← Chapters

အခန်း (၄၈၇-၄၈၈)

Vol. 35 Ch. 487-488

အခန်း (၄၈၇-၄၈၈)

Vol. 35 Ch. 487-488

အပိုင်း(၄၈၇)

မာရီယာ လင်ကျဲကို မယုံကြည်နိုင်စွာဖြင့် ငေးကြည့်နေမိစဉ်မှာပင် လင်ကျဲသည် ကောင်တာအောက်သို့ လက်နှိုက်ကာ သေတ္တာငယ် နှစ်လုံးကို ထုတ်ယူ၍ ဖွင့်ပြလိုက်ပြန်သည်။

ထိုအခါ မာရီယာ၏ ရှေ့မှောက်တွင် စက်ရုံမှ တစ်သုတ်တည်း ထုတ်လုပ်ထားသကဲ့သို့ ဆင်တူလှသော ကျောက်အပိုင်းအစ နှစ်ခုမှာ အထင်းသား ပေါ်ထွက်လာတော့သည်။

"ရှင်... ဒါ... ဒါက ဘယ်လိုဖြစ်ပြီး..."

မာရီယာ တုန်လှုပ်သွားခဲ့သည်။ သူမ အသက်နှင့်ရင်း၍ ခက်ခဲစွာ ရယူခဲ့ရသော ရတနာတစ်ပါးကို ဤသူက မည်သို့လျှင် ပိုင်ဆိုင်ထားနိုင်သနည်း။ ၎င်းသည် ညစ်ညမ်းမှုများ၏ သေဖော်သေဖက် ရန်သူတော် မဟုတ်ပါလား။ အောင်ပိုင်းခရိုင်မှ လာသော မည်သည့် သတ္တဝါမဆို ဤအရာကို ကြောက်ရွံ့ကြရမည်သာ။

မာရီယာမှာ ခေါင်းတဖြည်းဖြည်း မူးဝေလာခဲ့သော်လည်း သူမရှေ့မှ ကျောက်အပိုင်းအစများမှာမူ သက်စောင့် စုန်းမကြီး၏ စွမ်းအားများ ပြည့်လျှံနေသော အစစ်အမှန်များ ဖြစ်နေသည်။ ပဲ့တင်ထပ်နေသော ထိုစွမ်းအားများမှာ ပိုမိုပြင်းထန်လာပြီး မာရီယာ၏ နှလုံးသားမှာလည်း လိုက်ပါခုန်လှုပ်လာသဖြင့် သူမ စိတ်မသက်မသာ ဖြစ်လာရသည်။

"ဒါတွေက ကျွန်တော့်ဆီ လာတဲ့ ဝယ်သူတွေ ပေးခဲ့တဲ့ လက်ဆောင်တွေပါ..."

လင်ကျဲက ထိုအပိုင်းအစ နှစ်ခုကို ကစားရင်း ဆိုလိုက်သည်။

"ပြောရဦးမယ်... လွန်ခဲ့တဲ့ ရက်ပိုင်းက ဒီအပိုင်းအစတွေကို ကျွန်တော် သုတေသန လုပ်ကြည့်တာ တိုးတက်မှုအချို့ ရှိခဲ့တယ်ဗျ"

"ကြည့်ရတာ ခင်ဗျားလည်း ဒီအပိုင်းအစတွေအကြောင်း ဆွေးနွေးဖို့ လာတာပဲ မဟုတ်လား... ခင်ဗျားက ပညာရှင်တစ်ယောက် ဖြစ်သလို ရှေးဟောင်းသုတေသနကိုလည်း ဝါသနာပါပုံရတယ်"

လင်ကျဲက ရယ်မောလျက်...

"ကြည့်ပါဦး... ဒီတစ်ခုဆိုရင် 'ကပ်ဘေး ဘုရားကျောင်းတော်' က ပေးခဲ့တာလေ"

"ဪ... ဒါနဲ့ ခင်ဗျား 'ကပ်ဘေး ဘုရားကျောင်းတော်' အကြောင်း သိလား"

လင်ကျဲက တစ်ခုခုကို သတိရသွားဟန်ဖြင့် ဆက်ပြောသည်။

"သူတို့က အောင်ပိုင်းခရိုင်က ဘာသာရေးအဖွဲ့တစ်ခုပဲ... သူတို့ကလည်း ဒီအပိုင်းအစတွေအကြောင်း ကျွန်တော့်ကို လာမေးကြသေးတယ်... နောက်ဆုံးကျန်တဲ့ အပိုင်းအစကို ရှာဖွေဖို့ဆိုရင်လည်း သူတို့ အစွမ်းကုန် ကြိုးစားပေးပါ့မယ်တဲ့၊ ပြီးတော့ ကျွန်တော့်ကို အဲဒီကို လာပြီး ဟောပြောပွဲ လုပ်ပေးဖို့လည်း ဖိတ်ထားကြသေးတယ်"

"ဒါပေမဲ့ ကြည့်စမ်း... နောက်ဆုံးအပိုင်းက ဒီအတိုင်းပဲ ရောက်လာတော့တာပဲ... ဒါကြောင့်လည်း ကံကြမ္မာဆိုတာ ဆန်းကြယ်တယ်လို့ ပြောတာပေါ့... အဲ... ခင်ဗျား အဆင်ပြေရဲ့လား"

မာရီယာ၏ မျက်လုံးများမှာ အလွန်ပင် ပြူးကျယ်နေကာ တစ်စုံတစ်ရာကို အလွန်အမင်း ထိတ်လန့်သွားသည့်အလား ပါးစပ်ကို လက်ဖြင့် အုပ်ထားသည်ကို လင်ကျဲ သတိပြုမိသွားသည်။

"ကျွန်မ... ကျွန်မ အဆင်ပြေပါတယ်"

မာရီယာက ခက်ခဲစွာ ခေါင်းခါပြရင်း စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းထားလိုက်သည်။ အောင်ပိုင်းခရိုင်မှ သူမ ထွက်လာခဲ့သည်မှာ လအနည်းငယ် ကြာပြီဖြစ်သော်လည်း ‘ကပ်ဘေး ဘုရားကျောင်းတော်' ၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် ထိုနေရာရှိ နေထိုင်သူများ၏ မှောင်မိုက်မှုကို ပြန်လည်တွေးတောမိရုံနှင့်ပင် သူမ ပျို့အန်ချင်လာမိသည်။

ထိုလူများသည် မြေအောက်ကမ္ဘာတွင် နေထိုင်ကြသူများ ဖြစ်ပြီး နေရောင်ခြည်ကို တစ်ခါမျှ မမြင်ဖူးကြချေ။ အင်္ဂါအစိတ်အပိုင်းများနှင့် အသားစများ ရောနှောကာ ပုပ်စပ်နေသော ရွှံ့ရေများမှာ သူတို့၏ ခြေသလုံးအထိ အမြဲတမ်း စီးဆင်းနေတတ်သည်။ သေဆုံးသူများကို မြေမြှုပ်ရန် နေရာမရှိသဖြင့် ပုပ်သိုးလာသော အလောင်းများကို သတ္တုတူးဖော်သည့် ကိရိယာများဖြင့် ကြိတ်ခြေကာ မြေအောက်ဂေဟစနစ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပြုလုပ်ပစ်ကြသည်။

ထိုသူများကို... လူသားဟု ခေါ်ဆိုရန်ပင် ခက်ခဲလှသည်။ သူတို့၏ မျက်ဝန်းများမှာ ကျဉ်းမြောင်းကာ အမုန်းတရားများဖြင့် ပြည့်နှက်နေပြီး အရေပြားများမှာ အကြေးခွံများကဲ့သို့ မာကျောကြမ်းတမ်းလှသည်။ ဦးခေါင်းတစ်ခုလုံးကို အာရုံခံလက်တံများဖြင့် ဖုံးလွှမ်းထားသဖြင့် သူတို့၏ ရုပ်သွင်ကို သေချာစွာ မြင်နိုင်ရန် ခဲယဉ်းလှသည်။

သို့သော် တစ်ခုတည်းသော တူညီချက်မှာ သူတို့သည် အပေါ်ဘက်ရှိ မြေလွှာကို အမြဲမော့ကြည့်ရင်း တစ်စုံတစ်ရာကို စောင့်မျှော်နေတတ်ကြခြင်းပင်။

ထိုထူးဆန်းသော သတ္တဝါများကို ကိုးကွယ်သည့် ‘ကပ်ဘေး ဘုရားကျောင်းတော်' သည် သူတို့၏ မူလအစ ဖြစ်သော အရာတစ်ခု ပြန်လည်ရောက်ရှိလာမည့်အချိန်ကို စောင့်မျှော်နေကြခြင်း ဖြစ်မည်ဟု သူမ တစ်ကြိမ်က ခန့်မှန်းခဲ့ဖူးသည်။ ထို့ကြောင့်ပင် သူတို့၏ မြေပေါ်သို့ ပြန်တက်လိုသည့် ဆန္ဒမှာ ဘယ်သောအခါမျှ မှေးမှိန်မသွားခဲ့ခြင်း ဖြစ်သည်။

ယခုမူ စာအုပ်ဆိုင်ရှင်က ထို ကပ်ဘေး ဘုရားကျောင်း မှ နောက်လိုက်များကို ဟောပြောပွဲ လုပ်ပေးမည်ဟု ဆိုနေသည်လား။ ထိုဘုရားကျောင်းတော်မှ မိစ္ဆာကောင်များ စောင့်မျှော်နေသည့်သူမှာ ဤစာအုပ်ဆိုင်ရှင် ဖြစ်နေပါသလော။ သူမ ရှေ့တွင် ရှိနေသော ဤလူသားသည်ပင်လျှင် ထိုမိစ္ဆာများ စောင့်နေသည့် 'အရှင်သခင်' ဖြစ်နေပါသလော။

မာရီယာသည် သူမ၏ နှလုံးသားကို တစ်စုံတစ်ခုက ဖျစ်ညှစ်ထားသကဲ့သို့ ခံစားလိုက်ရပြီး အသက်ရှူပင် ကျပ်လာခဲ့သည်။

အမှန်တရား အသင်းတော်က ထိန်းချုပ်ထားသော လမ်းကြောင်းမှာ ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သလို၊ တစ်ချိန်တည်းမှာပင် 'အက်ရှ် ကုန်သည်ကြီးများ အသင်း' က ဒုတိယလမ်းကြောင်းတစ်ခုကို ရှာဖွေတွေ့ရှိထားသည်ဟု ဆိုထားသည်။ ယခုအခါ ကပ်ဘေး ဘုရားကျောင်း ၏ ရည်မှန်းချက်များကလည်း ပေါ်ထွက်လာခဲ့ပြီ။ ဤအရာအားလုံးမှာ တိုက်ဆိုင်မှု မဟုတ်ဘဲ ကြိုတင်စီစဉ်ထားသော ကြံစည်မှုကြီးတစ်ခုသာ ဖြစ်ရမည်!

"ခင်ဗျား အဆင်ပြေတယ်ဆိုရင်လည်း ပြီးတာပါပဲ..."

လင်ကျဲက ပြောပြောဆိုဆိုဖြင့် တတိယမြောက် အပိုင်းအစကို လက်ခံရန် ပြင်လိုက်သည်။ မာရီယာ၏ မျက်ဝန်းများမှာ ပြူးကျယ်နေပြီး ကြောက်ရွံ့မှုများမှာ သူမ၏ ရင်ထဲတွင် ဒီရေအလား တိုးဝင်လာခဲ့သည်။ သူမသည် လက်ထဲရှိ အပိုင်းအစကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး ပြန်လည်ရုပ်သိမ်းရန် ကြိုးစားလိုက်သည်။

သို့သော်လည်း... ထိုအခိုက်အတန့်တွင် သူမ၏ ခန္ဓာကိုယ်မှာ လှုပ်ရှား၍ မရတော့ကြောင်း တွေ့လိုက်ရသည်။

'မဖြစ်ဘူး... မလုပ်နဲ့... မဟုတ်ဘူး... မဟုတ်ဘူး...'

မာရီယာသည် ချွေးသီးချွေးပေါက်များ ကျလာခဲ့သည်။ နံရံပေါ်တွင် ရောင်ပြန်ဟပ်နေသော အရိပ်ကြီးမှာ ဖြည်းညင်းစွာ လှုပ်ရှားသွားသည်ကို သူမ မြင်တွေ့လိုက်ရပြီး သူမ၏ လက်မောင်းမှာလည်း ထိုအရိပ်၏ ထိန်းချုပ်မှုကို ခံလိုက်ရသည့်အလား မစ္စတာလင်ထံသို့ ကျောက်အပိုင်းအစကို ရတနာတစ်ပါးကဲ့သို့ ရိုရိုသေသေ ကမ်းဆက်မိသွားလေတော့သည်။

‘မလုပ်ပါနဲ့...’

‘ဟင့်အင်း... မဟုတ်ဘူး...’

မာရီယာသည် အသည်းအသန် ရုန်းကန်နေသော်လည်း သူမ၏ ခန္ဓာကိုယ်မှာမူ ထိုမဟူရာအရိပ်၏ ထိန်းချုပ်မှုကို ခံနေရဆဲဖြစ်သည်။ သူမသည် လွတ်မြောက်ရန် ကြိုးစားသော်လည်း ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှာ သူမ၏ အမိန့်ကို မနာခံတော့ဘဲ ဝိညာဉ်နှင့် ခန္ဓာ တခြားစီ ဖြစ်နေသကဲ့သို့ ခံစားနေရသည်။

မိမိ၏ ဝိညာဉ်သည် ခန္ဓာကိုယ်ထဲမှ အတင်းအဓမ္မ ဆွဲထုတ်ခံနေရသည်ဟု ခံစားလိုက်ရသဖြင့် မာရီယာမှာ ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်မိတော့သည်။

မာရီယာသည် နောက်ထပ် ရုန်းကန်ရန် မဝံ့တော့ချေ။ အကယ်၍ သူမသာ မဆင်မခြင် လှုပ်ရှားလိုက်ပါက အမှန်တကယ် သေဆုံးခြင်းနှင့် ရင်ဆိုင်ရမည်ကို သူမ သိလိုက်သည်။ ထိုမဟူရာအရိပ်ကြီးမှာ သူမ၏ ခန္ဓာကိုယ်ကိုသာမက ဝိညာဉ်ကိုပါ ချုပ်ကိုင်ထားခြင်း ဖြစ်သည်။

“မစ္စ မာရီယာ... အဆင်ပြေရဲ့လားခင်ဗျာ”

လင်ကျဲ ကောင်တာနောက်မှ ထွက်လာပြီး ရုတ်တရက် ဝက်ရူးပြန်ရောဂါ ထဖောက်သည့်အလား ဖြစ်နေသော မာရီယာကို လှမ်း၍ ဖေးမရန် ကြိုးစားလိုက်သည်။

“အား...”

လင်ကျဲကို မြင်လိုက်ရသည့်အခါ မာရီယာမှာ ပို၍ပင် အသည်းအသန် အော်ဟစ်တော့သည်။ သူမ၏ မျက်နှာမှာ ခရမ်းရောင် သန်းလာပြီး သရဲသပက်ကို မြင်တွေ့လိုက်ရသည့်အလား ကြောက်ရွံ့မှုကြောင့် မျက်နှာထားများ ပုံပျက်ပန်းပျက် ဖြစ်နေသည်။ အေးစက်တည်ငြိမ်လှသော သူမ၏ ရုပ်သွင်မှာ ယခုအခါ လုံးဝ ဥဿုံ ပျက်ပြားသွားခဲ့ပြီ။

“ကယ်ကြပါ... က... ကယ်ကြပါဦး...”

မာရီယာသည် ကြောက်စိတ်များ လွှမ်းမိုးသွားသဖြင့် လင်ကျဲ၏ လက်များကို ခါထုတ်လိုက်သည်။ သူမ၏ မျက်ဝန်းများမှာ အစွမ်းကုန် ပြူးကျယ်နေပြီး သူမကို ချုပ်ကိုင်ထားသော ထိုမဟူရာအရိပ်ကြီးသည်လည်း ယခုအခါ လင်ကျဲ၏ နောက်ကွယ်တွင် မတ်တတ်ရပ်နေသည်ကို အထင်အသား မြင်တွေ့နေရသည်။

မည်သည့်အသံမျှ မထွက်၊ လှုပ်ရှားမှုလည်း မရှိဘဲ သူမကို စိုက်ကြည့်နေရုံမျှသာ...။

“အော်... စိတ်အေးအေးထားပါဦးဗျ”

မာရီယာ တစ်ယောက် အသက်ကို လုရှူနေရသည်ကို မြင်သောအခါ သူမ တစ်ခုခုကို အလွန်အမင်း ထိတ်လန့်နေကြောင်း လင်ကျဲ သိလိုက်သည်။ သူသည် သူမ၏ အကြည့်နောက်သို့ လိုက်၍ ကြည့်လိုက်ရာ သူမ ကြောက်နေသည့်အရာမှာ မိမိ၏ နောက်ကွယ်တွင် ရှိနေကြောင်း ခန့်မှန်းမိသွားသည်။

လင်ကျဲသည် ရုတ်တရက် လှည့်ကြည့်လိုက်ရာ ‘ဘလက်ကီ’ ကို မြင်လိုက်ရသည်။

ယခင်က မီးလိုင်းများ ပြုပြင်ရာတွင် ကူညီပေးခဲ့သော၊ လူနှင့် တိရစ္ဆာန်များကို အန္တရာယ် မပြုတတ်သော ဘလက်ကီပင် ဖြစ်သည်။

“ဘလက်ကီ...”

လင်ကျဲမှာ အံ့အားသင့်သွားပြီး အလိုအလျောက် တိုးတိုးလေး ခေါ်မိသွားသည်။ မဟူရာအရိပ်ကြီးသည် ခေါင်းကို တစ်ချက်စောင်းလိုက်ပြီးနောက် ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။ ထိုအခါ ရုန်းကန်နေရသော မာရီယာမှာ စုတ်ပြတ်နေသော အဝတ်ထုတ်တစ်ခုကဲ့သို့ ကြမ်းပြင်ပေါ်သို့ ခွေကျသွားလေတော့သည်။

မာရီယာ ထိတ်လန့်နေခဲ့သည်မှာ... လင်ကျဲပင် မရိပ်မိလိုက်ဘဲ သူ၏ နောက်ကွယ်တွင် မတ်တတ်ရပ်နေသော ဘလက်ကီကြောင့်ပင် ဖြစ်သည်။

လင်ကျဲအနေဖြင့် ဘလက်ကီအပေါ် ကျေးဇူးတင်စိတ်မှလွဲ၍ အခြားမရှိချေ။ အမှန်စင်စစ် ဘလက်ကီသည်ပင်လျှင် ကမ္ဘာမြေမှ လူသားတို့၏ စာအုပ်အားလုံးကို သူ့အား ပေးအပ်ခဲ့သူဖြစ်ပြီး လင်ကျဲ၏ အကြီးမားဆုံး အိပ်မက်ကို ဖြည့်ဆည်းပေးခဲ့သူ မဟုတ်ပါလား။

ထို့အပြင် ဘလက်ကီသည် အမြဲတမ်း ဖော်ရွေသည့် ပုံစံရှိပြီး မွန်း သို့မဟုတ် ဂျိုးဇက် အပါအဝင် သူ၏ မိတ်ဆွေများနှင့် ဝယ်သူများကို တစ်ခါမျှ အန္တရာယ် မပြုခဲ့ဖူးချေ။ ယခင်က လင်ကျဲသည် ဘလက်ကီကို Anime ကာတွန်း များထဲတွင် မြင်တွေ့ရတတ်သော ဖော်ရွေသည့် နာမ်ဝိညာဉ်တစ်ခုကဲ့သို့သာ သဘောထားခဲ့သည်။

ဘလက်ကီ၏ ရည်ရွယ်ချက်နှင့် မည်သူမည်ဝါ ဖြစ်သည်ကိုမူ လင်ကျဲ ဂရုမစိုက်ပါ။ အားလုံးတွင် ကိုယ်စီ လျှို့ဝှက်ချက်များ ရှိကြသည် မဟုတ်ပါလား။ ထို့အပြင်... မကြာခဏ ပေါ်မလာတတ်သော ဘလက်ကီထံမှ မည်သည့် မကောင်းသော ရည်ရွယ်ချက်ကိုမျှ သူ မခံစားခဲ့ရဖူးချေ။

သို့သော် ယနေ့မှာမူ မတူညီတော့ပေ။

ဘလက်ကီသည် ပထမဆုံးအကြိမ်အဖြစ် သူတစ်ပါး၏ အမြင်တွင် ပေါ်လာခဲ့ပြီး ထိုသူကိုလည်း အကြီးအကျယ် ထိတ်လန့်သွားစေခဲ့သည်။ ဤသည်မှာ ဘလက်ကီအနေဖြင့် စာအုပ်ဆိုင်သို့ လာသော ဝယ်သူတစ်ဦးအပေါ် ပထမဆုံးအကြိမ် နှောက်ယှက်ခြင်း ဖြစ်သည်။ သို့သော်လည်း တစ်ဖက်က ကြည့်လျှင် ဘလက်ကီမှာ ဘာမှ အမှားလုပ်ခဲ့ခြင်း မရှိဟု ဆိုနိုင်သည်။

လင်ကျဲသည် ဖော်ဖော်ရွေရွေ ဆက်ဆံခဲ့သော်လည်း ဟုဒ်၏ ကိစ္စများကြောင့် မာရီယာသည် ပြဿနာရှာရန် လာခြင်းဖြစ်ကြောင်း သူ ခံစားမိသည်။ ထို့အပြင် ဘလက်ကီ၏ ရုတ်တရက် ပေါ်လာမှုမှာ သရဲတစ္ဆေကဲ့သို့ ဖြစ်နေသဖြင့် မာရီယာကဲ့သို့ သာမန်လူတစ်ဦးအဖို့ ကြောက်လန့်သွားခြင်းမှာ သဘာဝပင်။

“ခင်ဗျား...”

လင်ကျဲသည် မာရီယာ၏ ပုခုံးနှစ်ဖက်ကို မြဲမြံစွာ ဆုပ်ကိုင်ကာ စိတ်တည်ငြိမ်အောင် ပြုလုပ်ပေးလိုက်၏။

“ဒီမှာ ဘာမှမရှိပါဘူး၊ ခင်ဗျား ခုနက ဘာဖြစ်သွားတာလဲ”

ထိုစကားကို ကြားရမှ မာရီယာမှာ စိတ်အနည်းငယ် ပြန်လည် တည်ငြိမ်လာခဲ့သည်။ သူမသည် လင်ကျဲ၏ ကြင်နာဖော်ရွေသော မျက်နှာကို ငေးကြည့်နေမိလေသည်။

***

အပိုင်း(၄၈၈)

လင်ကျဲက သူ့ကို ထပ်မံ၍ ပြုံးပြလိုက်၏။

“ကြည့်စမ်း... ကျွန်တော်တို့ဆိုင်က အရမ်းသန့်ရှင်းပါတယ်၊ ဒီမှာ ဘာမှမရှိဘူး”

သူ ဤသို့ ပြောနေစဉ်မှာပင် သူ၏ နောက်ကွယ်၌ ကြီးမားသော မဟူရာအရိပ်ကြီးမှာ တဖြည်းဖြည်း ကျယ်ပြန့်လာပြီး သူ၏ ကြောက်မက်ဖွယ်ကောင်းသော အပြုံးနောက်ကွယ်တွင် ပုန်းကွယ်နေသကဲ့သို့ ရှိနေသည်။ ထိုအရိပ်ကြီးထဲမှ မရေမတွက်နိုင်သော အရိပ်မည်းများမှာ မက်ဒူဆာ၏ မြွေဆံပင်များကဲ့သို့ ဖြာထွက်နေတော့သည်။

လင်ကျဲ၏ နူးညံ့သော နှစ်သိမ့်စကားများမှာ မာရီယာအတွက်မူ တုန်လှုပ်ခြောက်ခြားဖွယ် ခြိမ်းခြောက်မှုကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ။

“ရှ... ရှ... ရှင်...”

မာရီယာမှာ ကြောက်လန့်တကြားဖြင့် အထစ်ထစ် အငေါ့ငေါ့ ဖြစ်နေခဲ့သည်။ လင်ကျဲ ဘာမှ ပြန်မပြောနိုင်သေးမီမှာပင် သူမသည် နောက်သို့ ခြေလှမ်းအတော်များများ ဆုတ်လိုက်ပြီး ဆိုင်တံခါးကို တွန်းဖွင့်ကာ အပြင်သို့ လဲကျလုနီးပါး ထွက်ပြေးသွားတော့သည်။ လင်ကျဲက မည်သို့ပင် တားဆီးစေကာမူ သူမသည် နောက်ကွယ်၌ ကြောက်မက်ဖွယ်ရာ တစ်စုံတစ်ခု လိုက်လာသကဲ့သို့ အသက်လု၍ ပြေးလေတော့သည်။

'...ဒီလောက်အထိ ပြေးဖို့ လိုလို့လား... ကိုယ့်ပစ္စည်းတောင် ကျန်ခဲ့ပြီ'

လင်ကျဲက စိတ်ထဲမှ တွေးလိုက်မိသည်။ လင်ကျဲသည် မျက်မှောင်ကြုတ်လျက် မာရီယာ ကြမ်းပြင်ပေါ်တွင် ချန်ထားခဲ့သော ဟောင်းနွမ်းနေသည့် မှတ်စုစာအုပ်လေးကို ကောက်ယူလိုက်သည်။ ပြေးထွက်သွားသော မာရီယာကို တစ်ချက်ကြည့်ကာ သက်ပြင်းချလိုက်ပြီး သူ ပြန်လှည့်လိုက်သည့်အခါတွင်မူ စောစောက လက်သည်းခြေသည်းများဖြင့် ခြိမ်းခြောက်နေသော ဘလက်ကီမှာ ပုံမှန်အရွယ်အစား အရိပ်တစ်ခုအဖြစ်သို့ ပြန်လည် ကျုံ့ဝင်သွားခဲ့ပြီ။

“ဒီနေ့ မင်း ဘာဖြစ်နေတာလဲ၊ ဘာလုပ်ချင်လို့လဲ”

လင်ကျဲသည် မကျေမနပ်ဖြစ်သလို နားမလည်နိုင်သလို လေသံဖြင့် တိုးတိုးလေး ပြောလိုက်သည်။

“မင်းကိုယ်တိုင်က ငါ့စာအုပ်တွေကို ပြန့်ပွားအောင် လုပ်ခိုင်းထားပြီးတော့ အခုကျမှ သူ့ကို ဘာလို့ ခြောက်လှန့်ပြီး မောင်းထုတ်လိုက်တာလဲ... ဒါ မင်းကိုယ်တိုင် ငါ့ကို ပေးထားတဲ့ တာဝန် မဟုတ်ဘူးလား”

ဘလက်ကီသည် မလှုပ်မယှက်ဘဲ ထိုနေရာ၌ပင် ရှိနေပြီး လင်ကျဲ၏ ဆူပူမှုကို ငြိမ်သက်စွာ နားထောင်နေသည်။ အပြစ်တစ်ခု လုပ်မိ၍ အဖမ်းခံလိုက်ရသည့် ကလေးငယ်တစ်ဦးကဲ့သို့ပင်။

“ဒါပေမဲ့... ထားပါတော့... မင်းက ဒီကျောက်အပိုင်းအစကို လိုချင်နေတာလား”

လင်ကျဲသည် ကောင်တာသို့ ပြန်လာပြီး စားပွဲပေါ်ရှိ ကျောက်အပိုင်းအစ သုံးခုကို ကြည့်လိုက်သည်။ ထို့နောက် ဘလက်ကီကို ကြည့်ကာ အပိုင်းအစများကို လက်ညှိုးထိုးပြလိုက်၏။

“မင်း ဒါကို စားချင်လို့လား”

ဘလက်ကီမှာ ဘာမျှ မတုံ့ပြန်ဘဲ လင်ကျဲကိုသာ တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။ အကယ်၍ ဘလက်ကီသည် 'သက်စောင့် စုန်းမကြီး' ထံမှ လာသော ဤကျောက်အပိုင်းအစများကို စားလိုသည်ဆိုပါက သူက ထိုသက်စောင့် စုန်းမကြီး၏ ရန်သူဟု ဆိုလိုခြင်းလော။ လင်ကျဲကို ဤနေရာသို့ ခေါ်ဆောင်လာခြင်းမှာ တိုက်ဆိုင်မှု မဟုတ်နိုင်ချေ၊ အဘယ်ကြောင့်ဆိုသော် ဘလက်ကီသည် မူလကတည်းက ဤကမ္ဘာမှ ဖြစ်သောကြောင့်ပင်။ သူသည် ဤနေရာကို နားလည်ပြီး ဤကမ္ဘာအပေါ် လိုအပ်ချက် တစ်စုံတစ်ရာ ရှိနေသည်။

‘ဒါဆို... အဇီးရဲ့ သမိုင်းမှာ ဘလက်ကီက ဘယ်လို အခန်းကဏ္ဍက ပါဝင်နေတာလဲ...’

လင်ကျဲသည် ရှေ့မှ မဟူရာရုပ်သွင်ကို ကြည့်ရင်း တွေးတောနေမိသည်။ ခဏအကြာတွင် လင်ကျဲသည် အသက်ပြင်းပြင်းရှူကာ လက်ကို ဖြည်းညင်းစွာ မြှောက်၍ ထိုမဟူရာအရိပ်ကြီးထံသို့ လှမ်းလိုက်သည်။

အဘယ်ကြောင့် ဤသို့ လုပ်မိသည်ကို လင်ကျဲ ကိုယ်တိုင်လည်း မသိချေ။ ဘလက်ကီကို ထိတွေ့ကြည့်ချင်ရုံသက်သက် ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ ဘလက်ကီနှင့် ဆုံတွေ့ခဲ့သည့် နှစ်အနည်းငယ်အတွင်း ဤသည်မှာ ပထမဆုံးအကြိမ် ထိတွေ့ရန် ကြိုးစားခြင်း ဖြစ်သည်။ ထိုအရိပ်ထဲတွင် ဘာရှိသနည်း။ အစိုင်အခဲလား သို့မဟုတ် အေးစက်သော ရေမျက်နှာပြင်ကဲ့သို့လား။

မမျှော်လင့်ဘဲ လင်ကျဲ၏ မျက်ဝန်းများမှာ ရုတ်တရက် ပြူးကျယ်သွားရ၏။ ဘလက်ကီသည်လည်း သူနှင့် ထပ်တူညီသော လှုပ်ရှားမှုကို ပြုလုပ်နေသည် မဟုတ်ပါလား...။

ဘလက်ကီသည် သူ့ကို လိုက်တုနေသကဲ့သို့ ရှိပြီး သူတို့နှစ်ဦးမှာ လက်ကို တစ်ပြိုင်နက်တည်း ဆန့်ထုတ်လိုက်ရာ လက်ချောင်းထိပ်ချင်း ခဏတာ ထိတွေ့သွားခဲ့သည်။

လက်ချောင်းထိပ်တွင် ခံစားလိုက်ရသည့်အရာမှာ သူ မမျှော်လင့်ထားသောအရာ ဖြစ်သည်။ မိမိလက်၏ အပူချိန်နှင့် ဆင်တူလှသဖြင့် လင်ကျဲမှာ ခေတ္တမျှ ကြောင်အသွားရသည်။

သူ ဘလက်ကီကို ထပ်မံ ထိတွေ့ချင်သေးသော်လည်း နောက်တစ်စက္ကန့်တွင်မူ တီဗီလိုင်း မကြည်လင်သကဲ့သို့ ဘလက်ကီ၏ ရုပ်သွင်မှာ ဝေဝါးသွားပြီး ပျောက်ကွယ်သွားတော့သည်။ လင်ကျဲ၏ လက်ချောင်းမှာ ဘာမှမရှိသော လေထုထဲတွင်သာ ရပ်တန့်နေခဲ့ရသည်။

လင်ကျဲသည် လက်ကို ပြန်ရုပ်လိုက်ပြီး ဗလာဖြစ်နေသော လက်ဖဝါးကို ကြည့်လိုက်၏။ ခုနက ထိတွေ့မှုမှာ အစစ်အမှန်ဖြစ်ကြောင်း သူ ခံစားနေရဆဲပင်။

'ဘလက်ကီက... လူသားလား'

လင်ကျဲက ခေါင်းခါယမ်းလိုက်သည်။ လူသားတစ်ဦးမှာ ဤကဲ့သို့သော ရုပ်သွင် မရှိနိုင်ချေ။ ဖြစ်နိုင်သည်က သူသည် လူသားပုံစံကို ယူထားပြီး မိမိနှင့် ဆင်တူသော ခန္ဓာကိုယ်အပူချိန်ကို ဖန်တီးထားခြင်းသာ ဖြစ်လိမ့်မည်။

ထို့အပြင်... ဘလက်ကီသည် သက်စောင့် စုန်းမကြီး၏ အပိုင်းအစများကို စားလိုဟန် မရှိချေ။ အကယ်၍ သူသာ အမှန်တကယ် လိုချင်ပါက ယခင်က 'ရွှေပန်းသီး' ကိစ္စတုန်းကကဲ့သို့ ထိုနေရာ၌ပင် ယူသွားခဲ့မည်သာ ဖြစ်သည်။

လင်ကျဲ၏ အတွေးများမှာ ဘလက်ကီထံမှ စားပွဲပေါ်ရှိ ကျောက်အပိုင်းအစ သုံးခုထံသို့ ပြောင်းလဲသွားခဲ့သည်။ သူ မျက်မှောင်ကြုတ်လျက် ထိုအပိုင်းအစများကို ဂရုတစိုက် စပ်ကြည့်လိုက်ရာ သူ မျှော်လင့်ထားသည့်အတိုင်းပင် တစ်ခုနှင့်တစ်ခု အံဝင်ခွင်ကျ ဖြစ်သွားခဲ့ပြီး တစ်ခါမျှ မကွဲအက်ဖူးသည့်အလား ရှိနေတော့သည်။

လင်ကျဲသည် အံဆွဲထဲမှ မှန်ဘီလူးကို ထုတ်ယူကာ ကြည့်လိုက်ရာ ထိုကျောက်ပြားဝိုင်းပေါ်ရှိ စာသားများကို သိသိသာသာ မြင်တွေ့လိုက်ရသည်။

“အသက်ဇီဝသည် မဆုံးနိုင်၊ မီးလျှံသည်လည်း မငြိမ်းနိုင်...”

လင်ကျဲ ရွတ်ဆိုလိုက်သည်။ ဤရှေးဟောင်း စာသားများမှာ ဒုတိယခေတ်ရှိ အဲ့လ်ဖ် စာသားများနှင့် မတူဘဲ ပို၍ ရှေးကျသော စာမူကွဲတစ်ခုမှ လာခြင်းဖြစ်ပုံရသည်။

သူသည် ထိုစာသားများကို ခွဲခြားနိုင်သော်လည်း ‘တရုတ်စာလုံး အသစ်’ ကိုသာ တတ်မြောက်သူက ‘တရုတ်စာလုံး အဟောင်း’ ကို ဖတ်ရန် ကြိုးစားသကဲ့သို့ ဖြစ်နေသဖြင့် နားမလည်သော နေရာအချို့ ရှိနေဆဲပင်။

စာအုပ်ဆိုင်အတွင်းရှိ အလင်းရောင်မှာ တဖြည်းဖြည်း မှေးမှိန်လာခဲ့ပြီး အပြင်ဘက်တွင်လည်း မသိလိုက်မသိဘာသာ မှောင်စပြုလာခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် သူသည် တံခါးဆီသို့ လျှောက်သွားကာ ၂၃ လမ်းမကြီးကို ငေးကြည့်ရင်း ယနေ့ ဖြစ်ပျက်ခဲ့သည့် ကိစ္စများနှင့် မာရီယာ မည်မျှအထိ ကြောက်လန့်သွားမည်ကို တွေးတောနေမိသည်။

'အမှန်တရား အသင်းတော်ရဲ့ ဥက္ကဋ္ဌက ရဲတိုင်မလား မသိဘူး...'

'ရဲတိုင်လည်း ဘာမှ ထူးမှာမဟုတ်ပါဘူး... ရဲတပ်ဖွဲ့ရဲ့ အင်အားအကောင်းဆုံး တိုက်ခိုက်ရေးသမားက ငါ့ဆိုင်ထဲမှာပဲ ရှိနေတာလေ...'

'သရဲနှင်ဖို့ လုပ်ရင်လည်း အဆင်ပြေမှာ မဟုတ်ဘူး... နော်ဇင်ရဲ့ လက်ရှိ အကြီးဆုံး ယုံကြည်မှု အဖွဲ့အစည်းကို တည်ထောင်ရာမှာ ငါ့ရဲ့ ပါဝင်မှုက အဓိကပဲ မဟုတ်လား'

'ဒါဆိုရင်တော့ စိုးရိမ်စရာ ဘာမှမရှိတော့ဘူးပေါ့'

သူ မျှော်လင့်မိသည်မှာ ပညာရှင်တစ်ဦးဖြစ်သော မာရီယာအနေဖြင့် စိတ်ကို တည်ငြိမ်အောင် ထားနိုင်ပါစေဟူ၍သာ ဖြစ်သည်။

ဂျုန်း...

လင်ကျဲသည် စာအုပ်ဆိုင်၏ လိပ်တံခါးကို ပိတ်လိုက်ရာ ဆိုင်အတွင်းမှာ မှောင်အတိ ကျသွားသည်။ သို့သော်လည်း ရုတ်တရက် အလင်းရောင်တစ်ခု ပေါ်ထွက်လာခဲ့သည်။ လင်ကျဲ ပြန်လှည့်ကြည့်လိုက်သည့်အခါတွင်မူ စားပွဲပေါ်ရှိ ကျောက်ပြားဝိုင်းလေးမှာ အနီရောင်ဖျော့ဖျော့ အလင်းတန်းများ ထွက်ပေါ်နေသည်ကို အံ့အားသင့်ဖွယ် မြင်တွေ့လိုက်ရလေတော့သည်။

လင်ကျဲ အနည်းငယ် အံ့အားသင့်သွားပြီး မျက်တောင် တဖျပ်ဖျပ် ခတ်လျက် ထူးဆန်းသော အနီရောင်အလင်းတန်းများ ဖြာထွက်နေသည့် ကျောက်ပြားဝိုင်းကို စိုက်ကြည့်နေမိသည်။

သူသည်လည်း ဆစ်ဗာထံမှ အချို့သော သဘာဝလွန် စွမ်းအားများအကြောင်း သင်ယူဖူးထားရာ နော်ဇင် လောကတွင် ယခုကဲ့သို့ ပုံမှန်မဟုတ်သော ဖြစ်ရပ်ဆန်းများ ရှိတတ်ကြောင်း သိထားသည်။ သို့သော် ထိုအရာများမှာ သမိုင်းလှိုင်းတံပိုးအောက်တွင် ပျောက်ကွယ်သွားခဲ့ကြပြီဖြစ်ရာ ယနေ့ခေတ်အထိ တကယ်တမ်း တည်ရှိနေသေးခြင်း ရှိမရှိကိုမူ သူ အသေအချာ မသိခဲ့ချေ။

သို့သော်လည်း အနည်းဆုံးတော့ 'သက်စောင့် စုန်းမကြီး' ဆိုသည်မှာ ဒဏ္ဍာရီထဲက အရာတစ်ခုမျှသာ မဟုတ်ဘဲ စစ်မှန်သော ရှေးဟောင်း နတ်ဘုရားတစ်ပါး ဖြစ်နေသည်မှာ အမှန်ပင်။ ၎င်းပြင် သူမသည် ဆစ်ဗာ၏ မိတ်ဆွေဟောင်းတစ်ဦးလည်း ဖြစ်သည်။

အပြင်ဘက်တွင် မိုးချုပ်နေပြီဖြစ်ပြီး ဂျိုးဇက်မှာလည်း ပြန်ရောက်လာကာ မြေအောက်ခန်းထဲတွင် တစ်ခုခု အလုပ်ရှုပ်နေလေသည်။ ဥက္ကဋ္ဌ မာရီယာ တစ်ယောက်လည်း ဘေးကင်းရန်ကင်းနှင့် အိမ်ပြန်ရောက်ပါစေဟု လင်ကျဲ ဆုတောင်းပေးလိုက်မိသည်။

ရှေးဟောင်း ကျောက်ပြားဝိုင်းထံမှ ထွက်ပေါ်နေသော အလင်းရောင်မှာ မှိန်ဖျော့လှပြီး ဆိုင်အတွင်းရှိ မီးအလင်းရောင်လောက် မလင်းသော်လည်း တဖြည်းဖြည်းနှင့် အရှိန်အဟုန် ကောင်းလာပုံရသည်။ လင်ကျဲသည် ထိုကျောက်ပြားကို အနီးကပ် စစ်ဆေးကြည့်ရာ ၎င်းပေါ်ရှိ စာသားများမှာ နက်နဲလွန်းလှသဖြင့် ဖတ်ရှုရန် ခဲယဉ်းလှသည်။

ဤကျောက်ပြားပေါ်ရှိ စာသားများ၏ အဓိပ္ပာယ်အရ သူမ၏ တည်နေရာကို ခြေရာခံနိုင်ခြင်းကို ကြည့်လျှင် ဤအရာသည် သက်စောင့် စုန်းမကြီး အသုံးပြုခဲ့သော ‘လမ်းပြအမှတ်အသား’ ဖြစ်နိုင်ခြေ များလှသည်။ တစ်နည်းဆိုရသော် ဤကျောက်ပြားသည် လမ်းကြောင်းတစ်ခုကို ရှာဖွေရာတွင် အသုံးပြုသည့် အရာပင် ဖြစ်ပေလိမ့်မည်။ ထိုလမ်းကြောင်းက မည်သည့်နေရာသို့ ဦးတည်သည်၊ မည်သည့်ဆီသို့ သွားသည် ဆိုသည်ကိုမူ ခန့်မှန်းရန် ခက်ခဲလှသည်။

'သူ ဒီကို ရောက်လာဖို့ အခွင့်အလမ်း တော်တော်များတာပဲ...'

လင်ကျဲ စဉ်းစားနေမိသည်။ ဆစ်ဗာသည် ယခင်က ဆက်ဆံရ အလွန်လွယ်ကူသူ ဖြစ်သော်လည်း သက်စောင့် စုန်းမကြီးမှာမူ မည်သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်မည်ကို သူ မသိချေ။

ထို့ကြောင့်ပင် လင်ကျဲသည် ယနေ့ည အိပ်မစက်တော့ဘဲ ဤကျောက်ပြားဝိုင်းမှာ ဘာလဲဆိုသည်ကို စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ဆုံးဖြတ်ချက်ချပြီးသည်နှင့် သူသည် စာအုပ်စင်များပေါ်ရှိ စာအုပ်များနှင့် သုတေသန မှတ်တမ်းများကို အသေးစိတ် လိုက်လံရှာဖွေတော့သည်။

ဆစ်ဗာ၊ အင်ဒရူးတို့ကဲ့သို့သော အဆင့်မြင့် ပညာရှင်များနှင့် ထိတွေ့ဆက်ဆံခဲ့ပြီးနောက် လင်ကျဲသည် ရှေးဟောင်းခေတ်နှင့် ပတ်သက်သော သတင်းအချက်အလက်နှင့် ဗဟုသုတများစွာကို ရရှိခဲ့သည်။ ယခုအချိန်သည် ထိုသုတေသနများကို ဆက်လက်လုပ်ဆောင်ရမည့် အချိန်ပင်။ လင်ကျဲသည် အသုံးဝင်မည့် စာအုပ်အချို့ကို ရွေးထုတ်ကာ စားပွဲပေါ်သို့ တင်လိုက်သည်။

ယခု လင်ကျဲ၏ အမြင်အရ အဇီး၏ ရှေးဟောင်းမှတ်တမ်းများထဲမှ နဂါးများနှင့် အဲ့လ်ဖ်များမှာ တစ်ချိန်က အမှန်တကယ် တည်ရှိခဲ့ပြီး အံ့မခန်း အစွမ်းထက်ကာ အံ့ဖွယ်များကို ဖန်တီးနိုင်သည့် သတ္တဝါများ ဖြစ်ကြသည်။ ၎င်းပြင် မှတ်တမ်းများအရ လောကကြီးတစ်ခုလုံးကို ဖန်တီးစိုးမိုးထားသော စုန်းမကြီးများမှာမူ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုများ ဖြစ်ကြသည်။

ဥပမာအားဖြင့် လင်ကျဲနှင့် ရင်းနှီးသော ဆစ်ဗာသည်ပင်လျှင် ‘မီးလျှံဓားလမ်းစဉ်’ ၏ တိုက်ခိုက်မှုကို ဟန့်တားနိုင်သည့် စွမ်းအားများကို သူ့အား အပျော်သဘော သင်ကြားပေးခဲ့ပြီး ဂျိုးဇက်နှင့် ဗင်းဆင့်တို့ကို ကာကွယ်ပေးနိုင်ခဲ့သည်။ ဆစ်ဗာကိုယ်တိုင်မှာမူ လင်ကျဲ စိတ်ကူးပင် မယဉ်နိုင်လောက်သော နက်နဲသည့် အသိပညာနှင့် စွမ်းအားများကို ပိုင်ဆိုင်ထားပေလိမ့်မည်။

မူလ စုန်းမကြီး လေးပါးအနက် တစ်ပါးဖြစ်သော သက်စောင့် စုန်းမကြီးသည်လည်း စွမ်းအားပိုင်းတွင် ဆစ်ဗာထက် နိမ့်ကျမည် မဟုတ်ချေ။ ဤအချက်ကို တွေးမိသောအခါ လင်ကျဲ စိတ်ထဲ၌ အနည်းငယ် ရင်ခုန်လာရသည်။

'ငါက သာမန် စာအုပ်ဆိုင်ပိုင်ရှင် တစ်ယောက်ပါပဲ၊ ဒါပေမဲ့ မူလ စုန်းမကြီး နှစ်ပါးတောင် သိနေရပြီ... ဒါကို တခြားသူကို ပြောပြရင်လည်း ဘယ်သူမှ ယုံမှာမဟုတ်ဘူး'

လင်ကျဲသည် သက်စောင့် စုန်းမကြီးအကြောင်း သုတေသနပြုထားသော စာအုပ်အချို့ကို လှန်လှောကာ အလေးအနက် ဖတ်ရှုတော့သည်။

***

All Chapters