အခန်း (၄၇၉-၄၈၀)
Vol. 35 Ch. 479-480
အပိုင်း(၄၇၉)
ဝတ်ရုံခြုံထားသူ အတွေးနက်နေစဉ် လင်ကျဲက ကောင်တာအောက်မှ မှန်ဘီလူးတစ်ခုကို ထုတ်ယူကာ အပိုင်းအစပေါ်ရှိ ပုံစံများကို ဂရုတစိုက် လေ့လာနေသည်။ အလုပ်ထဲ စိတ်ရောက်သွားသည့် အခါ ပါမောက္ခလင်သည် အတော်ပင် ယုံကြည်အားကိုးထိုက်သူ ဖြစ်သွားသည်။ မည်သို့ပင်ဆိုစေ... ထိုအရာမှာ သူ ကျွမ်းကျင်သည့် အရာပင် ဖြစ်သည် မဟုတ်ပါလား...။
"မစ္စတာလင်ကတော့ ထင်ထားတဲ့အတိုင်းပါပဲ... ဒီလို လှည့်စားထားတဲ့ အသွင်အပြင်တွေကို အလွယ်တကူပဲ ဖောက်ထွင်းမြင်နိုင်တာပဲ..."
ဝတ်ရုံနက်က သတိထားကာ ချီးကျူးလိုက်သည်။
‘ဒီစုန်းမက တကယ်ကို ရဲတင်းတာပဲ... သူ့ရဲ့ အငွေ့အသက်ကို ဖုံးကွယ်ပြီး ပြန်လည်မွေးဖွားလာဖို့ အခွင့်အရေးကို ဖန်တီးခဲ့တာပေါ့... ကံကြမ္မာပိုက်ကွန်ကို ဖြန့်ထားပြီး လူသားလောကကို တစ်နေ့ ပြန်လာဖို့ မျှော်လင့်ထားတာပဲ... ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ဒီအစီအစဉ်တွေက ဒီကြီးမြတ်တဲ့ ပုဂ္ဂိုလ်ကြီးရဲ့ ရှေ့မှာတော့ အားလုံး အမြင်ခံလိုက်ရပြီပေါ့...’
လင်ကျဲက လက်ခါပြပြီး အေးအေးဆေးဆေးပင် ပြောလိုက်သည်။
"ဒါက ဖုံးကွယ်ထားတာ မဟုတ်ပါဘူး... ဒီလောက်လေးကို ဖုံးကွယ်ထားတယ်လို့တောင် ခေါ်လို့မရပါဘူး"
ဤစာလုံးများကို မှတ်မိသူ နည်းပါးမည် ဖြစ်သော်လည်း ၎င်းမှာ ပေါင်းစပ်ရန်သာ ခက်ခဲခြင်းဖြစ်ပြီး အခြားသော လျှို့ဝှက်ကုဒ်များ ထည့်သွင်းထားခြင်း မရှိပေ။
‘ဟုတ်သားပဲ... ရယ်စရာကောင်းလိုက်တာ... တကယ်ကို ရယ်စရာကောင်းတာပဲ... မစ္စတာလင်ရဲ့ ရှေ့မှာတော့ ဒါက ဘယ်လိုလုပ်ပြီး လှည့်စားမှု ဖြစ်နိုင်ပါ့မလဲ...’
ဝတ်ရုံနက်သည် စိတ်ထဲမှ ကျိတ်၍ ရယ်မိသည်။
‘မူလစုန်းမ ဆိုတာ ဘာမလို့လဲ... ရှေးဟောင်းဝိညာဉ် ဆိုတာ ဘာမလို့လဲ... ဒါတွေအားလုံးက အခုတော့ မစ္စတာလင်ရဲ့ လက်ထဲမှာ ကစားစရာလေးတွေလို ဖြစ်နေပြီ...’
"ဒါက သက်စောင့်စုန်းမကြီးရဲ့ အမှတ်အသားဖြစ်ကြောင်း ကျွန်တော် သိနိုင်တာကတော့ သူငယ်ချင်းတစ်ယောက်ရဲ့ ကျေးဇူးကြောင့်ပါ..."
"သူငယ်ချင်း... ဟုတ်လား..."
ဝတ်ရုံနက်က မဆင်မခြင် လွှတ်ခနဲ မေးလိုက်မိသည်။ အစစ်အမှန် နတ်ဘုရားတစ်ပါးတွင် သူငယ်ချင်း ရှိနေသည်ကို သူ အံ့ဩသွားမိခြင်း ဖြစ်သော်လည်း မေးပြီးသည်နှင့် သူ လွန်သွားပြီဖြစ်ကြောင်း သတိဝင်လာသည်။
သို့သော် လင်ကျဲက ခေတ္တမျှ စဉ်းစားနေမိ၏။
'ဆစ်ဗာနဲ့ ငါက သူငယ်ချင်းလို့ ခေါ်လို့ရမလား... ဒါမှမဟုတ် အဲဒီထက် ပိုနက်ရှိုင်းတဲ့ ဆက်ဆံရေးမျိုးလား... ထားပါတော့လေ... သူနဲ့ ပြန်မဆုံမချင်းတော့ အရှိကိုအရှိအတိုင်းပဲ သဘောထားတာ အကောင်းဆုံးပါပဲ...’
"အင်း... ကျွန်တော့် သူငယ်ချင်း ဆစ်ဗာပေါ့..."
လင်ကျဲက ပြောလိုက်သည်။
"သူမဆီကနေ သက်စောင့်စုန်းမကြီးအကြောင်း ကျွန်တော် ကြားဖူးထားတယ်"
‘ဆစ်ဗာ... နှင်းပွင့်တွေရဲ့ စုန်းမ... မူလ စုန်းမကြီး လေးပါးထဲက တစ်ပါးပဲ...’
ဝတ်ရုံနက်မှာ တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ရသည်။ သူ စိတ်လှုပ်ရှားလာလျှင် သူ၏ မေးစေ့မှ လက်တံများမှာ မပြတ်တမ်း တွန့်လိမ်လှုပ်ရှားလာတတ်ရာ ခေါင်းစွပ်အောက်မှပင် ပြူးထွက်လာတော့မတတ် ဖြစ်နေသဖြင့် သူ၏ ဝတ်ရုံကို တင်းတင်းဆွဲစိလိုက်ရသည်။
‘ဆစ်ဗာနဲ့ မစ္စတာလင်တို့ သူငယ်ချင်းဖြစ်နေတာကတော့ ကျိုးကြောင်းဆီလျော်ပါတယ်... စုန်းမကြီး ဆစ်ဗာက သက်စောင့်စုန်းမတွေ၊ ညဉ့်ဦးယံရဲ့ စုန်းမတွေနဲ့ မတူဘူး... သူမက နဂါးတွေနဲ့ အဲ့လ်ဖ်တွေရဲ့ ခေါင်းဆောင်၊ ဒဏ္ဍာရီလာ သတ္တဝါအားလုံးရဲ့ အုပ်ထိန်းသူ မဟုတ်လား...’
‘သူက နိမ့်ကျပြီး ယုတ်မာတဲ့၊ လောဘကြီးတဲ့ လူသားတွေကို ရွံမုန်းပြီး အပြစ်တောင် ပေးတတ်သေးတာ...’
ဝတ်ရုံနက်သည် အတွေးထဲ နစ်ဝင်နေရင်း သူ၏ မေးစေ့မှ လက်တံများကို မသိစိတ်ဖြင့် ပွတ်သပ်နေမိသည်။
‘ငါနဲ့ ငါ့ရဲ့ အောက်ပိုင်းခရိုင်က ကြိုးစားအားထုတ်ပြီး သတ္တိရှိတဲ့ လူသားတွေဟာ လွန်ခဲ့တဲ့ အချိန်ကတည်းက လူသားအဖြစ်ကနေ ရပ်စဲခဲ့ကြပြီးပြီ... ဒါ့အပြင် ငါတို့ဟာ ဒီအထက်ပိုင်းခရိုင်က အားနည်းပြီး နိမ့်ကျတဲ့၊ မောက်မာတဲ့ လူသားတွေရဲ့ နှိပ်စက်ညှင်းပန်းမှုကို အမြဲ ခံနေရတာ...’
‘အောက်ပိုင်းခရိုင်က လူတိုင်းဟာ မွေးဖွားချိန်ကစပြီး ဒီအထက်ပိုင်းခရိုင်က အမှိုက်လူသားတွေအတွက် ကျွန်ခံနေရတာ... ကပ်ဘေး ဘုရားကျောင်းက ဆရာတော်ကြီးဆီကနေ ငါတို့ အမြဲတမ်း အနှိပ်စက်ခံနေရတယ်လို့ ကြားခဲ့ဖူးပေမဲ့၊ ငါ အခု မြေပေါ်ကို နှစ်ခေါက် တက်လာတဲ့အခါမှာတော့ ဒီအမှန်တရားက ဆရာတော်ကြီး ပြောတာထက်တောင် ပိုပြီး ကြောက်စရာကောင်းနေတာကို သိလိုက်ရတယ်...’
‘အခုတော့ ငါတို့ဟာ မစ္စတာလင်နဲ့ စုန်းမကြီး ဆစ်ဗာရဲ့ ကာကွယ်မှုကို ရရှိသင့်ပြီ... ဒါကြောင့် ဒီအောက်တန်းစား လူသားတွေ အဖိုးအခ ပြန်ပေးရမယ့် အချိန်ရောက်ပြီပေါ့...’
"ကောင်းပြီလေ"
လင်ကျဲက မှန်ဘီလူးကို ပြန်ချလိုက်သည်။
"ကျိုးပဲ့နေတဲ့ ဒီကျောက်စာချပ် အပိုင်းအစနဲ့ ကျွန်တော့် သူငယ်ချင်း ပေးခဲ့တဲ့ အခြားအပိုင်းအစကို ကြည့်ရင်၊ စုစုပေါင်း အစိတ်အပိုင်း သုံးခု ရှိရမယ်လို့ ကျွန်တော် ယူဆတယ်...”
“အခု တစ်ခု လိုနေသေးတယ်... သတင်းအချက်အလက်တွေအရ ဒါဟာ သက်စောင့်စုန်းမကြီး ချန်ထားခဲ့တဲ့ 'ကျောက်ဆူးမှတ်တိုင်' တစ်ခု ဖြစ်ရမယ်... ဒီကျောက်စာချပ်က ဘာလုပ်နိုင်သလဲ ဆိုတာကတော့ သုံးခုစလုံး စုံမှပဲ သိနိုင်လိမ့်မယ် ထင်တယ်"
"စိတ်ချပါ မစ္စတာလင်... ကပ်ဘေး ဘုရားကျောင်းက ကျွန်တော်တို့ရဲ့ ယုံကြည်သူအားလုံးရဲ့ အင်အားကို စုစည်းပြီး တတိယမြောက် အပိုင်းအစကို ရှာပေးပါ့မယ်..."
ဝတ်ရုံနက်က ချက်ချင်းပင် သစ္စာခံလိုက်သည်။
"ဒါက ကျွန်တော့်ရဲ့ စိတ်ကူးလေး တစ်ခုပါပဲ... လူတိုင်းကို ဒုက္ခပေးပြီး ဒီလောက်အထိ အင်အားတွေ သုံးစရာ လိုလို့လား"
လင်ကျဲက အားနာသလို မေးလိုက်သည်။ ဤဧည့်သည်၏ စိတ်အားထက်သန်မှုကို ကြည့်ခြင်းအားဖြင့် နောက်ဆုံး အပိုင်းအစသည် နော်ဇင်မြို့၏ သမိုင်းဝင် သုတေသန လုပ်ငန်းများကို များစွာ တိုးတက်စေနိုင်မည် ဖြစ်သည်။ လင်ကျဲအနေဖြင့် စိတ်လှုပ်ရှားမိသည်မှာ သဘာဝကျသော်လည်း၊ ယဉ်ကျေးပျူငှာစွာနှင့် အားနာပြရမည် မဟုတ်ပါလား။
‘သက်စောင့်စုန်းမကြီးအကြောင်းက မစ္စတာလင်အတွက်တော့ စိတ်ကူးလေး တစ်ခုပါပဲတဲ့လား... ထင်ထားတဲ့အတိုင်း မစ္စတာလင်ကတော့ ကြီးမြတ်လွန်းပါတယ်...’
"မဟုတ်ပါဘူး... မဟုတ်ပါဘူးခင်ဗျာ... မစ္စတာလင်ရဲ့ အကူအညီတွေကို ကျွန်တော်တို့ ဘယ်တော့မှ ပြန်မဆပ်နိုင်ပါဘူး... မစ္စတာလင်ရဲ့ အလိုတော်ဟာ ကျွန်တော်တို့ရဲ့ အလိုတော်ပါပဲ"
ဝတ်ရုံနက်က 'ဒဏ္ဍာရီများနှင့် ပုံပြင်များ' စာအုပ်ကို သူ၏ နှလုံးသားကို ပူဇော်နေသည့်အလား ရင်ခွင်ထဲ တင်းတင်းပိုက်ရင်း ပြောလိုက်သည်။
‘ကြည့်ရတာ ဒီစာအုပ်က ကပ်ဘေး ဘုရားကျောင်းက ရှေးဟောင်းသုတေသန ပညာရှင်တွေအတွက် တကယ်ကို အထောက်အကူ ဖြစ်ပုံရတယ်... ဒါဆိုရင်လည်း ငါ အားနာမနေတော့ပါဘူးလေ...’
လင်ကျဲက ထိုသို့ တွေးလိုက်ရင်း ခေါင်းညိတ်လိုက်သည်။
"ဒါဆိုရင်တော့ ခင်ဗျားတို့ကိုပဲ အပ်ထားလိုက်မယ်နော်...”
ဝတ်ရုံနက်သည် သူ၏ တည်ရှိမှုကို အသိအမှတ်ပြုခံလိုက်ရသဖြင့် အလွန်ပင် စိတ်လှုပ်ရှားသွားရာ သူ၏ မေးစေ့အောက်မှ လက်တံများမှာ ခေါင်းစွပ်အောက်တွင် တက်ကြွစွာ တွန့်လိမ်လှုပ်ရှားနေတော့သည်။
မစ္စတာလင်၏ အားပေးသော အပြုံးကို မြင်ရသောအခါ သူသည် အလွန်အမင်း ကြည်နူးသွားသော်လည်း၊ ခေတ္တအကြာတွင် သူ မေ့လုနီးပါး ဖြစ်သွားသည့် အကြောင်းအရာတစ်ခုကို သတိရသွားသည်။
"ကျွန်တော် မစ္စတာလင့်ကို အကြောင်းကြားဖို့ တစ်ခု ကျန်သေးတယ်..."
ဝတ်ရုံနက်က တည်ကြည်စွာ ပြောလိုက်သည်။
"ကျွန်တော်တို့နဲ့ အက်ရှ် ကုန်သည်ကြီးများ အသင်းတို့ ပူးပေါင်းဆောင်ရွက်မှုကြောင့် အောက်ပိုင်းခရိုင်ကို သွားနိုင်မယ့် နောက်ထပ် လမ်းကြောင်းသစ်တစ်ခု ပွင့်သွားပါပြီ"
"ကျွန်တော်တို့ အောက်ပိုင်းခရိုင်ကို အမြန်ဆုံး လာရောက်လည်ပတ်နိုင်ဖို့ မျှော်လင့်ပါတယ်ခင်ဗျာ... အောက်ပိုင်းခရိုင်က လူတိုင်းဟာ ဒီအတွက် ကြီးမားတဲ့ အဖိုးအခတွေကို ပေးဆပ်ခဲ့ကြရတာပါ..."
"ဒါဆို အဲဒီကိစ္စက ခင်ဗျားတို့ရဲ့ အကူအညီကြောင့်ပေါ့..."
လင်ကျဲ အနည်းငယ် အံ့အားသင့်သွားသည်။ အက်ရှ် ကုန်သည်ကြီးများ အသင်းက ဒုတိယမြောက် လမ်းကြောင်းသစ်ကို ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သူ ချယ်ရီ့ဆီကနေ ကြားသိထားပြီးဖြစ်သည်။ အောက်ပိုင်းခရိုင်ကို သွားဖို့ မူလက ရိုးလ် သယံဇာတ ထိန်းချုပ်ထားသည့် လမ်းတစ်လမ်းပဲ ရှိခဲ့တာကို သူ မှတ်မိနေသည်။ အစိုးရက အဘယ်ကြောင့် လမ်းတွေ ပိုမဖောက်ပေးတာလဲလို့ အရင်က သူ ညည်းညူမိဖူးသော်လည်း နောက်ပိုင်းမှာတော့ အောက်ပိုင်းခရိုင်ကို သွားတဲ့လမ်းတွေက ဖောက်လုပ်ဖို့ အရမ်းခက်ခဲလို့ ဖြစ်မှာပါလေလို့ပဲ တွေးမိခဲ့သည်။
သို့သော်လည်း... ယခုတော့ အောက်ပိုင်းခရိုင်၏ အကြီးဆုံး ဘုရားကျောင်းတော်သည် သူတို့ဘာသာ ဒုတိယလမ်းကို ဖောက်လုပ်နိုင်ခဲ့ရုံတင်မကဘဲ အသိပညာဗဟုသုတတွေ ရရှိဖို့အတွက်လည်း အလွန်ပဲ ဝမ်းမြောက်နေကြသည်။
၎င်းက လင်ကျဲကို တကယ်ပဲ စိတ်လှုပ်ရှားသွားစေသည်။ ၎င်းမှာ အသိပညာ၏ စွမ်းအားပင် မဟုတ်ပါလား...။
လင်ကျဲသည် ထိုဧည့်သည်၏ လက်အိတ်စွပ်ထားသော လက်များကို ဆွဲယူကာ လှုပ်ယမ်းလိုက်၏။
"ကျွန်တော် တကယ်ပဲ စိတ်လှုပ်ရှားမိပါတယ်... အောက်ပိုင်းခရိုင်ကို သွားဖို့ ကျွန်တော် မူလကတည်းက ရည်ရွယ်ထားတာပါ... အခုတော့ သေချာပေါက် သွားဖြစ်မှာပါ..."
မိမိ ကိုးကွယ်ဆည်းကပ်ရသူက မိမိ၏လက်ကို ကိုင်ထားသည်ကို မြင်လိုက်ရသောအခါ ဝတ်ရုံနက်မှာ အသက်ရှူပင် ရပ်မတတ် ဖြစ်သွားရသည်။ သို့သော်လည်း... သူက အသက်ရှူသံများ ပြင်းမသွားအောင် အသည်းအသန် ထိန်းချုပ်လိုက်ရင်း...
"ကျေးဇူးတင်ပါတယ်ခင်ဗျာ... ကျွန်တော်တို့ မစ္စတာလင့်ကို စောင့်မျှော်နေခဲ့ကြတာ တကယ်ကို ကြာလှပါပြီ..."
လင်ကျဲ ခေါင်းညိတ်ကာ လက်ကို လွှတ်လိုက်သည်။
"ကျွန်တော် အားတဲ့အချိန်ကျရင် သွားကြည့်ပါ့မယ်... ဒါပေမဲ့ အဲဒီအတောအတွင်းမှာ ကျွန်တော့်ရဲ့ စာအုပ်ကို ဆက်ဖတ်ဖို့လည်း မမေ့နဲ့ဦးနော်"
လင်ကျဲက 'ဒဏ္ဍာရီများနှင့် ပုံပြင်များ' စာအုပ်ကို လက်ညှိုးထိုးပြရင်း စကားမပြတ် ဆက်ပြောလိုက်သည်။
"ဒီစာအုပ်အတွက် ကျွန်တော် တော်တော်လေး အားစိုက်ထားတာမို့ လူတိုင်း ဖတ်နိုင်ရင် အကောင်းဆုံးပါပဲ"
ဝတ်ရုံခြုံထားသူသည် ခဏမျှ ကြောင်အသွားပြီးနောက် သူ၏လက်ထဲရှိ ‘အပျက်အစီး အိပ်မက်' စာအုပ်ကို ငုံ့ကြည့်မိသည်။
‘ဒီစာအုပ်ထဲမှာ ပြင်းထန်လွန်းတဲ့ စွမ်းအားတွေ ကိန်းအောင်းနေတာ... ဒီစွမ်းအားကို မခံနိုင်တဲ့ သာမန် အောက်ပိုင်းခရိုင်သား အများစုဟာ ဒီစာအုပ်ကို ဖတ်ပြီးရင် အသက်ဆုံးရှုံးတာ ဒါမှမဟုတ် ရူးသွပ်သွားတာမျိုး ဖြစ်နိုင်တယ်... ဒါကြောင့်လည်း 'ကပ်ဘေး ဘုရားကျောင်း' က ဆရာတော်ကြီးက ဒါကို အမြင့်ဆုံး ကျမ်းစာအဖြစ် သတ်မှတ်ထားတာပေါ့... သာမန်လူတွေက ဒါကို ပေါ့ပေါ့တန်တန် မဖတ်နိုင်ဘူး၊ ဒါပေမဲ့ မစ္စတာလင်က လူတိုင်းကို ဖတ်စေချင်နေတာလား...’
"ဒါနဲ့..."
လင်ကျဲက တည်ငြိမ်သော မျက်နှာပေးဖြင့် မေးလိုက်သည်။
"ခင်ဗျားတို့ဆီမှာ စာအုပ်ရိုက်နှိပ်တဲ့ စက်ကိရိယာတွေရော ရှိလား"
"အာ... ရှိပါတယ်ခင်ဗျာ"
"ဒါဆို ပိုကောင်းတာပေါ့... ဒီစာအုပ်ကို အုပ်ရေ ရာနဲ့ချီပြီး ပြန်ရိုက်ထုတ်လိုက်ပါ.... ပြီးရင် လူတိုင်းကို တစ်အုပ်စီ ဝေပေးလိုက်၊ ဒါမှ လူတိုင်း ဖတ်လို့ရမှာ"
"ပြန်... ပြန်... ပြန်ရိုက်ရမှာလားခင်ဗျာ...."
"ဟုတ်တာပေါ့"
လင်ကျဲက အရှိကိုအရှိအတိုင်း ပြောလိုက်သည်။
"တကယ်တော့ ကျွန်တော်က ဒီစာအုပ်ကို အများပြည်သူတွေ အသိပညာရဲ့ ပျော်ရွှင်မှုကို ခံစားနိုင်အောင် အတတ်နိုင်ဆုံး နားလည်လွယ်အောင် ရေးထားတာပါ..."
ဝတ်ရုံနက်မှာ တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ရသည်။ ဤစာအုပ်က အောက်ပိုင်းခရိုင်သား အများအပြားကို အသက်ဆုံးရှုံးစေနိုင်သော်လည်း လူတိုင်း သေကြမည်တော့ မဟုတ်ပေ။ အသက်ရှင်ကျန်ရစ်သူများသည် ကြီးမားသော စွမ်းအားကို ရရှိကြမည်ဖြစ်ပြီး သူကိုယ်တိုင်ကဲ့သို့ပင် မစ္စတာလင်၏ စစ်မှန်ဆုံးသော ယုံကြည်သူများ ဖြစ်လာကြပေလိမ့်မည်။
‘ငါ နားလည်သွားပြီ...’
မစ္စတာလင်သည် ဤစာအုပ်မှတစ်ဆင့် အစွမ်းထက်ပြီး စစ်မှန်သော ယုံကြည်သူများကို ရွေးချယ်လိုနေခြင်း ဖြစ်ကြောင်း ဝတ်ရုံနက် နားလည်သွားခဲ့သည်။
‘ငါ အခုမှ သဘောပေါက်တော့တယ်...’
ဝတ်ရုံနက်သည် ဤစစ်မှန်သော နတ်ဘုရား၏ ရက်စက်မှုနှင့် ကရုဏာတော်ကို မချီးကျူးဘဲ မနေနိုင်တော့ချေ။ ညဉ့်ဦးယံ စုန်းမကြီးနှင့် သက်စောင့်စုန်းမတို့သည် လူသားအားလုံးကို သူတို့၏ စရိုက်လက္ခဏာကို မငဲ့ဘဲ ကာကွယ်ပေးခဲ့ကြသဖြင့် ကင်ဆာကျိတ်ကဲ့သို့သော လူယုတ်မာများစွာကို ပေါက်ဖွားစည်ပင်စေခဲ့သည်။ သူတို့၏ ဟန်ဆောင်သော နည်းလမ်းများနှင့် နှိုင်းယှဉ်လျှင် မစ္စတာလင်၏ နည်းလမ်းမှာသာ စစ်မှန်သော ကရုဏာတော်ပင် ဖြစ်သည်။
ရက်စက်ပုံရသော်လည်း အမှန်တကယ်တွင်မူ ထာဝရအတွက်ပင် ဖြစ်သည်။
"ကျွန်တော် နားလည်ပါပြီ... မစ္စတာလင်ရဲ့ အလိုတော်ကို လူတိုင်းဆီ ကျွန်တော် သယ်ဆောင်သွားပါ့မယ်... မစ္စတာလင်က တကယ်ကို ရက်ရောလှပါတယ်..."
ဝတ်စုံနက်မှာ ချီးကျူးစကားပြောဆိုရင်း စာအုပ်ကို ယူဆောင်ကာ အပြန်ခရီးကို စတင်ခဲ့လေတော့သည်။
လင်ကျဲသည် ထူထပ်လှသော မြူထုထဲသို့ ဝင်သွားသော ထိုသူကို ကြည့်ကာ ကျေနပ်အားရစွာဖြင့် လက်ဝှေ့ယမ်း နှုတ်ဆက်လိုက်ပေတော့သည်။
***
အပိုင်း(၄၈၀)
မိုက်ကယ်သည် အဆုံးစမဲ့သော နက်ပြာရောင် ပင်လယ်ပြင်ကြီးကို မျက်နှာမူရင်း သူ၏ ခေါင်းစွပ်ကို ဖယ်ရှားလိုက်သည်။ လေတိုက်နှုန်းကြောင့် သူ၏ ဦးထုပ်မှာ ကျွတ်ထွက်လုနီးပါး ဖြစ်သွားပြီး သူ၏ ရွှေရောင်ဆံနွယ်များမှာ အပြင်သို့ လွင့်ထွက်လာကာ နေဝင်ချိန် ဆည်းဆာအောက်တွင် ပို၍ပင် တောက်ပနေတော့သည်။
ရွှေရောင်သဲသောင်ပြင်ထက်၌ သူ၏ ခြေလှမ်းများက အသာအယာ နင်းလျှောက်နေပြီး ဝါကျင်ကျင် နီမြန်းသော နေရောင်ခြည်များက သူ၏ မျက်နှာပေါ်သို့ ဖြာကျနေသည်။
ဤနေရာမှာ 'ဟင်းလင်းပြင်' ကို ကိုယ်ပိုင်နယ်မြေအဖြစ် သတ်မှတ်ထားသော၊ လက်ရှိအချိန်တွင် အစွမ်းအထက်ဆုံး အောက်လမ်း မှော်ဆရာကြီး ဖြစ်သော ဇာ့ဖ်ကီယယ် ဖန်တီးထားသော 'ဟင်းလင်းပြင် နယ်ပယ်' တစ်ခုပင် ဖြစ်သည်။
ဟင်းလင်းပြင်ကို အုပ်စိုးသူအပေါ် မိုက်ကယ်ကိုယ်တိုင်ပင်လျှင် ရိုသေခန့်ညားမသည်။ ကမ္ဘာပေါ်ရှိ အရာခပ်သိမ်းသည် ဦးစွာပထမ ဟင်းလင်းပြင်မှ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။ ဇာ့ဖ်ကီယယ်ကို အရာခပ်သိမ်း၏ အရှင်သခင်ဟု ခေါ်ဆိုလျှင်လည်း လွန်အံ့မထင်ပေ။
မည်သို့ပင် ဆိုစေကာမူ... ဟင်းလင်းပြင်၏ နတ္ထိဖြစ်ခြင်း ထက် ပို၍ တည်မြဲသော အရာ မရှိပေ။ 'ထာဝရ' ဆိုသည်မှာလည်း ဘာမျှမရှိခြင်းပင် ဖြစ်ပေလိမ့်မည်...။
မိုက်ကယ်တွင် တစ်ခါက ဇာ့ဖ်ကီယယ်ကဲ့သို့သော အဖော်ကိုးဦး ရှိခဲ့ဖူးသည်။ ကမ္ဘာလောကကို ပုံဖော်နိုင်စွမ်းရှိသော ထိုလူဆယ်ဦးကို စုစည်းနိုင်လျှင် သူ၏ အိပ်မက်ကို အကောင်အထည်ဖော်နိုင်မည်ဟု သူ ထင်ခဲ့မိသည်။
ဤကိုးဦးအတွက်မူ 'ထာဝရ' ဟူသော အယူအဆမှာ လူသားများ ထမင်းစားရသကဲ့သို့ ရိုးရှင်းလှပေသည်။
သို့သော်လည်း...
မိုက်ကယ်သည် လှိုင်းဒဏ်ကြောင့် ပွန်းပဲ့နေသော ကျောက်ဆောင်တစ်ခုပေါ်တွင် ထိုင်ကာ အဆုံးမရှိသော ပင်လယ်ပြင်ကြီးကို ငေးကြည့်ရင်း အတွေးထဲ နစ်ဝင်နေမိသည်။
သူ၏ အဖော်ကိုးဦးအနက် လေးဦးမှာ တစ်ယောက်ပြီးတစ်ယောက် ကျဆုံးသွားခဲ့လေပြီ။ သူတို့ကို နှိမ်နင်းခဲ့သူမှာ မိမိကိုယ်ကိုယ် စာအုပ်ဆိုင်ပိုင်ရှင်ဟု အမည်တပ်ထားသော လူတစ်ယောက်မျှသာ ဖြစ်သည်။
'မီးလျှံဓားလမ်းစဉ်' ကို စတင်တည်ထောင်ခဲ့သူများမှာ ခေတ်အဆက်ဆက် တည်ရှိခဲ့သော ရှေးဟောင်း 'အခရာအဆင့်' ပုဂ္ဂိုလ်များပင် ဖြစ်ကြသည်။ သူတို့၏ နက်နဲသော အစွမ်းမှာ ကမ္ဘာပေါ်ရှိ သဘာဝလွန် ပုဂ္ဂိုလ်များ၏ ၉၉ ရာခိုင်နှုန်းကို ကျော်လွန်နေခဲ့သည်မှာ ကြာလှလေပြီ။ သို့သော် ယခုအခါတွင်မူ သူတို့သည် ရေစစ်ကန်တစ်ခုထဲမှ ရေစက်ကလေးများအလား၊ အလယ်ဗဟိုရှိ အပေါက်ငယ်လေး (စာအုပ်ဆိုင်ပိုင်ရှင်) ဆီသို့သာ စီးဆင်းသွားနေကြရသည်။
‘မစ္စတာ... လင်... ဟုတ်လား...’
‘စာအုပ်ဆိုင်ပိုင်ရှင်... မင်းက ဘယ်လိုမျိုး ထိတ်လန့်စရာကောင်းတဲ့ တည်ရှိမှုမျိုးလဲ... ငါ့ကို ဘာလို့ နေရာတိုင်းမှာ လာပြီး ဆန့်ကျင်နေရတာလဲ... မင်းရဲ့ တကယ့်ရည်ရွယ်ချက်က ဘာလဲ...’
မိုက်ကယ် အတွေးနက်နေစဉ်မှာပင် ဟင်းလင်းပြင်ထဲမှ ဝိုးတဝါး အရိပ်အယောင်များမှာ တဖြည်းဖြည်း ပုံဖော်လာကြသည်။
မိုက်ကယ် ကျောက်ဆောင်ပေါ်မှ ထရပ်ကာ သူ၏ ဝတ်ရုံဖြူကို ပြန်လည် ပြင်ဆင်လိုက်သည်။ ပင်လယ်လေကြောင့် တဖျပ်ဖျပ် လွင့်နေသော ဝတ်ရုံကို လျစ်လျူရှုလျက်၊ သူ လက်ထဲမှ အနီရောင် 'လက်ဝါးကပ်တိုင်' ကို တုတ်ကောက်သဖွယ် ကိုင်ထားသည်။ သူသည် သဲသောင်ပြင်ပေါ်တွင် ခြေဗလာဖြင့် လျှောက်လှမ်းနေပြီး လှိုင်းလုံးကလေးများက သူ၏ ခြေဖဝါးကို အမြဲတမ်း လာရောက် ထိတွေ့နေကြသည်။
'မီးလျှံဓားလမ်းစဉ်' အဖွဲ့ဝင်များ နောက်ဆုံးတွင် စုဝေးမိကြလေပြီ။
ပထမဆုံး အရိပ်ဖြစ်သည့် ဇာ့ဖ်ကီယယ်က စတင်၍ စကားပြောလိုက်သည်။
"မိုက်ကယ်... ငါ လာနိုင်သမျှ အဖွဲ့ဝင်တွေ အကုန်လုံးကို ခေါ်လာခဲ့ပြီ"
ယခင်ကလည်း စုဝေးခဲ့ဖူးသော်လည်း ဤမျှ စုံစုံလင်လင် ရှိရန်မှာ ခဲယဉ်းလှသည်။ အချိန်အတော်များများတွင် သူတို့သည် 'ဆန်ဒါလ်ဖွန်' ဆီမှတစ်ဆင့် သတင်းစကားများ ပို့လေ့ရှိကြသော်လည်း ဝမ်းနည်းစရာမှာ ဆန်ဒါလ်ဖွန် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
ဘီလူး တိုင်းပြည် ဩဂတ်စတပ်နှင့် စကားပြောပြီးကတည်းက၊ မိုက်ကယ်သည် တစ်ယောက်တစ်ပေါက် အလုပ်လုပ်တတ်သည့် သူတို့၏ အလေ့အကျင့်ကို ပြောင်းလဲကာ မစ္စတာလင်ကို အမြစ်ပြတ်ချေမှုန်းရန် သူတို့၏ အင်အားကို စုစည်းဖို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
သူ၏ မျက်လုံးထဲတွင် မစ္စတာလင်သည် ကျော်လွှားရန် မဖြစ်နိုင်သော အတားအဆီးတစ်ခုနှင့် ကျော်လွှားရမည့် တည်ရှိမှုတစ်ခု ဖြစ်လာခဲ့သည်။ စာအုပ်ဆိုင်ပိုင်ရှင်၏ အစွမ်းကို သူ အပြည့်အဝ မခံစားရသေးသော်လည်း၊ ဤစာအုပ်ဆိုင်ပိုင်ရှင်ကိုသာ အနိုင်ယူနိုင်လျှင် သူ၏ အိပ်မက်မှာ လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာမည်ဟု မိုက်ကယ်၏ အလိုလိုသိစိတ်က ပြောနေသည်။
မိုက်ကယ်သည် ကမ္ဘာပေါ်ရှိ အထူးချွန်ဆုံးသော သဘာဝလွန် ပုဂ္ဂိုလ်များ၏ အရိပ်အယောင်များကို ကြည့်ရှုစစ်ဆေးလိုက်သည်။ သူတို့အတွက် လူသားများမှာ ပိုးမွှားလေးများသဖွယ် ဖြစ်ရာ သူတို့ လူသားအသွင် ဖမ်းထားခြင်းမှာပင် ရယ်စရာကောင်းလှသည်။ ထို့ပြင် သူတို့အနက် အများစုမှာ လူသားများနှင့် ဝေးကွာလွန်းသဖြင့် လူသားတို့၏ လှပမှုနှင့် ကိုယ်နေဟန်ထားများကို နားမလည်ကြချေ။ လူသားပုံစံ အတင်းပြောင်းလဲထားခြင်းက သူတို့ကို ပို၍ပင် ခန့်မှန်းရခက်စေသည်။
နှိုင်းယှဉ်ရလျှင် မိုက်ကယ်မှာမူ လူသားတို့၏ အလှအပကို ကောင်းစွာ နားလည်သူ ဖြစ်သည်။
မိုက်ကယ်သည် ထိုအရိပ်များ၏ အမည်ကို စိတ်ထဲမှ တိုးတိုးလေး ရွတ်ဆိုနေမိသည်။ ထိုစဉ် ရုတ်တရက် အဆုံးသတ်တွင်ရှိသော မရင်းနှီးသည့် လူသားပုံစံ အရိပ်တစ်ခုကို သူ သတိထားမိလိုက်သည်။ ထိုအရိပ်မှာ လူငယ်တစ်ဦးနှင့် တူသော်လည်း ရင်းနှီးနေသော အနံ့အသက်တစ်ခု ရှိနေသည်။
"ဟာနီယယ်လား..."
မိုက်ကယ်က အံ့အားသင့်စွာ ခေါ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤအရိပ်၏ အနံ့အသက်မှာ အချိန်ကို ထိန်းချုပ်သူ၏ အနံ့အသက်နှင့် အလွန်တူနေသောကြောင့် ဖြစ်သည်။
"ဒါ မင်းရဲ့ အသွင်သစ်လား... မင်း သေပြီလို့ ငါ ထင်နေတာ... ဒါ တကယ်ကို ကောင်းတာပဲ..."
လူငယ်ပုံစံ အရိပ်မပြောမီမှာပင် အခြားသော ထွားကျိုင်းသည့် အရိပ်တစ်ခုက ဝင်ပြောလိုက်သည်။
"ဟာနီယယ်က စာအုပ်ဆိုင်ပိုင်ရှင်နဲ့ အကြီးအကျယ် တိုက်ပွဲဖြစ်ခဲ့ပြီး ၆၇ လမ်းမက တိုက်ပွဲမှာ မတော်တဆ ပါဝင်ပတ်သက်သွားခဲ့တာ... အဲဒါတွေကို ငါ အထင်အရှား မြင်ခဲ့ရတယ်..."
"ဒါပေမဲ့ ငါ ဟာနီယယ်ကို ရှာတွေ့ခဲ့သေးတယ်"
ဝတ်ရုံစုတ်ခြုံထားသော အဘိုးအိုအသွင်ရှိသည့် ဇာ့ဖ်ကီယယ်က ရုတ်တရက် ပြောလိုက်သည်။
"ရာဇီယယ်ထိန်းချုပ်ထားတဲ့ သူလျှိုတစ်ယောက်ရဲ့ အကူအညီနဲ့ သူ ပြန်ရှင်သန်လာခဲ့တာ..."
"အဲဒီလိုလား..."
မိုက်ကယ်က မျက်မှောင်ကြုတ်၏။ သူ အနည်းငယ် သံသယဖြစ်မိသည်။
"ဟုတ်ပါတယ်"
ဟာနီယယ်က ပြောလိုက်သည်။
"ရာဇီယယ်က စမ်းသပ်မှုအနေနဲ့ သုံးခဲ့တဲ့ ဖစ်ချ် ဆိုတဲ့ ရုပ်သေးရုပ်ကို ငါက ခန္ဓာကိုယ်အဖြစ် အသုံးပြုခဲ့တာပါ"
ထိုသို့ပြောရင်း ဟာနီယယ်က သူ၏ လက်ကို မြှောက်လိုက်ရာ၊ ယခင်က အရိပ်မျှသာ ရှိခဲ့သော လက်မောင်းမှာ ပုံဖော်လာသည်။
သူ၏ လက်မောင်းမှာ မရေမတွက်နိုင်သော အလင်းတန်းများ စုစည်းထားသကဲ့သို့ ရှိပြီး၊ မကွဲအက်နိုင်သော်လည်း ကွဲအက်နေသည့် မှန်များအလား မမှန်းဆနိုင်သော အရောင်အသွေးများကို ရောင်ပြန်ဟပ်နေသည်။
တဖြည်းဖြည်းချင်း သူ၏ လက်ဖဝါးထဲမှ လောက်ကောင်ငယ်လေးတစ်ကောင် ထွက်ပေါ်လာရာ မိုက်ကယ်မှာ ၎င်းဆီမှ အချိန်၏ အငွေ့အသက်ကို ချက်ချင်း ခံစားလိုက်ရသည်။ ထိုအခါမှသာ မိုက်ကယ်၏ သံသယများ အားလုံး ပျောက်ကွယ်သွားတော့သည်။
"အာ... မင်းကတော့ ငါ့ကို အမြဲတမ်း အံ့ဩအောင် လုပ်နိုင်တာပဲ..."
မိုက်ကယ် မပြုံးဘဲ မနေနိုင်တော့ချေ။ နေဝင်ချိန် ပင်လယ်ပြင်ကို ကြည့်ရင်း ဖြစ်ပေါ်နေသော သူ၏ စိတ်မကောင်းမှုများ ပျောက်ကွယ်သွားသည်။
"မင်းက စာအုပ်ဆိုင်ပိုင်ရှင်ဆီကနေ လွတ်အောင် ပြေးနိုင်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး..."
"ဟင်..."
ရုတ်တရက် ရှည်လျားပိန်ပါးသော အရိပ်တစ်ခုက သံသယဖြစ်ဖွယ် အသံပြုလိုက်သည်။
"မိုက်ကယ်... ငါ ကြားတာ မှန်ရဲ့လား... အဲဒီစာအုပ်ဆိုင်ပိုင်ရှင်ဆီကနေ လွတ်အောင် ပြေးလာတယ် လို့ မင်း ပြောလိုက်တာလား"
ထိုအမေးကို မိုက်ကယ်က တိတ်ဆိတ်စွာပင် တုံ့ပြန်သည်။
"ဟာနီယယ်က အချိန်နိယာမကို ထိန်းချုပ်နိုင်တာ... ဒါဟာ အနိုင်မရနိုင်တဲ့ နိယာမဆိုတာ ငါ ဇာ့ဖ်ကီယယ် တောင် ဝန်ခံရမယ်... အဲဒါကို မင်းက 'လွတ်အောင် ပြေးလာတယ်' လို့ ပြောတာလား..."
ပိန်ပိန်ပါးပါး အရိပ်ဖြစ်သူ ဇာ့ဖ်ကီယယ်မှာ ဦးထုပ်မြင့်မြင့်နှင့် တုတ်ကောက်ကိုင်ထားသော လူကြီးလူကောင်း ပုံစံရှိသော်လည်း၊ သူ၏ အရပ်မှာ မီတာပေါင်းများစွာ မြင့်မားသည်။ သူက လေးနက်သော အကြည့်ဖြင့် ဆက်မေးလိုက်၏။
"အဲဒီ စာအုပ်ဆိုင်ပိုင်ရှင်က တကယ်ပဲ အဲလောက်ကြီး စွမ်းလို့လား..."
သူ၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှု မရှိဘဲ ထူးဆန်းသော အလင်းတန်းတစ်ခုသာ လက်နေသည်။ မိုက်ကယ်သည် စာအုပ်ဆိုင်ပိုင်ရှင်အပေါ် သူ၏ အပေါင်းအဖော်က အမှုမဲ့အမှတ်မဲ့ သဘောထားနေသည်ကို မြင်ရသဖြင့် သက်ပြင်းချလိုက်မိသည်။ ထို့နောက် သူက...
"သူ စွမ်းသလား၊ မစွမ်းဘူးလား ဆိုတာထက်... ငါ သူနဲ့ ခဏတဖြုတ် ထိပ်တိုက်တွေ့ခဲ့ဖူးတယ်..."
"အဲဒီ စာအုပ်ဆိုင်ပိုင်ရှင်က အဲလောက်ကြီး မစွမ်းပါဘူး..."
ငြိမ်နေခဲ့သော ဟာနီယယ်က မိုက်ကယ်၏ စကားကို ရုတ်တရက် ဖြတ်ပြောလိုက်သဖြင့် လူတိုင်း၏ အာရုံမှာ သူ၏ဆီသို့ ရောက်ရှိသွားသည်။
"ငါ သူနဲ့ ရင်ဆိုင်ခဲ့ဖူးပါတယ်... သူက တကယ်ပဲ အစွမ်းထက်တာ မှန်ပေမဲ့၊ အဲလောက်ကြီးတော့ မဟုတ်ပါဘူး"
ဟာနီယယ်က မကျေမနပ် ပြောလိုက်သည်။
"ငါ လွတ်အောင် ပြေးလာခဲ့တာလို့ ပြောတာက ငါ့ အတော်လေး အထင်သေးရာ ကျနေတယ် မိုက်ကယ်..."
မိုက်ကယ် မျက်မှောင်ကြုတ်လိုက်၏။
"ဒါပေမဲ့ ရာဇီယယ်နဲ့ ဆန်ဒါလ်ဖွန်တို့က သူ့လက်ထဲမှာ ကျဆုံးခဲ့တာလေ"
ရာဇီယယ်၏ သစ္စာဖောက်မှုမှာ သူတို့ မြင်တွေ့ရသလောက် မရိုးရှင်းပေ...။ အစစ်အမှန် ရာဇီယယ်မှာ သေဆုံးသွားခဲ့ပြီဖြစ်ပြီး၊ ယခု ရာဇီယယ်မှာ စိတ်ဆန္ဒများ ဝါးမြိုခံထားရသော ရုပ်သေးရုပ်မျှသာ ဖြစ်သည်။
"အဲဒါက သူ့ဘေးမှာရှိတဲ့ ညဉ့်ဦးယံကို အုပ်စိုးသူ စုန်းမ ဝါးပူဂစ် ကြောင့်ပါ... သူကပဲ ဆန်ဒါလ်ဖွန်ကို သတ်ပြီး ရာဇီယယ်ရဲ့ စိတ်အာရုံကို ဝါးမြိုခဲ့တာ...”
“ငါ သူနဲ့ တိုက်ခိုက်တုန်းက ဘာဒဏ်ရာမှ မရဘဲ နောက်ဆုတ်နိုင်ခဲ့တယ်... မိုက်ကယ်... မင်း သူနဲ့ တိုက်တုန်းကလိုမျိုးပေါ့.... အကယ်၍ သူက တကယ်ကြီး အစွမ်းထက်နေတယ်ဆိုရင် အဲဒီအချိန်မှာ မင်းကို ဘာလို့ မသတ်လိုက်တာလဲ"
ဟာနီယယ်က ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။
ဟာနီယယ်၏ စကားကြောင့် 'မီးလျှံဓားလမ်းစဉ်' ၏ အခြားအဖွဲ့ဝင်များကလည်း ခေါင်းညိတ် ထောက်ခံကြသည်။ မိုက်ကယ်က သံသယရှိနေဆဲ ဖြစ်သည်ကို မြင်သောအခါ ဟာနီယယ်က မျက်ခုံးပင့်ကာ ပြောလိုက်၏။
"သူ ဘယ်လောက် စွမ်းသလဲဆိုတာကို အခု စိုးရိမ်နေလို့ ဘာထူးမှာလဲ... သူ ဘယ်လောက်ပဲ စွမ်းစွမ်း ငါတို့ သူ့ကို အနိုင်ယူရမှာပဲ မဟုတ်လား...”
“ရာဇီယယ်နဲ့ ဆန်ဒါလ်ဖွန် ကျဆုံးသွားတာက ငါတို့အတွက် သဲလွန်စ အကြီးကြီး ပေးလိုက်တာပဲ... အဲဒါက ဘာလဲဆိုတော့... သူက သေချာပေါက် အစွမ်းထက်တာ မှန်ပေမဲ့၊ ငါတို့ အားလုံး စုစည်းလိုက်ရင်တော့ ငါတို့ကို အနိုင်တိုက်နိုင်လောက်တဲ့အထိ မဟုတ်ဘူးဆိုတာပဲ... ဒါကြောင့်လည်း သူက ငါတို့ကို တစ်ယောက်ချင်းစီ ခွဲထုတ်ပြီး သတ်ဖို့ ကြိုးစားနေတာပေါ့၊ မဟုတ်ဘူးလား...”
“တစ်နည်းအားဖြင့် ပြောရရင်တော့... ငါတို့သာ အင်အားစုစည်းမယ်ဆိုရင် အဲဒီစာအုပ်ဆိုင်ပိုင်ရှင်က အဲလောက်ကြီး ကြောက်စရာ မကောင်းပါဘူး... မိုက်ကယ်... မင်း ငါတို့ကို ဒီအတွက်ကြောင့် လာခေါ်တာ မဟုတ်ဘူးလား..."
မိုက်ကယ် ခေတ္တ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။
"မင်းပြောတာ မှန်တယ်"
***