← Chapters

အခန်း (၇၂၇-၇၂၉)

Vol. 49 Ch. 727-729

အခန်း (၇၂၇-၇၂၉)

Vol. 49 Ch. 727-729

အပိုင်း (၇၂၇) သူ့ကို ဘယ်သူမှ မလေးစားခဲ့ကြဘူး

ဒဏ်ရာက မကျက်သေးပေ။ သွေးစက်လေးများသည် သူ့အရေပြားပေါ်တွင် လှပသော အကွေးအဝိုက်ပုံစံဖြင့် စီးကျနေ၏။

ကောင်းမင်စိတ်ထဲတွင် အတွေးမျိုးစုံ ဝင်ရောက်နေလေသည်။သူသည် လီဆန်းစီ၏ အတိတ်ကို အမြန်ဆုံးစုံစမ်းရန် လိုအပ်နေပြီဟု ခံစားနေရသည်။

“ငါ အိမ်ပြန်ဖို့ လိုမယ်ထင်တယ်”

လီဆန်းစီတွင် အကြိမ်ပေါင်းများစွာ ပေါင်နှံထားသည့် အိမ်တစ်လုံးရှိကြောင်း ကောင်းမင်သိသည်။ အကြွေးရှင်များနှင့် တိုးမည်စိုးသဖြင့် သူ ထိုအိမ်သို့ မပြန်ဖြစ်ခဲ့သည်မှာ အတော်ကြာပြီ ဖြစ်သည်။

“အမ်...”

ကျီးကန်းနက်သည် ပြတ်သားသူတစ်ဦး ဖြစ်သော်လည်း ယခုကဲ့သို့ တွန့်ဆုတ်နေသည်မှာ တွေ့ရခဲလှသည်။

“ပြောစရာရှိတာ ပွင့်ပွင့်လင်းလင်း ပြောပါ၊ ငါတို့ကြားမှာ အားနာနေဖို့ မလိုပါဘူး”

“မင်း သတိထားမိလား... အရင်တစ်ခေါက် ငါတို့တွေ့တုန်းကထက်စာရင် မင်းတစ်ခုခု ပြောင်းလဲသွားသလိုပဲ”

ကျီးကန်းနက်သည် ကောင်းမင်၏ မျက်လုံးများကို စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“ငါ တားမြစ်နယ်မြေထဲမှာ ဆေးတွေ အများကြီး သောက်ခဲ့ရလို့နေမှာပါ၊ အဲ့ဒါတွေက ငါ့ကို သက်ရောက်မှု ရှိသွားတာလည်း ဖြစ်နိုင်တယ်”

“ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုကို ပြောတာမဟုတ်ဘူး၊ မင်းဆီကရတဲ့ ခံစားချက်ကို ပြောတာ”

ကျီးကန်းနက်က ကောင်းမင်၏ စကားကို ပြန်ပြင်ပေးလိုက်သည်။

“မင်း အခုနောက်ပိုင်း ငေးငိုင်နေတတ်တယ်၊ ရုတ်တရက် ရပ်ပြီး စဉ်းစားနေတတ်တယ်၊ မင်းက လီဆန်းစီနဲ့ ပိုပိုပြီး တူလာသလိုပဲ”

“ငါလား”

ကောင်းမင်၏ မှတ်ဉာဏ်များသည် လီဆန်းစီနှင့် နက်နက်ရှိုင်းရှိုင်း ပေါင်းစပ်နေပြီဖြစ်သည်။ သူသည် ဆေးဝါးများစွာကို သုံးစွဲခဲ့ပြီး သူ့ဝိညာဉ်ပေါ်ရှိ အပြင်လူတစ်ဦး၏ အငွေ့အသက်ကို ဖုံးကွယ်ထားခဲ့သည်။ ထိုအရာအားလုံးသည် သူ့ကိုယ်သူ ပိုမိုလွယ်ကူစွာ ပုန်းကွယ်နိုင်ရန်အတွက်သာ ဖြစ်သည်။

အကယ်၍ ထိုအတိုင်းသာ ဆက်သွားပါက ဘယ်သူမှ သူ့ကို အပြင်လူမှန်း သိနိုင်တော့မည် မဟုတ်ပေ။ လူတိုင်းက သူ့ကို လီဆန်းစီဟုသာ ထင်မြင်ကြတော့မည် ဖြစ်သည်။ နောက်ဆုံး သူကိုယ်တိုင်ပင် သူ့ကိုယ်သူ လီဆန်းစီဟု စတင် သတ်မှတ်လာနိုင်သည်။

“မဟုတ်ဘူး... မဟုတ်ဘူး”

ကောင်းမင် အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိသည်။ ခဏအကြာတွင် သူက တိတ်တဆိတ် မေးလိုက်သည်။

“ကျီးကန်းနက်... မင်း ငါ့သတင်းအချက်အလက်တွေကို စုံစမ်းထားပြီးပြီ မဟုတ်လား”

“ဟုတ်တယ်လေ ၊ ငါ မင်းနဲ့ ပူးပေါင်းဆောင်ရွက်ရမှာဆိုတော့”

ကျီးကန်းနက်က ပွင့်ပွင့်လင်းလင်း ဝန်ခံသည်။

“ဒါဆိုရင် ငါ့ဘေးမှာ လူသုံးယောက် ရှိနေတာကိုလည်း မင်းသိမှာပေါ့”

ကောင်းမင်၏ အသံက နှေးကွေးသွားသည်။

“သူတို့ကရော လူအစစ်တွေ ဟုတ်ရဲ့လား”

ကောင်းမင်၏ ပြောင်းလဲသွားသော လေသံကြောင့် ကျီးကန်းနက် ထိတ်လန့်သွားသည်။ ကောင်းမင်ထံမှ ထွက်ပေါ်နေသော ထူးဆန်းသည့် ခံစားချက်မှာ ပိုမိုပြင်းထန်လာသည်။

“ငါ စုံစမ်းမိသလောက်တော့ မင်းဘေးမှာ လူသုံးယောက်ရှိနေတာ ဟုတ်ပါတယ်၊ သူတို့က စတူဒီယိုမှာ မင်းနဲ့အတူ နေကြတယ်၊ ဒါပေမဲ့ ငါ သူတို့ကို တစ်ခါမှမမြင်ဖူးတော့ တိကျတဲ့ အဖြေတော့ မပေးနိုင်ဘူး”

ကျီးကန်းနက်သည် ကောင်းမင်က ဘာကြောင့် ဤကဲ့သို့ ထူးဆန်းသော မေးခွန်းမျိုးကို မေးရသည်ကို နားမလည်နိုင်ပေ။

“မင်းက အဲ့ဒီသုံးယောက်ကို မင်းရဲ့ စိတ်ကူးယဉ်ပုံရိပ်တွေလို့ သံသယရှိနေတာလား၊ တခြားလူတွေကရော သူတို့ကို မြင်ရလား”

“တခြားလူတွေလည်း မြင်ရပါတယ်၊ နှိပ်စက်တာတွေ၊ အမြတ်ထုတ်တာတွေတောင် လုပ်ကြသေးတယ်၊ ဒါပေမဲ့... ဒါပေမဲ့ တစ်ခုခုမှားနေတယ် ငါ အမြဲတမ်း ခံစားနေရတယ်”

ထိုလူသုံးယောက်အကြောင်း ပြောနေစဉ်မှာပင် ကောင်းမင်၏ ဖုန်းက ရုတ်တရက် တုန်ခါလာသည်။ ကျားယိုကျစ်ထံမှ ဖုန်းခေါ်လာခြင်း ဖြစ်သည်။

“သူတို့အကြောင်း ပြောနေတုန်း ရှိသေးတယ်၊ ဖုန်းဝင်လာပြီ”

ကောင်းမင် ဘာမှ မပြောရသေးခင်မှာပင် ကျားယိုကျစ်၏ ထိတ်လန့်တုန်လှုပ်နေသော အသံက ဖုန်းထဲမှ ထွက်ပေါ်လာသည်။

“ဒါရိုက်တာလီ... အမြန်ပြန်လာခဲ့ပါဦး၊ ကျွန်တော်တို့ ကားဆရာ သေသွားပြီ”

“သေသွားပြီလား”

ကောင်းမင်နှင့် သူတို့အဖွဲ့ ကျူးချွမ်းဆေးဝါးကိရိယာများ လုယူခဲ့ခြင်းကို ထိုလူသုံးယောက်အပြင် သိသည့် တစ်ဦးတည်းသောလူမှာ ထိုကားဒရိုင်ဘာ ဖြစ်သည်။

ဟာကွက်တစ်ခု ပျောက်ဆုံးသွားခြင်းဖြစ်၍ အခြားဂိုဏ်းသားများအတွက်ဆိုပါက ဝမ်းသာစရာ ဖြစ်နိုင်သော်လည်း ကောင်းမင်အတွက် ထိုသို့မဟုတ်ပေ။ သူသည် ကားဒရိုင်ဘာကို မေးစရာများစွာ ရှိနေသေးသည်မဟုတ်ပါလား။ထို့ပြင် ထိုကားဒရိုင်ဘာသည် ကျားယိုကျစ်တို့အဖွဲ့နှင့်လည်း ရင်းနှီးပေသည်။

“သူ ဘယ်လို သေသွားတာလဲ”

“သူ့နားရွက်က သန်ကောင်နက်ရဲ့ သေနတ်ဒဏ်ရာကြောင့် သွေးတွေ အရမ်းထွက်နေတာလေ၊ သွေးတိတ်ဆေးတွေ ရှာပြီး ကုပေးပေမဲ့ အလုပ်မဖြစ်တာနဲ့ ဆေးရုံကို အသက်နဲ့ရင်းပြီး ပို့လိုက်ရတယ်၊ လမ်းမှာ ဝမ်ရှန့်ဂိုဏ်းနဲ့ ကျူးချွမ်းအဖွဲ့သားတွေ ပစ်ခတ်မှုကြားထဲ ရောက်သွားပြီး ကားဆရာက ကျည်ဆန်ထိသွားတာပဲ”

တင်းရှန်းက ဖုန်းကို လွှဲယူလိုက်ပြီး တည်ငြိမ်စွာ ရှင်းပြသည်။

“မင်းတို့အားလုံးကကော အဆင်ပြေရဲ့လား”

“လောင်ကျားက နည်းနည်း တုန်လှုပ်နေပေမဲ့ ကျန်တဲ့သူတွေတော အကုန် အဆင်ပြေပါတယ်၊ အခု ကရုဏာဖောင်ဒေးရှင်းရဲ့ စုရပ်ကို ပြန်ရောက်နေပါပြီ”

“ဘယ်မှ ထပ်မသွားကြနဲ့တော့၊ အဲ့ဒီမှာပဲ နေကြ”

ကောင်းမင် ဖုန်းချလိုက်ပြီးနောက် သွေးနှစ်ပုလင်းကို ကျီးကန်းနက်အတွက် ချန်ထားခဲ့သည်။သူ့ ဒဏ်ရာကို အမြန်ပတ်တီးစည်းလိုက်ပြီး ဆင်းရဲသားရပ်ကွက်မှ ထွက်လာခဲ့သည်။

သူသည် ကရုဏာဖောင်ဒေးရှင်းသို့ မသွားချေ။ ကားဒရိုင်ဘာသေဆုံးမှု၏ အမှန်တရားကိုလည်း လိုက်မစုံစမ်းခဲ့ပေ။ ထိုအစား ကောင်းမင်သည် ခရိုင် ၃ မြောက်ပိုင်းရှိ မင်ဟွာအိမ်ရာဆီသို့ ‘ကားကြုံစီးပြီး’ ထွက်လာခဲ့သည်။

ထိုအိမ်ရာသည်မှာ မြင့်မားလှသော တိုက်ကြီးလေးလုံးနှင့် ဖွဲ့စည်းထားပြီး တစ်လုံးနှင့်တစ်လုံး အလွန်နီးကပ်သဖြင့် အချို့နေထိုင်သူများမှာ နေရောင်ခြည်ကို တစ်ခါမှ မမြင်ဖူးကြပေ။ ထိုသို့ဖြစ်လင့်ကစား မင်ဟွာ၏ အိမ်ဈေးနူန်းမှာ အလွန်ကြီးမြင့်လှသည်။ ဤမြို့ကြီးတွင် အိမ်တစ်လုံး ပိုင်ဆိုင်ထားခြင်းသည် လုံခြုံမှုရှိသည်ဟု အဓိပ္ပာယ်ရသောကြောင့်ပင်။

‘ဒီတိုက်ကြီးလေးလုံးကို စုကြည့်လိုက်ရင် လေးထောင့်ပုံစံ အနက်ရောင် သေတ္တာကြီးတစ်လုံးနဲ့ တူနေတာပဲ’

ကောင်းမင် အိမ်ရာဝင်းထဲသို့ လမ်းလျှောက်ဝင်လာသည်။ ခြောက်သွေ့နေသော ပန်းပင်များကို နင်းဖြတ်ကာ ကောင်းမင်သည် ပြွတ်သိပ်နေသော ပြတင်းပေါက်များကို ကြည့်လိုက်သည်။

‘အခန်းတိုင်းက အနက်ရောင်သေတ္တာအသေးစားလေးတွေလိုပဲ၊ အထဲက လူတွေက သူတို့ရဲ့ လျှို့ဝှက်ချက်တွေကို ဖုံးကွယ်ထားပြီး ပြတင်းပေါက် အက်ကြောင်းတွေကနေ ပြင်ပကမ္ဘာကို ချောင်းကြည့်နေကြတယ်’

အိမ်ဟူသည်မှာ လုံခြုံမှုပေးနိုင်သော နေရာဖြစ်သည်။ထို့ပြင် မိမိ၏ အကျည်းတန်သော အခြားတစ်ဖက်ခြမ်းကို ဖုံးကွယ်ထားရာ နေရာလည်း ဖြစ်သည်။

“ဟေ့ လီဆန်းစီ... မင်း ပြန်လာရဲသေးတယ်ပေါ့”

ပျင်းရိနေသော အသံတွင် လေးစားမှု တစ်စက်မှ မပါဝင်ပေ။ ၎င်းသည် ခွေးအကြီးကြီးတစ်ကောင်ကို ဆွဲလာသည့် ထိုရပ်ကွက်မှ အဘိုးကြီးတစ်ဦး ဖြစ်သည်။

“အကြွေးရှင်တွေက လှေကားနံရံတစ်ခုလုံးကို ဆေးတွေနဲ့ ပက်သွားတာ၊ ကြည့်လို့တောင် မရတော့ဘူး၊ ခြိမ်းခြောက်စာတွေလည်း နေရာအနှံ့ပဲ၊ အဲ့ဒီစာရွက်တွေနဲ့ဆို သူတို့ဖင်ကိုတောင် ပြောင်အောင် သုတ်လို့ရတယ်”

ကောင်းမင်သည် ထိုအဘိုးကြီးအကြောင်းကို လုံးဝ မမှတ်မိပေ။ လီဆန်းစီ၏ မှတ်ဉာဏ်များထဲတွင် လိုက်ရှာကြည့်သော်လည်း ရလာဒ်မတွေ့ရပေ။

ကောင်းမင်သည် ယဉ်ကျေးသောအပြုံးဖြင့် ထိုအဘိုးကြီးကို ဖြတ်ကျော်သွားလိုက်သည်။ သူမီတာအနည်းငယ်ရောက်သွားသောအခါ ထိုလူအိုကြီး၏ လှောင်ပြောင်ရယ်မောသံကို သဲ့သဲ့လေး ကြားလိုက်ရသည်။

“အရူးပဲ... မင်းရဲ့ ဘဝက ဟာသတစ်ခုလိုပဲ၊ ဒါက မင်းရိုက်ခဲ့တဲ့ ရုပ်ရှင်တွေထက်တောင် ပိုကြည့်လို့ကောင်းသေးတယ်”

သူသည် အဆောက်အဦးနံပါတ် (၄)ရှေ့တွင် ရပ်တန့်လိုက်သည်။ တိုက်ခန်းများသည် အလွန်များပြားလှပြီး အဆောက်အဦးဘလော့တုံးများကဲ့သို့ အကွက်လိုက် စီထားသည်။ ဖိုဘီးယားရောဂါရှိသူဆိုပါက စိတ်မသက်မသာ ခံစားရမိမည်မှာ သေချာလှသည်။

“ရပ်စမ်း၊ နင် ခွေးကောင်၊ နောက်ဆုံးတော့ မင်းကို မိပြီ”

ဈေးပေါသည့် ဝတ်စုံများကို ဝတ်ဆင်ထားပြီး ဝဖိုင့်နေသော အမျိုးသမီးတစ်ဦးက ဓာတ်လှေကားထဲမှ ထွက်လာလေသည်။ သူမသည် ကောင်းမင်ကို မြင်သောအခါ ဒေါသတကြီး ပြေးလာပြီး သူ့အင်္ကျီကော်လာကို ဆွဲလိုက်သည်။

“ခွေးကောင်…နင့်ကြောင့် ၁၄ လွှာ တစ်ခုလုံး ဒုက္ခရောက်နေတာ၊ အဲ့ဒီ အကြွေးရှင်တွေက နေ့တိုင်း တံခါးကို လာထုနေကြတာ၊ ဆေးတွေလည်း နေရာအနှံ့ပဲ၊ ငါ တံခါးတွေကို အကြိမ်ပေါင်းများစွာ လဲနေရတယ်၊ ဒါတွေအားလုံးအတွက် နင်ပြန်ပေးရမယ်”

ထိုဝဖိုင့်ဖိုင့်အမျိုးသမီးမှာ လီဆန်းစီ၏ အမည်ကိုပင် မခေါ်ဘဲ ‘ခွေးကောင်’ဟု ဆဲဆိုနေခြင်းကို ကောင်းမင်က ‘ရယ်စရာ’ ဟု မှတ်ယူနေမိသည်။

သူ့နောက်လိုက်သုံးဦးမှအပ ဤမြို့တွင် လီဆန်းစီကို ‘ဒါရိုက်တာလီ’ ဟု ခေါ်မည့်သူ တစ်ဦးမှ ရှိပုံမရပေ။ သူသည် ဒါရိုက်တာတစ်ဦး ဖြစ်လာပြီး ရုပ်ရှင်ရိုက်ကူးရန်မှာ သူ၏ အကြီးမားဆုံးအိပ်မက် ဖြစ်ခဲ့လျှင်ပင်။

‘အဲ့ဒီသုံးယောက်ပဲ ငါ့ကို ဒီလို ခေါ်ကြတာ’

သူသည် ထိုဝဖိုင့်ဖိုင့်အမျိုးသမီး၏ လက်ကို ဆွဲဖယ်လိုက်သည်။ သူ့လက်ချောင်းများက တင်းကျပ်နေပြီး သူ့မျက်နှာပေါ်တွင် သွေးကြောများ ပေါ်ထွက်လာသည်။

“ဒါဆိုရင်... ငါက တခြားလူတွေကို ဂရုမစိုက်တာလား၊ ဒါမှမဟုတ် ငါ့ကမ္ဘာထဲမှာ အဲ့ဒီသုံးယောက်ပဲ ရှိနေတာလား”

“လွှတ်စမ်း၊ လွှတ်စမ်း”

ဝဖိုင့်ဖိုင့်အမျိုးသမီးက အော်ဟစ်လိုက်သည်။

ထိုအမျိုးသမီး၏ ပြောစကားအရ သူမသည် လီဆန်းစီ၏ အိမ်နီးချင်း ဖြစ်သင့်ပေသည်။ သို့သော်လည်း ကောင်းမင်သည် သူမကို လုံးဝ မမှတ်မိပေ။ ယခုတွင် သူ သေချာသွားပြီဖြစ်သည်။လီဆန်းစီ၏ မှတ်ဉာဏ်များထဲမှ တစ်စိတ်တစ်ပိုင်းသည် ဖုံးကွယ်ခံထားရခြင်း သို့မဟုတ် ဖျက်ဆီးခံထားရခြင်း ဖြစ်သည်။

“ကျုပ် အခု ဂိုဏ်းတစ်ခု ဝင်လိုက်ပြီ၊ ပိုက်ဆံတွေ အများကြီး ရှိတယ်၊ ဒါပေမဲ့ ခင်ဗျားကော ကျုပ်ဆီက လျော်ကြေး ယူရဲပါ့မလား”

ကောင်းမင်သည် ထိုဝဖိုင့်ဖိုင့်အမျိုးသမီး၏ ရက်စက်ကြမ်းကြုတ်သော မျက်နှာကို စိုက်ကြည့်လိုက်သည်။ သူ၏ အခြားလက်တစ်ဖက်က ခါးကြားတွင် ဝှက်ထားသော အနက်ရောင် သေနတ်ဆီသို့ ဗီဇအတိုင်း ရောက်ရှိသွား၏။

သေနတ်၏ နံပါတ်မှာ အဖျက်ခံထားရသည်။ ထိုသေနတ်ကို ဂူးလ် မည်သို့ရခဲ့ကြောင်း သူ မသိသော်လည်း ကောင်းမင်သည် ၎င်းကို အသုံးပြုရသည်မှာ ပိုပိုလွယ်ကူလာသည်ဟု ခံစားနေရသည်။

အပိုင်း (၇၂၈) ဓာတ်ပုံများ

“လွှတ်စမ်း၊နင့်လို ခွေးကောင်ကများ၊ အားလုံး မြင်နေကြတာနော်”

ဝဖိုင့်ဖိုင့်အမျိုးသမီးက သူ့ကို လျစ်လျူရှုလိုက်သည်။ သူမသည် လီဆန်းစီကဲ့သို့ သတ္တိကြောင်သူတစ်ဦးက တစ်ခုခု လုပ်ရဲလိမ့်မည်ဟု ထင်ထားပုံမရပေ။သူမသည် သူမ၏ ပေါင်လုံးကြီးကို မြှောက်ကာ ကောင်းမင်၏ ခြေသလုံးနှင့် ဒူးခေါင်းကို အားပြင်းပြင်းဖြင့် ကန်လိုက်သည်။

နာကျင်မှုကို ခံစားလိုက်ရသဖြင့် ကောင်းမင်သည် သူ၏သေနတ်ကို ဆွဲထုတ်ကာ အေးစက်သော သေနတ်ပြောင်းကို ဝဖိုင့်ဖိုင့်အမျိုးသမီး၏ နဖူးပေါ်သို့ ဖိကပ်လိုက်သည်။ စေးကပ်သော သွေးများက သူမ၏ အရေပြားပေါ်တွင် ပေကျံသွား၏။ သေခြင်းတရားက လက်တစ်ကမ်းအကွာမှာပင်။ ဤအခြေအနေများအောက်တွင် အမျိုးသမီး၏ လှုပ်ရှားမှုများမှာ တဖြည်းဖြည်း နှေးကွေးသွားတော့သည်။ လီဆန်းစီ ကိုင်ထားသည်မှာ ကစားစရာသေနတ်ဟု သူမထင်နေခဲ့သော်လည်း သေခြင်းတရားနှင့် ရင်ဆိုင်ရသောအခါတွင်မူ သူမ လောင်းကြေးမထပ်ရဲတော့ပေ။

“မဟုတ်ဘူး... မဟုတ်ဘူး၊ နင့်မှာ အကြွေးဆပ်ဖို့ ပိုက်ဆံရှိတယ်၊ အဲ့ဒီအကြွေးရှင်တွေကို မောင်းထုတ်လိုက်ရင် အားလုံး အေးအေးဆေးဆေး နေရမှာပေါ့”

ဝဖိုင့်ဖိုင့်အမျိုးသမီး၏ အမူအရာက ချက်ချင်းပင် ပျော့ပြောင်းသွားသည်။ မောက်မာမှုများ ပျောက်ကွယ်ကာ သူမ၏ ဖောင်းကားနေသော မျက်နှာပေါ်တွင် နုံအသော အရိပ်အယောင်များ ပေါ်ထွက်လာသည်။

“ခင်ဗျားမျက်လုံးထဲမှာ ကျုပ်က ဘယ်လိုလူမျိုးလဲ၊ အမှန်အတိုင်း အသေးစိတ်ပြောစမ်း”

ကောင်းမင်သည် သေနတ်ကို ပြန်မသိမ်းသေးဘဲ ဤအခွင့်အရေးကို သုံးကာ လီဆန်းစီအကြောင်းကို ပိုမိုတိကျစွာ သိရှိရန် ကြိုးစားလိုက်သည်။

“နင်က နေ့တိုင်း စောစောထွက်ပြီး ညမိုးချုပ်မှ ပြန်လာတာ၊ ငါတို့ နင့်ကို သိပ်မတွေ့ရဘူး၊ နင့်ဘဝက တော်တော်ရုန်းကန်နေရတယ်ဆိုတာပဲ သိတယ်”

“ဒါဆို ဘာလို့ အနိုင်နိုင်ရုန်းကန်နေရတဲ့လူကို ခင်ဗျားက အနိုင်ကျင့်နေတာလဲ”

ကောင်းမင်၏ အသံက တည်ငြိမ်နေသည်။ ဝဖိုင့်ဖိုင့်အမျိုးသမီးက ကြောင်အသွားပြီး အချိန်အတော်ကြာအောင် ပြန်မပြောနိုင်ခဲ့ပေ။

“ကျုပ်မိသားစုအကြောင်း ခင်ဗျားဘာသိလဲ”

“တစ်ခါမှ မမြင်ဖူးဘူး၊ နင့်တစ်ယောက်တည်း နေတာ မဟုတ်ဘူးလား၊ ငါက နင့်တစ်ယောက်တည်းပဲ အပြင်ထွက်တာကို အမြဲ မြင်ဖူးတာ”

ဝဖိုင့်ဖိုင့်အမျိုးသမီးက မသိစိတ်မှ ပြန်ဖြေလိုက်သည်။

“အမြဲတမ်းလား”

“တစ်ခါတလေပေါ့”

ထိုအမျိုးသမီး၏ အမြင်တွင် လီဆန်းစီသည် အပေါင်းအသင်းမရှိသော၊ သတ္တိကြောင်သော အသုံးမကျသူ တစ်ဦးသာဖြစ်သည်။ သူသည် လူတိုင်းအပေါ်တွင် အခြေခံယဉ်ကျေးမှုကို ထိန်းသိမ်းထားသော်လည်း အစစ်အမှန် မိတ်ဆွေဟူ၍ မရှိပေ။ ဤတိုက်ခန်းရှိ အခြားသူများကဲ့သို့ပင်။

သာမန်လူတစ်ယောက်၊ ကြောက်တတ်သူ၊ နေစရာအိမ်ရှိပြီး ငတ်မွတ်ခြင်းမရှိ၊ နေ့တိုင်း အလုပ်ရှုပ်နေသော်လည်း ဘယ်အရာကို အလုပ်ရှုပ်နေမှန်း မိမိကိုယ်တိုင်ပင် မသိဘဲ အမြဲတမ်း ပင်ပန်းနွမ်းနယ်ကာ လမ်းပျောက်နေသူတစ်ဦး။

“နောက်ဆုံးမေးခွန်း တစ်ခုပဲ၊ ခင်ဗျားနာမည်က ဘယ်သူလဲ”

“ဖေးလီ ပါ၊ နင် အရင်က ငါ့ကို မမလီလို့ ခေါ်တယ်လေ၊ ငါက ရပ်ကွက် အိမ်ရာစီမံခန့်ခွဲရေးမှာ အလုပ်လုပ်တာပါ၊ လူတိုင်းကို တော်တော်လေး ကူညီပေးဖူးပါတယ်”

ဝဖိုင့်ဖိုင့်အမျိုးသမီးက ပြုံးလိုက်ရာ သူမ၏ရုပ်မှာ ပို၍ပင် ကြည့်ရဆိုးသွားသည်။

တစ်ဖက်လူ၏ မျက်နှာကို ကြည့်ရင်း ကောင်းမင်၏ လက်ချောင်းများက မောင်းခလုတ်ကို ဖိထားမိသည်။ တကယ်တမ်း ပြဿနာကို ဖြေရှင်းရန် နည်းလမ်းများစွာ ရှိသော်လည်း ခုနက သူသည် ဘာမှမစဉ်းစားဘဲ သေနတ်ကို ဆွဲထုတ်လိုက်မိခြင်း ဖြစ်သည်။ သေနတ်တစ်ချက်စီက ပြဿနာကို ဖြေရှင်းပေးနိုင်ပုံရပြီး သေခြင်းတရားက အရာရာအတွက် အဖြေဖြစ်ပုံရသည်။ဒါပေမယ့် ဒါက တကယ်ပဲ မှန်ကန်တဲ့အရာလား။

‘ငါ တကယ်ကြီး ငါ မဟုတ်တော့ဘူးပဲ’

ကောင်းမင်သည် လက်ကိုလွှတ်ကာ သေနတ်ကို ပြန်သိမ်းလိုက်ပြီး ဓာတ်လှေကားဆီသို့ လျှောက်သွားလိုက်သည်။

“ဘာတွေ မာန်တက်နေတာလဲ ၊ အကြွေးရှင်တွေက မင်းကို လိုက်ရှာနေကြတာ...”

ဓာတ်လှေကားတံခါး မပိတ်ခင် ဝဖိုင့်ဖိုင့်အမျိုးသမီးသည် အကြွေးရှင်များကို ဖုန်းဆက်ရန် ဟန်ဖြင့် သူမ၏ဖုန်းကို အလျင်အမြန် ထုတ်လိုက်သည်။

ကြော်ငြာများဖြင့် ပြည့်နှက်နေသော ဓာတ်လှေကားအတွင်း ရပ်နေရင်း ကောင်းမင်၏ အမြင်အာရုံတွင် အရောင်အသွေးစုံသော ကြော်ငြာများ၊ ညစ်ညမ်းသော အကြောင်းအရာများ၊ ဗလာကျင်းနေသော ဓာတ်ပုံများနှင့် မြှူဆွယ်သော စာသားများဖြင့် ပြည့်နှက်နေလေသည်။

ကောင်းမင်သည် အသက်ရှူ အနည်းငယ် ကျပ်လာတော့သည်။ ပိတ်လှောင်ထားသော ဓာတ်လှေကားခန်းအတွင်း၌ ထိုကြော်ငြာများသည် အချိန်မရွေး ပြုတ်ကျလာနိုင်ပုံရသည်။ ၎င်းတို့က ကောင်းမင်၏ ကိုယ်ပေါ်သို့ ကပ်ငြိကာ သူ့ကို ရစ်ပတ်ပြီး အမြင်အာရုံကို ပိတ်ဆို့ပစ်တော့မည့်အလား ခံစားနေရသည်။

သူ့အတွင်းစိတ်ထဲတွင် ဖိနှိပ်ထားသော ရင်းနှီးသည့် ခံစားချက်တစ်ခု ပြန်လည်ရောက်ရှိလာသည်။ သူသည် ဤလမ်းကို အကြိမ်ပေါင်းများစွာ လျှောက်ဖူးပုံရပြီး ပြန်လာတိုင်းလည်း ဤကဲ့သို့ပင် ခံစားခဲ့ရသည်။

‘ရွံစရာကောင်းလိုက်တာ၊ ငါ အန်ချင်လာပြီ၊ ငါ ဘာလို့ ဒီနေရာကို ဒီလောက် မုန်းနေရတာလဲ’

ဓာတ်လှေကားက ၁၄ လွှာတွင် ရပ်တန့်သွား၏။ တံခါးများ ပွင့်လာသောအခါ ကောင်းမင်၏ စိတ်မသက်မသာဖြစ်မှုက ပိုပြင်းထန်လာတော့သည်။ ကမ္ဘာကြီး၏ အရောင်အသွေးများသည် လျင်မြန်စွာ ပျောက်ကွယ်သွားပြီး မကောင်းဆိုးဝါးတစ်ကောင်၏ အသိုက်အမြုံထဲသို့ ကျရောက်သွားသည့်အလား မှောင်မိုက်၊ စိုထိုင်းကာ အုံ့မှိုင်းနေခဲ့သည်။

ဓာတ်လှေကားထဲမှ ထွက်လာသောအခါ စူးရှသော သုတ်ဆေးနံ့များက ကောင်းမင်၏ အသိစိတ်ကို အနည်းငယ် ပြန်လည် နိုးကြားလာစေသည်။ သို့သော်လည်း နံရံပေါ်ရှိ လီဆန်းစီကို အကြွေးဆပ်ရန် တောင်းဆိုထားသော အနီရောင်စာလုံးကြီးများကို မြင်လိုက်ရသည်။

ခြိမ်းခြောက်မှုများနှင့် ဆဲဆိုမှုများသည် သာမန်မျှသာဖြစ်ပြီး ထိုထက် ရုန့်ရင်းကြမ်းတမ်းသော စကားလုံးများစွာ ရှိနေသေးသည်။

မှိန်ပျပျ အလင်းရောင်က ပင်ပန်းနေသော သူ့ပုံရိပ်ကို ဖြတ်သန်းကာ လင်းလက်နေသည်။ ကောင်းမင်သည် သုတ်ဆေးများ ပက်ထားသော နံရံကို ဖြတ်ကျော်ရင်း သူ့သော့များကို လိုက်စမ်းကြည့်လိုက်သည်။ဟောင်းနွမ်းနေသော သူ့ဖိနပ်များမှာ စေးကပ်နေသည့် ကြမ်းပြင်ပေါ်တွင် တဖျပ်ဖျပ် အသံမြည်နေလေသည်။ သူသည် တင်းကျပ်စွာ ပိတ်ထားသော တံခါးများကို ဝေ့ကြည့်လိုက်သည်။

မင်ဟွာအိမ်ရာသည် တာဝါအဆောက်အဦးများဖြင့် ဖွဲ့စည်းထားပြီး ဓာတ်လှေကား လေးစင်းက တစ်လွှာလျှင် တိုက်ခန်း ၁၆ ခန်းကို ဝန်ဆောင်မှုပေးခြင်းဖြစ်သည်။ တစ်လွှာချင်းစီတွင် လူအများအပြား နေထိုင်ကြသည်။ သူတို့သည် တံခါးနောက်ကွယ်တွင် ပုန်းကွယ်ကာ တံခါးပေါက်မှနေ၍ ကောင်းမင်ကို ချောင်းကြည့်နေကြလိမ့်မည်မှာ သေချာသည်။

‘လီဆန်းစီရဲ့ အိမ်ထဲမှာ ဘာလျှို့ဝှက်ချက်တွေ ဖုံးကွယ်ထားတာလဲ’

အခန်းအမှတ် ၄၁၄၁၃ ရှေ့တွင် ရပ်နေရင်း ကောင်းမင်သည် ရှည်လျားလှသော ဂဏန်းတွဲကြီးကို ကြည့်လိုက်သည်။ သူသည် ထိုဂဏန်းကို မကောင်းသောဂဏန်းဟု မယူဆသော်လည်း အိမ်နီးချင်းအခန်း ၄၁၄၁၄ ကဲ့သို့ ဂဏန်းများ ညီညာခြင်းမရှိသည်ကိုသာ သတိထားမိသည်။

“၄ ထပ်၊ ၁၄ လွှာ၊ အခန်း ၁၃”

သူသည် သော့ကို ထုတ်၍ သော့ခလောက်ထဲ ထည့်ရန် ကြိုးစားသော်လည်း သော့က ဝင်မသွားပေ။ အနီးကပ် ကြည့်လိုက်သောအခါ သော့ပေါက်သည် ပီကေများဖြင့် ပိတ်ဆို့ခံထားရကြောင်း တွေ့လိုက်ရသည်။

သူက သံချေးတက်နေသော သံကြိုးတစ်ချောင်းကို ရှာ၍ အညစ်အကြေးများကို ဂရုတစိုက် ခြစ်ထုတ်လိုက်သည်။ ထို့နောက် နောက်ဆုံးတွင် ဆေးများဖြင့် လုံးဝနီးပါး ဖုံးလွှမ်းနေသော တံခါးကို ဖွင့်လိုက်နိုင်သည်။

တံခါး၏ အခြားတစ်ဖက်ကို မြင်လိုက်ရသောအခါ ကောင်းမင်သည် ၎င်းမှာ မူလက အနက်ရောင်ဖြစ်သော်လည်း အပြင်ဘက်ကို သွေးနီရောင် သုတ်ဆေးများဖြင့် ပက်ထားခြင်းဖြစ်ကြောင်း သိလိုက်ရသည်။

‘ဒါက တစ်ခုခုကို အရိပ်အမြွက် ပေးနေတာလား၊ သွေးတွေ ဘယ်လောက်ပဲ စီးကျပါစေ လီဆန်းစီရဲ့ ဆိုးယုတ်တဲ့စိတ်က ပျောက်ကွယ်သွားမှာ မဟုတ်ဘူးဆိုတာမျိုးလား’

အခန်းတွင်းကို အမှောင်ဆက်တင်များဖြင့် ပြင်ဆင်ထားသည်။ ဆိုဖာ၊ ကုလားထိုင်နှင့် လိုက်ကာများ အားလုံးသည် အနက်ရောင်များ ဖြစ်သည်။ ရှုပ်ပွပြီး ညစ်ပတ်နေသော ကော်ရစ်ဒါနှင့် ယှဉ်လျှင် အခန်းတွင်းမှာ အလွန်သန့်ရှင်းနေပြီး အမှိုက်တစ်စမျှ မရှိပေ။

သို့သော်လည်း လူမနေသည်မှာ ကြာပြီဖြစ်၍ အခန်းထဲတွင် ထူးဆန်းသောအနံ့တစ်ခု ရှိနေခဲ့သည်။ ၎င်းက ပုပ်သိုးနေသော အစားအစာနံ့နှင့် တူသော်လည်း ကောင်းမင် တစ်ချက်ကြည့်ရုံဖြင့် ထိုအနံ့၏ အရင်းအမြစ်ကို ရှာမတွေ့ပေ။

“အရာအားလုံးက အရမ်းကို သာမန်ဆန်နေတယ်”

ဆိုဖာပေါ်တွင် ထိုင်ရင်း သူ တီဗွီကို ဖွင့်လိုက်သည်။ အခပေးစနစ်က သက်တမ်းကုန်နေပြီဖြစ်၍ ဖန်သားပြင်ပေါ်တွင် အင်္ဂါအစိတ်အပိုင်း အစားထိုးခြင်း၊ ဆေးဝါးမျိုးစုံနှင့် အိမ်တိုင်ရာရောက် ဝန်ဆောင်မှု ကြော်ငြာများကိုသာ ထပ်ခါတလဲလဲ ပြသနေသည်။

“ဒါက တခြားအစီအစဉ်တွေထက်တောင် ပိုစိတ်ဝင်စားဖို့ ကောင်းသေးတယ်”

ခဏမျှ ကြည့်ရှုပြီးနောက် ကောင်းမင်သည် ရီမုကို ချထားလိုက်ပြီး မီးဖိုချောင်နှင့် ရေချိုးခန်းထဲသို့ သွားကြည့်သည်။ အလောင်းများနှင့် အမြဲထိတွေ့နေရသူတိုင်း သိကြသည်မှာ ဤနေရာနှစ်ခုသည် သဲလွန်စအချို့ ကျန်ရှိနေတတ်သည့် နေရာများပင်။

မီးဖိုချောင် ဗီရိုတံခါးကို ဖွင့်ကြည့်လိုက်သောအခါ အသင့်စားခေါက်ဆွဲထုပ်များနှင့် ဟင်းခတ်မှုန့်များ ဟိုတစ်စ သည်တစ်စ ရှိနေလေသည်။ ကောင်းမင်သည် မီးဖိုချောင်သုံးဓားနှင့် သစ်သီးလှီးဓားကို စစ်ဆေးကြည့်လိုက်သည်။ ဓားသွားများသည် ပုံစံမပျက်ဖြစ်နေပြီး အရိုးများကို ခုတ်ထစ်ရန် အသုံးပြုထားသည့် အရိပ်အယောင် မတွေ့ရပေ။ ထို့နောက် သူသည် ရေချိုးခန်းထဲသို့ သွားကာ အိမ်သာ၌ ရွှံ့များကို လောင်းချနိုင်ခြင်း ရှိမရှိ စမ်းသပ်ကြည့်ပြီးနောက် ရေဆင်းပေါက်ကို မကာ လီဆန်းစီမှအပ အခြားသူ၏ ဆံပင်များ၊ လက်သည်းများကို ရှာဖွေကြည့်သည်။

နာရီဝက်ခန့် ကြာသွားသော်လည်း လီဆန်းစီ၏ အိမ်တွင် အခြားသူ နေထိုင်ခဲ့သည့် အရိပ်အယောင် လုံးဝမတွေ့ရပေ။

ကောင်းမင်သည် အလျှော့ပေးလိုခြင်းမရှိဘဲ အိပ်ခန်းဆီသို့ လျှောက်သွားလိုက်သည်။ အဓိက အိပ်ခန်းထဲတွင် ဘာမှ မတွေ့ရချေ။ သို့သော်လည်း ဒုတိယအိပ်ခန်းသို့ ဝင်ရန် ကြိုးစားသောအခါ တံခါးကို သော့ခတ်ထားကြောင်း တွေ့လိုက်ရသည်။

သော့အားလုံးဖြင့် စမ်းဖွင့်သော်လည်း တစ်ခုမှ ဖွင့်မရပေ။

‘လီဆန်းစီရဲ့ မှတ်ဉာဏ်ထဲမှာ... သူက အမြဲတမ်း အဓိကအိပ်ခန်းမှာပဲ အိပ်ပြီး ဒုတိယအိပ်ခန်းထဲကို တစ်ခါမှ မဝင်ခဲ့ဖူးဘူး’

လီဆန်းစီ၏ မှတ်ဉာဏ်များကို ပြန်သုံးသပ်ကြည့်သော်လည်း သူ့အိမ်တွင် ဒုတိယအိပ်ခန်း ရှိကြောင်းကို ကောင်းမင် လုံးဝမသိခဲ့ပေ။

“ဒုတိယအိပ်ခန်းထဲမှာ ဘယ်သူ နေတာလဲ”

မီးဖိုချောင်သုံးဓားကို ဆွဲယူ၍ ကောင်းမင်သည် သော့ခလောက်ကို ရိုက်ခွဲပြီး တံခါးကို ကန်ဖွင့်လိုက်သည်။

အထဲတွင် ပိန်းပိတ်အောင် မှောင်မည်းနေလေသည်။ ကောင်းမင်သည် ဖုန်းမီးကို သုံး၍ ကြည့်လိုက်သောအခါ ဒုတိယအိပ်ခန်း၏ ပြတင်းပေါက်ကို အုတ်ခဲများဖြင့် ပိတ်ဆို့ထားကြောင်း တွေ့လိုက်ရသည်။ အခန်းထဲတွင် ကုတင်တစ်လုံး၊ ဓာတ်ပုံဆေးသည့် ကိရိယာမျိုးစုံနှင့် နံရံပေါ်တွင် ကပ်ထားသော ဓာတ်ပုံများ ရှိနေလေသည်။

အပိုင်း (၇၂၉) တိတ်ဆိတ်မှု

“ဓာတ်ပုံတစ်ပုံချင်းစီဟာ လွင့်ပျံသွားတဲ့ အခိုက်အတန့်လေးတစ်ခုအပေါ် သိမ်မွေ့စွာ စိုးမိုးခြယ်လှယ်လိုက်ခြင်းပဲ”

ဓာတ်ပုံဆရာဟာ အဲ့ဒီမှတ်ဉာဏ်ကို လုံးဝကိုယ်ပိုင်ခံစားချက်နဲ့ အေးခဲရပ်တန့်ပစ်နိုင်တယ်၊ ငါတို့ကိုယ်တိုင်က မေ့ပစ်ဖို့ ရွေးချယ်ဖို့ သတ္တိကြောင်နေရင်တောင်မှ အဲ့ဒီဓာတ်ပုံက ငါတို့အတွက် အပြစ်တွေကို ဆက်ပြီးထမ်းပိုးပေးထားဦးမှာပဲ။

ကောင်းမင် အမှောင်ခန်းထဲသို့ လှမ်းဝင်လိုက်သည်။ အပြင်ဘက်မှ အလင်းရောင်သည် သူ့အရိပ်ပေါ်တွင် ဝေ့ဝဲကျန်ရစ်ခဲ့သည်။

သူ့ရှေ့ရှိ စားပွဲပေါ်တွင် သာမိုမီတာတစ်ခု၊ ဖန်ခွက်အချို့၊ အတိုင်းအတာပြွန်တစ်ခုနှင့် ဖလင်မှ ရေများကို စစ်ထုတ်သည့် ညှပ်တစ်ခုတို့ ရှိနေသည်။ ခေါင်းပေါ်တွင် ကြိုးအပါးလေးများ ချိတ်ဆွဲထားပြီး အဝေးက နံရံပေါ်တွင်မူ ဓာတ်ပုံများစွာ ကပ်ထားသည်။

“ဒါကို ဖလင်ဆေးကန်လို့ ခေါ်တယ်ထင်တယ်”

လီဆန်းစီ၏ မှတ်ဉာဏ်များက ကောင်းမင်၏ လက်ဖျားတွင် ရုတ်တရက် နိုးထလာသည်။ သူသည် ဖလင်ဆေးကန်ကို ဂရုတစိုက်ဖွင့်၍ အတွင်းပိုင်းဝင်ရိုးနှင့် ဖလင်ညှပ်ကို ချိန်ညှိလိုက်သည်။ ထို့နောက် ပုံဖော်ဆေးရည်၊ ဆေးခဲပျော်ရည်နှင့် ဆေးမြဲပျော်ရည်တို့ကို လောင်းထည့်ကာ အသာအယာ လှုပ်ခါလိုက်သည်။ အတိတ်မှ ဓာတ်ပုံတစ်ပုံသည် သူ့အမြင်အာရုံထဲတွင် ထွက်ပေါ်လာသလို ခံစားလိုက်ရသည်။

‘လီဆန်းစီက ဒီအခန်းအကြောင်းရော၊ အိမ်နီးချင်းတွေနဲ့ ပတ်ဝန်းကျင်က လူတွေအကြောင်းရော ဘာမှ မမှတ်မိဘူး၊ ဒီမေ့လျော့ခံထားရတဲ့ အခိုက်အတန့်တွေကို ဓာတ်ပုံတွေထဲမှာ သိမ်းဆည်းထားတာလား’

အလင်းမရောက်နိုင်သော နံရံရှေ့တွင် ရပ်ကာ ဓာတ်ပုံထဲမှ လူတစ်ဦးချင်းစီကို တိတ်တဆိတ် စိုက်ကြည့်ရင်း ကောင်းမင်သည် အတိတ်ဟု ခေါ်သော မှန်တစ်ချပ်ကို ဖြတ်ကျော်ကြည့်နေရသကဲ့သို့ ခံစားလိုက်ရသည်။ ထိုမှန်ထဲတွင် သူစိမ်းတစ်ယောက်…မဟုတ်ဘူး၊ လူစိမ်းတစ်ယောက်လိုဖြစ်နေသည့် လီဆန်းစီကို မြင်နေရသည်။

ဓာတ်ပုံအားလုံး၏ အောက်ဆုံးတွင် မီးခိုးရောင်ဝတ်စုံဖြင့် တည်ငြိမ်တင်းမာသော အသွင်ရှိသည့် လူလတ်ပိုင်း အမျိုးသားတစ်ဦး ရှိနေလေသည်။ သူ့မျက်နှာသည် သူကိုင်ထားသည့် ဥပဒေကျမ်းများကဲ့သို့ စိတ်ဝင်စားစရာ မကောင်းလှပေ။

သူ့နောက်ကျောတွင် ဆံပင်ရှည်ရှည်နှင့် ပိန်ပိန်ပါးပါး ကောင်လေးတစ်ယောက် ရပ်နေခဲ့သည်။ ထိုကလေးမှာ ဂရုစိုက်မခံရဘဲ စည်းကမ်းမဲ့နေပုံရကာ အေးအေးဆေးဆေးနှင့် စိတ်ခံစားမှု လွယ်သူလေးဖြစ်သည်။ သူသည် ဖခင်ဖြစ်သူ၏ ဘောင်းဘီအနားကို ဆွဲကာ နောက်ကွယ်တွင် ပုန်းနေပြီး ဖခင်ပေးသည့် လုံခြုံမှုကို အားကိုးလျက် ကင်မရာကို ကြောက်ရွံ့စွာ ချောင်းကြည့်နေသည်။

သူ့ဖခင်နှင့်မတူသည်မှာ ထိုကောင်လေး၏ မျက်လုံးများတွင် စူးစမ်းလိုစိတ်များ ရှိနေခြင်းပင်။ သူသည် ပို့စ်ပေးခြင်း သို့မဟုတ် လက်နှစ်ချောင်းပင် မထောင်တတ်ဘဲ သူ၏ စိတ်ခံစားချက်များ အားလုံး ထိုလှပသော မျက်ဝန်းလေးများထဲတွင် ပေါ်လွင်နေခဲ့သည်။

ထိုမျက်လုံးများသည် လီဆန်းစီ၏ မျက်လုံးများနှင့် အလွန်တူလှသည်။

“အဖေလား”

သူ့လက်ဖျားများက ဓာတ်ပုံအား မသိစိတ်ဖြင့် ထိတွေ့မိသွားရာ ကောင်းမင် တစ်ခါမှ မကြုံဖူးသော မှတ်ဉာဏ်တစ်ခုသည် လီဆန်းစီ၏ စိတ်ထဲတွင် ဖြည်းဖြည်းချင်း ပေါ်ထွက်လာတော့သည်။၎င်းမှာ လီဆန်းစီ၏ ကလေးဘဝပုံရိပ် ဖြစ်ပုံရသည်။

ခန့်ညားထည်ဝါသော တရားခွင်အတွင်း၌ အရပ်ရှည်ရှည်နှင့် သူ၏ဖခင်ဖြစ်သူသည် ဒေါသထွက်နေသော ခြင်္သေ့တစ်ကောင်ကဲ့သို့ ရပ်နေသည်။သူသည် လက်တစ်ဖက်ဖြင့် စားပွဲကို ဖိထားပြီး ကျန်လက်တစ်ဖက်ကို ဝှေ့ယမ်းကာ စကားပြောနေသည်။

“သေဒဏ်ဆိုတာ မလိုအပ်သလို အကျိုးလည်း မရှိပါဘူး၊ ကျွန်တော်တို့ဟာ လူသားဆန်မှုအတွက် ပထမဆုံး တိုက်ပွဲဝင်ရမယ်၊ သေဒဏ် တည်ရှိနေသရွေ့တော့ ရာဇဝတ်ဥပဒေတစ်ခုလုံးဟာ သွေးညှီနံ့တွေ ထွက်ပေါ်နေမှာပဲ၊ အုံ့မှိုင်းပြီး ခြောက်ခြားဖို့ကောင်းတဲ့ အမှတ်အသားတွေ ပါနေမှာပဲ၊ ကလဲ့စားချေခြင်းဆိုတဲ့ အညစ်အကြေးတွေနဲ့ ပေကျံနေမှာပဲ”

လီဆန်းစီ၏ ဖခင်မှာ ရှေ့နေတစ်ဦး ဖြစ်သည်။ သူ့မှတ်ဉာဏ်က ဝေဝါးနေသော်လည်း ပို၍ တိတိကျကျဆိုရလျှင် သူသည် ဥပဒေသုတေသီတစ်ဦး ဖြစ်သည်။

လီဆန်းစီ၏ ဖခင်ဖြစ်သူ ပြောသည့် စကားများကို လူတိုင်းက လှောင်ပြောင်နေကြသည်။ သက်ကြီးရွယ်အို ဇနီးမောင်နှံတစ်တွဲကလည်း သူ့ကို အလွန်အမင်း စိတ်ပျက်သောအကြည့်ဖြင့် ကြည့်နေကြသည်။ လီဆန်းစီသည် ထိုအဘိုးအဘွားများဘေးတွင် တစ်ယောက်တည်း ထိုင်၍ ရိုးရှင်းသော ပလတ်စတစ် အရုပ်လေးကို ဆုပ်ကိုင်ထားသည်။

ဤသို့ ပရမ်းပတာ ဖြစ်နေသော မြို့ကြီးတွင် လီဆန်းစီ၏ ဖခင်သည် သေဒဏ်ဖျက်သိမ်းရေးအတွက် မနားမနေ လှုပ်ရှားနေခဲ့သည်မှာ လီဆန်းစီ၏ မိခင်ဖြစ်သူ အသတ်ခံရသည့်နေ့အထိပင်။ စိတ္တဇလူသတ်သမားသည် ဝက်ခုံထဲတွင် ပြုံးလျက်ထိုင်နေပြီး သူ့ဆံပင်ကို ဆော့ကစားနေခဲ့သည်။

လူတိုင်းက ထိုလူသတ်သမားကို သေစေချင်ကြသော်လည်း ဖခင်ဖြစ်သူကမူ သူ့ကို အသက်ရှင်စေချင်ခဲ့သည်။

ဘာလို့ သူ့ကို အသက်ရှင်စေတာလဲ။

သူ့အပြစ်တွေအတွက် ပိုရက်စက်တဲ့ နည်းလမ်းနဲ့ ပေးဆပ်ဖို့လား။

သေခြင်းတရားဆိုသည်မှာ လီဆန်းစီ၏ နှလုံးသားထဲတွင် စိုက်ပျိုးခံလိုက်ရသည့် ပထမဆုံးသော မျိုးစေ့ဖြစ်သည်။ သူ့အတွက်တော့ သေခြင်းတရားဆိုသည်မှာ သွေးများ ပေကျံနေသော မီးဖိုချောင်သုံး အေပရွန်တစ်ထည်၊ “ပြေးတော့” “ကယ်ကြပါဦး” ဟူသည့် အော်ဟစ်သံများ၊ နောက်ဆုံးတွင် အေးခဲသွားပြီး စိုးရိမ်ပူပန်မှုတွေ ပြည့်နေသည့် မိခင်ဖြစ်သူ၏ အကြည့်တစ်ချက်ပင် ဖြစ်သည်။

မိခင်ဖြစ်သူသည် အနီရောင် မီးဖိုချောင်သုံး အေပရွန်ကို ခြုံလျက် အိပ်ပျော်နေခဲ့သည်။

ဒါက သေခြင်းတရားပဲ။

ကောင်းမင် ဒုတိယမြောက် ဓာတ်ပုံကို ကြည့်လိုက်သည်။ တင်းမာပြီး တည်ကြည်လှသော သူ၏ဖခင်ဖြစ်သူမှာ တစ်ခါမှ မပြုံးဖူးပုံရသည်။ နှစ်အနည်းငယ် ကြာပြီးနောက် သူသည် သူ့မိခင်ထက် နောက်ကျမှ မွေးဖွားသော်လည်း အသက်ကြီးသည့် အခြားအမျိုးသမီးတစ်ဦးနှင့် လက်ထပ်ခဲ့သည်။

ဓာတ်ပုံထဲမှ အမျိုးသမီးသည် ချောမွတ်နူးညံ့သော အသားအရည်ရှိပြီး သူမ၏ အပြုံးမှာ နွေရာသီ ပန်းတစ်ပွင့်ကဲ့သို့ပင်။ သူမ၏ မျိုးရိုးအမည်မှာ ရှ (Xia - နွေရာသီ) ဖြစ်ကြောင်း လီဆန်းစီ မှတ်မိနေသည်။ အကြောင်းမှာ သူသည် ပူလောင်အိုက်စပ်လှသော နွေရာသီကို မုန်းတီးသောကြောင့်ပင်။

ထိုသုံးယောက်တွဲ ဓာတ်ပုံသည် အစုလိုက်အပြုံလိုက် မြှုပ်ထားသော သင်္ချိုင်းထဲမှ ကမောက်ကမ ဆက်ထားသည့် အလောင်းတစ်ခုနှင့် တူနေလေသည်။ အသက်ကြီးလာပြီဖြစ်သော လီဆန်းစီသည် တစ်ဖက်တွင် တစ်ယောက်တည်း ရပ်နေခဲ့သည်။သူ့ ဆံပင်များက ပိုရှည်လာကာ ခပ်ပါးပါးဖုံးထားသော မိတ်ကပ်များပင် သူ့ကိုယ်ပေါ်ရှိ အမာရွတ်များကို မဖုံးကွယ်နိုင်ပေ။

သူ၏ ကလေးဘဝမှတ်ဉာဏ်များတွင် အိမ်တွင်းအကြမ်းဖက်မှုနှင့် ပတ်သက်၍ ဘာမှမရှိခဲ့သဖြင့် ထိုဒဏ်ရာများက ဘယ်က ရောက်လာသလဲကို လီဆန်းစီ မမှတ်မိပေ။ သူ သိသည်မှာ အသက်အလွန်ငယ်စဉ်ကပင် သူသည် အတွေးလွန်တတ်သူဖြစ်ပြီး ပိုတွေးလေလေ သူ့ခန္ဓာကိုယ်မှာ ပို၍ နာကျင်လာလေလေပင်။

အောက်ဆုံးတန်းမှ တတိယမြောက် ဓာတ်ပုံသည် လူအများအပြားပါဝင်သော အဖွဲ့လိုက် ဓာတ်ပုံကြီး ဖြစ်သည်။

အိုမင်းရင့်ရော်နေပုံရသော ဖခင်ဖြစ်သူမှာ အလယ်တွင် ရပ်နေသည်။ နို့စို့ကလေးလေးကို ပွေ့ချီထားသော အဒေါ်ရှက သူ့ကို မှီထားသည်။ လီဆန်းစီကတော့ အခြားတစ်ဖက်တွင် ရပ်ကာ မိခင်ဖြစ်သူ၏ ဓာတ်ပုံပါသော ဓာတ်ပုံဘောင်တစ်ခုကို ကိုင်ထားခဲ့သည်။ သူတို့နောက်ရှိ ပြတင်းပေါက်မှတစ်ဆင့် မျက်နှာချင်းဆိုင် အဆောက်အဦးတွင် ကြိုးဆွဲချသေဆုံးနေသော သက်ကြီးရွယ်အို ဇနီးမောင်နှံကို ခပ်ဝါးဝါး မြင်နေရသည်။ သူတို့၏ အလောင်းများသည် အနည်းငယ် လှုပ်ယမ်းနေပြီး ပြူးထွက်နေသော မျက်လုံးများက တစ်စုံတစ်ရာကို စိုက်ကြည့်နေပုံ ရသည်။

ဓာတ်ပုံသည် ထိုအခိုက်အတန့်ကို ဖမ်းယူထားခြင်းဖြစ်ရာ အလောင်းများနှင့် မိသားစု ပြန်လည်ဆုံတွေ့မှုကိုပါ တစ်ပြိုင်တည်း ရိုက်ကူးထားခြင်း ဖြစ်သည်။

နံရံတစ်ခုလုံးတွင် ဤဓာတ်ပုံ သုံးပုံသာ လီဆန်းစီ ရိုက်ခဲ့ခြင်း မဟုတ်ပုံရသည်။ ဤဓာတ်ပုံ သုံးပုံကို မြင်တိုင်း ၎င်းတို့က သူ့ကို တစ်ခုခု သတိပေးနေပုံ ရသည်။ ၎င်းတို့မှာ သော့တစ်ချောင်းကဲ့သို့ လီဆန်းစီ၏ အခြားတစ်ဖက်ခြမ်းကို ဖွင့်ဟပေးနေသည်။ အကြောင်းမှာ သူ၏ ပြောင်းလဲမှုအားလုံးသည် ထိုအချိန်မှ စတင်ခဲ့သည်ကို သူသိနေသောကြောင့် ဖြစ်သည်။

အကြည့်ကို အပေါ်သို့ ရွှေ့လိုက်သောအခါ ကောင်းမင်သည် ကလေးလေးလေး တစ်ယောက် တဖြည်းဖြည်း ကြီးပြင်းလာသည်ကို မြင်လိုက်ရသည်။ ထိုဓာတ်ပုံများသည် လီဆန်းစီ၏ ညီငယ်လေးနှင့် ပတ်သက်နေသော ပုံများပင်။

အသက်အရွယ်ကြောင့်လား သို့မဟုတ် လီဆန်းစီလုပ်ခဲ့သည့် တစ်ခုခုကြောင့်လား မသိရပေ။ ဖခင်ဖြစ်သူသည် လီဆန်းစီကို ဥပဒေသင်ခိုင်းမည့် အစီအစဉ်အား ပြောင်းလဲကာ ကင်မရာတစ်လုံး ပေးခဲ့သည်။

သူသည် ရှုခင်းများကို ရိုက်ရသည်ကို မကြိုက်ပေ။ လူများကို ရိုက်ရသည်ကိုသာ ကြိုက်နှစ်သက်ပြီး သူ့ညီငယ်လေးမှာ သူ၏ အဓိကပစ်မှတ် ဖြစ်လာခဲ့သည်။

တကယ်တမ်း လီဆန်းစီ၏ အမြင်တွင် မွေးကင်းစကလေးငယ်များသည် ဆွဲဆောင်မှု မရှိပေ။ သူတို့ကို လမ်းဘေးက လေလွင့်ကြောင်များလောက်ပင် ကြည့်မကောင်းဟု သူယူဆသည်။ သို့သော် ကလေးလေး ကြီးပြင်းလာသည်နှင့်အမျှ လီဆန်းစီသည် ညီငယ်လေးမှာ ပိုပိုပြီး ချစ်စရာကောင်းလာသည်ကို တွေ့လာရသည်။ ထိုကလေးလေးမှာ အငိုသန်သော်လည်း ရယ်လည်း ရယ်တတ်သည်။ သူသည် သူ၏ ဖခင်ဖြစ်သူကို အလုပ်ထဲမှ အာရုံပြောင်းအောင် လုပ်နိုင်ပြီး အိမ်နီးချင်းများ၏ ချီးကျူးမှုအားလုံးကိုလည်း ရရှိနိုင်သည်။ သူသည် ချစ်ခြင်းမေတ္တာများဖြင့် ဝန်းရံခံထားရပုံရကာ ၎င်းမှာ လီဆန်းစီ တစ်ခါမှ မကြုံခဲ့ဖူးသည့် အရာများဖြစ်သည်။ သို့သော် လီဆန်းစီက ၎င်းကို မနာလို မဖြစ်ခဲ့ပေ။ အနည်းဆုံးတော့ သူ့မှတ်ဉာဏ်ထဲတွင် သူ၏ ညီငယ်လေးကို မနာလိုဖြစ်ခဲ့ဖူးသည်ဟု မခံစားရပေ။

“သူ့ရဲ့ လက်ကလေးတွေက အရမ်းချစ်ဖို့ကောင်းတယ်၊ ခြေထောက်လေးတွေကလည်း အရမ်းသေးသေးလေးပဲ၊ ဒါပေမဲ့ လှုပ်ရှားနေတာ၊ သူ ဗိုက်ဆာနေသလိုပဲ၊ ပါးလေးတွေကလည်း ဖောင်းကားနေတာပဲ၊ သူ ငါ့ကို ကြည့်နေတယ်၊ သူ့မျက်လုံးလေးတွေက ပြုံးနေတယ်”

လီဆန်းစီသည် သူ၏ ညီငယ်လေးကို ကင်မရာမှတစ်ဆင့် ကြည့်ရသည်ကို နှစ်သက်သည်။ အကြောင်းမှာ ထိုစက်ပစ္စည်းလေးမှတစ်ဆင့်သာလျှင် သူသည် မည်သည့်စိတ်ခံစားမှုမှ မပါဘဲ ကလေးကို စောင့်ကြည့်နိုင်သောကြောင့် ဖြစ်သည်။

ကင်မရာက ဖမ်းယူထားသော ကမ္ဘာကြီးသည် လက်တွေ့ကမ္ဘာနှင့် လုံးဝ ကွဲပြားပေသည်။ ကင်မရာသည် သက်မဲ့အရာများကိုသာ ဖမ်းယူတတ်သော်လည်း လက်တွေ့မှာမူ ထိုအရာအားလုံးက အသက်ရှင်နေကြခြင်းဖြစ်သည်။

ဖခင်ဖြစ်သူသည် လီဆန်းစီ ရိုက်ပေးထားသော ညီဖြစ်သူ၏ ဓာတ်ပုံများကို အလွန်နှစ်သက်သည်။ ညီအစ်ကိုနှစ်ဦး၏ သံယောဇဉ်နှင့် မိသားစုသဟဇာတဖြစ်မှုတို့က သူ့ကို ဖခင်ကောင်းတစ်ဦး ဖြစ်သင့်သည်ဟု ခံစားရစေသည်။ သို့သော် အဒေါ်ရှက ထိုသို့မဟုတ်ပေ။ လီဆန်းစီ ကင်မရာတစ်လုံးဖြင့် ညီဖြစ်သူအနားသို့ ချဉ်းကပ်လာတိုင်း သူမသည် အမည်မသိတင်းမာမှုကို ခံစားရလေ့ရှိသည်။ အထူးသဖြင့် လီဆန်းစီ၏ မှန်ဘီလူးက ကလေးတွန်းလှည်းထဲသို့ ချောင်းကြည့်နေချိန်မျိုးတွင် ဖြစ်သည်။ အနက်ရောင်ဘောင် မှန်ကာမျက်မှန်များက လီဆန်းစီ၏ အကြည့်အစစ်ကို ဖုံးကွယ်ထားပြီး မျက်နှာ၏ အပေါ်ပိုင်းကို ကွယ်ထားသဖြင့် သူ့နှုတ်ခမ်းထောင့်မှ အနည်းငယ် ပြုံးနေခြင်းကိုသာ မြင်တွေ့ရသည်။

ဤကလေးသည် သူ့ဖခင်နှင့် တူသော်ငြားလည်း အရင်က တစ်ခါမှ ပြုံးခဲ့ဖူးခြင်းမရှိပေ။

All Chapters