အခန်း (၇၃၃-၇၃၅)
Vol. 49 Ch. 733-735
အပိုင်း (၇၃၃) ကျင်းတာလီ
ကျင်းတာလီသည် အကြွေးတောင်းသည့် ကုမ္ပဏီလောကတွင် စည်းကမ်းကြီးသော လူမိုက်တစ်ဦးအဖြစ် ထင်ရှားပေသည်။ သူ့တွင် စည်းမျဉ်းသုံးခုရှိသည်။ ၎င်းတို့မှာ သက်ကြီးရွယ်အို၊ အားနည်းသူ၊ အမျိုးသမီးနှင့် ကလေးငယ်များ၊ ဖျားနာနေသူ၊ မသန်စွမ်းသူ သို့မဟုတ် အတိဒုက္ခရောက်နေသူများထံမှ အကြွေးဘယ်သောမှ မတောင်းခြင်းပင် ဖြစ်သည်။
သို့သော် သူသည် စည်းကမ်းအလွန်နာသဖြင့် အလုပ်လုပ်ပြီး မကြာမီတွင် အထုတ်ခံလိုက်ရသည်။ ထို့ကြောင့် သူသည် ဝမ်းရေးအတွက် အထက်တန်းကျောင်းနေဖက် သူ့ သူငယ်ချင်း၊ အလုပ်လက်မဲ့ဖြစ်နေသော သူ၏ တတိယမြောက်ဦးလေးနှင့် စာရင်းကိုင်လုပ်ခဲ့ဖူးသော သူ့ရည်စားတို့နှင့် ပူးပေါင်းကာ မိဘများကွယ်ရာ၌ အရိုးခေါင်းအဖွဲ့အမည်ရှိ ဂိုဏ်းငယ်လေးတစ်ခုကို တိတ်တဆိတ် ထူထောင်ခဲ့သည်။
သူသည် အမာခံအဖွဲ့ဝင်များသာ ဝတ်ဆင်ရန် အဆင့်အတန်း၏ သင်္ကေတအဖြစ် သတ္တုဦးခေါင်းခွံများကို အထူးမှာယူပြုလုပ်ခဲ့သည်။ သို့သော် သူ အကြီးအကျယ် လှုပ်ရှားရန် ပြင်ဆင်နေချိန် မြို့တော်ကောင်စီက သူ၏လျှောက်ထားမှုကို ပယ်ချလိုက်သည်။ အကြောင်းပြချက် စာတမ်းမှာ အလွန်ရှည်လျားသော်လည်း အနှစ်ချုပ်လိုက်လျှင် “သူသည် မထိုက်တန်” ဟူသော စကားသုံးခွန်းသာ ဖြစ်သည်။
မြို့တော်ကောင်စီ၏ အသိအမှတ်ပြုမခံရသဖြင့် စိတ်မသက်မသာ ဖြစ်နေသော ကျင်းတာလီသည် နောက်ဆုံးတွင် သူ့တတိယဦးလေး၏ အဆက်အသွယ်များကို အသုံးပြု၍ မြို့တော်စာကြည့်တိုက်တွင် “ရှေးဟောင်းယဉ်ကျေးမှု လေ့လာရေးနှင့် သုတေသနအဖွဲ့” အဖြစ် မှတ်ပုံတင်လိုက်သည်။ ထို့နောက် သူတို့ကိုယ်သူတို့ အရိုးခေါင်းအဖွဲ့ဟု ခေါ်ဆိုကာ အကြွေးတောင်းသည့် အလုပ်ဟောင်းကို ပြန်လည် စတင်ခဲ့ကြသည်။
ဤမြို့ကြီးရှိ အကြွေးတောင်းသည့် လုပ်ငန်းသည် ပြည့်နှက်နေပြီး ကုမ္ပဏီကြီးအနည်းငယ်ကသာ လက်ဝါးကြီးအုပ်ထားသည်။ အားလုံးမှာ ဂိုဏ်းစတားများနှင့် ဆက်နွှယ်နေကြသည်။ ကျင်းတာလီသည် အခြားရွေးချယ်စရာမရှိသဖြင့် အကြွေးဆိုးအချို့ကို ကိုယ်တိုင်ဝယ်ယူကာ ကိုယ်တိုင်လိုက်လံ တောင်းခံရတော့သည်။
သူ့လူယုံများနှင့် ရက်အတော်ကြာ ဆွေးနွေးပြီးနောက် နောက်ဆုံးတွင် သူတို့သည် လီဆန်းစီကို ပစ်မှတ်အဖြစ် သတ်မှတ်လိုက်ကြသည်။
ပထမအချက်မှာ လီဆန်းစီသည် ဂိုဏ်းဝင်တစ်ဦး မဟုတ်သလို “မတောင်းရမည့် အမျိုးအစား သုံးခု” ထဲတွင်လည်း မပါဝင်ပေ။ ဒုတိယအချက်မှာ သူသည် ရုပ်ရှင်ဒါရိုက်တာတစ်ဦး ဖြစ်သည်။ ကျင်းတာလီ၏ အမြင်တွင် အားယားနေပြီး အင်အားအလွန်အမင်း ပိုလျှံနေသူများသာ ရုပ်ရှင်ရိုက်ရန် အချိန်နှင့်ငွေ ရှိသည်ဟု ယူဆသောကြောင့် ဖြစ်သည်။
အကြွေးလာမတောင်းမီ ကျင်းတာလီသည် အရေးပေါ်အခြေအနေများအတွက် မဟာဗျူဟာငါးမျိုးကို ကြိုတင်စီစဉ်ထားခဲ့သည်။ သူ၏ များပြားလှသော အကြွေးတောင်းသည့် အတွေ့အကြုံကို အသုံးပြု၍ ကနဦးအရင်းအနှီး ရှာဖွေကာ မြို့၏ အထက်တန်းလွှာသို့ တက်လှမ်းရန်၊ ဘယ်သူမှ သူ့ကို ထပ်အထင်မသေးစေရန်နှင့် သူ့ကိုယ်ပိုင်စည်းမျဉ်းများ သတ်မှတ်ရန် သူရည်မှန်းထားခဲ့သည်။ ထို့ပြင် သူသည် ထိုဂိုဏ်းစတားများကို အချိန်အတော်ကြာကပင် မနှစ်မြို့ခဲ့ခြင်း ဖြစ်သည်။
သူ့ဆန္ဒများက ကောင်းမွန်လှပြီး သူသည် လူဆိုးတစ်ဦး မဟုတ်ခဲ့ပေ။ သို့သော် ကံဆိုးစွာဖြင့် ကျင်းတာလီသည် သူ့အစီအစဉ်များကို မစတင်ရသေးမီ ကောင်းမင်၏ သေနတ်တစ်ချက်ကြောင့် သူ၏ စိတ်ကူးယဉ်မှုအားလုံး ပျက်စီးသွားခဲ့ရသည်။
“စာရင်းစစ်ရုံတင်ပဲလား၊ပြဿနာ မရှိပါဘူး”
ကောင်းမင်၏ သေနတ်အောက်တွင် ကျင်းတာလီ၏ ခြေထောက်များ ပျော့ခွေသွားသဖြင့် သူသည် ဒူးတစ်ဖက် ထောက်လိုက်ရသည်။ ၎င်းမှာ ကြောက်ရွံ့၍ မဟုတ်ပေ။
“ကျွန်တော်က အကြွေးတောင်းတဲ့ ကုမ္ပဏီတွေ အများကြီးနဲ့ ရင်းနှီးပါတယ်”
“ပေါ်ပေါ်ထင်ထင် မစုံစမ်းနဲ့၊ တိတ်တဆိတ် လုပ်၊ တတ်နိုင်သမျှ စုံစုံလင်လင်နဲ့ အသေးစိတ်ကျကျ ဖြစ်ပါစေ၊ ဘာမှ မကျန်ခဲ့စေနဲ့”
ကောင်းမင်သည် စာရွက်တစ်ရွက်ကို ရှာ၍ အကြွေးစာချုပ်တစ်ခုကို ခပ်ပေါ့ပေါ့ ရေးသားလိုက်သည်။
“မင်း ငါလိုချင်တဲ့ အချက်အလက် အကုန်ပေးနိုင်ရင် ဒီအိမ်ကို မင်းကို ပေးမယ်၊ နောက်လည်း ငါတို့ အတူတူ ပူးပေါင်းဆောင်ရွက်ဖို့တွေ ရှိဦးမှာပါ”
“ခင်ဗျားက အကြွေးတောင်းတဲ့ လူတွေကိုတောင် ဗလာကတိတွေ ပေးနေတာလား”
သေနတ်အောက်၌ ကျင်းတာလီ၏ အသံက ခါးသက်နေလေသည်။
“ယူထားလိုက်ပါ၊ ငါ ကတိမဖျက်ပါဘူးကွ”
ကောင်းမင်သည် အကြွေးတောင်းသည့် ကိစ္စများနှင့် မရင်းနှီးသလို သူ့တွင် ပိုမိုအရေးကြီးသော လုပ်ဆောင်စရာများ ရှိနေသေးသည်။
ဖုန်းနံပါတ်တစ်ခု ပေးခဲ့ပြီးနောက် ကောင်းမင်နှင့် အခြားလူများက အခန်း ၄၁၄၁၃ မှ ထွက်ခွာလာကြသည်။ သူသည် တံခါးကို သော့ခတ်ကာ ဓာတ်လှေကားဆီသို့ ဦးတည်လိုက်သည်။
“သူက တကယ်ကြီး အကြွေးတောင်းတဲ့ လူတွေကို စာရင်းစစ်ခိုင်းတယ်ပေါ့၊ ဒီ လီဆန်းစီကတော့ စိတ်ဝင်စားစရာပဲ”
“တာလီ၊ ဒူးထောက်မနေနဲ့တော့၊ သူတို့ သွားပြီ”
“ဦးလေး၊ ကျွန်တော့်ကို အပြင်မှာ ဘော့စ်လို့ ခေါ်ပါလို့ ဘယ်နှစ်ခါ ပြောရမလဲ”
“အေးပါ ဘော့စ်ရာ၊ မင်းအမေက ခုနကပဲ မက်ဆေ့ခ်ျပို့လာတယ်၊ နေ့လယ်စာ စားဖို့ အိမ်ပြန်လာမှာလားတဲ့”
ဓာတ်လှေကားတံခါးများ ဖြည်းညှင်းစွာ ပိတ်သွားချိန်တွင် ကောင်းမင်သည် အရိုးခေါင်းအဖွဲ့ဝင်များ၏ စကားများကို ကြားလိုက်ရသည်။ မည်သို့ပင် ဆိုစေကာမူ ဤမြို့ကြီးရှိ အရာများစွာမှာ တွန့်လိမ်ပျက်စီးနေသော်လည်း အချို့သော စစ်မှန်သည့် အစိတ်အပိုင်းများမှာ မရည်ရွယ်ဘဲ ကျန်ရှိနေပေသေးသည်။
ညမှောင်လာသည်နှင့်အမျှ မြို့ကြီးသည် အမှောင်ထုအတွင်း နစ်မြုပ်သွားသော်လည်း အလင်းပြန်သည့် တချို့အရာဝတ္ထုများ ရှိနေဆဲဖြစ်သည်။ မြို့ထဲ၌ အလင်းရောင် တစ်စုံတစ်ရာ ပေါ်လာတိုင်း ထိုအရာများက လင်းလက်လာလိမ့်မည် ဖြစ်သည်။
မင်ဟွာအိမ်ရာမှ ထွက်ခွာလာချိန်တွင် ကောင်းမင်၏ ကျောပိုးအိတ်ထဲ၌ ပစ္စည်းများ ပိုမိုများပြားလာခဲ့သည်။ ထိုဓာတ်ပုံများသည် စိတ်ပျက်အားငယ်စရာကောင်းပြီး လေးလံလွန်းလှသဖြင့် သူ့ကို အသက်ရှူရ ခက်ခဲစေသည်။ ကံကောင်းသည်မှာ သူသည် ကျင်းတာလီနှင့် တွေ့ဆုံခဲ့ရသဖြင့် အုံ့မှိုင်းမှုအချို့ ပြေပျောက်သွားခြင်း ဖြစ်သည်။
မြေပုံကို စစ်ဆေးကြည့်သောအခါ ကောင်းမင်သည် လီဆန်းစီ နေထိုင်သည့် မင်ဟွာတိုက်ခန်း အနီးအနားတွင် မြေအောက်ရေနုတ်မြောင်း အဝင်ပေါက် တစ်ခုမှမရှိကြောင်း တွေ့လိုက်ရသည်။ ၎င်းက သူ့အား တမင်တကာ ရှောင်ရှားနေသကဲ့သို့ပင်။
“လီဆန်းစီက အရွယ်ရောက်လာပြီးမှ ခရိုင် ၃ ဆီကို ပြောင်းလာခဲ့တာ၊ အဲ့ဒီမတိုင်ခင် သူက ဒီမြို့ရဲ့ ဘယ်နေရာမှာ နေခဲ့တာလဲ”
ခရိုင် ၃ ရှိ မိလ္လာသန့်စင်ရေးဌာနကို ရှာဖွေတွေ့ရှိပြီးနောက် ကောင်းမင်သည် တက္ကစီတစ်စီး ငှားရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ခရိုင် ၃မှာ ရုန်းရင်းဆန်ခတ် ဖြစ်နေသဖြင့် မည်သည့်တက္ကစီမှ မရှိပေ။ ထို့ကြောင့် သူသည် ရွေးစရာမရှိတော့ဘဲ ဝမ်ရှန့်ဂိုဏ်းမှ ဒရိုင်ဘာတစ်ဦးကို တားကာ ကားတစ်စီး ငှားရမ်းလိုက်ရသည်။
လမ်းမများမှာ ရှုပ်ထွေးနေပြီး ဂိုဏ်းနှစ်ခု၏ နယ်မြေများသို့ မောင်းနှင်လေလေ ပို၍ ရုန်းရင်းဆန်ခတ် ဖြစ်လာလေလေပင်။ ကောင်းမင်သည် လမ်းညွှန်မြေပုံကို စစ်ဆေးလိုက်ပြီး အခြားလမ်းတစ်ခုမှ သွားရန် ပြင်ဆင်နေစဉ် သူ့ဖုန်းက မနားတမ်း တုန်ခါလာလေသည်။
“ဒါရိုက်တာလီ၊ မိုးလင်းတော့မယ်၊ ပြန်မလာသေးဘူးလား”
ဖုန်းထဲမှ ကျားယိုကျစ်၏ အသံ ထွက်ပေါ်လာသည်။ ကောင်းမင် ထိုအသံကို ကြားလိုက်ရသည့် အခိုက်အတန့်တွင် ကျားယိုကျစ် ဘာပြောသလဲဆိုသည်ကို မစဉ်းစားမိဘဲ ထိုအသံမှာ သူ့စိတ်ကူးယဉ်မှုများလား ဟုသာ တွေးမိလိုက်သည်။
လီဆန်းစီ၏ ကလေးဘဝ ဓာတ်ပုံများကို မြင်တွေ့ပြီးနောက် တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ကောင်းမင် ခံစားလာရသည်။ သို့သော် မည်သည့်နေရာက မှားယွင်းနေသည်ကို တိတိကျကျ မပြောနိုင်ပေ။
“ဒါရိုက်တာလီ၊ ဒါရိုက်တာလီ၊ ကျွန်တော့်ရဲ့ ဒါရိုက်တာကြီး”
ကျားယိုကျစ်က အော်ဟစ်လိုက်သည်။
“အသံလျှော့စမ်း၊ ငါကြားတယ်”
ကောင်းမင်က လေသံနှိမ့်၍ ပြောလိုက်သည်။
“ခင်ဗျား အဆင်ပြေနေလို့ တော်သေးတာပေါ့၊ ခရိုင် ၃ တစ်ခုလုံး လုံးဝ ဖရိုဖရဲဖြစ်နေပြီ၊ ကျူးချွမ်းအဖွဲ့နဲ့ ဝမ်ရှန့်ဂိုဏ်းက တစ်ဖက်နဲ့တစ်ဖက် မြို့ထဲမှာ အကြီးစား ပေါက်ကွဲပစ္စည်းတွေ သုံးပြီး ဗိုင်းရပ်စ်တွေ ပျံ့နှံ့အောင် လုပ်နေတယ်လို့ စွပ်စွဲနေကြတယ်၊ ကျူးချွမ်းအဖွဲ့ရဲ့ ပျောက်ဆုံးနေတဲ့ ဆေးဝါးထုတ်လုပ်ရေး စက်ကိရိယာတွေကို အဖွဲ့တွေအများကြီး လိုက်ရှာနေကြတယ်၊ အဲ့ဒါက တခြားခရိုင်က ဂိုဏ်းတွေကို ဆွဲထည့်ဖို့ သူတို့ရဲ့ အသုံးချစရာတစ်ခုလို့ ပြောနေကြတာပဲ၊ မနေ့ညက ကျူးချွမ်းအဖွဲ့ရဲ့ ဌာနချုပ် ဗုံးခွဲခံလိုက်ရပြီး နေရာတိုင်းမှာ လူနာတွေ ပြည့်နေတာပဲ၊ ဝမ်ရှန့်လည်း အခြေအနေ မကောင်းဘူး၊ သူတို့ ခေါင်းဆောင်တွေ သုံးပုံတစ်ပုံလောက် အသတ်ခံလိုက်ရပြီ”
ကျားယိုကျစ်၏ စကားများထဲတွင် စိုးရိမ်ပူပန်မှုအရိပ်အယောင် တစ်စိုးတစ်စိမှ မရှိဘဲ ဘေးဒုက္ခရောက်သည်ကို ဝမ်းသာနေသည့် ပုံစံမျိုးသာ ကောင်းမင် တွေ့ရှိရသည်။
“သူတို့ ငြိမ်းချမ်းရေး ဆွေးနွေးမယ့် လက္ခဏာမျိုးရော ရှိလား”
“တိုက်ပွဲက ပိုပြင်းထန်လာပြီ၊ ကျူးချွမ်းအဖွဲ့က တခြားခရိုင် ဂိုဏ်းသုံးခုဆီကနေ စစ်ကူတွေ ခေါ်လိုက်ပြီတဲ့၊ ကျွန်တော်တို့ အားလုံးက ဝမ်ရှန့်တော့ သွားပြီထင်နေတာ၊ ဒါပေမဲ့ ခရိုင် ၁ က တောင်ဘုရင် ‘တိုက်ဂါး’ က သူ့လူတွေနဲ့အတူ တောင်ပေါ်က ဆင်းလာပြီး ခရိုင် ၃ဆီကို ဦးတည်နေပြီတဲ့၊ ဒီညကတော့ အကြီးကျယ်ဆုံးနဲ့ အရူးသွပ်ဆုံးတိုက်ပွဲ ဖြစ်လာတော့မှာ သေချာတယ်”
“တောင်ဘုရင်လား”
“ခရိုင် ၁ က ဂိုဏ်းခေါင်းဆောင်တွေဖြစ်တဲ့ ဝမ်ရှန့်နဲ့ ရှန်းကျွင်းက အရင်က မိသားစုတစ်ခုတည်းပဲ၊ ဒါပေမဲ့ နောက်ပိုင်းမှာ လမ်းခွဲသွားကြတာ၊ သူတို့မှာ လျှို့ဝှက်ချက်တစ်ခု ရှိတယ်လို့ ပြောကြတယ်၊ လမ်းခွဲပြီးနောက်မှာလည်း တစ်ဖက်နဲ့တစ်ဖက် မပတ်သက်ဘဲ နေခဲ့ကြတယ်”
ဖုန်းထဲမှ တင်းရှန်း၏ အသံ ထွက်ပေါ်လာသည်။
“ဒါရိုက်တာလီ၊ ရှန်းကျွင်းရဲ့ ရည်ရွယ်ချက်က မကောင်းဘူးနော်၊ သူသာ ဝမ်ရှန့်ကို တကယ် ကယ်ချင်တယ်ဆိုရင် အစောကြီးကတည်းက ကယ်မှာပေါ့၊ အခုမှ လာတာက အခွင့်ကောင်းယူဖို့ပဲ ဖြစ်လိမ့်မယ်၊ ခရိုင် ၃ ကတော့ လုံးဝ စစ်တလင်းကြီးဖြစ်သွားတော့မှာကို စိုးရိမ်မိတယ်၊ ကျွန်မတို့ တခြားခရိုင်တစ်ခုဆီ ပြောင်းသင့်ပြီ ထင်တယ်”
“ငါတို့ ကောင်စီဝင် စီမေကို ဘာကတိပေးခဲ့လဲ မမှတ်မိဘူးလား၊ အခြေအနေတွေ ပိုရှုပ်ထွေးလေလေ နောက်လိုက်တွေ မွေးထုတ်ဖို့ ပိုလွယ်လေလေပဲ၊ စီမေအတွက် ဝါဒဖြန့်တာကို သင့်တော်သလောက် လျှော့ချပြီး အဓိကအချက်အနေနဲ့ အလင်းရောင်နဲ့ ငြိမ်းချမ်းရေးရဲ့ တန်ဖိုးရှိပုံကိုပဲ ဦးစားပေး ပြောလိုက်ကြ”
ကောင်းမင်သည် လောလောဆယ်တွင် ထွက်ခွာရန် ရည်ရွယ်ချက် မရှိသေးပေ။သူ့တွင် ဤနေရာ၌ ပြီးမြောက်အောင် လုပ်ဆောင်ရမည့် ကိစ္စကြီးတစ်ခု ရှိနေသေးသည်။
ကောင်းမင်၏ စကားကို ကြားသောအခါ တင်းရှန်းက ချက်ချင်း နားလည်သွားသည်။ သူမသည် ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ထပ်မံ မေးမြန်းလိုက်သည်။
“ဒါရိုက်တာလီ၊ ရှင်ကက ဇာတ်ကောင်တွေကို ပြောင်းလဲပြီး ကောင်စီဝင်စီမေရဲ့ ရာထူးကို သိမ်းပိုက်ဖို့ ကြံစည်နေတာတော့ မဟုတ်ပါဘူးနော်၊ ဂိုဏ်းတွေနဲ့ ယှဉ်ရင် မြို့တော်ကောင်စီက ပြည်သူတွေအတွက် ပိုပြီး လက်ခံရလွယ်တယ်၊ တကယ်လို့ ကောင်စီဝင် စီမေသာ ရုတ်တရက် ပျောက်သွားရင်...”
ကောင်းမင်သည် သူ၏ မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး တင်းရှန်း၏ စကားကို ဖြတ်ပြောလိုက်သည်။
“အများကြီး မတွေးနဲ့၊ မင်းလုပ်ရမယ့် အလုပ်ကိုပဲ လုပ်စမ်းပါ”
ဖုန်းချလိုက်ပြီးနောက် ကောင်းမင်သည် နောက်ခန်းတွင် ကြိုးတုပ်ခံထားရသော ဒရိုင်ဘာကို လှမ်းကြည့်ကာ မေးလိုက်သည်။
“မင်း ခုနက ဘာတွေ ကြားလိုက်လဲ”
ဒရိုင်ဘာသည် ခေါင်းကို အလွန်အမင်း ခါယမ်းနေသဖြင့် လည်ပင်းကျိုးလုနီးပါး ဖြစ်နေပြီး သူ့နဖူးပေါ်တွင်လည်း ချွေးများ စိုရွှဲနေလေသည်။
အပိုင်း (၇၃၄) အသံ
“စိတ်မလှုပ်ရှားပါနဲ့၊ ငါက အပျော်သဘောပဲ မေးကြည့်တာပါ”
ကောင်းမင်သည် ကားကို ဆက်လက်မောင်းနှင်ရင်း နောက်ကြည့်မှန်မှတစ်ဆင့် ဒရိုင်ဘာကို တစ်ချက်တစ်ချက် လှမ်းကြည့်သည်။
“ဂိုဏ်းတိုက်ပွဲတွေဆိုတာ မင်းတို့လိုလူတွေက ရှေ့တန်းကနေ အသက်နဲ့ရင်းပြီး တိုက်ရတာပဲ၊ နောက်ဆုံးတော့ မင်းတို့ ဘာရလဲ”
ဒရိုင်ဘာသည် ကောင်းမင်က သူ့ကို သတ်ရန် အစီအစဉ်မရှိကြောင်း သေချာစေရန် အတော်ကြာ စောင့်ဆိုင်းပြီးမှ ခပ်တိုးတိုး ပြန်ဖြေသည်။
“ကျွန်တော်တို့ ဂိုဏ်းသားတွေအတွက်ကတော့ သစ္စာရှိမှုဟာ အားလုံးထက် အရေးကြီးပါတယ်”
“ဝမ်ရှန့်ဂိုဏ်းက ယောက်ျားတွေကို နှိပ်စက်၊ မိန်းမတွေကို စော်ကားပြီး ယုတ်မာတဲ့ အလုပ်ပေါင်းစုံ လုပ်နေတာ၊ မင်းကိုယ်တိုင်တောင် ဝမ်ရှန့်ကကောင်တွေရဲ့ ခုတ်ထစ်ပြီး ခွေးစာကျွေးတာ ခံရတော့မလို့ မဟုတ်လား၊ ဒါက မင်းရဲ့ သစ္စာရှိမှုလား”
ကောင်းမင်က ကားမောင်းနေရင်း အေးအေးလူလူ စကားပြောဆိုနေခဲ့သည်။
ဒရိုင်ဘာ တိတ်ဆိတ်နေသည်ကို မြင်သောအခါ ကောင်းမင်က ပြုံးလိုက်သည်။
“တကယ်လို့ မင်းမှာ ရွေးချယ်ခွင့်ရှိမယ်ဆိုရင် ဂိုဏ်းတွေ မရှိတဲ့မြို့မှာ နေချင်သလား၊ ဒါမှမဟုတ် အခုလိုပဲ ဆက်နေချင်လား”
ဒရိုင်ဘာသည် ကောင်းမင်၏ မေးခွန်းနောက်ကွယ်မှ နက်ရှိုင်းသော အဓိပ္ပာယ်ကို နားမလည်ပေ။ သူ ခဏစဉ်းစားပြီးနောက် အမှန်အတိုင်း ပြောရန် ဆုံးဖြတ်လိုက်သည်။
“ဒါပေမဲ့ ဂိုဏ်းတွေမရှိရင် ဘယ်သူက ကျွန်တော်တို့ကို ကာကွယ်ပေးမှာလဲ၊ မြို့တော်ကောင်စီက ဗိုက်ဝအောင်ပဲ စားပြီး အသုံးမကျတဲ့လူတွေကလား”
“ကြည့်ရတာ မင်းလည်း ဂိုဏ်းတွေရှိနေတာ ပြဿနာလို့ ထင်နေတာပဲ၊ ဒါပေမဲ့ မြို့တော်ကောင်စီက တာဝန်မကျေလို့ မင်းတို့ ကိုယ့်ကိုယ်ကိုယ် မလုံခြုံဘူးလို့ ခံစားနေရတာပေါ့”
“ကျွန်တော်တော့ အဲ့လို မထင်ဘူး”
ဒရိုင်ဘာ၏ အသံက ပိုတိုးသွားသည်။ သူသည် ကောင်းမင်ကို ချောင်းကြည့်ရင်း ကြောက်ရွံ့စိတ်များ ကြီးထွားလာလေသည်။ သူသည် ဂိုဏ်းလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပြီး လူဆိုးပေါင်းစုံကို မြင်တွေ့ဖူးသည်။ ကောင်းမင်ကဲ့သို့ သာမန်ရုပ်ရည်၊ ဖြည်းဖြည်းမှန်မှန်နှင့် စကားပြောတတ်သည့် လူစားမျိုးက တကယ့်လက်တွေ့တွင် အင်မတန် ရက်စက်တတ်ကြသူများ ဖြစ်သည်။သူတို့ကို စိတ်ဝေဒနာရှင် တစ်ယောက်ဟုပင် တင်စားနိုင်သည်။
“မြို့တော်ကောင်စီက အရမ်းအားနည်းလွန်းတယ်၊ သူတို့က ဂိုဏ်းတွေရဲ့ ရုပ်သေးရုပ်လို ဖြစ်နေတာ၊ ဒါတွေအားလုံးကို ပြောင်းလဲဖို့ လိုအပ်တယ်”
ထိုသို့ တတွတ်တွတ် ပြောဆိုရင်းဖြင့် နေ့လယ်စာစားချိန်မတိုင်မီ ခရိုင် ၃ ရှိ မိလ္လာသန့်စင်ရေးဌာနသို့ ရောက်ရှိလာကြသည်။ မြေအောက် ရေနုတ်မြောင်းကွန်ရက်၏ အဝင်ပေါက်ကို သံချောင်းများဖြင့် ဂဟေဆော်၍ ပိတ်ထားလေသည်။ ကောင်းမင်က ဝန်ထမ်းအချို့ကို မေးကြည့်ရာ မြေအောက် ရေနုတ်မြောင်းကွန်ရက်ကို လွန်ခဲ့သော နှစ်အနည်းငယ်ကပင် သန့်ရှင်းရေးကုမ္ပဏီတစ်ခုသို့ ကန်ထရိုက် ပေးထားကြောင်း သိရသည်။ အထဲသို့ ဝင်ရန် နည်းလမ်း နှစ်မျိုးသာ ရှိသည်။ ပထမတစ်ခုသည် သန့်ရှင်းရေးကုမ္ပဏီထံမှ ခွင့်ပြုချက်တောင်းပြီး သံချောင်းများကို ဖယ်ရှားရန်ဖြစ်သည်။ ဒုတိယတစ်ခုမှာ ရေနုတ်မြောင်း၏ ပင်မဝင်ပေါက်ရှိရာ ခရိုင် ၂ သို့ သွားရန် ဖြစ်သည်။ သန့်ရှင်းရေး ကုမ္ပဏီတွင် နေ့စဉ်လူအဝင်အထွက်ရှိပြီး လုံခြုံရေးလည်း အလွန်အမင်း မတင်းကျပ်ပေ။
ကောင်းမင်သည် သန့်ရှင်းရေး ကုမ္ပဏီအပေါ် အထင်အမြင်ကောင်း မရှိပေ။ ထိုလူများသည် ပိုက်ဆံသာ အလုံအလောက်ရပါက လူသတ်အလောင်း ဖျောက်သည့်အလုပ်ကိုပင် မည်သည့်ဝန်လေးမှုမှ မရှိဘဲ ကူညီပေးကြမည့်သူများ ဖြစ်သည်။ သို့သော် ထိုလူများ၏ ကျွမ်းကျင်မှုမှာမူ အလွန်မြင့်မားလှသည်။သူတို့သည် အလောင်းဖျောက်ရုံတင်မကဘဲ အခန်းတစ်ခုလုံးကိုပါ ပြောင်စင်အောင် သန့်ရှင်းပေးတတ်ကြသည်။
“သန့်ရှင်းရေး ကုမ္ပဏီဆိုတာ အင်အားကြီးတဲ့ အဖွဲ့အစည်းတစ်ခုပဲ၊ ညရဲတပ်ဖွဲ့ထက်တောင် မနိမ့်ဘူး၊ သူတို့ရဲ့ အခြေစိုက်စခန်းက ခရိုင် ၂ မှာ ရှိပုံရတယ်၊ ဒီလူတွေက မြေအောက် ရေနုတ်မြောင်းကွန်ရက်နဲ့ တစ်ခုခု ဆက်နွှယ်နေတာလား”
သူသည် လိပ်စာကတ်တစ်ခုကို ထုတ်ကြည့်လိုက်သည်။ ကောင်းမင် ခရိုင် ၂သို့ ပထမဆုံးအကြိမ် သွားခဲ့စဉ်က သန့်ရှင်းရေးသမား တစ်ယောက်သည် သူ့ကားပေါ်ရှိ သွေးစွန်းကွက်များကို မြင်ပြီး သူ့ကို လိပ်စာကတ် အတင်းပေးခဲ့ဖူးသည်။
“ငါ အဲ့ဒီကို ကိုယ်တိုင်သွားကြည့်ရမယ် ထင်တယ်၊ လီဆန်းစီ ငယ်ငယ်တုန်းက ခရိုင် ၂ မှာ နေခဲ့တာလည်း ဖြစ်နိုင်တယ်၊ အဲ့ဒီမှာ ပိုအရေးကြီးတဲ့ သဲလွန်စတွေ တွေ့နိုင်တယ်”
ကားထဲသို့ ဆီဖြည့်ပြီးနောက် ကောင်းမင်သည် ဂိုဏ်းသားများ တိုက်ခိုက်နေသည့် လမ်းများကို ရှောင်ကွင်းကာ အဝေးမှ ပတ်မောင်း၍ ခရိုင် ၂ သို့ ဝင်ရောက်လာခဲ့သည်။
မြင့်မားသော တံတိုင်းကြီးတစ်ခုသာ ခြားထားသော်လည်း ပတ်ဝန်းကျင်မှာ လုံးဝ ကွဲပြားခြားနားလှသည်။ ခရိုင် ၂တွင် ပျက်စီးနေသော ကားများနှင့် ဖန်ကွဲစများ ပြန့်ကျဲနေပြီး လမ်းဘေးဆိုင်များသည်လည်း ရစရာမရှိအောင် ဖျက်ဆီးခံထားရသည်။ ခရိုင် ၂ တွင်ကား လမ်းပေါ်တွင် အမှိုက်တစ်စမှမရှိဘဲ အလွန်သန့်ရှင်းစင်ကြယ်နေလေသည်။ လူများသည် ဘတ်စကားမှတ်တိုင်၌ ကော်ဖီကို ဇိမ်ခံသောက်နေကြသည်။
နောက်ခန်းမှ ဒရိုင်ဘာ၏ မျက်နှာတွင် မနာလိုမှု အရိပ်အယောင်များ ထွက်ပေါ်လာ၏။ ခရိုင် ၂ သည် မြို့တော်၏ အချမ်းသာဆုံး ရပ်ကွက်သုံးခုထဲမှ တစ်ခုဖြစ်ပေသည်။ သိုသော်လည်း သူတို့၏ ပိုက်ဆံများ ဘယ်ကလာသည်ကိုမူ ဘယ်သူမှ မသိကြပေ။
“မြို့တော်ရဲ့ အကြီးဆုံး အမှိုက်စွန့်ပစ်တဲ့ စက်ရုံနဲ့ မိလ္လာသန့်စင်ရေးဌာနက ခရိုင် ၂မှာ ရှိတယ်ဆိုတာ ယုံရခက်ခက်ပဲ၊ လမ်းတွေက ငါ့အိမ်ထက်တောင် သန့်ရှင်းနေသေးတယ်၊ လေထုထဲမှာတောင် အနံ့သက်ကောင်းတွေ ရနေတယ်”
ကောင်းမင်၏ တရစပ်မေးခွန်းထုတ်မှုများကို ခံခဲ့ရသော ဒရိုင်ဘာသည် အနည်းငယ် စိတ်သက်သာရာ ရလာပုံရသည်။
“အပြင်ပန်းက ပိုပြီး လှပလေလေ အတွင်းပိုင်းက ပိုပြီး ညစ်ပတ်လေလေ ဖြစ်နိုင်တာပဲ၊ လူတွေက များသောအားဖြင့် သူတို့မှာ မရှိဆုံးအရာကိုပဲ အပေါ်ယံထုတ်ပြတတ်ကြတာလေ”
မြေပုံအတိုင်း မောင်းနှင်လာရင်း ကောင်းမင်သည် ခရိုင် ၂ ရှိ အခြေခံလူတန်းစား လူနေရပ်ကွက်သို့ လျင်မြန်စွာ ရောက်ရှိလာ၏။ ဤနေရာရှိ ပြည်သူများ၏ ပျော်ရွှင်မှု အညွှန်းကိန်းမှာ အလွန်မြင့်မားသည်။ လူတိုင်း ချမ်းသာကြွယ်ဝနေသည် မဟုတ်သော်လည်း အနည်းဆုံးတော့ အားလုံးသည် စားဝတ်နေရေးဖူလုံပြီး ကိုယ်ပိုင်အိမ်များ ရှိကြသည်။
ရပ်ကွက်တစ်ခုကို အကဲဖြတ်မည်ဆိုပါက ထိုနေရာရှိ အဆင်းရဲဆုံးလူများ မည်သို့နေထိုင်ကြောင်းကို ကြည့်ရလေ့ရှိသည်။ ထိုအချက်သည် ခရိုင် ၂တွင် ကောင်းကောင်း အလုပ်ဖြစ်လှသည်။
လမ်းသည် ရှင်းလင်းနေပြီး ဘာအတားအဆီးမှ မရှိပေ။ ကားသည် အခြေခံလူတန်းစား ရပ်ကွက်၏ အနက်ရှိုင်းဆုံးနေရာသို့ ဝင်ရောက်လာသည်နှင့်အမျှ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်လာတော့သည်။ စွန့်ပစ်ထားသော အိမ်များမှာလည်း ပိုမိုများပြားလာသည်။ လမ်းမှာ တိတ်ဆိတ်နေဆဲ ဖြစ်သော်လည်း လမ်းဘေးဝဲယာရှိ သစ်ပင်များက စိမ်းလန်းမနေတော့ဘဲ သစ်ကိုင်း ၊ သစ်ရွက်များ နက်မှောင်နေ၏။ အောက်ခြေရှိ ကြီးမားသော မြက်ခင်းပြင်ကြီးမှာလည်း ခြောက်သွေ့ညှိုးနွမ်းနေလေသည်။ လေထုထဲမှ ချိုအီသော အနံ့အသက်သည် ပိုမိုပြင်းထန်လာပြီး အော့အန်ချင်စရာ ကောင်းလာတော့သည်။
“ခရိုင် ၂ က ရနံ့တွေက တခြားအနံ့အသက်ဆိုးတွေကို ဖုံးကွယ်ဖို့ပဲ”
ကောင်းမင်သည် စတီယာရင်ကို လက်တစ်ဖက်ဖြင့် ကိုင်ထားရင်း စွန့်ပစ်အိမ်များကို စိတ်ဝင်တစား လေ့လာနေခဲ့သည်။
နောက်ထပ် နှစ်ကီလိုမီတာခန့် မောင်းပြီးနောက် ကောင်းမင်က ဘရိတ် အုပ်လိုက်သည်။
“ရောက်ပြီလား”
ဒရိုင်ဘာသည် ကောင်းမင်က သူ့ကားကို ပြန်ပေးပြီး အမြန်ထွက်သွားခွင့်ရပါစေဟု စိတ်ထဲမှ ဆုတောင်းနေမိသည်။
“ဆင်းတော့၊ မင်း ငါနဲ့ လိုက်ခဲ့ရမယ်”
လီဆန်းစီ ရိုက်ထားသော ဓာတ်ပုံများကို မြင်ပြီးနောက် ကောင်းမင်သည် သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးအပေါ် နက်နက်ရှိုင်းရှိုင်း သံသယဝင်နေခဲ့ခြင်းဖြစ်သည်။ သူသည် တားမြစ်နယ်မြေအတွင်း၌ မတူညီသော ရှုထောင့်နှစ်ခုကို ဖွင့်လှစ်ထားသဖြင့် ကိစ္စများကို စမ်းသပ်ရန် သာမန်မြို့သားတစ်ဦးကို သူနှင့်အတူ ခေါ်ဆောင်သွားလိုခြင်း ဖြစ်သည်။
ဒရိုင်ဘာသည် နာကျင်သောအမူအရာဖြင့် မငြင်းဆန်ခဲ့ပေ။ အရင်က ကောင်းမင်သည် သူ့ကားကို ခေတ္တငှားရန် တောင်းဆိုခဲ့စဉ်က သူ အပြင်းအထန် ငြင်းမိခဲ့သဖြင့် ဆိုးရွားသော ကံကြမ္မာကို ကြုံတွေ့ခဲ့ရဖူးသောကြောင့် ဖြစ်သည်။
လက်ထဲတွင် မြေပုံတစ်ချပ်ဖြင့် ခြောက်သွေ့နေသော ခြုံပုတ်များကို ဖြတ်ကျော် လျှောက်လှမ်းလာကြသည်။ ပိုးကောင်များ၏ အသံ သို့မဟုတ် ကျေးငှက်သံများ လုံးဝ မကြားရပေ။ သက်ရှိအားလုံးသည် ဤနေရာကို ရွံရှာနေကြသကဲ့သို့ပင်။
ဒရိုင်ဘာသည် ခရိုင် ၂ အပေါ် ထားရှိသော မျှော်လင့်ချက်များအားလုံး ပျောက်ဆုံးသွားခဲ့ပြီဖြစ်သည်။ ဤနေရာရှိ လေကို ရှူရှိုက်မိလွန်းသောကြောင့် ဖြစ်နိုင်သည်။ သူ့လည်ချောင်းသည် ယားယံလာသည်ဟု ခံစားရပြီး နှာခေါင်းထဲတွင်လည်း စေးကပ်ကပ်ဖြစ်လာကာ စိတ်မသက်မသာ ဖြစ်လာတော့သည်။
သူသည် သူ့ကို ပြန်ပေးဆွဲလာသော ထိုထူးဆန်းသည့်လူ (ကောင်းမင်) ကို ခိုးကြည့်လိုက်သည်။ ကောင်းမင်၏ မျက်နှာတွင် မည်သည့် စိတ်မသက်မသာဖြစ်မှုမှ မရှိပေ။ အမှန်ဆိုရလျှင် သူ့မျက်လုံးများထဲ၌ တစ်စုံတစ်ခုကို ပြန်လည်အမှတ်ရနေသကဲ့သို့ လွမ်းဆွတ်မှု အရိပ်အယောင်များပင် ရှိနေခဲ့သည်။
သူတို့ သိပ်မဝေးလှသော နေရာတစ်ခုသို့ ရောက်သောအခါ ကောင်းမင်က ရေစီးသံ ကြားလိုက်ရသည်။ သူသည် ဒရိုင်ဘာကို ဆွဲခေါ်၍ မှောင်မိုက်နေသော တောအုပ်ကို ဖြတ်ကျော်လိုက်ရာ အနက်ရောင် မြစ်တစ်စင်းကို တွေ့လိုက်ရသည်။
မြစ်သည် အလွန်ညစ်ပတ်ကာ အနံ့အသက်ဆိုးများ ထွက်ပေါ်နေခဲ့သည်။မြစ်ထဲတွင် အမှိုက်မျိုးစုံ မျောပါလျက် တိတ်ဆိတ်စွာ စီးဆင်းနေ၏။
မြစ်အဆုံးတွင် တောင်စောင်းပေါ် တည်ဆောက်ထားသော မိလ္လာသန့်စင်ရေးစက်ရုံတစ်ခု ရှိနေသည်။ အနက်ရောင်မိလ္လာရေများသည် မှောင်မိုက်နေသော ဂူတစ်ခုထဲသို့ စီးဝင်သွားသည်။ ဂူအဝင်ပေါက်၏ ဘေးတစ်ဖက်တွင် တောင်စောင်းမှ အောက်သို့ ဆင်းလာသော လမ်းကလေးတစ်ခု ရှိနေပြီး တစ်ခါတစ်ရံတွင် အကာအကွယ် ဝတ်စုံအပြည့် ဝတ်ဆင်ထားသော သန့်ရှင်းရေး ဝန်ထမ်းများ ဝင်ထွက်နေသည်ကို တွေ့ရသည်။
ဂူအဝင်ပေါက်ကို တိတ်ဆိတ်စွာ စိုက်ကြည့်ရင်း ကောင်းမင်သည် မသိစိတ်ဖြင့် ပိုမိုနီးကပ်စွာ တိုးသွားမိသည်။ အကယ်၍ ဒရိုင်ဘာသည် လီဆန်းစီ ရိုက်ထားသော ဓာတ်ပုံများကို မြင်ဖူးမည်ဆိုလျှင် ကောင်းမင်သည် လွန်ခဲ့သော နှစ်ပေါင်းများစွာက လီဆန်းစီ ရပ်ခဲ့သော နေရာအတိအကျတွင်ပင် ရပ်နေခြင်းဖြစ်ကြောင်း သိရှိပေလိမ့်မည်။ တစ်ဦးသည် မလုံခြုံသော ညအမှောင်ထုထဲတွင် ရပ်နေခဲ့ပြီး နောက်တစ်ဦးမှာမူ နေ့လယ်ခင်းနေရောင်အောက်တွင် ရပ်နေခြင်းသာ ကွာခြားပေသည်။
“မင်း ကြားလိုက်လား”
ကောင်းမင်က ရုတ်တရက် မေးလိုက်သည်။သူ့ အကြည့်များက ဝေဝါးနေခဲ့သည်။
“ဘာကို ကြားရမှာလဲ”
ဒရိုင်ဘာက ဇဝေဇဝါဖြင့် မေးလိုက်သည်။ သူသည် သူ့ပါးစပ်နှင့် နှာခေါင်းကို အုပ်ထားရင်း အသံကို အာရုံစိုက် နားထောင်ကြည့်လိုက်သည်။
“တစ်ယောက်ယောက်က ငါ့နာမည်ကို ခေါ်နေတာ”
ကောင်းမင်က နက်ရှိုင်းသော အမှောင်ထုဆီသို့ ညွှန်ပြလိုက်သည်။
“အဲ့ဒီထဲမှာပဲ”
“ကျွန်တော် မကြားရပါဘူး”
“ဒါက ငါ့မွေးစားမိဘတွေရဲ့ အသံတွေပဲ၊ နောက်ပြီး အဒေါ်ရှရဲ့ တောင်းပန်သံတွေ၊ သူက ငါ့ညီလေးရဲ့ လက်မောင်းကို ဖြတ်မပစ်ဖို့ ငါ့ကို တောင်းပန်နေတာ၊ အဲ့ဒီကလေးက ငါ့အမေရဲ့ ပစ္စည်းတွေကို တမင်လွှင့်ပစ်ခဲ့တာ မဟုတ်ဘူးလို့ ပြောနေတာ၊ နားထောင်စမ်း၊ ငါ့အဖေလည်း စကားပြောနေတယ်၊ သူက ဘယ်လိုလုပ် အမှောင်ထုထဲ ရောက်နေရတာလဲ”
အပိုင်း (၇၃၅) ပိုမိုနက်ရှိုင်းသော အတွင်းပိုင်း
ကောင်းမင်၏ စကားပြောသံမှာ မြန်သထက် မြန်လာလေသည်။ သူ့မျက်လုံးများသည်လည်း တစ်ခါတစ်ရံ ကြည်လင်ကာ တစ်ခါတစ်ရံ ဝေဝါးလျက် ကြောက်မက်ဖွယ် ကောင်းလာသည်။ သူသည် အသံမျိုးစုံကို အမှန်တကယ်ပင် ကြားနေရပုံရသည်။
ဝမ်ရှန့်ဂိုဏ်းသား ဒရိုင်ဘာသည် နေရာတွင်ပင် တောင့်တောင့်ကြီး ရပ်နေပြီး သူ့မျက်စိသူငယ်အိမ်များက တုန်လှုပ်နေတော့သည်။ သူသည် မိလ္လာရေများ တိတ်ဆိတ်စွာ စီးဆင်းနေသံမှလွဲ၍ ဘာမှ မကြားရပေ။
“နားထောင်စမ်း၊ သေသေချာချာ နားထောင်စမ်း”
သံပတ်ပေးထားသော အရုပ်တစ်ခုကဲ့သို့ ကောင်းမင်၏ စိတ်ခံစားချက်များသည် လျင်မြန်စွာ တက်လိုက်ကျလိုက် ဖြစ်နေခဲ့သည်။ သူ့ခန္ဓာကိုယ်မှာလည်း ပြင်းထန်စွာ တုန်ယင်နေသည်။ ဓာတ်ပုံများကို ကြည့်ခဲ့စဉ်က ရရှိခဲ့သော မှတ်ဉာဏ်များသည် သူ့ရှေ့မှ အမှောင်ထုနှင့် ထပ်တူကျနေလေသည်။ သူသည် ဓာတ်ပုံများအတွင်းသို့ အတင်းအဓမ္မ ဆွဲခေါ်ခံလိုက်ရသကဲ့သို့ ခံစားနေရသည်။ မြေအောက် ရေနုတ်မြောင်းကွန်ရက်သည် မည်းမှောင်နေပြီး သူသည် အနက်ရောင် သေတ္တာတစ်ခုအတွင်း ပိတ်လှောင်ခံထားရကာ ကမ္ဘာကြီးကို တွန့်လိမ်နေသော ရှုထောင့်မှ စတင်စောင့်ကြည့်နေသကဲ့သို့ ဖြစ်နေသည်။
“အဖေက ဘာလို့ သေဒဏ်ကျခံရတဲ့ တရားခံတွေကို ကာကွယ်ပေးခဲ့တာလဲ၊ အဖေ သေဒဏ်ဖျက်သိမ်းဖို့ ငြင်းခုံခဲ့တာက ငါကိုယ်တိုင် ငါ့အမေကို သတ်ခဲ့တဲ့ လူသတ်သမားကို လက်စားချေနိုင်အောင်လို့ မဟုတ်လား၊ အဖေပဲ၊ အဖေက ငါ့ကို ဒီလောက် ငယ်ငယ်လေးကတည်းက သေခြင်းတရားမျိုးစေ့တွေကို စိုက်ပျိုးပေးခဲ့တာ”
ကောင်းမင် လွှတ်ခနဲ ပြောလိုက်သည်။ ထိုစကားများသည် သူအသိစိတ်မှ ပြောဆိုချင်သောအရာ မဟုတ်သော်လည်း သူ့ပါးစပ်မှ ထွက်လာသည်နှင့်တစ်ပြိုင်နက် သူ့နှလုံးသား အောက်ခြေမှ တိုက်ရိုက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
မိလ္လာရေထဲမှ အမှိုက်များက ရေညှိများ ဖုံးလွှမ်းနေသော နံရံများကို တိုက်မိနေသံသည် ငြိမ့်ညောင်းသော ပီယာနိုသံကဲ့သို့ ထွက်ပေါ်နေသည်။ ပါးစပ်ကို တစ်ဝက်ဖွင့် တစ်ဝက်ပိတ် ဖြစ်နေသော စွန့်ပစ်ထားသည့် အရုပ်လေးကလည်း သာယာငြိမ့်ညောင်းသော သီချင်းတစ်ပုဒ်ကို သီဆိုနေသကဲ့သို့ပင်။ ကောင်းမင်သည် အမှောင်ထုထဲရှိ တစ်စုံတစ်ဦးကို နှုတ်ဆက်နေသကဲ့သို့ သို့မဟုတ် တစ်စုံတစ်ရာကို ငြင်းပယ်နေသကဲ့သို့ သူ့လက်များကို ဝှေ့ယမ်းလိုက်သည်။ လီဆန်းစီ၏ စိတ်သည် အရာများစွာကို မေ့လျော့သွားခဲ့သော်လည်း သူ့ခန္ဓာကိုယ်မှာမူ ကလေးဘဝကတည်းက ဖိနှိပ်ထားခဲ့သော နာကျင်မှုများကို မှတ်မိနေဆဲ ဖြစ်သည်။
“အဖေက ငါ့ကို သူ့ကို သတ်ခိုင်းခဲ့တာ၊ အဖေက ငါ့ကို အကြိမ်ကြိမ် စွန့်ပစ်ခဲ့လို့ ဒီကြောက်စရာကောင်းတဲ့ နိမိတ်တွေက လက်တွေ့ ဖြစ်လာခဲ့တာ၊ အဖေက ငါ့ကို သရဲတစ်ကောင် ဖြစ်အောင် လုပ်ခဲ့တာပဲ”
စဉ်ဆက်မပြတ် ကြောက်ရွံ့မှုကို ပေးစွမ်းနေသော မှတ်ဉာဏ်များသည် သရဲတစ္ဆေများ ဖြစ်ကြသည်။ သရဲတစ္ဆေများသည် အတိတ်တွင်သာ ရှင်သန်နေကြပြီး ဘယ်သောအခါမှ အနားမရနိုင်ကြပေ။
“သန့်ရှင်းရေးသမားတွေ မကြာခင် ရောက်လာတော့မယ်၊ သူတို့ ကျွန်တော်တို့ကို မြင်ရင် အဖမ်းခံရပြီး လူမှုရေးအလုပ်တွေ အတင်းခိုင်းခံရလိမ့်မယ်”
ကြိုးဖြင့် အချည်ခံထားရသော ဒရိုင်ဘာသည် အကြိမ်ကြိမ် ရုန်းကန်နေသော်လည်း မအောင်မြင်သဖြင့် ကောင်းမင်ကို ခပ်တိုးတိုး သတိပေးရုံသာ တတ်နိုင်တော့သည်။
“သန့်ရှင်းရေးကုမ္ပဏီက မြေအောက် ရေနုတ်မြောင်းကွန်ရက်ကို ကန်ထရိုက် ယူထားပေမဲ့ အမှောင်ထုကတော့ ဘယ်သူ့ပိုင်နက်မှ မဟုတ်ဘူး”
ကောင်းမင်သည် သတိပြန်ဝင်လာပုံရပြီး ဒရိုင်ဘာကို ဆွဲခေါ်ကာ ရှေ့သို့ ဆက်လက် လျှောက်လှမ်းလိုက်သည်။
သူတို့သည် ချော်ကျိနေသော လမ်းကြောင်းများကို ခက်ခက်ခဲခဲ ဖြတ်ကျော်လာကြသည်။ သူတို့ဖိနပ်များပေါ်တွင် မိလ္လာရေများ စင်ဟပ်နေကြသည်။ မြေအောက် ရေနုတ်မြောင်းစနစ်မှာ ရှုပ်ထွေးလှပြီး လမ်းခွဲများစွာ ရှိသော်လည်း ကောင်းမင်သည် လမ်းကြောင်းတိုင်းကို သူ့လက်ဖဝါးကဲ့သို့ ကောင်းစွာ သိရှိနေသည်။ သူ့ပုံစံမှာ မြေပုံကို ကြိုတင်ကျက်မှတ်ထားသူနှင့် မတူဘဲ ဤနေရာ၌ အချိန်အတော်ကြာ နေထိုင်ခဲ့သူနှင့် ပိုတူနေခဲ့သည်။
အကွေ့အကောက် လမ်းများစွာကို ဖြတ်ကျော်လာပြီးနောက် ဒရိုင်ဘာသည် လွတ်မြောက်ရန် လုံးဝ လက်လျှော့လိုက်ပြီ ဖြစ်သည်။ သူသည် သူတို့ လာခဲ့သောလမ်းကြောင်းကို လုံးဝမျက်စိလည်သွားခဲ့ပြီ ဖြစ်သည်။
ကောင်းမင် သွားရောက်သော နေရာအတော်များများတွင် “မဝင်ရ” ဟူသော အမှတ်အသားများ ရှိနေသည်။ သန့်ရှင်းရေးကုမ္ပဏီ ပုံမှန်အသုံးပြုသော လမ်းကြောင်းများကို လက်ရန်းများ၊ လုံခြုံရေး ကြိုးတန်းများဖြင့် ကောင်းမွန်စွာ ထိန်းသိမ်းထားသည်။ သို့သော် ကောင်းမင် ခေါ်ဆောင်သွားသော လမ်းများမှာမူ မှောင်မည်းနေကာ ရွှံ့နွံများ ထူထပ်နေပြီး နံစော်နေသော အမှိုက်များဖြင့် ပြည့်နှက်နေခြင်း ဖြစ်သည်။ တစ်ခါတစ်ရံတွင် ပုပ်ပွနေသော တိရစ္ဆာန်အင်္ဂါအစိတ်အပိုင်းများကိုပင် တွေ့မြင်ရတတ်သည်။
“ကလေးတစ်ယောက်က ဒီလို မှောင်မည်းနေတဲ့ နေရာမှာ ဘယ်လိုများ အသက်ရှင်ခဲ့တာလဲ၊ အမှောင်ထုက သူ့ကို ခိုလှုံရာ ပေးခဲ့တာလား၊ ဒါမှမဟုတ် သူ့ဘဝကို မြှုပ်နှံပစ်ခဲ့တာလား”
“မင်း ငါပြောတာ နားထောင်နေလား”
“ဟုတ်... ဟုတ်ကဲ့ အစ်ကိုကြီး၊ အစ်ကိုကြီးပြောတာ တစ်လုံးမကျန် နားထောင်နေပါတယ်”
ဒရိုင်ဘာက ထပ်ချပ်မကွာ ပြန်ထူးလိုက်သည်။
“မင်းကို ပြောနေတာ မဟုတ်ဘူး၊ သူတို့ကို ပြောတာ၊ အမှောင်ထဲမှာ ရပ်နေတဲ့ အဲ့ဒီလူတွေကို ပြောတာ”
ကောင်းမင်သည် လက်တစ်ဖက်ကို အမှောင်ထုထဲသို့ ဆန့်ထုတ်ရင်း ရှေ့သို့ လှမ်းသွားသည်။
“သူတို့က ဘာလို့ ငါ့ကို ရှောင်နေကြတာလဲ၊ ငါက ညစ်ညမ်းနေလို့ ရွံနေကြတာလား၊ ဒါမှမဟုတ် အပြစ်ရှိစိတ်ကြောင့်လား”
ဆယ်မိနစ်ခန့် ကြာပြီးနောက် ကောင်းမင်ရှေ့ရှိ လမ်းမှာ သံဇကာတစ်ခုဖြင့် ပိတ်ဆို့ထားသည်ကို တွေ့လိုက်ရထားသည်။ ကျဉ်းမြောင်းသော လမ်းကြောင်းကို အတားအဆီး ပြုလုပ်ထားပြီး သံဇကာသည် မိလ္လာရေထဲအထိ နစ်ဝင်နေခဲ့သည်။
နံရံပေါ်ရှိ “မဝင်ရ”ဟူသော အမှတ်အသားကြီးများကို အနီရောင်ဆေးသားဖြင့် အလေးပေး ရေးသားထားသည်။ သန့်ရှင်းရေးကုမ္ပဏီက ဤနေရာကို တားမြစ်နယ်မြေအဖြစ် သတ်မှတ်ထားပြီး သူတို့၏ဝန်ထမ်းများကိုပင် ဝင်ခွင့်မပြုပုံရသည်။
“လမ်းမရှိတော့ဘူး၊ ကျွန်တော်တို့ ဖြတ်သွားလို့ မရဘူး၊ ပြန်လှည့်ရအောင်လေ”
တစ်လမ်းလုံး စိုးရိမ်ထိတ်လန့်နေခဲ့သော ဒရိုင်ဘာသည် ရှေ့ဆက်တိုးရန် လမ်းမရှိသည်ကို မြင်သောအခါမှသာ စိတ်သက်သာရာ ရသွားပြီး အသက်ဝဝ ရှူနိုင်တော့သည်။
ရေစပ်တွင် ဆောင့်ကြောင့်ထိုင်လိုက်ရင်း ကောင်းမင်သည် တိတ်ဆိတ်စွာ စီးဆင်းနေသော မိလ္လာရေကို စိုက်ကြည့်လိုက်သည်။ စုတ်ပြဲနေသော လူပုံစံအရုပ်တစ်ခုသည် ရေမျက်နှာပြင်ပေါ် မျောပါလာပြီး သံဇကာနှင့် ထိမိချိန်တွင် ခဏရပ်တန့်သွား၏။ သို့သော် ရေစီးကြောင်း၏ ရိုက်ခတ်မှုကြောင့် အကြိမ်အနည်းငယ် ယိမ်းထိုးနေပြီးနောက် သံဇကာ၏ အောက်ခြေမှတစ်ဆင့် ရေထဲသို့ ပိုမိုနက်ရှိုင်းစွာ စီးဝင်သွားခဲ့သည်။
“ဒီဇကာက မြစ်ကို အကုန်ပိတ်ဆို့ထားတာ မဟုတ်ဘူး၊ အောက်ခြေမှာ အဟကြီး အကြီးကြီး ရှိနေသေးတယ်”
ကောင်းမင်က သူ့ခေါင်းကို ကုတ်ရင်း ဒရိုင်ဘာကို လှမ်းကြည့်လိုက်သည်။
“မင်း ရေကူးတတ်လား”
“ခင်ဗျာ”
“မကူးတတ်ရင် အသက်အောင့်ထား”
ကောင်းမင်က ဒရိုင်ဘာ၏ ပုခုံးကို ဆွဲကိုင်လိုက်သည်။ သူတို့နှစ်ဦးလုံး မိလ္လာရေအောက်ထဲသို့ ငုပ်လျှိုး ဆင်းသွားကြသည်။
အေးစက်မှု၊ အပုပ်နံ့နှင့် ညှိစို့စို့အနံ့အသက်ဆိုးများက သူတို့၏ ခန္ဓာကိုယ်တွင် ကပ်ငြိသွားကာ အရိုးထဲအထိ စိမ့်ဝင်သွားသည်။ ကောင်းမင်သည် မြစ်အောက်ခြေတွင် စုပုံနေသော အမှိုက်သရိုက်များကို တွေ့မြင်လိုက်ရသည်။ လီဆန်းစီသည်လည်း မရေမတွက်နိုင်သော အမှိုက်များကဲ့သို့ပင် တစ်ချိန်က ဤအမှောင်မြစ်ထဲ၌ မျောပါခဲ့ဖူးသည်။
မြစ်အောက်ခြေရှိ အဟာကြားမှတစ်ဆင့် ကောင်းမင်သည် ဒရိုင်ဘာကို သံဇကာ၏ အခြားတစ်ဖက်သို့ ဆွဲထုတ်လိုက်သည်။
ရေပေါ်သို့ ခေါင်းပေါ်လာချိန်တွင် ဒရိုင်ဘာ၏ မျက်နှာသည် ခရမ်းရောင်သန်းနေပြီး အသက်ကို လုရှူနေရသည်။ တစ်ကိုယ်လုံး ရွှဲရွှဲစိုနေကာ အအေးဒဏ်မှာလည်း အရိုးကိုက်မတတ် ပြင်းထန်လှသည်။ သူသည် အသက်ရှင်နေသေးသဖြင့် ဝမ်းသာမိသလို တစ်ဖက်တွင်လည်း ထိုအချက်ကြောင့်ပင် မျှော်လင့်ချက်ကင်းမဲ့သွားသလို ခံစားနေရသည်။ နောက်ထပ် မည်သည့်အရာနှင့် ရင်ဆိုင်ရဦးမည်နည်း။
ကုန်းပေါ် ပြန်တက်လာချိန်တွင် ရေစက်များ မြေကြီးပေါ်သို့ တပေါက်ပေါက် စီးကျနေခဲ့သည်။ ကောင်းမင် နောက်သို့ လှည့်ကြည့်လိုက်သည်။သူသည် လိုက်လံဖမ်းဆီးခံနေရသဖြင့် ပြေးစရာ နေရာမရှိတော့ဘဲ မြစ်ထဲသို့ ခုန်ချလိုက်ပြီး မျက်နှာကို အမှိုက်များဖြင့် ဖုံးကွယ်ထားရသော ကလေးငယ်တစ်ဦးကို ဝေဝါးစွာ မြင်ယောင်မိလိုက်သည်။
“ခဏနားပြီးရင် ဆက်သွားကြမယ်”
ကောင်းမင်က ဒရိုင်ဘာကို မထူပေးလိုက်သည်။သူ့ မျက်လုံးများက အနည်းငယ် နီမြန်းနေလေသည်။
“ကျွန်တော်တို့ ထပ်သွားဦးမှာလား၊ ဒီမှာ ဘာအလင်းရောင်မှ မရှိတော့ဘူးနော်၊ မြေအောက် ရေနုတ်မြောင်းထဲမှာ ထူးဆန်းတဲ့အရာတွေ နေထိုင်ကြတယ်လို့ ကျွန်တော် ကြားဖူးတယ်၊ အထဲမှာ နှစ်တိုင်း လူတွေအများကြီး ပျောက်ဆုံးနေတာ၊ နောက်ပြီး ဒီနေရာက သန့်ရှင်းရေးသမားတွေတောင် ဝင်ဖို့ ပြင်းပြင်းထန်ထန် တားမြစ်ထားတဲ့ နေရာလေ”
ဒရိုင်ဘာသည် သူ့အဝတ်အစားပေါ်မှ အနံ့အသက်ဆိုးများကိုပင် သတိမထားမိတော့ချေ။ သူသာ ကောင်းမင်ကို ပြန်လှည့်ရန် နားချနိုင်ပါက ထိုမြေအောက်မြစ်ထဲသို့ နောက်တစ်ကြိမ် ခုန်ချရန်ပင် ဝန်လေးတော့မည် မဟုတ်ပေ။
“ငါလည်း အဲ့ဒီ ထူးဆန်းတဲ့အရာတွေကို လိုက်ရှာနေတာပဲကွ၊ ငါလည်း အရင်တုန်းက အဲ့ဒီထဲက တစ်ယောက်ဖြစ်ခဲ့တာပဲ”
“အစ်ကိုကြီး... ကျွန်တော် ကြားခဲ့တာတွေကို ဘယ်သူ့ကိုမှ မပြောပါဘူးလို့ ကျိန်ပါတယ်ဗျာ၊ ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော့်ကို ထပ်မခေါ်သွားပါနဲ့တော့”
ဒရိုင်ဘာသည် အလေးအနက် ကျိန်ဆိုမှုများစွာ ပြုလုပ်နေတော့သည်။
“မကြာခင် ရောက်တော့မှာပါ၊ မကြာခင် ရောက်တော့မယ်လို့ ငါ ခံစားနေရတယ်”
ကောင်းမင်က ကြိုးကို ဆွဲကာ ရှေ့သို့ စတင်လှမ်းသွားလိုက်သည်။
လမ်းကြောင်းက ကျဉ်းမြောင်းလာ၏။ ကောင်းမင်သည် နောက်ထပ် လမ်းဆုံတစ်ခုတွင် မြေပြင်ပေါ် ပြုတ်ကျနေသော မစ်ရှင်ဆိုင်းဘုတ်တစ်ခုကို တွေ့လိုက်ရသည်။ ထိုအပေါ်တွင် တာဝန်အချို့ကို ဝေဝေဝါးဝါး ရေးသားထားသည်။
“ပထမတာဝန် - အဝေးကြည့်မှန်ပြောင်း၊ မျက်မှန်၊ ကင်မရာနှင့် ပရိုဂျက်တာများကို ပြန်လည် သိမ်းဆည်းရန်။
စွန့်ပစ်ထားသော စူးစမ်းရေး အရာဝတ္ထုမှန်သမျှကို ဌာနချုပ်သို့ ပြန်လည် ပေးအပ်ရမည်။ အမှိုက်များကို ကိုယ်ပိုင်စစ်ဆေးခြင်းကို ပြင်းပြင်းထန်ထန် တားမြစ်သည်။ လက်ကိုင်ဖုန်းနှင့် လက်နှိပ်ဓာတ်မီးမှလွဲ၍ အခြားအလင်းရောင် အသုံးပြုခြင်းကို ပြင်းပြင်းထန်ထန် တားမြစ်သည်”
“ဒုတိယတာဝန် - ‘အဒေါ်ကြီး’။
မြေအောက်တွင် နေထိုင်သော လေလွင့်သူများထဲတွင် ‘အဒေါ်ကြီး’ ဟု လူသိများသော အရူးမတစ်ဦး ရှိသည်။ သူမကို မည်သည့် နည်းလမ်းဖြင့်မဆို ရှာဖွေပါ”
“တတိယတာဝန် - ရောဂါရှိသော အလောင်းများကို ပြန်လည်သိမ်းဆည်းရန်။ ဇယားအတိုင်း သက်ဆိုင်ရာ ပုပ်ပွမှု အဆင့်အလိုက် ဆေးရည်များကို ထိုးနှံရန်။ ဂိုဏ်းတက်တူး ပါရှိသော အလောင်းများကို သီးသန့် ချိပ်ပိတ်သိမ်းဆည်းရမည်”
“စတုတ္ထတာဝန် - ‘ဘဝပန်း’ များ ဆွတ်ခူးရန်။
၎င်းတို့သည် ဆေးရည်ဖော်စပ်ရာတွင် အဓိကပါဝင်ပစ္စည်းများ ဖြစ်ပြီး တားမြစ်နယ်မြေများနှင့် အမှောင်ဆုံး အညစ်ပတ်ဆုံး နေရာများတွင်သာ ပွင့်လေ့ရှိသည်။ ဘဝပန်းတစ်ပွင့်စီကို ... ဖြင့် လဲလှယ်နိုင်သည်”
မစ်ရှင်ဆိုင်းဘုတ်၏ အောက်ခြေသည် အက်ကွဲနေပြီး ပျောက်ဆုံးနေသဖြင့် မိလ္လာရေထဲသို့ နစ်မြုပ်သွားပုံရသည်။ သို့သော် ကောင်းမင်သည် အောက်ခြေရှိ တာဝန်များကို စိတ်မဝင်စားပေ။ သူ့အကြည့်သည် ပထမ တာဝန်နှစ်ခုပေါ်တွင်သာ ရပ်တန့်နေလေသည်။
“သန့်ရှင်းရေး ကုမ္ပဏီလည်း ကင်မရာတစ်လုံးကို ရှာနေတာလား၊ အဲ့ဒါ လီဆန်းစီ ပျောက်သွားတဲ့ ကင်မရာလား၊ သူတို့က တစ်ခုခု သိနေတာလား”
သန့်ရှင်းရေး ကုမ္ပဏီသည် ညရဲတပ်ဖွဲ့ကဲ့သို့ အင်အားကြီးမားသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ သို့သော် သန့်ရှင်းရေးကုမ္ပဏီမှာ ပိုမိုလျှို့ဝှက်ဆန်းကြယ်လှပြီး အမှောင်ထုထဲတွင် အမြဲအလုပ်လုပ်ကာ စွန့်ပစ်အမှိုက်များကို ရှင်းလင်းပေးနေခြင်း ဖြစ်သည်။