← Chapters

အခန်း (၄၇၇-၄၇၈)

Vol. 35 Ch. 477-478

အခန်း (၄၇၇-၄၇၈)

Vol. 35 Ch. 477-478

အပိုင်း(၄၇၇)

"ဟူး... နော်ဇင်ရဲ့ စက်မှုညစ်ညမ်းမှုကတော့ တကယ်ကို ဆိုးရွားလာပြီပဲ..."

ထုံးစံအတိုင်း လင်ကျဲသည် စောစောစီးစီး နိုးထလာပြီး စာအုပ်ဆိုင်တံခါးကို ဖွင့်လိုက်ရာ အပြင်ဘက်ရှိ ထူထပ်လှသော မြူနှင်းများကို မြင်လိုက်ရသဖြင့် အနည်းငယ် မူးနောက်နောက်ပင် ဖြစ်သွားရသည်။

နေမမြင်ရသည်မှာ ရက်အနည်းငယ် ရှိနေပြီ ဖြစ်သော်လည်း လင်ကျဲကတော့ အမှုမထားပေ။ ၂၁ ရာစုမှာတုန်းက သူသည် အနှစ် ၂၀ ကျော်ကြာ အိမ်တွင်းပုန်းလေး တစ်ဦး ဖြစ်ခဲ့ဖူးသည်။ နော်ဇင်ကို ရောက်လာပြီးနောက်တွင်လည်း ဤကဲ့သို့ ပြင်းထန်လှသော မြူခိုးညစ်ညမ်းမှုများကို အကြောင်းပြချက်ကောင်း တစ်ခုအဖြစ် အသုံးချကာ အိမ်ထဲ၌သာ အေးအေးဆေးဆေး နေထိုင်နိုင်သည် မဟုတ်ပါလား။

သို့သော်လည်း ယနေ့ မြူထုမှာမူ လွန်ကဲစွာ ထူထပ်လွန်းလှသည်။ သုံးမီတာခန့် အကွာအဝေးတွင် ရှိနေသောသူမှာ ယောက်ျားလား၊ မိန်းမလား ဆိုသည်ကိုပင် ခွဲခြားရန် မဖြစ်နိုင်တော့သည့် အဆင့်အထိပင်။

မြေပြင်ပေါ်တွင် ဖြည်းညင်းစွာ ရွေ့လျားနေသော မြူလှိုင်းများသည် ဖြူလွလွ ဝတ်စုံရှည်ကြီး၏ အနားသတ်များ လှုပ်ရှားနေသကဲ့သို့ ရှိနေပြီး သက်ရှိတစ်ဦးအလား ထင်မှတ်ရသည်။ လင်ကျဲသည် ဆိုင်တံခါးမှနေ၍ အပြင်ဘက်သို့ ငေးကြည့်နေမိသည်။ ဤမျှ ထူထပ်သော မြူထုကြီးက ကမ္ဘာပေါ်ရှိ 'မြူမြို့တော်' ဟု ကျော်ကြားသော လန်ဒန်ကို သတိရစေသည်။

စာအုပ်ဆိုင်အတွင်းမှာမူ တိတ်ဆိတ်ခြောက်ကပ်နေ၏။ မွန်းသည် ဗဟိုခရိုင်ရှိ ဆိုင်ခွဲသို့ သွားနေပြီဖြစ်ပြီး၊ ဂျိုးဇက်ကလည်း ဆိုင်သစ်အတွက် လိုအပ်သော ပစ္စည်းကိရိယာများနှင့် ကိရိယာတန်ဆာပလာများကို သွားရောက်ယူဆောင်နေသည်။ ထို့ကြောင့် စာအုပ်ဆိုင်အဟောင်းလေးထဲတွင် လင်ကျဲ တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့တော့သည်။

လင်ကျဲသည် ယခင်က ဂျိုးဇက် ပြသခဲ့သော ထူးခြားဆန်းပြားသည့် အစွမ်းသတ္တိများအပေါ် အတော်ပင် စိတ်ဝင်စားနေခဲ့မိသည်။ ကံမကောင်းစွာဖြင့် မွန်းရော ဂျိုးဇက်ပါ အလွန် အလုပ်များနေကြသဖြင့် သူတို့နှင့် အေးအေးဆေးဆေး ထိုင်ကာ စကားမပြောဖြစ်ခဲ့ချေ။

‘မွန်းက ဗဟိုခရိုင်က ဆိုင်ခွဲကို အခြေချပြီးသွားရင်တော့... အနားယူထားတဲ့ ဂျိုးဇက်က စာအုပ်ဆိုင်အဟောင်းမှာ ငါ့ရဲ့ လက်ထောက်အသစ် ဖြစ်လာတော့မှာပဲ... အဲဒီကျမှ သူ့ကို အေးအေးဆေးဆေး မေးမြန်းဖို့ အချိန်တွေ အများကြီး ရမှာပါလေ...’

လင်ကျဲသည် စိတ်ထဲမှ တွေးတောရင်း စာအုပ်စင်ပေါ်မှ စာအုပ်တစ်အုပ်ကို ယူကာ လှန်လှောဖတ်ရှုလိုက်သည်။ သို့သော်လည်း သူ အံ့အားသင့်သွားရသည်မှာ ထိုကျပန်းဆွဲယူလိုက်သော ဤစာအုပ်ကို သူ ဖတ်ဖူးနေခြင်းပင်။

"ထူးဆန်းလိုက်တာ... စာအုပ်စင်ကနေ ကျပန်းယူလိုက်တဲ့ စာအုပ်တွေက ထပ်မနေသင့်ဘူးလေ... ဒါက ကမ္ဘာတစ်ခုလုံးရဲ့ စာကြည့်တိုက်ကြီး မဟုတ်လား"

လင်ကျဲသည် မယုံကြည်နိုင်ဘဲ စာအုပ်စင်ပေါ်မှ အခြားစာအုပ်အချို့ကို ထပ်မံ ဆွဲထုတ်ကြည့်ပြန်သည်။ သို့သော် အားလုံးမှာ အတူတူပင် ဖြစ်နေ၏။ သူသည် ထိုစာအုပ်များကို ဖတ်ဖူးနေပြီး နောက်စာမျက်နှာတွင် မည်သည့်အကြောင်းအရာများ ပေါ်လာမည်ကိုပင် ကြိုတင် သိရှိနေသည်။

ထိတ်လန့်စရာကောင်းသော်လည်း ယုတ္တိရှိလှသော အတွေးတစ်ခု သူ၏ ခေါင်းထဲသို့ ဝင်လာသည်။

‘စာအုပ်တွေက ထပ်နေတာ မဟုတ်ဘဲ... ငါကပဲ စာအုပ်ရှိသမျှ အကုန်လုံးကို ဖတ်ပြီးသွားလို့များလား...’

‘ဒါကတော့ မဖြစ်နိုင်တာပဲ...’

ဤစာအုပ်စင်များပေါ်တွင် ကမ္ဘာပေါ်ရှိ စာအုပ်အားလုံး ရှိနေရမည် ဖြစ်သည်။ သုံးနှစ်အတွင်းမှာ သူ ဘယ်လိုလုပ်ပြီး အကုန်ဖတ်နိုင်ပါ့မည်နည်း။ သေချာပေါက် ဘလက်ကီ တစ်ခုခု မှားယွင်းနေခြင်းသာ ဖြစ်ပေလိမ့်မည်။

"အင်း... အားတဲ့အချိန်ကျမှ ဘလက်ကီကို မေးကြည့်ရမယ်... မဟုတ်ရင်တော့ ရှေ့လျှောက်ရက်တွေက ပျင်းစရာကြီး ဖြစ်နေတော့မှာ"

လင်ကျဲသည် ခေါင်းညိတ်ကာ စာအုပ်များကို စင်ပေါ်သို့ ပြန်တင်လိုက်သည်။

ထို့နောက် သူ မျက်မှောင်ကြုတ်လိုက်မိသည်။ နံနက်စောစော ဖြစ်သော်လည်း နေရောင်ခြည်က ပေါ်မလာသေးချေ။ မြူထုမှာလည်း လွင့်စဉ်မသွားဘဲ ပို၍ပင် ထူထပ်လာသည်။ ဆိုင်တံခါးမှတစ်ဆင့် စာအုပ်ဆိုင်အတွင်းသို့ပင် မြူခိုးများ ဝင်ရောက်လာနေသည်။

ဤအချိန်တွင် အပြင်ဘက်သို့ ပြန်ကြည့်လိုက်ရာ မြူထုကြီးမှာ မီးခိုးရောင် အတားအဆီးကြီးတစ်ခုကဲ့သို့ ဖြစ်နေပြီး ဘာကိုမျှ မမြင်ရတော့ချေ။

‘ဟူး... ဒီနေ့တော့ ဆိုင်ဖွင့်လို့ ရတော့မှာ မဟုတ်ဘူး ထင်တယ်...’

လင်ကျဲသည် စာအုပ်ကို ချလိုက်ပြီး အသစ်တပ်ဆင်ထားသော လိပ်တံခါးဆီသို့ လျှောက်သွားသည်။ သူသည် တံခါးကို အောက်သို့ အားဖြင့် ဆွဲချလိုက်ရာ တဂျိမ်းဂျိမ်း အသံများ ထွက်ပေါ်လာသည်။

ထိုစဉ်...

သာမန်လူထက် အနည်းငယ် ပိုကြီးသော အနက်ရောင် လက်အိတ်စွပ်ထားသည့် လက်တစ်ဖက်သည် လိပ်တံခါး ပိတ်ခါနီးဆဲဆဲမှာပင် ကြားဖြတ်ကာ တံခါးကို အောက်သို့ လုံးလုံး ကျမသွားအောင် တားဆီးလိုက်သည်။ ထိုသူ၏ အားမှာ အလွန်ပြင်းထန်လှသဖြင့် မတော်တဆမှု မဖြစ်စေရန် လင်ကျဲသည် တံခါးဆွဲချနေသည်ကို ရပ်တန့်လိုက်ရသည်။

လိပ်တံခါးမှာ အထက်သို့ ပြန်ပွင့်သွားတော့သည်။

ထိုအခါ ဆိုင်တံခါးဝတွင် အနက်ရောင် ဝတ်ရုံခြုံထားသော ထွားကျိုင်းသည့် လူရိပ်တစ်ခု မတ်တပ်ရပ်နေသည်ကို လင်ကျဲ မြင်တွေ့လိုက်ရသည်။

သူ၏ မျက်နှာတစ်ခုလုံးမှာ အမှောင်ထုထဲတွင် နစ်မြုပ်နေသဖြင့် မည်သည့် ရုပ်သွင်ကိုမျှ မမြင်ရချေ။ သူ၏ ဝတ်ရုံပေါ်တွင် စိုစွတ်သော မြူစက်အချို့ ရှိနေပြီး လက်ထဲတွင် သေတ္တာတစ်လုံးကို ကိုင်ထားသည်။ သူသည် လင်ကျဲထက် တစ်ခေါင်းစာခန့် ပိုမြင့်ပြီး ဝတ်ရုံအောက်မှ ကြီးမားသော ကြွက်သားထုကြီးကို ခပ်ရေးရေး မြင်တွေ့နေရသည်။ ဤသူ၏ လက်များမှာ ပုံမှန်ထက် ထူးထူးခြားခြား ထူထဲလှပြီး ခန္ဓာကိုယ် တည်ဆောက်ပုံမှာ ဂျိုးဇက်ထက်ပင် ပို၍ ကြီးမားပုံရသည်။

သို့သော်လည်း သူ၏ လက်များမှာ အနည်းငယ် တုန်ရီနေပြီး သူသည် အတော်ပင် စိတ်လှုပ်ရှားနေသကဲ့သို့ ရှိသော်လည်း ယဉ်ကျေးပျူငှာပုံ ရပါသည်။

"ဒီနေ့ မြူတွေက တကယ် ထူတာပဲ..."

လင်ကျဲက အနည်းငယ် အံ့အားသင့်သွားဟန်ဖြင့်...

"ဒီနေ့တော့ ဖောက်သည် မလာတော့ဘူးလို့ ထင်နေတာ၊ ခင်ဗျား ရောက်လာတယ်ဆိုတော့... စာအုပ်ကြည့်ဖို့ လာတာလား"

ဝတ်ရုံခြုံထားသူက ခေါင်းခါပြလိုက်သည်။

"စောင့်နေစေမိတဲ့အတွက် တောင်းပန်ပါတယ်ခင်ဗျာ... ဒီနေ့လို အချိန်မျိုးမှာ စာအုပ်ဆိုင်ကို လာရောက်ရတာ ကျွန်တော်တို့ဘက်က ရိုင်းပျရာ ကျနေပါပြီ..."

ဝတ်ရုံခြုံထားသူ၏ ခန္ဓာကိုယ်မှာ မယုံနိုင်လောက်အောင် သန်မာထွားကျိုင်းလှသည်။ လွန်ခဲ့သော ရက်အနည်းငယ်ကပင် လူတစ်ယောက်ကို သူ၏ လက်ဗလာဖြင့် ချေမှုန်းသတ်ဖြတ်ခဲ့သူ ဖြစ်သော်လည်း၊ ယခုအခါတွင်မူ သူသည် လင်ကျဲ၏ ဘေးတွင် မူလတန်းကျောင်းသားလေးတစ်ဦးအလား အလွန်ပင် ရိုသေကျိုးနွံစွာ ရပ်နေလေသည်။

သူသည် အောက်ပိုင်းခရိုင်မှ တက်လာပြီးနောက် ဟမ်ဖရီကို သတ်ကာ စာအုပ်ကို ရယူခဲ့သည်။ ထို့နောက် အောက်ပိုင်းခရိုင်သို့ ပြန်သွားကာ သူ၏ ဘာသာရေးအဖွဲ့အစည်းမှ အထက်လူကြီးများထံသို့ ထိုစာအုပ်ကို ပူဇော်ဆက်သခဲ့သည်။ ထိုအချိန်တွင် သူတို့အားလုံးက ဤစာအုပ်သည် သူတို့ စောင့်မျှော်နေခဲ့သော 'အစဦးတို့၏ အစ၊ အရာခပ်သိမ်းတို့၏ အရှင်၊ ဝရုန်းသုန်းကားဖြစ်ခြင်းနှင့် စနစ်တကျရှိခြင်းတို့၏ အရင်းအမြစ်' ပင် ဖြစ်ကြောင်း တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။ ထို့ပြင် ဤအရာအားလုံး၏ အရင်းအမြစ်မှာ ဤစာအုပ်၏ အရှင်သခင်ပင် ဖြစ်ရမည်ဟု ယုံကြည်သွားကြသည်။

ထို့ကြောင့်ပင် သူသည် မြေပေါ်သို့ တစ်ဖန် ပြန်တက်လာပြီး ဤစာအုပ်ဆိုင်ပိုင်ရှင်ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

"အော်..."

လင်ကျဲက မျက်ခုံးတစ်ချက် ပင့်လိုက်သည်။ လေသံက အနည်းငယ် ထူးဆန်းနေသော်လည်း သူ လိုက်လျော ညီထွေ ဆက်ဆံဖို့ ဆုံးဖြတ်လိုက်သည်။

"ဒါဆို... ခင်ဗျားက ကျွန်တော့်အကြောင်း ကြားဖူးထားတာပေါ့... ကျွန်တော့်ဆီကို သီးသန့်လာတာလား"

ထို့နောက် သူက နောက်ပြောင်သည့် လေသံဖြင့် ဆက်ပြောလိုက်သည်။

"တကယ်တော့ သိပ်ပြီး အကြာကြီး စောင့်လိုက်ရတာ မဟုတ်ပါဘူး... စာဖတ်နေတဲ့ အချိန်ဆိုရင် အချိန်တွေက ကုန်မှန်းမသိ ကုန်သွားတတ်တာပဲလေ... ကဲ... အတွင်းထဲကို ဝင်ပါဦး"

ဝတ်ရုံခြုံက ခေါင်းညိတ်လိုက်၏။ ဤကဲ့သို့သော အရှင်သခင်အတွက်မူ ခေတ်ကမ္ဘာများ ပြောင်းလဲသွားခြင်းမှာ စာအုပ်တစ်မျက်နှာကို လှန်လှောလိုက်သကဲ့သို့ပင် ရိုးရှင်းလှပေလိမ့်မည်။

မည်သို့ပင် ဆိုစေ... လူသားမျိုးနွယ်ပင် မရှိသေးသော ပထမခေတ်ကတည်းက နှစ်ပေါင်းထောင်ချီကြာအောင် စောင့်ဆိုင်းခဲ့ကြပြီးနောက်၊ ယခုအခါ သူတို့ အလုပ်အကျွေးပြုရန် စောင့်မျှော်နေခဲ့သော အရှင်သခင်ကို နောက်ဆုံးတွင် ရှာဖွေတွေ့ရှိခဲ့လေပြီ။

ဝတ်ရုံခြုံထားသူသည် လင်ကျဲ၏ အမိန့်ကို မအာခံဝံ့ဘဲ စာအုပ်ဆိုင်အတွင်းသို့ ချက်ချင်း ဝင်လာခဲ့သည်။ သူ၏ ပုံစံမှာ ကြီးမားထွားကျိုင်းပြီး ကြောက်စရာကောင်းသော်လည်း၊ သူကိုယ်တိုင်မှာမူ အတော်ပင် စိတ်မလုံမလဲ ဖြစ်နေပုံရသည်။

လင်ကျဲသည် လိပ်တံခါးကို ပိတ်လိုက်ပြီးနောက် ထိုသူ၏ အနက်ရောင် ဝတ်ရုံပေါ်မှ အမှတ်အသား တံဆိပ်ကို သတိပြုမိလိုက်သည်။ ၎င်းမှာ ခြောက်သွေ့နေသော သစ်ပင်တစ်ပင်နှင့် ကြက်ခြေခတ်ထားသော ဓားနှစ်လက် ပါဝင်သည့် မီးခိုးရောင် တံဆိပ်တစ်ခုပင် ဖြစ်သည်။

"ကပ်ဘေး ဘုရားကျောင်း ကလား"

"ဟုတ်ကဲ့ပါ"

ဝတ်ရုံနက်က ခေါင်းညိတ်ပြသည်။

လင်ကျဲသည် ကောင်တာနောက်သို့ ပြန်သွားပြီး လက်ပိုက်လိုက်သည်။ ထို့နောက် ထူးဆန်းသော မျက်နှာပေးဖြင့် ရှေ့သို့ အနည်းငယ် ကိုင်းညွတ်လိုက်ရင်း...

"ကြည့်ရတာ ခင်ဗျားက ကျွန်တော့်ကို ရှာတွေ့ဖို့ တော်တော်လေးကို စိတ်ပိုင်းဖြတ်ပြီး ကြိုးစားခဲ့ပုံရတယ်နော်"

လင်ကျဲသည် 'အောက်ပိုင်းခရိုင်' နှင့် 'ကပ်ဘေး ဘုရားကျောင်း' တို့အကြောင်းကို သုတေသန ပြုလုပ်နေခဲ့သော်လည်း တိကျသော သတင်းအချက်အလက်များကို များများစားစား မရရှိခဲ့ချေ။ အကြောင်းမှာ အထက်ပိုင်းခရိုင်နှင့် အောက်ပိုင်းခရိုင်မှာ လုံးဝ တသီးတခြားစီ ခွဲခြားထားပြီး တစ်ဖက်နှင့်တစ်ဖက် ကူးလူးသွားလာခြင်းကို တားမြစ်ထားသောကြောင့်ပင်။

သို့ပါလျက်နှင့် ယခု မျက်ရှေ့မှ လျှို့ဝှက်ဆန်းကြယ်သော ဝတ်ရုံနက်မှာ 'ကပ်ဘေး ဘုရားကျောင်း' မှ ဖြစ်နေသည်။

တစ်နည်းအားဖြင့် ပြောရလျှင် သူသည် အထက်နှင့်အောက် ခရိုင်နှစ်ခုကြားရှိ အတားအဆီးကို အမှန်တကယ် ကျော်ဖြတ်လာနိုင်ခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ အံ့ဩစရာကောင်းလှသည်ဟု ဆိုရပေလိမ့်မည်။ သူသည် မိမိ မည်သူမည်ဝါဖြစ်ကြောင်းကို ဖုံးကွယ်ရန် ဤကဲ့သို့ အနက်ရောင် ဝတ်ရုံကို ခြုံထားရခြင်းမှာလည်း ကျိုးကြောင်းဆီလျော်လှပါသည်။

ဝတ်ရုံနက်မှာ လင်ကျဲ၏ စကားကို ကြားသောအခါ စိတ်လှုပ်ရှားလွန်း၍ တစ်ကိုယ်လုံး တုန်ရီသွားတော့သည်။

မှန်ပေသည်။ အရှင်သခင်၏ လမ်းညွှန်မှုကို ရရှိပြီးနောက် သူသည် အောက်ပိုင်းခရိုင်မှ အထက်ပိုင်းခရိုင်သို့ အလွန်အန္တရာယ်ကြီးမားလှသော အသွားအပြန် ခရီးစဉ်နှစ်ခုကို ပြုလုပ်ခဲ့ရသည်။ ထို့ပြင် သဘာဝလွန် ပုဂ္ဂိုလ်များ၏ စုံစမ်းစစ်ဆေးမှုကို ဟန့်တားနိုင်ရန်အတွက် မူလလမ်းကြောင်းဟောင်းမှနေ၍ ဤမျှကြီးမားသော မြူထုကြီးကို ထုတ်လွှတ်ပေးသည့် မှော်အစီရင်တစ်ခုကို သူ၏ နောက်လိုက်များနှင့် ဘုရားကျောင်းတော်မှ အထက်လူကြီးများက ရက်အနည်းငယ်ကြာအောင် အားစိုက်ထုတ် ဖန်တီးခဲ့ကြရသည်။ ဤအရာအားလုံးကို ပြုလုပ်ခဲ့ခြင်းမှာ မစ္စတာလင်၏ စာအုပ်ဆိုင်သို့ ဘေးကင်းလုံခြုံစွာ ရောက်ရှိနိုင်ရန်အတွက်သာ ဖြစ်၏။

ဤအခိုက်အတန့်တွင် သူသည် အောက်ပိုင်းခရိုင်ရှိ ဘုရားကျောင်းတော်မှ လူတိုင်းကို သူတို့၏ ကြိုးပမ်းအားထုတ်မှုများမှာ အလကားမဖြစ်ခဲ့ကြောင်း အော်ဟစ်ပြောကြားလိုက်ချင်မိသည်။

မစ္စတာလင်သည် အရာခပ်သိမ်းကို သိမြင်တော်မူပေသည်တကား...။

***

အပိုင်း(၄၇၈)

"ကျွန်တော် အခုလို ရောက်လာတာဟာ မစ္စတာလင်ရဲ့ လမ်းပြမှုတစ်ခုတည်းကြောင့်ပါပဲ"

ဝတ်ရုံခြုံထားသူက စိတ်လှုပ်ရှားစွာ ပြောဆိုရင်း သူ၏ ဝတ်ရုံနက်အတွင်းမှ စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်သည်။

လင်ကျဲ တစ်ချက်ကြည့်လိုက်ရာ စာအုပ်၏ အမည်မှာ 'ဒဏ္ဍာရီများနှင့် ပုံပြင်များ’ ဖြစ်နေသည်။

"ဟင်..."

ဤစာအုပ်သည် သူ ကျိပိုတုန်ကို ပေးလိုက်သည့် စာအုပ်မဟုတ်ပါလား။ လင်ကျဲသည် ကျိပိုတုန်အား စာအုပ်ငါးအုပ် ပေးခဲ့ရာတွင် တစ်အုပ်ဖြစ်သည့် 'ဒဏ္ဍာရီများနှင့် ပုံပြင်များ' မှာ သူကိုယ်တိုင် ရေးသားထားသော လက်ရာတစ်ခု ဖြစ်သည်။

ပြောရမည်ဆိုလျှင် မည်သူမျှ ကြိုက်နှစ်သက်လိမ့်မည်မဟုတ်သည့် စာအုပ်တစ်အုပ်ကို ကျိပိုတုန်၏ အရောင်းရဆုံးစာရင်းကို ထိခိုက်နိုင်လောက်အောင် အရှက်မရှိ ရောထည့်ပေးလိုက်မိခြင်းမှာ လင်ကျဲအတွက် အနည်းငယ် အားနာစရာ ဖြစ်နေခဲ့သည်။ သို့သော်လည်း စာဖတ်သူတစ်ဦးက ဤစာအုပ်ကို အမှန်တကယ် ရရှိသွားပြီး ဆွေးနွေးရန်အတွက် သူ့ထံ အရောက်လာလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။

'ဒဏ္ဍာရီများနှင့် ပုံပြင်များ' ၏ အဓိက အကြောင်းအရာမှာ ရှေးဟောင်း ဒဏ္ဍာရီလာ လူသားယဉ်ကျေးမှုများမှ မြစ်ဖျားခံလာသည့် ခြောက်ကပ်ကပ် ဆွေးနွေးချက်များသာ ဖြစ်သည်။ ၎င်းကို ရှေးဟောင်းသုတေသန စာအုပ်တစ်အုပ်ဟုပင် သတ်မှတ်နိုင်ရာ သူ့ရှေ့မှ ဝတ်ရုံခြုံထားသူမှာ ရှေးဟောင်းသုတေသန ပညာရှင်တစ်ဦး ဖြစ်နေလေမလော။ ထို့ကြောင့်ပင် စိတ်ဝင်စားနေခြင်း ဖြစ်ပေလိမ့်မည်။

ဝတ်ရုံခြုံထားသူသည် စာအုပ်ကို ဂရုတစိုက် ပွတ်သပ်နေ၏။ လင်ကျဲ မမြင်နိုင်သော ခေါင်းစွပ်၏ အရိပ်အောက်တွင်မူ သူ၏ မေးစေ့မှ လက်တံများမှာ တွန့်လိမ်လှုပ်ရှားနေပြီး ရက်စက်ရူးသွပ်သော အပြုံးတစ်ခု ပေါ်ပေါက်နေ၏။ သူ ကိုင်ထားသော စာအုပ်၏ မျက်နှာဖုံးတွင်မူ ‘အပျက်အစီး အိပ်မက်' ဟု ရေးသားထားသည်။

လင်ကျဲက ပြုံးလိုက်၏။

"ဒီစာအုပ်ကို ကျိပိုတုန်ရဲ့ လေလံပွဲကနေ ရခဲ့တာပေါ့... ကြည့်ရတာ ခင်ဗျားက ဒီစာအုပ်ကို တကယ် သဘောကျပြီး ထူးခြားတဲ့ အမြင်ရှိပုံပဲ..."

"သဘောကျရုံတင် မကပါဘူး... ဒါဟာ စစ်မှန်တဲ့ နတ်ဘုရားတစ်ပါးပဲ ရေးသားနိုင်မယ့် စာအုပ်မျိုးပါ..."

ဝတ်ရုံနက်၏ အက်ကွဲသော အသံမှာ အစွန်းရောက် ဝါသနာပါမှုတို့ဖြင့် ပြည့်နှက်နေပြီး စာအုပ်ကို ရင်ခွင်ထဲတွင် တင်းတင်းပိုက်ထားသည်။

"ဟား ဟား... ဒီချီးကျူးစကားကတော့ သိပ်ကို လွန်ကဲလွန်းနေပါပြီ..."

‘ဟီး ဟီး... ဒါပေမဲ့ ကျွန်တော် တော်တော် သဘောကျတာပဲ... ပိုပြီးတော့ ချီးကျူးပေးစမ်းပါဦး...’

လင်ကျဲ ညွှန်းဆိုပေးခဲ့သော သို့မဟုတ် လက်ဆောင်ပေးခဲ့သော စာအုပ်များမှာ အခြားသူများ၏ လက်ရာများသာ ဖြစ်သော်လည်း၊ သူ့ ကိုယ်ပိုင်စာအုပ်အကြောင်းကို ဆွေးနွေးရန် လာရောက်သူမှာ ဤသူသည် ပထမဆုံး ဖြစ်သည်။ ထို့ပြင် ဤသည်မှာ ပညာရပ်ဆိုင်ရာ နယ်ပယ်တူသူတစ်ဦးထံမှ ချီးကျူးစကား ဖြစ်နေသဖြင့် ပို၍ပင် တန်ဖိုးရှိနေတော့သည်။

"ဒါနဲ့ ပြောရဦးမယ်... ကျွန်တော်က အမြဲတမ်း တခြားသူတွေရဲ့ အမြင်တွေကို စိတ်ဝင်စားတတ်တယ်"

လင်ကျဲက လက်ပိုက်ကာ ပြုံးပြလိုက်သည်။

"ခင်ဗျားအနေနဲ့ ဒီစာအုပ်အပေါ် ဘယ်လို ထင်မြင်မိသလဲ"

ဝတ်ရုံခြုံထားသူက တုန်ရီသော အသံဖြင့် ပြန်လည် ဖြေကြားလိုက်၏။

"လှပတယ်၊ အိပ်မက်ဆန်တယ်၊ ပြီးတော့ မယုံနိုင်စရာ ကောင်းလှပါတယ်... အကြောင်းအရာတွေကို နားလည်ရ ခက်ခဲပေမဲ့ စာဖတ်သူကို မိန်းမောတွေဝေသွားစေတယ်... ဒါဟာ အချိန်နဲ့ ဟင်းလင်းပြင်ရဲ့ အကန့်အအုံတွေကို ကျော်လွန်နေတဲ့ အခြား မယုံကြည်နိုင်စရာ ကမ္ဘာတစ်ခုကို မြင်တွေ့လိုက်ရသလိုပါပဲ..."

အနက်ရောင် ဝတ်ရုံအောက်မှ သူ၏ တောက်လောင်နေသော အကြည့်ကို လင်ကျဲ ခပ်ရေးရေး မြင်နေရသည်။

"ကျွန်တော် တစ်ယောက်တည်းတင် မဟုတ်ပါဘူး... ကျွန်တော့် ဘုရားကျောင်းတော်က လူတိုင်းကလည်း ဒါကို စောင့်မျှော်နေကြတာပါ..."

လင်ကျဲက နားလည်သဘောပေါက်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ ဤသူမှာ ဧကန်မလွဲ ပညာရပ်ဆိုင်ရာ နယ်ပယ်တူသူပင် ဖြစ်ရမည်။

"ခင်ဗျားတို့ရဲ့ ဘုရားကျောင်းတော်ကလား... ကြည့်ရတာ ခင်ဗျားတို့အားလုံး ဒီစာအုပ်အပေါ်မှာ အတော်လေး နှိုက်နှိုက်ချွတ်ချွတ် ဆွေးနွေးဖြစ်ကြပုံပဲ၊ ဟုတ်လား..."

"ဟုတ်ပါတယ်... ဟုတ်ပါတယ်... ဒါဟာ ကျွန်တော်တို့အတွက် အများကြီး အဓိပ္ပာယ်ရှိပါတယ်..."

ဝတ်ရုံနက်က ခေါင်းကို တရစပ် ညိတ်ပြသည်။

"ဒါကြောင့်ပဲ ကျွန်တော့်ရဲ့ ဘုရားကျောင်းတော်က လူတွေက ကျွန်တော် လာလည်တဲ့အခါ ကျေးဇူးတင်တဲ့အနေနဲ့ လက်ဆောင်တွေပါ ယူသွားဖို့ မှာလိုက်ကြတာပါ..."

ထိုသို့ပြောရင်း သူ၏ လက်ထဲမှ သေတ္တာကို ကောင်တာပေါ်မှတစ်ဆင့် လင်ကျဲထံသို့ ဖြည်းညင်းစွာ တွန်းပို့လိုက်သည်။

"အို... လာလည်တာတင်တင် လုံလောက်လှပါပြီ... ဒီလို အလေးအနက်ထားစရာ မလိုပါဘူး... ပညာရပ်ဆိုင်ရာ ဆွေးနွေးမှုတစ်ခုအတွက် ဒီလောက်အထိ..."

လင်ကျဲက အားနာသလို ပြောဆိုနေသော်လည်း လက်ကမူ သေတ္တာကို ဖွင့်ကြည့်လိုက်ပြီး ဖြစ်သည်။ အတွင်းမှ အရာကို မြင်လိုက်ရသောအခါ သူ၏ မျက်နှာပေးမှာ ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။ သူ၏ မျက်လုံးများ မှေးစင်းသွားပြီး သာမန်အရောင်းအဝယ် စိတ်နေစိတ်ထားမှသည် အလေးအနက်ထားသော အလုပ်လုပ်သည့် ပုံစံသို့ ချက်ချင်း ကူးပြောင်းသွား၏။

သေတ္တာအတွင်းမှ အရာမှာ ရွှေငွေ ရတနာများ မဟုတ်ဘဲ အစိတ်အပိုင်း အကျိုးအပဲ့တစ်ခု ဖြစ်နေသည်။

ဤအကျိုးအပဲ့မှာ လင်ကျဲအတွက် အလွန်ပင် ရင်းနှီးနေသည်။ အဘယ်ကြောင့်ဆိုသော် သူ့ထံတွင် ဤအရာနှင့် ထပ်တူကျသော အစိတ်အပိုင်းတစ်ခု ရှိနေသောကြောင့်ပင်။

ယခင်က ကျိကျစ်ရှို့ လက်တွဲလုပ်ကိုင်ရန် လာရောက်ကမ်းလှမ်းစဉ်က သူမ ပေးအပ်ခဲ့သော လက်ဆောင်များထဲတွင် အပိုင်းအစတစ်ခု ပါဝင်ခဲ့သည်။ ၎င်းမှာ အောက်ပိုင်းခရိုင်မှ တူးဖော်ရရှိခဲ့သော ရှေးဟောင်းပစ္စည်းတစ်ခု ဖြစ်သည်။

ယခုအခါ ဤဧည့်သည်က ဒုတိယမြောက် အပိုင်းအစကို အမှန်တကယ် ယူဆောင်လာခဲ့လေပြီ။

‘ကပ်ဘေး ဘုရားကျောင်းက ဒဏ္ဍာရီတွေနဲ့ စာပေတွေကိုပဲ စိတ်ဝင်စားတာ မဟုတ်ဘဲ၊ အောက်ပိုင်းခရိုင်ရဲ့ ရှေးဟောင်းသုတေသန လုပ်ငန်းတွေမှာလည်း အတော်လေး အစွမ်းထက်ပုံရတယ်...’

လင်ကျဲသည် ဤဝတ်ရုံနက်မှာ ရှေးဟောင်းသုတေသနနှင့် ပတ်သက်သော အလုပ်တစ်ခုခုကို လုပ်ကိုင်နေသူဖြစ်ကြောင်း အခိုင်အမာ ယုံကြည်သွားသည်။ လင်ကျဲ ဤအကြောင်းအရာကို သုတေသနပြုနေကြောင်း ကြားသိ၍ ဆွေးနွေးရန် ရောက်လာခြင်းလည်း ဖြစ်နိုင်ပေသည်။

"ဒီအကျိုးအပဲ့ရဲ့ မြစ်ဖျားခံရာကို ခင်ဗျား သိသလား..."

လင်ကျဲက မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ အခြားသော အပိုင်းအစကို ထုတ်ယူကာ နှစ်ခုကို ပေါင်းစပ်ကြည့်လိုက်သည်။

နောက်ဆုံးတွင်မူ ပျက်စီးနေသဖြင့် ဖတ်၍မရသော စာလုံးများကို အနည်းငယ် ပေါ်လွင်အောင် လုပ်နိုင်ခဲ့လေပြီ။

ဝတ်ရုံခြုံထားသူက ချက်ချင်းပင် ခေါင်းကို ငုံ့လိုက်ပြီး ရိုသေစွာ ဖြေကြား၏။

"ကျွန်တော် သိပ်ပြီး မသေချာပါဘူး... အဲဒီပေါ်က စာသားတွေကို ကျွန်တော်တို့ နားမလည်ပါဘူး၊ ဒါပေမဲ့ ဒီအစိတ်အပိုင်းထဲမှာ ရှေးဟောင်းဝိညာဉ်တစ်ခု ကိန်းအောင်းနေတယ်လို့ ခံစားရပါတယ်..."

"ရှေးဟောင်းဝိညာဉ် ဟုတ်လား... အဲဒါလည်း ဟုတ်တာပါပဲ... အချိန်ကာလဆိုတာ အတိတ်က တည်ရှိခဲ့တဲ့ အရာခပ်သိမ်းရဲ့ ဝိညာဉ်တွေကို သယ်ဆောင်လာတတ်တာကိုး... ရှေးဟောင်းခေတ်က လာတဲ့ ဒီပစ္စည်းတွေမှာ ထိုခေတ်ရဲ့ အငွေ့အသက်တွေ သဘာဝကျကျ ပါဝင်နေမှာပေါ့"

လင်ကျဲသည် အပိုင်းအစများကို ဟိုဒီလှည့်ပတ်ကြည့်ရင်း ကောက်ယူလိုက်သည်။

"ဒီပေါ်မှာ ရေးထားတဲ့ စာသားတွေရဲ့ အဓိပ္ပာယ်က 'မီးလျှံကျောက်တိုင်၊ သက်စောင့် ကူညီ' တဲ့"

သူက မျက်လုံးများကို မှေးလျက် ဆက်ပြောလိုက်သည်။

"ဖြစ်နိုင်တာကတော့ ခင်ဗျား နားမလည်တာ ဖြစ်ပါလိမ့်မယ်... တစ်နည်းအားဖြင့် ပြောရရင်တော့ ဒါဟာ သက်စောင့်လို့ အမည်ရတဲ့ စုန်းမတစ်ဦးရဲ့ အထိမ်းအမှတ် အမှတ်အသားတစ်ခုပဲ ဖြစ်တယ်"

လင်ကျဲ ထိုစကားကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ဝတ်ရုံနက်သည် ထိတ်လန့်ဖွယ် လျှို့ဝှက်ချက်တစ်ခုကို သိလိုက်ရသည့်အလား တစ်ကိုယ်လုံး တုန်ရီသွားတော့သည်။

‘သက်စောင့်စုန်းမ... ဒါက မူလ စုန်းမကြီးလေးပါး ထဲက တစ်ပါးမဟုတ်လား...’

အမှန်စင်စစ် နော်ဇင်မြို့၏ ဒဏ္ဍာရီများထဲတွင် သက်စောင့်စုန်းမသည် ရှေးဦးစုန်းမကြီးများထဲ၌ ပထမဆုံး သေဆုံး ကွယ်ပျောက်သွားသူ သို့မဟုတ် အဇီး စွန့်ခွာပြီး အိပ်မက်ကမ္ဘာအတွင်း၌ အိပ်မက်မက်ရင်း လဲလျောင်းနေသူဟု ဖော်ပြကြသည်။

သို့သော်လည်း သက်စောင့်စုန်းမကြီး သေဆုံးသွားသည်ဟူသော အယူအဆကို လူအများစုက လက်မခံကြချေ။ စုန်းမကြီးများသည် ကမ္ဘာဦး ကစဉ့်ကလျား ဖြစ်စဉ်များမှ ဆင်းသက်လာသူများဖြစ်ပြီး အလွန်အစွမ်းထက်ကြသည်။ သူတို့က မည်ကဲ့သို့ သေဆုံးနိုင်ပါမည်နည်း။

ထို့ကြောင့်ပင်... သက်စောင့်စုန်းမသည် ပျက်စီးသွားခြင်း မဟုတ်ဘဲ သူမ၏ အထိမ်းအမှတ် အမှတ်အသားများကိုသာ နေရာအနှံ့ ကြဲချထားခဲ့ခြင်း ဖြစ်သည် ဟု လူအများက ပြောဆိုကြသည်။ သူမသည် တစ်နေ့တွင် ပြန်လည်နိုးထလာပြီး ဘယ်သောအခါမျှ ပျောက်ကွယ်မသွားသော အမှောင်ထုကို ပြန်လည်ခုခံရန် အခွင့်အရေးကို စောင့်ဆိုင်းနေခြင်း ဖြစ်ပေလိမ့်မည်။

ဤသို့ဆိုလျှင်... သူ့ရှေ့ရှိ ဤအစိတ်အပိုင်း အကျိုးအပဲ့ထဲတွင် သက်စောင့်စုန်းမကြီး၏ အစွမ်းထက်လှသော စွမ်းအားနှင့် ရှေးဟောင်းဝိညာဉ် အပိုင်းအစလေးတစ်ခု ကိန်းအောင်းနေသည်လား...။

ဝတ်ရုံနက်သည် ခဏတာမျှ လင်ကျဲအပေါ် ထားရှိသော ရိုသေခန့်ညားမှုကိုပင် မေ့လျော့သွားမတတ် ဖြစ်သွားသည်။ သို့သော် သူ ချက်ချင်းပင် သတိပြန်ဝင်လာပြီး သူ ပူဇော်ဆက်သခဲ့သည့် အရာမှာ မှန်ကန်သည့်အရာ ဖြစ်ခဲ့သဖြင့် ဝမ်းသာရမလား၊ စိုးရိမ်ရမလား တွေးတောမိပြန်သည်။

အဘယ်ကြောင့်ဆိုသော်... သက်စောင့်စုန်းမသည် အမှောင်ထုကို အမုန်းဆုံးနှင့် အပြင်းထန်ဆုံး ခုခံသူဟု လူသိများသောကြောင့်ပင်။ သူမသည် တစ်ခါက သက်ရှိလောကနှင့် ဖျက်ဆီးခြင်းလောကကို ဆက်သွယ်ပေးထားသည့် 'မီးပုံပွဲ နယ်နိမိတ်' ကို တည်ဆောက်ခဲ့ပြီး လူသားများ အမှောင်ထုနှင့် နတ်ဘုရားတုများကို ခုခံနိုင်ရန် ခိုလှုံရာ ဖန်တီးပေးခဲ့ဖူးသည်။

တစ်နည်းအားဖြင့် ပြောရလျှင်... ဤစုန်းမသည် သူတို့၏ ရန်သူ ဖြစ်ပေသည်။

***

All Chapters