← Chapters

မတော်တဆကူညီမိခြင်း

Vol. 42 Ch. 592

မတော်တဆကူညီမိခြင်း

Vol. 42 Ch. 592

အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ အထပ်ခုနစ်ဆယ်မြောက်တွင် လူရှစ်ဦးသာ ကျန်ရှိတော့သည်။

ထိုသည်မှာ လျှိုချင်းဟွမ်၊ ထန်းရှီမန်၊ ဇူချူးပင်၊ လျှိုယွမ်၊ အန်လင်း၊ စုရှောင်လန်၊ ရွှမ်းယွမ်ချန်နှင့် စုချန်းရန်တို့ ဖြစ်သည်။

ထန်းရှီမန် မီးဝင်းဝင်းတောက်နေသော မျက်ဝန်းများဖြင့် အပေါ်သို့ မော့ကြည့်လိုက်သည်။

"ငါက လွန်ခဲ့တဲ့ တစ်နှစ်ကနဲ့ မတူတော့ဘူးကွ။ ဒီတစ်ခေါက်တော့ အထပ်ခုနစ်ဆယ် ကျော်ကိုကျော်ရမယ်။"

အန်လင်း၏ စိတ်ထဲတွင်လည်း သိလိုစိတ်များ ဖြစ်ပေါ်လာသည်။ စီနီယာကျောင်းသားထန်အား ရှုံးနိမ့်စေခဲ့သော အံ့ဖွယ်စိတ်ဆန္ဒများသည် မည်မျှပင် သန်မာပါသနည်း။

အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ အပြင်ဘက် ကောင်းကင်တွင် ကြီးမားလှသော သလင်းကျောက် မျက်နှာပြင်ကြီးတစ်ခု ရှိနေသည်။ ထိုမျက်နှာပြင်ပေါ်တွင် အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်အတွင်း ဖြစ်ပျက်နေသည်များကို ပြသပေးနေသည်။

ကျရှုံးခဲ့သော ကျောင်းသားများသည် သတိပြန်လည်လာပြီးနောက် မျှော်စင်အပြင်ဘက်ရှိ မျက်နှာပြင်ကြီးမှတဆင့် တိုက်ပွဲများကို ကြည့်ရှုအားပေးနေကြသည်။

၎င်းတို့သည် တိုက်ပွဲအတွင်း ပါဝင်နိုင်ခြင်း မရှိတော့ပါသော်လည်း ပါရမီရှင် ကျောင်းသားများနှင့် အံ့ဖွယ်စိတ်ဆန္ဒများကြားမှ အတိုက်အခိုက်များကို ကြည့်ရှုခြင်းမှာလည်း တာအိုလေ့လာခြင်းအတွက် အထောက်အပံ့ ဖြစ်စေသည်။

"ငါတို့နှစ်က ကျောင်းသားနှစ်ယောက်ပဲ ကျန်တော့တယ်ဟ။"

"တတိယနှစ် ကျောင်းသားတွေကတော့ တကယ်ကြောက်စရာပဲဟေ့။ ရှစ်ယောက်ပဲ ကျန်တော့တာကို လေးယောက်က တတိယနှစ်က ကျောင်းသားတွေ ဖြစ်နေတယ်။"

"စီနီယာကျောင်းသား လျှိုယွမ်က အောင်မြင်ကျော်ကြားသူများစာရင်းထဲ ပါလာမယ်ထင်လား။"

"ပြောဖို့တော့ ခက်တယ်ကွ။ သူက စိတ်ဝိဉာဉ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့်ပဲ ရှိသေးတာလေ။"

.........

ကျောင်းသားများအားလုံးမှာ အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင် အတွင်းရှိ အဖြစ်အပျက်များကိုကြည့်ရင်း အာလူးဖုတ်နေကြသည်။

ဝုန်း....

အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်အတွင်း သက်ရှိစွမ်းအင်များ ဖြာထွက်လာပြီးနောက် အရှိန်အဝါ အားကောင်းလှသော ပုံရိပ်ရှစ်ခု ထွက်ပေါ်လာသည်။

အန်လင်း၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားသော အမူအရာတစ်ခု ဖြစ်ပေါ်လာသည်။ ထိုအံ့ဖွယ်စိတ်ဆန္ဒများသည် ဟင်းလင်းပြင်သို့အပြန် အဆင့်များ ဖြစ်နေသောကြောင့် စီနီယာကျောင်းသားများပင် ရှုံးနိမ့်ရသည်မှာ မထူးဆန်းတော့ပေ။ ၎င်းတို့တွေ့ဆုံခဲ့ရသော စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် အံ့ဖွယ်စိတ်ဆန္ဒများထက် များစွာကွာခြားပေသည်။

ကျောင်းသားများအားလုံးသည် ကျင့်ကြံရေး အခြေခံ၏ တစ်ရာခိုင်နှုန်းထိ လျှော့ချခံထားရသောကြောင့် အံ့ဖွယ်စိတ်ဆန္ဒများအား တိုက်ခိုက်ရသည်မှာ မလွယ်ကူလှပေ။

ဝှစ်.....ဝှစ်.....ဝှစ်.....

အံ့ဖွယ်စိတ်ဆန္ဒ ရှစ်ခု တပြိုင်နက်တည်း ဆင်းသက်လာကြသည်။

သတ္ထုကျိုင်းတုတ်အား ဆွဲကိုင်ထားသော အံ့ဖွယ်စိတ်ဆန္ဒမှာ အန်လင်းထံ ပြေးဝင်လာသည်။

၎င်းသည် ကျိုင်းတုတ်အား လွှဲရမ်းကာ တောင်တစ်လုံးသဖွယ် လေးလံလှသော အရှိန်အဝါများကို ထုတ်ဖော်လိုက်သည်။

အန်လင်း၏ ခန္ဓာကိုယ်ထဲမှ သွေးများပွက်ပွက်ဆူလာကာ အထွဋ်အထိပ် မြေကြာပန်းအတတ်သည်ပင် အလိုအလျောက် အသက်ဝင်လာသည်။ ထိုကြောက်မက်ဖွယ် တိုက်ခိုက်မှုတွင် ကမ္ဘာ​မြေစွမ်းပင်များ ပါဝင်နေလေသည်။

"ကောင်းတယ်။"

အန်လင်း အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

ထိုကဲ့သို့ ပြိုင်ဘက်မျိုးကသာ တိုက်ခိုက်ရေး အတွေ့အကြုံကို မြှင့်တင်ပေးနိုင်လိမ့်မည်။

စစ်နတ်ဘုရားခန္ဓာကြောင့် အထွဋ်အထိပ် မြေကြာပန်းအတတ် အသက်ဝင်လာသည်နှင့်အတူ သူ၏နဖူးထက်တွင် ရွှေကြာပန်း အမှတ်အသားတစ်ခု ပေါ်ထွက်လာသည်။ အန်လင်း၏ လက်သီးများမှာ ရွှေရောင်များ တောက်ပလာပြီး သူ၏အရှိန်အဝါမှာလည်း ကောင်းကင်နှင့်မြေပြင်ကို ဆွဲဖြဲပစ်တော့မည့်အလား ကြမ်းတမ်းခက်ထန်လာသည်။

စစ်နတ်ဘုရား ခန္ဓာ၏ စဦးအဆင့် စွမ်းအင်အား အန်လင်း အသုံးပြုသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ သူ၏ပြိုင်ဘက်သည် ထိုသို့တိုက်ခိုက်ရန် ထိုက်တန်သည်ဟုလည်း ခံစားမိသည်။

ကျိုင်းတုတ်ကြီး သက်ဆင်းလာသည်နှင့်အတူ အန်လင်း အနီးတဝိုက်ရှိ လေထုတွင် အက်ကြောင်းများ ဖြစ်ပေါ်လာသည်။

ချက်ချင်းဆိုသလို အန်လင်းမှာ အရောင်အဝါများ တောက်ပနေသော လက်သီးအား ကျိုင်းတုတ်ထံ ပစ်ကြွေးလိုက်သည်။

ဝုန်း......

အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ အထပ်ခုနစ်ဆယ် တစ်ခုလုံး သိမ့်သိမ့်တုန်သွားသည်အထိ ကျယ်လောင်လှသော ပေါက်ကွဲသံတစ်ခု ပဲ့တင်ထပ်သွားသည်။

ကျိုင်းတုတ်နှင့် ရွှေရောင်အလင်းတို့ ထိပ်တိုက်တွေ့ဆုံသွားကြပြီး ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းဂယက်များ ဖြစ်ပေါ်လာသည်။ ရွှေရောင်အလင်း၏ အဖျက်စွမ်းအားသည် ကျိုင်းတုတ်ကိုရော၊ ကိုင်ဆောင်ထားသူကိုပါ စိစိညက်ညက် ကြေသွားစေသည်။

ရွှေရောင်အလင်းသည် ထိုမျှနှင့်ပင် ရပ်တန့်မသွားပဲ တောက်ပသော လမ်းကြောင်းရှည်ကြီးတစ်ခု ချန်ထားရစ်ခဲ့သည်။

ဝုန်း....

ကျယ်လောင်လှသော ပေါက်ကွဲသံကြီးကို ကြားလိုက်ရပြန်သည်။

ဓားရှည်ဆွဲကိုင်ထားသော အမျိုးသမီးမှာ ရွှေရောင်အလင်းကြောင့် အမြှောက်ဆံတစ်ခုအလား လွင့်ထွက်ကာ နံရံနှင့် ရိုက်မိသွားပြီး သူမ၏ ခန္ဓာကိုယ်သည်လည်း ဖြည်းညင်းစွာ ပျောက်ကွယ်သွားသည်။

အန်လင်းမှာ ထိုမြင်ကွင်းကြောင့် အနည်းငယ် အံ့အားသင့်သွားရသည်။

"D....double killသွားတာလားဟ။"

ထန်းရှီမန်၏ အမူအရာမှာလည်း အန်လင်းနှင့် တထပ်တည်းပင်။

သူသည် ကြောင်တောင်တောင် အမူအရာဖြင့် အန်လင်းအား ကြည့်ရှုနေမိသည်။

ငါဘယ်သူလဲ.....ဘယ်ရောက်နေတာလဲ....ဘာလို့ ငါ့ပြိုင်ဘက်က ရုတ်တရက်ကြီး သေသွားရတာလဲ.....

သူသည် အသေအကြေ တိုက်ပွဲဆင်နွှဲတော့မည့် အချိန်မှာပင် ရွှေရောင်အလင်းများ ဖြာထွက်လာကာ ရန်သူလည်း သေဆုံးသွားခဲ့သည်။

ငါဘာလုပ်သင့်လဲ.....

အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင် အပြင်ဘက်ရှိ ကျောင်းသားများမှာ ပါးစပ်အဟောင်းသား ဖြစ်နေမိကြသည်။

"ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်သတ်တယ်ဆိုတာ ဒါမျိုးလား။ မိုက်လိုက်တာကွာ။"

"လျှပ်စီးထိန်းချုပ်သူနတ်ဘုရားကတော့ တကယ်ကြောက်စရာပဲ။"

"ထင်ထားတဲ့အတိုင်း နတ်ဘုရားအန်က တစ်ကျောင်းလုံးမှာ အတော်ဆုံးပဲ။ ဒါနဲ့ ကျောင်းသားထန် အခုဘယ်လိုလုပ်မလဲ။"

"စည်းကမ်းတွေအရ တခြားကျောင်းသားရဲ့ တိုက်ပွဲကို ရည်ရွယ်ချက်ရှိရှိ ဝင်ပါရင်တော့ ထုတ်ပယ်ခံရလိမ့်မယ်။ ဒါပေမယ့် နတ်ဘုရားအန်ရဲ့ အစွမ်းတွေက အရမ်းကြမ်းပြီး မတော်တဆ အဖျားခတ်သွားတာဆိုတော့ အထုတ်မခံရလောက်ပါဘူး....ဟုတ်တယ်မလား။"

.........

အန်လင်းနှင့် ထန်းရှီမန်မှာ ကြောင်တိကြောင်တောင်နှင့် တစ်ဦးကိုတစ်ဦး ကြည့်နေမိကြသည်။

ထိုအချိန်တွင် အဖြူရောင်ဝတ်စုံနှင့် အဖိုးအိုတစ်ဦး ၎င်းတို့ရှေ့၌ ပေါ်ထွက်လာသည်။ ထိုသည်မှာ တားမြစ်ဧရိယာ၏ စောင့်ရှောက်သူ ပိုင်ကျုံးပင်။

ပိုင်ကျုံးသည် လွန်ဆွဲနေသော အမူအရာဖြင့် အန်လင်းကိုတလှည့်၊ ထန်းရှီမန်ကိုတလှည့် ​ကြည့်ရှုနေသည်။

ထို့နောက် ထန်းရှီမန်အားကြည့်ကာ ခပ်တင်းတင်း မေးမြန်းလိုက်သည်။

"မင်းသူနဲ့ အကွက်ချထားတာလား။"

ထိုစကားကြောင့် ထန်းရှီမန်မှာ မျက်ရည်ကျမတတ် ရယ်ချင်မိသွားသည်။

"မဟုတ်ပါဘူး။ ကျွန်တော် ဘာမှကို မလုပ်ရသေးတာ။ ရှယ်တိုက်ရတော့မယ်လို့ တွေးနေတုန်းကို ပြိုင်ဘက်က သေသွားတာဗျာ။"

ပိုင်ကျုံး အန်လင်းအား ​စူးစိုက်ကြည့်ရှုလိုက်သည်။

"မင်းရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာလား။"

အန်လင်း ခေါင်းခါပြလိုက်သည်။

"ဘယ်ကသာ.....ကျွန်တော် ကိုယ့်အစွမ်းကိုယ် မထိန်းနိုင်လိုက်တာဗျ။"

ပိုင်ကျုံးမှာ အန်လင်းအားကြည့်ရင်း အသက်ပြင်းပြင်း ရှူလိုက်သည်။

"မင်းက ကိုယ့်အစွမ်းကိုယ် မထိန်းနိုင်ရအောင် ကလေးလားကွ။ အနာဂတ်မှာ လူတွေအများကြီး ရှိနေတဲ့ စစ်မြေပြင်မှာ တိုက်ခိုက်ရရင် ဘယ်လိုလုပ်မလဲ။ မင်းအဲ့လို ကိုယ့်အစွမ်းကိုယ် မထိန်းနိုင်တာနဲ့ အပြစ်မရှိတဲ့ လူတွေကို ထိခိုက်စေမိရင်ရော။ ကိုယ့်အစွမ်းကိုယ်တောင် မထိန်းနိုင်တဲ့သူက တာအိုရှာဖွေတာကိုရော လုပ်နိုင်မှာတဲ့လား။"

"ပြီးတော့ မင်း...."

ပိုင်ကျုံး ထန်းရှီမန့်အားကြည့်ကာ အန်လင်းကို လက်ညှိုးထိုးလိုက်ပြန်သည်။

"မင်းတို့နှစ်ယောက် ခပ်ဝေးဝေးမှာ တိုက်လို့မရဘူးလား။ ဒီနေရာက အကျယ်ကြီး။ မင်းတို့အစွမ်းတွေက တစ်ရာခိုင်နှုန်းထိ လျှော့ချခံထားရတာ။ မင်းတို့သာ နည်းနည်းဝေးဝေးမှာတိုက်ရင် ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး။"

ပိုင်ကျုံးမှာ တစ်ထောင့်တစ်ည နားထောင်ရလောက်သည့် ဆုံးမစကား အရှည့်အရှည်ကြီးများကို ​ပြောနေသောကြောင့် အန်လင်းနှင့် ထန်းရှီမန်တို့မှာ ရှက်ရွံ့စွာ ခေါင်းငုံ့ထားကြရသည်။

မတော်မတရားရှည်သော စကားများ ပြောကြားပြီးသည့်နောက် ပိုင်ကျုံးသည်လည်း စိတ်ပေါ့သွားပုံရကာ သက်ပြင်းချလိုက်သည်။

"နောက်တစ်ခါ ဒီလိုမဖြစ်စေနဲ့။"

ထိုစကားနှင့်အတူ သူ၏ပုံရိပ်မှာ ပျောက်ကွယ်သွားသည်။

အန်လင်း စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ပြီးနောက် ထန်းရှီမန်အား အားတုံ့အားနာဖြစ်စွာ ကြည့်ရှုလိုက်သည်။

"တောင်းပန်ပါတယ်....စီနီယာအစ်ကိုကြီးထန်....ကျွန်တော် ခင်ဗျားတိုက်ပွဲကို ဝင်ရှုပ်ဖို့ မရည်ရွယ်ပါဘူး။"

ထန်းရှီမန် အမူအရာ ကင်းမဲ့စွာ ခေါင်းခါပြသည်။

"အ....အဆင်ပြေပါတယ်။"

ထို့နောက် အူကြောင်ကြောင်ဖြင့် ပတ်ဝန်းကျင်အား ကြည့်ရှုလိုက်သည်။

"အဲ့ဒါဆို အထပ်ခုနစ်ဆယ်ကို ဒီလိုပဲ အောင်သွားပြီပေါ့။"

"ဟုတ်တယ်လေ။ ဂုဏ်ယူပါတယ်.....စီနီယာအစ်ကိုကြီးထန်။"

အန်လင်း ပြုံးကာဂုဏ်ပြုလိုက်သည်။

ထန်းရှီမန် အံကြိတ်နေသည်။

"တကယ်ဆို ငါက အရင်တစ်နှစ်ကနဲ့ မတူတော့ဘူးဆိုတာ သက်သေပြချင်ခဲ့တာ။ အခု အထပ်ခုနစ်ဆယ်ကို အောင်မြင်သွားပေမယ့် ငါပျော်သလို မခံစားရဘူး။"

အန်လင်း : "........"

အန်လင်းမှာ မည်သည့်စကား ဆိုရမည်ကို မသိတော့ပေ။

စီနီယာအစ်ကိုကြီးထန်ကိုကြည့်ရတာ ငါကူညီပေးမိတာကို သဘောကျပုံ မရဘူး......

စုရှောင်လန်၊ လျှိုချင်းဟွမ်၊ ရွှမ်းယွမ်ချန်၊ စုချင်းရန်နှင့် ဇူချူးပင်တို့မှာလည်း လျင်မြန်စွာပင် တိုက်ပွဲများကို အဆုံးသတ်လိုက်ကြသည်။

ပဉ္စမနှစ် ကျောင်းသားဖြစ်သော လျှိုယွမ်မှာ စိတ်ဝိဉာဉ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့်သာ ရှိသေးသောကြောင့် ဟင်းလင်းပြင်သို့အပြန် ပြိုင်ဘက်အား အနိုင်မရနိုင်ပေ။

သို့သော် တိုက်ပွဲရှည်ကြာလာသည်နှင့်အမျှ သူ၏မျက်ဝန်းများ ပိုမိုတောက်ပလာသည်။ ဤတိုက်ပွဲမှတဆင့် အတွေ့အကြုံများစွာ ရရှိနေသည်မှာ ထင်ရှားလှသည်။

ဤသို့ဖြင့် ဆယ့်ငါးမိနစ် ကြာမြင့်ပြီးနောက် လျှိုယွမ် ရှုံးနိမ့်သွားတော့သည်။

လျှိုယွမ် စိတ်ပျက်စွာဖြင့် အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင် ပတ်ပတ်လည်အား ​ကြည့်ရှုလိုက်သည်။

ကျောင်းတော်ရဲ့ အောင်မြင်ကျော်ကြားသူများစာရင်းမှာ မပါနိုင်တော့ဘူးပေါ့.....

All Chapters