင်ထားသည်။ အကယ်၍ ထိန်းချုပ်မှု လွတ်ကင်းလုနီးပါး ဖြစ်နေသော လူနာတစ်ဦးသာ ၎င်းကို မြင်လိုက် သွေးပိုင်ရှင်ကို အပိုင်းပိုင်းဖြတ်၍ ဝါးမြိုပစ်လိမ့်မည်မှာ သေချာလှသည်။

“ဆွဲဆောင်မှုရှိတယ်၊ လျှို့ဝှက်ဆန်းကြယ်တယ်၊ ဒါပေမဲ့ ရက်စက်ပြီး အန္တရာယ်များတယ်၊ ခန့်မှန်းရခက်တဲ့ စွမ်းအားတွေနဲ့ ပြည့်နှက်နေတယ် ၊ ဒါက ဒီမြို့ကြီးရဲ့ တားမြစ်နယ်မြေအပေါ် ငါ့ရဲ့ အမြင်ပဲ”

ကောင်းမင်သည် မည်သည့်အပြင်လူက ကျီးကန်းနက်ကို အစားထိုးထားသည်ကို အကြမ်းဖျင်း ခန့်မှန်းမိသဖြင့် သူရှာဖွေတွေ့ရှိထားသည်များကို လျှို့ဝှက်မထားဘဲ ပြောပြလိုက်သည်။

“ဒါကို လုံးဝတော့ ရှင်းမပြတတ်ဘူး၊ ဒါပေမဲ့ မင်းသိထားဖို့က ယဇ်ပလ္လင်ကမ္ဘာဆိုတာ ပြင်ပလောကကို လေ့လာဖို့အတွက် မပြောသင့်တဲ့ ကိရိယာတစ်ခုပဲ၊ ပြီးတော့ အဲ့ဒါက ပြင်ပလောကကို လွှမ်းမိုးဖို့အတွက် သူတို့မှာ ရှိရမယ့် မရှိမဖြစ်လိုအပ်ချက်တစ်ခုလည်း ဖြစ်တယ်၊ မပြောသင့်သူယဇ်ပလ္လင်တဆင့် သူတို့ရဲ့ အတွေးတွေကို လက်တွေ့ဖြစ်အောင် ပြောင်းလဲလို့ရတယ်၊ ဒါကြောင့် ပြင်ပလောကမှာ သူတို့ ဘယ်လိုပုံစံ ရှိနေသလဲဆိုတာ မင်း ဂရုစိုက်စရာမလိုဘူး၊ ယဇ်ပလ္လင်ကမ္ဘာထဲ ရောက်မှသာ သူတို့က သူတို့ရဲ့ ‘ပုံစံအစစ်အမှန်’ ဖြစ်လာကြတာ”

“ငါ နည်းနည်းတော့ နားလည်လာသလိုပဲ”

ကျီးကန်းနက်က ကောင်းမင်၏ စကားများကို ပြန်လည် စဉ်းစားနေသည်။

“အမှောင်ယဇ်ပလ္လင်ရဲ့ ပိုင်ရှင်က သူ့စွမ်းအားကို အမှောင်ထုထဲကနေ ရယူတာ၊ အပြင်လောကမှာ သူက ပုံစံအမျိုးမျိုးနဲ့ ကိုယ်ယောင်ဖျောက်ထားနိုင်တဲ့ အမှောင်ထုရဲ့ ကိုယ်ပွားတစ်ခုပဲ၊ ဒါပေမဲ့ ယဇ်ပလ္လင်ကမ္ဘာထဲမှာတော့ သူ့ရဲ့ ‘တကယ့်ဖြစ်တည်မှု’ က ရှုပ်ထွေးပြီး လက်တွေ့ဆန်တယ်၊ သူမှာ အဆုံးစွန်မှောင်မိုက်ပြီး ရက်စက်တဲ့ တစ်ဖက်ခြမ်းရှိသလို၊ မှတ်ဉာဏ်တွေနဲ့ ပိုလျှံနေတဲ့ စိတ်ခံစားမှု အမျိုးမျိုးလည်း ရှိနေတယ်၊ ဒါက သူ အခုလိုအခြေအနေ ရောက်လာဖို့အတွက် ရှောင်လွှဲလို့မရတဲ့ ဖြစ်စဉ်တစ်ခုပဲ၊ အမှောင်ထု ဖုံးလွှမ်းနေတဲ့ ဒီမြို့ကြီးဟာ ယဇ်ပလ္လင်ပိုင်ရှင်ကိုယ်တိုင်ရဲ့ ပုံရိပ်ပြန်မှုပဲ”

“ဒီနေရာကို အမှောင်အမိန့်အာဏာက အုပ်ချုပ်ထားတယ်၊ ဂိုဏ်းစတားတွေ၊ ရာဇဝတ်မှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ ခြောက်ခြားစရာတွေ ပြည့်နေတာပေါ့၊ ဒါပေမဲ့ ငြင်းလို့မရတဲ့ အချက်က ဒီမြို့ထဲမှာ မေ့လျော့ခံထားရတဲ့ အလင်းရောင်တချို့လည်း ရှိနေသေးတယ်၊ ဥပမာ မျက်နှာပျက်စီးနေတဲ့ အမျိုးသမီး၊ ကျူးချွမ်းအဖွဲ့က ဆေးအဖြစ် ပြောင်းလဲပစ်လိုက်တဲ့ ကလေးတွေနဲ့ သူ့ကလေးကို ကာကွယ်ချင်ခဲ့တဲ့ အလုပ်သမား နံပါတ် ၀၃၁ တို့လိုပေါ့”

“အမှောင်ယဇ်ပလ္လင်ထဲမှာ ယဇ်ပလ္လင်ပိုင်ရှင်ကို ထိပ်တိုက်ရင်ဆိုင်ဖို့ဆိုတာ ငါတို့အတွက် အရမ်းအန္တရာယ်များပြီး အောင်နိုင်ခြေလည်း နည်းတယ်၊ ဒါကြောင့် အကောင်းဆုံးနည်းလမ်းက သူ့ကို ‘စိတ်ဒွိဟ’ ဖြစ်အောင် လုပ်ဖို့ပဲ”

ကောင်းမင်၏ စကားကို ကြားသောအခါ ကျီးကန်းနက်သည် အသာအယာ သက်ပြင်းချလိုက်သည်။

“အဲ့ဒါက အရမ်းခက်ခဲလွန်းတယ်”

“ယဇ်ပလ္လင်ဆိုတာ မပြောသင့်သူရဲ့ နှလုံးသားပဲ၊ အဲ့ဒါက အထဲကို ဝင်လာသူတိုင်းရဲ့ စွမ်းအားကို ကန့်သတ်နိုင်တယ်၊ ငါတို့လိုပေါ့၊ အိပ်မက်သရဲတစ်ကောင်တောင် ဒီနေရာမှာဆိုရင် သာမန်လူတစ်ယောက်နဲ့ မခြားဘူး၊ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ယဇ်ပလ္လင်ဟာ မပြောသင့်သူရဲ့ အားနည်းချက်တွေနဲ့ သူထုတ်မပြရဲတဲ့ အရာအမျိုးမျိုးကိုလည်း ဖုံးကွယ်ထားသေးတယ်၊ ငါတို့ တတ်နိုင်သမျှ အရာအားလုံးကို အသုံးချရမယ်”

ကောင်းမင်က ကျီးကန်းနက်၏ ပုခုံးကို ပုတ်ရင်း ပြုံးလျက် ဆိုသည်။

“မင်းမှာ ပခုံးတံဆိပ်တစ်ခု လိုနေတာ၊ ငါ့အမြင်မှာတော့ မင်းက ပထမဆုံး ညရဲရဲ့ အသင့်တော်ဆုံး ဆက်ခံသူပဲ၊ ဂိုဏ်းစတား စစ်ပွဲတွေထဲမှာ အချိန်မဖြုန်းနဲ့တော့၊ ပထမဆုံးညရဲ ချန်ထားခဲ့တဲ့ အရာတွေကို သွားရှာပါ၊ သူက ဘယ်လိုလူမျိုးလဲဆိုတာ စုံစမ်းပါ၊ သူ အသက်ရှင်သေးလားဆိုတာ ကြည့်ပြီး သူ့ရဲ့ အသိအမှတ်ပြုမှုကိုရအောင် ကြိုးစားကြည့်ပါ”

“ပထမဆုံး ညရဲက တကယ်အသက်ရှင်နိုင်ဦးမှာလား”

“သွားမရှာကြည့်ဘဲနဲ့ ဘယ်လို သေချာသိနိုင်မှာလဲ”

ကောင်းမင်က လက်ကိုမြှောက်ကာ ညရဲကျင့်ဝတ်ကို ပြန်ညွှန်ပြလိုက်သည်။

“ဒါ့အပြင် ညရဲကျင့်ဝတ်ဆိုတာ မင်းအတွက် ကန့်သတ်ချက် မဟုတ်ဘူး၊ စွမ်းအားကို အသုံးချတဲ့ နည်းလမ်းပဲ၊ အခုရှိနေတဲ့ ညရဲတွေက ပထမဆုံးညရဲ့ မျှော်မှန်းချက်နဲ့ မကိုက်ညီဘူး၊ ဒါဟာ ယဇ်ပလ္လင်ပိုင်ရှင်က တစ်ခုခုပြုပြင်ထားတာ သေချာတယ်၊ ဒါတွေအားလုံးကို မင်း စုံစမ်းစစ်ဆေးဖို့ လိုတယ်”

ကျီးကန်းနက်သည် သူ့တာဝန်မှာ ဤမျှကြီးလေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သို့သော်လည်း သူ ထွက်မပြေးခဲ့ပေ။

“ကောင်းပြီ... ငါပြောစရာရှိတာတွေ အကုန်ပြောပြီးပြီ၊ ဒီဆေးအသစ်ကို စမ်းကြည့်လိုက်၊ မင်းတစ်ဝက်သောက်ပြီး ကျန်တဲ့တစ်ဝက်ကိုတော့ တခြားမြို့သားတွေကို စမ်းသပ်ဖို့ ချန်ထားလိုက်ဦး”

ကောင်းမင် ကျီးကန်းနက်ကို စိုက်ကြည့်လိုက်သည်။ သူ၏ နက်ရှိုင်းသော မျက်ဝန်းများက လီဆန်းစီ၏ မုတ်ဆိတ်ဗရပွနှင့် မျက်နှာကိုပင် ပိုမိုရင့်ကျက်ကာ တည်ငြိမ်သွားစေသည်။

ကျီးကန်းနက်သည် ခေါင်းမော့ကာ သွေးအနည်းငယ် သောက်လိုက်သည်။ အစပိုင်းတွင် သူ ဘာမှမဖြစ်သေးပေ။ စက္ကန့်သုံးဆယ်ခန့် ကြာသောအခါ သူသည် ရုတ်တရက် နှလုံးကို ဆုပ်ကိုင်ကာ ကြမ်းပြင်ပေါ် ဒူးထောက်ကျသွားတော့သည်။ သူ့အတွင်းမှ ဆိုးယုတ်မှုများသည် မရေမတွက်နိုင်သော သေးငယ်သည့်လက်တံများအဖြစ် ပြောင်းလဲသွားပြီး သူ၏ ဒွာဒရခုနစ်ပေါက်မှ ဖောက်ထွက်လာသည်။ သူ့ရင်ဘတ်က ဖောင်းကားလာပြီး နံရိုးများမှာ တစ်စုံတစ်ခုကြောင့် ကျိုးကြေတော့မည့်အလား ခံစားနေရသည်။

“ဘာလို့... အရင်တစ်ခေါက်ကထက် ပိုပြီး နာကျင်နေရတာလဲ”

ကောင်းမင်သည် ထိုသို့ ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

“ဆိုးယုတ်မှုတွေ... ငါ့ထဲက ဆိုးယုတ်တဲ့စိတ်က ရုန်းကန်နေတာ”

ကျီးကန်းနက်သည် အံတင်းတင်းကြိတ်ရင်း ကောင်းမင်ဆီသို့ လက်လှမ်းလိုက်သည်။

“ဆေး... ငါ့ကို ဆေးပေး”

ကောင်းမင် ကျန်ရှိသော သွေးများကို ကျီးကန်းနက်အား ပေးလိုက်ရာ အကုန်မော့သောက်လိုက်တော့သည်။ ထိုအခါမှသာ တွန့်လိမ်နေသော သူ့ခန္ဓာကိုယ်က ပုံမှန် ပြန်ဖြစ်လာလေသည်။

နာရီဝက်ခန့် ကြာပြီးနောက် ကျီးကန်းနက်သည် မျက်လုံးများကို ပြန်ဖွင့်လိုက်သည်။ သူ၏ မျက်စိသူငယ်အိမ်မှာ ကြည်လင်တောက်ပနေခဲ့သည်။

“မင်းသွေးထဲမှာ ဘာတွေ ထည့်ထားတာလဲ”

ကျီးကန်းနက်က တုန်လှုပ်စွာ မေးလိုက်သည်။

“ငါ့ထဲက ဆိုးယုတ်စိတ်က ခုနက လုံးဝထိန်းချုပ်မရ ဖြစ်သွားတာ၊ ထူးဆန်းတာက အဲ့ဒါက ငါ့ကို ဖျက်ဆီးဖို့ ကြိုးစားနေတာ မဟုတ်ဘူး၊ ငါ့ခန္ဓာကိုယ်ထဲကနေ လွတ်မြောက်အောင် ထွက်ပြေးဖို့ ကြိုးစားနေတာ”

“အခုကော ဘယ်လိုလဲ”

“ငါ့ထဲက ဆိုးယုတ်စိတ်က အနက်ရောင်ကနေ သွေးနီရောင် ပြောင်းသွားပြီ၊ အရင်လို အမြဲတမ်း ထိန်းချုပ်မရ ဖြစ်မနေတော့ဘူး၊ ငါ ဒါကို အလွယ်လေး ကိုင်တွယ်လို့ ရသွားပြီ ထင်တယ်”

ကျီးကန်းနက်က အမှန်အတိုင်း ဖြေလိုက်သည်။

“လုံးဝ သွေးနီရောင် ပြောင်းသွားတာလား”

ကောင်းမင်၏ မျက်လုံးများ မှေးကျဉ်းသွား၏။ သူသည် အရေးကြီးသော ပြဿနာတစ်ခုကို သတိထားမိလိုက်ချေပြီ။

“ဟုတ်တယ်”

ကျီးကန်းနက် ခေါင်းညိတ်ပြသည်ကို မြင်ပြီးနောက် ကောင်းမင်က သူ့ရင်ဘတ်ကို ပြန်စမ်းကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲတွင် ဆေးရည်များစွာ စိမ့်ဝင်နေပြီး သွေးမြို့တော် တက်တူးလည်း ရှိနေသည်။ ဤမျှအထိ အားဖြည့်မှုများ ရှိနေသော်လည်း လီဆန်းစီ၏ အတွင်းစိတ်ထဲက ဆိုးယုတ်မှုမှာမူ အနီနှင့်အနက် ရောယှက်နေသော အရောင်အဆင့်မှာသာ ရှိနေသေးသည်။

ကျီးကန်းနက် ကောင်းမင်၏သွေးကို သောက်လိုက်သောအခါ သူ့အတွင်းမှ ဆိုးယုတ်မှုက ပြင်းထန်စွာ တုံ့ပြန်လာပြီး နောက်ဆုံးတွင် ထွက်ပြေးရန် ကြိုးစားခဲ့သည်။ သို့သော် လီဆန်းစီ၏ ဆိုးယုတ်မှုမှာမူ ကောင်းမင်ကိုယ်တိုင်ပင် ရှင်းရှင်းလင်းလင်း မမြင်နိုင်သော နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာသို့ ပုန်းကွယ်သွားခဲ့ခြင်း ဖြစ်သည်။

‘အမှောင်ထုဆိုတာ မြို့တစ်မြို့လုံးကို ရစ်ပတ်ထားတဲ့ မရေမတွက်နိုင်တဲ့ အမြစ်တွေပဲ၊ ဘဝပန်းဆိုတာကတော့ ယဇ်ပလ္လင်အရှင်သခင် စွန့်ပစ်လိုက်တဲ့ မှတ်ဉာဏ်တွေကနေ ပွင့်လာတဲ့ ပန်းပဲ၊ ငါက ဘဝပန်းနဲ့ ဖော်စပ်ထားတဲ့ ဆေးတွေကို အများကြီး စုပ်ယူခဲ့ပေမဲ့ လီဆန်းစီရဲ့ ဆိုးယုတ်စိတ်ကိုတော့ မပြောင်းလဲနိုင်သေးဘူး၊ ဒီဒါရိုက်တာမှာ ပြဿနာကြီးတစ်ခု ရှိနေတာပဲ’

ကောင်းမင်သည် အမည်မသိ စိတ်မသက်မသာမှုကို ခံစားနေရသည်။သူသည် ဤမြို့ကြီးသို့ ရောက်ရောက်ချင်း လီဆန်းစီ၏ မှတ်ဉာဏ်များကို ပြန်လည်သုံးသပ်ခဲ့ပြီး နောက်ပိုင်းတွင် ၎င်းတို့နှင့် လုံးဝ ပေါင်းစပ်သွားခဲ့သည်။ လီဆန်းစီ လုပ်ခဲ့သမျှ အရာအားလုံးကို သူသိပေသည်။ ထိုလူသည် အောင်မြင်မှုမရဘဲ ကံဆိုးနေသော ဒါရိုက်တာတစ်ဦးသာဖြစ်ပြီး အစွန်းရောက်ယုတ်မာနေသူတစ်ဦး မဟုတ်ပေ။

‘လီဆန်းစီစိတ်ထဲက မှတ်ဉာဏ်တွေက ငါ့မှတ်ဉာဏ်တွေနဲ့ တမင်ပေါင်းစပ်ခံထားရတာလား၊ ငါ တစ်ခုခု လွတ်သွားတာလား’

ကောင်းမင် မျက်လုံးဖွင့်လိုက်သောအခါ သူသည် ရုပ်ရှင်စတူဒီယိုသို့ ပြန်ရောက်နေပြီ ဖြစ်သည်။ သူသည် လီဆန်းစီ၏ အိမ်သို့ တစ်ခါမှ မပြန်ဖူးခဲ့သလို လီဆန်းစီ၏ မိသားစုနှင့်လည်း မတွေ့ဖူးပေ။ သူသည် သူ့နောက်လိုက်သုံးဦးနှင့်သာ အချိန်ဖြုန်းနေခဲ့ခြင်း ဖြစ်သည်။

ကောင်းမင်သည် သူ့စိတ်ထဲတွင် လိုက်ရှာကြည့်သော်လည်း လီဆန်းစီ၏ မိသားစုနှင့် ပတ်သက်သော မည်သည့်သတင်းအချက်အလက်မှ မတွေ့ရပေ။ ကောင်းမင်သည် သူတို့၏ ပုံရိပ်ကို ပြန်ဖော်ရန် ကြိုးစားလိုက်တိုင်း လီဆန်းစီသည် ကားမူးသကဲ့သို့ စိတ်မသက်မသာဖြစ်မှုကို ခံစားရသည်။

‘သူ အရမ်းထူးခြားတာတစ်ခုခုနဲ့ ကြုံခဲ့ဖူးတာ ဖြစ်ရမယ်၊ အဲ့ဒီအဖြစ်အပျက်တွေက အရမ်းကို ပြင်းထန်လွန်းလို့ သူ့ဦးနှောက်က အဲ့ဒီမှတ်ဉာဏ်တွေကို ဖျက်ထုတ်ပစ်လိုက်တာ ဖြစ်မယ်’

All Chapters