← Chapters

အခန်း (၇၃၀-၇၃၂)

Vol. 49 Ch. 730-732

အခန်း (၇၃၀-၇၃၂)

Vol. 49 Ch. 730-732

အပိုင်း (၇၃၀) အမှောင်ထု

လူသားတို့သည် မကောင်းသော နိမိတ်များကို ကြိုတင်ခံစားမိတတ်သောကြောင့် ကြောက်ရွံ့ကြခြင်း ဖြစ်သည်။

လူသတ်သမားတစ်ဦးသည် လူသတ်တတ်သောကြောင့် ကြောက်စရာကောင်းခြင်းဖြစ်ပြီး သားကောင်ဖြစ်ရမည့်သူများသည် အသတ်ခံရတော့မည်ဟု ခံစားမိနေသောကြောင့် ကြောက်ရွံ့ခြင်းဖြစ်သည်။ အကယ်၍ အသတ်ခံလိုက်ရပြီးချိန်တွင်မူ မည်သည့်ကြောက်ရွံ့မှုမျှ မရှိတော့ပေ။

မည်သည့်နိမိတ်မျှ မရှိခြင်းသည်သာ တကယ့်ကြောက်စရာ အကောင်းဆုံးအရာ ဖြစ်သည်။

နံရံ၏အောက်ခြေမှ ရေတွက်လျှင် ဒုတိယမြောက်တန်း၌ လီဆန်းစီ၏ ညီငယ်ဓာတ်ပုံများဖြင့် ပြည့်နှက်နေသည်။ ကလေးငယ်သည် တဖြည်းဖြည်း ကြီးပြင်းလာပြီး ပိုမိုချစ်စရာကောင်းလာကာ လှုပ်ရှားမှုတိုင်းသည်လည်း အသည်းယားစရာ ကောင်းလှသည်။

လီဆန်းစီသည် သူ၏ညီငယ်ဓာတ်ပုံများကို အများအပြား ရိုက်ကူးခဲ့သည်။ သူ့အကြည့်များကိုမူ အမှောင်ခန်းထဲ၌သာ ကွယ်ဝှက်ထားခဲ့သည်။ အဒေါ်ရှမှလွဲ၍ အခြားလူများသည် တစ်စုံတစ်ခုကို သတိထားမိပုံ မရကြပေ။

အကြည့်များ ရွေ့လျားသွားပြီး ကောင်းမင်သည် ခြောက်သွေ့နေသော နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်မိသည်။ သူ့မျက်စိသူငယ်အိမ်များသည်လည်း အနည်းငယ် ကျဉ်းမြောင်းသွားသည်။

ဒုတိယတန်း၏ နောက်ဆုံးဓာတ်ပုံသည် သူ၏ညီငယ်လေးပုံမဟုတ်ဘဲ အဒေါ်ရှ၏ ပုံဖြစ်နေသည်။ ချောမွတ်သော အသားအရေရှိသည့် ထိုအမျိုးသမီးသည် မီးဖိုချောင်ထဲ၌ ဟင်းသီးဟင်းရွက်များကို လှီးဖြတ်နေခဲ့သည်။ ဓားက မုန်လာဥဖြူတစ်လုံးကို နှစ်ခြမ်းခွဲလိုက်သော အချိန်တွင် အမျိုးသမီးသည် ကြောက်စရာကောင်းသော အရာတစ်ခုခုကို တွေးမိသွားပုံရသည်။ သူမမျက်နှာတွင် ထိတ်လန့်တုန်လှုပ်သော အမူအရာများနှင့်အတူ မီးဖိုချောင်ထဲမှ ပြေးထွက်သွား၏။သူမသည် ကလေးပုခက်ထဲမှ သားဖြစ်သူ၏ ဖောင်းအိနေသော လက်မောင်းလေးများကို ကြည့်လိုက်သည်။

ညီငယ်လေးကမူ တခစ်ခစ် အသံပြု၍ ရယ်မောနေခဲ့သည်။ လီဆန်းစီ၏ ကင်မရာက ထိုအခိုက်အတန့်ကို ဖမ်းယူထားခဲ့ခြင်း ဖြစ်သည်။

ဖခင်ဖြစ်သူသည် သေဒဏ်ဖျက်သိမ်းရန်၊ ဥပဒေများကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ရန်နှင့် မြို့ကြီးကို ပိုမိုစနစ်ကျပြီး လူသားဆန်လာစေရန် မနားမနေ ကြိုးစားနေဆဲ ဖြစ်သည်။ အဒေါ်ရှမှာ ကလေးနှစ်ဦးနှင့်အတူ အိမ်တွင် တစ်ဦးတည်း ကျန်ရစ်ခဲ့သည်။ နို့စို့ကလေးများကို ပြုစုရခြင်းသည် အလွန်ခက်ခဲလွန်းလှသည်။ သူမသည် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကို ခံစားနေရပြီး စိတ်ထဲတွင်လည်း ထိန်းချုပ်မရသော စိတ်ကူးယဉ်မှုများနှင့် ခြောက်ခြားဖွယ် ပုံရိပ်များကို မကြာခဏ မြင်ယောင်နေတတ်သည်။

ထိုကြောက်စရာကောင်းသော အရာများသည် အမှန်တကယ် ဖြစ်ပျက်ခဲ့ခြင်း မဟုတ်ပေ။ အတိတ်က အတွေ့အကြုံများနှင့် သတင်းအချက်အလက် အမျိုးမျိုးအပေါ် အခြေခံ၍ သူမ၏ ဦးနှောက်က ဆုံးဖြတ်လိုက်သော ‘နိမိတ်’ များသာ ဖြစ်သည်။

အောက်ခြေမှ ရေတွက်လျှင် တတိယတန်း ဓာတ်ပုံများ၌ လူဦးရေက ပိုမိုများပြားလာသည်။ ထိုလူအားလုံးသည် ကောင်းမင်အတွက် မရင်းနှီးသလို ဖြစ်နေသော်လည်း တစ်ချိန်တည်းမှာပင် ထူးဆန်းသော ရင်းနှီးမှုမျိုးကိုလည်း ခံစားနေရသည်။

အဒေါ်ရှ၏ ဓာတ်ပုံများလည်း တဖြည်းဖြည်း များပြားလာသည်။ သူမ၏ စုတ်ပြဲနေသော အဝတ်အစားများကို ဖာထေးနေခြင်း၊ အမှိုက်များကို ထုပ်ပိုးစွန့်ပစ်နေခြင်း၊ ဟင်းသီးဟင်းရွက်များ လှီးဖြတ်၍ အသားများ ချက်ပြုတ်နေခြင်း၊ ဆရာဝန်ထံ သွားနေခြင်း၊ ဆေးမျိုးစုံ သောက်သုံးနေခြင်း၊ ဖခင်ဖြစ်သူနှင့် ရန်ဖြစ်နေခြင်းနှင့် လီဆန်းစီကို အဝေးသို့ ပို့ပစ်ရန် ကြိုးစားနေခြင်းတို့ ဖြစ်သည်။

တတိယတန်း၏ အလယ်ဗဟို၌ အသားဖြူသော အဒေါ်ရှသည် ညီငယ်လေးကို ပွေ့ချီထားသည်။ ကြမ်းပြင်ပေါ်၌မူ ကွဲအက်နေသော ပန်းအိုးများနှင့် ပြန့်ကျဲနေသော စာရွက်စာတမ်းများ ရှိနေခဲ့သည်။ သူမသည် ကင်မရာကို ရွံရှာစက်ဆုပ်စွာ ကြည့်နေပြီး ပါးစပ်ကိုဟကာ တစ်စုံတစ်ခုကို အော်ဟစ်နေပုံရသည်။

ဖြစ်နိုင်သည်မှာ “ငါ့အိမ်ကနေ ထွက်သွားစမ်း၊ ငါ့ကလေးတွေနား မကပ်နဲ့” သို့မဟုတ် “မင်းလို ဘယ်သူမှ မလိုချင်တဲ့ ကောင်စုတ်လေး” ဟူ၍ ဖြစ်နိုင်သည်။

အဒေါ်ရှ၏ သဘောထားက အဘယ်ကြောင့် ပြောင်းလဲသွားသည်ကို ကောင်းမင် နားမလည်နိုင်ပေ။ ဓာတ်ပုံများကို ကြည့်ရသလောက် လီဆန်းစီသည် သူ၏ညီငယ်လေးကို နာကျင်အောင် မပြုလုပ်ခဲ့ပေ။ သူ့ခန္ဓာကိုယ်ပေါ်သာ အမြဲတမ်း ဒဏ်ရာအမျိုးမျိုး ရှိနေတတ်သော်လည်း သူ့ညီငယ်လေး၏ အသားအရည်မှာမူ မွေးကတည်းကအတိုင်း ချောမွတ်ဖြူစင်နေပြီး အပြစ်အနာအဆာ တစ်စက်မျှ မရှိဘဲ နမ်းရှုပ်ချင်စရာ ကောင်းလှသည်။

ထိုဓာတ်ပုံပြီးနောက် နံရံပေါ်ရှိ ဓာတ်ပုံများ၏ အရောင်အသွေးမှာ စတင် မှောင်မိုက်လာတော့သည်။

လီဆန်းစီသည် သူ့မိသားစုကို ဓာတ်ပုံရိုက်ကူးရခြင်းအာား နှစ်သက်နေဆဲဖြစ်သည်။ သို့သော်လည်း သူ၏ညီငယ်လေးသည် အမြဲတမ်း ငိုယိုနေတတ်ပြီး အဒေါ်ရှ၏ မျက်နှာမှာလည်း အုံ့မှိုင်းနေတတ်ကာ ဖခင်ဖြစ်သူထံတွင်လည်း အပြုံးများ ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

လူကြီးများသည် သူ့ကို များစွာသော နေရာသစ်များသို့ ခေါ်ဆောင်သွားကြပြီး လီဆန်းစီကလည်း နေရာတိုင်းကို ဓာတ်ပုံရိုက်ကူးခဲ့သည်။ ကြိုးဆွဲချ သေဆုံးနေသော အလောင်းများနှင့်အတူ ခေါက်ချိုးညီရှိနေသော သူ့အဘိုးအဘွားများ၊ မျိုးရိုးလိုက်သော စိတ်ဝေဒနာကြောင့် အိမ်ထဲတွင်သာ ပိတ်လှောင်ခံထားရသော သူ့အဒေါ်၊ စောစောစီးစီး ကလေးသေဆုံးသွားသော ဘေးအိမ်မှ ဇနီးမောင်နှံနှင့် အကြိမ်ကြိမ် ကွာရှင်းထားသော သူ့ဖခင်၏ အမှုသည်များ ဖြစ်သည်။

တတိယတန်း၏ အဆုံး၌မူ အဖွဲ့လိုက် ရိုက်ကူးထားသော ဓာတ်ပုံအသစ်တစ်ပုံ ရှိနေခဲ့သည်။ ဤဓာတ်ပုံသည် လီဆန်းစီ၏ ကင်မရာဖြင့် ရိုက်ကူးထားခြင်း ဖြစ်သော်လည်း ရိုက်ကူးပေးသူမှာ သူမဟုတ်ပေ။ သူ့ဖခင် သို့မဟုတ် အဒေါ်ရှ ဖြစ်ပုံရသည်။

ဓာတ်ပုံထဲ၌ လီဆန်းစီသည် နီယွန်မီးဆိုင်းတစ်ခုအောက်တွင် ပစ္စည်းများ အပြည့်ထည့်ထားသော ကျောပိုးအိတ်တစ်လုံးကို လွယ်၍ ငြိမ်သက်စွာ ရပ်နေလေသည်။ သူ့ဘေးတွင် ရေပိုက်ပြင်သမား ယူနီဖောင်း ဝတ်ဆင်ထားသော သက်ကြီးပိုင်း အမျိုးသား အလုပ်သမားတစ်ဦးနှင့် ဝှီးချဲပေါ် ထိုင်နေသော ခြေထောက်နှစ်ဖက်လုံး ဖြတ်ထားရသည့် ဝတုတ်မကြီးတစ်ဦး ရှိနေသည်။

ထိုအမျိုးသား၏ အလုပ်သည် မြေအောက် ရေပိုက်ကွန်ရက်များကို ပြုပြင်ထိန်းသိမ်းရခြင်း ဖြစ်သည်။ ပုံမှန်ဆိုလျှင် အဆင်ပြေသော်လည်း မိုးရာသီရောက်ပါက သူသည် အလွန်အလုပ်ရှုပ်သွားတတ်ပြီး အိမ်နှင့် ရက်သတ္တပတ်ပေါင်းများစွာ ဝေးကွာနေတတ်ကာ အချိန်မရွေး အလုပ်ခေါ်လျှင် သွားရတတ်သည်။

ဝတုတ်မကြီးကား လီဆန်းစီအပေါ် မည်သည့်တောင်းဆိုမှုမျှ မရှိသလို အဒေါ်ရှကဲ့သို့ ရွံရှာသောအကြည့်မျိုးလည်း မပြသပေ။ သို့သော်လည်း သူမတွင် ခြေထောက်များ မရှိတော့သောကြောင့် ရံဖန်ရံခါ ဒေါသထွက်တတ်ပြီး ရှေ့တွင်ရှိသမျှ အရာအားလုံးကို ရိုက်ခွဲပစ်တတ်သည်။ သူမ၏ အတွင်းစိတ် နာကျင်မှုများကို ဖော်ထုတ်သော နည်းလမ်းမှာ အခြားလူများ နာကျင်၍ အော်ဟစ်သံများကို နားထောင်ခြင်းပင် ဖြစ်သည်။

ဒဏ်ရာများ ပိုမိုများပြားလာခဲ့ချေပြီ။

ကောင်းမင်၏ အကြည့်များက အပေါ်သို့ ဆက်လက်တက်သွားပြီး စတုတ္ထတန်းမှ ဓာတ်ပုံများပေါ်သို့ ရောက်ရှိသွားသည်။ ယင်းသည် နောက်ထပ် နွေရာသီတစ်ခု ဖြစ်သည်။ လီဆန်းစီသည် အရပ်ရှည်လာသော်လည်း အစားအသောက်ပျက်သောရောဂါကြောင့် ဖြစ်နိုင်သည်။ သူသည် အလွန်ပိန်လှီနေဆဲဖြစ်ပြီး သူ့ဆံပင်များလည်း အမြဲတမ်း စိုထိုင်းနေကာ မျက်နှာတွင် ကပ်နေတတ်သည်။

စတုတ္ထတန်း၏ ပထမဆုံးဓာတ်ပုံသည် ကိုယ့်ကိုယ်ကိုယ် ရိုက်ကူးထားသောပုံ ဖြစ်သည်။ လီဆန်းစီသည် ကျောင်းဝတ်စုံကို ဝတ်ဆင်ထားသော်လည်း တခြားကလေးများနှင့် ယှဉ်လျှင် သူ့အင်္ကျီများသည် အမြဲတမ်း ရွှဲရွှဲစိုနေတတ်သည်။ သူ၏ မွေးစားဖခင်သည် မိလ္လာမြောင်းထဲ၌ အမြဲအလုပ်လုပ်နေသောကြောင့်လား သို့မဟုတ် တစ်စုံတစ်ယောက်က သူ့ကို ရေဖြင့် ပက်လိုက်သောကြောင့်လား ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။

စိုထိုင်းအေးစက်ပြီး ညှိစို့စို့ အနံ့အသက်များနှင့် ငါးညှီနံ့များသည် သူနေထိုင်သော နေရာနှင့် အလွန်တူလှသည်။

ဒုတိယမြောက် ဓာတ်ပုံသည် အိမ်တွင် ရိုက်ကူးထားခြင်းဖြစ်ပြီး ကြွက်တွင်းကဲ့သို့ ဖြစ်နေသော မြေအောက်တစ်ဝက် အခန်းလေးထဲ၌ ဖြစ်သည်။ ညစ်ပတ်သော အလုပ်သမားဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးသည် ကိတ်မုန့်ဘူးကို ဖြေနေခဲ့သည်။ ခြေထောက်နှစ်ဖက်လုံး မရှိတော့သော ဝတုတ်မကြီးမှာမူ ငေးငိုင်သောအမူအရာ ဖြစ်နေပြီး သူမ၏ ပါးစပ်သည် လုံးဝပိတ်မရဘဲ သွားရည်များ ကျဆင်းနေခဲ့သည်။

လီဆန်းစီက ၎င်းကို ကောင်းစွာ သိနေသည်။ ထိုအမျိုးသမီး သွားရည်ကျနေခြင်းမှာ ကိတ်မုန့်စားချင်သောကြောင့် မဟုတ်ဘဲ သူမ၏ အာရုံကြောများ ပျက်စီးနေသောကြောင့်ဖြစ်သည်။ သူမသည် လေဖြတ်လုနီးပါး ဖြစ်နေပြီး အသံလည်း သိပ်မထွက်နိုင်တော့ပေ။

ဝတုတ်မကြီးသည်လည်း သိနေပါသည်။ သူမ၏ ခင်ပွန်းသည် သူ့မွေးနေ့ကို ဂုဏ်ပြုရန် ကိတ်မုန့်ဝယ်လာခြင်း မဟုတ်ကြောင်းကို ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုနေ့သည် သူမ၏မွေးနေ့လည်း မဟုတ်သလို လီဆန်းစီ၏မွေးနေ့လည်း မဟုတ်သောကြောင့် ဖြစ်သည်။ သူသည် နောက်ဆုံးတွင် သူ၏အချုပ်အနှောင်များမှ လွတ်မြောက်သွားခြင်းကို ဂုဏ်ပြုနေခြင်း ဖြစ်နိုင်သည်။

ကိတ်မုန့်စားရသော နေ့များသည် အမြဲလိုလို ပျော်ရွှင်ရသည်သာ။ အနည်းဆုံးတော့ တစ်စုံတစ်ယောက် ပျော်ရွှင်နေသည် မဟုတ်ပါလော။

ရေစိုအင်္ကျီများကို ဝတ်ဆင်ထားရင်း လီဆန်းစီသည် တတိယမြောက် ဓာတ်ပုံကို ရိုက်ကူးခဲ့သည်။ ရေပိုက်ပြင်သမားသည် ကိတ်မုန့်ကို ခြောက်စိပ် လှီးလိုက်ပြီး တစ်စိပ်ကို လီဆန်းစီအား ပေးကာ ကျန်ငါးစိပ်ကိုမူ သူ၏ဇနီးဖြစ်သူအား ခွံ့ကျွေးလိုက်သည်။

သူမက မစားချင်ပုံရသော်လည်း ရေပိုက်ပြင်သမားသည် ဇွန်းဖြင့် သူမ၏ ပါးစပ်ကို အတင်းဖြဲ၍ ကျွေးလိုက်ရာ ကိတ်မုန့်ခရင်မ်များသည် သူမ၏နှုတ်ခမ်းများ၌ ကပ်ငြိသွား၏။ သူမ၏ အသံကိုလည်း တိတ်ဆိတ်သွားစေသည်။

စတုတ္ထမြောက် ဓာတ်ပုံသည် ညအချိန်တွင် ရိုက်ကူးထားခြင်း ဖြစ်သည်။ တံခါး ပွင့်နေပြီး ရေပိုက်ပြင်သမားသည် ပုံမှန်အတိုင်း အချိန်ပိုဆင်းသကဲ့သို့ ပျက်စီးနေသော ပိုက်များကို ညတွင်းချင်း ပြင်ဆင်ရန် သူ၏ ကြွက်တွင်းထဲမှ တွားသွားထွက်လာခဲ့သည်။ အရင်နှင့် မတူသည်မှာ ယခုတစ်ကြိမ်တွင် သူသည် ဇနီးဖြစ်သူ၏ ဝှီးချဲကို တွန်းလာခဲ့ခြင်း ဖြစ်သည်။

သူသည် တစ်စုံတစ်ရာကို ဆုံးဖြတ်ချက် ချလိုက်ပုံရပြီး တစ်ဖက်တွင်လည်း လုံးဝ လမ်းပျောက်နေပုံရသည်။

လီဆန်းစီ၏ ကင်မရာကို သတိထားမိသွားသောအခါ ပုံမှန်ဆိုလျှင် စကားနည်းပြီး ရိုးအသော ထိုအမျိုးသားသည် ထူးထူးခြားခြား သူ့အင်္ကျီများကို ပြန်ပြင်လိုက်ပြီး ကင်မရာမှန်ဘီလူးကို ကြည့်ကာ ပျက်ယွင်းသော အမူအရာဖြင့် လက်ဟန်ခြေဟန် လုပ်ပြလိုက်သည်။ သူသည် အလွန်အရေးကြီးသော ဧည့်သည်တစ်ဦးကို သွားတွေ့တော့မည့်ပုံ ရသည်။

သူ့ပထွေးနှင့် မိထွေးဖြစ်သူတို့သည် ညဉ့်နက်သန်းခေါင်၌ ထွက်သွားခဲ့ကြသည်။ သူတို့ မည်သည့်နေရာသို့ သွားခဲ့ကြသည်ကို ကောင်းမင် မသိသကဲ့သို့ လီဆန်းစီလည်း မသိပေ။

စတုတ္ထတန်း၏ နောက်ဆုံးဓာတ်ပုံသည်လည်း ညဉ့်နက်သန်းခေါင်၌ ရိုက်ကူးထားခြင်းဖြစ်သည်။ လီဆန်းစီ၏ ကင်မရာမှန်ဘီလူးသည် မြေအောက် ရေနုတ်မြောင်းကွန်ရက်၏ အဝင်ပေါက်ကို ချိန်ရွယ်ထားခဲ့သည်။

မြေပြင်ပေါ်တွင် ဝှီးချဲဘီးရာများ ကျန်ရစ်ခဲ့ပြီး မိလ္လာရေများက တိတ်ဆိတ်စွာ စီးဆင်းနေခဲ့သည်။ ယင်းသည် ကင်မရာကို ကိုင်ထားသော လီဆန်းစီ၏ ပုံရိပ်ကို တွန့်လိမ်နေစေခဲ့သည်။ ပုံ၏ အလယ်ဗဟိုတွင် ရေနုတ်မြောင်း ပိုက်လိုင်းများ၏ အနက်ရှိုင်းဆုံးနေရာမှ အမှောင်ထုကြီး တစ်ခုသာ ရှိနေခဲ့သည်။ ဝေဝါးသော အမှောင်ထုကြီးတစ်ခု ဖြစ်သည်။

အပိုင်း (၇၃၁) အမှောင်သေတ္တာထဲက ငါ

အမှောင်ထုထဲတွင် ဘာရှိနေတာလဲ။

ဓာတ်ပုံရဲ့ အမှောင်ရိပ်ထဲမှာ ဘာကို ဖုံးကွယ်ထားတာလဲ။

ကောင်းမင်သည် စတုတ္ထတန်း၏ နောက်ဆုံးဓာတ်ပုံကို ဖြုတ်ယူ၍ လက်ထဲ၌ ကိုင်ထားလိုက်သည်။ သူသည် ဓာတ်ပုံကို သေချာစွာ စစ်ဆေးရင်း အမှောင်ထုအတွင်းသို့ တိတ်ဆိတ်စွာ စိုက်ကြည့်လိုက်သည်။

မြေပြင်ပေါ်ရှိ ဝှီးချဲဘီးရာများသည် သူ၏ ပထွေးဖြစ်သူက ဇနီးသည်ကို အမှောင်ထုထဲသို့ ခေါ်ဆောင်သွားကြောင်း ညွှန်ပြနေခဲ့သည်။ သို့သော်လည်း ကောင်းမင်သည် အမှောင်ထဲတွင် သူတို့ကို မမြင်ရပေ။ လီဆန်းစီသည်လည်း ထိုညက သူတို့ကို ရှာမတွေ့ခဲ့ပုံရသည်။

ဓာတ်ပုံဟူသည်မှာ အေးခဲရပ်တန့်နေသော အခိုက်အတန့်တစ်ခုသာ ဖြစ်ပြီး အဆက်အပြတ်ဖြစ်နေသော မှတ်ဉာဏ်မျိုး မဟုတ်ပေ။ ၎င်းသည် တစ်ခါတစ်ရံ ပြတ်တောင်းပြတ်တောင်း သီဆိုနေသော သီချင်းတစ်ပုဒ်နှင့်တူပြီး စာသားအတော်များများကို နားလည်ရန် ခက်ခဲသည်။

အမှောင်ခန်း၏ နံရံများပေါ်တွင် အောက်ခြေမှ အပေါ်သို့ ရေတွက်ပါက ပထမဆုံး ဓာတ်ပုံတန်းလေးတန်းသည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေပြီး ကိုယ်ပိုင်ယုတ္တိရှိနေသဖြင့် ၎င်းတို့ကို အဓိပ္ပာယ်ဖွင့်ဆိုရန် ကြိုးစားနိုင်သည်။

သို့သော် ပဥ္စမတန်းမှ စတင်၍ ဓာတ်ပုံများသည် ကွဲပြားခြားနားလာတော့သည်။

မွေးစားမိဘများ ပျောက်ဆုံးသွားခြင်းသည် လီဆန်းစီကို အုပ်ထိန်းသူမဲ့ ဖြစ်သွားစေခဲ့သည်။ သို့ဖြင့် မြို့တော်အောက်ပိုင်း ရဲတပ်ဖွဲ့က သူ့ကို မူလအိမ်သို့ ခေတ္တ ပြန်ပို့ခဲ့ကြသည်။

ပဥ္စမတန်း၏ ပထမဆုံး အဖွဲ့လိုက်ဓာတ်ပုံမှာ အနုပညာဆန်စွာ ရိုက်ကူးထားခြင်း ဖြစ်သည်။ နွေးထွေးတောက်ပနေသော ဧည့်ခန်းထဲတွင် အငွေ့တထောင်းထောင်း ထနေသော အစားအစာများကို ထမင်းစားစားပွဲပေါ်တွင် တင်ထားသည်။သို့သော် စားပွဲတွင် ထိုင်နေသူအားလုံးထံမှ အေးစက်သော အငွေ့အသက်များ ထွက်ပေါ်နေလေသည်။

ဖခင်ဖြစ်သူသည် ရှက်ရွံ့သော အပြုံးတစ်ခုကို ဆင်မြန်းထားပြီး မျက်လုံးချင်းဆုံရန် ရှောင်ရှားနေသည်။ အဒေါ်ရှက ခေါင်းငုံ့ထားပြီး တစ်စုံတစ်ခုကို ဖိနှိပ်နေပုံရသည်။ ယခုတွင် အရွယ်ရောက်လာပြီဖြစ်သော ညီငယ်လေးသည် ပန်းကန်ထဲမှ အစားအစာများကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။ ထိုကလေးသည် အရင်ကကဲ့သို့ ချစ်စရာမကောင်းတော့ချေ။ အလွန်အကျွံ အလိုလိုက်ခံခဲ့ရသောကြောင့် ဖြစ်နိုင်သည်။ သူသည် ဖြူဖွေးသောအသားစိုင်ကြီး တစ်ခုကဲ့သို့ အလွန်ဝဖြိုးနေလေသည်။

ဓာတ်ပုံထဲတွင် လီဆန်းစီ မပါပေ။ သူသည် တိတ်ဆိတ်သော မှတ်တမ်းတင်သူ၊ အရိပ်များထဲ၌ ပုန်းကွယ်နေသူ တစ်ဦးသာ ဖြစ်သည်။

ထိုမိသားစုအတွင်း ဘယ်သူမှ လီဆန်းစီကို မနှစ်သက်ကြပေ။ လီဆန်းစီက အိုက်စပ်သော နွေရာသီအပူရှိန်ကို မုန်းတီးသကဲ့သို့ ဖြစ်သည်။ စူးရှသော နေရောင်ခြည်သည် နေမင်းကြီးကို မော့ကြည့်သော မျက်လုံးတိုင်းကို လောင်ကျွမ်းစေမည် ဖြစ်သော်လည်း ရှောင်လွှဲမရနိုင်ပေ။ နေမင်းကြီးသည် ထာဝရတည်ရှိနေပြီး လေထဲတွင် အလိုအလျောက် ပျောက်ကွယ်သွားမည် မဟုတ်သောကြောင့် ဖြစ်သည်။

ဒုတိယမြောက် ဓာတ်ပုံသည် လီဆန်းစီနေထိုင်ခဲ့ဖူးသော ညီငယ်လေး၏ အခန်းဖြစ်သည်။ နံရံတွင် နံရံကပ်စက္ကူအသစ်များ ကပ်ထားပြီး လေအေးပေးစက် တပ်ဆင်ထားကာ စားပွဲနှင့် ကုလားထိုင်အဟောင်းများ အားလုံးကိုပါ အသစ်လဲလှယ်ထားသည်။ လီဆန်းစီသည် ထိုအခန်းကို မှတ်ပင် မမှတ်မိနိုင်တော့ပေ။ ဤမိသားစုအတွင်းမှ သူ့ဘဝ၏ ခြေရာလက်ရာအားလုံးကို ဖျက်ဆီးပစ်ခဲ့ကြသည်။ ဤသည်မှာ ထိုသို့ပြုလုပ်ခြင်းဖြင့် သူ့ကို ဘယ်သူမှ သတိမရတော့စေရန် ရည်ရွယ်ပုံရသည်။

ဒုတိယဓာတ်ပုံ၏ ထောင့်တစ်နေရာတွင် အဒေါ်ရှသည် ဝတုတ်နေသော ညီငယ်လေးကို အနိုင်နိုင် ပွေ့ချီထားသည်။ သူမမျက်လုံးများထဲရှိ ခံစားချက်သည် ရွံရှာမှုသက်သက် မဟုတ်ဘဲ ကြောက်ရွံ့မှုလည်း ပါဝင်နေသည်။

လီဆန်းစီ၏ မွေးစားမိဘများ ပျောက်ဆုံးသွားခြင်းသည် အဒေါ်ရှ၏ ကြောက်ရွံ့မှုကို ပိုမိုပြင်းထန်စေခဲ့သည်။ ဖြစ်နိုင်သည်မှာ သူမစိတ်ထဲတွင် ထိုရိုးသားအေးဆေးသော ဇနီးမောင်နှံ ပျောက်ဆုံးသွားခြင်းသည် လီဆန်းစီနှင့် ပတ်သက်နေမည်ဟု ထင်မြင်နေခြင်း ဖြစ်နိုင်သည်။

တတိယမြောက် ဓာတ်ပုံ၌ ဖြူဖျော့သော အသားအရေဖြင့် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးကို ပြသထားသည်။ သူမ၏ လက်နှင့် ခြေထောက်များတွင် ဒဏ်ရာအသေးစားလေးများ ရှိနေခဲ့သည်။ ဖခင်ဖြစ်သူသည် လက်ဆောင်ပစ္စည်းများကို ကိုင်ဆောင်၍ ထိုအမျိုးသမီးနှင့် စကားပြောဆိုနေသည်။

ကောင်းမင်သည် ထိုအမျိုးသမီးကို ယခင်ဓာတ်ပုံများတွင် တွေ့မြင်ဖူးသည်။ သူမသည် လီဆန်းစီ၏ အဒေါ်ဖြစ်ပြီး မျိုးရိုးလိုက်သော စိတ်ဝေဒနာကြောင့် အိမ်ထဲတွင်သာ ပိတ်လှောင်ခံထားရသည့် သနားစရာကောင်းသူတစ်ဦး ဖြစ်သည်။

ဓာတ်ပုံကို ကြည့်ရသလောက် အဒေါ်ဖြစ်သူ၏ ကျန်းမာရေးသည် အနည်းငယ် ပြန်လည်ကောင်းမွန်လာပုံရပြီး တစ်ချက်ကြည့်ရုံဖြင့် ရူးသွပ်နေသူတစ်ယောက်နှင့် မတူပေ။

‘လီဆန်းစီရဲ့ မိသားစုမှာ မျိုးရိုးလိုက်တဲ့ စိတ်ရောဂါ ရှိတယ်၊ ဒါပေမဲ့ ငါ့မှတ်ဉာဏ်တွေနဲ့ ပေါင်းစပ်နေတဲ့ လီဆန်းစီကတော့ လုံးဝ သာမန်ပဲ’

မွေးစားမိဘများ ပျောက်ဆုံးသွားပြီးနောက် ဖခင်ဖြစ်သူနှင့် အဒေါ်ရှတို့သည် လီဆန်းစီကို အဒေါ်ဖြစ်သူ၏ အိမ်သို့ ပို့ဆောင်ခဲ့ကြသည်။ နေ့စဉ်နေ့တိုင်း အဒေါ်ဖြစ်သူသည် လီဆန်းစီကို မကုန်ခန်းနိုင်သော ပုံပြင်များနှင့် စကားများ ပြောပြလေ့ရှိသည်။ ၎င်းမှာ လွန်ခဲ့သော ဆယ်နှစ်ကျော်အတွင်း စုပြုံနေခဲ့သော စကားများကို အကုန်သွန်ချနေသည့်အလား ဖြစ်သည်။

သာမန်လူတစ်ဦးပင်လျှင် ထိုကဲ့သို့သော ပတ်ဝန်းကျင်၌ ရူးသွပ်သွားနိုင်သည် ဖြစ်ရာ မူလကပင် ပုံမှန်မဟုတ်သော ဝိညာဉ်တစ်ခုအတွက် ဆိုလျှင်မူ ပြောစရာမလိုတော့ပေ။

ပဥ္စမတန်း၏ စတုတ္ထမြောက် ဓာတ်ပုံမှာ ကိုယ့်ကိုယ်ကိုယ် ရိုက်ကူးထားသော နောက်ထပ်ပုံတစ်ပုံ ဖြစ်သည်။ လီဆန်းစီသည် အဒေါ်ဖြစ်သူ၏ အိပ်ခန်းထဲ ရပ်နေရင်း ဇဝေဇဝါ ဖြစ်နေသော အကြည့်များဖြင့် ကင်မရာကို စိုက်ကြည့်နေလေသည်။ ၎င်းမှာ ဓာတ်ပုံအပြင်ဘက်ရှိ တစ်စုံတစ်ဦးကို ကြည့်နေခြင်း သို့မဟုတ် ကင်မရာထဲသို့ တွားဝင်ရန် ကြိုးစားနေခြင်းနှင့် တူလှသည်။ ဤဓာတ်ပုံသည် ရှိသမျှ ဓာတ်ပုံအားလုံးထဲတွင် အထူးခြားဆုံးနှင့် ခြောက်ခြားစရာ အကောင်းဆုံးဖြစ်သည်။ ၎င်းက ကောင်းမင်အား အလွန်ထူးဆန်းသော ခံစားချက်ကို ပေးစွမ်းနေသည်။

၎င်းမှာ သူတို့နှစ်ဦးသည် ဤဓာတ်ပုံမှတစ်ဆင့် အချိန်ကာလကို ဖြတ်ကျော်၍ ဆုံတွေ့ကြသကဲ့သို့ပင် ဖြစ်သည်။ ကောင်းမင်သည် မိမိနှင့် ကွဲကွာနေသော လီဆန်းစီ၏ အစိတ်အပိုင်းတစ်ခုကို ပြန်လည်ရှာတွေ့လိုက်သကဲ့သို့ ခံစားလိုက်ရသည်။

လီဆန်းစီသည် အဒေါ်ဖြစ်သူ၏ အိမ်၌ မည်သို့ဖြစ်ပျက်ခဲ့ကြောင်း ကောင်းမင် မသိရပေ။ နောက်ဆက်တွဲ ဓာတ်ပုံများ၌ အဒေါ်ဖြစ်သူနှင့် ပတ်သက်သည့် မည်သည့်အရာမှ မပါတော့သလို သူမ၏ အိမ်မှာလည်း ဇာတ်လမ်းများထဲတွင် မပါဝင်တော့ပေ။

ပဥ္စမတန်း၏ ပဥ္စမမြောက်ဓာတ်ပုံကိုမူ ခိုးကြည့်သည့် ရှုထောင့်မှ ရိုက်ကူးထားခြင်း ဖြစ်သည်။ သူသည် ပြတင်းပေါက် အပြင်ဘက်မှနေ၍ အဒေါ်ရှက သူမ၏ ကလေးကို ပြုစုနေသည်ကို ရိုက်ကူးထားခြင်း ဖြစ်သည်။ ထိုမြင်ကွင်းသည် အနည်းငယ် မှောင်မိုက်နေပြီး ကင်မရာက ပြတင်းပေါက်မှန်ကို ထိလုနီးပါးအထိ တဖြည်းဖြည်း အနီးကပ် ဆွဲယူထားခြင်းဖြစ်သည်။

လီဆန်းစီ၏ အိမ်နှင့်မတူဘဲ အဒေါ်ရှ၏ အိမ်သည် လင်းလက်တောက်ပပြီး ပျော်ရွှင်စရာ ကောင်းလှသည်။ သူမ၏ သားငယ်လေးမှာလည်း လိမ္မာယဉ်ကျေးလှသည်။ ဤလှပမှုအားလုံးကို ပြတင်းပေါက်မှန်မှ တစ်ဆင့်ပင် ခံစားသိရှိနိုင်လေသည်။

ဆဋ္ဌမ၊ သတ္တမနှင့် အဋ္ဌမမြောက် ဓာတ်ပုံများသည် ရှုထောင့်အမျိုးမျိုးမှ သူတို့၏ မိသားစုများအကြောင်းကို ရိုက်ကူးထားပြီး နောက်ဆုံးဓာတ်ပုံသို့ ရောက်ရှိလာသည်။

စိုထိုင်း၍ အေးစက်မှောင်မိုက်သော မြေအောက်ရေနုတ်မြောင်း ကွန်ရက်၏ အဝင်ပေါက်တွင် ယခင်ကရှိခဲ့ဖူးသော ဝှီးချဲဘီးရာများမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ထိုနေရာတွင် သတိပေးတားမြစ်ချက်များနှင့် အမှိုက်များကသာ အစားထိုး နေရာယူထားခဲ့သည်။

မိလ္လာရေများ စီးဆင်းနေပြီး လီဆန်းစီ၏ တွန့်လိမ်နေသော ပုံရိပ်ကို ထင်ဟပ်နေစေသည်။ ကင်မရာသည် အနံ့အသက်ဆိုးလှသော ရေမျက်နှာပြင်ကို ဖမ်းယူထား၏။ ထိုနေရာ၌ လှီးဖြတ်ထားသော မုန်လာဥဖြူတစ်လုံးကဲ့သို့ ဖြူဖွေးချောမွတ်ပြီး တုတ်ခိုင်သော ကလေးငယ်တစ်ဦး၏ ဖြတ်တောက်ခံထားရသော အင်္ဂါအစိတ်အပိုင်းတစ်ခု မျောပါနေခဲ့သည်။

ကြောက်ရွံ့ခြင်းဆိုသည်မှာ မဖြစ်လာသေးသော အရာတစ်ခုအပေါ် ကြောက်မက်ဖွယ်ကောင်းသော ခန့်မှန်းချက်တစ်ခုပင် ဖြစ်သည်။ တစ်စုံတစ်ရာ မဖြစ်ပျက်သေးသောကြောင့် လူတို့သည် ကြောက်ရွံ့ခြင်းကို ခံစားရခြင်း ဖြစ်သည်။

သို့သော် ထိုခန့်မှန်းချက် လက်တွေ့ ဖြစ်လာသောအခါတွင် ကြောက်ရွံ့ခြင်းသည် နာကျင်မှု၊ ဒေါသနှင့် စိတ်ပျက်အားငယ်ခြင်းကဲ့သို့သော အခြားစိတ်ခံစားမှုများအဖြစ် ပြောင်းလဲသွားနိုင်သည်။

ကောင်းမင်၏ အကြည့်သည် ကလေးငယ်၏ ဖြတ်တောက်ထားသော အင်္ဂါအစိတ်အပိုင်းများပေါ်၌ စွဲမြဲနေခဲ့သည်။ သူ့မျက်လုံးများသည် မိလ္လာရေများနှင့်အတူ နိမ့်ချည်မြင့်ချည် ဖြစ်နေသကဲ့သို့ ခံစားရသည်။ တစ်တန်းပြီးတစ်တန်း ရှိနေသော ဓာတ်ပုံများသည် တစ်ခုထက်တစ်ခု ပိုမိုဖိနှိပ်လာသဖြင့် ကောင်းမင်သည် အမှောင်ခန်းအတွင်း၌ အသက်ရှူရ ခက်ခဲလာတော့သည်။

မြေအောက် ရေနုတ်မြောင်းကွန်ရက်၏ နက်ရှိုင်းသော အမှောင်ထုသည် လီဆန်းစီကို လှမ်းခေါ်နေပုံ ရသည်။ သူနှင့် ကောင်းမင်တို့ နှစ်ဦးလုံးသည် ထိုနေရာတွင် မည်သည့်အရာ ဖုံးကွယ်ထားသည်ကို သို့မဟုတ် ထိုအမှောင်ထု၏ အနက်ရှိုင်းဆုံးနေရာ၌ မည်သည့်အရာ ရှိနေသည်ကို သိလိုကြသည်။

ဆဋ္ဌမတန်း၏ ပထမဆုံးဓာတ်ပုံတွင် စိုထိုင်းထိုင်းအဝတ်အစားများ ဝတ်ဆင်ထားပြီး ပစ္စည်းမျိုးစုံ ထည့်ထားသည့် ကျောပိုးအိတ်ကို လွယ်ထားသော လီဆန်းစီသည် မြေအောက် ရေနုတ်မြောင်း ကွန်ရက်အတွင်းသို့ ပျောက်ကွယ်သွားခဲ့သည်။

ထိုပုံသည် ကိုယ့်ကိုယ်ကိုယ် ရိုက်ထားသော ပုံမဟုတ်ပေ။ တစ်စုံတစ်ယောက်က လီဆန်းစီ၏ ကျောပြင်ကို ရိုက်ကူးထားခြင်း ဖြစ်သည်။ ထိုသူမှာ မည်သူနည်း။

လီဆန်းစီ၏ ကင်မရာကို ကိုင်၍ သူအမှောင်ထုအတွင်းသို့ ဝင်သွားသည်ကို မည်သူက ရိုက်ပေးခဲ့သနည်း။

‘ငါလား’

သူ့စိတ်ထဲတွင် ထူးဆန်းသော အတွေးတစ်ခု ရုတ်တရက် ပေါ်ပေါက်လာသဖြင့် ကောင်းမင် တောင့်တင်းသွားရသည်။ သူသည် လီဆန်းစီ၏ မှတ်ဉာဏ်များနှင့် အမှန်တကယ် ပေါင်းစပ်နေခဲ့ခြင်း ဖြစ်သော်လည်း သူသည် ကောင်းမင်သာဖြစ်ပြီး ဘယ်သောအခါမှ လီဆန်းစီ ဖြစ်လာနိုင်မည် မဟုတ်ပေ။

“ဒီဓာတ်ပုံတွေက... ငါ့ကို နည်းနည်း စိတ်မသက်မသာ ဖြစ်စေတယ်”

သူ့အကြည့်ကို ရွှေ့လိုက်သောအခါ ဆဋ္ဌမတန်းရှိ ဓာတ်ပုံအားလုံးသည် အလားတူ ရှုထောင့်မှ ရိုက်ကူးထားခြင်း ဖြစ်ကြောင်း ကောင်းမင် သတိပြုမိသည်။ လီဆန်းစီသည် ရဲတပ်ဖွဲ့၏ လိုက်လံဖမ်းဆီးမှုမှ လွတ်မြောက်ရန် မြေအောက်ရေနုတ်မြောင်းအတွင်း ပုန်းအောင်းနေပုံရသည်။ သူသည် အမှောင်ထုထဲသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်သွားခဲ့ပြီး ပျောက်ဆုံးနေသော မွေးစားမိဘများနှင့် မတွေ့ဆုံခဲ့ဘဲ အခြားသော အရာမျိုးစုံနှင့်သာ တွေ့ဆုံခဲ့သည်။ မိခင်ဖြစ်သူ ပေးခဲ့သော ပလတ်စတစ် အရုပ်လေးများသည် အပိုင်းပိုင်းကျိုးပဲ့နေပြီး ထောင့်တစ်နေရာ၌ စုပုံနေခဲ့သည်။ သူ့အဝတ်အစားများနှင့် ပန်းကန်ခွက်ယောက်များကို အဒေါ်ရှက အမှိုက်အဖြစ် စွန့်ပစ်ထားသည်။ မိလ္လာရေများ ပြည့်နေသော ကျောင်းလွယ်အိတ်နှင့် သူ့မိခင်ကို သတ်ခဲ့သော လူသတ်သမားကိုလည်း တွေ့ရသည်။

ပြုံးနေသော လူသတ်သမားသည် မြေအောက်ရေနုတ်မြောင်း၏ ထောင့်တစ်နေရာတွင် ဆောင့်ကြောင့်ထိုင်နေခဲ့သည်။ သူသည် မငယ်ရွယ်တော့ပေ။ သူ့ခြေထောက်များသည် ထိုးဖောက်ခံထားရသဖြင့် ဖားတစ်ကောင်ကဲ့သို့ အတင်းအကျပ် ဆောင့်ကြောင့်ထိုင်နေရသည်။

“သူက ဘာလို့ ဒီရောက်နေတာလဲ”

ဖခင်ဖြစ်သူက ကာကွယ်ပေးခဲ့သော ထိုအရူးသည်လည်း နက်ရှိုင်းသော အမှောင်ထုထဲတွင် အသက်ရှင်လျက် ရှိနေဆဲ ဖြစ်သည်။

ဆဋ္ဌမတန်း၏ နောက်ဆုံးဓာတ်ပုံကိုမူ မြေအောက်ရေနုတ်မြောင်း၏ အဆုံးသတ်ဖြစ်သော မိလ္လာရေများ စုဝေးကာ အနက်ရောင်ရေအိုင်ကြီး ဖြစ်နေသည့် နေရာ၌ ရိုက်ကူးထားခြင်း ဖြစ်သည်။ သူ့မိခင်ကို သတ်ခဲ့သော ထိုအရူးသည် ခန္ဓာကိုယ်တွင် သံချောင်းများ ထိုးစိုက်ခံထားရပြီး နံစော်နေသော မြေပြင်ပေါ်၌ ဒူးထောက်နေသည်။ လီဆန်းစီသည် ထိုသူ၏ လည်ပင်းကို ကြိုးဖြင့် ပတ်ကာ တဖြည်းဖြည်း တင်းကျပ်အောင် ဆွဲလိုက်သည်။

သူသည် ထိုအရူး၏ ရယ်မောသံကို နားထောင်နေရင်း သူ့အကြည့်များက ယခင်ကထက် ပိုမိုတည်ငြိမ်နေခဲ့သည်။ သူသည် သူ့ရှေ့ရှိ နက်မှောင်နောက်ကျိနေသော မိလ္လာရေများ စီးဆင်းနေသည့် နက်ရှိုင်းလှသော ရေအိုင်ကြီးကို စိုက်ကြည့်နေခဲ့သည်။ အမှောင်ထုသည် သူ့ခန္ဓာကိုယ်အတွင်းသို့ တဖြည်းဖြည်း စီးဝင်လာပြီး သူ့ကို ဝါးမြိုသွားတော့သည်။

အပိုင်း (၇၃၂) ပိုက်ဆံတွေ ဘယ်ရောက်သွားလဲ

ကင်မရာက ဖမ်းယူထားသော ကမ္ဘာကြီးနှင့် မျက်စိနှင့် မြင်ရသော ကမ္ဘာကြီးတို့သည် မည်သို့ ကွာခြားသနည်း။ အကယ်၍ လူသားတို့၏ အသားနှင့် အသွေးကို ဝိညာဉ်အား ပိတ်လှောင်ထားသည့် အမှောင်သေတ္တာတစ်ခုဟု ယူဆလျှင်မူ ကွာခြားချက်ရှိမည် မဟုတ်ပေ။

ကောင်းမင်သည် ဆဋ္ဌမတန်းရှိ ဓာတ်ပုံများကို ကြည့်ရှုပြီးနောက် မေးခွန်းတစ်ခုက သူ့ကို စိတ်ရှုပ်ထွေးနေစေသည်။ လီဆန်းစီကို ဘယ်သူ ဓာတ်ပုံရိုက်ပေးတာလဲ။

ဆဋ္ဌမတန်းရှိ ဓာတ်ပုံအားလုံးတွင် လီဆန်းစီကို တစ်စုံတစ်ယောက်က ဓာတ်ပုံရိုက်ပေးထားခြင်းဖြစ်သည်။ ထိုလူသည် လီဆန်းစီနောက်မှ မြေအောက် ရေနုတ်မြောင်းကွန်ရက်အတွင်းသို့ လိုက်ပါသွားခဲ့ခြင်း ဖြစ်သည်။ သူက ဘယ်သူလဲ။

ပြန်ပေးဆွဲခံရတဲ့ သူ့ညီငယ်လေးလား။ မျိုးရိုးလိုက် စိတ်ဝေဒနာ ခံစားနေရတဲ့ သူ့အဒေါ်လား။ ရေပိုက်ပြင်သမားအဖြစ် အလုပ်လုပ်ခဲ့တဲ့ သူ့မွေးစားအဖေလား။ သို့မဟုတ် လီဆန်းစီကပဲ ကင်မရာကို ကြိုတင်တပ်ဆင်ထားထားပြီး ပုံသေနေရာတစ်ခုကနေ ရိုက်ခဲ့တာလား။   

“ငါ မြေအောက်ရေနုတ်မြောင်းကွန်ရက်ကို သွားကြည့်သင့်တယ်ထင်တယ်”

ကောင်းမင်သည် အသက်ပြင်းပြင်းရှူလိုက်သော်လည်း သူ့ရင်ဘတ်ထဲတွင် တင်းကျပ်မှုကို ခံစားနေရဆဲ ဖြစ်သည်။ သူသည် ထိုအခန်းထဲ ဆက်နေရန် အမှန်တကယ် ငြင်းဆန်ချင်နေသည်။ သူ့အကြည့်သည် နံရံ၏ အပေါ်ဆုံးပိုင်း သတ္တမမြောက်အတန်းဆီသို့ ကျရောက်သွားရာ ထိုနေရာ၌ နောက်ဆုံးဓာတ်ပုံကို ကပ်ထားသည်။

မှန်ဘီလူးသည် မြို့ကြီး၏ မိလ္လာရေများစုဝေးရာ နက်ရှိုင်းသော ရေအိုင်ကြီးအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားပုံရသည်။ ယင်းနေရာသည် မြို့တစ်မြို့လုံး၏ အညစ်အကြေးများနှင့် အနည်အနှစ်များစုပုံရာနေရာနှင့် အလင်းရောင် လုံးဝမရောက်နိုင်သော အမှောင်ထု၏ နယ်မြေဖြစ်သည်။

ဓာတ်ပုံအားလုံးကို သိမ်းဆည်းပြီးနောက် ကောင်းမင်သည် အမှောင်ခန်းအတွင်း ထပ်မံရှာဖွေလိုက်သည်။ သူသည် ကြွေပြားတိုင်းကို လိုက်ခေါက်ကြည့်ခြင်း၊ ဆေးသုတ်ထားသော နေရာတိုင်းကို ထိတွေ့ကြည့်ခြင်းနှင့် မျက်နှာကျက်ကိုပါမကျန် စစ်ဆေးသော်လည်း အရေးကြီးဆုံးအရာဖြစ်သည့် လီဆန်းစီ၏ ကင်မရာကို ရှာမတွေ့ခဲ့ပေ။

“သူ အဲ့ဒီကင်မရာကို မြေအောက်ရေနုတ်မြောင်းထဲမှာပဲ ထားခဲ့တာလား၊ သူက ဖလင်ကိုပဲ ထုတ်လာခဲ့တာလား”

ဓာတ်ပုံထဲမှ လီဆန်းစီနှင့် ကောင်းမင်၏မှတ်ဉာဏ်များအတွင်း ပေါင်းစပ်နေသော လီဆန်းစီတို့သည် လုံးဝကွဲပြားသော လူသားနှစ်ဦးကဲ့သို့ ဖြစ်နေခဲ့သည်။ သူသည် လီဆန်းစီ၏ မှောင်မိုက်သော အတွေးအချို့ကို ခံစားသိရှိနိုင်သည်။ သို့သော် ဓာတ်ပုံထဲတွင် မှတ်တမ်းတင်ထားသော သူ့ကလေးဘဝ အတွေ့အကြုံများ၊ ဖြစ်ရပ်များနှင့် နှိုင်းယှဉ်လျှင်မူ သူသည် စာရိတ္တဆရာတစ်ဦးကဲ့သို့ပင် အပြစ်ကင်းစင်နေလေသည်။

“လီဆန်းစီက မြေအောက်ရေနုတ်မြောင်းထဲကနေ ဘယ်လို ပြန်ထွက်လာတာလဲ၊ အဲ့ဒီ မှတ်ဉာဏ်က ကင်မရာရဲ့ မှန်ဘီလူးထဲမှာပဲ ဝှက်ထားတာလား၊ ဒါမှမဟုတ် နက်ရှိုင်းတဲ့ မိလ္လာကန်ထဲမှာပဲ မြှုပ်နှံခံထားရတာလား”

ကောင်းမင် မစဉ်းတတ်သလို လီဆန်းစီကလည်း သူ့ကို အဖြေမပေးခဲ့ပေ။ နောက်ထပ် ဘယ်နေရာသို့ သွားရမည်ကို သူစဉ်းစားနေစဉ် သုတ်ဆေးများ ပက်ဖျန်းထားသည့် လှေကားထစ်များဆီမှ ခြေသံများ ပဲ့တင်ထပ်လာသည်။

လုံခြုံရေးတံခါးကို အတင်းအဓမ္မ ထုရိုက်သံများ ထွက်ပေါ်လာသည်။ထိုထုရိုက်သံများကြောင့် အဆောက်အဦးကြီးတစ်ခုလုံး ပြိုကျတော့မည့်အလား ခံစားရသည်။

“လီဆန်းစီ၊ အကြွေးပြန်ဆပ်ရမယ်ဆိုတာ သဘာဝပဲကွ ၊မင်းအထဲမှာ ရှိနေတာ ငါတို့ သိတယ်နော်၊ မင်း ဒီနေ့ ပြတင်းပေါက်ကနေ ခုန်မချရင်တော့ အပြင်ထွက်ဖို့ မစဉ်းစားနဲ့”

ကြမ်းတမ်းသော အသံနှင့် ရုန့်ရင်းသော လုပ်ရပ်များကြောင့် အကြွေးရှင်များ ရောက်ရှိလာပြီဖြစ်ကြောင်း သိလိုက်ရသည်။

သို့သော်လည်း ထိုပြင်ပဆူညံသံများကြောင့်ပင် ကောင်းမင်သည် သူ့အတွေးများထဲမှ နိုးထလာခဲ့သည်။ နောက်ဆုံးတွင် သူ့အကြည့်ကို လီဆန်းစီ၏ ဓာတ်ပုံပေါ်မှ ခွာလိုက်နိုင်ပြီး အမှောင်ခန်းထဲမှ လှမ်းထွက်လာခဲ့သည်။

သူ အပြင်သို့ လှမ်းထွက်လိုက်သည့် အခိုက်အတန့်တွင် အသက်ရှူခြင်းက ပြန်လည် ချောမွေ့သွား၏။ သူ့မှတ်ဉာဏ်များလည်း ကြည်လင်လာကာ လီဆန်းစီနှင့် ပတ်သက်သော စိတ်ထဲရှိအရာများမှာ သူ့ကို ဆက်လက်မလွှမ်းမိုးနိုင်တော့ပေ။

“လီဆန်းစီ၊ တံခါးဖွင့်စမ်း”

တူနှင့် ပုဆိန်တို့က သော့ခလောက်ကို အတင်းထုရိုက်နေသည်။ ကောင်းမင်သည် ဧည့်ခန်းကို ဖြတ်ကျော်၍ တံခါးကို ဖွင့်ပေးလိုက်သည်။

အပြင်ဘက်ရှိ အကြွေးရှင်များသည် လီဆန်းစီက ဤမျှအလွယ်တကူဖြင့် တံခါးဖွင့်ပေးလိမ့်မည်ဟု မထင်မှတ်ထားကြပေ။ ကောင်းမင်က တံခါးကို ရုတ်တရက် ဖွင့်လိုက်ချိန်တွင် သူတို့သည် တံခါးကို အားကုန်သုံး၍ တိုက်ခိုက်နေကြခြင်းဖြစ်သည်။သို့ဖြင့် ရှေ့ဆုံးမှ နှစ်ဦးမှာ အရှိန်မထိန်းနိုင်ဘဲ အခန်းထဲသို့ လွင့်စဉ်ဝင်လာကြသည်။ သူတို့သည် ဖုန်တလူးလူးဖြင့် ကောင်းမင်ခြေရင်း၌ ပက်လက်လန်ကာ လဲကျသွားကြသည်။ ယခင်က ရှိခဲ့သော သူတို့၏ ဟိတ်ဟန်များမှာလည်း အလွန်အမင်း ကျဆင်းသွားတော့သည်။

“မင်း တော်တော် သတ္တိရှိတာပဲ၊ မင်းတကယ်ကြီး တံခါးဖွင့်ရဲတယ်ပေါ့”

အာဖရိုဆံပင်ပုံစံနှင့် လည်ပင်းတွင် ဦးခေါင်းခွံဆွဲသီး ဆွဲထားသော လူတစ်ယောက်ရပ်နေခဲ့သည်။ သူသည် ဆေးလိပ်နှစ်လိပ်ကို တစ်ပြိုင်တည်း သောက်နေပြီး ရော့ခ်ဂီတပညာရှင် တစ်ဦးနှင့် တူနေသည်။

“အကြွေးကုမ္ပဏီက မင်းရဲ့ အကြွေးတွေကို ငါတို့ ဦးခေါင်းခွံအဖွဲ့ဆီ ရောင်းလိုက်ပြီကွ၊ မင်း ဒီနေ့ အကြွေးမဆပ်ရင် ဒီအိမ်က ငါတို့အိမ် ဖြစ်ပြီ”

ထိုလူမိုက်၏ လေသံက မောက်မာနေသော်လည်း ကောင်းမင်သည် ဦးခေါင်းခွံအဖွဲ့အကြောင်း တစ်ခါမှ မကြားဖူးပေ။ ထို့ပြင် ဤကဲ့သို့သော အကြွေးဆိုးများကို လက်ခံယူမည့်သူ ရှိလိမ့်မည်ဟုလည်း သူ မယုံကြည်ပေ။

“ငါ့အိမ်ကို ကျူးချွမ်းအဖွဲ့နဲ့ ဝမ်ရှန့်ဂိုဏ်းက ကုမ္ပဏီတွေဆီ အကြိမ်ပေါင်းများစွာ ပေါင်နှံထားပြီးသားပဲ၊ မင်းတို့ နေချင်သလောက် နေလို့ရပါတယ်၊ ဒါပေမဲ့ တခြား အကြွေးရှင်တွေလည်း မကြာခင် ရောက်လာလိမ့်မယ်”

ကောင်းမင်သည် ဘာမှဆုံးရှုံးစရာ မရှိတော့သူတစ်ဦးကဲ့သို့ သရုပ်ဆောင်လိုက်သည်။

“ချီးပဲ၊ မင်းက ငါတို့ကို လှည့်စားနေတာလား”

ထိုလူမိုက်သည် ဆေးလိပ်ကို အားရပါးရရှိုက်လိုက်ရာ ဆေးလိပ်နှစ်လိပ်မှာ လျင်မြန်စွာ ကုန်သွားပြီးနောက် မီးခိုးငွေ့ အမြောက်အမြားကို မှုတ်ထုတ်လိုက်သည်။

“ဆေးလိပ် နှစ်လိပ်ကို တပြိုင်တည်းသောက်တာက မင်းရဲ့ ထူးခြားချက်လား၊ တော်တော် ဦးနှောက်မရှိတဲ့ ပုံစံပဲ”

ကောင်းမင်သည် စိတ်ထဲတွင်သာ တွေးလိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း လီဆန်းစီ၏ ဓာတ်ပုံများကို အလွန်အမင်းကြည့်ရှုခဲ့ရသဖြင့် ထိုခံစားချက်က မပျောက်သွားသေးဘဲ ပါးစပ်မှ လွှတ်ခနဲ ပြောမိသွားသည်။

သူ့စကားကို ကြားသောအခါ ထိုလူမိုက်သည် မီးခိုးငွေ့ရှူမိသွားခြင်းလော သို့မဟုတ် ဒေါသထွက်သွားခြင်းလော မသိရဘဲ မျက်နှာတစ်ခုလုံး နီမြန်းလာပြီး အော်ဟစ်လိုက်သည်။

“မင်း ခွေးမသား”

တံခါးကို တိုက်မိသော လူနှစ်ယောက်ကလည်း ပြန်ထလာကြသည်။ တစ်ယောက်သည် ဝဖိုင့်ဖိုင့်ဖြင့် သန်မာပုံရသော်လည်း တိုက်ခိုက်ရေး အတွေ့အကြုံ မရှိကြောင်း ထင်ရှားနေသည်။ သူ၏ ကိုယ်လက်လှုပ်ရှားမှုက အလွန် လေးလံနေပေသည်။ အခြားတစ်ယောက်မှာမူ အသက် ခြောက်ဆယ်ကျော်ခန့် ရှိနေပြီး ထိုလူမိုက်၏ အဘိုးပင် ဖြစ်နိုင်သည်။ သုံး‌ယောက်လုံး၏ လည်ပင်းတွင် အနက်ရောင် ဦးခေါင်းခွံဆွဲသီးများ ဆွဲထားကြရာ ကြည့်ရသည်မှာ ခေ‌တ်မမီသော ပုံစံမျိုး ပေါက်နေလေသည်။

“ဘာ ကြောင်ကြည့်နေတာလဲ၊ အပေါ်ကို တက်၊ သူ့ကို ဆော်စမ်း၊ သေအောင် ချကြ”

ထိုလူမိုက်သည် ပါးစပ်ထဲမှ မကုန်သေးသော ဆေးလိပ်နှစ်လိပ်ကို ထွေးထုတ်လိုက်ပြီး သူ့ဘောင်းဘီအိတ်ထဲမှ အဆူးများပါသော လက်သီးစွပ်တစ်ခုကို ထုတ်လိုက်သည်။ ၎င်းကို အသုံးမပြုသည်မှာ ကြာပြီဖြစ်၍ လက်သီးစွပ်ကို ထုတ်လိုက်စဉ် အဆူးများက ဘောင်းဘီနှင့် ငြိကာ ဗြစ်ခနဲ ပြဲသွားရပြန်သည်။

သူတို့ ဘော့စ်၏ စကားကို ကြားသောအခါ နောက်လိုက်နှစ်ယောက်သည် ခဏမျှ တုံ့ဆိုင်းသွားပြီး အင်တာနက်ပေါ်မှ နာမည်ကြီးသူများ သင်ပေးထားသည့် တိုက်ခိုက်ရေး အနေအထားမျိုးကို ပြုလုပ်လိုက်ကြသည်။

သူတို့သည် ပုဆိန်များကို ဘေးချ၍ ကောင်းမင်ထံသို့ ဘေးတစ်ဖက်စီမှ သတိကြီးစွာဖြင့် ချဉ်းကပ်လာကြသည်။ ၎င်းမှာ သူတို့၏ ပထမဆုံးသော အစစ်အမှန်တိုက်ပွဲ ဖြစ်ပုံရသည်။

“သူ့ကို သင်ခန်းစာ ကောင်းကောင်းပေးလိုက်စမ်း၊ သူ့အဆင့် သူသိအောင် လုပ်ပစ်လိုက်”

လူမိုက်သည် ရက်စက်သောအသွင်အပြင်ဖြင့် သူ့နောက်လိုက်နှစ်ယောက်၏ နောက်၌ ရပ်နေရင်း လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ ယုတ်မာစွာ ပြုံးပြလိုက်သည်။

“အမှောင်ထုတွေ ဖုံးလွှမ်းနေတဲ့ ဒီမြို့ကြီးက တကယ်ကို အမျိုးစုံတာပဲ၊ ကလေးတွေကို စမ်းသပ်မှုတွေ လုပ်နေတဲ့ ကျူးချွမ်းအဖွဲ့လို မိစ္ဆာတွေ ရှိသလို မင်းတို့လို ရိုးအပြီး ဦးနှောက်မရှိတဲ့ အရူးတွေလည်း ရှိတာပဲ”

ထိုလူမိုက်များ အနားသို့ မရောက်မီမှာပင် ကောင်းမင်သည် သူ၏နောက်အိတ်ကပ်ထဲမှ နံပါတ်မပါသော အနက်ရောင် သေနတ်တစ်လက်ကို ဆွဲထုတ်၍ လူမိုက်ခေါင်းပေါ်ရှိ မီးလုံးကို ချိန်ရွယ်လိုက်သည်။

“ဒိုင်း”

အလုံပိတ် အခန်းအတွင်း သေနတ်သံသည် နားစည်ကို ထိုးခွဲသွားသကဲ့သို့ ပြင်းထန်လှသည်။ ယမ်းနံ့များက နှာခေါင်းအတွင်း ပျံ့နှံ့သွား၏။ မီးဆိုင်းမှ ဖန်ကွဲစများသည် နေရာအနှံ့ လွင့်စဉ်သွားပြီး ထိုလူမိုက်၏ ဆံပင်များပေါ်သို့ ကျရောက်သွားသည်။

သူ့မျက်နှာပေါ်ရှိ “ယုတ်မာသော အပြုံး” က တောင့်တင်းသွားရသည်။ ထိုသေနတ်သံသည် သူ့မျက်လုံးများကို ကြည်လင်သွားစေပြီး သူ့အား မကောင်းမှုလမ်းစဉ်မှ ပြန်လည် ဆွဲထုတ်လိုက်ပုံရသည်။

“ဘာလို့ လူမိုက်လုပ်ဖို့ သင်နေရတာလဲ”

ကျည်ဆန်ထွက်သွား၍ ပူနွေးနေသော သေနတ်ပြောင်းက လူမိုက်၏ ဦးခေါင်းဆီသို့ ရွေ့လျားသွားသည်။ အကြွေးရှင်သုံးဦးလုံးသည် အကြွေးတင်နေသူများကဲ့သို့ ငြိမ်သက်သွားကြကာ မလှုပ်ရဲတော့ပေ။

“မင်း...မင်း အလောတကြီး မလုပ်ပါနဲ့ဦး”

လူမိုက်၏ မျက်နှာက ရှုံ့မဲ့နေပြီး အချိန်အတော်ကြာမှ စကားတစ်ခွန်းကို အနိုင်နိုင် ပြောနိုင်တော့သည်။

“ဒီပိုက်ဆံက... ဒီနေ့ပဲ မဖြစ်မနေ ဆပ်ရမယ်လို့ မဆိုလိုပါဘူး၊ အခု ငါတို့ရဲ့ အကြွေးတောင်းတဲ့ နည်းလမ်းကို ပြောင်းလဲလိုက်ပါပြီ၊ ငါတို့က နားချတဲ့ နည်းလမ်းကိုပဲ အဓိက သုံးမှာပါ”

“ငါ့အကြွေးဆိုတာ ထောင်ချောက်တစ်ခုပဲ၊ အဲ့ဒါက ကျူးချွမ်းအဖွဲ့ရဲ့ ခွေးမည်းတို့အုပ်စုနဲ့ ပတ်သက်နေတာ၊ ဘယ်သူမှ ဝမ်ရှန့်ဂိုဏ်းရဲ့ ဒေါသကို ရင်ဆိုင်ပြီး ဒီအကြွေးကို ယူမှာ မဟုတ်ဘူး၊ မင်းတို့ကို အကြွေးတောင်းတဲ့ ကုမ္ပဏီက လိမ်လိုက်တာပဲ”

ကောင်းမင်သည် ထိုလူမိုက်၏ စကားများမှတစ်ဆင့် အချက်အလက်အချို့ကို ရယူလိုက်သည်။

“ပိုက်ဆံပြန်မဆပ်တာကို ဒီလောက် ယဉ်ယဉ်ကျေးကျေးနဲ့ အကျိုးအကြောင်းပြပြီး ရှင်းပြတာကို ပထမဆုံး ကြားဖူးတာပဲ”

လူမိုက်က ခပ်တိုးတိုး ရေရွတ်လိုက်ပြီးနောက် မည်သည့်ဆဲဆိုသံမျှ ထပ်ထွက်မလာတော့ပေ။

“ငါ အကြွေးကို ပြန်ဆပ်နိုင်သလို ဒီအိမ်ကိုလည်း ပေးနိုင်တယ်၊ ဒါပေမဲ့ မင်းတို့ ငါ့အတွက် တစ်ခုခု လုပ်ပေးရမယ်”

ကောင်းမင် သူ့သေနတ်ပြောင်းကို အနည်းငယ် မြှင့်လိုက်သည်။

“ငါ အဲ့ဒီကုမ္ပဏီဆီကနေ ပိုက်ဆံဘယ်လောက်တောင် ချေးခဲ့တာလဲဆိုတာနဲ့ အဲ့ဒီပိုက်ဆံတွေ အားလုံးကို ငါဘာတွေလုပ်ပစ်ခဲ့သလဲဆိုတာ သိချင်တယ်”

လီဆန်းစီတွင် မကောင်းသော အလေ့အကျင့်များ မရှိပေ။ သူသည် လောင်းကစား မလုပ်သလို မူးယစ်ဆေးလည်း မသုံးစွဲပေ။ သူ၏ တဏှာစိတ်များသည်လည်း အတွေးသက်သက်သာ ဖြစ်သည်။ သူသည် ရုပ်ရှင်ရိုက်ကူးခြင်းမှလွဲ၍ အခြားအသုံးအဖြုန်းကြီးသော ဝါသနာများ မရှိပေ။ ရုပ်ရှင်စတူဒီယိုရှိ စာရင်းများကိုလည်း သူ စစ်ဆေးခဲ့ပြီးဖြစ်သည်။ သူရုပ်ရှင်ရိုက်ကူးရန် သုံးစွဲခဲ့သော ပိုက်ဆံများသည် ခွေးမည်းထံမှ ရရှိခဲ့ခြင်းသာ ဖြစ်သည်။

All Chapters