စားနပ်ရိက္ခာ သိုလှောင်ခြင်း
Vol. 3 Ch. 35
ရဲ့ရှင်းချန်သည် ဖုန်းစခရင်မ်အား အပေါ်သို့ ပွတ်ဆွဲလိုက်သည်။ ပထမဆုံး မြင်လိုက်ရသည့် မြင်ကွင်းမှာ ခဲနေသည့် သွေးကွက်များ ဖုံးလွှမ်းနေသည့် မြေပြင်နှင့် လူသေ အလောင်း တစ်လောင်းပင် ဖြစ်နေချေသည်။
ထို့နောက် ကျန်းရီမှ အုပ်စု အတွင်းသို့ စာများ စတင်ပို့လာခဲ့သည်။
"အခုဆို နှင်းတွေကျပြီး တစ်မြို့လုံး ပိတ်လှောင်ခံထားရပြီမို့လို့ ဘယ်သူ့ကိုမှ အားကိုးလို့မရတော့ဘူး ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရတော့မယ်"
"အရင်က ငါ့ကို ဒီရပ်ကွက်ရဲ့ မန်နေဂျာအဖြစ် ရွေးကောက်ခဲ့ကြတယ် အခုလည်း ဒီတာဝန်ကို ငါ ဆက်ယူမယ်"
"နောင်ဆိုရင် ဒီကိစ္စအဝဝကို ငါကပဲ တာဝန်ယူ စီမံပေးမယ် ဒီကောင်ရဲ့ ဇာတ်သိမ်းကို မင်းတို့ မြင်တဲ့အတိုင်းပဲ လိမ္မာမယ်ဆိုရင်တော့ မင်းတို့အတွက် အသက်ရှင်ဖို့ လမ်းစရှိသေးတယ်"
"ဒါပေမဲ့ မတွေးသင့်တာတွေ မကြံအပ်တာတွေကို တွေးတဲ့သူ ရှိလာရင်တော့ မန်နေဂျာဖြစ်တဲ့ ငါက ဆုံးမပေးတယ်လို့ပဲ သဘောထားလိုက်ကြ ငါ့ကို လာအပြစ်မတင်နဲ့"
ထို့သို့ ပြောဆိုပြီးနောက်တွင် နောက်ထပ်ပို့လာသည့် ပုံမှာ ပစ္စတို သေနတ်တစ်လက်အား ကိုင်ဆောင်ထားသည့် ကျန်းရီ၏ ပုံပင် ဖြစ်လေသည်။ အမြဲလိုလို ဆူညံပွက်လော ရိုက်နေတတ်သည့် ဂရုမှာ ယခုအခါ တိတ်ဆိတ် ငြိမ်သက် သွားခဲ့တော့သည်။ လူတိုင်းသည် ဤသွေးထွက်သံယို ဖြစ်သည့် မြင်ကွင်းကြောင့် လွန်စွာ တုန်လှုပ်သွားကြကာ မည်သူမျှ စကားမဟရဲကြတော့ချေ။
ငြိမ်းချမ်းသည့် ဤခေတ်ကြီးထဲတွင် လူတိုင်းသည် ဤကဲ့သို့သော သွေးထွက်သံယို မြင်ကွင်းများအား ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများ အတွင်း၌သာ မြင်ဖူးခဲ့ကြလေသည်။ သို့သော် ယခု မြေပြင်ပေါ်တွင် လဲကျနေသည့် အလောင်းမှာ သူတို့ဘေးပတ်ဝန်းကျင်တွင် နေထိုင်ခဲ့သည့် အစစ်အမှန် လူသား တစ်ဦး ဖြစ်နေခဲ့သည်။
ယခုလိုအချိန်မျိုးတွင် မည်သူကမျှ ရှေ့ထွက်ကာ ကျန်းရီအား မချေပရဲကြပေ။ ထို့ပြင် လူတိုင်းသည် သေမည်အား ကြောက်ရွံ့ကြသည် သာမက သေလမ်းအား ကိုယ်တိုင် ရွေးချယ် ရလောက်သည်အထိ မည်သူကမှ မိုက်မဲနေမည်လိမ့်မည် မဟုတ်ချေ။ ရဲ့ရှင်းချန်သည် မြေပဲစေ့တစ်စေ့အား ပါးစပ်ထဲသို့ ပစ်ထည့်လိုက်ရင်းဖြင့် ရေရွတ်လိုက်မိသည်။
"ကျန်းရီက တကယ်ပဲ အထက်တန်းလွှာက လူကိုး ဒီလိုအချိန်မျိုးမှာ လူတိုင်း သူ့ကို ကြောက်လာအောင် ဒီလို ထူးခြားတဲ့ နည်းလမ်းကို သုံးရမယ်ဆိုတာ သူကောင်းကောင်း သိနေတယ် ဒီလိုမှပဲ တခြားသူတွေကို ခြိမ်းခြောက်နိုင်ပြီးတော့ သူ့ရဲ့ ကိုယ်ပိုင် လုံခြုံရေးကို သေချာစေမှာပေါ့"
၎င်းနောက် ရဲ့ရှင်းချန်၏ ဖုန်းမှ အရေးတကြီး မက်ဆေ့ချ် ဝင်လာသည့် အသံများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။ သူသည် ဖုန်းအား ကောက်ကိုင်လိုက်ရာတွင် မဖတ်ရသေးသည့် မက်ဆေ့ချ် အရေအတွက်များ တဟုန်ထိုး တက်လာသည်ကိုသာ မြင်လိုက်ရတော့သည်။ ထိုအချိန်မှသာ သူသည် အုပ်စု အသစ်တစ်ခု အတွင်းသို့ ဆွဲသွင်းခံလိုက်ရမှန်း သဘောပေါက်သွားတော့သည်။ ရဲ့ရှင်းချန်မှ စူးစမ်းချင်စိတ်ဖြင့် လက်ညှိုးအား ရွှေ့လျှက် နှိပ်၍ ဝင်လိုက်တော့သည်။
သူ ထင်ထားသည့်အတိုင်းပင် ရပ်ကွက် နေလူထုမှ နောက်ထပ် အုပ်စုတစ်ခုအား ဖန်တီးလိုက်ကြခြင်းပင် ဖြစ်သော်လည်း ဤအုပ်စုထဲတွင် ကျန်းရီ မပါဝင်ချေ။ လူတိုင်းမှ ကျန်းရီ၏ ခြိမ်းခြောက်မှုအား အလွန် ကြောက်ရွံ့နေကြလေသည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သူတို့သည် ဆာလောင်လျှက် ချမ်းအေးနေကြသည့်တိုင်အောင် ငတ်သေလောက်သည့် အနေအထားအထိ မရောက်သေးချေ။ သို့သော် သေနတ် ဆိုသည်မှာကား ကွာခြားလွန်းလှပေသည်။ ကျည်တစ်တောင့်သည် လူတစ်ယောက်အား သတ်ဖြတ်ရန် လုံလောက်နေပေသည်။
အုပ်စုအသစ် ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် အိမ်နီးချင်းများမှ စတင်၍ ပြောဆိုလာကြတော့သည်။
"ကယ်ကြပါဦး လူသတ်နေတယ် လူသတ်မှုနေတယ်"
"ဒီည ငါ အခင်းဖြစ်တဲ့နေရာမှာ ရှိနေတာ အရမ်းကြောက်ဖို့ကောင်းတာပဲ"
"သူက တကယ်လုပ်တာဟ ဒီည သူ့ဆီကနေ ရိက္ခာတချို့ ဝယ်လို့ ရမလားဆိုပြီး မေးမလို့ သွားတာ သူ သေနတ်နဲ့ ပစ်လိုက်တာ ငါ့ကို ထိဖို့ နည်းနည်းလေးပဲ လွဲသွားတယ်"
"ဒီမှာ ဥပဒေဆိုတာ မရှိတော့ဘူးလား အာဏာပိုင်တွေတောင် လူသတ်ခွင့် အာဏာ မရှိဘူးလေ"
"ဟုတ်တယ် ဟုတ်တယ် ငါတို့ အတူတူ သူ့ကို တိုင်ကြရအောင် အာဏာပိုင်တွေကို သူ့ကို ဖမ်းခိုင်းမယ်"
"ဒါ ဒါပေမဲ့ အာဏာပိုင်တွေက ငါတို့ကို လျစ်လျူရှု ထားတာ ကြာလှပြီလေ"
လူတိုင်း ဆွေးနွေးနေကြစဉ်မှာပင် တူညီသည့် ရည်ရွယ်ချက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"ငါတို့က လူပိုများတယ်မလား ကျန်းရီဆီမှာ ရိက္ခာတွေ အများကြီး ဝယ်ထားတာကို ငါ မြင်လိုက်တယ်"
ထို အကြံအား မည်သူမှ စတင်၍ အကြံပြုလိုက်မှန်း မသိချေ။
"ငါတို့ အတူတူသွားပြီး သူ့ရိက္ခာတွေကို ဘာလို့ မလုကြရမှာလဲ သူ ပစ္စည်းတွေ အများကြီး ဝယ်ထားတာပဲ လူတိုင်းကို နည်းနည်းစီ ခွဲဝေပေးလိုက်ရင် အားလုံး စားသောက်နိုင်ဖို့ အတွက် အဆင်ပြေသွားမှာပဲ"
ဆာလောင်မှုနှင့် အအေးဒဏ်အား ရင်ဆိုင်ရချိန်တွင် လူ့သဘာဝ အစစ်အမှန်များ ပေါ်လွင်လာခဲ့ကြသည်။
"မှန်တယ် သူ့မှာ သေနတ်ရှိနေတော့ရော ဘာဖြစ်လဲ ငါတို့ဘက်က လူတွေ အများကြီးပဲဟာ"
"ဟုတ်တယ် ဟုတ်တယ် ဒီညက မတော်တဆဖြစ်သွားတာပါ အားလုံးက ကြိုတင် မပြင်ဆင်ထားလို့ ဒီလိုဖြစ်သွားရတာ ဒီတစ်ခါတော့ ငါတို့မသွားခင် အားလုံး အသေအချာ ပြင်ဆင်သွားကြမယ်"
အားလုံး ဆွေးနွေးနေကြစဉ် ရုတ်တရက် တစ်စုံတစ်ယောက်မှ စတင်၍ မေးမြန်းလိုက်သည်။
"ဒါဆို ငါတို့ ဘယ်တော့ စလှုပ်ရှားကြမလဲ"
ခဏတာမျှ အုပ်စုတစ်ခုလုံး တိတ်ဆိတ်သွားခဲ့လေသည်။ မည်သူကမျှ ဦးဆောင်ကာ ရှေ့ထွက်ရန် မဝံ့ရဲကြချေ။
ရဲ့ရှင်းချန်သည် ချတ်မှတ်တမ်းအား ကြည့်ကာ မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။ သူတို့အားလုံးသည် အုပ်စုထဲတွင်သာ စကားကြီးစကားကျယ် ပြောနေကြသော်လည်း အသက်နှင့်ရင်းရမည့် အချိန်ရောက်လာပါမူ တစ်ယောက်ထက် တစ်ယောက် ပို၍ ဉာဏ်များသွားကြလေသည်။
‘အဓိပ္ပာယ်မရှိလိုက်လေခြင်း ဦးဆောင်မည့်သူသည် ပထမဆုံး သေရမည့်သူပင် မဟုတ်ပါလော’
ထူးဆန်းစွာဖြင့် တိတ်ဆိတ်သွားပြီးနောက် ရပ်ကွက် လုံခြုံရေး ဝန်ထမ်း ကျောက်ဟောင်မှ ရုတ်တရက် ဝင်ရောက် ပြောဆိုလာခဲ့သည်။
"ကျွန်တော်ထင်တာကတော့ အားလုံးပဲ ယဉ်ယဉ်ကျေးကျေးနဲ့ ရှောင်ကျန်းကို ရိက္ခာတွေ ရောင်းပေးနိုင်မလားဆိုပြီး သွားမေးကြည့်လို့ ရပါတယ် ဘာပဲဖြစ်ဖြစ် အဲဒါတွေက ရှောင်ကျန်း ကိုယ်တိုင် ပြန်သယ်လာတဲ့ ရိက္ခာတွေပဲလေ အားလုံး တူတူသွားပြီး ဗြောင်ကျကျ သွားလုတာမျိုးက သိပ်မကောင်းလှဘူး"
ထိုအခိုက်တွင် ကျန်းရီအား မိစ္ဆာတစ်ကောင်ဟု ကျိန်ဆဲ နေကြသည့် အုပ်စုထဲမှ လူများအားလုံးသည် ရုတ်တရက် ဝိုင်းထွက် လာကြသည်။ ယခုအချိန်၌ သူတို့၏ တိုက်ခိုက်မှု ပစ်မှတ်မှာ လုံခြုံရေးဝန်ထမ်း ကျောက်ဟောင် ဖြစ်သွားလေပြီ ဖြစ်သည်။
အမှန်တွင် ရဲ့ရှင်းချန်သည် ကျောက်ဟောင်အပေါ် အမြင်ကောင်း ရှိလေသည်။ သူတို့နှစ်ဦးသည် ရင်းနှီးမှု မရှိကြသော်လည်း ကျောက်ဟောင်သည် ဖြောင့်မတ်ကာ နွေးထွေး ကြင်နာတတ်သည့် စိတ်ထားရှိကြောင်း ရပ်ကွက်ထဲရှိ လူတိုင်း သိကြလေသည်။ ဤသူမှာ ရဲ့ရှင်းချန် သတ်မှတ်ထားသည့် လူကောင်း အနည်းငယ်ထဲမှ တစ်ဦး ဖြစ်ပေသည်။
သို့သော် ကျောက်ဟောင်သည် မည်မျှကြာကြာ အသက်ရှင်နိုင်မည်အား ရဲ့ရှင်းချန် သေချာမသိချေ။ အရင် အချိန်များတွင် လီအန်းရန်ဆိုသည့် ကလေးအမေမှာ အတော်လေး အဆင်ပြေပြေ နေထိုင်နိုင်ခဲ့သည်ကိုသာ သူသိထားခြင်း ဖြစ်သည်။ အနည်းဆုံးတွင် သူမသည် ယခင်ဘဝ၌ သူ့ထက်ပို၍ အသက်ရှင်နိုင်ခဲ့လေသည်။
ယခင် အချိန်များတွင် ကျောက်ဟောင်အား ရပ်ကွက်ထဲတွင် အတော်လေး လေးစားကြလေသည်။ သူသည် အစောပိုင်း ကာလများတွင် စစ်သားတစ်ဦးဖြစ်ကာ ပြင်းထန်သည့် ဒဏ်ရာများကြောင့် အငြိမ်းစား ယူခဲ့ရသူ တစ်ဦး ဖြစ်လေသည်။ သူသည် ဖြောင့်မတ်ကာ သေးငယ်သော အကျိုးအမြတ်များအား မည်သည့်အခါမျှ မမက်မောတတ်ချေ။ သို့သော် ယခုအချိန်တွင် ကျောက်ဟောင်အား အုပ်စုထဲရှိ လူတစ်စုမှ ဝိုင်းဝန်း ဆဲဆိုနေကြလေသည်။ အဆုံးတွင် ကျောက်ဟောင်သည် အုပ်စုထဲမှပင် ကန်ထုတ်ခံလိုက်ရတော့သည်။
အချို့သည် ကျောက်ဟောင်အား ကျန်းရီကဲ့သို့သော မိစ္ဆာဟု ခေါ်ဝေါ်ကြသေးသည်။ အချို့မှာမူ ကျောက်ဟောင်သည်လည်း ကျန်းရီကဲ့သို့ လူသတ်ဖူးသူ ဖြစ်နိုင်သောကြောင့် ကျန်းရီဘက်မှ မသိမသာ ကာကွယ် ပြောဆိုပေးနေခြင်း ဖြစ်သည်ဟုပင် စွပ်စွဲကြလေသည်။
အုပ်စုတစ်ခုလုံးတွင် ကြည့်မရက် နိုင်လောက်အောင် ကြမ်းတမ်းကာ ညစ်ညမ်းသည့် စကားလုံးများဖြင့် ပြည့်နှက်နေခဲ့လေသည်။
ထိုသူများသည် ကျောက်ဟောင်မှ မကျူးလွန်ခဲ့သည့် ပြစ်မှုများဖြင့် ရူးသွပ်စွာ စွပ်စွဲနေကြသည်အား ကြည့်ရင်းဖြင့် ရဲ့ရှင်းချန်သည် ဖုန်းအား တိတ်ဆိတ်စွာ ချထားလိုက်တော့သည်။ မှန်ပေသည်။ ယခုအချိန်တွင် အရှက်နှင့် သိက္ခာတရားအား မည်သူက ဂရုစိုက်တော့မည်နည်း။ တရားဥပဒေ စိုးမိုးမှုမှ တဖြည်းဖြည်း သွေဖည်လာသည့် ဤ လူ့အဖွဲ့အစည်းသည် ယခုအခါ အစွမ်းအစရှိသူသာ အသက်ရှင်ကျန်ရစ်မည့် စနစ်အား အားပေးနေခဲ့ပြီ ဖြစ်သည်။ အစားအစာ၏ မူလပိုင်ရှင်မှာ မည်သူဖြစ်သည်အား မည်သူကမှ ဂရုစိုက်တော့မည် မဟုတ်ချေ။
ရဲ့ရှင်းချန်သည် သူတို့နှင့် မတူညီပေ။ ကျောက်ဟောင်၏ စကားများအား ကြားပြီးနောက် ကျောက်ဟောင်အား သူ၏ လက်အောက်တွင် မည်သို့ အလုပ် လုပ်ခိုင်းရမည်ကို ရဲ့ရှင်းချန်မှ စတင်၍ စဉ်းစားနေခဲ့ပြီ ဖြစ်သည်။ ကိုယ်ကျင့် တရားကောင်းမွန်သော လူတစ်ယောက်သည် နောင်တစ်ချိန်တွင် မသနား သင့်သောသူများအား အမှားလုပ်မိကာ မသနားသရွေ့ သူတော်စင်စိတ်ထား မရှိဘဲ သစ္စာရှိနေသရွေ့ သူ့အတွက် အသုံးချ၍ ရနိုင်သေးလေသည်။
တစ်ဖက်တွင်မူ ကျောက်ဟောင်မှာ အုပ်စုထဲမှ ကန်ထုတ် ခံရပြီးနောက်တွင်ပင် ဘာလုပ်ရမှန်းမသိ ဖြစ်နေဆဲပင် ဖြစ်သည်။ သူသည် စုတ်ပြဲနေသည့် ဝါဂွမ်းအင်္ကျီများအား ကိုယ်တွင် ရစ်ပတ်ထားရင်း ဤကမ္ဘာကြီးသည် မည်သို့ မှားယွင်းသွားလေသနည်းဟု တွေးတောနေမိသည်။
ရဲ့ရှင်းချန်၏ အာရုံသည် ဖုန်းစခရင်မ်ဆီသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။ ဂရု အတွင်း၌ ဆဲဆိုသံများဖြင့် ဆူညံ ပွက်လော ရိုက်နေသော်လည်း အဆဲခံနေရသည့် အဓိက ဇာတ်ကောင် တစ်ဦးထံမှ လှုပ်ရှားမှုအချို့ ရှိလာခဲ့လေသည်။ ကျန်းရီသည် ပစ္စည်းလှည်းများအား အိမ်ထဲသို့ တစ်စီးပြီး တစ်စီး ရွှေ့ပြောင်းပြီးနောက် ဗီလာခြံဝင်းထဲသို့ စတင် ရွှေ့ပြောင်းလာသည်မှာ... လူသေအလောင်းများကို ထပ်နေခြင်းပင် ဖြစ်သည်။
ရဲ့ရှင်းချန် မျက်မှောင်ကြုတ်လိုက်မိသည်။ ကျန်းရီ မည်သည်အား လုပ်ဆောင်ချင်နေသည်အား သူ ခဏတာမျှ နားမလည်နိုင်အောင် ဖြစ်သွားခဲ့ရလေသည်။ သူသည် အခုလေးတင် သတ်လိုက်သည့်သူအား ခြံဝင်းထဲမှာ ထားရုံသာမကဘဲ တခြား လူသေ အလောင်းတွေကိုပါ သူ့ဆီ သယ်လာဖို့ရန် အတွက် ကုန်တင်ကားတစ်စီးအား ခိုင်းစေလိုက်သေးသည်။
‘ဒီအလောင်းတွေကို ကျန်းရီက ဘာလို့ ပုံထားရတာလဲ’
ရုတ်တရက်ဆိုသလို ကြောက်မက်ဖွယ် ကောင်းသည့် အတွေးတစ်ခုသည် ရဲ့ရှင်းချန်၏ ခေါင်း အတွင်းသို့ ဝင်ရောက်လာခဲ့ရာ သူ၏ သူငယ်အိမ်များပင် ကျုံ့ဝင်သွားရတော့သည်။ ကျန်းရီသည် နေရာအနှံ့မှ အလောင်းများစွာအား စုဆောင်းခဲ့ခြင်း ဖြစ်သည်။ ဖြစ်နိုင်သည်မှာ သူသည် ထိုအရာများအား အစားအစာအဖြစ် သိမ်းထားချင်သည်များ ဖြစ်နေသည်လား။
ထိုအတွေးများကြောင့် ရဲ့ရှင်းချန်သည် ကြက်သီးမွေးညင်းများပင် ထသွားခဲ့ကာ တစ်ကိုယ်လုံး တုန်ယင်သွားလေသည်။ ကမ္ဘာပျက်ကပ် ကျရောက်သည်မှာ ဆယ်ရက်သာ ကြာသေးပေသည်။ ရိက္ခာများ အလုံအလောက် ရှိနေပါလျှက်ဖြင့် ကျန်းရီမှ အလောင်းများအား မျက်စိကျနေခဲ့ပြီလော။ ရာသီဥတုသည် အေးခဲနေခဲ့ကာ ကမ္ဘာကြီးမှ သဘာဝ ရေခဲသေတ္တာကြီးတစ်ခု ကဲ့သို့ ဖြစ်နေခဲ့ခြင်း ဖြစ်သည်။ ခြံဝင်းအတွင်း၌ ပုံထားသည့် အလောင်းများသည် လုံးဝ ပုပ်သိုးသွားလိမ့်မည် မဟုတ်ပေ။
ရဲ့ရှင်းချန် ဆွံ့အသွားမိတော့သည်။ ကမ္ဘာပျက်ကပ်ကြီး ဆိုက်ရောက် လာပြီးနောက် လူ့လောကကြီးသည် လူအချင်းချင်း ပြန်စားကြသည့် ငရဲဘုံကြီးအဖြစ် ပြောင်းလဲသွားခဲ့လေပြီ ဖြစ်သည်။