← Chapters

အခန်း (၄၈၁-၄၈၂)

Vol. 35 Ch. 481-482

အခန်း (၄၈၁-၄၈၂)

Vol. 35 Ch. 481-482

အပိုင်း(၄၈၁)

မိုက်ကယ် ခေါင်းညိတ်ပြလိုက်သည်ကို မြင်သောအခါ ဖစ်ချ် တစ်ယောက် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိသည်။ ကျိကျစ်ရှို့၏ မွေးနေ့စားပွဲတွင် ဟာနီယယ်သည် မစ္စတာလင်၏ တိုက်ခိုက်မှုကို အပြင်းအထန် ခံလိုက်ရပြီး ပေါက်ကွဲသွားခဲ့စဉ်ကတည်းက၊ ရာဇီယယ်၏ ပြုပြင်မွမ်းမံမှုများကို ခံထားရသော ဖစ်ချ်သည် ဟာနီယယ်၏ ဝိညာဉ်ကို လက်ခံရန် အသင့်တော်ဆုံး ခန္ဓာကိုယ် ဖြစ်လာခဲ့သည်။ မစ္စတာလင်က ဟာနီယယ်ကို အပြင်းအထန် ဒဏ်ရာရစေခဲ့ခြင်းကြောင့်သာ ဖစ်ချ်သည် ဟာနီယယ်၏ မှတ်ဉာဏ်များကိုပါ ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ဟာနီယယ်၏ မှတ်ဉာဏ်များကို ရရှိထားသော ဖစ်ချ်သည် ဟာနီယယ်၏ အငွေ့အသက်နှင့် မည်သူမည်ဝါဖြစ်ကြောင်းကိုပါ သဘာဝကျကျ ရယူနိုင်ခဲ့လေသည်။

ထိုမျှတင်မကသေးချေ။ အချိန်ကာလပေါင်းများစွာထဲတွင် လှည့်လည်သွားလာနေကြသော 'အချိန်စက်ဝန်း ပိုးကောင်’ များသည် သူတို့၏ ခေါင်းဆောင် မရှိတော့သည့်နောက်တွင် ဟာနီယယ်၏ အငွေ့အသက် ရှိနေသော ဖစ်ချ်ကို ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုကာ အညံခံခဲ့ကြသည်။ ယခုအခါ ဖစ်ချ်သည် စစ်မှန်သော 'ဟာနီယယ်' အဖြစ် အပြည့်အဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ဖစ်ချ်သည် ဟာနီယယ်၏ မှတ်ဉာဏ်များစွာကို မြင်တွေ့ခဲ့ရသည်။ ၎င်းတို့ထဲတွင် အချိန်စက်ဝန်း ပိုးကောင် ဘဝ မှတ်ဉာဏ်များ၊ 'မီးလျှံဓားလမ်းစဉ်' သို့ ဝင်ရောက်ခဲ့သည့် မှတ်ဉာဏ်များနှင့် လူသားများကို သတ်ဖြတ်ကာ အချိန်ကို ကစားခဲ့သည့် မှတ်ဉာဏ်များ ပါဝင်သည်။

အရာအားလုံးကို ဝါးမြိုထားသော ဖစ်ချ်သည် ယခုအခါတွင်မူ အနည်းငယ် လမ်းပျောက်နေသကဲ့သို့ ခံစားနေရသည်။ အဘယ်ကြောင့်ဆိုသော် ယခင်က သူသည် 'မီးလျှံဓားလမ်းစဉ်' ၏ အမည်မသိ စမ်းသပ်ခံ သက်ရှိတစ်ခုမျှသာ ဖြစ်ပြီး အချိန်မရွေး စွန့်ပစ်ခံရနိုင်သူ ဖြစ်ခဲ့သော်လည်း၊ တစ်ညအတွင်းမှာပင် လက်ရှိအတိုင်းအတာများကို ကျော်လွန်နိုင်သည့် ထိတ်လန့်ဖွယ် ထူးခြားအစွမ်းများကို ပိုင်ဆိုင်လာခဲ့သောကြောင့်ပင်။

ဖစ်ချ်သည် လင်ကျဲ ပေးခဲ့သော ‘မကောင်းဆိုးဝါးတို့၏ အသိုက်အမြုံ' ဆိုသည့် စာအုပ်ကို ပြန်လည် အမှတ်ရမိသည်။

‘မစ္စတာလင်က ငါ့လို အရေးမပါတဲ့သူကို ဘာလို့ ဒီစာအုပ် ပေးခဲ့တာလဲ.... ကျိပိုတုန်... ဝယ်လ်နဲ့ ဂျိုးဇက်တို့လို နာမည်ကျော် ပုဂ္ဂိုလ်တွေတောင် စာအုပ်တစ်အုပ်ရဖို့ အဖိုးအခ အများကြီး ပေးခဲ့ရတာကို... သူက ဘာလို့ ဒီလောက် လွယ်လွယ်ကူကူ ပေးခဲ့ရတာလဲ...’

ဖစ်ချ် တွေးတောနေမိသည်။

‘ငါကရော သူ့ကို ဘာပြန်ပေးနိုင်မှာလဲ...’

သို့သော် သူသည် ဟာနီယယ်၏ အသွင်ကို ယူထားပြီး ဖြစ်သဖြင့် အချိန်ကို စတင် ထိန်းချုပ်ကြည့်ခဲ့သည်။ သူသည် အတိတ်ကာလများကို လှန်လှောကြည့်ရှုလိုက်သောအခါ ထိတ်လန့်သွားရတော့သည်။

‘ဒါက မစ္စတာလင်ရဲ့ ရည်ရွယ်ချက်ပဲ ဖြစ်ရမယ်... သူက ဂျိုးဇက်နဲ့ ဝယ်လ်ကို တိုက်ခိုက်ခိုင်းပြီး ကျိကျစ်ရှို့ရဲ့ မွေးနေ့ပွဲမှာ အချိန်စက်ဝန်း ပိုးကောင်ကို အမှုမဲ့အမှတ်မဲ့ သုံးလိုက်တာက အကြောင်းပြချက် နှစ်ခု ရှိရမယ်... ပထမအချက်က အဝေးကနေ အချိန်ကို ထိန်းချုပ်ပြီး ဂျိုးဇက်နဲ့ ဝယ်လ်ရဲ့ တိုက်ပွဲရလဒ်ကို ဆုံးဖြတ်ဖို့... ဒုတိယအချက်ကတော့ ဟာနီယယ်ကို ဆွဲဆောင်ဖို့ပဲ’

‘ဟာနီယယ်က သူ့ကို ရိုင်းရိုင်းစိုင်းစိုင်း ဆန့်ကျင်ခဲ့တာတောင် မစ္စတာလင်က သူ့ကို မသတ်ခဲ့ဘဲ အသက်ငင်နေတဲ့ အခြေအနေမှာပဲ ချန်ထားခဲ့တယ်... ဒါမှာလည်း ရည်ရွယ်ချက် နှစ်ခု ရှိတယ်... ပထမတစ်ခုက အချိန်ပြန်နောက်ဆုတ်သွားတဲ့နောက် ဂျိုးဇက်နဲ့ ဝယ်လ်ရဲ့ တိုက်ပွဲကို ဟာနီယယ်ကတစ်ဆင့် လွှမ်းမိုးဖို့ဖြစ်ပြီး၊ ဒုတိယ ရည်ရွယ်ချက်ကတော့... ငါပဲ...’

‘အစကတည်းက ငါ့လို သာမန်လူတစ်ယောက်ကို စကားပြောတာ၊ စာအုပ်ပေးတာ၊ လမ်းပြတာတွေ အားလုံးက ကြိုတင်ပြင်ဆင်ထားတာပဲ... ဘာလို့လဲဆိုတော့ ငါက ဟာနီယယ်ရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီး 'မီးလျှံဓားလမ်းစဉ်' ရဲ့ အတွင်းစည်းထဲကို ထိုးဖောက်ဝင်ရောက်နိုင်မယ်ဆိုတာကို သူ မြင်နေလို့ပဲ... ဒါတွေအားလုံးက 'မီးလျှံဓားလမ်းစဉ်' ကို ဖျက်ဆီးဖို့ အောက်ခြေကနေ စီစဉ်ထားတာပဲ...’

‘သူပေးခဲ့တဲ့ စာအုပ်နာမည်က ‘မကောင်းဆိုးဝါးတို့၏ အသိုက်အမြုံ' ဖြစ်နေတာ မဆန်းတော့ဘူး... ဒါဟာ မကောင်းတဲ့ အတွေးတွေကို လှုံ့ဆော်ပြီး အချင်းချင်း သတ်ဖြတ်အောင် လုပ်ဖို့ပဲ... စုစည်းစပြုနေတဲ့ 'မီးလျှံဓားလမ်းစဉ်' ကို သေမင်းတံခါးဆီ လမ်းပြဖို့ပဲ...’

‘နောက်ပြီး ဂျိုးဇက်နဲ့ ဝယ်လ်ရဲ့ တိုက်ပွဲဆိုတာ နတ်ဘုရားတစ်ပါးရဲ့ ပျော်တော်ဆက်မှုသက်သက် မဟုတ်ဘူး... ဒါက 'မီးလျှံဓားလမ်းစဉ်' နဲ့ ဗဟိုခရိုင် အုပ်ချုပ်ရေးအဖွဲ့ကို ခြိမ်းခြောက်လိုက်တာပဲ...’

‘ဒါဟာ စစ်မှန်တဲ့ နတ်ဘုရား ပြန်ရောက်လာပြီဆိုတာကို လူတိုင်းကို သိအောင် ပြောလိုက်တာပဲ...’

‘မစ္စတာလင်ရဲ့ အကွက်တွေက တစ်ခုနဲ့တစ်ခု ဆက်စပ်နေပြီး ဟာကွက်ဆိုတာ လုံးဝ မရှိဘူး... အရာအားလုံးကို သိမြင်တဲ့ အရှင်သခင်အဖြစ် သူက အတိတ်နဲ့ အနာဂတ်ကို မမြင်ရဘူးဆိုရင် နော်ဇင်မြို့တစ်ခုလုံးကို သူ့လက်ဝါးပေါ်မှာ ဘယ်လို ကစားနိုင်ပါ့မလဲ...’

အရာအားလုံးကို သဘောပေါက်သွားပြီဟု ထင်မှတ်ထားသော ဖစ်ချ်သည် တစ်ကိုယ်လုံး ချွေးပြန်နေတော့သည်။ သူ၏ ခြေထောက်များမှာ တုန်ရီနေပြီး ပြိုလဲလုနီးပါးပင်။ မစ္စတာလင်၏ အစွမ်းအစအပေါ် သူ အလွန်ပင် လေးစား အားကျ နေမိသည်။

ထို့ပြင် မစ္စတာလင်သည် အလွန်ပင် ကရုဏာကြီးမားသူဖြစ်သဖြင့် သူကိုယ်တိုင် အရင်စပြီး အရေးယူလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ဖစ်ချ်၏ ယခုလက်ရှိ အလုပ်မှာ 'မီးလျှံဓားလမ်းစဉ်' ကို လှုံ့ဆော်ပြီး မစ္စတာလင်ကို ဒေါသထွက်အောင် လုပ်ရန်ပင် ဖြစ်သည်။ ထိုအခါမှသာ မစ္စတာလင်သည် ဤကင်ဆာကျိတ်များကို ဖယ်ရှားပစ်ပေလိမ့်မည်။

ဖစ်ချ်သည် သူ၏ တွက်ဆချက် မှန်ကန်ကြောင်း ယုံကြည်နေသည်။ ထင်ထားသည့်အတိုင်းပင်၊ ဆန်ဒါလ်ဖွန်၏ နေရာကို ဆက်ခံသော ဆက်သွယ်ရေးမှူးသစ် ဇာ့ဖ်ကီယယ်က သူ့ကို ရှာတွေ့ခဲ့ပြီး 'မီးလျှံဓားလမ်းစဉ်' တည်ထောင်သူများ၏ ပထမဆုံး စုပေါင်းအစည်းအဝေးသို့ ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။

အဝေးတစ်နေရာ... ဇာ့ဖ်ကီယယ် ဖန်တီးထားသော အစစ်နှင့်အယောင် ခွဲခြားရခက်သည့် ဟင်းလင်းပြင်ထဲတွင် မိုက်ကယ်သည် မျက်နှာကို လာတိုက်နေသော ပင်လယ်လေကြောင့် အနည်းငယ် သတိပြန်ဝင်လာသည်။ 'ဟာနီယယ်' ၏ တိုက်တွန်းမှုကို ကြားပြီးနောက် သူ အနည်းငယ် စိတ်လှုပ်ရှားသွားသော်လည်း ချက်ချင်းပင် စိတ်ကို ပြန်ထိန်းလိုက်သည်။

"ဟာနီယယ်... မင်းရဲ့ သတင်းအချက်အလက်တွေက တကယ်ပဲ တိကျတယ်ဆိုရင် ငါတို့ အင်အားစုပြီး လှုပ်ရှားသင့်တာပေါ့... ငါတို့ အနိုင်ရဖို့ အခွင့်အရေး ဘယ်လောက်ရှိတယ်လို့ မင်း ထင်သလဲ..."

မိုက်ကယ်က တည်ကြည်စွာဖြင့် မေးလိုက်သည်။ မိုက်ကယ်သည် လူသားတို့၏ လှပမှုကို နားလည်သူ ဖြစ်သော်လည်း သူ၏ လှပလွန်းသော မျက်နှာမှာ သာမန်လူသားများ၏ အလှအပ စံနှုန်းများကို ကျော်လွန်နေသဖြင့် အနည်းငယ် ဖိအားပေးသကဲ့သို့ ခံစားရစေသည်။

ဟာနီယယ်၏ မှတ်ဉာဏ်များကို ရထားသော ဖစ်ချ်သည် ဟာနီယယ်၏ မောက်မာသော စရိုက်ကို အလွယ်တကူပင် ဟန်ဆောင်နိုင်ခဲ့သည်။ ထို့ပြင် သူသည် စာအုပ်ဆိုင်ပိုင်ရှင်နှင့် ထိပ်တိုက်တွေ့ပြီးနောက် အသက်ရှင်ကျန်ရစ်သည့် တစ်ဦးတည်းသောသူ ဖြစ်သဖြင့် သူ၏ စကားမှာ အတော်ပင် ခိုင်လုံနေသည်။

"တစ်ရာရာခိုင်နှုန်းပ်...."

သူက အခိုင်အမာ ပြောလိုက်သည်။

"အဲဒီ မစ္စတာလင်ကို ကြောက်နေစရာ မလိုဘူး..."

မိုက်ကယ် တိတ်ဆိတ်သွားသည်။

"ဒါပေမဲ့..."

မိုက်ကယ် ဝေခွဲမရဖြစ်နေသည်ကို မြင်သောအခါ ဖစ်ချ်က ဆက်ပြောလိုက်သည်။

"ရာဇီယယ်ရဲ့ အခြေအနေကို ခင်ဗျားတို့ သိကြလား"

"သိတာပေါ့"

ကောင်းကင်တွင် လွင့်မျောနေသော ဂွမ်းစိုင်ကြီးနှင့် တူသည့် မီတာထရွန် က ဝင်ပြောသည်။

"ငါ့ရဲ့ စောင့်ကြည့်ချက်အရ ရာဇီယယ်ဟာ 'မီးလျှံဓားလမ်းစဉ်' နဲ့ ဆက်သွယ်မှုအားလုံးကို လုံးဝ ဖြတ်တောက်လိုက်ပြီ... စာအုပ်ဆိုင်ပိုင်ရှင်က ရာဇီယယ်ကို ဘာလုပ်လိုက်လဲဆိုတာ ငါ အသေအချာ မမြင်ရပေမဲ့ ရာဇီယယ်ရဲ့ ဆင်ခြင်တုံတရားနဲ့ အတွေးအခေါ်တွေ အားလုံး ရပ်တန့်သွားပြီ..."

"သူ့ကို သေသွားပြီလို့ သတ်မှတ်လို့ ရပေမဲ့ သူက အမှန်တရား အသင်းတော်မှာ အလုပ်လုပ်နေတုန်းပဲ"

မီတာထရွန်က သံသယဖြင့် ပြောသည်။

"ဒီကမ္ဘာပေါ်မှာ အစွမ်းထက်ဆုံး ဦးနှောက်ရှိတဲ့သူက ဘာလို့ အတွေးတွေ ရပ်သွားရတာလဲဆိုတာ စိတ်ကူးကြည့်ဖို့တောင် ခက်တယ်..."

"ဒါကြောင့် စာအုပ်ဆိုင်ပိုင်ရှင်မှာ လူတွေကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းရှိနေတာပဲ... သူက ရာဇီယယ်ကိုတောင် ထိန်းချုပ်နိုင်တယ်ဆိုရင်၊ သူ့နဲ့ ထိတွေ့ဖူးတဲ့ ဘယ်သူ့ကိုမဆို သူက ထိန်းချုပ်နိုင်စွမ်း ရှိတယ်လို့ ငါတို့ ယူဆလို့ရတယ်... ဖြစ်နိုင်တာကတော့ ငါတို့ကြားထဲမှာ သူလျှိုရှိနေနိုင်တယ်..."

မိုက်ကယ်၏ မျက်လုံးများ မှေးစင်းသွား၏။

"မင်းက မင်းကိုယ်မင်း သူလျှိုလို့ ပြောချင်နေတာလား"

ဖစ်ချ်က နောက်ဆုတ်မသွားဘဲ ရန်စလိုသော အမူအရာဖြင့်...

"ဒါကတော့ မင်းတို့ ကြိုက်သလို သံသယဝင်နိုင်တာပေါ့... ဒါပေမဲ့ ရန်သူက တံခါးဝအထိ ရောက်နေပြီဖြစ်တဲ့ အချိန်မှာတောင် ဝေခွဲမရ ဖြစ်နေတဲ့သူတွေကသာ သစ္စာဖောက် ဖြစ်ဖို့ ပိုများလိမ့်မယ်လို့ ငါ ထင်တယ်..."

"မိုက်ကယ်... မင်း အခုလို ဝေခွဲမရ ဖြစ်နေတာက မင်းနဲ့ မတူဘူးပဲ။ ဖြစ်နိုင်တာက မင်းကိုယ်တိုင် စာအုပ်ဆိုင်ပိုင်ရှင်ရဲ့ ပြုပြင်တာကို ခံလိုက်ရပြီလား..."

အရပ်အလွန်ရှည်သော ဇက်ကီယယ်က ပြောလိုက်သည်။

"အဓိပ္ပာယ်မရှိတာ..."

မိုက်ကယ်က သူ့ကို စိုက်ကြည့်လိုက်သော်လည်း ဇက်ကီယယ်က စိတ်မဆိုးဘဲ တဟားဟား ရယ်မောလိုက်သည်။

ဖစ်ချ် ဘာမှ ထပ်မပြောတော့ပေ။ မကောင်းဆိုးဝါးတို့၏ အသိုက်အမြုံ စာအုပ်ကို မစ္စတာလင်က သူ့ကို ပေးခဲ့ခြင်းမှာ မကောင်းမှုနှင့် အငြင်းပွားမှုများကို လှုံ့ဆော်နိုင်စွမ်း ပေးရန်အတွက် ဖြစ်သည်။ လူတိုင်းတွင် သံသယများ ရှိလာသောအခါ ပဋိပက္ခများမှာ အလိုအလျောက် ပေါ်ပေါက်လာပေလိမ့်မည်။

"ကဲ မိုက်ကယ်... မင်း အမိန့်ပေးမှာလား... စာအုပ်ဆိုင်ပိုင်ရှင်ကို မဖယ်ရှားနိုင်ရင် ငါတို့ရဲ့ ရည်မှန်းချက်က အောင်မြင်မှာ မဟုတ်ဘူး...”

ဇာ့ဖ်ကီယယ်က ဆိုသည်။

"ငါ့ရဲ့ အစီအစဉ်ကတော့... ဂျိုးဇက်နဲ့ ဝယ်လ်ရဲ့ တိုက်ပွဲကို ဗဟိုခရိုင်က မသိဘဲ မနေဘူး... အဲဒီ ဗဟိုခရိုင် အုပ်ချုပ်ရေးအဖွဲ့က အဘိုးကြီးတွေ အရင် လှုပ်ရှားလာတာကို ငါတို့ စောင့်ကြည့်ကြမယ်... အဲဒီကျမှ လင်ကျဲရဲ့ စစ်မှန်တဲ့ အစွမ်းကို ငါတို့ မြင်ရလိမ့်မယ်...”

မိုက်ကယ်က ပြောသည်။

"ဗဟိုခရိုင်က အဲဒီ အဘိုးကြီးတွေကို ငါတို့တောင် အနိုင်တိုက်နိုင်တာပဲ... သူတို့က ဘိုးဘေးတွေရဲ့ အောင်မြင်မှုတွေကို အမှီပြုပြီး မောက်မာနေကြတဲ့ အုပ်စုသက်သက်ပဲ... သူတို့က မစ္စတာလင်ကို ယှဉ်နိုင်မှာ မဟုတ်ဘူး... အဲဒါက စာအုပ်ဆိုင်ပိုင်ရှင်ကို ပြင်ဆင်ဖို့ အချိန်ပိုပေးလိုက်သလိုပဲ ဖြစ်လိမ့်မယ်... ငါတို့ စောင့်နေဖို့ အချိန်မရှိဘူး"

ဖစ်ချ်က ပြောလိုက်သည်။ မကောင်းဆိုးဝါးတို့၏ အသိုက်အမြုံမှ မျိုးစေ့များမှာ အပြည့်အဝ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။ ယခုအခါ ၎င်းတို့မှာ အမြစ်တွယ်ကာ စတင် ပေါက်ဖွားလာနေပြီ ဖြစ်သည်။

"ဒါမှမဟုတ်..."

ဖစ်ချ်က ခေါင်းစောင်းကာ ဆက်ပြောသည်။

"မင်းက ငါတို့ရဲ့ အမျိုးအနွယ်တွေကို အသုံးချခံတွေလိုပဲ သဘောထားပြီး၊ ငါတို့ကို စတေးပြီးမှ မင်းက လွတ်အောင် ပြေးဖို့ ကြံနေတာလား"

***

အပိုင်း(၄၈၂)

"မင်း ဘာပြောချင်တာလဲ ဟာနီယယ်..."

မိုက်ကယ်သည် လက်ထဲမှ အနီရောင် လက်ဝါးကပ်တိုင်ကို မြှောက်ကာ ဖစ်ချ်ကို ချိန်ရွယ်လိုက်၏။

"ငါ မင်းတို့ကို ငါ့ရဲ့ အပေါင်းအဖော်တွေလို့ သတ်မှတ်ထားတာ... ငါတို့မှာ တူညီတဲ့ ရည်မှန်းချက် ရှိတယ် မဟုတ်လား..."

သို့သော် အမှန်စင်စစ်တွင်မူ ဖစ်ချ် ပြောသည်မှာ မမှားပေ။ မိုက်ကယ်သည် ရာဇီယယ် သို့မဟုတ် ဆန်ဒါလ်ဖွန်တို့ကဲ့သို့သော သူ၏ အပေါင်းအဖော် ကောင်းကင်တမန်များ သေသည်ရှင်သည်ကို ဂရုမစိုက်ချေ။ သူ လိုချင်သည်မှာ အိပ်မက်ဘုံသို့ ရောက်ရှိရန်သာ ဖြစ်သည်။

သို့သော်လည်း... ဖစ်ချ်က ထိုအရာက ဗြောင်ကျကျ ပြောချင်လာတဲ့အခါမှာတော့ အစွမ်းကုန် ငြင်းဆိုဖို့ကလွဲလို့ သူ့တွင် အခြား ရွေးချယ်စရာ မရှိပါချေ။

"ဒါဆိုရင် ငါ့အတွက် လက်စားချေပေးပြီး အားလုံးအတွက် တရားမျှတမှုကို ရှာပေးပါ..."

ဖစ်ချ် ပြောပြီးသည်နှင့် အခြား တိတ်ဆိတ်နေသော အပေါင်းအဖော်များကလည်း ခေါင်းညိတ် ထောက်ခံကြသည်။

ဤတစ်ကြိမ်တွင် မိုက်ကယ်သည် ကြိုးတန်းပေါ်တွင် လျှောက်နေရသကဲ့သို့ ခံစားလိုက်ရသည်။

'မီးလျှံဓားလမ်းစဉ်' အဖွဲ့ဝင်တိုင်းမှာ အလွန်ပင် အစွမ်းထက်ကြပြီး သူတို့ကို စုစည်းရန်မှာ မလွယ်ကူပေ။ ထို့ကြောင့်လည်း 'မီးလျှံဓားလမ်းစဉ်' တည်ထောင်သူများမှာ အမြဲတမ်း တစ်ယောက်တစ်ပေါက် လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။ ထို့ပြင် ဟာနီယယ်၏ စရိုက်မှာလည်း အမြဲတမ်း ယုတ်မာပြီး မောက်မာတတ်သဖြင့် 'ဟာနီယယ်' ၏ လှုံ့ဆော်မှုအပေါ် မိုက်ကယ်က တစ်စုံတစ်ရာ ထူးခြားသည်ဟု သံသယ မဝင်ခဲ့ပေ။

မိုက်ကယ်သည် သာမန် တည်ရှိမှုမျိုး မဟုတ်ချေ။ သူသည် 'မီးလျှံဓားလမ်းစဉ်' တစ်ခုလုံးကို ဦးဆောင်နိုင်သူ ဖြစ်ပြီး၊ အကယ်၍ သူသာ ဤတစ်ကြိမ် ငြင်းဆိုလိုက်ပါက လူတိုင်းက သဘောတူကြမည် ဖြစ်သော်လည်း၊ ပုန်ကန်လိုသော မျိုးစေ့များမှာ စတင် စိုက်ပျိုးပြီးသား ဖြစ်သွားလိမ့်မည်ကို သူ သိနေသည်။

ဝေခွဲမရဖြစ်ကာ သံသယများ ရှိနေသေးသော်လည်း၊ မိုက်ကယ်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ သူ ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်ပြီး၊ အပေါင်းအဖော်များကို စိုက်ကြည့်လိုက်၏။

"ဒါဆိုရင်တော့... ငါတို့ အားလုံး စုပေါင်းပြီး စာအုပ်ဆိုင်ကို တိုက်ခိုက်ဖို့ အခွင့်အရေး တစ်ခု ရှာကြတာပေါ့"

...

ထူထပ်ဖြူဖွေးလှသော မြူထုကြီး လွင့်စဉ်သွားပြီးနောက်တွင် မေလီဆာသည် ၂၃ လမ်းမဘက်သို့ ငေးကြည့်ရင်း သက်ပြင်းချလိုက်မိသည်။ ထိုနေရာသည် သူမ၏ ကံကြမ္မာကို ပြောင်းလဲပေးခဲ့သည့် စာအုပ်ဆိုင် တည်ရှိရာနေရာပင် ဖြစ်သည်။

သူမသည် သားရေအင်္ကျီအရှည်ကြီးကို ဝတ်ဆင်ထား၏။ ခြောက်သွေ့သော လေပြင်းများ တိုက်ခတ်လာသောအခါ သူမ၏ အဝတ်အစားများမှာ တဖျပ်ဖျပ် လွင့်နေတော့သည်။

ဤရုတ်တရက် ကျရောက်လာသော မြူထုကြီးမှာ သဘာဝအလျောက် ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ အစွမ်းထက်သော သဘာဝလွန် ပုဂ္ဂိုလ် တစ်ဦးဦး၏ စွမ်းအားကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း မေလီဆာက စူးရှစွာ ခံစားသိရှိနေသည်။ သူမ ၂၇ လမ်းမအတိုင်း လျှောက်လာစဉ်က ဝတ်ရုံနက် တစ်ဦးသည် စာအုပ်တစ်အုပ်ကို တင်းတင်းပိုက်ကာ စာအုပ်ဆိုင်ထဲမှ အလျင်အမြန် ထွက်လာသည်ကို မြင်တွေ့လိုက်ရသေးသည်။

ယခုမူ ဤမြူထုမှာ ထိုဝတ်ရုံနက်ကြောင့် ဖြစ်ရမည်ဟု သူမ သေချာသွားပြီဖြစ်သည်။

‘စာအုပ်ဆိုင်ရဲ့ ဖောက်သည်သစ်လား...’

သူမ တွေးတောမိသည်။ ထိုသို့တွေးမိသည်နှင့် မေလီဆာ၏ ရင်ထဲတွင် နာကျင်မှုတစ်ခု ခံစားလိုက်ရသည်။ အချိန်တွေ ပြောင်းလဲသွားပြီဟူသော ခံစားချက်က သူမကို လွှမ်းမိုးသွားသည်။ ဖောက်သည်သစ်တွေ ရောက်လာသလို၊ ဖောက်သည်ဟောင်းတွေကလည်း အပြီးတိုင် ထွက်ခွာသွားကြရလေပြီ။

သူမ၏ မီးလျှံရောင် ဆံနွယ်များမှာ ယခင်ကကဲ့သို့ မြင်းမြီးပုံစံ အမြင့်စီးမထားတော့ဘဲ အတိုညှပ်ထားသည်။ သူမ၏ လက်များကို အနီရောင် သားရေအင်္ကျီအိတ်ကပ်ထဲသို့ ထည့်ထားပြီး၊ မျက်နှာပေးမှာလည်း ယခင်ကကဲ့သို့ တက်ကြွလန်းဆန်းခြင်း မရှိတော့ချေ။ တစ်ညတည်းနှင့်ပင် သူမသည် အသက်ဆယ်နှစ်ခန့် ပိုကြီးသွားသကဲ့သို့ ရှိနေသည်။

၆၇ လမ်းမ တိုက်ပွဲဖြစ်ပွားပြီးကတည်းက၊ သူမသည် စာအုပ်ဆိုင်ပိုင်ရှင် ပေးခဲ့သော စာအုပ်များကို အသုံးပြုကာ ပုံမှန်ထက် ထူးကဲသော သင်ယူမှုနှုန်းကို ရရှိခဲ့ပြီး၊ အဆင့်အတန်း အကန့်အအုံများကို ကျော်လွန်ကာ 'အခရာအဆင့်' စွမ်းအားများကိုပင် နားလည်လာနိုင်ခဲ့ပြီဖြစ်သည်။ သူမသည် 'ဖျက်ဆီးခြင်းအဆင့်' သို့ တက်လှမ်းနိုင်ခဲ့ပြီး 'နိယာမ' အချို့ကိုပင် စတင် ထိန်းချုပ်နိုင်နေပြီ ဖြစ်သည်။ ဤအချိန်တွင် သူမသည် သူမ၏ ရွယ်တူများ ဘယ်သောအခါမျှ မရောက်နိုင်သည့် အမြင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

...သို့မဟုတ် ထိုထက်ပင် ပို၍ မြင့်မားကောင်း မြင့်မားနေပေလိမ့်မည်။

သို့သော်လည်း... သူမ ပေးဆပ်လိုက်ရသော အဖိုးအခမှာ သူမ၏ ဖခင်ကို ထာဝရ လက်လွှတ်လိုက်ရခြင်းပင်။

လျှို့ဝှက်ဓမ္မထုံးတမ်း မျှော်စင်က သူမကို 'အာဇာနည်မိသားစုဝင်' အဖြစ် ထပ်မံအသိအမှတ်ပြုခဲ့ပြီး အကြီးတန်း အမှုဆောင်အရာရှိ ဖြစ်လာရန် အခွင့်အရေး ပေးအပ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် သူမ၏ ပါရမီနှင့် အလားအလာကိုလည်း အတည်ပြုပေးခဲ့ကြသည်။

မေလီဆာ ခါးသက်စွာ ပြုံးလိုက်မိသည်။ သူမ၏ မိသားစုဝင်များ နှစ်ကြိမ်တိုင်တိုင် အာဇာနည်ဖြစ်ရလိမ့်မည်ဟု သူမ တစ်ခါမျှ မထင်မှတ်ထားခဲ့ပေ။

သူမ အသာအယာ သက်ပြင်းချလိုက်သည်။ ဖခင် သေဆုံးသွားပြီဖြစ်ကြောင်း ဦးလေး ဝင်စတန်ထံမှ ကြားသိရပြီးနောက် ခံစားခဲ့ရသော ဝမ်းနည်းပူဆွေးမှုများမှာ တဖြည်းဖြည်းနှင့် ထုံကျင်မှုအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ သူမ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ စာအုပ်ဆိုင်ဆီသို့ လျှောက်လှမ်းခဲ့သည်။

သူမ၏ စိတ်ထဲရှိ ရှုပ်ထွေးမှုများမှာ သူမ၏ လည်ပင်းတွင် ချိတ်ဆွဲထားသော သံခြေကျင်းကြီးနှင့် တူနေပြီး၊ ၎င်းမှာ သူမကိုယ်တိုင် ခတ်ထားသော အကျဉ်းချမှုပင် ဖြစ်သည်။ သူမသည် နေ့တိုင်း ကြိုးစင်ပေါ်သို့ တက်လှမ်းနေရသကဲ့သို့ ခံစားနေရသည်...။ သူမအနေဖြင့် လက်စားချေသင့်သည်ဟု ထင်သော်လည်း မည်သူ့ကို လက်စားချေရမည်နည်း။

ဝင်စတန် ပြောပြချက်အရ ဝယ်လ်နှင့် သူမ၏ဖခင်သည် အတူတူ ပျက်စီးသွားခဲ့ကြသည်ဟူ၏။ ၎င်းကပင် အကောင်းဆုံး ရလဒ် ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။

မေလီဆာမှာ နာကျင်နေပြီး လမ်းပျောက်နေသည်။ သူမ ဘာလုပ်ရမှန်း မသိဘဲနှင့် ၂၃ လမ်းမဆီသို့ မသိမသာ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ မြူများ လုံးဝ လွင့်စဉ်သွားသောအခါ သူမသည် စာအုပ်ဆိုင်ရှေ့တွင် ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။

ယခုအခါ သူမသည် မစ္စတာလင်ကို တွေ့ရန် အမှန်တကယ် မဝံ့ရဲတော့။ မည်သို့ပင် ဆိုစေ... စာအုပ်ဆိုင်ပိုင်ရှင်သည် သူမကို အခွင့်အရေး တစ်ကြိမ် ပေးခဲ့ဖူးသည် မဟုတ်ပါလား...။ တိုက်ပွဲကို ထိန်းချုပ်နိုင်ရန် အချိန်ကို နောက်ပြန်ဆုတ်ပေးခဲ့ခြင်းပင်။ သူသည် မေလီဆာနှင့် သူမ၏ ဖခင်ကို အခွင့်အရေး ပေးခဲ့သော်လည်း သူတို့ကတော့ ကျရှုံးခဲ့ကြရပြန်သည်။

မေလီဆာ စာအုပ်ဆိုင်အတွင်းသို့ ဖြည်းဖြည်းချင်း ဝင်လာခဲ့သည်။ အနည်းဆုံးတော့ သူမအနေဖြင့် မစ္စတာလင်ကို တောင်းပန်စကား ပြောရပေမည်။

ကလောင်...

လင်ကျဲသည် ဝတ်ရုံနက် ပေးခဲ့သော လက်ဆောင်ကို အသာအယာ ချထားစဉ် ဖောက်သည်တစ်ဦး ရောက်လာသည်ကို သိလိုက်သဖြင့် အံ့အားသင့်သွားရသည်။ ယနေ့ကဲ့သို့ မြူထူသောနေ့မှာတောင် ဖောက်သည် နှစ်ယောက်တောင် ရောက်ရှိလာသည်။ ထိုအရာက အနည်းငယ် ထူးခြားပေသည်။

သူ မျှော်လင့်တကြီး မော့ကြည့်လိုက်သောအခါ ရင်းနှီးသော မျက်နှာတစ်ခုကို မြင်လိုက်ရသည်။

‘အာ... မေလီဆာ...’

လင်ကျဲ တစ်ယောက် လက်ထဲမှ ကျောက်စာအကျိုးအပဲ့ပင် လွတ်ကျမတတ် ဖြစ်သွားသည်။ သူ၏ ထက်မြက်လှသော ဦးနှောက်က လျင်မြန်စွာ စဉ်းစားလိုက်ပြီး၊ မေလီဆာသည် ဂျိုးဇက်ကို လာရှာခြင်းလားဟု ချက်ချင်း တွေးမိသွားသည်။

သို့သော် ဂျိုးဇက်က သူ အသက်ရှင်နေသေးကြောင်း မေလီဆာကို မပြောပြရန် မှာကြားထားခဲ့သည် မဟုတ်ပါလား။

ဂျိုးဇက်က သူ၏သမီးအပေါ် ကျင့်သုံးသော ဤကဲ့သို့သော ပညာပေးစနစ်ကို လင်ကျဲ အပြည့်အဝ နားမလည်သော်လည်း၊ မေလီဆာသည် တကယ်ကို အများကြီး ရင့်ကျက်လာပုံရသည်။

လင်ကျဲ မေလီဆာကို ခြေဆုံးခေါင်းဆုံး အကဲခတ်ကြည့်လိုက်သည်။

‘အင်း... ဒီကလေးမလေးက နယ်ပယ်အသီးသီးမှာ တကယ်ပဲ ကြီးပြင်းလာခဲ့တာပဲ... ဝတ်ပုံစားပုံကအစ ပိုပြီး လူကြီးဆန်လာပြီ...’

"မေလီဆာ... နောက်ဆုံးတော့ မင်း ပြန်လာပြီပဲ"

လင်ကျဲက သူ၏ ဖောက်သည်ငယ်လေးကို အမှုမဲ့အမှတ်မဲ့ပင် နှုတ်ဆက်လိုက်သည်။

"...မစ္စတာလင်..."

မေလီဆာ ခေါင်းငုံ့လိုက်သည်။ တစ်ချိန်က တောက်ပလှပခဲ့သော သူမ၏ အနီရောင် ဆံနွယ်ရှည်များမှာ ယခုအခါ အတိုဖြစ်နေပြီး ဖရိုဖရဲ ဖြစ်နေသည်။

"ကျွန်မ... တောင်းပန်ပါတယ်"

မိန်းကလေးက အက်ကွဲသော အသံဖြင့် ပြောလိုက်သည်။

‘အာ... ငါ့ကို ဘာလို့ တောင်းပန်တာလဲ...’

လင်ကျဲသည် မျက်မှောင်ကြုတ်ကာ စဉ်းစားနေမိသည်။ တစ်ချိန်က ဆိုးပေခဲ့သော ဤကလေးမလေးအတွက် သူ စိတ်မကောင်း ဖြစ်မိသည်။

‘သူက ဒီလောက်အထိ မြန်မြန်ဆန်ဆန် ကြီးပြင်းသွားတာလား... အရင်တုန်းက ငါ့ကို လက်မောင်းလှဲဖို့ စိန်ခေါ်ခဲ့တာတွေက ကလေးကလား ဆန်ခဲ့မှန်း၊ ပြီးတော့ ငါ့လို လေးစားထိုက်တဲ့ စာအုပ်ဆိုင်ပိုင်ရှင်ကို မရိုသေရာ ရောက်ခဲ့မှန်း သူမ နားလည်သွားတာလား...’

‘ဒီကလေးမလေး ရင့်ကျက်လာတာ မမြန်လွန်းဘူးလား...’

လင်ကျဲ အံ့အားသင့် နေခဲ့လေ၏။

***

All Chapters